ကြံဖတ်များ
မြစ်ကျိုးအင်း
(ရွှေအမြုတေစာပေဆုရ
ဝတ္ထုရှည်)
ရေဒီယိုလိုင်းတခုခုမှ နံနက်၇နာရီ တေးသံသာ လွှင့်ပျံလာတတ်ချိန်နှင့်အပြိုင် ဦးလူလှတို့ ရပ်ကွက်တခုလုံးတွင် လှုပ်လှုပ်ရှားရှား ဆူဆူညံညံ ဖြစ်နေတတ်လေ့ရှိသည်မှာ နေ့စဉ်သဘာဝပင်ဖြစ်သည်။ နံနက်ခင်း ဆာလောင် နေသည့် ကလေးတို့၏ငိုယိုသံများ၊ လုပ်ငန်းခွင်ဝင်မည့် အလုပ်သမားများ၏ လမ်းမထက်မှ ပြောဆိုသံများ၊ ကျောင်းမုန့်ဖိုးမရမချင်း အိမ်မှမခွာသည့် ကျောင်းသားနှင့်မိဘများ၏ အိမ်တွင်းတိုက်ပွဲအသေးစား အသံ ကလေးများ၊ လူသံ ခွေးသံများ၊ မလှမ်းမကမ်းရှိကားလမ်းမထက်မှ ကားဟွန်းတီးသံများ၊ မီးရထားဥသြသံများ ဖြင့် ရပ်ကွက်ကြီးတခုလုံး ဆူညံပွက်လောရိုက် နေတတ်သည်။
ဦးလူလှသည်လည်း နေ့စဉ်ပြုမြဲအတိုင်းဖြစ်သည့် အလုပ်ခွင်ဝင်ရန် ပြင်ဆင်နေသည်။ အခန်းထောင့်နံရံတွင် ချိတ်ထားသည့် စစ်ရောင်ဘေးလွယ်အိတ်လေးကို ဖြုတ်ကာ လွယ်အိတ်ထဲမှ ယခင်နေ့ ရောင်းပြီးသား လက်ကျန်စာအုပ်များကို ပြန်စစ်ကြည့်သည်။ ဘုရားရှိခိုးအမျိုးမျိုးစာအုပ်သုံးအုပ်၊ သရဲတစ္ဆေနှင့် ပြိတ္တာဘုံစာအုပ်တစ်အုပ်၊ မြန်မာပြည်တလွှား တန်ခိုးကြီးဘုရားသမိုင်းများစာအုပ်၊ အစွမ်းထက်ဂါထာတော် ပေါင်းချုပ်စာအုပ်နှင့် အသားလှုပ်နိမိတ်နှင့် အိပ်မက်ကျမ်းစာအုပ်တချို့ ကျန်နေသေးသည်။ အခန်းထောင့်တွင် ပုံထားသည့် စာအုပ်ပုံဆီကို ဖင်တရွေ့ရွေ့ ရွှေ့ကာ ယနေ့အတွက် လိုအပ်နိင်မည့် စာအုပ်များနှင့် လက်ကျန်ကို ထပ်ဖြည့်ရမည့် စာအုပ်များကို ရွေးထုတ်ဖြစ်သည်။
ဘေးလွယ်အိတ်လေးထဲကို ဆန့်သမျှထည့်ကာ ကျန်သည့်စာအုပ်များကိုတော့ ခပ်ထူထူကျွတ်ကျွတ်အိတ်ထဲ ထည့်လိုက်သည်။ ဇနီးဖြစ်သူ မအေးမြက ထမင်းကြော်ပန်းကန်လေးကိုင်ကာ အနားတွင် လာချပေး၏။ ဆီမပါသော်လည်း အိုးကင်းပူအနံ့နှင့် ပူပူနွေးနွေးအရသာကြောင့် စားရသည်မှာ မဆိုးလှ။ ငပိစိမ်းစားမီးဖုတ်နှင့် အိုးကင်းပူတိုက်ထားသည့် ထမင်းကြော်သည် နံနက်စာဟု အမည်တပ်ရသော်လည်း သူ့အတွက်တော့ ညနေအထိ နေရမည့် နှစ်နှပ်ပေါင်းစာသာဖြစ်သည်။
ထမင်းကြော်စားပြီးနောက် အဖျားပျောက်ဆေးကို တခြမ်းချိုးကာ သောက်ပစ်လိုက်သည်။ ကျန်သည့် တခြမ်းကိုတော့ အင်္ကျီအိတ်ထဲသို့ ထည့်လိုက်၏။ နေ့လည်ခင်းရောက်သည်အထိ သက်သာမည့်ပုံမပေါ်လျှင် ထပ်သောက်ရန်ဖြစ်သည်။ ယနေ့နံနက်အိပ်ယာနိုးစဉ်ကတည်းက ကိုယ်လက်များ နာကျင်ကိုက်ခဲကာ မအီမသာဖြစ်နေရသော်လည်း နေ့စဉ်ပြုမြဲဖြစ်သည့် လုပ်ငန်းဆောင်တာများကို ပျက်ကွက်ခံ၍မဖြစ်တာကြောင့် အားတင်းကာ လုပ်ဆောင်နေရသည်။
နံဘေးရှိရေအိုးမှ သောက်ရေတခွက် ဝဝခပ်သောက်ကာ အဆင်သင့်ချပေးထားသည့် ရေဘူးကိုယူပြီးသည့်အခါ တွင်တော့ သူ့အတွက်တနေ့စာ တိုက်ဝင်ပွဲဖို့ လက်နက်နှင့်ရိက္ခာ ပြည့်စုံသလောက်ဖြစ်သွားသည်။ ဇနီးဖြစ်သူ မအေးမြက အခန်းအမိုးဖြင့် မလွတ်သဖြင့် ခပ်စောင်းစောင်း လှဲထောင်ထားသော သူ့ချိုင်းထောက်ကိုယူကာ တံခါးဝနားတွင် ခပ်စောင်းစောင်း လာထောင်ပေးထားသဖြင့် ကျေနပ်သွားသည်။ ဦးလူလှသည် သူ့ချိုင်းထောက် မြေပေါ်တွင်လှဲထားသည်ကို မနှစ်သက်သူဖြစ်သည်။ လူလည်း မလဲချင်သလို ဒုတိယခြေထောက်ဖြစ်သည့် ချိုင်းထောက်ကိုလည်း အလှဲမခံချင်သူဟု မကြာခဏထုတ်ပြောဖြစ်၍ ဇနီးဖြစ်သူက အလိုက်တသိဖြင့် ချိုင်းထောက်ကို ထောင်ပေးထားလေ့ရှိသည်။
သူ့ကိုအများအမြင်တွင် ခြေတဖက်ပြတ်ဒုက္ခိတဟု သတ်မှတ်ကြသော်လည်း သူ့ကိုယ်သူမသန်စွမ်းသူအဖြစ် မခံယူထားပါ။ ကံကြမ္မာကို အရှုံးပေးထားရသော်လည်း ကမ္ဘာမြေပေါ်တွင် ဘယ်ခြေတစ်ချောင်းတည်း ထောက်ကာ လူ့လောက၏ လောကဓံတရားကို ရနိင်သမျှခံတိုက်ချင်နေသေးသည့် ခြေထောက်တစ်ဖက် မရှိသူသာဖြစ်သည်။ ထို့ကြောင့်လည်း သူ့ချိုင်းထောက်ကို လှဲထားသည်ကိုပင်မကြိုက်။ သို့သော်လည်း ကံကြမ္မာ၏ ကျီဆယ်မှုသည် သူ့ခြေထောက်တစ်ချောင်းကို ယူသွားယုံဖြင့် ကျေနပ်ပုံမရသေးပါ။
ရှစ်ပေပါတ်လည်ကျယ်ပြီး လေးပေခန့်သာအမြင့်ရှိသည့် အခန်းလေးတခုထဲတွင် သူတို့လင်မယား နှစ်ယောက် ကို ဘဝခရီးဆက်စေချင်ပုံရသည်။ ဘဝကို မားမားမတ်မတ်ရပ်တည်ချင်ပြီး ချိုင်းထောက်လှဲထားသည်ကိုပင် မကြိုက်သည့် သူ့အတွက် နေရသည့်အခန်းလေးသည် ချိုင်းထောက်တချောင်းပင် မတ်မတ်ထောင်ထား၍ မရသော အမြင့်လေးပေခန့်သာရှိသည့် အခန်းလေးဖြစ်နေခဲ့သည်။ ရှာကြံအကောင်းတွေးရလျှင်တော့ ခြေထောက်တစ်ချောင်းသာရှိသည့် သူ့အတွက် အလွယ်တကူ ဖင်တရွတ်တိုက် သွားနိင်ရန် ဖန်တီးပေးလေ သလားဟု ဆိုရမည်။
သို့သော်လည်း တရပ်ကွက်လုံးသည် ယခုကဲ့သို့ အပေါ်ထပ်အိမ်ခန်းနှင့်အောက်ထပ်ကို ကာရံပြီးအခန်းဖွဲ့ နေထိုင်ပုံဖြင့် နေထိုင်ကြသည့်အခါ သူ့အတွက် ထူးပြီးမနာကျင်ရတော့ပါ။ ခံစားချက်များ ထုံသွားသည်လည်း ဖြစ်နိင်ပါသည်။ မီးရထားဝန်ထမ်းတန်းလျား၏ လေးပေခန့်မြင့်သော အောက်ထပ်မြေပြင်ပေါ်တွင် အခန်းကိုယ်စီ ဖွဲ့ကာ ငှားရမ်းနေထိုင်ကြသည်မှာ နောက်ထပ်ငှားရမ်းစရာ မကျန်သည်အထိ အခန်းပြည့်ဖြစ်နေခဲ့သည်။ သူသည်လည်း ကံကောင်းထောက်မစွာဖြင့် နှစ်ပေပါတ်လည်ကျယ်သော တံခါးပေါက်တခုသာရှိသည့် ဤအခန်း လေးကို ငှား၍ရခဲ့သည်။
အလင်းနှင့် လေထုကို တိုက်ရိုက်ထိတွေ့လိုလျှင် ထိုနှစ်ပေပါတ်လည်ကျယ်သည့် တံခါးပေါက်မှ ထိုင်လျက်ဖြင့် တိုးထွက်လိုက်ရုံသာ။ အခန်းထဲ ပြန်ဝင်လိုသည့်အခါ တံခါးပေါက်တွင် ဆောင့်ကြောင့်ထိုင်၍ မျက်လုံးတချက် မှိတ်ခါ အထဲဝင်ရသည်။ သို့မှသာ ရှောရှောရှူရှူ ဝင်နိင်ပြီး အခန်းထဲမှ ပစ္စည်းများကို သဲသဲကွဲကွဲ မြင်နိင်မည် ဖြစ်သည်။ ပစ္စည်းဟုဆိုသော်လည်း များများစားစားရှိသည်တော့မဟုတ်။ နံရံတဖက်ဖက်တွင် ကပ်ထားသည့် ဖျာလိပ်နှင့် စောင်ခေါင်းအုံးများ ၊ အိုးခွက်ပန်းကန်အနည်းငယ်နှင့် ကျွတ်ကျွတ်အိတ် အဝတ်ဗီဒိုများသာရှိသည့် ပုံစံတူအခန်းများဖြင့် ဤရပ်ကွက်လေးသည် မိုးလင်းစကပင် ဆူညံနေသည်မှာ မိုးစုံးစုံးချုပ်သည်အထိဖြစ်သည်။
ဤရပ်ကွက်စတည်သည့်အချိန်ကို ဦးလူလှမသိသော်လည်း လက်ရှိအချိန်တွင် ရပ်ကွက်နှင့် နေထိုင်သူလူအင်အား မမျှတသည်ကိုတော့ သဘောပေါက်သည်။ သေဖို့ထက် နေဖို့ခက်နေချိန်တွင် ကျောတခင်းစာနေရာ၏ တန်းဖိုးမှာ ကြီးမားလွန်းလှမှန်းလည်း သဘောပေါက်ထားသည်။ ထို့ကြောင့်သာ လက်ရှိအသိုက်အမြုံလေး ပျောက်ကွယ်သွားမှာ အင်မတန်စိုးရိမ်မိသည်။ ထိုစိတ်ကြောင့်ပင် နေမကောင်း ဖြစ်ချင်နေသော်လည်း အလုပ်ပျက်မခံရဲဘဲ ကုန်းရုန်းထကာ စာအုပ်အရောင်းထွက်ဖြစ်သည်။
ဤရပ်ကွက်ထဲတွင် အပေါဆုံးအရာမှာ ဆင်းရဲမွဲတေမှုနှင့် မှက် ခြင် ယင်မှ အစ မြေကြွက် လမ်းဘေးခွေးများပြီးလျှင် ကလေးငယ်များသာဖြစ်သည်။ ဦးလူလှတို့ လင်မယားတွင်တော့ ကံကောင်းထောက်မစွာဖြင့် ဘုရားသခင် ပေးသော ဆုလာဘ်အနေဖြင့် သားသမီးမရှိပါ။ တတ်နိင်လျှင် ကိုယ့်ပါးစပ်ပေါက်ကိုပင် ပိတ်ထားချင်သည့် ရှင်သန်နေရသော ဘဝထဲတွင် နောက်ထပ်ကျွေးမွေးစရာ ပါးစပ်ပေါက်မရှိသည်မှာ ကံကောင်းလွန်းလှ ပါသည်ဟု လင်ကိုယ်မယား နှစ်ယောက်စလုံးက သက်မချကာ ဝန်ခံလေ့ရှိကြသည်။
ရေမြောင်းထဲပေါလော မျောနေတတ်သည့် ခွေးသေကောင်ပုတ်အနံ့က ဤရပ်ကွက်၏ မထူးဆန်းသော အနံ့များဖြစ်သလို လင်မယားရန်ဖြစ်သံ ကလေးငယ်များ၏ အော်ဟစ်ငိုယိုသံများကတော့ ညဥ့်နက်သန်းခေါင်တိုင်အောင် ကြားရလေ့ရှိသည့် ရပ်ကွက်FM မှတေးသံများဖြစ်နေတတ်သည်။သူ့ကဲ့သို့ စစ်ရောင်ခပ်နွမ်းနွမ်း အင်္ကျီလက်ရှည်ဝတ်ထားသောဘဝတူ စာအုပ်ရောင်းသူများနှင့်ဆုံ၍ စကားစပ် မိသည့်အခါ သူ၏နေရပ်လိပ်စာသည် ရန်ကုန်မြို့လယ်တွင် ဖြစ်ကြောင်း ပြောပြဖြစ်သည်။
နေရာကို သေသေချာချာ ထပ်ညွှန်းချင်သည့်အခါနှင့် သူလည်းနဲနဲ စိတ်မြူးနေသည့်အခါများတွင် သူပြောလေ့ရှိသည်မှာ ရှန်ဂရီလာဟိုတယ်ကိုသိလား၊ ဆာကူရာတာဝါကိုသိလား အဲ့ဒီအနားမှာ နေတာဟု ဖြေဖြစ်သည်။ သူ့ပုံစံနှင့် ထိုဟိုတယ်ကြီးများမှာ လားလားမျှမထိုက်မှန်း သိကြ၍ အံ့သြသွားသော တဖက်လူမျက်နာရိပ်ကဲကို ကြည့်ပြီးလျှင် သူပြုံးရသည်။ ထိုသည်ပင်လျှင် သူနေထိုင်ရသည့် နေရာနှင့် ပါတ်သတ်ပြီး အပိုဆုပြုံးပျော်ရခြင်းသာဖြစ်မည်။
ပိုရင်းနှီးလာသည့် သူများနှင့် ပြောဖြစ်လျှင်တော့ သူ့နေရပ်လိပ်စာကို ပြည့်ပြည့်စုံစုံ ဖြေဖြစ်သည်။ ရန်ကုန်မြို့လယ်မှ နာမည်ကျော်ဟိုတယ်ကြီးများနှင့် မနီးမဝေးရှိ ရန်ကုန်ဘူတာကြီး၏ သံလမ်းတခြား တဖက်တွင်ရှိသော ဝန်ထမ်းအိမ်ယာဝန်းထဲတွင် နေထိုင်ကြောင်း ဖြေဖြစ်သည်။ ထို့ထက်ရင်းနှီးလာလျှင်တော့ ဝန်ထမ်းအိမ်ယာတလုံး၏ အောက်ခြေမြေပြင်တွင် အခန်းများဖွဲ့ထားကြောင်း၊ ထိုထဲမှ အခန်းတခန်းတွင် သူနေကြောင်းပြောဖြစ်သည်။
မည်သည့်အခါမှ အိမ်အလည်ခေါ်ဖြစ်မည် မဟုတ်သည့်အတွက် သူ့အခန်းသည် ရှစ်ပေပါတ်လည် ကျယ်ပြီး လေးပေခန့်အမြင့်ရှိကာ နှစ်ပေပါတ်လည် ကျယ်သည့်တံခါးပေါက်မှ အဝင်အထွက်လုပ်ရကြောင်း ထုတ်မပြော ဖြစ်ပါ။ ရှက်ရွံ့စိတ်သက်သက်ကြောင့်တော့ ဟုတ်ဟန်မတူ။ သူမသာ ကိုယ်မသာ ဘဝတွေများနေသည့် ယနေ့ခေတ် နေထိုင်မှုပုံစံထဲတွင် သူနေထိုင်ရာနေရာသည် ပုံစံသစ်တမျိုးဖြင့် ရှိနေသည့် လှောင်အိမ်ငယ် တခုသာ ဖြစ်သည်။ သူ့ကဲ့သို့ပင် တခြားသူများသည်လည်း ပုံစံမတူသော လှောင်အိမ်များဖြင့်သာ နေကြရမှန်း သူသိပါသည်။
ဘဝတူစာအုပ်ရောင်းဖော်ရောင်းဖက်ဖြစ်သည့် ရဲဘော်ကြီးမောင်စံကတော့ သူတို့ရပ်ကွက်ကို သုခမြို့တော်ဟု နာမည်တပ်သည်။ ဆရာမြသန်းတင့်၏ သုခမြို့တော် စာအုပ်ထဲမှ အခြေအနေများနှင့် တော်တော်တူသည်ဟု သတ်မှတ်ကာ ထိုနာမည်ပေးခြင်းဖြစ်သည်ဟု ဆိုသည်။ သူ့ကို ကိုလှဟုခေါ်ပြီး သူကတော့ မောင်စံဟု ပြန်ခေါ်လေ့ရှိသည့် ရဲဘော်ကြီးမောင်စံသည်လည်း သူနှင့်ဘဝအခြေအနေ သိပ်ကွာလှသည်တော့မဟုတ်။
သူက ညာဘက်ခြေထောက်ကို ဒူးအထက်မှ ဖြတ်ထားရပြီး မောင်စံကတော့ ဘယ်ဘက်ခြေသလုံး ငုံးတိတိနှင့် ဖြစ်သည်။ ဘယ်လက်ညိုးနှင့် လက်ခလယ် နှစ်ချောင်းပါ ထပ်ဖြတ်ထားရသည်ကတော့ သူ့ထက်သာသည်ဟု ဆိုရမည်။
“ကိုလှနဲ့ကျနော် ခြေထောက်ဆိုဒ်မတူတာ နာတာပဲဗျာ။ မဟုတ်ရင် ဖိနပ်တရံဝယ်တိုင်း တယောက်တဖက် ယူလို့ရမှာဗျ။ ခွဲတမ်းမိတာပေါ့ဗျာ။”
ခြေထောက်မရှိသည်ထက် ခြေထောက်ဆိုဒ်မတူသည်ကို နှမျောတတ်သည့် မောင်စံသည် လောကဓံကို သရော်တော်တော်လုပ်ကာ ပြက်ရယ်ပြုချင်သူဖြစ်သည်။ သူကတော့ ကြုံလာသမျှ လောကဓံကို အစွမ်းရှိသ၍ ရင်ဆိုင်မည်ဟု ဆုံးဖြတ်ထားသူဖြစ်သည်။ ထို့ကြောင့်လည်း သူတို့နှစ်ယောက် ပေါင်းမိခြင်းဖြစ်မည်။ မနက်ခင်းတိုင်း ချိန်းဆိုထားရာနေရာတွင် အတူဆုံပြီးနောက် ယခင်နေ့ကတည်းက တိုင်ပင်ထားကြသည့် ရပ်ကွက်တခုခုကို အတူတကွ စာအုပ်လှည့်ရောင်းလေ့ ရှိကြသည်။
ယနေ့လည်း လူကုံတန်ရပ်ကွက်တခုဆီသို့ သွားကြမည်ဟု တိုင်ပင်ထားခဲ့ကြသည်။
(၂)
စူးစူးဝါးဝါးထိုးဟောင်နေသည့် ခွေးများကို ဂရုမစိုက်နိင်အားဘဲ ခြံစည်းရိုးနားအထိ တိုးကပ်လိုက်သည်။ ခွေးဟောင်ခံရခြင်းနှင့် ခွေးလိုက်ခံရခြင်းများက သူတို့အတွက်တော့ ရိုးလှပြီ။ တစ်ယောက်တည်း သွားလာ ရောင်းချစဉ်ကတော့ ထိုခွေးများကို ဒေါသတကြီးဖြင့် ချိုင်းထောက်ဝှေ့ရမ်းကာ ဟန့်ဖြစ်သည်။ တွေ့ရာခဲလုံး များဖြင့် ပစ်ပေါက်ခြောက်လန့် ဖြစ်သေးသည်။ ကြာလာတော့လည်း မထူးဆန်းတော့။ သူကိုယ်တိုင်လည်း စိတ်လျော့ကာ နာကျင်ဖွယ်ရာ အမှန်တရားကို လက်ခံလိုက်ရသည်။ သူတို့ပုံပန်းသဏ္ဍန်ကိုက လူမလေး ခွေးမခန့် ပုံပေါက်နေသည်ပဲလေ။
မူလအရောင်မရှိတော့ဘဲ အရောင်လွင့်နေသည့် စစ်အင်္ကျီလက်ရှည်နှင့် လေထဲတွင် တွဲလောင်းရမ်းခါနေသော စစ်ရောင်ဘောင်းဘီတဖက်စီသည် မြင်နေကျမဟုတ်သည့် လူများကိုပင် တချက်စိုက်ကြည့်စေခဲ့မှန်း လက်ခံထားမိသည်မှာကြာပြီ။ နေလောင်ခံထားရသည့် အပြင် တင်းတိတ်များ စွဲကပ်နေသည့် မဲညစ်ညစ် မျက်နာပြင် အသားရည်တို့ကြောင့် လူမလေးစားသည်မှာ မထူးဆန်းသလို ချိုင်းထောက်ဖြင့် တရွေ့ရွေ့ သွားလာနေရသည့် သူ့ပုံစံကိုက ခွေးမခန့်ချင်စရာပင် ဖြစ်နေသည်။
ငယ်စဉ်ကတော့ သူ့ကိုခွေးဟောင်လျှင် အင်မတန်မုန်းသည်။ စီးလာသည့် စက်ဘီးကိုပင်ရပ်ကာ ထိုခွေးကို ခဲဖြင့်လိုက်ထုတတ်အထိ ခွေးဟောင်သည်ကို မုန်းခဲ့သော သူ့အတွက် လမ်းတကာတွင် ခွေးဟောင်သံ တစီစီဖြစ်နေသည့်အခါ အံကြိတ်ရုံမှလွဲ၍ တခြားမတတ်နိင်ခဲ့။ ရဲဘော်ကြီးမောင်စံကတော့ ခွေးဟောင်သည်မှာ ပိုကောင်းသည်ဟုပင် ဆိုတတ်သည်။
“ခွေးဟောင်တော့ ကျနော်တို့ လာတာ လူပိုသိတာပေါ့ကိုလှရာ။ ကြော်ငြာပြီးသားတောင်ဖြစ်သေး။ မဟုတ်ဘူးလား။ သမာအာဇီဝ ဈေးလိုက်ရောင်းနေမှန်း လူပိုသိတော့ ပိုတောင် အားပေးနိင်သေးတယ်ဗျ။ ဟောင်ပါစေဗျာ။ အကိုက်မခံရရင်ပြီးရော”
ဟုဆိုလေ့ရှိသည်။
ယခုလည်း ခြံအတွင်းမှ ခြံစောင့်ခွေးများ၏ ဟောင်သံများကို မောင်စံတယောက် အမှုမထားဘဲ လွယ်ထားသည့် လွယ်အိတ်ကြိုးကို ခပ်တင်းတင်း ဆုပ်ကိုင်ပြီး ခြံတံခါးနားသို့ တိုးကပ်သွားသည်။
" အိမ်ရှင်တို့ ... အိမ်ရှင်တို့ "
ခွေးဟောင်သံများနှင့်အတူ သူတို့ခေါ်သံကြောင့် ဆူညံသွား၍ထင်သည်။ စေ့ထားသော အိမ်တံခါး ပွင့်လားပြီး အမျိုးသမီးတစ်ဦး ထွက်လာကာ လှမ်းကြည့်သည်။
"ဘယ်သူလဲ ဘာကိစ္စလဲ "
ပြန်ဖြေသံကြား၍ နှစ်ယောက်စလုံး အားတက်သရောဖြင့် ထောက်ထားသည့် ချိုင်းထောက်များကို ခြံစည်းရိုးတွင်မှီပြီး လွယ်အိတ်ထဲမှ စာအုပ်များကို အထပ်လိုက်ဆွဲထုတ်ကာ အိမ်ရှင်အမျိုးသမီး မြင်စေရန် မြှောက်ပြလိုက်သည်။
" စာအုပ်လေးတွေ ရောင်းချင်လို့ပါခင်ဗျာ ... ဘုရားရှိခိုးစာအုပ်အမျိုးမျိုးနဲ့ ဂါထာပေါင်းချုပ် စာအုပ်လေးတွေပါ။ တန်ခိုးကြီး ဘုရားတွေရဲ့သမိုင်းအပြည့်အစုံ ရေးထားတဲ့ ဘုရားသမိုင်း စာအုပ်တွေလည်းပါပါတယ်။ ကလေးတွေအတွက် ပုံပြင်စာအုပ်တွေလည်းပါပါတယ်။ အားပေးပါအုံး ခင်ဗျာ။"
"အဲ့ဒါတွေအိမ်မှာရှိတယ်။ မဝယ်တော့ဘူး"
ဒီလောက်ပြန်ပြောပုံရလျှင်ပင် သူအားတက်ရသည်။ တချို့အိမ်များဆိုလျှင် သူ့စကားမဆုံးခင် အိမ်တံခါးပြန်ပိတ် သွားတတ်ကြသည်။
"ကြည့် ကြည့်ပါအုံးလားခင်ဗျာ... လိုနေတာလေးတွေ ပါနိင်ပါတယ်။ ထမင်းဖိုးကူညီတာလို့ သဘောထားပေးပါခင်ဗျာ။ ဗိုလ်ချုပ်အောင်ဆန်း အပါအဝင် နာမည်ကျော်လူပုဂ္ဂိုလ်တွေရဲ့ ကိုယ်ရေးအထ္ထုပတ္တိတွေလည်း ပါပါတယ်။ သားသားမီးမီးတို့ ဖတ်မှတ်ဖို့ သင့်တော်တဲ့ စာအုပ်လေးတွေပါ"
"အို... အိမ်မှာရှိပါတယ်ဆို ။ သွား သွား တခြားမှာသွားရောင်း သွား "
ကြားဖူးနေကျ ခပ်မာမာလေသံဖြင့် ပြောကာ အိမ်တံခါးကို ဆွဲပိတ်သွားလေသည်။
“အလကားပါကိုလှရာ အဲ့ဒီ့စာအုပ်တွေ အဲ့မိန်းမမှာတအုပ်မှမရှိစေရဘူးဗျာ။ လောင်းတောင် လောင်းလိုက် ချင်သေး”
မောင်စံက ထုံးစံအတိုင်း ခပ်ငေါ့ငေါ့ပြောသည်။ ထိုသို့ခါးခါးသီးသီး အငြင်းခံရတိုင်း မောင်စံထံမှ ထိုစကားမျိုး ထွက်လာလေ့ရှိသည်။
“ဒါကတော့ကွာ ဒီလိုပဲ ပြောမှာပေါ့ဟ”
“မဝယ်တာကို ပြောချင်လို့မဟုတ်ပါဘူးကိုလှရာ။ စာအုပ်တွေရှိတယ်ဆိုပြီး ခွေးမောင်းသလို မောင်းထုတ်လို့ပါ။ မသကာ နားထောင်ကောင်းရုံတခုခု ပြောပြီးငြင်းပေါ့ဗျာ။”
မောင်စံကို သူထပ်မငြင်းတော့ဘဲ သက်ပြင်းမောချကာ ခြံစည်းရိုးတွင်မှီထားသည့် ချိုင်းထောက်ကို ဆွဲယူပြီး နောက်တခြံသို့ ကူးရန်ပြင်သည်။ ယနေ့သူတို့လာရောင်းသည့် ရပ်ကွက်မှာ လူကုံတန်များနေသည့် ရပ်ကွက်ဖြစ်သည်။ ခြံကျယ်ကြီးများနှင့် လုံးချင်းတိုက်အိမ်ကြီးများရှိသောလမ်းကို စာအုပ်လာရောင်းဖြစ်သည်။ စာအုပ်ဈေးကို အနည်းငယ်ပိုတင်ထားသော်လည်း တချို့ကူညီချင်သည့် အိမ်ရှင်များက ဈေးမဆစ်ဘဲ ဝယ်တတ်လေ့ ရှိကြ၍ မျှော်လင့်ချက်ဖြင့် ရောက်လာခဲ့ခြင်းဖြစ်သည်။
တကယ်တော့ ထိုစာအုပ်များမှာ တစ်အုပ်ရောင်းရတိုင်း ကော်မရှင်နှုန်းထားဖြင့် စာအုပ်တိုက်မှ ယူရောင်းသည့် စာအုပ်များဖြစ်ပြီး လင်ကိုယ်မယားနှစ်ယောက်စာ စားစရိတ် နေစရိတ်နှင့် လမ်းစရိတ်များ ကာမိစေရန် အနည်းငယ်ဈေးတင်၍ တအိမ်ဝင် တအိမ်ထွက် လိုက်ရောင်းနေခြင်းဖြစ်သည်။ သို့သော်လည်း ကြုံတွေ့ ရသည်က မယုံသင်္ကာဆက်ဆံခံရခြင်းနှင့် မောင်းထုတ်ခံရခြင်းများသာ များသည်။ အရေးကြုံလျှင်တောင် ခပ်သွက်သွက်မပြေးနိင်သည့် သူတို့လိုလူမျိုးကို မရှိခိုးနိုးအကြည့်ဖြင့် မယုံသင်္ကာအကြည့် များကိုတော့ ဝမ်းနည်းနာကျင်မိသည်။
ထိုအကြည့်များကြောင့် စိတ်နာကျင်မိသည့်အခါတိုင်း မောင်စံနှင့်စကားတွေပြောဖြစ်သည်။
“ငါတို့က အရင်ကရော ဘာလုပ်ခဲ့မိလို့လဲ။ အခုရော ဘာတွေလုပ်နေလို့လဲကွာ။ ထိုက်သင့်တဲ့အမြတ်တခုနဲ့ ဈေးရောင်းပြီး ဘဝကိုဖြတ်သန်းနေတာလေ။ မဟုတ်ဘူးလား”
“ဘာကြောင့်ဆိုတာ အစ်ကိုရော ကျနော်ရော သိနေတာပဲလေ။ အမိန့်နာခံမှုနဲ့ ဘေးထွက်ဆိုးကျိုးများလို့ ခေါင်းစဉ်တပ်ရမယ်ထင်တာပဲ”
“ဘယ်လိုဘေးထွက်ဆိုးကျိုးလဲမောင်စံရ”
“ဒီလိုလေကိုလှရာ။ ဥပမာဗျာ ဟိုးကောင်းကင်ကို မော့ကြည့်ကြည့်။ တိမ်တွေက နဂါးရုပ်ပုံလေးတွေ ယုန်ရုပ်လေးတွေ ဖြစ်နေတယ်ဆိုပါစို့။ ကြည့်ရတာ ကြည့်ကောင်းမယ်ဗျာ။ ဒါပေမယ့် အဲ့ဒီ့တိမ်အရိပ်ကျနေတဲ့ မြေပြင်မှာတော့ အဲ့ဒီလို အရုပ်မျိုး ပေါ်နိင်ပါ့မလား။ ယုန်ရုပ်တွေ နဂါးရုပ်တွေလေ”
“ဘယ်ပေါ်ပါ့မလဲ။ ငါတို့ကြည့်တဲ့ ရှုထောင့်အရသာ အရုပ်တွေ ပေါ်နေတာပါ။ တကယ့်မြေပြင်မှာတော့ အရိပ်သက်သက်ပဲ ဖြစ်နေမှာပေါ့”
“ကျနော်ပြောချင်တာလည်း အဲ့ဒါပဲလေ။ ကျနော်တို့ ဦးလည်မသုန်နာခံခဲ့တဲ့ အမိန့်တွေကို ကောင်းကင်က အရုပ်လေးတွေလို လှလှပပမြင်ခဲ့တာလေ။ ကျနော်တို့ရှုထောင့်နဲ့ လှတယ်ထင်ခဲ့တာလေ။ တကယ့်မြေပြင်ပေါ်မှာတော့ အမှောင်ရိပ်သက်သက်သာ ဖြစ်နေတတ်ခဲ့တာမျိုးပေါ့ ကျနော်တို့နိင်ငံရဲ့ နိုင်ငံရေးဖြစ်စဉ်တွေကို ကိုလှလည်း သိနေတာပဲလေ”
“အင်းးး”
မောင်စံပြောသည့် အမိန့်နာခံမှုနှင့် ဘေးထွက်ဆိုးကျိုးများ ဆိုသည့် စကားစုထဲတွင် အမိန့်နာခံမှုကိုတော့ သူကောင်းကောင်းကြီးသိသည်။ ခြေလက်အင်္ဂါအစုံအလင်ဖြင့် ဘဝ၏အစ ရှေ့တပိုင်းသည် အမိန့်နာခံမှုဖြင့်သာ ရှင်သန်ခဲ့ဖူးသည်။ မနက်ခင်း မျက်လုံးမဖွင့်ခင်ကပင် အမိန့်နာခံမှုဖြင့် နိုးထခဲ့ပြီး တနေ့တာကုန်ဆုံးချိန်အထိ စည်းကမ်းသေဝပ်စွာ နေထိုင်ခဲ့သည်။ ထိုသို့နေထိုင်ခဲ့ရသည်ကို မည်သည့်အခါမှ နောင်တမရခဲ့ပေ။ ယုတ်စွအဆုံး သူ၏ညာခြေတဖက်သည် ဒူးခေါင်းထက်မှပြတ်ကာ လေထဲလွင့်သွားချိန်အထိ နောင်တ မရခဲ့ဖူးပေ။
ရှေတန်းစစ်မြေပြင်တွင် ဝုန်းခနဲပေါက်ကွဲသံ၏ တဆက်တည်းအဖြစ် ခန္ဓာကိုယ် အပိုင်းအစများ လွင့်ပါလေ့ ရှိသည်ကို မျက်ဝါးထင်ထင် မြင်ခဲ့ဖူးပေါင်းများလှပြီ။ အဆုံးတနေ့တွင်တော့ သူ့အလှည့်ရောက်လာခဲ့သည်။ ဝုန်းခနဲမြည်သံနှင့်အတူ လွင့်စင်သွားသော မီးပွားမီးစများ၊ သူ့ကိုယ်သူဘာဖြစ်သွားမှန်း မသိသည့် မိနစ်ပိုင်းအခိုက်အတန့်များ၊ မွေးဖွားစဉ်ကတည်းက အမြဲအတူရှိခဲ့သည့် သူ၏ခြေထောက်တဖက်က သူနှင့် တသီးတခြားစီဖြစ်ကာ ခပ်ဝေးဝေးတွင် တဆတ်ဆတ်ခါနေသည့် မြင်ကွင်းများ၊ ထို့နောက် အမှောင်ထုကြီးထဲ ဝင်ရောက်သွားသလို သူဘာမှမသိတော့သည့် အချိန်အပိုင်းအခြားများ၊ ထိုဖြစ်စဉ်အားလုံးကို ဆေးရုံ၏မျက်နာကျက်ဖြူဖြူကို ငေးမောရင်းမှ သူပြန်လည် ဆက်စပ်နိင်ခဲ့သည်။
ထို့နောက်ပိုင်းတွင်တော့ ချိုင်းထောက်သည် သူ့လက်နက်ဖြစ်လာပြီး သူ့ရဲဘော်ရဲဘက်သည် သူ့ဇနီးမအေးမြ ဖြစ်လာခဲ့သည်။ လောကဓံတိုက်ပွဲကြားတွင် အစာအိမ်၏ အမိန့်ကိုသာ သူနာခံတတ်လာခဲ့သည်။ ဒီတကြိမ် ဘဝတိုက်ပွဲကိုတော့ သူအရှုံးမပေးချင်ပါ။ ထို့ကြောင့်လည်း ရှေးရှေးက ဘဝတူနောင်တော်များ၏ ဖေးမမှုဖြင့် ယခုလိုစာအုပ်ရောင်းသည့် အလုပ်ကိုလုပ်ဖြစ်ခဲ့ခြင်းဖြစ်သည်။
တစ်လမ်းဝင်တလမ်းထွက် လိုက်ရောင်းပါသော်လည်း တချို့နေ့များတွင်တော့ ရလာသည့်ငွေကြေးက စားသောက်စရိတ်ပင် ကောင်းကောင်းမလောက်ငှပါ။ သို့သော်လည်း သူစိတ်မပျက်ပါ။ လောကဓံကို ရနိင်သလောက်တော့ အံတုချင်သည်။ သူက ကမ္ဘာမြေပေါ်တွင် ဘယ်ခြေတစ်ချောင်းတည်း ထောက်ကာ ရပ်ရစေအုံးတော့ မားမားမတ်မတ်ရပ်တည်ချင်သူသာ ဖြစ်သည်။ သူနှင့်ဘဝတူ တခြား ခြေပြတ်လက်ပြတ် ဒုက္ခိတ တချို့ကဲ့သို့ ဒုက္ခပင်လယ်ထဲတွင် ကိုယ့်ဂုဏ်သိက္ခာကို ဖောင်လုပ်စီးရင်း တောင်စားသူများဘဝသို့ အရောက်မခံနိင်ပါ။ သူခွန်အားကျန်နေသ၍တော့ ရနိင်သမျှ ကြံ့ကြံ့ခံချင်သေးသည်။
(၃)
ညနေ သုံးနာရီ၏ နေရောင်ခြည်က စူးစူးရှရှ ပူလွန်းနေသေးသည်။ အရိပ်မဲ့နေသော လမ်းမတလျှောက် လျှောက်လာခဲ့၍ ခန္ဓာကိုယ်တခုလုံး ချွေးတို့ဖြင့် ရွှဲနေခဲ့သည်။ ခြေထောက်တွင် လာကပ်သည့် ဖုန်မှုန့်တို့ပင် အပူဓါတ်များ ကပ်ငြိနေ၏။ နေမကောင်းချင်သည့် နဂိုကိုယ်ပူရှိန်ကြောင့်လား ရာသီဥတုအပူကြောင့်လား မခွဲတတ်သော်လည်း သူ့မျက်လုံးနှင့် ပါးနှစ်ဖက်သည် ပူရှိန်းရှိန်းဖြင့် အငွေ့ထွက်နေသလိုပင် ခံစားနေရသည်။ သူတို့နှစ်ယောက် ဘောက်ထော်ဘူတာရုံလမ်းတလျှောက် တရွေ့ရွေ့ လျှောက်နေခဲ့သည်။ မိုးကောင်းဘုရား လမ်းပေါ်ရောက်လျှင်တော့ လဘက်ရည်ဆိုင်တချို့ ရှိနေ၍ ကျန်သည့်ဆေးတခြမ်းကို ရေနွေးနှင့် ဝင်သောက်ရင်း စာအုပ်ရောင်းရနိင်သည့် မျှော်လင့်ချက်ကြောင့် သူနှင့်မောင်စံတို့ ဒီလမ်းကြောင်းကို ရွေးဖြစ်ခဲ့သည်။
အရိပ်ရပင်တို့မရှိ၍ ကတ္တရာလမ်းမသည် တံလျှပ်အရောင်ထကာ တရှိန်းရှိန်း ပူလောင်နေ၏။ ယခုချိန်တွင် အလိုအပ်ဆုံးမှာ ခေတ္တခဏ နားခို၍ရမည့် အရိပ်တခုခုသာဖြစ်သည်။ သို့သော်လည်း ဘေးဘယ်ညာ တဖက်တချက်တွင် ရှိနေသည်က သီးသန့်ဆန်လွန်းသော ခြံဝင်းကျယ်ကြီးများသာ ဖြစ်သည်။ လမ်းအစမှ ခြံနှစ်ခြံရှေ့တွင် ခေါင်းလောင်းတီး၍ စာအုပ်ရောင်းရန် ကြိုးစားခဲ့သေးသော်လည်း ထွက်မေးမည့်သူပင်မရှိ၍ စိတ်လျှော့ကာ လမ်းထိပ်အထိ လျှောက်လာခဲ့ကြခြင်း ဖြစ်သည်။
“လူမရှိတာတော့ မဟုတ်နိင်ဘူးဗျ။ ခြံဝမှာ ကင်မရာတွေ တပ်ထားမှာပဲ။ တမင်သက်သက်မဖွင့်တာပါဗျာ။ အဲ့ဒါလည်းကောင်းပါတယ်နော်။ အချိန်မကုန် အာမညောင်းတော့ဘူးပေါ့။ ပြီးတာပဲ”
မောင်စံစကားကို မတုန့်ပြန်မိ။ ဖြစ်နိင်ချေတွေ မဖြစ်နိင်ချေတွေကိုလည်း မစဉ်းစားချင်တော့ပါ။ အဆင်ပြေလျှင်ဈေးရောင်းမည်။ မပြေလျှင်ဆက်လျှောက်မည်။ ရှေ့တွင်ဆက်ရောင်း၍ရမည့် အိမ်များ ရှိနိင်သေးသည်မဟုတ်လား။
“ခြံတွေကသာ ဟီးနေတာပါဗျာ။ ခြံရှေ့မှာ အရိပ်ခိုစရာ အပင်တောင် မစိုက်ထားကြဘူး”
“မင်း မောနေပြီလား။”
“အပေါ်ပူ အောက်ပူနေလို့အစ်ကိုရ။ ခဏလောက်ထိုင်နားစရာလေး လိုချင်တာ။ ဟိုးနားမှာတော့ အပင်စုစုတွေ့တယ်ဗျ။ အဲ့ရောက်မှပဲ နားကြတာပေါ့”
ရှေ့ခပ်လှမ်းလှမ်းတွင် လမ်းမဘေးအတိုင်း သစ်ပင်တချို့စီတန်းပေါက်ရောက်ကာ အရိပ်ရပင်တို့ရှိသည့် နေရာကိုတွေ့ရသဖြင့် ခေတ္တနားရန် ထိုနေရာသို့ ဦးတည်ကာ လျှောက်ခဲ့ကြသည်။ သီးသန့်ဆန်လွန်းသော ခြံဝင်းကျယ်များ၊ နှစ်ထပ်တိုက်ကြီးများကို ကျော်လာပြီးသည့်အခါ ခြံရှေ့တွင် သစ်ပင်များ အုပ်ဆိုင်းနေသော ထိုခြံကြီး၏ အစပ်သို့ ရောက်လာခဲ့သည်။ တဖြည်းဖြည်း အနားကပ်လာသည့်အခါ ထိုခြံမြေကြီးသည် တမျှော်တခေါ် ကျယ်ဝန်းလှသည့် ခြံကျယ်ကြီးဖြစ်နေမှန်း တွေ့လိုက်ရ၏။ ထိုခြံထဲတွင်လည်း မည်သည့်အိမ်မျှ ရှိမနေဘဲ တခြံလုံးသစ်ပင်များဖြင့်သာ ပြည့်နေသည့် တောအုပ်အငယ်စားသဖွယ် ဖြစ်နေသည်။
ခြံ၏အကျယ်အဝန်းမှာ လမ်းတလျှောက်တွေ့ခဲ့သည့် ခြံကျယ်ကြီးများစွာ စုပေါင်းထားသည့် ပမာဏမျှရှိသည့် အကျယ်အဝန်းဖြစ်သည်။ သို့သော် ခြံပိုင်ရှင်မှာ ထိုမျှကျယ်ဝန်းလွန်းသည့် သူ့ခြံကို ဂရုစိုက်နိင်ပုံမရပါ။ တခြံလုံးတွင် အလေ့ကျသစ်ပင်များက ရှင်သန်ကြီးထွားနေကြသည်။ ခြံစည်ရိုးမှာလည်း သစ်သားချောင်း များဖြင့်သာ ကာရံထားသည်။ နှစ်ကာလကြာမြင့်စွာ ပစ်ထားပုံရသည့်အတွက် ခြံစည်းရိုးသစ်သားချောင်းများပင် ပြုတ်ထွက်သည့်နေရာပြုတ်ထွက်၍ တချို့နေရာများတွင် ခြများပင် တက်နေလေသည်။
ထိုခြံအစပ်မှစ၍ လမ်းမအတိုင်း လျှောက်လာသော်လည်း ခြံအပြင်ဘက်တွင် အလေ့ကျသစ်ပင်စုစု ပေါက် နေသည့်နေရာသို့ တော်တော်နှင့်မရောက်နိင်သည်အထိ ခြံမြေကြီးက ကျယ်လွန်းလှသည်။ လမ်းလျှောက်ရင်း ခြံထဲသို့လှမ်းမျှော် ကြည့်မိရာတွင် အတွင်းဘက်အဆုံးထိကို မမြင်ရလောက်အောင် ခြုံနွယ်များထူထပ်စွာ ပေါက်ရောက်နေ၏။ မြက်ရိုင်းပင်ရှည်များနှင့် ခြုံနွယ်ပိတ်ပေါင်းများကြောင့်လည်း တချို့နေရာများတွင် ခြံစည်းရိုးရှိသေးရဲ့လားဟုပင် ထင်ရလောက်အောင် တောထနေ၏။
ထိုသို့လျှောက်ရင်း အပင်စုစုများရှိနေသည့် အရိပ်အောက်ရောက်သည့်အခါ နှစ်ဦးသား လမ်းမမှဖဲ့ဆင်းကာ ထိုသစ်ပင်များအောက်သို့ တိုးဝင်လိုက်ကြသည်။ အေးမြသောအရိပ်သည် သူတို့နှစ်ဦးကို လွှမ်းခြုံသွားသလိုပင် ခံစားလိုက်ရ၏။ လက်တဖက်မှ ဆွဲလာသည့် စာအုပ်အိတ်များနှင့် လွယ်ထားသော လွယ်အိတ်တို့ကို ကိုယ်စီပစ်ချပြီး အပင်ကိုမှီကာ ခြေပစ်လက်ပစ် အမောဖြေဖြစ်သည်။ ဦးထုပ်ကို ဆွဲချွတ်လိုက်သည့်အခါ အပူငွေ့များ တရှိန်းရှ်ိန်း ထပျံသွားကြသည်။ ရင်ဘတ်မှ ကြယ်သီးနှစ်လုံးဖြုတ်ကာ ဦးထုတ်ဖြင့် ယပ်ခတ်၏။ စီးကျနေသော ချွေးတို့သည် လေအေးအေးဖြင့် ထိတွေ့ကာ သက်သောင့်သက်သာရှိသော အရသာကို ပေးစွမ်းလေသည်။
“ကောင်းလိုက်တာဗျာ။ အေးသွားတာပဲ။ ရှေ့လျှောက်မလွယ်ဘူးနော်ကိုလှ။ ရာသီဥတုတွေက တနေ့တခြားပူပူလာပြီ”
“အပင်တွေ နည်းနည်းလာတာကိုးကွ။ အခုလို မခုတ်ဘဲထားကြည့်ပါလား။ အရိပ်အောက်လေးတွေ ဖြတ်နေရတော့ ပူလို့ပူမှန်းတောင် သိမှာမဟုတ်ဘူး”
“ဟုတ်တော့ဟုတ်ပါတယ်။ ဒါပေမယ့် ဒီလိုကျယ်တဲ့ခြံကြီးမျိုးမှာ အပင်တွေမခုတ်ဘဲ ပစ်ထားဖို့ဆိုတာ တော်ရုံတန်ရုံချမ်းသာ အဲ..အဲ ဟားဟား ဟား…ဟား”
စကားပြောရင်းတန်းလန်းရပ်ကာ သူ့နောက်ကျောဘက်ကို လက်ညိုးထိုး၍ တဟားဟား အော်ရယ်နေသည့် မောင်စံကိုကြည့်ရင်း သူအလန့်တကြားဖြင့် နောက်လှည့် ကြည့်မိသည်။ သူထိုင်နေသည်မှာ ထိုခြံကျယ်ကြီး၏ ဝင်ပေါက်ဝနားဖြစ်သည်။ သူ့နောက်ဘက်တွင် ခြံစည်းရိုးတံခါးတခုရှိနေသည်။ သစ်သားများဖြင့် ကြက်ခြေခတ် ပိတ်ထားသော တံခါးပေါက်ပေါ်တွင် ဆိုင်းဘုတ်တခုမှလွဲ၍ ဘာမျှမရှိ။ ထိုဆိုင်းဘုတ်ပင် များမကြာမှီ ခြုံနွယ်တို့၏ ဝါးမျိုခြင်းပင် ခံရနိင်လောက်သည်အထိ ဘေးပါတ်လည်တွင် ခြုံနွယ်များ၊ မြက်ရိုင်းခြောက်များ ဖုံးကွယ်နေခဲ့သည်။
ထိုဆိုင်းဘုတ်ကို လက်ညိုးထိုးကာ မောင်စံကရယ်နေခြင်းဖြစ်သည်။ တစ်ပေခွဲပါတ်လည် ခန့်သာရှိသော ထိုဆိုင်းဘုတ်ပေါ်မှ စာသားများသည် ဆေးသားအချို့ပြယ်လွင့်ကွာကျနေသော်လည်း ရေးသားထားသည့် အဓိပ္ပါယ်ကိုတော့ ရှင်းလင်းစွာ ဖော်ပြနိင်စွမ်း ရှိနေသေးသည်။
“တပ်ပိုင်မြေ မကျူးကျော်ရ”
ထိုဆိုင်းဘုတ်လေးကို ငေးကြည့်နေမိသည်မှာ ဘယ်လောက်ကြာသွားသည်မသိ။ သူ့တွင်စီးကျနေသော ချွေးတို့ပင် ခြောက်စပြုလာသည်။ မောင်စံကတော့ မျက်နာပိုးမသေဘဲ စပ်ဖြဲဖြဲလုပ်ကာ ခေါင်းတညိတ်ညိတ်နှင့် ရှိနေသည်။
“အင်း”
“အင်း”
မောင်စံနှင့်သူ တယောက်မျက်နာတယောက်ကြည့်ကာ ပြုံးပြကြသည်။
“တော်တော်တော့ ကျယ်သားဟ”
“ကျယ်တာပေါ့ကိုလှရ။ သုခမြို့တော်တဝက်လောက်ကိုကျယ်မှာ။ ကိုလှမယုံရင် သုခမြို့တော်က လူတဝက်လောက်ကို ဒီထဲလာထားကြည့်ပါလား။ အေးအေးဆေးဆေးဆန့်တယ်။ ဟဲ ဟဲ”
တမင်သက်သက် သုခမြို့တော်နာမည်ကို ထည့်ပြောမှန်း သိသော်လည်း မတုန့်ပြန်ဖြစ်ချေ။ သုခမြို့တော်ဆိုတော့မှ လေးပေခန့်အမြင့်ရှိသည့် အခန်းထဲတွင် ကျန်ခဲ့သည့် သူ့ဇနီးမအေးမြကို သတိရမိသည်။ ခြေဆန့်လက်ဆန့်ဖြစ်ရန် ရပ်ကွက်ထဲ လမ်းလျှောက်ထွက်ဖို့ မှာထားခဲ့သည်ကို သတိရသည်။ ညနေအပြန် လိမ်းဆေးဝယ်သွားပေးရန် သတိရသည်။
“ဆက်ကြအုံးစို့ကွာ အချိန်ရှိခိုက်လေး ”
“ဟုတ် ကိုလှ”
အရိပ်အောက်တွင် ထိုင်လိုက်ရ၍ထင်သည် သူ့ခန္ဓာမှာ ချွေးများခြောက်ကပ်ကာ အနည်းငယ် ချမ်းစိမ့်စိမ့်ပင် ဖြစ်လာချင်သည်။ မှီထားသည့် သစ်ပင်ကိုအားယူကာ ထလိုက်၏။ ရှေ့ခရီး ဆက်လျှောက်ရအုံးမည်။ အချိန်ကျန်နေသေးခိုက် စာအုပ်များရောင်းရအုံးမည်။ လွယ်အိတ်ကို ပြန်လွယ်လိုက်သည့်အခါ မကုန်သေးသော စာအုပ်များက ပို၍လေးလာသလို ခံစားရသည်။ ဆေးသားတချို့ပင် ပြယ်လွင့်ချင်နေသည့်ခြံဝမှ ဆိုင်းဘုတ်ကို တခေါက်ဖတ်ကြည့်မိသည်။
“တပ်ပိုင်မြေ မကျုးကျော်ရ”
အလေ့ကျသစ်ပင်တို့ဖြင့် ခြံဝန်းကြီးသည် အုံ့ဆိုင်းကာ တိတ်ဆိတ်နေေ
လသည်။
ထို့နောက်ချိုင်းထောက်ကို တင်းတင်းဖိထောက်ကာ အရိပ်ရပင်တို့အောက်မှ တိုးထွက်ခဲ့၏။ သူတို့ကို နွေလေပူများက ဆီးကြိုပွေ့ဖက်ကြလေသည်။
(၄)
ယနေ့အတွက် ရောင်းရသည့် စာအုပ်များက ဆယ်အုပ်ခန့်ရှိလာ၍ အနည်းငယ်တော့ ကျေနပ်မိသည်။ လဘက်ရည်ဆိုင်ထဲ ဝင်ရောင်းလိုက်သည်မှာ မှန်သွားသည်။ သူရော မောင်စံပါ စာအုပ်တချို့ ထပ်ရောင်း ရသည်။ စိတ်တွက်ဖြင့်တွက်ကြည့်ရာ အမြတ်ငွေ ခွန်နှစ်ထောင်ခန့် အိမ်ကိုပြန်သယ် သွားနိင်တော့မည်တွေးမိ၍ မနက်ဖြန်အတွက်တော့ စိတ်အေးသွားရသည်။ ယနေ့အမြတ်ငွေသည် မနက်ဖြန်အတွက် စားစရိတ် ဖြစ်သည်မဟုတ်လား။
လက်ခုံဖြင့် နဖူးမှချွေးများကို ပွတ်သပ်လိုက်သည့်အခါ ချွေးများက နားထင်မှတဆင့် စီးကျလာသည်။ အင်္ကျီလက်မောင်းဖြင့် သုတ်ပစ်လိုက်၏။ ဆေးသောက်လိုက်၍ထင်သည် အပူငွေ့တရှိန်းရှိန်းထနေသည့် မျက်ခွံများပင် သက်သာသလိုဖြစ်သွားသည်။ မောင်စံ၏ နဖူးတွင်လည်း ချွေးစက်များတွဲခိုနေသည်။ ခွန်းအားများအငွေ့ပျံသည့်အခါ ချွေးစက်များအဖြစ် ပြန်လည်ရွာချလေ့ရှိလေသလားဟု တခါတလေ တွေးမိသည်။ သေချာသည်မှာတော့ နေ့မီးညမီး ဆက်နေရန်အတွက် အလိုအပ်ဆုံး လောင်စာမှာ ချွေးစက်များဖြစ်မည်။
“ ရွှီးးး ရွှီးးး ရွှီးးး ’’
“ ရွှီးးး ရွှီးးး ရွှီးးး ’’
လမ်းမကြီးအတိုင်းလျှောက်လာရင်း အနောက်ဘက် ခပ်ဝေးဝေးမှ ဝီစီမှုတ်သံများကို ကြားလိုက်ရသည်။ ဝီစီသံများမှာ တဖြေးဖြေးဆူညံလာ၍ နှစ်ယောက်သား လျှောက်လက်စကိုရပ်ကာ နောက်သို့လှည့်ကြည့် မိ သည်။ ရှေ့ဆုံးမှ အချက်ပြမီးလင်းနေသည့် ဆိုင်ကယ်အဖြူနှစ်စင်းသည် လမ်း၏ဘယ်ညာ တဖက်တချက်တွင် မောင်းလာသည်။ ထို့ဆိုင်ကယ်နှစ်စီး၏ နောက်တွင် အနီရောင်မီးကို ကားခေါင်မိုးပေါ်တွင်အချက်ပြကာ မောင်းနှင်လာသည့် လမ်းကြောင်းရှင်းသည့် ကားဖြစ်နေသည်။ ထိုကားနောက်တွင်တော့ အနက်ရောင်ကား များစွာဖြင့် ရှည်လျားသည့် ကားတန်းကြီး မောင်းလာသည်။
" တိုင်းမှူးကား ထင်တယ်ကွ "
သူတို့နှင့်မလှမ်းမကမ်းမှ ရပ်နေသည့် လူနှစ်ယောက်ပြောသံကြားလိုက်ရသည်။ ဝီစီသံကြောင့် လမ်းမတွင် သွားလာနေသည့် ကားများအားလုံးနီးနီး လမ်းဘေးချကာ ရပ်ပေးကြသည်။ သူတို့လည်း နောက်သို့ အနည်းငယ်ဆုတ်ကာ ရပ်ကြည့်နေမိသည်။ ရှေ့ဆုံးမှဆိုင်ကယ်နှစ်စီး ဖြတ်သန်း သွားပြီးနောက် ဖိတ်ဖိတ်လက် နေသည့် အနက်ရောင်ကားများ တစ်စီးပြီးတစ်စီး သူ့မြင်ကွင်းမှ ဖြတ်သွားကြသည်။
“တိုင်းမှူးတဲ့ဗျ။ ဟုတ်လားမသိဘူး”
“တိုင်းမှူးကား ဟုတ်မဟုတ်တော့ မသိဘူး။ သေချာတာက ကားထဲမှာတော့ အေးနေမှာပဲကွ”
ကားမှန်များကို အနက်ရောင် စတေကာများကပ်ထား၍ ကားထဲသို့ မမြင်နိင်ပါ။ ကားပေါ်တွင် လိုက်ပါလာသူ မှာလည်း မည်သူဖြစ်မှန်း သူမသိပါ။ သူသိသည်မှာ ထိုကားပေါ်တွင် ရာထူးကြီးကြီး အရာရှိများပါမည်ဆိုသည်ကို သူသိသည်။ ထို့ပြင်ထိုကားထဲတွင် နွေနေပူပူကို အံတုကာ အေးမြနေမည် ဖြစ်ကြောင်း သူအတပ်သိပါသည်။ ဟိုးယခင်က စိတ်နှင့်ဆိုလျှင် သူ အလေးပြုမိဦးမည်။ ခုတော့ ကားတန်းများအားလုံး သူ့မြင်ကွင်းမှ ဖြတ်ကျော်သွားကြသည်အထိ သူမလှုပ်မယှက်သာ ရပ်နေမိသည်။
နေပူထဲတွင် ရပ်နေလိုက်ရ၍ထင်သည်။ နားထင်မှချွေးများ စီးကြလာပြန်သည်။ သူလက်ခုံဖြင့် ခပ်ကြမ်းကြမ်း ပွတ်သုတ်ကာ ဆက်လျှောက်လာခဲ့သော်လည်း ကားတန်းကြီးကို အရိပ်မျှပင် မမြင်ရတော့။ ဝီစီသံများကိုသာ နားထဲတွင် ကြားယောင်နေမိသည်။ ထိုကဲ့သို့ လူကြီးလမ်းကြောင်း ယာဉ်တန်းများဖြင့် လမ်းတွင် သူမကြာခဏဆုံဖြစ်ဖူးသည်။ ယနေ့ကျမှ သူ့စိတ်တွင် တမျိုးကြီးဖြစ်နေရသည်။ စိတ်အာရုံတွင်လည်း အဖြေရှာမရသည့် ခံစားချက်များဖြင့် မွန်းကျပ်နေ၏။ သူ့နားထင်နှစ်ဖက်တွင်လည်း တဒုတ်ဒုတ်ဖြင့် သွေးခုန်သံများကိုပင် ကြားရမတတ် ဖြစ်နေသည်။ မျက်လုံးမှိတ်ကြည့်သည့်အခါ မျက်ခွံနှစ်ဖက်စလုံးမှ အပူငွေ့များ တိုးထွက်လာ၏။ သူ့ကိုအဖျားရောဂါမှ နိင်သွားတော့မည်လား ထင်မိသည်။
သူလမ်းဆက်လျှောက်နေသော်လည်း အရှေ့မှမြင်ကွင်းများကို အာရုံမစိုက်မိချေ။ စိတ်အာရုံပြကွက် များကိုသာ ဟိုတကွက်ဒီတကွက် ခပ်သွက်သွက်မြင်နေမိသည်။ အနက်ရောင် ဇိမ်ခံကားကြီးများ တစီးပြီးတစီး သူ့ဘေးနားမှ ဖြတ်သွားကြချိန် သူ့ခန္ဓာကိုယ်က မြောက်တက်သွားပြီး ဆေးရုံအိပ်ယာထက်ကို ပြန်ကျလာသည်။ စာအုပ်လေးတွေ အားပေးပါအုံး ဆိုသည့် သူ့အသံကို ခပ်တိုးတိုးပြန်ကြားမိသည်။
" ငါ့နိင်ငံတော် ၊ ငါ့နိင်ငံသား ၊ ငါ့တပ်မတော်အတွက် ငါ၏ အသက်ကို စွှန့်လွှတ်ရန် အဓိဌာန်ပြုပါ၏ ။ "
နေ့စဉ်နေ့တိုင်း အားမာန်အပြည့်ဖြင့် ရွတ်ဆိုခဲ့ရသော အလွတ်ရနေသည့် သစ္စာလေးချက်ထဲမှ စတုတ္ထမြောက်အချက် စာသားများက သူ့နှလုံးသားအတွင်းမှ ဆန်တက်လာကာ နားစည်သို့တိုင် ရိုက်ခတ်လာ၏။
“ကိုလှ ဘာတွေ စဉ်းစားနေတာတုန်း။ မနက်ဖြန် ဘယ်ဘက်သွားမလဲလို့ မေးနေတာလည်း မဖြေဘူး”
လက်မောင်းကို လာကိုင်ကာ မောင်စံမေးတော့မှ စိတ်အတွေးရပ်ကာ ပစ္စုပ္ပန်ကို ပြန်ရောက်လာသည်။
“အော် အေးအေး။ မနက်ဖြန်လား။ ရတယ်လေ။ မင်းဘယ်ဘက်သွားချင်လဲ”
“ရန်ကင်းဘက်ဆက်သွားရင် ကောင်းမလားလို့။ ကိုလှသဘောကရော”
“ဘယ်သွားသွားဖြစ်တာပဲ။ မင်းပြောတဲ့ဘက်ပဲ သွားကြတာပေါ့”
“ဟုတ်ပြီကိုလှ။ ဒါဆို အခုပြန်ကြမလား။ ငါးနာရီထိုးခါနီးပြီဆိုတော့ ကားစီးမှာနဲ့ဘာနဲ့ အတော်လောက်ပဲ”
“ဟုတ်တယ်။ အခုလောက်ပြန်မှ အတော်လောက်ကျမှာ။ ဘာပဲဖြစ်ဖြစ် ဒီနေ့တော့ နဲနဲရောင်းရသားကွ။ မဆိုးဘူး။”
“ဒီနေ့အခြေအနေမဆိုးဘူးဗျ”
“ရတာလေးတွေလည်းစုထားအုံးကွ။ အရေးဟယ်အကြောင်းဟယ်ဆို ဘာမှရှိတာမဟုတ်ဘူး”
“ဘာမှမရှိတာတော့ ပြောမနေနဲ့တော့ကိုလှရယ်။ ကိုယ့်ခြေထောက်တောင် ကိုယ့်ဘက်ရှိတာ မဟုတ်ဘူး။ ဟားဟားဟား ”
“မင်းကတော့ ပြောလိုက်ရင် တုတ်ထိုးအိုးပေါက်ပဲ။ တကယ့်ကောင်ပဲကွာ”
“ကျနော်ပြောတာရော မှားလို့လား။ ကိုလှခြေထောက်တောင် ကိုလှဆီမှာ မနေချင်လို့ ထွက်သွားတာလေ။ မဟုတ်ဘူးလား”
“ဟုတ်ပါတယ်ကွာ။ ဟုတ်ပါတယ်”
ပေါ့ပေါ့တွေးပြီး ပျော်ပျော်နေတတ်သည့် မောင်စံနှင့်အတူ ဈေးရောင်းထွက်ရသည်မှာ အပျင်းပြေရသည်။ လက်ရှိရောက်နေသည့်ဘဝတွင် များများမတွေးဘဲ မောင်စံလိုစိတ် ထားသင့်သည်ဟု ခဏခဏတွေးမိဖူးသည်။
"ဘုတ်"
ဘေးနားကို ကျလာသည့် မြည်သံကြောင့် စကားစပြတ်ရင်း လှမ်းကြည့်မိသည်။ ကြံဖတ်တခုဖြစ်နေ၏။ အအေးဆိုင် နံဘေးမှအဖြတ်တွင် ကြိတ်ပြီးသား ကြံဖတ်များကို လွှင့်ပစ်လိုက်ခြင်းဖြစ်သည်။ ကြံရည်ကြိတ်စက်ထဲတွင်တော့ နောက်ထပ် ကြံတချောင်းက အဆင်သင့်ရှိနေသည်။ သူခဏရပ်ကာ ထိုကြံဖတ်များကို ငေးကြည့်တော့ မောင်စံကပါ ရပ်ကြည့်သည်။ ပိုင်ဆိုင်ခဲ့ဖူးသမျှ အချိုဓါတ်များ ကုန်ခမ်းသွားသည့် ကြံဖတ်ဖြူလျော်လျော်များက ခြင်းတောင်တခုထဲတွင် စုပုံလျက်ရှိနေသည်။ တချို့ကြံဖတ်များကတော့ ဘေးတွင်ပြုတ်ကျနေသည်။
မောင်စံက ဘေးပြုတ်ကျနေသည့် ကြံဖတ်ကို ချိုင်းထောက်ဖြင့် ထိုးလှန်ကြည့်သည်။
“ ဘာဖြစ်လို့လဲမောင်စံ။ ဘာတွေ့လို့လဲ”
“ကျနော်တို့ နာမည်တွေများ ကြံဖတ်မှာ တွေ့မလားလို့လှန်ကြည့်တာ ဟဲဟဲ”
“တွေ့လား”
“တွေ့တယ်လေ။ ဒီမှာကိုလူလှတဲ့ဗျ”
“ဒါဆိုမင်းကရော”
“ကျနော်က ဒီဘက်မှာဗျ ဟားဟား”
မောင်စံက နောက်ထပ်ကြံဖတ်တခုကို ထိုးလှန်ရင်းပြောသည်။
“ဟားဟားဟား”
ဒီတကြိမ်တွင်တော့ သူကိုယ်တိုင်ပါ စိတ်လက်ပေါ့ပါးစွာ ရယ်မောမိသွားတော့သည်။ အရည်ညှစ်ပြီးသား စွန့်ပစ် ကြံဖတ်များကို ငုံ့ကြည့်ရင်း ရယ်မောနေကြသည့် ခြေတဖက်ပြတ် စစ်ပြန်ဒုက္ခိတနှစ်ယောက်ကို အနီးနားရှိလူများကတော့ အံ့သြစွာ လှမ်းကြည့်နေကြလေသည်။
။………………………………………………………..။
မြစ်ကျိုးအင်း
ရွှေအမြုတေမဂ္ဂဇင်း
မေ ၂၀၁၈
No comments:
Post a Comment