Mar 9, 2017

အလှမ်းဝေးခဲ့သည်

" အလှမ်းဝေးခဲ့သည် "
============

                                                       #စံပယ်ဖြူနု

ဆည်းဆာနေခြည်က ဝရံတာပေါ် ဖြာကျလျက် ရှိလေသည်။ အဝတ်များ ခြောက်ပြီမို့ အိမ်ခန်းအတွင်း ပြောင်းကာ ချိတ်ရလျှင် ဝရံတာသည် ကျယ်ကျယ်လွင့်လွင့် ရှိလာပြန်သည်။

ဒေါ်ရွှေကျော့သည် ပက်လက်ကုလားထိုင်ကို ဝရံတာဘက် ထုတ်လာ၏။ တိုက်ခန်းထဲထက် စာလျှင်တော့ လေကို လွတ်လွတ်လပ်လပ် ရှူရှိုက်နိုင်သေးသည်မို့ ဝရံတာကို သူအတော် နှစ်ခြိုက်ပါသည်။ အိမ်၌ သူနှစ်သက်သည့် တစ်ခုတည်းသော နေရာ။

ပက်လက် ကုလားထိုင်လေးပေါ် ထိုင်ရင်း ဘေးက သံပန်းကွက်များကို ဆုပ်ကိုင်ကာ အောက်ဘက် လှမ်းကြည့်လျှင်တော့ လမ်းသွယ်လေးပေါ် လူတွေ ခပ်လှုပ်လှုပ် သွားလာ လှုပ်ရှားနေတာဘမြင်ရသည်။ ညနေ အလုပ်ဆင်းချိန်၊ အိမ်ပြန်ချိန်။ သည်လူများ အကြား သမီးလေးလည်း ပါလာမည်မို့ သူ မျှော်နေပေသည်။

သမီးက တိုက်အောက် ရောက်လျှင် ခေါင်းလောင်း ကြိုးကလေး လှုပ်ကာ အချက်ပြတတ်သည်။ ယခုအချိန် အထိတော့ ဝရံတာရှိ ခေါင်းလောင်းလေးက ငြိမ်သက်ဆဲ။ အခြားသော အခန်း အရပ်ရပ်က ခေါင်းလောင်းသံတို့ကတော့ ရံဖန်ရံခါ ပျံ့လွင့်လျက်။ သူ ရောက်စကတော့ ခေါင်းလောင်းကလေး တချွင်ချွင်မြည်တိုင်း သမီးက ဝရံတာဘက် အပြေးထွက်ကြည့်သည်ကို အံ့ဩခဲ့သေးသည်။

“အဲဒါ ဒီအခန်းကို ခေါ်တာပေါ့ အမေရဲ့။ ဧည့်သည် လာတာတို့ ဘာတို့ တစ်ခုခုပေါ့” ဟု သမီးလုပ်သူက ရှင်းပြလျှင်တော့ “ဟေ့ မယ်ရွှေကျော့ရေ”ဟု ခြံဝက လှမ်းခေါ်တတ်သည့် မိတ်ဆွေတို့ကို မြင်ယောင်လာသည်။ တစ်ခါတလေများတော့ လှမ်းတောင် ခေါ်မနေပါဘူး။ ခြံဝိုင်းထဲသာ တန်းဝင်ခဲ့တော့တာပဲ။ ထိုအရပ်တွင် ခြံစည်းရိုး ဆိုသည်မှာ လူရိုသေ ရှင်ရိုသေ ခတ်ထားရုံမျှသာပင်။  ခြံတံခါးကို သော့ခတ်ရသည် မရှိ။ အိမ်တံခါးမကိုသာ ချက်ချ အိပ်ရသည်။ တချို့များတော့ တံခါးမကြီးပင် ရှိသည် မဟုတ်။

သည်မှာတော့ တိုက်ခန်း လှေကားတောင် သော့ခတ်ထားရတယ် ဆိုလား။ သမီးသည် ပြန်လာလျှင် သော့များ တချွတ်ချွတ် ဖွင့်ရရှာသည်။ လှေကားသော့ တစ်ခါ ဖွင့်ရသည်။ လှေကားထစ် အထပ်ထပ် တက်လာပြီး အခန်းရှေ့ ရောက်လျှင် သော့နှစ်ဆင့် ဖွင့်ရသေးသည်။ သမီးရယ် သော့တစ်လုံးသာ ခတ်ပါဆိုတော့ အမေတစ်ယောက်တည်း ထားခဲ့ရတာ စိတ်မချဘူး ဆိုပါလား။

သမီးသည် နံနက်ခင်းတိုင်း အလုပ်မသွားမီ မိခင်ကို စိတ်ပူစွာ မှာကြားတတ်သည်။ ပြောမြဲစကားကိုပင် နေ့စဉ်ညပြောတတ်ရှာသည်။

“အမေ ဘယ်သူ့ကိုမှ တံခါးသော့ ဖွင့်မပေးရဘူးနော်။ သမီးနဲ့ သိတယ် ဘာညာ ဘယ်လောက် ပြောပြော အမေ မယုံရဘူးနော် သိလား”
“အေးပါကွယ်”

ဒေါ်ရွှေကျော့ကလည်း ဆိုမြဲ စကားကိုပင် ဆိုရသည်။

ထို့နောက်တွင်တော့ သူ့နေ့စဉ်ဘဝသည် ပုံမှန်လို အစပြုတော့သည်ပင်။ သမီးလေး လမ်းထဲ လျှောက်သွားသည်ကို ဝရံတာက လှမ်းမျှော် ကြည့်ရသည်။ အိမ်မှာ ငြိမ်ငြိမ်နေပါဟု သမီးက မှာမြဲဖြစ်သော်လည်း အလုပ်မသွားခင် ချက်ပြုတ်ပြီး ချထားတတ်သော ပန်းကန်ခွက်ယောက် အချို့ ကျန်သည်ကို ဆေးကြောရသည်။ အခန်းတစ်ဝိုက်ကို လှည်းကျင်းရသည်။ ဖုန်သုတ်ရသည်။ အဝတ်ဟောင်းများ ရှိလျှင် ရှာဖွေ လျှော်ဖွပ်သည်။ အဝတ်စိုများ၊ မနေ့က မခြောက်သေးသည့် အဝတ် စိုဖန့်ဖန့်များကို နေပြရသည်။

တစ်ချက်မျှ ထိုင်နေသည်၊ နားနေသည် မရှိဘဲ တတောက်တောက် လုပ်နေလိုက်သည်မှာ နေ့လယ်စာစားချိန်သာ တိုင်ပါရော။ ထို့နောက်တော့ နေ့လယ်ခင်း တီဗီက လွှင့်သော တရားနာသည်။ ပြီးလျှင် တရေးတမော အိပ်လိုက်သေးသည်။ ညနေခင်း ရောက်လျှင်လည်း ဟင်းအိုးကလေး နွှေးတာမျိုးက အစ အိမ်ထဲ ဟိုဟိုသည်သည် ဘာရယ်လို့ ခေါင်းစဉ်တပ်စရာ မယ်မယ်ရရ မရှိဘဲ အလုပ်မရှိ အလုပ်ရှာ နေတတ်သည်မှာ ဝရံတာ၌ သမီး အပြန် မျှော်ရချိန်အထိတိုင်ပင်။

သမီးကလေးကတော့ သူ တကုပ်ကုပ် လုပ်ထားနှင့် သည်များကို မြင်လျှင် နှုတ်က စူပွပွ ရေရွတ်မြဲ။ သို့သော်လည်း အမေ လုပ်သူမှာတော့ ငြိမ်ငြိမ်ဆိမ်ဆိမ် ထိုင်နေရတာထက် သည်လို အလုပ်ကလေးတွေ လုပ်နေရမှ နေသာသည်ကို သိရှာမည် မဟုတ်။ တစ်နေကုန် နေလို့မှ စကားပြောဖော် မရှိသော အခန်းထဲ ဘယ်သို့ နေပျော်အောင် ကြိုးစားရသည်ကို သမီးလေး သိရှာမည် မဟုတ်ပါပေ။

သည်မြို့ပြ ဝန်းကျင်၌ တစ်ဦးနှင့် တစ်ဦး အတော်ပင် သူစိမ်းဆန်နိုင် ကြသည်ကို ဒေါ်ရွှေကျော့က ယခုတိုင် အံ့အားသင့်ဆဲ။

မျက်နှာချင်းဆိုင် အခန်းကိုပင် သမီးတို့က ဝင်ထွက်သည်ကို မကြုံဖူးသလို သူတို့တတွေလည်း ခြေဦးလှည့်သည်ကို မမြင်ရ။ ရောက်စကတော့ သီးသန့် နေတတ်ကြသည်ကို အထူးအဆန်း ဖြစ်ရသေးသည်။ မရင်းနှီးကြ ဘူးလား သမီးရယ် ဆိုတော့ ဝတ်ကျေတန်းကျေ ပြုံးပြတာမျိုးတော့ ရှိပါသည် ဆိုလား။

ဒေါ်ရွှေကျော့က ရင်ဘတ်ဖိကာ အံ့အားသင့်လျှင် “မြို့မှာ ဒီလိုပဲလေ အမေရဲ့” ဟု သမီးက ရယ်မော၏။ ရန်ကုန်၌ ခုနစ်နှစ်၊ ရှစ်နှစ်မျှ နေထိုင် ကျင်လည်ခဲ့သော သမီးအတွက်တော့ မိခင်၏ အံ့ဩတကြီး နိုင်မှုများသည် ရယ်မောဖွယ်များသာတည်း။

ခုတော့လည်း သမီး ငယ်စဉ်တုန်းက လက်ညှိုးကလေး တညွှန်ညွှန်နှင့် မေးခွန်းများစွာ မေးတတ်သလို သူက တစ်ပြန်တစ်လှည့် မေးမြန်း နေရသည်။ မြို့ပြ စာသင်ခန်းတွင် သူသည် ယောင်ချာချာ။

သည်မှာ နေထိုင်ခဲ့သော ခြောက်လအတွင်း ဒေါ်ရွှေကျော့ နေပျော်သည့် အချိန်မှာ သမီးလုပ်သူနှင့် စကားစမြည် ပြောရချိန်များသာတည်း။ သို့သော်လည်း သမီးက သူ့အတွက် အချိန်များများ ပေးနိုင်တော့သည် မဟုတ်။ အိမ်ပြန်လာလည်းပဲ အလုပ်က ပါလာတတ်သည် ဆိုလား။ ကွန်ပျူတာဟု ယခုတော့ နာမည် ခေါ်တတ်ပြီ ဖြစ်သည့် စက်များရှေ့ တကုပ်ကုပ် အလုပ်ရှုပ်လျှင် သူ့မှာ သနားနေရသည်။ သည်အသက်အရွယ် ရောက်လည်းပဲ စာကျက်ရသေးသည်ကို သနားမဆုံး ရှိရသည်။ ဒါနှင့်ပင် ဒေါ်ရွှေကျော့သည် မြို့ပြဘဝအပေါ် ဘယ်လောက် စိတ်ပင်ပန်းသော်ငြား သမီးကို လေသံမျှ ဟခဲ့သည် မရှိပေ။

ဘယ်လိုပင် သူ အနေရခက်သည် ဖြစ်သော်လည်း ကြိုးစား၍ နေထိုင်ခဲ့သည်ပင်။ အခန်းကျဉ်းသည်ကို တဖြည်းဖြည်းနှင့် သည်းခံနိုင်လာသည်။ လေသန့်သန့် မရှူရှိုက်ရသည်ကို မေ့လျော့နိုင်လာသည်။ ကောင်းကင် ကျယ်ကျယ်ပြောပြော မမြင်ရခြင်း၊ သစ်ပင်များ စိမ်းစိမ်းလန်းလန်း ပေါပေါများများ မတွေ့မြင်ရခြင်းကို မျက်ကွယ်ပြုနိုင် လာသည်။ အစားအသောက်ပုံစံ ကွာဟသည်ကို မပြောတတ်သလောက် ဖြစ်လာသည်။ သို့သော် သူ ယခုတိုင် နေသားမကျသည်မှာတော့ တံခါးတစ်ချပ် ပိတ်လိုက်သည်နှင့် ပြင်ပလောကနှင့် ကင်းကွာတော့မလို သီးသန့်ဆန်လှသည့် ဘဝကိုသာတည်း။

“ငတို့ရွာမှာတော့ ဒီလို ဘယ်ဟုတ်ပါ့မလဲ” ဟု ဒေါ် ရွှေကျော့က တစ်ယောက်ယောက်ကို ပြောနေသလို တီးတိုး ရေရွတ်မိသည်။ ဘေးဘီတွင် မိတ်ဆွေ ပေါင်းဖော်များ ရှိသလို တစ်ခဏ ထင်ယောင်မှားမိသေးသည်။ သို့သော် အသေအချာ ငဲ့ကြည့်လျှင်တော့ ကိုယ်တစ်ယောက်တည်း ပါလားကွယ်။

တစ်ယောက်တည်းဟု အမှန်ကို သိမြင်သော်လည်း တွေးလက်စ အတွေးကိုကား မရပ်နိုင်။ ဒေါ်ရွှေကျော့သည် သက်ပြင်းတစ်စကို လေးလေးတွဲ့တွဲ့ ချမိသည်။ သူ့မျက်ဝန်းတွင်ကား ရွာကလေးကို ပုံဖော် မြင်ယောင်လျက်။

လွန်ခဲ့သော ခြောက်လကျော် ခုနစ်လလောက်ကတော့ ဒေါ်ရွှေကျော့၏ မြန်မာနိုင်ငံ မြောက်ပိုင်းက ဇာတိ ရွာကလေးတွင် အများသူငါ စိတ်ဝင်စားကြသော သတင်းတစ်ရပ် ဖြစ်ထွန်းခဲ့လေသည်။ ဒေါ်ရွှေကျော့ ရန်ကုန် ပြောင်းမလို့တဲ့ဟေ့ဟု ရွာကလူများသည် အချင်းချင်း လက်တို့ကြရ၏။ သူတို့အားလုံးသည် ကိုယ့် မိတ်ဆွေရောင်းရင်းမို့ ကြိုတင် လွမ်းဆွတ်ရသည်က တစ်ဖက် ဖြစ်သော်လည်း အားကျတာကတော့ ပိုပေသည်။ တကယ်တော့ ရန်ကုန် ဆိုသည်မှာ သူတို့အတွက် အိပ်မက်မြို့ တစ်ခုပမာ။ ရွှေတိဂုံဘုရားကို ဖူးရလျှင် သေပျော်ပြီဟု သူတို့ ပြောတတ်ကြသည် မဟုတ်လား။ တိုက်တာ အဆောက်အအုံများ၊ ကားအလှလေးများကို ဗီဒီယို ဇာတ်ကားများ၌ ငေးမောချင်စဖွယ် မြင်ရတတ်သည့် ရန်ကုန် မဟုတ်လား။ ယခုတော့ ထိုရန်ကုန်တွင် ဒေါ်ရွှေကျော့က အခြေချရမည်တဲ့။ ဒါသည် အားကျစရာပေပဲ။

“ဟေ့ မယ်ရွှေကျော့ရေ ...သမီးလေးက ဒီလို သိတတ်တာ တကယ် ဝမ်းသာစရာပဲကော ... ကိုယ့်အမေကို မြို့ကြီးပြကြီးမှာ လုပ်ကျွေးပြုစုမယ် ဆိုတာ နည်းနည်းနော သိတတ်တာမှ မဟုတ်ဘဲနော့” ဟု တစ်ဖက်ခြံက ငယ်သူငယ်ချင်း မယ်နှင်းယုံက ဆိုလျှင် သူ့မှာ ပြုံးသာ နေရသည်။

တကယ့် တကယ်မှာတော့ သူသည် ရွာက ခွာချင်သည် မဟုတ်။ အဝေးက သမီး လုပ်သူကို လွမ်းဆွတ်လှတာ မှန်သော်လည်း သည်လို ဇာတိချက်မြုပ် ရွာကို စွန့်ခွာရမည် ဆိုတော့ အတော်ပင် ဝမ်းနည်းရလေသည်။

ခြံထဲမှ ပန်းပင်၊ သစ်ပင်လေးများကလည်း ခုမှပင် ပို၍ စိမ်းမြလှပ လာလေသလား မသိ။ မိတ်ဆွေတို့ကလည်း တိုး၍ ခင်တွယ်စရာ ကောင်းလာသည်။ မိုးရာသီ၌ ဗွက်ထကာ နွေရာသီတွင် ဖုန်ထူမြဲဖြစ်သော ရွာလမ်းမ ပေါ်၌ လျှောက်ရစဉ်မှာပင် သည်လမ်းပေါ် နောင် ဘယ်သောအခါ ပြန်ရောက်မည် မသိဟု ဝမ်းနည်းနေသည်။

သည်လမ်းပေါ် သူတို့ ကလေးဘဝက ပြေးလွှား ဆော့ကစားခဲ့ ကြသည်။ ကျောင်းတက်ခဲ့ ကြသည်။ ကျောင်းကထွက်လို့ လယ်ထဲ ဆင်းရချိန်မှာလည်း သည်လမ်းကပဲ လယ်ပြင်တောကို သွားခဲ့ကြရသည်။ ဟော ... အပျိုအရွယ် ရောက်လို့ ချစ်ခင်ရသူနှင့် တွေ့ကြုံရတော့လည်း သည်လမ်းပေါ်မှာ လသာချိန် စကားပြောဖူးရ ပြန်သည်။ အိမ်ထောင်ကျ၊ သားသမီးများ ရလာချိန်မှာလည်း ကလေးတို့သည် ကျောင်းတက်ရာ၊ ဆော့ကစားရာတွင် သည်လမ်းမပေါ်ပင် ကျင်လည်ကြပြန်သည်။ သံသရာ တစ်ပတ်လည်ခြင်း။

ခုတော့လည်း ရာသီအလီလီ ပြောင်းခဲ့ပြီကော။ သားနှင့် သမီးပင် ပညာစုံခဲ့ပြီ။ သားကတော့ သည်ရွာကလေး တည်ရှိသည့် ခရိုင်မြို့မှာပင် အိမ်ထောင်ကျကာ အခြေချနေပြီ။ သားသမီးပင် ထွန်းကားနေပြီ။

မိဘများရှိသည့် ရွာသို့ တစ်နှစ်လျှင် မိသားစု အစုံအလင် တစ်ကြိမ်၊ သူတစ်ယောက်တည်း ငါးကြိမ်၊ ခြောက်ကြိမ်တော့ ရောက်တတ်သည်။ တစ်နယ်တည်းမှာပင် ရှိသည်မို့ အဝေးရောက်နေသော သမီးလောက်တော့ မလွမ်းရတာ အမှန်ပင်။

သမီးလေးကတော့ ပညာပို၍ ထက်မြက်ပြီး ရည်ရွယ်ချက်ကလည်း အစ်ကိုထက် မြင့်မားသူ။ မန္တလေး တက္ကသိုလ်တွင် ဘွဲ့ရချိန်ကတည်းက ရန်ကုန်မြို့၌  အခြေချတော့သည်။ မြို့ကလေးသို့ ပြန်မလာပြီ။ တစ်နှစ်လျှင် တစ်ကြိမ်သာ အနိုင်နိုင် ပြန်လာနိုင်ရှာသည်။ အပြန်ခက်သော လမ်းကို ရွေးသည့်အတွက်တော့ သမီးလေးကို သူဘယ်တော့မှ အပြစ်မမြင်ခဲ့ပါပေ။ ရံဖန်ရံခါတော့ သတိရ လွမ်းဆွတ်လှပေသည်။

သမီးကြိုက်တတ်သော ဟင်းကလေးများ ချက်ရချိန်တိုင်း ကျွေးမွေးချင်စိတ် ပေါ်ရမြဲ။ သမီး ဖုန်းဆက်မည် ဆိုသော နေ့များ၌ လည်ပင်းရှည်အောင် မျှော်ရမြဲ။ သမီး ပြန်လာတတ်သည့် သင်္ကြန် ပိတ်ရက်ကတော့ အပျော်ဆုံး ကာလများပါပဲ။

သို့သော်လည်း အလုပ်ပိတ်ရက် ကုန်ဆုံး၍ ရွာမှ သမီးပြန်ချိန်တိုင်း ဒေါ်ရွှေကျော့ တိတ်တဆိတ် မျက်ရည် ကျရပါသည်။ သမီးကလေး အိမ်က မထွက်ခင်အထိ သူ ပြုံးနေတတ်သော်လည်း သမီးကို တင်သွားသည့် ဆိုင်ကယ် တဖြည်းဖြည်း ဝေးပြီ ဆိုလျှင်တော့ မျက်ရည် ကျမိတတ်၏။ အဘိုးကြီး မြင်မည် စိုးသည်နှင့် ဟန်ဆောင်ရပြန်သည်။ သို့သော်လည်း နှစ်သုံးဆယ်ကျော် လေးဆယ်နီးပါး အရိပ်ကြည့်ခဲ့သူ မဟုတ်လား။ မျက်နှာကို အကဲခတ်ရုံနှင့်ပင် စိတ်ကို အလွယ်တကူ သိနိုင်သူ။

သူကတော့ ယောက်ျားသားမို့ ခံစားချက်ကို ဖော်ပြတတ်သူ မဟုတ်ပေ။ ဒေါ်ရွှေကျော့ကိုပင် တစ်ပြန်တစ်လှည့် နှစ်သိမ့်တတ်သေး၏။

“ကလေးတွေဟာ ငှက်ကလေးတွေလိုပါပဲ ရွှေကျော့ရယ်။ အတောင်စုံရင် အသိုက်ကို ဘယ်ပြန်လာပါ့မလဲ” ဟု အဘိုးကြီးက ပြောတတ်မြဲ။

တကယ်ပင် တစ်နှစ် တစ်ကြိမ်တော့ မှန်မှန် ပြန်လာတတ်သော သမီးသည် ရန်ကုန်၌ပင် အိမ်ထောင်ကျ၍ အခြေကျပြီးချိန်မှာတော့ မိဘများဆီ နှစ်စဉ် ပုံမှန် ပြန်မရောက်နိုင်ပြီ။ ဒေါ်ရွှေကျော့သည် သမီး ပြန်မလာ တတ်သော နွေဦးရာသီများတွင် ဘယ်ကို မျှော်ရမည်မသိ ယောင်တောင်တောင် ဖြစ်ရသေးသည်။

သို့သော် နောက်ဆုံးတော့ သူ မမျှော်တော့ပါပေ။ အဝေးမှာပေမယ့်လည်း သမီးလေးဘဝ လှပနေဖို့ လိုရင်း မဟုတ်လားကွယ်။ သားမက် လုပ်သူကလည်း ရိုးသားအေးချမ်းသူ၊ ကြိုးစားသူမို့ သမီးကို စိတ်ချရပေပြီ။

“နောက်ဆုံးတော့လည်း မင်းနဲ့ ငါနဲ့ပဲ ကျန်ခဲ့တာပေါ့ ရွှေကျော့ရယ်” ဟု ပြောတတ်သော အဘိုးကြီး သည်လည်း ခုတော့ ဒေါ်ရွှေကျော့ကို ထားရစ်ခဲ့ပေပြီ။

သုံးနှစ် ဆိုသည်မှာ တစ်ယောက်တည်း ကျော်ဖြတ်ရချိန်တွင်တော့ ကာလ ပိုရှည်သား။ သို့သော် အဆွေအမျိုး မဟုတ်လည်း နွေးထွေး ဂရုစိုက်ကြသော ချစ်စဖွယ်အလေ့ ကြီးစိုးသည့် ရွာကလေးတွင် သူ နေပျော်ခဲ့သားပင်။

အသက်ကလည်း ခြောက်ဆယ် စွန်းပြီမို့ နားအေးပါးအေးသာ နေတတ်လာသည်။ လယ်ယာကိုလည်း တူ၊ တူမတို့လက်အပ်ကာ လှည့်မကြည့်ဘဲ နေနိုင်သည်မို့ ပူစရာမလို။ အသက်လည်း ကြီးလှပြီ။ ဘာများ အပိုကုန်စရာ ရှိလို့လဲ။ သားနှင့် သမီးက ပို့ပေးတတ်သော ငွေကြေးများနှင့်လည်း လှူတန်းနိုင်သေးသည်။ တရားအလုပ် လုပ်နိုင်သေးသည်။ သည့်ထက် စိတ်ချမ်းသာစရာ ဘဝ ရှိမည်မထင်။

သို့သော်လည်း သမီးလုပ်သူက အမေကို အဝေးမှာ မထားလိုတော့ဘူး ဆိုပါလား။ ပြီးခဲ့သည့် နှစ်ကုန်ပိုင်းက တစ်ကြိမ် သေကောင်ပေါင်းလဲ ဖျားနာလိုက်ကတည်းက သမီးက သည်စကားကို တဖွဖွ ပြောတတ်လာသည်။ သားကလည်း ထို့အတူ။

နောက်ဆုံးမှာတော့ သမီးကိုသာ ပို၍ အားကိုးသည်မို့ သမီး ဆုံးဖြတ်သမျှ နာခံရတော့သည်။ ဒါနှင့်ပင် ရွာကို စွန့်ခွာဖို့ ဆုံးဖြတ်ရသည်။

တကယ်တော့လည်း ရွာကို စွန့်ခွာဖို့ ဆိုသည်မှာ အပြောတော့ အလွယ်သား။ သမီးကို ချစ်ခင် အားကိုး၍သာ ပြောမထွက်သည်။ သို့သော် ဒေါ်ရွှေကျော့က ရွာက မခွာချင်ပြီ။ ရွာမှာသာ ခေါင်းချလိုသည်။

ရပ်ရွာကတော့ သမီး အစီအစဉ်ကို ထောက်ခံကြသည်လေ။ တစ်ယောက်တည်းမို့ ရပ်ရွာက ကြည့်ရှုနိုင်သော်ငြား သမီးရင်းလောက်တော့ ဘယ်သူက ကောင်းနိုင်မည်လဲ။ ဘေးဘီက နားချသည့် စကားများနှင့် နောက်ဆုံးတော့ ဆုံးဖြတ်ချက်ချရသည်။ ရွာကို စွန့်ပါမည်။

ငယ်ကတည်းက လူမှန်းသိတတ်စ ကတည်းက လည်ပင်းဖက် ပေါင်းလာသည် ဖြစ်သော ငယ်သူငယ်ချင်း မိတ်ဆွေရင်းတို့ကတော့ ဝမ်းသာခြင်းတစ်ဖက် ဝမ်းနည်းခြင်းတစ်ဖက် ပါတကား။ သွားရပါတော့မည် ဆိုသည့် နေ့ရက်မတိုင်မီ မယ်နှင်းယုံနှင့် မယ်ငွေစိုးတို့သည် နေ့စဉ်နှင့်အမျှ ဆိုသလို သူ့အိမ်ဆီ ရောက်လာ တတ်ကြသည်။ သူတို့တွင် ပြောစရာ စကားမကုန်။ ရောက်တတ်ရာရာဟု ဆိုနိုင်သော်လည်း စင်စစ်တော့ ကြိုတင် လွမ်းနှင့်သော စကားများပါပေ။

“ငတို့ဆီ စာလေး ဘာလေးတော့ ရေးပါဦးနော့။ ငတို့လည်း ဘုရားဖူးလေး လာချင်သား။ လာရင်တော့ တွေ့ရတာပကွယ်”

မယ်နှင်းယုံက လွမ်းလွမ်းဆွေးဆွေး ပြောလျှင်တော့ မျက်ရည် ဝဲချင်သည်။

“စာရေးတော့လည်း အဘွားက စာဖတ်နိုင်မှာမို့လား” ဟု မယ်နှင်းယုံ၏ မြေးကလေးက ဝင်ပြောလျှင်တော့ သူတို့သည် မျက်ရည်ဝဲကာ အလွမ်းဇာတ် ခင်းချင်သည်ကို မေ့လျော့ ရယ်မောရသည်။

“မဖတ်နိုင်လည်း မင့်ဖတ်ခိုင်းမှာပေါ့ ဒီကောင်လေးဟာ”

သူငယ်ချင်း ရောင်းရင်းတို့သည် ဒေါ်ရွှေကျော့ တစ်ယောက် ပစ္စည်းပစ္စယများ သိမ်းဆည်းစ ပြုလျှင်ပဲ မျက်နှာ မကောင်းနိုင်။ ငယ်ကတည်းက စိတ်အင်မတန် နုသော မယ်ငွေစိုးကတော့ ပို၍ မျက်နှာမကောင်း ဖြစ်ရှာသည်။ တစ်ချက်တစ်ချက် မျက်ရည်အဝဲသား ဖြစ်ရှာသည်။

ထိုရက်များထဲ သမီးလုပ်သူကတော့ ရောက်မလာသေး။ စောင့်စားရဆဲ။ ပစ္စည်းများကိုတော့ သိမ်းဆည်း ပြီးပြီ။ အိမ်ကိုတော့ ဘယ်သောအခါ ပြန်ရောက်မည် မသိနိုင်လေရာ တူမ လက်သို့သာ အပ်ရသည်။ သားကလည်း ရွာကို ခြေဦးလှည့်နိုင်မည် မဟုတ်။

“အရီး ပြန်လာချင်တဲ့ အချိန် ပြန်လာနော့။ အရီး မရှိတုန်းတော့ စိတ်ချ ဒီအိမ်ကို ကျွန်မ ကြည့်ထားမယ်”
“အိုကွယ် ... ရန်ကုန်လို မြို့ရောက်မှတော့ မယ်ရွှေကျော့ တောပြန်လာစရာလား”

“အရီးငွေကလည်း ကျွန်မတို့ ရွာလောက် ဘယ်မှာ ပျော်စရာကောင်းပါ့မလဲ” ဟု မြို့ပေါ်ပင် အကြိမ်ရေ အနည်းငယ်သာ ရောက်ဖူးသော တူမက အံ့အားသင့်စရာ စကားဆိုသည်။ သည်တုန်းကတော့ ဒေါ်ရွှေကျော့က  တူမချောစကားကို ပြုံးသာ နေခဲ့သည်။

“ခုတော့လည်း အေးသာစကား သတိရသေးတော့တယ်”

သည်တစ်ကြိမ်တော့ တစ်ယောက်တည်း ဖြစ်မှန်းသိသိနှင့် စကားတီးတိုး ဆိုမိသည်။ ဘေးဘီကိုလည်း ဘယ်သူရှိနိုး ယောင်ယမ်း လှည့်မကြည့်တော့ပါ။ တစ်ယောက်တည်း ဆိုသည်ကို သတိရပေပြီ။

ဒေါ်ရွှေကျော့၏ မှိုင်းညို့ညို့မျက်ဝန်းများတွင်တော့ ရွာမှ သူထွက်ခွာခဲ့သည့် နေ့ကို ပြန်လည်မြင်ယောင် နေသည်။ စက်လှေထဲ သူရောက်သည် အထိ မိတ်ဆွေတို့က လိုက်ပို့ကြသည်။ ထို့နောက် ကမ်းစပ်တွင် ငေးမောရပ်ကျန်ရစ်သည်။ လက်ပြနှုတ်ဆက်ကြသည်။ မယ်နှင်းယုံနှင့် မယ်ငွေစိုးတို့ တရှုံ့ရှုံ့နှင့် မျက်ရည် သုတ်ကြသည်ကို ဝိုးတဝါး မြင်ရသည်။ သူ့မျက်ဝန်းမှာလည်း မျက်ရည်ရစ်ဝိုင်းသည်မို့ မြင်ကွင်းက မကြည်လင်တော့ပါပေ။

သမီး လက်ကလေးကို ဆုပ်ကိုင်ရင်း ထိုမြင်ကွင်းကို ငေးမော နေလိုက်သည်မှာ စက်လှေ ကမ်းက ခွာသည် အထိပါပဲ။ ထို့နောက်မှာတော့ စက်လှေအခုတ်တွင် ရွာမြင်ကွင်းသည် တရိပ်ရိပ် နောက်မှာ ကျန်ရစ်၏။ ရွာဦး စေတီကို အဖြတ်၌ လက်အုပ်ချီမိုး ကန်တော့ရသည်။ ဒါသည် နောက်ဆုံးပေလား။ သူ မပြောတတ်နိုင်။

စိမ်းမြသော လယ်ပြင်တော၊ ကိုင်းပင်များ၊ ချောင်း ရေပြင်ထက် ပျံဝဲသော ငှက်ငယ်များ၊ ရေစီးမှာ မျောပါသော ဗေဒါအုပ်များ၊ ရွာစဉ်တန်းများ။ မြင်ကွင်းအားလုံးသည် လွမ်းဖွယ်အတိသာတည်း။

ခုတော့လည်း မြို့ပြနေ့ရက်သည် ခြောက်လသို့ပင် တိုင်ခဲ့လေပြီ။ သားမက် လုပ်သူမှာ နိုင်ငံရပ်ခြားတွင် အလုပ်လုပ်ရန် ထွက်ခွာခဲ့ပြီ ဖြစ်၍ အိမ်တွင် သမီးနှင့် ဒေါ်ရွှေကျော့ နှစ်ဦးတည်းသာ။ သမီးကလည်း အလုပ်တစ်ဖက်နှင့်မို့ နောက်ဆုံးတော့ တစ်ယောက်တည်းပါပဲ။

သမီးသည်လည်း မိခင်ကိုတော့ ရတတ်သမျှ အချိန်လေးမှာ ကြိုးစား၍ ဂရုစိုက်ရှာသည်။ ခုတလောတော့ စာမေးပွဲတစ်ခု ရှိသည် ဆိုလား။ အိမ်ပြန်ရောက်လည်းပဲ စာအုပ်နှင့် ကွန်ပျူတာနှင့် အလုပ်များတတ်သည်မှာ မိခင်ကြီး စကားပြောလိုသည်ကိုပင် မေ့လျော့နေရှာသည် ထင်ပါရဲ့။ ဒေါ်ရွှေကျော့မှာတော့ ငယ်တုန်းကလို သမီးစာကျက်ချိန် ဘေးကနေ ယပ်ကလေး ခတ်ပေးချင်သား။ သို့သော် ပန်ကာက တဝီဝီလည်ကာ အအေးဓာတ် ပေးလေသည်။

လျှပ်စစ်မီး အလင်းအောက်၌ သမီးလေး၏ မျက်နှာအလှကို ငေးရသည်နှင့်ပင် နေ့ခင်းချိန်တိုင်း အထီးကျန် သမျှလည်း ပျောက်ပါရော။

“အေးအေးလူလူ နားနေပါ အမေရယ်” ဟု သမီးက ပြောမြဲ ကဖစ်သော်လည်း ဒေါ်ရွှေကျော့မှာ ဘာများ လုပ်ပေးရပါ့ဟု သမီးအနား ရစ်သီတတ်သည်။ လက်ဖက်ကလေးများ သုပ်ကျွေး၍ သမီးက နှစ်နှစ်ခြိုက်ခြိုက် စားလျှင် သူ့မှာ ကျေနပ်နေရသည်။ ကော်ဖီ ဖျော်ပေး ရလျှင်လည်း နှစ်သိမ့်ပီတိ ဖြစ်မဆုံး။

တကယ်တော့ သမီးကို ငယ်တုန်းကလိုပင် ဒေါ်ရွှေကျော့က ကိုယ့်ခြေကိုယ့်လက် ပြုစုလိုသေးသည်။ သို့သော် သမီးက အမေကို ခွင့်မပြုပြီ။ လျှပ်စစ်နှင့်သာ ချက်ပြုတ်သုံးစွဲ ရသည်မို့လည်း ဒေါ်ရွှေကျော့က မဝံ့ရဲ။ သူသည် တစ်သက်လုံး ထင်းမီးနှင့်သာ ချက်ပြုတ်လာသူ။ တစ်ခါတစ်ရံတော့ သမီးကို သူ့လက်ရာကလေးများ ချက်ကျွေးချင်သေးသည်။ သို့သော် ယခုအထိတော့ သူသည် ကလေးငယ်ပမာ တစ်ကျော့ ပြန်ဖြစ်လျက် သမီးလေးက လုပ်ကိုင်ပေးသမျှကိုသာ ခံယူနေရသည်။ 

ကြာတော့လည်း လူပိုတစ်ယောက်ပမာ ခံစားချက်သည် မကြာခဏ ဆိုသလို တိုးဝင်လာတတ် ပါသေးသည်။ သို့သော် သမီးရှေ့တွင် မည်သည့်အခါမျှ မဖွင့်ဟ။ မနေပျော်သော မြို့ပြတွင် မနေပျော်သည်ကိုလည်း နှုတ်က မဟပါပေ။

“သမီးနဲ့ နေရတာ ပျော်တယ် မဟုတ်လား အမေရယ်” ဟု သမီးလေးက မေးတိုင်း ရယ်မော ခေါင်းညိတ်မြဲ။

နံနက်ခင်း ရောက်ပြီ ဆိုလျှင်တော့ ဒေါ်ရွှေကျော့၏ အထီးကျန်ဇာတ်သည် တစ်ပတ်လည်မြဲပင်။

သမီးသည် ထုံးစံလိုပင် မိခင်ကို မှာတမ်းများစွာ မှာကြားကာ အိမ်က ထွက်တတ်သည်။ သော့မဖွင့်ပေးဖို့ အတန်တန် မှာသည်ကို ဒေါ်ရွှေကျော့က နားမလည်။ သို့သော်လည်း သမီးစကားကိုတော့ နာခံကာ မည်သူ့ကိုမျှ သော့ဖွင့် မပေးပေ။

တစ်ခါတစ်ရံတော့လည်း အလှူခံများသည် လေးထပ်အထိ မောမောပန်းပန်း တက်လာသည်ကို ရေကလေး တစ်ပေါက်မျှ မတိုက်နိုင်ဘဲ တံခါးပင် ဖွင့်မပေးနိုင်ဘဲ သံပန်းတံခါးမှ လက်လှမ်းကာ အလှူငွေပေးရသည်ကို အားနာနေသည်။ သို့သော် သူတို့ မျက်နှာတွင်တော့ ဘာမှလည်း အဆန်းတကြယ် အမူအရာ မတွေ့ရ။ သမီးကတော့ ဒါမြို့လေ အမေရဲ့ဟု ဆိုဦးမလား မသိ။

တစ်ခါတလေတော့လည်း ပစ္စည်းလာရောင်းသည် ဆိုသော လူငယ်လူရွယ်များ ရောက်လာတတ်သေးသည်။ မယူသေးပါဘူးကွယ်ဟု ဆိုရတိုင်းလည်း အားနာနေပြန်သည်။ သူတို့ မမောကြဘူးလားကွယ်ဟု ကြံ ကြံဖန်ဖန် သနားနေပြန်သည်။

ဒေါ်ရွှေကျော့သည် တစ်နေ့လုံး နေလို့မှ အောက်ထပ်သို့ တစ်ကြိမ်ပင် ဆင်းသည် မဟုတ်။ ဆင်းစရာလည်း အကြောင်းမပေါ်။ သမီးက သူ အောက်ဆင်းရသည် မရှိအောင်ပင် ပြည့်စုံအောင် ထားခဲ့သည်။ သမီး ရုံးပိတ်သော ရက်တွင်တော့ ဈေးလေးဘာလေး ရောက်သားပဲ။ ညနေခင်းများ၌ လမ်းလျှောက်ဖြစ်သားပဲ။ ရွှေတိဂုံဘုရားသို့လည်း သမီးက ရံဖန်ရံခါ လိုက်ပို့တတ်သည်။

ရွှေတိဂုံဘုရားကို ဖူးရတိုင်းတော့ ဒေါ်ရွှေကျော့သည် ရွာက မိတ်ဆွေတို့ကို တမ်းတတတ်လေသည်။ သူတို့သည် ရွှေတိဂုံကို ဖူးမြော်လိုကြသည်။ ရွှေတိဂုံကို ဖူးရရင် သေပျော်ပါပြီဟု အခါခါ မြည်တမ်းတတ်ကြသည် မဟုတ်လား။ ထိုမိတ်ဆွေတို့ကို လက်ဆွဲခေါ်ကာ ဘုရားဖူးစေချင်ခဲ့သည်။ ခုတော့လည်း လက်ဆွဲ ခေါ်နိုင်လျှင်ပင် ဆွဲခွင့် မသာတော့ပြီ။ 

“ဪ ... မယ်နှင်းယုံ...မယ်နှင်းယုံ”

မယ်နှင်းယုံ၏ မျက်နှာ ပြည့်ပြည့်ဝန်းဝန်းက ရှေ့တွင်ပင် ထင်းလင်း နေသလို ဒေါ်ရွှေကျော့ဘစိတ်၌ ထင်လာသည်။ မျက်ရည် ဝဲချင်သည်ကို ထိန်းကာ ပင့်သက်ရှိုက်မိ၏။

ခုတော့လည်း တစ်လကျော်မျှ ရှိခဲ့ပြီမို့ ခံစားသမျှ ဟောင်းနွမ်းခဲ့ပြီဟု ဆိုကောင်း ဆိုနိုင်သည်။ သို့သော် တိုက်ဆိုင်ချိန်တိုင်းတော့ နိုးထတတ်ပေသည်။

ဒေါ်ရွှေကျော့၏ စိတ်သည် လွန်ခဲ့သော တစ်လခန့်ဆီ လွင့်မျောစ ပြုသည်။ ထိုစဉ်က ညနေခင်း တစ်ခုတွင် သူသည် သမီးထံက သတင်းတစ်ခု ရပေသည်။ မယ်နှင်းယုံ အိမ်က သမီးဆီ ဖုန်းဆက်တယ် ဆိုပါလား။

“အရီးနှင်းယုံ နေမကောင်းဘူးတဲ့” ဟုသာ သမီးက အသိပေးသော်လည်း စင်စစ်တော့ သည့်ထက် ပိုမည်ဟု မျက်နှာကို မြင်ရုံနှင့် ဒေါ်ရွှေကျော့က သိနေပါပြီ။ အကျေအလည် အစ်အောက် မေးမှပင် နေ့လားညလား စောင့်စားနေရပြီ ဆိုသည်ကို သိရ၏။

“ဘယ်လိုများ ဖြစ်ရသလဲ မဆိုနိုင်ဘူး” ဟု ရေရွတ်ကာ ဒေါ်ရွှေကျော့ မျက်ရည်ကျရသည်။

သူ့စိတ်တွင်တော့ သူ့အပေါ် အလွန် အနွံအတာ ခံခဲ့သော သူငယ်ချင်းကို မြင်ယောင်နေသည်။ ရွာကို နှုတ်ဆက်ရသည့် နေ့က ကမ်းပါးတွင် ရပ်နေသော အသွင်ကို မြင်ယောင်နေသည်။ နောက်တစ်ကြိမ် ပြန်တွေ့ရပါ ဦးမလားကွယ်ဟု စိတ်ပူပန်နေသည်။ သတင်းကြားပြီးချိန်က စ၍ မယ်နှင်းယုံကို သတိရ တသနေရသည်မှာ ပြောဖွယ်မရှိ။

“ရွာ ခဏပြန်ချင်တယ်ကွယ်” ဟု တီးတိုးဆိုသော် သမီးက မျက်နှာ မကောင်းပေ။

“အလုပ်က ခွင့်ရဖို့ မလွယ်ဘူး အမေရဲ့။ အမေ တစ်ယောက်တည်းလည်း သမီး စိတ်မချဘူး”

မြန်မာနိုင်ငံ မြောက်ဖျားနှင့် တောင်ပိုင်းမှာ သည်မျှ ဝေးကွာသည်တဲ့လား။ နောက်ဆုံးတော့ ဒေါ်ရွှေကျော့က ပင့်သက် ရှိုက်ငင်ကာ လက်လျှော့ရသည်။ ဘဝကူး ကောင်းစေဖို့သာ ဘုရားထံပါး ဆုတောင်းရသည်။ စိတ်ပူပန်ရသည့် ကာလသည် တကယ်တော့ သုံးရက်မျှသာ ကြာသည်။ ဒေါ်ရွှေကျော့၏ စိတ်တွင်တော့ သုံးရာသီမက ကြာသည်သို့တည်း။

သုံးရက်မြောက် နေ့တွင်တော့ မျှော်လင့်ထားပြီးသား စကားကို သမီးထံက ကြားရပေသည်။ သူ မယ်နှင်းယုံကို ဘယ်သောအခါမှ တွေ့ခွင့် မသာတော့ပြီ။

ညဦးချိန်တွင်တော့ သမီးက မျက်နှာ အရိပ်တကြည့်ကြည့် ရှိသည်မို့ ဟန်တင်းနေရသည်။ အိပ်စက်ရာ အခန်းလေးထဲ အရောက်တွင်ကား မျက်ရည်တို့ကို မထိန်းနိုင်ပြီ။

ဒေါ်ရွှေကျော့၏ နားထဲတွင် သူငယ်ချင်း၏ ရယ်သံကို ပြန်လည်ကြားယောင် နေသည်။ သည်အသက်အရွယ်သို့ ရောက်လာကြသည့်တိုင် သူ့အပေါ် ညီမငယ် တစ်ယောက်ပမာ ဂရုစိုက် ချစ်ခင်ခဲ့သည်ကို သတိရနေသည်။ ရွာကျောင်းဆီ အတူ လက်တွဲ ပြေးလွှားခဲ့ဖူးသော အချိန်များ၊ ရွာ့အပြင် လယ်ပြင်တောဆီ အတူ လျှောက်ခဲ့ကြသော နေ့ရက်များ၊ သူ့လယ် ကိုယ့်လယ် လယ်ယာ အလုပ်များထဲ အတူ ပင်ပန်းခဲ့သော ကာလများ၊ သားသမီးများကြောင့် စိတ်ပင်ပန်းချိန် အတူ အားပေးခဲ့မှုများ၊ ခင်ပွန်းသည် ဆုံးပါး၍ မုဆိုးမများ ဖြစ်လာချိန် ဆိုးတိုင်ပင် ကောင်းတိုင်ပင် ရှင်သန်ခဲ့မှုများ။ အို ... အမှတ်တရများက ဆုံးပဲ မဆုံးနိုင်။

ဒေါ်ရွှေကျော့သည် “မယ်နှင်းယုံရေ” ဟု တိုးသဲ့သဲ့ ညည်းတွားကာ မျက်ရည်တွေတွေ ကျရသည်။ ရွာကသာ မထွက်လာရင် မယ်နှင်းယုံရဲ့ နောက်ဆုံး အချိန်မှာ အတူရှိရမှာပေါ့။ အခုတော့ နောက်ဆိုရင်လည်း ဘယ်သူပဲ နေမကောင်းတယ် ဆိုဆို၊ ဆုံးတယ် ဆိုဆို၊  ငါ့မှာ တွေ့ခွင့်သာမယ် မဟုတ်ဘူး။ အတွေးများ တဝေ့ဝေ့ လည်ကာ အဲသည်ညက အိပ်မပျော်။ သို့သော် နောက်တစ်ရက် မိုးလင်းလျှင်တော့ သမီး စိတ်ပူပန်မည် စိုးသည်နှင့် ပုံမှန်မျက်နှာရိပ်ကို ဆင်နေရသည်။

နေ့ရက်များကတော့ ပုံမှန် လည်ပတ်ဆဲ။ ဒေါ်ရွှေကျော့၏ မြို့ပြနေ့ရက်များ သည်လည်း ပုံမှန်သာ တရွေ့ရွေ့ ကုန်ဆုံးမြဲပင်။

သမီးလေး နံနက်ခင်း အလုပ်သွားရန် အိမ်က ထွက်ခွာသည်နှင့် ဒေါ်ရွှေကျော့၏ နေ့ရက်တို့သည် သမားရိုးကျ ပြုနေကျကိစ္စများနှင့်သာ ထုံမွှမ်း၏။ စိတ်ကို အအားမပေးချင်။ စိတ်သည် နည်းနည်းမျှ အားလပ် လိုက်သည်နှင့် လေလို လွင့်ချင်လေ၏။

လွင့်မျောသွားသော စိတ်အစုံ၌ ရွာကို ရောက်ချင်သည်။ လယ်ပြင်တောထဲက လေကို ရှူရှိုက်ချင်သည်။ ချောင်းရေ ချိုးချင်သည်။ ပျဉ်ခင်း ထရံကာသည် ဖြစ်သော အိမ်ငယ်ကလေးမှာပဲ နေချင်သည်။ အိမ်ထဲက သီးပင် စားပင်ကလေးတွေကို ပျိုးနေချင်သည်။ ပန်းကလေးများ ပွင့်လာသည်ကို ကြည်နူးလိုသည်။ မိတ်ဆွေ ငယ်ပေါင်းတို့နှင့် ရေနွေးကြမ်းအိုး ရှေ့ချကာ ရှေးဖြစ်ဟောင်း အောက့်မေ့ဖွယ် ပြောချင်သည်။ ရွာဦးစေတီကို ဖူးချင်သည်။ ရွာဦး ဘုန်းကြီးကျောင်းတွင် မိတ်ဆွေတို့နှင့် တရားနာချင်သည်။ ဥပုသ် သီလ ယူချင်သည်။ မဆုံးနိုင်သော ဆန္ဒများနောက် စိတ်က လိုက်ပြီးသော် လက်တွေ့ဘဝနှင့် အလှမ်းကွာသည်မို့ ကိုယ်၌ အမောများသာ ကျန်လေသည်။

နောက်ဆုံးတော့လည်း စိတ်ကို လျှော့ချသော် ဝရံတာကိုတော့ ခင်တွယ်ရာ အရပ်ဟု မြင်တတ်လာသည်။ 

သည်ဝရံတာမှ ညနေခင်း နေအေးချိန်တိုင်း လမ်းပေါ်သို့ မျှော်ကြည့်လျှင် မြို့ပြညနေကို လှမ်းမြင်ရသည်။ လူငယ်လူရွယ်တို့သည် အိမ်အပြန်လမ်းသို့ ဦးတည်လျက်။ ကလေးတို့သည် လမ်းပေါ်တွင် ပြေးလွှားလျက်။ ညနေစာ စားသောက်ပြီးပုံ ရသူ တချို့တလေ လမ်းပေါ် အေးအေးလူလူ လျှောက်နေဟန်ကိုလည်း မြင်ရသည်။

မျက်နှာချင်းဆိုင်သို့ အကြည့် ရွှေ့လျှင်တော့ သူ့လိုပင် သားသမီး မျှော်ဟန်တူသော အမေအိုကို ဝရံတာတွင်  တွေ့ရသည်။ ထိုမိခင်သည်လည်း တစ်နေကုန် တစ်နေခမ်း စကားပြောဖော် မရှိသူလား မသိ။ မြေးငယ်တို့လည်း ရှိကောင်းရှိမည်။ သို့သော် မြို့က ကလေးငယ်တို့သည် ကျူရှင်နှင့် ကျောင်းနှင့် မအားလပ်ဘူး ဆိုပါလား။

ရွာမှာတော့ ကလေးငယ်တို့သည် ပြေးလွှား ဆော့ကစားကာ အဘိုးအဘွားများ အနီး စကားတွတ်ထိုးကာ ရှိတတ်မြဲ။ သည်မှာတော့ အဘိုးအဘွား လုပ်ရသည်မှာ အထီးကျန် နိုင်လေမည်လား။ သူ့တွင်တော့ သမီးက ရင်သွေး မယူသေးသည်မို့ ကြိုမသိနိုင်သေး။ မြေးရသည်အထိ အသက်ရှင်လျှင်တော့ တွေ့ရသေးတာပေါ့ကွယ်။

သို့သော်လည်း သမီး၏ ရှေ့ရေး အစီအစဉ်တွင်တော့ ရင်သွေး ယူရေးက လားလားမျှ မပါဝင်သေးပေ။  အဆင်သင့် မဖြစ်သေးဘူး အမေရယ် ဆိုတော့လည်း ဒေါ်ရွှေကျော့က နားမလည်ပြန်။ ကလေးတစ်ယောက် ယူဖို့ရာ တို့တုန်းက ဒီလိုတော့ မတွေးခဲ့ရပါဘူး။ ရတနာရယ်လို့ ချစ်မြတ်နိုး ရတာကိုသာ သတိရနေသည်။

မြို့ပြမှာတော့ ဒေါ်ရွှေကျော့ နားမလည်နိုင်သည့် ပုစ္ဆာတို့က ပိုများတယ် ထင်သည်။ လူမှုရေးရာ နေထိုင် ဆက်ဆံသော ဝန်းကျင်ကိုလည်း နားမလည်။ တယ်လည်း သူစိမ်းဆန်ပါလားကွယ်ဟု မကြာမကြာ ရေရွတ်ချင်သည်။ 

ဧည့်သည် အလွန်မင်သော ကျေးလက်တွင် လူဖြစ်ခဲ့သော ဒေါ်ရွှေကျော့သည် အခန်းတွင်း နေရသည်ထက် ဟိုဟိုသည်သည်လေး သွားလာ မိတ်ဖွဲ့ကာ စကားဆိုကာ နေချင်သည်။ ရှေ့က မျက်နှာချင်းဆိုင် အခန်းမှာလည်း သူ့လိုပင် အမေအို တစ်ယောက် ရှိသည် မဟုတ်လား။

သမီးလေး ထွက်ချိန် တံခါးစောင့်ပိတ်တိုင်း ထိုအခန်းဘက် အကြည့်ရောက်လျှင် မျက်လုံးချင်း ဆုံရတတ်သည်။ မျက်မှန်းတန်း၍ ပြုံးပြသည်နှင့် စိတ်မှာ နွေးထွေးရသည်။ ရွာက ငယ်ပေါင်းတို့လို မဟုတ်သော်လည်း မိတ်ဆွေတော့ တွေ့ပါပြီဟု ထင်ခဲ့သည်။ နှစ်ယောက်သား နေ့ခင်းနေ့လယ် စကားဆိုကာ နေရမည် ထင်ခဲ့သည်။ 

သို့သော် သည်အကြောင်း သမီးကို ပြောပြသော် အိပ်မက်က ပျက်ပါပကော။

“အမေရယ် အဲဒီအခန်းက အခန်းရှင်က သမီးတို့ကို ခပ်တန်းတန်းပဲ သိပ်မရင်းနှီးဘူးလေ။ သူ့အမေကြီးကတော့ အမေ့ကို ခင်ပုံပဲ။ ဒါပေမယ့် အမေ မသွားပါနဲ့။ သူတို့ ကြိုက်မှာ မဟုတ်ဘူး”

ဒါနှင့်ပင် နောက်တော့လည်း မျက်မှန်းတန်းလျှင် ပြုံးပြခြင်းနှင့်သာ ကျေနပ်ရသည်။ မျက်ဝန်းများမှာ အထီးကျန်ခြင်းကို ပျပျမြင်ရ လေသလား မသိ။ ကိုယ်ချင်းစာနာစဖွယ်။ ဒေါ်ရွှေကျော့ကမှ အောက်ကို ဆင်းနိုင်ပြုနိုင် သေးသည်။ ထိုအမေကတော့ လူတွဲပါမှသာ လှုပ်ရှားသွားလာ နိုင်တော့သည်ကို မြင်ဖူး၏။ သည်လို စိတ်သွားတိုင်း ကိုယ်မပါတော့သည့် ဘဝဆိုလျှင်တော့ ကျဉ်းမြောင်းသည့် တိုက်ခန်းအတွင်းက ဝန်းကျင်သည် ပို၍ပင် စိတ်ကို မွန်းကြပ်စေမည်လား။

ဒေါ်ရွှေကျော့သည် မရည်ရွယ်ပါဘဲ ပင့်သက်ရှိုက်ရသည်။ ခုတော့ဖြင့် အိမ်ထဲ တတောက်တောက် သွားနိုင် လာနိုင်ပါသေးရဲ့။ ကိစ္စဝိစ္စလေးများ ရှိလျှင် အောက်ပင် ဖြည်းဖြည်းချင်း ဆင်းနိုင်ပါသေးရဲ့။ စိတ်က ဆောင်သလောက် လူကလည်း ပါနိုင်သေးရဲ့။

တကယ့်တကယ် အိုမင်းမစွမ်းချိန် အိပ်ရာပေါ် ပက်လက်လဲချိန်မျိုး သည်အခန်းထဲ ရှိနေလျှင်ရော။ မမြင်သာသော အနာဂတ်ကို စိတ်စော ပူပန်ဖွယ်ရာ။  သမီးကို ပြောကာ ရွာသို့ ပြန်လျှင်ရော။ သို့သော် သမီးလေးက သည်မှာ တစ်ယောက်တည်း ကျန်ခဲ့ရှာမည်လေ။ သမီးသည် မြို့ပြတွင်သာ ကျင်လည်ရမည့်သူ။ ပြီးတော့လည်း တည်ဆောက်ခဲ့သော မိသားစု ဘဝသည်လည်း မြို့ပြတွင်သာတည်း။ သူခင်တွယ်သော ရွာသို့ သမီးသည် အလည်သဘောထက် ပို၍ ရောက်နိုင်မည် မဟုတ်။          

ရွာမှာတော့လည်း ပြန်နေဖြစ်လျှင်ပင် မိမိ တစ်ယောက်တည်းပါပဲ။ သို့သော် ရွာတွင်တော့ ကိုယ့်ဆွေမျိုး သားချင်းအပြင် ရပ်ဆွေရပ်မျိုးကပါ သိုက်သိုက်ဝန်းဝန်း ရှိသည်မို့ သည်အတိုင်း ဘယ်သူမှ ပစ်ထားမယ် မဟုတ်။ ဒေါ်ရွှေကျော့သည် ရွာတွင် သူနေခဲ့သော ကာလရှည်ကို ပြန်မြင်ယောင်နေသည်။ ဘယ်တုန်းကမှ ဘဝကို ညည်းငွေ့စဖွယ် မထင်မြင်စဖူး။ ရွာကအိမ်တွင် တစ်ယောက်တည်း နေရစဉ်က သားသမီးကို လွမ်းတာ မှန်သော်လည်း အထီးကျန်ခြင်းက သည်တိုက်ခန်းတွင်း ကျန်ခဲ့ချိန်လောက် ပြက်ပြက်ထင်ထင် မရှိပါပေ။

သည်ရက်များထဲတော့ ဒေါ်ရွှေကျော့သည် ရွာသို့ ပြန်ရန် အကြိမ်ကြိမ် စဉ်းစားခဲ့သည်။ စိတ်ကူးတွင် ရွာအပြန်လမ်းကို အကြိမ်ကြိမ် မြင်၏။ သို့သော် သမီး၏ မျက်နှာကို မြင်လျှင်ပင် စိတ်ကူးက အကြိမ်ကြိမ် ပျက်ပြယ်သည်။ သူသည်လို တွေးနေတတ်မှန်း သမီးသိလျှင် စိတ်မကောင်း ဖြစ်၍ ဆုံးမည်မဟုတ်။ နောက်ဆုံးတော့လည်း စိတ်ဆန္ဒများစွာကို ဟန်လုပ် ဖုံးကွယ်ရသည်မှာ ရက်အချို့ လွန်ခဲ့ပေပြီ။

ဒေါ်ရွှေကျော့သည် လမ်းပေါ်ကို ငေးကြည့်နေရာက သမီး ပုံရိပ်ကလေးကို ဖျတ်ခနဲ မြင်သည်။

ခေါင်းလောင်းကလေး တချွင်ချွင် လှုပ်ခတ်လာသည်။ လှေကားတစ်လျှောက် နင်းတက်လာမည့် ခြေသံကို နားစွင့်စဉ် ညနေခင်းတိုင်း သမီးမျက်နှာ မြင်လျှင် သာယာကြည်နူးမြဲ ဖြစ်သော စိတ်ကလေးက တစ်ကျော့ ပြန်လှုပ်ခတ်လာ၏။

တံခါးမှ လှမ်းဝင်လာသော သမီး၏ မျက်နှာကလေးမှာ ပင်ပန်းမှုကြောင့် နွမ်း၍နေသည်။ သမီး မတားနိုင်မီမှာပင် ဒေါ်ရွှေကျော့သည် ရေတစ်ဖန်ခွက်ကို ခပ်နှင့်ပြီး ဖြစ်နေသည်။ သမီးလေး အမောတကော ရေသောက်ချသည်ကို အငေးသား ကြည့်နေမိသည်။ ဘဝအမောများကြား သမီးလေးကို သည်လို မြင်တွေ့ရလျှင်တော့ စောစောက တွေးတတ်သည့် ရောက်တတ်ရာရာ အတွေးတို့သည် ဘယ်ဆီဘယ်ဝယ် လွင့်ပျယ်ပြီ မသိ။

“အမေရေ ဒီနေ့ခင်းက အရီးငွေက ဖုန်းဆက်တယ် သိလား။ သမီးရုံးကို”
“ဘာများဖြစ်လို့တုန်းကွယ်”
“ဘာမှမဖြစ်ပါဘူး အမေရဲ့။ သူ နေကောင်းကြောင်း ပြောပေးပါတဲ့၊ အမေ အဆင်ပြေရဲ့လား ဆိုတာလည်း သိချင်လို့တဲ့”
“အဆင်ပြေတယ် ပြောလိုက်ပါ သမီးရယ်။ အမေ ဒီမှာ အဆင်ပြေပါတယ်လို့”

ဒေါ်ရွှေကျော့သည် သမီး၏ မျက်နှာကို ငေးမြဲငေးဆဲ။ နှုတ်ခမ်းများကတော့ ပြုံးနေပေမည်။

--------

                                                    #စံပယ်ဖြူနု

                                            ကလျာ၊ မတ်လ၊၂ဝ၁၃။

No comments:

Post a Comment