Aug 19, 2018

အသုံးမကျတဲ့မိန်းမ


(မင်းလူ)
_______________________

“ခင်ဗျားကို ကျုပ်မိန်းမအကြောင်း ပြောပြချင်နေတာ ကြာပြီ” ဟု ဆိုင်မှာ ထိုင်ပြီးပြီးချင်း ပြောသည်။ ပြီးတော့ ဆိုင်ရှင်ကို…..
“တစ်လုံးပေးဗျာ၊ ပဲခြမ်းကြော်သုပ် တစ်ပွဲနဲ့ အမဲကြော် နှစ်တုံးပါပေး”
                    
ဆိုင်ရှင်က အရက်ဖြူတစ်လုံး၊ ဖန်ခွက်သေးနှစ်ခွက်၊ ရေတစ်ခွက် အရင်ချပေးသည်။ သူသည် ဖန်ခွက်နှစ်လုံးထဲသို့ အရက် တစ်ဝက်သာသာစီ ငှဲ့ထည့်သည်။ ဖန်ခွက်တစ်ခွက်ကို သူ့ဘက် ဆွဲယူသည်။ ရေနည်းနည်းရောသည်။ တစ်ငုံငုံသည်။ သူ့တစ်ငုံက ဖန်ခွက်တစ်ဝက် ကျိုးသွား၏။

“လုပ်လေဗျာ၊ သြော်.. ဟုတ်သားပဲ၊ ခင်ဗျားက အမြည်းလေး နည်းနည်းစားပြီးမှ သောက်တတ်တာပဲ၊ ပဲခြမ်းကြော် မြန်မြန်လေးဗျို့၊ အမဲသား အရင်ပေးလေဗျာ၊ ဒီလိုလုပ်၊ ဘဲဥသုပ်ပါ တစ်ပွဲ” ဟု ဆိုင်ရှင်ကို တစ်လက်စတည်း မှာသည်။

ဆိုင်ရှင်က သတ္တုပန်းကန်သေးသေးလေးတွင် အမဲသားကြော်နှစ်တုံးထည့်၍ လာချပေးသည်။
           
ထိုအချိန်တွင် သူ့ဖန်ခွက်ထဲက လက်ကျန်ကို ရှင်းပြီးနေပြီ။ ထပ်ငှဲ့ရင်း....
“ခင်ဗျားနဲ့ တွေ့ချင်တာ ကြာပြီ၊ စကားပြောချင်လို့၊ ပြောချင်တာတွေကတော့ အများကြီးပဲဗျာ၊ ခံနေရတဲ့အကြောင်းတွေပေါ့၊ ဒီလိုကိစ္စမျိုး ဆိုတာကလည်း တခြားလူတွေကို ပြောလို့ မကောင်းဘူးဗျ၊ ခင်ဗျားလို အကြောင်းသိချင်းမှ ပြောချင်တာ၊ ခင်ဗျားကတော့ ကျွန်တော်နဲ့ စိတ်သဘောထားချင်းလည်း တော်တော်များများ တိုက်ဆိုင်တယ် မဟုတ်လား”

စောစောကလို ရေနည်းနည်းရော၊ ခပ်များများ တစ်ငုံငုံသည်။

“ကျွန်တော့်မိန်းမက တော်တော် အသုံးမကျတာဗျ၊ ဟဲဟဲ.. အဲဒီလို ပြောလိုက်တော့ ခင်ဗျားအံ့သြသွားမယ်၊ ဒါမှမဟုတ် ကျွန်တော် အရက်သောက်တာများလို့ ကြောင်သွားပြီလို့ ထင်ချင်ထင်မယ်၊ တကယ်ပြောတာဗျ၊ ကျွန်တော် ပြောပြရင်းနဲ့ တဖြည်းဖြည်း ဇာတ်ရည်လည်သွားလိမ့်မယ်”
“ဒီလိုဗျာ.. ကျွန်တော်နဲ့ ကျွန်တော့်မိန်းမက လူကြီးတွေ ပေးစားလို့ ရခဲ့တာ မဟုတ်ဘူး၊ ကျွန်တော်တို့ချင်း ကြိုက်ပြီး ယူကြတယ်ဆိုတာ ခင်ဗျားလည်း အသိပဲလေ၊ အဲဒီတုန်းကဆိုရင်....”

ဆိုင်ရှင်က ပဲခြမ်းကြော်သုပ်နှင့် ဘဲဥပန်းကန်များ လာချပေးသဖြင့် စကားစပြတ်သွားသည်။

သူက..
“အရက်တစ်လုံး ဘယ်လောက်လဲဗျ” ဟု ဆိုင်ရှင်ကို မေးသည်။

“နှစ်ဆယ့်ခြောက်ပါ ဆရာ”

“ဟာ.. ဘယ်လိုဖြစ်တာလဲ၊ ဈေးကလဲ.. မနေ့က နှစ်ဆယ့်လေးပဲ ရှိတာ”

“ဟုတ်တယ်ဆရာ၊ ဒီနေ့ ဆိုင်ကြီးကိုတောင် နည်းနည်းပဲ ဝင်တာ၊ ဒါကြောင့် အစောကြီး ပိတ်သွားတာပေါ့၊ ကျွန်တော်တောင် မနေ့ကတည်းက စုထားလို့ ဒီနေ့ရောင်းနိုင်တာ”

“ခက်တာပဲဗျာ.... ကျွန်တော်တို့မှာ ဇိမ်ခံစရာဆိုလို့ ဒီအဖြူကလေးပဲ ရှိတာ၊ ဒီလောက် ဈေးတွေတက်နေရင် ဘယ်လိုလုပ်မလဲ”ဆိုပြီး အရက်ရှားပါးသည့်အကြောင်း ဆက်ပြောနေသဖြင့် စောစောက စကားဆက် ပြတ်သွားသည်။

အရက်ပုလင်း တစ်ဝက်ကျိုးသွားပြီ။ သူသည် ခုထိ ဘာအမြည်းမှ မစားသေး။

“အင်း.. ဘာပဲဖြစ်ဖြစ် ဒီလို လမ်းဘေးဆိုင်မှာ သောက်ရတာ နည်းနည်းတော့ အကုန်အကျ သက်သာသေးတာ အမှန်ပဲ၊ စားသောက်ဆိုင်ကြီးတွေမှာဆိုရင် ကန်စွန်းရွက်ကြော် တစ်ပွဲတောင် ခုနစ်ကျပ်၊ ရှစ်ကျပ်၊ တစ်ဆယ် ပေးနေရတာ၊ အင်း.. အင်း.. စားပါဗျ”

ပဲခြမ်းကြော် တစ်စေ့ကို ယူသည်။ တစ်ဝက်ဖဲ့ပြီး ကိုက်သည်။ ပြီးမှ ကျန်တစ်ဖဲ့ကို ဆက်စားသည်။

ထို့နောက်..
“ကျွန်တော်က အရက်သောက်ရင် အမြည်းကို သိပ်မစားပေမယ့် အိမ်ပြန်ရောက်ရင်တော့ ထမင်းကို မပျက်မကွက် စားပါတယ်ဗျ၊ ကျွန်တော့်မိန်းမ ဟင်းချက်ကောင်းတာလည်း ခင်ဗျားအသိပဲ၊ အဲ.. ဟုတ်ပါရဲ့၊ ခုနစကား ပြန်ဆက်ရဦးမယ်၊ ကျုပ်က မိန်းမကို အသုံးမကျဘူးလည်း ပြောသေး ဟင်းချက်ကောင်းကြောင်းလည်း ချီးကျူးလိုက်သေးဆိုတော့ ရှေ့နောက် မညီညွတ်ဘူးလို့ ခင်ဗျားထင်မယ်၊ ဟင်းချက်ကောင်းတာကတော့ တကယ်ပဲဗျ၊ ဟင်းချက်ကောင်းတယ် ဆိုရာမှာ ငါးမြင်းတို့၊ ပုစွန်ထုပ်တို့ကို ဆီလှိုင်လှိုင်သုံးပြီး ချက်နိုင်တာမျိုး မဟုတ်ဘူး၊ ဈေးဖိုး သိပ်မကုန်ဘဲ ရှိတဲ့ သားငါးလေး အနည်းအကျဉ်းကို ဟင်းသီးဟင်းရွက်ကလေးနဲ့ စားလို့ကောင်းအောင် ချက်နိုင်တာကို ပြောတာ၊ ခုကာလမှာတော့ ဒီလိုချက်တတ်တာကို ဟင်းချက်ကောင်းတယ်လို့ ဆိုရမှာပဲ မဟုတ်လား၊ အဲဗျာ.. ပြောရင်းဆိုရင်းနဲ့ မိန်းမကို ချီးကျူးဖို့ အကြောင်းအရာတစ်ခု တိုးလာပြန်ပြီ၊ ဈေးဖိုး ချွေတာတဲ့အကြောင်းလေ၊ အသုံးအစွဲ စေ့စပ်တာကတော့ အမှန်ပဲဗျို့၊ ဒီအချိန်မှာ သူ့ကိုကြိုက်နေတဲ့ ကောင်တွေထဲမှာ ဆရာဝန်လောင်းလည်းပါတယ်၊ သူဌေးသားလည်း ပါတယ်၊ ဒီကြားထဲက ကျုပ်လိုကောင်ကို ကြိုက်တယ်ဆိုတာ တော်ရုံတန်ရုံမေတ္တာ မဟုတ်ဘူးနော်၊ အဲ.. ညားပြီးကြတော့လည်း....”

အေ့ခနဲ လေချဉ်တစ်ချက် တက်လာသဖြင့် စကားစ ပြတ်သွားသည်။ သလိပ်ခတ်ပြီး ထွေးထုတ်သည်။ ပြီးမှ....
“ညားပြီးကြတော့လည်း မယားဝတ္တရား ငါးပါးနဲ့ ပြည့်စုံရှာတယ်ဗျာ၊ ကျွန်တော့်အပေါ်လည်း တော်တော် သည်းညည်းခံတယ်၊ ယူခါစတုန်းက ကျွန်တော်တို့ တော်တော် ဒုက္ခရောက်လိုက်သေးတယ် မဟုတ်လား၊ ငှားနေတဲ့ အိမ်ခန်းတွေက အဆင်မပြေလို့ တစ်အိမ်ပြီးတစ်အိမ် လျှောက်ပြောင်းရတာတွေ၊ ဝင်ငွေကနည်းလို့ လင်မယားနှစ်ယောက် ကသီလင်တ ဖြစ်တာတွေ၊ အင်း.. ညားခါစက ဒုက္ခရောက်တယ်ဆိုလို့ ခုတော့ အဆင်ပြေနေပြီလို့ မထင်လိုက်နဲ့ဦး၊ သိတဲ့အတိုင်းပ၊ဲ နောက်ပြီး အဲဒီတုန်းက ကလေးမွေးတဲ့အခါ ရိုးရိုးမမွေးနိုင်လို့ ဗိုက်ခွဲရသေးတယ် မဟုတ်လား၊ ပိုက်ဆံပိုကုန်တာပေါ့လေ၊ ဒါပေမယ့် တစ်ခုတော့ ကောင်းသွားတယ်ဗျ၊ ဗိုက်ခွဲရတဲ့လူ ဆိုတော့ ကလေးသုံးယောက်ထက် ပိုယူလို့ မရတော့ဘူး၊ အဲဒါပြောတာပေါ့၊ ကျွန်တော့်မိန်းမက
ကလေးမွေးတာတောင် ချွေတာတတ်တယ်”
                   
သူ့စကားသူ တော်တော် သဘောကျသွားပြီး တဟဲဟဲ ရယ်သည်။ အရက်ဖော ဖောစပြုနေသော သူ့မျက်နှာသည် အဆီပြန်နေ၏။ ဘက်ထရီ မီးလုံးရောင်အောက်မှာ ရောင်ပြန်ထွက်နေသည်။

“ကျွန်တော့်မိန်းမက ခန္တီပါရမီနဲ့ ပြည့်စုံတာဗျ၊ ရုန်းရကန်ရ လှုပ်ရှားရပေမယ့် တစ်ချက်ကလေး မညည်းဘူး၊ ကျုပ် နေချင်သလိုနေ.. ဆူဆူပူပူ မလုပ်ဘူး၊ မပြေလည်တာတွေ ရှိပေမယ့် တစ်စက်ကလေးမှ မျက်နှာမပျက်ဘူး၊ ခင်ဗျား စိတ်ရှုပ်နေပြီလား၊ ကျုပ် အူကြောင်ကြောင်တွေ လျှောက်ပြောနေတယ်လို့ မထင်ဘူးလား၊ လာမယ် လာမယ်..”

ဆေးပေါ့လိပ်တစ်လိပ်ကို ယူ၍ မီးညှိသည်။ ခပ်ပြင်းပြင်း ဖွာရှိုက်သည်။ မီးခိုးများကို ဟူးခနဲ အသံမြည်အောင် မှုတ်ထုတ်ပြီး..
“အခု ကျုပ်ရောက်နေတဲ့ နေရာက နှယ်နှယ်ရရ မဟုတ်ဘူးဗျ၊ အဲ.. နှယ်နှယ်ရရ မဟုတ်တဲ့သူက လမ်းဘေးအရက်ဖြူဆိုင်မှာ လာသောက်နေတယ်လို့ ပြောလို့လည်းရတယ်၊ ဘာမှ မဟုတ်လောက်ပေမယ့် လုပ်တတ်ကိုင်တတ်ရင် တော်တော် ဝင်ငွေကောင်းနိုင်တယ်ဆိုတာ ခင်ဗျားသိပါတယ်၊ ကျုပ်လောက်တောင်မဟုတ်တဲ့ကောင်က ဆိုင်ကယ်တဝီဝီနဲ့၊ ကျုပ်နဲ့ တန်းတူလောက်ရှိတဲ့ လူတွေက အိမ်ဆောက်တဲ့လူနဲ့၊ မိန်းမကို စိန်နားကပ် ဝယ်ပေးတဲ့လူနဲ့၊ ခယ်မကို ဆိုင်ခန်းထောင်ပေးတဲ့လူနဲ့ ... ကျုပ်သာ မြောင်းထဲရောက်နေတာ”
                
သူသည် အရက်ကုန်နေသော ဖန်ခွက်ကို မြှောက်ပြီးကြည့်သည်။ ဖန်ခွက်သည် နှုတ်ခမ်းနည်းနည်း ပဲ့နေ၏။ သူက လှောင်သလို ပြုံးလိုက်သည်။

“ကျုပ်ပြောချင်တာကတော့ ကျုပ်ဟာ မိန်းမကို သိပ်ချစ်တဲ့လူ၊ မိန်းမက လာတိုက်တွန်းရင် နားပူနားဆာလုပ်ရင် ဘာမဆို လုပ်မယ့်ကောင်၊ ကျုပ်မိန်းမကသာ တိုက်နဲ့ကားနဲ့ နေချင်တယ်၊ စိန်နားကပ်ပန်ချင်တယ် ဆိုရင် ကျုပ်ဘာလို့ ဒီလိုနေမလဲဗျာ၊ ရအောင်လုပ်မှာပေါ့၊ ဒါပေမယ့် သူက လုံးဝ အဲဒီလို မပူဆာဘူးဗျာ၊ သိပ်ခံနိုင်ရည်ရှိလွန်းတယ်၊ ဒါကြောင့် အသုံးမကျတဲ့မိန်းမလို့ ပြောတာပေါ့ဗျ” ဟု ဆိုပြီးလျှင် ပုလင်းထဲမှ လက်တစ်လုံးလောက်သာ ကျန်နေသော အရက်ကို အကုန်လောင်းထည့်သည်။
               
ထို့နောက် ရေမရောတော့ဘဲ တစ်ရှိန်ထိုး မော့ချလိုက်လေ၏။ ဘက်ထရီမီးရောင်သည် ရုတ်တရက် နည်းနည်းမှိန်သွားသည်။ ဆိုင်ရှင်က ဘက်ထရီ အားနည်းလာပြီဟု ပြောလာသည်။
______________________________________________##"#"###"

မင်းလူ

လေဒီရှုးနဲ့ခုံဖိနပ်


#မောင်ရင့်မာ-ကျောင်းကုန်း

“အဲဒီမိန်းကလေးက တရားခံလားဟင်…နွယ်”
လုပ်ပြီ။ ခင်မမဝေတစ်ယောက် နွယ်ရုံးခန်းသို့ ရောက်လာပြီဆိုကတည်းက ထုံးစံအတိုင်း အပျိုကြီးပီပီ ဟိုမေးဒီမြန်းနှင့် စပ်စပ်စုစုလုပ်တော့မယ်ဆိုတာ နွယ်က အစင်းသိ။ “ဟုတ်တယ် မမဝေ၊ သူ့နာမည်က ၀င်းဝင်းမြိုင်တဲ့” တရားခွင်က အမှုခေါ်နေပြီဖြစ်၍ ‘ရဲအမှုတွဲ’ ကို ကသောကမျောဖတ်နေရာမှ ရဲမေတစ်ယောက်နှင့်အတူ ဖြတ်သွားသော ၀င်းဝင်းမြိုင်၏ နောက်ကျောကို ဖျတ်ခနဲ လှမ်းကြည့်ရင်း နွယ်ကဖြေလိုက်သည်။ “အလိုတော် ရုပ်ကလေးသနားကမားနဲ့ ဘာမှုတဲ့လဲ နွယ်” “ပြည့်တန်ဆာ” “ဟယ်” “နွယ် အခု အဲဒီအမှုကို ဦးဗျက်ဇဟုမ်း တရားခွင်မှာ သွားစစ်ရမယ်။ မမဝေ စိတ်ဝင်စားရင်လိုက်ခဲ့လေ။ ခင်မမဝေမျက်နှာက ရှက်သွေးဖြင့် ရဲခနဲ နီမြန်းသွားသည်။ ‘နွယ်ကလည်းဟယ်၊ ကိုယ်က ၀င်းဝင်းမြိုင်ကို စိတ်ဝင်စားလို့ပါ။ ယူ့တရားသူကြီး ဦးဗျက်ဇဟုမ်းကို စိတ်ဝင်စားလို့ မဟုတ်ပါဘူး’ဟု မမဝေပြောတော့ နွယ်က ငါသိပါတယ် သာလိကာရယ်ဆိုသော မျက်လုံးမျိုးနှင့် ခင်မမဝေကို စိုက်ကြည့်လိုက်သည်။ ပြီး သူငယ်ချင်းကို နားလည်စွာ ပြုံးပြလိုက်သည်။ ဦးဗျက်ဇဟုမ်း ပြောင်းရွှေ့လာတာ ရက်ပိုင်းပဲရှိသေးသည်။ ခင်မမဝေ နေ့လယ်က နွယ့်ရုံးကို ၀င်လာရင်း သူနှင့်ဆုံ၍ မိတ်ဖွဲ့ပေးလိုက်သည်။ ဦးဗျက်ဇဟုမ်းကလည်း ဖော်ရွေပျူငှာသွက်လက်ချက်ချာရှိသည်။ …ဌာနက အရာရှိအပျိုကြီးပီပီ အင်မတန် မျက်နှာထားခက်ထန်သည်ဟု နာမည်ကြီးသော နွယ့်သူငယ်ချင်း ခင်မမဝေမျက်နှာ ကလည်း ပြုံးရွှင်ချိုလက်နေသည်။ ညနေရုံးဆင်းတော့ သူကလူပျိုလားဟင်ဟု နွယ့်ကိုမေးသည်။ ဟင်းနော်အပျိုကြီး ခုရက်ပိုင်းအတွင်းတွင်မှ တရားခွင်မှာ အမှုစစ်တာကို စိတ်ဝင်တစား လာရောက်နားထောင်လိုပါသည်ဆိုသော သူငယ်ချင်းကို နွယ်က ဘာသာစကားမကွဲပြားသော ဘ၀တူမိန်းမသားပီပီ နားလည်မှုထားရပါလိမ့်မည်။
(၂)
ဝင်းဝင်းမြိုင်။ အသက်အရွယ်က နွယ်တို့နှင့် သိပ်ကွာလှမည်မဟုတ်။ သုံးဆယ်ကျော်ရုံပဲရှိလိမ့်ဦးမည်။ သို့သော် သူက ရှိရင်းစွဲအသက်ထက်ပို၍ ရင့်ရော်ပုံရသည်။ ဘ၀ရဲ့ ဒဏ်ရာဒဏ်ချက်တွေက သူ့ကိုဘယ်လောက်ထုနှက်ခဲ့ပြီလဲ မသိနိုင်။ အပေါစားမိတ်ကပ်များ ခြယ်သနေကျ သူ့ပါးပြင်က ချောမွေ့ပြေစင်ခြင်းမရှိ။ ပေါ်လွင်ဖြောင့်စင်းသော နှာတံ အောက်က နှုတ်ခမ်းတွဲတွဲလေးများမှာ ခြောက်သွေ့လို့နေသည်။ ခန္ဓာကိုယ်အဆက်အပေါက် အချိုးအစား လှပပေမဲ့ ပြည့်တင်းစိုဝင်းခြင်းမရှိတော့။ သိသိသာသာ လျော့ရဲအိတွဲနေလေသည်။ ပြည့်တန်ဆာတဲ့။ ဣနြေ္ဒရှင်မိန်းကလေးတစ်ဦးအဖို့ ဘယ်လောက်မသတီဖွယ်နုံချာဆိုးရွားလိုက်တဲ့ ဝေါဟာရလဲလို့။ “ကျွန်မ ဥက္ကံတွင် စားဝတ်နေရေး မပြေလည်သောကြောင့် ကျွန်းကလေးရှိ အဒေါ်ဖြစ်သူထံလာပြီး ကုန်စိမ်း အတူရောင်းပါသည်။ ထို့နောက် မြင်းလှည်းမောင်းသူ ကိုကျော်ဌေးနှင့် ချစ်ကြိုက်ရည်ငံလျက် ကိုကျော်ဌေးအိမ်သို့ လိုက်သွားခဲ့ပါသည်။ နောက်တစ်နေ့တွင် ကျွန်မတို့လင်မယားထံ ရဲတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်လူကြီးများ ရောက်လာ လျက်ဧည့်စာရင်းစစ်ပါသည်။ ကျွန်မတို့လင်မယားအား ဧည့်စာရင်းမတိုင်မှုဖြင့် ဖမ်းဆီးကြောင်း သိရပါသည်။ ကျွန်မ သည် အခကြေးငွေယူ၍ ယောက်ျားများနှင့် ပျော်ပါးခြင်းမရှိပါ။ ထို့ကြောင့် ကျွန်မ၌ အပြစ်မရှိပါ။” သူ၏ ထုချေချက်မှာ ရိုးရိုးလေးပင် ဖြစ်သည်။ မ၀င်းဝင်းမြိုင်ကို စွပ်စွဲထားတဲ့ ပုဒ်မက ပြည့်တန်ဆာ နှိပ်ကွပ်ရေးဥပဒေပုဒ်မ ၇(၁) (က)။ စီမံချက်ဝင်အမှု။ ပြည့်တန်ဆာအဖြစ် အမြဲတစေ အသက်မွေးဝမ်းကျောင်းသူဖြစ်ကြောင်း ပေါ်လွင်အောင် စစ်ဆေးပေးနိုင် လျှင် အမှုလိုက်ဥပဒေအရာရှိအဖြစ် ဆောင်ရွက်ရသော နွယ့်တာဝန်ကျေပြီ။ သို့သော် ခုအမှုမှာက ၀င်းဝင်းမြိုင်အပေါ် ပြည့်တန်ဆာမအဖြစ် စွပ်စွဲနိုင်ရန် အထောက်အထားများမှာ အားနည်းချည့်နဲ့လှကြောင်း “ရဲအမှုတွဲ”ကို လေ့လာကတည်းက နွယ် သဘောပေါက်ပြီးဖြစ်သည်။ တစ်ခုပဲရှိသည်။ ထိုတစ်ခုကို ပေါ်လွင်ထင်ရှားအောင် နွယ် အားထုတ်ရပေးလိမ့်မယ်။ နွယ်က ပြန်လှန်မေးခွန်းမေးရန် မတ်တတ်ရပ်လိုက်ပြီး ၀င်းဝင်းမြိုင်ကို စေ့စေ့ကြည့်လိုက်သည်။ ၀င်းဝင်းမြိုင် ကလည်း ထီမထင်သော မျက်လုံးများဖြင့် နွယ့်ကိုပြန်ကြည့်သည်။ မျက်လုံးချင်းအားပြိုင်နေသည်။ “ပြည့်တန်ဆာခေါင်းလုပ်မှုနဲ့ ကိုကျော်ဌေးကို ဖမ်းဆီးအရေးယူဖူးတယ်ဆိုတာ မ၀င်းဝင်းမြိုင်သိတယ်နော်” “ဟင့်အင်း ကျွန်မ မသိပါဘူး” “စောစောက မ၀င်းဝင်းမြိုင်ရဲ့ ထွက်ဆိုချက်အရ ကျွန်းကလေးကို ရောက်လာတာ မေလ တစ်ရက်နေ့နော်။” “ဟုတ်ကဲ့” “ဘယ်နှရက်လောက်အကြာမှာ ကိုကျော်ဌေးနဲ့ ချစ်ကြိုက်သွားတာလဲ။” “နှစ်ရက်…အဲ…မဟုတ်ဘူး၊ သုံးရက်” “ကဲ…စာရေးကြီးရေ၊ အဲဒါလေး သေသေချာချာ လိုက်ရေးပေးပါ။ ကျွန်မ ကျွန်းကလေးသို့ ရောက်ရှိပြီး ဆယ့်ငါးရက်အကြာတွင် ကိုကျော်ဌေးနှင့် တွေ့ဆုံချစ်ကြိုက်ကြပြီးနောက် သုံးရက်အကြာတွင် ကိုကျော်ဌေးအိမ်သို့ ခိုးရာလိုက်သွားခဲ့ပါသည်လို့ ရတယ်နော်” စာရေးကြီးကိုတင်ရွှေက သူ့ထုံးစံအတိုင်း နှေးနှေးကွေးကွေးလေးလေးလံလံ လိုက်ရေးနေသည်ကို နွယ်က စိတ်ရှည်လက်ရှည် သည်းခံနေရ၏။ သည်းခံစောင့်ဆိုင်းရခြင်းအတွက် နွယ့်အဖို့ အကျိုးရှိနိုင်ပါသည်။ နွယ်က ထိုအချက်ကိုပင်လျှင် တရားသူကြီး ဦးခေါင်းထဲသို့ တစိမ့်စိမ့်ပျံ့နှံ့စီးဝင်စေချင်သည် မဟုတ်ပါလား။ ဦးဗျက်ဇဟုမ်းကို ပါးနပ်သော တရားသူကြီးတစ်ဦးဟု နွယ်ယုံကြည်သည်။ ပါးလည်းပါးနပ်၍ သွက်လည်းသွက်လက်သည့် နေရာမှာတော့ဦးဗျက်ဇဟုမ်းနှင့် ခင်မမဝေကို နွယ်လိုက်မမီ။ နေ့လယ် လက်ဖက်ရည်သောက်ချိန်ဆိုလျှင် ခင်မမဝေသည် နွယ့်ရုံးသို့အချိန်မှန် ရထားတစ်စီးလို ရောက် ရောက်လာတတ်ပြီ။ နွယ်က “ဦးဗျက်”ဟု ခေါ်သလို မမဝေက လိုက်ခေါ်သည်။ နွယ်က ‘မမဝေ’ဟုခေါ်သလို ဦးဗျက် က လိုက်ခေါ်သည်။ သူတို့သည် တိုတောင်းသောကာလအတွင်းမှာပင် ရင်းနှီးသွားကြပြီး နေ့လယ်ဘက်မာမွတ်ဆိုင် မှာ လက်ဖက်ရည်အတူသောက်ကြသည်။ တစ်ခါတစ်ရံ မမဝေတို့ရုံးက ကင်န်တင်းမှာ အသုပ်စားကြသည်။ သည်တစ်ခါတော့ မမဝေ အရအမိ သုတ်တော့မည် ထင်သည်။ တောင်ပေါ်သားလေးရဲ့ စူးရဲတဲ့အကြည့်တွေဟာ မမဝေကို ရင်ခုန်ပူနွေးစေသတဲ့လေ။ စင်စစ် မမဝေသည် နွယ့်လောက်မလှပါ။ နွယ့်ထက်ပို၍ အသားညိုသည်။ ညိုသော်လည်း ညက်သည်။ မျက်နှာက ကြည့်ပျော် ရှုပျော် ရွက်ကြမ်းရေကျိုမျှသာ။ သို့သော် အသားနှင့်လိုက်ဖက်အောင်ပြင်တတ်ဆင်တတ် သည်။ ကိုယ်လုံးကိုပေါက်တော့လှသည်။ နွယ်နှင့်ကျောင်းမှာကတည်းက တစ်ခန်းတည်း အတူတူနေခဲ့သူ။ နွယ်တို့ နှစ်ယောက်သည် ဘာအကြောင်းမှ မည်မည်ရရမရှိဘဲ ခုထိတိုင် အပျိုကြီးလိုင်စင်ဖြင့် တိုင်မင်မကိုက်ဘဲ ရှိနေဆဲ ဖြစ်သည်။ “သိပ်လည်းစဉ်းစားမနေနဲ့ မမဝေ၊ ခုခေတ်မှာ တို့နဲ့သက်တူရွယ်တူ လူပျိုအရာရှိဆိုတာလည်း အရှားသား၊ မြန်မြန်စဉ်းစားပြီး မြန်မြန်ဆုံးဖြတ်မှ ဖြစ်မယ်။” “ကြည့် နွယ်ကလည်းလေ။ အဲဒါ စဉ်းစားဆုံးဖြတ်ဖို့ ယူ့ကိုတိုင်ပင်တာပေါ့လို့။” မမဝေမျက်နှာလေးက ရှက်ရွံ့ခြင်းဖြင့် ထူအမ်းနီမြန်းနေသည်။ ပြောသာ ပြောရသည်။ နွယ့်ရင်ထဲမှာလည်း မမဝေ ဖွင့်ဟတိုင်ပင်တော့ ဆွေးမြည့်နေသည်။ သူငယ်ချင်းကို နှမြောတာများလား။ “သိပ်အကြာကြီး လုပ်မနေဖို့ပြောတာ မမဝေရဲ့။ ဖျတ်လတ်သွက်လက်တဲ့ တောင်ပေါ်သား လူချောလေးကို ဟိုအုပ်စုကလည်း အလစ်ချောင်းနေတာ” “ဘယ်သူလဲ၊ ဘယ်သူလဲ” မမဝေ ပြူးပြူးပျာပျာဖြစ်သွားသည်။ နွယ်လည်း ရယ်ချင်သလိုဖြစ်လာ၍ ရယ်ချင်စိတ်ကို ထိန်းကာ သာသာ ထိုးထိုးလေးပြောလိုက်သည်။ “ဘယ်သူရှိရဦးမှာလဲ။ မေခရေတို့၊ ခင်ခင်ခိုင်တို့ အုပ်စုပေါ့။ သူတို့ငှားနေတဲ့ အဆောင်နဲ့ ဦးဗျက်နေတဲ့အိမ်နဲ့ က တစ်လမ်းတည်းမဟုတ်လား။ ဦးဗျက် စားရသောက်ရ ချက်ပြုတ်နေတာ သနားလို့ ညနေ ညနေဆို စားသောက် ဖွယ်တွေ စီမံပို့ရတာ အမော” “ဟင်း …မုန့်လေပွေမတွေ၊ ရွကို ရွတယ်။ တစ်ခါတည်းမပြောလိုက်ချင်ဘူး”
(၄)
မ၀င်းဝင်းမြိုင်က ခပ်တောင့်တောင့်ရပ်နေသည်။ နွယ်က လက်ယာဘက်တွင် နေရာယူ၍ ထိုင်သည်။ တရားခွင်ပေါ်မှာ ‘ဦးဗျက်’က အ၀ါရောင် ခေါင်းပေါင်းစတလူလူနှင့် အမိန့်ဖတ်နေသည်။ “စွပ်စွဲခံရသူ မ၀င်းဝင်းမြိုင်သည် အဒေါ်ဖြစ်သူနှင့် ကုန်စိမ်းလိုက်ရောင်းသည်ဆိုသော်လည်း ထောက်ခံသည့် သက်သေတစ်စုံတစ်ဦးကိုမှ တင်ပြနိုင်ခဲ့ခြင်းမရှိပေ။ ထို့ပြင် တစ်ကြိမ်တစ်ခါမှ သိကျွမ်းရင်းနှီးခဲ့ခြင်းမရှိသော သူစိမ်း ယောက်ျားတစ်ဦးအား စတင်တွေ့ဆုံသည်မှ ဆယ့်ငါးရက်အတွင်း ချစ်ကြိုက်ခဲ့ပြီးနောက် သုံးရက်အကြာတွင် အတူ ပေါင်းသင်းရန် ခိုးရာလိုက်ခဲ့သည်ဆိုခြင်းမှာ ဣနြေ္ဒရှင် မြန်မာမိန်းကလေးတို့၏ သဘောသဘာဝဖြစ်သည်ဟု ယုံကြည်လက်ခံရန် ခဲယဉ်းပေသည်။ သို့ဖြစ်၍” တရားသူကြီးသည် သူ၏စီရင်ချက်တွင် မ၀င်းဝင်းမြိုင်အား ပြည့်တန်ဆာလုပ်ငန်းဖြင့် အသက်မွေးဝမ်း ကျောင်းသူဖြစ်ကြောင်း သုံးသပ်ဖော်ပြလျက် ပြည့်တန်ဆာနှိပ်ကွပ်ရေး အက်ဥပဒေပုဒ်မ ၇(၂)အရ (၁)နှစ်အတွင်း ကောင်းမွန်စွာ နေထိုင်စေရန် ငါးထောက်ကျပ်တန် ခံဝန်သူနှစ်ဦးဖြင့် ခံဝန်ချုပ်ပြုလုပ်ဖို့ အမိန့်ချမှတ်လိုက်သည်။
(၅)
“ဟယ်… ကြည့်စမ်း၊ ကြည့်စမ်း။ မမဝေရယ် မြန်လိုက်တာ” “ နိုး…ယူပဲ သိပ်အကြာကြီး စဉ်းစားမနေနဲ့ဆို။ အဲဒီတော့ ကိုယ်ကသူများနောက်ပါမှာစိုးပြီး ခပ်မြန်မြန် အဖြေပေးလိုက်တာပေါ့လို့” အချစ်ဖြင့် ရွှန်းလက်ပျိုမျစ်နေသော မမဝေရဲ့ မျက်နှာလေးက လန်းဆတ်တောက်ပနေလေသည်။ “ဒါနဲ့ ဒီနေ့ ဘာနေ့ပါလိမ့်” “ဇွန် နှစ်ဆယ့်ငါး” ဦးဗျက်ကို မမဝေ စတင်တွေ့ဆုံသည်မှာ တစ်လတင်းတင်းပြည့်သောနေ့ဟု နွယ်စိတ်တွက် တွက်လိုက်မိ သည်။ “ ဘာဖြစ်လို့မေးတာလဲ နွယ်” မမဝေက ပြုံးပျော်ကြည်နူးနေရာမှ မျက်နှာပိုးသတ်၍ နွယ့်ကိုနားမလည်သလို ကြည့်မေးသည်။ “သြော်…ဆယ့်ငါးရက်နဲ့ တစ်လဆိုတာ သိပ်မကွာခြားပါဘူးလို့တွေးနေမိလို့ပါ မမဝေ” ထိုစကားစုကလေးကို နွယ် မပြောဖြစ်လိုက်ပါ။ တစ်စုံတစ်ရာသော ဆုံးရှုံးမှုက နွယ့်နှလုံးသားကို ခပ်ကြမ်းကြမ်း ဆုပ်ညှစ်ထားသောကြောင့် ဖြစ်သည်။

အရောင်ပြောင်းသွားသော နှလုံးသား


#မင်းလူ
=============


အဓိပတိလမ်းပေါ်မှနေ၍ သစ်ပုပ်ပင်ကြီးကို လှမ်းကြည့်မိသည်။
သစ်ပုပ်ပင်ကြီး၏ အရွက်မရှိသော အကိုင်းများမှာ ဖဲကြိုးဝါကလေးတွေ ချည်ထားသည်။ လေတွင်
တလူလူလွင့်လျက်ပါ။
“အို”
မိကျော်သည် ကျွန်တော့်ကို ပြန်ချစ်ကြောင်း အသိပေးလိုက်ခြင်းပင် ဖြစ်ပါသည်။
ကျွန်တော့်ကိုချစ်လျှင် သစ်ပုပ်ပင်ကြီးမှာ ဖဲကြိုးဝါကလေးတွေ ချည်ထားပါဟု ကျွန်တော် မှာထားခဲ့ပါသည်
သစ်ပုပ်ပင်ကြီးနားကို လျှောက်သွားသည်။ သစ်ပုပ်ပင်ကြီးတွင်သာ မဟုတ်ပါ။ အပင်ခြေရင်းက
စက္ကူပန်းပင်ချုံတွင်ပါ ဖဲကြိုးဝါကလေးတွေ ချည်ထားပါသည်။ ခပ်လှမ်းလှမ်းက မြက်ခင်းပေါ်မှာ
ဖဲကြိုးဝါတစ်စ။
ထိုဖဲကြိုးဝါစကလေးကို ကျွန်တော် ကောက်ကိုင်ကြည့်သည်။ ဖဲကြိုးဝါ မဟုတ်တော့ဘဲ ထဘီ အထက်ဆင်စကြီး ဖြစ်နေလေသည်။
သစ်ပုပ်ပင်ပေါ်သို့ Aလန့်တကြား မော့ကြည့်မိသည်။ အကိုင်းများမှာ ဖဲကြိုးဝါတွေ မရှိတော့ပါ။
အပင်ခွဆုံက သစ်ခေါက်ဘုလုံးကြီးမှာသာ အထက်ဆင်စ အနက်ကြီး ချည်ထားသည်ကို တွေ့ရလေသည်။


ကျွန်တော် လန့်နိုးလာသောအခါ ချစ်ဝင်းကို သူ့စားပွဲမှာ ထိုင်နေသည်ကို တွေ့ရသည်။ သူသည်
မီးသေနေသော ငွေစံပယ် ဆေးပေါ့လိပ်ကြီးကို ကိုင်လျက် သူ့ရှေ့ကနံရံရှိ ဂျပန်မပုံ ပြက္ခဒိန်ကို
ငေးကြည့်နေသည်။ အေးမြင့်၏ အိပ်ရာဆီမှ လူးလှိမ့်သံကို ကြားရသည်။
“ဟင်း”
အေးမြင့်၏ သက်ပြင်းချသံ။
သူတို့နှစ်ယောက်စလုံးသည် နှလုံးသားနှင့် ပတ်သက်၍ ကျဆုံးနေကြသူနှစ်ယောက် ဖြစ်ပါသည်။
ချစ်ဝင်းသည် ချိုချိုကို စာလိုက်ပေးသည်။ ချိုချိုက “လုပ်မနေပါနဲ့” ဟု ပြောလွှတ်လိုက်သည်။ အေးမြင့်သည်
ခင်မြင့်ကြည်ကို စကားလိုက်ပြောသည်။ ခင်မြင့်ကြည်က “ဖိနပ်ပဲရမယ်” ဟု ပြောလွှတ်လိုက်လေသည်။
ထို့ကြောင့် သူတို့ ဆွေးနေကြခြင်း ဖြစ်ပါသည်။
ကျွန်တော်ကဖြင့် မဆွေးသေးပါ။ မဆွေးသေးပါဟု ဆိုသောကြောင့် မကြာမီ ဆွေးလိမ့်မည်ဟု မယူဆစေလိုပါ။ လွန်ခဲ့သော နှစ်ရက်ကပင် ကျွန်တော်သည် မိကျော်ကို အောင်မြင်စွာ စာပေးခဲ့ပါသည်။
မိကျော် ကျောင်းကအပြန် ဘတ်စ်ကားပေါ်မှာ ပေးလိုက်ခြင်း ဖြစ်ပါသည်။ ဘတ်စ်ကားပေါ်မှာ
ဖြစ်သောကြောင့် မိကျော် ငြင်းလို့မရပါ။ ယူသွားရပါသည်။ ဘယ်လောက်များ ပိုင်လိုက်လှပါသလဲ။
ဟိုနှစ်ကောင်နှင့် တခြားစီပါ။
သူတို့ကို ကျွန်တော့်အ်​ပ်မက်အကြောင်း ပြောပြပါသည်။
“မင်းအိပ်မက်က နိမိတ်မကောင်းဘူးကွ”
ချစ်ဝင်းနှင့် အေးမြင့်က ဝေဖန်ပါသည်။ အမှန်တော့ သူတို့ပြောသလို မဟုတ်နိုင်ပါ။ သူတို့သည် ကျွန်တော်
စာပေးဖြစ်သည်ကို မနာလိုဖြစ်နေကြခြင်းပါ။ သူခိုးသေဖော်ညှိ အမြီးပြတ်သော မြေခွေးလိုဖြစ်ပါသည်။
ကျွန်တော်သည် မိကျော်ကိုပေးလိုက်သော စာထဲမှာ ရေးသားထားသည်ကလည်း သိပ်မိလိုက်လှပါသည်။
ကြည့်ပါလေ။

``နှင်းဆီပန်းကလေးတွေ ဖျားတဲ့အခါ
နေမင်းက ဆေးကုပေးတယ်

ကြယ်ကလေးတွေ ဖျားတဲ့အခါ
လမင်းက ဆေးကုပေးတယ်

ကိုယ့်နှလုံးသား ဖျားတဲ့အခါ
မိကျော်က ဆေးကုပေးပါနော် ´´

ဟေ့... ဟေ့၊ ဒီလိုစာမျိုးကို ဖတ်ရတဲ့အခါ ဘယ်မိန်းကလေးကများ ကျွန်တော့်ကို မချစ်ဘဲ
နေနိုင်လိမ့်မှာတဲ့လဲ။


“သူ့ကို တို့ သူငယ်ချင်းလိုပဲ ခင်ချင်တယ်”
မိကျော်ခေါ် ခင်စန်းကျော်၏ အဖြေ။ ကျွန်တော် ဘာပြန်ပြောရမည်မှန်း မသိပါ။
ကျွန်တော့်စိတ်ကူးထဲမှာတုန်းက တစ်မျိုးပါ။ ပုဂံလမ်းထိပ်ကနေပြီး မိကျော်ကို စောင့်မည်၊ မိကျော် ၁၆ ကားပေါ်က ဆင်းလာသောအခါ ကျွန်တော့်စာကိစ္စကို မေးမည်။ ထိုအခါ မိကျော်သည် ရှက်သဖြင့်
ခေါင်းငုံ့ထားလိမ့်မည်။ ကျွန်တော်က အတင်းမေးသော အခါတွင်မှ...
ခုတော့ဖြင့် ဒီလိုမဟုတ်ပါ။ မိကျော်သည် ဘတ်စ်ကားပေါ်မှဆင်းပြီး ကျွန်တော့်ကိုတွေ့လျှင်
ရှက်ကြောက်ခြင်း အလျဥးကင်းသော မျက်နှာဖြင့် ပြောလိုက်ခြင်း ဖြစ်ပါသည်။ အမှန်တော့လည်း သူ
ကျွန်တော့်ကို ကြောက်ရန် မလိုပါ။ ကျွန်တော်တို့သည် ဆယ်တန်းမှာတုန်းက တစ်တန်းတည်း
နေလာခဲ့ကြပါသည် မဟုတ်လား။ သို့ရာတွင် ကျွန်တော်ကတော့ သူ့ကို ကြောက်နေပါသည်။ ကျွန်တော်၏
စိတ်ကူးထဲက စကားများသည် မရှိတော့ပြီ၊ တုန်ယင်ထစ်ငေါ့သော စကားများသည်သာ။
“တို့ကို... တို့ကို စိတ်ဆိုးသွား....”
“စိတ်တော့ ဆိုးချင်တယ်၊ ဒါပေမဲ့ မဆိုးတော့ပါဘူး”
“ဒါဖြင့်ရင် ဟိုဥစ္စာ”
“နောက်တစ်ခါတော့ ဒီလိုထပ်လုပ်ရင်တော့ စိတ်ဆိုးမိလိမ့်မယ် ထင်တယ်”


“နင့်အခြေအနေက သိပ်အဆိုးကြိး မဟုတ်သေးပါဘူးဟယ်”
ခင်အေးသန်းက ပြောလေသည်။
ရန်ကုန်တက္ကသိုလ်၏ ပန်းချီခန်းမသည် ကျွန်တော်တို့ စတည်းချရာ နေရာဖြစ်သည်။
အတန်းမရှိသောအချိန်၊ အတန်းပြီးသောအချိန် သို့မဟုတ် အတန်းလစ်နေသော အချိန်များတွင်
ကျွန်တော်တို့သည် ပန်းချီခန်းမမှာ ထိုင်ကြသည်။
“ဆက်လုပ်စမ်းပါကွာ၊ ဖြစ်ပါတယ်၊ ငါ့တုန်းကဆိုရင် မင်းထက်တောင် အခြေအနေ ဆိုးသေးတယ်၊
နောက်တော့လည်း ဖြစ်သွားတာပါပဲ”
ဘာဘာကျော်သည် ကျွန်တော့်ကို အားပေးသလိုလိုနှင့် ကြွားပြန်သည်။ ကြွားလည်း ကြွားစရာပါ။ ခုဆိုလျှင်
သူ့ကောင်မလေးသည် သူ့ကို ထမင်းဘူးထဲက ထမင်းကိုလည်း ကျွေးသည်။ ပိုက်ဆံကိုလည်း ချေးသည်။
(မှတ်ချက်၊ ဘယ်တော့မှ ပြန်မဆပ်ပါ) ကျွန်တော်တို့ပင်လျှင် သူ့ထမင်းဘူးကို ကပ်စားရသေးသည်။
သူ့ကောင်မလေးချေးသော ပိုက်ဆံဖြင့် လက်ဖက်ရည် ကပ်သောက်သည်။
တကယ်တော့မူ ကျွန်တော်သည် နာမည်ကြီးထမင်းငတ် ဖြစ်ပါသည်။ ဒီစကားကလေးသည် ကျွန်တော်တို့
ပန်းချီခန်းမအတွက် အဓိပ္ပာယ်များစွာ ရှိပါသည်။
“အကြင်သူတစ်ယောက်သည် မိန်းကလေးတစ်ယောက်၏ ပချစ်ကို ရသည်ဖြစ်အံ့၊ ထိုသူသည်
ထိုမိန်းကလေး၏ ထမင်းဘူးကိုပါ ရတော့သည်သာ”
သူတို့သည် ထိုရရှိလာသော ထမင်းဘူးကို တစ်ယောက်တည်း ဘယ်တော့မှ မစားတတ်၊ ပန်းချီခန်းမသို့
မရရအောင် ယူလာတတ်သည်။ သူငယ်ချင်းတွေကို ခွဲဝေကျွေးတတ်သည်။ ပန်းချီခန်းက လူများသည်
ဆင်းရဲမွဲတေနေကြသူများ မဟုတ်ကြပါ။ သို့ရာတွင် ငွေတော့ဖြင့် အမြဲ ပြတ်လပ်နေတတ်ကြသည်။
ထို့ကြောင့်ပင် တစ်ယောက်ယောက်က မိန်းကလေးတစ်ယောက်ကို လိုက်တော့မည်ဆိုလျှင် အားရဝမ်းသာ
ကူညီတတ်သည်။ ပန်းချီခန်းအတွက် ထမင်းဘူးတစ်ဘူး၊ ပိုက်ဆံချေးမည့် မိန်းကလေးတစ်ယောက်
တိုးလာမည်ဖြစ်သောကြောင့် ဖြစ်ပါသည်။
ခုအချိန်မှာဖြင့် ကျွန်တော်သည် “နာမည်ကြီး ထမင်းငတ်” ဖြစ်ပါသည်။ ကျွန်တော်သည် မိကျော်၏
ထမင်းဘူးထဲမှ ထမင်းတစ်ဇွန်းကိုမျှပင် မစားဖူးသေးပါ မဟုတ်လား။ သို့ရာတွင် စိတ်ဓာတ်ဖြင့်
မကျလိုက်လှသေးပါ။


“မိကျော်”
“ဘာလဲ”
“တို့... တို့ ပြောစရာတစ်ခုရှိလို့”
“ရိုးရိုးသားသား သူငယ်ချင်းလိုပြောမယ် ဆိုရင်တော့ ပြောပါ၊ ဆန်းဆန်းပြားပြား ဆိုရင်တော့
နားမထောင်ချင်ဘူး”
“အဲ... အေးလေ၊ သူငယ်ချင်းလိုပဲ ပြောပါ့မယ်”
“ပြောလေ.... ဘာလဲ”
“ဟို... ဟိုဥစ္စာ၊ ထမင်းဘူး ပါလာလား”
“ဒီမှာလေ၊ မတွေ့ဘူးလား”
“ဘာဟင်းလဲ”
“ငါးရံ့ခြောက်ဟင်းနဲ့ ပဲသီးကြော်”
“သြော် ဟုတ်လား၊ ဒါဖြင့် သွားတော့မယ်နော်”


“သိပ်ညံ့တဲ့ကောင်ပဲကွာ၊ မိကျော်က မပြောနဲ့ဆိုပေမယ့် အတင်း မရမက ပြောပေါ့ကွ”
“ဟာ... ငါကြောက်တယ်ကွ၊ မိကျော်က သိပ်စိတ်ကြီးတာနော်၊ အပြတ်ကောလိုက်ရင် ဒုက္ခ”
“ညံ့ပါပေ့ကွာ၊ မင်းနာမည်ကို ဉာဏ်ကိုကိုလို့ မှည့်ဖို့မကောင်းဘူး၊ ညံ့ကိုကိုလို့ မှည့်ဖို့ကောင်းတယ်”
“အံမာ... မင်းတို့ကတော့ အဖြစ်ရှိလို့လား၊ လုပ်မနေပါနဲ့လို့ အပြောခံရတဲ့ကောင်နဲ့၊ ဖိနပ်ပဲရမယ်ဆိုတဲ့
ကောင်တွေကများ”
“ဟ... ငါတို့က ဒီလို အပြောခံရပေမယ့် ဆက်လက်ကြိုးစားလျက်ပဲ၊ တစ်နေ့ကျတော့
မင်းတွေ့ရမှာပေါ့ကွာ”


“မိကျော်”
“ဘာလဲ”
“တို့ ပြောစရာ တစ်ခုရှိလို့”
“သူငယ်ချင်းလို ပြောမှာလား”
“မဟုတ်ဘူး”
“ဒါဖြင့် မပြောပါနဲ့”
“ပြောရမယ် မိကျော်၊ ပြောရမယ်၊ တို့ရင်ထဲမှာ...”
“ဒီမှာ ဉာဏ်ကိုကို၊ တို့ကို နောက်တစ်ခါ ဒီစကားမျိုး လုံးဝ ထပ်မပြောပါနဲ့၊ ပြောခဲ့လို့ရှိရင်တော့
သူငယ်ချင်းအဖြစ်ကပါ ရပ်စဲလိုက်ရလိမ့်မယ်၊ ဒါပါပဲ”


အရောင်ပြောင်းသွားသော နှလုံးသား
လစ်တမတ်အပြာ
အက်ဆစ်မှာ ထည့်
ပကတိ နီသွားစေသည်။
လစ်တမတ်အနီ
ဗေ့စ်ရည်မှာ ထည့်
ပကတိ ပြာသွားစေသည်။
ပန်းနုရောင် နှလုံးသား
ဘာဂုဏ်များ မြောက်လို့
အစိမ်းရောင်သို့ ပြောင်းသွားတာလည်းကွယ်။

ကျွန်တော်၏ အဆွေးကဗျာများသည် ပန်းချီခန်းမ၏ နံရံကပ်စာစောင်တွင် ပါဝင်လာခဲ့သည်။
ဓာတုဗေဒကျောင်းသူလေး မိကျော်ကို ရည်ရွယ်စပ်ထားသော ဓာတုဗေဒဆိုင်ရာ ကဗျာများ။ ကျွန်တော်
ဆွေးနေကြောင်းကို ပန်းချီခန်းတစ်ခန်းလုံးက သိကြပါသည်။ အို.. သူတို့တင် မဟုတ်ပါ။ ကိုေAာင်ရင်
လက်ဖက်ရည်ဆိုင်က တင်ဝင်းတို့၊ ဖြူဝင်းတို့လည်း သိသည်။ အအေးဆိုင်က အမေကြည်လည်း
သိပါသည်။


ထိုအတောအတွင်းမှာပင် ချစ်ဝင်းနှင့်ေAးမြင့်တို့၏ အချစ်ကိစ္စများ ပြေလည်သွားကြပါသည်။
ချစ်ဝင်းသည် သူ့ကိုမှ ပြန်မချစ်ရင် ကျောင်းမတက်တော့ဘူး၊ အင်းလျားကန်ထဲ ခုန်ချမည်ဟု
ဆိုသောကြောင့် သနားပြီး ချစ်သွားသည်ဟု ဆို၏။ အေးမြင့်ကမူ သူ့ခေါင်းတုံးဆံထောက် ဆံပင်ကို
နည်းနည်းပိုရှည်ပေးပါမည် ဟူသော ကတိဖြင့် ခင်ကြည်မြင့်၏ အချစ်ကို ရသွားပါသည်။
သူတို့သည် အ၀တ်အစားအသစ်များ ချုပ်ကြပါသည်။ တစ်နေ့လျှင် ရေသုံးခါလောက် ချိုးပါသည်။
ချစ်ဝင်းဆိုလျှင် ပေါင်ဒါဘူးတစ်ဘူးပင် ဝယ်လိုက်ပါသည်။ သူတို့၏ အကြောင်းများကို ကျွန်တော့်အား
ပြန်ပြောကြပါသည်။
“ခင်ကြည်မြင့် လက်ကလေးက နုနုလေးကွ”
“ဟင်.. မင်းက ခုမှ လက်ကိုင်တဲ့အဆင့်လားကွ”
“ဟေ့ကောင်၊ လက်မကိုင်လို့ ခြေထောက်ကို ကိုင်ရမှာလား”
“သြော်... အေးမြင့် အေးမြင့်၊ ဆံပင်တိုသလောက် တုံးလှသေးပါလားကွာ၊ နှုတ်ခမ်းက
ဘာလုပ်ဖို့ထားတာလဲ”
“ထမင်းစားဖို့ပေါ့ကွ”
သြော်.... သူတို့မှာဖြင့် ပျော်နိုင်ကြပါပေသည်။ ကျွန်တော့်မှာတော့ဖြင့်...။
ချစ်ဝင်းနှင့် အေးမြင့်သည် ကျွန်တော့်ကို အားမရကြပါ။
“ဉာဏ်ကြီး၊ ဆက်လုပ်ပါကွာ၊ မင်းကလည်း ပျော့ညံ့လိုက်တာ”
“တော်ပါပြီကွာ၊ ငါ့အဖြစ်နဲ့ငါ ရှိပါစေတော့”
သို့ရာတွင် ကျွန်တော်သည် စာတစ်စောင်ကို ရေးလေသည်။

၁၀
မိကျော်
နောက်ဆုံးအကြိမ် နှောင့်ယှက်တယ်လို့ သဘောထားလိုက်ပါတော့။ ဒီတစ်ခါမှ တို့လိုချင်တဲ့ အဖြေကို မရရင် နောက်ကို ဘယ်တော့မှ မနှောင့်ယှက်တော့ပါ။ မိကျော်ပြောသလို သူငယ်ချင်းအဖြစ်ကပါ
ရာသက်ပန် ရပ်စဲချင် ရပ်စဲလိုက်ပါ။ သန်းခေါင်ထက်တော့ ညဉ့်​မနက်နိုင်တော့ပါ။ နက်ဖြန် မိကျော်တို့
အတန်းပြီးချိန်မှာ တို့ လာစောင့်နေမယ်။ တို့ကို ချစ်တယ်ဆိုရင် အင်္ကျီအဖြူရောင် ဝတ်ခဲ့ပါ။ အဖြူရောင်ကို
ကြိုဆိုနေပါ့မယ်။
ဉာဏ်
P.S. မိကျော် မကြိုက်ဘူးဆိုလို့ တို့ ဆေးလိပ်ဖြတ်လိုက်ပါပြီ။

၁၁
အခန်းအမှတ် S.17 ရှေ့က စင်္ကြံအုတ်ခုံပေါ်မှာ ထိုင်စောင့်နေသည်။ S.17 သည်
ဝင်ပေါက်တစ်ခုတည်းသာရှိသော သီရေတာခေါ် အခန်းကြီးဖြစ်သည်။ တစ်ပေါက်တည်းသော ဝင်ပေါက်ကို
ပိတ်ထားသဖြင့် အထဲကို မမြင်ရ။ ဆရာ၏ စာသင်သံသာ ထွက်လာသည်။
စက္ကန့်တို့သည် ပြေးလွှားနေကြသည်။ တစ်နာရီခွဲ၊ အတန်းပြီးသင့်ပါပြီ၊ ဆရာသည် သင်လို့ကောင်းတုန်း။
“အစ်ကို ဒူးယားသောက်မလား”
စီးကရက်သည် ကုလားကလေး ရောက်လာသည်။ ဝယ်မည်ပြုပြီးမှ မိကျော်ကို ကတိပေးထားတာ
သတိရသဖြင့် မဝယ်ဖြစ်တော့။ ကုလားကလေးသည် အင်္ကျီအဖြူ ဝတ်ထားသည်။
“မင်း ဘာဖြစ်လို့ အင်္ကျီအဖြူ ဝတ်တာလဲ”
“ကျွန်တော့်မှာ ဒီအင်္ကျီတစ်ထည်ပဲ ရှိတာ၊ ဒါပဲ ဝတ်ရမှာပေါ့ဗျာ”
တစ်နာရီ မိနစ်လေးဆယ်၊ တံခါးပွင့်လာသည်။ ဆရာ ထွက်လာသည်။ ဆရာသည် တိုက်ပုံအင်္ကျီအနက်ကို
ဝတ်ထားသည်။ အထဲက ရွပ္အက်ႌမွာ အျဖဴ။
အခန်းထဲက ကျောင်းသားကျောင်းသူများ ထွက်လာကြသည်။ ကျွန်တော် မကြည့်ရဲသဖြင့်
ခေါင်းငုံ့ထားရသည်။ ကျွန်တော့်ရှေ့က လူတွေ ဖြတ်သွားကြသည်။ ခြေသံများနှင့် ကျွန်တော့်ရင်ခုန်သံသည်
အတူတူ။
နှစ်လက်မ ဒေါက်မြင့်ဖိနပ် ပနီကလေးကို စီးထားသည်မှာ မိကျော်၏ ခြေထောက်ကလေး။ မျက်စိကို
အပေါ်သို့ တဖြည်းဖြည်း တက်ကြည့်သည်။ ထဘီ အနီရောင်။ အင်္ကျီကို ကြည့်သည်။
ဟင်... အနီ... အနီ။
ရက်စက်လှစွာသော အနီ။
ငွေသွင်းဌာနကို ဘယ်လိုဖြတ်ခဲ့သနည်း။ သစ်ပုပ်ပင်ကြိးကို ဘယ်လို ကွေ့ရှောင်ခဲ့သနည်း။ ဝိဇ္ဇာခန်းမကို
ဘယ်လို ဖြတ်ခဲ့သနည်း။ ပန်းချီခန်းမကို ဘယ်လို ရောက်ခဲ့သနည်း။

၁၂
စောင့်နေကြသူများက မေးသည်။
“ဘယ်လိုလဲဟေ့”
“အနီတဲ့ကွာ”
ကျွန်တော်သည် စားပွဲပေါ်မှာ မျက်နှာအပ်ထားလိုက်သည်။
“ဘယ်လိုဖြစ်တာလဲဆိုတာ ပြောပါဦးဟယ်”
ယဉ်​ယဉ်​ထွေး၏ အသံကို ကြားရသည်။ ကျွန်တော် ခေါင်းခါလိုက်သည်။
အစ်မကြီး မျိုးမြင့်ခင်က ပြောပြန်သည်။
“ဒီလောက်လည်း ဖြစ်မနေပါနဲ့ဟယ်”
“အစ်မကြီးမှာ ခံစားတတ်တဲ့ နှလုံးသား မရှိပါဘူးဗျာ”
ပန်းချီဆွဲရာတွင် ပုံစံ စံပြAဖြစ်ထားသော အရိုးခေါင်းကြီးကို ငေးကြည့်နေမိသည်။ ဒီမှာ ခင်ဗျားကော
လူ့ဘဝတုန်းက အသည်းကွဲဖူးသလား။ ကျုပ်လည်း တစ်နေ့နေ့ ခင်ဗျားလို ဖြစ်မှာပဲ။ အဲဒီပခါကျရင်...
“ဟေ့... ဟိုမှာကြည့်စမ်း”
ချစ်ဝင်း၏ အလန့်တကြားအော်သံကြောင့် ခေါင်းထောင်ကြည့်မိသည်။
ချစ်ဝင်း ညွှန်ပြရာမှာ...
အြိ... အဖြူရောင်၊ ချစ်လှစွာသော... အဖြူရောင်။
မိကျော်သည် လက်မောင်းရင်းနားက ဖောင်းဖောင်းကလေး ဖြစ်နေသော အကျိင်္ီအဖြူကလေးကို ဝတ်၍
လာနေပါသည်။ ကျွန်တော် သူ့ဆီ ထ၍ပြေးသည်။

၁၃
အခန်း A.5 နားက စွယ်တော်ပင်အောက်က ခုံတန်းကလေးမှာ ထိုင်ကြသည်။ ဘာက စပြောရမှန်း မသိ။
“မိကျော်... အ ဖြူရောင်၊ တို့ကို ချစ်... ချစ်လို့”
စကားတို့သည် ကျွန်တော့်လက်ရေးများလိုပင် မညီမညာ ထွက်လာသည်။ မိကျော် ရှက်လို့
ခေါင်းငုံ့သွားသည်။
“ခုနတုန်းက အင်္ကျီမနီ ဘာဖြစ်လို့ ဝတ်တာလဲ”
“အိမ်ကထွက်လာတုန်းက နည်းနည်းချမ်းတာနဲ့ အပေါ်က ထပ်ဝတ်လာတာ”
“တို့နဲ့ တွေ့တဲ့အချိန်မှာတော့ အင်္ကျီအနီကြီးကို ချွတ်ထားဖို့ ကောင်းပါတယ်ဟာ”
“တို့လေ... တို့... ရှက်လို့”
ဘာဆက်ပြောရမှန်း မသိတတ်ပြန်။ ချွေးပြန်လာသည်။ ချွေးသုတ်မည်ဟု လွယ်အိတ်ထဲက
လက်ကိုင်ပုဝါကို ထုတ်သည်။ ဟော.. ဘယ်အ ချိန်က လက်ကိုင်ပုဝါကြားထဲ ညပ်နေမှန်း မသိရသော
ခပေါင်းစီးကရက် တစ်လိပ်သည် လက်ကိုင်ပုဝါနှင့်အ တူ ခုန်ထွက်လာပြီး ကျွန်တော့်ပေါင်ပေါ်
လာတင်နေသည်။ မိကျော်က မိသွားပါသည်။
“ဟင်... ဟင် ဒါကဘာလဲ”
“ခပေါင်း”
“ဒါတော့ သိတာပေါ့၊ ဒါ ဘယ်သူသောက်တာလဲ”
“တင်... တင်ဝင်း သောက်တာ၊ အဲ... မဟုတ်ပါဘူး၊ နန္ဒသောက်တာ”
“နန္ဒ ခပေါင်း ဘယ်တော့မှ မသောက်ဘူး၊ ဒူးယားမှသောက်တာ တို့သိတယ်၊ ဟင်း...
ဆေးလိပ်ဖြတ်ပြီလေး ဘာလေးနဲ့ တို့ကို သက်သက်ညာတာပေါ့လေ”
“မ... မဟုတ်ရပါဘူးဟာ၊ နောက်ကို တကယ် မသောက်တော့ပါဘူး”
ကျွန်တော်သည် အ ယောင်ယောင်အ မှားမှား ဖြစ်ပြီး စီးကရက်ကို လွှင့်ပစ်ရန် နောက်သို့ လှည့်ကြည့်မိသည်။
စင်္ကြံအုတ်ခုံအောက်သို့ ခေါင်းနှစ်လုံး ရိပ်ခနဲ ဝင်ပုန်းလိုက်သည်ကို တွေ့ရသည်။ မောင်စံရှားနှင့်
ကင်းကောင်ကြီးတို့ လာချောင်းနေကြကြောင်း ကျွန်တော် သိလိုက်ပါသည်။
သူတို့ကို ကြွားလိုက်ရဦးမည်။ မိကျော်၏ ထမင်းဘူးထဲက ထမင်းကို အားရပါးရ စားပြလိုက်မည်။
ဒီနှစ်ကောင် သွားရည်ယိုကျသွားအောင်။
မိကျော်၏ ထမင်းဘူးကို ဖွင့်လိုက်သည်။ အ ထဲမှာ ထမင်းတစ်ဝက်လောက်သာ ကျန်တော့သည်။ ဟင်း လုံးဝမရှိ။ မိကျော်က ခစ်ခနဲ ရယ်သည်။
“နက်ဖြန်ကျရင် တို့ ထမင်းပိုထည့်ခဲ့မယ်”
မည်သို့ပင်ဖြစ်ပါစေ၊ ထိုနေ့မှစ၍ ပန်းချီခန်းမအတွက် ထမင်းဘူးတစ်ဘူး တိုးလာခြင်းသည်
“ဝမ်းမြောက်ဖွယ်သတင်း”ပင် ဖြစ်ပါသည်။ ကောင်းချီးသြဘာ ပေးကြပါကုန်။

မင်းလူ
(ရန်ကုန်တက္ကသိုလ် ပန်းချီမိသားစုသို့အမှတ်တရ)
(ရုပ်ရှင်ပဒေသာ၊ ဖေဖော်ဝါရီ၊ ၁၉၇၈)

(ရုပ်ရှင်ပဒေသာ၊ ဖေဖော်ဝါရီ၊ ၁၉၇၈)