Mar 9, 2017

ဒတ္ထကဗျာများစုစည်းမှု

ဒတ္ထကဗျာများစုစည်းမှု( ၁၆ပုဒ်)
=========================
ခက်ခက်ခဲခဲ ကုန်ဆုံးရတဲ့နေ့
--------(ဒတ္ထ)-----------------
.
မျက်နာသစ်တယ်
ရေသောက်တယ်
တံခါးဝမှာ ထိုင်တယ်
မြင်နိုင်သမျှကောင်းကင်ကို ငေးမော
ခါးသက်သောအသံကို နားစွင့်
ဒီတစ်မနက်စာ အသင့်ဖြစ်နေတော့တယ်…..။
.
ပြီးမှ
တွေ့နေကျငှက်ကလေးတွေကို နှုတ်ဆက်
နေရောင်အလင်း ၀င်းပြက်
ငါ ချစ်မက်မြတ်နိုးရာကမ္ဘာ
ခုတော့လည်း အိပ်မက်ဆန်စွာ….
.
ငေးတယ်
အစိမ်းရောင်သစ်ရွက်တွေ ရောထွေး
တိုတောင်းလှစွာ အကွာအဝေးကန့်သတ်
ထပ်ခါတလဲလဲ ကျက်မှတ်ရဆဲ ၀န်းကျင်
ငါ ဘာကြောင့် အသက်ရှင်နေပါလိမ့်……..။
.
တွေးတယ်
ငယ်ဘ၀နဲ့ ငွေလမင်း
လှိုင်းထနေတဲ့မြမြက်ခင်း
ရင်းနှီးသောအပြုံးများ အေးစက်စက်
အဆိပ်ခွက်ကိုင်ထားသော လက်များ
အမှန်တရားရဲ့နှောင့်နှေးကြန့်ကြာမှု
တုပဖန်ဆင်းခြင် အတက်ပညာ
ကိုယ့်ကိုယ်ကိုယ် လိမ်ညာရာမှာသာ အောင်မြင်ခဲ့ …။
.
လမ်းလျှောက်တယ်
အရှေ့မှအနောက်ကို လျှောက်တယ်
အနောက်မှ အရှေ့ကို လျှောက်တယ်
ပြီး ပြန်လျှောက်တယ်
လျှောက်ရင်းမောပန်း ဟောဒီလမ်းမှာ
ခြေရာများလည်း ထပ်ခါထပ်ခါ…….။
.
ဘယ်လောက်ဆွေးမြေ့စရာကောင်းသလဲ
ကြယ်တံခွန်နဲ့ ဝေးတယ်
သမုဒ္ဒရာနဲ့ ဝေးတယ်
ပစ္စုပ္ပန်နဲ့ ဝေးတယ်
အနာဂတ်နဲ့ ဝေးတယ်….။
.
တွေးပြန်တယ် ပြီးတော့ ငေးတယ်
ကံကြမ္မာကို မချင့်မရဲ
စိတ်ညစ်ကြေကွဲ အရောင်ခပ်မွဲမွဲမျက်နာ
ကိုယ့်ကိုယ်ကိုယ် ပြန်မမြင်ရတာကျတော
ကံကောင်းပြန်ရော…။
.
ဒီလိုနဲ့ မောပန်းသွားမှ
ဝတ္တရားတစ်ခု ထမ်းဆောင်ရသလို
ညနေစာကို မျိုချပြီး
တံခါးဝမှာ ငြိမ်ငြိမ်သက်သက်ထိုင်
မြင်သမျှ ကောင်းကင်ကို ငေးမော
ခါးသက်သော အသံကို နားစွင့်
ဒီတစ်ညနေစာ အသင့်ဖြစ်နေတော့တယ်…။
.
ခုမှပဲ
ဒီတစ်နေ့ဟာ
အသေအချာ ကုန်ဆုံးသွားတော့တယ်
ဝမ်းမြောက်ဖွယ်ပ…….။ ။
.
ဒတ္ထ
(ဟန်သစ် ၊အောက်တိုဘာ၊၁၉၉၄)
***************************************************************
မေတ္တာအကြောင်း
-----------------------------------
၁ ။
ကောင်းကင်မျက်နာမှာ
မှန်ပြာပြတင်းဖွင့်ထားလေရဲ့
တိုေးဝှ့လာတဲ့အေးစက်စက်လေက
ဒီကနေ့ကို ပိုလတ်ဆတ်စေပေါ့
၂။
နေ့မှာ
ဘ၀က ကျွန်တော့်ကို ပိုင်တယ်
ညမှာ
အိပ်မက်က ကျွန်တော့်ကို ပိုင်တယ်
အဲသလိုနဲ့
နုပျိုဆဲပန်းတစ်ပွင့်
အချိန်က ရင့်ကျက်စေခဲ့ပေါ့ ။
.
အိပ်မက်က နိုးထတဲ့နောက်
အလင်းရဲ့မိုးသောက်မှာ
နံနက်ခင်းရဲ့အလှဆုံးကဗျာတစ်ပုဒ်
ကျွန်တော်ဖတ်ခွင့်ရလိုက်ပါရဲ့ ။
၃။
အိမ်ခေါင်းရင်းမှာ
ပန်းဝါ၀ါတွေ တစ်နှစ်တစ်ခါပွင့်တဲ့
အပင့်ရင့်အိုကြီးရှိရဲ့
ခပ်မြင့်မြင့်သစ်ကိုင်းထက်က
စာငှက်မိသားစုရဲ့အိမ်
အုန်းဆံခွံကို သွပ်ကြိုးနဲ့ လိမ်ယှက်ရစ်ပတ်
(အမေနဲ့ ကျွန်တော်ရဲ့)
အင်ဂျင်နီယာအတတ်ပေါ့ ။
.
သည်မနက်
ငှက်တို့အိပ်၇ာထ
ကျွန်တော်တို့လည်း အိပ်ရာထ
ညငွေ့ရင်ထုံး အာရုံပြတင်း
သန့်ရှင်းနေခိုက
ငှက်အော်သံစူးရှ ကြားလိုက်ရတယ်။
.
မော့ကြည့်လိုက်တော့
ငှက်သိုက်အိမ်အ၀မှာ
စာငှက်ပေါက်စ နှုတ်သီးဟ
စာ,မ တစ်လှည့် စာ,ထီး တစ်လှည့်
(သူတို့ရဲ့သားငယ်ကို)
အစာခွံကျွေးနေလေရဲ့ ..။
၎။
အဲသလိုနဲ့
အိပ်မက်ထက်လှတဲ့ ကဗျာတစ်ပုဒ်
ဖက်ရှုခံစားခွင့်နေရခိုက်
အမေရဲ့ဂရုတစိုက်ကြင်နာသံ
ကာရန်ချိုမြ ကြားလိုက်ရတယ်။
“အိမ်ထဲ ၀င်တော့ သားငယ်
အအေးမိလိမ့်မယ်” တဲ့ ။
ဟုတ်ကဲ့ နာခံ မနက်ဖြန်မှာ
လောကရဲ့ လှပတဲ့ကဗျာတစ်ပုဒ်
ထပ်မံခံစားထိုက်ပါရစေကွယ်..။ ။
ဒတ္ထ
အမှတ်-၉၈/၁၉၈၉/ ပေဖူးလွှာ
.
*******************************************************************
တောက်ပမှု(နွေဦး)
--------------------
အရင်ကလိုပါပဲ
သစ်ပင်တွေ သစ်ရိပ်ပြိုကွဲ
နေက ပက်ကြားအက်တွေကို အားဖြည့်
ကတ္တရာလမ်းမတွေပျော်ကျ
မြင်တွေကရသမျှ အရာဝတ္ထုတိုင်းက
မီးတောက်ကို စားသောက်ထားကြသလိုမျိုး…။
လရောင်ကို ခိုးယူလို့
ဘ၀အတွက် စိုက်ပျိုးချင်သူတွေတောင်
တံလှပ်တောမှာ ရေရှာကြ
သရက်ပွင့်တို့ အခါအခွင့်သင့်ကြ…။
စားပွဲထက်က ဖုန်မှုန့်တွေဟာ၏
အပြင်ဘက်က အမှိုက်သရိုက်တွေဆီ
ပြေးသွားပူးပေါင်းလိုက်ကြတယ်။
ခပ်တည်တည်မှုန်ကုပ်ကုပ်နဲ့
စိတ်ရှုပ်စရာကောင်းတဲ့လေကို
အခန်းကျဉ်းထဲမှာ သော့ခတ်ထားလိုက်တယ်။
ကဲ…..နှုတ်ဆက်ခဲ့ပြီ…..တဲ့
နှင်းစက်တွေက မြက်ခင်းပြင်ထဲ ပြန်ဝင်သွား
နေ့ခင်းကြောင်တောင်မှာ
ခြင်တစ်ကောင်က သားကောင်ကို ရှာတွေ့
ရေဘုံဘိုင်အပျက်ထဲက
သံချေးတက် ချွေးစက်တွေ ထွက်အလာ
နွေဦး……..ဟာ
လူတွေ မေ့လျော့မသွာခင်
ပြန်လည်ရောက်ရှိလာတော့တယ် ….။
ဒတ္ထ
(အထက်တန်းကျတဲ့ရေနဲ့ နွေဦး …မဂဇင်းမှ)
******************************************************************
တနင်္ဂနွေနှင့်
သူ့မိတ်ဆွေများအကြောင်း
---------------------------------------
တနင်္ဂနွေက
သူ့ဘ၀သူ ကျေနပ်ပုံမျိုးနဲ့
ပြိုးပြက်ဝင်းလက်ခြယ်သ
မှန်ရှေ့က ထ လာတယ် ။
ပြီးတော့
အသစ်ဟန်ဆောင်ထားတဲ့
နံနက်ခင်းကို နှုတ်ဆက်
အလင်းတစ်ဝက် အိပ်မက်တစ်ခြမ်း
မနေ့ကထိ ငုံဆဲပန်းတို့
ပွင့်လန်းဖို့ အချိန်တန်ပြီ တဲ့
မာန်ဝင့်ကြွေးကြော်လိုက်တယ်။
သူရဲ့ကြည်နူးပီတိတွေဟာ
အရပ်ဆယ်မျက်နာ မျောလွင့်
ကတ္တီပါကားလိပ်ကို ဖွင့်တယ်
ဟိုတယ်တံခါးကို ဖွင့်တယ်
ပန်းခြံဝင်ပေါက်ကို ဖွင့်တယ်
နီယွန်မိးခလုတ်ကို ဖွင့်တယ်
ဘီယာပုလင်းကို ဖွင့်တယ်
ကာရာအိုကေကက်ဆက်ကို ဖွင့်တယ်
မင်္ဂလာခန်းမကို ဖွင့်တယ်
သူ့ကိုယ်ပိုင်လက်ချောင်းတွေနဲကပေါ့ ။
သူ့လက်ထဲက ကက်ကြေးနဲ့
ဖဲကြိုးကို ဖြတ်အပြီး
ကောင်းကင်ခရီးသွား
မိုးပျံပူပေါင်းများကို ကြည့်လို့
တင်္နဂနွေဟာ
အားပါးတရရယ်မောလေရဲ့
တနင်္ဂနွေဖြစ်ရတာ
အမြင့်မြတ်ဆုံး……ဆိုပဲ ။
ဒါပေါ့
သူ့လောကကျဉ်းကျဉ်းလေးထဲ
သူ သိခွင့်ရသမျှကလည်း
ပေါက်ကွဲဂီတ
ရင်ခုန်ညရဲ့နှင်းဆီ
ယစ်မူးရီဝေ ၊စက်ကဖြစ်တဲ့ လေနဲ့
အပျော်ကျူးတတ်တဲ့နာရီတွေကိုး ။
တကယ်လို့များ
လောကကြီးဟာ ဒီ့ထက်ကျယ်ပြန့်ပြီး
သူမသိသေးတာတွေ အများကြီးရှိသေးကြောင်း
သူသိသွားပြီး
အဲဒီ သူမသိသေးတာတွေကိုပါ
ထပ်ပြီး သိသွားဦးမယ်ဆိုင်ပေါ့လေ ။
ဒတ္ထ(တစ်မိုးတည်းအောက်မှာ ..မှ)
**********************************************************************
နွေဦးပေါက်ကဗျာရဲ့အတ္ထုပ္ပတ္တိ
--------(ဒတ္ထ)-----------------
................မင်္ဂလာပါမိတ်ဆွေ
တနင့်တပိုးထမ်းရွက်လာတဲ့
မေးခွန်းတွေကို ဘေးမှာ ချ
ဖရိုဖရဲဖြစ်နေတဲ
အသက်ရှုသံကို တည့်မတ်လို့
လေညင်းရဲ့လတ်ဆတ်မှုထဲ
ခင်ဗျား ခိုင်မြဲပါစေ။
.....................ခွင့်လွှတ်ပါ
ဘာကိုမျှ ရှင်းမပြနိုင်တော့တာဟာ
ကျေနပ်စရာတစ်ခုပမာ
ကျွန်တော် ဆေးလိပ်ဖြတ်လိုက်ပါပြီ။
.............................အဲဒီလိုနဲ့
အနှစ်သုံးဆယ်ကြေကွဲသမျှ
တစွန်းတစဒိုင်ယာရီကို ဖတ်ပါ
ပြီး........မှတ်မိသမျှနဲ့ နှိုင်းယှဉ်
ပရောမီးသယပ်စ်လောက် ကျွန်တော် မနာကျင်ခဲ့ပါဘူး
.......................ဒါထက်ပိုပြီး
နားလည်ချင်သေးတယ်ဆိုရင်တော့
ကျွန်တော့်ဘ၀ကို ရှင်းလင်းဖော်ပြစရာ
စာကြောင်းတစ်ချို့ ရှိလေရဲ့
ဒီလိုလေ...........................။
..............................ဘယ်သူအတွက်ရယ်လို့ မရည်ရွယ်ဘဲ
လင်းလတ်နိုင်သမျှ၇ဲ့အဆုံးစွန်
ဝင်းပနေတဲ့ကောင်းကင်ကြီးက
အဲဒီကောင်းကင်ကြီးကို
သူရဲ့ရှန်ပိန်ခွက်ထဲ ထည့်
နှစ်နှစ်ခြိုက်ခြိုက် သောက်ပစ်လိုက်တယ်။
..................ပညာတက်တွေကတော့
သူတို့ရဲ့ပြဋ္ဌာန်းစာအုပ်ထဲ ထည့်
ရွှေဘောင်ခတ် နှောင်ဖွဲ့ထားလေရဲ့။
.....................သူဆင်းရဲတွေကတော့
ညစာအဖြစ်
တစ်ဝက်ကို စစားသောက်ပြီး
ကျန်တစ်ဝက်ကို
မနက်အတွက် သိမ်းထားလိုက်တယ်။
....................ကျွန်တော်ကတော့
ဖြစ်ပျက်သမျှကို ငေးမောတမ်းမက်
အားလုံးအတွက် ရည်ဇူး
နွေဦးပေါက်ကဗျာတစ်ပုဒ်ရေးဖွဲ့ချင်သူပါ။
.......ကဲ........ဘယ်နှယ့်ရှိစ မိတ်ဆွေ
လမ်းတူတယ်ဆိုရင်
လာ.........သွားကြစို့။.....။
.
ဒတ္ထ
**************************************************************
သတိရခြင်းမှတဆင်
===============
သတိ၇ခြင်းတွေဟာ
ငါ သောက်တဲ့လက်ဘက်ရည်ခွက်ထဲမှာ
ရှိတယ်။
တစ်ခါ တစ်ခါ
ဘာလုပ်လုပ်အဆင်မပြေတတ်သူရဲ့
စိတ်ညစ်မှုမျိုး
ငါ့ကိုမှ ညှိုးရက်တယ်။
မေ့မရဘူးဆိုရင်လည်း
ငါပိုတယ် မင်းထင်မယ်။
ငါ့ကို မယုံကြည်သူလေးရဲ
အေးစက်စက် ကောင်းကင်ပေါ်က လ,နဲ့
ငါချစ်တဲ့ညတွေက
ငါ့ကို အိပ်မက်ပေးမတဲ့
သည်မျှနဲ့
ကျေနပ်ခဲ့ရသူပါ။
ထာဝရတဲ့
ငါ ချစ်တဲ့နှင်းဆီတစ်ပွင့်
ကြမ္မာဒဏ်သင့် ကြွေလွင့်ခဲ့ရချိန်မှာ
ဟို..တိမ်မွေ့ယာပေါ်က ငှက်
နာကျင်ခံခက် သွေးပျက်သောဂီတ
အတောင်ပံ မာနနဲ့ နှလုံးသား
ကြေမွပျက်ဆီးခဲ့ရချိန်မှာ
ထာဝရကို ငါမုန်းတယ်။
တံခါးခေါက်သံထင်ရဲ့
ဝင်ခဲ့ကြပေါ့
ငါ့ရှေ့က နေ့ညတွေအတွက်
မသိတတ်တဲ့မျက်လုံးစိမ်းတွေအတွက်
မယုံကြည်ရဲတဲ့ မျှော်လင့်ချက်တွေအတွက်
ပတ္တာတံခါးဖျက်ဝင်ခဲ့ကြ။
ကြည့်ကြ
ဘ၀ရဲ့အဆိပ်သစ်သီ
ငါ လိုက်မြည်းကြည့်လိုက်စမ်းမယ်
မသေချာခြင်းတွေသ
ငါ့ဘက်မှာ ရှိနေပေါ့။
ရိုးသားမှုတစ်ခုနဲ့
မင်းကို ငါချစ်ခဲ့
ဘ၀ကို မြတ်နိုးခဲ့
ဟိုးး အနန္တကောင်းကင်မှ
အစက်အပျောက်တစ်ခုက
အရာမထင်သလိုမျို
မှားယွင်းမှုများစွာနဲ့
ပင်လယ်ကို ငါ ဖြတ်ကူးမယ်။
အားလုံးကို စွန့်လွှတ်ခဲ့ရင်တောင်မှ
သတိရခြင်းကို ငါ ပိုင်တယ်။ ။
ဒတ္ထ
၁၉၈၇၊ဖေဖော်ဝါရီ ၊စံပယ်ဖြူ
***********************************************************
ချစ်သူနှင်းဆီ
============
တိတ်ဆိတ်တုန်ခါနေတဲ့
ငါ့ရဲ့ ရင်ခုန်သံများ
မင်း ကြားမိပါစ မနှင်းဆီ။
" ခွင့်ပြုပါ
စကားတစ်ခွန်း ပြေပါရစေ"
အဲဒီလိုနီဒါန်းစခိုက်မှာပဲ
ခြေလှမ်းကျဲုကျဲ
အနားက ခွဲထွက်
ငါ မင်းကို နှောက်ယှက်မိပါသလား။
ချစ်တယ်ကွယ်
ဒီထက်ပိုလေးနက်တဲ့စကားလုံးရှိခဲ့ရင်
ဒီထက်ပိုကြင်ကြင်နာနာခွင့်ပန်နိုင်ခဲ့ရင်
ဒီထက်ပိုရဲရဲဝင့်ဝင့်ပြောနိုင်ခဲ့ရင်
ငါ အသက်ရှင်ရကျိုးနက်ပါပြီ။
မေတ္တာတရားနဲ့
ညီမျှတဲ့တန်ပြန်သက်ရောက်မှု
ဂရုဏာနဲ့ မျှော်လင့်ချက်
ငါ့ကို အိပ်မက်မက်ခွင့်ပေးသင့်ရဲ့။
အမေ
ကျွန်တော်ကို "သူ"က မုန်းသတဲ့
မမြင်ချင်အောင် မုန်းသတဲ့
အရှုံးမြားတစ်စင်း ရင်ထဲရိုက်
ကိုယ့်ပါးကို ပြန်ရိုက်မိတယ်။
လူမိုက်ဆိုလား
အများက ၀ိုင်းကဲ့ရကြ
ပြစ်တင်စကားပြောကြ
ငါ့ကိုယ်ငါတောင် မယုံရဲတော့တဲ့ဘ၀မျိုး
ဒီလက်ညိုးဆိုးလွန်းလှတယ်။
အချစ်ဆိုတာ
သူ့အလိုလိုဖွဲ့စည်းဖြစ်ပေါ်လာတဲ့
ဒြပ်မဲ့ဝတ္ထုတစ်ခုပေပဲ။
ငါမေ့ကြည့်တယ်
မုန်းလို့ မရဘူး။
ရူးသွပ်ပေါက်ကွဲမှုတွေထဲမှာ နစ်မြုပ်
ငါ့ရုပ်သေးရုပ် ကြိုးရှုပ်ကုန်ပါပြီ
နေညိုခဲ့ပြီပဲ
ဟိုး အဝေးက သမုဒ္ဒ၇ာထဲက
အော်သံတစ်ခု ပြေးထွက်လာတယ်
မြင့်မားမက်ဆောက်တဲ့ တောင်နံရံတွေက
ပဲ့တင်သံ ပြန်ပို့လိုက်တယ်။
အသံလှိုင်းတွေကြားမှာ ငါဟာ လွင့်မျော
သွေးကြောထဲက ပြင်းပြတဲ့နာကျင်မှုတွေနဲ့
မနှင်းဆီရယ်
မင်းကို ငါ သတိရနေဦးတော့မယ်။
.
ဒတ္ထ
( ဆရာဒတ္ထသည် တာရာမင်းဝေရဲ့အကို ဖြစ်သည်။)
***********************************************************
ကျနော်ရဲ့
အပြာရောင်မိုးစက်ပွင့်များ
---------------------------------------
“မျက်လှည့်ဆရာက
မိုးကို ရွာစေခဲ့တယ်”..
စက်တင်ဘာရယ်……
တိတ်ဆိတ်မြက်ခင်းထဲမှာ လူးလွန့်ရှင်သန်နေတဲ့
ဟန်မဆောင် ပန်းပွင့်တချို့လည်း
ကြည်နူးလို့ နေရော့မယ်….။
ပွဲတော်တွေလည်း ရေစိုကြ
ညနေခင်းတစ်ချို့လည်း ဆေးကြောခံရ
မှန်မှန်မရေးဖြစ်တဲ့ ဒိုင်ယာရီထဲက
စိုရွှဲအေးစက်နာရီများအတွက်
အမှတ်တရအိပ်မက်
နှလုံးသားထဲမှာ သိမ်းဖက်ထားမယ်…
လမင်းကို စွန့်ပစ်၍
ခေတ်ကို ကျောခိုင်းပြီး
ခရီးကို နောက်ဆုတ်ကာ
ကမ္ဘာကို မုန်းကြမယ်တဲ့
ရှုံးနိမ့်သူတစ်ချို့ရဲ့ငိုကြွေးသံ
ကောင်းကင်ယံကို ထိမှန်ကြေကွဲ
ဘ၀မှာ နေပျော်ရဲခြင်းဖြင့်
လောကကို နားလည်သင့်ရဲ့….
လှေကားပေါ် လှမ်းတက်၍
မိုးကောင်းကင်ကို ပွေ့ဖက်ခြင်းနဲ့
လှေကားမှ လှမ်းဆုတ်
မိမိကိုယ်တိုင်ရဲ့ဘ၀ကို ကြိုးတုပ်ခြင်းတို့ဟာ
ဝေးသထက်ဝေးကွာသလို
နီးသထက်နီးလာကြ
နှလုံးသားကို မညာရဘူး ။
..
ဟလို ကောင်းကင်ကြီး
သင့်ရင်ခွင်ကို တမ်းမက်ရင်း
သင့်အကြင်နာကို တောင့်တရင်း
သင့် သီချင်းသံကို နာခံရင်း
အသက်ရှုသံတွေ ကြီးပြင်းခဲ့
အိမ်မက်တွေ အရွယ်ရင့်ခဲ့
ယဉ်ကျေးမှုသံခမောက်နဲ့ လမ်းလျှောက်ခဲ့တ
၇ာသီပေါင်း ၆၉ခု
ရိုးသားမှုဒီဇိုင်းနဲ့ အင်္ကျီ
ပါးလွှာစုတ်ပြတ် ညစ်ပတ်နေပါပြီ….
ချစ်သူရေ
ပန်းတွေလည်း သူ့အဆင်းနဲ့သူ ဝေကြ
နက်ဖြန်ခါတွေလည်း သနပ်ခါးလိမ်းကြ
မုန်းသူတွေတောင် မေ့နိုင်စွမ်းတဲ့ညတစ်ည
ငါ ပိုင်ဆိုင်စမ်းပါရစေ..။
မျှော်လင့်ချက်တွေကို
ဖန်ခွက်ထဲ ထည့်သောက်ပစ်လိုက်တယ်….။
နောက်တစ်နေ့မနက်
အပြာရောင်မိုးစက်ပွင့်များနဲ့ ကမ္ဘာ
သန့်စင်စွာနိုးထလာဦးတော့မယ်။
ဒတ္ထ
(၁၉၈၆၊ဇွန်၊စံပယ်ဖြူ)
***************************************************************
သမုဒ္ဒရာ
------------------
(၁)
သူ့ရင်ခွင်ထဲမှာ
ကမ္ဘာကြီးတစ်ခုံလုံး ရှိသတဲ့
သမုဒ္ဒရာက ဆိုတယ် ။
(၂)
လှိုင်းရယ် လေရယ်
မုန်တိုင်းနဲ့ မိုးကောင်းကင်ရယ်
အသက်ရှင်လိုစိတ်နဲ့ တိတ်ဆိတ်ခြင်းရယ
ပေါင်းစုဖွဲ့စည်းလိုက်တဲ့အခါ
သမုဒ္ဒရာဖြစ်လာတယ် ။
ရေနဲ့ ကျယ်ပြန့်နက်ရှိုင်းခြင်းကတော့
မပါမဖြစ် ပါသပေါ့ .။
.
ပြီးတော့
ပဲ့တင်သံ အထောင်အသောင်းနဲ
နွမ်းဟောင်း ပန်းချီကားတစ်ချပ်လည်း
အစွဲအလမ်းကြီးမှုများနဲ့ နစ်မြုပ်
သမုဒ္ဒရာအောက်မှာ အိပ်စက်လေရဲ့ ။
ပြီးတော့
အကုသိုလ်အတွက် ပက်ဆိုးဒင့်သွားတိုက်ဆေးရယ်
အိမ်မက်အတွက် မျက်နှသုပ်ပ၀ါရယ
အလိုမပြည့်ခြင်းရဲကရေမြုပ်ပူပေါင်းတွေရယ်
သမုဒ္ဒရာထဲမှာ ရှိတယ်။
.
ဒေါသအတွက် ကြမ်းတမ်းမှုတွေရှိတယ်
အကြင်နာအတွက် နူးညံ့မှုတွေရှိတယ်
အိနြေ္ဒနဲ့ အချိန်အခါလည်း ရှိတယ်
တောင့်တခြင်းနဲ့
ပေးဆပ်ခွင့်လည်း ရှိတယ်
ဒါ့ပြင် ယင်မနားတဲ့ ရိုးသားမှုတွေရှိတယ်
ဘယ်သူမှ မသိတဲ့ရှာဖွေမှုတွေရှိတယ်
ကိုယ့်ကိုယ်ကိုယ် မပိုင်တဲ့စိုးရိမ်သောကတွေရှိတယ်
မနိုင်၍ သည်းခံရခြင်းများလည်း ရှိတယ်
ငှက်တွေတောင် ပျံနေရင်း လမ်းပျောက်တယ်တဲ
ခပ်နွမ်းနွမ်း ကောင်းကင်ကြီးအောက်က
မြေသားထု ပလက်ဖောင်းပေါ်မှ
ကျနော်တို့ မပြည့်ဝနိုင်တဲ့ အလိုဆန္ဒမှန်သမျှ
သမုဒ္ဒရာထဲမှာ ရှိတယ် ။
.
(၃)
ငါ့အတွက်တော့ သမုဒ္ဒရာဆိုတာ
မသောက်ကောင်းတဲ့ရေတစ်ခွက်မျှသာဖြစ်ရဲ့ ..။ ။
.
ဒတ္ထ
(မိုးဝေ၊သြဂုတ်လ၊၁၉၈၈)
******************************************************************
လူတစ်ယောက်လို လမ်းလျှောက်၍
လူအချို့ကို နှုတ်ဆက်ခြင်း
---------------------------------------
(၁)
ငါတို့
လမ်းလျှောက်ကြမယ်။
ဘယ်ကိုရယ်လို့ ဦးတည်ချက်မထားဘ
ဘယ်မျှရယ်လို့ ကန့်သတ်ချက်မရှိဘဲ
ငါတို့ လမ်းလျှေက်ကြမယ်
(၂)
ငါတို့ရဲ့ခြေထောက်တွေက
ဒူးထောက်ရိုကျိုးရတာထက်
လှုပ်ရှားသွားလာ
ညောင်းညာရတာကို ပိုနှစ်သက်သတဲ့ ။
.
ငါတို့လက်မောင်းတွေက
နောက်ပစ်ငြိမ်သက်ရတာထက်
ဘယ်ညာလက်လွှဲ ရဲချင်သတဲ့ ။
ငါတို့မျင်ဝန်းတွေက
ရင်ဆိုင်တိုက်ခိုက်တဲ့လေကို ကြည့်ချင်သတဲ့ ။
ငါတို့နှလုံးသားက
ဆုံးမစာ အပုဒ်တစ်ထောင်နဲ
ဟန်ဆောင်ယဉ်ကျေးရတာထက်
ရိုးသားမှုနဲ့ သွေးထွက်ချင်သတဲ
ဒါပေမယ့်လည်း
ဘ၀ထဲမှာ နေမြဲနေရင်း
အသပ်ရှုသံတွေ ကြီးပြင်းခဲ့
ရင်ခုန်သံတွေ ငြီးချင်းဖွဲ့
စက်ရုပ်လို က,တတ်ခဲ့ပြီပဲ
လူတစ်ယောက်လို လမ်းလျှောက်ဖို့တော့
အခွင့်အရေးနည်းခဲ့တယ် ။
(၃)
ရှေ့နောက်ဝဲယာက
လမ်းလျှောက်လာကြတဲ့
မြို့ပြရဲ့သရုပ်ဆောင်များခင်ဗျား ………
.
အားပါးတရလက်လွှဲကြပါ
ဘ၀ဆိုတာ
ဒဏ်ရာတွေနဲ့ ဖွဲ့စည်းထားသမို
ခြေလှမ်းတွေ ရှေ့မှာ
ခလုတ်ကန်သင်းတွေ ရှိနေမှာပဲ
ဝံ့ဝံ့ရဲရဲလှမ်းကြပါ ။
.
ခင်ဗျားတို့လည်း
မြို့ပြဇာတ်ခုံရဲ့ တစ်ထောင့်တစ်နေရာမှာ
လက်လျှော့ကြေကွဲခဲ့ရသူတွပဲ မဟုတ်လား
အထင်မှားမိရင် ခွင့်လွှတ်ပ …။
.
ဒတ္ထ
(၁၉၉၅၊ မဂဇင်းမမှတ်မိ)
********************************************************************
ညစာ
----------------------
အိပ်တန်းပြန်တောင်ပံခတ်
ညကိုနေ့က တာဝန်အပ်ပြီ
ကမ္ဘာ့နာရီကို စောင့်ရှောက်ဖို့…။
.
ညနေခင်းရေ
နေ၀ါရောင်လက်တံရှည်နဲ့
သီချင်းဆိုတဲ့ လေပြင်းညင်း
အရိပ်မည်းအိုင်ထဲ မဆင်းသက်ခင်
ပန်းရင်ပြင်ကို ဘောင်မခတ်
ခေတ္တလွတ်လပ်နေပါစေ…။
.
အသက်ရှုကြ
လမ်းလျှောက်ကြ
အေးမြတဲ့လေမှာ မွေ့ကြ
သင်္ခါရကို ပမာမခန့်
မိမိအားအင်သန့်စင်ပါစေ..။
.
ညစာစားပြီးပြီလာ
ညစာစားတော့မှာလာ
ဘုရားသခင်ရဲ့တားဓမ္မ
“ရှိတာလေးနဲ့ ရောင်ရဲကြ
ရနိုင်သမျှ တင်းတိမ်ကြ”တဲ့
ကျေနပ်ပါစ မိတ်ဆွေ…။
.
စားသောက်ပြီးတဲ့နောက်
ပြည့်ဝခြင်းခြေထောက်များနဲ့
ကောင်းကင်အောက်မျာ လမ်းလျှောက်ပါ
ပျောက်ကွယ်ခါနီး
နေ့ခရီးကိုာ နှုတ်ဆက်ပါ
အသက်ရှည်ရာအနာမဲ့ကြောင်း
ဘုရားသခင်ထံ ဆုတောင်းပါ
ရသီဥတုချိုချိုနဲ့
အချစ်သီချင်းဆိုတဲ့မိုးတိမ်
အရုပ်အိမ်မှာ သင် ပျော်ပါစေ ။
.
အို….ကြည့်စမ်းပ
မာနမျဉ်းဖြောင့်တစ်ကြောင်း
လူတစ်စုရဲ့ခေါင်းပေါ်မှာ
နာရီကို မကြည့်
ရာသီအိုမရှိ
ဘ၀ကို သိနားလည်စွာပွေ့ဖက်
လောကရဲ့အရှက်နဲ့
ခက်ခဲတဲ့တရားကိုတွေး
ကဗျာရေးဖွဲ့တဲ့အခါ
အင်္လကာတချို့
အကြင်နာတချို့
မျှော်လင့်ခြင်းတချို့
ကြေကွဲခြင်းတချို့
ဒါ…….သူတို့အဖို့ ညစာပေါ့ …။
(ဧရာဝတီရဲ့နှင်းဆီတိမ် ကဗျာစာအုပ်မှ)
******************************************************************
ဘ၀တစ်ခြမ်းတန်တဲ့ ည
================
နောက်ဆုံးနှုတ်ဆက်ကြစဉ်က
နောက်ဆုံးလို့ မသိသေးသမို့
ငါတို့ ပြုံးနိုင်ခဲ့ကြတယ်။
အဲဒီတုန်းက
စကားလုံးများစွာ ပူးကပ်
တင်းတင်းကြပ်ကြပ် ရင်ခုန်
အချစ်ရဲ့ဂုဏ်အမြောက်ဆုံးဂီတ
မင့်ဆံမျှင်ပေါ် ကြဲဖြန့်ချ
နမ်းလို့ မ၀နိုင်ခဲ့ကြဘူး
ဖရိုဖရဲ ခင်းကျင်းလိုက်တဲ့
ခပ်ပြင်းပြင်း အသက်ရှူသံတွေနဲ့
နှောင်ဖွဲ့ရစ်ပတ
နာရီစက်များလည်း ရပ်တန့်
ငါ အမြတ်နိုးဆုံး နားရွက်ကလေး
မူးရီမွှေးမြနေတော့တယ်။
ဖြန့်ထားတဲ့ မင့်လက်ဖ၀ါးနှစ်ဖက်ပေါ်မှာ
မျက်နှာအပ်ပြီး ထပ်ထပ်ခါ
မင့်နာမည်ကို ငါရွတ်ခဲ့
ဒီလိုနဲ့ …
ကြယ်တွေ စီးမျောနေတဲ့ည
တစ်တောလုံး ပန်းတွေဝေတဲ့ည
တစ်မိုးလုံး လင်းစင်နေတဲ့ည
ဘ၀တစ်ခြမ်းစာ လှပခဲ့ဖူးပေါ့။ ။
ဒတ္ထ
(ရွှေဝတ်မှုန်မဂ္ဂဇင်း)
***********************************************************
နောက်ကျသူ
============
စာရွက်တစ်ရွက်ကို ဆုတ်ဖြဲလိုက်တော
ဒီဇင်ဘာကို ငါတွေ့တယ် ။
နှင်းတွေ ...နှင်းတွေ
မြေပြင်ပေါ် အလုအယက်ခုန်ဆင်းနေလိုက်ကြတာ
ကြောက်မက်ဖွယ်တစ်စုံတစ်ခု ကနေ
လွတ်မြောက်ဖို့ ကြိုးစားနေကြသလိုမျိုး ။
ပျံလွှားငှက်တွေလည်း
အုပ်ဖွဲ့ပျံသန်းလာကြပြီ။
ညည်းတွားသံသဲ့သဲ
လေနဲ့အတူ မျောလွင့်လာတယ်
ကံကောင်းခွင့် မရရှာတဲ့
အဆိပ်သင့်နှင်းဆီပွင့်များအတွက်တော့
ဒီဆောင်းဟာ ခါးသက်နေလိမ့်မယ်။
ပြိုးပြိုးပြက်ပြက်
ဆေးစက်ရောင်စုံ ခြယ်သ
ပျော်စရာပွဲတော်ညများ
ဝတ်ရုံလွှာ ပါးပါး
ဆံမျှင်စ လှုပ်ရှား
အနမ်းတို့ လန်းစွင့်ဝင့်ကြွား
အားလုံးလည်း မူးယစ်ရီဝေ
ခြေထောက်တွေ ပျံသန်းနေလိမ့်မယ် ။
တစ်ချိန်က
အောင်မြင်ကျော်ကြားခဲ့တဲ့ ကောင်းကင်ကြီး ကတော့
မှုန်လို့...မှိုင်းလို့ ...။
ချစ်သူများရဲ့
ချိန်းဆိုထားတဲ့နာရီ
စေ့ရောက်ခဲ့ပြန်ပြီ ။
ဆွတ်ပျံ့ဖွယ်ဂီတနဲ့
အေးစက်စက် ခရစ္စမတ်ည
လရောင် တစ်စွန်းတစ်စ ကျနေတဲ့
ဝက်သစ်ချပင်အိုကြီးရဲ့အောက်
(ချစ်တဲ့သူရေ)
ဒီနှစ်လည်း တစ်ယောက်တည်းစောင့်မျှော်
လွမ်းရစ်ပေဦးတော့ ...။
စာရွက်တစ်ရွက်ကို ဆုတ်ဖြဲပြီး
ဒီဇင်ဘာကို ငါ မေ့မယ် ။ ။
ဒတ္ထ
ရွှေဝတ်မှုန်(နိုဝင်ဘာ၊၁၉၉၃)
***********************************************************
ပွင့်ခြင်းညနေ
----------------------
ကမ္ဘာမြေကို ချမ်းမြေ့စေမတဲ့
နှင်းတစ်စက်ရဲ့ကြွေးကြော်သံ
ချစ်သူခြံမှာ ပဲ့တင်ထပ်
လောကနတ်တံခါးများ ဖွင့်ပြီ ..။
.
ပန်းတစ်ဖူးအတွက်
နှင်းတစ်စက်မက ဝေစုရမယ်…။
.
ချိုမြအေးစက် နှင်းအသက်ကို
ရက်ယှယ်ပေါင်းကူး ပန်းတစ်ဖူးမှ
ပွင့်ဘ၀ပိုင် ၀င့်ဟနိုင်မယ်…။
.
နှင်းပိုင်သမျှ မာနငွေ့သက်
ပွင့်ခက်တွေပေါ် အရည်ပျော်ကျ
ပန်းတို့ပိုပြီး လှလာမယ်……။
.
သည်လိုနှင့်
အပျိုပေါက်ပန်းပွင့်တို့
နှင်းဖြင့်လိမ်းကျံ သီချင်းညံစာ
နေရောင်မလာခင်…။
.
ကမ္ဘာမြေကို နွေးထွေးစေမတဲ့
အရိပ်တိုရဲ့ဖန်ဆင်းရှင်
သူ့ဆံမျှင်အလင်းစတို့
ကြဲချချည်နှောင် ပန်းပွင့်ရောင်စုံ….။
နှင်းတို့ပြန်ကြပြီ
နေခြည်ပွေ့ဖက် ပန်းပွင့်ရွက်သစ
ခက်လက်ညွတ်ပြောင်း ကောင်းကင်ကျန်းမာ…။
.
“အို…သူ အလှဆုံးပါပဲ
သူလည်း လှရဲ့ သူလည်း ချောရဲ့
သူလည်း သန့်ရဲ့ သူလည်း ခန့်ရဲ့
ငါတို့အားလုံးလှကြတယ်”တဲ့
ပန်းတို့ရဲ့အလှဗေဒ
ပန်းဘာသာနဲ့ ချီးမွမ်းကြ
ဝမ်းသာအားရ ပန်းတို့ ကခုန်…။
အလှမာန်တက်ကောင်းနေတုန်း
လက်ချောင်းတစ်ချို့ရဲ့အမုန်း
ရုန်းမလွတ် ပုန်းမလွတ်
ရှံးညွတ်နိမ့်ကျ မာနပန်းပွင့်
ခူးဖြတ်ခြင်းဖြင့် သခင့်အတွက် အဖြည့်ခံ
ဆံစထက်ရောက်ရောက
ခေါင်းအုံးအောက် ကြေကြေ
ခြွေသူက ခြွေသူပါပဲ..။
.
ညနေခင်းဟာ
တိတ်ဆိတ်ခြင်းနဲ့ ကြေကွဲခြင်းကို ဖွဲ့
ချစ်ခြင်းနဲ့ အကြွင်းမဲ့ပူဇော
မျှော်စင်ပေါ်က သံဝေဂသီချင်း
မုသာဝါဒ ကင်းပါစေကွယ်..။
.
ဒတ္ထ
(၁၉၈၆)
****************************************************************
ခွင့်မသာ
=======
ကောင်းကင်ကို
တွေ့မြင်ရပါ၏
ကျည်းမြောင်းသည့် အစိတ်အပိုင်းငယ်တစ်ခုမျှသာ ။
မြေပြင်ကို
တွေ့မြင်ရပါ၏
သေးလွန်းသည့် ကွက်လပ်ငယ်တစ်ခုမျှသာ ။
မိုးကုပ်စက်ဝိုင်း
နေလုံးမေးတင် နှုတ်ဆက်စဉ်ကို မြင်ချင်ပါ၏ ။
မြင်ခွင့်မသာ ။
အကျဉ်းသားဟာ
သူပါဝင်ခွင့်မရတော့တဲ့
ကမ္ဘာလောကကြီးကို တမ်းတ
သတိရနေရုံမျှသာ ။ ။
(အင်းစိန်အကျဉ်းထောင် ။မေ ၁၉၈၉/အထူးတိုက်/အခန်းအမှတ် ၂ ရဲ့ နံရံမှာ ရေးခြစ်ခဲ့တဲ့ကဗျာကို ကိုမင်းကိုနိုင်မှ ရှာဖွေပေးခဲ့)
.
ဒတ္ထ
(ဒတ္ထသည်​ တာ၇ာမင်း​ဝေ၏ အကို၇င်းဖြစ်​သည်​)
***************
********************

No comments:

Post a Comment