Feb 10, 2018

သမီးနှင့် ကျောင်း

" သမီးနှင့် ကျောင်း "
===========

                                   #ခင်ခင်ထူး

                                         ကျောင်းပိတ်ရက် တစ်ရက်က သမီးကျောင်းလွယ်အိတ် လဲပေးဖို့ စာအုပ်တွေထုတ်လိုက်တော့ လွယ်အိတ်ထဲက ဗြုတ်စဗျင်းတောင်း များစွာ ထွက်လာသည်။ လေဖောင်း ထုပ် သရေစာအမျိုးမျိုးက ထွက်ကျသော မုန့်ကျိုး မုန့်ကြေတွေလည်း မနည်းပါ။ လေဖောင်းထုပ် အခွံက နှစ်ခု၊ သုံးခု၊ စာကလေးခွေ အစအနတွေ၊ ပီကေအခွံတွေ၊ ခဲတံချွန်စာတွေ ကပ်ခွာ အရုပ်ကားတွေ၊ သည်အထဲက ထွက်လာတာကတော့ ဆီးသီးလုံး လောက် ဖန်ဂေါ်လီလုံးတွေ ဖြစ်ပါ၏။ ဒါကတော့ နည်းနည်း ထူးဆန်းသလို ဖြစ်နေလို့ သမီးကိုမေးရပါသည်။ သမီးနှင့် ဖန်ဂေါ်လီလုံး က နည်းနည်းဝေးသည့် ကစားစရာ မဟုတ်လား။

“ဖန်ဂေါ်လီလုံးတွေက ကစားဖို့ ဝယ်တာလား လှလို့ ဝယ်တာလား သမီး”
“ကစားဖို့ဝယ်တာ မေမေ… ယောကျာ်းလေးတွေနဲ့ပစ်ကြတာ သမီးနိုင်တာ မနည်းဘူး… အခုက ရှုံးကုန်လို့”
ရှုံးကုန်လို့ ဆိုတာတောင် အိတ်ထဲက ဆယ်လုံးကျော်ကျော် ရလိုက်သည်။ သမီးဘယ်အချိန် ကစားပါလိမ့်လို့လည်း တွေးမိ ပါသည်။ ကျောင်းက အိမ်နှင့်နီးတော့ ကျောင်းတက်ချိန် မနက် ရှစ်နာရီခွဲကို ရှစ်နာရီခွဲမှ ထသွားလျှင်တောင် မီတာ ဆိုတော့ ကျောင်းချိန်နီးမှ လိုက်ပို့ နေကျ။ မနက် ဆယ်နာရီခွဲ မုန့်စား ကျောင်းဆင်းချိန်မှာ နာရီဝက်လောက်တော့ ကစားနိုင်ကြသည်။ သည် အချိန်ကလေးမှာ အလုအယက်ကစား ကြရှာ ထင်ပါရဲ့။ ဂေါ်လီလုံးလေးတွေကိုတွေ့မှ သမီးတို့လို ကလေးများကစားချိန်ကို တွေးမိရပြန်ပါ၏။ ကလေးတွေခမျာ “စာ”ပြီးရင်း “စာ” နေကြရတာမဟုတ်လား။ သည်ခေတ်ကလည်း ကျောင်းကြီးစာပြီးပြန်တော့ ကျောင်းငယ်စာက ဆီးကြို နေကြသည်။ ဆရာမောင်စွမ်းရည် ၏ ကဗျာတစ်ပုဒ်ထဲကလို “ကျူသေ” “ကျူရှင်”တွေ ရှိသေးသည်။ စာသင်ကျောင်းကြီး ကျောင်းလွှတ်ချိန် ခေါင်းလောင်းသံသည် ကျူရှင်ကျောင်း၏ ကျောင်းတက်ချိန်ခေါင်း လောင်းသံလို့လည်း ပြောနိုင်သည်။ မိဘတွေက ကျောင်းပေါက်ကစောင့် ပြီး ကိုယ့်ကလေးကိုယ် ကောက်သင်းကောက်ပြီးသည်နှင့် ကိုယ့်အတန်းပိုင်ဆရာမ ကျူရှင်ပြဖို့ ငှားထားသော ရပ်ကွက်ထဲကအိမ်ကို တစ်ထွေးကြီး လိုက်ကြရပြီ။ သမီးကတော့ ကျူရှင်မတက်စာရင်းပေးထား လို့  အိမ်ကိုတန်းပြန်ရုံ။

ကျောင်းပြန်ချိန် ညနေ ၃ နာရီ လောက်ကနေ ၇ နာရီလောက်အထိ သမီး၏ စိတ်ကြိုက်အချိန်ဖြစ်သည်။ ကစား၊ ရေချိုး၊ အိမ်စာလုပ်၊ တီဗီကြည့်၊ ကွန်ပျူတာနှိုက်။ သမီးနှင့် ရွယ်တူ သူငယ်ချင်းတချို့က ကျူရှင်မှာ စာဟောင်းကို တစ်ခေါက် သင်နေရချိန်မှာ ကျွန်မကတော့ သမီးကို လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါးပဲ ထားသည်။ ငယ်တုန်းငယ်ခါ သည်အရသာကလေးမှ ရပါစေတော့ သဘောဖြင့် ကျူရှင်မပို့ခြင်း ဖြစ်သည်။ မိဘတချို့ ကတော့ ကျူရှင်မထားသည့်အတွက် ကလေး ပညာရေး နှောင့်နှေးမှာပေါ့တဲ့။ ကျူရှင်ထားတော့ကော ပညာရေးက ရှေ့ရောက်လို့လား။ ဒါကိုလည်း ကျွန်မဆန်းစစ်ကြည့် မိပါ၏။ ကျောင်းမှာလည်း သည်စာ၊ ကျူရှင် မှာလည်း သည်စာ၊ အိမ်ရောက်ပြန်တော့ မိဘကလည်းသည်စာ ဆိုတာမျိုး တော့ ကလေးကို နှိပ်စက်နေတာနှင့်ပင် တူနေသည်။ တစ်ချိန်လုံး သည်စာ တစ်ပုဒ်ပဲကလေးက သင်ယူ နေရသည်။ ကလေးအတွက် တခြား challenge လုပ်စရာမရှိ။သည်တော့ ကလေးလေးတွေဘက်က ဆုံးရှုံးရတာတွေက အများသား။ အချိန်ဆုံးရှုံးသည်။ လွတ်လပ်မှု ဆုံး ရှုံးသည်။ တခြားဖွံ့ဖြိုးမှုတွေ ဆုံး ရှုံးရသည်။ ဒါက ကျွန်မစဉ်းစား တာပါ။

ကျောင်းဆရာမဘဝကို ဆယ်စုနှစ်တစ်စုကျော်ဖြတ်သန်းခဲ့သော ကျွန်မတို့ ကာလတွေ တုန်းကတော့ ကျူရှင်မပြခဲ့ဘူးလား။ ကျွန်မတို့ ဆရာမဘဝတုန်းကလည်း ကျူရှင်တွေ တရုန်းရုန်းပါပဲ။ ပူပူလောင်လောင် စိတ်အိုက်လူအိုက်၊ စိတ်မော လူမော သင်ရခြင်း ဖြစ်၍ ကလေးတွေကလည်း မိဘတွေကြောက်ရလို့သာ ရောက်လာကြရတာများသည်။ တစ်နေကုန်ကျောင်း မှာ ချွေးတစ်လုံးလုံး၊ လူနှင့်အခန်း မဆံ့ရင်ကန် ထည့်ထားသည့်အခန်းထဲမှာ ပဲစေ့ ကလေးတွေ ကို ရေနွေးဆူ ဆူနှင့် ပြုတ်ထားသလို ကလေးတွေခမျာ အပူနှင့်နူးနပ်နေကြရရှာသည်။ သည်ကလွတ်ပြန်တော့ နောက်ထပ် စာသင်ခန်းတစ်ခန်းထဲ ဝင်ရတာကလည်း ရက်စက်စွာတွန်းပို့သလို ဖြစ်နေရတာမဟုတ်လား။ ကျူရှင် ခွဲရေးတွဲရေးမှာ တွဲရေးမှာ လူများ နေတော့လည်း ခက်သားပင်။

“ကျူရှင်ထားပါ ဆရာမရဲ့.. ကျူရှင်ထားတော့ စာမေးပွဲပါမယ့် မေးခွန်းတွေ ကြိုသိရတာပေါ့… ကလေးက အဆင့်ကောင်းတယ်… ဆရာမကလည်း ဦးစားပေးတယ်.. ကျူရှင်မထားရင် ကလေးက အတန်း ထဲမှာ အင်မတန်မျက်နှာငယ်ရတယ်… ဆရာမတွေက သူတို့ကျူရှင်မထားရင် ကလေးကို ဂရုမစိုက်ချင်ဘူးရယ်”
“အဲသလိုတောင် ဖြစ်ပျက် နေကြပြီလားရှင်… ဆရာ ဆရာမ တွေမှာ အဲသလို စိတ်နှလုံးရှိနေကြ ပြီလား”
ကလေးအမေကို ပြန်မေးတော့ ကလေးမအေက ကျွန်မကို ကျောင်းဆရာမလူထွက် ညံ့ရန်ကော ဆိုသည့် မျက်နှာဖြင့် ခပ်ပြုံးပြုံး ပြန် ကြည့်သည်။ တစ်လောကလုံးက ကလေးတွေ ပညာခေတ်ကြီးထဲမှာ ပညာကို အချိန်နှင့်အမျှ ယူနေကြချိန်မှာ ဘယ့်နှယ်ကြောင့် ကလေးကို အအား ထားရတာတုန်းဆိုသည့် မျက်နှာပေးကလည်းပါသေးသည်။

“ကျောင်းမှာက အကြမ်းသင် ဆရာမရဲ့… ကျူရှင်ကျမှ အချော သင်တာ… ကျူရှင်မတက်ရင် စာမတတ်ဘူး”
ကျွန်မပင် လန့်သွားမိပါ ၏။ ကျောင်းစာမှာ အကြမ်းသင် အချောသင်လို့များ ရှိသေးရော့လား။ မိဘတွေရင်ထဲ ဘယ်က ဘယ်လို ရောက်လာသည့် အတွေးအခေါ်တွေပါလိမ့်။ ကလေးတွေ ဘယ်အချိန်မှာ စိတ်လွတ် ကိုယ်လွတ် နေကြသလဲ လို့ မေးကြည့်တော့ ကစားဖို့ အချိန်မရှိပါဘူး ဆရာမရယ်တဲ့။ ကစားတဲ့ခေတ် ကုန်ပါပြီတဲ့။ ကျွန်မကတော့ ဘာမှ မဝေဖန်လိုက်ပါ။ ကျူရှင်ပြသည့် ဆရာ ဆရာမတို့ကို ကျွန်မ စာနာနိုင်ပါသည်။ ကျူရှင်က ဝင်သောဝင်ငွေက မစို့မပို့ ဆိုပေသိ (တချို့တော့ စို့စို့ပို့ပို့ ရကြသတဲ့) ဘာပဲဖြစ်ဖြစ် အိမ်စရိတ်ကလေးတော့ ကာမိရတာမဟုတ်လား။ ပြီးတော့ စာပြပြီး ဝင်ငွေရှာတာ ဘာအပြစ် ရှိလို့လဲ။ သည်အထိက ကိစ္စမရှိ။ သည်ကကျော်လျှင်တော့ လောဘတွေ ပါလာလိမ့် မည်။ မောဟတွေ ပါလာလိမ့်မည်။ မိဘအချင်းချင်း ကလေးပညာရေး ဂုဏ်ပြိုင်ကြသည့် ကြားမှာ ဆရာ ဆရာမတွေက မရည်ရွယ်ဘဲ အကဲဖြတ်အမှတ်ပေး ဒိုင်ဖြစ်ရတာတွေ ကြားနေရသည်။ ဆရာ ဆရာမတိုင်းကိုတော့ မဆိုလိုပါ။ ရိုးသားဖြောင့်မတ်သည့် ဆရာ ဆရာမတွေ ရှိကြပါသည်။ မလွှဲသာလို့ ကန်တော့ငွေကို လက်ခံကြရပေသိ ကိုယ်သင်ရသည့် ကလေးကို ထက်သည်ထက် ထက်အောင်၊ တော်သည်ထက်တော်အောင်၊ သင်ကြားပြသပေးကြသည့် ဆရာ ဆရာမ တွေရှိကြသည်။ အချို့အချို့သော ဆရာ ဆရာမတွေကတော့ မိဘများနှင့် ဇယ်ခုတ်တမ်းကစားနေကြသလို ကိုယ့်လက်ထဲ ဇယ်များများရဖို့ လုံးပမ်းနေကြတာတွေ မြင်နေ ကြားနေရတာ စိတ်မကောင်းစရာ။

“ဖွေးဖွေး အဆင့်မရဘူးဆို… အဲဒါကြောင့်ပြောတာ ဖွေးဖွေးကို ကျူရှင်ထားပါလို့… ကျူရှင်ထားရင် အဆင့်ရတယ်… ကျွန်မသမီးက အခုတစ်ပတ် စာမေးပွဲမှာ အဆင့် တစ်လေ… ပြီးခဲ့တဲ့လက အဆင့် ၅ ဆိုလို့ ဆရာမကို ရန်သွားတွေ့ ရသေးတယ်”
“အော် အော်… ရန်တွေ့လို့လည်းရသားပဲ… သမီး အတန်းကြီး လာရင်တော့ တစ်မျိုး စဉ်းစားရမှာပေါ့… အခုတော့ ကလေးကို ဖိအားမပေး ချင်သေးလို့ပါရှင်… ကစားချိန်၊ နားချိန်ကလေး ရအောင်လို့ပါ”
“လမ်းပေါ်မှာ ဘယ်ကလေးတွေများ ကစားနေကြတာ တွေ့လို့တုံး ဆရာမရဲ့”
ဟုတ်ပေသားပဲ။ မြို့ဆိုတော့ ကစား စရာနေရာကို လမ်းလို့ သတ်မှတ် ကြတာမဟုတ်လား။ ကလေးတွေ ကစားဖို့နေရာ ကွင်းကျယ်ကျယ်မရှိ။ ကျွန်မတို့မြို့သစ်မှာ ကျွန်မတို့ ရောက်စက မြင်ခဲ့ဖူးသော ရပ်ကွက် ဘောလုံးကွင်းဆိုတာတွေကလည်း အခုတော့ အကွက်တွေရိုက်ပြီးကြပြီ။ ဘောလုံးကွင်းတွေကို ဘယ်သူက ရောင်းကြလို့ ဘယ်သူတွေက ဝယ်နေကြတာတုံး။ ကျွန်မမသိပါ။ အများအားဖြင့် မရှိတော့တာတော့ သေချာပါသည်။

ကျွန်မတို့ ငယ်ငယ်ကတော့ ရွာပြင်ထွက်လိုက်တာနှင့် ကျယ်ပြန့်သော ကွင်းပြင် တစ်မျှော်တစ်ခေါ်ကြီး။ ရွာပြင် မထွက်ချင်တော့လည်း အိမ်ဝိုင်းကြီးတွေက အကျယ်ကြီးတွေ။ တလင်းပြောင်ပြောင်မှာ ကစားနိုင် ကြသည်။ ဝိုင်းထောင့်က သစ်ပင် ရိပ်တွေမှာ ကစားနိုင်ကြသည်။ ကစားခဲ့ကြတာတွေကလည်း ကစားနည်းတွေ စုံလွန်းလို့ တစ်ခါတစ်မျိုး မရိုးနိုင်ကြပါ။ ရွှေစွန်ညို၊ ဘီးသည်၊ ညောင်ပင်တစ္ဆေ ဝေလေလေ၊ အရူး မကြီးမစာဥ၊ ရွှေတံခါးကြီးဖွင့်ပါဦး၊ ဆီမီးခွက်ကြီး ဂလောင်ဂလင်၊ မအေးခြင်ထောင်ထောင်၊ ဧည့်သည် လာ အိမ်သူဖယ်ပေး၊ စိန်ပြေးတမ်း၊ တူပုန်းတမ်း၊ တိုင်ပုတ်တမ်း၊ ဇယ် တောက်တမ်း၊ ဖန်ခုန်တမ်း၊ က တမ်း ခုန်တမ်း။

“ငပိတစ်လက် ဆားတစ် လက်… ရေနံအိုး အောက်ပိုးကျိုက် … လိုက်”လို့အော်ခဲ့ရတာတွေက ကော။ လိုက်ဆိုတာနဲ့ လိုက်ပေ တော့။ ဗြောင်နောင်နောင် ပဗေပေး ဂျိ။ ကစားရင်းက စာသံကဗျာသံ ကလေးတွေပါပါလို့ ဝမ်းခေါင်းသံ ပါအောင် အော်ကြရတာကို မမေ့ နိုင်။အသံချင်းပြိုင်ကြရတာကလည်း ပျော်စရာ။

“ရွှေတံခါးကြီး ဖွင့်ပါဦး”
“ဘယ်အိမ်ကလဲ”
“ဆင်မင်းကြီး အိမ်က”
“ဆင်စော်နံ ပြန်လိုက်ဦး”

ကလေးတွေ အရွယ် စုံ။ တစ်ယောက်ခါး တစ်ယောက် ဆွဲကြလို့။ ကြီးစဉ်ငယ်လိုက်။ အထွေးဆုံး ကလေးက နောက်ဆုံးမှာ နေရသည်။ ရှေ့ ကလေး နှစ်ယောက်က လက်ချင်းယှက် ထားကြတော့ ရွှေတံခါးကြီး ဖြစ်ရသည်။

“ဘယ်အိမ်ကလဲ”
“မြင်းမင်းကြီးအိမ်က”
“မြင်းစော်နံ ပြန်လိုက်ဦး”

စိတ်ကူးထဲရှိသမျှ ဥာဏ်ထွင်ပြီး ပြောရတာဆိုတော့ သူကြီးအိမ်လည်း ပါသည်။ ကြီးတော် ဒေါ်ချုပ်အိမ်လည်း ပါသည်။ တစ်ခါတော့ ကျွန်မအဘ ဘိုးကံသာအိမ်လည်း ပါချင်လို့ ဘိုးကံသာအိမ်က ပါလို့ အော်လိုက်သည်။ တံခါးဖွင့်မည့်သူက “ဘိုးကံသာစော်နံ ပြန်လိုက်ဦးတဲ့” အဘက ဆူလိုက်တာ။ “သည်ကလေးတွေနှယ် ငါ့နာမည် ထည့်ကစားရသယ် လို့ကွာ…လူက မှ ဖျားလို့ ရေမချိုးနိုင်ရတဲ့ကြားထဲ” တဲ့။

သည်ခေတ်ကလေးတွေခမျာတော့ ကစားချိန်တွေမှာ ကျူရှင်ကို ပြေးကြရပြီ။တချို့က မနက်ကျောင်းကြီး မတက်ခင် ဝေလီဝေလင်း    ငါးနာရီလောက်ကပင် ကျူရှင်ကို ပြေးကြရသည်။ မိဘများခမျာလည်း ဆိုင်ကယ်တစ်စီးနှင့် အရောက်ပို့ကြရတာ တစ်တာဝန်။ တချို့ကတော့  ညနေကျောင်းကြီး လွှတ်ချိန်မှာ ဇော တိုက်နေကြရပါ၏။ အတန်းကြီးသူ တွေကတော့ မြို့ထဲက ဘယ်နေရာ၊ ဘယ်သူ့ကျူရှင်ကကောင်းတယ်ဆိုတိုင်း အပ်ရ ပို့ရ ကြိုရ။ ဒါလည်း ကစားနည်းတစ်မျိုးများလား။
အနင်းခံရတဲ့ စပါး သန်သတဲ့။ ကလေးတွေ ခမျာ စပါးပင်မဟုတ်ပါ။ နင်းလေ ကျိုးကြေလေ။

ကျွန်မတို့အိမ်မှာ သန့်ရှင်းရေး ကူညီနေသော ကြီးတော်က သူ့သမီး အဝေးသင် ကျောင်းသူ ကျူရှင်တက်နေရတာကို ပြောပြသည်။ ကျူရှင်ခ တစ်သိန်းနှစ်သောင်း လောက်ကျမှာ ဆိုတော့ ငွေတိုးနှင့် ချေးပေးလိုက်ရသည်ဆိုပါ၏။ ကျွန်မတို့ကလည်း သမီးငယ်သေးလို့သာကိုး။ အတန်း ကြီးလာသည်နှင့် ဆိုင်ရာ နတ်ကွန်းကို နတ်ပြ သွားရဦးမှာပေါ့။ ပညာ ဆိုတာကလည်း တံခါး အထပ်ထပ်ကို ဖြတ်ရတာဆိုပေသိ ပညာစော်နံ ပြန်လိုက်ဦး လုပ်လို့မရနိုင်ပါ။
ရွှေ တံခါးတွေ ဖွင့်ရပါဦးမည်။ ငွေတံခါး တွေ ဖွင့်ရပါဦးမည်။

“ထန်းလျက်တစ်ကိုက်
ထန်း တစ်ကိုက်…ပညာရွှေအိုး
အောက်ပိုးကျိုက်…လိုက်"
လိုက် လိုက်ကြတာ
တရုန်းရုန်း…ပညာဖုန်တွေ တလုံးလုံး…”။

                           ခင်ခင်ထူး
         ၂၀၁၂ ခုနှစ်။ Independent journal ။

မွေးမေလေ့ - ရေအေး

မွေးမေလေ့ - ရေအေး
-----------------------

ဒိတ်ခနဲ ရင်ခုန်သံကိုကြားမှ အိပ်မက် မက်နေတာပါလားဟု သိကာ အမေသည် စိတ်သက်သာရာရသည်။ သို့တိုင် အမေ၏ ရင်သည် တလှပ်လှပ်တုန်ဆဲ။ ဘုရား ဘုရား ဘယ်လိုအိပ်မက်ပါလိမ့်ဟု တွေးရင်း အမေသည် တုန်နေသော ရင်ကို ဖိရ၏။ ဘယ်လို အဓိပ္ပါယ်များပါလိမ့်ဟု တွေးလျက် စိတ်သည် ဆောက်တည်ရာ မရ။ အိပ်မက်ဆိုးပေတကား။

အမေသည် ကုန်ခဲ့သည့် ညအစောပိုင်းက အိပ်မပျော်။ အိပ်ရာထဲတွင် ဟိုဘက်ဒီဘက် လှိမ့်ကာ အချိန်ကုန်၏။ တောင်တွေး မြောက်တွေး တွေးလျက်ပင် အချိန်ကုန်၏။ သူငယ်အိပ်ချိန်၊ သက်ကြီးခေါင်းချချိန်၊ လုလင်ပြန်ချိန် အချိန်များသာ တရွေ့ရွေ့ ကုန်ခဲ့သည်။ တစ်မှေးမျှပင် မအိပ်ရ။ အရုဏ်တက်ခါနီးမှ ဖျတ်ခနဲ တစ်မှေးပျော်သည်။ သို့သော် အိပ်မက်ဆိုးကြောင့် ချက်ချင်းပင် လန့်နိုးလာရ၏။

အမေသည် စေ့စေ့တွေးလျှင် အိပ်မက်သည် ကွက်ကွက်ကွင်းကွင်းပင် ပေါ်သည်။ အိပ်မက်ထဲတွင် ဒီအမေ့သမီးသည် အမေနှင့် လေးတောင်ခန့်အကွာတွင် ထိုင်နေ၏။ အနီနှင့် အ၀ါပွင့်များ ပါသောလုံချည်ကို ထက်အောက်ပြောင်းပြန် ၀တ်ထား၏။ မျက်နှာသည် မသာမယာ၊ ဆံပင်ဖွာလန်ကြဲ၏ ထိပ်တည့်တည့်တွင် ခေါင်ရန်းပန်း နီနီမြန်းမြန်းကို ပန်ထားပေသည်။ အထူးဆုံးကား သမီး၏ ကြည့်ပုံဆန်းတည်း။ သမီး၏ မျက်လုံးများသည် နီရဲကာ မျက်ရည်တို့သည် တစိမ့်စိမ့် စီးလျက်။ ထိုသို့ ငိုလျက်သားပင် သမီးသည် အမေဖြစ်အား တရှိုက်မက်မက် ငေး၏။

အကြည့်သည် တစ်သက်တွင် နောက်ထပ် ပြန်မမြင်ရတော့မည့် ချစ်သူ၊ ခင်သူတစ်ဦးအား ကြည့်သော အကြည့်မျိုးဖြစ်၏။ ထိုအကြည့်ကို မြင်လျှင် အမေ၏ စိတ်တွင် ထင့်ခနဲ ဖြစ်၏။ ထို့ကြောင့် “ ဟဲ့ အစီမ ဘာဖြစ်တာတုန်း” ဟု အလန့်တကြား မေး၏။ သမီးသည် ဘာစကားမျှ မဆို။ အမေကိုသာ တွေတွေကြီး စိုက်ကြည့်ပြီး တအင့်အင့် ငိုသည်။ အမေသည် စိုးရိမ်စိတ်ကြောင့် ၀ရုန်းသုန်းကားပင် ထကာ သမီးထံသွားသည်။ သမီးကား အမေ၏ အကပ်ကို မခံ၊ လှေကားရင်းဘက်သို့သာ တရွေ့ရွေ့ယို့ပြီး ဆုတ်၏။ အမေ၏စိတ်တွင် “ ဒီအမေ၊ ဒီသမီး နှစ်ဦးတည်းရှိသော မိသားစုတွင် ဘာများ သိုဝှက်ချင်ရသေးသနည်း” တွေးကာ ဒေါသဖြစ်၏။ ထို့ကြောင့်ပင် “ဟဲ့ ပြောပါဟဲ့” ဟု ဒေါမာန်ပါပါ အော်ရင်းပင် သမီးအနား ဖျတ်ခနဲ ကပ်သည်။ ထိုအချိန်တွင် ဆိုးရွားလှသော ညှီစို့စို့ အနံ့အား ရှုမိပြီး “အမယ်လေး” တကာ အိပ်ရာမှ နိုးရပေသည်။

အိပ်မက်ကြောင့် ကယောက်ကယက်ဖြစ်နေသော အမေ၏ စိတ်အတွေးသည် ပစ္စက္ခအခြေအနေတွင် တဖြည်းဖြည်း စုစည်းမိလာသည်။ လူသည် ချွေးသီးချွေးပေါက်တို့ဖြင့် ရွှဲနစ်ကာ ပူလောင် မွန်းကျပ်နေသည်ကို သတိ ထားမိလာသည်။ ကိုယ်ပေါ်တွင် ဘီလူးစီးသကဲ့သို့ တက်ဖိထားသော စောင်ပုံကြီးကိုလည်း သတိထားမိလာသည်။ “လေးလိုက်တာ” ဟု စိတ်ထဲတွင် တွေး၏။ ထို့နောက် ခြေနှင့် လက်တို့ကို လှုပ်ရှားတွန်းထိုးပြီး စောင်အား ခွာချသည်။ အေးစိမ့်သော လေ၏ အထိအတွေ့နှင့် အတူ နှာဝ တိုးဝင်လာသော အော်ဂလီဆန်ဖွယ် အပုပ်နံ့ကြောင့် အမေသည် ဝေါ့ခနဲ ပျို့အန်တော့မလို ဖြစ်သွား၏။ အမယ်လေး ဆိုးလိုက်တဲ့ အနံ့၊ နံလိုက်တဲ့ အနံ့။ အမေသည် ရုတ်ခြည်းပင် အိပ်မက်ထဲက အပုပ်နံ့ကို သတိရ၏။ အတွေးများသည် ပလုံစီလာကြပြန်သည်။ အိပ်မက်ထဲက အနံ့သည် အဘယ့်ကြောင့် အပြင်လောကသို့ ရောက်နေရသနည်း။ မ၀ံ့သော အတွေးတစ်ချက်ကို ဖျတ်ခနဲ ဆက်စပ်တွေးမိလျှင် ၀ုန်းခနဲပင် အိပ်ရာထက် ငုတ်တုတ်ထထိုင်သည်။ တည်ငြိမ်စပြုသော ရင်သည် တလှပ်လှပ် တုန်ပြန်သည်။ အတွေးများကား မရပ်နိုင်။ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂါတ် ကာလသုံးပါးသို့ ဖျိုးဖျိုးဖျတ်ဖျတ် ပြေးသည်။ ခေါင်ရန်းပန်းသည် သေခြင်း၏ နိမိတ်တည်း။ လုံချည်ကို အဘယ်ကြောင့် အထက်အောက် ပြောင်းပြန် ၀တ်ထားရသနည်း။ မည်သည့်အကြောင်းကြောင့်  ဤမျှ ငိုနေရသနည်း။ ပြီးလျှင် အပုပ်နံ့။ ယခုပင် နှာဝသို့ တစ်ချက်တစ်ချက် လာဝှေ့သည် ဆိုးရွားလှသော အပုပ်နံ့။ “အို မဖြစ်နိုင်ပါဘူး၊ မဟုတ်နိုင်ပါဘူး” ဟု အမေသည် တစ်ဦးတည်း ခေါင်းခါလည်ခါ ငြင်း၏။ သို့တစေ ရုတ်ခြည်းပင် ပြန်ငြိမ်သက်လျက် “သေပြီထင်ပါရဲ့၊ ကံဆိုးပြီ ထင်ပါရဲ့” ဟူသော အတွေးကို ကွက်ခနဲ တွေးမိပြန်သည်။ ထို့နောက် အိပ်ရာနှင့် မျက်စောင်းထိုးတွင် ရှိသော ဘုရားစင်ဘက်သို့ မျက်နှာမူလျက် လက်အုပ်ချီ၏။ ဂင်္ဂါဝါလု သဲစုမက ပွင့်တော်မူခဲ့ပြီးသော ဘုရားအဆူဆူနှင့် တပည့်သာဝက အဆူဆူ၊ တောစောင့်နတ်၊ တောင်စောင့်နတ်၊ အိမ်စောင့်နတ်၊ အရှင်ကြီး၊ အရှင်ကောင်း များစွာတို့အား တိုင်တည်ပြီး ရွတ်ဖတ်သရဇ္ဈာယ်ခြင်း ပြုသည်။ တစ်နယ် တစ်ကျေးသို့ ရောက်နေသော သောကြာသမီးအား ကြည့်ရှု မှိုင်းမတော်မူပါရန် အပူကပ်လေ၏။

ယိမ်းထိုးနေသော ထင်းမီးတောက်သည် တဖြည်းဖြည်း မှေးမှိန်၏။ မီးခဲရဲရဲသည် ထရံကြိုကြားမှ တိုးဝင်လာသော လေတွင် တစ်ချက်တစ်ချက် ဖောက်ခနဲ ထတောက်သည်။ အမေသည် ထင်းများကို တဂျွတ်ဂျွတ် ချိုးခြေပြီး ဆတ်ခနဲ ထည့်လျှင် မီးတောက်သည် ၀ုန်းခနဲ ပြန်ပေါ်လာသည်။ ထိုအခါ အငွေ့တလူလူနှင့် ငြိမ်သက်နေသော ရေနွေးအိုးသည် တရှူးရှူးတရှဲရှဲ အသံထွက်လာပြန်သည်။ အမေ၏ စိတ်သည်လည်း မီးထိုးခံရသော ရေနွေးအိုး ကဲ့သို့ပင်တည်း။ အိပ်မက်၊ ခေါင်ရန်းပန်း၊ သမီး၏ အကြည့်ဆန်း၊ ချောင်ကြိုချောင်ကြားအနှံ့ ရှာသည့်တိုင် တရားခံရှာမတွေ့သော အပုပ်နံ့ အားလုံးကို ဗြုန်းခနဲ ဒိုင်းခနဲ သတိရလျှင် ရင်ဝတွင် အလုံးဆို့သလိုဖြစ်၏။ “အမယ်လေး ဘုရား ဘုရား”ဟု တမိပြန်လျှင် စိတ်သည် စဉ်းငယ်မျှ ညံ့သက်သလို ဖြစ်၏။ “အနိစ္စပေပဲ၊ ကံပေပဲ” ဟု ဆင်ခြင်လျှင် ရင်ချောင်သလို ဖြစ်လာလျက် ထိုစိတ်သည် တာရှည်မခံ။ သမီး၏ မျက်နှာကို မြင်ယောင်လျှင် ထိုစိတ်တို့သည် ဖျိုးဖျိုးဖျတ်ဖျတ် လျင်လျင်မြန်မြန်ပင် ပျောက်ကွယ်သွားကြသည်။

သမီးသည် အရပ်ပြတ်ပြတ်၊ အသားအရေ ပါးပါး၊ မျက်နှာပြားပြားနှင့် တောသူပီပီ ဒေါင်းတည် မောင်းတည်ဖြစ်သည်။ သွားအနည်းငယ် ခေါချင်သော်ငြား နှာတံစင်းစင်းကြောင့် ကြည့်ပျော်သည်။ ငယ်စဉ်ကမူ လူပျိုကာလသား တို့အကြား ကျော်သင့် သလောက် ကျော်သည်။ တချို့သည် အံ့သြ၊ တချို့သည် ချီးကျူး၊ တချို့သည် ကဲ့ရဲ့သင်္ဂြိုဟ်ဖြစ်လျက် သမီးကား မတုန်လှုပ်။ “မှန်ပါတယ် ငါ့ကောင်ရာ၊ ငါမလိမ်ပါဘူး၊ မဟုတ်မမှန်ဆိုရင်ဖြင့် သန်းဟန်စီးတဲ့ စက်ဘီးဖြစ်ရပါစေ”ဟု ခပ်ရွတ်ရွတ် ကာလသားတို့က ကျိန်ဆိုသည် ဟူ၏။ အမှန်ဆိုလျှင်ကား သမီးသည် သနားစရာတည်း။ သမီးအပျိုဖော်ဝင်စ အချိန်တွင် အဖေနှင့် အစ်ကိုသုံးယောက်တို့သည် ပျက်စီးနေလေပြီ။ ဖိုး၊ ဘိန်းတို့ကို လက်တွင် ဆုပ်ကိုင်လျက်ပင် သေမင်းထံသို့ အပြေးအလွှား သွားနေကြလေပြီ။ အမေသည် အနုံဖြစ်သည်။ အအဖြစ်သည်။ ထိုအခါသည် သမီးသည် ထိုခေတ် ထိုအခါက ရှားပါးလှသည့် ယောက်ျားစီးစက်ဘီးကို ခွလျက် နေ့နေ့ညညပင် လှုပ်ရှားရတော့သည်။ အများ မေးငေါ့သည်ကို သိလျက် မသိဟန်ပြု၏။ ချီးကျူးသည်ကို သိလျက် ဂုဏ်မမြောက်သလို နေ၏။ အမှန်စင်စစ် သမီးသည် မိသားစုအတွက် လူ့လောက အပြင်ဘက် ထွက်ခဲ့ခြင်းတည်း။

ယောကျာ်းနှင့် သားများ တစ်ယောက်ပြီး တစ်ယောက် သေပုံ၊ အမေသည် အစားမသိ၊ အအိပ်မသိ၊ အရိုးဂေါက်ဂက်နှင့် အိပ်ရာထက်တွင် နှစ်ပေါင်းအတော်ကြာ တုံးလုံးကလေး လှဲနေပုံ၊ သမီး၏ ပြုစုယုယမှုများကြားမှ အမြစ်ဖြတ်ခံရသော နှင်းဆီပင်သည် မြေတွင် ရှင်သန်လာသကဲ့သို့ သူမ တဖြည်းဖြည်း ပြန်ကောင်းလာပုံ၊ လူတိုင်းသည် သမီးအား ၀ိုင်းပြီး သြဘာပေးကြပုံ၊ အဖြစ်အပျက် တသီတတန်းကို အမေသည် တရေးရေး သတိရ၏။ ထိုစဉ် ပစ္စက္ခအခြေအနေကို စေ့ငုမိပြန်၏။

ထင်းခြောက်ကို ဂျွတ်ခနဲ ချိုးလျက်ပင် မီးထဲ ဆတ်ခနဲ ထိုးထည့်လျှင် မီးသည် တဟည်းဟည်း ထတောက်၏။ ဆူလုလု ဟင်းရည်အိုးသည် ခပ်ပြင်းပြင်း ပွက်၏။ အမေ၏ အတွေးမျှင်များသည် ထောင်းခနဲ ငါးပိနံ့နှင့် ပြန်ပေါ်လာသည်။ အမေသည် “အမယ်လေး သမီးလိမ္မာလေးကိုမှ”ဟု မချိတင်ကဲ ရွတ်၏။ ဒီအခြေအနေ ဒီလို ဖြစ်ခဲ့လျှင် သူမသည် ဖျိုးဖျိုးဖျတ်ဖျတ် ထလျက် သမီးနောက် လိုက်ရတော့မည် မဟုတ်လား။ “ငါ့နှယ် နုံလှချည့်၊ အ လှချည့်” ဟုလည်း ကိုယ့်ကိုယ်ကိုယ် အပြစ်တင်၏။

ထို့နောက် “အိုအေ မသေချာတဲ့ အိပ်မက်ကို အရေးပြုလို့” ဟု စိတ်ထဲတွင် ပုန်ကန် လိုက်ပြန်သည်။

ထိုစဉ် အမေ၏ နားတွင် “အရီး အရီး” ဟု ခပ်အုပ်အုပ် အသံကို ကြားသလို ရှိလျှင် ခေတ္တမျှ ငြိမ်၏။ ပြီးလျှင် “ဟဲ့ ဘာတုံး” ဟု လေးလေးပင်ပင် အသံပေးသည်။

“စောစော စီးစီးအေ” ဟု တိုးတိုးဆက်ရွတ်သည်။ 

ခဏမျှကြာလျှင် အမေနှင့် မိန်းမတစ်ယောက်သည် မီးဖိုဘေးတွင် ပူးကပ်ကာ စကားဆိုလျက်ရှိ၏။ ဆံပင် စုတ်ဖွာနှင့် ဖလန်ထည် ညစ်ညစ်ကို ၀တ်ထားသော ကပျစ်ကညစ် ထိုမိန်းမသည် “ကျွန်မဖြင့် ညကတည်းက လာချင်လွန်းလို့ အူကို ယားနေတာပဲ” ဟု သည်းထိတ်ရင်ဖိုဟန်ဖြင့် စကားစ၏။ အသံသည် အရေးကြီးဟန်ဖြင့် ရုတ်တရက် တိုးသွား၏။ ကြမ်းကို ပုတ်ကာ ပုတ်ကာဖြင့် စကားဆိုနေသော ထိုမိန်းမ၏ ကိုယ်သည် ကုန်း၍ ကိုင်း၍ အမေ့နားသို့ တဖြည်းဖြည်း တိုးကပ်၏။

ထိုမိန်းမ ပြောသောကိစ္စသည် အရေးကြီးကိစ္စ မဟုတ်။ အမည်မသိ မိန်းမတစ်ယောက် ဖျား၍ ၊ နာ၍ သေသည့် သတင်း မျှသာ ဖြစ်၏။ သို့သော် သေသည့် နေရာသည် အမေ၏သမီး စပါးရိတ် သွားသော ဟိုပင်အနီးရှိ နန့်ရင်းရွာတွင်ဖြစ်၍ သေသူမှာ တစ်နယ်တစ်ကျေးမှ လာသော စပါးရိတ်သမတစ်ယောက်ဖြစ်လျှင် အမ့ရင်သည် တဒုန်းဒုန်း ခုန်လာသည်။

“ကျွန်မ ယောက်ျား ရထားပေါ်က ကြားလာတာတဲ့။ ညနေ အိပ်ရောက်ရောက်ချင်းကတော့ ဧည့်ကရှုပ်၊ စကားကလည်း မစပ်မိနဲ့၊ ညကြီးမိုးချုပ် အိပ်ဖို့လုပ်နေရင်းမှ စကားစပ်မိတော့ အိပ်လို့တောင် မပျော်ဘူး။ ကျွန်မလေ အရီးကို လာပြောချင်လိုက်တာ၊ ဒါနဲ့ သန်းဟန်ဆီကကော ဘာသတင်းမှ မကြားဘူးလား”

ထိုမိန်းမ၏ စကားသည် အမြီးရောက် ခေါင်းရောက်ဖြစ်၏။ အချုပ်မှာ မှော်မှ ပြန်လာသော သူ့ယောကျာ်းသည် ဟိုပင်ဘူတာမှ တက်သော လူတစ်အုပ် အော်ကြီးဟစ်ကျယ် ပြောနေရာမှ တစ်စွန်းတစ်စ ကြားလာခဲ့ခြင်းတည်း။ အိပ်မက်အခံ ရှိသော အမေသည် ထိုမိန်းမ၏ နိမ့်ချည် မြင့်ချည် ပြောနေသော အသံ၊ ရှေ့နောက် ယိမ်းထိုးနေသော စိုးရိမ်သောကဟန်ကို မြင်လျှင် သေသူ အမည်မသိ စပါးရိတ်သမသည် သူမ၏ သမီးဟု တထစ်ချ ထင်လာတော့သည်။ ထို့ကြောင့် “ငါ့နှယ် ကံဆိုးလှအေ” ဟု မပီမသ ၀ူးတူးဝါးတား ဆိုရင်း ရှိုက်၏။ ထိုအခါ လွန်ခဲ့သော မိနစ်ပိုင်းတွင် စိုးရိမ်သောက အပြည့်ဖြစ်နေသော မိန်းမသည် အတန်မျှ ဆွံ့အသွားသည်။ စက္ကန့်ပိုင်းမျှ ကြာသောအခါတွင် တုန်လှုပ်သောအသံဖြင့် “မဟုတ်တာဘဲ အရီးရယ် မဟုတ်တာဘဲ” ဟု တတွတ်တွတ် ဆို၏။ “ကျုပ်က သန်းဟန် သေတယ် မပြောပါဘူး” ဟု ခပ်လေးလေး ညည်းသည်။

အမေသည် ပါးပေါ်တွင် တလိမ့်လိမ့် စီးကျနေသော မျက်ရည်များကို ဘယ်ညာ လွှဲသုတ်၏။ ထို့နောက် “ငါ ညက သန်းဟန်ကို အိပ်မက်မက်တယ်” ဟု အသံတုန်တုန်ဖြင့် စကားစသည်။ ပြီးလျှင် အိပ်မက်မက်ပုံ၊ အိပ်ရာမှ နိုးထပုံ၊ အပုပ်နံ့ရပုံတို့ကို လုံးစေ့ပတ်စေ့ ပြန်ပြော၏။ “သေချာပါတယ်အေ၊ သေချာပါတယ် တစ်ခုခုတော့ ဖြစ်နေပြီ” ဟု ၀မ်းနည်းပက်လက် ရေရွတ်သည်။ သတင်းသမကား မျက်နှာငယ်ဖြင့် တသြသြ စကားထောက်၏။

ရုတ်တရက် သတင်းပေးမိန်းမ နှင့် တွတ်ထိုးဆဲတွင် အမေသည် “မဖြစ်ဘူး၊မဖြစ်ဘူး ငါလိုက်မှဖြစ်မယ် ”ဟု ဆုံးဖြတ်၏။ နံရံထက်တွင် ချိတ်တင်ထားသော ကချင်လွယ်အိတ်အဟောင်းကို ပြေးဖြုတ်သည်။ ရှိစုမဲ့စု အ၀တ်နှစ်စုံကို ထိုးသိပ်ထည့်၏။ “နင် မီးတွေဘာတွေ ကြည့်ကျက် ငြှိမ်းထားလိုက်ဦး၊ ငါတော့ ရှိတဲ့ ရထားနဲ့ပဲ လိုက်တော့မအေ့” ဟု ထိုမိန်းမအား ကပျာသီသုတ် မှာလျက်ပင် အိမ်မှ ထွက်ခဲ့သည်။ အမှန်စင်စစ် အမေသည် ယခုအရွယ် အသက်ခြောက်ဆယ်ကျော် ခေါင်းဖြူစွယ်ကျိုးသည့် တိုင် သူမ နေထိုင်ရာ ရွာနှင့် ခြောက်မိုင်ကျော်ဝေးသော မော်လူးမှ တစ်ပါး မည်သည့်နေရာမျှ ရောက်ဖူးသူ မဟုတ်။ မည်သည်ကိုမျှ သွားဖူးသူ မဟုတ်။ ရွာတွင် အသုံးလုံး သင်စဉ်ကလည်း ယောင်တိ ယောင်ဝါးဖြင့် ပြီးခဲ့သူဖြစ်လေရာ မည်သို့ သွားရမည်ကိုလည်း သိသူမဟုတ်။ အမေသည် ဇောနှင့် သုတ်သီးသုတ်ပျာ လျှောက်လာလျက် ဘူတာရုံထီးတည်းကို မြင်လျှင် ရုတ်တရက် လန့်ကာ သွား၏။ “ဘုရား၊ ဘုရား ဘယ့်နှယ် လုပ်ရပါ့” ဟု အထိတ်တလန့် ရွတ်မိသည်။ ချက်ချင်းပင် “အိုအေ ပါးစပ်ပါ ရွာရောက်တာပဲ” ဟုတွေးကာ မာန်တင်း၏။

“အိုအေ ဘာဖြစ်သေးတုံး” ဟု စိတ်ထဲတွင် မခန့်ဟန် တွေးလျက်ပင် အမေသည် ဘူတာရုံထဲ ချီတုံချတုံ အတော်ကြာ ရပ်နေသေးသည်။ နောက်ဆုံး “မဖြစ်သေးပါဘူး” ဟု စိတ်တုံးတုံးချလျက် “အထက်ဘက် သွားမယ့်ရထား ရှိသတဲ့လားတော့” ဟု အနီးရှိ ယောကျာ်းတစ်ယောက်ကို ခပ်ရွံ့ရွံ့ မေးသည်။ “မသိပေါင်ဗျာ အထူးတော့ တက်သွားပြီဆိုပဲ” ဟု ထိုသူက ပြောလျှင်ကား အမေသည် ဘာဆက်မေးရမှန်း မသိတော့။ လွတ်နေသော ခုံတစ်ခုံတွင် တိတ်ဆိတ်စွာ ၀င်ထိုင်ပြီး တောင်တောင်ဤဤ တွေးနေ၏။ ရထားစီးရမည့် အရေးကို တွေးကာ လန့်သည်။ “အိမ်ပဲ ပြန်လိုက်ရကောင်းမလား” ဟုလည်း တွေးသည်။ သမီးဖြစ်သူကို သတိရလျှင် “မဖြစ်သေးပါဘူး သွားကိုသွားမှ ရမှာပဲ” ဟု စိတ်ကို တင်းလိုက်ပြန်သည်။ ကုန်းနေသော ခါးသည် ခပ်မတ်မတ်ဖြစ်သွား၏။ လုံချည်အထက်နားစကို ဆွဲလိပ်ပြီး နံရိုးအောက်နားတွင် ခပ်တင်းတင်း ပြင်ဝတ်၏။ အဖြူနှင့် အနက် တစ်ဝက်စီ ရောနေသော လက်သီးဆုပ်သာသာ ဆံထုံးကို လည်း ခပ်ကျစ်ကျစ် ပြင်ထုံး၏။ ပြီးလျှင် သူမ၏ လွယ်အိတ် အစုတ်ကလေးကို ရင်တွင် စေ့စေ့ပိုက်လျက် ငြိမ်ပြန်လေသည်။

ရထားသံချောင်းခေါက်ချိန်တွင် လက်မှတ်ရုံသို့ လူများ ၀ုန်းခနဲ ထပြေးလျှင် အမေသည် ရုတ်တရက် လန့်ကာသွားသည်။ “ဘာများပါလိမ့် ဘာများပါလိမ့်” ဟု စိတ်သည် မရိုးမရွ။ “အထက်ရထား လက်မှတ် ရောင်းတာတဲ့” ဟု ကြားလျှင်ကား အမေသည် အတင်းပင် လူအုပ်ထဲ တိုးတော့၏။ “ဒီဘွားတော် တိုးလှချည့်” ဟု အော်လျှင်လည်း ဂရုမစိုက်။ လက်မှတ် မရလိုက်လျှင် ဟူသောအတွေးနှင့် ရင်သည် တထိတ်ထိတ်။ အပြုံးအရယ် ကင်းစွာ လက်မှတ်ရောင်းနေသော စာရေးအား “မောင်မင်းကြီးသား မျက်နှာမဲ့လေး ကျန်းမာပါစေ ချမ်းသာပါစေတော်” ဟု စိတ်ထဲမှ တတွတ်တွတ် ရွတ်၍ မေတ္တာ ပို့၏။ “ဟိုပင်တစ်စောင်တော့” ဟု အသံတုန်တုန်ဖြင့် ပြောရင်း ကုန်ပြီဟုများ ပြောလိုက်တော့မလားဟု စိတ်တွင် ထင့်သည်။ ရထားလက်မှတ် လက်ထဲ ရောက်ချိန်တွင်ကား “အမယ်လေး ငါ မတက်ရသေးခင် ရထားထွက်သွားရင် ဒုက္ခ” ဟူသောအတွေးသည် ကြီးစိုးပြန်၏။

များမကြာမှီ အမေသည် တဂျူံးဂျူံးခုတ်နေသော ရထားပေါ်တွင် ပတ်ဝန်းကျင်နှင့် ကင်းကွာလျက် အထီးတည်း ရှိ၏။ နဘား၊ မြစ်ကြီးနား ခေါက်ပြန်ရထားသည် မြွေလိမ်မြွေကောက်သဖွယ် နှေးချည် မြန်ချည် တဂျူံးဂျူံး ခုတ်လျက်ရှိသည်။ တောင်စဉ် တောတန်းသည် နီးတစ်ခါ ဝေးတစ်လှည့်။ ရံဖန်ရံခါဆိုသလိုပင် ရထားစီး ကုန်စိမ်းသည်များသည် သူ့ပစ္စည်းတွေ နွမ်းကုန်တော့မဟဲ့ ငါ့ပစ္စည်းတွေ ဖတ်ကုန် တော့မစဲ့ဟု အော်ကြဟစ်ကြ ရန်ဖြစ်ကြသည်။ ထိုပွက်လောရိုက်နေသော လောကအလယ်တွင် အမေသည် ထီးတည် တိတ်ဆိတ်လျက်။ ရထားလမ်းဘေးရှိ ချုံနွယ်ပိတ်ပေါင်း ကိုလည်းကောင်း၊ လှုပ်လီလှုပ်လဲ့ တောပန်းများ ကိုလည်းကောင်း လည်တံရှည် ဗျိုင်းတို့ကို လည်းကောင်း ဘာကိုမျှ မမြင်။ စိတ်သည် သမီးထံတွင်သာ တရစ်ဝဲ၀ဲတည်း။

လူ ငြိမ်သော်ငြား စိတ်ကား မငြိမ်။ လှုပ်လှုပ်ရှားရှား ပြေးပြေးလွှားလွှား ရှိစဉ်က ငုပ်လျှိုးနေသည့် သောကသည် ခေတ္တမျှ ငြိမ်ငြမ်ထိုင်မိလျှင် လေပင့်ခံရသော မီးကဲ့သို့ပင် ဟုပ်ခနဲ ဟုပ်ခနဲ ပြန်ပေါ်လာကြသည်။ စိတ်နှလုံးသည် မသာယာ။ အော်ဟစ် ငိုရန်လည်း အားမရှိ။ ဘုရားကိုသာ တွင်တွင်တ၏။ မဟုတ်ပါစေနဲ့ ဟုသာ တွင်တွင် ဆုတောင်း၏။ ရထားသည် တဘူးဘူးတဘဲဘဲ အော်မြည်၍ ငြိမ့်ခနဲ ထိုးရပ်တိုင်းပင် အမေ့ရင်သည် ပူခနဲ ဖြစ်လျက် “ဟိုပင်ဘူတာလားတော့” ဆိုသည့် စကားကိုသာ အဆောတလျင် မေး၏။ ရထားပြတင်းမှ တိုးဝင်လာသော လေကြောင့် ပွယောင်းနေသော ဆံပင်ကိုလည်း သိမ်းရန် သတိမရ။ စားရန်လည်း စိတ်ထဲမရှိ။ သောက်ရန်လည်း အတွေးထဲမ၀င်။ ညနေ သုံးနာရီ ကျနေကျဲကျဲတောက်ရှိချိန်တွင်ကား အမေသည် ဟိုပင်ဘူတာ နှုတ်ခမ်းတွင် နွမ်းနွမ်းခွေခွေ ရပ်မိပေသည်။

အမေတက်စီးမိသော ထော်လာဂျီသည် စုတ်စုတ်ဖြစ်သည်။ အသံကား လေယာဉ်သံဖြစ်၏။ အခိုးအငွေ့ကား မီးခိုး ခေါင်းတိုင် ဖြစ်၏။ သွားနှုန်းကား လိပ်ပေတည်း။ ထိုသို့ စုတ်ရသည့် အထဲတွင် လမ်းကား ချိုင့်ခွက်၊ ကျင်းများ ပေါလှပေရာ အမေသည် အင့်ခနဲပင် အသံမထွက်နိုင်။ ကား၏ တစ်ထောင်ခန့် မြင့်သောနံရံကိုသာ မြဲမြံစွာကိုင်ပြီး ရှေ့သို့ မျှော်မျှော်ကြည့်သည်။ သို့သော် တလိမ့်လိမ့် ညိုမှောင်သော ဖုန်လုံးကြားတွင် အပင် ရိုးတိုးရိပ်တိပ်သာ တွေ့၏။ အမေ၏ ရင်သည်ကား ပူ၍ ပူ၍လာသည်။ စိတ်ထဲတွင်လည်း “သမီးရေ သမီး အမေလာပြီကွဲ့” ဟု အော်ဟစ်၏။ “အမယ်လေး အရှင်ကြီး အရှင်ကောင်းတို့ရယ် ကျွန်မသမီး အလိမ္မာလေးကို စောင့်ရှောက်ပါဦး” ဟုလည်း ပါ၏။ ကားမောင်းသော ကောင်လေး၏ “မွေး…မွေးမေကျေးဇူး…ဆပ်ဖူးချင်တယ်လေ၊ တစ်နယ်စီခြားလို့ ဝေးကွာခဲ့ပေ… သား…ချစ်တဲ့ မွေးမေမေ၊ သား…သားချစ်တဲ့ မွေးမေမေ” ဟူသော ဆွဲဆွဲငင်ငင်အသံကို ကြားလျှင် အမေ့ရင်သည် ၀ုန်းဒိုင်းကြဲသည်။

ကားပေါ်တက်ခါစတွင် အမေသည် “နန့်ရင်းရွာမှာ ကောက်ရိတ်သမတစ်ယောက် သေတယ်ဆို” ဟု မေးလျှင် “ဟုတ်ပါ့ဗျာ” ဟုဖြေပုံ “ဘယ်သူတဲ့တုံး” ဟု ဆက်မေးလျှင် “မသိပေါင်ဗျာ၊ ငယ်တော့ မငယ်တော့ဘူးဗျ၊ လေးဆယ်ကျော်ပြီဆိုပဲ” ဟု ဖြေပုံတို့ကို သတိရ၏။ အမေသည် ထိုအဖြေကို ကြားလျှင် ငိုင်ကာကျသွား၏။ မဟုတ်နိုင်ပါဘူးဟု တွေးတထင့်ထင့် ရှိသောစိတ်သည် တုံးတုံးကျလုလု ဖြစ်သည်။ စဉ်းစားရင်းပင် မျက်ရည်ပူများသည် ပါးတွင် စိုစွတ်လာသည်။ “ဟင့်အင်း မယုံဘူး၊ အလောင်းမမြင်မချင်း မယုံနိုင်ပါဘူးအေ” ဟု စိတ်တွင် တီးတိုးဆိုရင်း ခေါင်းယမ်းသည်။

“နန့်ရင်းရောက်ခါနီးပြီဗျ” ဟူသော ကားသမား၏ စကားသံကိုကြားလျှင် အမေ၏ ရင်သည် ပို၍ တုန်လှုပ်လာသည်။ နှလုံးခုန်သံသည် ပို၍ မြန်လာသည်။ လူသည် ဇောချွေးများ ထွက်လျက် ဟိုက်ခနဲ ဟာခနဲ ရှိ၏။ ဘာကိုမျှ ရင်မဆိုင်ဝံ့စွာ မျက်စိမှိတ်ကာ ခေါင်းငုံ့နေဆဲတွင် ထော်လာဂျီသည် တုံ့ခနဲ ရပ်သည်။ “ရောက်ပြီ” ဟူသော အသံကြောင့် မ၀ံ့တ၀ံ့ မျက်စိဖွင့်မိလျှင် အမေ၏ရင်သည် ၀ုန်းခနဲ ပြိုဆင်းသည်။ အမေ၏ ရှေ့တွင်ကား ခေါင်းတလား တစ်လုံးပေတည်း။ အနီ၊ အ၀ါ၊ အပန်း၊ ပိတ်ပါးစများဖြင့် ဆင်ယင်အပ်သော ခေါင်းတစ်လုံးတည်း။ ထိုခေါင်း၏ အပေါ်တွင်ကား ထမင်းပန်းကန် တစ်ချပ်နှင့် ရေတစ်ဖန်ခွက်သည် ငေါင်းစင်းစင်း ရှိ၏။ အဖြူ၊ အနီ၊ အစိမ်း၊ အညို ပန်းများ ထိုးစိုက်ထားသော ပန်းအိုးသည် အခေါင်းထက်တွင် ထီးတည်း။ အမေသည် ထော်လာဂျီထက်မှ ၀ုန်းခနဲပင် ခုန်ဆင်းမိသည်။ မြေပြင်ထက်တွင် ခွေခွေယိုင်ယိုင် လဲကျသွား သည့်တိုင် နာသည်မသိ၊ ကျင်သည် မသိ။ “သမီးရဲ့ ၊ သမီး” ဟု နုတ်မှ သတိလက်လွတ် တတွတ်တွတ် ရွတ်ရင်း လေးဖက်ထောက်ကာ ကုန်းရုန်းထ၏။ မသာတင်ထားသော လှည်းနားသို့ ယိုင်ယိုင်ထိုးထိုး တရွေ့ရွေ့တိုးရင် ရှိုက်ကြီးတငင် စငိုသည်။ “သမီးအလိမ္မာလေးကိုမှ တော်”ဟု ဟစ်မိ၏။ ပတ်ဝန်းကျင်ကိုလည်း ဂရု မထားမိ။ လူသူလေးပါကိုလည်း မမြင်မိတော့။

ငိုရင်း ရှိုက်ရင်း ထွက်လာသော နှပ်နှင့် မျက်ရည်များကို လုံချည်အထက်နားစနှင့် ငုံ့ပြီး ဆွဲဆွဲသုတ်နေသော အမေသည် ကျောပြင်သို့ ဖြန်းခနဲလာရိုက်သည့် လူကြောင့် ဆတ်ခနဲ မော့ကြည့်သည်။ အမေ၏ ရင်သည် ဒိန်းခနဲ ခုန်၏။ အမေ မြင်ရသည်ကား သေပြီဟု အမေထင်နေသော အမေ၏ သမီးပေတည်း။ ထို့ကြောင့် “အစီမ အစီမ မသေဘူးနော်” ဟူသော အမေ၏ အသံတုန်တုန်နှင့် “အမေ ဘာလုပ်နေ တာတုံး” ဟူသော သမီး၏ စိတ်ရှုပ်ထွေးသံတို့သည် ပြိုင်တူနီးပါပင် ထွက်လာကြသည်။ အမေသည် “အစီမ” ဟု ခေါ်ရင်း သမီး၏ လက်ကို တုန်တုန်လှုပ်လှုပ် ဆွဲကိုင်သည်။ ထိုစဉ် အမေသည် ၀ိုင်းကြည့်နေသော ပတ်ဝန်းကျင်ကို သတိထားမိလာသည်။ သမီး၏ ပြုံးစိစိဟန်ပန် ကိုလည်း ဂရုပြုမိလာသည်။ ရုတ်တရက် ရှက်စိတ်သည် အမေ့အား ဖြုန်းခနဲ ဖုံး၏။ အမေသည် သမီး၏ လက်မောင်းကို ဖျတ်ခနဲ ခပ်ဆတ်ဆတ်ရိုက်ရင်း ပြုံးတုံ့တုံ့ စူတူတူ မျက်နှာဖြင့် “သေခြင်းဆိုးမ၊ မသာမ ငါက သေပြီအောက်မေ့နေတာ” ဟု လွှတ်ခနဲ အော်သတည်း။

-------------
ရေအေး
ရွှေအမြုတေမဂ္ဂဇင်း၊ အောက်တိုဘာလ၊ ၂၀၁၃