" လေးနက်သော တောင်ဇလပ်ပွင့်များ "
=======================
#ဟာရှိန်း(မင်းတပ်)
အလင်းရောင် သဲ့သဲ့လေး ကျန်နေသေးသည်။ဒီတောင်ကို ကျော်ပြီးရင်တော့ ကွေးကောက်ကောက် ရွာလမ်းကလေးဆီရောက်မည်။ တောင်စွယ်ဆီ ဝင်လုနီး ဆည်းဆာကို ဖမ်းမိနိုင်သည်။ ပူးရှိန်းဖေ တစ်ယောက် တောင်ယာအလုပ်ကနေ ရွာကလေးဆီ အပြင်းချီတက်နေခြင်းဖြစ်ပါသည်။ တောင်ယာအလုပ်က မလွယ်ကူ။ ရွာနှင့် အလှမ်းဝေးလွန်းသည်။ စပါး စိုက်ပြီးကတည်းက ပူးရှိန်းဖေ တောင်ယာမှာပဲ နေသည်။
အခု ချင်းအမျိုးသားနေ့ နီးကပ်လာပြီဖြစ်၍ တောင်ယာမှာ မနေချင်တော့။
ရွာပြန်ပြီး မင်းတပ် ကို သွားမည်။ လွယ်ပလိုင်းထဲ ထည့်ထားသော ဆေးတံကို ထုတ် မီးညှိပြီး ဇိမ်ပြေ နပြေ ဖွာလိုက်သည်။ မီးခိုးငွေ့များ
နောက်မှ မြင်ရသော ယာခင်းသည် ပျပျဝေးသီ ကျန်ခဲ့ပြီ။ ရွှေ့ပြောင်း
တောင်ယာအလုပ်သည် ပင်ပန်းဆင်းရဲလှသည်။ သဘာဝပတ်ဝန်းကျင်ကို ပျက်ဆီးစေသည်။ မိုးလေ ရာသီ မမှန်တော့။ သို့သော် ပူးရှိန်းဖေတို့
ချင်းတောင်က တောင်ယာခုတ် မစားလျှင်လည်း စားစရာမရှိ။ ခြံလုပ်ငန်း
လေးလုပ်ကြည့်သည်။ လိမ္မော်၊ ပန်းသီး၊ မက်မန်းအစရှိသဖြင့်....။
ပင်လုံးပြည့် ညွတ်နေအောင် သီးသည်။ အလုံးအထည် ကြီပြီး လှသည်။ ဟိုနှစ်တုန်းက ပူးရှိန်းဖေ ကားစင်းလုံးငှါးပြီး ပခုက္ကူသို့ ဆင်းသည်။
လမ်းခရီးကမတွင်။ ပခုက္ကူနှင့် မင်းတပ် လမ်းခရီး နှစ်ညအိပ်ရသည်။
ပခုက္ကူ ရောက်တော့ လိမ္မော်သီးတွေက ရှုံ့ပွသည်နှင့် ပုပ်သည်နှင့်။
မျက်ဖြူဆိုက်ရသည်အထိ ပိုးစိုးပက်စက်ရှုံးသည်။ ထို့ကြောင့်ပင် ရွှေ့ပြောင်းတောင်ယာဘက် ပြန်လှည့်ရသည်။ တောတောင်တွေကလည်း
မြေဆီမြေနှစ်မကောင်းတော့။ သစ်ကြီးရိပ်ကြီး သိပ်မကျန်တော့။ ရွာနှင့်ဝေးသော အရပ်များဆီ သစ်ကြီးရိပ်ကြီးများရှိရာဆီ တောင်ယာခုတ်ကြရသည်။
ပူးရှိန်းဖေ ရွာလမ်းမကို ရောက်တော့ နေရောင်အချို့ကျန်နေသေးသည်။ လမ်းဆုံတစ်နေရာ၌ တည်ထားသော ကျောက်ဖျာကြီးပေါ် ထိုင်ရင်း အမောဖြေသည်။ အမောပြေသော်ခရီးဆက်ရသည်။ အေးအေးဆေးဆေးလျှောက်သည်။ အပန်းဖြေခရီးထွက်လာသူကဲ့သို့ အေးအေးဆေးဆေး။
ရွာက ထွက်ပြေးမည်မဟုတ်။ လမ်းတစ်လျှောက် ဝန်းကျင်ကို စေ့စေ့ငုငုကြည့်မိသည်။ ထင်းရှူးတောတန်းကြီးအလယ် ကဗျာဆန်သော
တောလမ်းကလေး။ တကယ်တော့ ဤလမ်းကလေးသည် ကဗျာမဆန်ခဲ့ပါ။ ပူးရှိန်းဖေတို့ အရွယ်ကောင်းစဉ်က ရွာလုံးကျွတ် လုပ်အားဖြင့် ဖောက်လုပ်ခဲ့ရသည့် လမ်းကလေး။ ပေါက်ပြားကိုင်ကာ သံတိုင်ကိုင်ကာ
တူးရွင်းကိုင်ကာ ဖဝါးအသားမာတက်သည်အထိ ပေါက်ပြဲသည်အထိ
နဖူးကချွေး ခြေမကျသည်အထိ ဖောက်လုပ်ခဲ့ရသော လမ်းကလေး။
ညက တဖြည်းဖြည်း အိုမင်းလာသည်။ လရောင်ဆမ်းထားသော ထင်းရှူးရနံ့တွေက လန်းဆတ်သည်။ စိတ်ရွှင်လာသည်နှင့် သီချင်းတစ်ပုဒ်ကို မရည်ရွယ်ပါပဲ ဆိုညည်းလိုက်သည်။ အို တောင်ပြာရယ် တောင်ပြာငှက်ကလေး ဖြစ်ချင်တယ်။
ရွာထိပ်ကို ရောက်သည်နှင့် ပူးအွမ်နိန်တို့ အိမ်က ကောင်သာ က ထိုးဟောင်သည်။ သည်အကောင်က ရွာမှာဗိုလ်။ နာမည်နှင့် လိုက်သည့်
ကျားကလေး။ အမဲလိုက်ရာတွင် ကျွမ်းကျင်လိမ္မာတဲ့ ကောင်။ ပူးအွမ်နိန်တို့ အိမ်ရှေ့အရောက်တွင်မှ အမြီးနန့်ကာ အနံ့လာခံသည်။ ထို့နောက် အိမ်အောက် သူ့ဝပ်ကျင်းဆီ ပြန်သည်။ ပူးရှိန်းဖေ အိမ်ကိုရောက်တော့
အရင်ဆုံးခေါင်အိုးတွေ လိုက်စမ်းသည်။ ထို့နောက်အချိုဆုံး အိုးကိုမယူကာ တည်သည်။ ထင်းရှူးမီးတိုင်အလင်းရောင်ကြောင့် အိမ်တွင်းရှိ ပင့်ကူမျှင်များကို အကန့်လိုက်အကန့်လိုက်မြင်ရသည်။ ဆန်အိုးထဲ ထိုးထည့်ထားသော နွားနောက်သားခြောက် သုံးခုကို
ပြုတ်သည်။ ထို့နောက် ညီဖြစ်သူ ပူးရှိန်းထန်းတို့အိမ်သို့ ခြေလှမ်းများ
ဦးတည်လိုက်သည်။ ဖက်ဖွယ်ရွက်နှင့် ကြက်သွန်နီ ဥ များတောင်းယူကာ တူဖြစ်သူ ထန်းဘွေအားခေါ်ပြီး အိမ်ပြန်လာသည်။ ခေါင်ကိုအရင် မြည်းစမ်းကြည့်သည်။ ထန်းဘွေကို အသားသုပ်ခိုင်းထားသည်။ ချိုကြည်မွှေးသော အနံ့အရသာသည် လည်ချောင်းတစ်လျှောက် ဆင်းသွားသည်။ ဆပ်နီခေါင်ရည်သည် အမှန်ပင် အားကို တိုးစေသည်။ အညောင်းအညာ ပြေပျောက်စေသည်။တောင်ပေါ်ခေါင်ရည် ချိုမြမြ တစ်ခွက်လောက်သောက်ရင် အမောပြေ မဟုတ်ပါလား။ မည်သည့်အရာမဆို တန်ဆေး လွန်ဘေး ဟု ပူးရှိန်းဖေ နားလည်
လက်ခံထားသည်။ စကားတပြောပြောဖြင့် တူဝရီးနှစ်ယောက်၏ ည။
အသားသုပ်သာ ပြောင်ခါသွားသည်။ ခေါင်အိုးကား အရသာမပြယ်သေး။
ပုပ်သိုးမည်ကို မစိုးရိမ်ရ၍သာ တော်တော့သည်။ ချင်းအမျိုးသားနေ့
မင်းတပ်သွားလျှင် တူသားဖြစ်သူ ထန်းဘွေက ဆိုင်ကယ်ဖြင့်လိုက်ပို့မည်။ ခြေလျှင်ခရီးဖြင့်ကား ပူးရှိန်းဖေအသက်အရွယ်အရ မလိုက်နိုင်တော့ပြီတည်း။
ဒီကောင် ထန်းဘွေ မောင်းမည့် ဆိုင်ကယ်နောက်မှ လိုက်ရမှာလည်း ကြောက်ရသေးသည်။ ဒီကောင်က ရာဇဝင်နဲ့ကောင်။ ပူးရှိန်းဖေတို့ ရွာလေးဆီ အဲဒီတုန်းက ဆိုင်ကယ်စီးတတ်သည့်သူ မရှိသေး။ ရွာက ဥက္ကဌ ပူးထန်းတမ်၏ သားတော်မောင် တမ်ဟုန်းရယ်ပေါ့။
ယောနယ်ဘက် ဆင်းကာ ဆိုင်ကယ်ကြီး ဝယ်လာခဲ့သည်။ နှောရွာဘက်က ယောသားကြီးဆိုင်ကယ်မောင်းနှင်၍ ပြန်လိုက်ပို့သည်။
ဆိုင်ကယ်ကို အိမ်အောက်မှာထားသည်။ ပထမနေ့က တစ်ရွာလုံး စုပြုံ၍ သွားကြည့်ခဲ့ကြတာ မှတ်မိသေးသည်။ နို့...ဆိုင်ကယ်မှ
မမြင်ဖူးကြတာကိုး။ တစ်နေ့တစ်နေ့ တမ်ဟုန်း၏ အလုပ်မှာ ဆိုင်ကယ်ဆေးခြင်းပင်ဖြစ်သည်။ စီးကားမစီး။ ပွတ်လိုက် သုတ်လိုက်ဖြင့် ဆယ်ရက်ကျော်သွားသည်။ ထိုအချိန်တွင် တူတော်မောင် ထန်းဘွေက တစခန်းထလာသည်။ မြို့ကျောင်းနေတုန်းက စက်ဘီးစီးဖူးသည်ကြောင့် ဆိုင်ကယ်လည်း စီးတတ်သည်ပေါ့။ သူက ဤသို့ သတင်းလွှင့်သည်။ တစ်ရွာလုံးကလည်း ဆိုင်ကယ်စီးတာကို အပြင်မှာမြင်ဖူးသူ သိပ်မရှိ။ အမှန်က ဒီကောင်ထန်းဘွေ ဆိုင်ကယ်မစီးတတ်။ သို့သော် သို့သော်........။
တမ်ဟုန်းတို့ ဆိုင်ကယ်ကို ထန်းဘွေ မောင်းနှင်စီးနင်းမည့် အကြောင်းက ရွာလေး၏ သတင်းထူးတစ်ပုဒ်ဖြစ်နေသည်။ ထန်းဘွေကလည်း တကယ်ပင် တက်ခွစီးပါသည်။ လမ်းအဖြောင့်အတိုင်း စီးနေတော့
အကောင်း။ တကယ့် ဆရာကြီး။ လူအုပ်ကြီးက တဟေးဟေးဖြင့် ပြေးလိုက်ကြသည်။ လမ်းကွေ့ရောက်တော့ ကိုယ့်လူက ဘာမှမလုပ်တတ်တော့။ အရှိန်နဲ့ကိုး။ မလုပ်တတ်လေ လီဗာကို ဆွဲမိလေနဲ့။ ဆိုင်ကယ်က သစ်ပင် ခွကြားမှာ။လူက ဟိုးအောက်ထဲမှာ။ တစ်ရွာလုံးကလည်း လူကိုအရေးမလုပ် ဆိုင်ကယ်ကိုသာ အရေးလုပ်ကြသည်။ ခဲရာ ခဲဆစ်ဖြင့် ဆိုင်ကယ်ကို ပြန်ထုတ်ရသည်။ ဥက္ကဌ ကလည်း ဒီကောင့်ကို ဓားကြိမ်း ကြိမ်းနေသည်။ ဒီကောင်က
အဲဒီလို ဆိုင်ကယ် စီးတတ်လာတဲ့ကောင်။ ပူးရှိန်းဖေ လန့်မည်ဆိုလည်း
လန့်စရာ မဟုတ်လား။
ချောမွေ့သပ်ရပ်စွာ မင်းတပ်ကို ရောက်သည်။ မြို့မ အားကစားကွင်းကြီး
ထဲမှာ ပြင်ဆင်ထားရှိမှုတွေက ခမ်းနားထယ်ဝါစွာ။ ရိုးရာနတ်တိုင်များ၊
ပြခန်းများ၊ အားကစားပြိုင်ပွဲများ၊စားသောက်ဆိုင်များ အစရှိသဖြင့်။
ပူးရှိန်းဖေ မြားပစ်ပြိုင်ပွဲတွင် စာရင်းပေးသွင်းသည်။ လက်ရှိချန်ပီယံဖြစ်သောကြောင့် ပုရိတ်သတ်များ၏ အထူးအားပေးမှုကို ရသည်။ ပစ်မှတ်၏
အလယ်တည့်တည့်တွင် မြားသုံးချက်က စိုက်ဝင်လျက်။ ပြေးနေသည့်
သားကောင်ကိုပင် တုန်းခနဲလဲကျအောင် ပစ်နိုင်သူမို့ ထူးပြီးစိတ်လှုပ်ရှားဟန်မတူ။
ရိုးရာပြခန်းများကို ကြည့်ရှုလေ့လာသည်။ အာဇာနည် ချင်းသူရဲကောင်းများ
အကြောင်း နံရံကပ်စာစောင်လုပ်ထားသည်မှာ ကြည်နူးနှစ်သက် အတုယူဖွယ်။ မျိုးဆက်သစ်လူငယ်များ၏ စာပေပြခန်းကလည်း ပျော်ရွှင်ဖွယ်ရာ။ ဟော ဟိုမှာ ပူးရှိန်းဖေတို့၏ ဘာသာစကားကို တီထွင်ခဲ့သော
ပညာရှိ ချင်းတောင်ကင်းမောင်တို့၏ ဖခင် ပညာဝန်ဦးမာန်ကင်၏ ပုံတူ
ပန်းချီကား။
ခေါင်ဆိုင်တွေလည်း ပေါမှပေါ။ မူးယစ်ရမ်းကားနေသူများ သိပ်မတွေ့ရသဖြင့် ပူးရှိန်းဖေ ကျေနပ်မိသည်။ ပူးရှိန်းဖေတို့ ငယ်စဉ်ကတော့
လောင်းကစားဝိုင်းများ ခေါင်ဆိုင်များ လူရှုပ်လူပွေလူမိုက်များဖြင့် အကျည်းတန်ခဲ့ဖူးသည်။ ဟော ဟိုမှာဘက်မှာ လူတွေစုစု စုစုနဲ့ပါလား။ နံဘေးကလူကိုမေးကြည့်သည်။ ကျပန်းစကား
ပြောပြိုင်ပွဲဆိုပဲ။ ထန်းဘွေကိုလက်တို့ကာ တူဝရီးနှစ်ယောက် ဝင်ကြည့်ကြသည်။ ချင်းစကားသက်သက်ဖြင့် ပြိုင်နေကြတာပါလား။ တစ်နေရာမှာလည်း ရိုးရာသီချင်းဆိုပြိုင်ပွဲလုပ်နေကြသည်ကို တွေ့ရသည်။
ကောင်းလိုက်တာ ကောင်းလိုက်တာ ပူးရှိန်းဖေ ပီတိနှင့်အတူ မှတ်ချက်ချသည်။ ညပိုင်း ဖျော်ဖြေရေးကိုကား ရာသီဥတု အေးသည်ကြောင့်
မသွားနိုင်တော့။ ထန်းဘွေကတော့ ရှိုးစမိုးတွေ ဘာတွေထုတ်ကာ
ထွက်သွားသည်။
မင်းတပ်မှာ နှစ်ရက်ကြာခဲ့သည်။ ပျော်ခဲ့သည် မော်ခဲ့သည်။ ကျေနပ်ခဲ့သည်။ နှစ်တိုင်းဤသို့ ငြိမ်းချမ်းစွာ ဖြတ်သန်းလိုသည်။ ပိုမိုကောင်းမွန်သော နံနက်ခင်းများကိုသာကြုံတွေ့လိုသည်။
့
ဟိုးတောင်ယာအောက်ခြေတွင် ကွေ့ကောင်စွာစီးဆင်းနေသော
နှောချောင်း။ မျောက်တို့၏ အော်သံများကြားရသည်။ တောင်ယာတဲကိုမှီလျက်ထောင်ထားသော တူမီးသေနတ်ကို ကြည့်မိသည်။
သို့သော် ပစ်လို ခတ်လိုစိတ် စိုးစဉ်းမျှမရှိ။ တစ်ခါတစ်ရံတော့ ဘဝကို
လွတ်လပ်စွာ ပျော်ချင်သည်ဟု ပူးရှိန်းဖေ လေးလေးနက်နက် တွေးနေမိတော့သည်။
#ဟာရှိန်း(မင်းတပ်)
မုံရွာဂေဇက်ဂျာနယ်
အတွဲ ၁၊အမှတ် ၂၉၊ ၂၀၁၇
No comments:
Post a Comment