မွေးနေ့စိတ်ကူး (မင်းလူ)
==============
မဂ္ဂဇင်းတစ်စောင်၏နှစ်ပတ်လည်ဆိုသည်မှာ ထိုမဂ္ဂဇင်း၏ မွေးနေ့ပွဲကျင်းပသည့်သဘောပင်ဖြစ်၏။
လူတစ်ယောက်ရဲ့မွေးနေ့ဆိုလျှင်တော့ ဆွေမျိုးမိတ်သင်္ဂဟတွေ ဖိတ်ပြီး ဧည့်ခံကျွေးမွေးမည်။
ဧည့်သည်တွေကလည်း မွေးနေ့လက်ဆောင်တွေ ပေးကြမည်။ မဂ္ဂဇင်းတွေရဲ့မွေးနေ့မှာလည်း
စာရေးဆရာတွေဆီကစာမူကို မွေးနေ့လက်ဆောင်အဖြစ် တောင်းကြသည့်သဘောပင် ဖြစ်၏။
စာမူချီးမြှင့်ကြသည့် စာရေးဆရာများကိုတော့ ဧည့်ခံကျွေးမွေးတာမျိုး မရှိသလောက်ပါပဲ။
(စာမူခပေးတာနဲ့ချေလျှင်တော့ ရတာပေါ့လေ)
ဘာပဲဖြစ်ဖြစ် မဂ္ဂဇင်းတစ်စောင် နှစ်လည်ခြင်းသည် အယ်ဒီတာတို့အဖို့ စာမူတောင်းဖို့ အကောင်းဆုံး
အကြောင်းပြချက်ပင် ဖြစ်၏။ နှစ်လည်ဆိုတော့ ရက်ချိန်းအတိအကျရှိသည်။ အချိန်မီရေးပေးရမည်။
အထူးထုတ်ဆိုပြီး စာမူကောင်းကောင်းရေးဖို့ကိုလည်း တိုက်တွန်းနှိုးဆော်နိုင်သည့်အခွင့်အရေးရမည်။
ဖြစ်နိုင်လျှင်တော့ သူတို့က နှစ်လည်တင်မက လလည်မဂ္ဂဇင်းဆိုပြီး လတိုင်း အထူးထုတ် လုပ်ချင်နေတာ။
တကယ်တော့လည်း မဂ္ဂဇင်းတွေက အများကြီးဖြစ်သောကြောင့် လစဉ်လိုလို တစ်အုပ်မဟုတ် တစ်အုပ်
ကတော့ အထူးထုတ်လုပ်နေကြမှာပါပဲ။ အထူးထုတ်ဆိုပြီး စာမူခကိုလည်း အထူးနှုန်း ချီးမြှင့်မယ်ဆိုလည်း
ကောင်းသား။ အဲဒီ မဂ္ဂဇင်းတွေ လှည့်ပတ်ရေးနေလိုက်ရုံပဲ။ ခုတော့ မဂ္ဂဇင်းကသာ အထူးထုတ်၊ စာမူခ
ကတော့ ဒုံရင်း ဒုံရင်းပဲ။
* * * * *
မဂ္ဂဇင်းတွေရဲ့မွေးနေ့ဆိုလို့ လူတွေရဲ့မွေးနေ့အကြောင်းကိုလည်း သွားစဉ်းစားမိ၏။ လူတိုင်းအတွက်
ဘယ်နေ့သေမလဲဆိုတာ မသိနိုင်သော်လည်း မွေးနေ့ကတော့ တိတိကျကျသတ်မှတ်ပြီးသားဖြစ်၏။
မမှတ်မိလျှင်သာရှိမည်။ နှစ်၊ လ၊ နေ့ရက်၊ နာရီ၊ မိနစ်၊ စက္ကန့် အတိအကျမွေးကြခြင်းဖြစ်၏။ အတိအကျ
ဆိုသော်လည်း နည်းနည်းပါးပါးကွဲလွဲချက်ရှိနိုင်၏။
ဘယ်လိုအချိန်ကို မွေးတဲ့အချိန်လို့ သတ်မှတ်မလဲဆိုတဲ့အပေါ် မူတည်ပြန်သေးသည်။ အမိဝမ်းတွင်းက
ခေါင်းထွက်လာတဲ့ အချိန်ကို မွေးချိန်အဖြစ် ယူမလား။ မဖြစ်သေး။ တချို့ခြေထောက်က အရင်ထွက်လာတာမျိုး
ရှိ၏။ တစ်ကိုယ်လုံး ကျွတ်ထွက်လာချိန်ကို ယူမလား။ လူက လွတ်လွတ်ကျွတ်ကျွတ်ထွက်လာပြီဖြစ်သော်လည်း
ချက်ကြိုးက တန်းလန်းကျန်နေသေးသည်။ မိခင်နှင့် အဆက်အစပ် ရှိနေတုန်းဟု ဆိုနိုင်၏။ ချက်ကြိုးကို
ဖြတ်လိုက်သည့်အချိန်ကိုသာ မွေးဖွားချိန်ဟု သတ်မှတ်လျှင် သင့်မည်ထင်၏။ ဒါတောင် မွေးခန်းထဲမှနာရီက
အချိန်မမှန်လျှင် လွဲနိုင်သေးသည်။ ပြီးတော့ မြန်မာနိုင်ငံ၏အရှေ့ဖျား သို့မဟုတ် အနောက်ဖျားမှာ မွေးသူ
အဖို့လည်း မိနစ်စက္ကန့်အတိအကျမဖြစ်နိုင်။ ကိုယ်မွေးဖွားရာဒေသ၏ လောင်ဂျီတွဒ်များကို အတည်မယူဘဲ
မြန်မာစံတော်ချိန်ကိုသာ ယူရသောကြောင့်ဖြစ်၏။
ထားပါတော့။ မိနစ်၊ စက္ကန့်အတိအကျမရတောင် မွေးနေ့ မွေးရက်ကတော့ အတိအကျပဲမဟုတ်လား။ ဒီမှာလည်း
ပြဿနာ တစ်ခုရှိပြန်၏။ ခရစ်နှစ်နှင့် ကောဇာသက္ကရာဇ် နှစ်မျိုးရှိနေခြင်းပင်ဖြစ်၏။ ဒီတော့ လူတစ်ယောက်မှာ
မွေးနေ့နှစ်မျိုးရှိသည်ဟု ဆိုနိုင်၏။ မွေးနေ့ မွေးရက်တိုက်ဖို့တောင် နှစ်အတော်ကြာစောင့်ရသဖြင့် ခရစ်နှစ်ကော၊
ကောဇာနှစ်ကော၊ မွေးနေ့ကော၊ မွေးရက်ကော အားလုံး တိုက်ဆိုင်ဖို့ဆိုတာကတော့ အတော်ပင်ဖြစ်တောင့်ဖြစ်ခဲ။
ဖေဖော်ဝါရီ နှစ်ဆယ့်ကိုးမှာ မွေးသူအဖို့ လေးနှစ်မှ တစ်ကြိမ်မွေးနေ့နှင့်ကြုံမည်။ ဒုတိယ၀ါဆိုမှာမွေးသူကလည်း
ဒီအတိုင်းပဲ။ များသောအားဖြင့်တော့ မှတ်ရလွယ်သော ခရစ်နှစ်ကိုသာ အတည်ယူကြသည်။ ကိုယ့်မွေးနေ့တွေ
ကိုလည်း (ဇာတာဖွဲ့တဲ့အခါကလွဲလျှင်) ခရစ်ခုနှစ်၊ လ၊ ရက်များဖြင့်သာ မှတ်ကြတာများသည်။
* * * * *
တနင်္ဂနွေ၊ တနင်္လာ စသောနေ့များကို သက်ဆိုင်ရာဂြိုဟ်များက စိုးမိုးသည်ဟု ဆိုကြ၏။ ဒါကြောင့်လည်း
တနင်္ဂနွေသားသမီးက ဘယ်လိုစိတ်သဘောရှိသည်။ တနင်္လာက ဘယ်လိုအကျင့်စရိုက်ရှိသည်ဟု ပြောကြခြင်း
ဖြစ်၏။ ဒါက ယေဘုယျသဘော၊ မွေးသည့်လ၊ ရက်တွင် တည်ရှိနေသည့် နက္ခတ်ဂြိုဟ်ခွင်များ၏ ထိန်းချုပ်မှုကလည်း
အရေးကြီးသည်ဟု ဆိုပြန်သည်။ ကျွန်တော်စိတ်ဝင်စားတာက မွေးလ၊ မွေးရက်တူလျှင် စိတ်နေစိတ်ထား၊
အကျင့်စရိုက်တွေကော တူလေမလား ဆိုသောကိစ္စပင်ဖြစ်သည်။ ဒီနေရာမှာ ကိုယ့်ကိုယ်ကို အရင်ဆုံးစပြီး
စဉ်းစားသည်။ ကျွန်တော့်မွေးရက်က မေ-၁၈ဖြစ်၏။ ကိုယ်နှင့် မွေးနေ့ချင်းတူတဲ့လူ၊ အထူးသဖြင့် အနုပညာရှင်ထဲက
နာမည်ကြီးသူကို ရှာကြည့်သည်။ တွေ့ပါ၏။ သူကား နုနုရည်(အင်းဝ)ဖြစ်သည်။ သူ့မွေးနေ့ကလည်း မေ-၁၈ပါပဲ။
သူနှင့်ကျွန်တော် ဘာတွေတူသလဲ။ ဘာတွေ မတူသလဲကြည့်ရအောင်။ လူချင်း၊ စာချင်း ခင်ခင်မင်မင်ရှိသော်လည်း
တစ်ခါတလေမှ ဆုံဖြစ်သောကြောင့် အသေးစိတ်တော့ မသိပါ။ ယေဘုယျသဘောသာ ပြောပါမည်။
ကျွန်တော်က စာရေးရာမှာ အချစ်၊ ဟာသ၊ သရော်စာ၊ လူမှုရေး၊ လူ့ဘ၀သရုပ်ဖော် စသည်ဖြင့် ကိုယ့်စိတ်ထဲ
အာသီသရှိတာမှန်သမျှ ရေးချင်တာရေးသည်။ နုနုရည်ကတော့ ဘ၀သရုပ်ဖော်မှ ဘ၀သရုပ်ဖော်။ တစ်လိုင်းတည်း
သီးသန့်ရေးခဲ့သူဖြစ်၏။ တကယ်တော့ သူသည် ရင်ခေါင်းထဲမှာ နှလုံးသားမရှိဘဲ ကျောက်ခဲကြီးဆွဲထားတာတော့
မဟုတ်။ သူ့မှာ အချစ်ရှိကြောင်းကို သူ့အိမ်ကလူကြီး ဆရာ အောင်ကျော်တိုးက သက်သေခံနေသည်။
သူ့အရေးအသားကို အကဲခတ်ကြည့်ပြီး ဒီဆရာမ အချစ်ဝတ္ထုရေးလျှင် ဖတ်လို့ ကောင်းမှာပဲဟု ပြောနိုင်သည်။
တစ်ခါတုန်းက သူ့ဝတ္ထုလတ်တစ်ပုဒ်ထဲမှာ အညာဒေသမှ မြေနုကျွန်းပေါ်ရာအရပ်ကိုလှည့်ပြီး ပေါင်းသင်
ပဲနုတ်လုပ်ရသော မိန်းကလေးတစ်ယောက်နှင့် လှေသမားလေးတစ်ယောက်တို့၏ဘ၀ကိုရေးရင်း သူတို့
နှစ်ယောက်၏ ချစ်ခြင်းမေတ္တာကို ဖွဲ့ဆိုသွားတာ အလွန်ဖတ်လို့ကောင်းသည်။ ဒါကိုကြည့်ပြီး
ကောက်ချက်ချမိခြင်းဖြစ်၏။ (မြှောက်ပြောလျှင် သဘောကျ ကျေနပ်တတ်တဲ့နေရာမှာတော့ သူလည်း
ကျွန်တော့်လိုပဲဖြစ်လိမ့်မည်)
သူနှင့်ကျွန်တော် တစ်ခါဆုံတုန်းက ကျွန်တော့်ဝတ္ထုတိုတစ်ပုဒ်ကို သူ သဘောကျကြောင်း ပြောခဲ့ဖူးသည်။
ဘာကြောင့်လဲ ဆိုတော့ ရယ်ရလို့တဲ့။ ဒါကိုကြည့်ခြင်းအားဖြင့် သူသည် ဟာသစာပေကို မြတ်နိုးတတ်သူဖြစ်ကြောင်း
သိနိုင်၏။ သူက စာပေဟောပြောရာမှာလည်း နာမည်ကြီးသည်။ ဟိုတစ်ခါဧည့်ခံပွဲတစ်ခုမှာ အခမ်းအနားမှူးလုပ်တာ
တော်တော်ကောင်းဆိုပဲ။ ကုမ္ပဏီတွေတောင် မျက်စိကျပြီး သူတို့ပွဲတွေအတွက် အကူအညီတောင်းသည်ဟု ကြားရ၏။
ကျွန်တော်ကတော့ ဧည့်ခံပွဲတွေတက်ရတာ ၀ါသနာမပါ။ အင်တာဗျူးတွေကိုရှောင်သည်။ စာပေဟောပြောပွဲ ပြောရ
ဟောရမှာ ၀န်လေးတတ်သည်။ နောက်တစ်ခု သတိထားမိတာရှိသေးသည်။ ဆရာမနုနုရည်(အင်းဝ)သည် 'အ'
အက္ခရာနှင့် တော်တော်အကျိုးပေးခြင်း ဖြစ်၏။ ကြည့်ပါ။ သူ၏ဇာတိက အင်းဝ၊ သူ့ခင်ပွန်းနာမည်က
ဆရာအောင်ကျော်တိုး၊ နိုင်ငံခြားသွားရတော့ အင်္ဂလန်၊ လေ့လာခဲ့သည့်တက္ကသိုလ်က အောက်စဖို့ဒ်။
ကျွန်တော်ကတော့ ရန်ကုန်မှာမွေးသူဖြစ်၏။ 'အ'အက္ခရာနှင့်ပတ်သက်လို့ အာဇာနည်သားဖွားခန်းမှာ မွေးခဲ့တာကို
ပြောလို့ရသည်။ ကျွန်တော့်အိမ်ထောင်ဘက်အမည်မှာ 'အောင်'ပါတာတော့ သူနှင့်တူသည်။ သူ့လို အင်္ဂလန်ရောက်ဖူးဖို့
မပြောနဲ့ အင်ဒိုနီးရှားတောင် မရောက်ဖူးပါ။
* * * * *
နောက်ထပ် မွေးနေ့တူသူများအကြောင်း ပြောပါဦးမည်။ ဆရာကြီး မဟာဆွေ၊ ဆရာမြတ်ခိုင်နှင့် ကျွန်တော့်ဇနီးတို့
ဖြစ်၏။ သုံးဦးစလုံး သြဂုတ်လ ၂ရက်နေ့မွေးသူများဖြစ်ကြ၏။ ဆရာကြီးကတော့ အားလုံးသိပြီးဖြစ်၍
ထားလိုက်ပါတော့။ မြတ်ခိုင်နှင့် ကျွန်တော့်ဇနီးတို့ မွေးနေ့တူသူနှစ်ယောက်ကို နှိုင်းယှဉ်ကြည့်လျှင် ...
ကျွန်တော့်ဇနီးက အသားဖြူသည်။ မြတ်ခိုင်၏အသားကတော့ အင်ဂျင်ဝိုင်အရောင်မျိုးဖြစ်၏။
ကျွန်တော့်ဇနီးက အသားအရည်ချောမွေ့သည်။ အပျိုတုန်းကဆိုလျှင် သူ့ပါးပြင်မှာ လေမှုတ်ထားသော
ပူပေါင်းကလေးလို အပ်ဖျားနှင့်ထိုးလိုက်ရုံနှင့် ဖောင်းခနဲ ပေါက်သွားမလား ထင်ရ၏။ မြတ်ခိုင်၏
မျက်နှာကတော့ မှန်ဘီလူးနှင့်ချဲ့၊ ဓာတ်ပုံရိုက်ပြီး လျှောက်ပြကြည့်လျှင် အင်္ဂါဂြိုဟ်မျက်နှာပြင်ပုံဟု ပြောလိမ့်မည်။
တချို့ကတော့ ဒဂုံမြို့သစ်ကလမ်းတွေကို အနီးကပ်ရိုက်ထားတာဟု ဆိုလိမ့်မည်။ သူ့ပါးပြင်ကို
သစ်အချောထည်လုပ်ငန်းက ပရိဘောဂတွေ ကော်ပတ်စားဖို့ ငှားထားသည်ဟု ကြားသိရ၏။
ကျွန်တော့်ဇနီးသည် တည်ငြိမ်အေးဆေးသူဖြစ်၏။ ဘယ်သူကိုမှ ပြဿနာမရှာ။ ဘယ်သူနဲ့မှလည်း ရန်မဖြစ်တတ်။
ကျွန်တော့်လို ပေကပ်ကပ် ကြောင်တောင်တောင်အကောင်နဲ့တောင် တည့်အောင်ပေါင်းနိုင်တာသာကြည့်တော့။
မြတ်ခိုင်ကတော့ သိတော်မူကြတဲ့အတိုင်း အရာရာနဲ့အကြောင်းကြောင်းချည်းပဲ။ ပြဿနာကို သူက ရှာချင်ရှာ၊
ဒါမှမဟုတ် သူများက သူ့ကိုပြဿနာရှာ၊ ကွိုင်မရှိလျှင် မနေတတ်သူဟု ဆိုရမည်။ တစ်ခုတော့ရှိသည်။
သူတစ်ပါးကိစ္စကို အခမဲ့ကူညီ အကျိုးဆောင်ပေးတတ်တဲ့နေရာကျတော့ သူနှင့် ကျွန်တော့်ဇနီးတို့တူသည်ဟု
ကြံဖန်ချီးကျူးလို့ရပါသည်။
* * * * *
ကျွန်တော့်အစ်ကို ကိုသုမောင်နှင့် ကိုဝင်းဦးတို့သည် မွေးနေ့ချင်းတူကြ၏။ မတ်လ ၁၃ရက်၊ နှစ်တော့ကွာသည်။
ထိုကိစ္စနှင့်ပတ်သက်၍ ကိုဝင်းဦးနှင့်တူသည့်အချက်တွေအကြောင်း ကိုသုမောင်လည်း စာတစ်ပုဒ်ရေးဖူးသည်။
ဝတ္ထုရေး၊ သီချင်းဆို၊ ရုပ်ရှင်ရိုက်၊ ဒါရိုက်တာလုပ် စသည်ဖြင့်။ ကိုဝင်းဦးနှင့် ကိုသုမောင်တို့၏ရုပ်ရည်ချင်းကတော့
(မြတ်ခိုင်နှင့်ကျွန်တော့်ဇနီးလိုပင်) လုံးဝ ခြားနားကြောင်း အားလုံးသိပြီးသားမို့ အထူးမပြောတော့ပါ။
* * * * *
အထက်ကပြောခဲ့တာတွေအရဆိုလျှင် မွေးနေ့ချင်းတူသည့်တိုင် စရိုက်လက္ခဏာချင်း တူချင်မှတူမည်ဟု ဆိုလို့ရသည်။
ဒါကလည်း မွေးနေ့တူပြီး မွေးနှစ်ချင်း မတူသောကြောင့်ဖြစ်နိုင်၏။ အနောက်တိုင်းပြက္ခဒိန်နှင့် မြန်မာပြက္ခဒိန်
ကွာခြားခြင်းကြောင့်လည်း ဖြစ်ချင်ဖြစ်မည်။ မွေးလတူလျှင် မိဿ၊ ကရကဋ်၊ ဗြိစ္ဆာ စသောရာသီတွေတူတတ်သည်။
လဆန်းပိုင်းနှင့် လကုန်ပိုင်းရက်တွေကတော့ ရာသီကွဲလွဲချက်ရှိနိုင်သည်။ ဘာပဲဖြစ်ဖြစ် ရာသီတူလျှင် အကျင့်စရိုက်၊
စိတ်နေစိတ်ထားတူတတ်သည်ဟု ဗေဒင်နက္ခတ်ဆရာတို့ အဟောရှိသည်။ တိတိကျကျမဟုတ်တောင်
ယေဘုယျအားဖြင့် တူတတ်သည်ဟု ဆိုပါသည်။
တကယ်ဟုတ်မဟုတ်၊ တူမတူ သိနိုင်ရန် ကျွန်တော် မှတ်သားထားသော အနုပညာနယ်မှ မေလဖွားတို့ကို
ဖော်ပြလိုက်ပါသည်။ ဒေါ်ခင်မျိုးချစ် (မေ-၁)၊ ထွန်းအိန္ဒြာဗို (မေ-၁)၊ ထက်ထက်မိုးဦး (မေ-၈)၊ ဆရာထင်လင်း (မေ-၉)၊
ဆရာဒဂုန်တာရာ (မေ-၁၀)၊ ဆရာသော်တာဆွေ (မေ-၁၁/၁၂)၊ မင်းလူ (မေ-၁၈)၊ နုနုရည်အင်းဝ (မေ-၁၈)၊
ဆရာမြသန်းတင့် (မေ-၂၃)၊ ဆရာဝင်းငြိမ်း (မေ-၂၈)တို့ ဖြစ်ကြသည်။
နိုင်ငံခြားရှိ ကမ္ဘာကျော်ပုဂ္ဂိုလ်များထဲမှ မေလမှာမွေးဖွားသူတို့မှာ ရာဘင်ဒြာနတ်တဂိုး (မေ-၇)၊ ဟင်နရီဒူးနန့် (မေ-၈)၊
ဘောလ်ဇက် (မေ-၂၀)၊ ကိုလံဘတ်စ် (မေ-၂၁)၊ ကိုပါးနီးကပ်စ် (မေ-၂၄)တို့ဖြစ်ကြသည်။ ကျွန်တော်သည်
အထက်ပါမေလဖွား ပုဂ္ဂိုလ်တို့ကို ကိုယ့်ကိုယ်ကိုနှင့် နှိုင်းယှဉ်ကြည့်ပါသည်။ အကောင်းအဆိုး ချိန်ထိုးကြည့်ရာ
တူတာလည်းရှိ၊ မတူတာလည်းရှိပါသည်။ ကျွန်တော်၏တွက်ဆချက်များကို တင်ပြဖို့ စိတ်ကူးပါသေးသည်။ သို့ရာတွင်
ထိုသို့တင်ပြလျှင် ကောင်းကွက်တွေသာမက ချို့ယွင်းချက်၊ အားနည်ချက်များကိုပါ ဖော်ပြမှ သဘာဝကျပါလိမ့်မည်။
မေလဖွားတွေထဲတွင် လေးစားအပ်သော ဆရာကြီး၊ ဆရာမကြီးတွေ ပါဝင်နေသဖြင့် ကျွန်တော့်ထင်မြင်ချက်
မဟုတ်မမှန်ခဲ့လျှင် လူကြီးတွေကို သက်သက်မဲ့ အသေခက်၊ အနေခက်အောင် လုပ်သလိုဖြစ်မည်စိုး၍
ချန်လှပ်ထားခဲ့ရပါသည်။
ဒီကြားထဲမှာ ကွဲလွဲချက်ကလေးတစ်ခု တွေ့လာရပြန်၏။ ဆရာသော်တာဆွေက သူ၏မွေးနေ့နှင့်ပတ်သက်၍
၁၂၈၁၊ ကဆုန် လဆုတ် ၁၃၊ တနင်္လာသား၊ သိုက်ဖွားဟု အတိအကျရေးခဲ့ဖူးပါသည်။ ထိုရက်ကို
ဆရာတင်နိုင်တိုးပြုစုသည့် မြန်မာ-အင်္ဂလိပ် ပြက္ခဒိန်မှ နည်းစနစ်များနှင့် ရှာဖွေကြည့်သောအခါ ၁၉၁၉၊
မေ-၁၁ ဟု တွေ့ရပါသည်။ သို့ရာတွင် ထိုနှစ် မေ-၁၁သည် တနင်္ဂနွေနေ့ဖြစ်နေ၏။ ဆရာက တနင်္လာသားဟု
ဆိုထားသည်။ နာမည်ရင်းကလည်း ဦးကြင်ဆွေဖြစ်၏။ မဟာဘုတ်တိုင်အရလည်း သိုက်ဖွားဆိုသောကြောင့်
တနင်္လာသားအမှန်ဖြစ်နေ၏။ ကဆုန်လဆုတ် ၁၃ကို တနင်္လာဖြစ်စေချင်လျှင် မြန်မာသက္ကရာဇ် ၁၂၈၀ပြည့်ကို
ယူရမည်။ (ခရစ်နှစ်သက္ကရာဇ် ၁၉၁၈၊ ဧပြီ ၂၂ ဖြစ်သွားမည်)။ ဒီလိုယူပြန်တော့လည်း မဟာဘုတ်တိုင်အရ
ဆရာသည် သိုက်ဖွားမဟုတ်ဘဲဖြစ်နေပြန်၏။
ထို့ကြောင့် အားလုံးတိုက်ဆိုင်အောင် ညှိလိုက်လျှင် ဆရာသော်တာဆွေ၏မွေးနေ့သည် မြန်မာသက္ကရာဇ် ၁၂၈၁
ကဆုန်လဆုတ် ၁၄ (၁၉၁၉၊ မေ-၁၂)ဖြစ်ရပါလိမ့်မည်။ ဘာပဲဖြစ်ဖြစ် ကျွန်တော်သည် ကိုယ်လေးစားချစ်ခင်သော
ဆရာ၊ ဆရာမကြီးများနှင့် မေလဖွားချင်း တူညီသည့်အတွက် ၀မ်းသာရပါသည်။ အထူးသဖြင့် ဆရာသော်တာဆွေနှင့်
မွေးလသာမက မဟာဘုတ်တိုင်မှာပါ တစ်တိုင်တည်း သုညကြွင်းချင်း တူညီနေသည့်အတွက် ဂုဏ်ယူရပါသည်။
ယမကာနှင့်ပတ်သက်၍ ဆရာ့ခြေရာ မနင်းနိုင်ခဲ့ခြင်းနှင့် အချစ်ကိစ္စမှာ ဆရာ့လိုမစွံဘဲ မိန်းမလေးတစ်ယောက်
ရဖို့ကိုတောင် အသည်းအသန် မနည်းကြီး ကုပ်ကပ်ကြိုးစားခဲ့ရခြင်းအတွက်တော့ အတိတ်ကပါလာသည့်
ကုသိုလ်ကံပေးသမျှလို့ပဲ သဘောထားလိုက်ရပါတော့သည်။
ဤစာကို မဂ္ဂဇင်းမှာ ပုံနှိပ်ဖော်ပြပြီးမှ ထပ်မံသိရှိရသော မေလဖွားများမှာ ဒွေး၊ လူမင်း၊ ပိုင်ဇေရဲထွန်းတို့ဖြစ်၏။
ဆရာမောင်မိုးသူကတော့ မေလဖွားဖြစ်ရုံမက မွေးရက်ကလည်း ကျွန်တော့်လိုပဲ ၁၈ရက်ဖြစ်ကြောင်း သိရပါသည်။
မင်းလူ
--------
သရဖူမဂ္ဂဇင်း၊
နိုဝင်ဘာ၊ ၁၉၉၉။