ပတ်လည်အရွေ့ - နန္ဒာစိုး (ဆင်ဖြူကျွန်း)
* * *
(၁)
"နယူတန် တစ်ယောက် ဆုံးရှာပြီ" ဆိုတဲ့ သတင်း ကြားတော့ ကျွန်တော် အတော်ကြီးကို အံ့အား တသင့်နဲ့ သံဝေဂ ရမိတယ်လို့ ပြောရင် ကြားရသူ အပေါင်းက မျက်ခုံးပင့် ကြည့်ကြလေ မလား မပြော တတ်ဘူး။ "နယူတန်ညဆုံးတာများ ကြာပဲ ကြာခဲ့လှပေါ့။ ဘာ ခုမှ နွားအိုလန့် လန့်ပြီး အံ့အားသင့် နေရတာ တဲ့တုံး" လို့တောင် အောက်မေ့ ကြမယ် ထင်တယ်။ ဟုတ်သလေ။ နယူတန် ဆိုတာက ကမ္ဘာကျော် ပညာရှင်ကြီး တစ်ယောက် မဟုတ်လား။ သူ့နာမည် ကြားလိုက်တာ နဲ့ပဲ သူ့ရဲ့ ထင်ရှားလှတဲ့ "နယူတန် လော" လို့ ဆိုတဲ့ ဥပဒေသ တွေတောင် ပြေး သတိရ ကြလိမ့်ဦး မလားပဲ။ "သက်ရောက်မှု တိုင်းတွင် ယင်းနှင့် တူညီသော တန်ပြန် သက်ရောက်မှု ရှိကြသည်" အစ ရှိတဲ့ ဘာဘာ ညာညာ ဆိုတာမျိုး တွေလေ။
အံ့အားသင့် မသွားပါနဲ့ဗျာ။ ကျွန်တော် ပြောမှာက အဲဒီ ကမ္ဘာကျော် သိပ္ပံ ပညာရှင် ရူပဗေဒ ပညာရှင်ကြီး အိုင်းဇက်စ် နယူတန် အကြောင်း မဟုတ်ပါဘူး။ ကျွန်တော်တို့ သူငယ်ချင်း နယူတန် အကြောင်းပါ။
* * *
(၂)
သူ့နာမည်က သောင်းတန် တဲ့။ သူ့ဟာသူ သောင်း တန်သလား၊ သိန်း တန်သလား၊ ကုဋေချီ တန်သလားတော့ မပြောတတ်ဘူး။ ကျွန်တော်တို့ ရွယ်တူ တန်းတူ အပေါင်း အသင်းတွေ ကြားထဲမှာတော့ သင်းဟာ နယူတန် ဆိုတဲ့ နာမည်ပြောင် တစ်လုံးကို ရှုံ့ရှုံ့မဲ့မဲ့ လက်ခံ ပိုင်ဆိုင် သွားရရှာ တာပါပဲ။ ပြောမယ့်သာ ပြောရ၊ သည်ငနဲဟာ တကယ်ပဲ ကမ္ဘာကျော် ရူပဗေဒ ပညာရှင်ကြီး နယူတန် သေပြီးတဲ့နောက် အကြိမ်ကြိမ် ထပ်မံ ဝင်စား ကျင်လည်ရာ ဘဝပေါင်း များစွာမှာ ဘယ်နှဆက်မြောက် အဖြစ် ပြန်ဝင်စားတဲ့ သတ္တဝါ လေလဲလို့ တွေးကြည့် ချင်စရာ ကောင်းအောင်ပဲ ထူးပါတယ်။ တခြားကြောင့် မဟုတ်ဘူး။ ကျွန်တော်တို့ ကသာ ကျောင်းက ခွာလာပြီး ဘဝထဲမှာ ကျင်လည် ရုန်းကန် ကြရချိန်မှာ ကျောင်းမှာ သင်ခဲ့ရတဲ့ စာတွေ ကျောင်းကို "ပျံ" သွားကြပြီ ဆိုသလို ဖြစ်ခဲ့ကြ ပေမယ့် သူကတော့ ရူပဗေဒ ဘာသာရပ်ကို သူ့ဘဝ အတွက် တိတိကျကျကြီး အသုံးချ သွားနိုင်ခဲ့လို့ပဲ။
ဒီနေရာမှာ သောင်းတန် ကနေ နယူတန် ဖြစ်လာရပုံ ကလေးကို အမှတ်ရ မိပါသေးရဲ့။ ရူပဗေဒ ဘာသာရပ်မှာ "အလျင်" တို့၊ "အရွေ့" တို့ ဆိုတဲ့ အဓိပ္ပါယ် ဖွင့်ဆိုချက် ကလေးတွေ သင်ကြရတော့ ဘာသာပြ ဆရာ ဦးမြတ်ကျော် ကလည်း အတော် အသင်ပြ ကောင်းတာလား၊ အရာဝတ္ထု တိုင်းမှာ ရှိတဲ့ ရွေ့လျားမှု သဘောတရားကို ဆရာက သင်ပါတယ်။
"အရာဝတ္ထု တိုင်းရဲ့ ရွေ့လျားမှု သဘောတရားကို အရွေ့လို့ ခေါင်းစဉ်ပေး ထားတယ်။ အဲဒီ အရွေ့ဟာ နှစ်မျိုး ရှိတယ်။ တစ်၊ ပတ်လည် အရွေ့။ နှစ်၊ ထောင့်ပြောင်း အရွေ့တို့ ဖြစ်တယ်။ မင်းတို့ မြင်သာအောင် ပြောရရင် လေးထောင့်စပ်စပ် ကျောက်တုံးကြီး တစ်တုံးကို မြေကြီးပေါ် တရွတ်တိုက် မြေပြင်ညီ အတိုင်း ရွေ့လျား သွားအောင် တွန်းပေးလို့ ရွေ့ရခြင်းကို ထောင့်ပြောင်း အရွေ့လို့ ခေါ်မယ်။ ဒါပေမဲ့ အဲဒီ ကျောက်တုံးကြီးကို ကုတ်နဲ့ ကော်မပြီး လှည့်လည် လည်ပတ် ရွေ့လျား စေတာ မျိုးကြောင့် ရွေ့လျား ရခြင်းကို ပတ်လည် အရွေ့လို့ ခေါ်တယ်။ ဒီတော့ ဒီအရွေ့ နှစ်မျိုးမှာ ထောင့်ပြောင်း အရွေ့ဟာ ရိုးစင်းပြီး အားအင် ကုန်ခန်းအောင် စိုက်ထုတ်ရမှု ရှိသလောက် ပတ်လည် အရွေ့ ကတော့ ညင်သာ လွယ်ကူပြီး ပိုမို ခရီးရောက် တာကို တွေ့ရမယ်။ ကဲ ...ဆီအပြည့် ဖြည့်ထားတဲ့ ဆီပီပါ တစ်လုံးကို ဒီအတိုင်း တည့်တည့်ကြီး မတ်တတ်ရပ် အတိုင်း ထောင်ပြီး တွန်းမလား၊ သို့မဟုတ် လှဲချပြီးမှ ပီပါ အဝိုင်း အတိုင်း လှိမ့်တွန်း မလား၊ အဲဒီ နှစ်နည်းမှာ ဘယ်နည်းက သက်သာ လွယ်ကူ မလဲဟေ့"
"အဝိုင်း အတိုင်း လှိမ့်တွန်းတာက သက်သာ လွယ်ကူ ပါတယ် ဆရာ"
"အေး- အဲဒါဟာ ရူပဗေဒမှာ ပတ်လည် အရွေ့ပဲ။ မော်တော်ကားတွေ၊ လှည်းတွေမှာ ဘီးကို စက်ဝိုင်း သဏ္ဌာန် အသုံးပြုကြခြင်းဟာ ပတ်လည် အရွေ့ သဘောတရားကို အခြေခံတာပဲ။ ကဲ- အရွေ့ နှစ်မျိုး အကြောင်း မှတ်မိကြ ရောပေါ့"
ဆရာ သင်ပြပုံက နားထဲကိုတင် မကဘူး၊ ရင်ထဲ အသည်းထဲ အထိ စွဲမှတ်မိ သွားအောင် သင်ပြ သွားတာပါ။ မှတ်ဥာဏ်ထဲကို အခြေခံကျကျ စွဲဝင် သွားအောင် ရိုက်သွင်း ပေးလိုက်တာမျိုး။ အဲဒီ နေ့က မုန့်စားကျောင်း ဆင်းတော့ ကျောင်းသားတွေ စကားဝိုင်း ထဲမှာ သောင်းတန်က ထ ကြေညာတယ်။ ဘယ်သူကမှ မမေးရ ဘဲနဲ့ သူ့ဟာသူ စိတ်ကူးနဲ့ ရဲရဲ ထပြော တာပါ။
"တောက် ... ရူပချိန် တုန်းက ဆရာ ဦးမြတ်ကျော် သင်သွားတာ ရှင်းလိုက်တာ။ ပတ်လည် အရွေ့နဲ့ ထောင့်ပြောင်း အရွေ့ နှစ်မျိုး အကြောင်းလေ၊ ငါကတော့ ပတ်လည် အရွေ့ပဲ သဘောကျတယ်။ ဒီတော့ကာ ငါ့ဘဝ တစ်လျှောက်လုံး မှာလည်း အဲဒီ ရူပဗေဒရဲ့ ပတ်လည် အရွေ့ သဘောတရားနဲ့ပဲ ချီတက်မဟေ့။ အဲဒါ အီဖေကိုယ်ရဲ့ သံမဏိ ဆုံးဖြတ်ချက်လို့ ဂဏှာဟိ မှတ်ကြပေလော့" တဲ့။
သူ ကြွေးကြော် လိုက်ပုံက။
နောက် ... ဘာကြာလို့လဲ။ ၁၀ ရက်လောက် ကြာတော့ အရင်က ရိုးရိုး ခြေကျင်ပဲ ကျောင်းသွား၊ ကျောင်းပြန် လုပ်တတ်တဲ့ သောင်းတန်က ကျောင်းကို စက်ဘီးနဲ့ တက်တော့တယ်။ သောင်းတန်တို့က နွမ်းပါး ပါတယ်။ စက်ဘီးနဲ့ ကျောင်းတက် နိုင်တာ မဟုတ်ပါဘူး။ ဒါပေမဲ့ သူက မောင်ဗမာ စက်ဘီး စုတ်ကလေး ဖင်ကြား ညှပ်လို့။
"အောင်မယ်၊ နင်က စက်ဘီးတွေ ဘာတွေနဲ့ ကြွချီတော်မူ လာသကိုး"
သူငယ်ချင်း တွေက ဝိုင်းနောက် ကြတော့ သောင်းတန်က ဘာပြန် ပြောတယ် မှတ်တုံး။
"အေး- ငါ သတင်းစာ ပို့တဲ့ အလုပ်ကို ဝင်လုပ် လိုက်တာကွ။ ငါ့အိမ်က ဘာမှ တတ်နိုင်တာ မဟုတ်တော့ စက်ဘီး ဝယ်ပေးနိုင်တာ မဟုတ်ဘူးလေ။ ဒီတော့ သတင်းစာ ပို့တဲ့ အလုပ်ကို ဝင်လုပ်ရင်း သတင်းစာ ကိုယ်စားလှယ် ဦးလေးကြီးကို ပြောရတာပေါ့။ ဦးလေးတို့မှာ ဒီစက်ဘီး အဟောင်းလေးက ပိုနေတာပဲ ဦးလေးရယ်။ ပျက်ရင် ကျွန်တော် ပြုပြင်ပြီး စီးပါ့မယ်။ ကျွန်တော့်ကို ပေးထားပါ။ အလုပ် ဆင်းချိန် ကျလည်း နောက်မကျတော့ ဘူးပေါ့။ ဘာညာနဲ့ ချော့ပြီး အဲဒီ ဘီးကို ရအောင် လုပ်ယူ ရတာပေါ့။ ဟဲဟဲဟဲ ဒါဟာ ပတ်လည် အရွေ့ ဆိုတဲ့ ရူပဗေဒ သဘောတရားကို လက်တွေ့ စတင် အသုံးချခြင်းလေ။ ပတ်လည် အရွေ့ကလေးနဲ့ ကျောင်းလာတက် ရတာ ခြေကျင် လျှောက်တုန်း ကထက် အများကြီး သက်သာသကွ" တဲ့။
"အောင်မယ်လေး ဟဲ့။ ခုမှ ရူပဗေဒ သဘောတရား တွေကို လက်တွေ့ အသုံး ချနေတဲ့ နယူတန် လက်သစ်နဲ့ လာတိုး နေတယ်။ ဒီ မသာကို နယူတန်လို့ပဲ ခေါ်ကြမှနဲ့ တူတယ်"
အဲဒီက စပြီး သောင်းတန် နာမည် ပျောက်ပြီး သူငယ်ချင်းတွေ ကြားမှာ သူ့ နာမည်က နယူတန် ဖြစ်သွားတော့ တာပါ။ ဒါပေမဲ့ သူဟာ အဲဒီ အချိန် ကတည်းက သည် ပတ်လည် အရွေ့ သဘောတရားကို စတင် အသုံးချခဲ့တာ ကတော့ သေချာတယ်လေ။
* * *
(၃)
အထက်တန်း ကျောင်းသား ဘဝကို လွန်မြောက် လာခဲ့ကြတော့ ကိုယ်စီ ကိုယ်င ကိုယ့်ဘဝ လမ်းကြောင်းကို ရွေးချယ် ကြရ ပြီလေ။ ကျောင်း ဆက်တက်တဲ့ သူတွေလည်း ရှိ၊ နီးစပ်ရာ၊ ဝါသနာ ပါရာ အလုပ်ခွင်ကို ဝင်တဲ့ သူက ဝင်၊ မိဘ လက်ငုတ် လုပ်ငန်းမှာ ဝင်လုပ်တဲ့ သူက လုပ်၊ အမျိုးမျိုး ပေါ့။ တချို့ သူငယ်ချင်း တွေလည်း တစ်ရပ် တစ်ရွာ ရောက်တဲ့ သူတွေ ရောက်ကုန်ကြ ပေါ့လေ။
ကျွန်တော်နဲ့ နယူတန် ကတော့ မကြာ မကြာ တွေ့တတ် ကြတယ်။ စိမ်ပြေ နပြေ ထိုင် လေကန် ကြရတဲ့ တွေ့ပုံမျိုးတော့ မဟုတ်ဘူး။ ဟိုနား ဖျတ်ခနဲ၊ ဒီနား ဖျတ်ခနဲ လှမ်းတွေ့ နှုတ်ဆက်ကြပုံ မျိုးလောက်ပါ။
"နေကောင်းလား"
"ဘာတွေ လုပ်နေသလဲ"
ဆိုတာမျိုး အတည် အတံ့ ပြောဖြစ် ကြတာမျိုး ရှိသလို။
"ဟင်း ... မင်း ရှိသေးသကိုး။ ငါက သေပြီးပြီ ထင်နေတာ"
"ဟ- မင်း အသုဘ လိုက်ပို့ဖို့ တာဝန်က ရှိသေးတာ ကိုးဟ"
ဆိုတာမျိုး နောက်နောက် ပြောင်ပြောင် လှမ်းအော် လိုက်ကြရုံ တွေ့ဆုံမှု မျိုးလည်း ရှိသပေါ့။ တစ်ရက် မှာတော့ လက်ဖက်ရည် ဆိုင်မှာ ၁၀ မိနစ်လောက် တစ်စားပွဲတည်း ထိုင်မိ ကြချိန်မှာ သူက ပြောတယ်။
"ငါ ကတော့ အရောင်းအဝယ် လောကထဲ တစ်ကိုယ်လုံး ပစ်ဝင် လိုက်ပြီကွ။ စပါး၊ နှမ်း၊ ကြက်သွန်၊ အာလူး၊ ငရုတ်က အစ ပွဲရုံတွေ အတွက် အဝယ်တော် လုပ်ပေး နေတယ်။ ပွဲစား လုပ်တဲ့ အခါလည်း လုပ်တယ်။ ခဏ နေရင်ကို ရွာတွေကို စက်ဘီး တစ်စီးနဲ့ ကြိုပေး ငွေတွေ လည်ချေ ထားဖို့ လစ်ရတော့ မှာဟေ့။ ဒီမှာ ပွဲရုံတွေက ငွေတွေ ထုတ်လာ ခဲ့တာပဲ ကြည့်"
ပြောပြော ဆိုဆိုနဲ့ သူ လွယ်ထားတဲ့ သားရေအိတ် ဇစ်ကို ဆွဲဖွင့် ပြတော့ ငွေတွေ အပြည့်။
"ကောင်းပါတယ်။ မင်းက ကျောက်ဆင်းတု ခေါင်းညိတ်အောင် ပြောတတ်တဲ့ ကောင်၊ ဂိုက် ကလည်း ရုပ်ရှင် မင်းသား ရှုံးတော့ မင်းကို ယုံလို့ ပုံလိုက် ကြမယ့် ပွဲရုံ ပိုင်ရှင်တွေ၊ စိုက်ပျိုးသမား တောင်သူတွေ ကိုယ်စား ရင်လေးမိ ပါသေးရဲ့။ ဘယ်ချက်သာ ဘာ ကြားရမယ် မသိသေးတာ"
သည်တော့ သူက ကျွန်တော့်ကို ပျစ်ပျစ်နှစ်နှစ် ခွဆဲပြီး
"နေပါဦး၊ မင်း ကကော ဘာလုပ် နေတုံး" တဲ့။
"ငါ ကတော့ စာပဲ ရေးနေတာ ပေါ့ကွာ"
ပြောမယ့်သာ ပြောလိုက်ရ၊ ကျွန်တော့်မှာ အားမရှိ။ ဟုတ်တယ်လေ။ သည်တုန်းက အသည်းအသန် ကြိုးစားပြီး ရေး၊ ဖတ်၊ မဂ္ဂဇင်း တွေကို ပို့နဲ့ မအား နိုင်အောင် ရှိပေမယ့် ကျွန်တော့် ဝတ္ထု စာမူလေး တွေက တစ်နှစ် ရှိလို့ လေးပုဒ် ပုံနှိပ်စာလုံး ဖြစ်လာဖို့ မသေချာတဲ့ ကာလ။ ရှုမဝ၊ မိုးဝေ၊ သွေးသောက်၊ မြဝတီ၊ ငွေတာရီတို့ လောက်ပဲ ခိုင်ခိုင်မာမာ မဂ္ဂဇင်းကြီးတွေ ရှိသေးတဲ့ အချိန်။ ပေဖူးလွှာတို့၊ မဟေသီတို့မှ စတင် ထွက်ရှိစ။ ကလျာ၊ စံပယ်ဖြူ၊ လုံမလေး စတဲ့ အမျိုးသမီး မဂ္ဂဇင်းတွေ လုံးဝ မမွေးဖွားသေး။ ကျွန်တော်က "စာပဲ ရေးနေတယ်" လို့လည်း ပြောလိုက်ရော ကိုင်း- ငါ့ကို စိတ်ကြိုက် ထိုးပေတော့လို့ ပြိုင်ဘက်ကို ရင်ဖွင့် ပေးလိုက်တဲ့ လက်ဝှေ့သမား ကျလို့။ နယူတန်က ကျကျနနကြီး အထက်စီးက "ခွပ်" တော့တာကို လှိမ့်ခံ ရတော့တာပဲ။
"လက်စသတ်တော့ မင်းက ခုထိ ထောင့်ပြောင်း အရွေ့နဲ့ ချီတက်တုန်းကိုး။ ပီပါကို မတ်တတ် ဒေါင်လိုက် တွန်းနေသေးတဲ့ ငတုံး ပဲ။ ကြီးပွားဦးမယ့် အကောင်၊ ဟဲဟဲ ငါ ကတော့ ပတ်လည် အရွေ့ သဘောတရားပဲ ဟေ့။
ဟိုမှာ စက်ဘီးကလေး မြင်တယ်မို့လား။ ညင်ညင် သာသာနဲ့ လျင်လျင် မြန်မြန်ကလေး ရွေ့လျား လည်ပတ်မှုပေါ် ခွစီးပြီး မကြာခင်ပဲ ကြိုတင်ပေး ငွေတွေ သွားချေ တော့မှာ။ မင်းကတော့ ကျောက်တုံးကို မြေညီအတိုင်း ချွေးဒီးဒီး ကျအောင် မိုက်မိုက်မဲမဲ ဆက်တွန်းဦး ပေါ့ကွာ။ သနားစရာ သတ္တဝါ ဟားဟားဟား။ တို့ကတော့ ပတ်လည် အရွေ့ အတိုင်း သက်သက် သာသာပဲ"
ကျွန်တော် ကလည်း တုံ့ပြန် ပျစ်ပျစ်နှစ်နှစ် ပြန်ဆဲတော့ နယူတန်က တဟားဟားနဲ့။ သည်လိုပါပဲ။ ကျွန်တော်နဲ့ နယူတန် ကတော့ တွေ့တာနဲ့ ဦးတဲ့သူက ဆဲရင်း တွေ့လိုက် ပျောက်လိုက်ပဲ။ နောက် သုံးလေးနှစ် ကြာတော့ နယူတန်ရဲ့ မင်္ဂလာ ဖိတ်စာ ရောက်လာတယ်။ ဖိတ်စာသာ ပြောရ၊ လူရင်းတွေပဲ ရွေးဖိတ်ပြီး ဧည့်ခံတဲ့ သဘောလောက်ပဲ လုပ်တဲ့ ပွဲပါ။ အကြီးအကျယ် မဟုတ်ပါဘူး။
မဟုတ်ဆို သူ ရွေးချယ် လိုက်တဲ့ သတို့သမီးက ကလေး နှစ်ယောက် အမေ မုဆိုးမ ဖြစ်နေ ပါကောလား။ ဒါပေမဲ့ အဲဒီ မိန်းမက သီးနှံပွဲရုံ ပိုင်ရှင်လေ။ သူထက်လည်း ၁၀ နှစ်လောက် အသက် ပိုကြီးချေ သေးရဲ့။
"ဟေ့ကောင် နယူတန်၊ မင်း ကတော့ လုပ်ချလိုက် ပြန်ပြီ။ ဘယ်လို ပယောဂတွေ ဝင်ပူးသွားလို့ ဒီ အမျိုးသမီးကို ယူလိုက် ရတာတုံး။ မင်းနဲ့ ကြိုက်နေတဲ့ မင်းရဲ့ ငယ်ရည်းစား ကောင်မလေးက ဘယ်ရောက် သွားသတုံး။ မင်းနဲ့ အဆက်ပြတ် သွားပလား"
ကျွန်တော်က တိုးတိုး တိတ်တိတ်နဲ့ အံကြိတ် မေးတော့-
"ဟင့်အင်း၊ ငါနဲ့တော့ ကြိုက်တုန်းပဲ။ ဒါပေမဲ့ ကြိုက်တာက တခြား၊ ယူတာက တခြား၊ သတ်သတ်စီ လေကွာ။ ငါ့ရည်းစား ကတော့ ငါ့ကို သစ္စာ မရှိတဲ့ကောင် ပြောလို ပြော။ အသည်းစား ဘီလူးလို့ ချဲလို ချဲပဲ" တဲ့။
"အေးလေ၊ ပြောမှာပေါ့။ ဒီလောက် လေးငါးနှစ် ကြိုက်လာ ကြတဲ့ ငယ်ရည်းစားပဲ ဥစ္စာ၊ သစ္စာ မရှိတဲ့ ကောင်၊ ငယ်ရည်းစား အပျိုကို ပစ်ပြီး ကလေး နှစ်ယောက် အမေ မုဆိုးမကို တကယ်လည်း မကြိုက်ဘဲနဲ့ မင်းမို့ ယူတယ်"
အမှန်ကတော့ ပြောမနာ ဆိုမနာ ဆဲမနာ တွေမို့ စိတ်ချဉ် ပေါက်ပေါက်နဲ့ ကျွန်တော်က ဘေးထုပစ် လိုက်တာပါ။ ဒါပေမဲ့ သင်းက ပြန်ထုလို့ ပုဝင် သွားရတာက ကျွန်တော်ပဲ ဖြစ်နေပြန် ပါကလား။ သူက မျက်လုံးပြူးနဲ့ ကြည့်ပြီး ပြောလိုက် တာမှ "အံ တကြိတ်ကြိတ် ထိတ်များ ထိတ်ပါ ဘိတော့တယ် မောင်ရယ်။ နှစ်ယောက်တည်း ဆိုရင် မောင်ရယ်" ဆိုတဲ့ သီိချင်းတောင် ပြေး သတိရမိလိုက်မိ သေးရဲ့။
"ဟကောင်ရ၊ သစ္စာ မေတ္တာတွေ လာလုပ် မနေနဲ့။ သစ္စာ မေတ္တာ ဆိုတာ ရွှေမန်း သဘင် ပဲကွ။ ချစ်တာလေး တစ်ခုတည်း တွေးနေလို့ မဖြစ်ဘူး ငတုံးရဲ့။ မင်း ဒီလို တုံးလို့လည်း ခါးချည့်၊ လက်ညောင်း၊ မျက်စိမှုန်၊ ဒူလာ စွဲမယ့် စာရေးဆရာ ဘဝက မတက်တာ။ ငါက ပွဲစား၊ အဝယ်တော်၊ ငါ့ရည်းစားက စက်ချုပ်သမ၊ ဒါတောင် သူများ စက်မှာ အခစား ချုပ်ရတာ။ ကိုင်း- အဲဒီ နှစ်ယောက် ယူပါပြီတဲ့။ နှုတ်ခမ်းပဲ့ချင်း ပြိုင်မှုတ်လို့ မီး ထတောက်ပါ့ မလားကွ။ အခု ငါ ယူလိုက်တာက ကလေး နှစ်ယောက် အမေ မုဆိုးမ ဆိုပေမယ့် ပွဲရုံ ပိုင်ရှင်ကွ။ ငါ့ စိတ်တိုင်းကျ "လိမ့်" နိုင်အောင် "လှိမ့်" ပေးနိုင်တဲ့ ဓန မောင်းနှင်အား ရှိတယ်။ ငွေကြေး ချောဆီတွေ ရှိတယ်။ ဒါကြောင့် ယုံအောင် ပြောပြီး လွမ်းအောင် ချွဲပြခဲ့ ရတာပေါ့ဟ လဒ ရ။ အပျိုတွေ၊ တစ်ခုလပ်တွေ၊ မုဆိုးမတွေ လုပ်မနေ ပါနဲ့ကွာ။ ည အမှောင်ထဲ မှာတော့ ကြောင် ဟူသမျှက တစ်ရောင်တည်း ပါပဲ ဆိုတာ လောက်မှ နင် မသိဘူးလား။ ဒါနဲ့များ စာရေးဆရာ လုပ်နေရသေး သတဲ့"
"ပြီးရော မပြောတော့ဘူး။ မပြောတော့ပါဘူး" ဆိုတဲ့ သွားလေသူ ရုပ်ရှင် သရုပ်ဆောင် ဒေါ်မြလေးရဲ့ ညည်းညူသံကို ဘယ်လောက် အောက်မေ့ဖွယ် ကောင်းလိုက် လေတော့ သလဲ။ ကျွန်တော် နယူတန်ကို အမြင် ကတ်ကတ်နဲ့ မျက်စောင်းထိုး ကြည့်ရုံပဲ တုံ့ပြန် နိုင်တော့တယ်။ လန့်လည်း အတော် လန့်သွားတယ်။ ကိုယ်လည်း ဘာမှ ဝင်စွက်ဖက် ပိုင်ခွင့် ရှိတဲ့ ကိစ္စ မဟုတ်လေတော့ "အေးလေ၊ သင်းက ပတ်လည် အရွေ့သမား ကိုး" လို့ပဲ သက်ပြင်းကြီး ချလိုက်ရ တော့တယ်။
အောင်မယ်၊ ပြောမယ့်သာ ပြောရ၊ သူ့ ပတ်လည် အရွေ့နှုန်းက ပိုပြီး မြန်ဆန် ရွေ့လျား လာတာ ကတော့ သေချာ သဗျ။ ဘာကြောင့်တုံးဆို ဟိုတုန်းက တကုန်းကုန်းနဲ့ နင်းခဲ့ရတဲ့ စက်ဘီး နေရာမှာ အစားထိုး ဝင်ရောက် လာတာက စူပါကပ် မော်တော် ဆိုင်ကယ်ကလေး ဖြစ်လာတော့ တာကိုး။ သင်းရဲ့ အလိုအတိုင်း ဆိုရင် "ညင်သာ လျင်မြန်သော လည်ပတ် ရွေ့လျားမှု ပေါ်တွင် သက်သာစွာ ခွစီးလျက် ခရီးဆန့် နိုင်ချေပြီ တကား" လို့ပဲ ခပ်ရွဲ့ရွဲ့နဲ့ ဝါကျ ဖွဲ့ပေးရ ဦးမယ့်ပုံ။
* * *
(၄)
အဲဒီက နောက်ပိုင်း ကာလကိုတော့ အတိုပဲ ချုပ်ကြ ပါစို့ရဲ့။ ရုပ်ရှင်တွေ ထဲကလို နှစ်စက္ကန့်၊ သုံးစက္ကန့်လောက် ပြကွက်ကလေး တစ်ခုတည်းနဲ့ လွှားခနဲ ခုန်ကျော်လိုက် ရမယ် ဆိုရင်ဖြင့် "နောင် ၁၀ နှစ်ခန့် ကြာသော အခါ" လို့ စာတန်းထိုး ပြရလိမ့်မယ် ထင်ပါရဲ့။
သည် ၁၀ နှစ်တာလောက် ကာလရှည်ကြီး အတွင်းမှာတော့ ကျွန်တော်နဲ့ နယူတန်တို့ အတော်ကြီးကို တွေ့ဆုံမှု ကျဲပါး သွားတယ်။ ကျွန်တော် ကလည်း ကျွန်တော် အသက်မွေး ဝမ်းကျောင်း ပုရာ စာပေလောက ရှိလေတဲ့ ရန်ကုန်မြို့မှာ လေးငါးလ နေလိုက်၊ ဇာတိ မြို့ကလေးကို တစ်ခေါက် တစ်ကျင်း ပြန်လိုက်၊ ရန်ကုန်ကို ပြန်နေ လိုက်နဲ့ တည်ငြိမ်မှု မရသေးတဲ့ စာရေးသမား ဘဝကို ဖြတ်သန်း နေရတာ ကိုက နည်းတဲ့ နှစ်တွေလား၊ သည်တော့ တစ်ခါတလေမှ ပြန်ပြန်ရောက်ရတဲ့ ဇာတိမြေက အပေါင်းအသင်း၊ အဖြစ်အပျက်၊ အတက်အကျ တွေနဲ့ ပတ်သက်တဲ့ သတင်း ပလင်းတွေ အဆက်ပြတ်ပြတ် သွားရတော့ တာပေါ့။
အဲဒီ ကြားထဲကပဲ တစ်ခါသားတော့ နယူတန်ရဲ့ သတင်းကို စိတ်မကောင်း စရာ ကြားရတယ်။ သူ့ အိမ်ထောင် ပြိုကွဲသွားတဲ့ သတင်းပါ။ စိတ်မကောင်းတဲ့ အထဲက တအံ့တဩလည်း ဖြစ်ရသေးတယ်။ အိမ်ထောင် ကွဲကြတဲ့ နေရာမှာ နယူတန်က ငွေလျော်ပြီး ကွာရှင်းခွင့် စတောင်းခဲ့တာ ဆိုကိုး။ သူ့မိန်းမ ဘက်က ကျေနပ် လောက်အောင် တောင်းသမျှ ငွေကြေးကို ပုံပေးပြီး ကွာရှင်းခွင့် တောင်းခဲ့တယ် ဆိုလေတော့ မောင်မင်းကြီးသား သိန်း ၃၀၀ ဆုများ ထပေါက်ခဲ့ လေရော့သလား လို့တောင် အောက်မေ့မိ ခဲ့သေးရဲ့။ ဟုတ်သလေ၊ သူ့ထက် အများကြီး ချမ်းသာ ကြွယ်ဝတဲ့ မိန်းမကို အဲဒီ ချမ်းသာ ကြွယ်ဝမှု တစ်ခုတည်း မျက်နှာနဲ့ လက်ထပ် ယူခဲ့တာလို့ သူ ကိုယ်တိုင် ဝန်ခံချက် ပေးခဲ့ဖူးတာ မဟုတ်လား။ ဟိုကလည်း "နင့်" လောက်အောင် မရဘဲ ဘယ်မှာ ကွာရှင်းခွင့် ပြုမှာတုန်း။ သည်ကြားထဲက သည်မိန်းမကို ကွာရှင်းခွင့် ရအောင် တောင်းနိုင်ခဲ့တယ် ဆိုကတည်းက ငနဲသားတော့ အတော် ချမ်းသာနေလို့ ဖြစ်ရမယ်လို့ မှန်းဆ ယူလိုက် ရတယ်။
အောင်မယ်၊ ကျွန်တော့် မှန်းဆချက်က သည်တစ်ခါတော့ ကြက်ကန်း ဆန်အိုး တိုးသွား သဗျ။ တိုက်တိုက်ဆိုင်ဆိုင် သူနဲ့ ကျွန်တော် ရန်ကုန်မှာ ဆုံကြတယ်။ မဂ္ဂဇင်းတိုက် တစ်တိုက်က အထွက်မှာ သူက လှမ်းအော် ခေါ်လို့ တွေ့တာပါ။
"ဟဲ့- ငါ နယူတန် ဟ၊ မမှတ်မိ ဘူးလား"
ရင်းရင်းနှီးနှီးကြီး ပခုံးပုတ်ပြီး ပြောချ လိုက်တော့မှ မှင်တက်မိ သလို ဖြစ်နေတဲ့ ကျွန်တော့်မှာ သတိ ပြန်ဝင် လာရတယ်။ ဟုတ်တယ်။ သူက ပုံစံပြောင်း နေပြီလေ။ ဘီယာ ဗိုက်နဲ့၊ ကုပ်ပိုး အစ်နဲ့၊ တစ်တောင်လောက် ရှိတဲ့ ပိုက်ဆံ သားရေ အိတ်နက်ကြီး ချိုင်းကြား ညှပ်လိုက်လို့။
"ရုတ်တရက် ဘယ်မှတ်မိ မလဲကွ။ မင်းပုံစံက "လူ" ပုံစံက "လွန်" နေတာကိုး။ ရိုးရိုး လူနဲ့မှ မတူတော့ဘဲ။ ငါကြားဖူးတဲ့ "လူလွန်မသား" ဆိုတဲ့ ဂိုက် ပေါက်နေတဲ့ ဟာ"
"... မတွေ့သေးဘူး လုပ်ပြီ။ လာကွာ တစ်နေရာ သွားရအောင်"
သူပြောတဲ့ "တစ်နေရာ" ဆိုတာ မဟာဗန္ဓုလ ပန်းခြံ ဝင်းထဲက (ဟိုက်ကုတ် ဘက်က) စည်ဘီယာဆိုင် တစ်ဆိုင်ပါ။ ဘီယာတစ်ဂျား မှာပြီး နှစ်ယောက်သား တွေ့ကရာ ရှစ်သောင်း ပြောနေကြ မိတာကိုက အကြာကြီး။ သူ့အကြောင်း ကိုယ့်အကြောင်း ပြောဆို နေကြရင်းမှာ ကိုပဲ စားပွဲပေါ် ချထားတဲ့ သူ့ ဟန်းဖုန်းက ခဏ ခဏ ထထ မြည်လိုက်၊ သူက ပြန်ပြော လိုက်နဲ့ အာရုံ ပျက်ရ သေးတယ်။
"ဒါနဲ့ နေစမ်းပါဦး။ မင်း အမျိုးသမီးနဲ့ ကွာရှင်း လိုက်တယ်ဆို။ ဟို တစ်နှစ်က ငါ ပြန်ရောက်တုန်းက ကြားခဲ့တာ။ ဘယ်လို ဖြစ်တာတုံး။ သားသမီးတွေ မျက်နှာက ရှိသေးတယ် နော်။ ကလေးတွေ မျက်နှာ ထောက်ဖို့ ကောင်းတယ်"
ကျွန်တော်က အတည်ပေါက် မေးလိုက်တော့ နယူတန်က တဟားဟား ရယ်တယ်။ ပြီးတော့ သူ့ ထုံးစံ အတိုင်း ပွင့်ပွင့် လင်းလင်းကြီး ပြောချ လိုက်တာမှ ပြောခဲ့တဲ့ ကာယကံရှင် သူကတော့ ဘယ်လို ခံစားရမယ် မသိဘူး။ နားထောင်လိုက် မိရတဲ့ ကျွန်တော်တော့ နှလုံးသားမှာ သွေးဆုတ် သွားသလိုပဲ။
"ဟကောင်ရ၊ မျက်နှာ ထောက်ရမယ့် ကလေးမှ မရှိတာ။ ငါက စီမံကိန်း ချပြီးတော့ကို ကလေး မယူခဲ့တာ။ သားသမီး ဆိုတဲ့ ချည်တိုင် ရှိနေရင် ငါ ခြေချုပ် မိသွားတော့ မပေါ့။ အခု ငါ ရန်ကုန်မှာ နေတယ်။ နောက် အိမ်ထောင် ကျနေပြီ။ အဲဒီ နောက် အိမ်ထောင်က ဘုရင့်နောင် ပွဲရုံတန်းက ပွဲရုံ လေးငါးခု ပိုင်တဲ့ မုဆိုးမ အဘွားကြီး။ အသက်က ၆၀ ကျော်ပြီ။ ငါရဲ့ လုပ်ရည် ကိုင်ရည်ကို အင်မတန် သဘောတွေ့တဲ့ အဘွားကြီး။ ခု ဆိုရင် ငါက ဟိုတုန်း ကလို နယ်မြို့ ကလေးက ပွဲရုံ ငယ်ငယ်ကလေး ပိုင်ရှင် မဟုတ်တော့ဘူး။ မြန်မာ တစ်ပြည်လုံးနဲ့ ဆက်သွယ် ရောင်းဝယ်နေတဲ့ အရောင်း အဝယ်သမား ဖြစ်နေပြီ။ ငါ့ မိဘတွေ၊ ငါ့ ဆွေမျိုးသားချင်း တွေလည်း ငါ့ ပံ့ပိုးမှုနဲ့ နယ်မှာ တိုက်နဲ့ ကားနဲ့ ဖြစ်ကုန်ကြပြီ။ ဘဝ ဆိုတာ ဒါပဲ လေကွာ။ ဟမ်ဘာဂါ မြင်နေမှတော့ လက်ထဲက ဘိန်းမုန့်ကို လွှင့်မပစ်ဘဲ နေရမလား။ ငါ့ အိမ်ထောင် ကွဲခဲ့ရခြင်း အကြောင်းက ဒါပဲ"
ပေါ့ပေါ့ပါးပါး ကလေး ပြောသွားတဲ့ နယူတန် စကားကို တုံ့ပြန်ဖို့ စာရေးဆရာ ဆိုတဲ့ လူတစ်ယောက်မှာ စကားလုံးတွေ ရှာမရအောင် ရှားပါး နေခဲ့တာ ကိုက အိပ်မက် တစ်ခုလို ပါပဲ။ ဘာပြန် ပြောရမှန်း မသိတော့ လို့ကို ကိုယ့်ပါးစပ် ကိုယ် ဘီယာ ဖန်ခွက်နဲ့ ပိတ်ဆို့ ထားလိုက် ရတဲ့ အဖြစ်။ သင်း ကတော့ ခပ်ပြုံးပြုံးပဲ ဆက် ပြောတယ်။
"မင်း ကတော့ ငါ့ကို အသက် ကျော် အဘွားကြီး ယူရ ကောင်းလားလို့ အောက်မေ့ နေမလား မပြောတတ်ဘူး။ အမှန်ကတော့ အဲဒါ ငယ်သေး တာကွ။ ၈၀ ကျော် ဆိုရင် ငါက ပိုကြိုက်ဦးမှာ"
"ဟေ့ကောင် တော်ကွာ ... တော်။ ငါ ရှင်းရှင်း သဘောပေါက်တယ်။ ၈၀ ကျော် ဆိုရင် သေဖို့ ပိုနီးတာကိုး။ ဒါပဲ မဟုတ်လား"
ကျွန်တော်က ဖြတ်အော် လိုက်တော့ သူက သဘော တကျနဲ့ တဟားဟား ရယ်တယ်။
"အေး- မင်း မဆိုးတော့ဘူး။ လာကွာ။ ပြန်ကြမယ်။ မင်းကို ဘယ်လိုက် ပို့ရဦးမှာလဲ။ ဟိုမှာ ငါ့ရဲ့ နောက် တိုးချဲ့တဲ့ ပတ်လည် အရွေ့ကလေး မြင်တယ် မဟုတ်လား"
သူက တစ်ဖက် ပလက်ဖောင်း ဘေးမှာ ကပ်ရပ်ထားတဲ့ တိုယိုတာ အဖြူ ကလေးကို မေးဆတ် ပြရင်း ပြောတယ်။
အင်း- သူ့ပတ်လည် အရွေ့က နှစ်ဘီးကနေ လေးဘီး ဖြစ်လာတဲ့ အပြင် ပိုစည်းစိမ်ကျတဲ့ ပတ်လည် အရွေ့ ပါကလားလို့ ကျွန်တော် တွေးလိုက်မိတယ်။
"တော်ပါကွာ၊ မင်း ပတ်လည် အရွေ့ကြီး မစီးချင်ပါဘူး။ ကိုယ့်ဟာ ကိုယ် ကြွတော်မူပါ။ ငါ ၃၃ လမ်းထဲ ဝင်နေခဲ့ဦးမယ်။ အနီးကလေးပဲ။ လမ်းလျှောက် သွားမယ်"
ကျွန်တော် ငြင်းလိုက်တော့ သူ နေရာက ထတယ်။ ဘီယာဖိုး၊ အသားကင် ဖိုးတွေ ရှင်းတယ်။
"ကဲ- ဒါဖြင့်လည်း ငါ သွားမယ်။ မင်းက ငါ့ ပတ်လည် အရွေ့ကို တက်စီး ရမှာ မသတီဘူး ဆိုတဲ့ သဘော ပေါ့လေ။ ဟေ့ကောင် မင်း မှတ်ထား။ အခု ငါ သုံးနေရတဲ့ ပတ်လည် အရွေ့ကလေးက သိန်း ရာဂဏန်းပဲ ရှိသေးတာကွ။ သိန်း ထောင်ချီ တန်တဲ့ ပတ်လည် အရွေ့ရအောင် ကြိုးစား ရဦးမှာ၊ ကြိုးစား နေဦးမှာ ဆိုတာလေ။ ဟားဟားဟား သွားပြီး ထောင့်ပြောင်း အရွေ့ရေ ဘိုင့်ဘိုင်"
ရယ်ရယ် မောမောနဲ့ လှမ်းထွက် သွားတဲ့သူ့ကို တစ်တစ်ခွခွ ဆဲရင်း ဘီယာ စားပွဲမှာ ကျွန်တော် ကျန်နေခဲ့တယ်။
အဲဒါ နယူတန်နဲ့ ကျွန်တော် နောက်ဆုံး တွေ့ဆုံရမှုမှန်းသာ အဲဒီတုန်းက ကြိုသိခဲ့ရရင် ဒါထက် တစ်တစ်ခွခွ ဆဲခဲ့မိမှာ သေချာတာ ပေါ့လေ။
* * *
(၅)
အစဦး တုန်းက ပြောခဲ့ သလိုပါပဲ။ ကျွန်တော့်မှာ "နယူတန် ဆုံးရှာပြီ" ဆိုတဲ့ သတင်းကို သူ ဆုံးပြီး ကာလ အတော် ကြာတော့မှ ဇာတိ မြို့ကလေးကို ပြန်အရောက်မှာ တအံ့တဩ သိခွင့် ရခဲ့တာပါ။
သူ ဆုံးတာက ကား အက်ဆီးဒင့် တဲ့။
ဘာရယ် မဟုတ်ဘူး။ သည်နေ့ မနက် ကျွန်တော် လက်ဖက်ရည် ဆိုင်ကို ထွက်လာခဲ့တော့ ဆိုင်မှာ ငယ်ဆရာ ဦးမြတ်ကျော်နဲ့ ဆုံမိကြတယ်။ သည်တော့လည်း ဆရာ့ကို လက်ဖက်ရည်နဲ့ ပြုစုရင်း ဆရာ၊ တပည့် ထွေရာလေးပါး စကားစမြည် ပြောဖြစ်ကြရင်း မထင်မှတ်ဘဲ နယူတန့် အကြောင်းကို ရောက်သွားတယ်။ ကျောင်းတုန်းက အကြောင်းတွေ၊ ငယ်ဘဝတွေ ပြန်ပြောကြရင်းက ရောက်သွားတာပါ။ ဆရာ ဦးမြတ်ကျော် ကတော့ ပင်စင်တောင် ယူပြီး နေပါပြီ။ ဆရာနဲ့ တွေ့တော့ ရူပဗေဒ ဘာသာရပ်ကို အခြေခံ ပြီးတော့ကို နယူတန်ကို သတိရစရာ ဖြစ်နေတာကိုး။
"ဆရာရေ၊ ကျွန်တော်တို့နဲ့ တစ်နှစ်တည်းက သောင်းတန်ကို မှတ်မိ သေးလား"
"မှတ်မိတာ ပေါ့ကွာ။ ပွဲရုံ သူဌေး ဖြစ်လာတဲ့ သောင်းတန် မဟုတ်လား။ ကား မှောက်ပြီး သေတဲ့ အကောင်၊ ဘာဖြစ်လို့လဲ"
ဆရာက ကျွန်တော့်ကို ပြန် မေးတယ်။
"ဘာမှတော့ ဖြစ်လို့ မဟုတ်ပါဘူး ဆရာ။ ဒါပေမဲ့ ဆရာ သင်ပြဖူးတဲ့ ရူပဗေဒ ဘာသာရပ်ထဲက ပတ်လည် အရွေ့ ဆိုတဲ့ သဘောတရား ကိုတော့ ဒီကောင်က ဘဝမှာ တကယ် လက်တွေ့ အသုံးချ သွားခဲ့တာပဲ ဆရာ။ သူ တစ်ယောက်ပဲ ကျွန်တော် တွေ့ဖူးတယ်။ တစ်ဆင့်ပြီး တစ်ဆင့် ဒိုင်းခနဲ ဒိုင်းခနဲ ဝါးလုံးနဲ့ ထိုးတင် လိုက်သလို ကြီးပွား ချမ်းသာ သွားခဲ့တာလည်း သူ တစ်ယောက်ပဲ ရှိတယ်"
သည်တော့ ဆရာက သက်ပြင်း ချတယ်။ ခဏကြာအောင် လေးလေးနက်နက် တွေးပြီးမှ တစ်ခွန်းပဲ ကောက်ချက် ချသလို ပြောတယ်။ ကျွန်တော့် တစ်သက် ဘယ်တော့မှ မမေ့နိုင်ဘဲ ရင်ထဲ စူးဝင်သွားတဲ့ ကောက်ချက်လို့ပဲ မှတ်တမ်း ပြုရပါလိမ့်မယ်။ ဆရာက "ရိုးရိုးကလေး" ပြောတယ် ဆိုပေမယ့် ကျွန်တော်က "ဆန်းဆန်းကြီး" ကြားလိုက်၊ ခံစားလိုက် မိတာကိုး။
"အင်း- ဒီကောင်က ရူပဗေဒ ဘာသာရပ် ထဲက ပတ်လည် အရွေ့ သဘောတရားကို ဘဝအတွက် လက်တွေ့ အသုံးချတာ ကတော့ ဟုတ်ပါရဲ့။ ဒါပေမဲ့ အင်မတန် ရိုးစင်းတဲ့ မြန်မာ စကားပုံလေး တစ်ခုကိုတော့ မေ့သွားခဲ့ပုံ ရတယ်ကွ။ တခြား မဟုတ်ဘူး "လည်လွန်းတဲ့ ဘီး ချေးသင့် တတ်တယ်" ဆိုတဲ့ စကားပုံကို မေ့သွားခဲ့လို့ ခုလို ဖြစ်ရတာ " တဲ့လေ။
* * *
နန္ဒာစိုး (ဆင်ဖြူကျွန်း)
ရွှေအမြုတေ၊ မတ်၊ ၂၀၀၄
credit - မြန်မာဝတ္ထုတိုများ Page
No comments:
Post a Comment