Mar 9, 2017

အောင်ချိမ့်ကဗျာများစုစည်းမှု

အောင်ချိမ့်ကဗျာများစုစည်းမှု (၆၃)ပုဒ်
========================
……………………………………
ပြီးခဲ့တဲ့စနေနေ့နဲ့ ဆင်တူနေ့
=======================
လူ့ကိုယ်မှာ
သကြားများများ လိုတယ်
အက်ဆစ် လိုတယ်
မှားတာမှန်တာ လိုတယ်
အေး၊ ဟိုမုန်းလည်း လိုတာပေါ့။
လမ်းဖြတ်ကူးရင်း အငွေ့ပျံသွားတော့မယ် ဟေ့လူ
စီးဝင်ခြင်း၊ မာခဲခြင်း၊ ပေါ့ပါးခြင်း၊
လောင်ကျွမ်းခြင်းဓာတ်များ
မထူးဆန်းတဲ့ စားသောက်ရေးဟာသ
သုတေသနပြုဆဲ ရောဂါမျိုး စွဲကပ်နိုင်တာ
အလိုလိုအဆောက်အဦးများ ပြိုကျတတ်တာ
မမျှော်မှန်းနိုင်တဲ့ သဘာဝကိစ္စများအလယ
လူသတ္တ၀ါဆိုတာ သိပ်ငယ်လွန်းပါတယ်။
ဒေါသမကြီးပါနဲ့
လိမ္မော်သီးရောင်းတဲ့ဆိုင်
မိန်းမလှလှထိုင်တဲ့ ပုဆိုးဆိုင်နဲ့
မလိုင်များများ အထူးလက်ဖက်ရည်တစ်ခွက်ပါ
တင်းထားဖို့ တစ်စုံတစ်ရာနဲ့ ခံတွင်းပျက်
အင်္ကျီမှာ ချုပ်ရာ ဖာရာများခဲ့ပေါ့
နေ ဘယ်နှစ်ခါ
လ ဘယ်နှစ်ခါ
စစ်ပွဲဘယ်နှစ်ခါ၊ ငြိမ်းချမ်းရေးဘယ်နှစ်ခါ
ဘေဘီလုံ ဥယျာဉ်မျိုး ဘယ်နှစ်ခါ
ကျုပ် ဘယ်နှစ်ခါရှိပြီလဲ။
ခုဆို ညနေ ၆ နာရီရှိပေါ့
အမှန်တရားတစ်ခုတည်းကို ဟောပြောဖို့ကိစ္စဟာ
နည်းနည်းစောပြီး
သိပ်နောက်ကျသွားပြီ။ ။

အောင်ချိမ့်
***********************************************************************
နာရီ
----------------
နာရီသံတစ်ချက်ချက်
အားတက်စဖွယ် ကြားနေရတယ်။
ရင်ခုန်သံနွေးနွေး
ဘယ်ထွက်ပြေးသွားလဲ။
အီတလီတယောပြားလည်း
အသံဝါးခဲ့ပြီကောကွယ်။
ဝတ္ထုစာအုပ်ဖတ်
ဓာတ်ပြားသီချင်းဖွင့်၊ပန်းပွင့်တွေသီယှက်
ကြက်တူရွေးတစ်ကောင် ၊လှောင်ချိုင့်ထဲ ထည့်မွေး
အတွေးလွှင့်မိုင်များစွာ
ဝေေ၀၀ါးဝါးလွတ်လပ်ခွင့်မျိုး
ငါရိုက်ချိုးချင်တယ်။
ပွဲတော်ရဲ့လတွေကို
တမ်းတနေတက်တတဲ့၊ လူတစ်ချို့ရဲ့အပြုံး
ငါမုန်းတယ် ၊မုန်းတယ်။
တကယ်တော့ ငါဟာ
ငယ်သေးတယ်ဆိုတာ ၊၀န်ခံပါရဲ့။
ငယ်သေးတဲ့ဘ၀မှာဘ
တာဝန်မဲ့ခံစားမှုနဲ့ အဓိပ္ပါယ်ကြင်နာမှုတွေ
စက်ဆုတ်နေမိတယ်။
ကွယ်လွန်ပျက်စီးခဲ့တဲ့
စက္ကန့်များ ၊မိနစ်များ
နာရီများ ၊ရက်များ
လများ ၊နှစ်များမှာ
ဒို့ခန္ဓာပေါ် ဖြူရော်ထွေးမွ
“နောင်တတရား”ဆိုတာတွေ ခြေရာအထပ်ထပ်
ပြည့်ညပ်ပေစွန်းနေခဲ့တယ်လေ ။
အမှောင်အောက်မှာ
လမ်းပျောက်ခဲ့တယ်ဆိုရမှာပေါ့ ။
ဒုစရိုက်ထဲ
ဦးငိုက်ခဲ့တယ်ဆိုရမှာပေါ့ ။
“ယန်းပေါဆတ်”တရားနဲ့
နိဗ္ဗန်မှားခဲ့တယ်ဆိုရမှာပေါ့။
နာရီသံတစ်ချက်ချက်
အားတက်စဖွယ် ကြားနေရတယ်။
ငါ့ဦးခေါင်းမှာ
ငါ့မျက်နာမှာ ငါ့နှလုံးသားမှာ
အဖြစ်ဟောင်းများ ခါချ
ဒေါသအသစ်တွေ ဖြည့်ရမယ်။
ငြိမ်းချမ်းမှုအိပ်မက်အတွက်
အသက်ဆက်စတေး ပူဇော်မယ်။
အလှဆုံးကဗျာအတွက
သွေးပွက်ယိုစီးကျစေမယ်။
ဒို့မလွန်သေးဘူး
ဒို့မလွန်သေးဘူးကွယ်။
ရှည်လျားလှတဲ့
လမိုက်ညကို အရုဏ်နီဟာ
ဘယ်အခါကများ နောက်ဆုတ်ပေးဖူးလို့လဲ။
နာရီသံတစ်ချက်ချက်
အားတက်စဖွယ် ကြားနေရတယ်။
“နေသစ်ရောက်တော့မယ်” တဲ့။ ။
အောင်ချိမ့်
*********************************************
သီချင်းတွေနဲ့ညေ
---------------------အောင်ချိမ့်
ပြန်လှန်မေးမြန်းသံ မြောက်မြားစွာ
အသံတိတ်စွာ အော်ဟစ်ပဲ့တင်
ထင်မှတ်ထားသမျှရဲ့ အမည်ဟာ မျှော်လင့်ခြင်း
မျဉ်းတံပေါ်မှ အမှတ်အသားများ
နေ့များ၏ မင်္ဂလာအား ဆောင်ကြဉ်းပါဘိ။
အဲဒီမနက်က
“ညွှန့်ညွှန့်သိန်းကလေး”ဟာ
“ခဏလေးပါကိုကိုရယ်”ဆိုပြီးတဲ့နောက်
ဓာတ်သဘာဝရဲ့ ကောက်ကွေ့မှုကို နားမလည်ရှာ
ခုများ ဘယ်လိုနေရှာပါလိမ့်။
မရမ်းစေ့ရောင် ထမီလေးသာ
သခင်မအလာကို ဖွဲ့နွဲ့နေရဲ့။
အမြန်ဆုံး မွေးဖွားမှုတစ်ခုဆီ
ညက အိပ်မက်, မမက်ဖူးလား
အားလုံးအတွက် ငါ့အလင်းရောင်
ခက်တာက
လက်ပတ်နာရီမရှိ၊ ပြက္ခဒိန်မရှိ
ဒါကြောင့် ဘယ်နေ့ ဘယ်အချိန်ရယ်လို့ပြောခွင့်မရှိ
ထွန်းညှိထားပါတယ်။
ဤအခန့်း၌ကား
ဗီလိန်များသော ၀တ္ထု
ဘ၀ကို ဒုက္ခမပြုလိုပေ။
အမိုးဖုံးသည် တအိအိ
ခန္ဓာကိုယ်နှင့် သဘာဝလောကပေါ် ပိကျနေမှ
လွဲမှားမှုများမှသာ ကင်းလွတ်လိုရဲ့
အသက်ရှင်လ ဖြစ်တည်ရဲ့ခြင်း ပြဿနာမှာ
တစ်ခါတစ်ရံနှစ်ယောက်တည်းလုံလောက်နေပြန်၏။
အရှင်ဘုရား. . .
တရားကိုအကယ်တည့် သစ္စာမဖောက်ဟုဆိုငြား
ပျင်းရိဖွယ်နေမလားဟု
လူသားတို့ အတွေးခေါင်မိကြဟန်တူပါသည်။
ဒီလိုနဲ့
ပွဲတော်မှပြန်ခဲ့ပြီး
ခြေသံမှာ မြေမှုန်ကပ်
ရေကို ပွတ်သပ်ဦးမယ်မဟုတ်လား။
ကျွနုပ်၏အချစ်မှ
သစ်ပင်
သို့မဟုတ်- ကောင်းကင်
သို့မဟုတ်- ရာဇ၀င်
အားလုံးပင်ဖြစ်ရဲ့။
သင့်ဥယျာဉ်မှာကေ
သစ်သီးပေါရဲ့လား မိတ်ဆွေ
ဘုရားကို သူမ ၀တ်ပြုသောအခါ
မြန်ဆန်လာတဲ့ အာရုံအဟုန်မှာ
ဆက်သွယ်မှုမဲ့ ရစ်သမ်တို့ညီညွှတ
မြစ်တစ်ခုကို ဖြတ်သန်းလာပေမည်
ပုဇွန်တောင် ညောင်တန်းဆိပ်မှ
“ပိတောက်ပန်း” ဆိုက်ပါပြီလား
မိမိအချစ်ကို စောင့်ရှောက်ခဲ့ခြင်းအတွက်
ငှက်ကလေးရယ် ကျေးဇူးတင်ပါတယ်
လူ့ဘ၀ဆိုတာ လှပတဲ့
ပြဇာတ်တစ်ပုဒ်ပဲ ဖြစ်သင့်တယ်။ ။
အောင်ချိမ့်
(မိုးဝေ၊မတ်လ၊ ၇၈)
*******************************************************
အို . . . ညနေ (အောင်ချိမ့်)
ဟောဟိုက
ဗာဒံရွက်ကြွေကျပုံက
လမ်းခုလတ်ရောက်မှ တစ်စုံတစ်ရာကို
အမှတ်ရကာ တန့်ခနဲ့ရပ်
ပြီးမှ
တဟုန်ထိုးခုန်ချလိုက်တယ်။
ဗီရိုပေါ်မှာ ရောဂါတစ်ခုခုရနေတဲ့
နာရီဟာ
ကျွန်တော့်နာမည်ကို မေးပါတယ်။
တူး . . .
တူ့ တူး . . .တဲ့
စူးရှစွာ အလန့်တကြားအော်
ချော်လဲမတတ် သူ့ခန္ဓာကို ပြန်ဟန်ကာ
“ဘယ်မြို့ထိအောင် သွားမှာလဲ”
မီးရထားတစ်စင်း ဖြတ်မောင်းသွားပေါ့။ ။
အောင်ချိမ့်
**************************************************
ခရီး
အိပ်မက်မရှိသူ
သီချင်းမဆိုတတ်သ
ငါမဟုတ်မူ၍။
ငါ့အသင်
ခြေဆေးပါ
ခေါင်းလျှော်ပါ
ရေချိုးပါ
လာလေ..ဒို့သွားကြရအောင်။
ဝိညဉ်မဲ့ခေတ်များနဲ့
၂၄ နာရီတို့ထံမှ
ကံကြမ္မာအရရွေးနှုတ်
ရေဒီယိုခလုတ်ကိုနှိပ်
သတင်းစာကိုလည်းပိတ်ခဲ့ပါ။
အစက်တစက်မှ
အခြားအစက်တစက်သို့
ဆက်သွယ်ပြီးမျဉ်းဖြောင့်တကြောင်
ညောင်းညာနေရောပေါ့။
နှစ်ပေါင်းအသောင်းအထောင်
သိပ်သည်းစွာမှောင်ခဲ့
အရောင်၊ရနံ့
ရသ၊ လူ့အခွင့်အရေး
မြင့်မြတ်သောကလေးငယ်
ချိုနွေးသောမိခင်နို့
တို့ထိတီးခတ်လိုက်သောအခါ
လက်မှတ်ထိုးထားသောစာရွက်
မိုးချုန်းပျက်သံကြားရတယ်။
အတွေ့အကြုံနုနယ်စဉ်
မျက်ရည်ဆိုသောအသင်
လူမသိခင်ခုန်ဆင်းသွားရဲ့
သစ္စာဖောက်တယောက်အမူအကျင့်နဲ့။
လမ်းတူသူချင်းသာ
ဒဏ်ရာကိုဆေးကု
သွေးတိတ်အောင်ပြုစုလို့
ဒို့နောက်ကလူတွေလဲသတိရနေမယ်။
`ကြောက်ကြဟေ့၊ကြောက်ကြ’
ဒီနေ့ကိုသူတို့ပိုင်သ သတဲ့
အို ထမင်းစားခဲ့
အို အသက်ရှူခဲ့သူများသို့
ဆိုက်ဗေးရီးယားရောက်
သစ္စာတရားဟာ
ကျန်းမာလျက်ရှိကြောင်းသတင်းရတယ်
အိမ်ရယ်
အိပ်ယာရယ်
သံယောဇဉ်များရယ်
ချစ်သောသူရယ်
ပူပင်ပေမယ့်ခဏခွဲခဲ့ရ
ပြန်ဆုံကြတော့ပိုလို့နွေးမယ်။
ခြေထောက်များရဲ့အောက်
သမန်းညက်လောက်အောင်
‘ဆက်လျှောက်ကြ’
‘လျှောက်ကြ’
‘လျှောက်ကြ’
လျှပ်တခါပြက်
မျက်တောင်တခါခတ်တိုင်းအံ့ဘွယ်ပ
ဝါကျ၊ပုဒ်မ
စကားလုံး၊သွေးနံ
အဖြူသန့်စပွဲခင်
ဟင်းခွက်ပေါင်းငါးရာ
မုသာဝါဒနဲ့
ဘာသာဗေဒတခုလေ
ကမ်းနားရေစပ်မှာထိုင်နေရဲ့။
‘အလို’
ကိုင်းပင်ကဗျိုင်းတောင်
တောင်ပံလန့်ပျံပြေးသွားတယ်။
အို .. လူ့သမိုင်း
စောင့်ဆိုင်းမှုသမာဓိ
ပြည့်သမြဲပြည့်ဝတော်မူပါအရှင်။
ဟိမ၀န္တာ
ဂန္ထ၀င်မြောက်တောအုပ်
လမ်းရှုပ်သည်ဖြစ်စေ
ရှင်းသည်ဖြစ်စေ
ရွှေပြည်တော်ကြီးနီးပါပြီ။
‘လူ့ဘ၀ကား
အိပ်မက်မျှသာဖြစ်၏’
သစ်ပင်ပျိုပင်စည်တို့၌
ထိုစာပိုဒ်အားတွေ့ရမည်
ငါရေးသားခဲ့ခြင်းဖြစ်ပေသည်။ ။
အောင်ချိမ့်
**************************************************************
ရှုခင်းကြည့်သူ
------------------
ငါ အဲဒီကိုရောက်တော
ဘာမှ မရှိတော့ဘူး
ကြီးကြီး မားမား မရေရာမှုရဲ့
သင်္ကေတ တမျှ
ကျောက်တုံးအကွယ်က
နှင်းတစ်ပေါက်ရေ ......
ခါတိုင်းလို
ဒီလို ဒီအချိန် ဒီအခါ
ငါ့မှာ ၀ီရိယကြီးခဲ့
ငါ့မှာ စိတ်စောခဲ့ ......
တစ်မိနစ် မိနစ်ဝက်စာမျှ
ငါ့အတွက်
အလွမ်းသဲ့သဲ့မျှချ၍ မချန်ခဲ့ ။ ။
အောင်ချိမ့်
*************************************
၅၁ နှစ်ဓါတ်ပုံ
==============
အဲဒါ အတော်ဆွဲဆောင်မှုရှိပြီး
အဲဒါ အတော်လွဲခဲ့ပါတယ် ။
မိုးကြိုးပစ်သလို ဖြစ်နိုင်တယ်
ကိုယ့်ကိုယ်ကို အဲဒီနေ့က မှန်တစ်ချပ်ထဲဖမ်းမိတော့ ။
ဝိညာဉ်လိုအမဲတစ်ကောင်
ဖူးယောင်လို့ ။
"လူတွေမလွန်ဘူး" တတီတီအော်ဂင်သံ ။
"ငါမလွန်ဘူး" တတီတီအော်ဂင်သံ ။
"အရက်မမူးဘူး" တတီတီအော်ဂင်သံ ။
"ဆေးမကြောင်ဘူး" တတီတီအော်ဂင်သံ ။
ယခုနှစ်မှာအထူးသဖြင့်
ငါတို့နမ်းခွင့်မရသောပန်းများ ပွင့်ပါစေ ။
မိန်းမရေ၊ သောကြာနေ့ရောက်ပြန်ပြီ
လူရမ်းကားမော်တော်ဆိုင်ကယ်လို ငါထွက်ပြေးတယ်
ငါအပြင်းထွက်ပြေးတယ်
မလွတ်ဘူး ။
မိန်းမရေ၊ ဒိဋ္ဌငါတစ်ယောက်တည်းရဲ့ အမှောင်ခြမ်းကနေ
ငါမလွတ်ဘူး ။ ။
အောင်ချိမ့်
***************************************************
ဆောင်းရောက်ပြီ
===============
ရောက်ပေါ့
ဆောင်းရောက်ပေါ့
မိုးပျံပူဖောင်းတွေရောက်ပေါ့
သစ်ပင်ပေါ်
မီးလုံးတွေရောက်ပေါ့ ။
ကားသံတွေ
ခရာမှုတ်သံတွေ
စိတ်စွဲလမ်းမှုနဲ့သကြားနဲ့လုပ်တဲ့မုန့်တွေ
ရောက်ပေါ့ ။
နှင်းထဲလမ်းလျှောက်ဖို့တနင်္ဂနွေ
ရောက်ပေါ့ ။
ရုပ်ရှင်ကားသစ်တွေ
ရောက်ပေါ့ ။
စကားပြောကြတယ်
ချစ်ကြတယ် ။
အဓိပ္ပါယ်မလို
အဓိပ္ပါယ်မရှာ
ကလေးငယ်များဟာ
ကြီးလာတယ် ။
ငါတို့အတွက်ပါမလာတာတွေ
ပါလာပါစေလေ ။
အောင်ချိမ့်
*******************************************
အခြားကဗျာဆရာ တစ်ယောက်သို့
=====================
ဝမ်းနည်းဖွယ်ရာတွေ တွေ့တော့
စာမျက်နှာကျော်ပြီး လှန်ခဲ့တယ်။
သူတို့က လိုအပ်လို့
ငါတို့က မလိုအပ်လို့
ဖြစ်ခဲ့မယ်၊ ပျက်ခဲ့မယ်၊ ခြားခဲ့မယ်၊ ခံစားရမယ်
ငါတို့မှာ ငြင်းလို့မရ။
ငယ်ရွယ်ချင်တယ်
ငယ်ရွယ်ချင်လို့ မရတော့ဘူး မဟုတ်လား။
အချစ်ရေးဆိုတာမျိုး
ရှုပ်ထွေးလို့ ရနိုင်သေးလို့လား။
ဒီစာမျက်နှာမှာ ပျော်စရာတွေ
ထားခဲ့ချင်သလို
ဒီစာမျက်နှာပေါ်မှာ ငါဟာ အကောင်းများများ
မထားခဲ့နိုင်ဘူးဆိုတာ
အခု၊ ဖတ်နေရပြီ
ဖတ်နေရပြီ မဟုတ်လား။
လူတစ်ယောက်ဟာ လူတစ်ယောက်အကြောင်း
ငါဟာ ဒီ့ထက်ကောင်းအောင် မရေးနိုင်ပါဘူး။
ပိုကောင်းအောင်
အခြား ကဗျာဆရာများ ဆက်ရေးကြပါလိမ့်မယ်။
ကောင်းပါစေ
ပိုကောင်းပါစေ။
အောင်ချိမ့်
*********************************************
ဘတ်စ်ကားစီးသူ
________________
( အောင်ချိမ့် )
ကလေးငယ်ဟာ ဖုန်တွေနဲ့ဆော့နေတယ်
ကလေးဟာ ပျော်နေတယ်
ဖုန်တွေကြားမှာ
ကလေးဟာ ကြည်လင်နေတယ်။
တစ်ပင်လုံးကြွေတော့မယ့် ဗန်ဒါရွက်တွေ
ကြောက်စရာကောင်းအောင်လှလို့
အဲဒီကြွေသွားတဲ့ အထဲ
ဗန်ဒါရွက်အပြင် ဘာတွေပါသေးလဲ
ငါအံ့အားသင့်ရ။
ဖြစ်စဉ်တရား
အလှတရား
ပြိုင်တူဖူးပွင်
ပြိုင်တူဖွင့်ဆိုနေသည့်နှယ်။
အဘိုးအိုတစ်ယောက်ဟာ စိတ်လေ
ဘတ်စ်ကားပြတင်းပေါက်ဘေး၊ ငိုင်လျက် ၊ ငေးလျက်
သူ့သမို်င်း လူ့သမိုင်းကို ရီဝေလျက်။
ကားစောင့်၍ ငိုက်မျဉ်းအပြေ
အိမ်း၊ မှတ်တိုင်နီးပြီ
ထမှပဲ။ ။
အောင်ချိမ့်
****************************************************
ဘဝကဗျာ
_________________
အောင်ချိမ့်
မှားမယ်
မှားလိမ့်မယ်
သို့မဟုတ်...
မှန်လိမ့်မယ်။
မှန်လိမ့်မယ်
ထီပေါက်လိမ့်မယ် ဆိုတာမျိုးပေါ့လေ။
အောင်ချိမ့်
****************************************************
ရန်ကုန်မြို့အပေါ်မှာ
_____________________
အောင်ချိမ့်
ထုန်း...ထုန်း...
မိုးပေါ်ရောက်မှပေါက်တဲ့
အဆင့်မြင့်
ဗျောက်အိုးများ။
ရန်ကုန်မြို့အပေါ်မှာပေါ့လေ
ပျော်အောင်ပေါ့ေ
ထုန်း...
ထုန်း...။
ကြောက်ကြမှာပဲ
နယ်စပ်ပြည်သူတွေဆို။ ။
.
အောင်ချိမ့်
****************************************************
ခရီးလမ်းများ
________________
အောင်ချိမ့်
မီးရထားနဲ့ ခရီးသွားတော့
မဆုံးသံသရာl သံသရာပဲ။
လေယဉ်စီးရတာ
ကံ + ကြမ္မာI ကံကြမ္မာပဲ။
ဘဝ l ဘဝဆိုတာ
အင်း l ယုတ္တိပဲ။ ။
အောင်ချိမ့်
****************************************************
နာရီသံ
______________
အောင်ချိမ့်
အချိန်နာရီ စည်းချက်များ
တရားပြည့်လေစွ
တရားကြီးလေစွ
မပြတ်မြည်နိုင်စ
ဘာကြောင့်ရယ် မသိတတ်ပါ။
ပိုရ်ျ အသံကျယ်လောင်လာပါသည်။
အောင်ချိမ့်
****************************************************
သီချင်းချစ်သူ
_________________
သူ့အကြိုက် I သူ့ရွေးချယ်စုစည်းမှု
``ပာိုသီချင်း ဆိုပါ
ဒီသီချင်း ဆိုပါ...´´
သီချင်း ချစ်ပေမယ့်
အာဏာသံနဲ့မို့
မဆိုတော့ပါဘူး
ဆိုမနေတော့ပါဘူး ။ ။
အောင်ချိမ့်
****************************************************
စာရင်းဇယား
___________________
အောင်ချိမ့်
ပြောမယ့်သာပြောရတယ်
ငါသေခဲ့တာ
ငါတစ်ယောက်တည်း သေခဲ့တာ
မနည်းဘူးပဲ။
တကယ် ခက်ခဲခဲ့ပါတယ်
အဲ့ဒီဝါကျတစ်ကြောင်းဟာ ။ ။
အောင်ချိမ့်
****************************************************
ပျင်းသူ
_____________
အောင်ချိမ့်
ပျင်းလို့
စာအုပ်ကောက်ဖက်မိတယ် ၂အုပ်။
တစ်အုပ်ကတစ်မျိုးလေးပဲ။
တစ်အုပ်က ငိုရအခက်
ရယ်ရအခက်။
တော်သေးတာပေါ့
၂ အုပ်မို့လို့။ ။
အောင်ချိမ့်
****************************************************
စစ်ပွဲများ
______________
အောင်ချိမ့်
ရော့ခ်ဂီတနဲ့
တယောနဲ့
ပေါင်းစပ်ခဲ့တယ်
အဆင်ပြေတယ်ပေါ့လေ။
ကမ္ဘာကြီးနဲ့ ပျော်ဝင်ကာ
အဆင်ပြေတယ်ပေါ့လေ။
နို့ l ဘာကြောင့်
ဖြစ်နေတဲ့ စစ်ပွဲများ
စစ်ပွဲများ။ ။
အောင်ချိမ့်
****************************************************
ဒီသီတင်းပတ်အတွက် ကဗျာ
______________________________
အောင်ချိမ့်
ဘဏ်ဖောက်တဲ့
သူခိုးညီအစ်ကိုနှစ်ယောက်ကို
လိုက်ဖမ်းတဲ့
ဆိပ်ခံဘောတံတားပေါ်မှာ
လဟာ သာလို့
ရဲကပြောတယ်
``သူခိုးဖမ်းဖို့မို့ပဲ နို့မို့ဆို
ကဗျာစပ်မိမလားပဲ´´တဲ့
လက လင်းလင်းချင်းချင်းကြီး
သာနေတာကိုး
အပျင်းပြေ ရုပ်ရှင်ကြည့်လိုက်မိတာပေါ့လေ
တစ်ကွက်စlနှစ်ကွက်စပေါ့လေ
အင်း...l အဲဒါ...
ဒီသတင်းပတ်အတွက် ကဗျာပါပဲ ။ ။
အောင်ချိမ့်
****************************************************
ကပ်ဖ်ကာသို့
____________________
အောင်ချိမ့်
ရက်ပ်ပါတွေ နဘေနှက်သလို
ငါလည်း နဘေနှက်ခဲ့တယ်
မမိုက်ဘူး
မခိုက်ဘူး
မဟန်ဘူး
မလန်ဘူး
အဲ့ဒီ ငါ့နဘေက ဥပမာ
အဲ့ဒီကောင် ငါကြည့်မရပါဘူးဆိုကာမှ
အဲ့ဒီကောင်မှာအမွှာညီအစ်ကိုရှိနေပြီး
အဲ့ဒီအမွှာညီအစ်ကိုနှစ်ယောက်
လမ်းတွဲလျှောက်လာတာကို
အဲ့ဒီမှာ ငါပက်ပင်းတိုးရသလိုမျိုး...။ ။
အောင်ချိမ့်
****************************************************
ပုံပြောသူ
…………………………. (အောင်ချိမ့်)
ပြောပြီးမှ ပြောတဲ့စကား
၂၀ဝ၀ ခုနှစ် ပြည့်ပြီးတဲ့နောက် ရာစုအသစ်စက်စက်
ထောင်စုအသစ်စက်စက်ကို တွေ့ မြင်ရတော့မယ်။
အဲဒါကို အထိမ်းအမှတ်ပြုပြီး "ပုံပြောသူ" ကိုရေးပါတယ်။
ရာစုသစ် ထောင်စုသစ်အတွက် ၂၀ဝ၀ ထဲကနေ ကျွန်တော့် အနုပညာနဲ့ 
ပုံပြောတဲ့သဘော ကျွန်တော်က ရာစုသစ် ထောင်စုသစ်ကို
ပုံပြောပြီး ကြိုဆိုတဲ့သဘောပေါ့လေ။
ပုံပြောတယ်ဆိုတဲ့အဓိပ္ပာယ်က
မယုံနိုင်စရာ စွဲလမ်းစရာ လွယ်ကူသောဇာတ်လမ်းများကို ပြောပြခြင်းလို့ ဆိုလိုပြီး
ရွေ့လျားအဓိပ္ပာယ်ကတော့
လိမ်ပြောသွားတယ် လှည့်စားသွားတယ်ဆိုတဲ့ အဓိပ္ပာယ် ဖြစ်ပါတယ်။
ဘာပဲဖြစ်ဖြစ်ပေါ့လေ။ ကျွန်တော် ပုံပြောလိုက်ပါတယ်။
ဟဒယမှာ ရိုက်ခတ်လာတိုင်း လင်းခနဲအလှကိ
အကြိမ်တိုင်းပေးတဲ့ ပုံပြင်ဆရာကြီး ဟန်းအန်ဒါဆင်လိုပဲ
ကျွန်တော့်ပုံပြင်များက ရည်ရွယ်ပါတယ်။
ကျွန်တော့်ပုံပြင်လေးတွေက သေးတဲ့အတွက်
ဖတ်သူများကျေနပ်မှုလျော့လိမ့်မယ်လို့ ကျွန်တော်မထင်ပါဘူး။
လေးစားစွာဖြင့်
အောင်ချိမ့်
ပုံပြောသူ
.
(အောင်ချိမ့်)
============
ပုံပြောသူ ၁
……………………
"ကမ္ဘာကြီးက ဘယ်မှာလဲ"
"ကမ္ဘာသစ်က ဘယ်မှာလဲ"။
တတိယ နှစ် ၁၀ဝ၀ ထံ
ငါအသံလွှင့်တယ်။
မရယ်ကြပါနဲ့ 
ငါ ငှက်လို တေးသီမလို့ ကွဲ့ ။
အောင်ချိမ့်
………………………..
ပုံပြောသူ ၂
.
ဗျိုး၊ ငါတည်ရှိနေတာ
ဘယ်သူသိပါစ။
အိမ်ထောင်ရေး မအောင်မြင်ဘူး။
ဂုဏ်သိက္ခာ မအောင်မြင်ဘူး။
အနုပညာ မအောင်မြင်ဘူး။
အလို၊ ငါ့နံမည်
ဘယ်သူပါလိမ့်။
အောင်ချိမ့်
……………………………
ပုံပြောသူ ၃
.
ငါပြန်မတက်နိုင်တဲ့ တွင်းဆုံးထဲ ကျရောက်ခဲ့
ငါဘာသွားကောက်တာပါလိမ့်။
အောင်ချိမ့်
……………………………….
ပုံပြောသူ ၎
.
ငါတို့ ဘဝကြီးဟာ ပို၍သာ
ကုန်ခန်းလာတယ်။
အဲဒါကို နည်းနည်းပါးပါး ထစ်ငေါ့အောင်
ငါတို့ မရပ်မနားဆော့ကြတယ်။
တရားတွေ့ သယောင် တကယ်မတွေ့ သရွေ့ 
မျောက်ဘဝမှ လုံးဝမရွေ့ ။
အောင်ချိမ့်
………………………..
ပုံပြောသူ ၅
.
ငါ့ဘဝကို ငါပြန်ရောက်ပြီ
အရက်သောက်လည်း မမူးတော့ဘူး။
မူးချင်လျှင်
မသောက်ဘဲနဲ့  မူးပေတော့။
အောင်ချိမ့်
…………………………….
ပုံပြောသူ ၆
.
ကျွန်တော့်သီချင်း နားထောင်ပြီး
လိုနေပါလိမ့်မယ်
ကျွန်တော့်ပန်းချီ ကြည့်ပြီး
လိုနေပါလိမ့်မယ်
ကျွန်တော့်ကဗျာ ဖတ်ပြီး
လိုနေပါလိမ့်မယ်
အနုပညာဟာ ဘဝ
ဘဝဟာ အနုပညာ
လိုတာကို
လိုသလို
ပရိသတ်က ဖြည့်သွားရုံသာ။
ပျော်ဖို့ မကောင်းဘူးလား။
အောင်ချိမ့်
……………………………….
ပုံပြောသူ ၇
.
ကျီးဖိုနဲ့  ကျီးမ, လို
နာရီ ၂ လုံးဟာ။
နာရီတစ်လုံးရဲ့ မေးသံ။
"ခုတောင် ၁ နာရီထိုးပြီ
ဘယ်အချိန် ၂ နာရီထိုးမလဲ"။
နာရီတစ်လုံးရဲ့ ဖြေသံ။
"၁၂နာရီ၊ ပြီး ၁ နာရီ။
၁ နာရီထိုးပြီးလျှင်
ကျန်သောနာရီများဟာ တောက်လျှောက်
အလိုလိုရောက်လာတော့သည်ပင်"။
နာရီ ၂လုံးဟာ
ကျီးဖိုနဲ့ ကျီးမ, လို။
အောင်ချိမ့်
……………………..
ပုံပြောသူ ၈
.
နေပူပူ မိုးရွာရွာ
ထီးပါတော့မှ ဖွင့်ဆောင်းပေါ့
မစဉ်းစားတတ်ဘူး
ထီးကို တုတ်ကောက်လိုကိုင်လျက်
နေပူ
မိုးဖွဲဖွဲထဲ
ခပ်တည်တည်ပဲ အဲဒီလူ
လမ်းလျှောက်လျက်
အဲဒါ
သူ "ရှက်တတ်မှု" တဲ့။
အတော်တော့
ခွကျတာပဲ။
အောင်ချိမ့်
…………………………
ပုံပြောသူ ၉
.
ကျောက်ခေတ်က ကျောက်ခေတ်လူသား မီးခတ်သလို
ငါကဗျာစပ်ဖို့ 
ကဗျာရဲ့ အစကို
ငါ မီးခတ်နေတယ်။
တစ်ချက် မီးကောင်းကောင်းပွင့်ရင်
ကဗျာကောင်းကောင်းတစ်ပုဒ် ရမှာပဲ
အကောင်းဆုံးခေတ်ကြီးကိုရရှိတဲ့ ငါတို့ ဟာ။
အောင်ချိမ့်
……………………………….
ပုံပြောသူ ၁၀
.
ကျွန်တော်တို့  မမျှော်မှန်းနိုင်တဲ့ အဝေး
အဝေးကြီး
ကျွန်တော်လွင့်စဉ်သွားနိုင်ပါတယ်။
ကမ္ဘာ့ အပြင်
စကြဝဠာအပြင်အထိ
ကျွန်တော် လွင့်စဉ်သွားနိုင်ပါတယ်။
အရာရာ
မှောင်မှောင်မည်းမည်း။
အမေက
ကျွန်တော်တို့ ကို လူ့ ဘဝအလင်းဆီ
ဆွဲတင်ခဲ့ပါတယ်။
အောင်ချိမ့်
………………………..
ပုံပြောသူ ၁၁
.
ခုန်လိုက်မယ်၊ ခုန်လိုက်မယ်။
၂၀ဝ၀ ခုနှစ်
ရောက်ခဲ့ပေါ့
၂၀ဝ၀ ခုနှစ်မှ
ခုန်ပေတော့။
ထပ်၍တစ်ကြိမ်
ခုန်ပေဦးတော့။
ဘယ်လိုပြကွက် တစ်ကွက်ပြီးတစ်ကွက်
မပျက်မကွက် ငါပါခဲ့တယ်
ခုန်လိုက်မယ်
ငါ ခုန်လိုက်မယ်။
သွေးနဲ့ သားနဲ့ နတ်တမျှ
ငါ ခုန်လိုက်မယ်။
ခုန်လျှင် ရောက်အောင်ခုန်ရမယ်
ဒီ့ထက်တော်တဲ့ ကဗျာဆရာ ဖြစ်ချင်ပါတယ်။
အောင်ချိမ့်
………………………………………..
ပုံပြောသူ ၁၂
.
အသက်ရှင်ကျန်ခဲ့တာဟာ
ဝမ်းသာစရာပါ
အနည်းဆုံးဖြင့် ငါ့မှာ
မငြီးငွေ့ နိုင်ပါဘူး။
သွားလေသူ ချစ်မိတ်ဆွေများအား
လွမ်းလျက်
တ, လျက်
ဂုဏ်ယူလျက်။
လူ့ အလို နတ်မလိုက်နိုင်တာ အမှန်ပဲ
ငါ့အသက်ရှူမှုထဲမှာ ဆားမြက်နေပုံရှိရဲ့ ။
ငါနဲ့ တွဲလျက်သားခုံနံပါတ်က
သူစိမ်းတစ်ရံစာ...
အဲဒီလူရဲ့ 
ကိုယ်နံ့ ပဲ။
အောင်ချိမ့်
…………………………….
ပုံပြောသူ ၁၃
.
ပျဉ်းမပွင့်ပြီ သခွပ်ပွင့်ပြီ
ကသစ်ပွင့်ပြီ ပိတောက်ပွင့်ပြီ
သင်္ကြန်လာပြီ ဒိုးသံလာပြီ
မိုးရွာတော့မယ် သူငယ်ချင်းတို့ ။
အောင်ချိမ့်
……………………………………………………
မိတ်ဟောင်းဆွေဟောင်း
=============အောင်ချိမ့်
သူ့ နာမည်ကြားတော့
အံ့သြမိတယ်
ငါတို့ ပေါင်းသင်းခဲ့အမည်
အဲဒီအမည်မဟုတ်ပါလား...၊
ငါတို့ လှုပ်ရှားသိကျွမ်းခဲ့တာ
နှစ်အများကြီး..
မတွေ့ ခဲ့တာဟာလည်း
အကြာကြီးမကြာသေးပါဘူး..
တကယ်မပြောင်းဘဲ
ပြောင်းလို့ မရပါဘူး.....။...။
အောင်ချိမ့်
သရဖူ..Nov.2012
****************************************************
ငါ့စုဗူး – ၃၉
==========(အောင်ချိမ့်)
အရာရာတိုင်းဟာ မျှော်လင့်တိုင်း ဖြစ်လာရင်
သင်ဟာ နောက်တစ်ခါ
မျှော်လင့်ချင်ဦးမှာလား
မမျှော်လင့်ချင်တော့ဘူးလား
ပျင်းလာ ငြီးငွေ့လာမှာလာ
ပျော်ရွှင်
နောက်ထပ် ပျော်ရွှင်လာမှာလား
ကျွန်တော့်ကို ပြောပြနိုင်ပါသလား။
ဥာဏ်နည်းသူမို့
ကျွန်တော့်ကို ပြောပြနိုင်ပါသလား။
ကံနည်းသူမို့
ကျွန်တော် သိချင်လှပါတယ်။ ။
****************************************************
ငါ့စုဗူး – ၃၈
========= (အောင်ချိမ့်)
စာရွက်တွေ
မြေပုံတွေ
သက်သေပြချက်တွေ
ဖြစ်ပုံ ပျက်ပုံတွေ
ဒါ များလွန်းတယ်။
ကိုယ့်အမှန်ကို
ဒီလိုပြလို့ လိုအပ်သလား။
ဒီလိုဆို
မှားနေပြီ။ ။
****************************************************
ငါ့စုဗူး – ၃၄
=========(အောင်ချိမ့်)
မတွေ့တာ ကြာခဲ့
ခုတော့ တွေ့ကြ။
ငါတို့ကြားမှ သစ်ရွက်လှုပ်သံများ
ဖြတ်ပြီး …
မင်းအော်သံဟာ
ငါ့ဆီ လာတော့မယ်။
စိတ်မကောင်းစရာကဗျာ
ငါ မစပ်တော့ပါဘူးကွာ။ ။
****************************************************
ငါ့စုဗူး – ၄၈
===========(အောင်ချိမ့်)
နံနက် ၁ နာရီမှာ အရက်စသောက်တယ်
အဖော်မရှိ
အခြားမရှိ
သေရသလိုပဲ။ ။
****************************************************
ငါ့စုဗူး – ၃၁
=========== (အောင်ချိမ့်)
တစ်ယောက်ယောက် လာမှ
လက်ဖက်ရည်သောက်မလို့
တစ်ယောက် တစ်ဝက်
နှစ်ယောက် တစ်ခွက်ပေါ့။
ချစ်ခင်မှုနဲ့ စိတ်ရွှင်လန်း
လူရွှင်လန်းစေဖို့။
လာစေချင်သူ လာခဲ့ရင်
ကောင်းတာပေါ့။ ။
****************************************************
ငါ့စုဗူး – ၂၅
======= (အောင်ချိမ့်)
ငါဟာ ရောက်ပြီးသားတွေ ပြန်ပြန်ရောက်နေတယ်
ငါဟာ ဖြစ်ပြီးသားတွေ ပြန်ပြန်ဖြစ်နေတယ်
ငါဟာ တိုင်ပတ်နေတယ်
ငါဟာ ရွာလည်နေတယ်။
ဒါဟာ ကမ္ဘာကြီး လိမ္မော်သီးကဲ့သို့
လုံးဝန်းနေကြောင်း၊ လုံးကြောင်း
သေချာရေရာအောင်
ငါပြောနိုင်ခဲ့တာပဲ။ ။
****************************************************
ငါ့စုဗူး – ၂၀
=========== (အောင်ချိမ့်)
အခု ငါတို့ရောက်နေတာ
အရင်တုန်းက အဝေးကြီးမှာ
အဝေးကြီးတွေ နီးလာပေါ့။
အခု၊ ငါ့အသက်
အသက် ဘယ်လောက်ရှိပြီလဲ။
အဝေးကြီးတွေ
အနီးလေး ရောက်လာတာပေါ့လေ
****************************************************
ဘတ်စ်ကားစီးသူ
==========(အောင်ချိမ့်)
ကလေးငယ်ဟာ ဖုန်တွေနဲ့ဆော့နေတယ်
ကလေးဟာ ပျော်နေတယ်
ဖုန်တွေကြားမှာ
ကလေးဟာ ကြည်လင်နေတယ်။
တစ်ပင်လုံးကြွေတော့မယ့် ဗန်ဒါရွက်တွေ
ကြောက်စရာကောင်းလောက်အောင် လှလို့
(အဲဒီကြွေသွားတဲ့အထဲ
ဗန်ဒါရွက်အပြင် ဘာတွေပါသေးလဲ)
ငါအံ့အားသင့်ရ။
ဖြစ်စဉ်တရား
အလှတရား
ပြိုင်တူဖူးပွင်
ပြိုင်တူဖွင့်ဆိုနေသည့်နှယ်။
အဘိုးအိုတစ်ယောက်ဟာ စိတ်လေ
ဘတ်စ်ကားပြတင်းပေါက်ဘေး၊ ငိုင်လျက်
ငေးလျက်
သူ့သမိုင်း လူ့သမိုင်းကို ရီဝေလျက်။
ကားစောင့်၍ ငိုက်မျဉ်းအပြေ
အိမ်း၊ မှတ်တိုင်နီးပြီ
ထမှပဲ။ ။
*******************************************************
မုန်းတော်မူ
============(အောင်ချိမ့်)
ငါတို့ကြိုက်ခဲ့တာတွေ
မကြိုက်ကြတော့ဘူ
မကြိုက်တော့ဘူး
မကြိုက်တော့၍ ကြိုက်ပါလို့ ပြောလို့မရ
ပြောလို့မရတော့တဲ့ အခြေ။
ငါ့ကြက်ဟင်းခါးတွေ
ငါ့ပေါင်မုန့်မီးကင်တွေ
ငါ့ဤလူ့ဘောင်တွင်တွေ
ငါ့ Bjork တွေ
ငါ့မေရှင်တွေ
ကုန်ပြီ။
အထက်ပါအရာတွေ အထက်ပါပုဂ္ဂိုလ်တွေ
ငါအားနာမိပါတယ်။
ငါ့ကို မကြိုက်တော့
ငါ၌ပင်မဆုံး၊ ငါ့ကဗျာကိုမုန်းသတဲ့။
မုန်းတော်မူ
မုန်းတော်မူပါတော့ …
အမုန်းစုံလင်လှပါသဖြင့် မရုန်းတော့ပြီ
မုန်းတော်မူ။ ။
**********************************************
ချစ်စကား
==============(အောင်ချိမ့်)
ငယ်ဘဝနှင်းများ
သီချင်းများ
ဒီကနေ ငါ တစ်ခါမှ
ငါ တစ်ခါမှမရ။
ပြည်တွင်းစစ်အတွင်း ရထားစီးရသလို
ရထားစီးရသလို
ဇာတ်လမ်းမှာ ဖတ်မဝအောင်ရှိ၍
ငါတို့မှာ ထောင့်တောင့်တောင့်ဖက်နမ်း၏။
ဘာကိုကြားရပါသလဲ
မြစ်ရေစီးများ၊ ရေစီးများ။
ဒီလိုကြားခဲ့ပါတယ်
ဒီလိုနားကြားလွဲမှုများ။
လွန်ခဲ့တဲ့တစ်လလောက်ကမှ
ငါအသက်ကြီးတာ ငါ သိခဲ့တယ်။
သတင်းစကားကား
ဤမျှ။
အဘိုးစားနားကား
ဤမျှ။ ။
****************************************************
ဆေးရှူတဲ့မောင်
====================(အောင်ချိမ့်)
လမ်းပေါ်မှာ ငါတို့ တုန်တုန် တုန်တုန်
မြေပြိုမှာကြောက်သလိုမျိုး တုန်တုန်
ရာသီဥတုက
“နွေကြီးတော့ နွေနိုင်
မိုးကြီးတော့ မိုးနိုင်” စကားပုံထပ်တိုးရမလို
မိုးကြီးခဲ့တယ်။
မိုးကြီးတော့ ရန်ကုန်မြို့တော်မှာ
ငါတို့တွေ ခြေအေး
ငါတို့တွေ ဝမ်းယောင်
ငါတို့တွေ ချောင်းဆိုး
ငါတို့တွေ ရင်ကြပ်
ဒါကြောင့်
ငါတို့ဆေးရှူ VINTOLIN ရှူရတယ်။
ဒါကြောင့်
ဆေးရှူတဲ့မောင်။
ဘယ့်နှယ့် မကြီးမငယ်
ဆေးရှူတဲ့မောင်။
ဒီမလေ
ဆေးရှူတဲ့မောင်
လာပြီမောင်။ ။
****************************************************
ရေချိုးပြီးစ
--------------
ပြီးရင်
ခန်းစီးနားကွယ်လို့
ငယ်ရွယ်သူတို့ဘဝ
ရင်ခုန်သံလွလွလေးကို မျှော်မယ်။
"ကြည့်စမ်းကွယ်
သူ ဒီနေ့
မနေ့ကထက် လှနေတယ်"
ဖြတ်သွားသူတွေ ပြောလိမ့်မယ်။
အေ၇ာင်အသွေး
အမွှေးအထုံ
အလှဗေဒနဲ့ မှုံသ
မှန်ခုံက သူထလိုက်ပါပြီ ။
ဟုတ်တယ်
ရေချိုးပြီးတယ်ဆိုရင်
ဘယ်လိုပဲဖြစ်ဖြစ
ဒါ....ဖြစ်သင့်တယ်။
နုပျိုဆဲမှာ
အသက်အသွေး ပူနွေးဆဲမှာ
ရင်ခုန်သံ သန်မာဆဲမှာ
ဒါ....ဖြစ်သင့်တယ် ။
ကျန်းမာရေးကောင်းသူတွေ
ရေချိုးကြပါတယ်။
တစ်ခါရေချိုးပြီးစ
တစ်ခါလှပါတယ်
ဘယ်နှစ်ခါ ချိုးချိုး
ရိုးသွားမယ့် အလုပ်
ဘယ်ဟုတ်လိမ့်မလဲ
သူတော်စင်တို့ စကားတော့
နားမယောင်ကြလေနဲ
နွေမှာ ၊ မိုးမှာ
ဆောင်းမှာ
ရေချိုးကြပါလေ ။
တကယ်တော့ သိလား
အမာရွတ်မျက်နာ သနပ်ခါးလိမ်းလို့ကော
နာတာရှည် ရောဂါသည် ရေမွှေးဆွတ်
မုဆိုးမက မူပြပစေ
အသေကောင် ရေချိုးရင်လည်း
အပိုပါပဲ ။
ရိုးသားမှုနဲ့
တတ်စွမ်းနိုင်တာပြုလုပ်
ကျွန်နုပ်တို့ ရေချိုးကြရအောင် ။ ။
အောင်ချိမ့်
(သစ်ရွက်အသေများပေါ်က ရက်စက်သောဂီတမှ)
****************************************************
ကပ်ဖ်ကာသို့ ( ၉ )
------------------
"နင့်ကောင် ငါ့လို ကဗျာရေးတတ်ရင် ခက်မယ်"
ငါ့ထက်အပုံကြီးသာတဲ့ ရည်းစားရလို့တဲ့
ငါ့ကိုလာမော်ကြွားတယ်
မယ်မင်းကြီးမ က…
အေးလေ ဝမ်းသာပါတယ် ။
"မိဘအသိုင်းအဝိုင်းတောင့်တယ်
ချမ်းသာတယ်
ရုပ်ချောတယ်
ယောက်ျားပီသတယ်"တဲ့
ငါက အေးအေးဆေးဆေးပဲ
လူသေကောင်လို
ငါက လူသေကောင်လို အေးအေးဆေးဆေးပဲ။
"နင့်ကောင် ငါ့လို ကဗျာရေးတတ်ရင် ခက်မယ် "
" အေး…ခက်မယ် "
.
အောင်ချိမ့်
****************************************************
အသည်းစွဲကဗျာဆရာ
===================
သူတို့အနုပညာက
ငွေတွေရပြီး
ငါတို့အနုပညာက
ငွေတွေ မရဘူး။
ဒါကြောင့်မို့ ငါဟာ ဒေဝဒတ်ဖြစ်ခဲ့ရ
ဒါကြောင့်မို့ ငါဟာ မာရ်နတ်ဖြစ်ခဲ့ရ
ဒါကြောင့်မို့ ငါဟာ ဦးကျောက်လုံးဖြစ်ခဲ့ရ
ဒါကြောင့်မို့ ငါဟာ အမေ့ အထင်လွဲ ခံခဲ့ရ။
ဆိုင်းဘုတ်တိုင်းက
အငြင်းပယ်ခံခဲ့ရ
ဘုရားက အနုပညာကို
တားမြစ်တော်မူပါတယ်။
ငါ့မှာ
ဘုရား တားမြစ်တဲ့အရာကိ
ငွေမရ ရွှေမရ
ချစ်ခဲ့ရ။
အောင်ချိမ့်
****************************************************
အသည်းစွဲကဗျာဆရာ ၁၄
====================
(အောင်ချိမ့်)
ရှေ့ကဆရာများ
အလင်္ကာများ၊ ကဗျာပုလဲကုံးများ၊ ဖန်မီးအိမ်များ
လကွယ်ညများ၊ ဧရာဝတီမှ ဒုဋ္ဌဝတီများ
မန္တလေးမြို့၏မနက်ခင်းများ
ဘတ်သီးများလို လင်းခဲ့ဘိ။
သို့မဟုတ် မီးချောင်းလို လင်းခဲ့၏။
[ မီးချောင်းဆိုလို့ အဲဒီခေတ်တုန်းက
မီးချောင်းဖွင့်လိုက်ရင် တန်းမလင်းဘူး။
ဖျပ်ဖျပ်၊ ဖျပ်ဖျပ်၊ ဖျပ်ဖျပ်
မျက်တောင်ခတ်ပြီးမှ လင်းတာ
သတိရခြင်း မှတ်ဥာဏ်တွေလိုပါ။ ]
ငါတို့ခေတ်၏ ဂျွန်မိုးရေများ၊ သစ်ရွက်အသေများ
ဂန္တဝင်မမများ၊ မောင်ချောနွယ်အတုများ
ဒီပရက်ရှင်းမီးခိုးများ၊ အမှုန်အမွှားကင်းစက်တဲ့လက်ဆောင်များ
အခုန်များ
ဖော်ဝေးငှက်များ
အခြား ကဗျာလုံးချင်းများ
ခပ်တည်တည်ပဲ ရှိခဲ့တယ်။
ခပ်တည်တည်ပဲ နေခဲ့တယ်။
ဒီဘက်နှစ်များမှာ ကျွန်တော့်ကဗျာများ
ကျွန်တော့်ကဗျာလုံးချင်းများ
ကျွန်တော့် အသက်အရွယ်လို
ပိုတိုး ပိုများလာပါတယ်။
ကျွန်တော့ ကဗျာတစ်ပုဒ်ဟာ
တစ်ကြောင်းမျှ၊ နှစ်ကြောင်းမျှ၊ ၁၄, ၅ ကြောင်းမျှ။
ကျွန်တော့်ကဗျာလုံးချင်းတစ်အုပ်ဟာ
၁၀ ပုဒ်မျှ။ ၁၂ ပုဒ်မျှ။ ၂၀ ပုဒ်မျှ။
အဲသလို။ အဲသလောက်မျှ
ကျွန်တော် နှစ် ၄၀ ကျော် ရေးခဲ့ရတာပဲ။
ခပ်သလောက် မပါရင်
ပါသလောက် ခပ်ပါတော့။
ကဗျာတစ်ပုဒ်ဟာ ကျွန်တော်တို့ရေးတဲ့အခါ
ခန္ဓာရုပ်နာမ် နှစ်ပါး အားသွန်
လေးနက် အရေးကြီးပစေ
ဖတ်သူ၏ သဘောသကာယ မျှသာ ။ ။
အောင်ချိမ့်
****************************************************
ခင်ခင်ပျိုရေ စောင့်ခဲ့တယ်
____________________
တစ်ရက်ကို ငါ ဘာလို့ မစောင့်နိုင်ရမှာလဲ
ငါ စောင့်ခဲ့တယ်။
မီးလျှံလို
ကြိုးတန်းမှာ လိမ်ညှစ်ထားတဲ့အဝတ်လို
ပျောက်ဆုံးသောအရာလို
ငါ စောင့်ခဲ့တယ်။
ခင်ခင်ပျိုရေ
ငါ စောင့်ခဲ့တယ်။
ကိုယ်ကသာ ပြောစရာရှိပြီး
သူက ပြောစရာမရှိတော့သော ယတိပြတ်မှုကို
ငါ ချိန်းခဲ့ပါတယ်။
ငါ စောင့်ခဲ့တယ်။
အောင်ချိမ့်
****************************************************
နှင်းတွေ
=============
ကျွန်တော်တို့မြို့ရဲ့အပေါ်မှာ
နှင်းတွေ ပိန်းပိတ်အောင်ပြာလို့
မွှေးရနဲ့တစ်ခုသင်းပျံ့ကာ
အိမ်ပြတင်းဘောင်မှာ မိုးတိမ်နဲ့
မြင်နေကျသစ်ကိုင်းနဲ့
တိတ်ဆိတ်ခဲ့တယ်။
သြော် . . . နှင်းတွေ . .
အဲဒီနှင်းတွေရဲ့ ဟိုဘက်မှာ
အရာရာဟာ ကျကျန်ခဲ့ပြီ။
လမ်းဓာတ်မီးတွေ ပိတ်ချိန်အထိ
ရပ်ပြီး နားထောင်နေမိတယ်
ပြီးမှ
ခါတိုင်းနေ့လိုပ
နေ့ထဲကို ၀င်ရောက်ပျောက်ကွယ်သွားပေါ့။ ။
အောင်ချိမ့်
****************************************************
ချစ်ခြင်း
=========
အောင်ချိမ့်
သူကငါ့အရိပ်တဲ့
ထိတ်လန့်ပြီးငါလိုက်နေတာ
ငါ့နောက်ပါ ။
ငုံ့ကိုင်းကိုင်
မိနစ်တိုင်းအနမ်းစုစည်း
ကြက်သည်းထကာညိုမည်းလို့
ညီညွတ်သောရှုံချသံများအချင်းချင်
မနက်ခင်းပါးပါးမှာ
သူဟာလာပြန်ပကော
ရှိပြီးသားစကားလုံးအတိုင်းလာပြန်ပကော ။
သြော်...ညီမလေး
မင်းရင်ခွင်သွေးရဲရဲခုန်ချ
ငါတို့ထွက်ပြေးခဲ့တဲ့ညဟာ
လူ့သမိုင်းမှာမီးလျှံတစ်ခုမျသာ ။
အတူတူပူးချည်ထားတဲ့ဆံပင်တွေ
သားရဲကောင်တွေ စာရွက်တွေ
ခွင့်လွတ်ဖို့ ရက်စက်ဖို့ တုန်လှုပ်လျှက်
ငါအကြင်နာစကားပြောထွက်ခဲ့တယ်
ဒါကြောင့်
ရေးလက်စကဗျာတစ်ပုဒ်ရှေ့တိုးလို့မရတော့တဲ့အခါ
ဘ၀ကြီးတစ်ခုလုံးပါရပ်တန့်
ရင်မဆန့်အောင်မှင်သက်
လွက်ထွက်မသွားအောင်ဖက်ထားကြ
ကြံရာမရအသက်ရှင်ခဲ့သည်မှစ၍
အခုတော့
ထောက်ထားညှာတာမှုသက်သက်နဲ့ကြွေခဲ့ပြီ
ဒီတစ်ကြိမ်ထဲပဲလား
ဒါဖြင့်သွားကြစို့ ။ ။
အောင်ချိမ့်
(မထုတ်ဖြစ်သောကမ်းလွန်လေမှ...)
**************************************
ရပ်ကွက်
--------------
အပြင်မှာ
ပျော်စရာ နည်းနည်း
လွင်ပြင် ဖုန်မှုန့် နဲ့ မြက်ခြောက်
ပိုးလောက်လန်း ထူပြစ်
စိတ်ညစ်ဖို့ ကောင်းတယ်။
ခိုအိမ်လို
ပရိဘောဂများအနှံ
ဖရိုမရဲအရာများ ပွတွန့်သော
အခန်းရှည်မျောမျော လေးထဲမှာ
သူတို့တစ်နေ့တာလုံး နေထိုင်ကြတယ်။
သူရယ်
သူ့ ညိမသုံးယောက်ရယ်
ချာတိတိနှစ်ကောင်ရယ်
မွန်းလှောင်နေကြမှာပဲ။
ပွဲလမ်းရာသီရှိတဲ့ ရက်များဆို
တစ်အိမ်သားလုံး အလည်ထွက်ကြပေါ့။
အထီးတည်း တိတ်ဆိတ်နေတဲ့ အခန်းမှာ
ကျန်ရစ်ခဲ့တာ
သူနဲ့
လမ်းမကို ကြောက်မက်ဖွယ် ငေးမျှော်နေတဲ့
သူ့ရဲ့ မျက်လုံး လှလှတစ်စုံ။
အောင်ချိမ့်
ဇန်န၀ါရီ၊ ၁၉၈၇
**************************************************
လမ်း
-------------
မိသားစုများ အခန်းကဏ္ဍ
ကမ္ဘာဦး ပုံသဏန်
တစ်ဦးပြန်အလာ တစ်ဦးမျှော်ကြ
မီးဖိုကြ
ငါတို့ခေတ်မှာ ငါတို့ဟာ
ချစ်မေတ္တာကို ယူလာနိုင်ခဲ့လို့လား
အိမ်ပြန်လာကြတယ်
ကားတစ်စင်း သေနေပေါ့
ညောင်ပင်ကြီးရဲ့ အောက်မှာ
မိုးက မတိတ်တော့ဘူး
ဟောဒီလောကမှာ
အောင်ချိမ့်
၁၉၉၆၊ ဒီဇင်ဘာ၊ ရနံ့သစ်
*******************************************
အချစ်သီချင်း
-------------------
မျှော်လင့်တောင့်တချက်ထက်ပိုတဲ့
ပီသဖို့ ကြိုးစားတဲ့ ကြံ့ကြံ့ခိုင် ယောက်ျားများ
အထားအသိုအရ သူဟာ အရေးပါ
ဒါပေမဲ့ ပျာယာခတ်စေဖို့မျှ
လိုအပ်တာပဲ။
တနုံနုံ နိမ့်ကျမှုမှာ
လက်ကိုင်ပ၀ါနဲ့ ချွေးသုတ်ကြ။
အိမ်ကမိန်းမကိုလည်း
အမှန်အတိုင်း ပြောပြရုံသာ။
ငါတို့ပေါင်းသင်း နေထိုင်ရတဲ့ ကြမ်းပြင်များဟာ
သူရသတ္တိကြီးမားပေစွ။
ငါတို့၏ သူငယ်ချင်းများ
ငါတို့၏ ခေါင်းတွဲများ
ငါတို့၏ အိမ်ထောင်ရေးမျာ
ငါတို့၏ မှားလျှင်ပြင်လို့ရသော စကားများ။
နေ့တစ်နေ့ဟာ အသေအချာ အဓိပ္ပာယ်ရှိခဲ့ပါတယ်
လေတညင်းညင်းတိုးဖြတ်
သြော်၊ အိုက်စပ်စပ် တနင်္လာနေ့ပေါ့။
လင်းနို့ရဲ့ ပျံသန်းမှုလို
ဟောဒီနေရာမှာ
ငါ့နမူနာယူကြဘိ။
အောင်ချိမ့်
(ရနံ့သစ်၊ ဇန်န၀ါရီလ၊ ၉၀)
************************************************
သံဝေဂတေး
------------------------
ကျွန်တော်တို့ တိုင်းပြည်ကို
နေရောင်အလင်းပါးပါး ရောက်ရှိလာကာစ
မနက်စောစော မွေ့ရာမှ ထ
လောကကြီးကို တစ်ခါမှ မမြင်ဖူးသလို
နှစ်လိုအားရစွာ
ကြည့်ပါ။
ဘယ်သူအော်တာလဲ
သြော် ငါလား
မဟုတ်ဖူး ငါ့ဒွိဟလား
သုညကို အညှိများ တဖြည်းဖြည်းကပ်တွယ်
ဘယ်သူဘယ်ဝါ ၀ါဒ
ငါမှန်နေပြီ ၀ါဒ
အိပ်ရေးပျက်စရာ ၀န်ချီစက်များပ
ဟေ့ကောင် ထတော့လေကွာ။
၃၂ရှိပြီ
ငါအသက်ရှူပြီး ထမင်းစားခဲ့တာ
ပြီးတော့ မုသာဝါဒနဲ့ သား ငါး ကြိုက်ခဲ့တာ
ဆံပင်မညှပ်တာ တစ်ခုနဲ့
တစ်ခုခု အဆင်ပြေအောင် မလုပ်တတ်တာနဲ့ဘဲ
ငါလည်း မာနမကြီးသင့်ဘူးလား။
ခုလိုပဲ အသံများငြိမ်သက်
ပန်းပွင့်ပြီး လူမခူးခင်
လေထုမှာ တယ်လီပရင့် မတင်ခင်
ဒါဟာ ပညာရှိ
ဒါဟာ ပလတ်စတစ်အိတ်ကောက်သူ
အပေါစားဝတ္ထုရေးသ
လိုရာပုံ ကားဘော်ဒီထုသမား
မြူထဲမှာ ဘွားခနဲမျက်နှာ
ကျောက်တုံးလည်း ကျောက်တုံးအလျောက်
ဆေးလိပ်မသောက်ခင
“ဒါဝင်” ပြောတာကို မငြင်းနိုင်ဘူး။
နောက်တစ်ခါ ဒီလိုအချိန်မျိုး ရောက်ရင်
ဆင်ခြင်တုံတရားနဲ့ ဇီဇ၀ါပင်ကိုမှုတ်
ဓာတ်ကြိုးခလုတ်ကို နှိပ်လိုက်ကာ
အသေလို ငြိမ်ငြိမ်ထိုင်နေချင်ပါတယ်။
ဟော. . .တဒေါက်ဒေါက်နဲ့
တုတ်ကောက်နဲ့ လမ်းလျှောက်လာပုံဟာ
သေချာတာနဲ့ မသေချာတာလိုပဲ
တစ်သံတည်းထွက်နေတယ်။
ပြောနိုင်တာက
မဟာပထ၀ီမြေကြီးပေါ်၌
အသက်တွေလည်းကြီးခဲ့ပေါ့။ ။
အောင်ချိမ့်
(မိုးဝေ၊ဇူလိုင်လ၊၈၀)
**********************************************
အောင်ချိမ့်ရုပ်ရှင်ကြည့်ခြင်း
----------------------------------------
ပန်းပွင့်မှ အချစ်သီချင်းတစ်ပုဒ်
ကြားရတယ်။
အလိုမပြည့်ခြင်းဖြင့်
ဘ၀ကို ဖက်တွယ်ထားရဲသူများအား
သူရဲကောင်းဟု ခေါ်ဆိုပါဘိ။
စာအုပ်တစ်အုပ်မှ ကစားစရာတစ်ခု
ကောက်ရတယ်။
“ကမ္ဘာရဲ့ မြေကြီအားလုံးမှ
စားသောက်ပင်ချည်းစိုက်မလို့”တဲ့
ဥယျာဉ်ထဲမှာ လူသေအလောင်းပေါ့
ပျော်ကျနေတယ်။
မြေပဲဆားလှော်တစ်ထုပ်ဝါးလို့။
ဒီဇိုင်းနဲ့ ရှပ်အင်္ကျီကို
ရှိုးတိုးရှန့်တန့်ဝတ်ကြနဲ့။
“အဓိပ္ပာယ်”တဲ့
သူကိုယ်တိုင်ကမှ အဓိပ္ပာယ်ရှိတာမဟုတ်တာ။
“လူ”. . .တဲ့
ဆိုက်ကားပေါ်မှာပေါ့။
“လ”သွား ဒုန်းပျံထဲမှာပေါ့။
ဗင်းဆင့်ဗန်ဂိုး၏ အလိုအရ
“ကျွဲနွားများရဲ့ ပုံတူရေးဆွဲရန်
တိရစ္ဆာန်ကဲ့သို့ နေထိုင်ရန်လိုအပ်ခဲ့၏”
သောက်ရေတစ်ခွက် သောက်ရခဲ့သည်။
ဘယ်လောက် ထိတ်လန့်ဖို့ကောင်းသလဲ
ဖြစ်ခဲ့ပြီ. . .တဲ့
ဖြစ်ခဲ့ပြီ. . .တဲ့
ဇန်န၀ါရီ၊ ၅ ရက်၊ တနင်္လာနေ့
[ညီမလေးရယ်]
အမှုတစ်ရာတွေ့ခဲ့ပြီ။
သင်္ခါရလောကထဲမှာ အဲသလို
လူအဖြစ်ရဲ့ မာန်နတ်များ
ဖြတ်သွားခဲ့၊ ရပ်နားခဲ့
ငါ့သမာဓိအားကို ဖွဲ့နွဲ့တယ်။
ခေါင်းမိုးက လရိပ်မှာ
ငါ့ဝိညာဉ်ဟာ မြင့်မြတ်နေရဲ့။
ခန္ဓာကိုယ်ဟာသာ
အလင်းမှုန်မှုန်. . .
ထောင့်ကွေးလေးတစ်ခုမှာ ထိုင်လို့ပေါ့။
အောင်ချိမ့်
မိုးဝေ၊ဇန်န၀ါရီလ၊၇၈
*************************************************
လေလွင့်ငှက်ခြေရ
---------------------------
ခေတ်နဲ့တူရဲ့
ဟိုး. . .လှိုင်းဖြူဖြူတို့အပေါ်မှာ
မကြာခင် ကျော်လာခဲ့မယ်. . .တဲ့
သွားနှင့်တဲ့။
မိစ္ဆာဒိဋ္ဌိ
အယူရှိသူဟု
ရာစုတစ်ခုလုံး
အနုမြူဗုံးဖောက်ခွဲခဲ့ရာ။
နောက်ဆုံးပတ်
“ကံဆိုးမ”ရထား
ထွက်ခွာသွားရာ နောက်အပြေး
ဗီဇကမ္မဇ တိုက်ဆိုင်တာလေးနဲ့
သူမွေးဖွားခဲ့ပြန်ပါရော။
“ရေတစ်ပေါက်လောက
သောက်ချင်လိုက်တာ”
မျက်နှာတိုင်း တပ်ဆင်ထားကြ
လက်နက်ချလိုက်
ဘ၀ကို မဖြုန်းတီးပစ်နိုင်ပါ။
အမေက စိုးရိမ်တတ်တယ်
ပိန်လိုက်တာနော်
ည ည အိပ်မပျော်ဘူး အမေ
တံခါးခေါက်သံ ကြားကြားနေတယ်
သေသူလား ရှင်သူတွေလား ဟင်။
သင်္ဂါရ ရသ
တောက်ပစမ်းပါဘိ
မသိနားမလည်မှုအပေါင်းအား
သမားကောင်းထံ အပ်နှံရဲ့။
ဤလောကမှ
ရှည်လျားသော “မနက်ဖြန်”၌
မွဲကြန်အောက်သိုးသော အနံအသက်များ
သူမထားရက်နိုင်ခဲ့ပါပြီ။ ။
သစ်ရွက်အသေများပေါ်မှ ရက်စက်သောဂီတ
စက်တင်ဘာ၊၇၄
*********************************************
သောကြာနေ့တိုင်း
-------------------------------
လေ၊ ကျင်ကြီး၊ ကျင်ငယ်၊ ချောင်းဆိုးလိုခြင်း
အန်လိုခြင်း၊ ကြို့ထိုးလိုခြင်း၊ အိပ်လိုခြင်း
အစရှိသည်တို့ကို တရံတဆစ်မျှမတား
မမြစ်ရာ၊ မအောင့်ရာ။ အောင့်လျင်
ရောဂါဥပဒ် ရောက်တတ်သည်။
( ဥတုဘောဇနကျမ်းမှ…)
ဒီအတိုင်းမနေပါနဲ့
မရယ်ပဲ မနေပါနဲ့
စကားတိုးတိုးမပြောပါနဲ့
အကာအစွပ်မပါပဲ မနမ်းပါနဲ့-စသဖြင့် စသဖြင့်တွေ
ငါတို့နားလည်ထားသင့်တယ်-စသဖြင့် စသဖြင့်တွေ။
တွေ့ဖူးတယ် တ၀က်ပြိုကျနေတဲ့ အခုလိုလူ
အဲဒါ ငါကိုယ်တိုင်တောင်ဖြစ်နိုင်သေးတယ်
လမ်းသွားရင်း ပိုက်ဆံအကြီးဆုံးအတန် ကောက်ရနိုင်သလိုပါပဲ
မထင်မှတ်ပဲ ဘာလုပ်ရမှန်းမသိအောင် ဖိနပ်သဲကြိုးပြတ်သွားနိုင်တယ် ဘယ့်နှယ်လဲ။
မြန်မာပြည်ဈေးကွက်ကို ဖြည့်တင်းရန်
နောက်ထပ် ငါ့ကဗျာအသစ်တပုဒ်ပေါ့
ကိတ်မုန့်လို၊ ၀ီစကီလို၊ အရည်းကြီးလို၊ ဇီးသီးလို
အလိုပြည့်စေမယ်ပေါ့ သောကြာနေ့တိုင်း။ ။
အောင်ချိမ့်
***************************************************************
“ ကျွန်ုပ်တို့၏ မညာသောနှလုံးသားဖြင့် တွေ့ရှိချက် ”2nd
===========================
အောင်ချိမ့်
(၁)
ခုလိုကာလ
ခဏတော့နေပါစေ
နေအလာအလင်းဖြန်းရင်
နန်းဇာတိရုပ်ပေါ်လိမ့်မယ်။
ကျင်လုံ လို
အလိုတော်ရိဇာတ်ကောင်ကမှ
ကြည့်ရကောင်းပါသေးတယ် ။
(၂)
အခုတလော
ခေတ်အစားဆုံး
ဧရာမလှုပ်ရှားမှုဟ
အစည်းအဝေးပါပဲ ။
ဒါလဲ
ရောဂါပဲ လို့
ငါ့ရဲဘော်ကပြောဖူးတယ်။
(၃)
ဒီကောင်က
ကြောင်တယ်
ဖောက်ပြန်တယ်...တဲ့။
ကျွန်တော်ဟာ
တော်လှန်တယ်
မှန်ကန်တယ်တဲ့
သတင်းပေး..နဲ့
မိတ်ဖွဲ့ခဲ့သူက
သူရသတ္တိကြီးမားစွာ
အခန်းမှာမရှိသူအား
စွဲချက်များ တင်ရဲ့။
စာစဖတ်ခါစ
အစည်းအဝေးတက်လေ့ကျင့်သူ
စကားပြောလေ့ကျင့်သူ
လူမမယ်တစ်စုဟာလည်း
ဟုတ်ပါတယ်... တဲ့။
ထောက်ခံပါတယ်တဲ့ ..
ဟန်နဲ့ပန်နဲ့ ထအော်တယ်။
(၄)
သြော်
ဇလုပ်ပြသံ
အပုတ်ချသံ
ပုတ်ခတ်သံ ခုတ်ဖြတ်သံများ
ရန်ကုန်မှာ
သံစုံမြည်ဟည်း
တော်လှန်ရေးကြီးတစ်ခုပေါ့လေ။
(၅)
..
...
(၆)
ပါလီမန်ခေတ်
အသံချဲ့ဓါတ်ခွက်နဲ့
ဆက်သွယ်တဲ့အလုပ်
လုပ်နေသူတွေလဲ
လုပ်နေတာပါပဲ။
သူရဲကောင်းများ
စကားနှုတ်ဆိတ်
အလုပ်ကြိတ်လုပ်သွားခဲ့တယ်။
ငါဦးခိုက်ရှိခိုးမယ်။
(၇)
အို .. သူရဲကောင်းတို့
ခြေအစုံမှ
မြေတစ်မှုန်ကျန်ရစ်
အောင်ချိမ့် ဖြစ်တယ်။
တစ်လောကလုံး
အကျည်းတန်ဆုံးအရာဟာ
သစ္စာဖောက်မျက်ခွက်ဖြစ်တယ်။ ။
အောင်ချိမ့်
( ပန်းနုရောင်အိပ်မက် ကဗျာစုမှ )
****************************************************
( ဘယ်လောက်မှ မကျပါဘူး )
......................................
အောင်ချိမ့်
.............................
ထည့်ပေါင်း
ထည့်ပေါင်း
နှစ်တွေ ထည့်ပေါင်း၊ ခေတ်ကို ထည့်ပေါင်း
ရထားကို ထည့်ပေါင်း
လမ်းလျှောက်တာ ထည့်ပေါင်း
ဆီးယို၊ဆီးသီး၊ဆီးပြား ထည့်ပေါင်း
အာပလာ ထည့်ပေါင်း
ပါပလာ ထည့်ပေါင်း
ဒုက္ခ ထည့်ပေါင်း
သွေး ထည့်ပေါင်း
ဟာသ ထည့်ပေါင်း
၁၉၈၈ ထည့်ပေါင်း
၂၀၀၇ ထည့်ပေါင်း
၂၀၀၈ ထည့်ပေါင်း
ပြန်လှည့်ပြီး ၁၉၉၀ ထည့်ပေါင်း
၂၀၁၁+၂၀၁၂ ထည့်ပေါင်း
သက်မွန်မြင့်ကို ထည့်ပေါင်း
ငါ့ကို ထည့်ပေါင်း
နာဌာဂီရိကို ထည့်ပေါင်း
ဟိုမအေပေးကို ထည့်ပေါင်း
ငါ့သူငယ်ချင်းကို ထည့်ပေါင်း
ထည့်ပေါင်း
ထည့်ပေါင်း
အဲဒါ ဘယ်လောက်လဲ။
ဘယ်လောက်မှ မကျပါဘူး
တန်ပါတယ်။
အများကြီး တန်ပါတယ်။ ။
.
အောင်ချိမ့်
***************************************************************
အချစ်ဘွဲ့
======
စိတ်မကောင်းပါဘူ
အဲသလိုလွဲသွားခဲ့ရတာ ။
“ဘောလုံးဟာ ဘယ်ကိုလိမ့်သွားသလဲ”တဲ့ ကဗျာတစ်စ
ငါ့မှာ ရွတ်သမိပါတယ် ။
ဘယ်သိမှာလဲ
မဟုတ်ဖူးလား ။
လူတွေ ဇာတ်လမ်းတွေ အကတွေ အချစ်တွေ
ထိုင်ငေး
တစ်သက်လုံး အာသာငမ်းငမ်းဖြစ
တစ်သက်လုံး ဘာမှမရ ။
ငါ စာအုပ်ဖတ်မယ်
ငါ စဉ်းစားခန်းဝင်မယ် ။
နောင်တစ်ကြိမ်တစ်ခါ
သို့မဟုတ် အကြိမ်ကြိမ်အခါခ
ကျွန်တော့်ကို ငြင်းပယ်နိုင်ပါတယ် ။
သို့သော် …
မင်းကို ငါချစ်တယ် ။

အောင်ချိမ့်
**************************************************************
ရန်ကုန်သားကဗျာ
================
အံ့မခန်း မျဉ်းမတ်များ ဒုံးပျံလို
ဘ၀င်မြင့်
ဘာလုပ်ရမှန်းမသိသော
တန်ဖိုးများ ။

ခိုကလေးများ
ညစ်ပတ်နံစော်စွာ အစာစား ။

နံရံတွေလို ကျောဘက်မှာ တစ်ယောက်တည်းထိုင်
လက်ဖက်ရည်တစ်ခွက်သောက်
နေပူထဲဖြတ်ကာ
အိမ်ပြန်ရုံသာ ။

အောင်ချိမ့်

No comments:

Post a Comment