Mar 10, 2017

ကိုခေါက်ချိုးနဲ့ သဒ္ဒယုဝတီ

" ကိုခေါက်ချိုးနဲ့ သဒ္ဒယုဝတီ "
=================

                                                       #နေဝင်းမြင့်

(၁)

ကိုခေါက်ချိုးလောက် ပွဲကြိုက်တဲ့လူတော့ မရှိတော့ဘူးလို့တောင် ထင်တယ်။ ပွဲဆိုရင် ဗေထိဆိုတာနဲ့ ရောက်နေပြီဆိုတာ သူမှအစစ်။ ခက်တာက သူတို့ရွာမျိုးကလည်း ဆယ်နှစ်နေလို့ ပွဲတစ်ခါဝင်တာ မဟုတ်တော့ တစ်ခါတလေရှိတဲ့ပွဲ ဘယ်သူမဆို ကြည့်ကြတာတော့ ရှိတာပေါ့။ ဒါပေမယ့် ကိုခေါက်ချိုးက သူများထက်ပိုတယ်။ သူများထက်လည်း ဉာဏ်ကောင်းတယ်။ ပွဲပြန်သွားရင် ပွဲထဲက ဇာတ်ထုပ်ဇာတ်ကွက် အကုန်ရတယ်။ သီချင်းတွေ အကုန်ရတယ်။ အဆိုအငိုတွေ သူ့မှာကျန်ရစ်ခဲ့တယ်။

တစ်ခါတလေ ပွဲရှိလို့ကတော့ နေဝင်ပြီဆိုတာနဲ့ ဇာတ်စင်ရှေ့ ရောက်ရမှ။ ဇာတ်ခုံ အခင်းအကျင်း၊ ဆိုင်းဝိုင်းကိုပါ နှစ်ပတ်လောက် ပတ်လိုက်ရမှ ကျေနပ်တဲ့လူမျိုး။ ပြီးရင်တော့ ပွဲထွက်ချင်ထွက်၊ မထွက်ချင်နေ၊ နေရာကောင်းကောင်းရှာပြီး ဖင်ကျောက်ချ ထိုင်တော့တာ။ ကြည့်ရင် မိုးလင်းပဲ။ ဒါပေမယ့် ပြဇာတ်ဆိုတာကြီးကို သူ မကြိုက်ဘူး။ အော်ပရာကိုတော့ ကြိုက်တယ်။ နှစ်ပါးသွားတွေ၊ သစ္စာထားတွေကို ကြိုက်တယ်။ နောက်ပိုင်း ပြဇာတ်ကြီးတွေကိုလည်း ကြိုက်တယ်။ ခက်တာက သည်ခေတ်က ပြဇာတ်ခေတ် မဟုတ်လား။ နောက်ပိုင်းဆိုတာက အဖြစ်လောက် ကတာ မဟုတ်လား။ သည်ခေတ်မှာ ဘယ်ဇာတ်ကမှ နောက်ပိုင်းကို တခမ်းတနား တလေးတစား ကနေကြတာ မဟုတ်ဘူး မဟုတ်လား။

ဒါကိုတော့ ကိုခေါက်ချိုး စိတ်ပျက်တယ်။ စိတ်လည်းညစ်တယ်။ ဒါပေမယ့် ပွဲဆိုလို့ကတော့ သွားတာပါပဲ။

“ကျုပ်တို့ ငယ်ငယ်ကနဲ့တော့ ကွာတယ်၊ ဒီအထဲ အသံမရ၊ သီချင်းမရနဲ့ ဖိုးစိန်ကြီးတို့၊ စိန်ခိုတို့၊ ရွှေကျီးညိုတို့များ ကောင်းချက် ရက်စက်တယ်”

လူထူရင်ပြောတတ်တဲ့ ကိုခေါက်ချိုးရဲ့ ဇာတ်သဘင်အပေါ် အမြင်ပဲ။ ဖိုးစိန်ကြီးတို့၊ စိန်ခိုတို့၊ ရွှေကျီးညိုတို့လို့သာ ပြောတာ။ သူ တစ်ခါမှ ကြည့်ဖူးတာလည်း မဟုတ်ဘူး။ ရွာက ငွေညွန့်စိန်ဓာတ်စက်က ရှားရှားပါးပါး ကျန်နေတဲ့ ခေတ်ဟောင်းက ဖုန်တက်နေတဲ့ ဓာတ်ပြားတွေကို သူ ကြားဖူးတာပဲရှိတယ်။

ကိုခေါက်ချိုး ဇာတ်ပွဲကြိုက်တာကတော့ ခံကုန်းတစ်ရွာလုံးက သြချရတယ်။ တစ်ခါက ဖြစ်ပြီးပြီ။ ခံကုန်းကနေ မကွေးဘက်ပွဲကြည့်တာ ပြောပါတယ်။ နွားလှည်းတောင် လက်ဆယ်ချောင်း မပြည့်တဲ့ရွာက အင်္ကျီမပါ၊ ဖိနပ်မပါနဲ့ ညောင်ဦး ဦးဖိုးထိုက် ဆေးလိပ်လေးငါးလိပ် ခါးပုံစထဲထိုးထည့်ပြီး လှည်းတစ်တန် လှေတစ်တန် သွားကြည့်တာဆိုတော့ တစ်ရွာလုံးမှာ ကိုခေါက်ချိုးကတောင် ဟုတ်တုတ်တုတ် ဖြစ်နေတာကိုး။ အဲသည်တုန်းက မကွေးမြသလွန်ဘုရားပွဲ ရွှေမန်းဦးတင်မောင် ဝင်လို့ ဆိုတဲ့စကား သူတို့ရွာ ဝေ့ဝဲရောက်လာတော့ ကိုခေါက်ချိုး ကြည့်ချင်လိုက်တာ အူကိုယားလို့။

အကြောင်းကလည်း ရှိတယ်။ ရွှေမန်းဦးတင်မောင်ဆိုရင် ကိုခေါက်ချိုး သိပ်ကြိုက်တာလည်းပါတယ်။ သည်တော့ သွားကြည့်ဖို့ ဆုံးဖြတ်လိုက်တယ်။ ချက်ချင်းပါပဲ။ ရှိသမျှပိုက်ဆံလေး ခါးကြားကျစ်လိမ်ပြီး ရွာကထွက်တော့တာ။ လှည်းတစ်တန် လှေတစ်တန်အပြင် ရေနံချောင်းက ကားစီးရတာကိုက မိုင်သုံးဆယ်သီသီ ကျော်သေးတယ်။ ပြီးတော့ ကိုယ့်ရွာ၊ ကိုယ့်ဒေသလည်း မဟုတ်ဘူး။ တကယ့်ဓာတ်မီးတွေ တထိန်ထိန်နဲ့ မြို့ကြီးပြကြီး။ ဒါပေမယ့် ကိုခေါက်ချိုး ရောက်သွားတာပါပဲ။ ရအောင်လည်း ကြည့်ခဲ့တာပါပဲ။ ဘယ်သူကမှ စိတ်ကူးထဲမထည့်တဲ့ကိစ္စကို ဖိနပ်မပါ၊ အင်္ကျီမပါနဲ့ ရအောင်သွားကြည့်တာ။ ခံကုန်းကဆိုရင် သူတစ်ယောက်တည်းပဲ။ တန်လည်း တန်ပါတယ်။ ကိုခေါက်ချိုးအဖို့တော့ မကွေးတက် ပွဲကြည့်တဲ့ အတွေ့အကြုံက တစ်သက်လုံး ပြောလို့မကုန်ဘူး၊ ပြောလို့ မဆုံးဘူး။ ရွှေမန်းတင်မောင်ဇာတ် သူကြီးကတောင် ခေါ်မေးရတာ ကြည့်တော့၊ အဲသလောက်ထိ။

“တောက် … ကောင်းလိုက်တဲ့ဇာတ်နှယ်၊ မပြောပါနဲ့တော့၊ တီးဝိုင်းကလည်း ဘာပြောကောင်းမလဲ၊ ကောင်းချက်က တကတည်း၊ ဂေါ်ဂွီတွေရော၊ တိုးနယားကြီးရော၊ ဗီရိုတယောကြီးရော ကောင်းချက်ပြောပါတယ်”

အဲသည်နေ့က ဈေးဝက သူသောက်နေကျ ကိုစိန့်လက်ဖက်ရည်ဆိုင်ထဲမှာ ကိုခေါက်ချိုး အဲသလိုပြောတော့ ဆိုင်ထဲ လက်ဖက်ရည်သောက်နေတဲ့ လူတွေက နားမလည်ကြဘူး။ ဂေါ်ဂွီဆိုတာက အင်္ဂလိပ်နှဲနဲ့တူပါရဲ့။ တိုးနယားဆိုတာက ဆိုင်းဝိုင်းက နယားပျံကြီးကို ပြောတာနဲ့တူပါရဲ့ပေါ့။ ဒါပေမယ့် ‘ဗီရိုတယောကြီး’ ဆိုတာကို ဘယ်သူကမှ ပုံဖမ်းလို့မရဘူး ဖြစ်နေတယ်။ သူတို့ တစ်သက်နဲ့တစ်ကိုယ် ဗီရိုတယောဆိုတဲ့ တူရိယာမျိုးလည်း မကြားဖူးကြဘူး မဟုတ်လား။ တစ်ယောက်ကတော့ မနေနိုင်လို့ မေးတယ်။

“ဗီရိုတယောဆိုတာက ဘာကြီးတုန်း ကိုခေါက်ချိုးရဲ့”

“သိပေါင်ဗျာ၊ ဆိုနိုင်ပါဘူး၊ ကျုပ်လည်း မြင်လာတာ ပြောရတာ၊ ပွဲမထွက်ခင် အနားက ကပ်ကြည့်လိုက်တော့ တုံးလုံးလှဲထားတဲ့ ဗီရိုကြီး၊ လက်နဲ့တီးတာပဲ ကိုရင်ရဲ့၊ တယောသံကို စီထွက်လို့”

လူတွေက ဗီရိုတယောကို ပုံဖမ်းနေတုန်း မြို့ကျောင်းက ခဏပြန်လာတဲ့ ကိုစိန့်သားက " စန္ဒရားကို ပြောတာနဲ့တူပါရဲ့၊ ဟုတ်လား ဘကြီး " ဆိုတော့ " ဆိုနိုင်ပေါင်ဗျာ " တဲ့။ အဲသည်နေ့က မွန်းကိုတိမ်းရော။ ရွှေမန်းတင်မောင်အကြောင်း ပြောရတာ။

“တောက် … လက်ဝဲသုန္ဒရခင်းတော့ ဇာတ်ခုံပေါ်က နှင်းကျလာတာဗျာ၊ တကယ်လား မှတ်ရတယ်၊ မီးနဲ့လုပ်ထားတာ ပြောကြတာပဲ၊ တတ်နိုင်ပါ့ဗျား”

ကိုခေါက်ချိုး သူ့စိတ်နဲ့သူ့ကိုယ် မကွေးဘက် ပွဲသွားကြည့်တာလည်း မပြောနဲ့လေ။ မိန်းမလည်း ရှိတာမဟုတ်ဘူး။ ကလေးသားမြေးလည်း ရှိတာမဟုတ်ဘူး။ ဆွေရယ်မျိုးရယ်လည်း ပဲစေ့အညှောက်ပေါက် ဗျောက်ဆိုတဲ့ အထဲကဆိုတော့ သူ့သဘောပဲ။ အသက်မွေးဝမ်းကျောင်းကတော့ အစုံလုပ်တယ်။ ထင်းခုတ်၊ ထင်းခွဲ၊ ရေစည်တိုက်၊ မြောင်းပေါင်ဖော်၊ မြင်းစာဆေးအစုံပဲ၊ ကြုံရာလုပ်ပဲ။ ခေါင်းတုံးဆံပင်ပေါက် ညှင်းသိုးသိုးနဲ့ နေပူစပ်ခါးထဲ ဘောက်ဆွဘောက်ဆွ လုပ်နေရတာပဲ။ ပြီးခဲ့တဲ့ လေးငါးနှစ်ကတော့ တခြားအလုပ် မလုပ်တော့ဘူး။ ရေထမ်းရောင်းတယ်။ ရွာထဲက လက်ဖက်ရည်ဆိုင်ကလေး နှစ်ဆိုင်နဲ့ ပိုက်ဆံရှိတဲ့အိမ် သုံးလေးအိမ် ရေထမ်းရောင်းတာပါ။ ရေတစ်ထမ်း တစ်မတ်ဆိုတော့ လေးထမ်းလောက် ထမ်းပြီးရင်ပဲ တစ်ကျပ်ရပြီကိုး။ လေးငါးအိမ်ဆိုတော့ တစ်နေ့ လေးငါးကျပ်၊ ပြီးရော။ ထမင်းစားဖို့ ရပြီကိုး။

ရေထမ်းတာကလည်း ညဘက်မှပါ။ လူခြေတိတ်မှ ရေချိုတွင်းကလည်း လူရှင်းတာရော၊ နေ့ခင်းနေ့လယ် ကျိုက်ကျိုက်ဆူ ပူပူကြီးထဲ ရေမထမ်းချင်တာရောဆိုတော့ ညမှရေထမ်းတယ်။ ရေလိုက်ဖြန့်တယ်။ ည လူခြေတိတ်ရင် ကိုခေါက်ချိုး သီချင်းသံနဲ့ သူ့ထမ်းပိုးက ညွတ်ပက်ညွတ်ပက်အသံကို ကြားနေရတတ်တယ်။ သီချင်းဇာတ်ကွက် ဇာတ်ထုပ်တွေကတော့ ကြိုက်လည်းကြိုက်တယ်။ ရလည်းရတယ်။

ငွေညွန့်စိန် ဓာတ်စက်က မြို့ကဓာတ်ပြားရောက်လို့ နှစ်ခါသုံးခါ မဖွင့်နဲ့။ သူ ကောင်းကောင်းရနေတတ်ပြီ။ ဗုဒ္ဓဝင်တောထွက်ခန်းတို့၊ လေးတော်တင်ခန်းတို့များ ဒေါက်ဒေါက်နဲ့ အလွတ်ရွတ်နိုင်တယ်။ ရေထမ်းရင်းက ဇာတ်ထုပ်ခင်းရင် ခင်းနေတတ်တာလည်းရှိရဲ့။ ရွှေမန်းရဲ့ ရွှေကြေးစည်တို့၊ အောင်ပါစေတို့၊ မလှချင်တို့ ဆိုတာကတော့ လူတကာရနေလို့ ထားပါတော့။ ဆယ်ပြားတွဲ ဘောက်ပြားတွေဖြစ်တဲ့ သန္တတိတို့၊ တောင်ပြုံးမင်းညီနောင်တို့လည်း ရတယ်။ ခက်တာက ပြဇာတ်ဆိုတာကြီးကိုတော့ မကြိုက်တာအမှန်ပဲ။ ပြဇာတ်မပြောနဲ့၊ တံခါးမှူး ဒတ္ထလို၊ မောင်မှူးတို့လို ပြဇာတ်ဆန်ဆန် ထိုးဇာတ်တွေကိုတောင် မကြိုက်ဘူး။ ဇာတ်ထုပ်မှ ဇာတ်ထုပ်ပဲ။ ကိုခေါက်ချိုး ပွဲကြိုက်တာကတော့ ကမ်းကုန်ရော။

(၂)

အခုတော့ ကိုခေါက်ချိုး ရေမထမ်းနိုင်တော့ဘူး။ အသက်ကလေးကလည်း ရလာပြီ မဟုတ်လား။ ခေါင်းတုံးဆံပင် နားသယ်စပ်ပတ်လည်မှာ ဆံပင်ဖြူတွေ ဖွေးနေလိုက်တာမှ အများကြီး။ ဟိုဟာလေးလုပ်လိုက်၊ သည်ဟာလေးလုပ်လိုက်နဲ့ တစ်ဝမ်းတစ်ခါး ကျောင်းနေရတဲ့လူဆိုတော့ ငွေရယ်ကြေးရယ်လို့ စုထားနိုင်တာလည်း မဟုတ်ဘူး။ ရေမထမ်းတဲ့နေ့မှာကိုပဲ ပိုက်ဆံမရှိတော့ဘူး။ တခြားဝင်ငွေဆိုတာလည်း မရှိတော့ ဟိုလူကပေး၊ သည်လူပေးနဲ့ သည်လိုနေလာခဲ့တာတောင် ကြာပြီ။ ဒါပေမယ့် လူဆိုတာကလည်း အမြဲ ဘယ်ပေးနေနိုင်ပါ့မလဲ။ တွေ့တုန်းပေါ့။ ကြုံတုန်းပေါ့။ သည်တော့ ကိုခေါက်ချိုး ဘာလုပ်ရမလဲ စဉ်းစားလာတယ်။

ရွာစွန် ညောင်ကြပ်ပင်ကြီးအောက်က သူ့တဲထဲမှာ မီးလေးမမှိန်တမှိန်နဲ့ နေရင်းက စားရတစ်လှည့် မစားရတစ်ခါ ဖြစ်လာတော့ သူ ဘာလုပ်တတ်သလဲဆိုတာ စဉ်းစားတယ်။ သူလည်း အလုပ်မျိုးစုံ လုပ်ခဲ့တဲ့လူပဲ။ ဒါပေမယ့် အခု မလုပ်နိုင်တော့တဲ့ကာလမှာ တခြား ဘာလုပ်နိုင်သေးသလဲ စဉ်းစားတာပါ။ ဘာမှလည်း စဉ်းစားလို့မရဘူး။ သူ့ကိုယ်ခန္ဓာကလည်း မသန်စွမ်းနိုင်တော့ဘူး။ ဘယ်တော့မှ ဖိနပ်မစီးတဲ့ ခြေထောက်တွေက အက်ကွဲဖူးရောင်ပြီး သားနံရည် တစွတ်စွတ် ထွက်နေတော့ ကောင်းကောင်းလည်း မလျှောက်နိုင်ဘူး။ နေပူစပ်ခါးထဲမှာ သူ့တစ်ကိုယ်လုံးကို လေးချိုးသုံးချိုးလောက် စိမ်ထားရတာဆိုတော့ မျက်လုံးတွေကလည်း မျက်ခမ်းစပ်ရတဲ့ကြားထဲ မျက်ဝတ်တစိုစိုနဲ့။ ပါးစပ် ဟိုဘက်ထိပ် သည်ဘက်ထိပ်က ကျီးကန်းပါးစပ်နာကလည်း တဖွေးဖွေးနဲ့။ အင်္ကျီဆိုတာကတော့ ဘယ်တုန်းကမှ မဝတ်ခဲ့တာ။ အခုမှမဟုတ်ဘူး။ လုပ်နိုင်ကိုင်နိုင်တုန်းကလည်း မဝတ်ပါဘူး။ အင်္ကျီဆိုတာ ဝတ်ကောင်းတဲ့အရာလို့ ဘယ်တုန်းကမှလည်း တွက်ခဲ့တာ မဟုတ်ဘူး။ လက်ပံတုံး မီးကျွမ်းထားတဲ့အသားနဲ့ ရှပ်နေတဲ့ဝမ်းဗိုက်ဟာ သူ့ရဲ့ အမှတ်အသားပဲ။ နဖူးနဲ့ဝမ်းဗိုက်က အရစ်အရစ်ဆိုတာလည်း ပဒေါင်အမျိုးသမီးလည်ပင်းက ကြိမ်ခွေကိုသာကြည့်တော့။

သည်အခြေအနေနဲ့ ဘာလုပ်ရမလဲ စဉ်းစားတော့လည်း ဘာစဉ်းစားလို့ ရမှာလဲ။ ဖြစ်ချင်တော့ တစ်နေ့ သွားနေကျ ကိုစိန့်လက်ဖက်ရည်ဆိုင်ကို သွားတယ်။ ကိုစိန့်ဆိုင်က မနက်တိုင်း သွားနေကျ။ ပိုက်ဆံရှိတဲ့အခါ အချိုရည်ကလေး မှာသောက်တယ်။ မရှိတဲ့နေ့ ဆာဒါးလို့ခေါ်တဲ့ အကြမ်းရည် သုံးလေးပန်းကန် သောက်တယ်။ ထိုင်တယ်။ ပြောစရာရှိရင် ပြောတယ်။ အဲဒီမနက်က ပိုက်ဆံမရှိတော့ အကြမ်းရည်ပဲသောက်တယ်။ အဲသည်တုန်းမှာ ရွာထဲက ဆံပင်ညှပ်ဆရာ ကိုသန်းက လှမ်းစတယ်။

“ကိုခေါက်ချိုး၊ လက်ဖက်ရည် မသောက်ချင်ဘူးလားဗျာ”

“သောက်ချင်ပေါ့ ကိုယ့်လူရာ၊ ဘယ့်နှယ်ပြောတာတုံး၊ ကိုယ့်ဟာကိုယ် သောက်နိုင်မှတ်လို့”

“သောက်ချင် တိုက်မှာပေါ့ဗျ၊ ငိုချင်းတစ်ပုဒ်တော့ ဆိုပြရမယ်၊ ဖြစ်မလား”

“လက်ဖက်ရည်တိုက်လို့ကတော့ ဆိုပေါ့မောင်ရာ၊ ဘာငိုချင်းများတုံး”

“ခင်ဗျားရထားတာ ဆိုပေါ့ဗျ၊ ငွေညွန့်စိန်စက်က ဇာတ်ထုပ်ဟောင်းတွေ ရှိတယ်မဟုတ်လား၊ ဖိုးစိန်ကြီးတို့၊ စိန်ခိုကြီးတို့ ဇာတ်ထုပ်တွေဟာကော ကာကဝလ္လိယတို့ ဘာတို့”

“သြော် … ကိုကာက မယ်ကာက ဇာတ်ထုပ်လား”

“အင်း … ”

ကိုခေါက်ချိုး ဘယ်လိုမှ ထင်မထားတဲ့ကိစ္စ။ သီချင်းဆိုပြရင် လက်ဖက်ရည် သောက်ရမတဲ့။ အလကားနေရင်းတောင် ငိုချင်းချနေတဲ့လူ မဟုတ်လား။ ရှက်တာတော့ မရှက်ပါဘူး။ ဟိုဟိုသည်သည် ကြည့်တယ်။ ဆိုင်ထဲမှာ လူတော်တော်များများလည်း ရှိတယ်။ ခေါင်းပတ်ထားတဲ့ တဘက်ဆွဲချပြီး မျက်ဝတ်တွေ ပွတ်ရင်းက ဘာဆိုရမလဲ စဉ်းစားတယ်။ ကိုကာက မယ်ကာကထဲကတဲ့။

“အမွဲတွင် တပြေမလင်းတဲ့သူမို့ ကဲ … မပြင်အသရေကင်းလိုက်ပါဘိ၊ အမယ်တော် မသေမချင်းရယ်တဲ့ ငိုမိပါ၊ မနက်တိုင်း လက်မှိုင်ချပါလို့၊ မရှက်နိုင် ခွက်ကိုင်ကာမလို့တော်ရယ်၊ တောင်းရခါခါ”

“အဲဒါက မယ်ကာက ဆိုသဟာဗျ၊ နောက် ဆိုသေးတယ်။ နေပါဦး ဘာတဲ့ ‘အရေးမရောက်လိုက်တာက ခွေးခြောက်ရန် တုတ်တစ်ချောင်းရယ်နဲ့၊ ထမင်းမြင် အတင်းဝင်လို့ တောင်းရပါတော့၊ အမယ်မင်း … တစ်ခွက်ကောင်းရရင် နယ်ကာ ထမင်းစားခဲ့ရတာမို့ ကျွန်မတို့မှာတော် လက်ဟောင်း ဇာတိ ကယ်ပါလင်မယား … အား … ဟား … ဟား … ”

ငိုချင်းလေးချပြလို့ ကိုသန်းတိုက်တဲ့ လက်ဖက်ရည်လေး သောက်ရုံရှိသေးတယ်။ ဈေးသွားဈေးပြန်တွေရော၊ ဘေးဆိုင်ကလူတွေရော ဝိုင်းအုံကြည့်လိုက်ကြတာ အုံလို့ခဲလို့။ သူကတော့ မရှက်ပါဘူး၊ ဂုဏ်တောင်ယူသေးတယ်။ မရှိတဲ့မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ် လုပ်နေရင်းက ဟိုကြည့်ဒီကြည့် ကြည့်နေတုန်း တစ်ယောက်က-

“ကိုခေါက်ချိုး ညကျ ကျုပ်တို့ ဆွမ်းလောင်းရုံကို လာခဲ့ဗျာ၊ ထမင်းလည်း ကျွေးမယ်၊ ပိုက်ဆံလေး ဘာလေးလဲ ဆုချမှာပေါ့”

ကိုခေါက်ချိုး ဘယ်လိုမှ မျှော်လင့်မထားတဲ့ကိစ္စ။ သည်ငိုချင်းက ဒီလောက် တာသွားလိမ့်မယ်လည်း ထင်ထားတာမဟုတ်ဘူး။ ရှပ်နေတဲ့ဗိုက်က ဖားဖိုလို ဟောဟဲလိုက်ရင်းက …
“လာသပေါ့ဗျာ၊ ဇာတ်ထုပ် ဇာတ်ကွက်ကလေးနဲ့ပေါ့၊ ကျုပ်ကတော့ လာထဲကပဲ”

တကယ်လည်း အဲသည်ညက ကိုခေါက်ချိုး ဆွမ်းလောင်းရုံမှာ တစ်ညလုံးပဲ။ တစ်ညလုံး ဆွမ်းချက်တဲ့လူတွေကို ငိုချင်းတွေချပြလိုက်၊ ဇာတ်ထုပ်တွေ ခင်းပြလိုက်နဲ့ လူတွေကလည်း ပွဲတောင်းတာ ခဏခဏ။ တော်ကြာရင် သဒ္ဒယုဝတီ၊ တော်ကြာရင် သဒ္ဒယုဝတီ။

“ဒီဇာတ်ထုပ်က စိန်ခိုကြီးနဲ့ မယ်အောင်ဗလတို့ သွင်းခဲ့တာ၊ စိန်ခိုကြီးက ကိုရာဇ လုပ်လို့ အောင်ဗလက သဒ္ဒယုဝတီလုပ်တယ်၊ တစ်ခါတုန်းက နိဂါမရွာမှာ ကိုနိလနဲ့ သဒ္ဒယုဝတီ မောင်နှမနှစ်ယောက်ရှိတယ်၊ ထင်းခုတ်စားကြရတော့ အင်မတန် ဆင်းရဲတာကိုး၊ ချစ်လည်း အင်မတန် ချစ်ကြတာ၊ တစ်နေ့ ဘုရင်မင်းမြတ်က သမင်ဖမ်းထွက်ရင်း တောကျွံတော့ သည်မောင်နှမက ကယ်တင်ထား၊ သဒ္ဒယုဝတီနဲ့ ကိုရာဇနဲ့ မေတ္တာရှိကြလို့ သဒ္ဒယုဝတီမှာ ကိုယ်ဝန်ရလာတော့ ကိုရာဇက နေပြည်တော်ပြန်ရော။ နဝရတ်လက်စွပ်ကလေး ပေးတဲ့ပြီး သားယောက်ျားလေးမွေးရင် တိုင်းတော်ရွှေပြည် လိုက်သာလာခဲ့ သဒ္ဒယုဝတီရယ်၊ မောင်ကြီးတော့ ပြန်ရတော့မယ်ပေါ့၊ သားယောက်ျားလေးလည်း မွေးရော နေပြည်တော်လိုက်သွား၊ ဘုရင်က နဝရတ်လက်စွပ် ပြတာတောင် သူ့သားနဲ့ သူ့မယား မဟုတ်ပါဘူး ငြင်းသတဲ့၊ ကိုင်း … ကောင်းသေးရဲ့လား၊ ဘုရင်က ဗြောင်ကွယ်တော့ သဒ္ဒယုဝတီက ငိုတယ်”

‘တောသမကိုလှလေ၊ သဘောမကျရင် ဟိုအခွင့်ရယ်က ကိုယ်ရင့်မှာ သမ္ဘာမနုံရအောင် ရာဇဂုဏ်မောက်၍ ငြင်းလိုက်ရင်တော်၊ အမယ်မင်း … နှစ်ယောက်ချင်းမျှဖို့၊ အမယ်လေး … စောက်ကမြင်းထဖို့ တော်ယူတာလား … ’

ဆွမ်းလောင်းရုံ အောင်လင်းဓာတ်မီး ထိန်ထိန်ကြီးအောက်က အင်္ကျီမပါ ဘာမပါနဲ့ ကိုခေါက်ချိုး မျက်ရည်တစိုစိုနဲ့ ငိုချင်းချတော့ လူတွေက သဘောတွေ့လို့။

“သဒ္ဒယုဝတီက အမျိုးမျိုး တောင်းပန်ပေမယ့် ဘုရင်က လက်မခံဘူး၊ ဒီတော့ သဒ္ဒယုဝတီက သစ္စာပြုတယ်”

“ ‘မခြားမလတ် တရားထပ်တဲ့သူမို့ သိကြားနတ်ဒေဝါ၊ ကျွန်မတို့ အမှုမှန်အောင်ပြုလို့ ကြည့်ရှုပါ၊ ယခု မျက်မှောက်သားကို မြှောက်လို့ အောက်ကအမှန် ဓားဦးကိုခံပါ့မယ်’ ဘုရင့်မယား ဘုရင့်သား မဟုတ်သော်ငြား ဘာဖြင့် ဓားဦးထိပ်တွင် အသက်သေ၍ ဝိညာဉ်ဆုံးစေ မွမွကြဲလို့ခဲပါစေ၊ သားမယားမှန်လျှင် မညစ်မနွမ်း ပွင့်စပန်းကဲ့သို့ လန်းလန်းရွှင်ရွှင် ထက်ကောင်းကင်တွင် ရွှေစင်အလား အမြဲညီညွတ်၍ တည်စေသား” ဆိုတော့ နတ်က ဘုရင် မတရားမှန်း သိတော့ မနေနိုင်ဘူး။ ဒီကိစ္စ ငါဝင်မှဖြစ်မယ်လို့ တွက်တယ်။ သမ္မာဒေဝနတ်သား ငါကား ဖြစ်တော့သည်ဆိုပြီး ဝင်ရော၊ ဘာတဲ့ နေပါဦး၊ မေ့တေ့တေ့တောင် ဖြစ်နေပြီ၊ နေပါဦး … ပါးစပ်ဖျားကလေးတင်ပါ၊ သြော် … ဟုတ်ပြီ။

" ယုဝတီ သူတော်ကောင်း မှန်ပါလျက်နဲ့ ပြည့်ရှင်မင်း တရားပျက်တော့တယ်၊ သို့သော်လည်းပဲ ဗိုလ်ခြေများ မြင်ရအောင် ကလေးသူငယ် မြှောက်ကာ ငါ့လက်ဝယ်ဖမ်းပြီးတော့ လှမ်းတဲ့ကာ ကိုင်လိုက်မယ်၊ ပန်းဆိုင်းဆွဲသကဲ့သို့ တကတည်း မြင်ရော့လဟယ်’
ဆိုတော့ သဒ္ဒယုဝတီက “ရှင်ဘုရင် တရားပျက်တဲ့သူကြောင့် သားဘယက်ရတနာအသွင် တစ်ခါပင် ဒီမယ်မြှောက်ပါတော့မယ်၊ အောက်အထက် ပြည်ရွာတုန်တဲ့အပြင် ဒေဝါအကုန်အများရံလို့မို့ ကိုင်း … တရားအမှန် ဖြစ်ရော့လဟယ်”

သဒ္ဒယုဝတီဇာတ်ကို ခဏခဏ ပွဲတောင်းတာလည်း မပြောနဲ့။ သည်ဇာတ်ထုပ်တွေက ဟောင်းလှပြီဆိုတော့ ငွေညွန့်စိန် ဓာတ်စက်က တစ်ခါတစ်ခါဖွင့်မှ ကြားရတာမဟုတ်လား။ လူတွေက ကြိုက်တယ်။ အဲသည်ညက စလိုက်တာပါပဲ။ ကိုခေါက်ချိုးရဲ့ ပရိယေသနဟာ ငိုချင်းချတာ ဖြစ်သွားတယ်။ ဟိုကလည်း ငိုချင်းလာချပါဦး၊ ဒီကလည်း ငိုချင်းလာချပါဦးနဲ့။ လူပျိုကာလသားတွေကလည်း ဖိတ်တယ်။ သာမှု နာမှုကိစ္စတွေကလည်း ကိုခေါက်ချိုးပဲ။ ဟိုရွာ ဒီရွာကလည်း ကိုခေါက်ချိုးပဲ။ နောက်နေ့တွေတော့ ဈေးဝက ကိုစိန့်လက်ဖက်ရည်ဆိုင်မှာ ထိုင်နေရုံပဲ။ တစ်ယောက်မဟုတ် တစ်ယောက်ကတော့ လာချိန်သွားတာပဲ။

ရလည်းရတယ်။ ထမင်းလည်း စားရတယ်။ ပိုက်ဆံလည်းရတယ်။ ရွာမှာက ဘာဇာတ်မှ လာတာမဟုတ်ဘူး မဟုတ်လား။ ကိုခေါက်ချိုးက ရွှေမန်းပဲ။ စိန်ခိုပဲ။ ရေကင်းသူ မရွှေပွင့် ဇာတ်ခင်းရင် စိန်အောင်မင်းပဲ။ ဟိုတုန်းက ဇာတ်မင်းသားကို ကနစိုခေါ်ကြတော့ ကိုခေါက်ချိုးက သည်ရွာမှာတော့ ‘ကနစိုခေါက်ချိုး’ ပဲ။

(၃)

နှစ်တော်တော် ကြာကတည်းက ပွဲလမ်းသဘင်ဆိုလို့ ယောင်လို့တောင် မရှိခဲ့ဘူးတဲ့ ခံကုန်းမှာ သည်နှစ် ရွာဘုရားပွဲ လုပ်ဖြစ်တယ်ဆိုတော့ တစ်ရွာလုံးက ကျွက်စီကျွက်စီနဲ့။ အပျော်ဆုံးကတော့ တွက်သာကြည့် ကိုခေါက်ချိုးပဲ။ လာကမယ့်ဇာတ်က ဗလာဇာတ်ဆိုပေမယ့် ခံကုန်းရွာအဖို့တော့ မန္တလေးသိန်းဇော်ဆိုလည်း ဟုတ်ရဲ့၊ မိုးဝင်းတို့ နန်းဝင်းတို့ဆိုရင်လည်း ဟုတ်ရဲ့။ ပွဲဝင်တဲ့ညကများ ကိုခေါက်ချိုးသွားနေကျ ကိုစိန့်ဆိုင်ကိုတောင် မသွားဘူး။ မသောက်ဖြစ်တာ ကြာပြီဖြစ်တဲ့ ကိုခေါက်ချိုး အဲသည်ညနေက ကိုဘလှ ချက်အရက်ဆိုင်မှာ တစ်ချိန်လုံး။ နဂိုကမှ ပျော်နေတဲ့အခံကလည်းရှိ၊ အူကလည်း ရိုင်းရိုင်းဆိုတော့ သူ့ကိုယ်သူတောင် သိပ်ထိန်းနိုင်တဲ့ပုံ မပေါ်ဘူး။ ဇာတ်ခုံကို သုံးလေးပတ် ပတ်၊ ပွဲခင်း သုံးလေးပတ် ပတ်၊ ဆိုင်းဝိုင်းနား ရစ်သီရစ်သီလုပ်ပြီးမှ ဇာတ်စင်ထောင့်မှာ အကျအနထိုင်တယ်။

ပွဲထွက်ကို မျှော်တယ်။ လာလိုက်ကြတဲ့ လူဆိုတာလည်း နည်းမှတ်လို့။ လှည်းတွေဆိုတာလည်း ပွစာကိုကြဲလို့။ ပွဲကလည်း ကပါတယ်။ တောဇာတ်ဆိုတော့လည်း သူ့ရှိသလောက်ပေါ့။ ပြဇာတ်ပြီးတော့ နာရီပြန်တစ်ချက် ထိုးတော့မယ်။ ပြဇာတ်ကို စိတ်ပျက်ပျက်နဲ့ ထိုင်ကြည့်ရင်းက အားလပ်ချိန်ပေးတော့ နောက်ပိုင်းဇာတ်ထုပ်ကလေး မထွက်ခင် ပွဲဈေးတန်းက ဆိုင်ကလေးမှာ နှစ်ခွက်လောက် ပြေးချလိုက်သေးတယ်။

ပွဲဦးကြေညာတုန်းကတော့ နောက်ပိုင်းဇာတ်က မောရဂီဝါဆိုတာကိုး။ ကောင်းချက်ပေါ့ကွာ။ တဝကြီး ကြည့်လိုက်မဟဲ့ပေါ့။ အားလပ်ချိန်ပြီးလို့ ပြန်ကရင် ဝန်ထွက်ပြည်တည်ရမှာ မဟုတ်လား။ တကယ်ကျတော့ ဇာတ်စင်ရှေ့ လူတစ်ယောက်ပဲ ထွက်လာတယ်။ ပွဲမန်နေဂျာနဲ့ တူပါတယ်။ ဒီညနောက်ပိုင်း ဇာတ်ကြီးဖြစ်တဲ့ မောရဂီဝါ မကနိုင်သေးတဲ့အကြောင်း၊ ဇာတ်မင်းသားက ရေပြောင်းရေလွဲရော၊ ခရီးပန်းလာတာရော၊ နေပူမိတာရောကြောင့် အပြင်းဖျားနေလို့ မနက်ဖြန်ညမှပဲ နောက်ပိုင်းဇာတ်ကြည့်ကြဖို့ တောင်းပန်ကြောင်း၊ ကနေ့ည ဒုတိယပိုင်းမှာတော့ မောရဂီဝါအစား ‘သူစိမ်းဆန်သော နွေပင်လယ်’ ပြဇာတ်ကို တင်ဆက်ပေးမှာဖြစ်ကြောင်း ဘာညာပေါ့လေ။ ကိုခေါက်ချိုး စိတ်ဓာတ် တော်တော်ကျသွားတယ်။ ရွာစွန် ညောင်ကြပ်ပင်အောက်က သူ့တဲလေးထဲ ပြန်နေတာပဲ ကောင်းပါလိမ့်မယ်ဆိုပြီး ထွက်လမ်းရှာတယ်။ အဲသည်တုန်းမှာပဲ ပေအိုးတွေ တဖုန်းဖုန်းနဲ့ ပြဇာတ်က ထွက်နေပြီ။

ဇာတ်လိုက် ပြဇာတ်မင်းသားက နှုတ်ခမ်းမွေးကြီးနဲ့၊ ဘောင်းဘီခါးကြပ်နဲ့၊ ဦးထုပ်နဲ့ တဟားဟားရယ်လိုက်၊ စကားတွေပြောလိုက် လုပ်နေတုန်း ကိုခေါက်ချိုးကလည်း ရပ်ရင်းက လမ်းရှာတယ်။ လူတွေကတော့ ငြိမ်လို့။ ပွဲခင်းတစ်ခင်းလုံးကလည်း တိတ်ဆိတ်လို့။ ပြဇာတ်မကြည့်ဘဲ ပြန်မယ့်အတူတူ ကိုခေါက်ချိုးရင်ထဲ မခံချင်တဲ့ အခံကလေးကလည်း ရှိနေတော့ ဘာရယ်မဟုတ်ဘူး၊ ထအော်တယ်။

“မဒွန်းရေ … ဟေ … မဒွန်း၊ ပြန်မယ်ဟေ့၊ မဒွန်းရေ … ဟေ … မဒွန်း”

တကယ်က ဘယ်မဒွန်းမှလည်း မရှိပါဘူး။ ပြဇာတ်မင်းသား အမြင်ကပ်လို့ ထအော်တာ။ ကိုခေါက်ချိုး ထအော်တော့ ပွဲခင်းရော၊ ပြဇာတ်မင်းသားရော ပထမတော့ ကြောင်သွားတယ်။ ခဏလေးလည်း ပွဲရပ်သွားတယ်။

“မဒွန်းရေ … ဟေ့ မဒွန်း၊ မဒွန်းရေ … ”

ပြဇာတ်မင်းသားက သူအော်တုန်း စောင့်နေတယ်။ ဆက်ကတယ်။ ဆက်ကတော့ ကိုခေါက်ချိုး ထပ်အော်တယ်။ ကြာတော့ ရိပ်မိတယ်နဲ့တူတယ်။ ဇာတ်စင်ပေါ်ကနေ ပြဇာတ်မင်းသားက ကြိမ်းတယ်။

“ဒီမယ် ဘကြီး၊ ပြန်မယ်ဆိုရင်လည်း ပြန်ဗျာ၊ ဒီမှာ အလုပ်လုပ်နေတာ၊ ခင်ဗျား သက်သက်လုပ်နေတာ ကျုပ်သိတယ်”

“ဟေ့ … ငါ့မိန်းမ ငါခေါ်တာပဲကွ”

“ခေါ်ပြီးရင်လည်း ပြန်ဗျာ ... မြန်မြန်”

“ပြန်မှာပါဗျာ စိတ်သာချ၊ မဒွန်းရေ … ဟေ … မဒွန်း”

သည်တစ်ခါတော့ ပြဇာတ်မင်းသားက ပွဲကြပ်တွေကို စင်ပေါ်က လှမ်းတိုင်တယ်။ ပွဲကြပ်တွေက ကိုခေါက်ချိုးကို လာခေါ်ပြီး သူကြီးကိုအပ်တယ်။ သူကြီးကလည်း အိမ်မှာ ဧည့်သည်တွေ ဧည့်ခံနေတုန်းဆိုတော့ ဘာမှတောင် သိပ်မပြောပါဘူး။ ထိပ်တုံးခတ်ထားလိုက်ကွာတဲ့။

“အောင်မယ် … ဘယ်သူများလဲလို့ ခေါက်ချိုး၊ မသောက်စဖူး အရက်ကလေးနဲ့ပါလား၊ ပွဲဖျက်ချင်တဲ့ကောင် တစ်ညတော့ နေလိုက်ဦးကွာ”

အဲသည်ညက ကိုခေါက်ချိုး သူကြီးအိမ်ရှေ့ကွက်လပ်က သစ်သားထိပ်တုံးအပေါက်ထဲ ခြေထောက်တွေ စွပ်ထားရတာ တစ်ညလုံးပဲ။ ပွဲခင်းဆီက ပြဇာတ်မင်းသား အသံရော၊ ဆိုင်းသံရော ကြားနေရတော့ သူ ရွစိရွစိ ဖြစ်လာတယ်နဲ့ တူပါရဲ့။ မနက် ဝေလီဝေလင်းကြီး ရောက်တော့ ထအော်တယ်။ သဒ္ဒယုဝတီထဲက တစ်ပိုဒ်ပါ။

‘ရှင်ဘုရင် တရားပျက်တဲ့သူကြောင့်၊ သားဘယက်ရတနာအသွင် တစ်ခါပင် ဒီမယ်မြှောက်ပါတော့မယ်၊ အောက်အထက် ပြည်ရွာကုန်တဲ့အပြင် ဒေဝါအကုန်အများရံလို့’

ကံဆိုးချင်တော့ ဒီတစ်ညတော့ နေလိုက်ဦးကွာလို့ ပြောခဲ့တဲ့ သူကြီးက နောက်တစ်နေ့ညလည်း လွှတ်မပေးဘူး။ ကိုခေါက်ချိုးကတော့ ထိပ်တုံးကြီးကို လာဖြုတ်နိုး ဖြုတ်နိုးပေါ့။ သူကြီးက လာမဖြုတ်ပေးပါဘူး။ အပြစ်က သူ့ကို သီချင်းစောင်းဆိုလို့ဆိုလား။ ပိုဆိုးတာက ကိုခေါက်ချိုး နှစ်ရက်လုံး ပွဲမကြည့်လိုက်ရတာဘဲ။ အဆိုးဆုံးက သူတို့ရွာဆီ နောက် ဘယ်နှစ်နှစ်ကြာမှ ဇာတ်ပွဲ ရောက်လာမလဲဆိုတာကို မသိနိုင်တာဘဲ။

                         ------------------------
   

                                       နေဝင်းမြင့်

                     အမှတ် (၅၇)၊ ရင်ခုန်ပွင့်၊ ဇူလိုင်လ၊ ၁၉၉၁။

No comments:

Post a Comment