May 13, 2017

နွေရာသီ တောလား

အက်​​ဆေး(၂၄)
____________
နွေရာသီ တောလား
=====================
(  သစ္စာနီ )

ဖိုင်တွဲများကိုလှန်လှောရ၊ အချိန်လုကာဘောလုံးပွဲပြေးရ၊ ကလေးကျောင်းကြိုရ၊ ဂြိုလ်ထုသတင်းကြည့်ရ၊ တနင်္ဂနွေနေ့တွင် ကိုယ်အဝတ်ကိုယ်လျှော်ရဖြင့် မအားလပ်နိုင်ရှာသော မြို့နေ လူသတ်တန်းစား ယောက်ျားတစ်ယောက်သည် ရုတ်တရတ်နွေရောက်လာပြီကို သတိမထားမိပဲရှိတတ်၏။ အအေးဆိုင်တွင်ဝင်ထိုင်မိ၍ အမြဲတမ်း (၁၂) ကျပ်ခန့်သာ ပေးသောက်ရသော ပက်စီတစ်ပုလင်းကိုဆိုင်ရှင်က ငွေ(၂၀) တောင်းနေမှပင် အော်... နွေတောင်ရောက်နေပြီကိုဟု သိရလေတော့သည်။

မြန်မာနိုင်ငံတွင် နွေ၏လက္ခာများကာ မီနီမတ်ကတ်များတွင် အနွေးထည်များ ပျောက်ခြင်းမလှ ပျောက်သွားခြင်း၊ ခြင်ကိုက်ပိုခံရခြင်း၊ ပင်လယ်ကမ်းခြေ အပန်းဖြေစခန်းများ အသက်ဝင်လာခြင်း၊ မီးဘေးဒုက္ခကြုံရခြင်း၊ ဖားများတွင်းအောင်းခြင်း၊ သင်္ကြန်ကျခြင်း၊ တစ်ကိုယ်လုံး မိတ်ဖုများပေါက်ခြင်းနှင့် ထီးပျက်လျှင် ပြင်စရာဆိုင် ရှာမရခြင်းတို့ဖြစ်သည်။ နွေရာသီတွင် မြန်မာပြည်သည် အလွန်ပူ၏။ တစ်အိပ်ရာထဲ အိပ်နေသော မိန်းမကိုပင် မေ့ချင်လောက်အောင်ပူသည်ဟု ဆိုသည်။ ကျွန်ုပ်သည် အိမ်ထောင်မရှိသူဖြစ်သဖြင့် ထိုစကား မည်မျှမှန်သည်ကို မခန့်မှန်းတတ်ပါ။ ကြုံတုန်းကြေငြာသည်ဟု မယူဆလိုပါ။

သို့သော်အိမ်ထဲအောင်းနေလျှင်မုန့်ဖုတ်သည့်ဖိုထဲ ရောက်နေသည်ဟုထင်ရပြီး အပြင်ထက်ပြန်လျှင်လည်း အရှင်လတ်လတ် မီးကင်ခံနေရသည်ဟု ခံစားရသည်ကတော့အမှန်ပင်ဖြစ်သည်။တစ်ခုတော့ကောင်းပါသည်။ နွေရာသီတွင်မီးဘေးအတွက်ပူရသောအပူက ရှေတန်းရောက်နေရာ ကျန်နှစ်ရာသီတွင် ကုန်ဈေးနှုန်းအတွက်ပူပန်ခဲ့ရသောအပူကအတော်အတန်လျော့ပါးသွားသည်ဟုထင်ရခြင်းဖြစ်သည်။ သင်အားလပ်၍မြိုပြင်သို့ ထွက်ကြည့်မည်ဆိုလျင် အထူးသဖြင့် မြို့သစ်များ၏အိမ်ရှေ့တိုင်းတွင် ရေများ၊ သဲများကို ကြွပ်ကြွပ်အိပ်များထဲတွင်ထည့်ကာ ချိတ်ဆွဲထားသည်ကိုတွေ့မြင်နိုင်ပါသည်။

သဲဒဏ်၊ ရေဒဏ် ခံနေရခြင်း မဟုတ်ပါ။ နာမည်ကြီးဆရာတော်တစ်ပါး အိမ်မက်ထူးမက်ခြင်းကြောင့် ယတြာချေ ဓာတ်ဆင်ထားခြင်းလည်း မဟုတ်ပါ။ မီးအန္တရယ် ကြိုတင်ကာကွယ်ရေးအတွက် သက်ဆိုင်ရာမှ ညွှန်ကြားချက်အရ မဖြစ်မနေ ပြုလုပ်ထားရသောမီးဘေးအရန်အတား ပစ္စည်းများသာဖြစ်ပါသည်။(မီးလောင်လျှင်မီးသင့်သော အိမ်ကိုမီးငြိမ်းသေအောင် ထိုရေထုပ်၊သဲထုပ်များဖြင့်ဝိုင်းဝန်းကာ ပေါက်ကြရမည်ဟုဆိုပါသည်။

ဟုဆိုပါသည်ဟု ပြောရခြင်းမှာအကြောင်းရှိပါသည်။မီးဆိုသောအသံကြားရလျှင် လူတိုပထမဦးဆုံးသတိရကြသည်မှာ ထိုရေအိတ်၊ သဲအိတ်များမဟုတ်ဘဲ ကိုယ်ဆွဲပြေးရမည့်ကလေးနှင့် အဖိုးပါဝန်းနည်းပစ္စည်းထုပ်များသာ ဖြစ်လေရာ ကိုယ်အိမ်မီးထဲမပါ၍ ပြန်ရောက်ခါမှ အနေအထားမယွန်းပြန်တွေ့ရသောထိုရေအိတ်၊ သဲအိတ်ကိုကြည့်ကာ ''အင်း ... သူတို့တွေလည်း ကံကောင်းလို့ မီးထဲမပါသွားသယ် ....'' ဟုပြုံးကြရသောကြောင့်ဖြစ်သည်။

နွေရာသီဆိုသည်မှာ ထိုကဲသို့သော အနိဌာရုံများနှင့် နိဌိတံသော ကာလဟု မဆိုလိုပါ။ကျွန်ုပ်သည်အဆိုးမြင်ဝါဒတစ်ဦးမဟုတ်ပါ။ နွေတွင်လှပသောလိပ်ပြာများ၊ ဖူးပွင့်နေသော ပန်းရောင်စုံများ၊ ကြည်လင်ပြာစင်သော ကောင်းကင်များသည်လည်း နွေ၏နှစ်သက်ဖွယ်ရာများအဖြစ်ရှိနေတတ်ပါသည်။ကြည့်မြင်တတ်ဖို့သာလိုပါသည်။ ကဗျာဆရာများကမူ နွေသည်အဟောင်းတိုချုပ်ငြိမ်းသောကာလ၊ အသစ်တိုဖြစ်ထွန်းသောကာလဟုသကေတပြုလေ့ရှိပါသည်။ နွေသည်ရွက်ဟောင်းများကြွေ၍ရွက်သစ်များဝေသည်ကို ဆိုလိုချင်ဟန်တူပါသည်။ ထိုအဆိုကို စည်ပင်သာယာတံမြက်စည်းလှည်းသူများကတော့ ထောက်ခံလိုဟန်မရှိပါ။

ဤကဲသို့ပင် နွေကို အသီးသီး ကိုယ်ရှုထောင့်မှကိုယ် မြင်နိုင်ကြပါ၏။ မိုးနှင်းဆောင်းနှစ်ရာသီလုံး အလှမွေးထားရသော သူ့အသားရေကို ညိုးသွားမှာဆိုးသော အပျိုမက နွေကိုမျက်ဆောင်းထိုးပါလိမ်မည်။ ကလေးများကတော့နွေနှင့်အတူပါလာသော ရေခဲခြစ်၏ ခေါင်းလောင်းသံကို နားစွန့်ကာပျော်နေကြပါသည်။ (မိဘများမှာရေခဲခြစ်အဖို့အပြင် ချောင်းဆိုးပျောက်ဆေးရည်ဖိုးပါ အပိုဆောင်ကြရလိမ့်မည်) မုန့်ဟင်းခါးနှင့်လက်ဖက်သုပ်များမှာ အပူဝမ်းလျောရောဂါမဖြစ်စေ နှင့်ဟုကြိတ်ကာ ဆုတောင်းနေကြရပါသည်။

သိမ်းထားရသောရေဘင်မျက်မှန်များကို ဖုန်သုတ်ကာ ထုတ်တပ်ခွင့်ရ၍ ကာလသားတစ်ချို့က နွေကိုကျေးဇူးတင်တတ်ကြသည်။ ငပလီ လေယျာဉ်လက်မှတ်များ ဝယ်ရခက်သည်ဆိုသော ငြီးငွေ့သံက လေအေးစက်တပ်အခန်းကို ဖုံးလွမ်းသွားတတ်သည်။ ခေါင်းရွက်ဗျက်ထိုး ဖရဲသီးသယ်များနှင့် ဘီယာကုန်မ္ပဏီများဈေးကွက် မြင့်သောကာလလည်းဖြစ်သည်။

တစ်နှစ်ပတ်လုံးဆောင်းနှင့်မိုးပါမကျန် နေရောင်ခြည်ကို ဖောဖောသီးသီး အလကား ရနေသော ကျွနုပ်တိုနိုင်ငံတွင် နေရောင်ခြည်ကို တန်ဖိုးထားရကောင်းမှန်းမသိကြသော်လည်း တစ်နှစ်တွင်လပေါင်းများစွာ နှင်းမိုးမြူခိုးတို့နှင့် အုံဆိုင်းမှိုင်းပြနေတတ်သော အနောက်ဘက်ဒေသမ များတွင်မူ နေရောင်ခြည်ကိုပင်လာဘ်ကြီးတစ်ပါး ဟုယူဆကြပါသည်။ နွေဦပေါက်ရာသီသည်အကောင်းဆုံနှင့် ပျော်စရာရာသီဖြစ်ကြပါသည်။ ထို့ကြောင့် ခါတော်မှီမှိုလို ပေါက်နေသော ကျွန်ုပ်တို့၏ ကုမ္ပဏီများသည် နေရောင်ခြည်ကို နိုင်ငံခြားသို့ကုန်တစ်ခုအဖြစ်ဖြင့် တင်ပို့နိုင်ရန် နည်းလမ်းများကို ဦးစားပေးစဉ်းစားသင့်ကြောင်း တိုက်တွန်းချင်ပါသည်။

နွေကာလက်ခံခြင်းသည်ဖြစ်စေ၊ လက်မခံခြင်းသည်ဖြစ်စေ အချိန်တန်လျင်သူသဘာဝအတိုင်း ရောက်ရှိလာမည်သာဖြစ်၏။ သစ်ပင်တွေခုတ်လွန်းလို့၊ အိုဇုန်းလွှာပေါက်ပြဲလို့ တစ်နွေထက်တစ်နွေ တိုးပူလာသည်ဟု ဆိုသူကဆိုသည်။ ရှေ့တွင် ဖန်လုံးအိမ်များ တိုးတက်ဆောက်လုပ်လာကြသဖြင့် အပူရှိန် တိုးမြင့်လာနိုင်သေးသည်ဟု ခန့်မှန်းသူကခန့်မှန်းသည်။ မည်သို့စိုစေ ကျွန်ုပ်တို့၏ ခန္ခကိုယ်မှာ သဘာဝတရားနှင့်လိုက်ရောညီထွေရှိအောင် ပြုပြင်တတ်သော အလိုအလျောက် ဇီဝဓမ္မစွမ်းအင်ရှိနေသည်ဖြစ်ရာ ပူစရာမလိုလှဟု ထင်ပါသည်။ (သတ္တဝါခြင်း၊ မျိုးစက်ပြန့်ပွားခြင်း၊ ကြီးထွားခြင်းအမှုများကို ပြုနိုင်ကြသောသာဓကပင်တွေရှိုကြ၏)။

အခုတော့...

နွေဘယ်လောက်ပူပူ ရေမဆူနိုင်သေးပါ။ အကယ်၍ ရေဆူသည်ဆိုလျင်လည်း ဘာဖြစ်သနည်း။ ကျွန်ုပ်တို့ အလွယ်တကူ လက်ဖက်ခြောက်ခပ်သောက်နိုင်ခြင်းဖြင့် ရှားပါးသော လောင်စာစွမ်းအင်ကိုပင် ခြိုးခြံချွေတာရာ ကျလိမ့်မည် မဟုတ်ပါလား။

သစ္စာနီ

No comments:

Post a Comment