#ရွှေကျေးပုံပြင် (အက်ဆေး)
#ပန်းရိပ်ဖြူ
ကျွန်မငယ်ငယ်တုံးက တတ်ခဲ့ဖူးသော ကျောင်းလေး ထံသို့ ကျွန်မပြန်ရောက်ခဲ့ပါသည်။ ကျောင်းသည် ကျွန်မမျှာ်မှန်းထားသည်ထက် ပို၍ ရင့်ရော်အိုမင်းနေခဲ့ပြီ။ နှစ်နှစ်ဆယ် နီးပါး ကြာမြင့်တော့မှ ယောင်ယောင် မှားမှားဖြင့် ပြန်ရောက်လာခဲ့သော ကျွန်မကို ကျောင်းလေး က ဟိုးအရင်က အတိုင်း ဟောင်းနွမ်း စွာဖြင့် ပင် ကြိုဆိုနေခဲ့၏။ ကျောင်းထဲကို ကျွန်မ၀င်လာတော့ သံချေးများတတ်နေ၍ တကျွီကျွီမည်နေသော ကျောင်းတံခါးက ကျွန်မကို ဆီးကြိုသည်။ ကျောင်းထိပ်မှာ ရှိသော တစ်ခုတည်းသော နှစ်ထပ် တိုက်ကျောင်း လေး ရဲ့ အုတ်ကွက်များ က ရင့်ရော်လာသော နှစ်ကာလများကို ကိုယ်စားပြု နေသည့်အလားဂျီးအထပ်ထပ် ရေညှိအထပ်ထပ် ဖြင့် ပက်ကြားအက်၍ နေ၏။ ဟိုးအရင် ကျွန်မတို့ ငယ်စဉ်က တုံးကတော့ ကျောင်းသည် မခမ်းနားလှသော်လည်း ခရစ်ယာန် ဘုရားကျောင်းနှင့်ဆက်နေသည်မို့ ဘုရားကျောင်းရှေ့က မြေပြင်ကျယ်ကျယ်သည် ကလေးများအတွက် မက်စရာဖြစ်ခဲ့ဖူးသည်။ မုန့်စားကျောင်းဆင်းချိန်ဆိုရင်ဖြင့် ထမင်းကို အလုအယက် စားကာ ရသမျှ အချိန်ပိုလေးမှာပဲ ကျွန်မတို့ ကလေးတွေ ဘုရားကျောင်းရှေ့က မြေပြင်ကျယ်ကျယ်မှာ ပြေးလွှားခုန်ပေါက် ကစားခဲ့ကြသည်။ အခုတော့ ဖြင့် ကျွန်မတို့ ကျောင်းနှင့် ခရစ်ယာန်ဘုရားကျောင်းကို အုတ်တံတိုင်းထူထူတို့က ရံတားပိုင်းခြားလိုက်ကြပြီမို့ ကျွန်မတို့ ကစားခဲ့ဖူးသော ကစားကွင်းသည် ဘုရားကျောင်းဘက်ခြမ်း သို့ ပါသွားလေပြီ။ ကျောင်းထဲတွင် ကလေးတို့ ကစားစရာ မြေနေရာ ရယ်လို့ မရှိတော့။ ကျောင်းကလေး က ငေါင်စင်းစင်းည စ်ထေးထေးနှင့် အုတ်တံတိုင်းနားမှာ ကပ်ရပ် တည်ကာ လမ်းမဘက်ကို ငေါ ထွက်၍နေသည်။
မခမ်းနားလှသော ထိုကျောင်းသို့ ကျွန်မရောက်သည့် အချိန်က မုန့်စားကျောင်း ဆင်းပြီးခါစ ကျောင်းပြန်တတ်သည့် အချိန်ဖြစ်သည်။ စာသင်ခန်းများ ဆီမှ စာအံသံသည် ကျွန်မနားထဲသို့ ထိုးထိုးထောင်ထောင်ဖြင့် ၀င်လာကြသည်။ စာအံသံဆူညံနေသော အတန်းတွေ ရှေ့ကနေ ကျွန်မဖြတ်လာတော့ ကလေးများက ပါးစပ်မှ စာကိုရွတ်ရင်း မျက်လုံးတွေက ကျွန်မတို့ ရှိရာဆီသို့ စူးကနဲ စိုက်လာကြ၏။ ဧည့်သွား ဧည့်လာ အလာနည်း သော ကျောင်းပေမို့ လူစိမ်းများ ၀င်လာ ခြင်းသည် ကလေးများအတွက်တော့ အံသြစူးစမ်းဖွယ်ရာပင်။ ထိုကျောင်းသည် တစ်တန်းက နေ ရှစ်တန်း အထိ ကျွန်မ ပညာသင်ခဲ့ဖူးသော ကျောင်းဆိုတာကို သတိရမိသော ခဏ၌ ကျွန်မစိတ်ထဲသို့ အမျိုးအမည် ကွဲခြား၍ မရသော ခံစားချက် မျိုးစုံသည် တိုးတိုးတိုက်တိုက် ဖြင့် အလုအယက် ၀င်လာခဲ့ကြသည်။ ပျော်သည်လား ဆိုတော့ မဟုတ်ပါ။ ၀မ်းနည်းသည်လား ဆိုတော့ လည်း မဟုတ် ။ ကြည်နူးခြင်းရယ် လို့ လည်း ဆိုလို့မရသလို၊ ကြောက်ရွံသည်လား လို့ မေးရင်လည်း အခု အချိန်မှာ ကျွန်မက ထိုကြောက်ရွံစိတ်ကို ပင် ရယ်မောစရာ အဖြစ် မျက်နှာကို မော့ကာ ရယ်ပစ်ရမည့် အသက်အရွယ်မှာ ရှိနေခဲ့ပြီလေ။ ဒါဆိုရင်ဖြင့် ဘာစိတ်ပါလဲ။ ကျွန်မကိုယ်တိုင် ပင် ဝေခွဲရခက်သော ထိုခံစားချက် စိတ်မျိုးစုံသည် ငယ်ငယ် ကကြည့်ခဲ့ဖူးသော စကြာမှန်ပြောင်းလိုမျိုး ကျွန်မရှေ့မှာပင် အရောင်စုံ၊ အကွက်စုံ ထင်ဟပ်ရင်းဖြင့်ကျွန်မကို ပျိုးပြက်လှည့်စား၍ နေသည်။
ကျောင်းကို မြင်သော ခဏမှာပင် စီးကရက်မီးခိုးငွေ့များကို မှုတ်ထုတ်လိုက်သလိုမျိုး သတိရစရာ များက ကျွန်မ မှတ်ညဏ်ထဲ ကနေ မပီဝိုးဝါး စွာဖြင့် ထွက်လာကြသည်။ မူလတန်းမှာရော၊ အလယ်တန်းမှာပါ တတ်ခဲ့ရသော ကျောင်းပေမို့ ကျောင်းတွင် ကျွန်မ ကြုံတွေ့ခဲ့ရသော အဖြစ်ပျက်တို့ တော်တော်များများ ရှိခဲ့ပါသည်။
ထိုကျောင်းတွင် ကျွန်မပျော်ခဲ့ဖူးသည်။ ၀မ်းနည်းခဲ့ဖူးသည်။ ကြောက်လန့်ခဲ့ဖူးသည်။ စိတ်ပျက်ခဲ့ဖူးသည်။ ငိုကြွေးခဲ့ဖူးသည်။ ရယ်မောခဲ့ဖူးသည် ။ ကျောင်းတတ်ရတာ ပျော်စရာကောင်းသည်ဟု ထင် ခဲ့ဖူးသလို၊ ပျင်းရိငြီးငွေ့စရာကောင်းသည်ဟု လည်း ထင်ခဲ့ဖူးသည်။ ထိုကျောင်းလေး ထဲတွင် ကျွန်မခင်မင် ခဲ့သော သူငယ်ချင်းများ ရှိခဲ့ဖူးသလို၊ ကျွန်မမုန်းသော လူများလည်း ရှိခဲ့ဖူးသည်။ ငယ်လွန်းသေးသော ကျောင်းသား ဘ၀မှာတော့ ကျောင်းသည် ကျွန်မအတွက် လူ့လောက တစ်ခုလောက် နီးနီးး ကြီးကျယ် ခဲ့ပါသည်။ ထိုကျောင်းတွင် ကျွန်မစာတွေ သင်ခဲ့ဖူးသည် ဆိုတာကို ပြန်တွေးတိုင်း သင်ခဲ့ဖူးသည့် စာ များကို ဘယ်တုံး ကမှ ကျွန်မပြန်မမှတ်မိတော့ ပေမယ့် ကျောင်းသင်ရိုးညွှန်းတန်းမှာ မပါဝင်သည့် ကျွန်မ ကြုံတွေ့ သင်ယူခဲ့ရ သော အဖြစ်ပျက်တစ်ချို့ ကတော့ ကျွန်မ မှတ်ညဏ်ထဲမှာအခုချိန်ထိ မငြိမ်းနိုင်အောင် ထိန်ထိန် ငြီးနေစဲရှိသေးသည်လေ။
ကျွန်မမှတ်ညဏ်ခန်းထဲမှာ တခုတ်တရ ဖြင့် မီးမထွန်းရပါဘဲ သူ့ကိုယ်ရောင်ကိုယ်ဝါဖြင့်ပင် နှစ်ပေါင်းများစွာ တောက်ပ ထိန်ငြီးနေခဲ့ဖူးသော အဖြစ်ပျက်တစ်ခု ကိုတော့ တစ္ဆေဆိုသော နာမည်ဖြင့် အက်ဆေးတစ်ပုဒ် ရေးကာ ကျွန်မ ငြိမ်းသက် ခဲ့ရဖူးသည်။ ကျောင်းဝင်း ထဲ သို့ ကျွန်မ ၀င်ဝင်ခြင်း တွေ့ခဲ့ ရသော နှစ်ထပ်ဆောင် လေးကို မြင်သောခဏမှာပင် ကျွန်မရဲ့ တစ္ဆေအက်ဆေး ထဲက စာသင်ခန်း ဆိုတာကို အမှတ်ရ မိသည်။ ကျွန်မရဲ စိတ်ဝိညာဉ် မှာ နှစ်ကာလ များစွာ စွဲလမ်း ပူးကပ်နေသာ ထို စာသင်ခန်း လေး သည် အခုတော့ဖြင့် ကျောင်းအုပ် ဆရာကြီး ကျောင်းထိုင် ရာ ရုံခန်း ဖြစ်နေ လေပြီ။ ကျွန်မသည်မလေး လံလှသော်လည်း မသွက်လက်သော ခြေလှမ်း ညှိုးမှိန်မှိန်များဖြင့် ကျောင်း ၀င်းထဲကို လှည့်ပတ် ကြည့်ရှု နေမိသည်။ ကျောင်းဝင်းထဲမှ စာသင်ခန်း တိုင်း ၊ စာသင်ခန်းတိုင်းတို့သည် အေးစက်နေသောသတိရစရာများကို နွေးပူ လာစေဖို့ ကျွန်မ ဆီသို့ ကူးလူးသယ်ဆောင် ၍ လာ ကြသည်။ ကလေးတို့ရဲ့ ဟောင်းနွမ်းနေသော အဖြူ အစိမ်း ၀တ် အကျီလေးများက အစ၊ ကလေး အရွယ်မှာပင် အံသြချင်စရာကောင်းအောင် အရောင်မထွက်နိုင်တော့သော မျက်လုံး မှိန်ဖျော့ဖျော့ လေးများက အဆုံး ကျွန်မမြင်နေရသော မြင်ကွင်းများသည် နှစ်ပေါင်းများစွာက ရိုက်ယူထားခဲ့သော ပျက်ယွင်းနေသည့် ပုံအဟောင်းကို ဆေးသားပြုပြင်ပြီးတော့ ပြန်ကြည့်နေရသလို ရှိနေခဲ့ပါသည်။
ကျောင်းသည် ဟိုးအရင် နှစ်ပေါင်းများစွာက အတိုင်း ပင် ခုံတို့က ယိုင်နဲ့နဲ့ ၊ ကျောက်သင်ပုန်း က ခပ် စုတ်စုတ်သာမို့ အခန်းတိုင်းသည် တစ်ခန်းနှင့်တစ်ခန်း ဘာတစ်ခုမှ ပို၍ မထူးခြားပဲဆင်တူလေးတွေ ရှိနေကြသည် ။သို့သော် ကျောင်းသားဟောင်းဖြစ်သူ ကျွန်မအတွက်တော့ဖြင့် အခန်းတိုင်း အခန်းတိုင်းသည် တစ်ခန်းနှင့် တစ်ခန်း မတူစွာ မတူသော ခံစားချက်များကို ကျွန်မထံသို့ သယ်ဆောင်ပေးနိုင်ကြသည်လေ။ အတိတ်သည်…ချိုမြိန်သည် ဖြစ်စေ၊ ခါးသက်သည် ဖြစ်စေ ဆွတ်ပျံ့ဖွယ် ရနံ့ကိုတော့ဖြင့် သယ်ဆောင်လာနိုင်ပါသေးသည်။ ဘယ်အခန်းကတော့ ကျွန်မဘယ်အတန်း တုံးက တတ်ခဲ့တဲ့ စာသင်ခန်းပေါ့ ..။ ဘယ် စာသင်ခန်း ကတော့ဘယ်လို စသဖြင့် အတူ ပါလာသူ ကျွန်မအမျိုးသားကို ကျွန်မက လွမ်းဆွတ်စွာဆိုဆဲ..ကျွန်မခြေလှမ်းတို့သည် အတန်းတစ်တန်းရှေ့ အရောက်တွင်တော့ တန့်ရပ်သွားတော့ သည်။ အနားဝန်းကျင် တွင် ကျွန်မ တစ်ကိုယ်တည်း ရှိတော့ သလိုမျိုး အနားက ကြားနေ ၊မြင်နေရသော အသံအားလုံး၊ မြင်ကွင်းအားလုံးတို့သည် ပျောက်ကွယ်သွားတော့သည်။ ကျွန်မရဲ့ ကိုယ်ခနာက တောင့်မတ်၍ သွားသလို ခပ်သွက်သွက် စကားဆိုနေဆဲ ကျွန်မ အသံသည်လည်း ပြောလက်စ တစ်ဝက်တပျက်မှာပဲ ရပ်တန့်သွားတော့သည်။
ကျွန်မလက်သီးကို ကျစ်ကျစ် ဆုတ်မိသည်။ အံကို တင်းတင်းကြိတ်မိသည်။
ဒီအခန်းကို ကျွန်မ မှတ်မိသည်။ မှတ်မိသည်လေ…..။
ထိုအခန်းကို မြင်သောခဏ၌ပင်နှစ်ပေါင်း အတော်ကြာအောင် ကျွန်မရင်ထဲတွင် ငုံလျိုးသိုမှီးနေခဲ့သော မခံချင်စိတ် ၊ဒေါသ စိတ်များက ပရွက်နီကောင်တွေလိုမျိုး တရွှေ့ရွေ့ တိုးထွက်လာကြကာ ကျွန်မ တစ်ကိုယ်လုံးကို ပျံနှံ့ကိုက်ခဲလာတော့သည်။ ကြည့်စမ်း….ကျွန်မ မှတ်ညဏ်ထဲမှာ ညှိုခြောက်သေဆုံး သွားပြီလို့ ထင်ရတဲ့ အဖြစ်ပျက်များက အခုထိတိုင်အောင် မသေဆုံးသေးပါလား။ သူတို့ ရုန်းထ အသက် ၀င် လာကြ၏။
ကျက်လောက်ပြီဟု ထင်ရသော ထိုဒါဏ်ရာသည် တငွေ့ငွေ့ ဖြင့် ကျွမ်းလောင်နေစဲ ရှိနေသေးသည်ကို အလိုမတူပါဘဲနှင့် ကျွန်မသိခွင့်ရလိုက်၏။ ဒီအတန်း၊ ဒီအခန်း၊ ဒီစာသင်ခုံ၊ ဒီကျောက်သင်ပုန်း နဲ့ ဒီလိုပဲ အဖြူနွမ်းနွမ်း၊ အစိမ်းလျော်လျော် နဲ့ ကလေးများ။ ကုန်လွန်ခဲ့သော နှစ်ပေါင်း နှစ်ဆယ်ကျော်ကအတိုင်း ဘာမှ မပြောင်းလဲစွာ ဆင်တူလှသော ထိုမြင်ကွင်းက ဒါဏ်ရာဟောင်းကို ကျွန်မ ဆီသို့ ပို့ဆောင်ပေးလေပြီ။ တစ္ဆေပြီးရင်တော့ ဖြင့် ထိုဒါဏ်ရာသည် ကျွန်မအတွက် အမှတ်တရ အဖြစ်ဆုံး အနာ တစ်ခု ဖြစ်ပါသည်။
တကယ်ဆိုရင်ဖြင့် ကျွန်မဘ၀တွင် ထိုဒါဏ်ရာက အစောဆုံးရသော အနာတစ်ခုသာ ။ အဲဒီ့တုံးက ကျွန်မကိုးနှစ်သမီး သာ ရှိပါသေးသည်။ ဆော့ကစားဖို့၊ စာကျက်ဖို့နဲ့ ဆရာ မဆီ က အမှန်ခြစ်တွေ များများရဖို့ လောက်ကိုပဲ လူ့ဘ၀ ရယ်လို့ ထင်တတ်သေးသော အရွယ်သာ ရှိသေးသည်လေ။ သို့သော် လူ့ဘ၀ဆိုတာ ထိုမျှ လောက် ဖြင့် မလုံလောက်သေးဘဲ ညစ်ထေးမှုတွေ၊ ဘက်လိုက်မှုတွေ လည်း ရှိသေးကြောင်း၊ အမှန်တရား ဆိုတာ အမြဲတမ်း အနိုင်နေရာမှာ ရှိနေတတ်သော အရာ မဟုတ်သေးကြောင်းကို တော့ ကျွန်မသည် ထို ကိုးနှစ် သမီး အရွယ်ကပင် စောစီးစွာ သိခဲ့ရပါသည်။
အဲဒီ့တုံးက ကျောင်းဖွင့်ကာစ မှာ ရွာသွန်းသော ဇွန်မိုးရေ သည် ကျွန်မကို ပျော်ရွှင်စေနိုင်ခဲ့သည်။ မိုးကို ချစ်သလို၊ ကျောင်းဖွင့်ချိန်ကို ချစ်လွန်းသော ကျွန်မက ဇွန်လ ၁ရက်နေ့ ရောက်ဖို့ ပူပူလောင်လောင် နွေကာလ မှာကတည်းက မျှော် ပါသည်။ ကျောင်းဖွင့်ကာစမို့လို့ စာမသင်သေးသော အချိန်လည်းဖြစ်သလို၊ တစ်နွေလုံးလုံး သူငယ်ချင်းများနှင့် ခွဲခွာနေရသဖြင့် သူငယ်ချင်းများ ပြန်တွေ့ရသောအခါ ကျွန်မတို့မှာ စကား ပြောမကုန်အောင် ရှိနေခဲ့ပါသည်။ သို့သော် ကလေးသဘာဝ ကျွန်မ တို့ကလေးများ ရဲ့ ပျော်ရွှင်မှု သည် ဂျိုးဆက် တစ်ယောက် အတန်းထဲကို ရောက်မလာခင်အချိန်ထိသာ ဖြစ်ခဲ့မှန်း ထိုအချိန်က ကျွန်မတို့ မသိခဲ့ပါ။
ကျောင်းတတ်ပြီး နှစ်ရက်သုံးရက်လောက် အကြာမှာပင် ကျွန်မတို့ အတန်းထဲသို့ လူကောင်ထွားထွား နှင့်ကျောင်းသားတစ်ယောက် ၀င်လာခဲ့ ၏။ ကျွန်မတို့ ထက် အရပ်များစွာ မြင့်သော ၊လူကောင်လည်း ကြီးသော ထိုကျောင်းသားက ကျွန်မတို့ အတန်းမှာ နေမည့် လေးတန်းကျောင်းသားဟုသိရသော အခါ ကျွန်မတို့ အံ့သြကြရသည်။ တစ်တန်းကို ဘယ်နှစ်နှစ်နှုန်းဖြင့်သူနေလာ ခဲ့သည်လဲတော့ မသိ။ ကျွန်မတို့ အတန်းကို သူ ရောက်လာတော့ လူကောင်က တော်တော်ကြီး၍ နေပြီ။ လူကောင်ကြီးလို့ အံ့သြရုံကလွဲ၍ သူ့တွင် ကျွန်မတို့ စိတ်ဝင်စားစရာ ဘာမှမရှိခဲ့ပါ ။ ကျောင်းတွေမှာ တွေ့ရတတ်သည့် လူကောင်ကြီးကြီး စာညံ့ညံ့ နှင့်ဆရာမ အဆူကို မကြာခဏ ခံရတတ်သော ၊ နောက်ဆုံးခုံမှ ထိုင်တတ်သည့် ထုံအအ ကျောင်းသား တွေထဲက တစ်ယောက်မျှသာ ပဲ ဟု သူ့ကို ကျွန်မထင်ခဲ့မိသည်။
သို့သော် ဂျိုးဆက်သည် စာညံသော၊ နောက်ဆုံးခုံမှာထိုင်သော ကျောင်းသားတစ်ယောက် ဆိုတာ မှန်ပေမယ့် ကျွန်မထင်သလို ထုံအအ ကျောင်းသား တစ်ယောက်တော့ မဟုတ်ခဲ့ပါ။ စာက လွဲလို့ ၊ကစားဖို့ကလွဲလို့ လောက အကြောင်း ဘာမှ မသိသေးသော ကလေး အရွယ်သာသာ ကျွန်မတို့ ကြားတွင် သူ က အတန်းထဲတွင် ဘယ်လို နေရထိုင်ရမည် ဆိုတာကို သူ့ဘာသာ သူ ကိုယ်ပိုင် သင်ရိုးညွှန်းတန်း ဆွဲလာ ခဲ့ပြီးသောသူ ဖြစ်သည်လေ။ သူ့တွင် ကျွန်မတို့ ထို အရွယ်မှာ နားမလည် သေးသော၊ မသိသော၊ မမြင်သော၊ မလုပ်နိုင်၊ မလုပ်ဝံ့သော အရာများစွာကို လုပ်နိုင်၊ လုပ်ရဲ၊ လုပ်ဝံ့သည့် အစွမ်းဗီဇ တို့ ရှိသည်။ အသိမြင်တို့ ရှိသည်။ သို့သော် သူ့ရဲ့ ဗီဇ အစွမ်းကို အများနားလည်အောင် ကင်ပွန်းတပ်ဖို့ အတွက်တော့ လူရည်လည်သည် ဟု ပင် ခေါ်ရမည်လား…။
သူက ဆရာမကို လက်ဖက်ရည်ဝယ်ပေးတတ်သည်။ လက်ဖက်သုတ်ဆိုင်သို့ သွားတတ်သည်။ ဆရာမခြင်းတောင်းကို ပြေးယူကြိုဆိုတတ်သည်။ ဆရာမ အိမ်ကိုလည်း သိသည်။ ထို့ အပြင် ဆရာမ မလာခင် ကျောက်သင်ပုန်းက စာတွေကို ဖျက်ပေးထားရတာမျိုးကအစ၊ ဆရာမ စားပွဲရှေ့က ပန်းအိုးမှာ ပန်းနေ့တိုင်း ရှိဖို့ အဆုံး ဆရာမသည်းခြေခိုက်မည် ထင်ရသော အရာများစွာတို့ကို စီမံလုပ်ကိုင် တတ်သည်လေ။ ကျောင်းတတ်၍ တစ်လ မပြည့်ခင်မှာပင် ဂျိုးဆက်သည် ဆရာမအတွက်မရှိမဖြစ်သောကျောင်းသား တစ်ယောက်ဖြစ်လာခဲ့ပါသည်။
အဲဒီ့တုံးက ကျွန်မတို့သည် ငယ်လွန်းသော အရွယ်သာ ဖြစ်သေးသည်မို့ ဆရာမွေးသည်၊ တပည့်မွေးသည် ဆိုသော ကိစ္စရပ်များကို နားလည် ကျွမ်းဝင်ဖို့ အလှမ်းဝေးလွန်းလှသေးသည်။ …….့ ကျွန်မတို့ သည် အတန်းရှေ့က ကျောက်သင်ပုန်းကို ဂျိုးဆက် ၏ စီမံခန့်ခွဲမှု ဖြင့် တစ်ရက် တစ်ယောက်ကျနှုန်းဖျက် ကြရသည်။ သို့သော်ထိုတစ်ရက် တစ်ယောက်နှုန်းထဲမှာ ဂျိုးဆက်ကတော့ ဖြင့် မပါဝင်ခဲ့ပါ။ ဒီလိုပဲ ဆရာမ စားပွဲရှေ့က ပန်းအိုးထိုးဖို့ ကိစ္စတွင်လည်း တစ်ရက်တစ်ယောက် တာဝန်ယူကြရပြန်သည်။ ကျောက်သင်ပုန်း ဖျက်ဖို့ဘဲမေ့မေ့ ပန်းအိုးထိုးဖို့ ပဲ မေ့မေ့ မေ့လျော့ပေါ့ဆသောသူများကို သူက ဒါဏ်ကြေး ဆယ်ငါးပြားကောက်သည် ။ဆယ့်ငါးပြားဆိုသော ပိုက်ဆံက ကျွန်မတို့ ကလေးများအတွက် မနည်းလှပါ။ ဆယ့်ငါးပြားမထည့်နိုင်ရင်ဖြင့် ဂျိုးဆက်က ကျွန်မတို့ ကို ကာယ ပြစ်ဒါဏ် အဖြစ် အတန်းရှေ့မှာ ဆယ်မိနစ် ဒူးထောက်ခိုင်းပါသည်။ ထိုသို့ဖြင့် ဂျိုးဆက်သည် ကျွန်မတို့ ကလေးများအတွက် နတ်ဆိုးတစ်ပါး ဖြစ်သော်လည်း ဆရာမ အတွက်တော့ မျက်နှာလွှဲရလောက်အောင် အထိ စိတ်ချရသော တပည့်တစ်ဦး ဖြစ်လာခဲ့ပါသည်။
ဒီအကြောင်းကို အခုနေပြန်စဉ်းစားကြည့်မိတော့ ကျွန်မတို့ နဲ့ တစ်တန်းတည်းသား ကျောင်းသား တစ်ယောက် က အရွယ်ကြီးတာ၊ ဆရာမ နဲ့ ရင်းနှီးတာ တစ်ခုတည်းနှင့် ကျွန်မတို့ ကလေးတွေကို အနိုင်ကျင့် ခဲ့ခြင်းသည် တော်တော်လေးကို မှ မခံချင်စရာ၊ အသည်းယား စရာ ကောင်းလှပါသည်။သို့သော် ကျောင်းကိစ္စ မဟုတ်သည့် ကိုယ်ရေးကိုယ်တာ ကိစ္စများဖြင့် အမြဲတမ်း အလုပ်ရှုတ်နေသော ဆရာမ အတွက်တော့ ဂျိုးဆက်၏ အရည်အချင်းများသည် သည် သိပ်ကိုမှ အသုံးဝင်သော မရှိမဖြစ် တန်ဖိုး .ဖြစ်၍နေသည်။ ဂျိုးဆက်သည် ဆရာမ ကိုယ်စား အတန်းကြည့်ဖို့၊ အတန်းထိန်းပေးဖို့၊ စာခေါ်ပေးဖို့ စတဲ့ ပြဿနာ တော်တော်များများ ကို ဖြေရှင်ပေးနိုင် သည်လေ။ ဂျိုးဆက်သည် ဆရာမ မရှိပေမယ့် ဆရာမ ရှိနေသည့်အလား တစ်တန်းလုံး ငြိမ်သက် နေအောင် လို့ ထိန်းနိုင်သည်။ စကားပြောတာကို မြင်လိုက်သည်နှင့် ခေါင်းတစ်ခု လုံး ပူထူသွားအောင်လို့ စိတ်လိုက်မာန်ပါ ခေါက်တတ်သော ဂျိုးဆက် ရဲ့ လက်သံကို ကား ကျွန်မတို့ တစ်တန်းလုံး ကြောက်ရွံရပါသည်။ သူခေါင်းခေါက် သည် ကို ငြိမ်မခံဘဲ ပြန်ပြောတတ်သော ကလေးများကို တော့ သူက နာမည် တပ်မှတ်ကာ ဆရာမ ကိုပိုပိုသာသာဖြင့် တိုင်ပြောလေတော့သည်။
ဂျိုးဆက်တိုင်ပြောသမျှကို ဘာတစ်ခုကိုမှ အကျိုးအကြောင်း မေးမြန်းစစ်ဆေးခြင်း မရှိဘဲ နှင့် တုတ်ကို လွှဲကာ လွှဲကာ ရိုက်တတ်သော ဆရာမ ရဲ့ တုတ်ချက်အောက်မှာ ကျွန်မတို့ရဲ့ မဟုတ်မခံစိတ်နှင့် ရဲဝံ့ခြင်းတို့ ပျောက်ဆုံးခဲ့ရသည်။ ထိုတုတ်ချက်အောက်မှာ အံကို တင်းတင်းကြိတ်ရင်းဖြင့် ဆရာမကို အရဲစွန့်ကာ ဖြေရှင်းဖို့ ကြိုးစားသူ သတ္တိခဲ တစ်ယောက် နှစ်ယောက် လောက်တော့ ကျွန်မတို့ အတန်းထဲမှာ ရှိခဲ့ဖူးပါသည်။ ဆရာမလွှဲရိုက်နေသော တုတ်ချက်အောက်မှာ မျက်ရည်ကို မကျအောင်ထိန်းရင်း အံကြိတ်ပြန်ပြောဝံ့ သောသူများသည် ဆရာမရဲ့ ရက်စက်သော တုတ်ချက်များအောက်မှာ သတ္တိတို့ တစ်စ စီ ကျိုးပဲ့ခဲ့ရသည်။ ကိုးနှစ်အရွယ် ကလေးများသာမို့ ကျွန်မတို့ သည် မတရားဘူးဆိုတာကို သိသော်လည်း ထိုမတရားမှုကို ဘယ်လို တွန်းလှန် ရမည် ဆိုသည်ကို နားမလည် ခဲ့ ပါ။ ထိုသို့ ဖြင့်ပင် ကျွန်မတို့သည် ဂျိုးဆက်နှင့် ဆရာမတို့ နှစ်ယောက် ကြီးစိုးသော အခန်းမှာ ရန်စဲစေဖို့ စကားနည်းရတော့သည်။
တကယ့်ဘ၀မှာ သူရဲကောင်းဆိုသည်မှာ ဖတ်ခဲ့ဖူးသော စာအုပ်တွေထဲ မှာလောက် မပေါများမှန်း အခုချိန် မှာတော့ ကျွန်မသိ၍နေပါပြီ။ အဲဒီ့တုံးကတော့ အတန်းထဲမှာ ဂျိုးဆက်ကို ပြန်ခံချရဲမယ့် လူတစ်ယောက် လောက် ပေါ်လာမည်လား ဟု ကလေး အတွေးဖြင့် ကျွန်မ မျှော်ခဲ့မိဖူးပါသည်။ သို့သော် ကျွန်မမျှော်လင့်သော သူရဲကောင်းသည် ထို တစ်နှစ်သာ ကုန်ဆုံးသွားရော မပေါ်ခဲ့ပါ။ ကျွန်မတို့သည် ဂျိုးဆက်ကို ကြောက်ရသည်။ ဆရာမကို ကြောက်ရသည်။ ထိုကြောက်စိတ်သည် ကျွန်မတို့ကို ငုံ့ခံတတ်စေဖို့နှင့် ဦးချိုး ရိုကျိုး တတ်စေဖို့ သင်ကြား လမ်းညွှန်ခဲ့ သည် လား။ အံသြစရာကောင်းအောင်ပင် ကျွန်မတို့ ဦးကျိုးခဲ့ကြသည်။
မု န်းတီးရွံရှာသော ၊စက်ဆုတ်ရွံမုန်း သော မျက်လုံးများကို ကလေးအရွယ်တွေမို့လို့ လုံအောင်မဖုံးဖိနိုင်၊ မဖျောက်နိုင်သော်လည်းပဲ ကျွန်မတို့ အတန်းထဲမှ ကျောင်းသား တော်တော်များများသည် ဂျိုးဇက်ကို ကိုကြီး ဂျိုးဇက် ဟု ခေါ်ရမှန်း သိလာကြပါသည်။ အိမ်က ထည့်ပေးလိုက်သော မုန့် ကို ဂျိုဇက်ကို ခွဲဝေကျွေးရခြင်း၏ ဂယက်အရသာကို မြိန်မြိန်ယှက်ယှက် မက်လာကြ၏။ မုန့်ဖိုးထဲမှ ဂျိုးဇက် စားချင်တာကို ၀ယ်ကျွေးရခြင်းရဲ့ နောက်မှာ ဖြစ်ပေါ်လာတဲ့ နောက်ဆက်တွဲ မက်လုံးလေးများက တော်တော်လေးကိုမှ အရသာ ရှိသည်ကိုး ။ ဘာကိစ္စပဲဖြစ်ဖြစ် အမှန်တရား အထက်တွင် ဂျိုးဇက် က ရှိနေသည် လေ။ ထိုသို့ဖြင့် နဂို သွေးမရဲ သော်လည်း မိုက်ဝံ့ ကြသော ၊မိုက်လိုကြသော သူများသည် ဂျိုးဇက် ၏ တပည့်တပန်းများ ဖြစ်လာကြပါသည်။
အကျိုးဆက်အားဖြင့် အတန်းငြိမ်သည်၊ လိမ်မာသည်၊စာအလွန်တော်သည် ဟု တစ်နှစ်လုံးနာမည် ထွက်ခဲ့သော ကျွန်မတို့ စတ္ထုထတန်း သည် ထိုနှစ်က အကျအရှုံး အင်မတန်များခဲ့၏။ ငါးတန်းသို့ ပါမလာနိုင်သော ဂျိုးဇက်က ထိုနှစ်မှာပင် ကျောင်းက ထွက်သည်။ ထိုတစ်နှစ်လုံး ကျွန်မတို့ အနိုင်ကျင့်ခံခဲ့ရသည်မှာ ဂျိုးဇက်လား၊ ဂျိုးဇက်နောက်မှ ကြောထောက်နောက်ခံ ကြိမ်လုံးတစ်ချောင်း လား၊ ဒါမှမဟုတ် ကျွန်မတို့ရဲ့ ပျော့ညံ့လွန်းသော သူရဲကောင်းမျှော်စိတ်လား ဆိုတာ ကို တော့ အခုချိန်ထိ ကျွန်မမဝေခွဲနိုင်သေးပါ။ ဘယ်လိုပဲ ဖြစ်ပါစေ ကျွန်မတို့ အနိုင်ကျင့်ခံခဲ့ရပါသည်။
လူ့လောကမှာ နဂိုရဲဝံ့သော၊ မတရားမှုကို ကိုယ်ကျိုးမပါဘဲ တွန်းလှန်ရဲသော သူရဲကောင်းဆိုတာ ရှိကောင်းရှိမှာ မှန်ပေမယ့် သိပ်မပေါများလှသော အရာမို့လို့ ဂျိုးဆက်သည် လည်း အခုချိန်ထိ သူ့သင်ရိုးညွှန်းတန်း အတိုင်း ဆက်လက် ရှင်သန်နေနိုင်ဦး မည် ဟု ကျွန်မထင်သည်။ ဘ၀မှာ သက်သာ ရာ ကို ရှာဖို့ အတွက် အညှာတာ ရှိသော သူ မဟုတ်သည်မို့ ကိုယ့်ကိုယ်ကျင့်တရား ဥပဒေနဲ့ကိုယ် နေထိုင်သော ရှက်စိတ်ရှိသည့် ရိုးသားသူတို့ ကိုလည်း သူ နှိပ်စက် ကလူ ပြုပါလိမ့်ဦးမည်။ ရွှေပင်နားတော့ ရွှေကျေး ဆိုသလို နားခိုရာ ရွှေပင် တစ်ပင်လည်း သူက တွေ့အောင် ရှာ လိ့မ်ဦးမည်လေ။
မည်သို့ ဆိုစေ အခုချိန်မှာတော့ ထိုစာသင်ခန်းထဲတွင် ဂျိုးဆက်လည်း မရှိတော့ ၊ ကျွန်မလည်း မရှိတော့၊ ဆရာမလည်းမရှိတော့၊ အတန်းဖော်များလည်း မရှိတော့ပါ။ သို့သော် ..ဖြစ်ခဲ့သော အဖြစ်ပျက်တစ်ချို့ ကတော့ ကျွန်မအပါဝင် လူတစ်ချို့၏ နှလုံးသားထဲတွင် စွန်းပေ ကျန်နေစဲပဲ ရှိပါသေးသည်။ ထို အဖြစ်ပျက်တို့ကို ကျွန်မမှတ်ညဏ် ထဲမှ ထွက်ခွာသွားအောင်လို့ ဘယ်လို ပင် ပွတ်တိုက် ဆေးကြောသော်လည်း ဖျက်ပစ် ရန် မလွယ်ကူတော့။ ကျွန်မသည် နာကြင်စိတ်ဖြင့် မှုန်ကုတ်ကုတ် စာသင်ခန်းလေး ဆီသို့ စောင်းငဲ့ ကြည့်မိသည်။ ထိုအခါ စာအံသံ ၀ါးဝါးက ကျွန်မနားထဲသို့ ပီပီသသ ဖြင့် တိုးဝင်လာကြသည်။ ကျွန်မမျက်လုံးထဲမှာ အပြားလိုက် ဖြစ်နေသော လက်ရှိ စာသင်ခန်းထဲမှ မြင်ကွင်းသည် လည်း တစ်ဖြေးဖြေးဖြင့် ကြည်လင် လာကြ၏။
အဖြူနွမ်းနွမ်း လေးတွေ ၀တ်ထားသော ကလေးတို့ရဲ့ မျက်လုံးတွေက ကျောက်သင်ပုန်းမှ ဖယ်ခွာကာ ကျွန်မရှိရာ ဆီသို့ စူးကနဲ့ စိုက်ကနဲ ရောက်ရောက်လာသည်ကို ပထမဆုံးကျွန်မသတိပြုမိသည်။ အလွန်ဆုံး ရှိလှမှ ဆယ်နှစ် ၀န်းကျင် အရွယ် များပေမို့ ချစ်စရာကောင်းသော ကလေးတို့၏ မျက်လုံးတွေကို ကျွန်မငေးစိုက်ကြည့်မိသည်။ ထိုကလေးတွေ ရော.ကျောင်းတတ်ရတာ ပျော်ပါရဲ့လား။ သူတို့ ကြားထဲမှာ ရော ကျွန်မငယ်ငယ်တုံးက ကြုံခဲ့ရသလို ဂျိုးဆက် တစ်ယောက်လောက်များ ရှိနေ သတဲ့လား။
ကျွန်မ မသိပါ။
ထိုကလေးတွေ ကြားထဲမှာရော ကျွန်မလို သူရဲကောင်းမျှော်တတ်သော ကလေးတစ်ယောက် ရှိနေ နိုင်သလို၊ ဂျိုးဆက်လိုမျိုး အနိုင်ကျင့်တတ်သော ကလေးတစ်ယောက် လောက်လည်း ရှိနေနိုင်ပါသည်။ သို့သော်..ကျွန်မတို့ ကြုံခဲ့ရသလိုမျိုး ဂျိုးဆက်လို ကလေးမျိုးနောက်မှာ ကျောထောက်နောက်ခံ တစ်ယောက်ယောက် ရှိနေသော အဖြစ်မျိုးကို သူတို့ မကြုံတွေ့ဖို့သာလိုပါသည်။
အကိုင်းအဖျားလေးမှာ ပဲ နားရ နားရ နားစရာ ရွှေပင် ကို လိုက်ရှာကာ အသက်ရှင် သော ရွှေကျေးတို့ က လူ့လောကမှာ ပေါများလှသည်လေ။ ထိုသူများနဲ့ ကြုံတိုင်း မှာပဲ ကျွန်မသည် ကြုံခဲ့ဖူးသော ဂျိုးဆက် ပုံပြင်ကို မခံချင်စိတ်တစ်ဝက်ဖြင့် သတိရမိလိမ့်ဦးမည်။ ထိုအခါတိုင်းမှာ တကယ့်ဘ၀ရဲ့သူရဲကောင်းဆိုတာ တစ်ယောက်ချင်းစီရဲ့ အားနဲ့ သာ လျှင် စုပေါင်း ရေးခြယ်၍ ရကြောင်းကိုတော့ ကျွန်မက သင်ခန်းစာယူဖွယ်ရာ ပုံပြင်နိဂုံးအသိမ်းဖြင့် လူတစ်ယောက်ယောက်လောက်ကို ပြောပြချင်ပါသည်။ သို့သော် မည်သူက နားထောင်ချင်ပါမည်တဲ့လဲ။
သင်ခန်းစာ ယူ ဖွယ်ပါသော ပုံပြင်ဆိုသည်မှာ ရယ်ရွှင်ဖွယ်ရာလည်း မကောင်းလှသလို၊ နားထောင်ဖို့ လည်း ပျင်းစရာကောင်းလွန်းလှသည်မဟုတ်လား။
ထိုသို့ဖြင့်ပင် မျက်စိနောက်ဖွယ် ကောင်းသော ရွှေကျေးတို့သည် ကျွန်မတို့ အနားမှာ ပင် တိုးကာ တိုက်ကာ ပျံနေဦးတော့မည်လေ………….။
#ပန်းရိပ်ဖြူ
ရွှေအမြုတေမဂ္ဂဇင်း
No comments:
Post a Comment