လူနာစောင့်
ဟမ်စိုင်း(ဆေး-မန်း)
(ရွှေအမြုတေစာပေဆုရ
ဝတ္ထုတို)
အစ်မကြီးဆီက ဒီသတင်းကို ကြားကြားချင်း မန္တလေးကို ပြေးသွားချင်ပေမဲ့ ကျွန်တော်က စစ်ကိုင်း ဆေးရုံပြင်ပလူနာဌာနမှာ ၂၄ နာရီဂျူတီ ကျနေတာမို့ သွားလို့ မရခဲ့ဘူး။ အစ်မကြီး ကျွန်တော်ဆီ ဖုန်းဆက်လာတဲ့ အချိန်က မနက်တစ်နာရီအတိ။ ဂျူတီ မရှိတဲ့ မန္တလေးက သူငယ်ချင်းနှစ်ယောက်ဆီ လှမ်း ဖုန်းဆက်ပြီး ဂျူတီလာဆင်းပေးဖို့ အကူအညီတောင်းပေမဲ့ အဆင်မပြေခဲ့ပြန်ဘူး။ အိပ်ကောင်းနေချိန် ည မှောင်မှောင်မည်းမည်းထဲ တစ်နာရီသာသာ ဆိုင်ကယ်စီးလာရမယ့် နေရာဆီ ကိုယ်ရေးကိုယ်တာ ကိစ္စမဟုတ် ရင် ဘယ်သူမှ မလာချင်တာကို ကျွန်တော် နားလည်ပါတယ်။ ကျွန်တော်ဂျူတီဆင်းနေတဲ့ နေရာကလည်း ၂၄နာရီ လူနာအဝင်အထွက် မပြတ်ရှိနေတာမို့ ပစ်ထားခဲ့လို့လည်း မဖြစ်ပြန်ဘူး။ ပစ်ထားခဲ့ပြီး မန္တလေးကို သွားရင် ကောင်းမလားလို့ စဉ်းစားလိုက်ပေမဲ့ လက်တွေ့ကျတော့ မသွားဖြစ်ခဲ့ဘူး။ ပထမဆုံးအနေနဲ့ ကိုယ့် ဘဝကိုကိုယ်မပိုင်တဲ့ ဝန်ထမ်းဘဝကို စိတ်ပျက်သွားမိတယ်။ မနက်ရှစ်နာရီမှ ဂျူတီထွက်ရမှာမို့ မိုးအမြန်လင်း ပါစေလို့သာ ဆုတောင်းနေရတယ်။ မနက်ဖြန် ဂျူတီလာဆင်းမယ့် ဆရာဝန်ဆီ ဖုန်းကတစ်ဆင့် အကျိုးအ ကြောင်း စာရိုက်ပို့၊ မနက်ရှစ်နာရီမထိုးခင် လာလို့ရရင် လာပေးဖို့ စာပို့ပြီး အစ်မကြီးဆီ ဖုန်းပြန်ဆက်တော့ ဆက်သွယ်မှုဧရိယာ ပြင်ပနဲ့ တိုးနေပြန်တယ်။ ညီလေးနဲ့ ညီမလေးရဲ့ ဖုန်းကို ခေါ်တော့ ဖုန်းဝင်ပေမဲ့ မကိုင် ကြပြန်ဘူး။ အစ်ကိုကြီးရဲ့ အနားမှာရော ဘယ်သူရှိနေမှာလဲ။ ကျွန်တော့်မှာ ရင်ပူပြီး ကုန်ခဲတဲ့ အချိန်တွေကို သာ အပြစ်ဖို့နေမိတယ်။
*****
လူနာရှင်းချိန်မို့ အခန်းထဲ ဝင်လှဲပြီး အစ်ကိုကြီးအကြောင်း ကျွန်တော် စဉ်းစားနေတုန်း လူနာတင်ကား အသံတွေကို ကြားလိုက်ရတယ်။
'ဒေါက်… ဒေါက်…'
“ဆရာ လူနာလာတယ်။ ဆိုင်ကယ်နဲ့ကား တိုက်မိတာတဲ့”
“အေး အေး လာပြီ”
နားကြပ်ကို ပုခုံးပေါ်တင်ပြီး ကျွန်တော် အပြင်ကိုထွက်လိုက်တော့ ဆေးရုံအကူလုပ်သား ကိုဖြိုးက လက်အိတ်နဲ့ ဓါတ်မီး လှမ်းပေးတယ်။ လက်အိတ်ဝတ်ပြီး ပြင်ပလူနာဌာနရှေ့ ရပ်ထားတဲ့ နာမှုကူညီရေးကား ဆီ သွားနေတုန်း အစ်မကြီးရဲ့ စကားသံကို ပြန်လည်ကြားယောင်မိတယ်။
“ဖိုးသားကြီး အစ်ကိုကြီးနဲ့ သူ့မိန်းမ ယာဉ်တိုက်မှု ဖြစ်လို့။ မထိုက်ကတော့ ကျောက်ဆည်ဆေးရုံမှာ တက်ရ တယ်။ ညီမလေး စောင့်နေခဲ့တယ်။ ကိုကြီးကတော့ ဒဏ်ရာများတယ်။ အခြေအနေ မကောင်းဘူး။ မန္တလေး လွှဲလိုက်ကြတယ်။ အခု အရေးပေါ်လူနာဌာနမှာ။ ငါ့မှာ ဘာမှမလုပ်တတ် မကိုင်တတ်နဲ့။ နင်လာခဲ့ဦး။ ညီအစ်ကိုရင်းတွေပဲဟာ။ လာဖြစ်အောင်လာခဲ့ဦးနော်”
လူနာကို ကားပေါ်တက်ပြီး ကြည့်မိတော့ လူနာရဲ့ခေါင်းဘယ်ဘက်ခြမ်းက ကွဲပြီး သွေးတွေစီးကျနေ တယ်။ လက်တွေက ကျိုးကြေနေပြီး သွေးအလိမ်းလိမ်းနဲ့ လူရုပ်တောင် မပေါ်တော့ဘူး။ ကားနဲ့ဆိုင်ကယ် တိုက်မိပြီး ကားက မောင်းပြေးသွားတယ်လို့ သိရတယ်။ မျက်လုံးကို လက်နဲ့ဖြဲဖွင့်ပြီး ဓာတ်မီးနဲ့ ထိုးကြည့် တော့ သူငယ်အိမ်က ပြူးကျယ်နေပြီ။
“ဆရာ ကျွန်မသားလေးကို ကယ်ပါဦးနော်”
“ဆရာ ကျွန်မတူလေးကို ကယ်ပါဦးနော်”
လူနာရှင်တွေက မျက်ရည်တွေနဲ့အတူမျှော်လင့်ခြင်းတွေ တွဲလွဲခိုနေတဲ့ မျက်လုံးတွေနဲ့ ကျွန်တော့်ကို အကူအညီတောင်းကြတယ်။
သေဆုံးတာ သေချာပေမဲ့ လူနာရှင်တွေ စိတ်ကျေနပ်အောင် နားကြပ်နဲ့ ဟိုထောက်ဒီထောက် လုပ် ပြီးမှ သေဆုံးကြောင်း အတည်ပြုပေးလိုက်ရတယ်။ သေဆုံးလူနာရဲ့ ဆွေမျိုးတွေငိုသံက ကိုကြီးအတွက်နဲ့ ပူလောင်နေတဲ့ ကျွန်တော့်ရင်ကို အပူတွေပိုတိုးစေတယ်။
စိတ်မကောင်းဖြစ်ပေမယ့် ဘယ်တတ်နိုင်ပါ့မလဲ။ ကျွန်တော့် အစ်ကိုကြီးရော အခုအချိန် ဘာဖြစ်နေ မလဲ။ ယာဉ်တိုက်မှုဖြစ်ပြီး မြို့နယ်ဆေးရုံကနေ တိုင်းဆေးရုံထိ လွှဲလိုက်ရတယ်ဆိုတဲ့ အခြေအနေက သိပ် တော့မကောင်းနိုင်ဘူးလို့ ကျွန်တော်တွေးနေတုန်း ဒုရဲအုပ်တစ်ယောက်ရောက်လာကာ ကျွန်တော့်ကို ဆေး စာအကြောင်းပြန်ဖို့ စာရွက်တစ်ရွက်ပေးတယ်။ သေဆုံးလူနာကို ရေခဲတိုက်ထဲ ပို့ခိုင်းလိုက်ရတယ်။ မနက်ဖြန် မနက် ဂျူတီထွက်တဲ့အချိန်ကျမှ သေဆုံးလူနာကို ရင်ခွဲစစ်ဆေးရမယ်။ သေဆုံးရတဲ့အကြောင်းအရင်းကို ဆေးစာပေးရမယ်။ အစ်ကိုကြီးဆီ အမြန်သွားချင်ပါတယ်ဆိုမှ ဂျုတီထွက်ချိန်တောင် မထွက်ရတော့မယ့် ဘဝ ပါလား။ ဘုရားတရားမလို့ အစ်ကိုကြီးအသက်ရှင်ပါစေလို့ ဆုတောင်းရင်း ညကြီးအချိန်မတော် ရောက်လာတဲ့ လူနာတွေကို ကြည့်ပေးနေရတယ်။ လူနာရှင်းချိန် အစ်မကြီးဆီ ဖုန်းခေါ်ကြည့်တော့ ဆက်သွယ်မှုဧရိယာ ပြင်ပနဲ့တိုးနေတယ်။ ကျွန်တော့်ဆီ ဖုန်းထပ်မဆက်တာက ကိုကြီးရဲ့ အခြေအနေကောင်းလို့ပဲ ဖြစ်မှာပါလေ။
*****
မိသားစုတစ်စုမှာ စုန်းပြူးတစ်ယောက် ပါလာတတ်တယ်ဆိုတာက ကျွန်တော်တို့မိသားစုအတွက် တော့ သွေးထွက်အောင်ကို မှန်ပါတယ်။ ကျွန်တော်တို့မိသားစုမှာ အဖေ၊ အစ်မကြီး၊ အစ်ကိုကြီး၊ ကျွန်တော်၊ ညီလေးနဲ့ ညီမလေး၊ စုစုပေါင်းခြောက်ယောက် ရှိတယ်။ အစ်ကိုကြီးကလွဲပြီး ကျန်တဲ့မောင်နမအားလုံးက ဘွဲ့ ရပညာတတ်တွေချည်းပဲ။ အဖေက လယ်ယာတွေ လုပ်ပြီး အစ်မကြီးက အိမ်မှာစက်ချုပ်တယ်။ ညီလေးက စက်ရုံတစ်ရုံမှာ အငယ်တန်းစားရေး၊ ညီမလေးက တက္ကသိုလ်ဒုတိယနှစ်တက်နေပြီး ကျွန်တော်က စစ်ကိုင်း ဆေးရုံကြီးမှာ လက်ထောက်ဆရာဝန်။
အစ်ကိုကြီးကတော့ အလုပ်ကလွဲပြီး မိန်းမ၊ ဖဲ၊ ဆေးလိပ်၊ အရက် မကောင်းတာ မှန်သမျှ မလုပ်ဖူး တာ ခပ်ရှားရှားပဲ။ အစ်ကိုကြီးက ပြဿနာကို မီးခွက်ထွန်းပြီးသာမက ဆလိုက်မီးထိုးပြီးတောင် ရှာတတ်တဲ့ လူစားမျိုး။
အစ်ကိုကြီးကြောင့် ပတ်ဝန်းကျင်မှာ ကျွန်တော်တို့မိသားစု မကြာခဏ မျက်နှာငယ်ရတယ်။ သိက္ခာ ကျရတယ်။ အရှက်ကွဲရတယ်။
ရွာဘုရားပွဲတွေ မဖြစ်ပါစေနဲ့လို့ ဆုတောင်းရတယ်။ ဘုရားပွဲတွေမှာ ဓားထိုးမှုဆိုလည်း အစ်ကိုကြီးပဲ။ ရန်ဖြစ်ကြလို့ဆို အစ်ကိုကြီးက အရှေ့ဆုံးကပဲ။ အချုပ်ခန်းဆိုတာက အကိုကြီးအတွက် အိမ်ဦးနဲ့ ကြမ်းပြင် ဖြစ်နေခဲ့တယ်။ ဘုရားပွဲတွေမရှိလည်း တခြားရွာက ထန်းရည်ဝိုင်းတွေ၊ ခြင်းဝိုင်းတွေမှာ ပြဿနာရှာလို့၊ သူများသမီးပျိုနဲ့ချိန်းတွေ့တုန်း မိတာ မယူတာနိုင်လို့ စတဲ့ ပြဿနာပေါင်းသောင်းခြောက်ထောင်ကို ဒိုင်ခံဖြေ ရှင်းရတာက အမေရယ်ပါ။
အဖေကတော့ စိတ်ဆိုးပြီး သူ့သားကြီးကို ပစ်ထားနိုင်ပေမဲ့ အမေကတော့ ကျေးရွာအုပ်ချုပ်ရေးမှူး တွေဆီပြေးရ၊ အစ်ကိုကြီးနဲ့ ပြဿနာ ဖြစ်တဲ့ အိမ်တွေကို ငွေထုပ်ပိုက်ပြီး အောက်ကျို့ရ၊ တစ်သက်နဲ့တစ် ကိုယ် အမေမရောက်ဖူးတဲ့ ရဲစခန်းမှာ သွားငိုပြရ၊ အချုပ်ထဲက သူ့သားဆီထမင်းချိုင့်ပို့ရနဲ့ နားရတယ်ကို မရှိ ဘူး။ အမေ့ကို ဒိုင်ခံပြီး လိုက်ပို့ပေးရတာက ကျွန်တော်နဲ့ ညီလေးပဲ။ အမှန်ဆို ဒီမောင်နှမတွေထဲမှာ အစ်ကိုကြီးက အကြီးပါ။ အစ်ကိုကြီးအသက်က လေးဆယ်နား ကပ်နေပြီ။ ဘာအလုပ်မှ လက်ကြောတင်းအောင် မလုပ်ဘဲ မိဘလုပ်စာ၊ မောင်နှမတွေလုပ်စာကို ထိုင်ဖြုန်းနေတဲ့ လူပိုတစ်ယောက်ပဲ။
အမေ့မှာ နှလုံးရောဂါရှိလို့ ဆေးခန်းကို ခဏခဏ ပြရတယ်။ အမေဆုံးတဲ့နေ့က အစ်ကိုကြီးက ဓား ထိုးမှုနဲ့ အချုပ်ထဲ ရောက်နေခဲ့တယ်။ ဓားထိုးခံရတဲ့ဘက်က အလျော်သိန်းသုံးဆယ်တောင်းတာကို မတတ် နိုင်တာမို့ လယ်ရောင်းဖို့ လုပ်နေတဲ့ ညနေမှာ အမေက ရင်ဘတ်အောင့်တယ်၊ မောတယ် ပြောပြီး ဆုံးပါးသွား ခဲ့ရတယ်။
အစ်ကိုကြီးကတော့ အမေ့အလောင်း မြေကျတာ၊ ရက်လည်တာတောင် အနားမှာ ရှိမနေနိုင်ခဲ့ဘူး။ အဖေကတော့ အမေ့ဆန္ဒကို ဖြည့်ဆည်းတဲ့ အနေနဲ့ လယ်နှစ်ဧက ရောင်းပြီး အစ်ကိုကြီးကို ထောင်မကျ အောင် လျော်ကြေးပေးခဲ့ရတယ်။ အမေက အစ်ကိုကြီးကြောင့် မကြာခဏ စိတ်ဆင်းရဲပြီး ဆုံးပါးသွားတာလို့ အဖေက ယူဆတယ်။
အဲဒီအချိန်ကစပြီး အဖေနဲ့ အစ်ကိုကြီးက ခပ်တန်းတန်းဖြစ်သွားတယ်။ အစ်မကြီးကတော့ အစ်မကြီး အမိရာဆိုသလိုပဲ အမေ့နေရာဆက်ခံပြီး အစ်ကိုကြီးရဲ့ ဆိုးမွေကို လက်ခံခဲ့ရတယ်။ အစ်ကိုကြီးက အမေဆုံး ပြီး ခဏတာတော့ ငြိမ်လိုက်သေးတယ်။ ငြိမ်တာကလည်း အိမ်ထောင်ပြုတော့မှာမို့ ခဏတာငြိမ်ခဲ့ခြင်းပါ။
*****
အစ်ကိုကြီး အိမ်ထောင်ပြုတော့မယ်ဆိုတော့ ကျွန်တော်တို့ မိသားစုတွေ သိပ်ပျော်ခဲ့ရတယ်။ အိမ် ထောင်ကျပြီး ကိုယ့်အိုးကိုယ့်အိမ်နဲ့ ဖြစ်ရင် ပြောင်းလဲသွားလိမ့်မယ်လို့ ထင်ခဲ့တာတွေက ထင်ခဲ့တဲ့ အတွေးပဲ ဖြစ်ခဲ့ပါတယ်။
အစ်ကိုကြီးက မိန်းမရပြီးနောက် အတော်လေး လိမ္မာပြတယ်။လယ်ယာတွေ လုပ်ကူတယ်။ အရက် လည်း လုံးဝ မသောက်တော့ဘူး။ ရန်မဖြစ်တော့ဘူး။ ဒါပေမဲ့ သုံးလမကြာဘူး အစ်ကိုကြီးက မရှိတဲ့ပြဿနာ တွေ ရှာပြီး အရက်ပြန်သောက်တယ်။
ညနေတိုင်း မူးပြီး ပြန်လာကာ သူ့မိန်းမကို ပြဿနာရှာပြီး ရန်ဖြစ်ကြတယ်။ လင်မယားကြား မဝင်ရ ဘူးဆိုပေမဲ့ တစ်ဝိုင်းထဲ၊ တစ်အိမ်ထဲမှာမို့ အစ်ကိုကြီးတို့ လင်မယား ရန်ဖြစ်တိုင်း အစ်မကြီးက ဝင်ပါရတယ်။ ကျွန်တော်လည်း စစ်ကိုင်းဆေးရုံမှာ အလုပ်ဝင်ရတာမို့ စစ်ကိုင်းမှာပဲ အနေများပြီး ကျောက်ဆည်မြို့နယ်ထဲ က အိမ်ကို ဂျူတီအားတဲ့ အချိန်မှသာ ပြန်ဖြစ်တော့တယ်။ ဒါပေမဲ့ အစ်မကြီးက အစ်ကိုကြီးတို့လင်မယားအ ကြောင်းကို မကြာခဏ ဖုန်းဆက်ပြီး ပြောတယ်။ အဖေကတော့ အမေဆုံးပြီးကတည်းက အစ်ကိုကြီးကို စကားမပြောတော့တာမို့ အဖေနဲ့ အစ်ကိုကြီး စကားမပြောတာ တစ်နှစ်ကျော်လောက်ရှိရော့မယ်။
ကျွန်တော် ဂျူတီအားလို့ အိမ်ပြန်ရောက်နေတဲ့ ညနေမှာ အစ်ကိုကြီးတို့လင်မယား အိပ်ခန်းဘက်က အသံတွေကို ကြားရတယ်။
“နင်လို ကောင်မကို မပေါင်းဘူး ငါ့အိမ်က အခုထွက်”
“ဖုန်း… ဖုန်း…”
“အစ်မရေ ကယ်ပါဦး အီးဟီးဟီး…”
အစ်ကိုကြီးတို့ လင်မယား စကားများရင် လက်မပါတတ်ပေမဲ့ အခုတော့ ရိုက်သံတွေပါ ပါလာလို့ ညီ မလေး၊ ညီလေးနဲ့ ကျွန်တော် သူတို့ အခန်းဆီ သွားရတယ်။ အစ်မကြီးက အလုပ်ကိစ္စနဲ့ တခြားရွာသွားနေရ ပြီး အဖေကတော့ အစ်ကိုကြီးကို ဥပေက္ခာပြုထားသူမို့ ကျွန်တော်တို့အငယ် သုံးယောက်သာ အစ်ကိုကြီးတို့ အခန်းရှေ့ရောက်လာကြတယ်။
အစ်ကိုကြီးရဲ့ မိန်းမက ဖိုသီဖတ်သီ၊ ဆံပင်ဖွာလန်ကြဲနဲ့ အခန်းထဲက ပြေးထွက်လာပြီး ညီမလေးရဲ့ နောက်မှာ ခပ်ကျုံ့ကျု့လေး လာရပ်ရင်း ငိုတယ်။
“အစ်မ သူ့ကို မပေါင်းနိုင်တော့ဘူး။ သူက လူ့တိရစ္ဆာန်။ အီး ဟီး ဟီး…”
“အောင်မယ် ခွေးမက နင်မပေါင်းနိုင်ရင် အခုထွက်”
အစ်ကိုကြီးက တုတ်တစ်ချောင်းကိုင်ပြီး ဒယီးယယိုင် ယိမ်းထိုးသလို အခန်းထဲက ထွက်လာတယ်။ အရက်နံ့က အစ်ကိုကြီးနဲ့အတူ ပါလာတယ်။ အစ်ကိုကြီးက ညီမလေးရဲ့နောက်မှာရပ်နေတဲ့ သူ့မိန်းမကို ရိုက် ဖို့ တုတ်နဲ့ ရွယ်တယ်။
“ကိုကြီး နင် အဖေ့ကိုလည်း အားနာဦး။ ကျန်းမာရေးက သိပ်ကောင်းတာ မဟုတ်ဘူး။ မူးရူးပြီး အော်ဟစ်မ နေနဲ့။ မူးနေရင် အေးဆေးအိပ်တော့”
ညီမလေးက အော်တော့ အစ်ကိုကြီးရဲ့ ဒေါသက ညီမလေးဘက်ကို မြားဦးလှည့်သွားတယ်။
“နင်က ငါ့ကို မလေးမစား လုပ်တာလား။ အလုပ်မရှိလို့ နှိမ်တာလား။ ဟမ်… ငါက နင့်ထက် အကြီးပဲ”
ကျွန်တော်တို့ လုံးဝမထင်ထားတဲ့ အပြုအမူကို အစ်ကိုကြီးက လုပ်လိုက်တယ်။ ညီမလေးကတော့ မယုံကြည်နိုင်တဲ့ မျက်ဝန်းတွေနဲ့ သူ့ပါးကို ပွတ်ရင်း ငိုတယ်။ ညီမလေးရဲ့အနားကို ကျွန်တော်နဲ့ညီလေး ရောက်သွားကြတယ်။
“ကိုကြီး နင်နဲ့ ငါရဲ့ မောင်နှမဘဝက ဒီနေ့ ဒီချိန်မှာ ပြတ်ပြီ”
ညီမလေးပြောတာ အစ်ကိုကြီးက ကြားပုံ မရဘူး။ သူမဲ နေတာက သူ့မိန်းမပဲ။ သူ့မိန်းမကို တုတ်နဲ့ လိုက်ရိုက်တယ်။ ညီလေးနဲ့ ကျွန်တော်က သူ့ကို ဝိုင်းဆွဲကြတော့ ကျွန်တော်တို့ကို ဆဲပြီး တုတ်နဲ့လှမ်းရိုက် တယ်။
'ဘုန်း… '
'ခွပ်…'
ကျွန်တော်က ရှောင်လိုက်နိုင်ပေမဲ့ ညီလေးရဲ့ ခေါင်းကို ထိသွားတယ်။ ခေါင်းပေါက်ပြီး သွေးတွေက စီးကျလာတယ်။ ကျွန်တော် အစ်ကိုကြီးကို တွန်းထုတ်လိုက်တယ်။ ဘယ်အချိန်ကရောက်လာမှန်း မသိတဲ့ အဖေက အစ်ကိုကြီးကို ဝင်ထိုးတယ်။
“ဒါ အဖေလားဗျာ။ သားသမီးကို ထိုးတာ အဖေလား။ ဘာလဲ ခင်ဗျားက ကျုပ် မိန်းမကို ကြာကူလီ လုပ်ချင် လို့လား ဟား ဟား”
နံရံပေါ်က ငှက်ကြီးတောင်ဓားဆီ အကြည့်ရောက်နေတဲ့ အဖေ့ကို ကျွန်တော် လှမ်းဆွဲထားရတယ်။
“မင်း ခွေး… ခွေးကောင်… ခွေးကမှ မင်းထက် ကျေးဇူးတရား သိတတ်ဦးမယ်။ မင်း အခုချက်ချင်း ငါ့အိမ်က ထွက်”
အစ်ကိုကြီးက သူ့လက်ထဲက တုတ်ကို ပစ်ချရင်း တဟားဟား ရယ်တယ်။
“ဟားဟား ထွက်မှာပါ ဦးမောင်ရဲ့။ ခင်ဗျားက သားသမီးတွေထဲ ကျုပ်ကို အမြဲနှိမ်နေကျမို့လား”
အဖေရဲ့ အသက်ရှူသံတွေက ပြင်းလာတယ်။
“မင်းကို ငါ့သားအဖြစ်က စွန့်လွှတ်ပြီ။ ငါသေရင်တောင် ငါ့အသုဘကို မင်းလာစရာ မလိုဘူး။ မင်းသေရင် လည်း ငါလာမှာ မဟုတ်ဘူး”
“အိုး ဂွတ်ဗျာ။ ကျုပ်က ခင်ဗျားထက် ဆယ်ဆ ပြတ်တယ်ဗျို့"
ညီလေးက ဝင်ထိုးဖို့ လုပ်နေလို့ ညီလေးကို ဝင်ဆွဲရပြန်တယ်။ အစ်မကြီးရောက်လာပြီး ညီမလေး၊ အဖေနဲ့ ညီလေးကို ခေါ်သွားတယ်။
“ဘာလဲ မင်းက ဘာရပ်လုပ်နေတာလဲ။ ငါ့ မိန်းမကို ကြာခိုမလို့လား”
သူတို့ လင်မယား မဖြစ်သင့်တာ မဖြစ်ရအောင်ရပ်နေခဲ့တဲ့ ကျွန်တော့်ကို အစ်ကိုကြီးက ရန်တွေ့ တယ်။ ကျွန်တော် ခေါင်းခါယမ်းပြီးပဲ ထွက်ခဲ့လိုက်တယ်။ မူးနေတဲ့သူဟာ ရူးနေတဲ့ ခွေးလိုပဲ။ မြင်သမျှကို ပတ်ကိုက်တော့တာပဲ။
အစ်ကိုကြီးတို့ လင်မယား အိမ်ကနေ ဆင်းသွားကြတော့ အစ်မကြီးက အဖေမသိအောင် ငွေဆယ် သိန်း ထည့်ပေးလိုက်တယ်။ သူ့ကို အမွေပေးထားတဲ့ တောထဲက တဲခုံမှာ တဲထိုးပြီး နေတယ်လို့ ကြားရ တယ်။ အဖေ၊ ညီလေး၊ ညီမလေး၊ ကျွန်တော်တို့နဲ့ အစ်ကိုကြီးက အဆက်အဆံ မရှိတော့ပေမဲ့ အစ်မကြီး တော့ ကိုကြီးတို့လင်မယားကို မသိအောင်တစ်မျိုး သိအောင်တစ်မျိုး ပေးကမ်းနေခဲ့တယ်။ အစ်ကိုကြီးရဲ့ မကောင်းသတင်းတွေကတော့ မစုံစမ်းဘဲ မသိချင်ဘဲ ဒီရွာကျဉ်းကျဉ်းလေးမှာ ကြားနေရလျက်ပါပဲ။
*****
သေဆုံးလူနာကို ရင်ခွဲစစ်ဆေးပြီးတာနဲ့ မန္တလေးဘက်ကို ကျွန်တော်ထွက်လာခဲ့တယ်။ စစ်ကိုင်းနဲ့ မန္တလေးက ဆိုင်ကယ်နဲ့ဆို တစ်နာရီနီးပါး မောင်းရတယ်။ အစ်မကြီးဆီ ဖုန်းခေါ်မလို့ ဖုန်းထုတ်လိုက်တော့ ဖုန်းက အားကုန်ပြီး စက်ပိတ်နေပြီ။မနေ့ညက အလုပ်ရှုပ်နေတာနဲ့ ဖုန်းအားသွင်းဖို့ မေ့နေခဲ့တယ်။
အစ်ကိုကြီးရဲ့အနားမှာ ဘယ်သူတွေ ရှိနေမလဲ ကျွန်တော် စဉ်းစားကြည့်တော့ အဖေ၊ ညီလေးနဲ့ ညီမလေးက အစ်ကိုကြီးကို စိတ်နာပြီး သံယောဇဉ်တွေ ဖြတ်ခဲ့ကြတာမို့ အစ်မကြီးတစ်ယောက်တည်းသာ မြင်မိ တယ်။ အစ်မကြီးလည်း ပင်ပန်းနေလောက်ပြီ။ ဒီကိစ္စမှာ အဖေတို့ကို အပြစ်တင်လို့ မရဘူး။ ဒီလိုဘဝမျိုး ရောက်အောင် အစ်ကိုကြီးက သူကိုယ်တိုင်လုပ်ခဲ့တာပဲ။ “ငါကရော ဘာလို့ လာရတာလဲ” လို့ ကျွန်တော် တွေးမိတော့ အဖြေက ထွက်မလာဘူး။
ကျွန်တော် မန္တလေးဆေးရုံကြီးကို ရောက်သွားတဲ့အချိန်က မနက်ကိုးနာရီ လေးဆယ့်ငါးမိနစ် ရှိပြီ။ ပြင်ပလူနာဌာနမှာ ဝင်စုံစမ်းတော့ အစ်ကိုကြီးက ဦးနှောက်နဲ့ အာရုံကြောခွဲစိတ်ဆောင်မှာ ဆေးရုံတက်နေရ တယ်လို့ သိရတယ်။ ဦးနှောက်နဲ့ အာရုံကြောခွဲစိတ်ဆောင်ကို ပြေးရပြန်တယ်။
ဦးနှောက်နဲ့ အာရုံကြောခွဲစိတ်ကုသဆောင် အခန်းထဲဝင်ပြီး ပတ်တီးအဖွေးသားလူတွေထဲက အစ် ကိုကြီးကို အမြန်လိုက်ရှာရတယ်။
ဟင် ညီမလေးပါလား။
ပတ်တီးအဖွေးသားနဲ့ ကုတင်ပေါ် လှဲအိပ်နေတဲ့ အစ်ကိုကြီး အနားကထိုင်ခုံလေးမှာ ညီမလေးကို တွေ့တော့ ကျွန်တော် အံ့သြသွားမိတယ်။
“ညီမလေးတို့က ဝဋ်ကြွေးပါလို့ ဒီလိုလူနဲ့ မောင်နှမလာဖြစ်ရတာ။ ဘဝဆက်တိုင်း ဒီလူနဲ့ ဝေးရပါစေလို့ ညီမ လေး ဆုတောင်းတယ်” လို့ မကြာခဏ ပြောဖူးတဲ့ညီမလေးက အစ်ကိုကြီးကို ရေပိုက်လေးနဲ့ ရေတိုက်နေ တယ်။
အစ်မကြီးပြောတော့ ညီမလေးက အစ်ကိုကြီးရဲ့မိန်းမ မထိုက်နား နေခဲ့ရတာတဲ့လေ။
“ညီမလေး နင်ရောက်နေတာလား”
ညီမလေးနဲ့ အစ်ကိုကြီးက ကျွန်တော့်ကိုတွေ့တော့ မျက်ဝန်းတွေ တဖျပ်ဖျပ်လက်ပြီး ဝမ်းသာ သွားကြတယ်။
“မထိုက်ကို သူ့အမေ လာစောင့်ပေးလို့ ဒီမနက်မှ ညီမလေး မန္တလေးကို တက်လာတာ။ မထိုက်က သက်သာ တယ်အကို”
“ဪ အေးအေး။ ကိုကြီးရော ဘယ်လိုနေသေးလဲ”
အစ်ကိုကြီးနဲ့ စကားမပြောတာ အတော်ကြာပါပြီ။ စကားပြောရင်း ဆေးမှတ်တမ်းစာအုပ်ကို ယူ ကြည့်ရတယ်။
“ငါ သက်… သာ… ပါ… တယ်… ကွာ…”
အစ်ကိုကြီးက ဖူးရောင်နေတဲ့ နှုတ်ခမ်းတွေကို အားယူပြီး မနည်းပြောနေရတယ်။ ဆေးမှတ်တမ်း တွေ ကြည့်မိတော့ ဘုရားတမိတယ်။ ဘယ်ခြေသလုံးရိုးကျိုး၊ ဦးခေါင်းခွံရိုး အနည်းငယ်အက်၊ ဦးနှောက်ထဲ သွေးခဲခြင်းမရှိ၊ ရင်ဘတ်အရိုးတစ်ချောင်းကျိုးဆိုတဲ့ ဆေးစစ်ချက်တွေ တွေ့ရတယ်။ အကိုကြီးက ကံ ကောင်းလို့ အသက်ရှင်တာ။
“ကိုကြီး မင်းတော်တော် ကံကောင်းတာဗျ”
“မောင်လေး ရောက်နေတာလား”
အစ်မကြီးက ဆန်ပြုတ်ထုပ် ဆွဲပြီး ဝင်လာရင်း ညီမလေးနား ဝင်ထိုင်တယ်။
“ဟုတ် အစ်မကြီး။ ငါ ဖုန်းဆက်သေးတယ်။ နင့်ဖုန်းက ခေါ်မရဘူး”
“အေးဟယ် ငါလည်း ဒီမှာ အလုပ်တွေရှုပ်နေတာ။ ကိုကြီးက အခြေအနေကောင်းတာနဲ့ ထပ်မဆက်ဖြစ်တာ"
အစ်ကိုကြီးက အခြေအနေ ကောင်းတာမို့ ကျွန်တော်လည်း စိတ်အေးသွားရတယ်။ အစ်ကိုကြီးတို့ လင်မယားက ရွာထဲကနေ တောကိုအပြန်မှာ ဆိုင်ကယ်ချင်း တိုက်မိတာလို့ သိရတယ်။ တစ်ဖက်ဆိုင်ကယ် ကလူက ပွန်းပဲ့ရုံပဲ ဒဏ်ရာရတယ်လို့ သိရတော့ ဝမ်းသာမိပါတယ်။
“ဟာ သားကြီး ရောက်နေတာလား”
အဖေက ဆီးအိုးလေးကိုင်ပြီး ကျွန်တော့်ကို ဝမ်းသာအားရ နှုတ်ဆက်တယ်။အစ်ကိုကြီးရဲ့ ဆီးတွေ ကို သွားသွန်ပေးတာ ဖြစ်မယ်။
“ဟာ… အဖေ”
“သား မင့်ကိုကြီး အခြေအနေဘယ်လိုရှိလဲ။ ရိုက်ထားတဲ့ ဓာတ်မှန်တွေ ကြည့်ပေးပါဦး။ အသက်အန္တရာယ် ရှိနိုင်လား။ ဒီမှာ ကုလို့ရပါ့မလား”
အဖေက သူ့သားကြီးဘေးမှာ ဝင်ထိုင်ရင်း ကျွန်တော့်ကို မေးတယ်။
“အခြေအနေက ကောင်းပါတယ် အဖေရ”
အစ်ကိုကြီးရဲ့ အခြေအနေက မစိုးရိမ်ရတော့ဘူးလို့ ကျွန်တော်ပြောတာတောင် အဖေက သူ့သား ကြီးကို စိုးရိမ်တဲ့ အကြည့်တွေနဲ့ ကြည့်နေဆဲပဲ။
“ဒါနဲ့ အိမ်မှာ ညီလေးပဲ ကျန်ခဲ့တာပေါ့”
ကျွန်တော်မေးတော့ အားလုံးက ပြုံးစိစိ ဖြစ်ကုန်တယ်။ ဆေးရုံအခန်းအပေါက်ဝကို မေးငေါ့ပြကြ တယ်။ ညီလေးက စောင်ထုပ်ကြီးကို လက်တစ်ဖက်က ပိုက်၊ ကျန်လက်တစ်ဖက်မှာ တစ်ကိုယ်ရေသုံးပစ္စည်း တွေ သယ်ပြီး ကျွန်တော်တို့ဆီ လှမ်းလာနေတယ်။
“ဆရာဝန်ကြီး ရောင်းလှည့်တော့မယ်။ လူနာအနားမှာ အစောင့်တစ်ယောက်ပဲနေပါ။ ကျန်တဲ့လူတွေ အပြင် ထွက်ပေးကြပါ”
ဆေးရုံလုပ်သား အဒေါ်ကြီးက လူနာစောင့်တွေကို အပြင်ခဏ ထွက်ခိုင်းတယ်။ ညီမလေးက အစ်ကိုကြီးရဲ့ လက်တစ်ဖက်ကို ကိုင်ထားတယ်။ အဖေက အစ်ကိုကြီးရဲ့ ကျန်လက်တစ်ဖက်ကို ကိုင်ထားတယ်။ အစ်မကြီးက သူ့မောင်ကိုတိုက်ဖို့ ဆန်ပြုတ်ကို ပန်းကန်ပြားထဲ ထည့်နေတယ်။ ညီလေးက အစ်ကိုကြီးသောက်ဖို့ ကြက်ပေါင်းရည်ဘူးကို ဖောက်တယ်။ ကျွန်တော်က အစ်ကိုကြီးရဲ့ ဆေးစာတွေကို ဖတ်ရင်း အားပေးစကား ပြောနေတယ်။ တစ်ယောက်နဲ့တစ်ယောက် ကြည့်ရင်း အားလုံးရဲ့အကြည့်တွေက အစ်ကိုကြီးရဲ့ မျက်နှာပေါ် မှာ ဆုံသွားကြတယ်။ အစ်ကိုကြီးရဲ့အနားမှာ ဘယ်သူနေခဲ့ရမှာပါလိမ့်။ အစ်ကိုကြီးရဲ့ဘေးမှာ လူနာစောင့်တွေ များလိုက်တာ။
ဟမ်စိုင်း(ဆေး-မန်း)
ရွှေအမြုတေမဂ္ဂဇင်း
မေ ၂၀၁၈
No comments:
Post a Comment