Mar 9, 2017

မို့မို့မြင့်အောင်နတ်

#မို့မို့မြင့်အောင်နတ်

                                                 #သုမောင်

၁။

ကျွန်တော်က မို့မို့မြင့်အောင်နတ် ဟူ၍ ခေါင်းစည်းတပ်လိုက်သဖြင့် အတွင်းအပြင်(၃၇)မင်း အစရှိသော နတ်များကို ယုံကြည်ကိုးကွယ်ကြသူများက

အောင်မလေး၊ မဆီလေးရယ်တဲ့ ဘာမဆိုင်-တန်ရာတန်ရာ ထားစမ်းပါ”ဟူ၍ ကျွန်တော့်အား အပြစ်မမြင်ကြပါကုန်နှင့်။ မို့မို့မြင့်အောင်လို နာမည်ကြီးတစ်ယောက် သူတို့နတ်စာရင်းထဲ ဝင်လာပြီဟူ၍လည်း ဝမ်းမသာပါကုန်နှင့်။

ဥပစ္ဆေဒကံဖြင့် သေမှ နတ်ဖြစ်ရသောကြောင့် မို့မို့ကို သေတွင်းပို့ရက်သည် ဟူ၍လည်း မို့မို့ချစ်ပရိသတ်က ကျွန်တော့်အား ရွှေမေတ္တာပို့ကြမှာ ကြောက်လှပါသည်။ ထို့အတူ ယင်းနတ်အမျိုးအစားများကို လုံးဝ အယုံအကြည်မရှိသူတို့ကလည်း ကျွန်တော့်အား နတ်ယုံသူ ခေတ်နောက်ပြန်ဆွဲသူဟု စွဲချက်မတင်ကြစေ့ချင်ပါ။ ရိုးရာယဉ်ကျေးမှု တစ်ရပ်အနေနှင့် လက်ခံကြသော သူတော်ကောင်းအပေါင်းတို့ကလည်း ယဉ်ကျေးမှု အမွေကို ရုပ်ရှင်မင်းသမီးနှင့် ထပ်တူပြု၍ ဖျက်ဆီးသည်ဟု မျက်စောင်းထိုးတော် မမူကြပါရန်ဗျာ...။

ကျွန်တော်က စာရေးလျှင် ခေါင်းစည်း၊ ခေါင်းစဉ်ကို ဆန်းဆန်းပြားပြား မဟုတ်သော်လည်း ရိုးရိုးနှင့် စိတ်ဝင်စားဖွယ်ကောင်းအောင် တပ်ဆင်တတ်ပါသည်။ ကျွန်တော်၏ စာကိုယ်၊ စာစုများကို ဖတ်ချင်လာအောင် မြှူဆွယ်ခြင်းသဘော ဖြစ်ပါသည်။ သို့သော်...ခေါင်းတခြား၊ ကိုယ်တခြားတော့ ကျွန်တော်မပြုပါ။ ပတ်သက် ဆက်နွယ်အောင် ကြိုးစားပါသည်။

ယခု ဤစာစုသည် မို့မို့မြင့်အောင်နှင့် ပတ်သက်သဖြင့် မို့မို့မြင့်အောင်ကို အသုံးချပါသည်။ ပြီးတော့...နတ်။ ကျွန်တော်တို့ မြန်မာဓလေ့တွင် နတ်ကြီးသည်၊ နတ်ခိုက်သည်၊ နတ်လိုက်သည်စသဖြင့် အကောင်အထည် ရှိသည် မရှိသည် အပထားလို့ “
နတ်”ဟူသော ဝေါဟာရကို အသုံးချသော အလေ့တစ်ခု ရှိခဲ့ပြီးဖြစ်ပါသည်။

ဆိုပါစို့ ….ရုပ်ရှင်ရိုက်ရာတွင်ပင် “
ကင်မရာနတ်”ကြီးသည်ဟု ဆိုတတ်ကြပါသည်။ ရေလုပ်သား တံငါသည်များသည် ငါးမရသောနေ့ကို “
နတ်မလိုက်တဲ့နေ့”ဟုဆိုကြပါသည်။ ဝပ်ရှော့ဆရာများသည်လည်း မတတ်တတတ်နှင့် စက်ပစ္စည်း ကလိသူများကို “နတ်မတင်လို့”ဟု ဆိုတတ်ပါသည်။ နင်မတတ်လို့ဟု ပြောင်းပြန် အဓိပ္ပာယ် ကောက်ခြင်းပါ။

သဘောကတော့...ဟုတ်သည်၊ မဟုတ်သည် အပထားလို့ တစ်စုံတစ်ရာ ထူးထူးခြားခြား ဖြစ်လာသော ကိစ္စများကို "နတ်"နှင့် ထပ်တူပြုတတ်သော အလေ့အထသည် ပညာတတ်ရော၊ ပညာမဲ့ပါ အလိုလို အသုံးပြုနေမိသည်ဟု ကျွန်တော်ကတော့ထင်ပါသည်။

ခုပင်ကြည့်။ ကျွန်တော်သည် မို့မို့မြင့်အောင်ကို နတ်နှင့် ထပ်တူပြုနေပါပြီ။ အဘယ်ကြောင့်ပါနည်း။ စောစောကပြောသလို ထူးခြားသော ဖြစ်ရပ်တစ်ခုနှင့်လည်း တိုက်ဆိုင်နေပြီး မို့မို့မြင့်အောင်နှင့်လည်း ပတ်သက်နေ သောကြောင့်ပင်။ မို့မို့မြင့်အောင်၏ အရှိန်အစော် ကြီးမားခြင်းကလည်း ကျွန်တော်၏ အသုံးအနှုန်းကို အထောက်အကူပြုမည်ဟု ထင်ပါသည်။

၂။

ကျွန်တော့်ဖခင် ဦးသာဓုပိုင် ခြံကြီးသည် သုံးဧက ကျယ်ဝန်းပါသည်။ ဟိုယခင် အဖေ ဝယ်စဉ်ကတော့ သရက်တောကြီးမျှသာ ဖြစ်သဖြင့် ကာလတန်ဖိုးနှင့် ဈေးသိပ်မကြီးခဲ့ပါဟု ထင်ပါသည်။ အဖေသည် စာရေးဆရာဘဝမှ ရုပ်ရှင်သမားဘဝသို့ ကူးပြောင်းသောအခါ နံပါတ်တစ် ခြံမြေကို အလျင်ဝယ်သည်။ နေအိမ် ဆောက်သည်။ အလုပ်သမား တန်းလျားများ ဆောက်သည်။ ရုပ်ရှင်ရိုက် စတူဒီယို ဆောက်သည်။ ပြီးတော့မှ ယင်းစတူဒီယိုနှင့် အိမ်တန်းလျားများကို ဝါရင့်ရုပ်ရှင်သမားကြီးများအား ဈေးသက်သက်သာသာနှင့် ရုပ်ရှင်ရိုက်ရန် ငှားစားသည်။ သဘောကတော့ သူတို့တွေ ရုပ်ရှင်လာရိုက်ကြသည်ကို အဖေက စာရေးရင်းမှ တစေ့တစောင်း လေ့လာသည်။ ပညာလည်းရ၊ ဝမ်းလည်းဝ သဘောဖြစ်သည်။ ထို့ကြောင့် ဆရာကြီး သော်တာဆွေက “မင်းအဖေက သိပ်လူပါးဝတဲ့ကောင်”ဟု မကြာမကြာ ပြောတတ်ခြင်း ဖြစ်ပါသည်။

မည်သို့ပင်ဖြစ်စေ၊ ဤသို့ လူလည်ကျခဲ့သော အဖေ၏ အစီအစဉ်သည် အောင်မြင်ခဲ့ပါသည်။ မည်သူ့ထံမှလည်း အောက်ကျနောက်ကျခံပြီး ပညာသင်စရာမလို။ လာရိုက်သမျှသော ရုပ်ရှင်ဆရာကြီး ဆရာလေးတို့ထံမှ အကောင်း၊အဆိုး ပညာနှစ်မျိုးလုံး ကိုယ်လည်း ရလိုက်သည့်အပြင် သူတို့ အိတ်ထဲမှ ငွေစများကိုလည်း တရားဝင် ဆွဲထုတ်ပြီးသား ဖြစ်ခဲ့ရသည်မဟုတ်လား။ ဤသို့ဖြင့် ခပ်တည်တည်ပင် ထုတ်လုပ်သူ ဒါရိုက်တာ ဝင်လုပ်ခဲ့လေရာ အောင်မြင်သွားတော့၏။

သို့သော် ရေစီးကြောင်းကား ပြောင်းလွဲနေသည့် သဘာဝအတိုင်း အဖေကိုယ်တိုင်ရော ရုပ်ရှင်နယ်ကြီးတစ်ခုလုံးပါ အပြောင်းအလဲဒဏ်ကို ခံကြရပေသည်။ သူတို့ ရိုက်သော ရုပ်ရှင်ကားများ ဈေးကွက် သိပ်မဝင်တော့။ ဝင်အောင် ရိုက်ဖို့ကလည်း သူတို့စိတ်နှင့် မဖြစ်ကြတော့။ အထူးသဖြင့် ဆက်တင်ခေါ် အခမ်းအနားများ ဆောက်လုပ်ရိုက်ကူးမည့် အလေ့အထများပျောက်ပျက်၍ အိမ်လုံးချင်းငှားရိုက်သော စနစ်များပေါ်လာခြင်းကြောင့် အဖေ၏ ရုပ်ရှင်စတူဒီယိုကြီး စီမံကိန်းသည် ပျက်သွားပါတော့၏။ ဘာပဲဖြစ်ဖြစ် ရုပ်ရှင်ကို စိတ်ပျက်လက်ပျက်နှင့် ၁၅ နှစ်၊ အနှစ် ၂ဝလောက် ပစ်ထားလိုက်ပြီးသော ကာလ၌ကား။

စောစောကပြောသော အဖေပိုင်ခြံကြီးထဲတွင် ကျွန်တော်တို့ အပါအဝင် အရင်းအချာများ ဆွေနီးမျိုးစပ်များ၊ အလုပ်သမားများ စသဖြင့် ကိုယ့်အိမ်ကိုယ့်ရာ ထူထောင်ကြ၊ လက်ရှိ ဆက်တင်အဆောက်အအုံများတွင် နေထိုင်ကြနှင့် ရပ်ကွက်ကြီးလို ဖြစ်လာခဲ့ရတော့သည်။ ပို၍ဆိုးသည်မှာ တောင်ဘက်အိမ်မှ သမီးနှင့် မြောက်ဘက်အိမ်မှသား အိမ်ထောင်ကျ၊ အရှေ့တောင်ထောင့်တွင် တဲထိုးနေကြ။ အနောက်မြောက်ထောင့်မှ သကောင့်သားနှင့် အရှေ့မြောက်ထောင့်မှ မအဟွာတို့ ဟိုဒင်းဖြစ်ကြ၊ အိမ်နောက်ဖေး အဖီဆွယ်လိုက်ကြနှင့်။ နောက်တော့ အဖေ စီမံစဉ်က ဆက်တင်သဘောဖြစ်သော်လည်း ယခုအခါ တကယ့် အပီအပြင် ဟောလိဝုဒ်ငယ်ကလေးလို ဖြစ်လာရတော့သည်။ တိုက်ကြီးများမှအစ တဲပုတ်ငယ်အဆုံး ခြံထဲတွင် အကုန်ရှိနေပါသည်။ ပိုက်ဆံရှိသော လူကုံထံ များရှိသလို ကျွန်တော်တို့လို ပညာရှင်များလည်း ရှိကြ၏။ အဆုံးစွန် ရေခဲရေ ရောင်းသမားမှအစ အနှိပ်သည်အဆုံး ဗေဒင်ဆရာပါမကျန် ခြံထဲမှာ အကုန်ရှိလေသည်။

ဤတွင် အဖေသာဓု ကွယ်လွန်သွားသော်လည်း အဖေ၏ စီမံကိန်းကြီးသည် ယခုမှတစ်ဖန် တစ်ပတ်လည်၍ ခေတ်စားလာပြန်တော့၏။ ဟောကြည့်။

အခု ဗီဒီယိုခေတ်၊ ဆက်တင်အခမ်းအနားမလို။ တဲငှား၊ အိမ်ငှား၊ တိုက်ငှား ရိုက်ကြသည်။ ကျွန်တော်တို့ ခြံကီးက ကျယ်လည်း ကျယ်သည်။ အနှီ အဆောက်အအုံ ပုံစံမျိုးစုံလည်း ရှိသည်။ ရုပ်ရှင်ပါးဝနေသော လူတန်းစားမျိုးစုံလည်း ရှိသည်။ ဟန်ကို ကျလို့။ ခွင်တိ။

သည်လိုနှင့် သာဓုခြံကြီးသည် ဗီဒီယိုသမားများ၏ စားကျက်ကြီး ဖြစ်လာခဲ့ပေချေ၏။ သို့သော် အဖေ့လက်ထက်တုန်းကလိုတော့ သူတို့အိတ်ထဲကငွေ ကျွန်တော်တို့ မရပါ။ ယူလို့လည်း မသင့်ပါ။ အဲ...တဲငှားသူ တဲခရ၊ အိမ်ငှားသူ အိမ်ငှားခရ။ စားကြပါစေပေါ့။ ကုသိုလ်တောင် ရသေးသည်။

သာဓုပါ။

ကျွန်တော်တို့ကတော့ ဗီဒီယိုပညာသာ သူတို့ဆီက ရစရာ ရှိပါသည်။ ဟုတ်ပါ့။ ဗီဒီယိုပညာ။ နောက်တာ မဟုတ်ပါ။ တကယ့်ကို ယနေ့ဗီဒီယိုပညာ ကျွန်တော် မတတ်ခဲ့ပါ။
အင်း...ရှေးလူကြီးများ အမြော်အမြင် တယ်ကြီးဆိုတာ မှန်လှပါကလား။ အဖေသည် တစ်ချိန်ချိန် သည်လိုဖြစ်လာလိမ့်မည်ဟု မသေခင် ကြိုတင် တွက်ချက်ခဲ့ပုံ ရပါသည်။

၃။

တမြန်နေ့ဆီက မို့မို့မြင့်အောင်တစ်ယောက် ကျွန်တော့်အိမ်ဘေးက အလုပ်သမား တဲတစ်လုံးမှာ ရုပ်ရှင် လာရိုက်ပါသည်။ သင်းက ကျွန်တော်တို့ ခြံထဲ သည်တစ်ခါ လာရိုက်ဖူးသည်။ မင်းသား မင်းသမီး တော်တော်စုံပြီ ဖြစ်သော်လည်း ထူးထူးခြားခြား မို့မို့ လာရိုက်သည်ဆိုတော့ တစ်ခြံလုံး တရုန်းရုန်းပေါ့။ အထူးအဆန်း ဖြစ်နေတာလည်း ပါပါသည်။ မို့မို့ဆိုတာကြောင့်လည်း ပါကောင်းပါမည်။ ပြီးတော့ သင်းက ကျွန်တော့်ကို ချစ်သည်။(အစ်ကိုကြီးလို ပြောတာ)။ ကျွန်တော့်အိမ် လာသည်။ ဖက်လဲတကင်း နေသည်။ ကျွန်တော့် အိမ်ဆိုတာ သူ လာရိုက်သောနေ့က မျက်နှာပွင့်လိုက်တာ ဘာပြောကောင်းမတုံး။ သူ့မျက်နှာနှင့် ကျွန်တော့်မှာ ပါးပြောင်လိုက်ရပါသည်။

စောစောက ပြောသလို ခြံထဲမှာက လူမျိုး တစ်ရာ့တစ်ပါး ရှိသည်။ အားလုံး ကလည်း ရုပ်ရှင် ပါးဝနေကြပြီး ဖြစ်သည်။ တော်ရုံဇာတ်ပို့လောက်ကတော့ တခြား လိုက်ရှာငှားနေစရာမလို။ ခြံထဲမှာပင် ကောက်သင်း ကောက်လိုက်ရုံ ရှိသည်။ ကိုင်း...သည်လိုနှင့် မို့မို့မြင့်အောင်တို့ ကျွန်တော့်အိမ်ဘေးက တဲကလေးမှာ ဗီဒီယိုရိုက်ကြသည် ဆိုကြပါစို့ရဲ့။

လာလာပြီး ရိုက်ကြတာ များလှပေမည့် ကျွန်တော်သည် ကိုယ်နှင့် အလွန်ရင်းနှီးသူ မဟုတ်လျှင် ခပ်ကင်းကင်းသာ နေခဲ့ပါ၏။ ဆိုလိုတာက သူတို့ထံ ကျွန်တော် မသွား။ ကျွန်တော့်အား ချစ်ခင်ကြသူများက ကျွန်တော့်အိမ် အလည်လာမှ သို့မဟုတ် ကျွန်တော်ပိုင် ပစ္စည်းများ အလကား အကူအညီလာတောင်းမှ သူတို့နှင့် တွေ့ခွင့်ကြုံပါသည်။ ဘာတွေရိုက်လို့ ဘာတွေဖြစ်နေကြသည်ကို ကျွန်တော် မှတ်မှတ်ရရ တစ်ခါမျှ မသိခဲ့ဖူးဘူးပါ။

ခုလည်း မို့မို့သာ အိမ်မှာ ခေတ္တဧည့်ခံ စကားပြောလိုက်ရသော်လည်း သူတို့ ဘာရိုက်နေသည်၊ ဘာအခန်း မမေးမိပါ။ ကြည့်ရတာကတော့ မို့မို့သည် စုတ်စုတ်ပြတ်ပြတ်နှင့် သူဆင်းရဲမသဏ္ဌာန် ဆင်မြန်းထားသဖြင့် ဆင်းရဲသားခန်း ဖြစ်မှာပါပဲ။ မို့မို့ ဖြစ်နေသောကြောင့် တန်ရုံတော်ရုံ ဆင်းရဲလို့မရ။ ဆံထုံးတော်ကြီး တမာသီးနှင့်၊ ခါးစည်းဝတ်လဲ၊ ချုပ်စပြဲကို၊ တဲအပ်နှင့်တွယ်... မြင်မြင်သမျှ စိတ်ပျက်အောင်လှပါတဲ့ “မရေသည်”လို အခန်းမျိုးသာ ဖြစ်ရပေလိမ့်မည်။

ကျွန်တော့်အိမ်နားက အလုပ်သမား တဲပုတ်မှာ အနိမ့်စား မသာအိမ်သဖွယ် မို့မို့မြင့်အောင်၏ ငိုချင်းရှည်ဖြင့်သာ တစ်နေကုန်ပါတော့သည်။ ညနေ နေဝင်ခါနီးလောက်တွင် အပြင်ခန်း ရိုက်စရာရှိသည်ဟု မို့မို့က လာနှုတ်ဆက်လိုက်မှ ကျွန်တော့်မှာ သရုပ်ဆောင် မသာအိမ်၏ ဒုက္ခမှ ကင်းလွတ်ရပါတော့သည် ဟူသတတ်။

၎။

ကျွန်တော့်အိမ်အတွက် ဘုရားပန်းကို  ဈေးမှာ တကူးတကန့် သွားဝယ်စရာ မလိုပါ။ ခြံထဲတွင် ပန်းသည်ရှိပါသည်။ သူသည် တစ်ခြံလုံး ပန်းလည်ရောင်းရင်း ဒုကိ္ခတ သားငယ်နှင့် တစ်ဝမ်းတစ်ခါး လှနေရသူဖြစ်၏။ စကား ပြောလည်း ကောင်းပါသည်။ ကောင်းမှာပေါ။့ နံနက်ပန်းလည်ရောင်းပြီး နေ့လယ်နေ့ခင်းမှာ မတောက်တခေါက် အနှိပ်သည်ကိုး။

သည်မနက် ကျွန်တော် အိပ်ရာကနိုးတော့ ကျွန်တော့်ဇနီး အေးဘုံက သူ့ထံမှ ပန်းဝယ်နေသည်ကို အသင့်တွေ့ရ၏။ ကျွန်တော့်ကို မြင်လိုက်တော့ အေးဘုံနှင့် ပြောလက်စ စကားဖြတ်လိုက်ပြီး...


လာပါဦး ဆရာရယ်၊ ဆရာ့ကိုမှ ပြောချင်နေတာ”ဟု အထက်စီးနှင့် အောက်ကျို့ခေါ်ပါသည်။ ကျွန်တော်ကလည်း သည်လိုလူမျိုးတွေကိုမှ အရေးပေးတတ်သော အလေ့ရှိသူမို့ သူတို့အနား သွားထိုင်ပါသည်။ ကျွန်တော်က ကုလားထိုင်တွင် ထိုင်သော်လည်း သူတို့က ကြမ်းပြင်ပေါ်တွင် ဆောင့်ကြောင့်ထိုင်လျက်ပါ။


ဆရာ မနိုးသေးဘူးထင်လို့ ဆရာမကို အားရအောင် ပြောနေတာ။ ခု အတော်ပဲ။ ဆရာ့ကို ပြောရဦးမယ်”

ဘာအကြောင်းအရာမှန်း မသိသော်လည်း သူတို့ဈေးသည်စကား တစ်လုံးတလေသည် ကျွန်တော့်အဖို့ စာစုတစ်စု မဖြစ်တောင် ဝေါဟာရ တစ်လုံးတော့ တိုးတတ်သည်မို့ အလိုက်သိ နားထောင်ရပါသည်။ လမ်းလျှောက်ဈေးသည်လည်း ဖြစ်၊ မတောက်တခေါက် အနှိပ်သည်လည်း ဖြစ်သဖြင့် စကားကြောက အတော်ရှည်ပါသည်။ မြန်မာ ဟုတ်ဟန်မတူ၊ တိုင်းရင်းသား မြန်မာမျိုးနွယ်စု ဖြစ်ပုံရသဖြင့် ဝဲကလည်း ဝဲလှပါသည်။ အတော့်ကို နားထောင်ယူရ၏။ သို့သော် သူ့ စကားအနှစ်ချုပ်ကို ယူသည်ရှိသော်...။

စောစောက ကျွန်တော်ပြောခဲ့သလို မို့မို့မြင့်အောင်တို့ အုပ်စုသည် ကျွန်တော်အိမ်ဘေးက တဲငယ်တွင် မသာအိမ် သရုပ်လုပ်၍ ဗီဒီယိုရိုက်ကူးပြီးသကာလ အောက်ဒိုးခေါ် အပြင်ခန်းရိုက်ရန် ထွက်ခွာကြရာ၌ အရန်သရုပ်ဆောင်များအဖြစ် ခြံထဲမှ ရေထမ်းသမား၊ ပုလင်းကောက်သမားများမှစ အဲ့ဒီပန်းသည်မကြီး အထိသော လူလေး ငါးဆယ်ယောက်ကိုပါ ခေါ်ဆောင်သွားကြပါသည်တဲ့။ ရိုက်ကူးမည့် အခန်းကလည်း သင်္ချိုင်းကုန်းမှာ အလောင်း မြေချခန်းတဲ့။ အင်း အိမ်မှာ ငိုလို့ အားမရသဖြင့် ကျွန်တော်တို့၏ ဇာတ်လိုက်မကြီး မို့မို့ သင်္ချိုင်းမှာ အားရပါးရ ငိုရပုံကို မျက်စိထဲ မြင်လာမိပါသည်။


ဆရာရယ်...အဲဒီမှာ မို့မို့မြင့်အောင်က မြေပုံဘေး လူးလှိမ့်ငိုရာကနေ တက်သွားပါလေရော”


တကယ်ပဲ တက်သွားရောလားဗျာ”ဟု ကျွန်တော်က ရယ်ကျဲကျဲ ပြောလိုက်ရာ...


ဘယ်ကလာ ဆရာကလဲ သူက အကယ်ဒမီ မင်းသမီးပဲ၊ အိုက်တင် လုပ်တာပေါ့။ ခက်တာက ကျွန်မရှင့်...ဒီလိုဆရာရဲ့”

တကယ်တော့ မို့မို့မြင့်အောင်ခမျာ ငိုယိုခြင်း၏ အထွတ်အခေါင် ဖြစ်သော တက်ချက်သွားရခြင်း သရုပ်ကိုဆောင်လေရာ ပီပြင်လွန်းသဖြင့် ပန်းသည်ကြီးခမျာ တကယ်ပင် ဗီဒီယိုရိုက်ရင်း တက်သွားသည်ဟု အထင်ရောက်ရရှာလေ၏။ သူကလည်း ဇာတ်ဝင်ခန်းတွင် မင်းသမီး သတိလစ်ပြီး တက်ချက်သွားသဖြင့် ဝိုင်းဝန်း ဖေးမရသော အိမ်နီးချင်း မသာပို့သူအဖြစ် ပါဝင်သရုပ်ဆောင်ရသည် ဖြစ်ပေရာ..။ (ကျွန်တော်ပြောခဲ့သော ရုပ်ရှင်နတ်ဝင်စီးပြီ ထင်ပါ၏။)

သူ့ခမျာ သရုပ်ဆောင် အာရုံစားသွားသည်လည်း တစ်ကြောင်း၊ မို့မို့မြင့်အောင်၏ သရုပ်ပီမှုကို အထင်ရောက်သည်လည်း တစ်ကြောင်း အဲ...မူလအလုပ်ကိုက အနှိပ်သည် ဆိုတော့ကာ သတိလစ်သွားဟန်ဆောင်သော မို့မို့မြင့်အောင်ကို သူတတ်သည့် ပညာဖြင့် ရင်ဘတ်ဖိ၊ ခြေမချိုး ၊ ဆံပင်ဆွဲ၊ ဂုတ်ပိုးအုပ် လုပ်ပါလေတော့သည်တဲ့။


ဟီးဟီး ခုမှသာ ရယ်နိုင်တာ ဆရာရေ့... အဲဒီတုန်းကများ မင်းသမီး တစ်ခုခု ဖြစ်သွားမှာစိုးလို့ ပူရတာက တစ်ပိုင်း၊ မင်းသမီးက နာလွန်းလို့ ထအော်ပြီး ငိုရာကနေ ရယ်လိုက်တာက တစ်ပိုင်း၊ ဒါရိုက်တာက ကြိမ်းတာက
တစ်ပိုင်းနဲ့ ကျွန်မဖြင့် ကြောက်လိုက်တာလေ၊ သူတို့အလုပ် ကျွန်မကြောင့် ပျက်ရတယ် မဟုတ်လား”

အကယ်တည်တု လွန်ခဲ့သော နှစ်ပေါင်း ၂ဝကျော်ကာလ စာရေးဆရာ အငယ်စားဘဝက ဆိုလျှင် ဤမျှလောက် သိရရုံဖြင့် ကျွန်တော့်မှာ ဝတ္ထုတို တစ်ပုဒ် ရနေပါပြီ။ သို့သော် ခုချိန်မှာကား သည့်ထက်လေးနက်ပြီး သည့်ထက်ရိုးသားသော အကြောင်းအရာကို ရှာနေတတ်သော ကျွန်တော့်မှာ ပြုံးရုံသာ ပြုံးမိပါ၏။ ကျွန်တော်က ပန်းသည်မကြီးကို အပြောင်အပြက် မေးပါသည်။


သရုပ်ဆောင်ခကော ရရဲ့လား”

သူ့မျက်နှာသည် မထေ့တထေ့ သဘောမျိုး၊ မထီမဲ့မြင် သဘောမျိုး ရွဲ့သွားပါသည်။


အမလေး... ဆရာရယ် ၁၅ဝ ရတာပါ၊ ဟင်း ဘာလုပ်ရမှာလဲ။ ကျွန်မ ပန်းရောင်းတာနဲ့ လှည်နှိပ်တာ၊ တစ်နေ့ ၄ဝဝ ကျော်လောက်စီ နေမင့်ဟာ။ ကျွန်မအဖို့တော့ မို့မို့မြင့်အောင်နဲ့ တွဲလိုက်ရတာ အမြတ်ပါပဲ၊ ဘုရားစူးစေ့”

သူသည် သူ့ဈေးဗန်းကို ခေါင်းရွက်ရန် ဟန်ပြင်ရင်း တစ်ခုခု သတိရဟန်ဖြင့် အားကိုးတကြီး ပြောလိုက်ပါသေးသည်။


ဆရာရယ်၊ ဆရာတို့ မင်းသား မင်းသမီးဆိုတာ တစ်ယောက် တစ်ယောက် ပြောရင်ရပါတယ်၊ နောက်နောင်လည်း မို့မို့မြင့်အောင်နဲ့ တွဲရမယ်ဆို ဘယ်အခန်းဖြစ်ဖြစ် ခေါ်သုံးစမ်းပါလို့ ပိုက်ဆံ မယူပါဘူးလို့”

ပြောပြောဆိုဆိုပင် သူ၏ပန်းဗန်းသည် သူ့ခေါင်းပေါ်ရွက်ပြီး အသင့်ဖြစ်နေပါပြီ။ အင်း...ရုပ်ရှင်နတ် သာမက မို့မို့မြင့်အောင်နတ်ပါ သူ့ခမျာ အစီးခံရပေပြီကိုး။
သူသည် ကျွန်တော့်အားလည်းကောင်း၊ ကျွန်တော့်ဇနီးအား လည်းကောင်း ရည်ရွယ်ဟန်မတူဘဲ သူ့သဘောသူ ညည်းသလိုလို  ပြောသွားသော စကားသံ တိုးတိုးကိုကား ကျွန်တော့်နားထဲမှ ထုတ်ပစ်လို့ကို မရတော့ပါ။ မို့မို့မြင့်အောင်၏ ဟိုတမြန်နေ့က ငိုချင်းရှည်ထက် ပို၍ စူးရှသည်ဟု ကျွန်တော်ကတော့ ထင်လိုက်ပါသည်။


အင်း..မနေ့ကလည်း ထမင်းစားမကောင်းတော့ဘူး၊ ဒီနေ့လည်း စားကောင်းမှာ မဟုတ်တော့ဘူး။ အဲဒီနေ့က သူတို့ ဗီဒီယိုအဖွဲ့က ကျွေးတဲ့ ထမင်းတစ်နပ် တယ်ကောင်းတာပဲ၊ ဟင်းတွေကို စုံလို့”

ကျွန်တော်ကတော့ တစ်မျိုးသာ တွေးလိုက်ပါသည်။ သည်မိန်းမကြီး“တ”သတ်နှင့်“ပ”သတ်ကို မသိဘူးထင်ပါရဲ့။ နတ်နှင့်နပ်ကို နားလည်ဖို့ ကျွန်တော်ကတော့ ဘယ်လိုလုပ်ပြီး ရှင်းပြရပါမည်နည်း။ သူ့အဖို့ရာကား
"တ" သတ်နတ်တွင်သာမက "ပ"သတ်နတ်ပါ စီးသွားရှာပြီတကား။

                                        သုမောင်
                  ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း၊ အမှတ် ၈၇၊
                               ဇန်နဝါရီလ၊ ၁၉၉၇

No comments:

Post a Comment