အက်ဆေး (၂၁)
_____________
ဂျက်ကီချန်းပါလား_ သားဦး
---------------------------------
အဲသည့်နေ့က အုံ့မှိုင်းတဲ့မိုးသားနဲ့ မှုန်နေတဲ့ ဥတုရာသီမှာ အရာရာလေးလံအိတွဲကျနေသလို ရှဥ့်မတက်အညွန့်လေးတွေကအစ ထိုင်းမှိုင်းလေးလံနေတယ်လို့ ထင်ရပါတယ်
ကျွန်တော်ရောက်သွားတော့ သူငယ်ချင်းအိမ်ဟာ တိတ်ဆိတ်ညိမ်သက်နေသလို ဖွင့်ထားတဲ့ ဆင်ဝင်တံခါးကနေ သူ့ကိုတိုက်ရိုက်မြင်တွေ့နေရတယ်၊ ဧည့်ခန်းဆိုဖာပေါ်မှာ တည်တည်မတ်မတ်ထိုင်လို့ သူ့ရှေ့မှာတော့ တီဗွီဖန်သားပြင်ဟာ ဖွင့်လျှက်အနေအထား သူ့လက်ထဲမှာလည်းစီဒီဓာတ်ပြားတစ်ချပ်ကိုကိုင်လို့ပေါ့
`ဘာခွေလဲကွ´
` ဂျက်ကီချန်း လေ´
သူက ဆက်တီတစ်လုံးဆီမေးဆက်ပြပြီး အောက်စက်ထဲ အခွေကိုထိုးထည့်ရင်း မဆိုင်းမတွပဲ ပြန်ဖြေတယ်၊ အပြင်မှာ ရာသီဥတုကတော့ အုန့်ဆိုင်းမှိုင်းဝေလျှက်၊ တစ်ချက်တစ်ချက် မိုးနံ့ပါလာတဲ့လေထုကလည်း အိမ်ကလေးထဲ ရှပ်ထိုးတိုးဝင်လို့ ၊ ဂျက်ကီချန်းတဲ့ ၊ ကျွန်တော်စိတ်ဝင်စားသွားတယ် ဟုတ်တယ် ငယ်ငယ်ကတည်းကမလွတ်တမ်းကြည့်ခဲ့မိတဲ့ အက်ရှင်မင်းသားမဟုတ်လား
` အခုမှ စကြည့်မလို့ လား ´
` အေး ဟုတ်တယ် ဒီနေ့မှအသစ်ရောက်တာတဲ့ မင်းလည်းကြည့်သွားလေ´
` အင်း ´
အခုတော့ တီဗွီဖန်သားပြင်ပေါ်မှာ ပုံရိပ်တွေ တဖြည်းဖြည်းထင်ဟပ်စပြုလာပါပြီ၊ ဟိုဟိုဒီဒီ ရွေ့လျှားနေတဲ့ သဏ္ဌန်များ၊ ဟစ်အော် ဆူညံနေသော မြင်ကွင်းများ ၊ ပုံရိပ်တွေဟာ အပြင်ကရာသီဥတုအတိုင်း ထိုင်းထိုင်းမှိုင်းမှိုင်းကြီးဖြစ်နေတယ်လို့ ထင်မိတယ်၊ ကားများရွေ့လျှားပုံ၊ လူအများလမ်းလျှောက်ပုံ၊ ညိမ်သက် တိတ်ဆိတ်နေတဲ့ တိုက်တာအဆောက်အဦးတွေကအစ လေးလေးပင်ပင်ကြီး ရပ်တန့်နေသလိုဖြစ်နေတယ်
ဒီလိုနဲ့ ဇာတ်ကားရဲ့တစ်ဝက်ကျော်လာတယ်၊ ကျွန်တော်တို့နှစ်ယောက်လည်း တစ်ယောက်ကိုတစ်ယောက် ဘာစကားမှမဆိုမိကြ တီဗွီဖန်သားပြင်ကိုသာမလွတ်တမ်း စိုက်ကြည့်နေခဲ့မိကြတယ်၊ ဒီလိုနဲ့ ဇာတ်ကားရဲ့သုံးပုံ နှစ်ပုံ၊ အပြင်မှာ မိုးစက်ကလေးတွေစကျလာသံကို သွပ်ပြားကတဆင့် ကြားရတယ် ၊ ရာသီကတော့ လေးလံထိုင်းမှိုင်းနေတုန်းပါပဲ
အခုတော့ ဇာတ်ကားလည်းပြီးပြီ၊ သူငယ်ချင်းက အောက်စက်ထဲကအခွေကို ထုတ်ယူပြီး ဟိုဒီ လှည့်ပတ်ကြည့်နေတယ်၊ စီဒီပြားရဲ့မျက်နှာစာမှာတော့ ပြုံးနေတဲ့ဂျက်ကီချန်းမျက်နှာဟာ အထင်းသား
` ဒါနဲ့ ဂျက်ကီချန်းကို တွေ့လိုက်သလား ´
ကျွန်တော့်ရဲ့ ရုတ်တရက်အမေးကြောင့်ထင်ပါရဲ့ သူ့ခန္ဓာကိုယ်ဆတ်ကနဲ တုန်ခါသွားတာတွေ့ရတယ် ၊ ပြီးမှ အပြင်ကရာသီဥတုလို လေးတိလေးကန်နဲ့
` ဟင့်အင်း မင်းရော ´ တဲ့
` မတွေ့လိုက်ဘူးကွ ၊ ငါများမျက်စိလျှမ်းသလားလို့ မင်းကိုမေးကြည့်တာ ´
` ဟင့်အင်း ငါလည်းမတွေ့လိုက်ပါဘူးကွာ ´
သူငယ်ချင်းက အခွေကိုစိုက်ကြည့်ရင်း လေးလေးကန်ကန်ဆက်ပြောတယ်
` ပါချင်လည်းပါမှာပေါ့ကွာ ငါတို့မတွေ့လိုက်တာလည်း ဖြစ်ချင်ဖြစ်မှာပေါ့ ´
ဒီအချိန်မှာပဲ အိမ်ထဲကို လူတစ်ယောက် အမောတကောနဲ့ပြေးဝင်လာတာ တွေ့ရတယ် ၊ တကယ့်ကို လူစိမ်းတစ်ယောက်ပါပဲ၊နောက် ကျွန်တော်တို့ကိုကြည့်ပြီး တစ်ယောက်ယောက်ကို တိုင်တည်သလိုလိုနဲ့ သူ့ဟာသူစကားဆိုနေတယ်
` ဟိုဘက်လမ်းမှာ မိုးတွေတအားသည်းတာပဲ ´ တဲ့
ဧည့်သည်က သူ့ခေါင်းပေါ်ကရေစက်တွေကို ခါချရင်း ကျွန်တော်တို့နှစ်ယောက်ကို စိတ်မဝင်စားသလိုနဲ့ ကြည့်တယ်၊ ကျွန်တော် ကျွန်တော့်သူငယ်ချင်းနဲ့ သူ့လက်ထဲမှာ ကိုင်ထားဆဲဖြစ်တဲ့ ဂျက်ကီချန်း၊ ဂျက်ကီချန်းခွေကိုမြင်တော့ ဧည့်သည်ရဲ့မျက်ဝန်းတွေ ရွှန်းရွှန်းတောက်လာတာကိုတွေ့ရ ၊ နောက်မှ ကျွန်တော်တို့ဘက်လှည့်ပြီး
` ဘာခွေကြီးလဲ ´ တဲ့
`ဂျက်ကီချန်းလေ ဒီနေ့မှရောက်တာ´
ဧည့်သည်ရဲ့အမေးကိုစိတ်ဝင်စားဟန်နဲ့ ကျွန်တော့်သူငယ်ချင်းက အားတက်သရောပြန်ဖြေလိုက်တယ်
` ကြည့်ပြီးကြပြီလား´
`အင်း ကြည့်ပြီးပြီ ၊ ဒါပေမယ့် ခင်ဗျားကြည့်ချင်ရင်တော့ ထပ်ကြည့်လေ အပြင်မှာလည်းမိုးတွေရွာနေသေးတာပဲ´
ဒီလိုနဲ့ ကျွန်တော်တို့ ဂျက်ကီချန်းခွေကို နောက်တစ်ကြိမ် ထပ်ကြည့်မိကြတယ်၊ ကျွန်တော်ရယ် ၊ ကျွန်တော့်သူငယ်ချင်းရယ် ကိုရွှေဧည့်သည်ရယ်
တကယ့်ကို အံ့သြစရာပါပဲ၊ ဟုတ်ပါတယ် ကျွန်တော်တို့နှစ်ယောက်အတွက် ဇာတ်ကားကဘာမှမထူးခြားပေမယ့် ကိုရွှေဧည့်သည်အတွက်တော့ အတော့်ကို ထူးထူးဆန်းဆန်းဖြစ်နေသလိုပါပဲ၊ ဟုတ်ပါတယ် သူ့တစ်ကိုယ်လုံးသိမ့်သိမ့်ခါအောင် လှုပ်ရမ်းရယ်မောလို့ ၊ တခါတရံ ခြေဖျောက်လက်ဖျောက်တွေ တီးလို့ ၊ တခါတရံမှာဆို ကျွန်တော်နဲ့ ကျွန်တော့်သူငယ်ချင်းပုခုံးကိုတောင် အားမလိုအားမရဖြစ်သလိုနဲ့ လှမ်းလှမ်းပုပ်လို့၊ ဘယ့်နှယ်ပါလိမ့် ၊ ဇာတ်ကားက ကျွန်တော်တို့နှစ်ယောက်အတွက်တော့ ဘာမှထူးခြားမှုမရှိပါဘူး၊ စောစောကအတိုင်းပါပဲ
ဒီလိုနဲ့ ဇာတ်ကားလည်းပြီးပြီ၊ အပြင်မှာလည်း မိုးစဲသွားပြီ၊ ကိုယ်ရွှေဧည့်သည်လည်း မောသွားသလိုနဲ့ ရေတစ်ခွက်တောင်းသောက်တာတွေ့ရတယ် နောက်ပြီး ပြတင်းပေါက်ကနေတဆင့် အပြင်ဘက်ရာသီဥတုကို စေ့ငုရင်း
` အင်း မိုးတောင်စဲသွားပြီပဲ ကိုယ်လည်း ပြန်လိုက်ပါဦးမယ်´ တဲ့
ပြောရင်း ပြတင်းတံခါးဆီ တရွေ့ရွေ့ထွက်သွားတဲ့ ကိုရွှေဧည့်သည်၊ ကျွန်တော့်သူငယ်ချင်းကတော့ အောက်စက်ထဲက ခွေကိုထုတ်ရင်း တစ်ခုခုကိုနားမလည်နိုင်သလိုနဲ့ကြည့်နေတယ်၊ ခွေကာဗာပေါ်မှာ ဂျက်ကီချန်းကတော့ပြုံးလို့
ကျွန်တော့်စိတ်တွေလည်း တလှပ်လှပ်လှုပ်ခုန်နေသလိုပါပဲ၊ နောက်ပြီး အံ့သြစိတ်နဲ့ ပြတင်းပေါက်နားမှာထိုင်ပြီးဖိနပ်စီးနေတဲ့ ဧည့်သည်ကို မရဲတရဲလှမ်းမေးကြည့်မိတယ်
` ဒါနဲ့ နောင်ကြီး ဟို ဟိုလေ ´
ဧည့်သည်က ဘာများလဲဆိုတဲ့ အမူအယာနဲ့ ကျွန်တော့်ကိုခေါင်းဆတ်ပြတယ်၊ ပြီးမှ သူ့ဖိနပ်သိုင်းကြိုးကို ဆက်စီးလို့
`ဟိုလေ ဇာတ်ကားထဲမှာ ဂျက်ကီချန်းရောပါလားဗျ´
ကျွန်တော့်စကားဆုံးတော့ ဧည့်သည်ရဲ့ခေါင်း ဆတ်ကနဲမတ်သွားတယ်၊ နောက်ပြီး ကျွန်တော့်ကိုတစ်လှည့် ကျွန်တော့်သူငယ်ချင်းကိုတစ်လှည့် မယုံသင်္ကာမျက်လုံးတွေနဲ့ ဝေခွဲမရသလိုကြည့်လို့၊ ပြီးမှ ခတ်ဆတ်ဆတ်လေသံနဲ့ စိတ်မရှည်နိုင်တော့သလို ပြန်ဖြေတယ်
` ပါတယ်လေကွာ တစ်ကားလုံးပြေးလွှားနေတာ ဂျက်ကီချန်းမဟုတ်လို့ ဘယ်သူဖြစ်ရမှာလဲ´
ပြောရင်း လမ်းမဆီ တစ်ဟုန်ထိုးပြေးထွက်သွားတယ် ၊ မိုးခိုငှက်တစ်ကောင်လိုပါပဲ၊ အပြင်မှာ မိုးကလည်းတိတ်စပြုပြီ မဟုတ်လား
အခုတော့ အခန်းထဲမှာ ကျွန်တော်တို့နှစ်ယောက်ထဲ၊ တွေဝေညိမ်သက်လို့ ၊ ခန္ဓာက ချွေးစိမ့်ထွက်လာသံ ကြားရလောက်အောင်အထိလည်း တိတ်ဆိတ်လို့ ၊ သူငယ်ချင်းလက်ထဲက အခွေကိုပဲ မျက်ဝန်းပေါက်ကျသွားမတတ် စိုက်ကြည့်နေမိကြတယ်
` ဘာခွေကြီးလဲ´
ရုတ်တရက်ကြားလိုက်ရတဲ့ အသံကြောင့် ကျွန်တော်တို့နှစ်ယောက်သား အသံလာရာဆီ ပြိုင်တူငဲ့ကြည့်မိလိုက်ကြတယ်၊ ဟုတ်တယ် ကျွန်တော်တို့အနားမှာ ဘယ်အချိန်ကတည်းတိုင် ရောက်နေမှန်းမသိလိုက်ရတဲ့ ဆရာဝန့်သား၊ ဒီကောင်က ကျွန်တော်တို့နဲ့ကျောင်းနေဘက်ဆိုပါတော့ ဒါပေမယ့် ကျောင်းမှာတုန်းကတော့ ဟက်ဟက်ပက်ပက်မပေါင်းမိခဲ့ကြပါဘူး၊ ခုမှ ဘယ်ကဘယ်လိုရောက်လာတယ်မသိရ
` ဟေ့ကောင်တွေ ဘာခွေကြီးလဲဟ´
အခန်းရဲ့တိတ်ဆိတ်မှုကို ဆရာဝန့်သားက ထပ်မံဖောက်ခွဲလိုက်ခါမှပဲ ကျွန်တော်တို့လည်း သတိပြန်ဝင်လာတော့တယ်၊ နောက်မှ ကျွန်တော့်သူငယ်ချင်းက စိတ်ပျက်အားငယ်နေတဲ့ လေသံနဲ့ ပြန်ဖြေတယ်
` ဂျက်ကီချန်း ကားပါကွာ´
` ဘာ ဂျက်ကီချန်းကား ဟုတ်လား´
ဆရာဝန့်သားက အလွန်အမင်း စိတ်ဝင်စားသွားဟန်နဲ့ ကျွန်တော်တို့နားတိုးကပ်လာရင်း ခွေကိုစူးစိုက်ကြည့်နေတယ် ပြီးမှ
` မင်းတို့ ကြည့်ပြီးပြီလား´ တဲ့
` အင်း ´
ကျွန်တော်တို့နှစ်ယောက် ပြိုင်တူခေါင်းညိမ့်ပြလိုက်တော့ သူ စိတ်ပျက်သွားတယ်ထင်ပါတယ် ၊ အားမလို အားမရလေသံနဲ့
` ထပ်ကြည့်ရအောင်လေကွာ ငါအရမ်းကြည့်ချင်လို့ပါ´ တဲ့
ကျွန်တော် ကျွန်တော့်သူငယ်ချင်းကိုကြည့်မိတော့ သူကလည်း ကျွန်တော့်ကိုပြန်စိုက်ကြည့်နေတာတွေ့ရတယ် ၊ ဒီလိုနဲ့ပဲ နောက်တစ်ကြိမ် ဂျက်ကီချန်းကားထပ်ကြည့်ဖို့ ကြုံလာပါတော့တယ်
ဟုတ်ပါတယ် တကယ့်ကို အံ့သြစရာပါပဲ၊ ဘာ့ကြောင့်လဲဆိုတော့ ဇာတ်ကားစဖွင့်ပြီး သိပ်မကြာခင်မှာပဲ ဆရာဝန့်သားဟာ တသိမ့်သိမ့်ရှိုက်ငိုနေလို့ပါပဲ၊ ဇာတ်ကားက ကျွန်တော်တို့နှစ်ယောက်အတွက်သာ ဘာမှမထူးခြားတာ သူ့အတွက်တော့ တကယ့်ကို နာကျင်ဝမ်းနည်းနေစေသလိုပါပဲ ၊ တီဗွီဖန်သားပြင်ကို မျက်တောင်မခတ်စတမ်းစိုက်ကြည့်ရင်း မျက်ရည်တွေတွေကျနေတာ၊ တခါတခါ အဝေးကြီးကပြေးလာရသူလို အမောတကော ရှိုက်ကြီးတငင်ဖြစ်နေတာ ၊ ကျွန်တော်တို့နှစ်ယောက်တောင် သူ့ကိုကြည့်ပြီး တကယ့်ကို စိတ်မကောင်းဖြစ်မိကြပါတယ်
ဒီလိုနဲ့ ဇာတ်လမ်းလည်းပြီးပြီ၊ အဝေးမှာလည်း မှောင်စပြုပြီ၊ လမ်းဘေးမီးတိုင်လေးတွေကလည်း တဖြတ်ဖြတ်အားယူရင်း တစ်ညတာအလင်းပေးဖို့ တာဆူနေကြပြီ
ဆရာဝန့်သားက သူ့မျက်ဝန်းတွေကို သူ့လက်နဲ့ပင့်တင်ရင်း ကျွန်တော်တို့နှစ်ယောက် သူ့အနားမှာရှိမနေတဲ့အလား ပြောတယ်
` သိပ်ကောင်းတဲ့ကားပဲကွာ မြို့တစ်မြို့ဆီမုန်တိုင်းဝင်တဲ့အကြောင်းရိုက်ထားတာ´ တဲ့
ကျွန်တော်တို့နှစ်ယောက်မှာ ပါးစပ်အဟောင်းသား၊ ဟုတ်တယ်လေ ကျွန်တော်တို့ကြည့်တာ ဂျက်ကီချန်းကား ၊ မုန်တိုင်းအကြောင်းရိုက်ထားတဲ့ကားမှ မဟုတ်ပဲ၊ ဒါနဲ့ပဲ ဆရာဝန့်သားကို အမောတကောပြန်မေးကြည့်မိတယ်
` ဟို ဟိုလေ ဂျက်ကီချန်းရော ပါလား´
ကျွန်တော်တို့နှစ်ယောက်အမေးကို ဆရာဝန့်သားက အံ့သြသလို နားထောင်နေသေးတယ်၊ ပြီးမှ အရာရာကိုဝေခွဲမရသလိုနဲ့
` ဟင့်အင်း မပါပါဘူး တစ်ကားလုံး မုန်တိုင်းကျပြီး ရေတွေတက်လာတာကိုပဲရိုက်ပြထားတာ ဘယ်လိုလုပ် ဂျက်ကီချန်းပါရမှာလဲ´
ပြောရင်း ပြတင်းပေါက်ကနေ အပြင်ဆီတရွေ့ရွ့ထိုးထွက်သွားတယ်၊ အခုတော့ အမှောင်ထု ကြီးစိုးစအခန်းထဲမှာ ကျွန်တော်နဲ့ ကျွန်တော့်သူငယ်ချင်းနဲ့ နှစ်ယောက်ထဲ ဆွံ့လို့တိတ်လို့
ဒီအချိန်မှာပဲ ဖြတ်ကနဲရောက်လာတဲ့အလင်း ၊ သူငယ်ချင်းတီဗွီဆီက တစ်စုံတစ်ခုကို ထိုးဖောက်ထွက်လာတယ်ထင်ရတဲ့ အသံတစ်သံ၊ ကျွန်တော်တို့မြင်ကွင်းတွေ ပြာဝေပြီး ကျွန်တော်တို့ခန္ဓာကိုယ်တွေဟာ သိမ့်ကနဲ့ ၊ အခုပဲ တီဗွီစက်ခရင်ထဲကို ကျွန်တော်တို့ကိုယ်တိုင် ထိုးဆိုက်ကျသွားသလို အသက်ဝင်လာတဲ့ အရုပ်တွေ အရောင်တွေ အရိပ်တွေ
အင်း ဒီတစ်ခါလည်းဂျက်ကီချန်းရော ပါမှပါဘာလေဦးမလား
မသိ........ ။
သားဦး