အနွမ်းပန်းရှိုက်သံ သန်းခေါင်ယံဝယ် - ထွန်းတောက်ထွဋ်(သင်္ချာ)
* * *
၁။
ခင်ထားတို့ဘ၀မှာ မရှိလည်း ပျော်ပျော်၊ ရှိလည်း ပျော်ပျော်ပါပဲ။ ဟုတ်တယ်လေ။ စားစရာ၊ ၀တ်စရာ မရှိဘူးဆိုပြီး စိတ်ဆင်းရဲနေလို့မှ မဖြစ်တဲ့ဥစ္စာ။ ငွေစ၊ ကြေးစကလေး ရွှင်လာပြီဆိုရင်လည်း ဘာအတွက်၊ ညာအတွက်ဆိုပြီး ပူပန်စိတ်တွေနဲ့ စစ်စီချင့်ချိန်ပြီးတော့လည်း သုံးမနေပါဘူး။ ရှိရင်သုံးမယ်။ မရှိရင် မသုံးဘူး။ ခေါင်းရှုပ်လွန်းလို့ အဟုတ်။ တစ်နေ့က အခြေအနေကောင်းလို့ ငွေလေးခြောက်ထောင် ရပါတယ်။ အိမ်အပြန်လမ်းမှာ တရုတ်ထည်လေးတွေ ရောင်းချနေတာ တွေ့တာနဲ့ အကြီးမအတွက် ၀ယ်ဖြစ်လိုက်တယ်။ ၀ယ်ဆို အကြီးမက အပျိုကြီးဖားဖား ဖြစ်လာပြီလေ။ ခင်ထားနဲ့တောင် အပြိုင်လှနေပြီ ဆိုတော့ သင့်သလို ဖုံးရ၊ ဖိရ၊ ဆင်ရတော့တာပေါ့။ ဒါပေမဲ့ ခင်ထားတို့ မပူပင်တတ်ပုံများ အိမ်ရောက်လို့ အငယ်မမျက်နှာမြင်မှ သတိရတော့တယ်။
" အမေကလည်း ကျောင်းမှာ စာအုပ်ဖိုး ပေးရမယ်ဆိုတာ သေချာပြောထားတဲ့ဥစ္စာ။ ဒီတနင်္လာ နေ့မှ မရရင် သမီး ကျောင်းမတက်တော့ဘူး…..ပြီးတော့ ကျောင်းဝတ်စုံအသစ် ၀ယ်ပေးမယ်ဆိုပြီး "
အငယ်မ နှပ်တရှုပ်ရှုပ်ဖြစ်မှ ခင်ထားလည်း စိတ်မကောင်းဖြစ်သွားရတယ်။ ခဏပါပဲလေ။
"ကဲ ကဲ…အငယ်မ တိတ်စမ်း….စာအုပ်ဖိုးရရင် မပြီးဘူးလား….နောက်တစ်ခါ ညည်းအတွက် ငါ ၀ယ်လာပါ့မယ်အေ.…ဟုတ်ပြီလား "
" အမေတို့ ပြောလိုက်ရင် အဲဒီလိုချည်းပဲ….ပြီးတော့ ပါလာတော့လည်း မဟုတ်ဘူး….၀ယ်လာ လိုက်ရင် အမေနဲ့ မမကြီးအတွက်ချည်းပဲ သမီးမှာ အသစ်ဆိုလို့…..တစ်စုံ "
" တိတ်စမ်း အငယ်မ….လာပြီး အထွန့်တက်နေတယ်…..ငါ ထရိုက်လိုက်ရ "
ပါးစပ်က ပြောတာတောင် နောက်ကျနေပါသေး တယ်။ ခင်ထားလက်က ပါသွားပြီဆိုတော့ အငယ်မ လည်း ခြေဆောင့်ပြီး နောက်ဖေး ၀င်သွားလေရဲ့။ အကြီးမကတော့ အ၀တ်သစ်ရသွားလို့ ခင်ထားကို မျက်နှာ လုပ်တာလား၊ဘာလားတော့ မသိဘူး။ ထမင်းဝိုင်းပြင်နေရာက အငယ်မကို လှမ်းငေါက်လိုက်သေး တယ်။ ဒီလိုပါပဲလေ ။ ခင်ထားတို့ သားအမိသုံးယောက် ဘ၀မှာ အဲဒီလို လွဲချော်တာတွေ၊ ပျော်စရာ၊ ငိုစရာ တွေနဲ့ လုံးလည်ချာလည်လိုက်ခဲ့တာ အငယ်မတစ်သက်ပဲ ဆိုပါတော့။ အတိတ်ကို ပြန်ပြီးမတမ်းတချင်ပါ ဘူး။ မတော်တဆအတွေးဝင်လာရင်တောင် ဖျက်ခနဲထပြီး ခင်ထားတို့ တစ်ခုခု ထလုပ်ပစ်လိုက်တာပဲ။ အေးရော။ ဟုတ်တယ်လေ။ ဒင်းတို့အဖေ ဟိုအကောင် တင်ရွှေအကြောင်း တွေးမိတိုင်း မုန်းလွန်းလို့ အဆက်ပြေရင် ‘ ရွှေ ‘ တောင် မ၀တ်ခဲ့ဘူး။ အဲဒီလောက်အထိ စိတ်နာတာ အဟုတ်။
၂။
" ဟင်…အမေ ဒီနေ့ ညဈေးမသွားဘူးလား…ဘာဖြစ်လို့လဲ "
" ဟဲ့…အကြီးမရဲ့….သီရိမင်္ဂလာဈေးမှာ ငါက ကုန်စိမ်းဒိုင်သူဌေးမမိုလို့လား….ညတိုင်းသွားရ အောင်…..ကုန်စိမ်းကားအ၀င်များမှ ၀ယ်သူအလာများပြီး….ငါတို့လိုပွဲစားမတွေ အလုပ်ဖြစ်တာ…ညည်း ဒါ တွေမသိပါဘူးအေ "
" ဟိုတလောက အမေပဲ ညတိုင်းအလုပ်ဆင်းမှ အဆင်ပြေမယ်ဆို…အိမ်မှာ ဆန်လက်ကျန်နည်း နေပြီ အမေ "
" တိတ်စမ်း အကြီးမ....ညည်း ဘာမှနားမလည်ဘဲ ၀င်မပါနဲ့….ငါကျွေးတာစား…ငါပေးတာဝတ် ငါပြောသလိုနေ ဒါပဲ…ညည်း ငါ့ကို သူငယ်ချင်းပေါင်းပေါင်းပြီး ခြေရာတိုင်းဖို့ မစဉ်းစားနဲ့….အဲ, နေဦး…. လမ်းထိပ်က အသုပ်သည် မတင်မေ ငါ့ကိုတိုင်ထားတာ ခုမှ သတိရတယ်… မျက်စောင်းထိုးအိမ်ကကောင်နဲ့ ညည်းနဲ့ ရည်းစားဖြစ်နေတယ်ဆို…ကဲ ပြောစမ်း…လိမ်ဖို့မစဉ်းစားနဲ့။ ညည်း ငါ့အကြောင်းသိတယ်နော်. မတင်မေ လစ်တာနဲ့ ညည်း လှစ်ခနဲ လှစ်ခနဲ ထွက်တယ်ဆို "
" ဟာ…အမေကလည်း ကြာပဲကြာလှပြီ…သူ့ဘာသာသူ လိုက်စကားပြော စာပေးတာနဲ့ပဲ ရည်းစား ဖြစ်ရမလား....သမီးလည်း ပြန်ရန်တွေ့ခဲ့တာပဲဥစ္စာ….အလကား ကြီးတင်မေ သက်သက်ချွန်တာ… ယောက်ျားဆို မုန်းလွန်းလို့ အမေရာ….ပြီးတော့ "
မျက်ရည်ကြည် နည်းနည်းဝေ့လာတဲ့ အကြီးမရဲ့ ပြောလက်စ စကားသံတွေကို ခင်ထားတို့ နားမ၀င်နိုင်တော့ပါဘူး။ ‘ ယောက်ျားဆို မုန်းလွန်းလို့ ‘ ဆိုတဲ့စကားကိုပဲ နောက်ဆုံး အာရုံဝင်စားလိုက်မိပြီး တွေခနဲ ဖြစ်သွားရတာပါပဲ။ အကြီးမအကြောင်း ခင်ထား ကောင်းကောင်း သိတာပေါ့။ သိဆို ယောက်ျားတွေ မကောင်းတာ သူ့အဖေ တင်ရွှေလက်ထက်ကတည်းက စပြီးသိခဲ့တာမျိုးဆိုတော့ ဖြစ်နိုင်ပါတယ်လေ။ ခင်ထားဘက်က အကြီးမကိုအထင်ကြီးတာလည်း ဖြစ်နိုင်တာပဲ။
ငယ်စဉ်ကတည်းက အဆင်မပြေခဲ့တဲ့ ခင်ထားဘ၀ဟာ အရွယ်ရောက်ပြီဆိုတာနဲ့ အဖော်ကောင်း လို့ မော်လမြိုင်ကနေ ရန်ကုန်ရောက်လာတာပါ။ ဟိုအလုပ်ရှာ၊ သည်အလုပ်စပ်နဲ့။ သီရီမင်္ဂလာ ညဈေးမှာ အလုပ်ရရချင်း ‘ ဗြုန်း ‘ ဆို စတွေ့တာ တစ်ခုလပ် တင်ရွှေနဲ့ပါ။ တင်ရွှေရဲ့ အပြောကောင်း၊ အညုကောင်း တွေစွက်နေတဲ့ ခပ်ချောချောရုပ်ကို မက်လိုက်မိတဲ့ မနူးမနပ် ခင်ထားဘ၀မှာ တင်ရွှေရဲ့ ပြုစုယုယ ကြင်နာမှု သားမှတ်မှတ် မယားမှတ်မှတ် ပေါင်းတာကို တစ်နှစ်လောက်ပဲ ခံစားလိုက်ရ တာပါ။ အကြီးမ ကိုယ်ဝန်ရှိချိန် ကစပြီး ငတ်တစ်လှည့် ပြတ်တစ်လှည့် ဖြစ်လာတာပါပဲ။ ဒီကြားထဲ မူးလာရူးလာရင် ရန်ရှာ ရိုက်နှက်တာက ၇ှိသေးတယ်။
အဲ…အကြီးမ မွေးပြီးတော့မှ ခင်ထားတို့ အဖြစ်မှန်သိရတာလေ။ သီရိမင်္ဂလာဈေးမှာ တင်ရွှေတို့ ဒီ အချိုးချိုးခဲ့တာ ကြာပြီတဲ့။ တစ်ခုလပ်မဟုတ်ဘူး၊ သုံးခုမက လပ်ခဲ့တာတဲ့။ သိသိချင်း ခင်ထားတို့ ခံစားရ တာပေါ့။ ဘယ်တတ်နိုင်မလဲ ‘ တည်မိတဲ့ ဘုရား၊ လင်းတပဲနားနား ‘ ဆိုသလိုပေါ့။ ဒါပေမဲ့ တင်ရွှေကိုတော့ မေတ္တာမပျက်ခဲ့ပါဘူး။ ကိုယ်လည်း ဒီဈေးအထာ သိနေတာပဲ။ ရှာနိုင်ဖွေနိုင်တဲ့အရွယ်ကလည်းရှိသေးတော့
တင်ရွှေ အိမ်ပြန်လာရင် တော်ပြီဆိုပြီး အကြီးမကို ခါးထစ်ခွင် ရှာဖွေစားသောက်ရတာပါပဲ။ နောက် ခြောနှစ် လောက်အထိ ကလေးလည်း ထပ်မယူဖြစ်ပါဘူး။ ဖြစ်ချင်တော့ တင်ရွှေရဲ့ စရိုက်တွေကို သည်းမခံနိုင်လို့ ကွာရှင်းပြီးမှ အငယ်မ ကိုယ်ဝန်ကျန်ခဲ့တယ်ဆိုတာ သိလိုက်ရတာ။ တော်ပါပြီ။ ဒင်းအကြောင်း မတွေးဘူးဆို ပြီး တွေးလိုက်မိတာ အကြီးမတောင် ဘယ်အချိန်ထသွားမှန်း မသိလိုက်ဘူး။ ဆုံးမ,မလို့ဟာကို။
" တောက်….တင်ရွှေ…နင် ငါ့ကို ခုထိဒုက္ခပေးတုန်းပဲနော် "
၃။
ညဦးပိုင်းလောက်ကတည်းက ဈေးထဲမှာ လှုပ်ရှားရုန်းကန်ခဲ့သမျှ မနက်လင်းလို့ ရွှေပြည်သာအိမ် ရောက်မှ အတိုးချအိပ်ရတဲ့ဘ၀ကို ခင်ထား စိတ်ပျက်ခဲ့တာ ကြာပါပြီ။ အကြီးမက ရှစ်တန်းနဲ့ ကျောင်းထွက် ပြီး ထမင်းဟင်းချက်ဖော်၊ အိမ်သိမ်းဖော်ရလို့ တော်သေးတာပေါ့။ အငယ်မက ခုမှ လေးတန်းဆိုတော့ ဆက်ထားဦးမယ်လို့ပဲ တွေးထားတယ်။ ဘာပဲပြောပြော အကြီးမကိုအိမ်မှာ တစ်ယောက်တည်းထားခဲ့ရတာ စိတ်မချတော့ဘူး။ ဟုတ်တယ်လေ။ ခင်ထားနဲ့ တင်ရွှေတို့ဆီက ကောင်းပေ့၊ လှပေ့ ဆိုတဲ့ရုပ်ခံကို ပိုင်ဆိုင် ထားသလို အပျိုသွေးကြွလာတဲ့ အကြီးမဟာ ခင်ထားထက် ဆယ်ဆ လှတယ်ဆိုတာ မငြင်းနိုင်ပါဘူး။ ဒါပေမဲ့ အသုပ်သည် မတင်မေကို ကြည့်ရှုဖို့ အပ်ထားတာဆိုတော့ ဆိုးဆိုးဝါးဝါးဖြစ်စရာ အကြောင်းမရှိပါ ဘူး။ မတင်မေဆိုမှ အထည်ယူခိုင်းထားတဲ့ လပေးအကြွေးကိစ္စ ခင်ထား သတိရတော့တယ်။ မပေးရင် အိမ် အပြန်လမ်းထိပ်ကနေ ကလော်တုတ်မှာ သေချာလို့ မတင်မေဆီ ခဏ၀င်ဖြစ်သွားတယ်။
" ခင်ထားရေ…အကြီးမအကြောင်း တိုင်ရဦးမယ်…ဟင်း ပြောသာပြောရမှာ ငါပြောရင် ညည်းသမီး က ချွန်တယ် ချက်တယ်ဆိုပြီး ရန်ပြန်တွေ့ဦးမှာ မြင်ယောင်သေးတယ် "
" အို….မတင်မေကလည်း ကောင်းကောင်းဆိုးဆိုး ဆုံးမဖို့ အပ်ထားတဲ့ဥစ္စာ…ပြောပါဦး.....ဒီ ကောင်မ ဘာတွေထွင်ပြန်ပြီလဲ….အိမ်ရောက်မှ အရေခွံဆုတ်ဦးမယ် "
" ဟဲ့…ဒီတစ်ခါ ဟိုကောင်လေး မဟုတ်တော့ဘူး…ကားနဲ့ဘာနဲ့လာလာချိန်းတာတဲ့….အိမ်ပိုင် လည်း ရှိတယ်တဲ့…အင်း အသက်ကတော့ ညည်းလောက်ရှိမယ်…လူချမ်းသာဆိုတော့ နုတယ်ပေါ့….လူပျို ကြီးလိုလို…..မုဆိုးဖိုလိုလို ကြားတာပဲ….ညည်းသမီးကို ၀ယ်ပေးခြမ်းပေးတာ အများကြီးတဲ့…တွေ့တဲ့လူက လာတိုင်တာလေ တွဲတာတော့ သိပ်မကြာသေးဘူးထင်တာပဲ "
" ဘုရားရေ…မတင်မေတို့ လက်ထဲ အပ်ထားပါတယ်ဆိုမှ ဒီအဆင့်ရောက်မှ တိုင်ရသတဲ့လား….. အောင်မလေး ခင်ထားတို့ လူပေါင်းမှားပြီ ထင်ပါရဲ့…အရပ်ကတို့ရေ "
" ဟဲ့ ခင်ထားရဲ့….ကုန်စိမ်းသည်အသံနဲ့ ဟစ်မနေနဲ့ ညည်းကသမီးရှင်လေ။ တိုးတိုးတိတ်တိတ် လုပ်မှပေါ့။ ငါလည်း အချိန်ပြည့် ကြည့်နိုင်တာမှမဟုတ်တာ….၀ယ်ရခြမ်းရသေးတယ်….ညည်းသမီးက ငါ့အလစ်စောင့်ပြီး လှစ်ခနဲ ထွက်တတ်တာ ငါပြောပြီးသားပဲ….အေးခုကိစ္စက ညည်းအပြစ်လည်း မကင်းဘူး. အဲဒီလူက ညည်းနာမည်မေးပြီး လာရှာရင်းက တွေ့ကြတာတဲ့….ကဲ ကျန်တဲ့ကိစ္စတွေ ညည်းသမီး ညည်းမေးပေတော့။ သြော်…ဟဲ့…ဒါမျိုးက အကြမ်းကိုင်လို့မရဘူးနော်…ချော့မော့ပြီးမေး "
နှလုံးသားကို မီးစနဲ့ ထိုးလိုက်ရင် ဘယ်လိုနေမယ်မသိပါဘူး။ ခင်ထား ခံစားလိုက်ရတာ ဒီထက်ဆိုး နိုင်ပါတယ်။ ‘သမီးတစ်ကောင် နွားတစ်ထောင် ‘ လို့ အမေတို့ ပြောခဲ့တာတွေ ခင်ထားအလှည့်တုန်းက ရယ်စရာဆိုပြီး ကျိတ်ပြုံးခဲ့သေးတာ။ ဟုတ်တယ်လေ။ နွားတစ်ထောင်အုပ်ကြီး မြိုင်ထပြီး ပြေးနေတာကိုပဲ မျက်စိထဲ မြင်နေမိတာကိုး။ ခုတော့ ခင်ထားလည်း အမေတို့ဘ၀ရောက်ပြီပေါ့။ အကြီးမအတွက် ပူပန်နေ ရင်း အရင်က ‘ ဒင်း ‘ ပြောခဲ့တာတွေ ပြန်သတိရသေးတယ်။
" အမေရေ….သမီးလေ ယောက်ျားဆို လုံးဝအထင်မကြီးဘူး…အမေသာ မနပ်လို့ ခံခဲ့ရတာ…သမီး အလှည့်ကျရင် ဒီလိုမဖြစ်စေရဘူးစိတ်ချ…သမီးလေ အပျိုကြီးလုပ်ပြီး….အမေနဲ့ ညီမလေးကို…တစ်သက် လုံး လုပ်ကျွေးမှာ "
အဲဒီတုန်းက အကြီးမစကားကို ဘ၀င်ခိုက်ပြီး မိခင်စိတ်နဲ့ ကြည်နူးလိုက်ရတာ မပြောပါနဲ့တော့။ သြော်…ငါ့ဘ၀ဆိုးပေမယ့် သမီးတွေသိတတ်ရင် အိုဇာတာကောင်းပြီဟဲ့လို့ ထင်မိသေးတာ။
" အကြီးမ…အပြောကြီးတဲ့ကောင်မ…ညည်းကို အရေခွံဆုတ်ဖို့ အချိန်တန်ပြီ ထင်တာပဲ….ညည်း လည်း ခုလောက်ဆို မျက်ခုံးလှုပ်နေရောပေါ့ "
ခင်ထားတစ်ယောက်တည်း ပွစိပွစိပြောရင်း မတင်မေစကား သတိရပြန်တော့ အကြမ်းပတမ်း ကိုင် တွယ်လို့ မဖြစ်ဘူးဆိုတာ သတိရလိုက်တယ်။ ငယ်စိတ်နဲ့ဆိုရင် အကြီးမတို့ စိတ်ကူးထဲမှာတောင် အမှုန့် ဖြစ်ပြီးနေပြီ။ ဘာပဲပြောပြော စိတ်လျှော့လိုက်ပါတယ်လေ။ ကိုယ်က မိခင်ပဲ၊ ကိုယ့်အုပ်ထိန်းမှုညံ့ဖျင်းလို့ သာ ဒီလိုဖြစ်ရတာ။ အေးပေါ့လေ။ ခင်ထားဘ၀မှာ ပူပင်သောကတွေနဲ့ ခေါင်းရှုပ်မခံခဲ့တာ အငယ်မ တစ်သက်ရှိပြီလို့ တွေးမိရင် ဒင်းတို့အဖေ တင်ရွှေအကြောင်းက ပါလာဦးမှာ။ မတွေးတာပဲ ကောင်းတယ်။
၎။
" အမေရယ်…သမီးကို ရိုက်ချင်ရိုက်ပါ သတ်ချင်လည်း သတ်လိုက်ပါ အမေ့ကို မပြောတာက ကြောက်တာလည်း ပါတယ်..ဟို..ကိုကြီးကို တကယ်ချစ်သွားတာလည်းပါ…"
"ဘာ…ကိုကြီးကို ချစ်သွားတယ် ဟုတ်လား…အဲဒီကောင် ဘယ်သူလဲ…ဘယ်ကလဲ…ငါ့ကို သိတယ်ဆို….ညည်း လိမ်ဖို့မစဉ်းစားနဲ့ ငါ့ကို မတင်မေ အကုန်တိုင်ပြီးပြီ "
" ဟို…ဟို…ကြီးတင်မေတို့ကတော့ လုပ်ပြီ…ဘယ်ကလာ အမေနဲ့ သိရမှာလဲ..ကိုကြီးက ( ) ရပ်ကွက်မှနေတဲ့ဥစ္စာ…ကြီးတင်မေချွန်တာ အမေပဲယုံ…၊ အမေရယ်…ကိုကြီးက လူပျိုကြီးပါ..သဘော ကောင်းတယ် ချမ်းသာတယ် သမီးတို့ မိသားစုဘ၀ စိတ်အေးချမ်းသာဖို့အတွက် သမီးချစ်လိုက်တာပါ.. ဟိုလေ…ကိုကြီးက အမေနဲ့တွေ့ချင် ဆွေးနွေးချင်ပါသေးတယ်တဲ့ "
" ဘုရားရေ…အကြီးမ..နင့်ကို လျှော့တွက်မိသမျှ ရေစုန်မျောပြီပေါ့..အံ့ပါရဲ့…ယူကြပြုကြဖို့အထိ ဖြစ်နေကြပြီလား….သူ့အကြောင်းသိထားတာတွေ အမှန်လို့ ညည်း အာမခံနိုင်လားဟင်…ပြောပါဦးငါ့ကို ငါထသတ်လိုက်ရရင်တော့ ဟိုက…ညည်းကို မယူဘဲ ပစ်သွားရင် ဘယ်လိုလုပ်မလဲ "
" အမေကလည်း…ကိုကြီးက ရိုးပါတယ်…ကိုကြီးရဲ့အစ်မတောင် အိမ်လာလည်ဖူးတဲ့ဥစ္စာ သမီး ဒီလောက်မိုက်ပါ့မလား…အမေသာ အဖေ့ကို အမိုက်ခံပြီး ပေါင်းခဲ့ "
" တိတ်စမ်း အကြီးမ…မျက်နှာသာပေး ရွှေရေးပန်းကန်တက်မနေနဲ့…ညည်း ငါ့အကြောင်းသိတယ် နော်….အေး…ဒီနေ့ကစပြီး ငါ အလုပ်မသွားတော့ဘူး…ညည်းလည်း ဘယ်မှထွက်ဖို့မစဉ်းစားနဲ့…စားစ ရာမရှိလို့ ငတ်သေချင်သေ….ညည်းအကောင်နဲ့ ငါတွေ့ဦးမယ်….အိမ်လာခဲ့ဖို့ ခေါ်လိုက် "
အကြီးမပဲ ကံကောင်းတာလား။ ခင်ထားပဲ ကံဆိုးတာလားတော့ မသိဘူး။ အဲဒီ ကိုကြီးဆိုတဲ့ကောင် ရောက်မလာဘဲ သူ့အစ်မဆိုသူ ခပ်ချောချောတစ်ယောက် အပျံစားပုံစံနဲ့ ရောက်လာတယ်။ ကြည့်ရသ လောက် နည်းနည်းကလက်ပေမယ့် သုံးနိုင်ဖြုန်းနိုင်ပုံစံဆိုတာ သိသာပါတယ်။ ခင်ထားကို အရေးပေးလိုက် တာ ပျာပျာသလဲပေါ့။ သူ့မောင်က စီးပွားရေးကိစ္စနဲ့ နယ်ခဏသွားတယ်တဲ့။ ပြန်လာရင် သူတို့မောင်နှမပဲ လာတောင်းရမ်းမယ်။ ဘာညာပေါ့လေ။ မိဘတွေ မရှိကြတော့လို့ မလေးစားတဲ့ပုံစံဖြစ်နေရင် တောင်းပန်ပါ တယ်ဆိုပြီး နှုတ်ဆက်ပြန်သွားလေရဲ့။ အကြီးမလက်ထဲ ငွေတစ်ထပ်ထည့်သွားတာ ခင်ထား မြင်လိုက်ပါ သေးတယ်။
" အမေ…အစ်မက ငွေငါးသောင်းပေးးသွားတယ်…ဘာလုပ်ကြမလဲဟင် "
"နေအုံး အကြီင်္းမ…အဲဒီငွေတွေ ခဏသိမ်းထားလိုက်…ညည်းကိုကြီးနဲ့ သူ့အစ်မအကြောင်း ငါစုံစမ်းဦးမယ် ဒီကိစ္စ ဘယ်သူ့ကိုမှ မပြောရဘူးနော် ညည်းနဲ့ သင့်တော်တယ်ထင်ရင် ငါ ပေးစားမယ်.
ဒါပဲ "
၅။
တကယ်တော့ ခင်ထားက မိခင်တစ်ယောက်ပါ။ သားသမီးကောင်းစားမယ်ဆိုရင် ခင်ထားတို့ ငတ်ချင်ငတ်ပါစေ။ ဘာပဲလုပ်ရလုပ်ရ လုပ်ဝံ့ပါတတယ်။ တင်ရွှေနဲ့ ကွဲပြီးနောက်ပိုင်း စီးပွားရေးအဆင်မပြေ တဲ့ ခင်ထားလေ ဈေးထဲမှာအကြွေးတွေ ပတ်လည်ဝိုင်းခဲ့ပါတယ်။ သီရိမင်္ဂလာဈေးမှာ အရင်းအနှီးမရှိရင် ဘယ်လောက် မျက်နှာငယ်တယ်ဆိုတာ ကုန်စိမ်းသမားတိုင်း သိပါတယ်။ လင်ကပစ်၊ အကြွေးကတင်၊ အဆင်မပြေမှုတွေနဲ့ ထိကပါးရိကပါးတွေကို ကြံ့ကြံ့ခံရင်း ခင်ထားဘ၀ဟာ ညမှာလန်းတဲ့ အနွမ်းတစ်ပွင့် ဖြစ်ခဲ့ရတယ်။ ဘာပဲဖြစ်ဖြစ် ခင်ထားနဲ့ သမီးနှစ်ယောက်အတွက် စားဝတ်နေရေး အဆင်ပြေတယ် ပြောရမှာ ပဲ။ အဲဒီမှာ စိန်ထွန်းနဲ့ စတွေ့ခဲ့တာပေါ့။
" ခင်ထားရာ…နင့်ဘ၀ကို…အမှောင်ထဲကနေ ငါဆွဲထုတ်ချင်ပါတယ်…ဒါပေမယ့် ငါကိုယ်တိုင်က လည်း အမှောင်ထဲမှာပဲ ပျော်သူဆိုတော့ ခက်ပါတယ်လေ…ဟင်း..ဟင်း…တစ်ခုတော့ ပြောရဲတယ်....... ရန်ကုန်မြို့မှာ သီရိမင်္ဂလာဈေးကြီးကို ညမအိပ်တဲ့ဈေးလို့ ပြောကြတယ်…ဒီလိုပါပဲ နင့်အပေါ်ထားတဲ့ ငါ့ အချစ်တွေဟာလည်း ဘယ်သောအခါမှ ကုန်ဆုံးအိပ်ပျော်သွားမှာ မဟုတ်ပါဘူး…ဒီဈေးကြီးလို ညဘက်တွေ
ရောက်တိုင်း ရှင်သန်လှုပ်ရှားနေမှာပါဟာ "
စိန်ထွန်းရဲ့ အညုတွေကို ခင်ထား မသာယာခဲ့ပါဘူး။ ရှင်းရှင်းပြောရရင် သူတစ်ယောက်ပဲ ညုတတ် တာမှမဟုတ်တာ။ ဒါပေမဲ့ ခင်ထားဘ၀ကို အဆင်ပြေစေဖို့ ပင်တိုင်နီးနီး ထောက်ပံ့သလိုဖြစ်ခဲ့တဲ့ စိန်ထွန်း ကို ယုံစားမိလို့ အမှောင်ထဲက လွတ်လိုလွတ်ငြား အိမ်လိပ်စာ ပေးလိုက်မိတယ်။ ဒါကို အခွင့်ကောင်းယူပြီင်္း နုနယ်ပျိုမျစ်သူကလေးကိုမှ ခြေမွချင်တဲ့ ယောက်ျားတစ်ယောက် ဖြစ်နေခဲ့တာကိုး။ အကြီးမလို မနူးမနပ်အ ရွယ်ကိုသာ လှိမ့်လို့ရချင်ရမယ်။ ခင်ထားကိုတော့ နှပ်ချလို့ မရခဲ့ပါဘူး။ အကြီးမကို ကိုကြီးဆိုပြီး ချဉ်းကပ်။ ခင်ထားတို့လို တစ်ပတ်နွမ်း တစ်ယောက်ကို ငွေပေးခိုင်းပြီး အစ်မ လုပ်လိုလုပ်၊ ( ) မှာနေတယ်ဆိုပြီး လိမ်လိုလိမ်ခဲ့တဲ့ ကုန်တင်ကားမောင်းတဲ့ စိန်ထွန်းဟာ စိတ်ထား တော်တော်အောက်တန်းကျပါတယ်။ သူ့ရဲ့ သားကြီး မယားကြီးတွေ သိရင်လည်း ရင်ကျိုးကြမှာပါပဲ။ ဘာပဲဖြစ်ဖြစ် အကြီးမဘ၀ကို ခင်ထားဘက်က အချိန်မီကလေး အဖတ်ဆယ်နိုင် ခဲ့ပါတယ်။
ခုတော့ ခင်ထားတို့သားအမိတွေ မော်လမြိုင်က အမေတို့ရွာပြန်ပြီး ကောင်းရောင်းကောင်းဝယ် လုပ်စားနေကြပါပြီ။ ခင်ထားလည်း သမီးနှစ်ယောက်ရဲ့မိခင် ပီပီသသကြီးဖြစ်နေပြီလို့ ပြောရင်ရပါတယ်။ တကယ်တော့ အကြီးမရဲ့ မျက်ရည်တွေကို ခြေဆေး၊ နှလုံးသားကို ခုတ်ထစ် တံတားခင်းပြီး ဒီရွာကို ရောက် လာခဲ့တာပါ။ ခင်ထားလေ အမြဲလိုလို ငိုနေတတ်တဲ့ အကြီးမကို ရင်ဖွင့်ပြချင်တယ်သိလား။ ဘယ်လိုကဘယ်လို စပြောရမလဲလို့ ချီတုံချတုံ စဉ်းစားခဲ့ရတာလည်း အခါခါပါ။ ဒါပေမဲ့ စိုက်ခင်းထဲက မုန်လာပင်ပေါက်တွေကို စိတ်ပါလက်ပါနဲ့ လက်ကြားနှိုက်ရင်း ခင်ထားကို ၀ိုင်းကူလုပ်ပေးလာတဲ့ တစ်ရက် မှာတော့ ရင်ထဲ မျိုသိပ်ထားရတဲ့စကားတွေကို အကြီးမ သိစေဖို့ ပြောဖြစ်သွားခဲ့ပါတယ်။
" ဟင်..ဒါ…ဒါဆို အမေက…သမီးတို့ကို အဲဒီလိုနည်းနဲ့....ရှာကျွေးခဲ့......"
" ဟုတ်တယ်…အကြီးမ "
ခံစားချက် ပေါင်းစုံနဲ့ မျက်ရည်ပေါက်ပေါက် ကျလာပြန်တဲ့ အကြီးမကိုကြည့်ပြီး ခင်ထားရဲ့ ငိုချင်စိတ်ကို အံကြိတ်လို့ ဖြေဖျောက်လိုက်ရ ပါတယ်။
" အမေပြောဦးမယ် အကြီးမ…အမေ့အဖြစ်က သမီးမိန်းမပျိုကလေးကို အရာအားလုံး ပြောင်ပြောင် ဖွင့်ပြောရဲတဲ့ မိခင်မျိုးမဟုတ်ခဲ့ပါဘူး…အမေ့အကြောင်းတွေ ပြောပြရင်လည်း ငါတို့အမေဟာ ဒီလိုအတန်း အစားပါလားလို့ အကြီးမ သိမ်ငယ်မှာ ရှက်မှာ စိတ်နာသွားမှာစိုးလို့ပါ…ခုတော့ ပြောသင့်ပြီထင်လို့ အမေပြောရတာပဲ သမီ…တကယ်တော့ မိန်းမသားဘ၀တွေဟာ ပန်းကလေးတွေနဲ့ တူပါတယ်…ဒါပေမယ့် အကြီးမရေ ပန်းဆိုတာမျိုးဟာ နေ့မှာ ပွင့်မှ မွှေးမှ တလေးတစားနဲ့ ခူးချင် ပန်ချင် နမ်းချင်သူတွေ များမှာ ပေါ့….. ညမှာပွင့်တဲ့ပန်းဆိုတာ ဘယ်လောက်ပဲလှလှ မွှေးမွှေး လူတွေမအိပ်ချင် မီးအလင်းရောင်ရှိချိန်က လေးသာ အခပေးတန်ဖိုးထားကြတာပါ….အိပ်ပျော်သွားကြပြီဆိုရင်တော့ နွမ်းနွမ်းကြွေကြွေ ပေယျာလကန်. ဖြစ်သွားကြတာပါပဲ။ အမေ့လို ညမှာလန်းတဲ့ အနွမ်းပန်းကြီးဆို ပိုဆိုးတာပေါ့လေ…အမေလေ အဲဒီကိစ္စတွေကို အကြီးမကို ပြောမထွက်ခဲ့ဘူး မပြောရက်ခဲ့ဘူး….ဘာပဲဖြစ်ဖြစ် အမေ့သမီး နုနုထွတ်ထွတ်ကလေးကိုတော့ အမေ့လိုဘ၀မျိုး အရောက်မခံခဲ့တာ သေချာပါတယ်…ဒါတွေဟာ အမေ့ရဲ့မိခင်မေတ္တာလို့ သဘောပေါက်ရင် အကြီးမ ဖြေသာနိုင်မှာပါ…ခုတော့ လန်းဆန်းတဲ့ ပန်းကလေးတစ်ပွင့် နေ့ဘက်မှာ ငိုကြွေးနေတာကို အမေ စိတ်မ ကောင်းပေမယ့် ရင်ထဲမှာ ကျေနပ်နေတယ် အကြီးမရယ်…အဲဒီမျက်ရည်တွေဟာ နှလုံးသားနဲ့ ရင်းလိုက်ရတာတော့ မှန်ပါတယ်…ဒါပေမဲ့ အကြီးမရေ မျက်ရည်ဆိုတာကို မိန်းမသားတစ်ယောက်ရဲ့ အရှက် သိက္ခာ ဘ၀တန်ဖိုးတက်စေဖို့အတွက် ဆေးကြောလိုက်ရတဲ့ ရေစင်ရေအေးအဖြစ် ပြောင်းလဲလိုက် နိုင်တာကိုပဲ အမေဂုဏ်ယူနေတယ် သမီးရယ်…."
ခင်ထားရဲ့စကားကြောင့် အငိုတိတ်သလိုဖြစ်သွားတဲ့ ပါးပြင်ပေါ်က မျက်ရည်စတွေ မခြောက်သေး တဲ့၊ အပြစ်ကင်းစင်တဲ့ အကြီးမမျက်နှာကိုကြည့်ရင်း မိခင်တစ်ယောက်အနေနဲ့ မပြောသင့်တဲ့စကားတစ်ခွန်း ကို ရင်ထဲကပဲ ပြောနေမိခဲ့တာတော့ အမှန်ပါပဲလေ။
အကြီးမရေ အမေလည်း ညဘက်တွေရောက်တိုင်း အကြီးမ မသိအောင် တစ်စုံတစ်ယောက်အတွက် ကြိတ်ငိုနေရတာပါပဲ သမီးရယ်……။
* * *
ထွန်းတောက်ထွဋ်(သင်္ချာ)
ရွှေအမြုတေမဂ္ဂဇင်း၊ ဧပြီလ ၊ ၂၀၀၈ ခုနှစ်
No comments:
Post a Comment