Mar 9, 2017

မျက်လုံးဖွင့်တိုင်း မိုးမလင်းဘူး မေမေ

့"မျက်လုံးဖွင့်တိုင်း မိုးမလင်းဘူး မေမေ"
============================

ကိုယ့်အတောင်ပံကိုယ်စိုက်နေရတဲ့ဘဝမှာ
ရယ်ဒီမိတ်ခေါက်ဆွဲခြောက်တစ်ထုပ်နဲ့ မိုးချုပ်နေသူပါ မေမေ
ရွှေဝါရောင် စက်ဘီးက လေးကလွဲပြီး
ဘယ်သူ့ကိုမှလည်း သံယောဇဉ် မတွယ်ရဲခဲ့ဘူး
မာနမွဲမွဲလေးကိုဆောင်းလို့
မေ့မေ့သမီးရဲ့အလုပ်သွားအလုပ်ပြန်ဟာ
ပုံမှန်ဆေး စားနေရတုန်း။့
အနာပေါ် ခုန်ချခဲ့မိတယ်
့(လှိုက်ခနဲ..... ကျင် ခနဲ)     

အဆင်ပြေသလိုထည့်သိုနေရတဲ့အာဟာရက
မေမေခူးကျွေးခဲ့တဲ့စံပယ်ဖြူဖြူလေးလိုတော့မမွှေးဘူးပေါ့
ငါ့သမီးတွေကို ငါယုံတယ်တဲ့
မိုးပေါ်ပစ်လွှတ်တဲ့တစ်ချက်မှ
ရင်ဝကိုလာစူးတော့တာပဲ
မပြည့်စုံတာလေးတစ်ခုကလွဲရင် 
အားလုံးပြည့်စုံနေခဲ့ပါတယ်လေ
စက်ဘီးပလပ်ပြားလေး ထဲကဗျာတွေ
ထည့်....ထည့်နင်းဖြစ်တယ်
သူများတွေကအင်နဲ့အားနဲ့
သမီးက အဆောင်လခနဲ့ထမင်းဖိုးနဲ့
တဂျောင်ဂျောင်မြည်နေတဲ့စက်ဘီးလေးပဲ
အဖော်လုပ်ဖြစ်တယ်

ဆာတယ်
မေ မေကျွတ်ကျွတ်ကြော်ကျွေးခဲ့တဲ့
ဘိန်းမုန့်အဝိုင်း လေးနဲ့ ကောက်ညှင်းထုပ်စီးစီးလေးကိုဆာတယ်
ဆာတယ်
အားပါးတရ ရယ်လိုက်တိုင်းပေါ်လာတဲ့
မေမေ့ရဲ့သွားကျိုးတိုးကျဲတဲ  လေးတွေကိုဆာတယ်
ဆာတယ်
သမီးကိုအာဘွားပေးဆိုပြီး ပါးကပ်ပေးရင်
ရှက်နေတတ်တဲ့မေမေ့သနပ်ခါးဖွေးဖွေးတွေကိုဆာတယ်
ဆာတယ်
တော်တော်လေးဆာတယ် မေမေရယ်
ဈေးကြီးပေးတက် ရတဲ့သင် တန်းတွေကို.....
အဲဒါကြောင့် မေမေ့ကိုပြောပြချင်ခဲ့တာ
မီးမှိတ်ပြီးတိုင်း အိပ်ရာမဝင်ဖြစ်ခဲ့တဲ့ သမီးတစ်ယောက်ရဲ့ အကြောင်းကို။    ။

                                           #လွမ်းမြတ်ဝေ (ဓနုဖြူ)

No comments:

Post a Comment