" သမီးကလေး "
==========
#ခင်ခင်ထူး
(၁)
ကျွန်မငိုချင်နေမိသည်။
ရင်ထဲတွင် တင်းကျပ်ပိတ်လှောင်ထားရသောဝေဒနာတစ်ခုနှင့်ငိုချင်မိသည်။
ငိုတယ်ဆိုတာ မျက်ရည်ကျမှလား။
မျက်ရည်မကျဘဲ ငိုချင်နေမူကအခံရခက်လှသည်။
ထိုင်နေရင်းလည်းငိုချင်သည်။
လမ်းလျောက်ရင်းလည်းငိုချင်သည်။
အို.ဘာပဲလုပ်လုပ်ကျွန်မ ငိုချင်သည်။
သို့သော် မျက်ရည်မကျ...။ မကျ...။ မကျပါ။
လည်ချောင်းဝတွင် ခံစားချက်တို့ဖြင့် တစ်ဆို့နာကျင်နေသည်။နှလုံးသားကတော့ ပေါက်ပြဲကွဲအက်နေမှာသေချာသည်။ဆောက်တည်ရာမဲ့စွာ စာရွက်များပေါ်တွင် မရေရာသောပုံတွေရေးခြစ်နေမိသည်။
ထိုပုံများသည်ကျွန်မအတွက် နိမိတ်ပုံများ ဖြစ်မလာခြင်းကိုတော့ကြေကွဲရသည်။
ရင်တွင်းမှခံစားချက်တို့ကို လျှိဝှက်သိမ်းဆည်းခဲ့ရသော မိန်းကလေးတစ်ယောက်အတွက် မျော်လင့်ချက်ဆိုတာ ဘာလဲ။ဘယ်မှာလဲ။
တစ်ဦးတည်းသောသမီး...။ဘဝ၏အထီးကျန်ဆန်မူ...။နှလုံးသား၏ခံစားချက်များ...။ စာရွက်များကိုအပိုင်းပိုင်းဆုတ်ဖြဲလုံးချေကာ နံရံဆီသို့ ပစ်ပေါက်လိုက်သည်။
"သမီး ထမင်းစားတော့မလား"
အခန်းထဲဝင်လာသော မေမေ့ကို နာကျင်စွာလှမ်းကြည့်ပြီးနူတ်ခမ်းကို ဖိကိုက်ထားလိုက်သည်။မေမေသည်ကျွန်မကို ဂရုမစိုက်သလိုနှင့်။
"မစားရသေးဘူးမဟုတ်လား၊လာလေ၊မေမေနဲ့အတူစားရအောင်"
ကျွန်မခေါင်းကိုခါရမ်းပစ်လိုက်သည်။မေမေ့ကိုစကားတစ်လုံးမှမပြောဘူးဟုလည်းဆုံးဖြတ်ထားသည်။
"သမီးပျင်းနေတယ်မဟုတ်လား၊မေမိုးသူ တို့အိမ် မေမေနဲ့တူတူသွားလည်ကြမယ်လေ"
ကျွန်မမျက်လုံးအကြည့်ကို နံရံပေါ်မှ နှင်းဆီပွင့်ချပ်ကြီးဆီသို့ပို့ပစ်လိုက်ပါသည်။
သမီးဘယ်ကိုမှမသွားချင်ပါ မေမေ။နှင်းဆီပွင့်ချပ်ကြီးကိုကြည့်ပြီး သူ့ကိုသာလွမ်းနေပါရစေတော့။
အပေါ်ဝတ်အင်္ကျီ လျော့ရဲရဲပေါ်တွင် ဖရိုဖရဲကျနေသည့်ဆံပင်များဖြင့် လူမမာပုံပေါက်နေသော ကျွန်မကို မေမေမျက်စောင်းမထိုးပါ။ခါတိုင်းလိုလည်း-
"လှလှပပလေးနေစမ်းပါသမီးရယ်၊က္ကတ္ထိနဉ္စဓနံရူပံ-မိန်းမတို့ရဲ့ ဥစ္စာကား အဆင်းတဲ့၊မိန်းကလေးဆိုတာ..."
အစရှိသည့် စကားအရှည်ကြီးကိုလည်းမပြောပါ။
ခုတင်စွန်းကို လက်နဲ့နှစ်ဘက်ထောက်ပြီး ခြေတွဲလောင်းချထိုင်နေသော ကျမဘေးတွင် မေမေလာထိုင်သည်။
"သမီး..မနက်ဖြန် ဝင်းလိုက်ရုံမှာ ရုပ်ရှင်သွားကြည့်မယ်၊ဟင်နရီစဒါးနားရဲ့ကားလေ၊သိပ်ကောင်းတာဘဲတဲ့"
မေမေကချော့တော့ ကျမပိုငိုချင်လာသည်။
မေမေရယ် ... သမီးအချော့မခံချင်ဘူး။
အရိုက်ပဲခံချင်တယ်။
ရိုက်ပစ်လိုက်၍အသားတွေနာကျင်သွားလျှင် နှလုံးသားကပါ မျက်ရည်တွေ သွန်ကျလာနိုင်သည်။
"မေမိုးသူဝယ်လာတဲ့ ဘူးပါတိတ်ဆင်လေးသိပ်လှတာဘဲ သမီးရဲ့၊မေမေမှာခဲ့မလို့ဘဲ၊ဒါပေမယ့် မနက်ဖြန်ကျမှ သမီးစိတ်ကြိုက် အတူတူသွားဝယ်မယ်ဆိုပြီး..."
ဘာလို့များ သိသိသာသာကြီးလိုက်လျောနေရတာလဲမေမေ။
သမီးမှာ ဒါတွေမလိုအပ်ဘူးဆိုတာမေမေသိသားနဲ့။
ကျွန်မထံမှ စကားတစ်လုံးမှ ထွက်ပေါ်မလာသေးခြင်းကိုမေမေ ကျေနပ်ဟန်မတူပါ။
အကြင်နာသက်ပြင်းနှင့်အတူ ကျွန်မစာကြည့်စားပွဲပေါ်မှ စာရွက်အပိုင်းအစများကိုဖြန့်ကျက်ကြည့်ရူ့နေပြန်သည်။
ကျွန်မ၏မရေရာသော ဂျီဩမေတြီပုံအစအနလေးများကို အဓိပ္ပါယ်ဖော်နေသည်။
စတုရန်းပုံလေးများ ကွင်းဆက်တန်းကာ ဆွဲထားသောပုံကိုမေမေ ငေးစိုက်ကြည့်နေပါသည်။
ထိုပုံကိုကျမက အရိပ်မဲ့ပုံတူ ဟုအမည်ပေးထားသည်။
"မနက်ဖြန် ရုပ်ရှင်ကအပြန်ဈေးဝင်မယ်၊သမီးကိုအဲ့ဒိပါတိတ်မျိုးလေးဝယ်ပေးမယ်၊
ယူမယ်မဟုတ်လားသမီး"
ကျွန်မကို ဂါဝန်လေးတွေဝယ်ပေးစဉ်ကလို အမေးမျိုးနှင့်မေမေမေးလာသည်။
ကျွန်မမျက်ဝန်းကိုသေသေချာချာစိုက်ကြည့်ပြီးမေးနေသော မေ့မေ့မျက်လုံးများ၏စူးစမ်းရိပ်တွေကို ကျွန်မရင်မဆိုင်ရဲပါ။
မျက်လွှာကိုချလျှက် ဒုတိယအကြိမ် ခေါင်းခါရမ်းလိုက်မိပြန်သည်။
မေမေသည်ကျွန်မလက်အစုံကို တင်းကျပ်စွာဆုပ်ကိုင်လာပါသည်။
"သမီးကိုမေမေချစ်တယ်ကွယ်"
ကျွန်မလည်းမေမေ့ကိုချစ်သည်။
သို့သော် ကျွန်မမခံစားနိုင်သော လှောင်ပိတ်မူတစ်ခုကိုမေမေလုပ်နေသည်။
တစ်ဦးတည်းသောသမီးမို့ ကျွန်မ၏ဆန္ဒများအားလုံးလိုလို လိုက်လျောခဲ့သောမေမေသည် ကျွန်မအတွက်လွတ်လပ်ခွင့်များကိုတော့မပေးခဲ့ပါ။
မေမေနှင့်အတူ ရှင်သန်ကြီးပြင်းလာရသော ကျွန်မ၏လုပ်ဆောင်ချက်တိုင်း မေမေ၏ ဆုံးဖြတ်ချက်များသာ ဖြစ်ခဲ့ရပါသည်။
ကျွန်မ၏ နှလုံးသားရေးရာမှာ ဝင်ရောက်ဆုံးဖြတ်ပေးနေတာတော့ မေမေ မတရားဘူး။
(၂)
ကျမမျက်ဝန်းရိပ်တွင် သူသည်အမြဲခိုတွယ်နေသည်။
သူနှင့် ကျမကြားမှာ အဖြူရောင်စံပယ်ကုံးလေး အမြဲရှိသည်။
တစ်ခါတစ်ရံမှာတော့ သူကနှင်းဆီကိုချစ်တဲ့အကြောင်းပြောသည်။
ထိုအခါတွင် ကျမကနှင်းဆီပွင့်လေးတစ်ပွင့် ဖြစ်သွားတတ်သည်။
မိန်းကလေးတစ်ယောက်သည် သူမကိုယ်သူမ နှင်းဆီနှင့်တူသည်ဟုထင်ရသည့်အခါလောက်အပျော်ဆုံးအချိန်ရှိမည်မထင်ပါ။
ထိုနှင်းဆီကို နမ်းရိုက်လာမည့်အချိန်ကို စောင့်စားရခြင်းသည်လည်းရင်ခုန်စရာကောင်းလှ၏။
ကျမနှင်းဆီပွင့်ဖြစ်သွားတတ်သည့်အခါတိုင်း မေမေသည် ဥယျာဉ်မှူးတစ်ယောက် ဖြစ်သည်ဆိုခြင်းကိုမေ့ထား၍မရပါ။
ဥယျာဉ်မှူးတစ်ယောက်က သူ့ပန်းခင်းထဲမှ ပန်းတစ်ပွင့်ကိုလွယ်လင့်တကူ ပေးခူးမည်မဟုတ်ကြောင်းနှင့် ခပ်ဆင်ဆင်တူသည့်စကားများကိုမေမေ ခဏခဏပြောသည်။သို့သော်ပန်းပင်၏ညွတ်ကိုင်းနေမူကိုတော့မေမေကမမြင်ချင်ဟန်ဆောင်နေခဲ့သည်။
တဂိုး၏"ချစ်သူ့လက်ဆောင်" ကဗျာစာအုပ်ကလေးကြားတွင်ညှပ်ထားသောနှင်းဆီပန်းခြောက်လေးကိုမေမေက ချေမွဖျက်ဆီးခဲ့သည်။
လူတစ်ယောက်မှာအခြားသူတစ်ယောက်နဲ့ ပတ်သက်ပြီးကြွင်းကျန်ရစ်ခဲ့တဲ့အရာဆိုရင် ပန်းခြောက်ကလေးလည်းမြတ်နိုးတတ်ကြပါတယ်မေမေရယ်။
ရင်ခုန်နေ့လေးတစ်နေ့က မြတ်နိုးစွာလက်ခံရယူခဲ့ရသော နီညိုရောင်နှင်းဆီဖူးငုံကလေးသည် ကျွန်မအတွက်အမှတ်တရပစ္စည်းတစ်ခုဖြစ်ပါသည်။
ထိုပန်းခြောက်လေးကို ခိုးနမ်းနေစဉ် တစ်ချိန်ချိန်မှာမေမေတွေ့သွားခဲ့ဖူးလေသလား။
ကျွန်မ၏ အိပ်ခန်းနံရံများတွင် မျက်လုံးပေါင်းများစွာရှိနေသလို အသက်ရူကျပ်ခဲ့ရသည့် နေ့နေ့ညညရက်ပေါင်းများစွာ.....။
ပြတင်းတံခါးဘောင်ပေါ်မှာလူပ်ရှားနေသောအုန်းလက်၏အရိပ်များကိုငေးကြည့်ရင်း ကျွန်မ၏အရိပ်များကို ရှာဖွေနေမိပါသည်။ကျွန်မ၏အရိပ်ပေါင်းများစွာသည် မေမေ့လက်ထဲမှာရှိနေကြောင်းသိရသောအခါ ကြေကွဲဖွယ်ကောင်းသွားပါသည်။
ယခုအချိန်တွင် ကျွန်မမျှော်လင့်တောင့်တမိသောအရာမှာ အတောင်ပံတပ်၍မိုးကောင်းကင်ကြီးဆီသို့ ပျံသန်းသွားနိုင်ခွင့်ပင်ဖြစ်သည်။
သို့သော်ကျွန်မသည်ငှက်တစ်ကောင်မဟုတ်ဘဲလူတစ်ယောက်ဖြစ်နေခြင်းအတွက်လွတ်လပ်စွာ ပျံသန်းခွင့်မရှိပါ။
"သမီးရေ...ခင်ဝင်းရီလာတယ်"
မေမေလှမ်းအော်လိုက်သံကြောင့် ကျွန်မအတွေးများ လန့်ဖျပ်ပျောက်ကွယ်သွားသည်။
ရင်မှာလိုက်ခနဲခုန်သည်။
ခင်ဝင်းရီသည်ကျွန်မ၏ အခင်မင်ဆုံး သူငယ်ချင်းဖြစ်သည်။
ဘာပဲဖြစ်ဖြစ်ကျွန်မရင်ဖွင့်ဖောက်ခွဲပစ်ဖို့ လူတစ်ယောက်အနားမှာရှိလာခြင်းသည် ရယ်မောရခြင်းထက်ပင်ပိုတန်ဖိုးရှိပါသည်။
"သမီး လာလေ၊ခင်ဝင်းရီဧည့်ခန်းထဲကစောင့်နေတယ်"
ခါတိုင်းလိုဘဲ ခင်ဝင်းရီကို သမီးအခန်းထဲလွှတ်ပေးပါလားမေမေရယ်။ဒါမှမဟုတ် မေမေ့ရှေ့မှာမဟုတ်ဘဲ တစ်နေရာမှာသမီးတို့တွေ့ဆုံပါရစေ။
အိပ်ရာမှလူးလဲထပြီးမေမေ့နောက်သို့လိုက်လာခဲ့သည်။
"အမွန်"
ခင်ဝင်းရီ၏အံ့အားသင့်ရေရွက်သံနှင့်မျက်လုံးအကြည့်တွင် ကျွန်မသည်သနားစရာကောင်းသည့်ဒဏ်ရာရ သမင်ငယ်တစ်ယောက်ဖြစ်သွားပါသည်။
"နင်ဖတ်ဖို့ မဂ္ဂဇင်းတွေလာပို့တာ ရော့"
မေမေမြင်သာအောင်မဂ္ဂဇင်းတွေကို ခပ်ကြမ်းကြမ်း ခါရမ်းပေး လိုက်ခြင်းကြောင့်ကျွန်မအတွက်မျှော်လင့်ချက်တစ်စုံတစ်ရာ မပါကြောင်းသိလိုက်ရသည်။
"အမွန်၊မနေ့တုန်းက ငါတို့အိမ်မှာ ထုံချိုင်းအခွေကြည့်ကြတယ်"
ခင်ဝင်းရီပြောသောစကားဝှက်ကို မေမေ မသိနိုင်ဟုကျမမထင်ပါ၊မေမေနှင့်ကျွန်မသည် လူတစ်ယောက်၏ရှေ့မှာပင် အမည်စကားဝှက်ကို ခပ်တည်တည်သုံး၍ရယ်ပွဲဖွဲ့ခဲ့ဖူးပါသည်။ပါးနပ်သောမေမေ့ရှေ့မှာ ခင်ဝင်းရီ ဘာမှပြော၍မဖြစ်ပါ။
ခင်ဝင်းရီစကားကို စိတ်မဝင်စားလေဟန်နှင့် မဂ္ဂဇင်းစာရွက်များကို လှန်ကြည့်တော့"သီတာခုနစ်တန်" ဇာတ်ဝင်ခန်းပုံများကိုတွေ့ရသည်။
"ကဲ...သမီးတို့စကားပြာကြဦး၊အန်တီလက်ဖက်သွားသုပ်လိုက်ဦးမယ်"
အံ့ဩထိတ်လန့်စွာမေမေ့ကို ကျွန်မမော့ကြည့်မိသည်။ဤသို့သောအခွင့်အရေးမျိုးးမေမေပေးလိမ့်မည်ဟု ကျွန်မလုံးဝမျှော်လင့်မထားပါ။
"တစ်နေ့တုန်းကထုံချိုင်းငါ့ဆီလာတယ်"
မေမေသွားလျှင်သွားချင်း ခင်ဝင်းရီက လေသံလေးနှင့်စကားစသည်။မလုံမလဲနှင့်မေမေဝင်သွားရာ တံခါးပေါက်ကိုကျွန်မ လှမ်းကြည့်မိသည်။
မေမေသည် ခန်းဆီးနောက်ကွယ်မှ ချောင်းကြည့်တတ်သော မိန်းမမျိုးမဟုတ်မှန်းသိလျက်နှင့်လိပ်ပြာမလုံဖြစ်နေသည်။ခြေဖျားလက်ဖြားများ အေးစက်တုန်ယင်လျက် နူတ်ဖျားမှာစကားစတွေ ဆွံအနေသည်။
"ထုံချိုင်းကနင်နဲ့အရမ်းတွေ့ချင်တယ်တဲ့၊နင်နဲ့တွေ့ပီးရင်သူဆုံးဖြတ်ချက်တစ်ခုခု
ချမယ်လို့ပြောတယ်"
သူ၏မာကျောသောစိတ်ဓာတ်ကိုကျွန်မသိသည်။ကျွန်မနှင့်မတွေ့လည်းသူတစ်ခုခုဆုံးဖြတ်မှာအမှန်ပင်ဖြစ်သည်။
"ဘယ်လိုတွေ့မှာလဲဟာ၊ငါ့ကိုမေမေက အိမ်ထဲကကိုပေးမထွက်ဘူး"
"နင်စဉ်းစားပီးတစ်ခုခုပြောဟာ၊အန်တီထွက်လာရင် ဘာမှဖြစ်လာမှာမဟုတ်ဘူး''
သွေးကျဲနေသောကျွန်မ၏သတ္တိများကိုခင်ဝင်းရီက အားမလိုအားမရ ဖြစ်ဟန်ရှိသည်။
"ည ၈ နာရီနဲ့ ၉ နာရီကြားအိမ်ရှေ့ကိုလာခဲ့လို့၊သူ့ကိုငါ..."
စကားကိုအမြန်ပြောလျက်နှင့်မေမေပြန်လာချိန်ကအုပ်မိသွားသည်။မေမေနှင့်ခင်ဝင်းရီတို့ စကားကောင်းနေစဉ်မှာကျွန်မစိတ်သည် ည ၈ နာရီနှင့် ၉နာရီကြားသို့ ပြေးလွှားနေမိပါသည်။
(၃)
"သမီး ဒီည တီဗီက သမီးကြိုက်တဲ့ ''The Last Snow Of Spring"ကား
လေ၊ကြည့်မယ်မဟုတ်လား"
ဒီတစ်ခါတော့မေမေ့ကိုစိတ်လိုလက်ရ ခေါင်းညိတ်ပြလိုက်သည်။စောင့်စားရခြင်းအလုပ်သည် စက္ကန့်ပေါင်းများစွာကို ရေတွက်ရသည်နှင့်တူပါသည်။
တိုင်ကပ်နာရီမှ ည၈နာရီထိုးသံသည်အကျယ်လောင်ဆုံး ထွက်ပေါ်လာသည်။
ကျမအခန်းပြတင်းကိုဖွင့်၍မာကျူ ရီမီးရောင်အောက်မှ လမ်းမဆီသို့ကြည့်နေမိသည်။
ကြည်လင်အေးမြသောမေမေ့ဘုရားရှိခိုးသံကိုကြားရပီ။
သူ ဒီအချိန်ရောက်လာလျှင်ကောင်းမည်။
မေမေဘုရားရှိခိုးလျှင် နာရီဝက်တော့အနည်းဆုံးကြာတတ်သည်။ကျွန်မရင်တွေတထိတ်ထိတ်နှင့်လမ်းမပေါ်ကကောင်လေးတွေကိုမလွတ်တမ်းကြည့်နေမိသည်။
သို့သော်မည်သည့်ကောင်လေးတစ်ယောက်ကမှ ကျွန်မ အခန်းပြတင်းဝကိုမော့မကြည်ကြပါ။ကြေးစည်ထုအမျှဝေသံကြားလိုက်ရသည်။ကျွန်မရင်မှာဝမ်းနည်းသွားသည်။
နာရီကိုကမန်းကတန်းကြည့်လိုက်တော့ ည၉နာရီမတ်တင်းရှိနေပြီ။
"သမီး..မေမေခေါင်းနောက်လို့ အခန်းထဲခဏဝင်လှဲလိုက်ဦးမယ်၊သမီးတီဗီကြည့်ချင်ကြည့်နော်"
မေမေ့ကိုပြုံးပြလိုက်စဉ် ကျွန်မရင်မှာပေါ့ပါးသွားသည်။အခန်းပြတင်းဝမှာရပ်မနေတော့ဘဲခြံဝင်းထဲသို့ဆင်းခဲ့သည်။ခြံတံခါးသော့မှာချိတ်ရုံသာချိတ်ထားသည်။
ကျွန်မသည် ဘာမှစဉ်းစားမနေတော့ဘဲတံခါးကိုဖွင့်၍ အပြင်သို့ထွက်လိုက်ပါသည်။
မာကျူ ရီ မီးရောင်အောက်မှလူပ်ရှားမူများကြားမှာတော့သူမရှိပါ။
သူ ဘာလို့မလာတာလဲ။ခင်ဝင်းရီကတော့ပြောဖြစ်အောင်ပြောမည့်သူဖြစ်သည်။သူတစ်ခုခုများဖြစ်
နေလို့လား။ကျွန်မစိတ်တွေပူလာသည်။ဘာပဲဖြစ်ဖြစ်သူ့အိမ်သို့လိုက်သွားဖို့ကျွန်မဆုံးဖြတ်လိုက်သည်။ခြေလှမ်တို့ကိုသွက်သွက်လှမ်းရင်း သူနှင့်တွေ့လျှင် သူ့ရင်ခွင်မှာ
ပြေးဝင်ငိုပစ်ဖို့ အားတင်းထားသည်။
"သမီး..."
ကျွန်မနောက်မှ မေမေပြေးလိုက်လာသည်။
ခြေအစုံ ညွတ်ခွေမသွားစေရန်ထိန်းရင်း မေမေ့ကိုလှည့်ကြည့်လိုက်သည်။မေမေ့မျက်ဝန်းမှာမျက်ရည်များဖြင့်လက်လက်ခါ
နေသည် ကျွန်မငိုချင်လာပြန်သည်။
"ဘယ်သွားမလို့လဲ သမီး"
ကြောင်အမ်းအမ်းနှင့်မေမေ့ကိုသာကြည့်နေမိသည်။မေမေ၏မျက်နှာပြင်ဝယ် ကြေကွဲဝမ်းနည်းရိပ်တွေ စွန်းထင်နေသည်။
"သမီးကောင်လေး ဒီမြို့မှာမရှိတော့ဘူး"
"ဟင်"
"မနေ့ညနေက မေမေသူနဲ့သွားတွေ့လိုက်တယ်၊သူကပြောသွားတယ်၊မေမေ့ကို
ဂုဏ်ဓနမက်မောတဲ့မိန်းမကြီးတဲ့၊အဲ့လိုလူတန်းစားတွေကို သူရွံတယ်တဲ့"
"အို...မေမေရယ်"
ကျွန်မခြေတွေခွေယိုင်သွားစဉ် မေမေကထွေးပွေ့လိုက်ပါသည်။ကျွန်မကိုတင်းကျပ်စွာဖက်ထားသောမေမေ့လက်တွေ တုန်ယင်နေသည်။
"မေမေလေ..သမီးကိုယောကျာ်းတစ်ယောက်ရဲ့လက်ထဲကို အလွယ်တကူပေး မထည့်ရက်ဖူးကွယ်"
ကျွန်မတွင်တစ်ချိန်လုံးသိုဝှက် ပိတ်လှောင်နေသောမျက်ရည်များဒလဟောစီးကျလာပါသည်။ထိုမျက်ရည်များသည်ပါးချင်းအပ်ထားသော မေ့မေ့မျက်ရည်များနှင့်ရောထွေးကာ ရင်ဘတ်တစ်လျှောက်ဝယ် စီးဆင်းလာကျလာသည်။
"အချိန်တန်ရင်မေမေ့ရင်ခွင်ထဲက သမီးလေးခွဲထွက်သွားမှာကို ခံစားနားလည်ပေးနိုင်ပါတယ်ကွယ်၊ဒါပေမယ့် မေမေ မှတ်ကျောက်တင်ပေးနေတဲ့သမီးလေးဟာ
တန်ဖိုးမဲ့ပန်းတစ်ပွင့်မဖြစ်စေချင်ဘူး၊ကောင်လေးနဲ့သမီးကိုမေမေသဘောမတူဘူး''
ကျွန်မအသည်းတွေတဆတ်ဆတ်တုန်ခါလျက်၊နှလုံးသွေတွေပြိုဆင်းလျက်၊
မေမေ့ကို ဖက်တွယ်လျက် ရိုက်ကြီးတငင်ငိုကြွေးနေမိသည်။မေမေလည်းငိုနေသည်။
မေမေဘာလို့ငိုတာလဲ။ ကျွန်မကရောခုမှဘာလို့ မျက်ရည်တွေဘာလို့တအားသွန်ကျနေတာလဲ။
သူနဲ့ဝေးရလို့လား။ ဟင့်အင်း...မဟုတ်သေးဘူး.။
သူနဲ့ဝေးနေတဲ့ တစ်ချိန်လုံး မျက်ရည်မှမကျတာ။
ခုမှ...။ ခုမှ...။
"မေမေ"
မေမေ့ကိုယ်ခန္ဓာကို ပိုတိုး၍ဖက်လိုက်သည်။ကျွန်မပါးပြင်မှမျက်ရည်စများကိုမေမေက တွန်းဖယ်ပြီး ကျွန်မကိုနမ်းပါသည်။
"ဩော်...သမီး၊အိမ်ထဲဝင်ရအောင်နော်၊မေမေတို့လမ်းမကြီးမှာကွယ်"
မေမေ့ပခုံးကိုမှီနွဲ့ရင်း ကျွန်မတို့အိမ်ထဲသို့ ဝင်ခဲ့ကြပါသည်။
(၄)
"သမီးလေးက နှင်းဆီတစ်ပွင့် မဟုတ်ဘူးကွယ့်"
ကျွန်မမှာရိုက်နေဆဲ ဖြစ်သော်လည်း မေမေ့မျက်နှာက ပကတိတည်ကြည်နေသည်။
"နှင်းဆီတစ်ပွင့်ဖြစ်ဖို့လိုအပ်ချက်တွေ အများကြီးရှိသေးတယ်၊နှင်းဆီမှာ ဆန်းကြယ်တဲ့အရောင်အသွေးရှိတယ်၊ဖူးကြွတဲ့အလှရှိတယ်၊ပြီးတော့ဆူးတွေရှိတယ်ကွယ့်...သမီးကိုဆူးလေးတွေ မေမေ တပ်ပေးပါရစေဦး"
မေမေ့စကားကြောင့် ကျွန်မကြက်သီးတွေဖြန်းကနဲထသွားသည်။ဆူးတွေတဲ့...။
"နှင်းဆီပန်းကို လူတွေတန်ဖိုးထားမြတ်နိုးကြတာဟာ သူ့ရဲ့အလှတစ်ခုတည်းကြောင့်မဟုတ်ဘူး၊ဆူးတွေကြောင့်ပဲ၊ရိုးတံမှာတွယ်ကုပ်ထားတဲ့ ဆူးတက်တွေဟာ သူ့ကိုခူးဆွတ်မယ့် လက်ချောင်းတွေကိုဆူးတတ်စေတာကြောင့် နှင်းဆီကို ဂရုတစိုက်
တရိုတသေခူးရတယ်"
ညင်သာသိမ်မွေ့သော မေမေ့စကားများကို မကြားရမည်စိုးသဖြင့် ကျွန်မရိုက်သံများကိုလျှော့ချလိုက်မိသည်။
"ထိကရုံးပင်လေးတွေကို သမီးသိတယ်နော်၊လက်နဲ့ထိလိုက်ရင်ညှိုးကျသွားတာလေ၊အဲ့ဒိအပင်တွေကိုတွေ့ရင် လူတွေဟာလက်နဲ့တို့ထိပြီး ဆော့ကစားချင်ကြတယ်...အရွက်ကလေးတွေညိုးကျသွားတာကို ကြည့်ရင်းပျော်တတ်ကြတယ်၊တချို့လူတွေက လက်နဲ့တောင်မဟုတ်ဘူး၊ခြေထောက်နဲ့ထိတို့ပစ်ကြတယ်၊လက်နဲ့တို့တို့ ခြေထောက်နဲ့တို့တို့ သူတို့ညှိုးရတာပဲကွယ်"
မေမေ့ဆိုလိုရင်းအဓိပ္ပါယ်တို့သည် ကျွန်မ၏သွေးကြောတွေထဲမှာ စီးဝင်ပျံနှံ့လာပါသည်
ကျွန်မ၏နုနယ်သောနှလုံးသား၊မရင့်ကျက်သေးသော အတွေးအခေါ်များ၊မပြည့်စုံသေးသောကွက်လပ်များ။စသည်...စသည်တို့...။
"သမီးက ထိကရုံးပင်လေးနဲ့သိပ်တူတယ်၊ဘယ်သူ့ အထိအတို့မှ မခံနိုင်သေးဘူးလေ၊သမီးမှာပညာတွေဆက်သင်ယူဖို့၊လူတွေအကြောင်းနားလည်ဖို့၊ပြီးတော့ အချစ်ထက် ဘဝကိုလှမ်းမျှော်ကြည့်တတ်ဖို့ ဒါတွေမေမေပေးလိုက်ပါရစေဦး...ဟုတ်လားသမီး"
ကျွန်မခေါင်းကို ညင်သာဖြည်းငြင်းစွာ ညိတ်ပြလိုက်သည်။
"သမီးကို မေမေတစ်ခုပြောပြမယ် နားထောင်နော်၊
မြတ်စွာဘုရားရှင်လက်ထက်တော်တုန်းကပေါ့ကွယ်၊
ပေဿဿဿသ နဒီကောသလမင်းကြီးဟာ သူရဲ့မိဖုရား မလ္လိကာဒေဝီကို...မလ္လိကာ၊
သင့်မှာမိမိကိုယ်ထက်ပို၍ချစ်သောသူတစ်စုံတစ်ယောက်ရှိသလားလို့မေးတယ်၊
မလ္လိကာဒေဝီက-အရှင်မင်းကြီး အကျွနုပ်မှာမိမိထက်ပို၍ချစ်
သောသူ တစ်စုံတစ်ယောက်မျှမရှိပါလို့ ဖြေပြီးတော့
အရှင်မင်းကြီးမှာရော မိမိကိုယ်ထက်ပို၍ချစ်သောသူ တစ်စုံတစ်ယောက်ရှိသလားလိုပြန်မေးတယ်၊
ကောသလမင်းကြီးက ငါ့မှာလည်းမိမိကိုယ်ထက် ပို၍ချစ်ရသောသူတစ်စုံတစ်ယောက်မျှမရှိပါဘူးလို့ ပြန်ဖြေသတဲ့၊
ကောသလမင်းကြီးဟာ မိမိတို့စကားမှန်ကန်တယ်လို့မမှတ်ယူသေးဘဲ မြတ်စွာဘုရားထံသွားပြီးလျှောက်ထားကြတယ်။
ကျွန်မသည်မေမေ့စကားတွင်နစ်မျောရင်း ရိုက်ဖို့ရာပင်မေ့လျော့သွားပါသည်။
"အဲ့ဒိအခါမှာ မြတ်စွာဘုရားကအရပ်ဆယ်မျက်နှာနှံ့အောင် စိတ်ဖြင့်ရှာဖွေစုံစမ်းသော်လည်း မိမိကိုယ်ထက်ပို၍ချစ်သောသူကို မည်သည့်အရပ်တွင်မှမရနိုင်၊
သတ္တဝါဟူသမျှသည် အသီးသီးကိုယ်စီကိုယ်ငှ အခြားသူများထက်မိမိကိုယ်ကိုချစ်
ကြသူတွေချည်းသာဖြစ်သည်။ဒါကြောင့်မိမိ၏စီးပွားချမ်းသာကိုလည်းမညှင်းဆဲရာ
လို့မိန့်တော်မူသတဲ့"
ကျွန်မရင်ထဲတွင်အပူလိုင်းများညင်သာလာသည်။မေမေ့ကိုလေးစားမြတ်နိုးစွာမော့ကြည့်နေမိသည်။
"ဒီတော့သမီးရယ်၊မိမိကိုယ်ကိုချစ်ရမယ်လေ၊သမီးကိုယ်သမီးအရည်အချင်းတွေ
စိတ်ဓာတ်ရေးရာတွေဖြည့်ဆည်းပါဦး၊
ဒါတွေသမီးမှာမရှိသေးဘူး...ပြီးတော့ ကောင်လေးမှာလည်း မရှိသေးဘူး"
မေမေကပြောရင်းဆိုရင်းဖြင့် ကျွန်မဘေးမှာဝင်ထိုင်သည်။
"တကယ်တော့သမီးဟာကိုယ့်ကိုကိုယ်ချစ်ပါတယ်၊
ကဲ အခုသမီးကောင်လေးဆီရောက်နေရင် ဘယ်လိုရှိမလဲစဉ်းစားကြည့်စမ်း"
"ဟင့်အင်း....ဟင့်အင်း"
ရှက်အားပိုစွာဖြင့်မေမေ့ရင်ခွင်ထဲကို ခေါင်းတိုးဝင်လိုက်သည်။
"ကောင်လေးကို သမီးချစ်တာမဟုတ်ဘူး၊မေမေက အိမ်ထဲကပေးမထွက်လို့ သမီး စိတ်ကျဉ်းကျပ်ပြီး မေမေ့ကိုမကျေမနပ်ဖြစ်နေတာ၊
အဲ့တာ သမီးကိုယ်သမီးချစ်လို့ပေါ့''
(၅)
သည်မနက်အိပ်ရာကနိုးတော့ ကျွန်မစိတ်တွေကြည်လင်လန်းဆန်းနေသည်။
နေရောင်ခြည်နုနုလေးက အခန်းပြတင်းဝကို ဝင်းပစေသည်။အိပ်ရာကလူးလဲထလိုက်တော့ ပြတင်းဝနေရောင်က ကျွန်မကိုယ်ပေါ်ဖြာဆင်းလာသည်။
နံရံပေါ်မှာ ကျွန်မအရိပ်ထင်လာသည်။
ကျွန်မ၏အရိပ်ကိုယ် ကျွန်မတွေ့မြင်လိုက်ရသည်။
မီးဖိုချောင်တံခါးဝသို့သွား၍မေမေ့ကိုချောင်းကြည့်လိုက်ပါသည်။
"ဟင်...မေမေ ဒီမှာမရှိပါလား"
မေမေသည် အခန်းထဲမှာပင်အိပ်လျက်ရှိနေသည်။
မေမေ့ခုတင်ပေါ်သို့ တင်ပါးလွှဲဝင်ထိုင်လိုက်ပြီးမေမေ့ကိုနိုးသည်။
"မေမေ မထသေးဘူးလား၊နေမကောင်းလို့လား"
မေမေ့နဖူးပေါ်လက်တင်စမ်းကြည့်တော့သိပ်ပူနွေးမနေပါ။
"မေမေ နေကောင်းပါတယ် အစာမရှိလို့နုံးနေတာပါ"
ချောင်ကျသွားသောမေမေ့မျက်နှာကိုကြည့်ရင်းကျွန်မစိတ်မကောင်းဖြစ်သွားရသည်။
ကျွန်မစိတ်ကောက်နေစဉ်တစ်ချိန်လုံးမေမေ အစာဝင်ဟန်မတူပါ။
"မေမေ ဘာစားမလဲ၊သမီးဘာလုပ်ပေးရမလဲ"
"မုန့်ဟင်းခါးစားချင်တယ်"
ကျွန်မရင်မှာလိုက်ဟာသွားသည်။ကျွန်မမုန့်ဟင်းခါးသိပ်ကြိုက်မှန်းသိ၍ တမင်ရွေးပြောခြင်းဖြစ်သည်။မေမေ့ကိုယ်ပေါ်သို့ ကျွန်မမှီနွဲ့လိုက်ပါသည်။
"သမီးသွားဝယ်လိုက်မယ်လေ၊ဩော်, မေမေ...သမီးသွားရမှာလားဟင်"
"သွားလေ သမီး၊မေမေနဲ့သမီးနှစ်ယောက်အတူစားမယ်၊နှစ်ပွဲတော့မရဘူးထင်တယ်၊တို့သားအမိ စိတ်ကောက်နေကြတာနဲ့ ဗိုက်ထဲမှာအစာပြည့်ဖို့အများကြီးလိုနေတယ်၊လေးပွဲဝယ်ခဲ့"
မေမေက လက်လေးချောင်းထောင်ပြသည်။ကျွန်မတို့သားအမိပြိုင်တူရယ်မောလိုက်ပါသည်။မျက်နှာသစ်ပြီးစက်ဘီးစီးကာ လမ်းထိပ်သို့ထွက်ခဲ့၏။မုန့်ဟင်းခါးဝယ်ပြီးပြန်အလာ လမ်းမှာခင်ဝင်းရီနှင့်တွေ့သည်။
"အမွန် နင်အပြင်ထွက်ရပြီပေါ့ ဟုတ်လား"
"အင်း"
"အတော်ပဲ၊ထုံချိုင်းပေးသွားတဲ့စာ ငါ့ဆီမှာရှိတယ်၊နင်အိမ်လိုက်ယူလေ"
ကျွန်မရင်မှာဆွေးမြည့်သွားသည်။သူ၏ပုံရိပ်များတဝဲဝဲပေါ်လာသည်၊သူဘာတွေရေးထားမလဲ။ကျွန်မကိုတွေ့ချင်တယ်လို့ရေးမှာလား...၊ဒါမှမဟုတ်...။
"မေမေ့ကို ဂုဏ်ဓနမက်မောတဲ့ မိန်းမကြီးတဲ့၊အဲ့လိုလူတန်းစားတွေကိုသူရွံတယ်တဲ့"
မေမေ့မျက်ရည်စများနှင့် မေမေ့စကားသံတို့ကကျွန်မနှလုံးသားထဲသို့စူးနစ်ဝင်ရောက်လာသည်။
အခုအချိန်မှာအချစ်ကိုကျွန်မ ဘယ်လိုမှနားမလည်နိုင်တော့ပါ။သူနှင့်တွေ့ဆုံလျှင်ကျွန်မဘာဆက်လုပ်ရမလဲ ကျွန်မမသိပါ။ရင်မှာတင်းကျပ်လေးလံလာသဖြင့် ခေါင်းကိုခါရမ်းပစ်လိုက်သည်။
"ဟင့်အင်း...ဟင့်အင်း၊ငါစာမဖတ်ချင်တော့ဘူး၊
ခင်ဝင်းရီ သူ့ကိုတွေ့ရင်ပြောလိုက်ပါ။
ငါ မေမေ့စကားပဲ နားထောင်တော့မယ်လို့"
ပြောပြောဆိုဆိုဖြင့် စက်ဘီးကိုစီးပြီး ထွက်ခဲ့သည်။ခင်ဝင်းရီကကျွန်မကို ပါးစပ်အဟောင်းသားဖြင့်ကြည့်ပြီး ကျန်ရစ်သည်။
ခင်ခင်ထူး
မန္တလေး ယဉ်ကျေးမှုဂျာနယ်
၁၉၉၅ ခုနှစ် သြဂုတ်လ
(ဆံရစ်ဝိုင်း ဝတ္ထုတိုများ)
No comments:
Post a Comment