Mar 9, 2017

အောင်ဆန်း (သို့မဟုတ်) အရိုင်း

" အောင်ဆန်း (သို့မဟုတ်) အရိုင်း "
=====================

                                                         #ဒဂုန်တာရာ

(၁)

သူ၏ အောက်မှ လူထုကြီးသည် စည်းကမ်းသေဝပ်ခြင်း အတန်ငယ် ကင်းမဲ့စွာ နားထောင်လျက် ရှိ၏။ လူထုကြီးသည် စူးစိုက်ခြင်း မရှိ၊ တချို့က ပြုံးရယ်၍ နေ၏။ နောက်နားရှိ လူထုအစိပ်အပိုင်း တခုကား အချင်းချင်း ခေါင်းချင်းကပ်ကာ တီးတိုး ပြောနေကြ၏။ သို့သော် ပျက်ရယ် ပြုခြင်းကား မရှိ။ လေးစားခြင်းသည် အားလုံး၌ တညီတညွတ်တည်း တည်ရှိ၏။

အစိမ်းရောင် ကတ္တီပါ ကားကြီးသည် သူ့ကို နောက်ကားခံ၍ ထား၏။ ကားလိပ်ကြီးမှာ ဘာရုပ်ပုံ တောတောင်မှ ခြယ်လှယ်ထားခြင်း မရှိ ပကတိ ပိန်းပြောင်ပြောင် ဖြစ်၏။ ကတ္တီပါကားသည် အခြား ဘာအဓိပ္ပါယ်ကိုမျှ ထူးထူးထွေထွေ မဘော်ပြ။ သို့သော်မှိုင်းညို့ခြင်း တခုသာ ရဲဝံ့စွာ ဆောင်၍ နေသည်။

သူသည် သည်စိမ်းညိုသော ကားကြီး၏ ရှေ့စင်မြင့် ဇာတ်ခုံပေါ်၌ ရပ်ကာ စကားပြော၍ နေသည်။ သူသည် ဗမာ ပထဝီမြေကြီးမှ ဗမာဝါဂွမ်းဖြင့် ယက်လုပ်သည့် ပင်နီဖျဉ်ကြမ်းကြီးကို ဝတ်ထား၏။ လုံချီမှာ နီရဲသော ရွှေတောင် ပိုးလုံချီ ဖြစ်၏။ ခေါင်းမှာ ပွယောင်းယောင်းနှင့် မသေသပ်။ မျက်နှာ အသွင်အပြင်မှာ အပူပိုင်းဒေသ အီကွေတာပေါ်ရှိ ကျွန်းစုများတွင် နေထိုင်သော မွန်ဂိုလီယံအနွယ် လူရိုင်း မျက်နှာနှင့် တူ၏။ သို့မဟုတ် တောင်ပေါ်ချင်း တယောက်၏ မျက်နှာနှင့်လည်း တူ၏။

တက္ကသိုလ် ကျောင်းသား လူလတ်တန်းစား၏ လက္ခဏာ ဖြစ်သော ထယ်ဝါခြင်း၊ ယဉ်ကျေး သိမ်မွေ့ခြင်းတို့သည် သူ့တွင် လုံးဝ မခိုအောင်း၊ လမ်းပေါ်တွင် နေရာတကာ တွေ့မြင်နိုင်သော သာမန် ဆင်းရဲသား တဦးနှင့်သာ တူ၏။ လူထုထဲမှ သူတစ်ဦး၏ အသွင်အပြင်မျိုးသာ ဖြစ်၏။

သူသည် လက်နှစ်(ဖက်)ကို ဘေးသို့ကား၍ လှုပ်ကာလှုပ်ကာ စကားပြော၏။ သူ၏ စကားလုံးများကား ပြေပြစ်ခြင်း မရှိ၊ ချောမွေ့ခြင်း မရှိ၊ သို့သော် အတွင်း၌ကား အနက်ပါ၏။

သင် ပဌမဆုံး တွေ့မြင်သော အောင်ဆန်း၏ ပုံပန်းကို ရေးပြပါ ဆိုလျှင်၊ ကျွန်တော်သည် သည်ပုံကို ရေးပြမည် ဖြစ်ပေသည်။

ထိုအခါကား ၁၉၃၆ - ခု၊ ပဌမဦးဆုံး ကျင်းပအပ်သော ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ညီလာခံကြီးကို ရန်ကုန်မြို့ ဂျူဘလီဟော ခန်းမတွင် ဆင်ယင်သောအခါ ဖြစ်ပေသည်။ ကျွန်တော်သည် အထက်တန်းကျောင်းတွင် ပညာ သင်ကြားလျက် ရှိရာ၊ နယ်မှ ကျောင်းသား ကိုယ်စားလှယ် အဖြစ် ကျောင်းသား ညီလာခံသို့ တက်ရောက်စဉ်၊ အောင်ဆန်း စကားပြောသည်ကို တွေ့မြင်ရခြင်း ဖြစ်ပေသည်။

၁၉၃၆ - ခု၊ သပိတ်မှောက်ကိစ္စ တောက်လောင်တော့မည့် ဆဲဆဲ၊ မီးခိုးများ အူနေသည့် အခိုက်၊ 'အောင်ဆန်း' အမည်ကို သတင်းစာများတွင် ဘတ်ရသောအခါ၊ သူ့ကို သိချင်သောစိတ် ထက်သန်ခဲ့သည်။ ထိုအခါ အောင်ဆန်းမှာ တက္ကသိုလ်သမဂ္ဂ အသင်း၏ ကြွေးကြော်သံ ဖြစ်သော အိုးဝေမဂ္ဂဇင်း အယ်ဒီတာ ဖြစ်၏။ ကျွန်တော်မှာ စာပေ ဝါသနာပါသူ ဖြစ်ရာ၊ အောင်ဆန်းကို အိုးဝေ မဂ္ဂဇင်း အယ်ဒီတာ အဖြစ် စိတ်ဝင်စား၏။ အားကျ၏။ သူ့အကြောင်းကို သိချင်၏။ တွေ့ဘူးချင်၏။

သို့သော် ဂျူဘလီဟော ကျောင်းသားများ ညီလာခံတွင် သူ၏ ရုပ်သွင်နှင့် သူစကားပြောသည်ကို တွေ့မြင်ကြားနာ ရသောအခါ၊ အထင်နှင့် အမြင် ကွာနေသည်ကို၊ တွေ့ရ၏။ ကျွန်တော် ထင်ထားသည်မှာ ကောလိပ်ကျောင်းသား၊ ရုပ်ဖြောင့်၊ ဂိုက်ကျ၊ စကားပြောကောင်းဟု ဖြစ်၏။ အယ်ဒီတာလည်း ဖြစ်သဖြင့် အတော် အထင်ကြီး ထား၏။

တွေ့ရသောအခါ ရုပ်ကလည်း မဖြောင့်၊ စကားပြောကလည်း မပြေပြစ်၊ သို့ဖြစ်၍ စိတ်က မကျေနပ်။

ထိုအခါ ကျွန်တော်မှာ အရွယ် နုနယ်သေး၍ စိတ်ကူးယဉ်ယဉ်ဖြင့်သာ အောင်ဆန်းကို ရုပ်ဖြောင့်စေချင်၊ စကားပြော ကောင်းစေချင်နေ၏။ ထို့ကြောင့် စိတ်ထဲက မကျေနပ်။

(၂)

နောက် ၁ - နှစ်ခန့် ကြာသောအခါ၊ ကျွန်တော်လည်း တက္ကသိုလ်သို့ ရောက်၍နေသည်။ ကျွန်တော် တက္ကသိုလ်ရောက်သည့် ၁၉၃၇-၃၈ ခုနှစ်က၊ ကိုအောင်ဆန်းသည် တက္ကသိုလ်သမဂ္ဂတွင် ဥက္ကဌ၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂတွင် ဥက္ကဌ ဖြစ်၏။ ထိုအခါ ကျွန်တော်သည် ကိုအောင်ဆန်းနှင့် အသိ ဖြစ်လာ၏။ အသိသာ ဖြစ်ရုံဖြစ်သည် မရင်းနှီးခဲ့ပေ။

သူနှင့်ကား ရင်းနှီး၍ မဖြစ်၊ သူသည် ရင်းနှီး၍ရသော လူစားမျိုး မဟုတ်၊ နိုင်ငံရေး အတူတူ တွဲဘက်လုပ်လျှင်သာ သူနှင့် ရင်းနှီးမည် ဖြစ်၏။ တက္ကသိုလ်တွင် နေစဉ် ကျွန်တော်သည် သမဂ္ဂနိုင်ငံရေး ကိုသာ တဘက်သတ် မလိုက်၊ စာပေကဗျာလည်း ရေးချင်၏။ ဂီတကိုလည်း လိုက်စား၏။ သည်လို အစုံလုပ်ချင်သဖြင့်၊ သူနှင့် မရင်းနှီးနိုင်ပေ။ သူကား နိုင်ငံရေးသမား သက်သက် ဖြစ်သည်။

ကိုအောင်ဆန်းနှင့် ကျွန်တော့်ကို ယခု သခင်ဘဟိန်းက အသိဖွဲ့ပေးခဲ့၏။ သို့သော် ကျွန်တော်သည် နိုင်ငံရေးသမား သက်သက် မဟုတ်သဖြင့် သူ၏ အသိထက် လွန်မြောက်၍၊ ရင်းနှီးသော အဖြစ်သို့ မရောက်သွားခဲ့ပေ။

သခင်ဘဟိန်းနှင့်ကား သည်လိုမဟုတ်။ သခင်ဘဟိန်းသည် ယဉ်ကျေး သိမ်မွေ့သူ ဖြစ်၏။ စာပေကဗျာ အလင်္ကာများကို နှစ်သက်၏။ ဂီတကို ချစ်၏။ ထိုကြောင့် ကျွန်တော်နှင့် ခဏနှင့်ပင် ရင်းနှီးချစ်ခင်ကာ သူကွန်မြူနစ် ဖြစ်နေသည့် ဘဝအထိပင် ရင်းနှီး ချစ်ခင်ခြင်း မပျက်။ ကျွန်တော်ကား နိုင်ငံရေးသမားလည်း မဟုတ် သို့သော် ချစ်ခင် ရင်းနှီး၏။ ကိုအောင်ဆန်းနှင့်ကား သည်ကဲ့သို့ မဟုတ်။

ကျွန်တော် စာရေး ဝါသနာ ပါသည်ကို ကိုအောင်ဆန်း သိ၏။ သို့ရာတွင် ကျွန်တော် ရေးခဲ့သော ဒဂုန်မဂ္ဂဇင်းမှ ရတုပိုဒ်စုံ စသော ကဗျာများ၊ ဝတ္ထုတို၊ ဆောင်းပါး စသည့် စာပေများကို သူ အကုန်ဘတ်ဘူးလိမ့်မည် မထင်၊ ဂရုစိုက်၍ ဘတ်မည့် လူမျိုးလည်း မဟုတ်။

သို့သော် တခါက သခင်ဘဟိန်းနှင့် အတူ သမဂ္ဂ အမှုဆောင် ကော်မတီခန်းတွင် ပင်းယ မဂ္ဂဇင်း၌ ပုံနှိပ်ထားသော ကျွန်တော်၏ ဆောင်းပါး တခုကိုကား ကျွန်တော့် ရှေ့တွင် ဘတ်သည်ကို တွေ့ရဘူး၏။ ဘတ်ပြီးလျှင် ဝေဖန်ချက် ပေး၏။

ကိုအောင်ဆန်း သည်လည်း အင်္ဂလိပ် - ဗမာ ဆောင်းပါးရှင် တဦး ဖြစ်ပေသည်။ အင်္ဂလိပ် ဘာသာဖြင့် ရေးသော သူ၏ ဆောင်းပါးများကို ဂန္ထလောက မဂ္ဂဇင်းတွင် ဘတ်ရဖူး၏။ သူသည် ဗုဒ္ဓဘာသာ တရားတော်နှင့် ပတ်သက်သော ဆောင်းပါးများကို ရေး၏။ ကျောင်းသားများ အဝတ်အစား ဝတ်ဆင်ရေး ပြဿနာကို သူသည် ဂန္ထလောကတွင် ပန်းတနော် ဦးသန့် နှင့် အပြန်အလှန် ရေးသည်။ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ အသင်း၏ ကြွေးကြော်သံ ဖြစ်သော 'မျိုးညွှန့်' မဂ္ဂဇင်းတွင် ပါသော သူ၏ 'လောကဝိဟာ' အမည်ရှိ ဆောင်းပါးတိုကလေးကိုကား သဘောကျခဲ့၏။ ကမ္ဘာလောကကြီးကို ကိုယ်တွေ့ ပညာဗဟုသုတ အမြင်တို့ကို ပေးသော စာသင်ကျောင်းနှင့် ဥပမာတင်၍ ရေးသားထားသည်၊ ကိုအောင်ဆန်းသည် ဗမာစာ အရေးညံ့သူ မဟုတ်ပေ၊ တိတိကျကျ ရေးတတ်၏။ ပါဠိကို မှန်ကန်စွာ သုံး၏။ တခါတရံ ဟာသဥာဏ် ပါ၏။

ပုသိမ်မြို့တွင် ကျင်းပသော ကျောင်းသားများ ညီလာခံ၌ သူ၏ ဥက္ကဌ မိန့်ခွန်းတွင် ကင်းဘဲလ် အစီရင်ခံစာကို "ပညာရေး ပူရာဏ်ကျမ်းကြီးပေ တကား ..." ဟု ပြောင်လှောင် ထားသည်မှာ သရ်ာချက် ပါပေသည်။

ကျောင်းမှထွက်ပြီး ဒို့ဗမာ အစည်းအရုံးသို့ ဝင်သောအခါ ငတ်ပြတ် လာ၍လား မပြောတတ်၊ ဒဂုန် မဂ္ဂဇင်းတွင် ဆောင်းပါး ရေးလိုကြောင်း ကျွန်တော်ကို ပြော၏၊ ကျွန်တော်လည်း တိုက်ရှင်တို့နှင့် စီစဉ်၍ လစဉ် ကိုအောင်ဆန်း ဆောင်းပါးများ ပါစေသည်။

ဒဂုန် မဂ္ဂဇင်းက ကိုအောင်ဆန်း ရေးသော ဆောင်းပါးများအတွက် ငွေ ချီးမြှင့်၏။ သူရေးသော ဆောင်းပါးကား၊ 'နိုင်ငံရေး အမျိုးမျိုး' ဟူသော ဆောင်းပါး ဖြစ်သည်။ ဂရိတ် နိုင်ငံရေးက အစချီ၍ မျက်မှောက် ဗမာ နိုင်ငံရေး အခြေအနေအထိ ရေး၏။ စာပြောင်၏။ ဘတ်၍ကောင်း၏။

သူလည်း ဒဂုန်တွင် ကြာကြာ မရေးရ။ မကြာခင် ဂျပန်ပြည်သို့ ထွက်သွားသဖြင့်၊ သူ့ဆောင်းပါးလည်း ရပ်၍သွား၏။ အစိုးရကလည်း ငြိုးထား၍လား မပြောတတ်၊ ဒဂုန် မဂ္ဂဇင်းမှာ ထိုနှစ်မှာပင် ပိတ်ခြင်း ခံရရှာလေသည်။

(၃)

သမဂ္ဂဥက္ကဌ ဖြစ်သော ၁၉၃၈-၃၉ - ခုနှစ်က၊ သူသည် ဘီ-အယ်လ်တန်းတွင် ရှိ၍၊ ပဲခူးကျောင်းဆောင် အလယ်ထပ်တွင် နေသည်။ သူ၏ အခန်းသည် သပ်ယပ်ခြင်း ကင်းမဲ့၏။ အခန်းတွင် စာအုပ်များ ပြည့်နှက်၍ နေ၏။ စာအုပ်များသည် စားပွဲပေါ် တချို့၊ ဘီဒိုပေါ် တချို့၊ ကြမ်းပြင်ပေါ်တွင်တချို့ ပြန့်ကြဲကာ ရုန်းရင်းဆန်ခတ် ဖြစ်၍ နေကြ၏။ သူသည် အင်မတန် စာဘတ်သူတစ်ယောက် ဖြစ်၏။

သူသည် ဒေါသကြီးသူတဦး ဖြစ်၏။ သည်လို အများကထင်၏။ ကျွန်တော့်အဘို့ကား၊ ဒေါသကြီးသည် မကြီးသည်ကို မသိ၊ သူ့တွင် စိတ်လိုက်မာန်ပါ စိတ်တွေ ရှိသည်ဟု ကျွန်တော် ထင်၏။

နှစ်ကိုကား  အသေအချာ မမှတ်မိတော့။ သပိတ်မှောက် နှစ်လည် အထိမ်းအမှတ် ပွဲတခု တက္ကသိုလ် သမဂ္ဂတွင် ကျင်းပ၏။ ပရိဿတ်ထဲက ထ,၍ ဝေဘန်စကားများ, ပြောကြ၏။ ထိုသို့ ပြောကြသည့် အထဲတွင် စစ်ကိုင်း ကျောင်းဆာင်မှ ကုလားကျောင်းသား တဦးက၊ ဥက္ကဌဟောင်း၊ မစ္စတာ ရာရှစ်ကို ဝေဘန်ရာ၌ အတော် ထိခိုက်သော အပြစ်တွေကို ထုတ်ဖော် ပြောလေသည်။ ကုလားကျောင်းသား ပြောသည့် စကားများသည် အခြေခိုင်သည်, မခိုင်သည်ကိုကား မမှတ်မိတော့ပေ။ ကိုအောင်ဆန်းသည်၊ မစ္စတာ ရာရှစ်အတွက် ဒေါပွကာ၊ ထိုကုလားကို ကြိမ်းမောင်း၍၊ "ရဲရင် ထွက်" စသော စသာ အသုံးမျိုး သုံး၏။ လက်သီးဆုပ်ကာ ကုလားအပါးသို့ တိုး၍ သွား၏။ ဘေးက ကျောင်းသားများက ဝိုင်း၍ ဆွဲထား ရလေ၏။

သူသည် ဒေါသကြောင့် ဆတ်ဆတ်တုန်လျက် ရှိလေသည်။

ကုလား-ဗမာ အဓိကရုဏ်း အပြီး ဒေါက်တာဘမော်၏ တက္ကသိုလ် ဥပဒေ ပြင်ဆင်ရေး အဆိုကြမ်းကို သမဂ္ဂက ငြင်းပယ်လိုက်သည့် ကိစ္စနှင့် ပတ်သက်၍၊ ညိုမြ အမှူးရှိသော ကျောင်းသားတစုက မကျေနပ်သဖြင့်၊ သမဂ္ဂကို အယုံအကြည် မရှိ အဆို တင်သွင်း၏။ ထိုအစည်းအဝေး၌ ကိုအောင်ဆန်းသည် ညိုမြကို ဒေါပွကာ၊ ဥက္ကဌ ကုလားထိုင်မှ နေ၍ ညိုမြ အတင်းကို အတော် ပြောလိုက်လေသည်။

သည်လို စိတ်လိုက်မာန်ပါ ပြောပြီးနောက် တပါတ်လောက် ကြာသောအခါ၊ ထိုနေ့က အောင်ဆန်းက ညိုမြအား ရှုံ့ချသော စကားများကို ရုပ်သိမ်းလိုက်ကြောင်း၊ ကြော်ငြာစာကို တက္ကသိုလ်ကျောင်းဆောင် အသီးသီးတွင် ထွက်ပေါ်၍ လာလေသည်။

တက္ကသိုလ်တွင် ရှိစဉ်က၊ ကိုအောင်ဆန်းသည် ပြုံးသော မျက်နှာထားကို ထားခဲ၏။

သူ၏ မျက်နှာထားသည် သုန်မှုန်၏။ တခါ တွေ့ဘူးသော သူကို နောက်တခါတွေ့လျှင် နှုတ်ဆက်ချင်မှ ဆက်၏။ သူ့ကိုသိသူက ပြုံးပြသော်လည်း၊ သူသည် တုံ့ပြန်၍ ပြုံးချင်မှ ပြုံး၏။ ဥက္ကဌ ဖြစ်သဖြင့် သူ့ကိုကား ကျောင်းသားတိုင်းက သိကြ၏။ သူကလည်း အစဉ်လိုလို နိုင်ငံရေးကိုသာ တွေးနေဟန် တူ၏။ ဗမာပြည်၏ လွတ်လပ်ရေးအတွက် စိတ်ပူပုံရ၏။ ထို့ကြောင့် သူသည်သုန်မှုန်လျက် ရှိနေသည်။

သူ စကားပြောလျှင်လည်း နိုင်ငံရေး အကြောင်းကိုသာ ပြောသည်။ သူပြောနေစဉ် ဘေးရှိလူများက နားထောင် နေရသည်။ ဘေးက လူများ၏ စကားကိုသူ မကြား။ သူ ပြောချင်တာတွေကိုသာ စွပ်၍ပြော နေတတ်သည်။

(၄)

တခါက ရန်ကုန်ကို ဂျပန်တို့ သိမ်းပိုက်စ အချိန်။

ဝိတိုရိယ ရိပ်သာရှိ အိမ်တအိမ်တွင် သခင်မြနှင့် ရဲဘော်များ နေထိုင်လျက် ရှိကြသည်။ ကျွန်တော်မှာလည်း တောက ရောက်ခါစ ဖြစ်၏။ ဧည့်ခန်းရှိ စန္ဒယားတွင် ကျွန်တော်က ထိုင်ကာ တီးနေ၏။ ဘေးမှ သခင်စံဝေနှင့် တက္ကသိုလ်ကျောင်းသား တချို့က ဝိုင်း၍ သီချင်းလိုက်ဆိုလျက် ရှိ၏။ ဘီ-အိုင်-အေ သမားများမှာ၊ ဂီတ အင်မတန် ငတ်နေ၍၊ သီချင်းသံကို တောင့်တနေသဖြင့် အတင်း တီးခိုင်းကြ၏။ စန္ဒယားမှာ အသံတွေ ပျက်နေ၏။

ချစ်ခင်မှာလား၊ ကြင်မှာလား ခင်ခင်ရယ်။
ချစ်သဲနွယ်၊
အဟုတ်ကို ချစ်တော့မယ်
ခင်ရယ် ကြင်မယ် ...

ဝိုင်း၍ ဆိုနေကြရာမှ၊ သည်နေရာသို့ ရောက်သောအခါ၊ ကိုအောင်ဆန်းသည် ဂေါက်- ဂေါက်- ဂေါက်- ဂေါက်နှင့်၊ တဘက်မှ လျှောက်လာကာ စန္တယား အပါးတွင် လက်ထောက်ကာ ရပ်လျက်-

"ဟေ့ ... ရပ်ကြ၊ ခုလိုအခါမျိုးမှာ၊ ရဲစိတ် ရဲမာန် တက်စေမဲ့ ရဲတင်းသံတို့ကိုသာ ဆိုရမယ်ဗျ၊ ဒီချစ်မယ် ကြင်မယ် သီချင်းမျိုးက၊ မဟန်ဘူး ..."။

ရုတ်တရက် ကြောင်၍ူ ကျွန်တော်သည် စန္တယားကို ခေတ္တရပ်လိုက်၏။

သူသည် သူပြောချင်တာ ပြောပြီး၍ ထွက်သွားလေသည်၊ ကျွန်တော်တို့လည်း ဆက်လက် သီဆိုကာ၊ ကျန်ရစ်ခဲ့ကြသည်။ သူကား သည်လို လူစားမျိုး။

သမဂ္ဂ ဥက္ကဌ ကိုလှမောင်(ယခု သံအမတ်) ၏ လက်ထပ်ပွဲသည် ဘီ-အိုင်-အေ ခေတ်၌ ရွှေတောင်ကြားတွင် ကျင်းပသည်။ သူ၏ လက်ထပ်ပွဲသည် ဘီအိုင်အေ သမားများတွင်၊ ပဌမဦးဆုံး ဖြစ်၏။ လက်ထပ်ပွဲ ပြီးသောအခါ၊ ဧည့်ခန်းဆောင်တွင် မိတ်ဆွေများ စုရုံးကာ နေကြ၏။ စန္တယားဆရာ တဦးက တီးကာ ဖျော်ဖြေလျက် ရှိသည်။

သည်အတွင်း ကိုအောင်ဆန်းသည် စန္တယားဆရာကို ရပ်စေကာ ကျွန်တော့်ကို လူကြားထဲမှ အတင်းဆွဲခေါ်၍၊ သီချင်းတပုဒ်ကို တီးစေ၏။ သူသည် စန္တယားကို လက်ထောက်ကာ မရတရဖြင့် လိုက်ဆိုနေ၏။ တီးသော သီချင်းမှာ ကဉ္စန သီချင်းပင် ဖြစ်၏။ တေးဆုံးလျှင် လက်ခုပ်တီးကာ နောက်တပုဒ် တီးခိုင်ပြန်၏။

တခါက ဂျပန်ခေတ် ဝန်ကြီးတဦး၏ ထမင်းစားပွဲတွင် သူလာ၏။ ထမင်းစားပွဲ စ,မည် ပြုသောအခါ၊ သူ့ကို စစ်သေနာပတိဟု အားလုံးက လေးစားသောအားဖြင့် ထမင်းစားခန်းကြီး ထဲသို့ သူ့ကို အယင်ဝင်စေ၏။ ဧည့်သည်များကား၊ အဝတွင် ရပ်၍၊ သူ့အဝင်ကို စောင့်လျက် နေကြသည်။ သူသည် စစ်ဝတ် စစ်စားနှင့် ဝင်လာကာ ရုတ်တရက်၊ စားပွဲထိပ် ကုလားထိုင်တွင် ဝင်ထိုင်လိုက်ပြီး၊ ဇတ်ကနဲ ဘယာကြော် တတုံးကို ယူစားလိုက်လေ၏။

သူ ထမင်းစား နေစဉ်၊  ဧည့်သည် ဝင်လာလို့လည်း ဗမာ့ဧည့်ဝတ် ထုံးတမ်းအရ ဝင်စား ပါအုံးလားဟု ခေါ်ချင်မှ ခေါ်သော လူစားမျိုး ဖြစ်၏။ ဒါတွေကြောင့် သူ့ကို မိတ်ဆွေရင်းများက 'ကြောင်သည်' ဟု အမှတ်ထားကြလေ၏။

(၅)

သူ့တွင် သိမ်မွေ့ခြင်း မရှိ။ အလှအပကို သူမမက်မော။ သူသည် ကြမ်းတမ်းသည်၊ ရိုင်းသည်၊ ဆက်ဆံ ပေါင်းသင်းရေးတွင် ရှိသော ဧည့်ဝတ်ထုံးစံ၊ ယဉ်ကျေးခြင်း စသည်တို့ကို၊ သူသည် လုံးဝ ဂရုမစိုက်၊ ဂီတ၊ ပန်းချီ၊ သဘင် စသော အနုပညာရပ်များကို မလိုက်စား၊ သူ့ကိုသူ အတင်း ယဉ်ကျေးအောင် မလုပ်၊ သူ၏ နဂိုရ်အတိုင်း ခပ်ရိုင်းရိုင်း ခပ်ကြမ်းကြမ်းပင်၊ မပြုပြင်ဘဲ နေ၏။

သူ့တွင် နိုင်ငံရေး ဝိညာဏ်ကား၊ ပြင်းထန်လှချေ၏။ သူသည် နိုင်ငံရေး တခုတည်းကိုသာ လုပ်သောလူတဦး ဖြစ်၏။

သူသည် ရိုင်း၏၊ ကြမ်း၏၊ ကြောင်၏၊ ကိစ္စမရှိ၊ သူသည် ဧည့်ခံခန်းဆောင်မှ ဂုဏ်သရေရှိ လူကြီးလူကောင်း မဟုတ်၊ တခုတည်းသော ယုံကြည်ချက်နှင့်၊ တခုတည်းကိုသာ မဲ၍ လုပ်သော နိုင်ငံရေး သတ္တဝါ ဖြစ်၏။ ထိုကြောင့် ကိစ္စမရှိ။

၁၉၄၂-၄၃ ခုနှစ်တွင် သူနှင့် နောက်ဆုံး တွေ့၏။ သူသည် အနုပညာ အကြောင်းကို ပြောပြ၏။

"အနုပညာ ဆိုတာ ရှိတာဘဲ၊ လင်မယားဘဝမှာလဲ အနုပညာမဲ့ယင်၊ လင်မယား ကွဲမှာပေါ့၊ ဒီလိုဘဲ တော်လှန်ရေးမှာလဲ အနုပညာ ရှိတာဘဲ။ အနုပညာမြောက်မှ တော်လှန်ရေးဟာလဲ တကယ့် တော်လှန်ရေး အစစ်ဘဲ ..."

ဆရာပ ဒေါ်ခင်ကြည်နှင့် စေ့စပ်ပြီးစ လက်မထပ်ခင် ၃-၄ ရက် အလိုက ကိုဘဟိန်းကို လာရှာယင်း ကျွန်တော်နှင့် သွားတွေ့၏။

သူသည် ဧည့်ခန်းရှိ အဖုံးပိတ်ထားသော စန္ဒယားတွင် လက်ထောက်ကာ "ဒီမယ် ... အိမ်ထောင်ပြုတယ် ဆိုတာ သိပ် ... စဉ်းစား တွေဝေနေလို့ မရဘူး၊ တခါထဲ ဇွတ်လုပ်လိုက်ရတယ် ..." ဟု မမေးဘဲ သူ့ဘာသာ သူ ပြောနေ၏။

လက်ထပ်ပြီးစက ကျွန်တော် ရေးလျက်ရှိသော လွတ်လပ်ရေး ကြိုးပမ်းမှု စာအုပ်နှင့် ပတ်သက်၍ အင်းလျားကန်စောင်းရှိ သူ့အိမ်သို့ ရောက်သွား၏။

ဧည့်ခန်းတွင် ခေတ္တ စောင့်နေရ၏။ ထွက်လာသောအခါ သူ့နှုတ်ခမ်းတွင် ရဲနေသည်ကို တွေ့ရ၍ မပြုံးမိအောင် ဟန်ဆောင် နေရ၏။

သည့်နောက် သူနှင့် ကျွန်တော် မတွေ့တော့။ တွေ့ဆုံဘို့လည်း အကြောင်းမရှိ၊ အကြောင်းမရှိဘဲ သူ့ဆီ သွားလည်ကလည်း ဖော်ဖော်ရွေရွေ လောကွတ်ပြူငှါ ခေါ်မည့် လူစားမျိုးလဲ မဟုတ်။

တခါက ဗိုလ်ချုပ်ဘဝတွင်၊ မော်တော်ကားကြီး ထဲ၌ သူ၏ဇနီး, ကလေးများနှင့် တဗြုံကြီးကို မြင်လိုက်၏။ အော် ... သားနဲ့ မယားနဲ့မို့ လူစိတ် တော်တော် ပေါက်လာပြီ၊ အရင်ကလို 'ကြောင်' တော့မည် မဟုတ်၊ အကြမ်း၊ အရိုင်းမှ ယဉ်ကျေး လာတော့မည်ဟု အောင့်မေ့လိုက်၏။ မှန်, မမှန်ကား မပြောတတ်။

ဖ ဆ ပ လ ဥက္ကဠ အမျိုးသား ခေါင်းဆောင် ဦးအောင်ဆန်း ကိုကား ကျွန်တော် မသိ၊ သူ၏ နိုင်ငံရေးကို ဝေဘန်ခြင်း မဟုတ်၊ သူ၏ (လူ)အဖြစ်သာ၊ ကျွန်တော် သိသည့်အထိ၊ ပြောပြခြင်း ဖြစ်ပေသည်။

တခုတော့ ထင်သည်။ သူသည် လူထုထဲမှ သူတဦး ဖြစ်၍၊ လူထုနှင့် ဆက်စပ်နေ၍ လူထုခေါင်းဆောင် ဖြစ်လာသည် ဖြစ်လိမ့်မည်။

--------

                                            ဒဂုန်တာရာ

                              တာရာ မဂ္ဂဇင်း၊ ဒီဇင်ဘာ၊ ၁၉၄၆။

                                      (ရုပ်ပုံလွှာ၊ ၁၉၅၅။)

No comments:

Post a Comment