Mar 9, 2017

ဖော်ဝေးကဗျာများစုစည်းမှုစုစည်းမှု

ဖော်ဝေးကဗျာများစုစည်းမှုစုစည်းမ
========================
.
နံနက်ခင်းချောက်ကမ်းပါး
****************************
တံတားကိုဖြတ်ကျော်ခဲ့ပြီးကာမှ
တမ်းတတတ်တဲ့ရင်ဟ
တခွင်လုံးမိုးသားတွေပြည့်လို့။
ညတစ်ခုဆုံးပါးသွားလျင်
စင်ကြယ်လတ်ဆတ်သောနံနက်
မိန်းမအရှက်ထက်ပိုချို
ဖူးငုံစအချစ်လိုလှပ
အလွမ်းထက်ပိုနုပျိုနေမှာပေါ့။
မြစ်များကိုဖြတ်ခဲ့ကြ
တရံရောအခါက အသက်ရှူသံ
ပြင်းထန်မှုကလွဲပြီး မျဉ်းဖြောင့်
ငါ့မြင်ရင်ကြောက်သွားနိုင်တယ်။
အဖြူပိန်းပိန်းနံရံပေါ်
ပွဲတော်ခေါ်သံများစိမ့်ဝင်
ပျော်ရွင်ခြင်း မီးသင့်လောင်
အရောင်သစ်ကိုမြင်ကြရော့
လက်တံမဲ့နာရီသာ
ငါ့ခန္ဓာရဲ့အတိမ်အနက်
ငါ့နှလုံးသားကိုချိန်စက်လို
ငါ့ပျော့ညံ့မှုကိုချစ်တတ်ပေရဲ့။
ဒရွတ်တိုက်ဆွဲသွားရာ
ငါ့တစ်ကိုယ်လုံးအငွေ့တထောင်းထောင်း
ခေါင်းမှခြေဖျားအထိငြင်းဆန်
ယဇ်ကောင်ဟာ ကံကြမ္မာလော။
ခုလိုညမျိုးဆို
လပြည့်ဝန်းကို ဓားနဲ့ပေါက်
သွေးငေါက်တောက်လက်နဲ့ခံယူ
ရိုင်းမူးစွာချစ်သူရဲကအမုန်း
သင့်တစ်ကိုယ်လုံးခြစ်ရှသွားတော့မယ်။
ပျိုရွယ်သောနေရောင်ခြည်
သက်မဲ့ပန်းချီရုပ်များလေးလံ
မွန်းမံခြယ်သခြင်းစွန်းကွက်
ချစ်ဖူးသူတွေ
အချစ်ခံရဖူးသူတေ
ဤမြေကြီးပေါ်၌ ယူကြုံးမရ
ဖုတ်ဖက်ခါ ထသွားကြ
အားမကျလိုက်လေခြင်းကွယ်။ ။
ဖော်ဝေး
*****************************************************************
နှလုံးအိမ်ထဲရေငတ်ခြင်း
==============
.
ငါ့လျှာမှထွန်ကြောင်းအရစ်ရစ်
တစစ်စစ်နာကျင်ဖူးယောင်
အိပ်မက်တွင်ပင် သောင်ထွန်းလာသည့်အဆုံး
မြစ်ရေလုံးလုံးခန်းပြီ။
နှုတ်ခမ်းမွေးထောင်ထောင်
နှာယောင်ကောက်မျက်လုံးပြူးပြူး
ဆူးတောင်နှင့် အသံမှုံဝါးဝါး
ပရစ်များတွားတက်လာတယ်။
သံယောဇဉ်ကြိုးတစ်စ
အမှိုက်တစ်ပုံ
သပွတ်အူတို့ တွေ့ဆုံပေါင်းစည်းသောည
ပါးစပ်လှလှလေး ဖွင့်ဟသောအခါ
ငါ့အတ္တဟာရူးသွပ်ပြေးထွက်လာရဲ့။
လူခြေတိတ်လျှင်
အိပ်ခြင်းကိုအောင်နိုင်သူ
ပြိုကွဲပူလောင်ရာသွေးစများကိုနင်း၍
ကိုယ့်ကျင်းကိုယ်တိုင်တူး
တွင်းနဖူးမှာညစဉ်ရပ်ခဲ့ပေါ့။
မပင့်ဖိတ်သော
အရိပ်ပေါင်းစုံတို့၏ အစည်းအဝေး
ဆွေးနွေးသံများခြိမ်းခြောက်
မျက်လုံးဟောက်ပက် လောက်တဖွားဖွား
အပူတိုင်းကိရိယာများ ကျွမ်းသွားပြီ။
မွတ်သိပ်ခြင်း၏ ဒုတိယအမည်
အက်ကွဲရယ်သံဖြင့်သာ အသက်ရှင်သူ
ငါ့ပုံတူတစ်ခု၏ ဦးခေါင်းကိုဖွင်
ပင့်သက်များအငွေ့ပျံ
ခါတစ်ရံ မိုးရွာစေသတည်း။
.
ဖော်ဝေး
၁၀-၅-၇၅
မိုးဝေ၊ ၁၉၇၈၊ သြဂုတ်။
ဖော်ဝေးငှက်များ ပျံသန်းချိန်စာအုပ်မှ
ပကြိမ်၊ ၂၀၀၄၊ အောက်တိုဘာ။ နှစ်ကာလများ။
***********************************************************
.
အမည်မဲ့နေ့ရက်များ
==============
.
နေအရုဏ်ကား
သံပတ်မကုန်နိုင်သေးချေ။
သမရိုးကျဝါကျ
ပွဲနေပွဲထိုင်မိန့်ခွန်း
ရာသီဖွဲ့ကဗျာ
တနေ့တာလုံးညီးတွားနေတယ်။
ဆေးလိပ်တိုကို
သုံးလေးဖွာရှိုက်
နှပ်ထားလိုက်ဦးမယ်။
ရေညှိတက်သစ်ကိုင်းပေါ်မှာ
စာဝါလေးအဖော်ပျောက်
ဒေါင်းတောက်နေသလားကွယ်။
ကလေးငါးယောက်မေ
ရေခပ်နေတဲ့မိန်း
အလှသားနော်။
လ္ဘက်ရည်ကြွေးတွေကြောင့်
ကဗျာစာအုပ်ကလေးပေါင်ချင်တယ်။
“ရှောလိုက်ပလား”
“တကျပ်လောက်”
ဟိုဘက်ခုံမှာ
သင်္ဘောမှောက်ကုန်ပါပြီ။
ကပ်ရက်စာအုပ်ဆိုင်မှာ
တခါမှမဖတ်ဘူးသေးတဲ့
(ဖတ်လဲမဖတ်နိုင်တဲ့)
မာ့က်စ်ရဲ့အရင်းကျမ်းစာအုပ်
ခေါင်းကုတ်ငုံ့နေရရှာတယ်။
ထိုင်ခုံကြားကဂျပိုးတသိုက်
ကိုက်လိုက်တာလဲလွန်ရောလေ။
ဟိုခတ်လှမ်းလှမ်းက
မီးရထားဥသြ
အမောသံစွက်နေရဲ့
နေရပ်ပြန်သူတို့
လမ်းခုလပ်ကျန်သူတို့
နေမင်းရဲ့သက်ပြင်းကိုသောက်
မောနေလောက်ပြီ။
ရွှေယုံနဲ့ရွှေကျာ
သက်ကယ်ရိတ်သွားသတဲ့
ရေဒီယိုစကားသံ
နားထဲပြန်ဝင်လာတယ်။
ရွာကိုပြန်ခဲ့ပါလား
အလကားဒုက္ခခံချင်တယ်
ဂရုဏာရှင်သူငယ်ချင်းမ
မေ့လိုက်ရပြန်ဦးမယ်။
လမ်းမပေါ်မှာ
ဖွာရရာကြဲပြန့်သွား
အစိမ်းစက်များလှုပ်လာတယ်။
ခြေသံရှပ်ရှပ်
ညနေခင်းဖြတ်သွားပြန်
နီကျန်ကျန်ဆည်းဆာရိပ်
လောကတိတ်တဆိတ်လောင်ကျွမ်းနေပေါ့။ ။
ဖော်ဝေး
(သစ်ရွက်အသေများပေါ်က ရက်စက်သောဂီတ)
*******************************************************************
သုံးကြိမ်မြောက် လက်ခမောင်းခတ်ခြင်း
============================
.
အနက်ရောင်တစ်စ
မျက်ခင်းပေါ်ကျလာတယ် ။
ဆည်းဆာဟာ
ညရဲ့ အကျဉ်းသား
ဝပ်တွားသွားရှာပေါ့ ။
အမဲရောင်
အနက်ရောင်
အမှိုင်းရောင်
အမှောင်ရောင်
ကောင်မလေးများ
ငါ့နှလုံးသားအသု
ရယ်သံနဲ့ လိုက်ပို့ကြရဲ့
လှံစွပ်ဖျားမှာ
နားလာတဲ့ ပုစဉ်း
ကိုယ်ချင်းစာမိပါရဲ့
ပြေးမလွတ်ခဲ့ပါ ။
ဇာတ်စင်ပေါ်မှာ
တောင်စွယ်နေကွယ်ရင် သုဿန်ထုတ်
ဓားနဲ့ခုတ်သတ်စေတဲ့
ပရိယာယ်ချို့ငဲ့လိုက်တာ
တစ်ချက်ရိုက်
ခေါင်းငိုက်လိုက်ကြ
နှစ်ချက်ရိုက်
ခေါင်းပြန်မတ်ထူ
အို လူတွေမနည်းပါလား
မြေကျသွားတဲ့ ငါ့သွေးမှာ
မျက်ရည်ဘာကြောင့်ရောသလဲ
ဝမ်းမနည်းချင်ဘူ
ဗျို့ မိတ်ဆွေ
ဘယ်လိုလဲ တဲ့
တမေးထဲမေးနေကြ
ခဏငယ် တစ်ခုမဆုံးခင်
လူလုံးမပြချင်သေးပါ ။
မျက်စိကိုမှိတ်
နားကိုပိတ်ထား
နှလုံးသားမီးတောက်ထဲမှာ
ငါ့အစစ် လမ်းလျှောက်
တက်ခေါက်သံကြားပါစေ ။
လူရွန်းရဲ့ စိတ္တဇဒိုင်ယာရီဟ
ဘာကြောင့်ရင်မှာ ငြိပါလိမ့်
လူမမာရဲ့ အိပ်ကပ်ထဲက
ထမင်းတစ်နပ်စာတောင်
မှောင်လို့
အနူးညံ့ဆုံး
အချစ်ဦးပါးပြင်လဲ
မဲလို့
ဟဲ့ အကန်း
လမ်းကဒီမှာတဲ့
[ ………………… ]
ကျောစပ်သွားပါသည် ။
ဆီကိုရေချိုး
ဆေးရိုးမီးလှုံ
စပါးတွေတောင်လိုပုံ
ဆေးလိပ်ခုံကမိန်းခလေး
ငိုချင်းတေးလဲဆိုပါရဲ့ …
အနှစ် ၆၀၀ ကျော်
ပခုံးပေါ်ထမ်းပိုးလာတဲ့
ရာဇ၀င်အဘိုးအိုက
ဟဟ ကလေး
ရယ်နေတယ်
လက်ဖက်ရည်တစ်ခွက်ရဲ့
ပြား ၅၀ က
အချိန်ကာလ စားပွဲပေါ်မှာ
တယ်ထည်ဝါနေပါပေါ့လား ။
အေးစက်တဲ့
လက်ဖက်ရည်တစ်ခွက်ထဲမှာ
ည လာမင်းမူပြန်ပေါ့ ။
ခရမ်းရောင်
ကောင်မလေးရဲ့ အလှ
လက်ဖက်ရည်ကျကျ တစ်ခွက်ထဲ
ပျော်ဝင်သွားတယ်
မလာနဲ့ကွယ်
တခစ်ခစ်တဲ့
ချစ်စရာရယ်မောသံမှာ
ငါဖျားခဲ့ဖူးတယ်
မျက်ဝန်းနက်မှ
စွဲမက်စရာ
အာရုဏ်ဦး
ငါကြည်နူးခဲ့ဖူးတယ် ။
ချောင်းအစပ်မှာ
ပွင့်ဖတ်များစွာ
မျောပါလာကြ
အိပ်မက်လှလှလေး
ညရဲ့တေးကို သီကျူးနေ ။
ဆေးလိပ်တစ်တိုရဲ
နုပျိုခဲ့အတိတ်မှာ
လွမ်းစရာအိပ်မက်အဖြစ်
ချစ်သူနှုတ်ခမ်းကို နမ်းခဲ့ကြောင်း
ပြောပြနိုင်ကောင်းပါတယ် ။
ရဲရင့်တဲ့အချစ်
ဆုံးရှုံးနစ်နာခြင်းများနေရာ
ရင်မှာကိန်းဝပ်
အို ကျွတ်လွတ်သော နှင်းဆီ
အာရုဏ်မလာမှီပွင့်စမ်းပ ။
အချိန်နတ်ဘုရား
အသွားမြန်လှ
နွေဆယ်ညနဲ့ အိပ်ရာထမျက်နှာ
မကြည်သာလှပေဘူး ။
အံကြိတ်လိုက်ရတဲ
ငါတစ်ယောက်တည်းရဲ့ မိုးချုန်းသံမှာ
ကဗျာမှ ထွက်မလာရင်
အသက်ရှင်ခြင်းတရားကို
ငါသတ်မိလိမ့်မယ်
ပြည်သူ့ကြားမှ ခံစားမှုများ
ပြားပြားဝပ်မှောက်
စာအုပ်စင်အောင်
ရောက်ခဲ့ရ ရှက်တယ် ။
သူ့နူတ်ဖျားမှ
တရားထူထောင်
ကဗျာက လှောင်လိမ့်မယ်
၂၀ ရာစုမျက်လုံးနဲ့
အနန္တသူရိယ ကို မုန်းသူတွေ
ငါ ပြုံးကြည့်နေမိတယ်
စကားထဲထိုင်
သတ္တိပြိုင်ရင်း
ကွင်းဆင်းမှားကြ
အလင်းလာမှ သိတော့မယ် ။
အနာဂတ်ရဲ့
ရာဇ၀င်သုတေသန ဗိမ္မာန်မှာ
သက်သေခံအဖြစ်
နှစ်တွေလတွေ နေရစ်မှာပါ ။

ဖော်ဝေး
*********************************************************
.
ငိုကြွေးနေတဲ့ကဗျာတစ်ပုဒ်
===================
.
ဆွတ်ပျံ့ချိုအေးတဲ့
တေးသံတွေကို
ငါချစ်တယ်။
သမီးလေးရဲ့
ငိုကြွေးသံဟာ
ကဗျာခံစားမှုအလား
နှလုံးသားထက်
နက်ရှိုင်းစွာစူးဝင်
ရင်ခုန်ရပြီ။
ငိုခြင်းနဲ့ရယ်ခြင်းမှာ
အပ်တစ်ဖျားစာပဲ
အပြောင်းအလဲမြန်
နက်ဖြန်ရဲ့အသစ်
ကနေ့အဖြစ်ကို
မြိုဝါးသွားပါလိမ့်မယ်။
ဇန်နဝါရီ
မပီမသမြင်ကွင်း
နှင်းကာလရဲ့
ညအခါမှာ
ကဗျာတစ်ပုဒ်ဖွားမြင်တယ်။
အို့အို့အေးအေး
တိတ်ပါ့ကလေးရယ်
မိခင်ငယ်ရဲ့တေး
ရင်အေးစရာ။
မကြာမီ
ရာသီများစွာ
ထွက်ခွာစုန်ဆန်
နက်ဖြန်ရဲ့လက်တစ်ချောင်း
စုဆောင်းမိမယ်။
ခုနေခါတော့
ငိုကြွေးတဲ့တေးဟာလည်း
သဲလှိုက်စူးနစ်
ချစ်စရာကွယ်။ ။
ဖော်ဝေး
(ပန်းနုရောင်အိပ်မက် ကဗျာစုမှ..)
*********************************************************
ရေလယ်မီးပြ
=============
.
အမှောင်ကြားမှာ
စမ်းတ၀ါးဝါး
သွားနေရရင်
ဘယ်ခရီးတွင်ပါ့မလဲ။
ပင်လယ်ပြင်ဟာ
အရွယ်ဝင်စ
အပျိုမရဲ့ 
နားလည်ရခက်တဲ့ မျက်နှာလို
ခု ငိုမယ်၊ ခု ရယ်မယ်
မှန်းဆဖို့  မလွယ်ပါဘူး။
ညဆိုတာက
မှောင်ကြီးကျပလားဆို
ဘာဆို ဘာမှ
မမြင်ရတာ
ဘယ်ဟာ ကမ်းပါး
ဘယ်နား ကျောက်ဆောင်
သောင်က ဟိုရှေ့ 
အကွေ့  ဒီမှာ
ရှာမရနိုင်။
ဟို…အဝေးဆီက
မီးနီရွှန်းပြက်
တလက်လက်နဲ့
လက်ညှိုးညွှန်တယ်
ရေလယ်“မီးပြ”
ကျေးဇူးတင်စရာ။
မီးပြကိုကြည့်ပြီး
ခရီးထွက်ခွာ
ဘယ်နေရာဆို
ဘယ်လိုအန္တရာယ်
ဘယ်အဆွယ် ဘယ်အကွေ့ 
ဘယ်ရွေ့  ဘယ်မျှ
မှန်းဆလို့ ရပါပြီ။
ဒါပေမယ့်
အနီရောင် တလက်လက်နဲ့
မီးပြများ…ပျက်တဲ့အခါ
အန္တရာယ်ဟာ
မငယ်တော့ပေဘူး။
သဲသောင်ပေါ်မဆိုက
ကျောက်ဆောင်နဲ့ မတိုက်
အမှောင်ထဲက
မီးပြနဲ့ တိုက်တာကြောင့်
သင်္ဘောမှောက်ခဲ့ရတာမျိုးတွေ။ ။
မိုးဝေ၊ ၁၉၇၂၊ မေလ
***********************************************************
မိုးညတစ်ည
__________
ဖော်ဝေး
.
မိုးထဲလေထဲ
ဝမ်နည်းယူကြုံးမရစွာ
မသာမယာခြေလှမ်းများ
အားဖြတ်လျှောက်
သြော့့် ထားခဲ့ရပြန်ပြီ တစ်ယောက်ကို ။
မိုးည
တဝေါဝေါကျဆုံး ဆူညံ
မိုးချုန်းသံနားကွဲအက်
လျှပ်စီးလက်ကြမ်းတမ်း
လေရမ်းကားဖျက်ဆီးမွှေ
အခြေအနေကို မသိကျိုးကျွံပြု
ရင်ထုမနာဖြစ်စရာ
သွားရှာလေသူရဲ့ နောက်ဆုံးခရီး
မြေကြီးခဲတစ်ဆုတ်စီချ
ဝမ်းနည်းခွဲခွာစကားဆိုရတယ် ။
မိုးရွာပြီးစ တစ်ညနေ
တို့တတွေပြန်ဆုံတော့
သူ့မြေပုံ မို့မို့ထိပ်
စာတမ်းတစ်ခုချိတ်ရအောင် ။
'ဖြတ်သန်းသွားလာသူ အဆွေတော်
ခရီးကြမ်းကာလ တလျှောက်
သင်ခန်းစာကောင်းဝေငှ
လက်ဆင့်ကမ်းကြပါ 'လို့ ။
'ရှတသော ရသနေ့များ' ကဗျာစာအုပ်မှ
၁၉၇၃/ မေ
*********************************************************
၇၃ ကိုဖြတ်သန်ခြင်း
_________________
ဖော်ဝေး
.
ချစ်သူရဲ့
ချိုမြိန်တဲ့နှုတ်ခမ်းများ
အနမ်းများ
ကြောက်လှန့်တကြားပြေးကြကုန်ပြီ ။
အနော်ရထာလမ်းမမှ
စိမ်းဝါနီပြာ
ဖိနပ်များ
ခွဲခြားရခက်စွ
ကင်းခြေထောက်ဘုရင်မင်းမြတ်
လမ်းလျှောက်နေတယ် ။
၁၉၄၄
ငါ့မွေးတဲ့နှစ်ကလဲ
ငါ့ခေတ်ကိုမနာလိုကြီးစွာ
သရော်နေရဲ့ ။
ကျောက်ဆောင်တွေကြားက
မြစ်ဖျားသံလွင်
ရင်ခွင်မှေးစက်
အိပ်မက်တွေ
သေးငယ်ကျဉ်းမြောင်း
အကွေ့အကောက်ပေါင်းများစွာ
ဖြတ်သန်းလာရ
မုတ္တမကွေ့က ရှင်းပြလိမ့်မယ်
သော့ခတ်ထားတဲ့
စာတိုက်ပုံးနီနီထဲက စာ
သက်ဆိုင်သူရှိရာသွားလိမ့်မယ် ။
နက်ဖြန်နေထွက်မှ
အခါတစ်ရာပြောပြီ
သစ္စာ ဝါဒီ ဘဝ
လက်မထောင်
အချောင်ခိုမနေရစ်ချင်ဘူး ။
ကောက်ရိုးပုံပေါ်က
ဒိုက်ဗင်ထိုးချ
``ရွှေဘကွ´´အော်တဲ့
ငါ့ကလေးဘဝ ကျန်ခဲ့ပါပြီ ။
ဝင်းမှည့်ချိုမြိန်တဲ့အရသာ
ဘယ်သူ့ထံပို့မယ်
နားလည်စည်းခြားပြီးနောက် ။
သရက်သီးမမှည့်ခင
ချဉ်တဲ့အရသာ
အချိန်ကာလက ဆုံးဖြတ်မယ် ။
စားပွဲပေါ်က
ဖက်လက်စ စာမျက်နှာ
တစ်ပိုင်းတစ်စ ကဗျာ
ရင်ထဲက သန္ဓေသား
ဘယ်နေ့များမှ မွေးပေါ့
လူရွှန်း ဝိညာဉ်ရဲ့ သက်မချသံ
တစ်ခန်းလုံး ညံနေတယ် ။
ငပလီပင်လယ်ပြာ
သဲကဗ္ဗလာဖြူ တလျှောက်
တိမ်တောက်ချိန် ညနေခင်း
မြင်ကွင်းအလှ
တစ်မိနစ်က တစ်မိနစ်
အလှသစ်များ တဖျတ်ဖျတ်
ငါ့ရင်ဆတ်ဆတ်ခုန်ခဲ့ပြီ ။
စံပယ်ဖြူဖြူလေးတွေဟာ
နေ့နေ့ညည
ပွင့်ကြစမြဲ လှစမြဲ
အသဲထဲအထိ မွှေးလာတယ် ။
၁၉၇၃ / နိုဝင်ဘာ
'နေ့စွဲကျော်ဒိုင်ယာရီစာမျက်နှာများ'မှ
***************************************************************
မီးလောင်ပြင်
___________________
ဖော်ဝေး
အလောင်းအမှတ် သုည
တစ်ယောက်ပြာကျသွားပြန်ပြီ
တနင်္ဂနွေများမှ စနေများ
ကိန်းဂဏန်းများ ရှုးသွပ်မှု
မကုသချင်ကြပါနဲ့
ကျောက်တုံးအောက်မှ
ရေအေးအေးတစ်စက်သည်
အသက်ဆီများဝေ့နေရဲ့
လိုက်ခဲ့ကြ...လိုက်ခဲ့ကြ
ဟို...ချောက်ကမ်းပါးအောက်မှာ
အံ့ဖွယ်ပ နတ်တိုင်းပြည်
ဆီဥထောပတ် ပဒေသာတဲ့
ပါးကွက်သားရဲ့ မျက်လုံးပြုံးဖြစ်အောင် ပြုံးပါ။
သင်ဖြူးဖျာတစ်ချပ်
ယပ်တောင်တစ်ခုနဲ
ခုခံကြသူတွေ
နယ်မြေမရှိ
လွင်တီးခေါင်မှာ
လက်သီးလက်မောင်းတန်း
ဒေါသနဲ့ ကန်းနေသူ
ဘယ်သူဘယ်ဝါမခွဲတတ်
ဖက်မနေတော့ပါ
အို...သူလား
ပြုတ်ကျသွားသူ့ဘယ်လက်
ညာလက်နှင့်ကိုင်ကာ
မြိန်ရေယှက်ရေ လှိုက်စား
ရှုးသွပ်သွားပြီပ
မျက်နှာလွှဲလိုက်တော့
ရေ...ရေ...
သူမသေသေး
ငါ့သွေးကိုသောက်ပါ။
ညှော်နံ့
ပြာကျ
အောင့်မထားနဲ့
ရဲရဲရှုကြ
ကမ္ဘာမြေကြီးသည်လည်း
နီရဲနေပေပြီ။
အိပ်မက်လမ်းခွဲမှာ
ငါ့ကဗျာများ ကြဲဖြန့်
ပန့်သကူအကြွေစကလေးများ ပျော်ကြပါစေ
ယမ်နံ့ l မျက်ရည်
သွေး
ဇွန်လမွေးကလေးတစ်ယောက်
ငါ့ကျောပေါ်ကျလျှောက်သွားပါ။
ဘယ်သူလဲ
ဘယ်သူတွေလဲ ဟင်
အသက်ရှင်နေသေးသူများ
သွားစို့...။ ။
'သစ်ရွက်အသေများပေါ်မှ ရက်စက်သော
ဂီတ'ကဗျာစာအုပ်မ
၁၉၇၄စက်တင်ဘာ
***************************************************
အရင်းအနှီး
=========
ကွန်ပြူတာစက်တလုံး
အသုံးပြုဖို့ ငါ့ကိုပေးရင် ။
ကွဲအက်ကြေမွ
ဒို့ဘဝတွေ
ရေတွက် ကြည့်ချင်တယ် ။
ဒါပေမဲ့
တိကျ မှန်ကန်တဲ့
ကွန်ပြူတာစက်ဟာ
သွက်သွက်ခါ ရူးသွပ်သွားမှာ
ငါ သနားမိပါသေးရဲ့ ။ ။
#ဖော်ဝေး
" ကဗျာရဲ့ နွေ " ။ ရန်ကုန် ၊ တိမ်တမန်စာပေ ၊ မတ်လ ၁၉၇၂ ။ စာမျက်နှာ ၈ ။
***********************************************************************
မိမိကိုယ်ကိုရှာဖွေတွေ့ရှိခြင်း
====================
(၁)
ပုလင်းအလွတ်နှစ်လုံး
စားပွဲဘေးမှာတုံးလုံးလဲနေတယ်။
လာလာလေသူငယ်ချင်းတို့
ဟင်းလင်းစကြာဝဠာကြီးထဲမှာ
တွယ်တာစရာဘာမှမရှိ
ဘယ်သူသိသလဲမနက်ဖြန်။
အမှောင်ဆိုတာမရှ
အလင်းဆိုတာမရှိ။
အစမရှိ
အဆုံးမရှိ
မသိ
မသိ
မသိ။
(၂)
တောင်ကုန်းဂမူ
ထုံးဖြူဖြူသာသုတ်လိုက်ပါ့
ငါရှိခိုးလိုက်ပရစေ။
နွားရိုင်းသွင်းချိန်
အိမ်ပြန်ရမဲ့ခြေလှမ်း
တောလမ်းထောင်ချောက်တခု၌
လမိုက်သွားချိန်ရောက်ခဲ့တယ်။
စလေအညာက
ပုလွေဆရာရဲ့ဖျားယောင်းသံ
ကျောက်နံရံဂူဝထက
ငါ့ခြေရာဖျက်မရပါ။
ကျောက်ခေတ်မှအနုမြူ
လူ့သမိုင်းကြောင်းအထပ်ထပ်
ငါကန့်လန့်ဖြတ်ကူးခဲ့ပေါ့။
ငါ
(သို့မဟုတ်)နောက်တယောက်ငါ
ဖျားနာရင်း
အိုမင်းလာခဲ့ပြီ
(၃)
နေပူကြဲတဲမှာ
ငါတယောက်ထဲရပ်နေတယ်။
လောကအား
လက်ဝါးပေါ်တင်
ဖြစ်ညှစ်လိုက်ချင်တယ်။
ဝါးရုံတောမှ
ဥသြသံမွဲခြောက်ခြောက်
ငါ့နားကိုဖောက်ပစ်လိုက်ချင်ရဲ့။
ဗိုလ်ချုပ်ဈေးရှေ့
ကောင်မလေးရဲ့ဘရာဇီယာမှာ
ငါ့ဆဲသံပါသွားတယ်။
လမ်းဘေးစင်ပေါ်က
လျှပ်စစ်ဂီတာထဲ
ငါဆဲထဲ့လိုက်တယ်
နဝေတိန်တောင်
မျက်မှောင်ကုတ်ကုတ်
ကျွန်ုပ်ကိုသင်…
မြင်ရင် မှတ်မိနိုင်စွမ်းမရှိပါ။
(၄)
ကြေးမောင်းတချက်အခေါက်မှာ
ရွာရိုးတလျှောက်ခွေးအူသံ
ဆူညံဖုံးလွှမ်းသွားပါတယ်။
ရေနံဆီမီးခွက်မှိတ်တုတ်
စာအုပ်ပုံအထပ်ထပ်ကြား
ငါ့ဝိညဉ်ဖြတ်သွားချိန်
လမင်းမှိန်ဖျော့ပေးရတယ်။
မှတ်စုစာအုပ်ထဲမှာ
ကမ္ဘာကြီးခွဲစိတ်
အိပ်မက်ထဲကတော်လှန်ရေးသမား
မျက်ဝါးထင်ထင်ရှု
သင်သတိပြုမိခဲ့သလော။
အရိုက်ခံရသောအခါ
သည်းထန်စွာငိုကြွေး
အကြွေးဆပ်ရမယ်
သွေးတစက်အတွက်သွေးတစက်
အသက်အတွက်အသက်
တက်ခေါက်သံထွက်လာတယ်
ကြာပြီ။
ကြာပါပြီ။
(၅)
ဆွေးမြေ့အိမ်အို
ရေမယိုစေရ
လှပတဲ့ဟာသပေကပဲ။
သွေးခြေဥ
နုနုဖွေးဖွေး
ခြေဖျားလေးရဲ့အောက်မှာ
ငါဒူးထောက်ခစားလိုက်တယ်။
အိမ်များလမ်းမျာ
မြို့ရွာများ၊တိုင်းပြည်များ
ငါ့နှလုံးးသားပေါက်ကွဲသံ။
ထိမှန်ခံစားကြစေလော့။
ခန္ဓာကိုယ်ကိုအပိုင်းပိုင်းချိုး
ရှေ့တိုးပေးအပ်လိုက်ပါရဲ့။
ဘ၀ကိုယူမလား
အနာဂတ်ကိုယူမလား
ငန်းတော်ကြားမလေးရှေ့တွင်
“ယုံကြည်ချက်”ပင်ကြောက်ဒူးဆတ်
ငါအားလုံးကိုသတ်ခဲ့တယ်။
ရွှေနန်းတော်ဆီမှ
ရီမောသံများအံကျလာ
ပါတော်မူရှေ့ပိုင်းရာဇ၀င်
အသင်မှတ်မိသေးပါစ။
လမ်းနှစ်ခွဆုံ၌
ခေါင်းငိုက်စိုက်ငြိမ်သက်
မျက်ရည်စက်လက်နှင့်ငါ
လာလေကြည့်လှည့်
ငါမဟုတ်ဘူးငြင်းချင်ပြီ။
(၆)
အစာဝကာမှ
ဌာနပြန်ချင်ပြီကွဲ့
တောသံကိုပေးသတဲ့လေ။
နှစ်အတန်ကြာ
ငါမေ့လျော့နေခဲ့သည့်
မိမိ၏၀ိညဉ်သဏ္ဍန်များ
မိုးနံရံကားယားခ
ခြောက်လှန့်ပြနေကြပြီ။
ဆေးစက်ကျရာ
ငါများစွာမွေးဖွား
ကျားခံတွင်းထဲကသမင်
ဘယ်သူမှအသက်မရှင်ပါ။
သည်နယ်မြေကား
စီးတားထားကြသည်။
နေ၀င်ချိန်
တိမ်အဆင်အရင့်အနုနှင့်
ငါခေတ်ကိုထုဆစ်မည်။
မမြင်စမ်းတန်း
လမ်းကျဉ်း၌ကား
ခလုပ်တိုက်သံကြားပေမယ်။
မိတ်ဆွေတို့
မဟာဂေါ်ကီရဲ့
ဒန်ကာနှလုံးသားဟ
ရှုတ်ချသံကြားမှာဖွားမြင်တယ်။
အုတ်ဂူဖြူဖြူမှ
သောကနှင့် ရင်မ နေသော
အို….အမေ
ကျနော့်ရင်ထဲမှာ
ကောင်းကင်ပြာ
ကမ္ဘာကြီး
အနုပညာပစ္စည်းတွေနဲ့
ပြီးပြည့်စုံခဲ့ပါပြီ။ ။
ဖော်ဝေး
(သစ်ရွက်အသေများပေါ်က ရက်စက်သောဂီတ)
*******************************************************************
နှလုံးသားမျက်နှ
============
စိမ်းညို့တောရိပ
တိတ်ဆိတ်ခြင်းရဲ့ညီးတွားသံ
နက်မှောင်ရှည်လျား
အေးစက်ခြေလှမ်းများရှပ်ရှပ်
ရွာ၏ပန်းချီကားတချပ်ပြပွဲမှာ။
ရေနံမြေသပိတ်
အတိတ်ကိုလွမ်းစရ
မဟာရန်ကုန်လမ်းမများ
ခြေသံကြားမလားနားစွင့်တယ်။
ချွေးစီးမွန်းနစ
အိပ်မဖြစ်တဲ့ည
ဖျက်ဆီးပစ်ဖို့
လူဖြစ်ခဲ့ရတယ်ဆိုတဲ့“ဂေါ်ကီ”
ငါ့ဆီဖိတ်ခဲ့မိတာကို။
သမတရုံလှေကား
မှန်ချပ်များခြောက်လှန့်ပြ
ငါ့ကိုငါရှောင်ခဲ့ရဘူးတယ်။
နက်ဖြန်မနက်မှ
စပါယ်ဖြူတကုံးသီ
ချစ်သူဆီအရောက်သွား
ခွင့်လွှတ်ဖို့စကားဆိုမယ်။ ။
ဖော်ဝေး
(သစ်ရွက်အသေများပေါ်က ရက်စက်သောဂီတ)
*******************************************************************
အရိပ်များ
========
ကီလီဈေးတန်း
ဆန်လမ်းမမှာ
ကဗျာတပုဒ်
ကြွက်တအုပ်ဝင်ဆွ
ပြန့်ကျဲတိတ်ဆိတ
မျက်နှာရိပ်ဘာသာစကား
တွားသွားနေရဲ့။
ရန်ကုန်မန္တလေးရထား
ခရီးသွားတွေ
တော်လှန်ရေးနေ့ညကိုဖြတ်ခိုက်
ဂျပန်ပါးရိုက်သတဲ့
လွတ်လပ်တဲ့ဗမာပြည်အကြောင်း
စကားကောင်းသွားကြတယ်။
လူငယ်ရေးရာညကျောင်း
ခေါင်းလောင်းထိုးသံသာ
အလုပ်သမားရှာဖွေရေးရုံး
တ၀ုံးဝုံးလှုပ်ရမ်း
ပန်းဆိုးတန်းထိပ
မအိပ်တဲ့နာရီစင်ထဲ
စီးဝင်ပျောက်သွာ
၁၂-နာရီထိုးသံကြားလိုက်ရတယ်။
အဲဒါ“နေ”
အဲဒါ“နေ”တဲ့
ရှေ့နေကြီးတယောက
ခြိမ်းခြောက်လိုက်တာ
ည….လသာသာထဲ
ရေဆွဲနေကျ
ဥက္ကလာကမိန်းမမျာ
တဟားဟားရယ်။ ။
ဖော်ဝေး
(သစ်ရွက်အကြွေများပေါ်က ရက်စက်သောဂီတ)

No comments:

Post a Comment