Mar 9, 2017

မိုးဃ်းဇော်ကဗျာများစုစည်းမှု

မိုးဃ်းဇော်ကဗျာများအပိုင်း​ (၂)- ၂၆ ပုဒ်
**********************************
လွမ်းစေတီ
=========
တို့ထိခွင့်လဲမရှိတော့
ဆုပ်ကိုင်ခွင့်လဲမရှိတော့
မင်းရင်ခုန်သံကို လုံအောင် ဖုံးပေးနိုင်ခွင့်လဲမရှိတော့
မင်းလဲမေ့လျော့လိုက်ရုံ
ပုံပြင်ကို ပုံပြင်အတိုင်း ထားလိုက်ရုံ
ဒီလောက်ပဲ တို့တတ်နိုင်ခဲ့
သူ့ကို မင်းမချစ်ပဲနဲ့
မင်းကိုသူဘာလို့သိမ်းပိုက်ခဲ့တာလည်း
မင်းနဲ့ငါနဲ့ချစ်ရက်သားနဲ့ ငါတို့ဘာလို့ဝေးကွာခဲ့တာလဲ
ရာဇဝင်ခေတ်
ပဒေသရာဇ်တို့ရာဂမီး
အတားအဆီးမဲ့ကာမပိုင်ဝတ္တု မှာ
ချစ်ရသူတို့ဇာတ်နာခဲ့ရဖူးပါပြီ။
အဖြစ်အပျက်တွေ ဖြစ်ပျက်ခဲ့ပြီးတဲ့နောက်
အငွေ့အသက်တွေ ကျန်ရစ်ကြရမယ်
ရှုမဆုံးတဲ့အလွမ်းတွေ ငါပွေ့ရင်း
တောင်ကုန်းလေးပေါ် ငါတတ်ခဲ့တယ်။
ညောင်ပင်က
ဓမ္မတေးကိုဆိုနေရဲ့
ရိုးပြတ်တောက
နေပူထဲမှာငိုနေရဲ့
ငါ့နှလုံးသားက လူ့သမိုင်းထဲ လဲကျနေခဲ့တယ်
လွမ်းစေတီက
မင်းနဲ့ငါ့အကြောင်း
နှောင်းလူတွေကိုပြောပြမယ်
တို့နှစ်ယောက် လျှောက်ခဲ့ရတဲ့ ငရဲကို ------။
.
မိုဃ်းဇော်
*******************************
.
သက်သေပြချက်များ
==============
.
ပျော်ရွှင်မှုဟာ
ငွေစက္ကူပေါ်မှာရှိတယ်လို့
ဘယ်သူ သက်သေပြခဲ့သလဲ။
'ဂျနီဖာလိုပက်ဇ်' ရဲ့
တဆတ်ဆတ်တုန်နေတဲ
အာရုံခံကိရိယာတွေက သက်သေပြခဲ့တယ်။
ဆားငန်ရည်နံ့စွတ်စိုနေတဲ့
နေမင်းရဲ့ သမီးပျို
ဘီကီနီဝတ် ဘန်ဂလိုတွေ သက်သေပြခဲ့တယ်။
ရွက်သင်္ဘောပေါ် ခါးထောက်ရပ်
မျက်စိတစ်ဖက်လပ် ပင်လယ်ဓားပြတွေက သက်သေပြခဲ့တယ်။
ယောက်ျားကို စိတ်နာနေတဲ့မိန်းမနဲ့
မိန်းမကို စိတ်ကုန်နေတဲ့ ယောက်ျားတွေက
သက်သေပြခဲ့တယ်။
ကျန်းမာရေးသိပ္ပံပညာနဲ့ ကယ်တင်ခြင်းခံရတဲ့
ကုထုံးသစ်ရဲ့ သားကောင်တွေက သက်သေပြခဲ့တယ်။
ပျော်ရွှင်မှုဟာ
ငွေစက္ကူပေါ်မှာ မရှိဘူးလို့
ဘယ်သူသက်သေပြခဲ့သလဲ။
'အဲဗစ်စ်ပရက်စလေ' ရဲ့
သီချင်းဆိုနေတဲ့ ဆေးပြားတွေက သက်သေပြခဲ့တယ်။
ကမ္ဘာကြီးကို
ကျောက်စရစ်ခဲနဲ့ပစ်နေတဲ့
ကလေးတစ်ယောက်ရဲ့ ရယ်မောသံက သက်သေပြခဲ့တယ်။
လူမျိုးမရွေး၊ ဘာသာမရွေး စားသုံးနိုင်တဲ့
သေခြင်းတရားရဲ့ ဧည့်ခံပွဲက သက်သေပြခဲ့တယ်။
ဘဏ်စာရေးတစ်ယောက်ရဲ့
သွက်ချာပါဒလိုက်နေတဲ့
လက်ဆယ်ချောင်းက သက်သေပြခဲ့တယ်။
တိတ်ဆိတ်ခြင်းတောင်ကြားလမ်းမှာ
ကမ္မဋ္ဌာန်းဘာဝနာ စီးဖြန်းနေတဲ့
ရဟန်းတစ်ပါးက သက်သေပြခဲ့တယ်။ ။
(ၤေ့်ငသည ႈာေါန ၾေါေဖငညနယ ၾေမခ့ယ ၂ဝဝ၁)
..........................................................................................
တောင်ပိုင်း
==========

ဘဝက တိုက်ပွဲဆိုရင်
ဟိုအရင် လယ်ကွက်တွေကနေ
အခု ရပ်ကွက်တွေ ဖြစ်ထွန်းလာတဲ့ မြို့သစ်မှာ
ငါတို့ စစ်နိုင်ရမယ်အချစ်ရယ်။
ဒီမြို့သစ်ကြီးဟ
အမွေးအမှင်စုတ်ဖွားနဲ့
သွေးစုပ်ဖုတ်ကောင်ကြီးလည်း မဟုတ်ပါဘူး။
ဒီမြို့သစ်ကြီးဟာ အဖုအထစ်တွေ ဗရပွနဲ့
စုန်းမဦးခေါင်းလည်း မဟုတ်ပါဘူး။
ဒီမြို့သစ်ကြီးဟ
ဘုရားသခင်ရဲ့ အစွန့်ပယ်ခံ
ငရဲမီးလျှံလည်း မဟုတ်ပါဘူး။
ဒီမြို့သစ်ကြီးဟ
ဘဝရဲ့ ခြေစစ်ပွဲတွေ အောင်ဖို့
ငါတို့ကို အကောင်းဆုံး လေ့ကျင့်ပေးလိမ့်မယ်။
ခေတ်နဲ့ လျော်ညီစွာပဲ
ဒီဒေသမှာ
ငါတို့ အခြေစိုက်နေထိုင်ခဲ့ကြပြီ။
'ကက်သရင်းဇီတာဂျုံး' ရဲ့ ယောက်ျား
'ဘီဗာလီတောင်ကုန်းများ' ပေါ်မှာ ပျော်သလို
ငါလည်း ဟောဒီတောင်ပိုင်းမှာ ပျော်တယ်။
လေလွင့်ငှက်နဲ့ လက်လုပ်လက်စားတေ
ကြက်ယက်သလို အစာရှာဖွေ စားသောက်ရတဲ့ မြို့
ကိုယ်ဝန်ဆောင် ဆင်းရဲသူမလေး
အသက်ကို ဖက်နဲ့ ထုပ်ယူသွားတဲ့ မြို့
စတီး(လ်)ထမင်းချိုင့်ကလေးတွေ
အိမ်ပြန်စိတ်စောတတ်တဲ့မြို့
တောင်ကိုရီးယားဖြစ်
တစ်ပတ်ရစ် ဟီးနိုးကားကြီးတွေ
ငမိုးရိပ်တံတားပေါ် ဖြဲကားပြီး
ဒေါသတကြီး လှိမ့်ဝင်လာတဲ့ မြို့သစ်မှာ
မင်းက
ဥယျာဉ်မှူးလို့ မကြော်ငြာပဲ
ကလေးတွေကို စာသင်ပေါ့။
ငါက
သက်သတ်လွတ်သမားမဟုတ်ပေမယ့်
သီးပင်စားပင်ကလေးတွေ စိုက်ပျိုးမယ်။
ဟော
ရောင်ခြည်တစ်ထောင်ဟာ
ငါတို့ကို လက်နက်ချခဲ့ပြီ။
(ၤေ့်ငသည ႈာေါန ၾေါေဖငညနယ ၾေမခ့ယ ၂ဝဝ၁)
...................................................................................
စစ်ပွဲအငယ်
===========
နောင်နှစ်ပေါင်း ၅ဝ မှာ သူဟာ
သားသမီးတွေ တစ်လှေကြီးနဲ့ ယောက်ျားကြီးတစ်ယောက်ဖြစ်ပြီဆိုရင်
သူ့ဒဏ်ရာသွေးတစက်စက်
ငါ့အိပ်မက်ထဲ ပွက်ပွက်ကျ
ဒဏ်ရာ လျှာနဲ့ လျက်ခဲ့ရသူ ငါ့ကို သတိရ
မြန်မာနိုင်ငံက အထီးကျန်ကဗျာသမားတစ်ယောက်ကို သိခွင့်ရမယ်ဆိုရင်။
တိုက်ပွဲဆိုတဲ့ လက်နက်ကိုင်စတူဒီယို
အဲဒီ စတူဒီယိုထဲ အသံသွင်းနေတဲ့သူဟာ
ခြေထောက်ပြတ်နေတဲ့ သီချင်းတစ်ပုဒ်ဖြစ်တယ်။
အနိဋ္ဌာရုံပန်းချီကား
ခင်းကျင်းထားတဲ့ ပြပွဲမှာ
သူဟာ လက်တစ်ဖက်ပြတ်ပုံတူ ဖြစ်တယ်။
သူ့ဘဝသူ့အကြောင်းဟာ
'အန်ကောဝပ်' ဘုရားကျောင်းက ခေါင်းလောင်းသံလောက်
မချိုမြခဲ့ဘူး။
သူ့နာမည်က စစ်ပွဲအငယ်
မိုင်းကွင်းတွေပေါ် ဖြတ်သန်းပြီး
အလှတရားကို တည်ဆောက်
မင်းဟာ ယဉ်ကျေးတဲ့လူတစ်ယောက်ဖြစ်ရမယ်။
အို၊ စစ်ပွဲအငယ်
လမင်းကို မင်းရဲ့ကစားဖော်
လေညင်းကို မင်းရဲ့ ကျောင်းနေဖက်
နေရောင်ခြည်ကိုတော့
ခေတ်က မှုတ်ထုတ်ပစ်လိုက်တဲ့
မင်းရဲ့ မေမေ့ရင်ငွေ့လို့ မှတ်ယူပေါ့။
ငါဟာ
ကုလသမဂ္ဂရဲ့
ငြိမ်းချမ်းမှုထိန်းသိမ်းရေးတပ်သားတစ်ယောက် မဟုတ်ပါဘူး။
ရန်ကုန်မြို့ရဲ့ အိပ်ရေးမဝတဲ့ ခုတင်တစ်လုံးပေါ်က
ကမ္ဘာကြီးကို ထထကြည့်နေရတဲ့ လူနာ။
ငါ့မေတ္တာတရားကို
သကြားလုံးလို ဝါးစားပါ။
ငါ့ကရုဏာကို
ချောကလက်လို ငုံထားပါ။
မင်းနဲ့ငါကြား ပေါင်းကူးတံတားဟ
နိုင်ငံကူးလက်မှတ်နဲ့ ပြည်ဝင်ခွင့်ဗီဇာမလိုတဲ့
အပြည်ပြည်ဆိုင်ရာ ကိုယ်ချင်းစာတရားပဲဖြစ်တယ်။ ။
......................................................................................
ညနေခင်းမှာ သေဆုံးခြင်း
=================
တောင်စွယ်မှာ
နေကွယ်ပြီ။
ရမ္မက်ကြိုးနဲ့ချုပ်နှောင်
ချစ်မေတ္တာနဲ့ ဘောင်ခတ်
ညှို့ဓာတ်နဲ့ တံကျင်လျှိုပြီး
သံယောဇဉ်ဓားနဲ့ အသေထိုးသတ်မယ့်
အလှဘုရားရဲ့ ချောကလက်ရောင် လက်ဝါးကပ်တိုင်မှာ
ငါဟာ ကားစင်တက်ခဲ့ပေါ့။ ။
(နှလုံးအိမ်မဂ္ဂဇင်း၊ ၂ဝဝ၄)
...............................................................................
အခန်းအမှတ် (၅ဝ၈)
=============

အိုဇုန်းလွှာ ပြဿနာကို ခဏမေ့
ကြယ်သုံးပွင့်ဟိုတယ်မှာ ငါတို့ ချိန်းပြီးတွေ့ကြတယ်။
ကျီးကန်းရောင် ထဘီစကပ်
ကျားသစ်ကွက်အင်္ကျီ
ဂျီသားရေဖိနပ်
မုန်နံ့သင်းနေတဲ့ ရေမွှေး
ြေ>ွမရေခွံ ပိုက်ဆံအိတ်နဲ့
ယုန်မွေးနုဆွယ်တာအောက်မှာ
မင်းလေးက
ပန်ဒါဝက်ဝံတစ်ကောင်လို ကြည့်ကောင်းလို့
သားပိုက်ကောင်တစ်ကောင်လို ဆွဲဆောင်မှုရှိနေရဲ့။
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအကြောင်း
ဆွေးနွေးပြီးမှ
ကမ္ဘာဦးဂီတကို တီးမှုတ်ကြမလား
ကမ္ဘာဦးဂီတကို တီးမှုတ်ပြီးမှ
သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းရေးအကြောင်း
ဆွေးနွေးကြမလား။
မီးခြစ်ထဲ
ဂက်(စ်)မကုန်ခင်
ငါတို့ မြန်မြန်ချစ်ကြစို့။
သစ်တောတွေ ပြုန်းတီးပြီး
တိရစ္ဆာန်တွေ မျိုးတုံးတော့မယ့် ကမ္ဘာ၊
ကမ္ဘာကြီးဟာ
တဏှာမီးထဲ ညည်းနေပေါ့။ ။
(ရနံ့သစ်မဂ္ဂဇင်း၊ ဇန်နဝါရီ၊ ၂ဝဝ၄)
....................................................................................
သားအဖနှစ်ယောက်
==============

တစ်ညလုံး
စကြဝဠာကြီးနဲ့ ပျော်ပျော်ပါးပါး ဆက်ဆံခဲ့တဲ့ကောင
မနက်ခင်း ရေဒီယိုသီချင်းတွေကြားရမှ
ဆက်ပြီး လက်မ မထောင်နိုင်တော့တာနဲ့
အဖေ့အိမ်ကို ထွက်ခဲ့တယ်။
အဖေ့ဆီရောက်တော့
နာရီမရှိတဲ့ ကျွန်တော့်ကို
ပြက္ခဒိန်မရှိတဲ့ အဖေက
တိုးတိုးလေးပြောပြတယ်။
''ငါ့အိတ်ထဲ
ဇရာပဲ ကျန်ပါတော့တယ်ကွာ'' တဲ့။
ဟုတ်ကဲ့ပါ အဖေ
အဖေ့အိတ်ထဲက ''ဇရာ'' နဲ့
ကျွန်တော့်စိတ်ထဲက ''ကဗျာ'' နဲ့
ကမ္ဘာကြီးကို လက်ငင်း ငွေချေလိုက်ပါရဲ့။ ။
(ရနံ့သစ်မဂ္ဂဇင်း၊ ဒီဇင်ဘာ၊ ၂ဝဝ၄)
.......................................................................
ဗိုက်ပူ
======
အတောင်ပံပါတဲ့ ငှက်တွေလို
အိပ်တန်းဆီ အလွယ်တကူ မပြန်နိုင်ပေမယ်
သာမန်ပြည်သူတွေနဲ့အတူ ဘတ်(စ်)ကားစီးပြီး ပြန်ခဲ့တယ်။
ဒီဘတ်(စ်)ကားကြီးကို
'ဗိုက်ပူ' လို့လည်း ခေါ်ကြတယ်။
ဗိုက်ပူရဲ့ ဗိုက်ထဲမှာ
ခင်ဗျားတို့လည်း ခင်ဗျားတို့အရေး ခင်ဗျားတို့တွေးလို့
ကျွန်တော်လည်း ကျွန်တော့်အရေး ကျွန်တော်တွေးလို့
ရွေးချယ်စရာမရှိတဲ့ ဒီလမ်းမှာ
ချိန်းဆိုမထားဘဲ ဆုံကြတယ်။
(လူ့ဘဝဆိုတာလည်း
ချိန်းမဆိုထားဘဲဆုံခဲ့ကြတာပါပဲလေ)
ခင်ဗျားတို့တစ်သက်လုံး
ဗိုက်ပူနဲ့နပန်းလုံးခဲ့ရသလို
ကျွန်တော့်တစ်သက်လုံးလည်း
ဗိုက်ပူနဲ့ နပန်းလုံးခဲ့ရပါတယ်။
ဗိုက်ပူရဲ့ ဗိုက်ထဲမှာပဲ
ကျွန်တော်တို့ဘဝတွေ ငါးပိသိပ် ငါးချဉ်သိပ်
တစ်ဦးအပေါ်တစ်ဦး ထိတ်လန့်လို့
တစ်ဦးအပေါ် တစ်ဦး ဖိတ်စဉ်ခဲ့ကြတယ်
တကယ်တော့ ဗိုက်ပူဟာ
ကျွန်တော်တို့အသက်တွေကို မောင်းနေတဲ့
ကျွန်တော်တို့ဘဝတွေကို မောင်းနေတဲ့
ကျွန်တော်တို့ အချိန်တွေကို မောင်းနေတဲ့
အမျိုးအမည်မသိ မော်တော်ကားတစ်စင်းပါပဲ။
ကျွန်တော်ဆင်းရမယ့်
'ဒုက္ခ'လမ်းမထက်က
'သုခ'မှတ်တိုင်ရောက်တော့
ဗိုက်ပူပေါ်က ဆင်းပြီး
ရပ်ကွက်လမ်းကျဉ်းကလေးထဲ ဝင်လိုက်တယ်။
ကျွန်တော့်ရှေ့ ကိုက်(၁ဝဝ)မှာ
ကလေးတွေဆော့ကစားနေတာ မြင်လိုက်ရ
မကြာခင်ဆို
နွေဦးပေါက်တော့မယ် 'အမေ'။ ။
.....................................................................................................
ဗီရာ
======
'မင်းနာမည်ဘယ်သူလဲ'
'ဗီရာ'
'မင်းအမေက'
'အကာလညရဲ့ ဒုတိယမာတိကာ'
'မင်းရဲ့အဖေ'
'ရန်သူ'
'ကိုယ်တွင်ထင်ရှားသည့်အမှတ်အသား'
'ဘယ်တော့မှ မကျက်နိုင်တဲ့ဒဏ်ရာရှိ'
'မင်းရဲ့ဇာတိ'
'စစ်ပြေးလမ်း'
'နျူကလီးယား ပန်းခင်းထဲမှာ
ငြိမ်းချမ်းပါစေ
အာမင်'။ ။
(ရုပ်ရှင်တေးကဗျာမဂ္ဂဇင်း၊ အောက်တိုဘာ၊ ၂ဝဝ၄)
.......................................................................................
သားချော့တေး
===============

သားရေ
ငိုသံတွေကို လမ်းခင်းပြီးမှ
မင်းရဲ့ နန်းတော်ကြီးဆီ ရောက်မယ်ဆိုရင်
အဲဒီလမ်းကို မလျှောက်လေနဲ့။
မိုးလောက်ကြီးပဲ မြင့်ပါစေ
လူတွေရဲ့ ပခုံးကို တက်နင်းပြီးမှ
မင်းဘဝ အထက်တန်းကျမယ်ဆိုရင်
အဲဒီအမြင့်ကိုလည်း မလှမ်းလေနဲ့။
မင်းရဲ့ ယုံကြည်ချက်ကြောင့်
ဘဝတွေပျက်
အိုးအိမ်တွေပျက်
မိသားစုတွေရဲ့ ပျော်စရာအနာဂတ်တွေလည်း
ကြေကွဲပျက်စီးရမယ်ဆိုရင်
အဲဒီယုံကြည်ချက်ကိုလည်း မင်းအကောင်အထည် မဖော်လေနဲ့။
မသိနားမလည်သူ
လူတွေကို လှည့်စားပြီးမှ
ဇိမ်ခံခွင့် ရမယ်ဆိုရင်
အဲဒီစည်းစိမ်ကိုလည်း မင်း မမက်မောလေနဲ့။
ဒီလောကကြီးမှာ
သစ်သီးကလေးတစ်လုံး သီးဖို့
အချိန်တွေ အများကြီးယူရတယ်
ပန်းကလေးတစ်ပွင့် ပွင့်ဖို့
အဆင့်ဆင့် တည်ဆောက်ခဲ့ရတယ်
မြေနီလမ်း နံဘေးက
တောပန်းကလေးတွေကအစ ကြင်နာပါ
ဒုက္ခရောက်သူကို ဖေးကူပါ
လူ့သိက္ခာကို စောင့်ရှောက်ပါ
အပြစ်ကင်းမှုတိုင်းကို ချစ်ပါ။
ရိုးသားဖြူစင်သူတွေကို
တစ်ဖက်သတ် အနိုင်ယူပြီးမှ
မင်းရဲ့ သရဖူကို ရမယ်ဆိုရင်
အဲဒီသရဖူကိုလည်း မင်းလုံးဝမယူလေနဲ့ ။ ။
(ရုပ်ရှင်တေးကဗျာမဂ္ဂဇင်း၊ စက်တင်ဘာ၊ ၂ဝဝ၅)
.........................................................................................
မိုးတိတ်တေး
==========

အထည်ချုပ်စက်ရုံကြီးထဲက
ချည်မွေးညှပ်ကောင်မလေးရေ
မင်းရဲ့ြေ>ွမရေခွံအိတ်အဟောင်းလေးထဲမှာ
လုံခြုံမှုတွေ ကြည့်ကောင်းသေးရဲ့လား
ထဘီတစ်ပတ်နွမ်းလေးကိုပဲ
အကြိမ်ကြိမ် အထပ်ထပ် ဆင်မြန်းရှာခဲ့ရ
သမ္မာအာဇီဝ ဆိုတာ
စကားလုံးအားဖြင့် လှပါရဲ့
ပရိုတိန်းတော့ြ<ွကယ်ဝလိမ့်မှာ မဟုတ်ဘူး။
နတ်ပြည်ခြောက်ထပ်ရဲ့ အဝေး
စပို့ရှပ်ဒီဇိုင်းတွေရဲ့ အဝေး
ရွှေမြို့တော်ကြီးရဲ့ အဝေးဆီက
ပူဆွေးနေတဲ့ လယ်ကွင်းတွေကို
မင်းထားခဲ့တယ်။
တစ်ဘဝလုံး ပပ်ကြားအက်နေတဲ့
တောသူတောင်သား မိဘမောင်ဘွားတွေကို
မင်းထားခဲ့တယ်။
ထနောင်းပင်၊ ထန်းမြစ်နဲ့
သဲထဲရေသွန်နေ့ရက်တွေကို
မင်းထားခဲ့တယ်။
မင်းကတော့
အတောင်အလက်မစုံလင်ဘဲ
တောင်ဒဂုံစက်မှုဇုန်ထဲမှာ
ဒဏ်ရာရငှက်ကလေးတစ်ကောင်လို တုန်ယင်လို့
ကြုံလှီဖျော့တော
မထူးတော့ပါဘူးလေဆိုပြီး
ကိုယ့်ဘဝကို အမျောမခံနဲ့။
သံမဏိကြိုးတစ်ချောင်းလို အားတင်းထား
ကွန်ကရစ်တုံးကြီးတွေလို ကြံ့ကြံ့ခံ
လက်ဖြောင့်သေနတ်သမားရဲ့ ကျည်ဆန်လို
ဆုံးဖြတ်ချက်တွေ ဖြောင့်မတ်မှန်ကန်ပါစေ။
ကမ္ဘာကြီးဟာ
အနိဋ္ဌာရုံချည်းပဲ မဟုတ်ဘူး
လတ်ဆတ်တဲ့ သစ်သီးဝလံတွေနဲ့
ပျော်စရာသီချင်းသံတွေလည်း ရှိတယ်ကွယ်။
အဲဒီအခါကျ
မင်းဟာ သားကောင်းမိခင်လည်း ဖြစ်ခွင့်ရှိ
အိပ်မက်ကို ပုခက်လွှဲရင်း
လောကကို နို့ချိုတိုက်ကျွေးခွင့်လည်းရှိ
အစစ်အမှန် သာယာပျော်ရွှင်ချမ်းမြေ့ခွင့်လည်း ရှိ
အခွင့်အရေးမှန်သမျှ အကုန်ရှိပေရဲ့။
အခုလို
မိုးပြိုချိန်မှာတော့
ဒုက္ခကို
သရုပ်ပြတင်ဆက်ရင်း မင်းရယ်မော
သောကကို
ကကြိုးဆင်ရင်း မင်းကခုန်
ဆေးရောင်စုံနဲ့ အနာဂတ်ကို
မင်းယုံကြည်လိုက်ပါ
ရှင်နေမင်းဟာ
ငါတို့ ထင်သလို
အဝေးကြီး မဟုတ်ရပါဘူးကွာ ။ ။
(ရုပ်ရှင်တေးကဗျာမဂ္ဂဇင်း၊ ဖေဖော်ဝါရီ၊ ၂ဝဝ၅)
..................................................................
မျှော်လင့်ချက်
==========

အဲဒီသတ္တဝါဟာ
စာအုပ်ထဲက ထွက်လာတယ်
ဆန်အိုးထဲက ထွက်လာတယ်
ငွေစက္ကူအနွမ်းထဲက ထွက်လာတယ်။
အဲဒီသတ္တဝါဟာ
အံဆွဲထဲက ထွက်လာတယ်
လက်ဆေးရေထဲက ထွက်လာတယ်
အဆုတ်ထဲက ထွက်လာတယ်။
အဲဒီသတ္တဝါဟာ
လယ်ကွင်းထဲက ထွက်လာတယ်
သားဇောသမီးဇောထဲက ထွက်လာတယ်
ရေဒီယိုအပျက်ထဲက ထွက်လာတယ်။
အဲဒီသတ္တဝါဟာ
ချောင်းကြည့်ပေါက်ထဲက ထွက်လာတယ်
အရက်ဆိုင်ထဲက ထွက်လာတယ်
လက်နှိပ်စက်ထဲက ထွက်လာတယ်။
အဲဒီသတ္တဝါဟာ
မိုက်ကရိုဖုန်းထဲက ထွက်လာတယ်
စဉ်းတီတုံးထဲက ထွက်လာတယ်။
တယ်လီဖုန်းထဲက ထွက်လာတယ်။
အဲဒီသတ္တဝါဟာ
တုတ်ကောက်ထဲက ထွက်လာတယ်
ကလေးပုခက်ထဲက ထွက်လာတယ်
ရုပ်ရှင်ရုံထဲက ထွက်လာတယ်။
အဲဒီသတ္တဝါဟာ
ဓာတ်လှေကားထဲက ထွက်လာတယ်
မျက်မှန်အိတ်ထဲက ထွက်လာတယ်
ဝက်သစ်ချသား ဂစ်တာထဲက ထွက်လာတယ်။
အဲဒီသတ္တဝါဟာ
စတိုးဆိုင်ထဲက ထွက်လာတယ်
ဂလူးကို့(စ်) ပုလင်းထဲက ထွက်လာတယ်
ြေ>ွမရေခွံဖိနပ်ထဲက ထွက်လာတယ်။
အဲဒီသတ္တဝါဟာ
သားဖွားခန်းထဲက ထွက်လာတယ်
မော်တော်ကား အိပ်ဇောပိုက်ထဲက ထွက်လာတယ်
နာရီဒိုင်ခွက်ထဲက ထွက်လာတယ်
အဲဒီသတ္တဝါဟာ
အင်းလျားရေပြင်ထဲက ထွက်လာတယ်
ဇာခြင်ထောင်ထဲက ထွက်လာတယ်
ပိုးသတ်ဆေးထဲက ထွက်လာတယ်။
အဲဒီသတ္တဝါဟာ
သက္ကလပ်ဦးထုပ်ထဲက ထွက်လာတယ်
ထင်းခုတ်ဓားမထဲက ထွက်လာတယ်
လိင်မှုကိစ္စထဲက ထွက်လာတယ်။
အဲဒီသတ္တဝါဟာ
ဆံပင်ညှပ်ဆိုင်ထဲက ထွက်လာတယ်
ချွေးသုတ်လက်ကိုင်ပဝါထဲက ထွက်လာတယ်
ပြက္ခဒိန်ထဲက ထွက်လာတယ်။
အဲဒီသတ္တဝါဟာ
ဘူတာရုံထဲက ထွက်လာတယ်
မြေအောက်အိမ်သာထဲက ထွက်လာတယ်။
အလှပြင်ဆိုင်ထဲက ထွက်လာတယ်။
အဲဒီသတ္တဝါကို
လူတွေက
မျှော်လင့်ချက်လို့ ခေါ်ကြတယ်။
အဲဒီသတ္တဝါဟာ
ပမာမခန့်နဲ့
တိုင်းပြည်အနှံ့ ခြေဆန့်နေလေရဲ့ ။ ။
(ရုပ်ရှင်တေးကဗျာမဂ္ဂဇင်း၊ ၂ဝဝ၅)
.......................................................................................................
ယုဇန
=========

လူ့ဘဝမှာ
ယုဇနကို ရောက်ခဲ့တယ်။
ရန်တွေကုန်အောင်လို့
'ရန်ကုန်' ခေါ်သလိုပေါ့လေ
ယုဇနပင်တွေ မရှိပေမယ့်
'ယုဇနဥယျာဉ်' လို့ ခေါ်ပါတယ်။
တချို့က ယုဇနကို
အခန်းခ ဈေးချိုလို့ ရောက်လာခဲ့ကြတယ်
တချို့က ယုဇနကို
စီးပွားကျပြီး ရောက်လာခဲ့ကြတယ်
တချို့ကျတော့
လျှို့ဝှက်ဇာတ်လမ်းကလေးတွေနဲ့ ရောက်လာခဲ့ကြတယ်
တောင်ပေါ်သားတွေရော
မြေပြန့်သားတွေပါမကျန်
ဒီအရပ် ဒီသောင်ယံဆီ
စုံညီစွာ ရောက်ရှိလာကြတယ်
ဘယ်လိုပုံစံမျိုးနဲ့ပဲ
ရောက်ခဲ့ ရောက်ခဲ့ပါ
ယုဇနမှာ
ခေါင်းလျှော်ပြီး ဆံပင်ညှပ်ဖို့
'ဗျူတီဆလွန်း' ကလေးတွေလည်း ရှိပါတယ်။
လောကကြီးကို ခဏမေ့ဖို့
ဘီယာဆိုင်ကလေးတွေလည်း ရှိပါတယ်။
အညောင်းအညာပြေ လမ်းလျှောက်ဖို့
ပဲခူးမြစ်ကမ်းက လေညင်းနဲ့
ပင်လယ်ကဗွီးပင်တန်းကလေးတွေလည်း ရှိပါတယ်။
မြို့ကြီးထဲ တစ်ရှိန်ထိုးမောင်းထွက်ဖို့
ွှထေင ကားလေးတွေလည်း ရှိပါတယ်။
ဝိုင်တွေ
စကပ်တွေ
ဘောင်းဘီတိုနဲ့ ဂါဝန်တွေ
ဒါတွေလည်း အကုန်ရှိပါတယ်။
ယုဇနကို ရောက်ရောက်ချင်း
ကျွန်တော်လည်း ပျင်းပျင်းရှိတာနဲ့
ပြတင်းပေါက်က အပြင်ကို ကြည့်လိုက်တော့
ကျွန်တော့်လိုပဲ ပျင်းပျင်းရှိတာနဲ့
ပြတင်းပေါက်က အပြင်ကို ကြည့်နေကြတဲ့ မျက်လုံးတွေ။
စိတ်ရှုပ်တာနဲ့
လှေကားက အောက်ကို ဆင်းလိုက်တော့
ကျွန်တော့်လိုပဲ
စိတ်ရှုပ်တာနဲ့
လှေကားက အောက်ကို ဆင်းလာကြတဲ့ ခြေထောက်တွေ။
မထူးတော့ပါဘူးဆိုပြီး
ခြေဦးတည့်ရာ ခြေဦးလှည့်လိုက်တော့
ကျွန်တော့်လိုပဲ
မထူးတော့ပါဘူးဆိုပြီး
ခြေဦးတည့်ရာ ခြေဦးလှည့်လာကြတဲ့လူတွေ။
မြတ်စွာဘုရား
ဘယ်လိုဖြစ်ရတာပါလိမ့်
ကျွန်တော့်တို့အားလုံးဟာ
ပုံတူလူသားတွေများလား။
အဲဒါနဲ့
ကျွန်တော့်အခန်းကို
ကျွန်တော် အသာလေး ပြန်လစ်လာခဲ့တယ်
သေနတ်နဲ့ နှင်းဆီပန်းများရဲ့
'ဆိုက်ကိုစီးတီး' သီချင်းသံက
ကျွန်တော့်နားထဲ သောသောညံလို့ပေါ့ ။ ။
(ရုပ်ရှင်တေးကဗျာမဂ္ဂဇင်း၊ စက်တင်ဘာ၊ ၂ဝဝ၅)
...........................................................................................
ပိတောက်ပွင့်မယ့်နေ့ကိုစောင့်နေတယ်
========================

ခေတ်ပေါ်လူသားတစ်ယောက်ဟာ
ကော်ဖီတစ်ခွက်
ပေါင်မုန့်တစ်ချပ်
ရေဒီယိုတစ်လုံးနဲ့
ပိတောက်ပွင့်မယ်နေ့ကို စောင့်နေတယ်။
ဘူတာမှာ လူစည်ပြီ
မီးရထားက မလာသေး
မရွာနိုင်သေးဘူးလားမိုးရယ်တဲ့
တစ်ရပ်ကွက်လုံး အုံးအုံးကျွက်ကျွက်
ပိတောက်ပွင့်မယ့်နေ့ကို စောင့်နေတယ်။
မိတ်ကပ်ပညာရှင်တစ်ယောက်က
ဟောဒီကမ္ဘာကြီးကို ပိုပြီးလှသွားအောင်
တင်တု၊ ရင်တု၊ ဆံပင်တု တပ်ပြီး
'မောင်ချောနွယ်အတု' ကိုမှ ထိုင်ဖတ်ချင်သတဲ
သူလည်းလေ လောကီသားပေပဲ
ပိတောက်ပွင့်မယ့်နေ့ကို စောင့်နေတယ်။
'ကလော'က ခြေတစ်ဖက်ပြတ်သူ
'မာန်အောင်ကျွန်း'က ပိုက်ဆွဲသမား
'မုန်း'ထဲက ကျွဲပခုံးများ
ရေဆာနေသူတစ်လောကလုံး
ပိတောက်ပွင့်မယ့်နေ့ကို စောင့်နေတယ်။
ကျွန်တော်က 'ဗုဒ္ဓ'ကို ကိုးကွယ်သူ
သူမက 'ခရစ်တော်'ကို ဝတ်ပြုသူ
ဘာသာမတူတာ
ကူးစက်ရောဂါမဟုတ်မှန်း
နှစ်ဦးစလုံး သဘောတူကြရဲ့။
သူမက
လက်ဝါးကပ်တိုင်အောက်မှာ
ပိတောက်ပွင့်မယ့်နေ့ကို စောင့်လို့
ကျွန်တော်ကတော့ ထုံးစံအတိုင်း
ဟာသလေးနည်းနည်း
ဆင်ခြင်မှုလေးနည်းနည်း
အဆင်ပြေမှုလေးနည်းနည်းနဲ့
ပိတောက်ပွင့်မယ့်နေ့ကို စောင့်နေတယ်။ ။
(ရုပ်ရှင်အမြုတေမဂ္ဂဇင်း၊ ၂ဝဝ၅)
......................................................................................................
မြို့သစ်အလွမ်း
============

အဲဒီတုန်းက မြို့သစ်မှာ
မိုးတွေ မကြုံစဖူး ရွာချတယ်။
နေသာတုန်းက
အတွန်ကောင်းတဲ့ ကြက်ဖဟာ (မိုးရွာမှ)
မိုးခြိမ်းသံကို ကျိန်ဆဲရင်း
မိုးလွတ်ရာ ထွက်ပြေးသွားလေရဲ့။
သြော်
မိုးတွေလည်း ရွာနေဆဲ
ကန်စွန်းရွက်တွေလည်း စိမ်းနေဆဲ
မပြောင်းလဲသေးတဲ့ ဇာတ်ထုပ်တစ်ထုပ်နဲ့
ကျွန်တော်လည်း စိတ်ရှုပ်နေဆဲ
'ငါတို့မှာ အရက်သောက်ဖို့ ပါးစပ်ပဲပါတယ် ကိုယ့်လူရေ' လို့
ပြည်ထောင်စုတံတားကြီးကို
အင်ဂျင်အဟောင်းကြီးတစ်စင်းနဲ့ ဖြတ်စီးလာကြသူ
ငါ့ချစ်မိတ်ဆွေများ
ငါ့အိမ်တံခါးဝ လာရပ်တယ်။
ရေစိုနေတဲ့ ဂျာကင်အောက်မှာ
ငွေလိုနေတဲ့ ရုပ်ခန္ဓာကို မြင်ရတယ်။
ငှက်တွေလို
အတောင်ပံတစ်စုံကလွဲရင်
ငါ့မှာ အပိုပစ္စည်းမရှိဘူး။
ငါးတွေလို
ပါးဟက်တစ်စုံကလွဲရင်
သူတို့မှာ ဘာအပိုပစ္စည်းမှ မရှိဘူး။
ဒါနဲ့
သူတို့ပခုံးကို အသာပုတ်
အိတ်ထဲက ခြင်္သေ့ရုပ်ကို ထုတ်ရင်း
ခင်ဗျားတို့ရဲ့ သွေးထွက်များတဲ့ ဘဝကို အသာထား
'ရော့'
'ဒီမှာ'
ဒါဟာ ငမိုးရိပ်ချောင်းနဲ့ ချက်တဲ့ရေ
လိုနေတာ ဒါပဲမဟုတ်လား။
တစ်ယောက်က တစ်ယောက်ကို ငတ်ခဲ့တာ
သဘာဝကျကျ စဉ်းစားရင်
ငါတို့က လူနည်းစုပဲ။
ငြိမ်းချမ်းရေးအကြောင်း မပြောဘဲနဲ့
ငြိမ်းချမ်းချင်တယ်။
တရားအကြောင်း မပြောဘဲနဲ့
တရားချင်တယ်။
သမ္မတရွေးကောက်ပွဲပဲဖြစ်ဖြစ်
ဒေသန္တရစစ်ပွဲပဲဖြစ်ဖြစ်
ရော့(ခ်)ဂီတပဒေသာဖြစ်ဖြစ်
တစ်ခုခုတော့ ဖြစ်ပေါ်နေကျကမ္ဘာကြီးမှာ
အသန့်ရှင်းဆုံးအသံက ဘာလဲ။
မိတ်ဆွေတို့ခင်ဗျား
ငွေကြေး၊ စည်းစိမ်နဲ့ရမ္မက်မကြီးခဲ့လို့
ခင်ဗျားတို့ကို ကျေးဇူးတင်တယ်။
ရနံ့မွှေးမွှေး ပန်းကလေးတွေ ပေးခဲ့လို့
ခင်ဗျားတို့ကို ကျေးဇူးတင်တယ်။
လူဖြစ်ခဲ့တာ ဒုလ္လဘလို့
လူဖြစ်ခဲ့ပြီလို့ ထင်တဲ့သူက ပြောတယ်။
ပေးဆပ်ခြင်းပါလို့
အပိုင်ကြံခဲ့သူက ပြောတယ်။
ကယ်တင်ခဲ့တယ်လို
စီးနင်းဝင်ရောက်ခဲ့သူက ပြောတယ်။
မြက်တွေနဲ့ ဗွက်တွေ
စပ်ယှက်နေကြတဲ့ လမ်းမှာ
ခြင်နဲ့ ကြမ်းပိုးတွေ
မျိုးပွားနေကြတဲ့ လမ်းမှာ
မီးခိုးထွက်နေကြတဲ့ အသက်ရှူသံတွေ
နောက်ပြန်မောင်းနှင်နေကြတဲ့ လမ်းမှာ
ကာလယန္တရားတွေ
လမ်းမှားနေကြတဲ့ လမ်းမှာ
ဖွင့်ကြစို့
မြို့သစ်ပုလင်းကို ဖွင့်ကြစို့။
ရယ်မောနေတဲ့ မျက်ရည်များ
မိုးရေထဲ စိုရွှဲခဲ့ပေါ့ ။ ။
(ဟန်သစ်မဂ္ဂဇင်း၊ ဖေဖော်ဝါရီ၊ ၂ဝဝ၅)
.................................................................................................
နေကြာပန်းများ
==============
အနီရောင်
ရေသောက်မြစ်တွေဆီက
သူလာခဲ့တယ်။
ပွင့်ပြီးရင်ြေ<ွကရမှာလည်း
သူ သိခဲ့ပေရဲ့။
ြေ<ွကပြီးရင် နွမ်းရမှာလည်း
သူ သိခဲ့ပေရဲ့။
မလိုပါဘူး
သင်တို့ဆီက
ဘာအကူညီမှ မလိုပါဘူး။
နေမင်းကို
အံကြိတ်ရင်း သူကြည့်
သတ္တိရှိတဲ့ မွှေးရနံ့တွေနဲ့။
(ပိတောက်ပွင့်သစ်မဂ္ဂဇင်း၊ မတ်၊ ၂ဝဝ၆)
...................................................................................................
.
သား
=======

အဲဒီနေ့က ဆေးရုံမှာ
မိန်းမကို အာထရာဆောင်းရိုက်ကြည့်တော့
'သား' တဲ့။
အေးကွယ်
ဘာပဲဖြစ်ဖြစ်ပေါ
အိပ်မက်နယ်မြေနဲ့တူတဲ့
မင်းအမေရဲ့ ဗိုက်ထဲက
မီးကျီးခဲနဲ့ တူတဲ့
လူ့ဘဝထဲကို ခုန်ချဖို့
အခုဆို မင်းက တာစူနေပြီပေါ့။
မကြာခင်
လောကထဲ ဝင်ရောက်လာတော့မယ့် သားဟာ
စစ်ပန်းခဲ့သူအဖေ့ရဲ့
စစ်ကူလည်း ဖြစ်ပါတယ်။
ရွက်လွှင့်ခဲ့သူ အဖေ့ရဲ့
ကမ်းစပ်လည်း ဖြစ်ပါတယ်။
ပျံသန်းခဲ့သူ အဖေ့ရဲ့
သိုက်မြုံလည်း ဖြစ်ပါတယ်။
အဖေ့ရဲ့ ခြစားခဲ့တဲ့နှစ်တွေကို
အသစ်ပြန်လည်တည်ဆောက်မယ့်
ဗိသုကာတစ်ယောက်လည်း ဖြစ်ပါတယ်။
သေချာပါတယ်ကွာ
မင်းအနာဂတ်ဟာ
အဖေ့အတိတ်လို
မှောင်မည်းနေမှာ မဟုတ်ပါဘူး။
ဗလာမဲတွေများတဲ့
ကံစမ်းမဲစနစ်ကိုလည်း
မင်းကျော်လွှားနိုင်မှာပါ။
မင်းဟာ
အမှန်တရားရဲ့ ဘက်တော်သား
အခက်အခဲတိုင်းရဲ့ 'ကာမိကာဇေ'
ချစ်သူများရဲ့ ဗုံးခိုကျင်း
အကြင်နာသီချင်းကို သီဆိုပါ။
အဖေမမြင်ရတဲ့
ကြယ်စုံညကို မြင်ရဖို့
မင်း ဆင်းသက်လာတော့မယ်။
အဖေမကြုံရတဲ့
ဘုံဘဝကို ဖြတ်သန်းဖို့
မင်းမွေးဖွားလာတော့မယ်
မဝေးတော့တဲ့တစ်နေ့မှာ
အဖေ့ရဲ့ ရှုံြးေ<ွကးကို ပြန်ဆပ်ဖို့
အားတက်စရာ
ဓားတစ်လက်ဟာ
ကမ္ဘာကို ချဉ်းနင်းဝင်ရောက်လာခဲ့ပေါ့။ ။
(ပိတောက်မြေမဂ္ဂဇင်း၊ မေ၊ ၂ဝဝ၆)
.....................................................................................
ထိုခဏ
============

ထိုခဏဟာ
မြစ်ကြီးတစ်မြစ်သာ ဖြစ်ခဲ့ရင်
ခန္ဓာကို လှေလုပ်ပြီး
ဝိညာဉ်ကိုရွက်လွှင့်လို့
ထိုခဏဆိုတဲ့မြစ်ကြီးကို
ကျွန်တော်တို့ ဖြတ်ကူးခဲ့ကြတယ်
ဝပ်နေတဲ့ကျားနဲ့
ပုန်းနေတဲ့နဂါးလည်း
ထိုခဏကို ဖြတ်ကူးခဲ့ကြတယ်
လက်နက်မဲ့မာနနဲ့
ရက်စက်တဲ့ဝါဒလည်
ထိုခဏကို ဖြတ်ကူးခဲ့ကြတယ်
နှစ်ဆောင်ပြိုင်ကလူတွေနဲ့
အပေါင်ဆိုင်ကလူတွေလည်း
ထိုခဏကို ဖြတ်ကူးခဲ့ကြတယ်
ထိုခဏမှာပဲ
မိုးတွေရွာ
ထိုခဏမှာပဲ
နှင်းတွေကျ
ထိုခဏမှာပဲ
နေရောင်ခြည်ဟာ အစွမ်းကုန်တောက်ပလို့။
ထိုခဏမှာပဲ
ငရဲ
ထိုခဏမှာပဲ
နတ်ပြည်
ထိုခဏမှာပဲ
သူရဲကောင်း
ထိုခဏမှာပဲ
သစ္စာဖောက်
ထိုခဏဟာ
၃၈ မျဉ်းပြိုင်လို
တကယ်ကို သေချာခဲ့ပါတယ်။
ထိုခဏရဲ့
ဟိုတစ်ဘက်ကမ်းမှာတော့
လှသောပန်းတွေပွင့်လို့ပေါ့။ ။
(ဟန်သစ်မဂ္ဂဇင်း၊ ဒီဇင်ဘာ၊ ၂ဝဝ၆)
............................................................................................
ရန်ကုန်ည
=========

ဆုပ်ကိုင်နိုင်သမျှဆုပ်ကိုင်
ရပ်တည်နိုင်သမျှရပ်ထား
ဘာမှအလကား မရဘူးဆိုလို့
စတိုးဆိုင်ရှေ့က လမ်းဖြတ်ကူးခဲ့တယ်။
ဒီမှာလေ
ကျပ်မပြည့်တဲ့ညဥ့်ငှက်တွေ
တစ်ဖန် ပြန်လည်ရှင်သန်ထမြောက်လာကြတဲ့
ရန်ကုန်ဆိုတဲ့ ရန်ကုန်ညမှာ
ပန်းဆိုးတန်းတစ်ဝိုက်
လမ်းသလားကြည့်လိုက်တော့
ရန်ကုန်ညဟာ
ကားမီးရောင်နဲ့ တုန်နေရဲ့။
ဒီခေတ်မှာ
နာတာရှည်ရောဂါကိ
ဆေးမြီးတိုနဲ့ ကုသချင်လို့ မဖြစ်ဘူး။
ညပလက်ဖောင်းပေါ်က
အမျိုးကောင်းသမီးလေးရယ်
ဘဝဆိုတာ
ဂွတ်ဒ်မောနင်းပေါင်မုန့်စိမ်ထားတဲ့ နို့တစ်ခွက်ပေါ့
သေခြင်းတရားဆိုတာတော့
သတ္တဝါတိုင်းရရှိမယ့် အချိန်ပို လုပ်အားခပဲ။
လန့်နိုးခဲ့တဲ့ အိပ်မက်အတွက်
ဒေါသထွက်နေလို့လည်းအပို
ရှယ်လီကိုရွတ်ဆိ
ဘိုနိုကိုဂုဏ်ပြ
မသမာမှုမှန်သမျှ
လက်တစ်ကမ်းက ရင်ဆိုင်ထားလိုက်မယ်။
ဒီကနေ့ည မိုးကောင်းကင်မှ
မိုးသားတိမ်လိပ်တွေ ကင်းစင်ပါရဲ့လား
ခင်ဗျားတို့ရဲ့ သွေးထဲမှာရော
ပိုးမွှားတွေ သန့်စင်ပါရဲ့လား
သံသရာ ချားရဟတ်ထဲမှာ
ငွေကြယ်ကလေးတွေ ပွင့်ခဲ့လို့
ကိုယ့်ဘဝကိုယ် မက်မောမိပြန်တယ်
တကယ်ဆိုရင်
တို့သွေးသားဟာ
အမှန်တရားနဲ့သာ တည်ဆောက်သင့်ပေရဲ့။
သြော် ......
အနော်ရထာလမ်းမကြီးက
ခြေသံတွေကို ထမ်းထားဆဲ
ချွေးတစိုစို လူတန်းကြီးတွေနဲ
ခုံးကျော်တံတားကြီးတွေအောက်
ဘဝတွေ စီးဆင်းနေလေရဲ့။
ဘယ်ဆီဘယ်ဝယ်မသိ
ဘဝတွေ စီးဆင်းနေလေရဲ့။
စစ်ကြီးအတွင်းတုန်းက
ရန်ကုန်ညမှာ
ဗုံးခိုကျင်းတွေ တူးခဲ့တယ်။
စစ်ကြီးအတွင်းတုန်းက
ရန်ကုန်ညကို
ဗြိတိသျှစစ်သားတွေ ဆုတ်ခွာခဲ့ကြတယ်
စစ်ကြီးအတွင်းတုန်းက
'ကင်ပေတိုင်' ရုံးခန်းဟာ
'ရွှေဂုံတိုင်' မီးပွိုင့်နားမှာ ရှိခဲ့တယ်။
စစ်ကြီးအတွင်းတုန်းက
လူတွေ ကပ်ဆိုက်ခဲ့ကြတယ်။
စစ်ကြီးပြီးပြန်တော့
ရန်ကုန်ညမှာ အင်းစိန်တိုက်ပွဲ ဖြစ်ခဲ့တယ်။
ဒီလိုနဲ့
ရန်ကုန်ညမှာ
'မိုရှေဒါယန်း' အိပ်စက်ခဲ့
'ချူအင်လိုင်း' အိပ်စက်ခဲ့
'ချာဗလစ်ယောင်ချိုင်ယု' လည်း အိပ်စက်ခဲ့။
အခုတော့ ရန်ကုန်ညဟာ
ပြီးခဲ့တဲ့စစ်ကြီးကို မေ့လို့
ကြုံခဲ့တဲ့ ဒုက္ခတွေကိုမေ့လို့
'အဖော်' ကို ဟိုတယ်ပေါ်မှာ ဝေငှလို့
လူငယ်တွေ ကြယ်လို ကခုန်လို့
မရေရာတဲ့ ဆော့(ဖ်)ဝဲတွေနဲ
ရန်ကုန်ညဟာ သက်ဝင်လှုပ်ရှားလို့။
ဟဲလို ၊ ရန်ကုန်ညရေ
သင်နဲ့ နှစ်ဦးသဘောတူ ပွေ့ဖက်ပြီး
သင်နဲ့ နှစ်ဦးသဘောတူ အိပ်စက်ခဲ့ရတာ
အကုန်အကျ များလွန်းလှပေမယ့်
အခုထိ မငြီးငွေ့နိုင်တာ ဘဝပေါ့
ဂိတ်ထိုးလိုက်တဲ့ အောက်ဆိုက်ကားလေးပေါ်
အနာဂတ်ကိုမျှော်ပြီးတက်လိုက်တယ်
ခုံးကျော်တံတားကြီးတွေအောက်
ဘဝတွေ စီးဆင်းသွားရှာပြီ။ ။
(ရုပ်ရှင်တေးကဗျာမဂ္ဂဇင်း၊ ဒီဇင်ဘာ၊ ၂ဝဝ၆)
.......................................................................................
သားသားရဲ့ကမ္ဘာ
==============

သားသားရဲ့ကမ္ဘာမှ
ကျောက်စရစ်ခဲလုံးလေးတွေကနေ
ဘယ်(လ်)ဂျီယမ် စိန်ပွင့်ကြီးတွေ ဖြစ်သွားတတ်တဲ့အကြောင်း
ဘယ်သူ့မှ မပြောလိုက်ပါနဲ့
သားသားရဲ့ကမ္ဘာမှ
ကြိုးကြာငှက်တွေက အနိမ့်ပျံ
ကျားရိုင်းတွေက ဆော့ကစား
ဝေလငါးကြီးတွေက ပျော်ပါးလို့
ဘေးမဲ့တောကြီးတွေက
တကယ်ကိုဘေးမဲ့
အမြဲစိမ်းတောကြီးတွေက
တကယ်ကို အမြဲစိမ်း
သဘာဝကို ထိန်းသိမ်းလို့။
သားသားရဲ့ကမ္ဘာမှ
အပေါ်သွားလေးကနှစ်ချောင်း
အောက်သွားလေးကနှစ်ချောင်းနဲ့
ဂီတသံတွေကို ကိုက်ထားတတ်တဲ့အကြောင်း
အမောအပန်းတွေလည်းကင်းဝေး
အလွမ်းအဆွေးတွေလည်းကင်းစင်
အတင်းအဖျင်းတွေလည်းကင်းမဲ့
ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေတောင်
နှုတ်ဆိတ်နေတတ်လို့။
သားသားရဲ့ကမ္ဘာမှ
နို့ဘူးကလေးတစ်ဘူး
လူဝံရုပ်ကလေးတစ်ရုပ်နဲ့
'ယူတိုးပီးယား' မြို့တော်ကြီးတွေကို
အောင်မြင်စွာ တည်ဆောက်နိုင်ခဲ့တဲ့အကြောင်း
ပလတ်စတစ်တုတ်တံလေးတစ်ချောင်းနဲ့
အကြမ်းဖက်သမားတွေကို နှိမ်နှင်းနိုင်ခဲ့တဲ့အကြောင်း
ကမ္ဘာကျော် အီစွတ်ပုံပြင်တွေကို
ဘေဘီပေါင်ဒါဘူးလေးထဲထည့်
အဓိပ္ပာယ်ဖွင့်ဆိုချက်တွေ မပါဝင်ဘဲ
လေထဲမွှေ့ယမ်းနိုင်ခဲ့တဲ့အကြောင်း။
သားသားရဲ့ကမ္ဘာမှ
အသံတွေကသန့်စင်
အမြင်တွေကတောက်ပ
နေ့ညတွေက ချိုမြလို့။
သားသားရဲ့ကမ္ဘာဟာ
ဟိုဘက်အစွန်းကနေ ဒီဘက်အစွန်းအထိ
စောင်ပုခက်လေးလောက်သာ ကျယ်ဝန်းခဲ့ပေမယ့်
သားသားရဲ့ကမ္ဘာမှ
တိမ်တွေဆိုလည်း
အမြဲတမ်း ပြာလို့ပေါ့။ ။
(သရဖူမဂ္ဂဇင်း၊ အောက်တိုဘာ၊ ၂ဝဝ၆)
................................................................................................
သူငယ်ချင်းသုံးယောက်
====================

ပရိဘောဂတွေ ချရောင်းခဲ့တာကအ
မိဘနဲ့ ဝေးခဲ့ရတာ အလယ်
မိန်းမနဲ့ ကွဲခဲ့ရတာ အဆုံး
ဘာမှဝမ်းနည်းစရာ မရှိပါဘူးလို့
သင်္ဘောသားတစ်ယောက်က ဖျောင်းဖျတယ်။
နွေတစ်ရက်မှာ
ပက်လက်ကလေး လန်သွားတဲ့ ပိတောက်အတွက်ရော
ဆောင်းဇာတ်စင်ပေါ်က
မုဆိုးမလေး ''နှင်း'' နဲ့
မြောင်းထဲထိုးဆင်းသွားတဲ့ ''မိုး'' အတွက်ပါ
ကိုယ့်ကံတရားနဲ့ ကိုယ်ပါလို့
စီးပွားရေးသမားတစ်ယောက်က ပြောခဲ့တယ်။
အသက်ကြီးလာလို့ဖြစ်ဖြစ်
အလုပ်အကိုင် အပေါက်အလမ်းမတည့်လို့ပဲဖြစ်ဖြစ်
စိတ်ကျရောဂါဝင်ရတာ
လောကကို အကောင်းမြင်တတ်ဖို့ပဲ လိုသတဲ့
ဆရာဝန်တစ်ယောက်က ရှင်းပြတယ်။
ဟော ......
အခုတော့
စီးပွားရေးသမားက မြောင်းထဲကျ
ဆရာဝန်က စိတ်ငြိမ်ဆေးတွေ မှီဝဲနေရလို့
သင်္ဘောသားကတော့
ပရိဘောဂတွေ ချရောင်းဖို့ ကြိုးစားနေလေရဲ့။ ။
(ရုပ်ရှင်တေးကဗျာမဂ္ဂဇင်း၊ ၂ဝဝ၆)
........................................................................
နံနက်ခင်း
============

အိပ်မက်တွေအစား
အောက်စီဂျင်ကို ငါရှူသွင်းလိုက်တယ်။
အလွမ်းတွေအစား
ပီအိပ်(ခ်ျ)ဆဲဗင်းကို ငါမော့သောက်လိုက်တယ်။
အချစ်သီချင်းတွေအစား
မိုင်ခြောက်ထောင်ကျော် ဟိုင်းဝေးလမ်းပေါ်က
'ဟာလီဒေးဗစ်ဆန်' မော်တော်ဆိုင်ကယ်ကြီးတွေရဲ့စက်သံကို
ငါ အရသာခံလိုက်တယ်။
မပြီးသေးတဲ့ ခရီးကိုဆက်ဖို့
ပြီးခဲ့တာတွေ ထားလိုက်တော့
ဘလက်ကော်ဖီခွက်ထဲမှာ
မနက်ကြယ်ဟာ တောက်ပလို့
ကျားသစ်တစ်ကောင်လို
ကမ္ဘာမြေပေါ်ကို ငါ ခုန်ချလိုက်တယ် ။ ။
(ပိတောက်မြေမဂ္ဂဇင်း၊ ၂ဝဝ၆)
.........................................................................................
ပင်လယ်ခရီး
===============
'ဇနက္က'လို
သင်္ဘောပျက်ခဲ့ပြီ
အသည်းကွဲဖို့ အချိန်မရှိ
ဝမ်းနည်းဖို့ အချိန်မရှိ
အချိန်ဆွဲဖို့ အချိန်မရှိ။
ဒါနဲ့
ရက်စက်တဲ့ပင်လယ်ထဲ
ဒိုင်ဗင်ထိုးချလိုက်တယ်။
အဆုတ်ထဲရေမဝင်အောင်
အသက်အောင့်နေလိုက်တယ်။
အကြောလျှော့ပြီး
ကိုယ်ဖော့ထားလိုက်တယ်။
ပြီးတော့မှ
ဟိုတစ်ဘက်ကမ်းကိ
မှန်းပြီး လက်ပစ်ကူးလိုက်တယ်။
ဒီရေတွေ ......
လှိုင်းတွေ ......
ငါးမန်းတွေ .....
ငါးမန်းတွေ .....
လှိုင်းတွေ ......
ဒီရေတွေ ......
သြော်
ဒီအချိန်ဆိုရင်
'မဏိမေခလာ'ကတော့
ပလာဇာဟိုတယ်ပေါ်မှာ
အိပ်ပျော်နေရောပေါ့း
(မုခမဂ္ဂဇင်း၊ ၂ဝဝ၆)
.....................................................................................
တမ်းချင်း
=============

ကျွန်တော့်မှာ
ခမ်းနားတဲ့ အလွမ်းတွေရှိတယ် မေမေ။
အဲဒီအလွမ်းတွေကိ
ကောင်းကင်ကြီးထဲ ပစ်ထည့်လိုက်တဲ့အခါ
မိုးတိမ်ကလေးတွေ ဖြစ်လာကြတာပေါ့။
ကျွန်တော့်မှာ
ကစားစရာ အိပ်မက်တွေရှိတယ် မေမေ။
အဲဒီအိပ်မက်တွေကို
ညကြီးထဲ ဖြန့်ကြဲလိုက်တဲ့အခါ
ကြယ်ပွင့်ကလေးတွေ ဖြစ်လာကြတာပေါ့။
ကျွန်တော့်မှာ
အတောင်ပံတစ်စုံတော့ မရှိဘူး မေမေ။
အဲဒါကြောင့်
ကျွန်တော့်ဘဝဟာ
လှောင်အိမ်လို ကမ္ဘာကြီးထဲ
နှစ်ပေါင်းများစွာ ပိတ်မိခဲ့တာပေါ့။ ။
(သရဖူမဂ္ဂဇင်း၊ မေ၊ ၂ဝဝ၇)
.........................................................................................
မြေ
=======

မြင်းပေါ်က
ပြုတ်ကျလာတဲ့ လူနီရိုင်းဟာ
ဒဏ်ရာကို အံကြိတ်ရင်း
သူ့အမှန်တရားကို ကျိန်ဆိုတယ်။
ဒါဟာ ငါ့မြေ
ငါ့မိဘဘိုးဘွားများ
အမဲလိုက်ရာ
စစ်တိုက်ရာ
ခေါင်းချရာ
ခွန်အားများစုဖွဲ့ရာ
ဖခင်များရဲ့မြေ
.......
....... ။
နယ်သစ်ရှာဖွေသူတွေ တရုန်းရုန်း
အရက်မူးပြီး ဝုန်းဒိုင်းကြဲနေကြ။
လူနီရိုင်းရဲ့ ခေါင်းပေါ်က
လွင့်ထွက်သွားတဲ့ ငှက်တောင်ကလေးဟာ
ငါ့နှလုံးသားထဲ မျောလွင့်နေတော့တယ်။ ။ (ပန်းအလင်္ကာမဂ္ဂဇင်း၊ စက်တင်ဘာ၊ ၂ဝဝ၇)
....................................................................
ကူးခတ်ခြင်း
=============

တစ်ချိန်တစ်ခါက
ဟောဒီ ရွှေရောင်ပင်လယ်ငါးကလေးဟာ
လှိုင်းနဲ့ကျောက်ဆောင်ကြားထဲမှာ။
ဒီနေ့မနက်ကျတော့
ကျွန်တော်ကခေါင်းပိုင်း
သားက အလယ်ပိုင်း
မိန်းမက အမြီးပိုင်း
မိသားစု ထမင်းဝိုင်းမှာ ခွဲတမ်းချ
ကျွန်တော်တို့ ဆက်လက်ကူးခတ်သွားကြပေါ့။ ။
(ရုပ်ရှင်တေးကဗျာမဂ္ဂဇင်း၊ စက်တင်ဘာ၊ ၂ဝဝ၇)
...........................................................................
ပါရမီ
===========
ဂြိုဟ်ပြာပေါ်က
အတော်ဆုံး သိပ္ပံပညာရှင်တစ်စုရဲ့
သိမှုနယ်ပယ် အပြင်ဘက်မှာ
ပါရမီဟာ ပြေးနေရဲ့။
အရေခွံလဲပြီးစြေ>ွမတစ်ကောင်လိ
စွတ်စိုတောက်ပြောင်နေတဲ့စိတ်ဓာတ်နဲ့
ပါရမီပေါ်မှာ
ကျွန်တော် မတ်တတ်ရပ်ပြီး လိုက်ပါလာခဲ့တယ်
ဒေါပုံသင်္ဘောကျင်းရောက်တော့
သူတို့သားအမိနှစ်ယောက်ကို
ကျွန်တော် သတိထားမိလိုက်တယ်။
သူ့ကိုယ်ပေါ်မှာ
ပါဝါရိန်းဂျား စွပ်ကျယ်ချိုင်းပြတ်လေးတစ်ထည်သာ
ဆင်ယင်ထားပေမယ့်
ဆောင်းဘက်လုနေတဲ
နိုဝင်ဘာ ရာသီဥတုဟာ
သူ့ကိုတော့ နှိပ်စက်နိုင်ပုံ မပေါ်ဘူး။
လမ်းတစ်လျှောက်လုံး
သူ့မျက်လုံးတွေကို ပိတ်ထားခဲ့
သူ့ကိုကြည့်ရတာ
ကန္တာရတိုင်းပြည်က မင်းသားလေးတစ်ပါ
စွန်ပလွံပင်တွေကြားထဲမှာ အိပ်ပျော်နေသလိုပဲ။
ဘယ်အချိန်ထိ
သူ ဒီလိုမျိုး အိပ်ပျော်နေနိုင်မလဲ
ကျွန်တော် စဉ်းစားကြည့်တယ်
သူ့အမေရဲ့
ကြုံလှီလှတဲ့ လက်ပေါ်မှာ
ဘာအိပ်မက်တွေများ မက်နေရှာမလဲ
ကျွန်တော် စဉ်းစားကြည့်တယ်
ပြီးတော့လည်း
သူ့အနာဂတ်ဟာ
ပျော်ရွှင်စရာကိစ္စ တစ်ရပ်ပဲလား
ကျွန်တော် စဉ်းစားကြည့်တယ်
ရွှေရောင်ခြည်မြစ်ကမ်းမှာ
စင်ရော်ငှက်တွေ ပျံသန်းလာတဲ့အထိ
ကျွန်တော် စဉ်းစားကြည့်တယ်
ငရဲဘုံတစ်ဖက်ကမ်းက
နတ်သမီးတွေရဲ့ အနမ်းခံနေရတဲ့သူဟာ
ဒီကမ္ဘာမြေဆီ ပြန်လည်ကူးသန်းလာမယ့် အချိန်အထိ
ကျွန်တော် စဉ်းစားကြည့်တယ်
ဖားဥစွဲနေတဲ့
ဘရာစီယာလေးကိုပင့်တင်
သူ့အမေက နို့တိုက်ဖို့ပြင်တဲ့အခါ
နှုတ်ခမ်းကလေးကို
မျက်ခွံကလေးကို ဖွင့်ပြီး
သူ တကယ်နိုးထလာမယ့် အချိန်အထိ
ကျွန်တော်စဉ်းစားကြည့်တယ်။
စကြဝဠာတိုက်တစ်သောင်းက
ပန်းပေါင်းစုံနံ့သင်းနေတဲ့
ပျော်ရွှင်ခြင်းကိတ်မုန့်တွေ
သူ့ဘဝအပေါ် တစ်ဟုန်ထိုး
မိုးကြီးရွာချလိုက်သလို ရွာချလိုက်မယ့်အချိန်ထိ
ကျွန်တော် စဉ်းစားကြည့်တယ်
ပါရမီ နည်းပါးလွန်းတဲ့ လမ်းပေါ်မှာ
ပါရမီကားကြီးဟာပြေးလို့။ ။
(ရတီမဂ္ဂဇင်း၊ ဇူလိုင်၊ ၂ဝဝ၇)
...............
.................................

No comments:

Post a Comment