နှင်းဆီနီရဲ့ ည (ခေါင်ခါးခါး( ကလေး))
-------------------------------------------
နှင်းဆီနီ ခုည အိပ်မပျော်။ အိပ်မပျော်သော အတွေးတွေမှာ လွန်ခဲ့သော ဆယ်နှစ်က အတွေးမျိုး ကွက်တိ ဝင်ရောက်လာသည်။ တကယ်တော့ အတွေးလည်း မမည်ပါ။ ရင်ဆိုင်ဖြတ်သန်း ခဲ့ရသည့် တစ်ညတာ အဖြစ်အပျက်ကို မတွေးချင်ဘဲ ပြန်တွေးနေရသည့်၊ မမြင်ချင်ဘဲ ပြန်မြင်နေရသည့် စိတ်အလျဉ် ထုံကူးခြင်းများသာ ဖြစ်သည်။ ခုည ... ယခုည ... ဒီညသည် လွန်ခဲ့သော ၁၀ နှစ်က ညလိုပင်။ စာနာမှု၊ နားလည်မှုတို့ မည်သည် ကိုယ်တိုင် ကြုံဖူးမှ။ နှင်းဆီနီသည် ရင်ဘတ်ပေါ် မှောက်ခုံလေး ဖြန့်ကျနေသော ဂျာနယ်ကို တစ်ခေါက် ပြန်ဖတ်သည်။ ၁၀ ခေါက် မြောက်။ ဂျာနယ်ထဲက လတ်တလော နှင်းဆီနီကို အပြင်က သူမ နှင်းဆီနီ စာနာပါသည်။
* * *
ထိုနေ့က ညနေခင်းသည် နှင်းဆီနီ အတွက် ကြုံဆုံဖူးနေကျ သမားရိုးကျ ညနေခင်းပင်။ ကုမ္ပဏီ ဆိုင်းဘုတ်ကြီး အောက်က နှင်းဆီနီ ခေါင်းပြူ ထွက်လိုက်ချိန်သည် ခြောက်နာရီခွဲ တိတိ၊ ထိုနေ့က အချိန်ပို ရှိသည်။ လမ်းမကြီးမှ လမ်းမြှောင် ကလေးထဲ စတင် ချိုးကွေ့ လိုက်သည်နှင့် အဖြူရောင် ပေါင်မုန့်ကားလေးက ဘွားခနဲ ပေါ်ချလာသည်။ နှင်းဆီနီ ဘေးမှာ ကွက်တိ လာရပ်သည်။ ကားတံခါး ပွင့်လာသည်။ လူတစ်ယောက် ထွက်လာသည်။ နှင်းဆီနီ အသိ ဝင်လာချိန်တွင် ထိုပေါင်မုန့် ပုံစံ ကားကလေးထဲမှာ။ အရှိန်က တအားပြင်းသည်။ တရစပ် အပြေး မောင်းနေသည်။ နှင်းဆီနီ ကားတံခါးတွေကို မဖွင့်တတ်။ ဖွင့်ကြည့်တော့လည်း မရ။ ကားမောင်းသူ သည် စောစောက ကားပေါ်က ဆင်းလာသောသူ။ ကားပေါ်မှာ နှင်းဆီနီရယ်၊ ကားမောင်းသူရယ်။
တံတား တစ်ခုကို ကျော်ဖြတ်ဖို့ ခဏ စောင့်ရချိန်တွင် နှင်းဆီနီ အားတက် လာသည်။ သို့သော် ကားမောင်းသူက ပိုက်ဆံကို တံခါး ဖွင့်လိုက်ရင်း ပစ်ချကာ ချက်ချင်း ပြန်ပိတ်လိုက်သည်။ နောက်သို့ လှည့်ကာ လက်ဝါးကို ဖြန့်ပြသည်။ နှင်းဆီနီ လန့်သွားသည်။ လက်ထဲမှာ ဘာရယ်တော့ မသိ။ သတ္တုရောင် ရှည်မျောမျော လက်ခနဲ။
နောက်တော့ ကားက အဝေးပြေး လမ်းမပေါ် လွတ်လွတ်လပ်လပ် ရောက်ရှိသွားသည်။ ကားဖြူကလေးသည် ကားမောင်းသူ စိတ်တိုင်းကျ ပြေးနေသလိုပင်။ နှင်းဆီနီလည်း ဆူပွက်ရင်တုန် နေသည်မှာ ကားတစ်စီး ပြေးနေသလို။
* * *
ထိုရွာကလေးထဲသို့ နှင်းဆီနီတို့ ရောက်ရှိ သွားချိန်သည် ညရှစ်နာရီ တိတိ။ နှင်းဆီနီ၏ နာရီကလေးက တတီတီ မြည်သည်။ နာရီကလေးက ပုံမှန် လည်ပတ် နေသော်လည်း နှင်းဆီနီ၏ ဘဝက ပုံမှန် မလည်ပတ်နိုင်တော့။
နှင်းဆီနီသည် လွတ်မြောက်ရာ လမ်းစကို ကြိမ်ဖန် ကြံဆ ကြိုးပမ်းသည်။ မရပါ။ ထိုလူသည် အရာရာကို ကြိုသိ နေသလိုပင်။ ကြိုသိ နေပုံက ပိပိရိရိ။ နှင်းဆီနီ ဘာမှ မလှုပ်ရှားရခင်ကို ထိုလူက ချေဖျက် လိုက်ပြီးသား။
ထိုရွာကလေးထဲက ထိုခြံကြီးသည် အမှောင်အောက်မှာ တော်တော် ကျယ်ဝန်းမှန်း သိသာသည်။ တိုက်ပုကလေး ဆီသို့ ရောက်ရန် ခြံဝမှ တော်တော် ဝင်ရသည်။
တိုက်ပုကလေးရှေ့ ကားရပ် လိုက်ချိန်သည် နှင်းဆီနီ၏ မိန်းကလေး တစ်ယောက်၏ အမြတ်နိုးဆုံး ဘဝကို လက်လွှတ် ဆုံးရှုံး ရတော့မည်မှန်း သိလိုက်ပါပြီ။
* * *
အခန်းကျဉ်း ကလေးထဲက အလင်းရောင်မှာ ထိုလူ မျက်နှာက ချွေးစေးတွေနှင့် ထင်းနေသည်။ ဆေးလိပ် မီးခိုးများ၊ ဘီယာနံ့များ၊ ဘဝမှာ ပထမဆုံး ရှူရှိုက် ရင်းနှီးဖူးသည့် ဆန့်ကျင်ဘက်လူ၏ အနံ့များ။
ထိုလူကို မရင်းနှီးချင်ဘဲ ရင်းနှီး သွားရချိန်တွင် နှင်းဆီနီ အားလုံးကို မြင်ယောင် လာသည်။ နှင်းဆီနီတို့ လုပ်ငန်းခွင်သို့ မကြာ မကြာ ရောက်လာတတ်သူ။ ပိုက်ဆံအိတ်က လက်ဆွဲအိတ်နှင့်မှ အဆင်ပြေသူ။ ငွေသွင်း ငွေထုတ်ချိန်မှာ စကား အပိုမပြော။ ထိုလူလာတိုင်း နှင်းဆီနီ၏ ကောင်တာမှာ။ ထိုလူကို မှတ်မိချိန်တွင် အရာရာသည် နှောင်းခဲ့ပြီ။
ထိုညက ထိုလူ၏ စကားတွေကို အလိုက်သင့် ပြန်ပြော ခဲ့ရသည်။ ထိုညက ထိုလူ၏ လက်ကို အလိုက်သင့် ပြန်ဆုပ်ထား ခဲ့ရသည်။ ထိုလူသည် ဘီယာမူးတာနှင့် မတူ။ မျက်လုံးက ပြူးကြောင်ကြီး။ နှုတ်ခမ်းက မည်းနေသော်လည်း အသားက ဖြူသည်။ တစ်ချက် တစ်ချက် ကနွဲ့ကလျ နားရှက်စဖွယ် ပြောနေရင်းမှ ချက်ချင်း ဒေါသထွက်ချင် ထွက်လာသည်။ ပြီးတော့ သူ့ခန္ဓာကိုယ်ကြီးက ပူတောက်နေသည်။ နှင်းဆီနီသည် ငိုကြွေးဖို့ထက် ရှေ့ဆက်ဖို့ကိုသာ စဉ်းစား နေဖြစ်ရင်း ထိုညက မိုးလင်းရသည်။
ထိုလူကလည်း အိပ်ပျော်သည် မရှိ။ ရေသန့်ဘူးကြီးနှင့် တစ်ဖက်ခန်းထဲ ဝင်ချင် ဝင်သွားသည်။ ပြန်ထွက်လာပြီး နှင်းဆီနီကို စကားတွေ ပြောပြန်သည်။ အားကြိုးမာန်တက် စိတ်ပါလက်ပါ စကား ပြောနိုင်သည်မှာ တစ်ညလုံး။
မိုးလင်းခါနီးတော့ နှင်းဆီနီ ထိုလူ့ ရင်ခွင်ထဲ မှေးခနဲ အိပ်ပျော်သွားသည်။ အိပ်မက်ထဲမှာ နှင်းဆီနီ အိမ်ရောက် သွားသည်။ မှောင်ရီပျိုး အိမ်ကလေး ရှေ့မှာ အမေက စောင့်ကြိုလို့။ နှင်းဆီနီ အိမ်ထဲ ဝင်လိုက်တော့ အိမ်က ကားကြီး ဖြစ်သွားသည်။
ကိုယ့်အိမ်ကိုယ် ပြန်ခဲ့တဲ့ မိန်းကလေး တစ်ယောက်ဟာ ဒီလို အဖြစ်မျိုးနှင့် ကြုံတွေ့ နိုင်ပါသလား။ နှင်းဆီနီကတော့ ကြုံခဲ့ပါပြီ။
* * *
"မင်းကို ငါ အကုန် စီစဉ်ပေးမယ်။ ဒီရွာမှာပဲ လက်မှတ်ထိုးပါ"
ထိုလူ၏ စကားကို ကြားယောင်ရင်း ကားပေါ် ပါလာခဲ့ရ ပြန်သည်။ ဒီတစ်ခါတော့ နှင်းဆီနီလည်း ခေါင်းခန်းမှာ အတူတူ။ နောက်ခန်းထဲမှာ ကြောက်ရွံ့ရင်း လိုက်ပါခဲ့ရသူ မဟုတ်တော့။
လုပ်ငန်းခွင်မှာ မကင်းရာ မကင်းကြောင်း အလုပ်သဘော အရ ဆက်ဆံ ဖူးသည်မှ ဘာမှ အဆက်အသွယ် အချိတ်အဆက် မရှိခဲ့။ ထိုလူကတော့ ဒီလို ကိစ္စမျိုးကို ကြံစည်နေတာ ဘယ်မျှ ကြာပြီလဲ။ နှင်းဆီနီ ရင်နာသလို အံ့ဩသည်။ ဒီလို ကိစ္စကို ဒီလို ကြံစည် လိုက်ရုံနှင့် အောင်မြင်သွားရိုး တဲ့လား။
တစ်မနက်ခင်းလုံး ဒီရွာမှာ လက်မှတ်ထိုးဖို့ အကျပ်ကိုင်သည်။ အမျိုးမျိုး ချော့သည်။ ထိုလူသည် တစ်ညလုံး အိပ်ရေး ပျက်ထားပေမယ့် ဘာမှ မဖြစ်သလိုပင်။ လန်းဆန်း တက်ကြွနေသည်။ သူမကတော့ နုံးချည့် နွမ်းလျ နေသည်မှာ စိတ်ရော ကိုယ်ပါ။
ဒီမနက် ဒီရွာမှာ လက်မှတ် ထိုးလိုက်လျှင် ဒီနေ့ပဲ မြို့ပြန်မည်။ ဟိုမှာ အကုန် စီစဉ်မည်။ လက်မှတ် မထိုးလျှင် ဒီရွာ ဒီခြံ ဒီအခန်းထဲမှာ ဆက်လက် နေရမည်။ တကယ့်ကို ငရဲခန်း။
နှင်းဆီနီ ဆုံးဖြတ်ချက်ကို ရဲရဲချကာ ခေါင်းညိတ်လိုက်တော့ ထိုလူက နှင်းဆီနီ မေးစေ့ကို ဆွဲကိုင်ပွတ်ရင်း "ဒီလိုမှပေါ့" ဆိုကာ နှင်းဆီနီကို ကြည့်ကောင်းအောင် ပြင်စေသည်။ ရွာထဲမှ သနပ်ခါးနှင့် မိတ်ကပ်တွေ ရှာလာပြီး နှင်းဆီနီကို လိမ်းကျံစေသည်။ ပြီးတော့ အနာဂတ်ကို ရွှေတွေ၊ ငွေတွေ၊ လုပ်ငန်းတွေ၊ တိုက်ခန်းတွေနှင့် ချပြသည်။
နှင်းဆီနီ ခေါင်းညိတ်လိုက်တော့ ထိုသူသည် သူ့လူ တစ်ယောက်ကို ရွာထဲ လွှတ်သည်။ တစ်နာရီခန့် အကြာတွင် ထိုလူ ပြန်လာပြီး "အဆင်သင့် ဖြစ်ပြီ" တဲ့။
ထိုခြံထဲမှ ကားကလေး စခွာလိုက်ချိန်တွင် နှင်းဆီနီ၏ နာရီက ဆယ်ချက်တိတိ မြည်သည်။ နာရီကလေး ကတော့ ဘာမှ မပြောင်းလဲ။
နှင်းဆီနီ ဘဝကတော့ ပြောင်းလဲခဲ့ပါပြီ။
* * *
နှစ်ဦး သဘောတူ လက်မှတ် ရေးထိုးခြင်း အခမ်းအနားမှာ နှင်းဆီနီ ထင်ထားတာထက် ပိုစည်သည်။ ရိုးသား၍ မြန်မာဆန်သော တောနေတောင်သား လူကြီး သူမများကို တွေ့ရတော့ အိမ်မှာ ကျန်ခဲ့သည့် အဖေနှင့် အမေကို သတိရသည်။ လုပ်ဖော်ကိုင်ဖက်တွေကို သတိရသည်။ သူတို့ ဘယ်လို နေကြမလဲ။
ဘယ်လို အတွေးတွေနှင့် စောင့်စား နားထောင် နေကြမလဲ။
ဒါတွေကို နှင်းဆီနီ ဘယ်လို ရင်ဆိုင်မလဲ။
* * *
နှင်းဆီနီ ခုည အိပ်မပျော်။
အိပ်မပျော်သော အတွေးတွေမှာ လွန်ခဲ့သော ဆယ်နှစ်က အတွေးမျိုး ကွက်တိ ဝင်ရောက်လာသည်။ တကယ်တော့ အတွေးလည်း မမည်ပါ။ ရင်ဆိုင်ဖြတ်သန်း ခဲ့ရသည့် တစ်ညတာ အဖြစ်အပျက်ကို မတွေးချင်ဘဲ ပြန်တွေး နေရသည့်၊ မမြင်ချင်ဘဲ ပြန်မြင် နေရသည့် စိတ်အလျဉ် ထုံကူးခြင်းများသာ ဖြစ်သည်။
* * *
"မဟုတ်ဘူး ... မဟုတ်ဘူး ... သမီးကို ကယ်ကြပါ ... ဘဘတို့၊ ဦးကြီးတို့ရယ် ... သမီးကို အနိုင်ကျင့်ပြီး လင်မယား အဖြစ် လက်မှတ် ထိုးခိုင်း နေတာပါ။ သမီးကလည်း ကြောက်လို့ ထိုးမလို့ပါ အဘတို့ရယ်၊ သမီးက မြန်မာလူမျိုး မိကောင်းဖခင် သားသမီးပါ။ သူက ... သူက ..."
နှင်းဆီနီ ချုံးပွဲချ ငိုရင်း အဖြစ်အပျက် အားလုံးကို ရှင်းပြလိုက်တော့ လက်မှတ်ထိုးပွဲလာ အသိ သက်သေတွေနှင့် ပရိသတ်တို့သည် ပထမ ကြက်သေ သေသွားပြီး၊ နောက် အသိဝင် လာကြကာ ထိုလူကို ဝိုင်းဝန်း လိုက်ကြသည်။
နှင်းဆီနီ အားရအောင် ငိုသည်။
နှင်းဆီနီ ခုနစ်အိမ် ရှစ်အိမ်ကြား ငိုသည်။
နှင်းဆီနီ ဘဝနှင့် ရင်းပြီး ငိုသည်။
* * *
ထိုလူ ထောင် ၁၀ နှစ် ကျခံဖို့ အမိန့်ဒီဂရီ ချသည့် နေ့တွင်ပင် နှင်းဆီနီ တရားစခန်း ဝင်သည်။ ဆေးခန်းသို့လည်း သွားပြီးဖြစ်၍ ဘာမှ နောက်ဆံ တင်းစရာ မရှိတော့။ လွန်လေပြီးသော ကိစ္စတို့ကို ပြန်ပြင်၍ မရနိုင်။ ရှေ့ဆက်ပြီး လောကကို ဣနြေ္ဒရရ ရင်ဆိုင်ဖို့ သတ္တိ မွေးရမည်။
လောလောဆယ် နှင်းဆီနီ၏ မိခင်ကိုယ်တိုင် နှင်းဆီနီကို ၁၅ ရက် တရားစခန်း ဝင်ခိုင်းသည်။ နှင်းဆီနီကလည်း လိုလိုလားလားပင်။
တည်ငြိမ်သော စိတ်နေ စိတ်ထားနှင့် အမှန်အတိုင်း သိမြင်နေသော ဆုံးဖြတ်မှု ကွဲပြားခြင်းကို ရရှိဖို့ နှင်းဆီနီ တရားစခန်း ဝင်လိုက်သည်။
အဖေက အားလုံး သန့်စင်သွားအောင် ဆိုကာ ဆံပင်ကိုပါ ပယ်စေပြီး လူဝတ်ကြောင်ကို စွန့်ကာ ကြည်လင်သော သီလရှင် ဘဝကို ၁၅ ရက် ခံယူ စေလိုက်သည်။
ဘာမှမမြဲ၊ ဘာမှမတည် ဟူသော အဖြစ်နှင့် အပျက်ကို နှင်းဆီနီ ကောင်းကောင်းကြီး ရှုပွားခဲ့လေသည်။
* * *
တရားစခန်းမှ ထွက်လာချိန်သည် သူမ နှင်းဆီနီ စိတ်တွေ ကြည်လင်ခဲ့ပြီ။ အမှု ရင်ဆိုင်စဉ်က ခုလို တိုင်တော အမှုဖွင့်လိုက်တာ မှားသွားပြီလားဟု နှင်းဆီနီ အခါခါ တွေးဖူးသည်။ လူသိ အရှက်ကွဲ။ နှင်းဆီနီ ဘဝရှေ့ရေး အတွက်လည်း မရေရာ။ ကျိတ်နေလိုက်လျှင်၊ တိတ်တိတ်ပုန်း လုပ်နေလျှင် နှင်းဆီနီမှ လွဲ၍ ဘယ်သူမှ သိမှာမဟုတ်။
ခုတော့ မိဘ မောင်ဘွားတွေလည်း အရှက်ကွဲရသည်။
ထိုလူက ၁၀ နှစ်နှင့် ပြစ်ဒဏ် ပြီးသွားမှာ ဖြစ်ပေမယ့် နှင်းဆီနီကတော့ ၁၀ နှစ်နှင့် ပြီးသွားမှာ မဟုတ်။ တစ်ဘဝစာ ဖြစ်သည်။
သို့ပေမယ့် နှင်းဆီနီသည် ဒီလိုပုံနှင့် ငုံ့ခံ အရှုံး မပေးချင်။ ဒီလို ယောက်ျားတွေကို ဒီလို ပြန်ပြီး ဒဏ်ခတ် လိုက်ချင်သည်။ နှင်းဆီနီ အနစ်နာခံကာ တိုင်တန်း လိုက်ခြင်းသည် အမျိုးသမီးကောင်းတွေ အတွက် အထိုက်အလျောက် အကာအကွယ် ရသွားမည်မှာ အမှန်။ သင်ခန်းစာလည်း ရသွားကာ ကာကွယ် ဆင်ခြင်မှုကိုလည်း ကြိုတင် ပြုနိုင်ကြမည်။
ထိုသို့သော ယောက်ျားဆိုး တွေလည်း အထိုက်အလျောက်တော့ ကြောက်ရွံ့ ဆင်ခြင် သွားကြမှာ အမှန်။ ထိတ်လန့် နောက်တွန့် သွားကြမှာ အမှန်။
နှင်းဆီနီ ခုလို ဖွင့်ချ တိုင်တန်း လိုက်ခြင်းသည် အမျိုးသမီးထု အတွက် နမူနာပြ အနစ်နာခံ လိုက်ခြင်းဟု ခံယူမိ သွားချိန်တွင် နှင်းဆီနီ လောကကို ရင်ဆိုင် ရဲလာသည်။ စိတ်ရော ကိုယ်ပါ ကြည်လင်လာသည်။
တရားစခန်းမှ ထွက်ပြီးချိန်သည် ကုမ္ပဏီမှလည်း အလုပ် ထွက်လိုက်ပြီ။ နှင်းဆီနီသည် အိမ်တွင်းမှု လုပ်ငန်း တစ်ခုဖြင့် ဘဝသစ်ကို စသည်။
* * *
ဟိုလူ ထောင်မှလွတ်ပြီး တစ်နှစ်ခန့် အကြာ ... မင်္ဂလာဆောင် သတင်းကို ဖတ်ရတော့ နှင်းဆီနီ သိပ် မအံ့ဩတော့ပါ။ လောကကြီးက ဒီလိုပဲ ဖြစ်သည်။
နှင်းဆီနီ ကတော့ ခုတိုင် အိမ်ထောင် မပြုဖြစ်သေး။ ကမ်းလှမ်းသူလည်း မရှိပါ။ အိမ်ဆိုင်ကလေး ကတော့ စားသောက်ကုန် လုပ်ငန်းဖြင့် အောင်မြင်သည်။
ကိုယ့်ဘဝကိုယ် ကိုယ်လည်း ကျေနပ်ခဲ့ပြီ။
ကံ ... ကံ၏ အကျိုးကိုလည်း ကြာလေလေ ယုံကြည်လေ ဖြစ်ခဲ့ပြီ။
ဘုရား၊ တရားလည်း မြင်ခဲ့ပြီ။ ကိုယ့်ဘဝကိုယ်သာ မဟုတ်၊ အိုကြီး အိုမ မိဘနှစ်ပါးနှင့် မောင်နှမတွေကို တာဝန်ယူ လုပ်ကိုင်ကျွေး နိုင်ခဲ့ပြီ။
ခုည ... ယခုည ... ဒီညသည် လွန်ခဲ့သော ၁၀ နှစ်က ညလိုပင်။ စာနာမှု၊ နားလည်မှုတို့ မည်သည် ကိုယ်တိုင် ကြုံဖူးမှ။ နှင်းဆီနီသည် ရင်ဘတ်ပေါ် မှောက်ခုံလေး ဖြန့်ကျနေသော ဂျာနယ်ကို တစ်ခေါက် ပြန်ဖတ်သည်။
၁၀ ခေါက်မြောက်။
ဂျာနယ်ထဲက လတ်တလော နှင်းဆီနီကို အပြင်က သူမ နှင်းဆီနီက စာနာပါသည်။
မှုခင်း ဂျာနယ်ထဲက အဖြစ်အပျက်သည် လွန်ခဲ့သော ၁၀ နှစ်က နှင်းဆီနီ၏ အဖြစ်အပျက် အတိုင်း။ မမြင် မကြားဖူးသော အခြား နှင်းဆီနီ တစ်ဦး။
အမှုကတော့ ဖွင့်ထားဆဲ။ ရင်ဆိုင်ဆဲ။
နှင်းဆီနီ စိတ်ဝင်စားသည်က တစ်ဖက်လူကို မဟုတ်ပါ။ နှင်းဆီနီနှင့် ဘဝတူ ဂျာနယ်ထဲက နှင်းဆီနီကို ဖြစ်သည်။ ထိုနှင်းဆီနီကို ခုနှင်းဆီနီက နားလည်ပါသည်။
ထိုဂျာနယ်ထဲက နှင်းဆီနီသည် လွန်ခဲ့သော ၁၀ နှစ်က နှင်းဆီနီလို ရှေ့ဆက်ရမည့် ဘဝကို ရဲရင့် တည်ငြိမ်စွာ ရင်ဆိုင်ဖြတ်သန်း နိုင်ပါစေဟု လတ်တလော နှင်းဆီနီက လေးလေးနက်နက် ဆုတောင်းပါသည်။
-----------------
ခေါင်ခါးခါး (ကလေး)
ရွှေအမြုတေ၊ အမှတ် ၁၅၈၊ ဇန်နဝါရီ၊ ၂၀၀၃။
credit - မြန်မာဝတ္ထုတိုများ Page
No comments:
Post a Comment