Mar 9, 2017

နှင်းခါးမိုးကဗျာများစုစည်းမှု

နှင်းခါးမိုးကဗျာများစုစည်းမှု
===================
မီးခိုးတွေကိုမြင်နေရတုန်းပဲ
____________________
.
ရင်ထဲမှာမငြိမ်းချမ်းတဲ့ကောင်တွေက
ငြိမ်းချမ်းရေးလိုချင်တယ်ပြောတာ ငါမယုံဘူး
မေတ္တာတရားမရှိရင
တရားမျှတမှုမရှိရင်
အစာမ၀တဲ့အသွေးအသားတွေဟာ
မနက်မိုးလင်းတာနဲ့ စစ်တိုက်နေကြမှာပဲ
ခင်ဗျားတို့ရဲ့ အတတ်ပညာဆန်တဲ့ငြိမ်းချမ်းရေး
မြွေအလိမ္မယ်ဆန်တဲ့ငြိမ်းချမ်းရေ
ကြေးစားဆန်တဲ့ငြိမ်းချမ်းရေး
ဧည့်ခန်းဆောင်နိုင်ငံရေးရဲ့သားပြောမယားပြောပြက်လုံး
ဇာတ်ခုံပေါ်ကငြိမ်းချမ်းရေး
ဆိုင်းဘုတ်ပေါ်ကငြိမ်းချမ်းရေး
သတင်းစာခေါင်းစီးထဲကငြိမ်းချမ်းရေး
သံချပ်ထဲကငြိမ်းချမ်းရေး
ကျမ်းသံပေသံငြိမ်းချမ်းရေး
လက်ဖက်ရည်ပန်းကန်လုံးထဲကငြိမ်းချမ်းရေး
ပွဲဈေးရှိရင် လူဆူမယ် ဖုတ်ထူမယ် ညှော်နံ့လည်းပူမယ်
ကျောင်းတက်ချင်တယ်
ရုပ်ရှင်ကြည့်ချင်တယ်
လရောင်အောက်ကတောင်ယာတဲလေးမှာ
ချစ်သူသဘက်လေးကိုခဏယူခြုံချင်တယ
အဲဒီလိုညလေးတညအတွက်
ဘ၀တွေကိုပေးခဲ့ကြတာပါ
တန်ရာတန်ဘိုးတွေပေးခဲ့ကြတာပါ
မြို့ကြီးသားတွေယူလာမယ့်လက်ဆောင်က
ဒီနေရာကိုလမ်းမပေါက်သေးဘူး
လျှိုထဲကိုရေဆင်းခပ်တာ
သူ့ခြေထောက်တဘက်ကျန်ခဲ့တယ်
ပလပ်စတစ်ကလစ်ကလေးတချောင်းဟာ
အဲဒီအပျိုမလေးရဲ့အိပ်မက်ပဲ
လူကြီးမင်းများငြိမ်းချမ်းကြပါေ
နေလောင်ထားတဲ့ဆံတောက်ကလေးပေါ်မှာ
တောပန်းကလေးပွင့်ပါစေ။ ။
.နှင်းခါးမိုး
**********************************************************************
အရိုးစု
=========
ကျနော့် အရိုးတွေကို
ကျနော်ကျေးဇူးတင်တယ်
သူတို့ကအခုထိ
ကျနော့် အပေါ်ကောင်းတုန်းပဲ
ကျနော့် ခါးက အခုထိမတ်တုန်းပဲ
ကျနော့် ခြေထောက်တွေက
အခုထိအမြင့်ကိုတက်တုန်းပဲ
ကျနော့်လက်ဖျံတွေက
အခုထိမြန်ဆန်သွက်လက်တုန်းပဲ
ကျနော့် စိတ်သွားရာနောက်ကို
သူကလိုက်တုန်းပဲ
ကျနော့် အရိုးတွေက
ဘယ်တုန်းကမှ မပျော့ခဲ့ဘူး
ခုလည်း မပျော့ သေးဘူး
ကျနော်သတိလက်လွတ်ဖြစ်လို့
ကျနော်ကံမကောင်းလို့
ကျိုးတုန်းက ကျိုးခဲ့ဘူး
ပြီးတော့ပြန်ကောင်းတာပဲ။
နှစ်ပေါင်းရာထောင်
အရိုးတွေ ပြန်တူးဖော်တော့
အရိုးတွေက
လူတယောက်ရဲ့ပုံပန်းကိုပြောပြသတဲ
အရိုးတွေက
လူတယောက်ရဲ့ဘ၀ကိုပြောပြသတဲ့
သူတို့သန်မာခဲ့တ
သူတို့ချည့်နဲ့ခဲ့တာ
သူတို့ပျော်ရွှင်ခဲ့တာ
သူတို့ကြေကွဲခဲ့တာ
သူတို့ငြိမ်းချမ်းခဲ့တာ
သူတို့တိုက်ပွဲဝင်ခဲ့တာ…
အရိုးတွေက မလိမ်ဘူး။
အရိုးသားဆုံးနှလုံးသားများ၏အစုအဝေးကို
အရိုးစုဟုခေါ်ပါသည် (နွေလယ်နေ)
အရိုးစု ဆိုတဲ့ကဗျာစာအုပ်ကလေး
တခါကကျနော်တို့တည်ဆောက်ခဲ့ဖူးတယ
နံရိုးတူသူချင်း
မေးစေ့နှစ်ထပ်နဲ့ မေးရိုးမရှိတဲ့ကောင်
အဆီတထပ်အသားတထပ်နဲ့ ကျောရိုးမပါတဲ့ကောင်
အဲဒီကောင်ကို ကျနော်မုန်းတယ်
လေးတွဲ့ထိုင်းမှိုင်းစွာရပ်လို့
ကျနော့် ရှေ့ကမှန်ထဲမှာ..
သူ့အရိုးတွေကနေ
သူထွက်ပြေးနေတဲ့ကောင်။
အရိုးအရင်း
အသားလိုလို့အရိုးတောင်း
အရိုးပေါ်အရေတင်
အရိုးကွဲမှအသဲစွ
ရိုးထိအောင်နာ
ဘာပဲဖြစ်ဖြစ်
အောက်ဆုံးကအရိုးတွေကိုတော့ မမေ့ကြပါနဲ့။
ကမ္ဘောဒီးယားကအရိုးတွေ
ရ၀မ်ဒါကအရိုးတွေ
ဘောစနီးယားကအရိုးတွေ
ဟိုနေရာ ဒီနေရာမှာ
မတူးရသေးတဲ့အရိုးတွေ
လူမသိသူမသိအရိုးတွေ..။
ကိုယ့်ခြေထောက်အောက်ကိုယ်ပြန်ငုံ့ကြည့်လိုက်တယ်
ကျနော်ဘယ်သူ့အရိုးပေါ်ရပ်နေမိသလဲလို့။
မင်းဟာငါ့ရဲ့နံရိုးတချောင်းပါပဲကွယ်လို့
ဘယ်သူ့ကိုမှမပြောဖြစ်ခဲ့ဘူး
ကျနော့် အရိုးတွေကို
ကျနော်ချစ်တယ်။ ။
နှင်းခါးမိုး
ဒီဇင်ဘာ ၁၂၊ ၂၀၀၈
**********************************************************
ခြေထောက်မရှိတဲ့အပြေးချန်ပီယံ
----------------------------------------
ရွှေတံဆိပ်လည်းရခဲ့တယ်
ချစ်သူကိုလည်းသတ်ခဲ့တယ်
ကျနော်ပြေးတယ်
တအားပြေးတယ်
ကြောက်လန့်တကြားပြေးတယ်
မရပ်မနားပြေးတယ်
အဝေးဆုံးရောက်အောင်ပြေးတယ်
ဘယ်သူမှမလိုက်နိုင်အောင်ပြေးတယ်
အမောဆို့ပြီးလဲကျသွားအောင်ပြေးတယ်
ဘယ်ကိုပြေးတာလဲ မသိဘူး ပြေးတယ်
ဘယ်သူတွေလိုက်နေလို့လဲ မသိဘူး ပြေးတယ်
ဘာကိုကြောက်ပြီးပြေးသလဲ မသိဘူး ပြေးတယ်
ပြေးနိုင်ရင်လွတ်မှာတဲ့လား မသိဘူး ပြေးတယ်
ပြေးတာကအဖြေလား မသိဘူး ပြေးတယ်
ရင်မဆိုင်ရဲလို့ပြေးတာလား မသိဘူး ပြေးတယ်
ဒီလိုပဲပြေးနေတော့မှာလား မသိဘူး ပြေးတယ်
မေးခွန်းတွေလိုက်မမီအောင် ပြေးတယ်
ဘယ်သူမှမရှိတဲ့နေရာကို ပြေးတယ်
ဘာသံမှမကြားနိုင်တော့အောင် ပြေးတယ်
တောတွေကိုဖြတ်ပြီး ပြေးတယ်
တောင်တွေကိုကျော်ပြီးပြေးတယ်
ပင်လယ်ကိုကူးပြီး ပြေးတယ်
တရားဓမ္မတို့နဲ့ဝေးရာ
ဆိုဆုံးမမှုတို့နဲ့ဝေးရာ
အေးချမ်းပျော်ရွှင်မှုတို့နဲ့ဝေးရာ
နားလည်ခွင့်လွှတ်မှုတို့နဲ့ဝေးရာ
ချစ်ခြင်းမေတ္တာနဲ့ဝေးရာ
ဖြစ်နိုင်ရင် တခြားစကြာဝဠာအထိ
ဖြစ်နိုင်ရင် နောက်ဘ၀တခုအထိ
ဖြစ်နိုင်ရင် အငွေ့ပျံပျောက်ကွယ်သွားသည်အထိ
စွပ်စွဲပြစ်တင်ကြ
ဆဲရေးရှုတ်ချကြ
လှောင်ပြောင်ရယ်မောကြ
ဝိုင်းဝန်းရိုက်ပုတ်ကန်ကြောက်ကြ
ရွံရှာစက်ဆုပ်ကြ
ရှောင်ရှားဝိုင်းပယ်ကြ
မှုန့်မှုန့်ညက်ညက်ချေမှုန်းကြ
လက်ညိုးငေါက်ငေါက်ထိုးကြ
မျက်နှာကိုတံထွေးနဲ့ထွေးကြ
လူသူဝေးရာမှာလွှင့်ပစ်လိုက်ကြ
ယင်တလောင်းလောင်း လောက်တဖွားဖွား ပုတ်အဲ့နံစော်
လင်းတတွေကတရုန်းရုန်း တောခွေးတွေကတဆူဆူတအူအူ
ကမ္ဘာကြီးကိုဘယ်နှစ်ခါ ပတ်ပြီးပြေးတုန်
သံသရာကြီးကိုဘယ်နှစ်ခါ ပတ်ပြီးပြေးတုန်
သုံးဆယ့်နှစ်ကောဌာသကိုဘယ်နှစ်ခါ ပတ်ပြီးပြေးတုန်
စိတ်တခုယုတ်ကိုးဆယ်ကိုဘယ်နှစ်ခါ ပတ်ပြီးပြေးတုန်
သုံးဆယ့်တဘုံကိုဘယ်နှစ်ခါ ပတ်ပြီးပြေးတုန်
အလုံးစုံကိုစီရင်တော်မူသည့်ဘုရားသခင်ကိုဘယ်နှစ်ခါ ပတ်ပြီးပြေးတုန်
ကံ ကံ၏အကျိုးကိုဘယ်နှစ်ခါ ပတ်ပြီးပြေးတုန်
စိတ္တရလေခါကိုဘယ်နှစ်ခါ
သိဒ္ဓတ္ထကိုဘယ်နှစ်ခါ
ပြစ်မှုနဲ့ပြစ်ဒဏ်ကိုဘယ်နှစ်ခါ
တရားခွင်ကိုဘယ်နှစ်ခါ
လေရူးသုန်သုန်ကိုဘယ်နှစ်ခါ
ရေပွက်ပမာကိုဘယ်နှစ်ခါ
စည်းအပြင်ကလူကိုဘယ်နှစ်ခါ
အန်နာကရီနာကိုဘယ်နှစ်ခါ
မေကိုဘယ်နှစ်ခါ
ငဘနဲ့ကိုဒေါင်းကိုဘယ်နှစ်ခါ
ရဲအော်အောင်ဒင်နဲ့ကျနော်ကိုဘယ်နှစ်ခါ
အသံအက်သွားတဲ့ခေါင်းလောင်းလေးကိုဘယ်နှစ်ခါ
သစ်ရွက်အသေများကိုဘယ်နှစ်ခါ
မရေမတွက်နိုင်အောင် မမှတ်တတ်တော့အောင်
ဘာ့ကြောင့်ဘာမှန်းမသိအောင် ချာချာလည်အောင်
ဖြတ်ကာဖြတ်ကာ ပတ်ကာပတ်ကာ
တအားပြေးတယ်
ကျနော်ပြေးတယ်
ပြေးလမ်းတော့မရှိဘူး
နှင်းခါးမိုး
************************************************************
ကော်ဖီ
======
ပူနွေးတယ်
မွှေးပျံ့တယ်
ရင်ကိုခုန်စေတယ်
မနက်စောစောကို
မင်္ဂလာပါလို့မပြောမီ
ညကမှပွင့်တဲ့သစ်ခွအိုးကလေးကို
ငေးရင်း
တစိမ့်စိမ့်သောက်ဖြစ်ခဲ့တယ်
ကြိမ်စားပွဲကလေးအပေါ် နေရောင်နဲ့အတူ။
နောက်တခွက်မလိုဘူး
နောက်တဘ၀ပဲလိုတယ်။ ။
နှင်းခါးမိုး
*******************************************************
အခန်း
------------
ညနေဟာ
ကျီးကန်းတွေနဲ့ ပြည့်နေတယ်။
အာသာမပြေသေးတဲ့ နေရောင်က
သူရဲ့ကျော်ကြားတဲ့ရွှေရောင်နဲ့
သရက်ပင်ကြီးကို ပွေ့ဖက်လို့
ခွဲရအုံးတော့မယ်ပေါ့လေ။
အခုနေ
မြေကြီးပေါ် လမ်းလျှောက်ရရင်
ဘယ်လောက်အရသာရှိလိုက်မလဲ ။
ဒီနေ့အဖို့
နောက်ဆုံးသော့ခလောက်ပိတ်သံက
ငါ့ကို အိတ်တစ်လုံးထဲ ကောက်ထည့်ခဲ့ ။
သူသာ အနားမှာ ရှိရင်
စိတ်ကို ဆူးစူးသွားပြီလို့
တိုးတိုးလေးပြောမိအုန်းမယ် ။
ညနေဟာ
ကျီးကန်းတွေနဲ့ ပြည့်နေတော့တယ်။
နှင်းခါးမိုး
၂၆.၄.၉၄
(ကမ်းရှာငှက်ကဗျာစာအုပ်မှ)
***************************************************************
အိမ်ရှေ့ကသစ်ပင်
----------------------
အဖွားကစိုက်ပြီး
ကျနော်က ရေလောင်းခဲ့တယ်။
သူ သီးတော့ပွင့်တော
အဖွားက ဘ၀တပါးမှာ
သူ့အရိပ်ဖားဖားဝေတော့
ကျနော်က ရေခြားမြေခြားမှာ..။
သစ်မြစ်တွေက
အချိန်ကာလထဲတိုးဝင်တယ်
သူ့ကိုမှီပြီး
မရှိတော့တဲ့အိမ်လေးကို ငေးကြည့်နေမယ်
တနေ့ကျရင်။ ။
နှင်းခါးမိုး
******************************************************
ပြဇာတ်
==========
အသံတွေ မပျံ့နှံ့ခင်…။
နေရောင်က
သူ့ကိုယ်သူ ဖုန်မသုတ်ခင်…။
ပန်းပွင့်တွေ
အလှ မပြင်ခင်…။
လက်ဖက်ရည်ဆိုင်က
အိပ်နေတဲ့ထိုင်ခုံတွေ
မတ်တပ် ပြန်မရပ်ခင်…။
ငိုက်မြည်းနေဆဲ အုန်းလက်တွေပေါ်မှာ
နှင်းစက်တွေ အရည်မပျော်ခင်…။
မီးကင်းစောင့်က
သူ့အိပ်ရာ သူ မလိပ်ခင်…။
သွေးဝနေတဲ့ခြင်တွေက
ညကို ကျေးဇူးတင်တဲ့အကြောင်း
မပြောရသေးခင်…။
ကတ္တရာလမ်းမပေါ်မှ
ဖိနပ်တွေ အတောင်ပံ မဖြန့်ခင်…။
အဝေးမြို့ကို ထွက်ခွာမယ့်
မီးရထား တစ်စီးပေါ်မှာတော
ဖော်ပြဖို့မဆန့်တဲ့ ကြေကွဲမှုတွေနဲ့
ငြိမ်သက်အေးခဲစွ
ကျွန်တော် လိုက်ပါသွားခဲ့တယ် …။ ။
နှင်းခါးမိုး
စံပယ်ဖြူမဂ္ဂဇင်း
မေ၊၁၉၈၈
********************************************
လူသတ်သမားရဲ့ညစာ
=================
လူသတ်သမားက
သွေးအေးတယ်။
သွေး မခြောက်သေးတဲ့လက်နဲ့
စီးကရက်ကို မီးညှိပုံ၊
သူသတ်ထားတဲ့ အလောင်းရဲ့အင်္ကျီရင်ဘတ်
ကြယ်သီးတွေကိုဆွဲစေ့ပေးပုံ၊
ကော်ဖီဆိုင်ထဲက ထလာသလို
လေကလေးချွန်ပြီး
လျှောက်သွားလိုက်သေးသတဲ့။
ဥဩသံတွေ ဆူညံ
ရဲတွေ ရောက်လာ
သတင်းစာ မျက်နှာဖုံးမှာ
ခေါင်းကြီးစာလုံးမည်းကြီးနဲ့ ပါလာ
အသတ်ခံရသူရဲ့အပြစ်ကင်းစင်တဲ့
မျက်နှာလေးကို
တီဗွီက မကြာမကြာ ထုတ်လွှင့်နေ
တစ်မြို့လုံး ကလည်း
ဒီအမှုအကြောင်းပဲ ပြောနေကြ။
ရွှေကို လိုလို့ သတ်သလား
လူကို လိုလို့ သတ်သလား
တခါက ရန်ငြိုးလား
စိတ္တဇ လူသတ်သမားလား။
အသေဆိုးလေခြင်းလို့
စုပ်သပ်သူက သပ်
အတင့်ရဲလေခြင်းလို့
ဒေါကန်သူက ကန်
ရှေ့က လမ်းချိုးကွေ့ အမှောင်ရိပ်ထဲ
လူသတ်သမား စောင့်နေမလားလို
ကြောက်လန့်သူတွေလည်း ရှိရဲ့၊
( ဒီလိုနဲ့ ) မြို့ကလေးထဲ
ညအမှောင်ထုက တွားသွားဝင်လာ
တံခါးတွေ စောစောပိတ်
မီးတွေ စောစော မှိတ်ကြ
စောစောတော့ အိပ်မပျော်နိုင်ကြ။
လူသတ်သမားကော
ဒီအချိန်ဆို ညစာ စားနေလောက်ပြီ
ဝိုင်ကလေး သောက်လိုက်
စပျစ်သီးလေး မြုံ့လိုက်နဲ့လေ
ပြီးတော့မနက်က
သွေးစွန်းခဲ့တဲ့ သူ့လက်ကို
ဆုပ်လိုက် ဖြန့်လိုက်နဲ့ စိုက်ကြည့်ရင်း
ငွေ့ငွေ့လေး ပြုံးမယ်၊
သူ တွေးမိမှာက
တစ်ယောက်ကို သတ်လိုက်ရုံနဲ့
တစ်မြို့လုံး သေဆုံးသွားခဲ့တဲ့အကြောင်း။
နှင်းခါးမိုး
သရဖူ မဂ္ဂဇင်း၊ စက်တင်ဘာလ၊ ၂၀၁၄
*****************************************************
ငါ့မိတ်ဆွေတစ်ဦ
--------------------
ပီဘိနှိမ့်ချ
ပညာရှိဆန်ပြတာမဟုတ်
ရိုးသားမှုနဲ့ ပြုံးတဲ့အခါ
ကမ္ဘာကြီးတောင် နွေးထွေးသွားစေရဲ့
ငါ့မိတ်ဆွေ ။
ခွင့်လွှတ်ပါဗျာ
ခင်ဗျားလောက် မဖြောင့်တန်းနိုင်
ကျွန်တော့်မှာက ရှုပ်ရှုပ်ထွေးထွေ
နေ့စဉ်ကိစ္စတွေရှိရဲ့
မငြင်းဆန်နိုင်
မရှောင်လွှဲနိုင်
တစ်ခါတစ်လေ ရွေးချယ်ခွင့်ကင်းမဲ့
လူ့ဘ၀ဆိုတာက
လက်တွေ့ကျဖို့ ပိုလိုအပ်
စိတ်ကူးတွေ အပင်မဖြစ်ထွန်းတဲ့
ဟောဒီံ့ဖုန်းဆိုးမြေမှာ
အနယ်အနှစ်တွေနဲ့
နေရထိုင်ရတာပါ ၀န်ခံတယ်။
ငါ့မိတ်ဆွေ
ချစ်ခင်မှုတရားနဲ
လက်ဘက်ရည်ဆိုင်သွားကြရအောင် ။
ညကတင် ရေးပြီးသွားတဲ့
ကဗျာအသစ်တွေနဲ့
မိတ်ဆွေမျက်နာလင်းလို့
ကျွန်တော်ရှာဖွေနေတာ
ကျွန်တော့်အဓိပ္ပါယ်ကို ကျွန်တော်
ရွေးချယ်ခဲ့တာ
နာကျင်ရ ပင်ပန်းရ
ဒါပေမယ့် လှပါတယ်
မိတ်ဆွေကို ကြည့်ရင်း
ငါ သေးငယ်သွားလိုက်တာ
စီးကရက်တစ်လိပ်သာဆို
ပြာမှုန့်တွေချည့် ဖြစ်ရော့မယ် ။
မိတ်ဆွေနဲ့ ငါ
ပေါင်ချိန်စက်တစ်ခုပေါ်
တစ်ခါက အတူတူတက်ဖူးကြ
ငါက တစ်ရာ့သုံးဆယ်
သူက တစ်ရာကို သုံးပေါင်တောင်
လျော့လို့
ခင်ဗျား ဒီလောက် မဖြစ်သင့်ဘူး
ကျန်းမာရေးလည်း ဂ၇ုစိုက်လိုက်ဦ
ရုပ်သန်မာမှ
စိတ်ကူးတွေ အပွင့်ဝေနိုင်မှာပေါ့
ကျွန်တော်လည်း ဒီလောက် မဖြစ်သင့်ဘူး
ဗိုက်ခေါက်ကြီးက အရစ်လိုက်
ကြိုးခုန်ရမယ်
အခုလိုအချိန်မျိုးမှာမှ
၀၀ဖြိုးဖြိုးဖြစ်နေတာ
နာမည်ပျက်တာဗျ
နှစ်ယောက်သား ရယ်မောခဲ့ကြ ။
သူ့ကိုယ်သူ
အကြင်နာကင်းမဲ့စွာ ညှစ်ချနေရော့
သလားမသိ
သူ့မျက်လုံးတွေက
အရိုးထဲ ဖွက်ထားတဲ့ကြယ်တွေလို
ချိုင့်ခွက်ပေမယ့် လတ်ပလို့
ကြိုးတစ်ချောင်းလို လှုပ်လဲ့
လမ်းကလေးပေါ် သူလျှောက်လာတာ
လှမ်းတွေ့ရ
မွဲပြာပြာ အရေးပြားတွေအောက်မှာ
အနုပညာအနာဂတ်နဲ့
ဖြောင့်မတ်မှုတရာ
ရဲရင့်တဲ့သွေးကြောတို့ထောင်ထ
နံရံတစ်ခုနဲ့ ဖိချတောင်
မလဲမပြိုနိုင်ရှိပေလိမ့်
ငါ့ မိတ်ဆွေ ။
ကိုယ့်ကြောင့်
လူဖြစ်လာတဲ့လူတွေအတွက်
ကိုယ့်မှာ တာဝန်ရှိတယ်။
ကျွန်တာ့်အဖေကို
ကျွန်တော် စွဲချက်တင်ခဲ့သလို
ကျွန်တော့်သားက
ကျွန်တော့်ကို စွဲချက်တင်မှာ
ကျွန်တော်ကြောက်တယ်။
ကျွန်တော့်ဒုက္ခကို ၀င်ကူထမ်းခဲ့တဲ့အတွက်
မိန်းမကို ဆက်ရမယ့် အကြွေးတွေ ရှီိတယ်။
မိတ်ဆွေက ငြိမ်ငြိမ်သက်သက် နားထောင်လို့၊
ဒီတော့မှ သတိရ
လူတိုင်းဘ၀ကိုယ်စီရှိကြတာ
ငါ့လို အကြွေးတွေ တာဝန်တွေ ဆန္ဒတွေ
အသီးသီးရှိကြတာ
ငါ့မှ ဖွဲ့ဖွဲ့နွဲ့နွဲ့ ပြောနေလို့
ဒါ မသင့်တော်ဘူး။
ဒီလို ကိုယ့်အတွက် ကိုယ်ကြည့်ကြစတမ်းဆိုရင်
ပန်းတွေ ပွင့်အောင် ဘယ်သူစိုက်မလဲ
တောတွေ ဘယ်သူခုတ်ထွင်ရှင်းလင်းမလဲ
ဆယ်စုတွေ ထိန်လင်းအောင်
ဘယ်သူမီးထွန်းပေးမလဲ
မိတ်ဆွေက
ငြိမ်ငြိမ်သက်သက် နားထောင်လို့
အဲ့ဒါကိုက ရှက်စရာ
ခင်ဗျားရင်ထဲမှာ ဘာတွေပြောနေသလဲ
အားမနာပါနဲ့ဗျာ
ကျွန်တော့်ကိုယ်ကျွန်တော်တောင်
ရွံရှာလာရဲ့
ငါ့မိတ်ဆွေရှေ့
ငါ့စိတ်တွေ ရေနစ်ခဲ့ရ
အကြိမ်ကြိမ်ပါပဲ
ခင်ဗျားလာပါ
မကြာခဏလာပေးပါ
ခင်ဗျားဟာ ကျွန်တော့်ပါးကိ
ခပ်ပြင်းပြင်းရိုက်တတ်တဲ့
မှန်တစ်ချပ်ဖြစ်တယ်
ဒါကြောင့် ခင်ဗျားလာပါ
ကျွန်တော့်ကိုယ် ကျွန်တော်ဆဲရေးဖို့
အကြိမ်ကြိမ်ပြန်ကောက်တင်ဖို့
ကျွန်တော့်ဲ့ညစ်ထေးမှုတွေကို
ခွေးတစ်ကောင် မဖြစ်သွားစေဖို့
ခင်ဗျားလိုအပ်တယ
ခင်ဗျားလာရင်
ကျွန်တော့်ကောက်ပင်တွေ
စိမ်းလန်းတတယ်
ကျွန်တော့်နှလုံးသားကိုလည်း
လှောင်အိမ်ထဲက
အပြင်ခဏ လမ်းလျှောက်ခွင့်ရစေတယ်၊
ဒါကြောင့် ခင်ဗျား လာပါ
ငါ့မိတ်ဆွေရေ.......။
ချစ်ခင်မှုတရားနဲ
လက်ဘက်ရည်ဆိုင် သွားကြတာပေါ့ ။
နှင်းခါးမိုး
၁၉၉၄
(ကမ်းရှာငှက် ကဗျာစာအုပ်မှ)
*******************************************************
အအိပ်ခတ်တဲ့အတွေ
=================
အခုအချိန်မှာတော
အသက်ရှုသံတွေဟာ
မော်တော်ကားသံတွေထက် ပိုကျယ်တယ်
ပြီးသွားတဲ့နေ့တစ်နေ့နဲ့
စတင်တဲ့နေ့တစ်နေ့ရဲ့ကြားက
ခရီးလမ်းမပေါ်မှာ
ရုပ်ခန္ဓာတွေကို မောင်းနှင်သယ်ဆောင်နေကြရဲ့ ။
အဲဒီအသက်ရှုသံတွေနောက်မှာ
တိတ်ဆိတ်မှုကြီးတစ်ခုရှိနေတယ်။
အရာအားလုံးကို သူ့ဝမ်းဗိုက်ထဲ
လောဘတကြီးမျိုချထားလို့ပေါ့။
နောက်ဆုံးမှာ သူ့အသက်ရှုသံတွေကိုတောင်
သူက မျိုချပစ်လိုက်တယ်
ငါ့နားရွက်တွေကိုလည်း မျိုချပစ်လိုက်တယ်။
မျက်လုံးကို ဖွင့်လိုက်ပေမယ်
ဘာမှ ပြေးဝင်မလာဘူး။
မျက်ခွံရဲ့အတွင်းနံရံကိုပဲ
ပိုမိုကျယ်ပြန့်စွာ မြင်နေရ၊
ဘာမှမရှိတော့ဘူးလား
ခြင်ထောင် အမိုး
အိမ်နံရံ ဗီရိုနဲ့
ကြိုးတန်းပေါ်က အ၀တ်အစားများ
အနည်းဆုံး ကိုယ့်လက်ဖ၀ါးတွေပဲ ဖြစ်ဖြစ်ပေါ့
ဒီလိုအဆုံးမရှိတဲ့ဟင်းလင်းပြင်ကြီးထဲမှာ
ငါ အသက်မရှင်နိုင်ပါဘူး
စိတ်ဟာ ပစ္စည်းတစ်ခုလို လွတ်ကျ
ကြောက်အား လန့်အား လှမ်းအဆွဲမှာ
စောင်တစ်ထည်ရဲ့အေးစက်တဲ့အနားစွန်းကို
လက်ထဲမိတယ်။
ရှိတယ်
အရာရာဟာ သူ့နေရာမှာသူ
အရင်အတိုင်းရှိနေတယ်။
မျက်လုံးထဲ သူတို့ရောက်မလာနိုင်တာက
သူတို့ကို သယ်ဆောင်လာမယ့်
အလင်းရောင်မရှိလို့ပဲ။
အလင်းရောင်မရှိသရွေ့
မျက်လုံးတွေ ရှိနေတာကိုပါ
ဆုံးရှုံးနေရမှာ သေချာတယ်။.
ခွေးတစ်ကောင် ထဟောင်တယ်
စူးစူးဝါးဝါးကလေးငိုသံတစ်သံက
ဟိုးအဝေးက ရောက်လာတယ်.။
တိတ်ဆိတ်မှုဟာ
ထိုးဖောက်ခံရ ဘောလုံးတစ်လုံးလို
ပေါက်ကွဲသွားတော့တယ်။
တိတ်ဆိတ်မှုရဲ့အန်ဖက်ထဲမှာ
ငါ့ နားရွက်တွေ ပြန်မြင်ရတယ်။
ပြီးတော့
စက်ရုံတစ်ရုံလို အလုပ်လုပ်နေတဲ့
လူတွေရဲ့အဆုပ်ရယ
မကောင်းမှုတစ်ခုကို ကျူးလွန်နေရာက
ခွေးဟေင်သံကြောင့် တွန်းဆုတ်သွားတဲ
လူတစ်ယောက်ရဲ့လက်ရယ်
ကလေးအမေတစ်ယောက်၇ဲ့
အိပ်ရေးပျက်ပေမယ့် လှပနေတဲ့
မျက်နာလေးရယ်
ဘယ်လောက်အံ့သြဖို့ကောင်းလိုက်သလ
ငါ မြင်ရတယ်။
ရှိတယ်
အရာရာဟာ သူ့နေရာမှာသူ
အရင်အတိုင်းရှိနေတယ်။
အလင်းရောင်မရှိပေမယ့်
အသံတွေသာရှိနေရင
အဲဒီအရာတွေကို
နားနဲ့ ကြည့်လို့ ရနိုင်တယ်။
ရေခဲသေတ္တာထဲ အထည့်ခံရတဲ့ရေတွေလို
တဖြည်းဖြည်း အေးခဲသွားတဲ့အခါ
ပြီးသွားတဲ့နေ့တစ်နေ့နဲ့
စတင်တဲ့နေ့တစ်နေ့ကြားက
ခရီးလမ်းမပေါ်မှာ
အသက်ရှုသံတွေဟာ
မော်တော်ကားသံတွေထက် ပိုကျယ်တယ်။
လူသားတွေဟာ
သူတို့ရဲ့ဘ၀တစ်ဝက်ကို
ဆုလာဘ်အဖြစ်ရရှိခဲ့ကြပြီး
ကျန်တစ်ဝက်ကိုတော့
အပြစ်ဒဏ်အဖြစ် ရရှိခဲ့ကြရင်
မျက်ခွံရဲ့အတွင်းဘက်နံရံမှာ
ကမ္ဘာကြီးကို နားနဲ့ မြင်ခဲ့ရတဲ့
အခုလိုညမျိုးဟာ
ဆုလာဘ်နဲ့ အပြစ်ဒဏ်ကို
ဆက်သွယ်ထားတဲ့ မျဉ်းဖြောင့်တစ်ကြောင်းပေါ်က
ပြေးလမ်းတစ်လမ်းသာ ဖြစ်တယ်။
နှင်းခါးမိုး
(၁၉၉၅၊ ကမ်းရှာငှက်ကဗျာစာအုပ်မှ)
**********************************************
မက်ဆေ့ _ ၁
===========
တံတားအလယ်တည့်တည့် ရောက်တော့
မိုးသားတွေ ညို့တက်လာတယ်
မူးရင် ငိုဖို့ စုထားတဲ့ မျက်ရည်တွေ
မြစ်ထဲမှာ စီးဆင်းနေခဲ့ပြီ
မင်းကို တကယ်ချစ်ခဲ့တာပါလို့ ပြောရမလား
ဒီတံတားပေါ်က ခုန်ချလိုက်ရမလာ
စနေနေ့ဟာ ဖျားနေတယ်။
နှင်းခါးမိုး
*********************************************************
ဓါးသမား
=========
၁။
ဒီဓါးက
တရားကိုစောင့်တယ်။
လေမှာစပယ်ပန်းနံ့လှိုင်လို
့ကောက်ပင်စိမ်းတွေကိုတိုးဖြတ်ပြီး
အိမ်ကိုငါပြန်ခဲ့တယ်၊
ဒီအချိန်ဆို
ခြံဝမှာငုတွေထိန်နေရောပေါ့။
အိုကြည့်စမ်း
ပြေးထွက်လာတာ
ငါ့သားပါပဲ၊
မမြင်ဘူးသေးပေမယ့်
ရင်ကသိနေ
သူ့နောက်ကနွဲ့နွဲ့ကလေးလွင့်ပါလာတာ
သားရဲ့အမေ
ငါ့ရင်ထဲ ဘယ်တော့မှမနွမ်းခဲ့တဲ့ပန်းပွင့်
မေတ္တာတရားနဲ့ တမိုးလုံးကိုပြာစေခဲ့သူ
အိုချစ်သူ။
မြေမှာဒူးထောက်ထိုင်ချ
လက်အစုံရှေ့ဆန့်ကမ်းပြီး
ထွေးဖက်ပွေ့နမ်းလိုက်ပေမယ့်
တဖြည်းဖြည်း
အရောင်တွေရောထွေးပျော်ကျ
အဲဒီခဏမှာ
တိတ်ဆိတ် ငြိမ်သက် အေးချမ်း
ရွာအ၀င်လမ်းကလေးက
ဟိုးအဝေးမိုးကုပ်စက်ဝိုင်းဆီ။
၂။
ဒီဓါးနဲ့
မတရားမှုတွေကို
တိုက်ခိုက်ခဲ့တယ်။
သူယုတ်တို့ရဲ့နှလုံးသားမှာ
ဒီဓါးကိုထိုးစိုက်ခဲ့တယ်။
ငါ့ကိုမဖျားယောင်းပါနဲ့
ငါ့ကိုမခြိမ်းခြောက်ပါနဲ့
ဘာကိုမှမလိုချင်တဲ့သူဟာ
ဘာကိုမှမဆုံးရှုံးခဲ့ဘူး။
သွေးသံရဲရဲပေမယ်
ဆောင်ဓါးပေါ်လက်မြဲခဲ့သူ၊
အိုအရှင်
သင်မှတပါး
ငါ့အားသစ္စာပေးနိုင်သူမရှိ
နတ်ဘုရားရဲ့အလှမှာလည်း
ငါမကျဆုံးခဲ့ပါ
အမှန်တရားဖြင့်သ
ဤဓါးကိုသွေးခဲ့ပါ၏။
၃။
ကျားဆိုးတွေကိုလည်း
သံကြိုးဖြေလွှတ်ခဲ့
သူရဲတထောင်နဲ့လည်း
ဓါးလှံထောင်ချောက်တွေဆင်ခဲ့
နံကြားထဲလည်း
အဆိပ်ဓါးချက်ထိုးစိုက်ခဲ့၊ပြီးမ
ငါ့ကိုရင်ဆိုင်
နင် နိုင်နိုင်မလားတဲ့
မိစ္ဆာစစ်ရထားဟာ
ဒုန်းစိုင်းပြေးဝင်လာပါရော။
မြေလက်တဆုပ်ကိုကောက်နမ်း
သက်သေစကားပြုခဲ့တယ်၊
လောကကိုစောင့်ရှောက်သူတို့ဝိဥာဉ်ကား
သေသည်မရှိ၊
မြေတမှုန်မျှသာဖြစ်စေ
ငါ့ဝန်ငါကျေစေအံ့။
သွေးသံရဲရဲပေမယ်
ဆောင်ဓါးပေါ်လက်မြဲခဲ့တယ်၊
ဟိုးမိုးကုပ်စက်ဝိုင်းဆီက
ရွာအ၀င်လမ်းကလေးပေါ်မှာတော့
ငုပင်တွေအောက်မိသားတစု။
၎။
ဒီဓါးက
တရားကိုစောင့်ခဲ့တယ်။
နှင်းခါးမိုး
၂၀၀၃
*****************************************************************
အားလပ်ရက်အယ်ဘမ်
=====================
ပုလင်းထဲကရေကသေနေပြီ
ပုလင်းကအိပ်မက်မက်ကောင်းတုန်းပဲ
မိန်းမတယောက်ရဲ့လက်သည်းခွံပေါ်မှ
နာမည်ကျော်ပင်လယ်ဓားပြကြီးရဲ့ကမ္ဘာ့မြေပုံ။
ရေတံခွန်ကြီးတခုလုံးပျောက်ဆုံးသွားတယ်
ယာဉ်စည်းကမ်းအားလုံးအတိအကျလိုက်နာတယ်
လိုင်စင်တော့မရှိဘူး။
လှိုင်းစီးချင်လို့ပင်လယ်ကိုလာတာ
ကမ်းခြေမှာမီးလှုံရင်းပြာဖြစ်ခဲ့ရ။
ဘန်ဒါပင်အောက်မှာကားကိုရပ်တယ်
ဝရံတာတခုလုံးရေရွှဲအောင်လောင်းတယ
ချယ်ရီကတကမ္ဘာ ငုကတကမ္ဘာ။
နှင်းခါးမိုး
***************************************************************
ဇူလိုင်
========
၁၉၄၇ ရန်ကုန်မြို့ အတွင်းဝန်ရုံး မနက် ၉ နာရီ မိုးကလေးတဖွဲဖွဲ
ဒီနေ့အထိ အဲဒီမိုးကမတိတ်တော့ဘူး
ခါရာသီရွေ့ပေမဲ့
လူသတ်တဲ့နိုင်ငံရေး သွေးနံ့က လေသင့်ရင်တချက်တချက်ပါလာတုန်း
ဟေး လက်ဆေးပြီးပြီလာ
ဟား လက်ဆေးကြရဲ့လား
ဥသြသံမှာ ခြေစုံရပ်ဦးညွုတ်ရင်း
နောက်ထပ် ဒီလိုမိုးတွေ မရွာစေချင်တော့ပါ။
နှင်းခါးမိုး
*****************************************************************
၇၀ ခုနှစ်များ
==============
အုတ်ကျင်းဂုန်ရှော်၊ သမိုင်းချည်မျှင်၊ ဆင်မလိုက်သဘောင်္ကျင်း
ကျည်ဆန်မတောင်း ဆန်တောင်းတာပါ။ ပင်လယ်ဝမှာ သွားသွန်ပစ်တယ်တဲ့ (ကြားဖူးတာပါ) အဲဒီတုန်းက လုပ်သားပြည်သူတွေပေါ့လေ၊
ရာဇ၀င်တွေရိုင်းခဲ့ရပြီအဘိုးရေ့
အမျိုးသားစာဆိုကြီးလေ အနှစ်တရာလည်းမနေခဲ့ရ
အနှစ်တရာရာဇ၀င်လည်းရိုင်းခဲ့ရ
(မီးရှို့ခံခဲ့ရတဲ့ရုပ်ရှင်ရုံတွေကတော့ ဟိုတယ်တွေဖြစ်ကုန်ပြီ)၊
ကမ္ဘာ့ငြိမ်းချမ်းရေးဗိသုကာကြီးပေါ့
မြန်မာပြည်ရောက်တော့ ဆူပူလှုံ့ဆော်ရေးသမား
သေတဲ့သူမြေပုံကိုခြေထောက်နဲ့ကန်လို့
မြေထိုးစက်ရှေ့ရင်ဘတ်တွေထိုးကာခဲ့ကြ
အလောင်း ၁၄ လောင်းကာထားတဲ့ ပင်နံယံသွားထဲမှ
စပါးနှံဟာ ကားစင်တင်ခံခဲ့ရပါတယ်။
နှင်းခါးမိုး
******************************************************************
ယုန်တကောင်နဲ့အင်တာဗျူး
=========================
လပေါ်မှာ ယုန်တကောင်ရှိတယ်ဆိုတာ တကယ်လား
ဒီမေးခွန်းက ဟောင်းလှပြီ။
ငါကိုယ်ကာယကြီးက ခြုံပုတ်တခုဆိုရင်
ငါ့သွေးကြောတွေထဲမှာ ယုန်တကောင်ပြေးလွှားနေမယ်
နံရိုးတွေကို မုန့်လာဥလို တူးထုတ်ဝါးနေမယ်
အရေပြားတွေပေါ်တက် နေပူခံမယ် ဆော့ကစားမယ်
ငါ့လက်သည်းခြေသည်းလေးတွေပေါ်မှာ သူ့သွားတွေကိုသွေးချင်သွေးနေအုန်းမယ်
ပြီးရင် ငါ့ဆံပင်ရှည်တွေကြားကနေ သူအိပ်မက်ဖူးခဲ့တဲ့ တောင်ကုန်းစိမ်းကလေးတွေကို လိုက်ရှာနေလေမလား။
ငါ့နှလုံးသားကလှောင်အိမ်တခုဆိုရင်
ယုန်ကလေးဟာ မျက်လုံးကလေးပြူးကြောင်နဲ့ ကြောက်လန့်တကြား ဟိုပြေးဒီပြေးလုပ်နေမယ်။ ခဏနေတော့ လှောင်အိမ်ထောင့်မှာ တိုးကပ်ငြိမ်ဝပ်နေမယ်။ တော်နေကြာတော့ ရေခွက်ထဲကရေကို မရဲတရဲလေးလာသောက်မယ်။ ပြီးတော့ ကန်ဇွန်းရွက်ရိုးတွေကို တဗြက်ဗြက်နဲ့ ကိုက်ဝါးနေမယ်။ ဒါပေမယ့် လှောင်အိမ်ဆိုတော့ သူ့အတွက် ကိုက်လမ်းကမရှိဘူး။ လှောင်အိမ်ထဲရောက်နေမှတော့ ပိုက်ထောင်ကို ဘာကြောင့်ကြောက်နေရအုန်းမှာလဲ။
ပိန်ချိုင့်ပြားကပ်နေတဲ့ဒန်ပန်းကန်ပြားထဲမှာ
ငါးတပုံကတထောင်၊ ကြက်သားတပုံကထောင့်ငါးရာ
ကြွပ်ကြွပ်အိတ်ကလေးဆွဲပြီး သုတ်သုတ်ကလေးလာ သုတ်သုတ်ကလေးပြန်ကြတယ် အမှောင်ပိုက်ကွန်ထဲမှာ
ဈေးတန်းကလေးက လူးလူးလွန့်လွန့်ကျန်ခဲ့တယ်
တိုက်ခန်းကျဉ်းတွေထဲက အန်ထွက်လာတဲ့အသံနဲ့မီးရောင်များ ရပ်ကွက်ကိုပြဇာတ်ခင်း တင်ဆက်နေချိန်မှ
တချို့ သူများတွေအလုပ်ကပြန်ချိန်မှ သူတို့တွေအလုပ်သွားကြတယ်။
ယုန်မွှေးဖိနပ်နဲ့ ယုန်မွှေးဦးထုပ်နဲ့ ယုန်မွှေးဆွယ်တာနဲ့
ယုန်ထောင်ရင်းမိလာတဲ့ကြောင်မကလေး၊ ခုတော့ ၀ံပုလွေမ
မင်းနှုတ်ခမ်းမှာ ငါ့သွေးစသွေးနတွေနဲ့။
တကယ်တော့ လက်မှတ်ထိုးလိုက်တိုင်း
စစ်ပွဲကပြီးသွားတာမဟုတ်ဘူး၊
ငြိမ်းချမ်းရေးဆိုတာ
လက်ထပ်စာချုပ်လား၊ ကွာရှင်းစာချုပ်လား
ဒီမေးခွန်းကတော့ အသစ်ပဲ၊ လုံးဝအသစ်ပဲ။
နှင်းခါးမိုး
***************************************************************
မောင့်မဟာဂီတ သူမ
====================
နမ်းနေတဲ့
ကလေးလေးနှစ်ယောက
ခေါင်းချင်းဝှေ့နေတဲ့
ကြောင်ကလေးနှစ်ကောင်
တကိုင်းတည်းနားနေတဲ့
ငှက်ကလေးနှစ်ကောင်
ဧည့်ခန်းထဲက ဘီရိုပေါ်
ချစ်ခြင်းမေတ္တာတွေ သူခင်းကျင်းထားပုံ။
သမီးလုပ်သူက
ချစ်တဲ့သူရင်ခွင်မှာ
သိုက်မြုံသစ်ကလေး ဖွဲ့လို့
သားကတော့
အပျံသင်စ...။
ငါ့တစ်ဘဝလုံး
မင်းတို့ကို ထိုးမကျွေးနိင်ဘူးတဲ့
မိသားစုဘဝကို
သူ့အခန်းကျဉ်းလို့ ခံစားနေရတဲ့
လင်သားရဲ့ပူလောင်နေပုံကို
သူက ယပ်ကလေး ခပ်ပေးချင်နေပြန်တယ်။
သြော် သူ မအောင်မြင်ခဲ့ရှာဘူး
လုပ်ချင်တာတွေမလုပ်ရသေးဘူး
သူ့တစ်ဘဝလုံး အလိုမပြည့်ခဲ့ရှာသူ
သူ့မျက်လုံးတွေကအဝေးကိုငေးမောလို့
ကျွန်မရှင့်ကို နားလည်ခဲ့ပါတယ်
အိမ်ရှေ့ မီးတိုင်လေးအောက်ကနေလည်း
ကျွန်မရှင့်ကိုစောင့်မျှော်ခဲ့ဖူးပါတယ်
အိမ်ရှေ့ကကျော်ကျော်သွားတဲ့ စာပို့သမားကို ခိုးခိုးစောင့်ရင်းလည်း
ကျွန်မမျက်ရည်ကျခဲ့ဖူးပါတယ်
နှစ်ကာလတော်တော်များများမှာ
သားလေးနဲ့သမီးကိုဖက်ရင်း
ရှင်မရှိတဲ့အိပ်ရာတခြမ်းကို
ကလေးတွေမနိုးအောင် ဖွစမ်းရင်း
ကြိတ် လွမ်းခဲ့ဖူးပါတယ်။
ရှင့်ယုံကြည်ချက်အတွက်
ကျွန်မလည်း ရဲစခန်းမှာ ငုတ်တုတ်ထိုင်မိုးလင်းခဲ့ဖူးပါတယ်
ရှင်ရှိတဲ့ နံရံကြီးတွေရှေ့မှာ
တစ်နေကုန်ထိုင်စောင့်ရင်း
ဆေးလိပ်တစည်းနဲ့ ငပိကြော်တစ်ထုပ်
ချစ်အပြုံးနဲ့ သတင်းစကား
ကျွန်မအားပေးခဲ့ဖူးပါတယ်
အဲဒီတုန်းကတော့ မလွမ်းဘူး
တရေးနိုးလို့ငဲ့စောင်းကြည့်လိုက်တောင်
ဘေးနားမှာ ရှင်အိပ်နေသလိုပ
လွတ်နေတဲ့ခေါင်းအုံးတောင် နွေးလို့
ဘာမှသိပ်မသိသေးတဲ့ သမီးကတောင်
သူ့အဖေ အိမ်မှာရှိနေသလု
အရယ်အပြုံး မပျက်ဘူး
ကစားရာက ပြန်လာရင်
ဖေကြီးဘယ်မှာလဲလို့ မမေးဘူး
ဒါဟာ ဆုံးရှုံးမှုတစ်ခု ကွက်လပ်တစ်ခု
ပေးဆပ်ခြင်းတစ်ခုလို့
တစ်မိသားစုလုံး မခံစားရဘူး
နားထင်မှာစို့ခဲ့တဲ့ ချွေးကို
ဘဝလေပူမှာ သွေ့ခြောက်စေခဲ့တယ်
ရှင့် အင်အားတွေနဲ့
ကျွန်မ သန်မာခဲ့ဖူးတာပေါ့
အဲဒီတုန်းကလေ။
သတိရတယ်
မိုးစိုနေတဲ့ရှ င့်လက်မောင်းက
ကျွန်မပါးပြင် ကိုနွေးထွေးစေခ့
အိမ်ကိုပြန်လာတဲ့လမ်းကြားလေးထဲမှာ
နှစ်ဦးသားစကားမဆိုမိကြ
စကားလုံးတွေမလိုအပ်လောက်အောင်
တို့တွေပူနွေးနေခဲ့ကြတာမဟုတ်လား
ပိန်ချုံးချုံးမျက်နှာကို စိုက်ငေးရင်း
ရှင့်မျက်လုံးတွေက အရင်ထက်တောင် တောက်ပလာတယ်လို့
ကျွန်မတွေးခဲ့ဖူးတယ်
ရှင်ကတော့
ကျန်ခဲ့တဲ့ သူငယ်ချင်းတွေကိုတွေးပြီး
အိမ်ကထမင်းပွဲ ဆက်မစားနိုင်ခဲ့ဘူး
မနက်ကျတော့ အစောကြီး ထထိုင်နေတယ်
ဒီအချိန် တန်းဖွင့်ပြီတဲ့
ဘုရားခန်း ကျဉ်းကျဉ်းလေးထဲ
တစ်နေကုန်လမ်းလျှောက်နေပြန်ရော
ကျွန်မဆိုင်သိမ်းလို့ ပြန်လာတော့
သော့ခလောက်သံလည်း မကြားပါလားလို့
တစ်ကိုယ်တည်း တိုးတိုး တိုးတိုး ပြောနေပြန်ရဲ့။
ရှင့်အလုပ်အားလုံးကို
ကျွန်မနားမလည်ပါဘူး
ရှင်ယုံကြည်တာတွေ၊ရှင်ရွတ်ဖတ်တာတွေလည်း
ကျွန်မအားလုံးနားမလည်ဘူး
ရှင့်စာအုပ်တွေကို
အထုပ်ထုတ်ပြီး သိမ်းထားပေးခဲ့ပေမယ့်
တစ်အုပ်မှ ကျွန်မ မဖတ်ဘူး
ကာတွန်းစာအုပ်တောင် ကျော်ကျော်ဖတ်လို့
ရှင်က ကျွန်မကို ဆူဖူးတယ်နော်
ဒါပေမဲ့ ကျွန်မရှင့်ကို နားလည်ခဲ့ပါတယ်
ချစ်ခြင်းမေတ္တာဆိုတာ အရာအားလုံးကိုနားလည်တယ်လေ
ကျွန်မရှင့်ကိုတော့ စာတစ်လုံးတောင်ကျော်မဖတ်ခဲ့ပါဘူး။
ဒါပေမဲ့
တစ်နေရာမှာ တစ်ခုတော့မှားခဲ့တယ်
သားလေးမွေးပြီးချိန်
ရှင်အဝေးကို ထွက်သွားတယ်
ရှင်မယဉ်ပါးတဲ့ တောနက်ထဲဝင်ပြီး
ရှင်မသိတဲါ အိမ်မက်တွေကို အမဲလိုက်ခဲ့တယ်
ငါဒုက္ခရောက်ချိန်မှာ
မင်းက မေတ္တာတရားကို ပြသဖို့ အခွင့်အရေးရခဲ့တယ်
မင်းစားချင်တဲ့ သစ်သီးကို ငါခူပေးမယ်တဲ့
ဒါပေမဲ့ ရှင်ခူးတဲ့သစ်သီးမှာ ခါချဉ်ထုတ်နဲ့
ကျွန်မအသည်းနှလုံးကိုတုတ်တယ်
ဒီနေရာမှာကျွန်မကိုစာမျက်နှာကျော်ဖတ်ခွင့်ပြုပါ
စာလုံးတွေက ဝါးလာတယ်
ဒီကွက်လပ် ဒီဆုံးရှုံးမှု
ဘယ်တော့မှ ပြန်မပြည့်နိုင်တော့ဘူး
ကံကောင်းထောက်မစွာ
ရှင်အခုကျွန်မလှောင်ပိမိလေးထဲမှ
ဒါပေမဲ့ ရှင်သီတဲ့တေးက
အဝေးတောတန်း တစ်နေရာ...။
ဒီလှောင်အိမ်မှာ
ရှင်မုန်းတဲ့ သော့ခလောက်မရှိဘူး
ချစ်ခြင်းမေတ္တာဆိုတာ
ကြိုးတစ်ချောင်းမဟုတ်ဘူး
ကားနံပါတ်ပြားမဟုတ်ဘူး
ဘီရိုထဲမှာ
ဘဝနှစ်ခုကို အလှထည့်ထားဖို့မလိုဘူး
ရှင်သွားမယ့်လမ်းမှာ
တံတားတစ်ခုပဲ ဖြစ်ချင်ပါတယ်
ကျွန်မဟာ တံခါးတစ်ချပ် မဟုတ်ပါဘူးမောင်...။
ညားကာစ ကတည်းက
ရှင်ကကျွန်မကို မောင်လို့ခေါ်စေချင်ခဲ့တယ်မဟုတ်လား
ဒါပေမဲ့
နှုတ်မရဲတာလား
အစွဲအလန်းတစ်ခုကြောင့်လား
ခေါ်စေချင်မှန်းသိလို့ရှင့်ကိုနောက်ရင်းနှုတ်ကျိုးသွားတာလား
ဘယ်တုန်းကမှ မောင်လို့မခေါ်ဖြစ်ခဲ့ဘူး
သမီးမွေးကတည်းက
ဖေကြီးလို့ခေါ်ခဲ့တာလေ
ခုတော့ငွေရတုတိုင်ရော့မယ်
ဟေမာနေဝင်းစတိုင်နဲ့ ဖြစ်ဖြစ်
မေဆွိလေသံနဲ့ဖြစ်ဖြစ်
တစ်ခါလောက်တော့ မောင်လို့ခေါ်ကြည့်ရဦးမယ်
ရှင့်ခြေလှမ်းတွေ နှေးသွားအောင်
စောင်းငဲ့ကြည့်စေချင်လို့တော့ မဟုတ်ပါဘူးနော်
ချစ်ခြင်းမေတ္တာဆိုတာ
ဘာကိုမှမတားမြစ် မချုပ်နှောင်ပါဘူးမောင်ရယ်။
တစ်ချိန်မှာ
ဧည့်ခန်းလေးထဲ
သူတစ်ယောက်ထဲ ထိုင်နေမှာ
အခြားတစ်နေရာမှာ သူ့ဘာသာ တောက်လောင်နေမယ့်သူ့လင်သားကို
သူက မီးလှမ်းလှုံချင် လှုံနေမှာ
အချိန်တန်ရင်တော
အိမ်ပြန်လာနေကြပါလေလို့ တိုးတိုးဆိုရင်း
ဟင်းအိုးတွေ နွှေးချင်နွှေးနေမှာ
သူ့ပြတင်းပေါက်မှာ လယလာနားမယ့်
သားနဲ့သမီးကို
နေရောင်ခြည်လို
ခန်းဆီးလေးတွေလှပ်လှပ်ပြီး မျှော်နေမှာ
ငွေရတု တမနက်ခင်းရဲ့
စိုသီးလက်ပနေတဲ့ မြက်ဖျားနှင်းစက်လေးတွေကိုကြည့်ရင်း
မောင်လို့
သူ့နှလုံးသားကို သူတီးခတ်လိုက်တဲ့အသံလေးထွက်လာတဲ့အခါ
မှန်ဘီရိုထဲက အရုပ်ကလေးတွေက တလှုပ်လှုပ်နဲ့ ကခုန်ကြလေရဲ့
အချစ်ဆိုတာ
စာသားထည့်ဆိုဖို့ မလိုတဲ့
ဂီတတစ်ခုပါကွယ်
အားလုံးပြည့်စုံခဲ့ပါတယ် မောင်...။
(နှင်းခါးမိုး)
*********************************************************************
မီးအိမ်ပျောက်တဲ့မြစ်
______________
အဖေဟာ
အာဏာရှင်ပဲ
ကျနော်တို့အိမ်မှာ
အဖေဟာ အာဏာရှင်ပဲ
ခေါင်းရင်းမှာ ဖျာတချပ်
သူ့အတွက်အမြဲခင်းပေးထားရတယ်။
ထမင်းချက်ရင်
သူ့အတွက် ဆန်သပ်သပ်
ဟင်းချက်ရင်
သူ့အတွက် အသားတခွက်
ရေတောင်
သဲအိုးသေးသေးလေးတလုံးနဲ့
သူ့ကုတင်ဘေးနားမှာ သူ့အိုး
ကျနော်နေ့တိုင်းဖြည့်ရတယ်။
ကျနော်ဟာ
အဖေ့သေးအိုး သွန်ရတယ်
မနက်စောစောရေနွေးကြိုရတယ်
ဘီဒိုတွေကိုဖုန်သုတ်ရတယ်
လူဆိုတာ
ကိုယ့်တာဝန်ကိုယူရတယ်တဲ့
တခါတလေအဖေ့တမိုးအောက်
ကျနော့်မှာနေစရာမရှိဘူး။
သူများတွေကျောင်းတက်ရင်းလက်ဖက်ရည်
ဆိုင်ထိုင်နေတဲ့အချိန်မှာ
ကျောင်းတက်မလား
လက်ဖက်ရည်ဆိုင်ထိုင်မလား ကြိုက်တာရွေး
လက်ဖက်ရည်ဆိုင်ဆိုတာ
ကိုယ့်ပိုက်ဆံနဲ့ကိုယ်ထိုင်ရတယ်တဲ့
မုန့်ဖိုးတောင်တချိန်အတိုးနဲ့ပြန်ဆပ်ရမယ့်
အပေါက်မျိုး
အဖေ့ဒသနမိုးခေါင်တယ်
အမေသာလရောင်တွေဖြာမကျခဲ့ဘူးဆိုရင်
ကျနော့်ပင်လယ်ဟာခမ်းသွားနိုင်တယ်။
အဖေက
ထမင်းစားချိန်လူစုံမှ
နောက်ကျရင်ဘာမှချန်မထားဘူး
အမေကတော့
ကျနော့်အတွက်ကြောင်အိမ်အောက်ဆုံးထပ်မှာ
ဖွက်ဖွက်ထားတယ်။
အဖေ့နှလုံးသားမှ
မီးအိမ်ကလေးတလုံးရှိတယ်ဆိုရင်
ဒါကိုထွန်းညှိုပေးတာအမေပဲ
အဖေ့နှလုံးသားမှ
မီးအိမ်ကလေးတလုံးရှိတယ်ဆိုရင်
ဒါကိုထွန်းညှိုပေးတာအမေပဲ
အဖေ့နှလုံးသားမှ
ရေခဲပြင်ကြီးတခုရှိတယ်ဆိုရင်
အဲဒါကိုအပ်နဖားနဲ့ရိုက်ခွဲတာ
ကျနော်ပဲ
အဖေဟာ
ဘယ်တော့မှမစိမ်းလန်းဘူး
တကယ့်သဲကန္တာရပဲ
ကျနော်ကတော့ကုလားအုပ်လိုပဲ
ရေတခါသောက်ပြီးတိုင်း
မိုင်တထောင်လျှောက်ရတယ်။
အခုတော့ အဖေဆုံးပြီ
ကျနော်မရှိတုန်း
ကျနော်ဟိုးအဝေးကြီးမှာရှိနေတုန်
အဖေဆုံးပြီ
အီးမေးလ်ကစာတစောင်ရတော့
ခဏငြိမ်သက်သွားတယ်
စာကိုပိတ်လိုက်ပြန်ဖွင့်လိုက်လုပ်တယ်
အခန်းပြတင်းကနေ
မမြင်ရတဲ့တောင်တွေကို လှမ်းငေးတယ်။
ငါပြောသားပဲ
ဒီကောင်ဘာမှဖြစ်လာမှာမဟုတ်ဘူးလို့
အဖေအဲဒီလိုများတွေးသွားသလား
ဟုတ်တယ် အဖေ
ကျနော်လေးဆယ်ကျော်ပြီ
ဘာမှမဖြစ်သေးဘူး
ဘာကောဖြစ်ရဦးမှာလဲ
ဘာတွေဖြစ်ချင်ခဲ့တာလဲ
အဖေပြောသလို
ကျနော်လှေမျောခဲ့သလား
ဘယ်ကမ်းမှာနေညို ညို
ကျနော့်မှာကျနော့်ကိုယ်ပိုင်သီချင်းနဲ့
မင်းကလူသာပျော့တယ်
ခေါင်းကတော့ အမာသားလို့
အဖေပြောအုန်းမှာပဲ။
တကယ်တော့ တံမြက်စည်းအစ
လိပ်ကျောက်မြီးအဆုံး
ကျနော့်ကျောကုန်းက ရင်းနှီးခဲ့တာ
အဖေကမီးပေါ်တင်ဖုတ်လိုက်
အမေကမနက်ခင်းနှင်းကလေးတွေဆွတ်လိုက်နဲ့
မာကျောခဲ့ရ စိမ်းလန်းခဲ့ရတာ
ကျနော်ဟာ ဆီးပင်ကလေးပါ။
အပူပိုင်းမှာဖြိုင်ဖြိုင်သီးတယ်
ချဉ်မှန်းသိရက်ကိုက်ကြည့်တယ်
ခြောက်သွားလေ စားလို့ကောင်းလေဆိုလား
ကျနော်ဆီးသီးလေးလိုပြုံးတတ်ခဲ့တယ်။
အဖေ့ရဲ့ဆီးသီးကလေး
မိုးခေါင်ရေရှား အရပ်ကဆီးသီးကလေး
ဒီညတရေးနိုးတော့
အဖေနဲ့အာဏာရှင်ကိုတွဲတွေးမိတယ်
အမေနဲ့ကျနော်က
အဖိနှိပ်ခံတွေပေါ့။
ကျနော်က ရုန်းကန်တယ် တော်လှန်တယ်
အမေကငြိမ်ငြိမ်သက်သက်အေးအေးဆေးဆေး
တခါတလေမျက်ရည်လေးဝဲလို့
ဒါတောင်အဖေကဟေဆိုရင်
ဒီမှာလေလို့ထူးပြီးသား
အိုးခွဲအိမ်ခွဲသားတွေသမီးတွေတောင်
အိမ်လာလို့အဖေအိပ်နေရင်
ခြေကိုပြင်းပြင်းမနင်းရဲဘူး
အဖေ့အတွက်တခုခုတော့ပါလာကြတယ်
အမေ့ကိုတော့ခေါင်းနဲ့ခွေ့ပြီးပြန်ကြတယ်
အဖေ့အင်ပါယာကနေမဝင်ဘူး။
ကျနော်ကဖိနှိပ်သူကိုမုန်းတယ်
အဖေ့ကိုမုန်းတယ်
တူးတူးခါးခါးမုန်းခဲ့တယ်
ဘဝမှာဖြစ်ချင်တာတွေမဖြစ်ခဲ့တာ
အဖေ့ကြောင့်
ဘဝမှာမျှော်လင့်တာတွေလွဲချော်ခဲ့တာ
အဖေ့ကြောင့်
ရည်းစားဦးနဲ့ ကွဲခဲ့တာ
အဖေ့ကြောင့်
စာမေးပွဲကျတာ
အဖေ့ကြောင့်
ဘတ်စ်ကားမမီတာ အဖေ့ကြောင့်
အရပ်မထွက် အသာမဲတာ အဖေ့ကြောင့်
ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ကျတာ
အဖေ့ကြောင့်
ကျနော့်ခုံရုံးမှာ အဖေဟာ တရားခံပဲ။
အဖေကသားကို ချစ်ပါတယ်တဲ့
အမေကလျောက်လဲချက်ပေးတယ်
အဖေကသူ့ရဲ့မေတ္တာတရားကို
လည်မှာဆွဲမထားဘူ
အိပ်ကပ်ထဲမှာပဲ ထည့်ထားတယ်တဲ့
ကျနော်ကခါးပိုက်နှိုက်မှ မဟုတ်ပဲ
အဖေ့မေတ္တာတရားကိုဘယ်တုန်းကမှ
ခိုးမယူခဲ့ဘူး
လိုချင်ကြောင်းလည်းမပြခဲ့ဘူး
မေတ္တာမပေးချင်နေပါ
ကျနော့်ကိုသူ့ဒေါသတွေဘာလို့ပေးရတာလဲ
သူ့အလိုမကျမှုတွေ သူဖြစ်ချင်တာတွေ
ဘာလို့ပေးရတာလဲ
သူ့အတ္တတွေ သူ့စီမံကိန်းတွေ
ဘာလို့ပေးရတာလဲ
သူ့ညွှန်ကြားချက်တွေ သူ့ရင်းနှီးမြုပ်နှံမှုတွေ
အဖေဆိုတာထက် အဖေပိုလုပ်ချင်တာတွေ
ကျနော်မှမလိုချင်ပဲ
ကျနော့်စစ်ခုံရုံးမှာအဖေဟာပြေးမလွတ်တော့
ဘူး။
ဒါပေမယ့်အဖေတယောက်ကိုတော့
ကျနော်တကယ်လိုချင်ခဲ့တာပါ။
ကျနော်အိပ်နေတုန်း
ခိုးခိုးနမ်းမယ့် အဖေတယောက်
ကျနော့်အတွက်ဆိုပြီး
အကောင်းဆုံးကဗျာတပုဒ်ရေးမယ့်အဖေတယောက်
သားလွှတ်တဲ့စွန်အတွက်
ဆိုင်ကြိုးချည်ပေးမယ့်အဖေတယောက်
အလုပ်ပြုတ်မယ်မှန်းသိရက်နဲ့
ထောင်ဝင်စာလာတွေ့မယ့်အဖေတယောက်
မျက်ရည်လွယ်တဲ့အမေ့ကို
သူ့ပုခုံးလေးပေးမှီမယ့် အဖေတယောက်
အဝေးရောက်နေတဲ့သားအတွက်
ဖုန်းသံလေးနားစွင့်နေမယ့် အဖေတယောက်
ကျနော် ဘယ်လောက်မှားမှာ
ကျနော့်ဘက်ကနေမယ့် အဖေတယောက်။
အဖေဟာတစိမ်းပဲ
ကျနော်တို့အိမ်မှာအဖေဟာ တစိမ်းပဲ
အဲဒါကျနော်ပြောတာမဟုတ်ဘူးအဖေ
ကျနော့်သားပြောတ
သူ့ခုံရုံးမှာ
ကျနော်ပြေးမလွတ်တော့ဘူး။
အဖေနဲ့သားဟာ
ဖြည်လို့မရတဲ့ဆက်ထုံး
ဒီမြစ်က ရေစီးကြမ်းတယ်
မလှော်တတ်ရင်မှောက်တာပဲ။
အိပ်နေတဲ့သားဟာ
ကျနော်ညကစောင်ခြုံပေးခဲ့တာသိမှာမဟုတ်ဘူး
ကျနော်ရေခဲပြင်ပေါ်မှာ
ဒီကဗျာကိုထွန်းညှိုပါတယ်
အာဏာရှင်ဆိုတာမုန်းလို့ပဲရတယ်
မေ့လို့မရဘူး အဖေ။
နှင်းခါးမိုး
*********************************************************
ဂဠုန်သရဏံဂစ္ဆာမိ
_______________________နှင်းခါးမိုး
သေနတ်နဲ့ပစ်ရင် ဓါးနဲ့ခုတ်မယ်၊ အမြောက်နဲ့ပစ်ရင် ဓါးနဲ့ခုတ်မယ်
အရင်းကျမ်းကိုမသိဘူး လီနင်ကိုမသိဘူး
ကျောနဲ့ရင်ကို ဆေးရုပ်ထိုးပြီး
ငတ်ပြီးသေမယ့်အတူတူ တိုက်ပြီးသေခဲ့ကြတယ်
ကြိုးစင်ဆိုတာ ဖိနှိပ်သူတို့ဘုရားကျောင်း
ကြိုးစင်ဆိုတာ ပုန်ကန်သူတို့ခေါင်းလောင်းထိုးတဲ့စင်
ဗမာမှန်ရင် ဆရာစံကိုချစ်ကြတယ်
သူထားခဲ့တဲ့ခေါင်းပေါင်းစလေးဟာ
ငါတို့လွတ်မြောက်ရေးရဲ့အလံတလက်။
နှင်းခါးမိုး
**************************************************
ပါတော်မူ
_______________________________
 နှင်းခါးမိုး
အရှင်နှ်စ်ပါး၊ ဖုရားကျမတို့ကို ထားခဲ့ပြီလားဖုရာ့
ဂေါဝိန်ကိုဆည်းဆာအကျမှာ လိမ့်ဆင်းလာတဲ့ဗီရိုလှည်းကလေးအရိပ်
အဲလို ကြည့်ဖူးတဲ့ဇာတ်ထဲကစကားတွေနဲ့လည်း မလွမ်းချင်တော့ပါဘူး
အချုပ်တန်း သုံးသုန်းပြန်လစ် သုညခေတ်ကိုတော့
သေသော်မှတည့် သြော်ကောင်း၏လို့ ပြည့်ပြည့်၀၀ကြီ
ကိုယ်ချင်းစာနိုင်ခဲ့ကြ၊ တောက်ခေါက်နိုင်ခဲ့ကြ။
ကိုလိုနီမီးသင်္ဘောပေါ်မှာ ရွှေတိဂုံကိုလည်ပြန်ဖူးလိုက်ပါသွားရင်း
(ဘာဆုတွေသူတောင်းခဲ့လေမလဲ) ၁၉ ရာစုသမိုင်းလွမ်းချင်းရဲ့
ပတ္တမြားကျောက်စီရေမြေ့အရှင်စံနစ်ကြီးလေ
ရတနာဂီရိအကျဉ်းသားဘ၀နဲ့ နိဂုံးချုပ်ခဲ့ပေါ့၊ သည့်တိုင်
ငါတို့ ၂၁ ရာစု ကျေးတော်မျိုး ကျွန်တော်မျိုးတွေကတော့
နန်းဝတ်နန်းစားအပြည့်နဲ့ ဆလိုက်မီးရောင်ဇာတ်စင်မြင့်ထက်က
ဟဲ့ မောင်မင်းများဆို အခုအချိန်ထိ ဘုရားလို့ ယောင်ပြီးထူးမိနေကြတုန်းပဲ။
နှင်းခါးမိုး

No comments:

Post a Comment