"အဝေးထိန်း ခလုတ်တစ်စုံ"
===============
#ပုဏ္ဏမီ
( ၁ ) ဒီနေ့တော့ မမ ရေ .. အဝေးထိန်း ခလုတ်တစ်စုံ ဆိုတာ ကိုယ့်သားသမီးတွေနဲ့ အကြောင်းတစ်စုံတရာကြောင့် အဝေးမှာ နေထိုင်နေရလို့  ဝေးဝေးကသာ အုပ်ထိန်းစောင့်ရှောက် နေနိုင်တဲ့ မိဘတွေကို တင်စားပြီး ခေါ်ဝေါ်ထားတဲ့ အသုံးအနှုန်းလေးပါ ။
မ . ကလည်း မ ရဲ့ သားတွေကို နိုင်ငံရပ်ခြားမှာ လွှတ်ပြီး ကျောင်းထား ထားတယ်လို့ သိရပါတယ် ။ ပထမဆုံး အနေနဲ့ ဒီလို လွှတ်ဖြစ်တဲ့ အကြောင်းလေးကို သိချင်ပါတယ် ။
** မ . က သားလေးနှစ်ယောက် ရှိတာ နှစ်ယောက်စလုံး အဝေးပို့ပြီး ကျောင်းထား ထားပါတယ် ။ နှစ်ယောက်လုံး အင်္ဂလန်နိုင်ငံမှာပါ ။
သားအကြီးလေးက အင်္ဂလန်နိုင်ငံ Warwick University မှာ Business and Law စီးပွားရေး နဲ့ ဥပဒေ ဘာသာရပ် ကို သင်နေပြီး အငယ်လေးက Cambridge Abbey college မှာ A level သင်ယူနေပါတယ် ။
ပို့ဖြစ်တာကတော့ ဒီလိုပါ ။ မ . သားနှစ်ယောက်လုံး ငယ်ကတည်းက မြန်မာ အစိုးရကျောင်းမှာပဲ ပညာသင်ခဲ့ပါတယ် ။ ခုလို အဝေးကို လွှတ်ပြီး ပညာသင်စေမယ်ဆိုတဲ့ ရည်ရွယ်ချက် က ငယ်ကတည်းက ရှိခဲ့တာ မဟုတ်ဘူးပေါ့နော် ။ မ တို့ ကြီးပြင်း ပညာသင်ယူခဲ့ရပုံကလည်း မိဘနဲ့ ရင်အုပ်မကွာ ရှိခဲ့တယ် ဆိုတော့ ကိုယ့်ကလေးတွေကိုလည်း အဝေးပို့လွှတ် ဖို့က စိတ်တောင် မကူးမိခဲ့တဲ့ အရာ ပါ ။
သားအကြီးလေး ဆယ်တန်းရောက်တဲ့ အခါကျတော့ သူက ဆယ်တန်းအောင်ပြီးရင် သူ ဝါသနာပါတဲ့ Law ဥပဒေ ဘာသာရပ် ကို နိုင်ငံရပ်ခြားမှာ သွားသင်မယ်ဆိုတော့ ကဲ .. လုပ်ချင်ရင်လည်း လုပ်ပါ ဆိုပြီး သူ ဆယ်တန်း ဖြေပြီးချိန်မှာ အဲဒါကို စ စီစဉ်ခဲ့ပါတယ် ။
ဒါပေမယ့် သူက ဆယ်တန်းမှာ ဂုဏ်ထူးတွေ အများကြီးနဲ့ အောင်ပြီး အမှတ်ကလည်း (၅၀၀) ကျော် နေတော့ သူ့ဘာသာ သူ့ ဆုံးဖြတ်ချက်နဲ့သူ ဒီက ဆေးတက္ကသိုလ်ကိုပဲ တက်တော့မယ် ဖြစ်ရော ။
မ . တို့ကလည်း သူ့ဘာသာ ဆေးပဲ တက်မယ် ဆိုလည်း ပြီးတာပဲ ပေါ့နော် ၊ သူ မသွားချင်တော့ဘူး ဆိုတာကို အတင်း မလွှတ်တော့ပါဘူး ။ ဒီက ဆေးတက္ကသိုလ် ကလည်း ကောင်းတာပဲ ဆိုတော့လေ ။
သားကြီး ဆေးကျောင်း ဒုတိယနှစ် အရောက်မှာ သားငယ်လေးက ဆယ်တန်း အောင်လာတော့ မျှော်မှန်းထားသလို မဖြစ်ဘဲနဲ့ ဂုဏ်ထူးကလည်း တစ်လုံးတည်း ၊ အမှတ်ကလည်း သိပ် မကောင်းဘူး ပေါ့နော် ။
ဒီမှာ ပညာသင်မယ်ဆိုရင် ဘာ တက်ရမှန်းလဲ မသိ ဖြစ်ရရော ၊ အဲဒီ အချိန်ထိ သူကလည်း သူ ဘာဝါသနာပါတယ် ဘာတက်ချင်တယ် ဆိုတာလည်း မရှိသေးပါဘူး ။
ကလေးတွေ ရှေ့ရေးအတွက် မ . တို့ မိဘတွေ ပေးနိုင်တဲ့ အမွေ ဆိုတာ ကလည်း ပညာ ပဲဆိုတော့ မိဘက ပေးချင်တောင် မှ သူ့ အနေအထားက အကောင်းဆုံး ဖြစ်လာဖို့ မရေရာတော့တဲ့ အခါမှာ သူ ကိုယ်တိုင်ရော ၊ မ . တို့ မိဘတွေ ကပါ နိုင်ငံရပ်ခြား ပို့လွှတ်ပြီး ကျောင်းတက်ဖို့ လမ်းကိုပဲ ရွေးလိုက်တော့တာပါ ။ ဒီလိုပဲ ဖြစ်သွား ခဲ့တယ်ပေါ့ ။
သားငယ်လေး က အရင် ထွက်သွားပြီး ဟိုမှာ ကျောင်းတက်နေတော့ မှ သားအကြီးကလည်း သူတကယ် ဝါသနာပါတာ က Law ဥပဒေ ၊ သူ တက်မိတာက ( ဆယ်တန်းအောင်တဲ့ အချိန်မှာ ဝန်းကျင်ဖိအား ဘာညာ နဲ့မို့ ) ဆေး ကို ရွေးခဲ့မိ ပေမယ့် ဆေးတက္ကသိုလ် ဆိုတာမျိုးက တကယ်တမ်း ဝါသနာ မပါရင် တစ်တန်းဆို တစ်တန်း အတန်းမြင့် လာလေ ပင်ပန်းတာ သိသာလာလေ .. ဆက် မလုပ်နိုင်လေပါ ။
အငယ်လေး ကလည်း သွားလိုက်တော့ သူလည်း ပြန် စိတ်ပါလာပြီ .. အဝေးမှာပဲ သွားတက်ချင်ပြီ နိုင်ငံရပ်ခြားမှာ law ပဲ တက်ပါ တော့မယ် ဆိုလို့ ..
မိဘတွေ အနေနဲ့က အချိန်တွေကတော့ ပုပ်ပြီးပြီ ၊ ဒါပေမယ့် တကယ် လုပ်ချင်တယ် လုပ်နိုင်မယ် ဆိုရင်တော့ မ . တို့က မကန့်ကွက် မတားမြစ်ချင် တော့ပါဘူး ။
ဘုရင့်နောင်ဖောင်ဖျက် ဆေးကျောင်းက ထွက်ပြီး လုပ်သာလုပ် ဆိုပြီး .. ဆေးတက္ကသိုလ် ဒုတိယနှစ် ဖြေကာနီးမှာမှ သူ့ပါ လွှတ်လိုက်ပြီး ဟိုမှာ အစ ကနေ ပြန်စ ခိုင်းလိုက်တာပါ ။
( ၂ ) သားသမီးကို အဝေးမှာ ကျောင်းထားဖို့ ကိုယ်တိုင် ကျောင်းသွားတက်ဖို့ ပြင်ဆင်နေတဲ့သူတွေလည်း ရေဒီယိုနားဆင်သူ ပရိသတ်တွေထဲမှာရှိနေပါတယ် မ ။
ဒီတော့ ကျောင်းရွေးချယ်တဲ့ အခါ ကြုံရတဲ့ အတွေ့အကြုံလေးတွေ နဲ့ ဘာတွေ ပြင်ဆင်ခဲ့ရတယ် ဆိုတာလေးလည်း ပြန်လည် မျှဝေပါဦးနော် ။
** ကိုယ့်ကလေးကို နိုင်ငံရပ်ခြား ပို့လွှတ် ကျောင်းထား တော့မယ်ဆိုရင် ..
- ပထမဆုံး မဖြစ်မနေတွေးရမှာက ကိုယ့်သားသမီးရဲ့ ဉာဏ်ရည် ပါ ။
ထူးချွန်ထက်မြက် နေရမယ် မဟုတ်ပေမယ့် အချိန်ကုန် ငွေကုန် လူပန်း မဖြစ်အောင် က တော့ သူ့မှာ နိုင်ငံရပ်ခြားမှာ ပညာသွားသင် နိုင်လောက်တဲ့ ဉာဏ်ရည် ရှိပါ့မလား ဆိုတာ အရင်တွေး ရပါတယ် ။
ဖြစ်နိုင်လောက်တယ် ထင်မှ လုပ်သင့်တယ် ပေါ့နော် ။
- ဒုတိယ အနေနဲ့က ငွေရေးကြေးရေး ကိုလည်း ထည့် စဉ်းစားရပါတယ် ။ လေးနှစ်ကနေ ခြောက်နှစ်လောက် ဆက်တိုက် အကုန်ခံနိုင်တဲ့ ပမာဏ ကို ကလေးပညာရေး ခါးလည်က ပြတ်မသွားရအောင် ...
ကိုယ့်မှာ ရှိတဲ့ ငွေဝင်လမ်း နဲ့ ကုန်ကျမယ့် အကုန်အကျ က မျှပါ့မလား ၊ Currency fluctuations ငွေ အတက်အကျနှုန်း ၊ ဒါတွေ အကုန် တွက်ထား ရပါတယ် ။
သူများနိုင်ငံတွေလို loan နဲ့ ငွေချေးပြီး တက်လို့က မဖြစ်နိုင် .. Scholarship ဆိုတာကလည်း ကျိမ်းသေပေါက် ကြိုထည့်တွက် ထားလို့ မရတဲ့ အရာ .. နောက်မှ ဖြစ်လာလိမ့်မယ် လို့ တွက်တာထက် တိကျသေချာအောင် လုပ်ထား နိုင်မှ အဆင်ပြေမှာပါ ။
ဒီတစ် နှစ်စာတော့ ရှိတယ် တက်ကြည့်လိုက် .. နောက်နှစ်တွေက နောက်ရောက်ယား ပေါ့ ဆိုတာမျိုး ( သူများမိဘတွေ အနေနဲ့တော့ မသိ ) မ . တို့ကတော့ မစဉ်းစား ရဲပါဘူး ။
- နောက်တစ်ချက်က ဘယ်နိုင်ငံ ကို လွှတ်မှာလဲပါ ။ နိုင်ငံရွေးချယ် ရတာက ကိုယ့်တိုင်းပြည်နဲ့ အနီးအဝေး ရှိမယ် ၊ culture ပုံစံ ရှိမယ် ၊ ဘာသာစကား ရှိမယ် ၊ ရာသီဥတု ရှိမယ် ၊ သင်ကြားတဲ့ ပညာရေးစနစ် ပုံစံ ရှိမယ် ၊ နောက် ဆွေတွေ မျိုးတွေ ရှိသလား .. မိဘက ရုတ်တရက် ထ လိုက်ရမယ်ဆို ဗီဇာ ကိစ္စ လွယ်ကူနိုင်ရဲ့လား စသဖြင့် တွေ ပေါ့နော် ။
- ပြီးတဲ့အခါ တက္ကသိုလ် နဲ့ ဘာသာရပ် ရွေးချယ်မှု စဉ်းစားပါတယ် ။ ပညာရေးပြီးဆုံး လို့ ဘွဲ့ရလာချိန်မှာ အဲဒီနိုင်ငံမှာပဲ ဆက် အလုပ်လုပ်မှာလား ၊ ကိုယ့်နိုင်ငံ ပြန်လာမှာလား က ခုချက်ချင်း ဘယ်လိုမှ မဆုံးဖြတ်နိုင်သေးတဲ့ အခါ .. အလုပ်အကိုင် ဘယ် နှစ် % သေချာတဲ့ university ဆိုတာမျိုးနဲ့ တစ်ကမ္ဘာလုံး ဘယ်နိုင်ငံမှာ ဖြစ်ဖြစ် လုပ်ကိုင်လို့ ရတဲ့ ၊ အလုပ်အကိုင် လွယ်ကူနိုင်တဲ့ ဘာသာရပ်မျိုးကို ရွေးချယ် ရပါတယ် ။
မွေးထားတာကလည်း သားလေးတွေ ဆိုတော့ သူတို့ဟာ တစ်ချိန်မှာ သူတို့မိသားစုကို ဦးဆောင်ရမယ့် သူတွေပါ .. သူတို့ ဖူးစာဖက်မယ့် မိန်းကလေးက ဘာကြီးပဲ ဖြစ်နေဖြစ်နေ ပေါ့နော် ။
ရာနှုန်းပြည့် မဟုတ်တောင် အတတ်နိုင်ဆုံး အလုပ်အကိုင် သေချာအောင် စီစဉ်ပေးထားနိုင် တဲ့ သူကလေးတွေ အဖြစ် မ . တို့က ကြီးပြင်း စေချင်တာပါ ။
အဲဒါကြောင့် သားကြီးလေးက Warwick University ( Warwick business school ) ကနေ ဥပဒေ ပညာကို သင်ယူပြီး သားငယ်လေးကတော့ A level ပြီးဆုံးတဲ့ အခါမှာ finance and accounts ဘာသာရပ်ကို သင်ကြားဖို့ သူတို့ ဘာသာ စီစဉ်ထားပါတယ် ။
အဲဒါလေး (၄) ချက် ကို သေချာ စဉ်းစားပြီးတဲ့အခါ ရန်ကုန်မှာ ရှိတဲ့ ပညာရေး အေဂျင်စီ တော်တော်များများကို အကုန် လိုက် စုံစမ်းပါတယ် ။ တော်တော်များများ ကို သွားတာပါ ။
ပညာရေးအေဂျင်စီ တိုင်းက သေချာ ရှင်းပြဆွေးနွေးပေးခြင်း နဲ့ အရည်အချင်းစစ် စာမေးပွဲတွေ ပြုလုပ်ပေးခြင်းကို အကုန် free သွားတိုင်ပင်လို့ ရပါတယ် ။
တိုင်ပင်တဲ့ အခါမှာ နားမလည်တဲ့ မသိတဲ့ မိဘတွေ အနေနဲ့ ကိုယ် နားမလည်မချင်း မေးမြန်းတိုင်ပင်လို့ ရပါတယ် ။
မ . သွားခဲ့တဲ့ အေဂျင်စီ တိုင်းက အကုန်စိတ်ရှည်လက်ရှည်နဲ့ ရှင်းပြကြပါတယ် ။ ကိုယ့်ဘက်ကတော့ ကိုယ် စဉ်းစားထားတဲ့ နိုင်ငံ ၊ ဘာသာ နဲ့ ကျောင်းတွေ ရနိုင်မယ့် အေဂျင်စီ ကိုသာ ရွေးချယ်ရမှာ ဖြစ်ပါတယ် ။
- ကျောင်းတွေ လျှောက်တဲ့အခါ မှာ အဓိက လိုအပ်ချက်ဖြစ်တဲ့ အင်္ဂလိပ်စာ အရည်အချင်းစစ် IELTS စာမေးပွဲကို British Council မှာ ဖြေပါတယ် ။
မ . သားတွေက မြန်မာကျောင်းပဲ တက်ခဲ့ပေမယ့် ညနေပိုင်းတွေမှာ British Council ကို တက်ထားသူတွေဖြစ်လို့ IELTS အတွက်က သူတို့ (၁) လ (၂) လလောက်ပဲ ပြင်ဆင်ရပါတယ် ။
နောက် .. သူတို့က တစ်သက်လုံး မြန်မာကျောင်းပဲ တက်ခဲ့တဲ့ ကလေး ဖြစ်တဲ့အတွက် နိုင်ငံရပ်ခြားမှာ ကျောင်းတက်ရတဲ့ ပုံစံနဲ့ အသားကျစေဖို့ အတွက်ကတော့ မြန်မာနိုင်ငံကပဲ Connect Institute မှာ precollege program ကို နှစ်လ တက်ပါတယ် ။ အဲဒါက အတွေ့အကြုံ အတော် ရစေပြီး အကျိုး ရှိခဲ့ပါတယ် ။
- ပညာရေး အေဂျင်စီ ကိုတော့ Kings International education ဆိုတာကို ရွေးချယ်ပြီး အဲဒီကတဆင့် ကျောင်းလျှောက်တာ ၊ စကော်လာ လျှောက်တာ က စလို့ နောက်ဆုံး ဗီဇာ ရပြီး ထွက်ခွာတဲ့ အထိ အဲဒီက အကုန် တာဝန်ယူ ဆောင်ရွက်ပေးပါတယ် ။
အဲဒီက စီစဉ် ညွှန်ကြားပေးတဲ့ အတိုင်း ကိုယ်က နောက်ကနေ လိုက်လုပ် သွားရုံ ပါပဲ ။
အဲဒါက သားငယ် တုန်းက လုပ်ခဲ့တဲ့ ပုံစံပါ ။
သားကြီး အလှည့်ကျတော့ မိဘရော . ကလေးပါ အစစအရာရာ အတွေ့အကြုံ ရှိသွားပြီ ဖြစ်တဲ့အတွက် ကျောင်းလှမ်းလျှောက်တာ က နေ ထွက်သွားတဲ့ အထိ အစအဆုံး သူ ကိုယ်တိုင်ပဲ အင်တာနက် online က တစ်ဆင့် လုပ်ပါတယ် ။
သားကြီး တက္ကသိုလ်တက်ဖို့ လိုအပ်တဲ့ အင်္ဂလိပ်စာ အရည်အချင်းစစ် စာမေးပွဲ UKVI ကို ကျတော့ အဲဒီအချိန်က မြန်မာနိုင်ငံမှာ အချိန်ကိုက် စာမေးပွဲ မရှိတဲ့ အတွက် စင်္ကာပူမှာ စာရင်းလှမ်းသွင်းပြီး ဟိုမှာ သွားဖြေစေလိုက် ပါတယ် ။
ဒီကြားထဲမှာ သားကြီးက ဆေးတက္ကသိုလ်က ထွက်ထားလိုက်ပြီး ဟိုကို မသွားရခင် အချိန်တွေ ပို နေခဲ့တာမို့ သားငယ်လို precollege program ကို မတက်တော့ဘဲ သူ့ဘာသာ အိမ်မှာ self study နဲ့ စာအုပ်ဖတ် ၊ အင်တာနက် က တဆင့် သင်ယူပြီး SAT စာမေးပွဲ ဝင်ဖြေပါတယ် ။
အင်္ဂလန်မှာ ပညာသင်ဖို့ က SAT အမှတ်တော့ မတောင်းပေမယ့် သူ ကျောင်းလျှောက်တော့ အဲဒီ အမှတ်ပါ ထည့်လျှောက်ခဲ့တာဟာ အထောက်အကူ ဖြစ်တယ်လို့ ပြန်သိရပါတယ် ။
အဓိက ကတော့ ခုခေတ်ဟာ ကမ္ဘာတစ်ခုလုံးကို အင်တာနက် online က တစ်ဆင့် အလွယ်တကူ ဆက်သွယ်နိုင်တဲ့ ခေတ်မို့လို့ နိုင်ငံရပ်ခြားမှာ ပညာသွားသင်လိုသူ ကျောင်းသားရော မိဘတိုင်းပါ ပညာရေး အေဂျင်စီတွေကို အားကိုးနိုင်သလိုမျိုး .. ကိုယ် ကိုယ်တိုင်တွေကလည်း အင်တာနက်က တစ်ဆင့် ကိုယ်သိလိုရာ လိုလားရာ ကို ရှာတတ်အောင် လုပ်ယူထားနိုင်ရင် ပို အဆင်ပြေပါတယ် ။
(၃) သားသမီးကို ပညာသင်ကြားဖို့ အဝေးကို ပို့လွှတ် ထား ရတာမှာ အားနည်းချက် နဲ့ အားသာချက် တွေကတော့ ရှိမှာ ပေါ့နော် ။
** အားသာချက် အားနည်းချက် ဆိုတာကတော့ အရာတိုင်းမှာ ရှိတတ်ကြစမြဲ ဆိုတော့ သားသမီးကို မိဝေးဘဝေး ဟိုးအဝေးမှာ ပညာသင်ကြားခိုင်းခြင်း ကလည်း အားနည်းချက် အားသာချက် အဆိုးအကောင်း အများကြီး ရှိပါတယ်။ အားသာချက် တွေကတော့ ..
- ကလေးဟာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု self confidence အပြည့်အဝ ရှိသွားစေ ပါတယ် ။
- အရွယ် ငယ်ငယ်နဲ့ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်ပြီး အမှီအခိုကင်းတဲ့ သူ independence ဖြစ်သွားတယ် ။
- ကိုယ် ဘာလုပ်နိုင်တယ် . မလုပ်နိုင်ဘူး ကိုယ့်ရဲ့ အားနည်းချက်နဲ့ အားသာချက် ပေါ့ .. ကိုယ့်အကြောင်း ကို ကိုယ့်ဘာသာသိနေဖို့ ခဲယဉ်းတဲ့သူတွေ ရှိပါတယ် ။
မိဘက နောက်က လိုက်တွန်းနေသ၍ မသိကြတာ များပါတယ် ။ အဝေးရောက်လိုက်တော့ ကိုယ်ကလွဲလို့ ကိုယ့်နောက်မှာ ဘယ်သူမှ မရှိတဲ့ အခါ ကိုယ့်အကြောင်း ကိုယ်သိ ၊ ကိုယ့်ကိုယ်ကိုယ် ပိုနားလည် လာပါတယ် ။
- နောက်တစ်ခု က Responsibility ပေါ့ .. တာဝန်သိ ၊ တာဝန်ယူ ၊ တာဝန်ခံနိုင်မှု ဆိုတဲ့ စကားလုံးကို အတိအကျ ပိုနားလည် လုပ်ဆောင် နိုင် လာပါတယ် ။
- problem-solving skills လို့ ခေါ်တဲ့ .. ပြဿနာ တစ်ခုရယ်လို့ ကြုံလာရင် ဘယ်လိုရင်ဆိုင်ဖြေရှင်း လိုက်ရမလဲ ဆိုတဲ့ အချက်ကို မိဘနဲ့ ရင်အုပ်မကွာ နေနေ ရသေးတဲ့ သူတွေထက် ပို သဘောပေါက် ကြပါတယ် ။
- နေ့စဉ်နဲ့ အမျှ စိန်ခေါ်မှု အသစ်တွေနဲ့တွေ့ကြုံ နေရတဲ့ အခါ ကျောင်းစာ ၊ စာဖတ်တာတွေကနေ ဘယ်လိုမှ သင်ယူလို့ မရတဲ့ အသိ ပညာ တွေကို အတွေ့အကြုံတွေ ကနေ သင်ယူနိုင် သွားပါတယ် ။
- အဲဒီတော့ Intellectual maturity အသိဉာဏ်ပညာဆိုင်ရာ ရင့်ကျက်မှုက တန်းတူ အသက် အပိုင်းအခြား တွေထက် မြန် နေ စောနေနိုင်ပါ တယ် ။
- နိုင်ငံပေါင်းစုံ လူမျိုးပေါင်းစုံရဲ့ ယဉ်ကျေးမှု တွေကို တစ်ချိန်တည်းမှာ လေ့လာခွင့် ၊ ကောင်းတာလေးတွေ ကို အတုခိုးခွင့် ရသလို ..
ကိုယ့်ဘာသာ တန်ဖိုးထား မြတ်နိုးရကောင်းမှန်း မသိခဲ့တဲ့ ကိုယ့်တိုင်းပြည်လူမျိုးနဲ့ ကိုယ့်ယဉ်ကျေးမှု ရဲ့ အားသာချက်တွေကို ထင်ထင်ရှားရှား မြင်သာ လာပါတယ် ။
- ဝန်းကျင်မှာ ထိတွေ့ ဆက်ဆံ ရတဲ့ Social exposure မတူတော့တဲ့ အတွက် လူတွေနဲ့ ဆက်ဆံ ပေါင်းသင်းရေးမှာ သိသိသာသာ တိုးတက် လာတယ် ။
- တစ်ချိန်မှာ ကိုယ့်အတွက် အခွင့်လမ်းကောင်း ဖြစ်လာနိုင်တဲ့ အသိုင်းအဝိုင်းမျိုးနဲ့ ထိတွေ့ဆက်ဆံရတဲ့ social network လူမှုကွန်ယက် ကျယ်ပြန့်တယ် ။
အဲဒီ အချက်ကြောင့် ပညာစုံလို့ လုပ်ငန်းခွင် ကို ဝင်ကြရတော့မယ့် အချိန်မှာလည်း အလုပ်အကိုင် အခွင့်အလမ်းမှာ သာမယ် လို့ လည်း ထင်ပါတယ် ။
- လူ့လောက နဲ့ ကမ္ဘာ တစ်ခုလုံး နဲ့ ပတ်သက်လို့ အတွေးအမြင်တွေက ပုံစံတစ်မျိုး ပြောင်း သွားနိုင်တယ် ။ mindset ကိုက မတူတော့တာမျိုးပါ ။
- ကိုယ် ကျင်လည်ခဲ့တဲ့ ကိုယ့်ဝန်းကျင်နဲ့ မတူတော့တဲ့ ယှဉ်ပြိုင်ရမှု ပုံစံ အသစ်တွေကလည်း ကိုယ့်ပန်းတိုင်နဲ့ ကိုယ်သွားနေတဲ့ လမ်းကြောင်း ကို တစ်နည်းတစ်ဖုံ ပြုပြင်ပေးနိုင်ပါတယ် ။
မကောင်းတဲ့ အချက်တွေလည်း ရှိပါတယ် ။ ဒါတွေကတော့ ..
- ကိုယ့်တိုင်းပြည်တွင်းမှာ ပညာသင်ကြားနေတာထက် ဘယ်လိုမဆို ငွေကြေး အကုန်အကျ များတယ် ။ မိဘက သားသမီးဆီ ငွေပို့ ငွေလွှဲရတာ ခက်တာတို့ ၊ ငွေကြေး လဲလှယ်မှုနှုန်းထား မတည်ငြိမ်တာကြောင့် ဈေးက ကွာဟ သွားတဲ့အခါ မိဘမှာ မျက်လုံးပြူး ရတာတွေ ရှိပါတယ် ။
- ဘာသာစကား အခက်အခဲ ရှိတဲ့ ကလေးဆိုရင် ဆက်ဆံရေး က အစ ပြဿနာ ရှိလာနိုင်ပါ တယ် ။
- ဒီခေတ်ထဲမှာ အဝေးရောက် သားသမီးနဲ့ မိဘ ဆက်သွယ်နေနိုင်တဲ့ နည်းလမ်း တွေက အမျိုးမျိုး ပေါ်ပေါက် လာပြီ ဆိုပေမယ့် မိဘနဲ့ သားသမီး အမြဲ ထိတွေ့ ဆက်ဆံနေရတဲ့ ပုံစံ မရနိုင်တော့ဘူး ။ ရင်အုပ် ကွာတယ် ပေါ့နော် ။
- ယဉ်ကျေးမှု မတူတဲ့အခါ ကျင့်ဝတ်ပုံစံ အနေအထားကလည်း ကလေးတွေမှာ နည်းနည်း အယူအဆ မှား ၊ အတုခိုး မှားတာလေးတွေ ရှိလာနိုင်တယ် ။
- အထီးကျန်တာ . Home sick. အိမ်လွမ်းတာ တွေ ၊ မတူညီတဲ့ ယဉ်ကျေးမှု ပုံစံ culture shock တွေ က ကလေးကို ထိခိုက် စေနိုင်တယ် ။
ကိုယ့်နိုင်ငံမှာ ရှိတုန်းက အပြည့်အဝ ရခဲ့တဲ့ ပတ်ဝန်းကျင် . အမျိုးအဆွေနဲ့ ငယ် သူငယ်ချင်း တွေဆီက social and emotional support တွေကလည်း ကိုယ်ထိလက်ရောက် မရနိုင်တော့ဘူးလေ ။
- နိုင်ငံကြီးတွေမှာ လူမျိုးဘာသာ ခွဲခြားမှု ဘယ်လောက်မရှိ ဘူး ပြောပြော လူမျိုးရေး ခွဲခြား ဆက်ဆံမှု racism harassment က ရှိသင့်သလောက်ရှိနေဆဲ ကို ခံကြရနိုင်တယ် ။
- ပြင်ပနိုင်ငံမှာ ပညာသွားသင်တဲ့ ကလေးကို ဆွေမျိုးအသိုင်းအဝိုင်း ပတ်ဝန်းကျင်က မုဒိတာ ပွားနိုင်သူတွေက ဘာကြီးများ ဖြစ်လာမလဲ ရယ်လို့ တအားကြီး မျှော်လင့်ချက်ကြီး နေကြတာမျိုး ၊
ဒါမှမဟုတ် မလိုလား သူမျိုးကတော့ ဖြစ်မယ် မထင်ပါဘူးကွာ .. စောင့်ကြည့်ပါ ဆိုတာမျိုးတွေကို တချိန်တည်းမှာ ရင်ဆိုင် နေကြရတာက ကလေးအတွက် ဖိအား ဖြစ်စေတယ် ။
- ကမ္ဘာတဝှမ်းက အားကောင်းတဲ့ ပြိုင်ဘက် တွေနဲ့ ရင်ဆိုင်နေရတာမို့ တက္ကသိုလ်ကောင်းကောင်း ၊ ဘာသာ ကောင်းကောင်း ကို ဝင်ခွင့် ရဖို့ ဆိုတာ မအိပ်မနေ အသေအလဲ ကြိုးပမ်းမှ ရတတ်တဲ့ အရာလည်း ဖြစ်နေ တတ်ပါတယ် ။
- အရေးကြီးတဲ့ အချက်က နဂိုတည်းက ကိုယ့်ကိုယ်ကိုယ် မထိန်းသိမ်းနိုင်တဲ့ self control မရှိတဲ့ ကလေး မျိုးဆိုရင် မိဘမျက်စေ့ရှေ့မှောက်က လွတ်နေတဲ့ အခါ အဆိုးဆုံး အခြေအနေ အထိ ဒေါင်ချာစိုင်း သွားနိုင်ပါတယ် ။
- နောက်တစ်ခုက ကျန်းမာရေး ပါ ။
ဒါကတော့ အဓိက အကျဆုံးပါ ပဲ ။ မိဘနဲ့ ရင်အုပ်ကွာချိန်မှာ မကျန်းမာရင် သူတို့မှာ အားငယ် ဝမ်းနည်း ရတာ ၊ ဒီကနေ ဘာမှ ပြေးလုပ်ပေးလို့ မရတဲ့ မိဘက ကျတော့ ပူပန်စိတ်ဆင်းရဲ ရတဲ့ အထဲ ..
ကိုယ့်နိုင်ငံလို မဟုတ်တဲ့ သူများ နိုင်ငံရဲ့ health policy တွေအရ appointment မရှိရင် အလွယ်တကူ ဆေးခန်းဆေးရုံ မပြနိုင်တာတို့ ၊ NHS နဲ့ cover ဖြစ်တဲ့ အထဲ အံမဝင်ရင် အကုန်အကျ အရမ်း များသွားတာ တို့ကလည်း အဝေးကို သွားရောက် နေကြရသူတွေ အတွက် အတော် ဆိုးရွားတဲ့ အားနည်းချက် အဖြစ် မျှော်လင့် ထားရမယ့် အချက်တွေ ပါ ။
( ၄ ) ကလေးကို အဝေး လွှတ်ဖို့ ဆိုရင် ဘယ် အသက်အရွယ် အပိုင်းအခြားရောက်မှ စိတ်အချရဆုံး လို့ ထင်ပါသလဲ ။
** ကမ္ဘာ အရပ်ရပ်မှာ အသက် (၁၈) နှစ် ရောက်ပြီ ဆိုရင် လူကြီးစာရင်း စ သတ်မှတ်ကြတယ် ဆိုပေမယ့် ဆေးပညာ အယူအဆ အရကတော့ Brain development ဦးနှောက်ရဲ့ပုံမှန် ဖွံ့ဖြိုးမှု fully matured ဖြစ်ချိန်က (၂၅) နှစ်မှ ပြည့်စုံပါတယ် ။
(၂၀) ကျော်ပြီ ဆိုရင်တော့ လူကြီးတစ်ယောက်ရဲ့ ဆုံးဖြတ်ချက်မျိုး စ ချနိုင်လာပြီ ဆိုတဲ့ အခါကျတော့ ကိုယ့်ကလေး က Mental maturity စိတ်ပိုင်းဆိုင်ရာ ရင့်ကျက်မှု အပြည့်ရှိပြီး မှီခိုမှုကင်းတဲ့ ၊ ရင့်ကျက်တဲ့ အတွေးမှန်တွေ ကောင်းကောင်းမွန်မွန် တွေး နိုင်မယ့် ၊ ဆုံးဖြတ်ချက် ချနိုင်မယ့် အရွယ်ကို မျှော်မှန်းရရင် (၂၀) ကနေ (၂၅) မှာ လွှတ်တာ ပို သင့်တော်မလား လို့ ထင်မိပါတယ် ။
မြန်မာနိုင်ငံအတွင်းမှာပဲ အဝေး လွှတ်မယ် ဆိုရင်တော့ မိဘက အချိန်မရွေး ထ လိုက်လို့ရ နေတဲ့ အခါ အသက်က ဒီ့ထက် ငယ်ရွယ်လည်း ရနိုင်ပါတယ် ။ လူမျိုးနဲ့ ယဉ်ကျေးမှု ပုံစံကလည်း မကွာလှဘူး ဆိုတော့လေ ။
အဲဒီလိုသာ ပြောတာ မ . သားငယ်လေးကို စ လွှတ်လိုက်တဲ့ အသက်က (၁၇) တောင် မပြည့်သေးပါဘူး ။ (၁၆) နှစ်ကျော်ရုံလေး ပဲ ရှိပါသေးတယ် ။
ဒါပေမယ့် မိဘတစ်ယောက် အနေနဲ့ ..
- ကိုယ့်ကလေး ကို သူ ဖြစ်မြောက်အောင် ဆောင်ရွက်နိုင်မယ် လို့ ယုံကြည်စိတ်ချတဲ့ ခံစားချက် ရှိတာရယ် ၊
- တက္ကသိုလ် တက်ဖို့ A level ပညာရေးကို ဒီကနေ မယူဘဲ ဟိုကသာ စ ယူ စေချင်တာရယ် ၊
- နောက် သူ့လိုပဲ သူနဲ့အတူ သူ့ သူငယ်ချင်းလေးတွေ သက်တူရွယ်တူ လိမ္မာကြိုးစားကြတဲ့ မိကောင်းဖခင် သားသမီး (၁၆) (၁၇) နှစ် လေးတွေ မြန်မာကလေး (၅) ယောက် အတူသွားကြတာ မို့ အဖော်လည်း ကောင်း နေတယ် . အပြန်အလှန် အမှီသဟဲ ပြုနိုင်တယ် ဆိုတဲ့ အချက် ရယ် နဲ့ အဲဒီ အရွယ်လေးမှာ ပဲ အဝေးကြီး လွှတ်လိုက်သလို ဖြစ်သွားမိတယ် ပေါ့နော် ။
ဒါပေမယ့် သူ ဘယ်လို ရင်ဆိုင် ခဲ့ရမလဲ ၊ mentally matured စိတ်ပိုင်းဆိုင်ရာ ရင့်ကျက်မှုကလည်း အပြည့်အဝ မရှိနိုင်သေးတဲ့ အခါ အရာရာ ဟာ သူ့အတွက် ဘယ်လောက် ခက်ခဲခဲ့မလဲ ဆိုတာ ခု ပြန်တွေးရင် ခု ပြန် သနားမိပါတယ် ။
သားအကြီးလေး ဆိုလည်း (၁၉) နှစ် မှ သွားတယ် ဆိုတော့ အငယ်လေးနဲ့ စာရင် ( သားအကြီး ကလည်း ဖြစ်နေတော့ သူက နဂိုတည်းက ) ရင့်ကျက်ခဲ့တယ် ဆိုပေမယ့် သူ့ ကျောင်းမှာ မြန်မာအဖော် တစ်ယောက်မှ မရှိတဲ့ အခါ သူလည်း တော်တော်တော့ lonely ဖြစ်ရှာပါမယ် ။
သူ့ တက္ကသိုလ်နဲ့ ကပ်ရက် မြို့လေးက မြန်မာကလေး တစ်ယောက်နဲ့ အဆက်အသွယ် မရခင်စပ်ကြား သူ ရင်ဆိုင် ခဲ့ရတဲ့ အခက်အခဲကတော့ တစ်မျိုး ဖြစ်ခဲ့မယ် ပေါ့နော် ။
ဒါပေမယ့် တစ်ခု ရှိတာက မ . သားတွေဟာ အရမ်း လူပေါင်း ဆန့်ကြပါတယ် ။ ရောက်လေရာ အရပ်မှာ တွေ့တဲ့သူနဲ့ ဖြစ်အောင်ပေါင်းနိုင်တဲ့ အရည်အချင်း ရှိကြပါတယ် ။ အဲဒါလေး တစ်ခုကတော့ နည်းနည်း စိတ်အေး စရာ ကောင်းတယ်ပေါ့နော် ။
မိဘတွေ အနေနဲ့ ကိုယ့်သားသမီးပေါ်မူတည်ပြီး လွှတ်မယ့် အသက်အရွယ်ကို သေချာ ဆုံးဖြတ်ကြ စေချင်ပါတယ် ။
(၅) မဖြစ်မနေ လွှတ်ရတော့မယ် ဆိုရင် သူတို့စိတ်ကို ဘယ်လို ပြင်ဆင်ပေးမလဲ ။ ကိုယ့်ကိုယ်ရော ဘယ်လို ပြင်ဆင်လဲ ။
** သူတို့မှာ သူတို့ရဲ့ ရှေ့ခရီးအတွက် စိတ်လှုပ်ရှားရတာတွေ အများကြီး ဖြစ် နေနိုင်ပါတယ် ။ မိဘ မိသားစု သူငယ်ချင်းဟောင်းများနဲ့ ခွဲခွာရတဲ့ ဒဏ် အပြင် အသစ်တွေ သူစိမ်းတွေ အများကြီးနဲ့ ရင်ဆိုင်ရမယ့် အရေးကလည်း စိတ်မအေးစရာပါ ။
ဒါတောင် မ . သားတွေ အဖို့က language ဘာသာစကား ပြဿနာက လုံးဝ မရှိလို့ တော်ပါသေးတယ် ။ တချို့ ကလေးတွေဆို အဲဒီ ပြဿနာကလည်း အတော်ကြီးကြတော့ ပိုလို့တောင် စိတ်ဖိစီးကြ ရရှာမှာပါ ။
စိုးရိမ်စိတ် အနည်းနဲ့ အများ ရှိနေနိုင်တဲ့ သူတို့လေးတွေ စိတ်ထားတတ်ဖို့ တော့ မ . က အပြုအမူလေး တချို့ တော့ သင်လိုက်ပါတယ် ။
- မမျှော်လင့်တာတွေ ကြုံလာရနိုင်တာကို မျှော်လင့်ထားပါ ။
- ကြုံလာရတာတွေက ကိုယ့် နေ့စဉ်ဘဝ daily life ကို အရမ်းကြီး ထိခိုက် မနေရင် လစ်လျူစိတ် မွေးပါ ။
- ဘာကိုပဲ ကြောက်ကြောက် အဲဒီ အကြောက်တရားကို ကျော်လွှားနိုင်ဖို့ နည်းလမ်း က ရှိကိုရှိပါတယ် ၊ ရှာဖွေပါ ။ အကြောက်တရားဆိုတာ ရင်ဆိုင်လိုက်ပြီးရင် ထပ်ကြောက်နေစရာ မရှိတော့ပါဘူး ။
- မဖြစ်နိုင်တာ မရှိဘူး အကုန် ဖြစ်နိုင်တယ် ၊ သူများ လုပ်နိုင်ရင် ငါလည်း လုပ်နိုင်တယ် ဆိုတဲ့ အတွေးနဲ့ ပြင်ဆင်ပါ ။
- မျှော်လင့်ချက်တွေ ထင်မြင်ချက်တွေကို အသေကြီး မထားပါနဲ့ flexible ဖြစ်အောင်နေပါ ။
- ကိုယ့်ကိုယ်ကိုယ်ရော ၊ ကြုံလာရတဲ့ အခြေအနေတွေ ပေါ်မှာပါ အကောင်းမြင်ဝါဒ ကို ကျင့်သုံးပါ ။
- အပြောင်းအလဲ အတက်အကျ တွေကို လက်ခံပါ ။
- သူစိမ်းတို့ရဲ့ အလည်မှာ ဘယ်တော့မှ နှစ်ခါပြန် ရ မလာနိုင်တော့တဲ့ အခွင့်အရေး မှန်သမျှကို ရလာချိန်လေးမှာ ကြိုးစား ဖမ်းဆုပ်နိုင်အောင် လုပ်ပါ ။ ရလာတဲ့ အခွင့်အလမ်းတွေ အတွက်လည်း သက်ဆိုင်သူတိုင်းကို ကျေးဇူးတင်ပါ ။
- အိမ်နဲ့ လုံးဝ အဆက်မပြတ်အောင် နေပါ ။
- Home sick ဆိုတဲ့ အရာက control မလုပ်နိုင်တဲ့ အရာ မဟုတ်ပါဘူး ။ တစ်ချိန်မှာ လူတိုင်း ကျော်လွှားနိုင်ပါတယ် ။
- ဘာပဲ ဖြစ်ဖြစ် ဘယ်အရာကို ကြုံလာလာ ကိုယ့်ခြေထောက်ပေါ်ပဲ ကိုယ်ရပ် ၊ ကိုယ့်အားပဲ ကိုယ်ကိုး ရတော့မယ် .. ဘယ်သူမှ ကိုယ့်နောက်မှာ မရှိနိုင်ဘူး ဆိုတာ မမေ့ပါနဲ့ ။
နောက် သေချာ သင်ရတာကတော့ လူအများနဲ့ ဆက်ဆံတဲ့အခါ humble ဖြစ်ဖို့ပါ ။ အလကားနေရင်း လူ့အောက်ကျို့ ကြောက်ရှိန် နေရမယ်တော့ မဟုတ် ၊ ကျိုးနွံနှိမ်ချသော အမူအရာ ရှိဖို့ နဲ့ ကိုယ်သိကိုယ်တတ် ဆိုပြီး ထောင်ထောင် ထောင်ထောင် မလုပ်နေဖို့ပါ ။
ဒါက စိတ်ကို ပြင်ဆင်နိုင်ရာ ရောက်သလို ကိုယ့်ဘဝ အောင်မြင်မှုရဲ့ သော့ချက် လည်း ဖြစ်ပါတယ် ။
သားတွေရဲ့ စိတ်အတွက်သာ ပြင်ဆင်ခိုင်းပြီး မိဘ အနေနဲ့ မ . က ကိုယ့်ကိုယ်ကိုယ်ကတော့ သိပ် မပြင်ဆင်ရပါဘူး ။
မ . က စိတ်မာတဲ့ အမေ လို့ လူတိုင်းက သတ်မှတ်ကြပါတယ် ။ အမှန်က အတွင်းမှာ တော်တော်ပျော့တာ လူ ရိပ်မိမိ မရိပ်မိမိ ပေါ့နော် ။
ဒါပေမယ့် မ . ထက် ပိုဆိုးနေတဲ့ သူတို့ အဖေကို တော်တော်လေး နှစ်သိမ့် ယူနေရတာနဲ့ပဲ မ . က သားတွေနဲ့ ခွဲခွာရတဲ့ ဒဏ် ကို ခံနိုင်လာတယ် ပြောရမှာ ပေါ့နော် ။
သူက မ . ထက် ခံစား တတ်ပါတယ် ။ သားတွေကို သူက အရမ်းချစ်တယ် ။ အမေဖြစ်တဲ့ မ . လောက် မနီးကပ်ဘူး ဆိုရင်တောင် ဒီ့ပြင် အဖေတွေနဲ့စာရင်တော့ အင်မတန် လက်ပွန်းတတီး နေတတ်တဲ့ ဖခင်မျိုး ကိုး ။
ဒီမှာ ကျန်ခဲ့မယ့် မိဘတွေ အတွက် ပြောချင်တာကတော့ လင်မယား ဆိုလည်း လင်နဲ့ မယား ၊ ဒါမှ မဟုတ် မိဘ မောင်နှမ သူငယ်ချင်းကောင်း စသည်တို့နဲ့ လစ်ဟာသွားတဲ့ ရင်တွင်း ခံစားချက်ကို အစားထိုးတာက လူကို အလုပ်အကိုင် မပျက် နေပျော် စေပါတယ် ။
ကိုယ့် အားလပ်ချိန်တွေကိုလည်း ကိုယ်ဝါသနာပါတာ တစ်ခုခုနဲ့ occupied ဖြစ်အောင် နေပါ ၊ ကလေးတွေ ကြုံရတဲ့ အကောင်းအဆိုး အတက်အကျ အပြောင်းအလဲတွေတိုင်း အတွက်လည်း တအားလိုက် ခံစားမနေပါနဲ့ လို့ ။
နောက် လူဆိုတာ ဘယ်သူမှ perfect ဖြစ်တယ်ရယ် ဆိုတာ မရှိနိုင်တဲ့ အတွက် ကိုယ့်ကလေးတွေ ကြုံလာရမယ့် အရာရာမှာ အကောင်းဆုံးချည်း ဖြစ်နေရမယ် ဆိုတဲ့ စိတ် ၊ သူများနဲ့ ယှဉ်ပြီး မောနေမိတတ်တဲ့ စိတ်တွေကိုလည်း လျော့ထားကြရပါမယ် လို့ ။
(၆) အဝေးရောက်နေတဲ့ သားသမီးကို စည်းကမ်းပိုင်းဆိုင်ရာပဲဖြစ်ဖြစ်ပေါ့ ဘယ်လို ထိန်းကျောင်းထားသလဲ ဆိုတာလေးလည်း သိချင်ပါတယ် ။
** အဓိက ကတော့ အဝေးကို လွှတ်တော့မယ့် ကလေးဟာ must နဲ့ should ဘာလုပ်ရမယ် ဘာမလုပ်ရဘူး ၊ ဘာလုပ်သင့်တယ် ဘာမလုပ်သင့်ဘူး ဆိုတဲ့ do or don't အသိဉာဏ် ကို ငယ်ကတည်းက ပျိုးထောင် အမြစ်စွဲ ပါနေဖို့ အရေးကြီးပါတယ် ။
ဒါမှ စိတ်ချလက်ချ အဝေးမှာ လွှတ်ထား နိုင်မှာပါ ။
အဲဒါလေးတစ်ချက် ကိုယ်တိုင် သိမထားရင် မိဘက ဒီကနေ လှမ်းအုပ်ထိန်းရမှာ ဘယ်လိုမှ အဆင် မပြေနိုင်တော့ ပါဘူး ။
ကျန်တာကတော့ သားတွေ အဝေးရောက် မနေခင် ဒီမှာပဲ လက်ပွန်းတတီး ရင်အုပ်မကွာ အတူကြီး ရစဉ် အချိန် က ပုံစံ အတိုင်းပဲ ဆက် ထိန်းကျောင်း ထားခဲ့တာတွေ ရှိပါတယ် ။
- ကိုယ့်ရဲ့ attitude သဘောထား က ကိုယ့်သားသမီးတွေ အပေါ်မှာ ပုံရိပ် အမြဲထင်တတ်တယ် ဆိုတာ ယုံကြည်သူတွေမို့ သူတို့ ပါပါရော မ ပါ ကလေးတွေရဲ့ Role Model အတတ်နိုင်ဆုံး ဖြစ်အောင် နေပါတယ် ။
ကျန်တာတွေထက် စာရင် အဓိက ကတော့ လူရှေ့တင် နဲ့ လူကွယ်ရာ ဘယ်နေရာဖြစ်ဖြစ် လူအများရှေ့မှာ မလုပ်သင့်တာ မလုပ်ရဲတာ မှန်သမျှ ကို လူကွယ်ရာမှာလည်း မလုပ်ရဘူး ဆိုတဲ့ အချက်ကို မိဘက လမ်းပြထားနိုင်ရင် ကလေးတွေလည်း မိဝေးဘဝေးမှာ မလုပ်သင့်တာ မှန်သမျှ မလုပ်ရဲ မလုပ်ကြဘူး ဆိုတာလေး စွဲနေအောင် လုပ်ပါတယ် ။
- ကိုယ့် စည်းကမ်း ဆိုတာလေးတွေတော့ ချထားတာတွေ ရှိပေမယ့် ကလေးတစ်ယောက်ချင်းစီဟာ သူ့ပုံစံ ၊ သူ့ own individual personalities နဲ့ သူ ၊ သီးသန့် တသီးတခြား စီ unique ဖြစ်ကြပါတယ် .. အမြွှာ ဆိုရင်တောင် မတူပါဘူး ။
အကြောင်းအရာ အဖြစ်အပျက် တစ်ခုကို တွေးခေါ် တုန့်ပြန်မှု မတူကြဘူး ဆိုတာကို လည်း လက်ခံ ထားပါတယ် ။
ကိုယ် စဉ်းစား စည်းကမ်းချ ထားတာနဲ့ မတူတိုင်း အဝေးရောက် သားသမီးကို ငယ်ငယ်ကလိုမျိုး " မရဘူး ဒါပဲ ဖြစ်ရမယ် " လို့ မလုပ်တော့ပါဘူး ။
- ကလေးမှာ သူ့ အမြင် point of view နဲ့သူ ဆိုတာ သူ့ကို မထိခိုက်စေရင် လက်ခံပါတယ် ။
- ကိုယ့် limit ကိုယ့် boundaries တွေက ဘာလဲ ဘယ်လောက်လဲ ဆိုတာတော့ ကလေး က ရှင်းရှင်းလင်းလင်း သိထားရပါမယ် ။
ဒါပေမယ့် ကိုယ်သတ်မှတ်ထားတဲ့ ဘောင်က ပြင်လွယ်ပြောင်းလွယ် flexible ဖြစ်ဖို့နဲ့ reasonable ဖြစ်ဖို့တော့ လိုပါတယ် ။
ဘောင်က သိပ်ကျဉ်း နေရင် ကိုယ်ဆိုရင်ကော လိုက်နာနိုင်မယ့် အရာတွေ ဟုတ်ရဲ့လား ပေါ့နော် ။
- နောက် မျှော်မှန်းချက်တွေပေါ့ ။ ဒါတွေကလည်း မဖြစ်နိုင်တာတွေ မလုပ်ဘဲ ဖြစ်နိုင်ခြေ ရှိတာတွေပဲ လုပ်ရမယ် ။ ဒါလည်း flexible ဖြစ်ရပါမယ် ။
- မိဘနဲ့ သားသမီး ပေမယ့် Respect ဆိုတာ အပြန်အလှန် ရှိအပ်တဲ့ အရာပါ ။ သူ့အပေါ်မှာ မိဘက မလေးစားနိုင်ရင် ထိန်းကျောင်း ပုံစံချနိုင်ဖို့က မလွယ်ပါဘူး ။
- မိဘ ဆိုတာ မိဘလည်း မိဘ ၊ သူငယ်ချင်းလည်း သူငယ်ချင်း ဖြစ်အောင် နေရပါမယ် ။ ဒါပေမယ့် အရေးကြီးတာက သူငယ်ချင်း ဆိုတိုင်းလည်း ကိုယ်က သူ့ရဲ့ best friend တော့ ဟုတ်ချင်မှ ဟုတ်ပါမယ် ။
ဒါကို သဘောပေါက်ပြီး လောဘ မကြီးသင့်ပါဘူး ။ အဝေးရောက် သားသမီး တစ်ယောက် ရဲ့ ရင်ဖွင့်ချင်သူ . အမြဲ ဖုန်းဆက်သွယ်သူ . စသည်ဟာ ကိုယ် မဟုတ်နေရင်လည်း နားလည် နိုင်ရပါမယ် ။ best friend မဖြစ်ရလို့ ဝမ်းနည်းတာ . မနာလိုတာ မိဘမှာ ရှိနေရင် သားသမီး အတွက်က အဆင်မပြေ ပါဘူး ။
- လောဘကတော့ ဘယ်နေရာမှာမှ မကြီးသင့်တော့ ပါဘူး ။
- ကလေးနဲ့ အဆက်မပြတ်အောင် နေပါ ။ သူတို့ အပေါင်းအသင်း သူငယ်ချင်း လေးတွေရဲ့ အကြောင်း အမြဲမေးမြန်း စိတ်ဝင်စား နေပါ ။
ဒီခေတ်က fiber တွေ messenger တွေကနေ စကားပြောလို့ ရနေတာ ရုပ်ကြည့်လိုက်တာနဲ့ ကိုယ့်ကလေး ဘာဖြစ်နေပြီလဲ သိအောင်လုပ်ထားရပါမယ် ။
သူတို့ အသိုင်းအဝိုင်းကိုလည်း သူတို့ နဲ့ စကားပြောချိန်မှာ ကိုယ်က စ နှုတ်ဆက် စကားဝိုင်းထဲ ဆွဲခေါ်ပြီး လေ့လာလို့ ရပါတယ် ။
video call နဲ့ စကားပြောကြတဲ့ အခါ မိဘတွေ သိသာနိုင်တဲ့ Warning Signs တွေက ကလေးမျက်နှာ မှာ ပေါ် နေတတ်ပါတယ် ။ သူ စိတ်ညစ်နေလား ၊ တစ်ခုခု ခိုးလုပ်နေလား စသဖြင့် ပေါ့နော် ။
- ကလေးမျက်နှာကို ကိုယ်က သိနေပေမယ့် ကိုယ့်မျက်နှာကိုတော့ ကလေးက အကုန် မဖတ်တတ်ရင် ပိုကောင်းပါမယ် ။ ဒီမှာ ကိုယ်ကြုံ နေရတဲ့ စီးပွားရေး . လူမှုရေး . ကျန်းမာရေး . ကိုယ့် stress တွေ ကလေးကို မကူးစက် ပါစေနဲ့ ။
- တစ်ခုခုဆို ကိုယ်ကအရင် စိတ်အေးအေး ထားပါ ။ ကလေးကို ဖိအား ပေးသလို မဖြစ်စေ ပါနဲ့ ။
- ကိုယ်က လက်လှမ်း မမီနိုင်ချိန်မှာ အသေးအမွှားလေးတွေနဲ့ ဖြေမဆည် နိုင်တာ . ချွေးထွက် နေရတာမျိုး ဖြစ်မနေပါနဲ့ ၊ ဒါပေမယ့် ကြီးကြီးမားမားတွေကို လစ်လျူရှုမိ ထားတာမျိုးလည်း ဖြစ်မနေ ပါစေနဲ့ ။
- သူတို့ stress တွေများလာရင် ဘယ်လို တုန့်ပြန် ကုန်ကြသလဲ ဆိုတာ ကိုယ်က အမြဲ သိနေအောင် မပြတ် လေ့လာနေရ ပါတယ် ။
တမင်သက်သက် ရိုင်းချင်တာလား . စိတ်ညစ်နေချိန်လား မသိဘဲ ကိုယ်က သူ့ အမူအရာမှာ ဗွေယူမိရင် ကလေးမှာ ပို ထိခိုက် သွားတတ်ပါတယ် ။
- လူတစ်ယောက်မှာ morally support လုပ်ပေးမယ့်သူ အချိန်မရွေး ရှိနေနိုင်ခြင်းက သူတို့ဘဝ တိုးတက်အောင်မြင်ရေးမှာ အဓိက အရေးကြီးတဲ့ သော့ချက်ပါ ။
မိဘလုပ်သူက ကိုယ့်သားသမီးရဲ့ စိတ်ဓာတ်ခွန်အား အတွက် ဘယ်အချိန်လောက်မှာ ခွန်အားဖြည့် Booster dose တင်ပေးရမလဲ ဆိုတာ သိနေရပါမယ် ။
- ကိုယ့်ကလေး နဲ့ အမြဲ မပြတ် စကားပြောပါ ။ အမြဲကို ပြောပါ ။
ဒါပေမယ့် ပြောရင်လည်း ကိုယ့်ဘက်က ပြောတာနည်းနည်း နားထောင်တာ များများ ဖြစ်နေမှသာ သူတို့အကြောင်းနဲ့ စိတ်ခံစားချက်ကို ကိုယ်က သိနိုင်ပါတယ် ။
အမေတွေ များသောအားဖြင့်က တွေ့တုန်းမှာ ကိုယ်ကချည်း တတွတ်တွတ် ပေါက်ပေါက်ဖောက် နေချင် မိတတ်ကြတယ် ။ ကလေးက စိတ်ညစ်တတ်ပါတယ် အဲဒါမျိုးကို ။
- သူ့ဘက်က စ ဆက်သွယ် ဖုန်းပြောချင်တာမျိုးကိုသာ ကြိုဆိုပြီး ကိုယ့်ဘက်က တကျီကျီ တဆက်တည်း ဆက် လုပ်နေတာမျိုး ၊ သူ အားချိန်နားချိန် အိပ်ချိန် မှန်းမသိဘဲ မိဘက ပြောချင်ချိန် ပြောရမယ် ဆိုတာမျိုး မလုပ်မိအောင် သတိထားရပါမယ် ။
အထူးသဖြင့် စကားပြောရတဲ့ အချိန် တခဏမှာ ရန် မဖြစ်မိအောင် သတိထား ရပါမယ် ။
- ကိုယ့်ကလေးကို မျက်စိမှိတ် ယုံနေရမယ် မဟုတ်ပေမယ့် ယုံကြည်ပေးပါ ။ အမြဲ သံသယ နဲ့ မဟုတ်တာ လုပ်တော့မယ့် သူလိုမျိုးချည်း မဆက်ဆံ ပါနဲ့ ။
- ကိုယ်မှားသွားရင်လည်း မြုံ မနေပါနဲ့ တောင်းပန်လိုက်ပါ ။
- သူတို့ ရဲ့ ရလဒ်တွေကို သေးသေးလေး ဖြစ်ဖြစ် အသိအမှတ် ပြုပေးပါ ။ လုပ်ရပ်ကောင်းလေးတွေကို ကျေးဇူးတင်ပါ ။
ကိုယ်သူ့ကို အရမ်း ချစ်တယ် ဆိုတာလေး သူအမြဲ သိနေအောင် လုပ်ပါ ။ စကားပြောတိုင်း ချစ်တယ် ဆိုတာလေး ထည့်ပြောပါ ။
- များသောအားဖြင့် မိဘတွေက အဝေးရောက် သားသမီးကို ဘာသာရေးနဲ့ အုပ်ထိန်း ကြပါတယ် ။ မ . ကတော့ ဘာလေးလုပ်ပါလား ဆိုတာကို ပြောပြထားပြီးရင် သူတို့ လုပ်ချင်စိတ်ရှိမှ လုပ်စေ ပါတယ် ။
ကိုယ်က အတင်း လုပ်စေချင်ပေမယ့် သူတို့ ကိုယ်၌က မလုပ်လိုရင် ဘာ အကျိုးမှ ရှိမလာနိုင် လို့ပါ ။
- ပိုက်ဆံ နဲ့ ပတ်သက်လို့ အသုံးနဲ့ အဖြုန်းကို အရင်ကတည်းက သင်ကြား ပေးထားရမှာ ဖြစ်ပေမယ့် ကလေးတွေ စာရင်းတင်ရင် အတိအကျလေးက အစ လိုက်ပြော ဝေဖန် အပြစ်တင် မနေရ ပါဘူး ။
ငါ .. ငါ့ မိဘ ပိုက်ဆံကို အလကားနေရင်း ဖြုန်း မပစ်သင့်ဘူး ဆိုတာ ကလေးရဲ့ အသိစိတ်သာ ဖြစ်သင့်ပြီး မိဘကတော့ ငါ့ပိုက်ဆံတွေ ၊ ငါ့ပိုက်ဆံတွေ ဆိုတာမျိုး လုပ် မနေရဘူးပေါ့နော် ။
- ကျန်းမာရေး အတွက် အိပ်ချိန် ၊ စားချိန် နဲ့ ဘာတွေ စားဖြစ်နေလဲ ဆိုတာ သိအောင် အမြဲ လုပ်ထားပါတယ် ။ ကလေးတွေဟာ စာမေးပွဲ ကြောင့်ရော တခြားပြင်ပ အပျော်အပါး အတွက်ပါ စားချိန်အိပ်ချိန် မမှန်တတ်ကြတာ များပါတယ် ။
မိဘက ဒါကို မသိသိအောင် လိုက်လုပ်ထားပြီး ဆူပူတာထက် မသိမသာ ပြင်ဆင်ပြောပြတဲ့ ပုံစံမျိုးနဲ့ အအိပ်အစားလေး မှန်အောင် လုပ်ပေး နေသင့်ပါတယ် ။
( ၇ ) သူတို့ဆီကနေ အခက်အခဲ ရယ်လို့ မိဘကို ပြန်ပြောပြ တိုင်ပင်တဲ့ အများဆုံး က ဘယ်လို ကိစ္စမျိုးတွေများလဲ မမရယ် ။
** အခက်အခဲ ရယ်လို့တော့ မဟုတ်ဘူးပေါ့နော် ။ မိဘနဲ့ စကားပြောတယ် တိုင်ပင်ကြတယ် ဆိုတာက .. မ က နဂိုတည်းကိုက သားတွေနဲ့ တအား စကားပြော တဲ့ မိခင် အမျိုးအစားထဲမှာ ပါပါတယ် ။
သူတို့ အဖေကလည်း အားအားရှိ ကလေးတွေနဲ့ပဲ စကားပြောချင်တဲ့ အဖေမျိုးပါ ။ ဒါပေမယ့် သူကတော့ အလုပ်များတတ်တဲ့ အိမ်ထောင်ဦးစီး ဆိုတော့ အဓိက ကတော့ မ ပေါ့နော် ။
တကယ်တမ်း မှာ မ . သားတွေက စကားများ ရင်ဖွင့်ရတာ ဝါသနာ မပါတဲ့ နှုတ်ပိတ်ပိတ် introvert တသီးတသန့် အတွင်းသွား type တွေပါ ။
အဲလို ကလေးမျိုး တွေကို မိဘကို စကားပြောချင် လာအောင် လေ့ကျင့်ပျိုးထောင် ယူရတာဟာ တစ်လ တစ်နှစ် နဲ့ မရနိုင်တဲ့ နှစ်ရှည် စီမံကိန်း အနေနဲ့ ကြိုးစား ခဲ့ရတာပါ ။
ခုဆို သူတို့ မှာ သူငယ်ချင်းတွေ အချင်းချင်း ကြားမှာ လျှို့ဝှက် ပေးထားအပ်တဲ့ အရာမျိုးက လွဲရင် ( ဒါတွေကတော့ မိဘတွေ မသိအပ်ဘူး .. သူတို့မှာ သူငယ်ချင်းကို သစ္စာဖောက်ရာ ကျမှာ ပေါ့နော် ) ကျန်တဲ့ သားတွေရဲ့ သူငယ်ချင်းကောင်လေးတွေ ၊ သူငယ်ချင်း ကောင်မလေးတွေ ၊ အီစီကလီလေးတွေ ၊ မိန်းကလေးတွေ ၊ လက်ရှိတွေရော .. ex တွေ အကြောင်းက အစ သူတို့ က မ ကို ပြောပြပါတယ် .. ပြောချင်စိတ် ရှိကြပါတယ် ။
ဝေးနေတဲ့အခါ ကျတော့ ခုန ပြောခဲ့သလိုပေါ့ .. သူတို့ စကားပြောချင်စိတ် ရှိလာတဲ့ အချိန်ကျမှ ဖုန်းဆက် ၊ video call ခေါ်ပါစေ လို့ မ . က ဆုံးဖြတ်ထားတဲ့ အတွက် သူတို့ ဆက်လာတဲ့ အချိန်ဟာ သူတို့ တကယ် စကားပြောချင် နေကြတဲ့ အချိန်ပါ ။ အဲဒီ အချိန်တွေမှာ ..
- သာမန် ထမင်းစားရေသောက် စကားတွေလည်း ပြောတယ် ။
- ဆုံးဖြတ်ချက်ချစရာ အတွက် အကြံဉာဏ် တောင်းတာမျိုး ၊ တိုင်ပင်တယ်ရယ် မဟုတ်လည်း သူတို့ တွေးထားတဲ့ ဆုံးဖြတ်ချက်က ကောင်းမကောင်း ဝေဖန်ခိုင်းတာမျိုး လုပ်တယ် ။
- စိတ်ညစ်စရာ ( အတန်းဖော် ၊ အဆောင်အတူနေသူတွေ အဆင်မပြေတာမျိုး ၊ စာတွေ များလို့ ပင်ပန်းတာမျိုး ၊ စာမေးပွဲမှာ အမှတ် သိပ်မကောင်း ဖြစ်သွားတာမျိုး ) တွေရှိလာရင်လည်း တမင် ဆက် ပြောတာရှိတယ် ။
- နေ့စဉ်စားသောက် တာ ၊ ဗာဟီရလေးတွေ ဝယ်ရတာလောက် မကတဲ့ ပိုက်ဆံသုံးစရာ တစ်ခုခု ရှိရင်လည်း ဒါလေး ပို သုံးလိုက်ရဦးမယ် စသဖြင့် ပြောတယ် ။
- သူတို့ ရဲ့ အအိပ်အနေ အစားအသောက် ကို သိရှိ စစ်ဆေးနေနိုင်ဖို့ မ က တမင် အကျင့်လုပ် လေ့ကျင့်ပေး ထားတဲ့အတွက် ဒီနေ့ ဘာနဲ့ ဘယ်လိုစားတယ် ၊ ဘယ်ချိန် အိပ်တယ် ထတယ် ဆိုတာက အစ ပြောပါတယ် ။
မ . ဘက်ကလည်း မ . သိချင်လာတဲ့ အရာတွေ ဆိုရင် သူတို့ဘက်က စ ပြောချင်လာအောင် လမ်းကြောင်း ပြောရတာတို့ ၊ ဆွ ပေးရတာတို့ ၊ နောက်ပြောင် ပြီး အစ် ထုတ်ရတာတို့ ၊ တခြားကနေ သိပြီးသား ဖြစ်ပေမယ့် မသိချင်ယောင်ပဲ ပြန်ဆောင်ပြီး နားထောင်နေရတာ တို့ .. နည်းလမ်းပေါင်းစုံ ၊ ပညာသား မျိုးစုံနဲ့ ကြိုးစား ယူရတာလေးတွေ ရှိပါတယ် ။
(၈) မ အနေနဲ့ဆိုရင် တခါတလေမှာ သူငယ်ချင်းတယောက်လိုလည်း သားတွေအတွက် ရှိနေတယ် ဆိုတော့ ကိုယ်က အဝေးကနေ လှမ်း ကူညီပေးလို့ရတာ ဘာတွေများ ရှိနေသေးလဲ ။
ဥပမာ - သူတို့ စာတမ်းပြုစုဖို့ လိုအပ်တဲ့ အချက်အလက်တွေ ဝိုင်းရှာပေးတာမျိုးပေါ့ ။
** သားငယ်လေးအတွက်ကတော့ ကျောင်းစာနဲ့ ပတ်သက်လို့ ကူညီပြောပြ နိုင်တယ်လို့ မရှိဘူးပါဘူး ။ သူ သင်ကြားနေရတဲ့ ဘာသာရပ်တွေလည်း ကိုယ်က နားမလည် ဘူးလေ ။
သားငယ်လေးကို ကူညီတာမျိုးက ကျောင်းစာထက် လူမှုရေးပိုင်းတွေပေါ့ ။ သူက ဟိုမှာ အဆောင်မနေဘဲ home stay နေတဲ့အခါ အဲဒီ အိမ်ရှင်တွေ မြန်မာနိုင်ငံကို လာကြတဲ့ အခါ ၊ မြန်မာနိုင်ငံက ပစ္စည်းတွေ ဘာတွေ မှာကြားချင်တဲ့ အခါ မ က တာဝန်ယူ ကူညီပေးပါတယ် ။
သားကြီးကတော့ တစ်ခါတရံမှာ အတွေးအခေါ်တွေပေါ့နော် ..
- ဒီ ဥပဒေ ပညာကို သင်ယူ မထားတဲ့ သာမန်လူပိန်း တစ်ယောက်အနေနဲ့ ဘယ်လို case မျိုး ဘယ်လို အခြေအနေနဲ့ ကြုံလာရင် ဘယ်လို စဉ်းစားမလဲ ဆိုတာတွေ မေးတတ်ပါတယ် ။
ပညာရပ်ပိုင်းဆိုင်ရာ ဘာမှ နားမလည်တဲ့ မ က သာမန်လူရဲ့ အမြင်တွေပဲ ပြောတာပေါ့နော် ။ သူကလည်း အဲဒါပဲ လိုချင်တာပါ ။
- သားကြီးက ဟိုမှာ presentation လုပ်ရတဲ့အခါ သူ မမွေးသေးတဲ့ခေတ်က မြန်မာနိုင်ငံရဲ့ နိုင်ငံရေး အခြေအနေတွေ ကို ဆွေးနွေးရမယ်ဆိုရင် မ က ဒီကနေ အကြမ်း ရေးပေး ရတာမျိုးလည်း ရှိပါတယ် ။
- တစ်ခါတရံကျတော့ သူတို့ စာတမ်းတင်ရမယ့် အကြောင်းအရာ တစ်ခုအတွက် survey ပေါ့ ၊ စစ်တမ်းကောက်ယူချင်တဲ့ အခါတွေမှာလည်း မ ဆီ အသက်အပိုင်းအခြားအလိုက် ဘယ်နှစ်ယောက် ဘာညာ ပြောပြီး မေးခွန်းတွေ ပို့ပေးရင် မ က မ ရဲ့ မိတ်ဆွေ သူငယ်ချင်း တွေကို စစ်တမ်းစာရွက်တွေ ပို့ပေးပြီး အကူညီတောင်း ဖြေစေတာမျိုးလည်း လုပ်ရပါတယ် ။
- နောက် ဟိုက မြန်မာကျောင်းသား အဖွဲ့အစည်း မှာ ပြဇာတ်တွေ ဘာညာ ကဖို့ သားတွေက script ဇာတ်ညွှန်းရေးဖို့ တာဝန်ယူတယ် ဆိုရင် သူတို့မသိတဲ့ မြန်မာမှုဆိုင်ရာ တွေကို မ က ဒီကနေ ရေးပေးကူညီ ပါတယ် ။
နောက် ကျန်းမာရေးပေါ့ ။
ဟိုမှာက တစ်ခုခုဆို ကျောင်း ကျန်းမာရေး ဌာနကနေ ဆေးရုံဆေးခန်း အထိရောက်ပြီး ဆရာဝန်နဲ့ ပြသခွင့်ရဖို့က အဆင့်ဆင့်နဲ့ အချိန်ယူရတာမို့ သာမန်လောက် အပရိကဆို မိဘဖြစ်တဲ့ မ တို့ နှစ်ယောက်စလုံးကလည်း ဆရာဝန်တွေဆိုတော့ ဒီကနေ လှမ်း ဆေးကု ရတာ မျိုးလည်း ရှိတာပေါ့နော် ။
သာမန် အိမ်သုံးဆေး ပေါင်းစုံကတော့ အကုန်ထည့်ပေးလိုက်တာမို့ မကျန်းမာရင် ဘာသောက် ဘယ်လိုနေ ။ ဒါမျိုးလေးတွေ ညွှန်ပြ ရပါတယ် ။
ဒီ ကျန်းမာရေး ကိစ္စကတော့ သားတွေတင်မက သူတို့ရဲ့ သူငယ်ချင်းလေးတွေ ကပါ ဖြစ်စဉ်တွေ ပြောပြပြီး အကူညီတောင်းကြတဲ့ အခါ .. ကိုယ်က ဒီကနေ လုပ်သင့်တဲ့ ဟာလေးတွေ ညွှန်ပြပြောဆိုပြီး အဝေးရောက် online ကုသခြင်း လေးတွေ နဲ့ ကူညီပေးနေရတာမျိုး ရှိပါတယ် ။
( ၉ ) နှုတ်ဆက်စကား
** နားဆင်နေကြတဲ့ ပရိသတ်တွေထဲမှာ စာသွားသင်တယ် မဟုတ်တောင် အကြောင်းတစ်စုံတရာနဲ့ ကိုယ့်သားသမီးက ကိုယ်နဲ့ ရင်အုပ်ကွာပြီး အဝေးရောက် နေတဲ့ မ နဲ့ ဘဝတူ မိဘ . မိသားစုဝင်တွေ အများကြီးပဲ ရှိနေကြမှာပါ ။
မိဘဆွေမျိုး မိသားစုဝင်တွေ သိထားသင့်တာက ကိုယ့်အိမ်ကိုယ့်ရာ ကိုယ်မိသားစုတွင်း ကနေ အဝေးကြီး ကို ရောက်နေရတယ် ဆိုတာ ဘာအကြောင်းကြောင့်ပဲ ရောက်နေနေ အဲဒီ နေရာသည် သူတို့ အတွက် စစ်မြေပြင် ပါ ။
မိဝေးဘဝေး ချစ်ခင်သူတွေနဲ့ အဝေးတစ်နေရာမှာ စိန်ခေါ်လာတဲ့ တိုက်ပွဲမျိုးစုံ ကို သူတို့ ခမျာ တစ်ယောက်တည်း တိုက်ခိုက် အနိုင်ယူ နေရတာပါ ။ တိုက်ပွဲခေါ်သံတွေ .. ဗုံးကျည် လက်နက်တွေကြား မီးလောင်ရာလေပင့် ၊ ဝါးကူလို့ ထိုးမိတဲ့ အဖြစ်မျိုးတွေကို ကိုယ့်ဘက်က စ လို့ မလုပ် ကြရအောင်လား လို့ ။
သူတို့ရဲ့ စစ်မြေပြင်ကို သူတို့ ဘာသာ စိတ်ဓာတ်ခွန်အား အပြည့်နဲ့ တိုက်နိုင်အောင် ကူညီနိုင်ဖို့သာ ကြိုးစား ပေးကြပါ လို့ ။
အိမ်တွေကနေ ဝေးကွာ နေကြတဲ့ သားသမီးတွေ အတွက် ပြောချင်တာကတော့ Family is not an important thing , it's everything . ဆိုတဲ့ စကားလေး ရှိပါတယ် ။
မိသားစု ဆိုတာ အရေးကြီးသော အရာ မဟုတ်ပါဘူး .. ရှိရှိသမျှ အရာအားလုံး အကုန်လုံး သာ ဖြစ်ပါတယ် တဲ့ ။
ကိုယ် ဘာလေးပဲ တစ်ခုခု လုပ်တော့မယ် ဖြစ်စေ .. ကိုယ့်နောက်က ကိုယ့်မိသားစုကို ထည့်သွင်း စဉ်းစား နိုင်သူများ ဖြစ်နိုင်ကြပါစေ လို့ ။
ပုဏ္ဏမီ
{အဝေးရောက် သားသမီးများကို ကိုယ့် တိုင်းပြည်တွင်း ကနေ လှမ်း အုပ်ထိန်း နေရတဲ့ မိဘနှစ်ပါး ရဲ့ ခံစားချက် နဲ့ လုပ်ဆောင်ပုံ အကြောင်းလေးတွေ ကို ( ၃၁ . ၅ . ၂၀၁၈ )
Mandalay FM , Urban Girls ကဏ္ဍတွင် ဆရာမပုဏ္ဏမီနှင့်ဆွေးနွေးချက်များကိုဖော်ပြ
ထားခြင်းဖြစ်ပါတယ်။}