" အကာလ မရဏ "
==============
#ဝင်းစည်သူ
(၁)
ကျွန်တော့်အသက်မှ ၁၀ နှစ်၊ ၁၁ နှစ်လောက်ပဲ ရှိလိမ့်ဦးမည် ထင်သည်။ ခုနှစ်သက္ကရာဇ်ကို မရေမရာ မှန်းဆကြည့်ရလျှင် ၁၉၅၇-၅၈ လောက် ဖြစ်လိမ့်မည် ဟုလည်း ထင်သည်။
ကျွန်တော့် မှတ်ဉာဏ်ကား နုံနဲ့လေစွ။
* * *
(၂)
နေ့ခင်း ကြောင်တောင်ကြီး ဖြစ်သည်။ နေ့လယ် ၂ နာရီ သာသာလောက် ရှိဦးမည်။
၁၅ လမ်းထိပ်က အိမ်မွေးခွေး၊ လမ်းပျော်ခွေး၊ အလေအလွင့်ခွေးတွေ နားကွဲလုမျှ ဟိန်းဟိန်းညံအောင် ဟောင်သံ ကြားရပြီ ဆိုသည်နှင့် တစ်ပြိုင်နက် ဆရာတော် ကြွလာပြီ ဖြစ်ကြောင်း တစ်လမ်းလုံးက သိနေကြသည်။
မကြာပါ။
ဆရာတော်သည် ၁၅ လမ်းထဲသို့ ချိုးကွေ့ကာ တစ်လှမ်းချင်း ကြွချီတော်မူ လာလေသည်။ ခွေးတွေ အဘယ်ကြောင့် ဟောင်ပါသနည်း။ ဆရာတော်၏ နောက်မှ ကပ်၍ လိုက်ပါလာသော အကောင် နှစ်ဆယ်ခန့် ရှိသည့် ခွေးတို့ကို ရန်မူ ကြခြင်းကြောင့် ဖြစ်ပါသည်။
ဆရာတော်၏ ခွေးများက ဣနြေ္ဒ ရလှသည်။ အရပ်ခွေးတို့ကို နှုတ်တုံ့ပြန်ခြင်း ပြုဖို့ နေနေသာသာ၊ ငဲ့စောင်း၍ တောင်မျှ မကြည့်ကြ။ သို့မို့ကြောင့်လား မသိ။ အရပ်ခွေးတို့မှာ အနားရောက်အောင် သီရဲ ကပ်ရဲခြင်း မရှိဘဲ အဝေးကသာ နှုတ်သီး ကောင်းကြောင်း ပြနိုင်ကြလေသည်။
ဆရာတော်၏ သင်္ကန်းမှာ အရောင်အဆင်း နွမ်းရော် လွန်းလှသည်။ ရွှေကျင်လား၊ သုဓမ္မလားဟု ခွဲခြားရန်ပင် ခက်ခဲလှအောင် ကွက်တိကွက်ကျား ဖြစ်လို့ နေသည်။ သင်္ကန်းတစ်ထည် မပစ်ရမချင်း သင်္ကန်းသစ်မလဲ ဆိုသော အဓိဋ္ဌာန် ရှိကြောင်းလည်း သိရသည်။
ဆရာတော်သည် အသားညို၏။ အရပ်ရှည်၏။ ပိန်လှီ ပါးလှပ်၏။ သက်တော် ၆၀ ကျော် ၇၀ နီးပါးဟု ခန့်မှန်းရ လွယ်ကူ လောက်အောင်ပင် ပါးရေ နားရေတွေကလည်း တွန့်လွန်းလှ၏။
ဆရာတော်သည် နေပူသော်လည်း ထီးမဆောင်းသည်က များသည်။ ပိတ်ထားသော ထီးကို တောင်ဝှေးလို ထောက်ကာ လျှောက်လှမ်းလေ့ ရှိသည်။ အဆောင်အယောင် တစ်ခုအဖြစ် ယူဆောင်ခြင်းမှ တစ်ပါး အသုံးပြုရန် အတွက် ဟုတ်ဟန် မတူချေ။
ပြီးတော့ ကပ္ပိယလို၊ သူတော်လို၊ ကျောင်းသားလို သူတွေလည်း တစ်ယောက်မျှ လိုက်ပါလာလေ့ မရှိပေ။ ဆရာတော်၏ ကျောင်းရိပ် ဆာယာအောက်တွင် ခိုလှုံကြသော ခွေးအုပ်စုသည်သာ ဆရာတော်၏ နောက်လိုက်နောက်ပါ အခြွေအရံများ ဖြစ်လို့ နေချေသည်။
ဆရာတော်၏ ဘွဲ့ကား 'ဦးကေသရ' ဟု ခေါ်တွင်ကြောင်း လူကြီး သူမတွေက ပြောသဖြင့် ကျွန်တော်သိရသည်။ ရွှေမန်းတင်မောင်အား ကျောင်းသား ဘဝတုန်းက စာပေပရိယတ္တိ သင်ကြားပေးခဲ့ဖူးခြင်းကို အစွဲပြု၍ ရွှေမန်းဆရာတော်ဟု သမုတ်ထားကြောင်းလည်း ပြောကြသည်။
ဆရာတော်ကား အိုမင်းရွတ်တွ သော်လည်း မျက်နှာတော်မှာမူ ပကတိ တည်ငြိမ်အေးချမ်း လှပေသည်။ လမ်းဘေးဝဲယာသို့ ကြည့်ရှုခြင်း လုံးဝမရှိ။ မြတ်စွာ ဘုရားသခင် လက်ထက်တော်က ချမှတ်ခဲ့သော ဝိနည်းကို ယခုထက်တိုင် ဦးထိပ် ပန်ဆင်တော်မူဟန် ရှိသည်။ ရှေ့ ၄ တောင်ထက် ပို၍ အာရုံစိုက်ခြင်း မရှိ။ နှုတ်ကမူ တလှုပ်လှုပ် တရွရွ။ သို့သော် အသံမထွက်။ တရားဓမ္မခန် တစ်ခုခုကို ရွတ်ဖတ် သရဇ္ဈာယ်ခြင်းသာ ဖြစ်ပေမည်။
ဆရာတော်သည် ၁၅ လမ်းထဲက 'ရင်သွေး' ကိတ်မုန့်တိုက် ပိုင်ရှင် ဦးလှိုင်အိမ်သို့ ကြွချီတော်မူလာခြင်း ဖြစ်ပါသည်။
ဦးလှိုင်၏ ရင်သွေး ကိတ်မုန့်တိုက်ကား ကိတ်မုန့်သာမက၊ ပေါင်မုန့်နှင့် ဗန်းမုန့်များကိုလည်း ထုတ်လုပ်သည်။ အိမ်၏ နောက်ဖေးမှာ ဖိုကြီး ၃ ဖို ရှိ၏ ။ မုန့်ဖုတ် အလုပ်သမား၊ မုန့်ပို့ အလုပ်သမား၊ မုန့်ရောင်း အလုပ်သမားပေါင်းကလည်း စုစုပေါင်း ၁၅ ယောက်လောက်တော့ ရှိလိမ့်မည်ဟု ထင်သည်။ ဦးလှိုင်၏ အိမ်သည် ကျွန်တော်တို့နှင့် မျက်နှာချင်းဆိုင် အိမ်လည်း ဖြစ်သည်။
ဆရာတော့်အား ဦးလှိုင်က အိမ်ရှေ့မှရပ်ကာ လက်အုပ်ချီလျက် ခရီးဦးကြို ပြုသည်။ ဆရာ-ဒကာ အရင်း ဆိုပဲလေ။
ဆရာတော် အိမ်ထဲသို့ ဝင်သွားသောအခါ ခွေးများက အိမ်ပြင်မှာ ကျန်ရစ်ခဲ့ကြသည်။ ထိုအခါ ဦးလှိုင်၏ အလုပ်သမား တစ်ယောက် ထွက်လာပြီး ခွေး ကိုယ်စီကိုယ်ငအား ဗန်းမုန့် တစ်လုံးကျစီ ကျွေးစမြဲ ဖြစ်သည်။
များသောအားဖြင့်မူ ကျွန်တော်နှင့် အဖွဲ့ကျသည့် ကျွန်တော့်ကိုလည်း ညီလေး တစ်ယောက်လို ချစ်ခင်သည့်၊ ဓာတ်ရှင် သွားတိုင်းလည်း ခေါ်သွားလေ့ ရှိသည့် ကိုထွန်းဖေ ထွက်လာပြီး ကျွေးသည်က များ၏။
ဆရာတော်သည် ဦးလှိုင်ထံသို့ ရက်မှန်၊ အပတ်မှန်၊ လမှန် ကြွလာခြင်း မဟုတ်။ ဆရာတော် ဤကဲ့သို့ ကြွချီတော်မူလာပြီ ဆိုလျှင် မနက်ဖြန် နံနက်တွင် အကျဉ်းထောင်ကြီး အတွင်း၌ ကြိုးပေး ခံရမည့်သူ ရှိနေပြီ ဖြစ်ကြောင်း တစ်လမ်းလုံးက သိထားကြပြန်သည်။
ဆရာတော်ကား နောက်တစ်နေ့ နံနက် ဝေလီဝေလင်းတွင် ကြိုးပေးခံရမည့် တရားခံအား သရဏဂုံ တင်ပေးရသည့် ပုဂ္ဂိုလ် ဖြစ်သည်။ တရားရေအေး အမြိုက်ဆေး တိုက်ကျွေးရသည့် ပုဂ္ဂိုလ် ဖြစ်သည်။
ထိုကိစ္စ ပြီးလျှင်မူ အကျဉ်းထောင်ကြီးမှ နေ၍ မန္တလေး တောင်ခြေရှိ သူ့ တောရကျောင်းသို့ ပြန်ကြွရိုး ထုံးစံမရှိ။ ဘူးဝမှာ ထားပစ်ခဲ့ရသော ခွေးအုပ်စုကို ခေါ်ကာ မြို့ရိုး၏ ရာဟုထောင့် မတ္တရာ မီးရထား သံလမ်း အပေါက်မှ ထွက်၍ ဦးလှိုင်အိမ်သို့ မရောက်မနေ ကြွချီတော်မူသည်။
"ဆရာတော်ကိုလည်း မပြတ် ဖူးချင်ပါရဲ့အေ။ မကြာမကြာ ကြွလာနိုင် ပါစေလို့ ဆုတောင်းရအောင်လည်း အခက်"
ကျွန်တော့် အမေကြီးက ကျွန်တော့် အမေကို ပြောခြင်းဖြစ်၏။ သူတစ်ပါးကို နာမည် အထူးအဆန်း ပေးရမှာ ဝန်မလေးတတ်သော ကျွန်တော့်ဦးလေး လူနောက်ကြီးကမူ ဆရာတော်အား "ဆုတောင်းကျပ် ဆရာတော်" ဟုပင် ဘွဲ့သစ်တိုး၍ ပေးထားလေသည်။
ဆရာတော်သည် ဦးလှိုင်ထံ၌လည်း ကြာကြာ သီတင်းသုံးတော် မမူချေ။ နာရီဝက်ခန့် ကြာသောအခါ ပြန်ကြွတော်မူသည်။ ဦးလှိုင်အိမ်သုံး မုန့်ပို့ ဆိုက်ကားနှင့် ပြန်ပို့ရသည်။ ဆိုက်ကားဆရာ အကင်းပါးရ၏၊ ဆိုက်ကားကို မြန်မြန်မနင်း။ ခွေးတွေ လိုက်၍ မီအောင် တစ်လိမ့်ချင်း နင်းပေးရ၏။
ထိုအခါ၌လည်း အရပ်ထဲက လမ်းထဲက သတ္တိမဲ့ ခွေးစွာစိလန်တို့၏ အသံတွေက ညံပြန်သည်။
နောက်တစ်နေ့ နံနက်ခင်း ဝေလီ ဝေလင်းတွင်မူ အမေကြီးသည် ပြုရိုး ပြုစဉ် မဟုတ်ပါဘဲနှင့် အစောကြီးထ၍ ဝတ်တက် လေတော့သည်။ ကြိုးပေး ခံရမည့် သူမှာ ယောက်ျားလား၊ မိန်းမလား၊ တစ်ယောက်လား၊ နှစ်ယောက်လားဟု လုံးဝ မသိပါဘဲနှင့် တတ်သမျှ မှတ်သမျှတွေကို တုန်တုန်ယင်ယင် ရွတ်ဆိုကာ အမျှဝေစမြဲ၊ ကြေးစည် ရိုက်စမြဲ ဖြစ်လေသည်။
* * *
(၃)
"ဟေ့ကောင် နက်ကလေး၊ ငါနဲ့လိုက်ခဲ့။ မင်းအမေကို ငါပြောခဲ့ပြီးပြီ"
လမ်းထိပ်တွင် သားရေကွင်း ပစ်နေသော ကျွန်တော့်ကို ကိုထွန်းဖေက အဖော်ခေါ်သည်။ ကျွန်တော့်မှာ ချစ်ထွေးဟူသည့် နာမည် ရှိသော်လည်း နာမည် မခေါ်။ အသားမည်းသောကြောင့် နက်ကလေးဟုပဲ ကိုထွန်းဖေ နှုတ်ကျိုးနေသည်။
"ဟာဗျာ၊ ကစားလို့ ကောင်းနေတုန်း ရှိသေး"
"လာပါကွာ၊ မင်း ရှုံးထားရင်လည်း အပြန်ကျတော့ ငါ ပြန်ဝယ်ပေးပါ့မယ်။ ဟောဒီ သကာရည်အိုးကို ဆရာတော့်ဆီ သွားကပ်ချင်လို့ပါ။ မင်းလည်း ကုသိုလ်ရတာပါ့ နက်ကလေးရ"
ကျွန်တော် မငြင်းသာ။ သူ့စက်ဘီးနောက်က ကယ်ရီယာပေါ်တွင် သကာရည်အိုးကို ပိုက်ကာ လိုက်ခဲ့ရတော့သည်။ တကယ်တော့ ဆရာတော်၏ ကျောင်းသင်္ခမ်းကို ကျွန်တော် တစ်ခေါက်မျှ မရောက်ဖူးချေ။
ဆရာတော်၏ ကျောင်းကား မန္တလေး တောင်ခြေရင်းမှာ ရှိသည့် တောရ ကျောင်းကလေးတစ်ခု ဖြစ်သည်။ ကျောင်းမှာ ခမ်းနားထည်ဝါခြင်း မရှိ။ မြေစိုက်လည်း မဟုတ်။ အမြင့်လည်း မဟုတ်။ လှေကားသုံးထစ်နှင့် တက်ရသော ခြေတံရှည် ကျောင်းကလေး ဖြစ်၏။
ပျဉ်ထောင်ကာ ကပ်မိုး ဖြစ်၏။ ထနောင်းပင်ကြီးတွေက ပင်ချင်း ယှက်နေသည်မို့ အရိပ်အာဝါသကတော့ အတော့်ကို ကောင်းလှသည်။
ကျောင်းဝိုင်းထဲ ဝင်မည်ဟု ခြေလှမ်းပြင်ခါ ရှိသေး။ အိပ်နေသော ခွေးတွေက ခေါင်းထောင်ကာ သံပြိုင် ဟောင်လိုက်သဖြင့် နှစ်ယောက်စလုံး နောက်ဆုတ် သွားကြသည်။
ရေနွေးအိုး မီးထိုးနေသော ကပ္ပိယကြီး တစ်ယောက် ထွက်လာ၍ ဟိန်းလိုက် ဟောက်လိုက်တော့လည်း ငြိမ်ရုံသာမက၊ ဝပ်သွားကြ ပြန်သည်။ ကပ္ပိယကြီး၏ ရှေ့ဆောင် ခေါ်ယူမှုကြောင့် ဆရာတော်၏ ရှေ့မှောက်သို့ ရောက်ကြရ၏။
ဆရာတော်၌ အဆောင်အယောင်ကား နည်းပါးလှချေသည်။ ခုတင်အို တစ်လုံး၊ စာအုပ်ဗီရိုဟောင်း တစ်လုံး၊ စားပွဲဝိုင်း တစ်ခုနှင့် ယခု ထိုင်နေတော်မူသော အဆီဝနေသည့် ပက်လက် ကုလားထိုင်ဟောင်း တစ်လုံးသာ အထင်အရှား တွေ့ရသည်။
ကျွန်တော်တို့သည် ဘုရားကို ဦးချကြသည်။ ပြီးတော့ ဆရာတော့်ကို ဦးချကြ၏။ ဆရာတော်က စိပ်လက်စ စိပ်ပုတီးကို ရပ်ကာ လည်ပင်းတွင် စွပ်လိုက်ပြီးမှ မိန့်တော်မူသည်။
"ဘယ်ကလဲကွယ့်"
"ဦးလှိုင်အိမ်က မုန့်ဖုတ် အလုပ်သမား မောင်ထွန်းဖေပါ ဘုရား။ တပည့်တော်ရဲ့ ရွာက လူကြုံနဲ့ ပါလာတဲ့ သကာရည်အိုးကို ဆရာတော့်ကို ကပ်ချင်လို့ပါ ဘုရား"
ကိုထွန်းဖေကား သွက်လှပေ၏။ ကျွန်တော့် ပေါင်ပေါ်တွင် တင်ထားသော သကာရည်အိုးကို ဖျတ်ခနဲ ယူကာ ဆရာတော့်အား ကပ်သည်။ ဆရာတော်က လက်နှင့် ထိသည်။ ပြီးတော့မှ ကိုထွန်းဖေက ဆရာတော်၏ လက်ယာဘက်မှာ ချထားလိုက်လေသည်။
"သာဓု၊ သာဓု၊ သာဓု။ သကာရည် ဆိုတာ ဘုန်းကြီးတို့လို သက်ကြီး ရွယ်အိုတွေ အတွက် ဆေးဖက် ဝင်ပေတာပေါ့ကွယ်"
"တင်ပါ့ဘုရား။ ဆရာတော်က ဒီလို မိန့်တော်မူတဲ့ အတွက် ပိုပြီး ဝမ်းသာ မိပါတယ် ဘုရား။ ဆရာတော် ကြွလာတဲ့ အခါဆို တပည့်တော်တို့က နောက်ဖေးမှာ အလုပ်များနေလို့ ကောင်းကောင်းလည်း မဖူးရ၊ လျှောက်ချင်တာလည်း မလျှောက်ရပါဘူး ဘုရား"
"ဘာများ လျှောက်စရာ ရှိလို့လဲ ဒကာလေးရဲ့"
ဆရာတော်က နှုတ်ခမ်းစေ့၍ ပြုံးရင်း အေးငြိမ်းတည်ငြိမ်သော အသံနှင့် မေးသည်။
"ထောင်ထဲမှာ ကြိုးပေးတဲ့ အကြောင်းပါ ဘုရာ့"
ကိုထွန်းဖေ အလောတကြီး လျှောက်လိုက်ခြင်းကြောင့် ကျွန်တော့် စိတ်ထဲ တွင် အားတုံ့အားနာ ဖြစ်သွားသည်။ ဆရာတော်ကတော့ ခပ်မဆိတ် ငြိမ်သက်လျက် ရှိ၏။
"ဆရာတော် စိတ်မဆင်းရဲဘူးလား ဘုရာ့"
"ပုထုဇဉ်ပဲကွယ်။ ဆင်းရဲတာပေါ့"
"တခြား ဆရာတော်တွေကို မပင့်ခိုင်းဘူးလား ဘုရာ့"
"ငြင်းတော်မူကြသတဲ့ကွယ်"
ကျွန်တော်က ကိုထွန်းဖေ၏ နောက်ကျောကို ဆရာတော် မသိအောင် ပုတ်သည်။ ကိုထွန်းဖေက လှည့်ပြီး မျက်စိမှိတ်ပြ၏။ မင်း ငြိမ်ငြိမ်နေ ဆိုသည့် သဘော။
"ဆရာတော် တရားဟော နေတဲ့အခါ တရားခံဟာ တည်ငြိမ်ပါသလား ဘုရာ့"
"တချို့လည်း မျက်ရည် ပေါက်ပေါက်ကျလို့၊ တချို့လည်း သွေးရူးသွေးတန်း လျှောက်ပြောလို့၊ တချို့လည်း နှုတ်ခမ်းကို သွေးတွေများ ထွက်အောင် ဖိကိုက်လို့။ အင်း ... တည်ငြိမ်တဲ့သူ ဆိုတာ ရှားတယ်။ ရှိလှမှ ဆယ်ဦး တစ်ဦးပေါ့ကွာ။ သေခြင်းတရားနဲ့ ရင်ဆိုင်ရတော့မယ် ဆိုတဲ့အခါ မတုန်လှုပ်ဘူး ဆိုတာ ဘုရားရဟန္တာ အဆင့်မှာသာ ဖြစ်နိုင်ပေတာကိုး။ ပြီးတော့ ကိုယ်သေရမှာလည်း သေရိုးသေစဉ် မဟုတ်။ အကာလ မရဏဆိုတော့ ပိုပြီး တုန်လှုပ်ချောက်ချား ကြပေတာပေါ့ကွယ်။
"အကာလ မရဏဆိုတာ ဘာကို ခေါ်ပါသလဲ ဘုရာ့၊ တပည့်တော် မသိလို့ပါ"
သည်အခါတော့ ကိုထွန်းဖေ၏ လျှာရှည်မှုကို ကျွန်တော် ကျေးဇူးတင်လိုက် မိသည်။ ကျွန်တော်လည်း သိချင်မိ၏။
"ဒကာလေးတို့ အများအခေါ် ဥပစ္ဆေဒက ကံပေါ့ကွယ်။ ကာလမရဏ ဆိုတာက သေရိုးသေစဉ် သေတာ၊ သေနေ့စေ့လို့ သေတာ။ အကာလ မရဏဆိုတာ သူတစ်ပါးရဲ့ လက်ချက်နဲ့ သေတာ၊ သေနေ့မစေ့ဘဲ သေတာကို ခေါ်တာကွယ့်"
ဆရာတော်သည် ဘေးမှာ ချထားသည့် မြေကရားအိုး မည်းမည်းကြီးထဲက ရေနွေးကြမ်း အေးအေးနီနီ တစ်ခွက်ကို ငှဲ့ကာ ဘုဉ်းပေးတော်မူသည်။
"ဘာလို့ တုန်လှုပ်ကြတာပါလိမ့် ဘုရား"
"ဒါလည်း ပုထုဇဉ်တို့ရဲ့ သဘောပဲ ဒကာလေး။ လူဆိုတာ ကိုယ်ကသာ အနိုင်ယူချင်တာ၊ အပေါ်စီးက နေချင်တာ။ ရှုံးပြီ၊ နိမ့်ကျပြီ ဆိုတာနဲ့ တစ်ပြိုင်နက် ဆောက်တည်ရာ မရတော့ဘူး။ တူသာ ဖြစ်ချင်ကြတာကိုးကွယ်။ ပေဖြစ်ရမှာ ကျတော့ ကြိုတွေး ထားကြတာမှ မဟုတ်တာ။ ကိုယ်ခံရမယ့် အလှည့် ရောက်ပြီလို့ ဆင်ခြင်မိတဲ့ အခါကျတော့ သွက်သွက်ခါသွားပြီ။ အိမ်း၊ တည်ငြိမ်တယ်၊ တည်ငြိမ်တယ် ဆိုတာကလည်း အရမ်းမဲ့ ဖြစ်ပေါ်လာတာ မဟုတ်ဘူး။ တရားလည်း သိမှ၊ တရားလည်း ရှိမှ။ အေးလေ၊ အဲသလို တရားမသိ၊ တရားမရှိကြလို့လည်း လူလူချင်း သတ်ဖြတ်ကြတာပေါ့ကွယ်"
ဆရာတော်က ရေနွေးကြမ်း တစ်ခွက်ကို ငှဲ့၍ ဘုဉ်းပေးပြန်သည်။ ဆရာတော် အာခြောက်လေပြီ ထင်၏။ ကျွန်တော်ကဖြင့် အားနာလှပြီ။ ထို့ကြောင့်လည်း ကိုထွန်းဖေ၏ တင်ပါးကို အသာ ကုတ်လိုက်သည်။ ဒါပေမဲ့ မရ။ ကိုစပ်စုကြီးသည် မေးခွန်းတစ်မျိုး ထုတ်ပြန်၏။
"ဘယ်အခါမှာ လူသတ်ဖြစ်ကြပါသလဲ ဘုရာ့"
"အဝိဇ္ဇာတရား ၃ ပါးအနက် လောဘ လွန်ကဲရင်လည်း ဖြစ်နိုင်တာပဲ။ ဒေါသ လွန်ကဲရင်လည်း ဖြစ်နိုင်တာပဲ။ မောဟ လွန်ကဲရင်လည်း ဖြစ်နိုင်တာပဲ။ လောဘ၊ ဒေါသ၊ မောဟ ဆိုတာ ပုထုဇဉ်တွေနဲ့ မကင်းတာ မှန်သော်လည်း အစွန်းတော့ မရောက်သင့်ကြဘူးပေါ့ကွယ်"
ထိုစဉ် ကပ္ပိယကြီးသည် စားပွဲခုံဝိုင်းကို သင်္ကန်းစုတ် တစ်ခုနှင့် လာ၍ ဖုန်ခါနေသည်။ ဆွမ်းပွဲ ပြင်တော့မည် ဖြစ်ကြောင်း သိသာနေပေပြီ။ ကျွန်တော်က ကိုထွန်းဖေ၏ တင်ပါးကို သုံးလေးကြိမ် ဆင့်ကာ ခပ်နာနာ ကုတ်ပစ်လိုက်သည်။
"တပည့်တော် သိချင်တာတွေကို ရှင်းပြတော်မူတဲ့အတွက် ကျေးဇူးကြီး လှပါပေတယ် ဘုရား။ တပည့်တော်တို့ကို ပြန်ခွင့်ပြုပါ ဘုရား"
ဆရာတော်သည် ပြုံးလျက် ဆိတ်ဆိတ်သာ နေတော်မူလေသည်။ ကျွန်တော်တို့ ဝတ်ချကြသည်။ ထို့နောက် ကျောင်းအောက်သို့ ဆင်းခဲ့ကြသည်။ သည်တစ်ခါတွင်တော့ ခွေးတွေက မဟောင်တော့ပေ။
မန္တလေး တောင်ခြေမှ နေ၍ ကျုံးလမ်းအတိုင်း စီးခဲ့ကြသည်။ ကျုံးလမ်းပေါ် စက်ဘီးလိမ့်စဉ်တွင် ထောင်ကြီး၏ လေးဖက်လေးတန် ဟိုကင်း ဒီကင်းဆီမှ ခေါက်လိုက်သော နေ့လယ် ၁၁ နာရီ သံချောင်းသံများကို လှိုင်နေအောင် ကြားရ လေသည်။
* * *
(၄)
အာလူးသီးလို မညီညာသော ကိုထွန်းဖေ၏ ခေါင်းမှာ ခေါင်းတုံး (ကတုံး)နှင့် လုံးဝ လိုက်ဖက်ခြင်း မရှိပေ။
ကိုထွန်းဖေ ဘုန်းကြီး လူထွက်လာခဲ့ခြင်း ဖြစ်၏။
ကိုထွန်းဖေတို့ အလုပ်ရှင် ဦးလှိုင်သည် နှစ်စဉ် တန်ခူးသင်္ကြန် ရက်တိုင်းတွင် သူ၏ တပည့်သားချင်းတွေကို ဒုလ္လဘ ရဟန်းခံပေးစမြဲ ဖြစ်၏။ သို့သော် ဇွတ်အတင်း အဓမ္မ မဟုတ် ဆန္ဒရှိသူကိုသာ ရဟန်း ဝတ်ပေးခြင်း ဖြစ်သည်။
သည်နှစ်တွင်တော့ ဒုလ္လဘ ၈ ပါးထဲတွင် ကိုထွန်းဖေသည် တစ်ပါး အပါအဝင် ဖြစ်ခဲ့၏။ အရင်နှစ်များတုန်းက ဝတ်လိုသော်လည်း အသက် ၂၀ တင်းတင်း မပြည့်သေး၍ မဝတ်ခြင်း ဖြစ်သည်ဟုလည်း သူက ဆိုသည်။
"နက်ကလေး"
"ဗျာ"
"မင်းကိုတော့ ရွာ ခေါ်သွားချင်ပါရဲ့ကွာ။ ဒါပေမဲ့ မင်းအိမ်က ထည့်မှာ မဟုတ်ဘူး"
သေချာ၏။ ကျွန်တော့် မိဘများသည် သူတို့နှင့်မှတစ်ပါး ညဥ့်အိပ်ညဥ့်နေ ခရီးကို မည်သူနှင့်မျှ မထည့်။
"ခင်ဗျားက ဘာလို့ ရွာပြန်မှာလဲ"
"မိန်းမ သွားတောင်းမလို့ကွ"
ကျွန်တော် မျက်လုံးတွေ ဝိုင်းစက် ပြူးကျယ်သွားသည်။
"ဒီလို အစီအစဉ် ရှိရဲ့သားနဲ့များဗျာ။ အလကား ရဟန်းခံနေရသေး။ ခုတော့ သတို့သားကလည်း ခေါင်းတုံးကြီးနဲ့ ပုံပျက်လိုက်တာ"
"ဦးထုပ် လှလှလေးတစ်လုံး ဝယ်ဆောင်းရင် နိပ်သွားမှာပါကွာ"
ကျွန်တော်က သူ့ဆင်ခြေကို သဘောကျ၍ အသံထွက်အောင်ပင် ခစ်ခနဲ ရယ်ပစ်လိုက်မိ၏။ ကိုထွန်းဖေခမျာ ရှက်သွားလေပြီလား မသိ။ မျက်နှာကို အခြား တစ်ဖက်သို့ လွှဲနေလေသည်။
"ခင်ဗျားယူမယ့် မိန်းမက တော်တော် ချောသတဲ့လား"
"တို့ရွာမှာတော့ ကွမ်းတောင်ကိုင်ပဲကွ"
"ခင်ဗျား ရည်းစားပေါ့နော်"
"ဟုတ်ဘူး။ မိဘချင်း သဘောတူလို့ ပေးစားမှာ"
ထိုစကားဖြင့်လည်း ရှက်နေသေးဟန် ရှိပြန်သည်။ ကျောပေး၍ ပြောနေဆဲသာ ဖြစ်၏။
"မင်္ဂလာဆောင်ပြီးရင် ရွာာမှာ ထားခဲ့မှာလား၊ ဒီကို ခေါ်ခဲ့မှာလား"
"ခေါ်ခဲ့မှာပေါ့ကွ။ ဆရာက အခန်းကလေး တစ်ခန်း ငှားပေးမယ်လို့တောင် ပြောထားပြီးပြီ"
ကိုထွန်းဖေ မျက်နှာကို ပြန်လှည့်ပြီးနောက် အိတ်ထောင်ထဲက မြင်းညို ဆေးပေါ့လိပ်နှင့် မီးခြစ်ကို ထုတ်ကာ ညှိပြီး ဖွာရှိုက်၏။
"ခုလို ငါ မိန်းမယူမှာကို မင်း သဘောတူတယ်နော် နက်ကလေး"
"ငြင်းစရာ မရှိကြောင်းပါတဲ့ဗျာ"
သူ ဘာကို တွေးကာ ပြုံးလေသည် မသိ။ ကျွန်တော်နှင့်လည်း စကား မပြောဖြစ်။
ကျွန်တော်လည်း သတို့သားလောင်းကြီး လွတ်လပ်စွာ တွေးပါစေတော့၊ စိတ်ကူးယဉ်ပါစေတော့ ဟူသော စိတ်နှင့် အိတ်ထဲ၌ အသင့်ပါလာသော ဖရုံစေ့လှော်ထုပ်ကို ထုတ်ကာ တထောက်ထောက်နှင့် စားနေလိုက်တော့သည်။
* * *
(၅)
စိတ်မကောင်းစရာဟု ဆိုခြင်းထက် စိတ်မချမ်းသာစရာဟု ဆိုခြင်းက ပို၍ မှန်လိမ့်မည် ထင်သည်။
သတင်းဆိုး တစ်ခုမို့ ကြားခါစကဆို ယုံပင် မယုံချင်။ ဖွ လွဲပါစေ၊ ဖယ်ပါစေဟုပင် ကျွန်တော် ဆုတောင်းမိသေး၏။ တစ်လမ်းလုံးကလည်း ဆုတောင်းကြ၏။ သို့သော် တကယ့် အဖြစ်အပျက် ဆိုသည်မှာ ပုံပြင်ဒဏ္ဍာရီ မဟုတ်သဖြင့် ကျေလွယ် ပျက်လွယ် မှိန်လွယ် ဝါးလွယ် မဖြစ်ခဲ့။
ကိုထွန်းဖေ ရွာသို့ ပြန်ရောက်သွားသည်။ သူ့ရွာကား တံတားဦးမြို့၏ ကျောဘက်ရှိ ထန်းတောနှင့် ယာတောများ ထူထပ်ပေါများရာ ဇီးကန်ရွာဟု သိရသည်။
ကိုထွန်းဖေက သူ စုဆောင်း ထားသမျှ ငွေခြောက်ရာကို သူ့မိဘများ လက်သို့ အပ်သည်။ သူ့မိဘများက ငွေတစ်ရာကိုသာ ချန်၍ ကျန်ငွေငါးရာကို သတို့သမီး မိဘများ လက်သို့ ပုံသည်။ ရွှေတစ်ကျပ်သား နှစ်ရာပင် မပြည့်တတ်သေးသော ခေတ်တွင် ငွေငါးရာ ဆိုသည်မှာ နည်းနည်းနောနော မဟုတ် တစ်ရွာလုံးကိုသာ မက၊ ရွာနီးချုပ်စပ်က လာသမျှ ဧည့်သည်တွေကို ထမင်းကောင်း ဟင်းကောင်း အဝကျွေး၍ ဧည့်ခံနိုင်သည့် အဆင့်။
ကိုထွန်းဖေ၏ ငွေတင်တောင်းနိုင်မှု ပမာဏသည် ထိုရွာကလေး၏ သမိုင်း၌ အမြင့်မားဆုံး ဖြစ်နေမည်မှာ မလွဲပေ။
သို့သော် ကံကြမ္မာ မုန်တိုင်းသည် ကိုထွန်းဖေ၏ ရင်ဝကိုမှ တည့်တည့် ဝင်ကာ မွှေနှောက် လေရော့သလား၊ ခလောက်ဆန် လေရော့သလား မသိ။ မဏ္ဍပ်နှင့် ကနားနှင့် ထမင်းရုံနှင့် အသံချဲ့စက်နှင့် ကိန်းကြီးခန်းကြီး ပြုလုပ်ထားသော မင်္ဂလာ ဆောင်မည့် နံနက်ခင်းတွင် သတို့သမီးသည် တစ်ရွာတည်း အတူနေ ရည်းစားနောက်သို့ ကောက်ကောက်ပါအောင် လိုက်ပြေးသွားခဲ့သည် ဆိုပဲ။
နှစ်ဖက်သော မိဘများ အရှက်ကွဲကြ ရပြီ။ အကျိုးနည်းကြ ရပြီ။ ရင်ထုမနာ ဖြစ်ကြရပြီ။ စင်စစ် ထိုသူတို့ထက် ပိုသူကား ကိုထွန်းဖေ။ အနေလည်း မနီး၊ ရည်းစားလည်း မဖြစ်၊ မေတ္တာလည်း မရရှိဖူးပါဘဲနှင့် ဘဝတစ်ခုကို အရမ်းကာရော ပိုင်ဆိုင်လိုမိရှာသော ကိုထွန်းဖေ။ ဘုမသိ၊ ဘမသိ ကိုထွန်းဖေ။
သည်တော့ သူ ငှက်ကြီးတောင် ဓားကို ဆွဲတော့သည်။ မင်္ဂလာဆောင်ကို ပစ်ခဲ့ကာ ရွာမှ တိတ်တဆိတ် ထွက်ခဲ့တော့သည်။ တစ်နေ့လယ်ခင်းလုံးနှင့် တစ်ညခင်းလုံး တောနင်း၍ ရှာဖွေလေတော့သည်။
နောက်တစ်နေ့ နံနက်ခင်းတွင်မူ လမ်းသွား လမ်းလာ သတင်းပေးသူ တစ်ဦးကြောင့် ကြိတ်ပုန်းစား နှစ်ယောက် တစ်ခုသော ထန်းတောထဲက ထန်းတဲတွင် စတည်းချလျက် ရှိကြောင်း သူ သိသွားသတဲ့လေ။
ကိုထွန်းဖေ ထန်းတဲသို့ ဝုန်းခနဲ ဝင်သည်။ အဝတ်အစား ကပိုကရိုနှင့် လဲလျောင်း မှေးစက်နေသူ၏ ဘေးမှာ ငုတ်တုတ်ထိုင်လျက် ဆေးလိပ် ဖွာနေသော မယားလုဖက်ကို ဓားနှင့် ဝင်ပိုင်းတော့သည်။ တစ်ဖက်ကလည်း အရှောင်အတိမ်း ကောင်းလေစွ။ ကံကြီးလေစွ။ ဓားချက်သည် လုံးဝမထိ။ အကာဖြစ်သည့် ထန်းရွက်တွေကို ကိုယ်လုံးနှင့် တိုက်၍ ထိုးဖောက်ပြီး ထွက်ပြေးသွား၏။
"ချစ်လှချေရဲ့ ဆိုပြီး ခိုးပြေးသွားတဲ့ အကောင်က ကိုယ်လွတ် ရုန်းရသတဲ့လားကွာ"
တဲဝက ကိုထွန်းဖေ၏ အသံနက်ကြီးသာ ဟိန်း၍ ကျန်ရစ်ခဲ့ပေလိမ့်မည်။ သို့သော် သူ့ထက် တောကျွမ်းသူကိုကား အရိပ်အယောင်မျှပင် မတွေ့ရတော့။
ကိုထွန်းဖေ တဲထဲသို့ ပြန်ဝင်သည်။ သတို့သမီးမှာ သားရဲ တစ်ကောင်၏ ရှေ့၌ ရောက်နေသော ယုန်သူငယ်ကလေးလို ကြက်သေ သေနေသည်။ မလှုပ်မယှက် ဖြစ်နေသည်။ အကြောက်လွန်မှုကြောင့် လူနှင့်စိတ် မကပ်ဘဲ ရှိနေသည်။
"နင့်ကြောင့် ငါတို့အားလုံး အရှက်ကွဲရတယ်"
ကိုထွန်းဖေ ထိုစကားလောက်ပဲ ပြောနိုင်ပါလိမ့်မည်။ ပြီးတော့ ဓားနှင့် မသေမချင်း ခုတ်သတ်သည်။ ထန်းတဲထဲက ဝါးကွပ်ပျစ်ကား သူ့မူလ ညိုဝါရောင် ပျောက်ကာ အနီရောင်တွေ ရဲရဲတောက်အောင် ဖုံးလွှမ်းသွားခဲ့လေမည်ကား သေချာလှသည်။
ကိုထွန်းဖေ သတ္တိကောင်း၏။ သူ့ဓားကို သူထမ်းကာ တံတားဦး ရဲဌာနသို့ သွားရောက် အဖမ်းခံသည်။ တံတားဦးအချုပ်တွင် ရမန်ကြီး ၂ ပတ် နေရသည်။ ပြီးတော့ မန္တလေးထောင်သို့ အပို့ခံရသည်။ ပြီးတော့ အမိန့်ဒီဂရီ ချမှတ်ခြင်း ခံရသည်။ ကြိုးတဲ့လေ။
* * *
(၆)
နက်ဖြန် နံနက်တွင် ကိုထွန်းဖေကို ကြိုးပေးမှာ ဖြစ်ကြောင်း တစ်ရပ်လုံးက သတင်းရထားကြသည်။
သို့မို့ကြောင့် သည်နေ့ မွန်းလွဲပိုင်းတွင် ဆရာတော် ကြွအလာကို မမျှော်စဖူး အမျှော်ထူး နေကြသည်။ ခွေးဟောင်သံတွေကို နားစွင့် နေမိကြသည်။ ဦးလှိုင် ပင်လျှင် ဂနာမငြိမ်နိုင်ဘဲ အိမ်ထဲ ဝင်လိုက်၊ အိမ်ရှေ့ ထွက်လိုက် ဆိုသော အမှုကို ကြိမ်ဖန်များစွာ ပြုလုပ်နေကြောင်း တွေ့မြင်နေကြရသည်။
သို့သော် နေသာ ဝင်ခဲ့ပြီ။ ဆရာတော်ကား ပေါ်မလာခဲ့။ ကိုထွန်းဖေ၏ အခြေအနေကို သိလိုစိတ်ဖြင့် လျှောက်ထား မေးမြန်း လိုသူတို့မှာလည်း ဆန္ဒမပြည့်ခဲ့။
ဦးလှိုင်သာလျှင် သူ့စက်ဘီးထုတ်ကာ အသော့ နင်းသွားတာကို မြင်ကြ ရသည်။ ဆရာတော်၏ တောရကျောင်းမှ တစ်ပါး အခြားမဖြစ်နိုင်။ ဪ တပည့်ရင်းချာ ဆိုတော့လည်း သားရင်း သမီးရင်းနဲ့ မခြား ဖြစ်ရှာမှာပေါ့လေ။
ကိုထွန်းဖေရေ ...။
ကျွန်တော့်ကို နက်ကလေးလို့ မခေါ်နိုင်တော့ဘူးပေါ့နော်။ ပြီးတော့ ကျွန်တော့်ကို လူကြီးလူကောင်း လုပ်ပြီး မတိုင်ပင်နိုင်တော့ဘူးပေါ့နော်။
ကျွန်တော် ဝမ်းနည်းသည်။
ကျွန်တော် မျက်ရည်လည်သည်။
ဖြစ်နိုင်လျှင် ကိုထွန်းဖေကို နောက်ဆုံး နှုတ်ဆက်ရန်အတွက် တစ်ခါလောက်တော့ တွေ့ချင်သည်။
* * *
(၇)
ယခုသော် ...
ကိုထွန်းဖေလည်း မရှိတော့။
ကိုထွန်းဖေကို သရဏဂုံ တင်ပေးကာ တရားရေအေး အမြိုက်ဆေး တိုက်ကျွေးတော်မူခဲ့သော ဆရာတော်လည်း မရှိတော့။
နှစ်တွေ ဘယ်လိုပင်ကြာကြာ ကြိုးပေးရသော အမှုတွေကတော့ ယနေ့ထက်တိုင်အောင် ရှိနေဆဲသာ ဖြစ်သည်ဟု ကျွန်တော့်မိတ်ဆွေ ဥပဒေဝန်ထမ်း တစ်ဦးက ပြောပြသည်။
လူ့ဘုံသည် လောဘ၊ ဒေါသ၊ မောဟ တည်းဟူသော အဝိဇ္ဇာတရား သုံးပါး၏ ညစ်ထေး မှောင်မိုက်စွာ ဖုံးအုပ်ထားမှုကို မည်မျှကြာအောင် ခံရဦးမည်ကိုကား ကျွန်တော် မသိ။
ဤသို့ မသိခြင်းသည်ပင်လျှင် 'မောဟတစ်ခု' ဖြစ်နေလေသလား ကျွန်တော် မသိ။
ဝင်းစည်သူ
ရွှေအမြုတေ၊ ဖေဖော်ဝါရီ၊ ၁၉၉၄။
No comments:
Post a Comment