“ ဂန္တ၀င်ပိန်ဆေး ” #ခင်မြဇင်#credit
မှန်ထဲတွင် သူမ၏ ရုပ်ပုံကို မြင်နေရသည်။ အသက်က လေးဆယ်ကျော်၊ ပုပု၀၀၊ ညိုညို၊ ဆံပင်ကောက်ကောက်၊ အရုပ်ဆိုးဆိုး။ ဆံပင်တချို့က ဖြူနေပြီ။ သို့သော် ဆံပင်ဆိုးဖို့ စိတ်မကူးမိ။
ငွေရောင် ဆံပင်များက တစ်ခေါင်းလုံးကို ဖုံးလွှမ်းသွားပါစေ၊ သူမက ဆိုးဆေးကူဖို့ စိတ်ကူးမရှိခဲ့ပါ။ သူမ၏ မလှပခြင်းကို ဘ၀တွင် ခါးသီးဖွယ်တစ်ခုဟု မမြင်တတ်ခဲ့သည်မှာ ကြာပြီ။ လှပမှုအတွက် စိတ်မလုံမခြုံ ဖြစ်ခဲ့ရသော အပျိုဖော်ဝင်စကလို၊ ဟိုအရင် လွန်ခဲ့သည့် နှစ်နှစ်ဆယ် နီးပါးကလို ခန္ဓာကိုယ်အချိုးအစား ကျချင်စိတ်လည်း သူမမှာ မရှိတော့။
မလှပခြင်းသည် သူမ၏ အရည်အချင်း တစ်ရပ်အဖြစ် သတ်မှတ်ထားလိုက်သည်က ဘ၀တွင် နေပျော်စရာလည်း ဖြစ်ပါသည်။
သူမသည် အိမ်ရှင်မတစ်ယောက် ဖြစ်ခဲ့ပြီး ကလေးတစ်ယောက်ကို ပျိုးထောင်ပြုစုနေခဲ့ရသော ကာလများ၊ ဘ၀၏ အခက်အခဲများသည် နဂိုက မလှမပသူမကို ပိုလို့ ရင့်ရော်စေခဲ့သည်။ ခါးတုတ်တုတ် ဗိုက်ပူပူကြောင့် ခင်ပွန်းသည်က နောက်တစ်ယောက် ယူသွားနိုင်ကြောင်း ဆောင်းပါးတစ်ပုဒ်ကို သူ ဖတ်ရသည်။ ကျန်းမာရေးအတွက် ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းလုပ်ဖို့၊ ရေကူးဖို့ ကောင်းကြောင်း သူ သိပါသည်။ သို့သော် သူ့ဘ၀တွင် အလှအတွက်သက်သက် ပြုလုပ်ရမည်ဆိုလျှင် ရယ်ရွှင်ဖွယ် ဖြစ်လေမည်လား။
သူ့ခင်ပွန်းက သူ့အပေါ်ထားရှိသော တန်ဖိုးမှာ အရေပြားတစ်ထောက်ပေါ်မှ အလှ၊ ခန္ဓာကိုယ်အချိုးအစား ကျနခြင်း ဆိုပါလျှင် ထိပ်ပြောင်ပြောင်ပိန်ကပ်ကပ် ညစ်ထတ်ထတ် လူတစ်ယောက်ကို ယူလိုသူရှိပါက ယူပါလေဟု တွေးရင်းပြုံးမိသည်။ သို့သော် ခုတလော ကိုယ်တော်ချောသည် ဘာကြောင့်မှန်းမသိ၊ အနည်းငယ် စိတ်ကစားနေသလား အောက်မေ့ရသည်။ ညမိုးချုပ်သန်းခေါင်မှ ပြန်လာပြီး ခြေလည်းများနေသည်။ သို့တိုင်အောင် သူက ဂဏန်းသင်္ချာပဲ အမြဲတွက်နေတတ်ရာ ထိုဂဏန်းများပေါ်မှ အောင်မြင်မှု မရမချင်း နောက်တစ်ယောက်ကို စဉ်းစားနိုင်မည့်ပုံ မပေါ်သေး။ သို့သော် ကံသေကံမတော့ မပြောနိုင်။ ခုတလော အပျိုကြီးတွေလည်း ဆံပင်ဆိုးဆေးကူ၍ ပိုလှနေသလို၊ ကလေးမလေးတွေကလည်း ဟိုခေတ်ကထက် ပိုလို့ ခေတ်မီစွာ လှပနေကြသည်လေ။ သူက ၀ လင်အောင် ရှာမကျွေးနိုင်ဘဲ ကိုယ်က ၀ နေတာကတော့ ခက်သည်။
“ ကိုသက်ဦးတို့များ မိန်းမကို ဂရုစိုက်လိုက်တာ၊ ၀လို့ လှလို့ ”
သည်လိုစကားမျိုး ကြားရတိုင်း -
“ ကိုသက်ဦးကြောင့် ၀တာ မဟုတ်ရပေါင်တော်၊ ကျုပ်ဘာသာကျုပ် ထမင်းစားဖို့ အလုပ်တွေ ရှာဖွေလုပ်ကိုင်ရင်း စိတ်ညစ်တာတွေကို ခန္ဓာကိုယ်ထဲမှာ သိုဝှက်ထားရရင်း ၀ချင်တိုင်း ၀လာရတာပါ ” လို့ ပြန်ပြောလိုက်ချင်သည်။ မေမေကတော့ ပြောသည်။
“ ၀မှ လှတာပေါ့ ငါ့သမီးရယ်၊ သည်အသက်အရွယ်မှာ ပိန်ကပ်နေရင် ပိုတောင် အကြည့်ရဆိုးသေး ”
ဝခြင်းနှင့် လှခြင်းသည် ဆက်စပ်ဒွန်တွဲနေသောအရာဟု ဟိုတစ်ခေတ်ကတော့ ယူဆခဲ့ပုံရပါသည်။ ဗာမီယာ၏ ပန်းချီကားထဲတွင် နို့ကရားကို ငှဲ့နေသူ အမျိုးသမီး၏ လက်ချောင်းများသည် ၀၀ဖြိုးဖြိုးပဲ ဖြစ်သည်။ ကိုယ်လုံးပြည့်ပြည့် တောင့်တောင့်တင်းတင်း ဣနြေ္ဒရ သိမ်မွေ့သည့်မျက်နှာနှင့် အိမ်ရှင်မပီသသည့် မိန်းမ၏ရုပ်ပုံလွှာသည် ကမ္ဘာကျော် ပန်းချီကားတစ်ချပ်ထဲမှာပင် ပြင်ပသက်ရှိ မိန်းမသားလို ရှင်သန်လျက်၊ နှစ်ပေါင်းများစွာ မသေနိုင်သေးပေ။ မိုနာလီဇာသည်လည်း ပိန်ကပ်ကပ်လေးမှ မဟုတ်ပါဘဲ။ မျက်နှာသွယ်သော်လည်း ကိုယ်လုံးကိုယ်ထည် ပြည့်ဖြိုးသည်။ ကမ္ဘာကျော် ပန်းချီဆရာကြီးများဖြစ်ကြသည့် တစ်တီယန်းနှင့် ရန်းဘရန့်၏ မိန်းမပျိုများမှာ ၀၀ပြည့်ပြည့်ဖြိုးဖြိုး ထွားထွားတွေပဲဖြစ်လေသည်။ ပီကာဆို၏ မိန်းမသည်ပင် လုံးဝိုင်းသောသဏ္ဍာန် ရှိလို့နေ၏။
ပိန်မှ လှသော ခေတ်သို့ ရောက်ရှိနေချိန်တွင် အသက် ၁၆ မှ ၂၀၊ ၂၅ နှစ်အတွင်း နုပျိုလန်းဆန်းချိန် ပိန်သွယ်နွဲ့နှောင်းသော မိန်းမငယ်တို့ကို သူမလည်း သမီးများကို မြင်ရသည့်နှယ် ချစ်ခင်နှစ်လိုမိပါ၏။
“ အန်တီ ”
လို့ ခေါ်လိုက်သည့် အသံချိုချိုကို -
“ ဟေ ”
ဟု နှစ်လိုစွာပင် တုံ့ပြန်တတ်ခဲ့ပြီ။
ကိုယ့်ခန္ဓာကိုယ်နှင့် စကပ်ထဘီဝတ်လို့ မလှနိုင်သော်ငြား၊ ကလေးမငယ်တို့ ကိုယ်ခန္ဓာတွင် ချပ်ရပ်၍ လှပသေသပ်စွာ ၀တ်ဆင်ထားလျှင် နှစ်လိုစွာ ရှိတတ်ခဲ့ပြီ။ မိမိတွင် သားတစ်ယောက် ရှိခဲ့ပြီမို့ အသက် ၂၀ - ၂၅ နှစ် သားအရွယ် လူငယ်ကလေးများကို ယောင်မှား၍ပင် စိတ် မကစားတတ်ခဲ့ပြီ။ ဤသည်ပင် အရွယ်နှင့်အတူ ရင့်ကျက်ခဲ့ရသော အလှတစ်မျိုးလို့ ကိုယ့်ဘာသာကိုယ် တွေးချင်မိသည်။ သို့မို့ကြောင့် မှန်ကြည့်လျှင် -
“ ဒီကမ္ဘာပေါ်မှာ ဘယ်သူ အလှဆုံးလဲ၊ အဲလေ ယောင်လို့၊ ဒီကမ္ဘာပေါ်မှာ ဘယ်သူ အ၀ဆုံးလဲ ”
“ ဂျပန်က နပန်းသမားကြီးတွေပေါ့ ”
ကြေးမုံမှန်က ဤသို့ ဖြေလျှင် အလိုလေး တော်ပါသေးရဲ့လို့ အောက်မေ့လိုက်ရသည်။ ကမ္ဘာ့စံချိန်မီအောင် မ၀နိုင်သေးသည့်အတွက် အနည်းငယ် ဂုဏ်ယူရဦးမလိုပင်။ သို့သော် ကိုယ်က ၀ချင်တိုင်း ၀သလောက် သူက တစ်နေ့တခြား ပိန်ပိန်လိုက်လာတာက ခက်သည်။
သူ့အတွက် ပလူဗီမင်၊ ဗိုက်တာကက်၊ အိုရာမင်-ဂျီ၊ ကြော်ငြာထဲ တွေ့သမျှအားဆေးတွေ အဆင်ပြေသလို ၀ယ်တိုက်သည်။ ငွေရေးကြေးရေး ပြေလည်လျှင် စားကောင်းသောက်ဖွယ်တွေ ချက်ပြုတ်ရုံသာ မဟုတ်၊ သူ့အတွက် သီးသန့် ကြက်ဥလေး၊ နို့လေး ဘာလေး လုပ်ကျွေးသည်။ သို့တိုင် ပိန်မြဲ ပိန်လျက်။
“ ကဲ… မှန်ကြီးရေ၊ ကျွန်မရဲ့ သူ ဘာကြောင့် ဒီလောက် ပိန်ပိန်နေရတာလဲ ”
မှန်ကြီးက တိုးတိုးကလေး ဖြေလိုက်သဖြင့် သူမ မကြားမိ။
“ ပြန်ပြောပါဦး မှန်ကြီးရဲ့ ”
“ ဆေးလိုလို့ ”
“ အလိုတော် နေ့တိုင်း နေ့တိုင်း အားဆေးတွေ ဒီလောက် တိုက်နေတာ ”
“ သူ လိုတာ အဲဒီဆေး မဟုတ်ဘူး၊ အချစ်ဆေး ”
အဲတော့.... ခုမှ ဒုက္ခ။
သူမကလည်း စုန်းမ မဟုတ်။ စုန်းမသာဆို ဘယ်လောက် ကောင်းမလဲ၊ ရှေးတုန်းကတော့ ရုရှမတွေဟာ တစ်ကိုယ်လုံး မည်းနက်တဲ့ ကြောင်နက်တစ်ကောင်ကို သတ်၊ သူ့သွေးကိုယူပြီး အချစ်ဆေး ဖော်ခဲ့ကြသတဲ့။ မြန်မာ့နည်း မြန်မာ့ဟန်ကျ အစိမ်းသေ မိန်းမရဲ့ ပါးပြင်က သနပ်ခါးကို ခြစ်ယူပြီး အလိုလေး လန့်စရာကြီး၊ ဒီနည်းတွေလည်း မဖြစ်သေးပါဘူး။ သူ သိပ်စွံသွားပြီး နောက်က အပျိုချောတစ်သိုက် ၀ိုင်းလိုက်နေလို့ ခလုတ်တိုက်လဲပြီး ထိပ်ပြောင်မှာ ပလာစတာ ကပ်နေရရင် ဒုက္ခ။
သူမ မှန်ကို ဒေါပွသွားရသည်။
“ အချစ်ဆေး မရရင် သူ သေလိမ့်မယ် ”
အလိုတော် ကျုပ်ကို ခြိမ်းခြောက်ပြန်ပြီ။ ဧကန္တ တစ်နေ့ ဘယ်နှကြိမ် မှန်ကို ကျုပ် မမြင်အောင် ပွတ်သပ်ပြီး သူ ကပ်ဖားရပ်ဖား လုပ်ထားလေသလဲ မသိ။ ဧကန္တတော့ အချစ်ဆေးဆိုတာ နောက်မိန်းမတစ်ယောက် လိုချင်တာကို ပြောတာလား၊ ဘာမှန်း မသိ။
ဆရာမ ရွှေကူမေနှင်း ဘာသာပြန်တဲ့ အမေရိကန် စာရေးဆရာမတစ်ယောက်ရဲ့ ၀တ္ထုထဲက “ အချစ်ဆေး ” ဆိုတာကတော့ မခံချင်စိတ်နဲ့ မိန်းမတစ်ယောက်ကို ယူလိုက်ပြီး နှစ်ရှည်လများ ပေါင်းသင်းနေလျက်က ငယ်ချစ်မိန်းမဆီ ပြန်ပြန်သွားတဲ့ ဇာတ်လမ်းပဲ။ ‘ အချစ်ဆေး ’ ဆိုတာ အဲဒါကို ပြောတာလား။ သူ ငယ်ငယ်က ကြိုက်ခဲ့တဲ့ မိန်းမတွေရှိရင်လည်း အသက်ငါးဆယ်ကျော်လို့ ပိန်ရင် ပိန်၊ မပိန်ရင် ၀၊ သူမထက်တော့ ပိုမလှနိုင်ပါဘူး။ ပြီးတော့ သူမထက်လည်း ပိုအိုနေလောက်ပြီလေ။ ဘယ့်နှယ် အချစ်ဆေး ဖြစ်ရမှာလဲ။
ထိုနေ့မှစ၍ သူ့ဘ၀သူ တည်ငြိမ်အေးချမ်းပီတိဖြစ်နေသော သူမသည် ကယောင်ချောက်ချားဖြင့် အိပ်မပျော်နိုင် ဖြစ်ရလေသည်။
‘ အချစ်ဆေး ’ တဲ့။
အချစ်ဆေး….။
သည်မှာ မှန်ကြီးရယ်၊ ကိုယ် စကပ်ထဘီ ချုပ်တော့မယ်၊ ဆံပင်တွေလည်း ဆိုးဦးမှ၊ မျက်နှာလည်း မှည့်ခြောက်တွေ ပျောက်အောင် ပေါင်းတင်ဦးမယ်။ အိုကွယ်… တစ်ကိုယ်လုံး ပေါင်းတင်ရရင် ကောင်းမှာပါ။
အို…. ကိုယ်က ချစ်စရာသိပ်ကောင်းလာလို့ သူက ချစ်နေရင် အဲဒါ အချစ်ဆေးပဲလား။
“ နောက်ကျသွားပြီ ” တဲ့။
“ ဘုရားရေ…. ဘယ်လို ဖြစ်တာပါလိမ့်။ မကယ်နိုင်တော့ဘူးလား၊ မှန်ကြီးရေ ဘယ်လိုဖြစ်လို့ နောက်ကျသွားရတာလဲ ”
“ မင်းက မင်းအလုပ်ကို ချစ်တယ်၊ မင်းကလေးကို ချစ်တယ်။ ရုံးက ပြန်လာရင် တကုပ်ကုပ်နဲ့ အိမ်မှုကိစ္စ လုပ်ရင်လုပ်၊ မလုပ်ရင် ကလေးနဲ့ လုံးထွေးနေတယ်။ သူ ပြန်လာရင် ဆီးပြီး ဆူတယ် ပူတယ်၊ အချစ်ဆေးကို တိုက်ဖို့ အချိန်လွန်ခဲ့ပြီ ”
“ ဒါဖြင့် ဘယ်လို လုပ်ရပါ့ ”
“ ဒါက အလွယ်လေးပါ၊ မင်း ကွာရှင်းစာချုပ်တစ်စောင် ရေးပြီး သူ့ကို ပေးလိုက်တော့၊ အဲဒါ အချစ်ဆေးပဲ ”
ထိုနေ့မှစ၍ ထိုမှန်ကြီးကို သူမ အမှန်တကယ် မုန်းသွားမိပါသည်။
ထိုညမှာ ပိန်ကပ်ကပ် လင်တော်မောင်၏ ချွေးစော်နံသည့် အောက်သိုးသိုး ကိုယ်သင်းနံ့ကို မရွံရှာနိုင်ဘဲ မွှေးမွှေးတစ်ချက်ပေးရင်း -
“ သည်မှာ ကိုရေ၊ ရှင် ကျွန်မကို ချစ်သေးရဲ့လား ”
ယောက်ျားက တွယ်ဖက်ထားသည့် သူမ၏ လက်များကို ခွာကာ -
“ မိန်းမတော့ ရူးနေပြီ ”
သူမက စိတ်ဆိုးကာ ကိုယ်ကို တစ်ဖက်သို့ စောင်းလှည့်လိုက်ပြီး -
“ ရှင် နောက်တစ်ယောက် တွေ့နေပြီ ”
“ ပေါက်ပေါက်ရှာရှာကွာ ”
“ အံမာ ညာမနေပါနဲ့ ”
“ မင်းကို ဘယ်သူကလာပြီး အတို့အထောင် လုပ်သွားပြန်တာလဲ ”
“ အံမယ် စာအုပ်တွေထဲမှာတောင် ရေးထားကြသေးတယ်၊ အသက် ၄၀ နဲ့ ၅၀ ကြားမှာ ယောက်ျားတွေ စိတ်ကစားသတဲ့၊ ရှင် ဒီလောက် ပိန်နေတာ နောက်တစ်ယောက် လိုချင်လို့ ဖြစ်မှာပဲ ”
“ ပေါက်ကရတွေ၊ ဒီမှာ မိန်းမတစ်ယောက်တောင် လုံလောက်အောင် ရှာမပေးနိုင်လို့ စိတ်ညစ်ပြီး ပိန်ပိန်နေတာ၊ နောက်တစ်ယောက်သာ ယူရင် သူတို့လိုတာ တဖျစ်တောက်တောက် ပြောသံနဲ့ပဲ မြန်မြန်သေမှာ၊ ကြောက်လွန်းလို့ ”
“ မညာပါနဲ့၊ မှန်ကြီးက ပြောတယ်၊ ရှင် ပိန်ပိန်နေတာ အချစ်ဆေး လိုလို့တဲ့၊ အချစ်ဆေး ဆိုတာ ကျွန်မဆီက ကွာရှင်းစာချုပ်တဲ့။ ဟုတ်သလား ”
“ အေး…. ဟုတ်တယ်ဟေ့…. ဟုတ်တယ် ”
သူမ တကယ်ကို ငိုမိတော့သည်။
မှန်ကြီးကတော့ ညာမပြောနိုင်ပါ။ မှန်ကြီးပြောတာ သွေးထွက်အောင် မှန်နေပါလား။ နောက်ဆုံးတော့ ယောက်ျားဆိုတာ ဒီလိုချည်းပဲ၊ ဘယ်ကောင်မနဲ့လဲ၊ စုံကို စုံစမ်းဦးမယ်၊ ဒါကြောင့် ညတိုင်း ခြေများပြီး စောစော ပြန်မလာတာ။
သူမသည် မှန်ကြီးကို မကြည့်တော့။
ညတိုင်လျှင် အိပ်မပျော်သဖြင့် သူမ၏ ခန္ဓာကိုယ်လည်း တဖြည်းဖြည်း ပါးလျား သွယ်လျလာသည်။ မျက်လုံးများက ကြေကွဲမှုဖြင့် ရီဝေေ၀။ သူမ၏ သူငယ်ချင်းများအား သူ့ယောက်ျားသည် နောက်တစ်ယောက် တွေ့နေသည့်အကြောင်း၊ သူ့ထံမှ ကွာရှင်းစာချုပ်ရမှသာ သူ စိတ်ချမ်းသာမှုရတော့မည် ဆိုသည့်အကြောင်း ပြောပြနေတတ်သည်။
သူမ၏ စိတ်ကူးများသည် ပြိုပျက်သွားခဲ့ပြီး ခြေဦးတည့်ရာ လျှောက်သွားတတ်လာတတ်သည်။ သူမ၏ပြိုင်ဘက် မိန်းမကိုကား သူမ မမြင်ဖူးသေးပါ။
ဘတ်စ်ကား စီးသွားတိုင်းလည်း သူမ၏ ယောက်ျားကို ပြိုင်ဘက်မိန်းမနှင့် အတူတွဲလျက် သွားလာနေသလား ကြည့်ရသည်။
ယောက်ျားနောက်သို့ လိုက်ချောင်းပါကလည်း ယောက်ျား စိတ်ဆိုးမည်ကို ကြောက်ရသေး။
ဆူးလေဘုရားသို့ ယတြာချေသွားရင်လည်း ဘုရားပေါ်မှာ ဆုတောင်းဆုယူပြုနေမည့် သူတို့စုံတွဲနှင့် ရင်ဆိုင်တိုးရလေမလား စိုးရွံ့မိပြန်သည်။
သူ့ယောက်ျားသည် ဘယ်မိန်းမနှင့်များ မုန့်ဆိုင်၊ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်၊ အအေးဆိုင် တစ်ခုခု၏ ထောင့်စားပွဲတွင် ထိုင်ကာ ချစ်ရည်ရွှန်းလဲ့ ပီတိမျက်လုံးများနှင့် မျက်နှာချင်းဆိုင် နေလေမည်လဲ။
အလုပ်သွားရသည်ကို စိတ်မဖြောင့်။
ထမင်းစားရသည်ကို အစာမကြေ။
မှန်ကြီး ပြောပြထားသဖြင့် သံသယမြွေသည် ရင်ထဲတွင် ခွေလျက် တစ်နေ့နေ့ တစ်ချိန်ချိန်မှာ ပါးပျဉ်းထောင်၍ သူမကို တစ်ချက်တည်းနှင့် သေအောင် ပေါက်တော့မှာ ဖြစ်သည်။
နောက်ဆုံးတော့ စိတ်ကိုလျှော့လိုက်ကာ ကွာရှင်းစာချုပ်ကို အဆင်သင့် လက်မှတ်ထိုး၍ ဆောင်ထားလိုက်သည်။ တစ်နေ့တခြား ပိန်၍ပါးလျလာကာ သူ့ယောက်ျားထက်ပင် ပို၍ ပိန်သွားခဲ့ပြီတည်း။
တစ်နေ့တွင် သူမ မသေဆုံးမီ မှန်ကြီးကို နောက်ဆုံးအကြည့်၊ နောက်ဆုံးအမေးဖြင့် မေးလိုက်ဦးမည်ဟု အားခဲကာ အိပ်ရာထဲမှ ထ ၏။
အသံယဲ့ယဲ့ဖြင့် -
“ မှန်ကြီးရေ…. ကျွန်မရဲ့ပြိုင်ဘက် မိန်းမဟာ ဘယ်သူလဲရှင်၊ ကျွန်မကို ပြစမ်းပါ။ သူ့ကို မြင်တွေ့ရမှ ကျွန်မ အသေဖြောင့်တော့မှာပါ ”
မှန်ကြီးသည် ကြည်လင်ရာမှ ရုတ်တရတ် မှုန်ဝါးသွားပြီး မီးခိုးလုံးများသဏ္ဍာန် မှောင်၍လာသည်။ မှောင်ရီမှုန်ဝါးသွားသော မှန်ချပ်ထဲတွင် ပီပြင်သော ရုပ်ပုံတစ်ခု ထင်ဟပ်လာ၏။
နုနယ်၍ သိမ်မွေ့နူးညံ့သော မျက်နှာနှင့် ချိုသာကြည်လင်သည့် အပြုံးရှင်၊ လွန်ခဲ့သည့် အနှစ်နှစ်ဆယ်က သူမ၏ ရုပ်ပုံလွှာပင်တည်း။
#ခင်မြဇင်
ကလျာမဂ္ဂဇင်း၊ နိုဝင်ဘာလ၊ ၂၀၀၀
#@Aung Tun Oo~ပြန်လည်မျှဝေပါသည်။
No comments:
Post a Comment