Mar 15, 2017

အိမ်ဈေးဆိုင်

အိမ်ဈေးဆိုင်
။။။။။။။။။။။။။။။။။။
ရင်ရိုး

နှစ်ရာတန်အစုတ်ကလေးကိုလည်း လာခွင့်ပြုတယ်
၅ဝတန်အနွမ်းကလေးကိုလည်း လာခွင့်ပြုတယ်
ဆန် နို့ဆီဗူး လေးလုံး၊ ဆီ တစ်ဆယ်သား
ခရမ်ချဉ်သီး အဝက်သား
လိုချင်တာရမယ်ဒေါ်လေး။
ဘဝက ဆန်တစ်ပြည်ကို ခွင့်မပြုဘူး
ဘဝက ဆီတစ်ပိသာာကို ခွင့်မပြုဘူး
ညနေ ညနေ
ချွေးနံ့သင်းနေတဲ့ငွေအကြွေလေးတွေ တန်းစီလို့
အလုပ်သိမ်းပြီးခဲ့တာတောင် အမောမပြေသေးတဲ့မျက်နှာတွေ
အိမ်ဈေးဆိုင်ကလေးရှေ့မှာ ထိုးစိုက်နေတယ်။
အလုပ်ရှင်က အိမ်ပေါ်တက်ယူရမှာပျင်းလို့တဲ့
နောက်တစ်နေ့မှ ပေါင်းယူပါဆိုတဲ့ နေ့စားခ
အိမ်ဈေးဆိုင်ကလေး အကြွေးကျခဲ့ပြီ။
မီးက ခုမှ မွှေးရမှာ
နေက ဝင်တော့မယ်
နောက်တစ်နေ့ရှင်သန်ရမယ့်ညစာကလည်း အာဟာရမပြည့်
တကယ်တော့
အိမ်ဈေးဆိုင်ကလေးကိုယ်တိုင်ကလည်း အာဟာရမပြည့်ပါ။
ချင်းပိန်၊ ခရမ်းချဉ်သီးအကွဲ၊ အာလူးအနွမ်း
စားအုန်းဆီ ညစ်နောက်နောက်၊ အာပြဲခြောက်အမျှင်ဖွာ
ဆန်အောက်တန်းစား၊
ခပ်ယိုင်ယိုင် အိမ်ဈေးဆိုင်ကလေး
အချိန်တန်ရင် ဘဝတူတွေကို မျှော်လို့
နေ့ပြန်တိုးနဲ့ ခရီးဆက်နေတယ်။ ။

ရင်ရိုး
13/10/2015

ခေတ်ရနံ့ မဂ္ဂဇင်း၊ ဖေဖော်ဝါရီလ၊ ၂၀၁၆ခုနှစ်၊

http://tamupoetsgroup.blogspot.com/2016/02/blog-post_2.html

ဖွံဖြိုးဆဲနိုင်ငံများနဲ့ အာဏာသိမ်းမှုသံသရာ

ဖွံဖြိုးဆဲနိုင်ငံများနဲ့ အာဏာသိမ်းမှုသံသရာ

သရ၀ဏ်(ပြည်)

ဖွံဖြိုးဆဲနိုင်ငံများတွင်အာဏာသိမ်းမှုများဖြစ်ပွားတတ်သည် ။ အထူးသဖြင့်ဆင်းရဲသောနိုင်ငံများတွင် အာဏာသိမ်းမှုဖြစ်ပွားတတ်သည် ။ ဆင်းရဲ၍တိုင်းပြည်မတည်ငြိမ် ၊တိုင်းပြည်မတည်ငြိမ်သောကြောင့် စစ်တပ်၏အခန်းကဏ္ဍ ပိုမိုမြင့်မားကာအရေးပါလာသည် ။ထိုအခါ စစ်အာဏာသိမ်းမှုတွေဖြစ်တတ်သည် ။ စစ်အာဏာသိမ်းမှု၏တရားခံမှာ နိုင်ငံမတည်ငြိမ်ခြင်းနှင့် ဆင်းရဲမွဲတေခြင်းဖြစ်သည် ။ ဆင်းရဲ၍စစ်အာဏာသိမ်းသည် ။ အပြန်အလှန်အားဖြင့် စစ်အာဏာသိမ်းပြီးဆင်းရဲသွားကြသည် ။ ကမ္ဘာပေါ်တွင် စစ်အစိုးရအုပ်ချုပ်အာဏာယူပြီး စီးပွားရေးဖွံဖြိုးကောင်းမွန်လာသောနိုင်ငံဟူ၍မရှိသလောက်ရှားသည် ။ စစ်တပ်သည်နိုင်ငံတစ်နိုင်ငံတည်ငြိမ်လာအောင် လုပ်ကောင်းလုပ်နိုင်သည် ။သို့ သော် စစ်သားများသည် နိုင်ငံရေးသမားများ ၊စီးပွားရေးပညာရှင်များမဟုတ်သောကြောင့် နိုင်ငံဖွံ့ ဖြိုးတိုးတက်လာအောင်တော့မစွမ်းဆောင်နိုင်တာများသည် ။ ထိုင်းနိုင်ငံသည်မကြာခနစစ်အာဏာသိမ်းလေ့ရှိသောနိုင်ငံဖြစ်သည် ။ မအောင်မြင်သောစစ်အာဏာသိမ်းမှု အပါအ၀င်စစ်အာဏာသိမ်းမှု ၂၁ ကြိမ်ရှိခဲ့သောနိုင်ငံဖြစ်သည် ။ ထိုနိုင်ငံက စစ်အာဏာ ၂ ကြိမ်သာသိမ်းဘူးသောမြန်မာနိုင်ငံထက် ဖွံ့ဖြိုးတိုးတက်နေသည် ။အဘယ့်ကြောင့်နည်း ။ ရှင်းပါသည် ထိုင်းနိုင်ငံတွင်စစ်အာဏာသိမ်းပွဲများ မကြာခနဖြစ်ပွားသော်လည်း စစ်တပ်သည်နိုင်ငံတော်အာဏာကို နှစ်ကာလကြာရှည်အောင်ကိုင်ဆွဲမထားပဲ အချိန်အတိုင်းအတာ တစ်ခုအတွင်း ရွေးကောက်ပွဲကျင်းပကာ အနိုင်ငံရ ပါတီအားအစိုးရဖွဲ့စေကာ ထိုအစိုးရ ကိုအာဏာလွှဲပေးပြီးတပ်မတော်ကအရပ်သားအစိုးရအုပ်ချုပ်မှုအောက်တွင်နေသောကြောင့်ဖြစ်သည် ။ အင်ဒိုနီးရှားတွင်လည်း စစ်တပ်မှလွှမ်းမိုးထားသော လွှတ်တော်စနစ်ရှိခဲ့ဖူးသည် ။ သို့ သော် ထိုလွှတ်တော်ထဲမှ တပ်မတော်သားပါဝင်မှုအချိုးကို တဖြည်းဖြည်းရုပ်သိမ်းလိုက်ရာ ယခုအခါအင်ဒိုနီးရှားပါလီမန်တွင်ရွေးကောက်ခံမဟုတ်သော တပ်မတော်သားကိုယ်စားလှယ်တစ်ယောက်မှမရှိတော့ချေ ။ ထို့ ကြောင့်ပင် အင်ဒိုနီးရှားနိုင်ငံလည်း စစ်အာဏာသိမ်းသံသရာမှ လွတ်မြောက်လာလေသည် ။

ကမ္ဘာပေါ်တွင် အာဖရိကတိုက်ရှိနိုင်ငံငယ်များ၊ တောင်အမေရိကတိုက်ရှိနိုင်ငံအချို့ သည် စစ်အာဏာသိမ်းရာတွင် နာမည်ဆိုးဖြင့် အလွန်ကျော်ကြား၏ ။ တူညီသည်မှာ ထိုနိုင်ငံများသည်ပြည်တွင်းစစ်သံသရာနှင့် စစ်အာဏာသိမ်းပွဲများကြောင့် ဖွတ်ကျောပြာစုနေ၏ ။ အာဖဂန်နစ္စတန်နိုင်ငံတွင် ၁၉၁၉ မှ ၁၉၇၉ အထိ စစ်အာဏာသိမ်းမှု (၈)ကြိမ်ဖြစ်ပွားခဲ့၏ ။ အာဖရိကတိုက် အယ်လ်ဂျီးရီးယားနိုင်ငံတွင် အာဏာသိမ်းမှု(၃)ကြိမ် ၊ တောင်အမေရိကတိုက် အာဂျင်တီးနားနိုင်ငံတွင် (၈)ကြိမ် ၊ အဇာဘိုင်ဂျန်နိုင်ငံတွင် (၂)ကြိမ် ၊ မြန်မာ၏အိမ်နီးချင်းဘင်္ဂလားဒေ့ရှစ်နိုင်ငံတွင် (၆)ကြိမ် ၊ တောင်အမေရိကတိုက် ဘိုလီးဗီးယားနိုင်ငံတွင် (၁၄)ကြိမ် ၊ ဘရာဇီးတွင် (၄)ကြိမ် ၊ ဘူကီနာဖာဆိုနိုင်ငံတွင် (၁၀)ကြိမ် ၊ ဘူရွန်ဒီတွင် (၆)ကြိမ် ၊ ချက်သမ္မတနိုင်ငံတွင် (၆)ကြိမ် ၊ အီကွေဒေါတွင်(၅)ကြိမ်၊အယ်လ်ဆာဗေဒို နိုင်ငံတွင်(၅)ကြိမ် ၊ အီသီယိုပီးယားတွင်(၅)ကြိမ် ၊ဖီဂျီနိုင်ငံတွင် (၄)ကြိမ် ၊ဂါနာနိုင်ငံတွင် (၆)ကြိမ် ၊ ဂရိနိုင်ငံတွင် ၁၈၂၁ မှ ၁၉၇၅ အထိ (၂၂)ကြိမ် ၊ ဟေတီနိုင်ငံတွင် ၁၇၉၁ မှ ၂၀၀၄ ခုနှစ်အထိ (၂၆)ကြိမ်ဖြင့် ကမ္ဘာ့စံချိန်တင် ၊ ဟွန်ဒူးရပ်စ်(၅)ကြိမ် ၊အိန္ဒိယ (၂)ကြိမ် ၊အင်ဒိုနီးရှား(၂)ကြိမ် ၊ အီရန်(၁၁)ကြိမ်၊အီရတ်(၆)ကြိမ် ၊လာအိုနိုင်ငံ(၉)ကြိမ် ၊လစ်ဗျား(၅)ကြိမ် ၊ နိုင်ဂျီးရီးယားတွင်(၈)ကြိမ် ၊ပနားမားတွင် (၅)ကြိမ်၊ ပါကစ္စတန်တွင်(၆)ကြိမ် ၊ပါရာဂွေးတွင် (၁၉)ကြိမ် ၊ပီရူးတွင်(၇)ကြိမ်၊ဖိလစ်ပိုင်တွင် (၄)ကြိမ် ၊အာဖရိကတိုက် ဆီယာလီယွန်နိုင်ငံတွင် (၅)ကြိမ် ၊ဆူဒန်တွင်(၆)ကြိမ် ၊ ဆီးရီးယားတွင်(၈)ကြိမ် ၊တူရကီတွင်(၉)ကြိမ် ၊ဗင်နီဇွဲလားတွင် (၅)ကြိမ် ၊ ဗီယက်နမ်တွင် (၆)ကြိမ် ၊ယူဂိုဆလားဗီးယားတွင် (၄)ကြိမ် စစ်အာဏာသိမ်းမှုများဖြစ်ပွားခဲ့သည် ။

       အထက်ပါစာရင်းကိုကြည့်လျှင် အကြိမ်များများစစ်တပ်မှအာဏာသိမ်းခံရသောနိုင်ငံအတော်များများသည် မအောင်မြင်သော နိုင်ငံ ( Failed States )များဖြစ်ကြကြောင်းတွေ့ နိုင်သည် ။ စစ်အာဏာသိမ်းမှုများလေလေ တိုင်းပြည် မတိုးတက်လေပဲဖြစ်သည် ။ ထိုအထဲတွင် အာဏာသိမ်းစစ်တပ်သည် တိုင်းပြည်ကို အာဏာပြန်မလွဲပဲ နှစ်ရှည်လများဇွတ်အုပ်ချုပ်နေပါက ထိုနိုင်ငံများပို၍မွဲပြာကျလေ့ရှိသည် ။ လက်တင်အမေရိကနှင့် အာဖရိကနိုင်ငံများဆင်းရဲတွင်းမှမထွက်နိုင်ကြခြင်းမှာ စစ်အာဏာသိမ်းမှုကို ငှက်ပျောသီးအခွံနွှာစားသလို လွယ်လွယ်ကူကူကျင့်သုံးနေကြလို့ဖြစ်သည် ။ထိုနိုင်ငံတွေကို Banana Republic ဟုကမ္ဘာက အမည်ပြောင်ပေးထားသည် ။
မြန်မာနိုင်ငံတွင်တော့ အာဏာသိမ်းမှု (၂)ကြိမ်သာဖြစ်ဖူးသည် ။ သို့ သော် ပထမအကြိမ်တွင် ၂၆ နှစ်ကြာသွားသည် (၁၉၆၂ မှ ၁၉၈၈ ) ၊ ဒုတိယအကြိမ်တွင် ၂၂ ကြာသည် (၁၉၈၈ မှ ၂၀၁၀) ။ ထို ၄၈ နှစ်ကြာစစ်အာဏာရှင်စနစ်လက်အောက်တွင် တိုင်းပြည်မွဲပြာကျသွားသည် ။ စာရိတ္တတွေပျက်သွားသည် ။သယံဇာတတွေကုန်သွားသည် ။ နိင်ငံသားတွေ သူများနိုင်ငံမှာကျွန်သွားခံရသည် ။ တတိယအကြိမ်စစ်အာဏာသိမ်းမှုသာဖြစ်လာခဲ့၍ စစ်တပ်က နောက်ထပ် ၂၂ နှစ် ခန့်ထပ်မံအုပ်ချုပ်ပါလျှင်မူကား မြန်မာ့အခြေအနေသည် ဆိုမာလီ ၊ဆီးရီးယား ၊ ဟေတီ ၊ ဆူဒန်တို့ ကိုကျော်ကာ အ၀ီစိအထိရောက်ဖို့ပဲရှိတော့သည် ။ ဤအခြေအနေတွင် နိုင်ငံရေးပါတီတစ်ခု၏ခေါင်းဆောင်ဖြစ်သူက ၁၉၆၂ စစ်အာဏာသိမ်းမှုတွင် ဗိုလ်ချုပ်နေ၀င်းပဲမှန်သလိုလို ၊ နိုင်ငံရေးသမားတွေပဲမှားသလိုလိုပြောလာသည်မှာ သမိုင်းကို ဇွတ်မှိတ်၍ငြင်းနေခြင်းဖြစ်သည် ။ အတ္တစွဲများဖြင့် ကျားကျားမီးယပ်ပြောနေခြင်းဖြစ်သည် ။ နောက်တစ်ကြိမ်စစ်အာဏာသိမ်းပွဲဖြစ်လာဖို့ လက်ယပ်ခေါ်မျက်စပစ်နေခြင်းလည်းဖြစ်သည် ။ ကမ္ဘာပေါ်တွင် စစ်တပ်အုပ်ချုပ်၍ တူတူတန်တန်ဖွံ့ ဖြိုးတိုးတက်လာသောနိုင်ငံဟူ၍မရှိပေ ။ဖွတ်ကျောပြာစုသွားသောနိုင်ငံများသာဖြစ်ကြောင်း အထောက်အထားစာရင်းကပြဆိုနေသည် ။ ပညာတတ်အရပ်သားအစိုးရက ဒီမိုကရေစီနည်းကျအုပ်ချုပ်မှတိုင်းပြည်တိုးတက်မည်ဖြစ်သည် ။

အင်္ဂလိပ်-အမေရိကန်စစ်ပွဲ (အမေရိကန်လွတ်လပ်ရေးစစ်ပွဲ)အပြီး ဇူလိုင်လ ၄ ရက် ၁၇၇၆ တွင် အင်္ဂလိပ်ကိုအနိုင်တိုက်ခဲ့သော အမေ၇ိကန်စစ်ဗိုလ်ချုပ်ကြီးဂျော့ဝါရှင်တန်ကို ၀ါရှင်တန်မင်းဆက်တည်ထောင်၍ ဘုရင်အဖြစ် အမေရိကန်ပြည်ထောင်စုကိုအုပ်စိုးဖို့အချို့ ကအကြံပေးတိုက်တွန်းကြသည် ။ အာဏာရူးသာဆိုလျှင် ထိုအဆိုပြုချက်ကိုဝမ်းသာအားရလက်ခံမည်ဖြစ်သည် ။သို့ သော်ထိုအဆိုပြုချက်ကိုဗိုလ်ချုပ်ကြီးဂျော့ဝါရှင်တန်ကခါးခါးသီးသီးငြင်းပယ်ကာ ဖွဲ့စည်းပုံအခြခံဥပဒေရေးဆွဲပြီး သမ္မတစနစ်ဖြင့်အုပ်ချုပ်သောကြောင့် အမေရိကန်သည်ကမ္ဘာ့နံပါတ်တစ် ဖြစ်လာသည် ။ အမေရိကန်သမိုင်းတွင် ဖွဲ့ စည်းပုံအခြခံဥပဒေကို ၂၂၈ နှစ်အတွင်း ၃၃ ကြိမ်ပြင်ဆင်ဖို့ကြိုးပမ်းခဲ့ပြီး ၂၇ ကြိမ် ပြင်ဆင်နိုင်ခဲ့သည် ။ထို့ကြောင့်ဖွဲ့ စည်းပုံအခြေခံဥပဒေသည် ခေတ်နှင့်လိုက်လျောညီထွေ လိုက်ပါနိုင်ခဲ့ခြင်းဖြစ်သည် ။ အမေရိကန်ပြည်ထောင်စုကံကောင်းသည်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေသည်တစ်ခါဆွဲထားပြီးလျှင် တစ်သက်လုံးဘယ်တော့မှပြင်စရာမလိုဟူသောမျက်ကန်းမျိုးချစ်များမရှိခဲ့ခြင်း ဖြစ်သည် ။ ထို့ထက်ကံကောင်းမှုကားစစ်အာဏာသိမ်းမှုတစ်ကြိမ်မှမရှိခဲ့ဖူးခြင်းဖြစ်သတည်း။

သရ၀ဏ်(ပြည်)

ရယ်စရာကောင်းသောပြစ်ဒဏ်များ

ရယ်စရာကောင်းသောပြစ်ဒဏ်များ

သရ၀ဏ်(ပြည်)

အကယ်၍တစ်စုံတစ်ယောက်သည် နိုင်ငံပိုင်ပစ္စည်းများကိုခိုးယူခြင်း အလွဲသုံးခြင်း ၊ ရာထူးနှင်.လုပ်ပိုင်ခွင်.ကိုအသုံးပြု၍ လာဘ်စားခြင်း ၊ မိမိတာဝန်ကို မသိကျိုးကျွံပြုနေခြင်းစသည်များကို ပြုလုပ်ကာ ထားစရာမရှိအောင်ချမ်းသာနေပြီဆိုပါစို. ၊ သက်ဆိုင်ရာ တာဝန်ရှိသူများမှ စုံစမ်းစစ်ဆေးရေးများပြုလုပ်ကာဘာမှရာဇ၀တ်ကြောင်းအရ အပြစ်ပေးတရားစွဲအရေးယူခြင်းမရှိပဲ ရာထူးမှအငြိမ်းစားယူသောပြစ်ဒဏ်ကိုသာ လူကြားကောင်းအောင် ဟန်ဆောင်ပန်ဆောင် အပြစ်ပေးလိုက်ပါကထိုသူသည် ယခုတစ်သက်တင်မဟုတ် ဆယ်သက်ဆယ်ပြန်ပင် အပြစ်ကျူးလွန်လိုက်ချင်ပါသေးသညဟုပြောမည်ဖြစ်သည် ။

အဘယ်.ကြောင်.ဆိုသော် ရိုးရိုးလေးစဉ်းစားကြည်.လျှင်ပင် နောက်ဖေးလမ်းကြား၌ ထဘီရုပ်ခြင်း ၊အလစ်သုတ်ခြင်း ၊ခါးပိုက်နှိုက်ခြင်း စသည်.ပြစ်မှုအသေးလေးများမှာပင် ကျူးလွန်သူကို ဖမ်းမိပါက ရုံးတင်တရားစွဲကာထောင်ဒဏ်အပြစ်ပေးလေ.ရှိပါသည် ။ လူ.အသိုင်းအ၀ိုင်း ကလည်း ထိုလူများကိုအထင်သေး အမြင်သေးလေ.ရှိပါသည် ။ ထဘီသူခိုး ၊ခါးပိုက်နှိုက် ၊၀ရမ်းပြေး ၊ထောင်ထွက် ဟူသော ကြောက်မက်ဖွယ် ဂုဏ်ပုဒ်များကိုလည်းဖော်ထုတ်တတ်ကြပါသေးသည် ။

       သို.သော် နိုင်ငံပိုင်ငွေကြေးများကို အဂတိလိုက်စား၍ချမ်းသာလာသူတစ်ယောက်အပေါ်ကျွန်တော်တို.လူ.အသိုင်းအ၀ိုင်းသည် ထိုသို.အထင်သေးအမြင်သေးဖြစ်လေ.မရှိပါ ။ အင်မတန်ကြီးမားသောရာထူး ၊ လူဂုဏ်တန်ရပ်ကွက်မှအင်မတန်ကောင်းသော နေအိမ်ခြံဝင်း ၊နောက်ဆုံးပေါ်ဇိမ်ခံကားများထည်လဲစီးနိုင်မှု ၊ အရာရှိကတော်ကြီးနှင်.သားသမီးများ ညွှတ်နေအောင်ဝတ်ဆင်လေ.ရှိသော ရွှေငွေ ပတ္တမြား ၊ နီလာ ၊ ပုလဲ ၊ စိန် ၊မြ စသောကျောက်မျက်ရတနာလက်ဝတ်လက်စားများ ၊ သူတို.သားသမီးများတက်သော နိုင်ငံတကာမှလာဖွင်.သည်.ကျောင်းအကောင်းစားများ ၊ နေမကောင်းလျှင် ဆေးကုခံရန်သွားရောက်သောပြည်ပမှနာမည်ကျော်ဆေးရုံများ စသည်တို.ကိုမြင်လျှင် မြန်မာလူ.အသိုင်းအ၀ိုင်းသည် လူတစ်ယောက်ကိုအထင်ကြီးလေးစားတတ်ကြသည် ။

စင်စစ် နောက်ဖေးလမ်းကြားတွင် အလစ်သုတ်သော သူခိုးနှင်. ၊ နိုင်ငံ.ဘဏ္ဍာကို ကိုယ်.ဟာမှတ်ကာခိုးဝှက်ချမ်းသာနေသော အရာရှိကြီးနှစ်ယောက်တွင် အရာရှိသူခိုးသည်ပို၍ပင်စက်ဆုတ်ဖွယ်ကောင်း၏ ။ အဘယ်.ကြောင်.ဆိုသော် လမ်းကြားမှ ထဘီစုတ်ရုပ်သော သူခိုးသည် တကယ်ကိုစားစရာမရှိသဖြင်. မိသားစုဝမ်းရေဒအတွက်ရိုးရိုးသားသားခိုးခြင်းဖြစ်ပြီး ထိုသို.ခိုးမှုကျူးလွန်သည်.အတွက်လည်း လူမိခဲ.လျှင် ဥပဒေအရချမှတ်သောထိုက်တန်သည်.ပြစ်ဒဏ်ကို မလွဲမသွေခံကြရမည်ဖြစ်သောကြောင်.ပင်ဖြစ်သည် ။ ထို.ကြောင်.ထိုအလစ်သမားများသည် လုပ်ရဲလျှင်ခံရဲသူများဖြစ်ကြသဖြင်. အချောင်သမားသူခိုးများမဟုတ်ကြပေ ။

အထက်တွင်ဖော်ပြခဲ.သော အဂတိလိုက်စားသည်.အစိုးရအရာရှိသူခိုးများမှာ ထဘီစုတ်ရုပ်သည်. လမ်းဘေးမှ သူခိုးဘိန်းစားများထက်သူရဲဘောကြောင်သောလူစားများဖြစ်သည် ။ အဘယ်.ကြောင်.ဆိုသော် သူတို.ခိုးယူ အဂတိလိုက်စားသောငွေကြေးနှင်.စည်းစိမ်မှာ ဘ၀တစ်သက်တာသုံး၍မကုန်နိင်သော စည်းစိမ်ချမ်းသာများဖြစ်သည် ။ သူတို.ပြန်ခံရမည်က ရာထူးမှအငြိမ်းစားပေးခံရရုံဆိုတော. မည်မျှတန်ပါသနည်း ။ ပြစ်မှုနှင်.ပြစ်ဒဏ်သည် မည်မျှကိုက်ညီလိုက်ပါသနည်း ။

     ပြည်ထောင်စုမြန်မာနိုင်ငံတွင် သမ္မတဦးသိန်းစိန်လက်ထက်ဝယ် အဂတိလိုက်စား၍လက်ပူးလက်ကြပ်ဖော်ထုတ်သိရှိရသော အစိုးရ အရာရှိ များစွာကို တွေ.ခဲ.ရသော်လည်း သူတို.ကျူးလွန်သောပြစ်မှုအတွက် အငြိမ်းစားယူခြင်းဆိုသောပြစ်ဒဏ်ကိုသာသက်ညှာစွာ အပြစ်ပေးခဲ.တာတွေ.၇လေသည်။

အကယ်စစ်စစ် ရာထူးမှအငြိမ်းစားပေးခြင်းဆိုသောပြစ်ဒဏ်မှာ ပြစ်ဒဏ်ဟုပင်မခေါ်နိုင်ပါ ။ ခိုးထားသမျှကိုအားရပါးရခံစားစံစားတော.ဟု တရားဝင်ခွင်.ပြုလုက်သလိုပင်ရှိသဖြင်. ပြစ်ဒဏ်ပေးခံရသူမှ မကြောက်ရွံ.ရုံမက ထီပေါက်သည်ထက်ပင်ဝမ်းသာပေဦးမည် ။ သူကျူးလွန်ခဲ.သောပြစ်မှုအတွက် ဘာမှခံစရာမလိုရုံမက ၊ လခလေးမဖြစ်စလောက်အတွက် နေ.စဉ်ရုံးဆင်းရုံးတက် နေရသောဘ၀မှပင် ရုံးမတက်ရတော.သဖြင်.၀ဋ်ကျွတ်ချေဦးမည် ။ တစ်သက်လုံးခိုးထား ၊၀ှက်ထား ၊ မသမာမှုပြုထားသမျှကိုတရားဝင်သဖွယ် ထုတ်သုံး၍လည်း ရပေတော.မည်.အဓိပါယ်ဖြစ်သည် ။ အလွဲသုံးစားမှုများ အတွက် တရားဝင် အပြစ်ဒဏ်ခံလိုက်ရသဖြင်. အပြစ်ကင်းစင်သောလူကြီးဖြစ်သွားသလိုလည်းဖြစ်နေပါသည် ။ ငွေမျက်နှာဖြင်. လူတောတိုးဖို.လည်းဝန်မလေးသော ၊လူတို.ကလည်းငွေမြင်လျှင်နေရာပေးကြဦးမည်.ခေတ်ကြီးဖြစ်ပါသည် ။

ဘိန်းစား ၊သူခိုး ၊ဂျပိုးများကိုနှာခေါင်းရှုံ.သလောက် ညွှန်မှူး ၊ဒုညွှန်ချုပ် ၊ ညွှန်ချုပ်  စသောရာထူးအငြိမ်းစားများကို မြိန်ရေယှက်ရေ အသုံးပြုကြ လေးစားကြဦးမည်ဖြစ်ပါသည် ။   

          သမ္မတကြီးဦးသိန်းစိန်လက်ထက်တွင် အဂတိလိုက်စားမှုနှင်.ပါတ်သက်၍ ထိထိရောက်ရောက်အရေးယူခံရသူဟူ၍ သာသနာရေးဝန်ကြီးဦးဆန်းဆင်.တစ်ယောက်သာရှိခဲ.သည် ။

ဦးဆန်းဆင်.အဂတိလိုက်စားသောငွေမှာကျပ်သိန်းတစ်ရာသာရှိသဖြင်. ထိုအမှုမှာ ထိုမျှမက ခိုးနေဖွက်နေကြသော နိုင်ငံ.တောသူခိုးများအကြားဝယ် ရယ်ရွှင်ဖွယ်ငွေပမာဏဖြစ်နေပါသည်

။ဦးဆန်းဆင်.ကိုထောင်ချပြီးအရေးယူအပြစ်ပေးခြင်းမှာ တကယ်တမ်းအဂတိလိုက်စားမှုတိုက်ဖျက်ချင်သည်ထက် မမြင်နိုင်သော နိုင်ငံရေး ပဋိပက္ခများ ကြောင်.ဖြစ်ဟန်ရှိပါသည် ။ ငွေကျပ်သိန်းတစ်ရာအလွဲ သုံးစားတိုင်းသာထောင်ချရလျှင် သမ္မတဦးစိန်းစိန်အစိုးရအဖွဲ.၌ လူကျန်မည်ပင်မဟုတ်တော.ချေ

တကယ်တန်း၌ မြန်မာနိုင်ငံတွင် အစိုးရအရာရှိများအပြစ်ကျူလွန်လျှင် အားလုံးဝိုင်း၍ဖုံးဖုံးဖိဖိလုပ်ကြသည်မှာ စစ်သားတစ်ပိုင်းအစိုးရတွင် ရိုးနေသောလုပ်ကွက်ဖြစ်ပါသည် ။

တရုတ်ပြည်ကဲ.သို. ရာထူးမရွေး တိတိကျကျဖော်ထုတ်အပြစ်ပေးတာမကြားမိသေးပါ ။

တရားသူကြီးတစ်ယောက်လာဘ်စားကြောင်းအထောက်အထားဖြင်. မိသလား ။ ပြစ်ဒဏ်မှာ ရာထူးစည်းစိမ်မပျက်အငြိမ်းစားယူစေခြင်းဖြစ်သည် ။ အကောက်ခွန်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ တာဝန်အလွဲသုံးစားကာ ဖားကန်.သို.၀င်လာသော တရုတ်နိုင်ငံမှမြေသယ်ကားများ၊မြေကော်ကားများကိုသွင်းခဲ.သလား ၊ကျောက်စိမ်းများကိုအခွန်မကောက်ပဲလွှတ်ပေးခဲ.သလား ၊ထိုအတွက် ဆယ်သက်စားမကုန်အောင်ရခဲ.သလား ။ထိုအမှုမျိုးမှာတရုတ်ပြည်မှာဆိုလျှင်တော.သေဒဏ်ဖြစ်ပါသည် ။ မြန်မာပြည်မှာတော.ကိစ္စမရှိပါ ။ သက်သက်သာသာအလုပ်မှအငြိမ်းစားယူကာ ဖူးခက်တို. ၊ ပတ္တယားကမ်းခြေတို.မှာသွားရောက်အပန်းဖြေခရီးပင်ထွက်၍ရပါသည် ။ ထိုအချက်သည် နိုင်ငံတော်၏စေတနာဖြစ်ပါသည် ။

   ယခုအခါ ရာထူးမှဆင်းလုနီးနီး သမ္မတကြီးဦးသိန်းစိန်ကို ကြည်ညိုလေးစားသောလူငယ် ၁၈၅၃ ဦးက သမ္မတအိမ်တော်တွင် လာရောက်နှုတ်ဆက်ဂါရ၀ပြုသည်ဟုသတင်းများကြားရ ၊ဓါတ်ပုံများတွေ.ရပါသည် ။ သမ္မတဦးသိန်းစိန်၏ကရုဏာမေတ္တာနှင်.စေတနာအကျိုးကိုခံစားခဲ.ရသော ခရိုနီကြီး ၊ခရိုနီလေး ၊ အရာရှိကြီး ၊အရာရှိလေး နှင်.တပ်မတော်မိသားစုမှ ပေါက်ဖွားလာသော လူငယ်များလာမည်ထင်သည် ။

သေချာသည်ကတော.လက်ပန်းတောင်ဒေသမှလူငယ်များလာမည်မထင်ပါ ။ လက်ပန်းတောင်းတောင်တွင်မီးလောင်ဗုံးဆက်ကပ်ခံရသောသံဃာတော်များလာမည်မထင်ပါ ။သာယာဝတီထောင်တွင် ကျခံနေရသောကျောင်းသားလူငယ်များ၏သူငယ်ချင်းမိတ်ဆွေ ၊မိသားစုများလာမည်မထင်ပါ ။ ကျူးကျော်ရပ်ကွက်များဟု ဘူဒိုဇာနှင်.ထိုးခံရသဖြင်.အိမ်မဲ.ယာမဲ.ဖြစ်သွားသူများလာမည်မထင်ပါ ။ စစ်ဘေးရှောင်ဒုက္ခသည်စခန်းမှ လူငယ်များလာမည်မထင်ပါ ။ မြေမြှုပ်မိုင်းဒဏ်ကြောင်. ဒုက္ခိတဖြစ်သွားသူများလာမည်မထင်ပါ ။လက်ပါတ်နီစွမ်းအားရှင်များရိုက်နှက်မှုကိုခံခဲ.ရသောကျောင်းသားနှင်.စက်မှုဇုန်အလုပ်သမားများလာမည်မထင်ပါ ။ ထောင်ချခံရသော Unity ဂျာနယ်မှသတင်းထောက်နှင်.အယ်ဒီတာများ၏ သားသမီးများလာမည်မထင်ပါ ။  ကိုပါကြီး ၊ဒေါ်ခင်ခင်ဝင်း ၊ ကချင်ဆရာမလေးနှစ်ယောက် ၏မိသားစုများလာမည်မထင်ပါ ။

ပေါက္ခရ၀ဿမိုးရွာသလို သမ္မတကြီး၏ကရုဏာမိုးကိုကွက်ကျားအရွာခံရသူများနှင်.သူတို.၏အသိုင်းအ၀ိုင်းပဲလာမည်ထင်ပါသည် ။ ဘယ်လိုပဲဖြစ်ဖြစ် ခိုးမှုကိုကျူးလွန်ပါလျက် ပန်းနှင်.ပေါက်သလောက်ပဲပြစ်ဒဏ်ခံခဲ.ကြရသည်. ၀န်ထမ်းအသိုင်းအ၀ိုင်းအချို.ကတော.သမ္မတကြီးဆင်းသွားတာကို အမှန်တကယ်ပင်ဝမ်းနည်းကြလိမ်.မည်ဖြစ်သည်။

သရ၀ဏ်(ပြည်)

သီရိလင်္ကာ ကာတွန်း

ညီအစ်ကိုတေးသွား

ညီအစ်ကိုတေးသွား
။။။။။။။။။။။။။။။။။။။။။။။။။။။။။

တစ်ပင်တည်းမှာ တစ်ကိုင်းတည်းထိုးထွက်နေတဲ့သစ်ကိုင်းကြီး
ငါ မဖြစ်ချင်ဘူး
သစ်ကိုင်းလို ညီညာပြီး
သစ်ပင်လို အုံ့ဆိုင်းချင်တယ်။

ငါတို့ တွေးကြည့်ရအောင်
ငါတို့ အသေအချာတွေးကြည့်ရအောင်
ငါတို့ စီးဆင်းခဲ့တဲ့ခရီးအစ
ငါတို့ဘဝရဲ့သန္ဓေ
တစ်နေရာတည်းနော်
အမေ့ဝမ်းမှာ ပျော်ဖို့မကောင်းဘူးလား
ငါတို့ တစ်ယောက်ကိုတစ်ယောက် ပွေ့ဖက်ကြဖို့မကောင်းဘူးလား
ပြီးတော့ အံ့သြဖို့ရော မကောင်းဘူးလား။

အသွေးတူအမွေးတူတဲ့ ယုန်ကလေးတွေလို
အသွေးတူအမွေးတူတဲ့ ခွေးပေါက်စလေးတွေလို
ငါတို့ တစ်ပြုံတစ်မကြီး ပြန်ငယ်ကြည့်ရအောင်
တစ်ယောက်ကိုတစ်ယောက် ကျော်ခွလို့
တစ်ယောက်ကိုတစ်ယောက် တိုးဝှေ့လို့
အမေ့နို့ကို လုစို့နေကြမလား
နာနာနဲ့ခွင့်ပြုပေးထားတဲ့ အမေ့နို့နှစ်လုံးကို
ငါတို့ အာရုံပြုရအောင်
အမေ့ရဲ့ဖြူစင်တဲ့နို့စက်တွေ
ငါတို့ကိုယ်မှာ စိုနေတုန်း။

"ဒီကမ္ဘာမှာ စစ်မဖြစ်ရာမြေ
တစ်နေရာ ရှိရမယ်လေ"လို့ဆိုရင်
အဲဒါ ငါတို့အိမ်လေးပဲ
ထီးနန်းလုကြတဲ့ မင်းညီမင်းသားတွေလို
ငါတို့ တစ်ယောက်ကိုတစ်ယောက် မကောက်ကျစ်ကြဘူး
တစ်ယောက်ကိုတစ်ယောက် မသတ်ဖြတ်ကြဘူး
ငါတို့အိမ်ဝင်းလေးဟာ ငြိမ်းချမ်းရာမြေ
ငါတို့ချစ်ခြင်းတရားတွေ တသွင်သွင်စီးခဲ့တယ်။

မိုးရေတွေပက်တော့
ငါတို့ တစ်ယောက်နဲ့တစ်ယောက် နီးကပ်ခဲ့တယ်
လောကဓံကျိုးပေါက်ပြီး
အိမ်အောက်မှာ စီးဝင်လာတဲ့ရေကို အတူခပ်ထုတ်ခဲ့တယ်
မိုးရွာရင်လည်း မိုးရေချိုးတာပေါ့
နေပူရင်လည်း ချွေးတွေထွက်တာပေါ့
ဘာအရေးလဲ။

ဆောင်းတွင်းရောက်ရင်
အုန်းကြွက်မြီးပေါ်က မီးတောက်ကလေးတွေကို
ငါတို့ လိုက်ဖမ်းကြတယ်
ကျောတွေ ချမ်းသလောက်
ရင်ဘတ်တွေ နွေးခဲ့ဖူးတာပေါ့
တစ်ယောက်အပူကို တစ်ယောက်လှုံရင်း
ငါတို့ လူလားမြောက်ခဲ့ကြ။

အမှည့်ရွမ်းဆုံးသရက်သီးကို
တစ်ကိုက်စီ ကိုက်ရတာကလည်း အရသာပဲ
အရာရာ တစ်ကိုက်စီ တစ်ဖဲ့စီ
တစ်ကိုက်စီ ကိုက်ပြီး ငါတို့ ဝမ်းဖြည့်/ပြည့်ခဲ့ကြတယ်။

ငါ အစ်ကိုကြီး
မင်းတို့ထက် ဟင်းပိုမစားခဲ့ဘူး
ငါ အစ်ကိုကြီး
မလောက်ငတဲ့စောင်ကို လုမခြုံခဲ့ဘူး
တစ်ခုပါပဲကွာ ငါ စာတွေပိုကျက်ခဲ့တယ်
တစ်ခုပါပဲကွာ ငါ ပညာပိုတတ်ခဲ့တယ်
ကမ္ဘာကြီးနဲ့ နီးသွားတော့
မိသားစုနဲ့ ဝေးခဲ့တယ်။

အစ်ကိုကြီးရဲ့အင်္ကျီအကျကို
အစ်ကိုလတ်က ပြန်ဝတ်တယ်
အစ်ကိုလတ်ရဲ့အင်္ကျီအကျကို
ညီငယ်လေးက ပြန်ဝတ်တယ်
တစ်ယောက် ကိုယ်သင်းရနံ့ဟာ
တစ်ယောက်ကိုယ်ထဲကို စီးဝင်သွားတယ်
နှလုံးသားရဲ့အနက်ရှိုင်းဆုံးဗဟိုချက်အထိ စီးဝင်သွားတဲ့ရနံ့
အဲဒါ ညီအစ်ကိုရနံ့ပေါ့။

လောက်စာလုံးလှိမ့်တဲ့အခါ
"ခေါင်"ကို မှန်စေချင်တာပဲ
အပြေးပြိုင်တဲ့အခါ ထိပ်ဆုံးက ပန်းဝင်စေချင်တာပဲ
ဒီအမေက မွေး၊ ဒီအဖေက ကျွေးတဲ့ငါတို့တွေ
အရေးမကြီးလည်း သွေးနီးတာပဲ
"ဟေ့ရောင် ငါ့အမေကို မထိနဲ့"
ဒါ ငါတို့ရဲ့ ကြွေးကြော်သံ။

အမေက ပြောတယ်
"မင်းညီတွေက မင်းစကားဆို နားထောင်တယ်"တဲ့
"အစ်ကို"ဆိုတဲ့ ကြီးဂုဏ်ကို မစော်ကားတတ်တဲ့ငါ့ညီလေးတွေ
ငါ ဂုဏ်ယူရတယ်။

ညီအစ်ကိုတွေဆိုတော့ ဘာသိဘာသာပဲ
တစ်ယောက်အသားကို တစ်ယောက်ပွတ်သပ်ပြီး
တစ်ယောက်ပါးကိုတော့ တစ်ယောက်မနမ်းကြဘူးပေါ့
လဲကျတဲ့အခါ ပွေ့ဖက်လိုက်ဖို့
နာကျင်တဲ့အခါ ဖေးမလိုက်ဖို့
နားကိုတော့ စွင့်ထားပြီးသား
ဖင်ကို ပုတ်လိုက်မယ်
ကျောကို ရိုက်လိုက်မယ်
လက်မောင်းကို တစ်ချက်ထိုးလိုက်မယ် ပြီးပြီ။

သတိရတယ်ဆိုလည်း အဝေးက တစ်ချက်ကြည့်လိုက်ရုံ
မိုးတွေရွာတုန်း လျှပ်စီးလက်လိုက်သလို
တစ်ယောက်ယောက်ရဲ့အရိပ်အယောင်ကို
ဖျတ်ခနဲမြင်ယောင်ပြီး ဖြေရတယ်
အော်ခေါ်နေမှမဟုတ်ဘူး
ဖုန်း တဒူဒူဆက်နေမှမဟုတ်ဘူး
သတင်းအစအနလေးတစ်ခုကလည်း အလွမ်းကိုငြိမ်းစေတယ်။

တစ်မိုးတည်း တစ်အိုးတည်း တစ်ဇွန်းတည်း တစ်ပန်းကန်တည်း
ကြီးသူကို ဦးချ၊ ငယ်သူကို ဝေမျှလို့
ဒါဟာ ငါတို့ယဉ်ကျေးမှု
ဦးသူစားစတမ်း ငါတို့အဘိဓာန်မှာမရှိ
ငါတို့လောဘဟာ ရောင့်ရဲမှုနဲ့ချိုမြတယ်။

အဖေပြန်လာရင် ဟင်းကောင်းစားရတယ်
အမေပြန်လာရင် မုန့်ပဲသွားရည်စာတွေ ပါတတ်တယ်
ပြောင်းဖူးဖုတ်လေးတွေ မီးဖိုထဲမှာ တဖောက်ဖောက်
ပဲမြစ်ပြုတ်ရနံ့တွေ မီးဖိုခန်းထဲမှာ တသင်းသင်း
ဒီလိုပေါ့
လသာညတွေမှာ အလ္လာပသလ္လာပတွေ တသောသော
တစ်ယောက်ယောက်ရဲ့ ငယ်ကျိုးငယ်နာတွေ ပြန်ပြောကြတယ်
ငါတို့မသိတတ်သေးခင်က
ငါတို့ရဲ့ ခမ်းနားတဲ့အတ္ထုပ္ပတ္တိကြီးတွေပေါ့
"ဖိနပ်"ကျကျန်ခဲ့တာကို "တစ်မတ်"ကျကျန်ခဲ့တယ်ဆိုလို့
လူကြီးတွေမှာ ရှာလိုက်ရတာဆိုတဲ့အကြောင်း။

လူတွေက တစ်လုံးတစ်ခဲကြီးတွေ
၁၉တောင်ဝတ် မင်းယောက်ျားကြီးတွေ
အမေ့မှာ ငါတို့ကို ကြည့်ရင်း အားရ
အရသာရှိတဲ့ထမင်းလုတ်ကြီးကို မျိုချလိုက်ရသလို အားရ
ပီတိတွေတောင် လည်ချောင်းထဲနင်သွား
ငါတို့ ကျောင်းသွားတဲ့အခါ
ငါတို့ ကျောပြင်မှာ အမေ့မျက်လုံးကြီးတွေ ကျွတ်ပါလာတယ်။

မွေးကင်းစမှာ နို့ခွဲခဲ့သလို
အရွယ်ရောက်တော့ အသိုက်ခွဲခဲ့ပြီ
ပြည်ဝင်အိုးကြီး ကျုံ့သွား
လှေကားထစ်မှာ ဖိနပ်တွေ နည်းသွား
အဖေနဲ့အမေရဲ့မျက်ဝန်းတွေ မှုန်သီသွား
ထမင်းပွဲမှာ ဟင်းခွက်တွေစုံလင်သလောက်
ဇွန်းတိုက်သံတွေ မကြားရတော့။

ငါတို့ငယ်ငယ်က စိုက်ခဲ့တဲ့အုန်းပင်တွေ အိုတော့မှ
အဖေနဲ့အမေကို မော့ကြည့်မိ
သီးအားမကောင်းတော့တဲ့အုန်းပင်ကြီးတွေလို
ကောင်းကင်ကြီးထဲ ထိုးထိုးထောင်ထောင်
ရှည်လျားသေးမြှောင်တဲ့လည်ပင်းတွေ
လေအနွဲ့မှာ တုန်တုန်ယင်ယင်
အုန်းပင်ကြီးတွေ မောပန်းနေပါပြီ။

မြေပုံတစ်ချပ်ကို ချခင်း
ငါတို့အိမ်ဝင်းလေးရဲ့အဝေး
ငါက အနောက်မြောက်အရပ်မှာ
ညီလတ်က အရှေ့ဘက်အရပ်မှာ
အသီးသီးထွက်ခွာ
မြေပုံလေးပေါ်မှာတော့
ခေါက်တုံ့ခေါက်ပြန် လျှောက်မိပါတယ်လေ
လက်တွေ့ဘဝမှာသာ
တစ်နှစ်တစ်ခေါက် ရောက်ဖို့ခက်နေတာ။

အဝေးဆုံးခရီးရဲ့အစပြုရာ
အနီးဆုံး စ.မှတ်ဆီ
တစ်နှစ်တစ်ခေါက် အရောက်ပြန်ကြမယ်
မင်းတို့လည်း မင်းတို့လက်ရှိဘဝကို ပစ်ချ
ငါကလည်း ငါ့လက်ရှိဘဝကို ပစ်ချ
ငါတို့ ကစားခိုနားခဲ့ရာ
ငါတို့ ကျောချခဲ့ရာ
ငါတို့မိဘရဲ့ရင်ခွင်ဆီ
အရောက်ပြန်ကြမယ်။

ငါတို့အရပ်တွေထက် အများကြီးရှည်ထွက်နေတဲ့
ငါတို့နဲ့သက်တူရွယ်တူ အုန်းပင်တွေကို မော့ကြည့်ရင်း
လောကအမိုက်အမှောင် ပူလောင်မှုတွေကို
ခဏမေ့ထားမယ်
အုန်းလက်ရိပ်တွေအောက်က
ငါတို့ အပူအပင်ကင်းဝေးခဲ့ကြရာ
ငါတို့မိဘရဲ့မေတ္တာအရိပ်ဆီ
အရောက်ပြန်ကြမယ်။

သီးအားကောင်းနေတဲ့ ငါတို့ညီအစ်ကိုတွေ
ဆုံနိုင်ခွင့်ဒုလ္လဘကို အရယူရအောင်
ပြီးတော့
ငါတို့မိဘနှစ်ပါးကို
လက်ဆယ်ဖြာမိုး ရှိခိုးဦးခိုက်ကြပါစို့။      ။

ရင်ရိုး
14-3-2017