Mar 10, 2017

တောမီး

"တောမီး"
=====
         

                                                                    #စိုးသူရ

လေယာဉ်ပြတင်းဆီမှ လှမ်းမြင်ရသော အိမ်ခေါင်မိုးလေးတွေကို လှမ်းကြည့်ရင်း သူ ဒီအချိန်ဘယ်မှာ ရှိနေမှာပါလိမ့်ဟု စိတ်ထဲက တွေးနေမိသည်။ လေယာဉ်မယ်လေးက သကြားလုံးတွေ သုံးဆောင်ပါဦးရှင် ဆိုတော့ မရည်ရွယ်ပါဘဲ သကြားလုံးလေးတစ်လုံးကို လှမ်းယူမိသည်။ Yesss တဲ့ ... ငြင်းပယ်မှုများစွာ လျစ်လျှူရှုမှုများစွာနှင့် နေသားကျနေသော ဘ၀တွင် အပြုသဘောဆောင်သော စကားလုံးများကို ရုတ်တရက်တွေ့ရလျှင် ၀မ်းသာရမယ့်အစား ပိုအားငယ်သွားတတ်သော သူမကိုယ် သူမ စိတ်ပျက်လွန်းလှသည်။

လေဆိပ်အပြင်သို့ လှမ်းကြည့်မိလျှင် လာရောက်ကြိုဆိုနေကြသော လူအများကြားမှာ သူ ရှိနေမှာမဟုတ်မှန်း သိလျှက်နဲ့ လိုက်ရှာနေမိသည်။ အလုပ်ကလွဲလို့ ဘာကိုမှ ဦးစားမပေးသော သူ့အတွက် ဖုန်းမက်ဆေ့ခ်ျဖြင့် ပေးပို့ထားသော သူမ လိုက်ပါလာမည့် လေယာဉ်နံပါတ်နှင့် လေယာဉ်ဆိုက်ရောက်မည့်အချိန်တို့သည် အလွယ်တကူဖတ်ပြီး အလွယ်တကူမေ့ပစ်လိုက်နိုင်သော သာမန်သတင်းအချက်အလက်များသာ ဖြစ်လိမ့်မည်။
*****

ကလေးမြို့သို့ရောက်တိုင်း တည်းခိုနေကျ လေဆိပ်ရှေ့က တောင်ဇလပ်ဟိုတယ်မှ ဧည့်ကြိုမိန်းကလေးသည် မိုင်ပေါင်းများစွာကို ဖြတ်၍သယ်ဆောင်လာသော သူမ၏ စိုးရိမ်စိတ်စွန်းထင်းသည့် မျှော်လင့်တကြီးမျက်လုံးများကို ရိပ်မိနေမလား။

အ၀တ်အစားလဲ ကိုယ်လက်သန့်စင်ပြီးသောအခါ အလွတ်ရနေသော ဖုန်းနံပါတ်ကို နှိပ်မိသည်။ ပြန်လည်မဖြေကြားသော တစ်ဖက်မှ လျှစ်လျှူရှုမှုသည် အပြင်ဘက်မှ ရာသီဥတုကို ဆန့်ကျင်ကာ လူကို ရုတ်တရက်အေးစက်သွားစေသည်။

အခုပဲ ရောက်တယ် ဆိုသော စာတိုလေးကို ဘာ emoion icon မှ မပါဘဲ သူ့ဖုန်းထံပို့လိုက်ပြီးသည့်နောက် သူမ ပင်ပန်းအားနည်းစွာ အိပ်မောကျသွားတော့သည်။
*****

ကျိန်းစပ်နေသော မျက်လုံးများကို လက်ဖြင့် ပွတ်လိုက်ရင်း ဖုန်းကို ဖွင့်ကြည့်မိတော့ မနက် ၃ နာရီ ၄၅ မိနစ်။ နားလိုက်ဦး မနက်ဖြန် မနက်စာအတူစားမယ် ဆိုသော သူ့ထံမှရောက်နေသည့် စာတိုလေးသည့် သူမ၏ နံနက်ခင်းစောစောကို ပြည့်စုံသွားစေခဲ့သည်။
*****

"ခုတလော လူနာတွေ အရမ်းများတယ်။ လူမှုရေးကိစ္စတွေလည်း ပျက်ကွက်နေတာတောင်ကြာပြီ …"

တစ်ယောက်တည်းရေရွတ်သလိုမျိုး ပြောနေသော သူ့နှုတ်ခမ်းတွေကို ငေးကြည့်ရင်း ရင်ထဲက ပူပန်မှုသည် ပိုမိုကြီးထွားလာသည်။ တကယ်ဆို အနည်းဆုံးတော့ "မနေ့က လေယာဉ် အချိန်မှန်ရဲ့လား" "ဘာလို့ အစောကြီး အိပ်ပျော်သွားတာလဲ" "Transfer ကိစ္စရော ဘာထူးသေးလဲ" တစ်ခုမဟုတ် တစ်ခုမေးသင့်တယ်လို့ သူ မထင်ဘူးလား။

အခုရော လူနာတွေကို ထားခဲ့ပြီး သူမကို နံနက်စာလာကျွေးတယ် ထားပါတော့။ ခဏတဖြုတ်လောက် စိတ်ချလက်ချထားခဲ့နိုင်မည့် လက်ထောက်ဆရာဝန်နောက်တစ်ယောက်လောက်တောင် ကလေးမြို့ပြည်သူ့ဆေးရုံမှာ ရှိမနေဘူးပေါ့။ သူ့ကြည့်ရတာ အတွေးတွေက တခြား … စကားတွေက တခြားဖြစ်နေသော မောပန်းနေသည့် တာဝေးအပြေးသမားတစ်ယောက်နှင့် တူနေသည်။

"ဘယ်နေ့ပြန်မှာလဲ"
သူ့ဆီမှ ကြားရလိုက်ရသော သူမနှင့်သက်ဆိုင်သည် ပထမဆုံးမေးခွန်းသည် ရင်ဝကိုဆောင့်ကန်ခံလိုက်ရသလို အရှိန်ပြင်းလွန်းသောကြောင့်လားမသိ။ ဘာမှမစဉ်းစားလိုက်မိခင်မှာပင် မျက်ရည်ရုတ်တရက်ဝဲပြီး ခေါင်းကို ငုံ့ချပစ်လိုက်မိသည်။

"ဟာ … ဘာလဲ။ ဒါလေးမေးတာကိုကွာ …"
"-----------------------"
"ဘာလဲ ရောက်တောင်မရောက်သေးဘူး … ပြန်စေချင်နေပြီလို့ ထင်သွားတာလား … ကိုယ်မေးတာ ဒီလိုလေ … ပြန်မယ့်ရက်ကို အတိအကျသိရမှ ကိုယ့်အချိန်ဇယားတွေကို ပြန်ဆွဲရမှာ … ပြီးတော့ သင်္ကြန်တွင်းဆို အထိအခိုက်တွေရှိတော့ လူနာများတတ်တယ်လေ … ကလေးလည်း မဟုတ်ဘဲ … ကျောင်းတုန်းက အတိုင်းပဲ …"

ကျောင်းတုန်းက အတိုင်းပဲတဲ့။ သူကရော ဘာတွေဘယ်လောက် ပြောင်းလဲ ပြောင်းလဲ … ကျောင်းတုန်းကအတိုင်း သူလိုချင်တာကို ရအောင်ယူပြီး သူပြောချင်တာကို အပြုံးမပျက်ဘဲ ပြောနိုင်ဆဲပဲ မဟုတ်လား။

"နှစ်ဆန်း နှစ်ရက်နေ့ပြန်မယ် …. မနက်ခင်း flight နဲ့ပဲ …"
"အိုကေ … ဒါလေး ဖြေရမှာကို မျက်ရည်တော့ ကျလိုက်သေးတယ်။ ကဲ … စားလိုက်ဦး … ရှမ်းခေါက်ဆွဲတွေ အေးကုန်မယ်။"

သူမကတော့ ရှမ်းခေါက်ဆွဲတွေ အေးကုန်မှာထက် သူ့ခံစားချက်တွေ အေးစက်ကုန်မှာကို ပိုစိုးရိမ်သည်။ တစ်နှစ်မှ တစ်ခါရသော အားလပ်ရက်ရှည်တွင် သူနှင့်အတူ အနီးကပ်ရှိနေလိုစိတ်တစ်ခုတည်းနှင့် မိန်းကလေးတစ်ယောက်တန်မဲ့ သူစိမ်းမြို့တစ်မြို့မှာ သူ့မျက်နှာကိုကြည့်ပြီး နေရမည့် တစ်ပတ်တာကာလကို သူမ ရင်ခုန်မျှော်လင့်နေခဲ့ရတာ ဘယ်လောက်ကြာပြီလဲ။

သူငယ်ချင်းတွေဆီသွားလည်မလို့ဆိုပြီး သိထားသော မိခင်သည် သူမ၏ ရူးသွပ်မိုက်မဲမှုကို သိရှိသွားလျှင် ရှက်စိတ်ဖြင့် ရုတ်တရက်နှလုံးခုန်ရပ်သွားလေမလား။ အသက်သုံးဆယ်ပတ်ဝန်းကျင် ယောက်ျားလေးတစ်ယောက်နှင့် မိန်းကလေးတစ်ယောက် အတူရှိနေခြင်းသည် အများအတွက် ဘာမှထူးဆန်းသော ကိစ္စတစ်ခုမဟုတ်သော်လည်း ငယ်စဉ်ကတည်းက အမှန်တကယ် ချစ်မြတ်နိုးသူကိုသာ လက်ထပ်ထိမ်းမြားပြီး မိမိ၏ မိန်းမသားဘ၀ကို ပုံအပ်လိုသော သူမ၏ စိတ်ကူးသည် သူတောင်းဆိုသော ဆန္ဒ၏နောက်ဆက်တွဲများအောက်တွင် ပျောက်ဆုံးသွားခဲ့သည်။ အချစ် ဆိုသော ခံစားချက်တစ်ခုနှင့် ကိုယ့်ခံယူချက်များကို လဲလှယ်ပစ်ကြသောသူများအား စိတ်ထဲတွင် လှောင်ပြောင်ခဲ့ဖူးသော သူမသည် အခြားသူများ၏ ဝေဖန်စပ်စုသောမျက်လုံးများကို သူ့လက်ဖ၀ါး၏ နွေးထွေးမှုနှင့် သူ့အနမ်းများ၏ ချိုသာသော ဆွဲဆောင်မှုအောက်တွင် ခံနိုင်ရည်ရှိခဲ့သည်။
*****

လွန်ခဲ့သော သုံးလခန့်ကတည်းက ဖုန်းဆက်သည့် အကြိမ်ရေ နည်းသွားတတ်သော သူ့အေးစက်မှုကို သူမ ရိပ်မိခဲ့သည်။ အပတ်စဉ် အင်္ဂါနေ့ညနှင့် စနေနေ့ညများသည် မိုင်ပေါင်းများစွာဝေးနေရသော ချစ်သူနှစ်ဦးအတွက် ကြည်နူးဖွယ်ကာလများဖြစ်ခဲ့သည်။ သူမ မသိမသာမေးမြန်းကြည့်တော့ ဆေးရုံကိစ္စတွေနဲ့ စိတ်ရှုပ်နေလို့ပါကွာ ဆိုသော ယေဘုယျဆန်သည့် အဖြေကိုသာရခဲ့သည်။

"ယောက်ျားတွေကို ဘယ်တော့မှ ရာနှုန်းပြည့် မယုံလေနဲ့ ငါ့သမီး … အနေဝေးရင် အားလုံးသွေးအေးကုန်ကြတာပဲ … သူတို့ရဲ့ သံယောဇဉ်ဆိုတာ ရမ္မက်အပေါ်အခြေခံတာ … လောင်စာလေးနည်းနည်းရှိတာနဲ့ ရောက်တဲ့နေရာ လောင်ကျွမ်းဖို့ အမြဲအသင့်ဖြစ်နေကြတာ … ညည်းအဖေပဲကြည့် … ကြီးကောင်ကြီးမားကျမှ နွားအိုမြက်နုကြိုက်ပြီး ဆံထုံးနောက် သျှောင်ပါသွားတာ … အမေကတော့ ငါ့သမီးကို ယုံတယ် … အမေ့လို ခပ်ပိန်းပိန်း မိန်းမမဟုတ်ဘူးဆိုတာ …"
ဒီစကားတွေကို အမေ သူမကို ပြောခဲ့တုန်းက သူကတော့ ဒီလို ယောက်ျားတွေထဲက တစ်ယောက်မဟုတ်ပါဘူး အမေရယ် … သမီးကို ရိုးမြေကျချစ်သွားမှာပါ ဟု စိတ်ထဲကနေ သူ့ဘက်က ရှေ့နေလိုက်ပြီး ကာကွယ်ခဲ့သေးသည်။ ပညာတတ်ပြီး ရည်မွန်သော သူ့လိုယောကျာ်းတစ်ယောက်သည် ကျောင်းနေဘက်ဆိုသော သံယောဇဉ်နှင့် နှစ်ဦးသားတိုင်တည်ထားသည့် ချစ်ခြင်းမေတ္တာကို ထောက်ထားလျက် ဖောက်ပြားရက်မှာ မဟုတ်ပါဘူးဟု သူမက တိတ်တဆိတ်ယုံကြည်ထားခဲ့သည်။
*****

ကလေးမြို့၏ ပွဲတော်ရက်များသည် ရန်ကုန်မြို့၏ ဆူညံသော ပွဲတော်ရက်များထက် ပိုပြီး တိတ်ဆိတ်ငြိမ်သက်သော်လည်း တစ်ချက် တစ်ချက် အဝေးမှ ရေပက်ခံသူများဆီမှ လွင့်ပျံလာသော သီချင်းသံများနှင့် နံနက်ခင်းနှင့် ညနေခင်းများတွင် အသက်ဝင်နေတတ်သည်။

"တစ်နှစ် တစ်ခေါက်တော့ အရောက်လာမယ် … မိန်းမချောလေးရယ် …"
ရုတ်တရက် သူမ မျက်နှာပူနွေးသွားသည်။ အရှက်အကြောက်တရားဆိုတာ တကယ်တော့ ကိုယ်တိုင်သိတဲ့ အမှန်တရားတစ်ခုဖြစ်မှန်း သူနှင့်အတူနေသည့် သုံးနှစ်တာကာလအတွင်းမှာ သူမ ကောင်းကောင်းသဘောပေါက် နားလည်ခဲ့သည်။ လက်ထပ်ဖို့ အိုးအိမ်ထူထောင်ဖို့ အစီအစဉ်အတိအကျတွေ ဘာတစ်ခုမှ မပြောသေးဘဲ ချစ်တယ် ဆိုသော စကားတစ်ခွန်းနှင့် သူမ တစ်ခါမှ မတွေ့ကြုံဖူးသော အထိအတွေ့များကြားတွင် သူမ၏ စိုးရိမ်မှုများမှာ နေရောင်နှင့် ထိတွေ့သော နှင်းရည်နှင်းစက်များသာဖြစ်ခဲ့သည်။

တစ်ချိန်ချိန်မှာတော့ ဆိုသော မျှော်လင့်ချက်သည် ရိုးအီငြီးငွေ့မှုနှင့်အတူ ပျက်ပြယ်သွားမလားဟု ပူပန်မိပေမယ့် သူငါ့ကို တကယ်ချစ်တာပဲ … ဘာတွေ တွေးပူနေမှာလဲ … သူလည်း ကြိုးစားနေဆဲပဲလေ … ဆိုသော နှစ်သိမ့်တွေးများသည် တင်းထားသော သူမ၏ မာနတရားနှင့် သိက္ခာကို အကြိမ်ကြိမ်အရည်ပျော်စေခဲ့သည်။
*****

"နှစ်ဆန်းတစ်ရက်နေ့ ရေဆန်ကျွန်းဘုရားသွားမယ်နော် … ကိုယ်နေ့လည်ခင်းက စပြီးအားတယ် … အပြန်လမ်းမှာ မြို့အစွန်က နေကြာခင်းပန်းခင်းထဲ ဓာတ်ပုံရိုက်ပေးမယ်လေ …"

ပွဲတော်အစောပိုင်းရက်များတွင် အထီးကျန်အားငယ်နေသော သူမ၏ အတွေးများကို စကားတစ်ခွန်းတည်းနဲ့တင် ဖယ်ရှားပေးနိုင်သည့် သူ့နှုတ်ခမ်းပါးများကို ကြည့်ရင်း သူမ ပျော်ရွှင်လာသည်။ သူတကယ် ငါ့ကို ချစ်ရှာတာပဲလေ … ငါ အတွေးလွန်နေတာ နေမှာ …။

"ဒါနဲ့ ပြန်တဲ့ရက်တော့ ကိုယ်မအားဘူးနော်။ မနက်စောစော operation တစ်ခုဝင်စရာရှိတယ်။ အရေးကြီးလူနာမို့လို့ …"
စိတ်လက်ကြည်သာစွာ သူမ ခေါင်းညိတ်ပြုံးပြလိုက်မိသည်။ သူလိုက်ပို့ နှုတ်ဆက်နေရင်တောင် ပိုဝမ်းနည်းပြီး ခွဲခွာရခက်နေဦးမှာ။

"ရပါတယ် … လေဆိပ်က ဟိုတယ်ရှေ့လေးပဲကို …"
*****

ရေဆန်ကျွန်းဘုရားကုန်းတော်ပေါ်မှ လှမ်းပြီးမြင်နေရသော ကလေးမြို့၏ နွေညနေခင်းကို သူမချစ်သည်။ ဘုရားဖူးများသည် ဒေသခံအများစုအများစုဖြစ်သဖြင့် သူ့ကို ပြုံးပြနှုတ်ဆက်ကြပြီး သူမကိုလည်း မရဲတရဲပြုံးပြကြသည်။ နောက်ဆို သူမလည်း ဒီချစ်စရာမြို့ကလေးမှာ ဒေသခံတစ်ယောက်ဖြစ်လာတော့မှာပေါ့နော်။ မှိုင်းပြာပြာ တောင်တန်းများသည် ညိုတစ်ကွက် စိမ်းတစ်ကွက်ဖြင့် ပန်းချီကားတစ်ချပ်လို လှပလွန်းနေသည်။ အေးဆေးညင်သာစွာစီးဆင်းနေသာ မြစ်သာမြစ်သည် ဟိုးဝေးဝေးမှာ မှုန်ပျပျ။ နှစ်ဦးသား သဘာဝအလှတရား၏ အေးချမ်းတိတ်ဆိတ်မှုအောက်မှုမှာ စကားမပြောဖြစ်ကြ။

"ဟင် … ဟိုမှာ မီးတွေလောင်နေတယ် … တွေ့လား … ဟိုး တောတန်းအစွန်းမှာ …"
စိုးရိမ်တကြီးပြောလိုက်သော သူမကို လှည့်ကြည့်ရင်း သူက အားရပါးရရယ်သည်။
"အဲဒါ တောမီးလောင်နေတာလေ … နွေဆို လောင်နေကျပဲ …"
"ဟင် … ဘယ်သူမှ မငြှိမ်းဘူးလား … အရှိန်များလာရင် ခက်ရချည်ရဲ့ …"
"မြင်ရတာသာ နီးတယ်ထင်ရတာလေ … ဘယ်သူက သွားငြှိမ်းနိုင်မလဲ … သဘာဝအတိုင်းပဲကို … သူ့ဘာသာသူ ထလောင်ပြီး အချိန်တန်တော့ ငြိမ်းသွားတာပါပဲ … တစ်ခါတလေ တစ်နေရာတည်းတောင် မကဘူး … သုံးလေးနေရာ တစ်ပြိုင်တည်း လောင်နေတာ … တစ်ချို့တောမီးတွေဆို တစ်ရက်မက ကြာတယ် … နည်းနည်းများရင် မီးခိုးငွေ့တွေနဲ့ အသက်ရှူရတော့ ခက်တာပေါ့ … ဒါပေမယ့် ဒီမှာကတော့ ရိုးနေပါပြီ … ဒါနဲ့ ကြည့်စမ်း … တောင်စောင်းမှာ တောမီးက ကွေ့ဝိုက်ပြီးလောင်နေတာ မလှဘူးလား … ရဲနေတာပဲနော် …"
"ဟင် … မလှပါဘူး … သစ်ပင်လေးတွေနဲ့ တောကောင်လေးတွေသနားပါတယ် … ပူနေကြရှာမှာပဲ … အဝေးက ကြည့်တော့သာ လှနေတာ … အနီးကပ်ဆို အတော်ပူမှာ …."

သူ့စကားကို လက်မခံနိုင်စွာ ငြင်းပယ်မိကာ စိတ်လိုလက်ရရှင်းပြနေသော သူ့ကို ငေးကြည့်ရင်း သူမလည်း တစ်ခါတလေတော့ သူ့လိုပဲ စိတ်ပူပန်မှုတွေ နည်းပါးချင်လှသည်။

"ကျောင်းတုန်းကအတိုင်းပဲကွာ … သိပ်စိတ်ကူးယဉ်တာပဲနော် … တစ်ချို့သဘာဝတရားတွေက သိပ်စိတ်ကူးယဉ်နေလို့ မကောင်းဘူး ကလေးမရဲ့ …"
သူ့အပြောကို သဘောကျသလို ရယ်မောမိရင်း သူဝတ်ထားသော ရှပ်အင်္ကျီကော်လံနားမှ ပုရွက်ဆိတ်တစ်ကောင်ကိုမြင်ကာ ခြေဖျားထောက်ပြီး သူမ ညင်ညင်သာသာဖယ်ရှားပေးမိတော့ …
"အာ … လူတွေမြင်ကုန်မယ်လေ … မကောင်းဘူး …"
စိတ်ခုသွားသလို သူပြောတော့ သူမ ဆောရီးဟု မြန်မြန်တောင်းပန်လိုက်ရသည်။
*****

နှုတ်ဆက်အနမ်းတစ်ချက်နှင့်အတူ သူချန်သွားခဲ့သော အိပ်ရာပေါ်က ဂွမ်းစောင်ပါးပါးအောက်ကနေ သူမ မထချင်ဘဲ ထလိုက်ရသည်။
လေယာဉ်ထွက်ချိန်က မနက် ၁၀ နာရီခွဲဆိုတော့ အချိန်နည်းနည်းရတာကြောင့် ဒေသထွက် အစားအသောက်တစ်ချို့နှင့် အသုံးအဆောင်တစ်ချို့ ၀ယ်သွားချင်သေးသည်။

ဟိုတယ်ရှေ့က ဆယ်ကျော်သက်အရွယ် ဆိုင်ကယ်ကယ်ရီသမားလေးက သူမကို မြို့မဈေးသို့ လိုက်ပို့သည်။
"ဖြေးဖြေးမောင်းနော် ကလေး … အစ်မ ကြောက်တတ်လို့ …"
ဆိုင်ကယ်ကယ်ရီသမားလေးက နားလည်သလို ပြုံးပြသည်။

သူ့ဆိုင်ကယ်နောက်က စီးလျှင်တော့ သူ့ခါးကို ခပ်ဖွဖွဖက်ကာ ဘယ်လောက်အရှိန်ပြင်းပြင်း ကြောက်မှ မကြောက်တတ်ပဲလေ။
*****

"ဒီထမီလေး ဈေးနည်းနည်းလျှော့ပါဦး အဒေါ် … ကျွန်မ လေးငါးထည်လောက်ယူမှာ …"
အနီနှင့် အနက်များများရောစပ်ထားသော ချင်းထမီလေးကို သူမ နှစ်သက်စွာကိုင်ကြည့်ရင်း ဈေးဆစ်မိသည်။ သူငယ်ချင်းများက ဒီလို ရိုးရာအဆင်များကို ကြိုက်တတ်ကြသည်ကို သူမ သိထားသောကြောင့် ကလေးမြို့မှ ပြန်တိုင်း သူမ တကူးတက လက်ဆောင်အဖြစ်ဝယ်ယူရတတ်သည်။

"အော် … သမီးကိုး … မနေ့က ရေဆန်ကျွန်းမှာ ဆရာနဲ့ အတူတွေ့သေးတယ်လေ … ဆရာ့သူငယ်ချင်းဆိုတော့ လျှော့ပေးရမှာပေါ့ … ယူ ယူ သမီး … အားလုံးပေါင်းပြီး ဒေါ်လေး လျှော့ပေးပါ့မယ် …"
ကျေးဇူးတင်စကားဆိုရင်း သူမ တခြားအဆင်တွေကိုပါ ရွေးချယ်နေမိသည်။ မေမေနှင့် အန်တီ့အတွက်တော့ လူကြီးဆန်ပြီး အရောင်ငြိမ်သည့် အဆင်မျိုးရွေးမှ ဖြစ်မည်။

"ဒါနဲ့ သမီး … ဒီမနက် အလှူမသွားဘူးလား … မဟာသန္တာရုံမှာ ဆရာ့ကောင်မလေးတို့ မိသားစု ဆွမ်းကျွေးအလှူရှိတယ်လေ … ဆရာဖိတ်ဖို့ မေ့နေတာထင်တယ် …"
ရောင်စုံ ချင်းရိုးရာအဆင်များကြားမှာ သူမ ရုတ်တရက် အသက်ရှူကျပ်သွားသလိုဖြစ်ပြီး မိုက်ခနဲဖြစ်သွားသည်။

မျှော်လင့်ထားသည့် စိုးရိမ်ပူပန်မှုသည် မမျှော်လင့်ထားသည့်အချိန်တွင် သူမကို ချုံခိုတိုက်ခိုက်လိုက်သောအခါ လက်ထဲတွင် ကိုင်ထားသော ချင်းထမီလေးပင် လွတ်ကျသွားသည်။ ဟန်ဆောင်မကောင်းသော သူမ၏ အဖြစ်ကို ရိုးသားသောဆိုင်ရှင်အဒေါ်က မရိပ်မိဘဲ ရေတစ်ခွက် အမြန်သွားခပ်ပြီး ကမ်းပေးသည်။

"ကလေးက ဒီနှစ်နွေသိပ်ပူတယ်ကွယ် … မနက် နေတောင်သိပ်မမြင့်သေးဘူး … ရေလေးသောက်လိုက်ဦး သမီး… ဆိုင်ကယ်စီးလာလို့ထင်တယ် …"

အရောင်းစာရေးမလေးလှမ်းပေးသော ချင်းရိုးရာအထည်များထည့်ထားသည့် ကြွပ်ကြွပ်အိတ်ကို တင်းတင်းဆုပ်ကိုင်ရင်း သူမ မျက်လုံးတွေေ၀၀ါးသွားသည်။

မျက်ရည်နဲ့စပြီး မျက်ရည်နဲ့ ဆုံးသော နွေရက်များကို သူမ မုန်းတီးလှသည်။
*****

လေယာဉ်ပြတင်းဆီမှ မြို့ကလေး၏ အပေါ်စီးမြင်ကွင်းကို ငေးမကြည့်ဖြစ်အောင် သူမစိတ်အားတင်းရင်း ထိုင်ခုံလက်ကိုင်ကိုသာ အားကိုးရာတစ်ခုသဖွယ် ဆုပ်ကိုင်ထားမိသည်။

"ဟင် မေမေ … ဟိုမှာကြည့်စမ်း … မနေ့ကတွေ့တဲ့ တောမီးတွေ မငြိမ်းသေးဘူး … ဆက်လောင်နေတုန်းပဲနော် … အပင်လေးတွေ သနားပါတယ် …"
"အချိန်တန်ရင် ငြိမ်းသွားမှာပါ သားရယ် … ဒီလိုပဲ လောင်နေကျတဲ့ …"

အရှေ့ထိုင်ခုံမှ ခပ်ငယ်ငယ်မိခင်နှင့် ခြောက်နှစ် ခုနစ်နှစ်အရွယ်ကလေးငယ်တို့ အပြန်အလှန်စကားကြောင့် သူမ ရုတ်တရက် ပြတင်းအပြင်ဆီ လှမ်းကြည့်မိသည်။

ဟုတ်သားပဲနော် … အခုထိ လောင်ကျွမ်းနေတုန်းပါပဲလား … အချိန်တန်ရင်တော့ ငြိမ်းသွားမယ်ထင်ပါရဲ့ …

အခုလောလောဆယ်တော့ အပူမီးသည် တငွေ့ငွေ့နှင့် လောင်မြိုက်လွန်းလှရဲ့ …
*****

                                                     စိုးသူရ

                                         (ရွှေအမြုတေ၊ မတ်လ၂၀၁၆)

No comments:

Post a Comment