အိမ်ဈေးဆိုင်
။။။။။။။။။။။။။။။။။။
ရင်ရိုး
နှစ်ရာတန်အစုတ်ကလေးကိုလည်း လာခွင့်ပြုတယ်
၅ဝတန်အနွမ်းကလေးကိုလည်း လာခွင့်ပြုတယ်
ဆန် နို့ဆီဗူး လေးလုံး၊ ဆီ တစ်ဆယ်သား
ခရမ်ချဉ်သီး အဝက်သား
လိုချင်တာရမယ်ဒေါ်လေး။
ဘဝက ဆန်တစ်ပြည်ကို ခွင့်မပြုဘူး
ဘဝက ဆီတစ်ပိသာာကို ခွင့်မပြုဘူး
ညနေ ညနေ
ချွေးနံ့သင်းနေတဲ့ငွေအကြွေလေးတွေ တန်းစီလို့
အလုပ်သိမ်းပြီးခဲ့တာတောင် အမောမပြေသေးတဲ့မျက်နှာတွေ
အိမ်ဈေးဆိုင်ကလေးရှေ့မှာ ထိုးစိုက်နေတယ်။
အလုပ်ရှင်က အိမ်ပေါ်တက်ယူရမှာပျင်းလို့တဲ့
နောက်တစ်နေ့မှ ပေါင်းယူပါဆိုတဲ့ နေ့စားခ
အိမ်ဈေးဆိုင်ကလေး အကြွေးကျခဲ့ပြီ။
မီးက ခုမှ မွှေးရမှာ
နေက ဝင်တော့မယ်
နောက်တစ်နေ့ရှင်သန်ရမယ့်ညစာကလည်း အာဟာရမပြည့်
တကယ်တော့
အိမ်ဈေးဆိုင်ကလေးကိုယ်တိုင်ကလည်း အာဟာရမပြည့်ပါ။
ချင်းပိန်၊ ခရမ်းချဉ်သီးအကွဲ၊ အာလူးအနွမ်း
စားအုန်းဆီ ညစ်နောက်နောက်၊ အာပြဲခြောက်အမျှင်ဖွာ
ဆန်အောက်တန်းစား၊
ခပ်ယိုင်ယိုင် အိမ်ဈေးဆိုင်ကလေး
အချိန်တန်ရင် ဘဝတူတွေကို မျှော်လို့
နေ့ပြန်တိုးနဲ့ ခရီးဆက်နေတယ်။ ။
ရင်ရိုး
13/10/2015
ခေတ်ရနံ့ မဂ္ဂဇင်း၊ ဖေဖော်ဝါရီလ၊ ၂၀၁၆ခုနှစ်၊
http://tamupoetsgroup.blogspot.com/2016/02/blog-post_2.html
No comments:
Post a Comment