Mar 9, 2017

ကျွန်တော်တို့နဲ့မြစ်တစ်စင်း

#ကျွန်တော်တို့နဲ့မြစ်တစ်စင်း

                                                  #နန္ဒာစိုး(ဆင်ဖြူကျွန်း)

( ၁ )

တစ်နေ့သားမှာပေါ့။

အရာရာ လုပ်သမျှ အဆင်မပြေလို့ အကြီးအကျယ် စိတ်ညစ်နေတဲ့ လူတစ်ယောက် မြစ်ဆိပ်ကမ်းပါးတစ်ခုကို ရောက်လာတယ်။ လူသူလေးပါး ကင်းရှင်းပြီး ကမ်းပါးစောက် အမြင့်ကြီး ရှိတဲ့ နေရာတစ်ခုပါပဲ။ ဒါပေမဲ့... တိုက်တိုက်ဆိုင်ဆိုင် မြစ်ကမ်းနဲ့ မလှမ်းမကမ်း ညောင်ပင်ကြီးတစ်ပင်အောက် မှာကတော့ လူတစ်ယောက်က ကြိုတင်ရှိနေတယ်။ အဲဒီလူက မြစ်ကမ်းပါးထိပ်မှာ ရပ်လိုက်တဲ့ လူကို လှမ်းအကဲခတ်ကြည့်နေရင်းက အော်မေးလိုက်တယ်။

''ဟေ့လူ... ဒီနေရာကို ဘာလာလုပ်တာတုံး၊ ကူးတို့ဆိပ်က ဟိုး အောက်ဘက်မှာ ရှိတာဗျ''

မြစ်ကမ်းပါးက လူက အသံကြားရာကို တအံ့တသြ လှည့်ကြည့်ပြီး ပြန်ပြောတယ်။

''သိသားပဲ... ကျုပ်က တမင်တကာ ဒီနေရာကို ရွေးလာခဲ့တာ''

''ဘာဖြစ်လို့ ဒီနေရာကို ရွေးလာခဲ့တာတုံး''

''အောက်က ရေဝဲကြီးထဲကို ဟောဒီထိပ်ကနေ ခုန်ချပြီး သေတော့မလို့ လာတာဗျို့... ရှင်းပြီလား''

ညောင်ပင်အောက်ကလူ မျက်လုံးပြူးသွားတယ်။ ချက်ချင်းပဲ ပျာပျာ သလဲ ထလာပြီးတော့ ကမ်းပါးက လူဆီ အပြေးတစ်ပိုင်း ရောက်သွားတယ်။

''မဟုတ်တာဗျာ... ဘာလို့ ကိုယ့်အသက်ကိုယ် ရန်ရှာချင်ရတာလဲ''

''လောကကြီးမှာ မနေချင်တော့လို့ပေါ့ဗျာ''

''ဘာဖြစ်လို့ မနေချင်ရတာတုံး''

''စိတ်ဓာတ်ကျလို့ဗျို့၊ လူကသာ ဟောဒီမြေပေါ် ရှိနေသေးတာ၊ ကျုပ် စိတ်ဓာတ်တွေက ဟိုးအဝီစိအောက် ရောက်နှင့်တာ ကြာခဲ့လှပေါ့''

''ဘယ်လို ဖြစ်ရတာလဲဗျာ''

''ကျုပ် လုပ်သမျှ ဘာမှ အဆင်မပြေလို့ပေါ့ဗျ၊ ရှင်းနေတာပဲ''

''နေပါဦး... ခင်ဗျားက ဘာတွေများ လုပ်ခဲ့လို့တုံး''

မြစ်ကမ်းပါးက လူ အတော်ကို စိတ်ညစ်သွားတယ်။ သူ့ကိစ္စသူ အေးအေးဆေးဆေး လုပ်ရမလားဆိုပြီး လူရှင်းလောက်တယ် ထင်တဲ့ နေရာကို ရွေးလာမိတော့ တကယ့် မိကျောင်းသား ဗျူးသမားတစ်ယောက်နဲ့ လာတိုးနေရတာကိုး။ ဒါပေမဲ့ သူ့စိတ်ကို သူ ဖြေလိုက်ပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီလူဟာ သူ့ ဘဝမှာ နောက်ဆုံးစကား ပြောရမယ့်သူပဲ။ သူ့အကြောင်းကို နောက်ဆုံးအချိန် မှာ နောက်ဆုံးအကြိမ်အဖြစ် ကမ္ဘာမြေပေါ်က လူသားတစ်ဦးဦးကိုတော့ ပြောပြထားခဲ့သင့်တယ်။ ဒီလူဟာ သူ့ဘဝနဲ့ သူ့ခံစားချက်တွေကို နောက်ဆုံး မှတ်တမ်းတင်တဲ့ လူတစ်ယောက်အဖြစ် ကျန်ရစ်စေခဲ့ရမှာပေါ့လို့ တွေးလိုက်မိ တာနဲ့ သူ့စိတ်ကိုသူ နည်းနည်းဆွဲဆန့်ထားလိုက်တယ်။ ပြီးတော့ သူ့ရင်ထဲ ရှိသမျှလည်း မကွယ်မဝှက် ပြောခဲ့မယ်လို့ ဆုံးဖြတ်လိုက်တယ်။
''ကျုပ် လုပ်ခဲ့တဲ့ အလုပ်တွေကိုတော့ မမေးနဲ့ဗျို့၊ စုံလိုက်သမှ ကျုပ် လုပ်ခဲ့သမျှ လုပ်ငန်းတွေအားလုံးကိုတောင် မမှတ်မိတော့ဘူး''
သည်တော့ ဗျူးဆရာက ခေါင်းခါပြီး ငြင်းတယ်။

''မဖြစ်နိုင်တာပဲဗျာ''

''ဘာလို့ မဖြစ်နိုင်ရမှာလဲ၊ ကျုပ်ဟာ လုပ်ငန်းပေါင်းစုံ လုပ်လာခဲ့တဲ့ လူဗျ''

''ဟုတ်ပါပြီလေ... ဒါပေမဲ့ လောကကြီးမှာ ရှိသမျှ အလုပ်အားလုံးရဲ့ အညှာက တစ်ခုတည်းဗျ၊ အပေါ်ယံ နာမည်တွေသာ မျိုးကွဲတွေ ကုဋေချီ ရှိ နေတာ၊ အညှာကတော့ တစ်ခုတည်းပဲ မဟုတ်လား''

ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံဖို့ လာတဲ့လူ မျက်မှောင်ကြုတ်သွား တယ်။ ဒါပေမဲ့ သေခါနီးကာမှတော့ ခေါင်းရှုပ်စရာတွေ မတွေးချင်တော့ဘူးလေ။ သည်တော့ စိတ်တိုတိုနဲ့ ဘုတောပစ်လိုက်တယ်။

''တော်စမ်းဗျာ... ခင်ဗျား ဘာတွေ လျှောက်ပြောနေတာလဲ၊ ကျုပ် ဦးနှောက်မခြောက်ချင်တော့ဘူး''

''ဒေါသမကြီးပါနဲ့ဗျာ... ကျုပ်က မှန်တာတွေ ပြောနေတာပါ၊ ခင်ဗျား လည်း စဉ်းစားကြည့်ဦးပေါ့၊ ဒီမယ် ကိုယ့်လူ... လောကကြီးမှာ ခင်ဗျား ဘာလုပ်သလဲလို့ မေးရင် သန်းခေါင်ကျော်မှ အိပ်ရာထဲက ထဖြေလိုက်၊ လုံးဝ မမှားနိုင်တဲ့ အဖြေက စုစုပေါင်းမှ တစ်ခုတည်း ရှိတာဗျ...''

သေချင်တဲ့ ဆရာ ထပ်မျက်မှောင်ကြုတ်ရပြန်ရော။

''လုပ်စမ်းပါဦး... ဘယ်လိုအဖြေလဲ''

ဗျူးဆရာက ဟက်ခနဲ တစ်ချက် ရယ်တယ်။

''လွယ်လွယ်ကလေးပါ၊ ကျုပ် အရောင်းအဝယ် လုပ်တယ်လို့သာ ဖြေလိုက်၊ ပွဲသိမ်းရော...''

''မဟုတ်တာဗျာ၊ လူတိုင်းက ကုန်သည်တွေချည်းမှ မဟုတ်တာ''

''ဇွတ်မျက်စိမှိတ် မငြင်းချင်စမ်းပါနဲ့ဗျ၊ ခေါင်းအေးအေးထား စဉ်းစား ကြည့်ပါဦးလေ''

''ဥပမာဗျာ... ကျောင်းဆရာ၊ ကဲ... သူ့အလုပ်က စာသင်တာပဲ''

''ဒီမယ် ကိုယ့်လူ... ကျောင်းဆရာ မကလို့ ပါမောက္ခကြီးပဲ ဖြစ်နေနေ၊ သူတို့ဟာ သူတို့ရဲ့ ပညာကို သင်ယူသူတွေဆီ ရောင်းချနေကြသူတွေပဲ ဖြစ်တယ်၊ စေတနာကတော့ အဆစ် ထည့်ပေးရတာပေါ့လေ''

''ပခုံးထမ်း အလုပ်သမားတွေ ဆိုရင်ကောဗျာ...''

''ဘာထူးလို့လဲဗျ၊ သူတို့လည်း သူတို့ရဲ့ ဝန်ဆောင်မှု ကာယလုပ်အား တွေကို ရောင်းချနေကြတာပဲဥစ္စာ၊ ဒီမယ် ကိုယ့်လူ... အရောင်းအဝယ် သဘောတရားဟာ လူ့သမိုင်းနဲ့အမျှ အိုမင်းတယ်ဗျ၊ လူရယ်လို့ ပေါ်လာစကတည်းက အဲဒီသဘောတရားကြီးက ကပ်လျက် ပူးတွဲ မွေးဖွားလာတာ၊ ကာယ တတ်နိုင်တဲ့ သူက ကာယကို ရောင်းတယ်၊ ဉာဏ တတ်နိုင်တဲ့သူက ဉာဏကို ရောင်းတယ်၊ ဖလှယ်ရေး ကိရိယာ ဖြစ်တဲ့ ငွေတွေ အများကြီး ရှိတဲ့သူက အဲဒီငွေကို အခြေခံပြီး ထုတ်ကုန်ပစ္စည်းမျိုးစုံကို ရောင်းဝယ်ဖောက်ကားတယ်၊ လူဟာ ရောင်းချသူ ဖြစ်သလို တစ်ပြိုင်နက်တည်းမှာလည်း ဝယ်ယူသူ ဖြစ် နေရတာပဲ၊ ဒါကြောင့် ခင်ဗျား ဘာလုပ်သလဲလို့ မေးရင် အရောင်းအဝယ် လုပ်တယ်လို့ ဖြေလိုက်တာဟာ တစ်ခွန်းတည်းနဲ့ ပွဲသိမ်းတယ်လို့ ကျုပ် ပြောခဲ့တာပေါ့''

''အင်း... ဟုတ်သလိုလိုပဲ''

လို့ မြစ်ထဲ ခုန်ချမယ့်သူက တွေးမိသွားတယ်။ ဒါ့ကြောင့် ဝန်ခံလိုက် တယ်။

''မှန်တယ်... ခင်ဗျား ပြောသလို ဆိုရင်တော့ ကျုပ်ဟာ အရောင်းအဝယ်သမား တစ်ယောက်ပါလို့ ဝန်ခံဖို့ပဲ ရှိတော့တယ်၊ ဒါပေမဲ့ အခုတော့ ကျုပ်မှာ ရောင်းစရာဆိုလို့ ဘာတစ်ခုမှ မကျန်တော့ဘူးဗျ၊ အဲဒါကြောင့် ကျုပ် ဒီနေရာကို တမင်ရွေးချယ်ပြီး ရောက်လာခဲ့တော့တာပဲ၊ ဘာမှ ရောင်းစရာ မရှိတော့တဲ့ လူတစ်ယောက်အဖို့ သေတာပဲ အကောင်းဆုံး ဖြစ်နိုင်တယ် မဟုတ်လား''

''မဟုတ်သေးပါဘူး ကိုယ့်လူရယ်... ခင်ဗျားမှာ ရောင်းချစရာ တစ်ခုခု တော့ ရှိကို ရှိရဦးမှာပါ''

''ခက်ပါ့ဗျာ၊ ဘာမှ မရှိတော့ပါဘူးလို့ ဆိုနေ၊ ကျုပ် လုပ်ခဲ့သမျှတွေ အကုန်လွဲခဲ့တယ်ဗျာ၊ ရှိသမျှ စည်းစိမ်ဥစ္စာတွေလည်း ကုန်ရော... ကျုပ် ပြေလည်စဉ်တုန်းက ကျုပ်အနားမှာ ဝိုင်းဝိုင်းလည်နေခဲ့ကြတဲ့ မိတ်ဆွေ အပေါင်းအသင်း ဆိုတဲ့ သတ္တဝါတွေက တစ်ကောင် တစ်မြီးမှ မကျန်အောင် ခြေရာဖျောက်သွားကြတော့တာပဲဗျို့''

''ဒါမျိုးကတော့ ဆီသည်မ လက်သုတ် ပြဇာတ်တွေပါဗျာ၊ မဆန်းလှ ပါဘူး၊ တငေးတမော ကြည့်ရှုခံစားနေရမယ့် 'ရသ'တွေ မပါပါဘူး၊ ဒီလောက်နဲ့တော့ စိတ်ဓာတ်မကျပါနဲ့ဦး''

''ဒါတင်မကသေးဘူးဗျ၊ အဲဒီနောက်ပိုင်းမှာ ကျုပ်ရဲ့ ဆွေမျိုးသားချင်း ဆိုသူတွေကလည်း ချေးရနိုးနိုး၊ ငှားရနိုးနိုး ထောက်ပံ့ကြရနိုးနိုးနဲ့ ကျုပ်ကို ဝေးဝေးက ရှောင်ကြတော့တာပဲဗျ၊ ကျုပ်ဟာ သူတို့နဲ့ သွေးသားတော်စပ်ပါ တယ်လို့တောင် အပြောမခံနိုင်ကြတော့ဘူး၊ ဒီတော့မှ ကျုပ်မှာ ဆွေမျိုးဆိုတာ မရှိဘဲ ရွှေမျိုးတွေပဲ ရှိပါလားလို့ သိခဲ့ရတာ... လက်စသတ်တော့ သူတို့က ရွှေရှိမှ အမျိုးတော်ချင်ကြတာကိုး''

''ဒါလည်း ဖန်တရာတေနေတဲ့ လောကဓံဆိုတဲ့ ဒါရိုက်တာအိုကြီးရဲ့ ကလီရှေးရိုက်ချက်ကြီးပဲဗျ၊ ကြည့်ဖို့တောင် ပျင်းစရာကောင်းလိုက်လေ၊ လွမ်း လောက်စရာ မရှိပါဘူး''

''ဒီလိုဆိုရင် ကျုပ်ဘဝရဲ့ လက်တွဲဖော်ဆိုတဲ့ ဇနီးမယားကိုယ်တိုင်က ကျုပ်ရဲ့ မပြည့်စုံမှုတွေကို သည်းမခံနိုင်တော့ဘဲ နောက်ထပ် ပြည့်စုံတဲ့ လင်ငယ် တစ်ယောက်နဲ့ လိုက်ပြေးသွားတာကျတော့ရောဗျာ၊ ကျုပ် မွေးထားတဲ့ သားသမီးတွေကိုယ်တိုင်၌က ကျုပ်ကို လူစာရင်း မသွင်းချင်ကြတော့တာလည်း ပါတယ်၊ ကိုင်း... ကျုပ် စိတ်ဓာတ်မကျထိုက်ပေဘူးလား''

''ခင်ဗျားကလည်း... ကျွန်ယုံတော့ တစ်ဖက်ကန်း၊ သားသမီး ယုံတော့ စုံလုံးကန်း... ဆိုတဲ့ စကား ဘယ်သွားထားရဦးမှာလဲဗျ၊ ခင်ဗျားက ဗိမ္ဗိသာရမင်းကြီးလောက်များ အဖြစ်ဆိုးနေလို့လား၊ ခင်ဗျား သားသမီးတွေထဲမှာ ခင်ဗျားကို ပြန်သတ်မယ့်၊ မသတ်ခင် နှိပ်စက်ဦးမယ့် အဇာတသတ်လို သားမျိုးတော့ မပါလာသေးဘူး မဟုတ်လား၊ ပူစရာ မရှိလှပါဘူးလေ...''

''ကိုင်းဗျာ... ဒီလိုဆိုရင် ကျုပ်ရဲ့ နောက်ဆုံးပူစရာကိုပဲ ပြောတော့မယ်၊ အဲဒါကတော့ စောစောက ခင်ဗျား ပြောသလို အရောင်းအဝယ် သဘော  တရား ကြီးစိုးလွှမ်းမိုးတဲ့ လောကကြီးထဲမှာနေပြီး ကျုပ်မှာ ဘာဆိုဘာမှ ရောင်းစရာ မရှိတော့တဲ့ ကိစ္စပဲဗျ၊ အဲဒါဟာ လတ်တလောမှာ ကျုပ်အတွက် အဆိုးဆုံး သင့်နေတဲ့ ကျိန်စာတစ်ခုပဲ မဟုတ်လား၊ တီဗွီက ပြနေတဲ့ တရုတ်ကားတွေထဲကလို ကျွန်တော် သေသင့်ပါတယ် ဆိုသလိုမျိုးကြီး...''

ဗျူးဆရာက ခေါင်းခါယမ်းပြလိုက်ပြန်တယ်။ ပြီးမှ ခပ်ပြုံးပြုံးနဲ့ ပြော တယ်။

''ခင်ဗျားက ထူပူနေတာကိုးဗျ၊ ဒါ့ကြောင့် မစဉ်းစားမိတာပါ၊ ဒါလည်း ခင်ဗျားကို အဆိုးတော့ မဆိုသာပါဘူးလေ၊ လူဆိုတာကလည်း နီးလွန်းရင် မမြင်တတ်ကြဘဲကိုးဗျ၊ သိပ်လွယ်ကူလွန်းနေတော့ လူတိုင်းက ထည့်မစဉ်းစားဖြစ်ကြတဲ့ ရောင်းကုန်တစ်မျိုး ခင်ဗျားမှာ ရှိနေသေးတယ်ဗျ၊ ခင်ဗျားမှ မဟုတ် ဘူး၊ လူတိုင်း လူတိုင်းဟာ လူရယ်လို့ ဖြစ်တည်လာပြီဆိုကတည်းက အကြီးကျယ်ဆုံး ရောင်းချစရာ ကုန်စည်တစ်မျိုးကို လောကကြီးက လက်ဆောင်ပေးထားပြီးသားဗျ၊ ကိုယ်က လိမ္မာပါးနပ်စွာ ရောင်းချတတ်ဖို့ပဲ လိုတာ၊ အဲဒီကုန်စည်ကိုတော့ ခင်ဗျား မရောင်းရသေးတာ သေချာပါတယ်။

သေကြောင်းကြံချင်တဲ့ ဆရာ စိတ်ရှုပ်သွားရပြန်တယ်။ ဘာလဲဟ... ဒီလူ ဘာတွေ လျှောက်ပြောနေပြန်ပြီလဲ။ 'မွေးရာပါ ရောင်းကုန်...'တဲ့။ ဘာတွေတုံး...။ သူ စဉ်းစားလို့မရဘူး။ ဘယ်လိုမှ အဖြေပေါ်မလာတဲ့နောက် ခပ်ရှင်းရှင်းပဲ ပြောင်ပြောင်ဖွင့်မေးလိုက်ရတော့ရဲ့...။

''ကိုင်း... မောင်မင်းကြီးသား၊ ပြောစမ်းပါဦးဗျာ၊ မွေးရာပါ ရောင်းကုန် ဆိုတာ...၊ ကျုပ် မရောင်းရသေးတာလည်း မှန်တယ်၊ ကျုပ်မှာလည်း တကယ် ရှိနေတာ မှန်တယ်ဆိုရင်ဖြင့် ချရောင်းနိုင်ဖို့ ကြိုးစားကြည့်ရအောင်လို့...''

''အဲလို လုပ်စမ်းပါ ကိုယ့်လူရယ်၊ ကျုပ် ပြောတဲ့ မွေးရာပါ ရောင်းကုန် ဆိုတာ တခြား မဟုတ်ဘူးဗျို့...၊ နာမည် နာမည်... ခင်ဗျားရဲ့ နာမည်ဟာ ခင်ဗျားအတွက် မွေးရာပါ ရောင်းကုန်ပဲ၊ စိတ်အချရဆုံး အရင်းအနှီးပဲ''

ကမ်းပါးထိပ်က ခုန်ချမယ့် ဆရာ မျက်လုံးပြူးသွားတယ်။ သောက်ကျိုး နည်း... မွေးရာပါ ရောင်းကုန်ဆိုလို့ ဘာကြီးများပါလိမ့် အောက်မေ့တာ...။ လက်စသတ်တော့ နာမည် ဆိုပါကလား။ သူ ခေါင်းခါပြလိုက်တယ်။

''ပေါက်ပေါက်ရှာရှာဗျာ၊ နာမည်ဟာ ရောင်းကုန်တစ်မျိုးလို့ ကျုပ် ဘယ်တုန်းကမှ မစဉ်းစားမိခဲ့ဖူးဘူး''

''အဲဒါကြောင့် ပြောတာပေါ့ဗျ၊ လူတိုင်းက ကိုယ့်အနီးမှာ အမြဲ ကိုယ်နဲ့ ပူးတွဲနေတဲ့ ရောင်းကုန်ကိုကျတော့ မစဉ်းစားမိကြပါဘူးလို့ ဆိုနေ၊ ဒီမယ် ကိုယ့်လူ... လောကကြီးမှာ နာမည်ကို လူကြိုက်များအောင် ပက်ကင်လှလှလေး ထုပ်ပိုးပြီး ရောင်းချတတ်ဖို့ပဲ လိုသဗျ၊ ရောင်းတတ်တဲ့ သူအဖို့ နာမည်ဆိုတဲ့ ရောင်းကုန်ဟာ ဝယ်လိုအား ဘယ်လောက်ကောင်းကောင်း၊ ကုန်ကြမ်းပြတ်သွားတယ်လို့ မရှိဘူး၊ လျှပ်စစ်မီး မလာလို့ ထုတ်လုပ်မှု ရပ်ဆိုင်းထားရပါတယ် ဆိုတာမျိုးလည်း မရှိဘူး၊ အဲ... မရောင်းတတ်ရင်လည်း တစ်ချီတည်းနဲ့ တစ်သက်စာ ကိစ္စပြတ်ကရော အောက်မေ့ပေတော့...''

''အင်း... စိတ်ဝင်စားစရာပဲ၊ ပြောစမ်းပါဦး''

''စိတ်ဝင်စားရမယ်လေဗျာ၊ ခင်ဗျားမှာလည်း အဲဒီနာမည်ဆိုတဲ့ ရောင်းကုန်ကြီးက ရှိနေပေတာကိုး။ ဒီမယ် ကိုယ့်လူ... ခင်ဗျား မိုက်ခရိုဆော့ဖ်ဝဲ ကုမ္ပဏီပိုင်ရှင် သန်းကြွယ်သူဌေး ဘီလ်ဂိတ်ကို ကြားဖူးသလား''

''ကြားဖူးသားပဲ၊ ကွန်ပျူတာ ဆော့ဖ်ဝဲတွေ တီထွင်ရောင်းချရင်းနဲ့ ချမ်းသာသွားတဲ့လူ၊ အခုဆိုရင် သူ့ရဲ့ ဂိတ်မိသားစု ရန်ပုံငွေအဖွဲ့က ကမ္ဘာ အရပ်ရပ်မှာ လှူဒါန်းထားတာတွေ ဒေါ်လာ သန်း ၂ဝဝဝ ကျော်ပြီလို့ သိရတယ်။ ဒီလူကတော့ ဘဝမှာ တကယ် အောင်မြင်တဲ့ လူပါပဲဗျာ''

''ခင်ဗျားက ကွန်ပျူတာ ဆော့ဖ်ဝဲတွေ ရောင်းတာပဲ မြင်နေတာကိုး၊ အမှန်က သူ့နာမည် ဘီလ်ဂိတ် ဆိုတာကို လူတကာ အသုံးတည့် စိတ်ဝင်စားတဲ့ ကွန်ပျူတာဆော့ဖ်ဝဲ ဆိုတဲ့ ပက်ကင်လှလှကလေးနဲ့ ထုပ်ပိုးပြီး လူကြိုက်များအောင် ချရောင်းနိုင်ခဲ့တာလို့မှ မတွေးဘဲကိုးဗျ၊ ဒီလိုပဲ... လူတွေ ဝယ်စီးနေကြတဲ့ မော်တော်ဆိုင်ကယ်တို့၊ ကားတို့မှာလည်း 'ဟွန်ဒါ'ဆိုတဲ့ နာမည်ကို ဝယ်စီးကြတာဗျ၊ ခင်ဗျား အပေါ်ယံ မြင်နေရတဲ့ ဆိုင်ကယ်တို့ ကားတို့က ပက်ကင်တွေ၊ အထဲမှာ ထုပ်ပိုးထားတာက ဟွန်ဒါ ဆိုတဲ့ နာမည်၊ ရှင်းပြီလား၊ တီဗွီချင်းတူပါလျက်နဲ့ လူတွေက 'ဆိုနီ'ကို မက်ကြတာ ဘာသဘောတုံး၊ 'ဆိုနီ' ဆိုတဲ့ နာမည်ကို ဈေးကွက်ဝင်အောင် 'နာမည်' ရောင်းချနိုင်လို့ ရွေးချယ်ကြတဲ့သဘော မဟုတ်ဘူးလား''

''အင်း... ဟုတ်သလိုလို အရှိသားပဲဗျ''

''ဟုတ်မနေနဲ့ ကိုယ့်လူ... လုံးဝသံသယမဝင်ဘဲ ယုံလိုက်စမ်းပါ၊ ကိုယ့်လူလည်း ကိုယ့်လူရဲ့ နာမည်ကို ဘယ်လို ပက်ကင်လှလှလေးနဲ့ လူ စိတ်ဝင်စားအောင် ရောင်းခဲ့ဖူးပြီလဲ ဆိုတာပဲ ပြန်စဉ်းစားပေတော့၊ လောကကြီးမှာ ရောင်းတတ်တဲ့သူကို မရောင်းတတ်တဲ့သူတွေက ဝိုင်းအားပေးပြီး သူ ရောင်းသမျှ ထိုင်ဝယ်နေကြရတာကိုက ဘယ်တန်ခိုးရှင်ကမှ တားဆီးလို့မရတဲ့ အခြေခံ ရေစီးကြောင်းကြီးပဲ၊ ရောင်းကုန်ပစ္စည်း ရှိတယ်၊ ကောင်းတဲ့နည်းနဲ့ ရောင်းမလား၊ ဆိုးတဲ့နည်းနဲ့ ရောင်းမလား၊ ကိုယ်က ဒါပဲ စဉ်းစားဆုံးဖြတ်ဖို့ လိုတယ်၊ ဒီမှာ... ခင်ဗျား ဟစ်တလာ ဆိုတာ ကြားဖူးတယ် မဟုတ်လား''

''သိပါ့ဗျာ၊ ဒုတိယကမ္ဘာစစ်တုန်းက ဥရောပကို ကိုင်လှုပ်ခဲ့တဲ့ နာဇီ လက်ဟောင်းကြီးပဲ၊ ဂျူးခြောက်သန်းကို အဆိပ်ငွေ့ပေးသတ်ခဲ့တဲ့ ငနဲကြီးပဲ''

''အဲဒါပေါ့ဗျ၊ ဟစ်တလာဟာ သူ့နာမည်ကို သူ အဆိုးဆုံးနည်းနဲ့ ရောင်းချသွားခဲ့တဲ့သူပဲပေါ့၊ ဒါပေမဲ့ အားလုံးက ကြောက်ကြောက်နဲ့ ဝိုင်းဝယ် ခဲ့ကြရတာ နည်းရောလား၊ သူလည်း ရောင်းလို့ကောင်းခဲ့တာပဲဗျ၊ ပြောချင်တာက ကောင်းခြင်း ဆိုးခြင်း ဆိုတာကတော့ ကာယကံရှင်ရဲ့ ဆုံးဖြတ်ချက်အပေါ်မှာပဲ မူတည်တယ်၊ နာမည်ဆိုတဲ့ ရောင်းကုန်ဟာ ကောင်းတဲ့နည်းနဲ့ဖြစ်စေ၊ ဆိုးတဲ့နည်းနဲ့ဖြစ်စေ တွင်ကျယ်အောင် ရောင်းချတတ်ရင် အရောင်းသွက် ပစ္စည်းစစ်စစ် ဖြစ်တယ် ဆိုတာပဲ၊ လောကမှာ နာမည်ဆိုတဲ့ ကုန်စည်ကို တွင်ကျယ်အောင် ရောင်းချနိုင်ခြင်းကို အောင်မြင်မှုလို့ တံဆိပ်ကပ်ကြတာ မဟုတ်လား၊ ကိုင်း... ကျုပ် မေးမယ်၊ ခင်ဗျားရဲ့ နာမည်ကို ခင်ဗျား ရောင်းချကြည့်ဖို့ စဉ်းစားဖူးသလား''

''ရှက်ရှက်နဲ့ပဲ ဝန်ခံရတော့မှာပဲ၊ ကျုပ် တစ်ခါမှ မစဉ်းစားခဲ့ဖူးဘူး၊ အခုမှ စဉ်းစားရကောင်းမှန်း သိလာတာ''

''အဲဒါ အိုကေပေါ့ဗျ၊ ဒီမယ် ကိုယ့်လူ... သိခြင်းမှာ နောက်ကျတယ်လို့ မရှိဘူးတဲ့ဗျ၊ အရက်သမား စကားပုံတစ်ခုကို ပြောရရင် ပုလင်းထဲမှာ မရှိဘဲနဲ့တော့ ခွက်ထဲကို ဘယ်တော့မှ ရောက်လာမှာ မဟုတ်ဘူးတဲ့၊ ဒီတော့ ခင်ဗျား သိပြီပဲ၊ နောက်မကျသေးဘူး၊ ခင်ဗျားအနေနဲ့ ပုလင်းထဲမှာ ရှိအောင် ထည့်ပေးနိုင်ဖို့ပဲ လိုတော့တယ်၊ ဒါမှ ခွက်ထဲကို ငှဲ့ချနိုင်မှာပေါ့''

သေကြောင်းကြံမယ့် လူက ခေါင်းတညိတ်ညိတ်နဲ့ သူတို့ ပြောခဲ့သမျှ တွေကို အပြန်ပြန်အလှန်လှန် စဉ်းစားနေသေးတယ်။ အတော်ကလေး ကြာ သွားတော့မှ တစ်ခုခုကို ဆုံးဖြတ်ချက် ချလိုက်သလို မျက်နှာထားနဲ့ ပြောတယ်။

''ကောင်းပြီဗျာ... ခင်ဗျား ပြောသလို ကျုပ်ရဲ့ မွေးရာပါ ရောင်းကုန်ကို စွံအောင် ရောင်းကြည့်ဖို့ ကြိုးစားကြည့်ဦးမယ်၊ တွင်ကျယ်သွားရင် ကျုပ် ဟာ အောင်မြင်တဲ့ လူတစ်ယောက် ဖြစ်သွားမှာပေါ့၊ ကျုပ်ကို ဒီလို အကြံဉာဏ် ပေးတဲ့ ခင်ဗျားကိုလည်း ကျေးဇူးတင်ပါတယ်ဗျာ၊ ကျုပ် ကျေးဇူးတင်ရတဲ့ ခင်ဗျားအကြောင်းကိုလည်း နည်းနည်းတော့ မှတ်သားသွားပါရစေဦး၊ ခင်ဗျားကရော... ခင်ဗျားနာမည်ကို ဘယ်လိုပုံစံနဲ့ ရောင်းချသလဲဗျ''

သည်တော့ ဗျူးဆရာက မခိုးမခန့် ပြုံးလိုက်တယ်။ ပြီးမှ ထီမထင်တဲ့ လေသံနဲ့ ပြောလိုက်တယ်။

''ကျုပ်ကတော့ ကျုပ်နာမည်ကို ရိုးရိုးမရောင်းဘူးဗျ၊ ဟီရိ သြတ္တပ္ပနဲ့ ဂုဏ်သိက္ခာ ဆိုတဲ့ အဆစ်တွေ ပေါပေါပူးတွဲထည့်ပေးပြီး ရောင်းတယ်၊ လွယ်တဲ့  နည်းလမ်းတော့မဟုတ်ဘူးနော်''

''ဟီရိသြတ္တပ္ပ ဆိုတာက အရှက် အကြောက်တရား နှစ်ပါးပဲဗျ၊ ဂုဏ်သိက္ခာဆိုတာကလည်း လူတွေအတွက် အရေးကြီးတဲ့ အရာတစ်ခုပဲ''

''ဟုတ်တယ်လေ... ကျုပ်က အဲဒီအရှက်အကြောက် ဆိုတာနဲ့ ဂုဏ် သိက္ခာဆိုတာတွေကို ကျုပ်ရဲ့ နာမည်မှာ ရောထည့်ပြီးမှ ရောင်းတယ်၊ ကျုပ် တစ်ဝမ်းတစ်ခါးတော့ အိုကေလို့ပဲ''

''ရှင်းရှင်းပြောစမ်းပါဗျာ၊ ခင်ဗျား အလုပ်က ဘာလဲ၊ ခင်ဗျား ဘာလုပ် သလဲ''

''ကျုပ် လုပ်နေတဲ့ အလုပ်ကို လူတွေက တံဆိပ်ကပ်ကြတာကတော့ 'သူတောင်းစား'တဲ့ဗျ၊ ဒါ့ကြောင့် ရှက်ခြင်း ကြောက်ခြင်း နှစ်ပါးနဲ့ ဂုဏ်သိက္ခာတွေကိုပါ ကျုပ် ရောင်းကုန်တွေမှာ ပူးတွဲထည့်ပေးရတယ်လို့ ပြောခဲ့တာပေါ့''

အဲဒီစကားလည်း ဆုံးရော... သေကြောင်းကြံမယ့်လူရဲ့ မျက်နှာက မည်းခနဲ ဖြစ်သွားတယ်။ နှုတ်ခမ်းတွေကို မဲ့လိုက်ပြီး ထပ်မေးတယ်။ လေသံက မူမမှန်ချင်တော့ဘူး။

''ဘာပြောတယ်... မင်းက သူတောင်းစား... ဟုတ်လား''

''ဟုတ်ပါသဗျ၊ နေစမ်းပါဦး၊ ကျုပ်က သူတောင်းစား ဖြစ်နေတာနဲ့ပဲ ခင်ဗျားက ဘယ်လို ဖြစ်သွားရတာတုံး''

ဗျူးဆရာက ထပ်ဆင့် ဝန်ခံလိုက်ရင်း မေးလိုက်တော့ သေကြောင်းကြံ မယ့်လူက ဒေါသတွေ အတုံးလိုက် အတစ်လိုက် ထွက်နေပြီ။ သူ့ရှေ့က နာမည်ရောင်းဖို့ အကြံပြုတဲ့ သူတောင်းစား ဆိုသူရဲ့ မျက်နှာကို မီးဝင်းဝင်းတောက်တဲ့ မျက်လုံးပြူးကြီးတွေနဲ့ ရွံရွံရှာရှာ စိုက်ကြည့်လို့။ ပြီးမှ ဒေါသတကြီး အော်ပြောချလိုက်တယ်။

''ဘယ်လို ဖြစ်ရမှာလဲကွ၊ လက်စသတ်တော့ မင်းက ငါ့ကို သက်သက် စော်ကားနေတာပဲ၊ ဒီမှာ... ငါဟာ ပညာတတ် ဘွဲ့ရတစ်ယောက်ကွ၊ ပြီးတော့ တစ်ချိန်တုန်းက ကျိကျိတက် ချမ်းသာဖူးတဲ့ သူဌေးဟောင်း တစ်ယောက်ကွ၊ ငါ့အဆင့်နဲ့ မင်းအဆင့်နဲ့ ဘယ်လိုမှ မနှိုင်းသာဘူး၊ ဒီမှာဟေ့... မင်း ပေးတဲ့ အကြံဉာဏ်ကတော့ မဆိုးလှပါဘူး၊ ဒါပေမဲ့ မင်းဟာ ငါ့ထက် အဆင့်နိမ့်တဲ့ သူတောင်းစားတစ်ယောက် ဖြစ်နေတဲ့အတွက်ကြောင့်ကိုပဲ မင်း ပေးတဲ့ အကြံဉာဏ်တွေကို သိက္ခာအကျခံပြီး မယူတော့ဘူး၊ သိက္ခာရှိရှိနဲ့ပဲ မူလက ငါ့အကြံအတိုင်း သေကြောင်းကြံပစ်လိုက်တာကမှ ဂုဏ်ရှိဦးမယ်၊ ကဲ... သွားပဟေ့''

''ဟာ... ဟေ့လူ ဟေ့လူ''

လုံးဝ တားချိန် မရလိုက်ဘူး။ သေကြောင်းကြံမယ့်သူဟာ ဒေါသတကြီး အော်ဟစ် ပြောဆိုပြီး မတ်စောက်တဲ့ မြစ်ကမ်းပါးပေါ်ကနေ တစ်ရှူးထိုး ခုန်ဆင်း သွားတော့တာ...။ အဲဒီအောက်က ဝဲဂယက်ကြီးထဲကို တည့်တည့် ကျသွားပြီး စုံးစုံးမြုပ်သွားတာကို ကမ်းပါးထိပ်က လှမ်းကြည့်ရင်း ကျန်ရစ်ခဲ့တဲ့ ဗျူးသမားက သက်ပြင်းချလိုက်တယ်။ သွားပြီ... ။ ဒီနေရာကို ခုန်ချမိတဲ့ လူတစ်ယောက်ဟာ ဘယ်နည်းနဲ့မှ အသက်မရှင်နိုင်ဘူး ဆိုတာကိုလည်း သူ သိနေတယ်လေ။
သြော်... မိုက်လိုက်တဲ့လူ။ သူတောင်းစားလို့ လီဆယ်လိုက်မိတာလေး နဲ့ပဲ ဒေါသတွေ ထွက်ပြီး မဆင်မခြင် ခုန်ချသွားရသတဲ့လား... လို့ သူက တွေးနေမိပြန်တယ်။ ဟုတ်တယ်လေ၊ သူက သူတောင်းစားတစ်ယောက်မှ မဟုတ်တာဘဲ။ သူတောင်းစားကရော... ဘီလ်ဂိတ်ကို သိမတဲ့လား၊ ဆော့ဖ်ဝဲအကြောင်း ပြောမတဲ့လား၊ ဟွန်ဒါကို ရင်းနှီးမတဲ့လား၊ ဆိုနီကို ဥပမာပေးမတဲ့လား၊ ဟစ်တလာကို ဥဒါဟရုဏ်ဆောင်မတဲ့လား... ။

တကယ်တော့ သူက ဗုဒ္ဓ အစ... ဆော့ခရတ္တိ၊ ပလေတို၊ အရစ္စတိုတယ်၊ နစ်ရှေး၊ ကားလ်မတ်၊ အိန်ဂျယ်တို့ အလယ်... ယန်းပေါဆာ့တ်၊ ကာမျူး၊ ဝီလျံဂျိမ်း၊ ဘင်ဂျမင်ဖရင်ကလင်၊ အယ်လ်ဘတ်အက်ဒွပ်ဝစ်ဂမ်၊ အယ်လ်ဖရက် နော့သ်ဝှိုက်တတ်ပ်ဒ်၊ ဆစ်ဂမန်ဖရွိုက်... နဲ့ အခု နောက်ဆုံး ကမ္ဘာရွာကို ရိုက်ခတ်လာတဲ့ တတိယလှိုင်း (Third wave) တွေ့ရှိချက်ကို အော်ကြီးဟစ်ကျယ် ဖော်ထုတ်နေတဲ့ 'တော့ဖလာ' အဆုံး... အားလုံးသော ပညာရှင်တို့ရဲ့ အတွေးအခေါ်တွေကို နေ့ရှိသမျှ စိတ်ဝင်တစား လေ့လာနေတဲ့သူ တစ်ယောက်ပဲ ဖြစ်တယ်။

လူသူကင်းရှင်းတဲ့ သည်မြစ်ကမ်းပါးက ညောင်ပင်ကြီးအရိပ်မှာ လာလာပြီး နေ့ရှိသမျှ အတွေးအခေါ် ကျမ်းတွေကို ဖတ်မှတ်လေ့လာ စိတ်ဖြာ ခွဲခြမ်းနေတဲ့ သူတစ်ယောက်ပဲ ဖြစ်တယ်။ ဘယ်လောက်အထိ သူ လေ့လာ လိုက်စားနေမိသလဲ ဆိုရင် အဲဒီအတွေးအခေါ်မျိုးစုံ ကျမ်းကြီးတွေကို နေ့ရှိသမျှ ဖတ်မှတ်နေရတာနဲ့ပဲ သူ့မှာ လက်တွေ့အားဖြင့်တော့ ထမင်းအိုးတစ်လုံးတောင် နပ်အောင် တည်ကြည့်ဖို့ အချိန်မရခဲ့ဖူးသေးဘူး။ သူ့အမေက အဆင်သင့် ချက်ပြုတ် ကျွေးမွေးနေတာကို အသင့်ထိုင်စားနေရလို့သာ သူလည်း သည် တွေးခေါ်ရှင်တွေရဲ့ ကျမ်းကြီးတွေကို လေ့လာခွင့် ရနေသေးတာ ဆိုတာကိုတော့ သူ ဝန်ခံဖို့ အသင့်ပါပဲ။

အတွေးကို ဖြတ်လိုက်ပြီး ကမ်းပါးထိပ်က ငုံ့ကြည့်လိုက်တော့ လှိုင်းထန် လှည့်လည်နေတဲ့ ဝဲဂယက်ထဲမှာ စောစောကလူကို မမြင်ရတော့ဘူး။ မြစ်ကြမ်းပြင်အထိပဲ စုပ်ယူဝါးမျိုသွားခဲ့ပြီနဲ့ တူပါရဲ့။ သူက ရေပြင်ကို ငုံ့ကြည့် ရင်း အဓိပ္ပာယ်မဲ့ ကိုယ့်အသက်ကိုယ် စတေးသွားတဲ့ လူကို ဒီလောက် ညံ့ရမလား ဆိုပြီး ဒေါသတွေ အလိပ်လိုက် ထွက်လာနေတယ်။ နောက်ဆုံး... စိတ်မထိန်းနိုင်တော့ဘဲ မြစ်ကမ်းပါးအောက်ကို ထွီခနဲ တံတွေး ထွေးချလိုက်ရင်း ဒေါသတကြီး အော်ပြောချလိုက်တယ်။

''သွားပေတော့ဗျို့... ကျုပ်ကိုယ်ကျုပ် သူတောင်းစားလို့ လီဆယ် လိုက်မိတာလေးနဲ့ပဲ မဆင်မခြင် ကိုယ့်ကိုယ်ကိုယ် မြစ်ထဲ ခုန်ချပြီး သေကြောင်းကြံသွားတဲ့ ဆရာရေ... ခင်ဗျားလို အိုင်ဒီယာ မရှိတဲ့ ခပ်တုံးတုံးလူတွေ တစ်ပြိုင်နက်တည်း များများ ခုန်ချသေနိုင်အောင် ဟောဒီမြစ်ကြီးက ဒါ့ထက် ကျယ်ပေးဖို့ လိုလိမ့်ဦးမယ်၊ သိလား... ၊ မြစ်စောင့်နတ်ကြီးရေ... ခင်ဗျားရဲ့ မြစ်ကို ဒါ့ထက် ကျယ်အောင် ချဲ့ပေးဦးဗျို့...၊ အတွေးအခေါ် မရှိတဲ့ စောစောကလို ငတုံးတွေ များများ ခုန်ချသေနိုင်အောင်လို့''

သူက ဒေါသတကြီးနဲ့ ပျစ်ပျစ်နှစ်နှစ် မေတ္တာပို့ တိုင်တည်လိုက်ပြီး ကမ်းပါးထိပ်က လှည့်ထွက်လိုက်တယ်။ အဲဒီတုန်းမှာပဲ ရယ်သံ ခပ်တိုးတိုးကလေး လွင့်လာလို့ သူ မျက်မှောင်ကြုတ်သွားတယ်။ နောက် လှည့်ကြည့်တယ်။ ဘယ်သူ မှ မရှိပါဘူး။ ဘယ်က ရယ်သံလဲ... ကြားလိုက်ရတာကတော့ အမှန်ပဲ။

'ဟ... ငါတစ်ယောက်တည်းပဲ ရှိတာပါ၊ ဘယ်သူ ရယ်လိုက်ပါလိမ့်' လို့ တွေးနေတုန်း ရှိသေး၊ နောက်ထပ်စကားသံ တစ်သံက သူ့နားစည်တွေက တစ်ဆင့် သူ့ရင်ထဲအထိ ရေခဲတုံးတစ်တုံးလို အေးအေးစက်စက် ဝင်ရောက်လာတော့ သူ ကြက်သီးဖြန်းဖြန်းထသွားတယ်။ အဲဒီစကားကို ပြောလိုက်တာဟာ  သူ တိုင်တည်လိုက်မိတဲ့ မြစ်စောင့်နတ်ပဲလား၊ အခုလေးတင် ခုန်ချ သေသွားတဲ့ လူရဲ့ ဝိညာဉ်ပေပဲလား... သူ မခွဲခြားတတ်နိုင်ဘူး။ ဒါပေမဲ့ ကြားလိုက်ရတာကတော့ အမှန်ပါပဲ။

''ဟုတ်ပါပြီကွာ... မင်း ပြောသလို အတွေးအခေါ်မရှိတဲ့ ငတုံးတွေ များများ ခုန်ချသေနိုင်ဖို့ မြစ်ကို အကျယ် ထပ်ချဲ့ပေးရမှာဖြင့် ဟုတ်ပါပြီ၊ ဒါပေမဲ့ မင်း သိထားဖို့က လက်တွေ့မှာ ထမင်းအိုး တစ်လုံးတောင် နပ်အောင် ထမတည်ဖူးသေးဘဲနဲ့ လူတကာ ရေးထားခဲ့တဲ့ ဟိုကျမ်း ဒီကျမ်းတွေ လျှောက်ဖတ်ရင်း ကျမ်းပိ အတွေးအခေါ် ပိနေတဲ့ မင်းတို့လို ငနဲတွေ ခုန်ချသေဖို့အတွက်တော့ မြစ်က ကျယ်ဖို့ မလိုပါဘူးကွာ၊ မင်း တစ်ကိုယ်စာသာသာ ရှိရင်ပဲ လုံလောက်နေပါပြီ...'' တဲ့လေ။

( ၂ )

လူကြီးမင်း ခင်ဗျား...
ကိုယ်ဟာ မြစ်ကျဉ်းကျဉ်း ကြိုက်သလား...
မြစ်ကျယ်ကျယ် ကြိုက်သလား...
မြစ်နဲ့ ဝေးဝေးကပဲ သွားမလား...
မြစ်ကိုပဲ နိုင်အောင် ဖြတ်ကူးမလားဆိုတာ ကိုယ့်ကိုယ်ကိုယ် စဉ်းစား ကြည့်ကြဖို့ပါပဲ... ။

                         #နန္ဒာစိုး(ဆင်ဖြူကျွန်း)

အိုင်ဒီယာမဂ္ဂဇင်း -အောက်တိုဘာလ- ၂ဝဝ၁ ခုနှစ်။

No comments:

Post a Comment