(မင်းလူ)
_______________________
“ခင်ဗျားကို ကျုပ်မိန်းမအကြောင်း ပြောပြချင်နေတာ ကြာပြီ” ဟု ဆိုင်မှာ ထိုင်ပြီးပြီးချင်း ပြောသည်။ ပြီးတော့ ဆိုင်ရှင်ကို…..
“တစ်လုံးပေးဗျာ၊ ပဲခြမ်းကြော်သုပ် တစ်ပွဲနဲ့ အမဲကြော် နှစ်တုံးပါပေး”
ဆိုင်ရှင်က အရက်ဖြူတစ်လုံး၊ ဖန်ခွက်သေးနှစ်ခွက်၊ ရေတစ်ခွက် အရင်ချပေးသည်။ သူသည် ဖန်ခွက်နှစ်လုံးထဲသို့ အရက် တစ်ဝက်သာသာစီ ငှဲ့ထည့်သည်။ ဖန်ခွက်တစ်ခွက်ကို သူ့ဘက် ဆွဲယူသည်။ ရေနည်းနည်းရောသည်။ တစ်ငုံငုံသည်။ သူ့တစ်ငုံက ဖန်ခွက်တစ်ဝက် ကျိုးသွား၏။
“လုပ်လေဗျာ၊ သြော်.. ဟုတ်သားပဲ၊ ခင်ဗျားက အမြည်းလေး နည်းနည်းစားပြီးမှ သောက်တတ်တာပဲ၊ ပဲခြမ်းကြော် မြန်မြန်လေးဗျို့၊ အမဲသား အရင်ပေးလေဗျာ၊ ဒီလိုလုပ်၊ ဘဲဥသုပ်ပါ တစ်ပွဲ” ဟု ဆိုင်ရှင်ကို တစ်လက်စတည်း မှာသည်။
ဆိုင်ရှင်က သတ္တုပန်းကန်သေးသေးလေးတွင် အမဲသားကြော်နှစ်တုံးထည့်၍ လာချပေးသည်။
ထိုအချိန်တွင် သူ့ဖန်ခွက်ထဲက လက်ကျန်ကို ရှင်းပြီးနေပြီ။ ထပ်ငှဲ့ရင်း....
“ခင်ဗျားနဲ့ တွေ့ချင်တာ ကြာပြီ၊ စကားပြောချင်လို့၊ ပြောချင်တာတွေကတော့ အများကြီးပဲဗျာ၊ ခံနေရတဲ့အကြောင်းတွေပေါ့၊ ဒီလိုကိစ္စမျိုး ဆိုတာကလည်း တခြားလူတွေကို ပြောလို့ မကောင်းဘူးဗျ၊ ခင်ဗျားလို အကြောင်းသိချင်းမှ ပြောချင်တာ၊ ခင်ဗျားကတော့ ကျွန်တော်နဲ့ စိတ်သဘောထားချင်းလည်း တော်တော်များများ တိုက်ဆိုင်တယ် မဟုတ်လား”
စောစောကလို ရေနည်းနည်းရော၊ ခပ်များများ တစ်ငုံငုံသည်။
“ကျွန်တော့်မိန်းမက တော်တော် အသုံးမကျတာဗျ၊ ဟဲဟဲ.. အဲဒီလို ပြောလိုက်တော့ ခင်ဗျားအံ့သြသွားမယ်၊ ဒါမှမဟုတ် ကျွန်တော် အရက်သောက်တာများလို့ ကြောင်သွားပြီလို့ ထင်ချင်ထင်မယ်၊ တကယ်ပြောတာဗျ၊ ကျွန်တော် ပြောပြရင်းနဲ့ တဖြည်းဖြည်း ဇာတ်ရည်လည်သွားလိမ့်မယ်”
“ဒီလိုဗျာ.. ကျွန်တော်နဲ့ ကျွန်တော့်မိန်းမက လူကြီးတွေ ပေးစားလို့ ရခဲ့တာ မဟုတ်ဘူး၊ ကျွန်တော်တို့ချင်း ကြိုက်ပြီး ယူကြတယ်ဆိုတာ ခင်ဗျားလည်း အသိပဲလေ၊ အဲဒီတုန်းကဆိုရင်....”
ဆိုင်ရှင်က ပဲခြမ်းကြော်သုပ်နှင့် ဘဲဥပန်းကန်များ လာချပေးသဖြင့် စကားစပြတ်သွားသည်။
သူက..
“အရက်တစ်လုံး ဘယ်လောက်လဲဗျ” ဟု ဆိုင်ရှင်ကို မေးသည်။
“နှစ်ဆယ့်ခြောက်ပါ ဆရာ”
“ဟာ.. ဘယ်လိုဖြစ်တာလဲ၊ ဈေးကလဲ.. မနေ့က နှစ်ဆယ့်လေးပဲ ရှိတာ”
“ဟုတ်တယ်ဆရာ၊ ဒီနေ့ ဆိုင်ကြီးကိုတောင် နည်းနည်းပဲ ဝင်တာ၊ ဒါကြောင့် အစောကြီး ပိတ်သွားတာပေါ့၊ ကျွန်တော်တောင် မနေ့ကတည်းက စုထားလို့ ဒီနေ့ရောင်းနိုင်တာ”
“ခက်တာပဲဗျာ.... ကျွန်တော်တို့မှာ ဇိမ်ခံစရာဆိုလို့ ဒီအဖြူကလေးပဲ ရှိတာ၊ ဒီလောက် ဈေးတွေတက်နေရင် ဘယ်လိုလုပ်မလဲ”ဆိုပြီး အရက်ရှားပါးသည့်အကြောင်း ဆက်ပြောနေသဖြင့် စောစောက စကားဆက် ပြတ်သွားသည်။
အရက်ပုလင်း တစ်ဝက်ကျိုးသွားပြီ။ သူသည် ခုထိ ဘာအမြည်းမှ မစားသေး။
“အင်း.. ဘာပဲဖြစ်ဖြစ် ဒီလို လမ်းဘေးဆိုင်မှာ သောက်ရတာ နည်းနည်းတော့ အကုန်အကျ သက်သာသေးတာ အမှန်ပဲ၊ စားသောက်ဆိုင်ကြီးတွေမှာဆိုရင် ကန်စွန်းရွက်ကြော် တစ်ပွဲတောင် ခုနစ်ကျပ်၊ ရှစ်ကျပ်၊ တစ်ဆယ် ပေးနေရတာ၊ အင်း.. အင်း.. စားပါဗျ”
ပဲခြမ်းကြော် တစ်စေ့ကို ယူသည်။ တစ်ဝက်ဖဲ့ပြီး ကိုက်သည်။ ပြီးမှ ကျန်တစ်ဖဲ့ကို ဆက်စားသည်။
ထို့နောက်..
“ကျွန်တော်က အရက်သောက်ရင် အမြည်းကို သိပ်မစားပေမယ့် အိမ်ပြန်ရောက်ရင်တော့ ထမင်းကို မပျက်မကွက် စားပါတယ်ဗျ၊ ကျွန်တော့်မိန်းမ ဟင်းချက်ကောင်းတာလည်း ခင်ဗျားအသိပဲ၊ အဲ.. ဟုတ်ပါရဲ့၊ ခုနစကား ပြန်ဆက်ရဦးမယ်၊ ကျုပ်က မိန်းမကို အသုံးမကျဘူးလည်း ပြောသေး ဟင်းချက်ကောင်းကြောင်းလည်း ချီးကျူးလိုက်သေးဆိုတော့ ရှေ့နောက် မညီညွတ်ဘူးလို့ ခင်ဗျားထင်မယ်၊ ဟင်းချက်ကောင်းတာကတော့ တကယ်ပဲဗျ၊ ဟင်းချက်ကောင်းတယ် ဆိုရာမှာ ငါးမြင်းတို့၊ ပုစွန်ထုပ်တို့ကို ဆီလှိုင်လှိုင်သုံးပြီး ချက်နိုင်တာမျိုး မဟုတ်ဘူး၊ ဈေးဖိုး သိပ်မကုန်ဘဲ ရှိတဲ့ သားငါးလေး အနည်းအကျဉ်းကို ဟင်းသီးဟင်းရွက်ကလေးနဲ့ စားလို့ကောင်းအောင် ချက်နိုင်တာကို ပြောတာ၊ ခုကာလမှာတော့ ဒီလိုချက်တတ်တာကို ဟင်းချက်ကောင်းတယ်လို့ ဆိုရမှာပဲ မဟုတ်လား၊ အဲဗျာ.. ပြောရင်းဆိုရင်းနဲ့ မိန်းမကို ချီးကျူးဖို့ အကြောင်းအရာတစ်ခု တိုးလာပြန်ပြီ၊ ဈေးဖိုး ချွေတာတဲ့အကြောင်းလေ၊ အသုံးအစွဲ စေ့စပ်တာကတော့ အမှန်ပဲဗျို့၊ ဒီအချိန်မှာ သူ့ကိုကြိုက်နေတဲ့ ကောင်တွေထဲမှာ ဆရာဝန်လောင်းလည်းပါတယ်၊ သူဌေးသားလည်း ပါတယ်၊ ဒီကြားထဲက ကျုပ်လိုကောင်ကို ကြိုက်တယ်ဆိုတာ တော်ရုံတန်ရုံမေတ္တာ မဟုတ်ဘူးနော်၊ အဲ.. ညားပြီးကြတော့လည်း....”
အေ့ခနဲ လေချဉ်တစ်ချက် တက်လာသဖြင့် စကားစ ပြတ်သွားသည်။ သလိပ်ခတ်ပြီး ထွေးထုတ်သည်။ ပြီးမှ....
“ညားပြီးကြတော့လည်း မယားဝတ္တရား ငါးပါးနဲ့ ပြည့်စုံရှာတယ်ဗျာ၊ ကျွန်တော့်အပေါ်လည်း တော်တော် သည်းညည်းခံတယ်၊ ယူခါစတုန်းက ကျွန်တော်တို့ တော်တော် ဒုက္ခရောက်လိုက်သေးတယ် မဟုတ်လား၊ ငှားနေတဲ့ အိမ်ခန်းတွေက အဆင်မပြေလို့ တစ်အိမ်ပြီးတစ်အိမ် လျှောက်ပြောင်းရတာတွေ၊ ဝင်ငွေကနည်းလို့ လင်မယားနှစ်ယောက် ကသီလင်တ ဖြစ်တာတွေ၊ အင်း.. ညားခါစက ဒုက္ခရောက်တယ်ဆိုလို့ ခုတော့ အဆင်ပြေနေပြီလို့ မထင်လိုက်နဲ့ဦး၊ သိတဲ့အတိုင်းပ၊ဲ နောက်ပြီး အဲဒီတုန်းက ကလေးမွေးတဲ့အခါ ရိုးရိုးမမွေးနိုင်လို့ ဗိုက်ခွဲရသေးတယ် မဟုတ်လား၊ ပိုက်ဆံပိုကုန်တာပေါ့လေ၊ ဒါပေမယ့် တစ်ခုတော့ ကောင်းသွားတယ်ဗျ၊ ဗိုက်ခွဲရတဲ့လူ ဆိုတော့ ကလေးသုံးယောက်ထက် ပိုယူလို့ မရတော့ဘူး၊ အဲဒါပြောတာပေါ့၊ ကျွန်တော့်မိန်းမက
ကလေးမွေးတာတောင် ချွေတာတတ်တယ်”
သူ့စကားသူ တော်တော် သဘောကျသွားပြီး တဟဲဟဲ ရယ်သည်။ အရက်ဖော ဖောစပြုနေသော သူ့မျက်နှာသည် အဆီပြန်နေ၏။ ဘက်ထရီ မီးလုံးရောင်အောက်မှာ ရောင်ပြန်ထွက်နေသည်။
“ကျွန်တော့်မိန်းမက ခန္တီပါရမီနဲ့ ပြည့်စုံတာဗျ၊ ရုန်းရကန်ရ လှုပ်ရှားရပေမယ့် တစ်ချက်ကလေး မညည်းဘူး၊ ကျုပ် နေချင်သလိုနေ.. ဆူဆူပူပူ မလုပ်ဘူး၊ မပြေလည်တာတွေ ရှိပေမယ့် တစ်စက်ကလေးမှ မျက်နှာမပျက်ဘူး၊ ခင်ဗျား စိတ်ရှုပ်နေပြီလား၊ ကျုပ် အူကြောင်ကြောင်တွေ လျှောက်ပြောနေတယ်လို့ မထင်ဘူးလား၊ လာမယ် လာမယ်..”
ဆေးပေါ့လိပ်တစ်လိပ်ကို ယူ၍ မီးညှိသည်။ ခပ်ပြင်းပြင်း ဖွာရှိုက်သည်။ မီးခိုးများကို ဟူးခနဲ အသံမြည်အောင် မှုတ်ထုတ်ပြီး..
“အခု ကျုပ်ရောက်နေတဲ့ နေရာက နှယ်နှယ်ရရ မဟုတ်ဘူးဗျ၊ အဲ.. နှယ်နှယ်ရရ မဟုတ်တဲ့သူက လမ်းဘေးအရက်ဖြူဆိုင်မှာ လာသောက်နေတယ်လို့ ပြောလို့လည်းရတယ်၊ ဘာမှ မဟုတ်လောက်ပေမယ့် လုပ်တတ်ကိုင်တတ်ရင် တော်တော် ဝင်ငွေကောင်းနိုင်တယ်ဆိုတာ ခင်ဗျားသိပါတယ်၊ ကျုပ်လောက်တောင်မဟုတ်တဲ့ကောင်က ဆိုင်ကယ်တဝီဝီနဲ့၊ ကျုပ်နဲ့ တန်းတူလောက်ရှိတဲ့ လူတွေက အိမ်ဆောက်တဲ့လူနဲ့၊ မိန်းမကို စိန်နားကပ် ဝယ်ပေးတဲ့လူနဲ့၊ ခယ်မကို ဆိုင်ခန်းထောင်ပေးတဲ့လူနဲ့ ... ကျုပ်သာ မြောင်းထဲရောက်နေတာ”
သူသည် အရက်ကုန်နေသော ဖန်ခွက်ကို မြှောက်ပြီးကြည့်သည်။ ဖန်ခွက်သည် နှုတ်ခမ်းနည်းနည်း ပဲ့နေ၏။ သူက လှောင်သလို ပြုံးလိုက်သည်။
“ကျုပ်ပြောချင်တာကတော့ ကျုပ်ဟာ မိန်းမကို သိပ်ချစ်တဲ့လူ၊ မိန်းမက လာတိုက်တွန်းရင် နားပူနားဆာလုပ်ရင် ဘာမဆို လုပ်မယ့်ကောင်၊ ကျုပ်မိန်းမကသာ တိုက်နဲ့ကားနဲ့ နေချင်တယ်၊ စိန်နားကပ်ပန်ချင်တယ် ဆိုရင် ကျုပ်ဘာလို့ ဒီလိုနေမလဲဗျာ၊ ရအောင်လုပ်မှာပေါ့၊ ဒါပေမယ့် သူက လုံးဝ အဲဒီလို မပူဆာဘူးဗျာ၊ သိပ်ခံနိုင်ရည်ရှိလွန်းတယ်၊ ဒါကြောင့် အသုံးမကျတဲ့မိန်းမလို့ ပြောတာပေါ့ဗျ” ဟု ဆိုပြီးလျှင် ပုလင်းထဲမှ လက်တစ်လုံးလောက်သာ ကျန်နေသော အရက်ကို အကုန်လောင်းထည့်သည်။
ထို့နောက် ရေမရောတော့ဘဲ တစ်ရှိန်ထိုး မော့ချလိုက်လေ၏။ ဘက်ထရီမီးရောင်သည် ရုတ်တရက် နည်းနည်းမှိန်သွားသည်။ ဆိုင်ရှင်က ဘက်ထရီ အားနည်းလာပြီဟု ပြောလာသည်။
______________________________________________##"#"###"
မင်းလူ
No comments:
Post a Comment