Mar 12, 2017

ထွန်းကိုကဗျာများစုစည်းမှု

ထွန်းကိုကဗျာများစုစည်းမှု( ၃၇ )ပုဒ်
=======================
ဗာဒံ
_________=
သူ စိမ်းလန်းပုံ
သူ ရဲရဲ​တောက်​ပုံ
သူ ​ကြွေကျသွားပုံ
ကိုယ့်​မှာ ​ကြွေရတယ်
ထွန်းကို
.
****************************************
ပြန်ကွေ့လာသော အချစ်
---------------------------
သံချေးတက်နေပြီ
အနံ့ထွက်နေပြီ
ခေါက်ရိုးကျိုးနေတဲ့ အလွမ်းတွေက
အသံမထွက်တတ်တော့ဘူး
တဖက်ကို ကျောခိုင်းလိုက်တာဟာ
တဖက်ကို မျက်နှာမူလိုက်တာပဲ
တောင်ပံတွေ ပေါက်လာလည်း
ပျော်နိုင်ပါ့မလား
ငြိမ်သက်တိတ်ဆိတ်တယ်
အလုံပိတ်ထားတယ်
နင် မျှဝေလည်း
ငါ မရတော့ဘူး အချစ်။
ထွန်းကို
************************************
ဇာတ်သိမ်းခန်း
---------------
လူတွေက
လူတွေ မဟုတ်သလိုပဲ
ကြက်ကလေး ငှက်ကလေးကမှ ခက်ဦးမယ်
သေချင်ပြီထင်တယ်
အဖြေက ဓားဖျားမှာ ရှိတယ်
နောက်ဆုံးမှာ
အနိုင်ရရှိသွားတာက အမှန်တရားလား
မည်သို့ လုပ်လိုက်သည် မသိ။
ထွန်းကို
****************************************
ကျောက်ဂူ
-----------
ငါတို့
ဆေးခြယ်ကြမယ်လေ
တချိန်ချိန်မှာ
ငါတို့ကို သိမယ်ဆိုလည်း
တကယ်မသိပါဘူး
ထွန်းကို
***********************************
ကိုယ်ရေးကဗျာ
--------------------
အချစ်ရယ်၊ ဂီတရယ်၊ အရက်ရယ်။
ဓမ္မရယ်၊ ကဗျာရယ်၊ ဘ၀ရယ်။
မောင်ဟာ လူဆိုးပါ အချစ်ရယ်။
ထွန်းကို
****************************************
စစ်ပြေး
--------
ငြိမ်းချမ်းရေးဟာ
စစ်တိုက်ရတာထက် ခက်ခဲကြောင်း
စစ်ပွဲတွေက အာဂုံဆောင်ထားတယ်
လက်နက်ရှိသူက
လက်နက်ကို ယုံကြည်တယ်
အမှားအယွင်းတွေက
ရှည်လျားတဲ့ပဋိပက္ခတွေကို ကဗျည်းထိုးတယ်
သင်တို့ကြောင့်
ငါတို့မြေဟာ
အစွန်းအထင်းတွေ များခဲ့တယ်
သင့်တို့ကြောင့်
ငါတို့အသိုက်အမြုံတွေ
ပျက်စီးကြေမွခဲ့ရတယ်
သင်တို့ကြားပါစေ
သင်တို့ရဲ့ အတ္တကျည်ဆံတွေက
ငါတို့ဘဝတွေကို ထုပ်ချင်းခပ်ခဲ့ပါပြီ။
ထွန်းကို
2013
****************************************
မိဘပြည်သူများသို့
---------------------
အားလုံးဗမာတွေချည်း မဖြစ်နိုင်သလို
အားလုံးဗုဒ္ဓဘာသာချည်း မဖြစ်နိုင်ဘူးဆိုတာ
အားလုံးစစ်သားတွေချည်း မဖြစ်နိုင်သလိုပေါ့
အားလုံးတော်လှန်ရေးသမားလည်း မဖြစ်နိုင်ပါဘူးဆိုတာ
အမည်အမျိုးမျိုး အလံအမျိုးမျိုးပြောင်းနေတဲ့ ငါတို့နိုင်ငံမှာ
ရဲတွေက ဓားပြတိုက်ခဲ့တာ
တရားရေးဝန်ထမ်းတွေက မတရားခဲ့တာ
ဝန်ထမ်းတွေက ဝန်ဆောင်ခတွေတောင်းခဲ့တာ
တထောင့်တညပုံပြင်တွေထက် တထောင့်တညမက ရှည်လျားထွေပြားခဲ့တာ
အမှားတွေကို ငုံ့ကြည့်ခဲ့ကြရတယ်
ဘုရားလည်း မကယ်နိုင်ခဲ့ဘူး
အရူးတွေရဲ့ ကမ္ဘာတခုလို
မှောင်သောညတွေ ပြီးရင် ရောင်နီလာမယ့်နေ့သစ်
လင်းလင်းလာတဲ့နေ့သစ်မှာ အဖြူအမည်း သည်းကွဲလာပြီလား
မြူတွေဆိုင်းနေတုန်းလား
အမုန်းတရားဟာ အလင်းရောင်အောက်မှာ ပိုထင်ရှားလာတယ်
ငါတို့မှာ ပြေးစရာမြေမရှိဘူး
ငါတို့ မေတ္တာတရားက ငါတို့လက်နက်ပဲ
ငါတို့ ခုခံကာကွယ်ကြပါစို့။
ထွန်းကို
****************************************
ပြန်စာ
-------
ရောက်လာတာက တစ်ထောင်နီးပါး
ရွေးတာက ဆယ်ပုဒ်
ဒါလည်း တစ်ပုဒ်မှ မကောင်းဘူး
အဲဒီ ဟာသလို
မြင်တဲ့လူက မြင်တယ်
ဟိုအရေး ဒီအရေး
အားလုံးဟာ တုန်လှုပ်နေတယ်
ပြာကျရင် ပြီးသွားမှာလား
ထွန်းကို
****************************************
ညဉ်းချင်း
-----------
ငါ့အနာ ငါ့ဒဏ်ရာ
ငါ့အဆင်မပြေမှု ငါ့ဒုက္ခ
ငါနဲ့ငါတွေကြား ငါနေရာမရ
ငါ့ဇာတ်မှာ ငါနာနေပြီ။
ထွန်းကို
****************************************
ဒီဇင်ဘာ
------------
ငါတို့မြို့ပေါ်ကနှင်းတွေလည်း
အေးစက်စက်ပဲ
အရင်နေ့တွေလိုပဲ
သစ်ရွက်တွေပေါ်မှာ
အိမ်တံစက်မြိတ်မှာ
အာငွေ့နွေးနွေး
ရေနွေးပူပူ
ခြေဖျားလက်ဖျားမှာ
ထုံကျင်နေတဲ့ အသိစိတ်
မြူများ
မီးခိုးများ
နံနက်ခင်းကို အသက်သွင်းလို့
မီးဖိုကလေးပေါ်
ငါ့အိပ်မက်ကို
ပစ်တင်ထားလိုက်တယ်။
ထွန်းကို
အတူတူလမ်းမှ-
****************************************
ခေါ်သံ
--------
ကဗျာ ကဗျာ ကဗျာ
ကဗျာ ဘယ်ရောက်နေလဲ
တစ်မြို့လုံးအနှံ့ လိုက်ရှာတယ်
ဘယ်မှာမှ မတွေ့
တစိုးတစိ အသံလေးမျှ မကြား
ူသူငယ်​ချင်း​တွေဆီမှာလည်း မရှိ
အိမ်ပြန်ရောက်တဲ့အထိ လည်ပြန် တကြည့်ကြည့်
တံခါးကိုဆွဲဖွင့်ပြီး မီးခလုတ်ကို ဖွင့်လိုက်တော့
ဖျတ်ခနဲ
ကဗျာ။
ထွန်းကို
****************************************
နံရံဆေးရေးပန်းချီ
------------------
လမ်းကို ဖြတ်ကူးလိုက်သလို
နောက်ပြန်ကြီး လမ်းလျှောက်နေသလို
တစ်နေ့ပြီး တစ်နေ့
တစ်ရွက်ပြီး တစ်ရွက်
ခြေရာလက်ရာတွေသာ စွန်းခဲ့
ဆေးရောင်တွေ မှိန်မှိန်လာ
အက်ကြောင်းတွေ ထပ်ထပ်လာ
ရွှေပျောက်သလိုလို
အပ်ပျောက်ရှာရသလိုလို
တစ်ယောက်ဘ၀ကို တစ်ယောက်က ပွတ်တိုက်လို့
တစ်ယောက်ရဲ့မီးကို တစ်ယောက်က ငြှိမ်းလို့
သံပူပေါ်ကျလာတဲ့ ရေစက်ကလေးတွေ
ရှဲကနဲ ပျောက်ပျောက်သွားသလို
အိပ်မက်ထဲပြေးရသလို
ဓာတ်ပြားဟောင်းကြီးလို
တမြေ့မြေ့ တငွေ့ငွေ့ တရွေ့ရွေ့
ကြာပြီဆိုတော့လည်း
အမှန်ပဲ ခြစ်၊ အမှန်ပဲ ချစ်ကြတာပေါ့။
ထွန်းကို
****************************************
စိတ္တဇနာမ်
-----------
အမှောင်ထဲ ထိုးဟောင်နေတဲ့ ခွေးတစ်ကောင်လို
လေထဲက အသံတွေကို စုပ်ယူလို့
မြင်လွယ်တာ ပြောရရင်
ကျောပူတယ်
ရင်ပူတယ်
အစာဟာ အဆိပ်ဖြစ်ပြီးတဲ့နောက်
မြင်မြင်သမျှ ပျက်ကျလို့
ငါ့ရှေ့က ဖြတ်မလျှောက်နဲ့
ဘာပဲဖြစ်ဖြစ်
ရယ်ရတာ မြတ်ပါတယ်။
ထွန်းကို
****************************************
ဆွတ်ပျံ့ဖွယ်ဆောင်း
----------------------
နံနက်ခင်းဟာ
နှင်းစက်တွေနဲ့ တုန်ရီလို့
သတိရခြင်းကို
အာငွေ့နွေးနွေးလေး ပေးထားတယ်
ပေးထားတဲ့ အနွေးထည်လေးမှာ
အများနဲ့မသက်ဆိုင်တဲ့ စာတန်းလေးတစ်ခု
နေထွက်ရင်ပျောက်သွားမယ့်
မြူခိုးတွေမှ မဟုတ်တာ
ရင်ချင်းအပ်မထားလည်း နွေးနေတယ်
****************************************
“အချစ်”
တို့နှစ်ယောက်
စာလုံးပေါင်းမလွဲခဲ့သလို
အသံထွက်လည်း မှန်ခဲ့တယ်။
ထွန်းကို
****************************************
ထောင်ချောက်
---------------
လည်နေရတယ်
လိမ့်နေရတယ်
တစ်ခုခု တွေ့နိုးနိုး
တစ်ခုခု ရနိုးနိုး
ငါဟာ အော်မကြားခေါ်မကြား
ငါဟာ မကြောက်မရွံ့
ငါ့အရိပ် ငါဖမ်းလိုက်တိုင်း
ငါ့ခန္ဓာကိုယ်ကြီးပဲ
ပြန်ပြန်မိပေါ့။
ထွန်းကို
****************************************
တစ်​​နေ့တာ
__________
မနက်​အ​စောကြီးထ
ပထမဦးဆုံး​တွေ့တဲ့​ကောင်​ကို
မင်းဘာ​ကောင်​လည်း သုံးခါ​မေး
တံ​တွေးနဲ့​ထွေး
ပါးရိုက်
သင်​ကံ​ကောင်းလိမ့်​မည်​။
ထွန်းကို
****************************************
အနမ်း
••••••••••
ပြန်မလာသူကို
မမျှော်တော့ပါဘူး
ထိုသို့သော သိပ်သည်းဆမှာ
သူရောကျွန်တော်ပါ ဖျားခဲ့ကြ
ဆွေးစိတ်နဲ့
အဲဒီ အငွေ့အသက်ကလေးကို ဆွတ်ဆွတ်ထားမိ
ခဏပါပဲလို့
အဲဒီအဖြစ်အပျက်က ပြောပါတယ်
ကျွန်တော် မငိုတော့ပါဘူး
ထွန်းကို
****************************************
အပြင်မှာ နှင်းတွေကျနေတယ်
--------------------------------
တံခါးတွေ ပိတ်တယ်
မီးတွေ မှိတ်တယ်
ကိုယ့်အနွေးဓာတ်ကလေးကို
ခြုံစောင်ထဲ ထည့်သိပ်လိုက်တယ်
ူသူ့ကို သတိရနေတဲ့
စိတ်ကလေးနဲ့ ကျွန်တော်
အိပ်ပြီ။
ထွန်းကို
****************************************
မျက်​နှာချင်းဆိုင်
------------------
ငါ့ကို
လိမ္မာယဉ်​​ကျေးလာ​စေတဲ့အ​ကြောင်း
စဉ်းစားမိတယ်
နေကို ကြာပစ်​​နေတဲ့
နေကြာခင်းကြီး ​ဘေးမှာ။
ထွန်းကို
****************************************
မီးပန်း
-------
မသေဆေးပဲ
ဆောင်ထားသလိုလို
ဆားနဲ့ပက်တယ်
နေလှန်းတယ်
အမြုပ်တွေ လျှံကျလာတယ်
မီးက မငြိမ်းဘူး
အသားထဲက ထွက်လာတဲ့လောက်ဟာ
အသားထဲ ပြန်ရောက်သွားတယ်
ငရဲက လာခဲ့သူလား
ဆုတောင်းများ ပြာကျသွားပေါ့။
ထွန်းကို
****************************************
ငါ ​နေလို့မ​ကောင်းဘူး
------------------------
ငါ​မျှော်​လင့်​ထားသလိုပါပဲ
အရာရာဟာ ငါ​မျှော်​လင့်​ထားသလို
ဖြစ်​မလာခဲ့ဘူး
ငါ မသိတာ​တွေရယ်
ငါ ​သေ​သေချာချာ မသိတာ​တွေရယ်
ငါ့ ခပ်​ဝါးဝါးသံသယ​တွေရယ်
သန့်​ရှင်းလွန်းခြင်းဟာ
ကိုယ့်​ဇာတိရုပ်​ကို ​ပျောက်​သွား​စေနိုင်​သလား
သင်​​ရော ​နေ​လို့​ကောင်းရဲ့လား
ခုမှ လူနဲ့နာမည်​ တွဲမိ​တော့တယ်​။
ထွန်းကို
****************************************
ပို့စကတ်​ ကဗျာ ၃၂
---------------------
နင်​​ကျောခိုင်းသွား​တော့
နောက်​​ကျောမှာ
ကျောနံပါတ်​လည်းမပါဘူး။
ကိုယ်​ပဲလိုက်​တပ်​​ပေးခဲ့ပါတယ်
ကျောနံပါတ်​က
၃၄ ။ . . . . . .။
ဝင်းမြင့်
****************************************
အချစ်
-----
ထားခဲ့ပါ
ဒီတစ်ဘဝစာ
နင်ထွက်ပြေးသွားတဲ့
သံသရာအဆုံးအထိ
ငါ လိုက်လာခဲ့မှာပါ
ထွန်းကို
****************************************
အချစ်
------
ထူးဆန်းတယ်
သူ ချစ်​ပုံကလည်း ဆန်းကျယ်​တယ်
ကိုယ်​တို့အသက်​​တွေ ငယ်​သွားကြသလိုပဲ
ထွန်းကို
**********************************
စွန့်စားခန်း
--------------------------------------------
တောင်တက်တယ်ဆိုတာ
ကမ္ဘာ့အပြင်ဘက်ထွက်တယ်ဆိုတာ
ပြန်ဆင်းလာနိုင်မှ အောင်မြင်တာ
အလိုနည်းနည်းလျှော့
နည်းနည်းထပ်လျှော့
ထပ်လျှော့
လျှော့။
ထွန်းကို
********************************************************************
တနေ့ခင်းလုံး ခေါင်းစဉ်မရှိ
-------------------------------------
ကြည်နေတဲ့ရေ နှောက်လိုက်သလို
ရှင်းနေတာတွေ ရှုပ်လို့
တံလျပ်တွေ
လေပူတွေ
ဝါးပင်တွေ ယိမ်းထိုးလို့
အရာရာ ကူးစက်လို့။
ရှင်ပြီးမှ
မသေချင်လို့ ဖြစ်မလား
ပြတင်းပေါက်ဟာ အသက်ဝင်လို့။
အရာရာဟာ လောင်ကျွမ်းလို့
အဲဒီစိတ်မို့ ခက်ရပြန်တယ်။
ထွန်းကို
********************************************************************
။ ။ လူဖြစ်ရတာ ပျော်စရာ
----------------------------
မွန်းကျပ်မှုတွေကို တောက်ထုတ်ပစ်လိုက်တယ်
တပ်မက်မှုက နယ်ကျယ်လွန်းတော့
အပေါ်မှာ ကိုယ်ဖော့ထားလည်း
အောက်မှာ ပိပြားနေတာ
ငါ့အသိ ငါ့အမှတ်အသားနဲ့
တစုံလုံးဖြုတ်ချလိုက်တော့
လွပ်လပ်သွားတာ
ပေါ့ပါးသွားတာ
ယုံကြည်ရာမှာ
တကယ်ယုံကြည်သလားပဲ မေးဖို့ လိုမယ်
အခု ငါ
ပျော်ရွင်နေကြောင်း
အဝေးကပင် မြင်နိုင်တယ် ။
ထွန်းကို
********************************************************************
ပေးစာ
-----------------
စာအုပ်အဟောင်းလေးကို ပြန်ထုတ်ကြည့်မိတော့
မှိုနံ့တွေ စွဲလို့
စာရွက်တစ်ရွက်ကို တစ်စစီဆွဲဆုတ်ပစ်လိုက်သလို
ကွဲကွာခဲ့ကြတဲ့ ငါတို့သူငယ်ချင်းများ
လမ်းတိုင်းမှာ လမ်းညွှန်က မရှိတော့
စားကျက်မြေက ရှာတွေ့ကြရဲ့လား
ပေးထားတဲ့လိပ်စာမှာ ငါလည်း မရှိတော့ဘူး
မြို့ကြီးတမြို့စာ ငါတို့အိပ်မက်တွေ
ဆင်ခြေဖုံးတွေနဲ့ ဝန်းရံထားတယ်ဆိုတဲ့အကြောင်း
တကယ်တော့ လက်တွေ့ဘဝကို ရခဲ့ကြပြီ မဟုတ်လား
ဥပမာ-
ပြန်ဆုံကြပြီဆိုပါတော့
ငါတို့ပြောဖြစ်မယ်
ငါတို့
မငယ်ကြတော့ဘူး။
ထွန်းကို
********************************************************************
နံနက်ခင်း
------------------------
ပွင့်လာတဲ့စိတ်မှာ
ချိတ်ဆက်လာတဲ့ ခန္ဓာဝန်
ယန္တရားလို လည်နေပြီ
ထိခတ်သမျှ တုန်ခါ
စေစားရာ တရွတ်တိုက်
မီးခိုးတွေ အူပြီ
ရှိရင် လည်မယ်
ဝဠ်က မြဲတယ်
မြဲသော သင်္ခါရတရားသည် မရှိ
နာမိတဲ့တရားနဲ့ မျက်နှာသစ်လိုက်ပါတယ်
မင်္ဂလာရှိသော နံနက်ခင်းတခု။
ထွန်းကို
********************************************************************
ပျော်ရွှင်စရာတခု
-----------------------------------
ဒီနေ့လို မနေ့ကလို မနက်ဖြန်လို
ဒီနေ့လို မနေ့ကလို မနက်ဖြန်လိုပေါ့
အချိန်ဟာ
မျဉ်းကြောင်းတစ်ခုလို အစဉ်ဖြတ်သန်း
ဘာတွေ ဖြစ်ခဲ့တယ်
ဘာတွေ ဖြစ်နေတယ်
ဘာတွေ ဖြစ်ဦးမယ်
ရှေ့စိတ်ကလေးကို နောက်စိတ်ကလေးနဲ့
လိုက်ကြည့်
အဆက်မပြတ်
တည့်တည့် ။
ထွန်းကို
********************************************************************
အိမ်ပြေး
----------------------
တနေကုန်လို့
တနေစောင်းတော့
ငါ့အရိပ်က ငါ့အလျားထက် ရှည်သွားခဲ့ပြီ ။
သောင်ပြင်ပေါ် ရေးခြစ်မိတဲ့ အိမ်ကလေးဘေးမှာ
အထီးကျန်မှုက တိမ်တောက်တောက်တွေ ဖြစ်သွားပြီ
အိမ်ပြန်ချင်စိတ်က ငှက်တအုပ်ဖြစ်သွားတယ်။
ရွက်ဖွင့်ထားတဲ့လှေကလေး
လေကို စုန်ပြီး မြစ်ကို ဆန်တက်လို့
နောင်တတွေနဲ့ အနားသပ်ထားတဲ့ အလွမ်းစိတ်
မိသားစုကို အနံ့ခံမိပြီ။
ထွန်းကို
********************************************************************
ပုံရိပ်များ
-----------------------
အရာရာက
ပုံမှန်လည်ပတ်နေဆဲ ။
အရူး မီးဝိုင်းခံရသလို
ဆောက်တည်ရာမရ ပျာယာခတ်လို့ ။
သင်္ခါရတရားက စားတယ်
ရေပေါ် အရုပ်ရေးသလို ပျော်ရွှင်မှုများ
လေမှာပျော်တဲ့ လေတ့ခွန်လို ။
လိုက်လေ ဝေးလေ ပြေးလေ
မီးနီတွေကို အတင်းဖြတ်မောင်းဆဲ ။
ပုဒ်မ မချနိုင်သေးတဲ့ဖြစ်စဉ်တွေထဲ
အစကတော့ အရွယ်တူတွေပဲ
အဆုံးမှာတော့ အရွယ်စုံ လူစုံ ။
ထွန်းကို
********************************************************************
နှစ်များ
-------------------------
ဓာတ်တိုင်ပေါ်က မီးသီကလေးလည်း ကျွမ်းလို့
နွယ်ပင်တွေတောင် တက်နေပြီ
အဲဒီအောက်က အုတ်ခုံကလေးပေါ်
မထိုင်ဖြစ်တာတောင် နှစ်တွေ ကြာပေါ့ ။
ထွန်းကို
********************************************************************
သစ်ပင်
--------------------------
စိမ်းလန်းသော သစ်ပင်တပင်
အဲဒီသစ်ပင်ပေါ်မှာ ငှက်ကလေးတကောင်
အဲဒီငှက်ကလေးရဲ့တေးသီသံ
အဲဒီတေးသီသံကို နားစွင့်နေတဲ့ လူတစ်ယောက်
အဲဒီလူတယောက်ရဲ့ပျော်ရွှင်မှု
အဲဒီပျော်ရွှင်မှုထဲမှာ ကမ္ဘာကြီးတစ်ခု
အဲဒီကမ္ဘာကြီးပေါ်မှာ စိမ်းလန်းသော သစ်ပင်တွေ ။
ထွန်းကို
********************************************************************
မပြောချင်တဲ့အကြောင်း
---------------------------
ထိုင်နေရမလိုလို
ထပြေးရမလိုလို
အဲဒီလောက် လွယ်မယ်မှန်းမသိ
အဲဒီလောက် ခက်မယ်မှန်းမသိ
အခုပဲ ရောက်တော့မလိုလို
အခုပဲ ရတော့မလိုလို
ပြီးတော့လည်း ပြီးသွားတာပါပဲ
ဲအဲဒီအမှားပဲ ထပ်မှားတာပါပဲ
ကိုယ့်ဒေါသနဲက ကိုယ်
ရယ်ရမလိုလို
ငိုရမလိုလို ။
ထွန်းကို
********************************************************************
ကျောက်ဆောင်ဆိပ်
--------------------------------
ကျောင်းပိတ်ရက်တွေမှာ
ကျောင်းပုန်းခဲ့တဲ့ရက်တွေမှာ
အဲဒီမှာ ဒိုင်ဗင်ထိုးချကြ
အဲဒီမှာ သေးကော့ပန်းခဲ့ကြ
တောင်တွေက ဘာမှ မမြင်သလိုပါပဲ
မြစ်ကြီးက ဘာမှမသိသလိုပါပဲ
အဲဒီမှာ သိုက်ဆရာတွေကို
လှေပေါ်တင်ပြီး ဖြတ်ကူးကြ
စည်းတွေတားကြ ၊အမိန့်တွေ ပြန်ကြ
တောင်တွေ ပြိုကြလာတယ်
မြစ်ရေတွေ မည်းညစ်လာတယ်
တစ်ဖက်မှာ ကျိန်စာသင့်လို့
တစ်ဖက်မှာ ကျိန်စာတိုက်လို့
အဲဒီမှာ ကြေးနီရောင်ပေါက်နေတဲ့လူတစ်ယောက်
နေညိုချိန်ကို ငေးရင်း ဆွေးလို့ ။
ထွန်းကို

No comments:

Post a Comment