Mar 9, 2017

မောင်ပြည့်မင်းကဗျာများစုစည်းမှု

မောင်ပြည့်မင်းကဗျာများစုစည်းမှု (၃၂ ) ပုဒ်
===========================
မြွေ
=====
.
မြွေတွင်းထဲ အောင်းချင်အောင်
သစ်ခေါင်းထဲ ခွေချင်ခွေ
မြွေဆိုတာမြွေပါပဲ။
,
အရေခွံလဲချင်လဲ
မလဲဘဲနေချင်နေ
မြွေဆိုတာမြွေပါပဲ။
.
ခေါင်းပိုင်းကို ဖွက်ချင်ဖွက်
ရွှံ့ စက်တွေ ပေချင်ပေ
မြွေဆိုတာ မြွေပါပဲ။
.
မြွေဆိုတာ မှီရာကစ ၊တစ်ပတ်တစ်ပတ်
အထပ်ထပ်ရစ် ဖြတ်ညှစ်နှောင်ချုပ်
ခြေကုပ်တက်ယူ လူကိုဝါးမြိုပစ်နိုင်တယ်။
.
မြွေဆိုတာ
ကြင်နာသယောင်
ပြူးကြာင်ဝိုင်းစက်၊မျက်လုံးအားကိုး
ဖမ်းစားညှို့ယူ လူကိုဝါးမြိုပစ်နိုင်တယ်။
.
မြွေဆိုရင်
အင်္ကျီမှာ ကပ်ချင်ကပ်
ဖိနပ်မှာ ခိုချင်ခို
မြွေဆိုရင် မြွေလိုဘဲမြင်။
.
မြွေဆိုရင် ပိတ်ကားပေါ်တက်တက
ကတ်ဆက်ထဲ ခွေချင်ခွေ
မြွေဆိုရင် မြွေလိုဘဲမြင်။
.
မောင်ပြည့်မင်း
၁၉၇၅-၇၆)ရန်ကုန်ဝိဇ္ဇာနဲ့သိပ္ပံတက္ကသိုလ်မဂ္ဂဇင်း။
******************************************************
လွမ်းချင်း
=================
လူ့ဘ၀ ရခဲ့တဲ့ နှစ်များ
အသူရကယ်ဘ၀ ရခဲ့တဲ့နှစ်များ
ပေတဘ၀ ရခဲ့တဲ့နှစ်များ
ဒေ၀ဘ၀ ရခဲ့တဲ့နှစ်များ
သုခိ အတ္တာနံ ပရိဟရ န္တု ရခဲ့တဲ့နှစ်များ
သမီးတစ်၊ သားတစ် ရခဲ့တဲ့နှစ်များ
ဖြစ်ဖြစ်မြည်အောင် ဖြစ်ခဲ့ ရခဲ့တဲ့နှစ်များ
ဘာမှ မဖြစ်ချင်တော့ဘူး ရခဲ့တဲ့နှစ်များ
ရခဲ့တဲ့ နှစ်များမှာ ပြသနာကောင်
ရခဲ့တဲ့နှစ်များမှာ ကြောက်ချေးအိုး
ရခဲ့တဲ့နှစ်များမှာ ရှပ်ကီဘဲ
ရခဲ့တဲ့နှစ်များမှာ တကိုယ်ကောင်းသမာ
ရခဲ့တဲ့နှစ်များမှာ ကလေး၊ အရူး၊ သဘင်သည်
ရခဲ့တဲ့နှစ်များမှာ ဘ၀တွေကူးခဲ့
မိတ္တူတွေကူးခဲ့၊ ရေကူးပြိုင်ပွဲတွေ ၀င်ကူးခဲ့
စာတွေချကူးခဲ့၊ ရောင်စုံဓါတ်ပုံတွေကူးခဲ့
မျက်စိနာနဲ့ တီဘီကူးခဲ့
မြစ်ကြီးငါးသွယ်၊ ပင်လယ်၊ သမုဒ္ဒရာကူးခဲ့
လမ်းမပေါင်း ရာထောင်ကူးခဲ့၊ တံတားအစင်းစင်းကူးခဲ့
ကူးခဲ့သမျှဇာတ်လမ်း အခန်းခန်းမှာ
အိုး မိုင်ဂေါ့တွေနဲ့သာ တွေ့ခဲ့ရ
နောက်ထပ် အိုးမိုင်ဂေါ့တွေနဲ့သာထပ်တွေ့ရ
အစားပြန်မရနိုင်တော့ဘူးလားကွယ်။
(ဖက်ရှင်မဂ္ဂဇင်း၊ ၂၀၀၆)
မောင်ပြည့်မင်း
***********************************************************
လက်တဖက်ကိုမြဲနေအောင်ကိုင်ထား
=========================
မင်းနေနေတဲ့ ကမ္ဘာကြီးက လည်တယ်
မထင်ရတဲ့ကောင်တွေက လည်တယ်
ဟိုသွားဒီလာသမားတွေ လည်တယ်
ကံအကြောင်းတရားတွေ လည်တယ်
လက်တဖက်ကို မြဲနေအောင် ကိုင်ထား၊
ဟိုဘက်တိုးလိုက် ဒီဘက်တိုးလိုက
တိုးရင်းနဲ့ကလိုက် ကရင်းနဲ့တိုးလိုက်
လက်တစ်ဖက်ကိုတော့ မြဲနေအောင်ကိုင်ထား၊
ဂါတွေက ဘလပ်ွထက် ပိုနူးနေတယ်
အရပ်သားတွေက ဇာတ်သမားတွေထက် ပိုလည်နေတယ်
လက်တစ်ဖက်ကိုအပြင်မထုတ်နဲ့
တစ်ခုခုကို မြဲနေအောင်ကိုင်ထား၊
လက်တစ်ဖက်ကို တန်ဖိုးရှိရှိ အသုံးချ
ကောင်းကင်ပြာကြီးကို မြဲနေအောင် ကိုင်ထား၊
လက်တစ်ဖက်ကို စိန်လက်စွပ်အပြည့်ဝတ်
အသက်ကယ်ဘောကွင်းကို မြဲနေအောင်ကိုင်ထား၊
လက်တစ်ဖက်ကို သူ့ပခုံးဖက်လိုက
ဝှက်ယူလာတဲ့ ဓါးကို မြဲနေအောင် ကိုင်ထား၊
လက်တစ်ဖက်ကို ဖက်ရွက်လိုသဘောထား
ကိုယ့်အသက်ကို မြဲနေအောင်ကိုင်ထား၊
လက်တစ်ဖက်ကို အလိုမလိုက်နဲ့
နားညည်းလိုက်တာ ကို မြဲနေအောင်ကိုင်ထား၊
လက်တစ်ဖက်ကို ခပ်သွက်သွက်လှုပ်ရှား
အရောင်းအ၀ယ်စာချုပ်ကို မြဲနေအောင်ကိုင်ထား
လက်တစ်ဖက်ကို လက်တစ်ဖက်အလျော်ပြန်ပေး
ချစ်စွာသော ဇနီးလေးကို မြဲနေအောင်ကိုင်ထား၊
လက်တစ်ဖက်ကို သူမြင်အောင် မြှောက်ပြလိုက်
ရေဗူးနဲ့ ဖိနပ်ကို မြဲနေအောင် ကိုင်ထား၊
လက်တစ်ဖက်ကို လက်တစ်ဖက်လိုပဲ ဆက်ဆံ
ကိုယ့်လမ်းကိုယ်သွားကို မြဲနေအောင်ကိုင်ထား၊
မှတ်ထား
လက်တစ်ဖက်ကို မြဲနေအောင် ကိုင်ထား။ ။
မောင်ပြည့်မင်း
ဖက်ရှင်မဂ္ဂဇင်း၊ နိုဝင်ဘာ၊ ၂၀၀၅
**********************************************************
အဆင့်မြင့်မြင့် ကမ္ဘာ
===============
“ရှူး” ဆို ထိုးတက်သွား
ဖြန်းခနဲ ပွင့်ထွက်
လက်လက် လက်လက် ဖြာကျလာခဲ့
ဘယ်သူက ဘယ်အချိန်မှာ
ပျော်ရွှင်စွာ ကခုန်ခဲ့ပါသလဲ၊
ဘယ်သူ့လက်ထဲ
ဘာရှိနေခဲ့သလဲ၊ ကြည့်ပါ
သူ ဘာလှမ်းပြောနေတာလဲ
ဘယ်နေရာက ထွက်ချလာတာလဲ
တစ်ကွက်ထဲမှာတောင် သိလိုက်ရတာတွေ အများကြီး
ပြန်နားထောင်ပါ၊
တစ်ခါက နှစ်ခါ၊ ရှစ်ခါ၊ ကိုးခါ
အတိုလေးတွေ ပို့ခါ၊ ရှစ်ခါ၊ ကိုးခါ
စမ်းရှာကြည့်လိုက်ပါဦး ၊ နှစ်ခါ ၊ သုံးခါ
တင်ထားလိုက်ကြ၊
ဆွဲချဖြည့်လိုက်ကြ၊ သုံးခါ လေးခါ
အသစ်တစ်ခု ထပ်ဖွင့်ထားပါ၊ ငါးခါ ခြောက်ခါ
ဒီလိုပါ၊ ရိုးရိုးလေးပါ
ကျွန်တော်တို့၊ မိတ်ဆွေတို့အားလုံး စိတ်တူကြတဲ့အခါ . . .။ ။
မောင်ပြည့်မင်း
ကျီးကန်းတစ်ကောင် ကျီးကန်းနှစ်ကောင်
ကဗျာစာအုပ်မှ
***********************************************************
အခက်ကြီးထဲခုန်ခ
=========================
အခက်ကြီးထဲခုန်ခ
‘မောင်ချောနွယ် မသေဘူးတဲ့’
မောင်ချောနွယ်သေပြီ
သူ့အလောင်းကို မီးသင်္ဂြိုဟ်စက်ထဲထည့်တာ
ငါ ကိုယ်တိုင်မြင်လိုက်တယ်။
အကြောဆေးထိုးရမယ်၊
ဝါယာရင်းတွေမှားနေတယ်၊
အပေါ်သွေး တရာ့လေးဆယ်၊အောက်သွေးတရာ၊
ပလပ်တွေ လဲရမယ်၊ မီးပျောက်ပျောက်သွားလို့၊
ငါ မနေနိုင်တော့ဘူး၊
' အခက်ကြီးထဲ ခုန်ချ ' ။
သူရှိစဉ်က သူ့ရန်သူတွေကို
အရက်ဆိုင်စားပွဲနောက် အကာအကွယ်ယူလို့
တဖောက်ဖောက်ပြန်ပစ်ခဲ့တယ် မောင်ချောနွယ်။
မနက်မနက် တွန်းနှိုးနေရတယ်၊
သွေးတွေ သိပ်တိုးနေလားမသိဘူး၊
မိုက်ကနဲ မိုက်ကနဲ ဖြစ်ဖြစ်သွားလို့၊
ဘက်ထရီခေါင်းတွေ ဖြုတ်ဆေးလိုက်
ငါမနေနိုင်တော့ဘူး၊
အခက်ကြီးထဲ ခုန်ချ။
မောင်ချောနွယ် တခါတလေ ဒုက္ခတွေ့တယ်၊
တခါတလေ ဒုက္ခတွေ့ချင်ယောင်ဆောင်တယ်။
မောင်ချောနွယ် တခါတလေ အရက်မူးတယ်၊
တခါတလေ အရက်မူးချင်ယောင်ဆောင်တယ်။
တခါတလေ သေချင်ယောင်ဆောင်တယ်၊
အလောင်းထုပ်ထားတဲ့ အ၀တ်ဖြူကို ဖြည်ပြတော့၊
သူ့ခေါင်းလေး လည်ကျလာတယ် မောင်ချောနွယ်။
ရေတိုင်ကီ ဘာဖြစ်လို့ ရေဆူဆူနေတာလဲ
ကိုယ်ပူလိုက်တာ တရာ့သုံး တရာ့လေး
အဖျား တခါမှ မကျသေးဘူး
ဝါးတားပိုက်တွေ ပိတ်နေလို့လား
ငါ မနေနိုင်တော့ဘူး
အခက်ကြီးထဲ ခုန်ချ။
တချို့ သူမသေခင်ကတည်းက သစ္စာဖောက်ခဲ့ကြ
တချို့ သူသေပြီးမှ သစ္စာဖောက်လိုက်ကြ
ရေခဲတိုက် ရှေ့မှာ
“လူတယောက်လုံးထားခဲ့ရပြီးမှ
ဒီစောင်လေးကို ပြန်မယူတော့ပါဘူး” တဲ့
မမမြင့် ငိုရှာတယ်။
အသက်ရှူလိုက်ရင်
ဘယ်ဘက်ရင်ဘတ်က အောင့်အောင့်နေလို့
ကာပရိုက်တာ မကောင်းဘူး
တံခါးဟာနေတာ၊
ငါမနေနိုင်တော့ဘူး
အခက်ကြီးထဲ ခုန်ချ။
မောင်ချောနွယ်အသုဘ
ကဗျာဆရာတွေပို့ကြတယ်။
ကဗျာဆရာတွေ ငိုကြ၊ တယောက်ကိုတယောက် လှမ်းကြည့်ကြ
တယောက်နဲ့တယောက် တားကြ၊ ဆွဲကြ၊ တွဲထူကြ
တယောက်နဲ့တယောက် ရန်ဖြစ်ကြ
နောက်ဆုံးမှာ ဘာသံကြီးလဲ မသိ
ဝိုင်းအော်လိုက်ကြတယ်။
လမ်းလျှောက်လို့မကောင်းဘူး
ညာဘက်တခြမ်းလုံး ဆွဲဆွဲနေလို့
ဒူးဆစ်တွေ လဲပစ်ရမယ်
ပီနံကျတွေ လဲလိုက်။
ငါမနေနိုင်တော့ဘူး
အခက်ကြီးထဲခုန်ချ။
မောင်ချောနွယ်(၁၉၄၉ - ၂၀၀၂)
ဒီနေရာမှာ ငါမနေနိုင်ဘူး
အခက်ကြီးထဲ ထိုးချလိုက်တော့မယ်။ ။
မောင်ပြည့်မင်း
ဟန်သစ်မဂ္ဂဇင်း၊ အောက်တိုဘာလ၊ ၂၀၀၄ မှ ကူးယူဖော်ပြသည်
မောင်ချောနွယ်(၁၉၄၉-၂၀၀၂)သို့
****************************************************************
သစ္စာ
===========
သစ္စာပန်း အနီရဲရဲတွေ
သူမ ၀ယ်လာခဲ့တယ်။
သစ္စာပန်း အနီရဲရဲတွေ
တချို့ကို ဘုရားစင်ရှေ့
ဘုရားပန်းအိုး ထိုးဖို့၊
သစ္စာပန်း အနီရဲရဲတွေ
ဧည့်ခန်းက နှုတ်ခမ်းပဲ့ကြွေအိုးမှာ
ပန်းအလှ ထိုးဖို့၊
ရိုးတံကို လိုသလို တိခဲ့
သစ္စာပန်း အနီရဲရဲတွေ။
သူမ လက်ချောင်းသွယ်သွယ်တွေထဲ
ကျန်တဲ့ သစ္စာပန်း အနီရဲရဲတွေ တုန်ယင်လို့၊
သူမ မျက်လုံးတွေ နီရဲလို့။ ။
.
မောင်ပြည့်မင်း
*****************************************************************
အင်္ကျီတစ်ထည်ရဲ့ အသက်ရှူသံ
===============================
ဟိုတုန်းကတော့
ဟိုတုန်းကလိုပေါ့ လေ ။
အဲဒီတုန်းက
ရင်ကော့ကော့ လူကြွား
စကားခပ်များများ အကောင်ပေါ့
အခုတော့
စပို့ရှပ် ရောင်းနေပါတယ်။
ဝယ်ပါ ကလေးရဲ့
ဦးရောင်းတဲ့အထည်မှာ
ကမ္ဘာကြီးကိုကောင်းစေချင်တဲ့
ခေါင်းနှစ်လုံးရဲ့အပေါ်က
ဆံပင်တွေကို ဖြီးသင်ဖို့
ဘီးတစ်ချောင်းရဲ့ အဖိုးအခ
ပါ ပါတယ်။
ဝတ်ကြည့်စမ်းပါ
ကာတွန်းရုပ်အရောင်
တောက်တောက်ကြီးတွေ
ဒီအင်္ကျီမှာ ဆေးခြယ်
ထားတယ်လေ။
အေးတဲ့အချိန်အတွက် ခပ်ထူထူ
ပူတဲ့အချိန်အတွက် ခပ်ပါးပါး
ပထမတန်းစား ချပ်ဝတ်တန်ဆာ
ဘိုဆန်ဆန် စပို့ရှပ်ကလေးတွေပါ
ခန္ဓာကိုယ်ရဲ့အရှုပ်အထွေး
ဘေးကလူတွေ မသိစေရ
လုံးဝ စိတ်ချရပါတယ်။
ဝတ်စမ်းပါ ကလေးရဲ့
နိုင်လွန်ချည်နဲ့ချုပ်တဲ့အထည်
လေထုညစ်ညမ်းမှုကို ကာကွယ်လိမ့်မယ်
အဲဒီချုပ်ရိုးတွေမှာ
အယ်ကိုဟော မပါ
မှောက်ထားတဲ့ဖဲတစ်ချပ် မပါ
အဗြဟ္မာ့စရိယ မပါ
မစ္ဆရိယ မှဲ့တစ်ပေါက် မပါ
တစ်သက်လုံးတွက်တာ အာမခံလိုက်ပါရဲ့
ကြည့်သွားပါဦး ကလေးရယ်
မျက်လုံးတွေရဲ့ငါးမျှားချိတ်
စွပ်စွဲမှုဒီဇိုင်း အင်္ကျီဆင်
ပျော်ပျော်ရွှင်ရွှင် ၀တ်လိုက်စမ်းပါ။
ဝယ်ပါ ကလေးရဲ့ … ဒါပေမယ့်
အင်္ကျီချိတ်မှာချိတ်ထားတဲ့အထည်
တွေကြားက
အင်္ကျီချိတ်မှာချိတ်ထားတဲ့ဈေးသည်
ကိုတော့
မှားဝယ် မသွားမိပါစေနဲ့ ။ ။
မောင်ပြည့်မင်း
ဟန်သစ်မဂ္ဂဇင်း
ဇူလိုင်၊၁၉၉၁
***********************************************************
လိုနေတဲ့ညနေ
==============
ပုလင်းကို ငှဲ့ချလိုက်တော့လည်း
တကျွိကျွိ ဘရိတ်နင်းသံတွေသာ ထွက်ကျလာခဲ့
အရက်မရှိတော့ဘူးတဲ့။
ခလုတ်ပိတ်လိုက်တဲ့ လက်ညိုးတစ်ချောင်းကြောင့်
စည်းလိုက်နေတဲ့ တစ်ခြားလက်ညိုးတစ်ချောင်း
အရှက်ရသွားပေါ့။
ဒီဓာတ်ငွေ့ မီးခြစ်စုတ်ကြောင့်
စိတ်အနှောက်အယှက်ဖြစ်ရ
အရက်မရှိတော့ဘူးတဲ့။
အရက်မရှိတော့လို
တကယ့်မိတ်ဆွေစစ်ကလည်း ပျော့စိစိ
မာနစစ်စစ်ကြီး မျက်နှာငယ်လို့
ဈေးဆစ်လို့မရတဲ့ နှစ်ဆယ့်လေးနာရီကသာ
အီလည်လည် တင်းခံနေရဲ့။
ဒီကိစ္စ
အားလုံးအပေါ်ပုံချခဲ့
ရာသီဥတု၊ရပ်ကွက်၊သောကြာနေ့
ကမ္ဘာကြီးလည်ပတ်နှုန်း၊နေရာလွတ်
ကြက်ခြေထောက်ရိုး၊ဆိုက်ကား၊မိန်းမ
ရေ၊ယောက်ျကျားဆောင်းထီး၊စီးကရက်သောက်သုံးသူများ
ဆုံးမစကား…….
ကဲ-အခုတော့
အရက်မရှိတော့ဘူးတဲ့။
လွယ်လွယ်ကလေးကိုတောင်မှ
အငြင်းခံလိုက်ရသူပါ
သူ သီချင်းဆိုပြီး ပြန်လာခဲ့တယ်။
မောင်ပြည့်မင်း
*************************************
အသံရဲ့ အမူအရာ
===============
ခင်ဗျားဒီမှာ ဘာရပ်လုပ်နေတာလဲ
"ကျွန်တော်စောင့်နေတာပါ"
ဘာကိုလဲ ဘယ်သူ့ကိုလဲ
"ဂိုဒေါ့ * ကို "
ဂိုဒေါ့ ဆိုတာ ဘယ်သူလဲ
"ဂိုးဒေါ့ ဆိုတာ ဂိုဒေါ့ ပါပဲ "
သူ ဒီကိုလာမှာတဲ့လာ
"ကျွန်တော် မသိဘူး "
တွေ့ရင် ခင်ဗျားကပြောစရာတခုခု ရှိနေလို့လား
"မရှိပါဘူး "
သူက တခုခုပြောမှာမို့လား
"ကျွန်တော်မသိဘူး "
သူက တခုခုပေးသွားမှာလား
"ကျွန်တော်မသိဘူး "
မသိဘဲ ဘာဖြစ်လို့စောင့်နေရတာလဲ
"ကျွန်တော့် အရင်ကလည်း သူများတွေစောင့်ခဲ့ဖူးပါတယ် "
ဘယ်သူတွေက စောင့်ခဲ့လို့လဲ
"ကျွန်တော်ပြောပြလည်း သူတို့ကို ခင်ဗျားသိမှာမဟုတ်ပါဘူး "
အဲ့ဒီတုန်းက ရောက်လာခဲ့သတဲ့လား
"ကျွန်တော် မသိဘူး "
ခုကော သူကဘယ်တော့လာမှာလဲ
"ကျွန်တော်မသိဘူး "
လာကောလာပါတော့မလား
"မသိဘူးဗျာ "
ဘာမှ သေသေချာချာ မသိဘဲနဲ့ အလကားအလုပ်ပျက်အကိုင်ပျက်
"ဒါ ကျွန်တော့် အလုပ်ပဲလေ." ။
*Godot
မောင်ပြည့်မင်း
ဖက်ရှင်မဂ္ဂဇင်း ၂၀၀၆
****************************************************
ပြန်ချင်တယ်
_______________
ငါ့အပင်လေးတွေကို ဘယ်သူ ရေလောင်းပေးမလဲ
ငါထွက်လာတော့ အပင်လေးတွေ ကျန်ခဲ့တယ်၊
ငါ့အပင်လေးတွေ ငယ်သေးတယ်
ငါ့အပင်လေးတွေ ရေလောင်း ပေးရဦးမယ်
ငါပြန်ချင်တယ်၊ ဒီမှာ မပျော်ဘူး
ငါ ဘာမှ မလိုချင်ဘူး၊ ပြန်ချင်တယ်
ငါ ဒီမှာ မောတယ်၊ ပြန်ချင်တယ်
ငါ့ ကလေးတွေ မျောက်တွေလို ပိန်ကုန်ပြီ၊
ပြန်ချင်တယ်
ငါ ပြန်တယ်၊ အိမ်မှာပဲ နေချင်တယ်
ငါ့ ကြက်မ ဥဆယ်လုံးနဲ့ ဝပ်ကျင်းထဲမှာ
ကျန်ခဲ့တယ်
ငါ ရွာပြန်ပြီး နေချင်တယ်၊ ဒီမှာ နံတယ်၊
စိတ်ညစ်တယ်၊ ပြန်ပဲပြန်ချင်တယ်
စိတ်ချပါ ၊ ငါ ဖြည်းဖြည်းသွားပါ့မယ်။
မောင်ပြည့်မင်း
**********************************************************
တုံ့လှယ်မေတ္တာ
============
ခင်ဗျားလွှတ်လိုက်တဲ့လူ ရောက်လာတယ်
စာအိတ်ပေါ်မှာ စာပြန်ရေးပေးလိုက်တယ် ၊
ခင်ဗျားလွှတ်လိုက်တဲ့လူ ရောက်လာတယ်
သူ ခင်ဗျားမှာတာတွေ ပြောပြတယ်
လမ်းစရိတ်ပေးပြီး ပြန်ခိုင်းလိုက်တယ် ၊
ခင်ဗျားလွှတ်လိုက်တယ်လို့ ပြောတဲ့လူ ရောက်လာတယ်
သူ့လွယ်အိတ်ထဲက ထုတ်ပေးတယ်
သူ့လွယ်အိတ်စုတ်နေတာ ပြန်ချုပ်ပေးလိုက်တယ် ၊
ခင်ဗျားလွှတ်လိုက်တာလို့ ထင်ရတဲ့လူ ရောက်လာတယ်
သူ တစ်ခုခုပြောဖို့ ကြိုးစားတယ်
သူ အသံထွက်လာဖို့ ကြိုးစားတယ်
သူ့ ကျောကိုပုတ်ပြီး ခေါင်းညိတ်ပြလိုက်တယ် ၊
ခင်ဗျားလွှတ်လိုက်တဲ့လူ ရောက်လာတယ်
သူကျေနပ်သွားအောင် စကားဖောင်ဖောင်နဲ့ ဧည့်ခံလိုက်တယ် ၊
ခင်ဗျားလွှတ်လိုက်တဲ့ ဟိုငနဲ ရောက်လာတယ်
အရက်တိုက်လွှတ်လိုက်တယ် ၊
ခင်ဗျားလွှတ်လိုက်တဲ့ ကောင်လေးရောက်လာတယ်
အားပေးစကားပြောလိုက်တယ်၊ ဂုဏ်ပြုလိုက်တယ်
ခင်ဗျားလွှတ်လိုက်တဲ့ဆရာကြီး ရောက်လာတယ်
"ကိုယ့်လူကဆရာကြီးလား"လို့ ဖြုတ်ချလိုက်တယ်
ခင်ဗျားလွှတ်လိုက်တဲ့ ဆိုက်ကားရောက်လာတယ်
သွပ်ပြားဟောင်းတွေ လိပ်တင်ပေးလိုက်တယ် ၊
ခင်ဗျားလွှတ်လိုက်တဲ့ ပိတောက်ပင်ကြီး ရောက်လာတယ်
သစ်ပင်ခုတ်တဲ့လူအိမ်ကို လမ်းညွှန်ပေးလိုက်တယ် ၊
ခင်ဗျားလွှတ်လိုက်တဲ့ မီးဆရာ ရောက်လာတယ်
သူ ဆက်မစောင့်နိုင်လို့ ပြန်သွားတယ် ၊
ခင်ဗျားလွှတ်လိုက်တဲ့ မုန်တိုင်း ရောက်လာတယ်
"ဓား ဟဲ့ ဓား " ဓားထောင်ပြလိုက်တယ်
အဲဒါ ခင်ဗျားလွှတ်လိုက်တဲ့လူတွေအကြောင်း အတိအကျပဲ ။ ။
မောင်ပြည့်မင်း
**************************************************************
မင်း အခုမြင်ရတဲ့ ကြယ်တွေ
================
မင်းအခုမြင်ရတဲ့ကြယ်တွေဟာ
ငါကြဲထားတာပေါ့ ။
မင်းထိုင်တဲ့ကုလားထိုင်မှာ ငါလျှပ်စစ်ဓာတ်လွှတ်ခဲ့တာ
မင်းဖတ်နေတဲ့ အီးမေးလ်ဟာ ငါကလစ်နှစ်ချက်ခေါက်ခဲ့တာ
မင်းကြားဖူးတဲ့ ငါးပုံပြင် ငါထွင်ခဲ့တာ
မင်းကြောက်တဲ့ တစ္ဆေဟာ ငါကုပ်ချိုးပစ်ခဲ့တာ
မင်းမက်တဲ့ အိပ်မက်က ငါ့လက်ရေးမူ ငါရေးခဲ့တာ
အတွဲအပိုင်းအစလေးတွေ တဖြေးဖြေး
တစ်ချောင်း ပြန်ဆက်ယူထားရတာပါ။
သေခြင်းတရားဆိုတာကြီးနဲ့ မင်းကိုငါတို့ခဲ့တာ
မင်းကို စုန်းလို့ ငါကုန်းတိုက်ခဲ့တာ
မင်းသောက်လက်စခွက်မှာ ငါအဆိပ်ခတ်ခဲ့တာ
ဓါတ်ငွေ့တွေလွှတ်ခဲ့တာငါ
ဒါကြီးတစ်ခုလုံးကို
တစ်ညတည်းနဲ့ အပြီးတည်ဆောက်လိုက်တာပါ။
" ကြယ်ကလေးတွေချစ်စရာ အပြာရောင်ကောင်းကင်မှာ
သူတို့ကိုတစ်လုံးချင်း ပြုံးရင်းကြည့်နေပါ
မကြာခင် ပြန်ကာပြုံးလို့ သူတို့လည်းကိုယ့်ကိုခင်လာ "
မင်းအခုမြင်ရတဲ့ကြယ်တွေဟာ
ငါကြဲထားတာ ။ ။
.
မောင်ပြည့်မင်း
****************************************************
တမ်းတခြင်း
======================
အို ...ဘယ်လိုငြိတွယ်မှုကြီးပါလိမ့်။
မြေကြီး မိုးကောင်းကင်၊ ပင်လယ် အားလုံးစီစဉ်ထား
ပြီးကာမှ
အဝတ်လျှော်စက်ထဲက ဖြူဖွေးတွန့်ကြေ ထွက်လာရ
ဒီတစ်ခါလည်း ကျွန်တော် ဆုံးရှုံ့းခဲ့ရပြန်ပေါ့။
သူ့ရုပ်ပုံကိုသာ စွဲလန်းခြင်းကြီးခဲ့၊
ပျော်မှားခွင့်ပေါင်းများစွာ ခေါင်းတွင်တွင် ခါပစ်ခဲ့၊
ဒါပေမယ့်လေ
ယုတ်မာခြင်းတွေ တဖွဲဖွဲကျနေတဲ့ တစ်နေရာရာမှာ
မကောင်းဆိုးဝါးတွေ မြူးလွန်းတဲ့တစ်ညမှာ
သူ့ကိုယ်ငွေ့နွေးနွး အေးစက်သွားလေပြီလား။
ကျန်ရစ်ခဲ့သူတွေကြား
ကူသူဝေးပန်းတို့ ဆို့နစ်သွားတာသာာ မြင်နေရရဲ့။
ရှုံးခဲ့ပြန်ပေါ့
ဒီကွင်းထဲမှာတော့ ''ဖြူစင်သောဘဝ''ဆိုတာ
ခြေကျိုးသွားရှာတဲ့ ပြိုင်မြင်းတစ်ကောင်ရဲ့နာမည်ပါပဲ။
.
မောင်ပြည့်မင်း
******************************************************
စိတ်ထဲတိမ်းတိမ်းပွေပွေ
-------------------------------
.
သစ်ပင်ပေါ်က သစ်ရွက်တွေလည်း
ဟိုတုန်းကနဲမတူ
စက္ကူတွေလို ပိုလို့ ပါးလှပ်လာခဲ့၊
နံရံထောင့် ရေညှိကွက်များ
ကမ္ဘာမြေပုံကို ဟန်ေ၇းပြ၊
''ကျွန်မတို့အဖေ ...ကျွန်မတို့အဖေ''
ရှိုက်သံတိုးတိုးလေး ဝေး၊ ဝေးလံလှရဲ့
ငါ့တစ်ယောက်တည်း မိုးမိနေတာများလား
မသိမသာနောက်နည်းနည်း ပြန်ဆုတ်လိုက်မိ
လှုပ်လှုပ်ခြိမ်းခြိမ်း လူတစ်ယောက် ရှေ့လမ်းချိုးထဲ
ကွေ့ဝင်သွားရင်
သူလည်း ပျောက်သွားတော့မယ်
အရှိန်မရပ်ရုံသာ၊ အားတင်းရင်နေရ
ကိုယ့်ခြေထောက်တွေကို ငုံ့ကြည့် အားငယ်မိတယ်။
ဖြစ်ပျက်နေကျ ဇာတ်ကွက်ထဲ
မိုးရေစိုစွတ် အိမ်ခေါင်မိုးများ၊
မြစ်ကျောက်တင် မော်တော်များ၊
''လူပေါ်ကြော့တွေခံစားတဲ့ အနုပညာ''များ၊
အားလုံး ရှုပ်ထွေးလို့၊ ငြိလို့။
လေပြေလေညင်း အေးအေး
တိမ်ညိုရိပ် ဖျော့မှိန်မှိန်
ဣနြေ္ဒသိမ်သိမ်မွေ့မွေ့နဲ့
အပိုတွေများနေတဲ့ ညနေကို
ငါ အော့နှလုံးနာလွန်းရဲ့။ ။
.
မောင်ပြည့်မင်း
.
.(ကိုချောအမှတ်တရ)
**************************************************************
တို့နှစ်ယောက်
-------------------------------
သွေးကြောတွေ ဗို့အားမကျခင်
မြို့ကြီးထဲကို ဝင်ချင်တယ်။
လက်ခံပါ
နုပျိုမှုကို ထုတ်ပြခဲ့၊
နှစ်ယောက်တည်းပါ
ဒါပေမဲ့ တစ်ယောက်စာတည်းပ
သန့်စင်မှုနဲ့ ရှင်းလင်းခဲ့၊
နေရာတွေလေ စပရိန်လို ခုန်လို့
ရေမွန်းနေတဲ့ အဲဒီအချိန်မှာ
နားလည်ခြင်းကလေးကသာ ပူနွေးစေခဲ့၊
လက်ဖဝါးတို့
ချွေးနဲ့စေးကပ်
တို့နှစ်ယောက် ယှဉ်ရပ်ခဲ့ကြ
ပြန်ပြန်ပြီး ပျော်ရသေးရဲ့။
မကြားရတဲ့ သီချင်းသံမှာ
သံပြိုင်ပိုဒ်ကို တူတူဝင်ဟစ်ခဲ့ကြ
ပြန်ပြန်ပြီး ပျော်ရသေးရဲ့။
မိုးသည်းထဲမှာ
ဝိုင်ဘာတံနှစ်ချောင်းလို
အနှေးအမြန် အပြိုင်ကခဲ့ကြ၊
ပြန်ပြန်ပြီး ပျော်ရသေးရဲ့
ဖြစ်သလို
စိတ်ကိုရော ကိုယ်ပါ ဂုဏ်ယူမိကြ
မြို့ကြီးထဲ ထွက်လည်မယ်စိတ်ကူးကြ
တို့နှစ်ယောာက်လေ ။
သူတစ်ပါးရဲ့ မျက်နှာကျက်အောက်မှာ
တို့နှစ်ယောက်လေ။ ။
.
မောင်ပြည့်မင်း
********************************************************
ကပွဲ
---------------------------------
နှစ်ပတ်လည်ကပွဲ
ဒီနှစ် ဝံပုလွေတွေနဲ့ တွဲကရမယ်။
တောအုပ် အုပ်အုပ်ထဲ
မီးစွယ် လက်လက် လက်လက်
လက်အိတ်တွေ စွပ်ခဲ့ကြ
ဝံပုလွေတွေနဲ့ တွဲကကြရမယ် ။
အဝေးကွင်းခြောက်ဆီက သီချင်း
အသံ အောအော ကျကျ
ဒီအရွယ်ကြီးတွေကျခါမှ
ဝံပုလွေတွေနဲ့ တွဲကရဦးမယ်တဲ့ ။
သူတို့ မဲ့ကြ
ပြီးတော့ မျက်ရစ်မျက်ခွံ မည်းမည်းခြယ်
နှုတ်ခမ်းတွေ ရင့်ရင့်ဆိုးကြ၊
ပြီးတော့
အကောင်းဆုံးကကွက်တွေကိုပြန်စဉ်းစား
နေကြလေရဲ့။ ။
.
မောင်ပြည့်မင်း
**************************************************
နေထိုင်ြ့ကပုံများ
-------------------
လာတဲ့လူတွေကလည်း
ဓာတ်ဆီတိုင်ကီထဲ
ဆီအပြည့်ထည့်ထားပြီးသလို
ကိုယ့်ကိုယ်ကိုယ် စိတ်ချလက်ချ။
စက္ကူယပ်တောင် တစ်ချက်နှစ်ချက်ခတ်
သက်ပြင်းချလိုက်မယ်။
အသောက်အစား မှားရှာတယ်
ခမျာ ကံဆိုးရှာတယ်၊ ဒါမျိုးတွေးလိုက်မယ်။
မကင်းရာမကင်းကြောင်းပြုံးပြ
တစ်လုံးစ၊ နှစ်လုံးစ
နောက် ခေါင်းဆတ်ကြ
ခပ်တည်တည် မမြင်ယောင်ဆောင်ကြ
ပြီးရင် ပြန်ကြရဦးမှာပေါ့။
တော်ပြီ
သုံးပြီးသားတွေ
ထပ်ထပ်ရိုက်ထည့်မနေနဲ့တော့။
စက်လေးတယ်
ဆော့ဖ်ဝဲယာဂတွေ ဒီလိုပဲ ပြောင်းပြောင်းသွားနေကျ
နောက်ဆုံး ကိုယ့်အလှည့်ရောက်တဲ့အထိ။ ။
*Software
.
မောင်ပြည့်မင်း
*****************************************************
အပိုအလျှံရှိတဲ့နေ့
-------------------------------
အိမ်စာအားလုံး ပြီးသွားတဲ့နေ့လိုပေါ့ပါး
ကိုယ့်ကိုယ်ကို လေထဲလွှတ်ပေးလိုက်ပြီ။
နေ့လယ်စာ စားပြီးရင်
တံခါးပိတ်၊ 'သေနတ်များနှင့်နှင်းဆီပန်းများ' ဖွင့်မယ်။
ပြီးရင် အချိန်တွေ အိတ်ထဲ အထပ်လိုက်ထည့်
ဟို အိုးပစ်အိမ်ပစ်တွေနဲ့ ဂဏာန်းဖွဲ့လို့
ပခုံးကြီးစောင်းတာကိုပဲ ဂုဏ်တက်ထားလိုက်မယ်
ဟိုမလေ
သူ့မှော်လေးနဲ့သူ ပျော်နေပုံများ တဲ့
သူများ တွေအားကျကြလိမ့်ဦးမယ်ကွယ်။
.
မောင်ပြည့်မင်း
ရနံသစ် ၁၉၉၇၊ ဖေဖေါ်ဝါရီ။
****************************************************************
ကြိုးညှိသံ
-------------------
လက်ချောင်းတို့ရဲ့တန်ခိုး
သံမဏိကြိုးကို လွှဲယမ်း
လေထဲတုန်ခါ
အသံ ...တဲ့၊ သူဖြစ်လာခဲ့ပြီ။
သေချာပေါက်မှားယွင်းမှုကြောင့်
သစ်သားဂူထဲကစင်ထွက်
လူမြင်ကွင်းထဲ 'ဒေါင်' ခနဲ ပြုတ်ကျလာ
မီးပွင့်ရောင်စုံကြားမှာ
ထော့ကြိုးထော့ကြိုးနဲ့ တင်ဆက်နေရဲ့၊
''ဟင် ...ဒီလိုပဲလား''
ဒီလိုပဲလား ...ဟင်
ရွှေပွဲလာတို့
မျက်ခုံးတွေ တွန့်ခေါက်
နှုတ်ခမ်းတွေ တွန့်ခေါက်
နားရွက်တွေ တွန့်ခေါက်
စိတ်တွေ တွန့်ခေါက်ကောက်ကွေးလို့၊
ထယမပြန်ကြပါနဲ့ဦး အစ်ကိုတို့ရေ ...
တော်ကြာ သီချင်းလာတော့မှာ။ ။
.
မောင်ပြည့်မင်း
(ရုပ်ရှင်မဂ္ဂဇင်း)
*********************************************************
ကျိုးကြောင်းမဲ့ကွက်လပ်
-------------------------------------------
ဘာတစ်ခုမှ လုပ်လို့မရတဲ့ နေ့တစ်နေ့မှာ
ကုလားထိုင်တစ်လုံးပေါ်
တစ်ကိုယ်လုံးအပုံလိုက်တင်လို့
အိမ်ဘေးပြတင်းပေါက်ကနေ
အာရုံတွေ ဖြည်လွှတ်ထားရဲ့
အရေပြားအေးစက်စက်ကြီးပါ
ဒီအပြားပြောင်ကြီးပေါ်
ခပ်တွန့်တွန့်ပါးစပ်ကို ထိုးညှပ်
စိတ်ညစ်စရာ တစ်ခုတစ်လေတောင်မှ
တွားဝင်မလာနိုင်တဲ့ အခန်းထဲ
ငြီးငွေ့ခြင်း အလောင်းကောင်ကိုသာ
မလှုပ်မယှက် ထိုင်ကြည့်နေခဲ့
အပြင်ဘက်မှာတော့ အားလုံးက
ဝါကျင့်ကျင့် အဖြူရောင်ဓာတ်ပုံတစ်ပုံလို ခြောက်ခန်းလို့။
မိုးတိမ်တွေလေ
တဖြည်းဖြည်းဝေး ပျောက်သွားကြပြီ။ ။
.
မောင်ပြည့်မင်း
ရနံ့သစ် ၁၉၉၇ ဇန်နဝါရီလ
**************************************************
မြို့ကြီး
--------------------------------
ဒီအခန်းကျဉ်းလေးထဲ
တခြားမွေ့ရာနှစ်ချပ်နဲ့ယှဉ်လို့
ကိုယ်ကမ္ဘာကို ဖြန့်ခင်းနိုင်ဖို့
ဂြိုဟ်သားတွေနဲ့ အသေအကြေတိုက်ခဲ့
သြော် မြို့ကြီးရဲ့။
ညခဲကြီးအောက်မှာ
ပခုံးကုပ်ကုပ်၊လည်ပင်းကုပ်ကုပ်
ကုတ်အင်္ကျီကုပ်ကုပ်ပေါ်ကို
နီယွန်လက်တံတွေ
ရောင်စုံလှမ်းလှမ်းဖိဖိချ
ရာသီဥတု တန်သုံးလေးဆယ် လောင်းချ။
ကာလ ယန္တရားအပျက်တွေ ပစ်ချ။
ခုတော့ အကျင့်ရသွားပေါ့
တဝေါဝေါအသံတွေကြောင့်သာ
သူ့ရဲ့စာြး<ွကင်း စားကျန်တွေကြား
တစ်ပတ်ချင်း လှိမ့်သွားနေခဲ့ရ။
မြို့ကြီးရဲ့
ခင်ဗျားရဲ့ ခြေအိတ်တွေကိုဖာနေတာ
အသက်လေးဆယ်ရွယ် လူတစ်ယောက်ပ။ ။
.
မောင်ပြည့်မင်း
ရနံ့သစ် ၁၉၉၆ ဇူလိုင်။
**********************************************************
နောက်ဆုံးဒြပ်စင
---------------------------------
သူ မူးနေပြီလေ ...။
သူ့အရေပြားနဲ့ အသားထုကို
သူ့ အရိုးစုက ကျောပိုးသယ်လာခဲ
ရှေ့တည့်တည့် ချိန်လျောက်ခဲ့
နောက် လေးဆယ့်ငါးဒီဂရီ
ရှစ်ဆယ်ဒီဂရီ
ငါးဆယ်ဒီဂရီ
ကိုးဆယ့်ငါးဒီဂရ
သူ့အိမ်ကို တန်းတန်းမတ်မတ် ပြန်ချင်နေရှာပြီ။
အဝေမှုန်လမ်းမရဲ့လည်ပင်းမှာ
အဆင်းအတက်လှေကားထစ်များ ဆင်းတက်
ချဉ်သိုးသိုး စာရိတ္တတွေ နေရာအနှံ့ ထိုးအန်ချ
သူ့ရိုးဂုဏ် တစ်ရပ်ကတော့
သဲကြိုးပျက်ပြီး ကျွတ်ကျန်ခဲ့လေရဲ့။
တကယ့် ပါးလှပ်လှပ် သူ့လျှာ
နှုတ်ခမ်းထူပြာပြာတွေနဲ့ ငြိလို့
ဦးနှေက်တောင်ဘက်ခြမ်းနဲ့ မြောက်ဘက်ခြမ်း
ခပ်ကြမ်းကြမ်း စစ်ဖြစ်လို့
အာရုံဖမ်းရေဒါတွေ မယုံနိုင်စရာပျက်စီးလို့
သူ့မျက်မှန်ကိုတော့ ရှပ်အင်္ကျီအိတ်ထဲ ချွတ်ထည့်
လက်နဲ့ ဖိထားနိုင်တုန်းပါပဲ။
သူ ထိန်းတွယ်စရာ တစ်စုံတစ်ရာ ရလိမ့်မယ်
ဒါမှ မဟုတ်
သူပြိုကျသွားလိမ့်မယ်
ဒါမှမဟုတ်
တွဲထူသူ တွေ့လိမ့်မယ်
ဒါမှမဟုတ်
သူ တစ်ခုခု ဖြစ်လိမ့်မယ်
ဘယ်သူ ပြောနိုင်ပါ့မလဲ
ဒါပေမယ့်
ခွက်ထဲက နောက်ဆုံးတစ်ပက်ကို
သူ လုံးဝ ငြင်းနိုင်ခဲ့တယ်။ ။
.
မောင်ပြည့်မင်း
ရုပ်ရှင်တေားကဗျ
*************************************************************
တစ်သက်နဲ့တစ်ကိုယ်လမ်း
=====================
''ရော့ ...သောက်''
''ခုမှ နောက်ပြန်ဆုတ်လို့ မရတော့ဘူး''
သူမ ကားတံခါးကိုဖွင့်ဆင်း
ချပ်ခနဲ ပြန်ပိတ်၊ လှည့်ထွက်သွားပံ
ပိပိရိရိ အိနြေ္ဒကောင်းလှတယ်။
''ရှင် ယောက်ျား မဟုတ်ဘူးလား''
ကားတွေ၊ ကားတွေ ရှုပ်ယှက်ခတ် လမ်းမများ
တစ်ယောက်တည်း ဖြတ်ကူးရဲသလား
တစ်ယောက်တည်းချန်ထားရက်သလား
တစ်ချက်တော့ စဉ်းစားမိလိုက်မယ် ထင်တယ်။
ဒီလိုလွယ်လွယ်လေး ရပါ့မလား
တို့ ရှုပ်ထွေးခဲ့တာတွေ၊
''ရှင်ဟာ တော်တော် ...''
ကျွန်တော့်ကို မိတ်ကပ်ဘူးနဲ့ပေါက်ခဲ့
မျက်ခုံးမွေးဆွဲတံ၊ လက်သည်းဆိုးဆေး
အမျိုးသားသုံးရေမွှေးပုလင်းနဲ့။
ကျွန်တော်ဆံပင်ကို ဖွခဲ့
''ဒီလက်သည်းကိုက်တဲ့ အကျင့်ကို ဖျောက်နော်''
ကြောက်စရာတို့ရှုပ်ထွေးခဲ့တာတွေ။
အဲဒီနေ့ကကွယ်
ကောင်းကင်တစ်ပြင်လုံး
ရေခဲတုံးကြီးလို ခဲလို့။
ဓာတ်ကြိုးတန်းပေါ် ခိုတန်းတွေ ငြိမ်လို့၊
စာတိုက်ပုံးထဲ စာထည့်မည့်သူမရှိ၊
ချစ်သူများ၊ ဇနီးခင်ပွန်း တယုတယ ပြကွက်မရှိ၊
အဲဒီ ခွာမြင့်ဒေါက်ဖိနပ်သံချည်းပဲ။
''ရှင် အပိုတွေ လျှောက်ပြောမနေနဲ့
ညကျရင် စောစောဝင်အိပ်မယ်၊
မြတ်နိုးခြင်း ပန်းတစ်ပွင့်
မျက်ကွယ်မှာလည်း ပွင့်နေလိမ့်ဦးမယ်ကွယ်။ ။
.
မောင်ပြည့်မင်း
************************************************************
.
သူတို့ စားပွဲ
===============
စားပွဲပေါ်မှာ
ဘီယာကရားလွတ်တွေသာ ငိုင်ကျန်ရစ်။
ရှေးဘဝ အဆက်ဆက်က
ချိန်းထားခဲ့သလို သူတို့ဆုံမိကြ၊
ဒီစားပွဲပေါ်မှာ ရယ်ကြ၊
ကလေးတွေအကြောင်း မေးကြ၊
တကယ်မေးချင်တာတွေ မေ့ထားကြ၊
ခဏနား၊ ခဏနားပြီး
နေပူကြီးထဲ
ကျားတွေလို နောက်ဂျွမ်းပစ် ပြန်ထွက်သွားကြ။ ။ ။
**********************************************************************
ဖွယ်ဖွယ်ရာရာ ... ပူပူ
-----------------------------
ဂက်စ်မီးဖိုမီးတောက်ပြာပေါ်မှာ
မင်းကိုငါ ချစ်နေခဲ့၊
အလွယ် မဝယ်လိုက်ဘူး။
သက်သာလို သက်သာငြား
အသံထွက် ယောင်ယမ်းရ၊
လက်ဖျားခါခါ
နားရွက်ဖျားနဲ့ လက်ညှိုးပွတ်သပ်ရ၊
အချိန်အဆ၊ အချိန်အခါ
ခေါင်းမီးတောက်စဉ်းစားရနဲ့၊
ခက်ပါတယ်။
မင်းလှလှပပသုံးဆောင်ပါ
ဒါဟာ
ငါ့ရဲ့ဖွဲ့နွဲ့မှုပါပဲ။ ။
.
မောင်ပြည့်မင်း
ရနံ့သစ်၊ ဇူလိုင်၊ ၂ဝဝ၃။
***********************************************************************
ညလုံးပေါက်ကဖေး
(ဗင်းဆင့်ဗန်ဂိုး)
----------------------------------------
ကြမ်းခင်းဝါဝါ၊ နံရံနီနီများ
ညဆယ့်နှစ်နာရီ တစ်ဆယ့်ငါး။
မီးလုံးဝါဝါ၊ ကြမ်းခင်းဝါဝါ
ဘိလိယက်ခုံဝါဝါ၊
ခုံရှေ့ငေးငိုင်သူ ကုတ်အင်္ကျီဖြူဝါဝ
ကောင်တာပေါ် ပန်းစိုက်အိုး အဝါ။
တစ်ပိုင်းတစ်ပျက်မြင် အတွင်းခန်းအဝါ
မူးငိုက်နေသူ တောဦးထုပ်အဝါရောင်။
မျက်နှာဝါဝါ မိန်းမ
သူမရည်းစားသည် ဦးထုပ်အဝါ
ကဖေးထဲ တိတ်ဆိတ်။
ညလုံးပေါက်ကဖေးအပြင်ကလူ
စက္ကူတစ်ရွက်ကို အစိတ်စိတ်ဆွဲဆုတ်ပစ်
လေထဲ လွှင့်ပစ် ထွက်သွားပေါ့။ ။
.
မောင်ပြည့်မင်း
ဟန်သစ်၊ စက်တင်ဘာ၊ ၂ဝဝ၃။
**************************************************************
.
ကိုယ်ကျင့်တရား
------------------
ဝိုက်လက်သီးတွေကို
ငုံ့ရှောင်ပေးလိုက်ဖို့
မေ့သွားခဲ့တာလား
စိတ်ကြီးဝင်စရာတစ်ခုခု
မျက်နှာသာပေးခံရသူ
ဒါမှမဟုတ် ရထားပြီးသူ၊
အဲဒီလိုစဉ်းစားခဲ့တယ်မဟုတ်လား။
တစ်စင်း
နောက်တစ်စင်း
စက္ကူလေယာဉ်ပျံတွေသာ ဝဲ၊
ဘယ်ခရီးအထိ နီးခဲ့ပါပြီလဲ။
လောကကြီးမှာဘယ်လို၊
ကမ္ဘာပေါ်မှာ ဘာ
မျက်စိပျက်၊ မျက်နှာပျက်
ဒီလောက်တောင်ခက်ခဲခဲ့ရ
ထွက်မပြေးခဲ့ဘူးလား။
သြော် ....ဒီမေးခွန်းတွေကြား
သူ့မျက်ဝန်းညိုညိုတွေကိုသာ
သတိရနေမိပါတယ်။
.
မောင်ပြည့်မင်း

ဧပြီ၊ ၂ဝဝ၂)
**********************************************************
တကယ်ဆိုဖြစ်ခဲ့
တဲ့သီချင်း
----------------------------
ကိုယ် အိပ်လို့မရတဲ့ည
မင်းလည်း အိပ်မရတဲ့ည
နှစ်ယောက်လုံး အိပ်မရညကြီးရဲ့ အလယ်တည့်တည့်။
စတီးလ်လက်ဆေးကန်ထဲ
ေ၇တစ်ပေါက်ပေါက်ယိုကျ
'တိတ်စမ်း
ပါးစပ်ပိတ်ထားစမ်း၊
ငါလည်ပင်းကိုလိမ်ချိုးမိတော့မယ်'
'ဘာဖြစ်လဲ၊ အောက်တန်းကျတယ်
အောက်တန်းကျတယ်ကွာ
ကဲ ဘာဖြစ်ချင်သလဲ'
ပြတင်းပေါက်က ပါးစပ်အဟောင်းသားငေးလို့၊
မျက်တောင်တခတ်ခတ် မီးချောင်းထဲ
လျှပ်စစ်ဓာတ်တွေဆူပွက်လို့။
'လ'ကငြိမ်၊
တိမ်တွေကတော့ ပြေးလို့။
'အေး နောက်မှမိုက်ရိုင်းတယ်လာမပြောနဲ့'
အဝေးဆီ ကားဖြတ်သွားသံသဲ့သဲ့
အသက်ရှုသံ မှန်မှန်ထဲမှိန်ဖျော့လိှု့။
ညလေအေးအေး အေးလို့။
'တစ်နေ့ပစ်ထားခဲ့မယ်၊
ပစ်ကို ထားခဲ့ဦးမယ် မှတ်ထား'
တစ်ညလုံး
စကားလုံးတွေအတင်းထထခုန်နေခဲ့။
ဒါပေမဲ့ ကိုယ့်ထွက်သက်လေနွေးနွေးသာ
မင့်မျက်ခွံမို့မို့ပေါ်ကျလို့။
.
မောင်ပြည့်မင်း
(ဟန်သစ်၊ သြဂုတ်၊ ၂ဝဝ၃)
***********************************************************
.
ရှိတ်စပီးယားရဲ့လက်ဆောင်
-----------------------------------------------
ခိုဖြစ်နေမှတော့ ညည်းမိမှာပေါ့လေ
ဒါပေမဲ့ပြန်နိုင်တယ်၊ ဘာဖြစ်လဲ။
ကိုယ့်အရိပ်ကို
ပင်ပန်းတကြီးထမ်းပြန်လာရတဲ့နေတွေရှိမယ်။
အရိပ်က ကိုယ့်ကို
ပင်ပန်းတကြီးထမ်းပြန်လာရတဲ့နေ့တွေရှိမယ်။
အသွားလမ်းကို
စိတ်မှန်းနဲ့သွားခဲ့ရတဲ့ နေ့တွေ
အပြန်လမ်း
စိတ်နဲ့မှန်းပြီးပြန်လာရတဲ့နေ့တွေ
ဒုက္ခက ကိုယ်ကိုကြိုစောင့်နေတဲ့နေ့နဲ့
ကိုယ်ဒုက္ခကိုပြန်စောင့်နေမိတဲ့နေတွေ
ရှိမယ်။
တစ်နေ့လုံး ဘာမှမရလိုက်တဲ့နေ့
တစ်နေ့လုံး ဘာကိုမှမပြောလိုက်ရတဲ့နေ့
တစ်နေ့လုံးဘာမှမလုပ်ဖြစ်လိုက်တဲ့နေ့
ဒီလိုနေမျိုးတွေလည်းရှိပါလိမ့်ဦးမယ်။
'ဒီအရက်တွေ သောက်သောက်မနေပါနဲ့တော့ညီလေးရယ်'
* ဘယ်လိုနာမည်ပေးပေး
နှင်းဆီဆိုရင် မွှေးပါလိမ့်မယ်။
မောင်ပြည့်မင်း
*ရှိတ်စပီးယား
************************************************************
.
ပျော်မွေ့ဖွယ်ရာ
-----------------
ဘယ်လိုမှ ကွေ့ကောက်မောင်းလို့မရအောင်
ကြယ်တွေပြည့်ကျပ်နေတဲ့ ညကောင်းကင်ကြီး
မော့ကြည့်မိလိုက်တဲ့အခါ
ငါ့ကိုခွင့်လွှတ်ပြီး
ငြိမ်ငြိမ်ဖြည်းဖြည်း လည်နေရှာသူ ကမ္ဘာကြီးကို
ပိုလို့ချစ်သွားခဲ့ပေါ့ ။
''ကြည့်နေ၊ ညနေကျရင် ပိုလှလာလိမ့်မယ်''။
ပန်းတစ်ပွင့်ချင်းစီမှာ
အဓိပ္ပာယ်တစ်ခုချင်းရှိနေရဲ့
ပုံကြမ်းတစ်ပုံချင်းစီမှာ။
အသံတစ်သံချင်းစီမှာ
အဓိပ္ပာယ်တစ်ခုချင်းရှိနေရဲ့
တခြားလူတစ်ယောက်၊ တခြားကိစ္စမှာ။
''ကြည့်နေ၊ ညကျရင် မီးရောင်နဲ့ ပိုလှလာလိမ့်မယ်''။
မုန်တိုင်းဆိုတာလည်း
နေ့တိုင်းတော့ မကျနိုင်ပါဘူးလေ
ထ ...သူငယ်ချင်းရေ
တိမ်တွေပြေးဆင်းသွားတဲ့ဘက်ကိုပဲ လိုက်ကြစို့ရဲ့။
.
မောင်ပြည့်မင်း
*******************************************************
သူ့အင်္ကျီကိုတံခါးဝမှာ ချိတ်ထားပစ်ခဲ့ပြီ
--------------------------------------
အိပ်ခန်းထဲမှာ
နံရံဖြူဖြူထောင့်ကြားတွေပါ မကျန်
လင်းထိန်လို့။
ကျွန်းစားပွဲမျက်နှာပြင်ပေါ်
ပန်းသီးတစ်လုံး တအိအိ ကျွံဝင်နေရဲ့။
တမင်လွှတ်ချန်ခဲ့သော ကောက်ကြောင်းမျာ
ချောင်ချောက်ချားချားလှပ၊
လောကနှဲ့သူတစ်ချက် ကိုယ်တစ်ချက်ချရဲသူ၊
အသက်ကိုဖက်နဲ့ထုပ်ရဲသူ၊
သူပြန်လှည့်မကြည့်တော့။
'ခြင်ရိုက်၊ ယင်မောင်းလောက်နဲ့တော့
ငါ့အရေပြားကိုချွတ်မပေးနိုင်ဘူး'
ဆေးဆိုးဝါးဆိုးတြွေုကား
အတူတူကြီးပြင်းလာခဲ့ကြ တို့တစ်တွေ၊
သူ့တုံ့ပြန်မှုကို ငေးကြည့်ပေးရုံကလွဲလို့။
ညက ဇေယျာလင်းရဲ့ကဗျာဖတ်ပြီး အိပ်မပျော်ဘူး
သူ့ကိုမြင်ခဲ့
မြင်တာကိုသိခဲ့
ခုတော့ သိတဲ့မှတ်စိတ်လေးပါမကျန်
တဖြုတ်ဖြုတ် ပြီးပျောက်သွားပေါ့။
သူ့အင်္ကျီကို
တံခါးဝမှာ။ ။
.
မောင်ပြည့်မင်း
(ဗြူတီ၊ ဇူလိုင်၊ ၂ဝဝ၃)
*****************************

No comments:

Post a Comment