Mar 9, 2017

အထက်တန်းကျတဲ့ရေ

" အထက်တန်းကျတဲ့ရေ "
   =================

                                                    #မောင်ချောနွယ်

အနုပညာ နွေဦးပေါက် ရာသီကို မညာချင်ဘူး။
လှိုင်းပုတ်ခတ်ခံ ကျောက်ဆောင်ကို မညာချင်ဘူး။
အဆုတ်ရဲ့ အလုပ်ကို မညာချင်ဘူး။
သစ်သီးတစ်လုံးသီးတိုင်း သင်တို့အတွက်ဖြစ်တယ်။
ပန်းတစ်ပွင့်ပွင့်တိုင်း သင်တို့အတွက် ဖြစ်တယ်။

အချစ်ရေ
ညစ်ညမ်းတဲ့ လမ်းမများနဲ့
ငါ့ရဲ့ ကျန်းမာရေးအတွက်
လက်ဖက်ရည်တစ်ခွက်သာ
သစ္စာရှိခဲ့ပါစေတော့
ဆဟာရကို
အာဟာရလို့ထင်တယ်။

(၁)
အဲသည်လိုနဲ့
မပျော်ရွှင်တဲ့ ကော်ဖီတစ်ခွက်အတွက်
လက်ဆောင်တွေ ပေးခဲ့ပြီ။

အဲသည်လိုနဲ့
အချစ်ရေး အဆင်မပြေတဲ့
အခန်းထဲက ကြေးမီးခြစ်ကြီးအတွက်လည်း
သစ်သီးအချိုတွေ ယူဆောင်ခဲ့ပြီ။
အဲသည်လိုနဲ့
ရူးသွပ်နေတဲ့ နွေဦးလေအတွက်လည်း
အိပ်မက်လှလှတစ်စုံ
လုံခြုံစွာ ပေးပို့လိုက်ပြီ။
အဲသည်လိုနဲ့
ခရီးထွက်သွားတဲ့
စီးကရက်များနဲ့လည်း
စာအမြန် ဆက်သွယ်ခဲ့ပြီ။
အဲသည်လိုနဲ့
လေကခြွေချသွားတဲ့
မသေချာမှုတွေအတွက်
သီချင်းလက်ဆောင်ပို့ခဲ့ပြီ။
အဲသည်လိုနဲ့
နှင်းမရှိတဲ့ ဆောင်းအတွက်လည်း
ကောင်းကင်တစ်ခုပေးခဲ့ပြီ။
အဲသည်လိုနဲ့
ဘဝအတွက်
ဇလဗေဒ အချက်အလက်တွေလည်းဆက်လက်စုဆောင်းခဲ့ပြီ။

မေမေရေ
မြစ်တွေကို ကျွန်တော်စီးခဲ့ပေါ့။
.
(၂)
အသက်အပိုင်းအခြားတွေလည်း
နက်ရှိုင်းသွားခဲ့ပြီ။
အပူအအေးလေမိုး
အခိုးအငွေ့အရွေ့
အတွေ့အကြုံ အမှုံအမွှား
ရူးသွပ်စွာ ခူးဆွတ်ခဲ့ဖူး
နူးညွတ်စွာလည်း စွန့်လွှတ်ခဲ့ဖူးပြီ။
ရန်အထွေထွေကြောင့်
ဌာန်ကြွေခဲ့ပြီ
ရန်အပေါင်းကြောင့်
ဥာဏ်ပိုကောင်းခဲ့ပြီ။
ဘေးဥပါဒ်အထွေထွေကြောင့်
အသက်ဓာတ်လည်း
ပိုမိုလတ်ဆတ်ခဲ့ပြီ။
လူဆိုတာ လူဓာတ်လိုအပ်တာပဲ
အရှုံးအမြတ်
အမုန်းနဲ့ မေတ္တာဓာတ်
အဖိုဓာတ် အမဓာတ်
လူတွေမှာ
ပင်ကိုအရပင် လိုအပ်ခဲ့တာ မဟုတ်လား
ကျောကဒဏ်ရာကို
လောကတံထွာလို့ စွဲမှတ်
စာတစ်အုပ်လို
အသာထုတ်ဖတ်သွားရုံပါပဲလေ။
အဲသည်လိုနဲ့
ရေချိုးချင်တဲ့ မိုးဥတုအတွက်
ရုပ်ရှင်လက်မှတ် တစ်စောင်ပေးခဲ့ပြီ။
အဲသည်လိုနဲ့
ကော်ဖီမသောက်တတ်တဲ့
ကြောက်ရွံ့မှုများအတွက်လည်း
ဘရန်ဒီတစ်ခွက် ဝယ်ခဲ့ပြီ။
အဲသည်လိုနဲ့
ချစ်သူရဲ့အနမ်းတွေဖို့
လမ်းဖောက်ပေးခဲ့ပြီ။
အဲသည်လိုနဲ့
ဒဏ်ရာရခဲ့တဲ့
ကန္တာရနှစ်များလည်း
သစ္စာထားခဲ့ပြီ။
အဲသည်လိုနဲ့
အမှန်တရားကိုလည်း
ထမင်းစားဖိတ်ခဲ့ပြီ။
အဲသည်လိုနဲ့
နေကြာပွင့်တွေကိုလည်း
နေသာခွင့်ပေးလိုက်ပြီ။
အဲသည်လိုနဲ့
အဆိပ်နဲ့ မိတ်ဖွဲ့ခဲ့တဲ့
အိပ်မက်တွေကိုလည်း
ဘိလပ်ရည် တိုက်ခဲ့ပြီ။
အဲသည်လိုနဲ့
လူ့နယ်ပယ်ရဲ့
အနည်အနှစ်များအတွက်လည်း
အထည်အသစ်အဆန်းတွေ
လက်ကမ်းခဲ့ပြီ။
အဲသည်လိုနဲ့
လွတ်လပ်ရေးကဗျာအတွက်
မြေကွက်တစ်ကွက် ထွန်ယက်ခဲ့ပြီ။
ရန်သူမဲ့ ဘဝမှာလည်း
ငါ ကျွန်တော် မပျော်တတ်တော့ပါ၊
ချစ်သူမဲ့ ဘဝမှာလည်း
ငါ ကျွန်တော် မနေတတ်တော့ပါ၊
ပိုလျှံသောရေ
ပရိုတိန်းအစအနအလေအလွင့်
စံလွန်ဖိအားအဆင့်ဆင့်ဖြင့်
ငါ့အသက်ရှုပွင့်များ
ကောင်းမွန် ခိုင်မာစွာပင်
ရင်မောခဲ့ပြီ။
အဲသည်လိုနဲ့
လူ့ဘဝကို ယုဇနပင်လေးမှာ အသာချိတ်
ဒူးယားတစ်လိပ်နဲ့လည်း
အိပ်ပျော်တတ်ခဲ့ပြီ။
အဲသည်လိုနဲ့
ဘဝရဲ့ဝန်ဆောင်အား
လောကကြီးကို
ဥယျာဉ်အသွင် တင်ဆောင်သွားနိုင်ခဲ့ပြီ။
အဲသည်လိုနဲ့
အလိုမပြည့်မှု
ငါ အလိုရှိခဲ့ပြီ။
အဲသည်လိုနဲ့
နာကျင်မှုတွေလည်း အရသာဖြစ်ခဲ့ပေါ့။
အချစ်ရေ
ကန်ရေကို ငုံ့ကိုင်းနေတဲ့
ကံ့ကော်ကိုင်းတစ်ကိုင်းလို နေတတ်ခဲ့ပြီ။
အဲသည်လိုနဲ့
ချိုပေါ့ကျ လက်ဖက်ရည်တစ်ခွက်လို
အသက်ရှင်တတ်ခဲ့ပြီ။
အဲသည်လိုနဲ့
ဘဝရဲ့ဒဏ်ခံအား
ဂုဏ်သတ္တိ များ မြင့်မားခဲ့ပြီ။
အဲသည်လိုနဲ့
င်္စပယ်တစ်ပွင့်လို
တကယ်ပွင့်မယ်ဆိုရင်
တင့်တယ်စွာ ပွင့်နိုင်ခဲ့ပြီ။
အဲသည်လိုနဲ့
အရသာချဉ်စူးစူး
ဆူးဖက်သော်လည်း ခူးရက်စရာမမြင်တဲ့
ဆူးပင်တစ်ပင်လို
ယဉ်ကျေးစွာ ငါနေတတ်ခဲ့ပြီ။
အို..
ငါအိပ်ခဲ့သော အိပ်မက်တို့
ငါရိပ်ခဲ့သော အရိပ်တို့
ငါမျှားခဲ့သော ငါးကို ငါစားခဲ့ရချေပြီ။
အဲသည်လိုနဲ့
ကြုံသမျှ ဖုန်မထတော့ပါ
ဘဝကို အရသာ တစိမ့်စိမ့်ခံ
ပင်လယ်စင်ရော်တွေလို
ပျော်ရွှင်စွာ ပျံဝဲနိုင်ခဲ့ပြီ။
အဲသည်လိုနဲ့
အသက်သုံးဆယ်တစ်ဆိုတဲ့ ခွက်တစ်ခုမှာ
လူ့နယ်ပယ်ရဲ့ ထုထည်တွေ
ကယ်လိုရီတွေ ဖြစ်ခဲ့ပြီ။
ရေထု မြေထု လေထုနှင့် သေမှုတွေကြား
မယားနဲ့တရား ဆားခပ်လို့စားတော့မယ်
နေမှုက
ပါးလှပ်ထူထပ် လှပလှချည်ရဲ့
ငါ တပ်သက်ခဲ့ချေပြီ။
အချစ်ရေ
လူတွေက
တူတံဆိပ် ထောပတ်ကိုလည်း
ကိုးကွယ်ကြတယ်။
ဘဝလမ်းခရီးဟာ
ဝမ်းမီးနဲ့ ပြီးရမှာလား
ငှက်ဆိတ်တဲ့ သစ်စည်းတစ်စည်းမှာတောင်
အဓိပ္ပာယ်တွေ သိပ်သည်းခဲ့ပါတယ်။
အဲသည်လိုနဲ့
နေညိုချိန် ဘား ကလေးမှာ
ဘဝကို ခပ်ပါးပါးလှီးရင်း
ကမ္ဘာလောကကြီးကိုလည်း
အရက်နဲ့ မြည်းတတ်ခဲ့ပြီ။
အဲသည်လိုနဲ့
အချိုရှာ တမာတွေ့သော်လည်း
ဂျိုကာ မပါဘဲ ဒေါင်းတတ်ခဲ့ပြီ။
အဲသည်လိုနဲ့
အငိုအရယ် ဇာတ်တွေကြား
ချိုချဉ်ငန်စပ်
အရသာဓာတ်တွေကြား
ဘဝကို အမြတ်တနိုး ထမ်းပိုးခဲ့ပြီ။
အဲသည်လိုနဲ့
အဲလဗတ်ကမူးနဲ့ ခြူး ဆေးလိပ်ကိုဖွာရင်း
ဆိုးရွားတဲ့ ရာသီဥတုကိုလည်း
ကဗျာနဲ့ ပြုပြင်တတ်ခဲ့ပြီ။
အဲသည်လိုနဲ့
အထူးထူး အပြားပြားသော ဆူးကြားမှ
လူလားမြောက်ရန် သိခဲ့ပြီ။
အဲသည်လိုနဲ့
နေ့များရဲ့ အစိုအခြောက်
ရွှေသားနဲ့ နွေပိတောက်ကို
အပျိုပေါက်လို ငြိခဲ့ပြီ။
အဲသည်လိုနဲ့
ဟောသည် အိုဇုန်းဓာတ်အလွှာထဲမှာ
မင်းသမီး ချိုပြုံးကလည်း
ဟိုတုန်းကလိုပါပဲ
အနုပညာ စံပယ်အပြုံးတွေနဲ့
ဟောသည်
အာကာလွင်ပြင် မိုးအခုံးကြီးကိုလေ
ရစ်ဖွဲ့နှောင်ထုံးဆဲပါလား
သွေးကြောထဲကို တိုက်ရိုက် ရောက်ခဲ့ပြီ။
သူငယ်ချင်းရေ
မောင်ချောနွယ်ရေ
ကမ္ဘာကြီးရေ
လက်ဖက်ရည်တစ်ခွက်မျှပင်
တည်ခင်းဧည့်မခံနိုင်သော
အမှန်တရားထံ လာလည်ပါ။
.
မောင်ချောနွယ်
*
ဂူစတီနာကို မသိခဲ့ဘူးနော်
ဂျွန် ၂၁ မှာ
ဖိနပ်သစ်လေးတစ်ရံဝယ်ခဲ့တယ်။

                                                       #မောင်ချောနွယ်

No comments:

Post a Comment