စကားမပြောတဲ့ကြယ်
------------------------------------------------------------
မနော်ဟရီ
တိတ်ဆိတ်သွားလိုက်တာ .. သစ်ရွက်တွေတောင်
စကားစမြည် မဆိုကြတော့ဘူး .. ရေစီးသံသဲ့သဲ့လေးကိုလွမ်း ..
ညနေခင်းနေဝင်ချိန်တွေကိုလွမ်း ..တစ်စက်စက်ကျနေတဲ့ သဲနာရီလေးကိုလွမ်းနဲ့ .
အလွမ်းတွေနဲ့ အသက်မဲ့ ကျန်ရစ်ခဲ့ ….
စိတ်ရဲ့ နာကျင်ကိုက်ခဲမှုတွေကို ပြန်ဆန်းစစ်ကြည့်လိုက်တော့
ကြယ်သွားလမ်းကြောင်းလေးတစ်ခု ထင်းထင်း ရင်းရင်း ပြက်ပြက် ထင်ထင်
အမှောင်ရှိမှ မြင်ရမယ့် လမ်းကြောင်းတစ်ခုနဲ့ တိတ်ဆိတ်နေမှ ကြားရမယ့်အသံ
လောကဓံကိုက ဆူဆူညံညံ အသံတွေနဲ့ …
မမြင်နိုင်ခဲ့ကြတဲ့ ငွေရောင်ကြိုးကလေး ပြတ်ထွက်သွားတဲ့အချိန်
မလိမ်မိုးမလိမ်မာ မျက်ရည်စက်တွေ တလက်လက်ထ
စကားမပြောတတ်တဲ့ ကြယ်ကလေးမှာ ရှိုက်သံတွေလည်း ဆွံ့အ
ဆို့နင့်နေတဲ့စုတ်ချက်တွေက ဗလာအရောင်တွေနဲ့ ..
ပိတ်ထားလိုက်မိတဲ့ စိတ်က ဘယ်လိုမှ ပြန်ဖွင့်လို့မရတော့ဘူး ..
ရိပ်ကနဲလက်သွားတဲ့ အပြုံးတစ်စက်ဟာ ဘယ်ကော်ဖီခွက်မှာမှလည်း မချိုမြနိုင်တော့
သတိရတိုင်း ပြန်ပြန်လှည့်လာတဲ့ “သံသရာ” ဆိုတဲ့ အကြွေးစာရင်းက
ကြည့်လိုက်တိုင်း ..သီချင်းလေး တအေးအေးနဲ့ .. ..
အသံမရှိတော့တဲ့ မှတ်စုတွေက နာကြားရ နည်းနည်း ခက်တယ်
လျို့ ဝှက်သင်္ကေတမပါ .. စကားဝှက်မပါ .. ပဉ္စလက်မပါတဲ့ တိမ်ဖြူလေး
သွေးအေးစပြုနေတဲ့သက္ကရာဇ်တွေကို ဘယ်တော့မှ ပြောပြတော့မယ် မထင်ဘူး..
မထူးဇာတ်ဆိုတဲ့ ရေတိမ်တွေကို အယုံအကြည် ကင်းကင်းလာခဲ့ …
မိုးလေဝသ ခန့်မှန်းချက်တွေ ကြိုသိနေလည်း အပိုပါပဲ
ထွက်ပြေးလွတ်မြောက်စရာ ဒီသံသရာကလွဲပြီး
တခြားပျော်မွေ့ဖွယ်ရာလမ်းလည်း မမြင်လေတော့ ..
လမ်းဟောင်းလေးအတိုင်း ထော့နင်းထော့နင်း လျှောက်ပြန်လာခဲ့မိ …
လူတချို့ အလွယ်တကူ အန်ထုတ်လိုက်တဲ့ စကားသံတွေနဲ့တင်
ရင်ဘတ်တစ်ခုလုံး မီးလောင်ပြင်တွေ ပွထ …
မစ္ဆိယခြေရာတွေဗရပွနဲ့ .. ကြယ်ကလေး ဆွံ့အ တိတ်ဆိတ်သွားခဲ့တော့တာ .. ….
မနော်ဟရီ
10th May’ 2012 – 24th Feb’ 2013
( ၁၀.၅.၂၀၁၂ ဘုန်းနေသွန်း ရဲ့ ကဗျာကနေ ရတဲ့ စကားမပြောတဲ့ကြယ် ဆိုတဲ့ inspiration ကနေ ဒီကဗျာကိုရပါတယ်)
No comments:
Post a Comment