Mar 9, 2017

မြေချစ်သူကဗျာများစုစည်းမှု

မြေချစ်သူကဗျာများစုစည်းမှု (၂၇ )ပုဒ်
……………………………………………………..
လောကဓာတ်စက်
=============
.(၁)
လူသားတွေအိပ်စက်
အသက်ရှုသံငွေ့ငွေ့ပါးပါး
ကြားနေရဆဲ ..။
.(၂)
ကံကြမ္မာလက်အလှုပ်မှာ
စပ်ခလုတ်ရောင်စုံတွေ
ရင်ခုန်သံဗေဒ ကစားနေကြပေါ့ .။
.(၃)
ဒီလိုနဲ့
ဘ၀ပြေးလမ်းခရီးက
သစ်သီးများစွာဟာ
ဒဏ္ဍာရီဆန်တဲ့
မဟာဂန္ဓ၀င်ကဇာတ်လို
မရပ်မနားသွေးသားဝလင်
သုညတလွင်ပြင်ထိ
ထိ...သိ...လှုပ်ရှား မရပ်နားဘူး
ဆန်းပြားသုခုမ
က......ခဲ့ကြ ။
.(၄)
လူ့ရပ်ရွာမှာ
ကန့်လန့်ကာကို အမ
အသက်ရှု က,ဟန်
နာခံကြည့်ပါ
ကုသိုလ်၇မယ်..။
.
မြေချစ်သူ
ရုပ်ရှင်မျက်မှန
( ဆင်ဆာဖြတ်)
********************************************************
အောက်စီဂျင်ကောင်းကင်
=================
(၁ ) ဖြစ်ပျက်မှုအစဉ်ကြားမှာ
ခင်ဗျား
ဘာရုပ်ရှင်ကားကြည့် နေသလဲ ။
အီလက်ထရွန်နစ်ည...တစ်စ
ဘ၀ရဲ့ ပြကွက်တစ်ခု
လူမှုဗေဒရောင်စုံ
ရင်ခုန်သံဆေးသား
ရထားတစ်စီးခုတ်မောင်းသွားဆဲပေါ့
(၂) သေချာမှုတစ်ခု
ကုသိုလ်ကံ မှန်သား
ရွေးချယ်မှုတွေကြားမှာ
ဘာများနမ်းရှုံ့  ဦးမှာလဲ ။
နားလည်မှုကိုစောင့်စား
ဒီထက်ကြီးမားတဲ့အမှား
ဘာများကောရှိဦးမှာလဲကွယ်...တဲ့
ချစ်ဖို့ကောင်းသူရဲ့ 
(တစ်ဝက်ချစ်ခဲ့သူရဲ့ )
အဲသလို
ဖြူစင်မှုနာရီသံများ
အလျားလိုက်ပွင့်ဝေနေဆဲ
တချို့လဲ ရွန်းစို ရင့် မှည့်  ပြီးပြီ ။
(၃) မြို့ ပြမြစ်ထဲမှာစိမ
လူ့ဘ၀အလေးချိန်မဲ့
သင့်ရဲ့ အိမ်မှာ ချိုမြိန်ပါရဲ့ လား ။
(၄) ဘာပဲဖြစ်ဖြစ်
တွေဝေမဲ့ကင်း
ပြတင်းတံခါးကိုနှင်းများနဲ့ ဖွင့်ပါ ။
သင်နှင့်အတူမောင်းနှင်
အောက်စီဂျင်လောကလွင်ပြင်ရဲ့ 
မြင့်မြတ်မှုတာဝေးသစ်မှာ
နွေးထွေးသောကောင်းကင်တစ်ခု
ယခုပင်ဖြစ်ထွန်းခဲ့တော့၏ ။
.
မြေချစ်သူ
လမ်းမတော်မြို့နယ်မဂ္ဂဇင်း ၊ခုနှစ်မမှတိမိ
****************************************************
ဆောင်းဘွဲ့
-----------------------
စာရွက်ပေါ်ချမရေးခင်
ဝေးသွားကြတဲ့ နှလုံးခုန်သံ
ဘေးရန်ကင်းရှင်းကြပါစေ။
လူ့ဘ၀ကျိန်စာတွင်းမှ
ခဏငယ်များတွေ့ဆုံမှု
ထုထည်ညီညွတ်ကြပါစေ။
အသံများကျယ်လာ
ဒါ အချိန်ပဲထင်ပါ့
သူ့လက်တွင်းက ဖဲထုပ်ကို
ကျွ်န်ုပ်မြင်အောင်ပြနေပြီ။
မင်္ဂလာပါတဲ့
ခါတိုင်းလိုနှုတ်ဆက်ဆဲ
အမှတ်စက်တစ်နေရာထိ
ကြေကွဲမှုများရှိနေ၏
လျှော့ချလိုက်ပါ
ခန္ဓာအိမ်ကြိုးမျှင်များအတွက်
ဆက်ပြီးဖွဲ့ချည်စရာ
နာရီများမပါးလွှာခင်
ရေချိုးသန့်စင် ဆင်ခြင်ပါ။
နှင်းများမထူမီ
ငြူစူသံကင်းဝေး
ဆွေးမြည့်သောအိမ်တံခါးအောက်
ငြိမ်သက်စွာသွားရောက်ပါစေ။
အို ... ပြန်ကြစို့
တို့ရဲ့ဆောင်းမနက်ခင်းမှာ
နှင်းတွေဝေမြဲ
လွမ်းရမြဲ။ ။
မြေချစ်သူ
***************************************************************
လွမ်းသူရဲ့ပွဲ
==========
ခုတလောမှာ
နာရီနဲ့အမျှ
လွမ်းနေရတယ် ။
ကမ္ဘာပေါ်မှာ
လွမ်းရတာလောက်
သိက္ခာရှိတဲ့အစားအစာ
မရှိပါဘူး ။
လွမ်းနေချိန်မှာ
လွမ်းသူဟာ
ကမ္ဘာကြီးအတွက်
နလုံးသားတာဝန်ကိ
တစ်ဦးထဲ တင်ဒါဆွဲပြီး
ကြီးမားစွာ လွမ်းသူဖြစ်တယ် ။
လွမ်းနေချိန်မှာ
သဘာဝနဲ့ မိမိတို့ဟာ
အလွမ်းရေထုရဲ့
လာရောက်မှုကို
ဂုဏ်ပြုပူဇော်ပြီး
အတူတကွ
ပျော့ပျောင်းအိကျနေကြတယ် ။
လွမ်းသူဟာ
လူယောက်ျား ၊လူမိန်းမ
ကြယ်၊ လ၊ ကဗျာ
ကာလသုံးပါး
ငှက်များပျံခြင်
နှင်းဆီရသ
ဒေါသတရား
စကား မေတ္တာ
ခန္ဓာကိုယ်
အို....ဘာကိုမှ သတ်သတ်မှတ်မှတ်
ရွေးချယ်ပညက်ခြင်းမရှိဘဲ
လွတ်လပ်စွာလွမ်းသူဖြစ်တယ်၊
နေညိုချိန်မှာ
လွမ်းတတ်သူဟာ
ကျန်းမာရေးအရ
ပထမရဖူးသူလည်း ဖြစ်တယ်။
ကဲ ...လွမ်း
အလွမ်းရဲ့ဟိုဘက်မှာ
သတ္တ၀ါတို့ရဲ့ရင်ခုန်သံ
သန်မာစွာကခုန်နေတဲ့
အ၀ိဇ္ဇာဇာတ်ခုံ
မိုးလုံလေလုံရှိလေသတဲ့
ဇာတ်ခုံက ဗုံအရိုက်မှာ
တရှိုက်ရှိုက်မက်မက်လွမ်း
အဝေဆုံးထိလွမ်း
စောင်ကလေးခြုံလွမ်း
လွမ်း.......။
မြေချစ်သူ
(မိုးဝေ၊ ဇန်န၀ါရီ၊၁၉၈၀)
***************************************************
‎ရေရဲ့သင်္ချာ‬
================
" ဟိုဖန်ခွက်နဲ့
ရေတစ်ခွက်သောက်လိုက်လေဗျာ " တဲ့။
ဟုတ်ကဲ့
နေပါဦး မိတ်ဆွေ
ဒါဟာ လိမ္မာစွာဆက်ဆံရမယ့်
အချိန်အဆ ပုစ္ဆာဖြစ်နေလို့ပါ။
ဖန်ခွက်ထဲက
ရေဘယ်လောက်ကို
ကျွန်တော် ခပ်သောက်ရပါ့မလဲ
အပြည့်လား တစ်ဝက်လား
၇ ပိုင်း ၂ ပိုင်းလား၊ ၁၀ ပိုင်း ၃ ပိုင်းလား
ဝင်သွားမယ့် ရေပမာဏနဲ့
ခန္ဓာရဲ့လိုအင်
ကွက်တိ အဆင်ပြေချင်လို့ပါ။
လူ့ခန္ဓာကိုယ်ဆိုတာ
အက်ႌဝတ္ခြင့္ရထားတဲ့
ကံကြမ္မာရဲ့ယန္တရားတစ်ခု ဖြစ်တယ်။
ခန္ဓာကိုယ်ထဲမှာ
ရေ၊ အချစ်၊ အကုသိုလ်
အိုမင်းခြင်း၊ ဖိုမစိတ်
မစိုပြည်တဲ့တီးလုံး
အပြုံးနဲ့ မစ္ဆေရိယတို့ဟာ
သူ့ပမာဏနဲ့ သူ
အတိအကျ နေရာရှိထားပါတယ်
ကျွန်တော့်ခန္ဓာကိုယ်ထဲ
ရေတစ်စက်ပိုဝင်သွားလို့
နုပျိုဆဲ ပန်းတစ်ပွင့်
ကြွေလွင့်သွားမှာလည်း စိုးမိလိုက်ပါရဲ့။
ဟော ရေဂါလံတိကျမှုနဲ့
အသက်ရှုသံ မှန်ကန်စွာ
ဆက်လက်ခုတ်သွားတဲ့
ခရီးရှည်ရထားတစ်စင်း
သင့်ပြတင်းက မြင်လိုက်ရဲ့ မဟုတ်လား။
ဒါပါပဲ မိတ်ဆွေ
ခန္ဓာကိုယ်ထဲမှာ
အဝိဇ္ဇာနဲ့ ဝိညာဉ်
ဒြပ်စင်နဲ့ ဒြပ်မဲ့
ရေနဲ့ သွေးသား
အားလုံးရဲ့ ဖွဲ့တည်မှုမှာ
တိကျတဲ့ စင်တီမီတာ
မီလီမီတာ
ဂါလံ ဂရမ်ဆိုတဲ့
သင်္ချာလှေကားတွေ ရှိပါတယ်။
မိတ်ဆွေ
ရေသောက်ရင်
ဆင်ခြင်ပြီးမှ သောက်ပါ
(သို့မဟုတ်)
ကျွန်ုပ်တို့ကို သတိရပါ။ ။
--- ချယ်ရီ၊ ဇန်နဝါရီ၊ ၁၉၈၅
___________________________________________________
‪‎ကြောင်ရဲ့ပီယာနို‬
====================
(၁)
အမှောင်ထဲကို
ကြောင်တစ်ကောင် ထွက်ပြေးသွားတယ်
(၂)
မိုးကောင်းကင်ဟာ
မာယာတွေနဲ့
မှောင်လို့ . . . ။
(၃)
ရာသီဥတုရဲ့ ရွဲ့စောင်းမှုကို
ပီယာနိုနဲ့ ခပ်လျော့လျော့ သူတီးတယ်။
(၄)
အဲဒီ
ကြောင်ဟာ
မြို့ပြရဲ့ရင်ဘတ်ကြီးပေါ်မှာ
အသံတိတ် ဆူညံပေးခဲ့တယ်။
(၅)
အရည်ပျော်နေတဲ့ တိမ်တိုက်တွေဟာ
စိမ်းလန်းတဲ့ ဒဏ္ဍာရီ
ကောင်းကင်စားပွဲတစ်ခုနဲ့ပေါ့။
(၆)
အမှောင်ထဲကို
ကြောင်တစ်ကောင် ထွက်ပြေးသွားခဲ့တယ်။
(၇)
အမှောင်ထဲက ကြောင်
သူဟာ အမှောင်ထဲကို ထွက်ပြေးသွားပေါ့။ ။
( ဟိုးလဗ်သို့ )
--- ရုပ်ရှင်တေးကဗျာ၊ ဩဂုတ်၊ ၁၉၉၅
___________________________________________________
‪‎ညနေခင်း‬
================
ဒါပါပဲ
သူ ငေးနေပုံကိုယ်နှိုက်က
သူ့ပါစပက်တစ်တွေက
သူ့ကို ပြန်စားနေတဲ့သဘေ
လောကဓံရှုခင်းများ ခက်တယ်။
အဲဒီအရိုးအက်နေတဲ့
မြစ်တစ်စင်းပေါ်မှာ
အဝိဇ္ဇာခေါ်သံက
နာရီတွေကို မော့သောက်လိုသောက်
သူ့သံသယကပဲ သူ့ကိုပြန်စားလိုစား
ဟက်ဟက်ပက်ပက် ကြေကွဲတတ်တဲ့
မနက်ခင်းတွေကို
မစိုမပြည် အရင်းအနှီးပေးခဲ့ရပုံများ။
အားနည်းတဲ့ ကိုယ်ရည်ကိုယ်သွေးကပဲ
ကြီးကျယ်တဲ့ပန်းချီကား ဖြစ်လိုဖြစ်
အချစ်ဆိုတာ ရုပ်နာမ်မပါ . . .
--- ရနံ့သစ်၊ ဖေဖော်ဝါရီ၊ ၁၉၉၇
___________________________________________________
‪ဒိုင်ဗင်သမား‬
================
သူ စိတ်နှစ်ခွဖြစ်နေပုံက ဘယ်လောက်နက်ရှိုင်းသလဲ
တဒင်္ဂလျှပ်တစ်ပြက်မှာ
နားနေတဲ့ငှက်ကနေ ပျံသန်းတဲ့ငှက်
ပြီးတော့ ငါးဖြစ်ခဲ့ပြီ။
အချိန်တိုအတွင်းမှာ ပန်းပုရုပ် သူဟာ
နောက်မကြာမီ ရွေ့လျားမှု
အလျင်နှင့် လွင့်စင်မှု
ပြီးတော့မှ ဆင်ခြင်တည်ကြည်မှုကို တက်ပြန်တယ်။
သူဟာ လေးပစ်သမား
သူကိုယ်တိုင် လေး သူကိုယ်တိုင် မြား။
သူဟာ အထက်အောက်ကမ္ဘာ
အလဲအလှယ်သွားလာနိုင်တဲ့ သူရဲကောင်း။
သူ့ရဲ့အတွင်းကို သက်ဆင်းခြင်းမှာ
အနစ်နာခံတဲ့ လေထုရှိတယ်
ပင်လယ်ရေမှော် မုတ်ဆိတ်များနဲ့
ပင်လယ်နတ်ဘုရား မည်းမှောင်မှောင်ကို
မျက်နှာချင်းဆိုင် တွေ့ဆုံခဲ့တယ်။
သို့မဟုတ် နတ်သမီး ဂယက်ထမှုနဲ့
တုံ့ပြန်မှုဟာ သူ့အတွက်
ငြိမ်သက်ဆင်ခြင်စရာအဖြစ်
ရေထဲမှာ လဲလျောင်းနေတယ်
ပြီးတော့ ခွန်အားရှိစွာ ဝင်ရောက်ဖို့။ ။
* အမေရိကန် ကဗျာဆရာ Robert Francis ရဲ့ High Diver ကို ပြန်ဆိုတယ်။
--- ရုပ်ရှင်တေးကဗျာ ရသစုံမဂ္ဂဇင်း၊ ဇွန်၊ ၁၉၉၈
**************************************************************
အိပ်ခြင်းရဲ့လှိုင်းများ
==============
(မိုးဝေ၊ နိုဝင်ဘာ၊ ၁၉၈၀)
ပထမအရာဝတ္ထုမှာ
အက္ခရာမဲ့
ကဗျာတစ်ပုဒ်ဖြစ်သည်။
ဒုတိယအရာဝတ္ထုမှာ
ဓမ္မကိုကြားသော
နားတစ်စုံဖြစ်သည်။
တတိယအရာဝတ္ထုမှာ
ကမ္ဘာပေါ်ရှိ
မိမိဈေးနှုန်းဖြစ်သည်။
စတုတ္ထအရာဝတ္ထုမှာ
သစ္စာရှိ၍
သေချာသောအနမ်းဖြစ်သည်။
ပဉ္စမအရာဝတ္ထုမှာ
သန်မာသော
နာရီသံချောင်းခေါက်သံဖြစ်သည်။
မသိစိတ်တစ်ဝင်နှင့်
အိပ်စက်စမျက်လွှာပါးပါးပေါ်သို့
အရာဝတ္ထုငါးပါး
ကံအားလျော်စွာ
ရောက်လာသောအခါ
လူသတ္တ၀ါ၏
အိပ်ရာထိုင်ခင်းသည်
သံမဏိနှင်းတောအတွင်း
မြင်းဖြတ်ပြေးသေ
ဆင်ဖိုနီတေးတစ်ကွက်
ရိုက်ခတ်ချက်ဖြင့်
လေးနက်ကျယ်ဟိန်း ပြန့်ကျယ်ပြီ။ ။
.
မြေချစ်သူ
**********************************************************************
ဖြောင့်ချက်
=========
(၁)
ငါ့အသည်းကိုခွဲကြည့်ပါ
-ငရဲသားများ
သက်ရှူမှားသံ
အချိန်မှန်မှန်ကြားလိမ့်မည်။
-ငယ်အိပ်မက်များ
ခွန်အားကောင်းဆဲ
အေးခဲသွားတာ တွေ့လိမ့်မည်။
-စကြ၀ဠာဖြန့်လျှောက်
နေခြည်ပေါက်တို့
ကျောက်ဖြစ်သွားတာ မြင်လိမ့်မည်။
(၂)
ငါ့အသည်းကိုခွဲကြည့်ပါ
-ကာလသုံးပါး
စကားများ၍
ပန်းများငိုတာ မြင်လိမ့်မည်။
-အိုခြင်းတရား
မြင်းရထားနဲ့
ရေချိုးသွားတာတွေ့လိမ့်မည်။
-မုဒိတာဇာတ်
ပါးလှပ်လှပ်က
ပြဇာတ်ခင်းတာ တွေ့လိမ့်မည်။
(၃)
ငါ့အသည်းကို ခွဲကြည့်ပါ
-လူထုဝါဒ
မျက်လွှာချ၍
ဂီတဖွဲ့တာ တွေ့လိမ့်မည်။
-အ၀ိဇ္ဇာလက်
စိတ်ယောက်ယက်နှင့်
သစ်ရွက်ချွေတာ တွေ့လိမ့်မည်။
-ကြယ်ရောင်မရှင်
မြစ်တစ်စင်းက
သီချင်းသုံးပုဒ် ကြားလိမ့်မယ်။
(၄)
ငါ့အသည်းကို ခွဲကြည့်ပါ။ ။
.
မြေချစ်သူ
.
(မိုးဝေ၊ နိုဝင်ဘာ၊ ၁၉၇၆)
***********************************************************
အိန်စတိန်းလွမ်းချင်း
==============
(သရဖူ - ၁၉၉၅)
ငါ့သစ်ပင် ဟာ
ဒဏ် ရာအနာတရ
မရှိစေရဘူး
.
မမြင် ရတဲ့
ကောင်းကင် လှလှကြီးတစ်ခုပေါ်မှာ
နာရီမရှိတဲ့
သက်ပြင်းတစ်ခုသာ
ဖြစ်ပါရ စေ.....
မြေချစ်သူ
*********************************************************************
မြေချစ်သူရဲ့ဆံပင်များအကြောင်း
======================
(မိုးဝေ၊ ဖေဖော်ဝါရီ၊ ၁၉၆၈)
မြေချစ်သူဟာ
ကဗျာဆရာတဲ့
ဒါဟာကမ္ဘာနဲ့
မေတ္တာမျှဖို့ ကြိုးစားတဲ့
အင်္ကျီစကလေး တစ်မျိုးသာဖြစ်တယ်။
ဆင်းရဲသူများ၊ ချမ်းသာသူများ
ခရီးသွားသူများ၊ အိပ်စက်သူများ
ကော်ဖီသောက်သူ၊ ဂျုံစားသူ
ဘာသာဘာဝ သူ့မင်္ဂလာနဲ့သူ
ဘယ်သူ့မီတာက အမြင့်ဆုံးလို့
ပြောလို့ရပါ့မလဲ
ဓာတ်ပြားထဲက နှင်းငွေ့များဟာ
တစ်ခါတစ်ရံ အလွန်ခင်ဖို့ကောင်းပါတယ်။
မိန်းမများရဲ့ ငြူစူသံ
ငြိမ်သက်စွာနာခံရင်း
တချို့လည်း အလင်းတံခါးပွင့်ခဲ့ပေါ့။
နာရီများကို
အပြစ်မဆိုပါနဲ့
မိမိခန္ဓာ “ဆဲလ်”ထဲက
အတ္တအမှတ်စက်ကလေးများကိုသာ
မျက်နှာသစ်တိုင်း ဖွင့်ကြည့်ပါ။
မျဉ်းဖြောင့်ဆွဲတဲ့လူချင်း
အတင်းစကားပြောနေရင်
စာမျက်နှာများ
အားနာဖို့ကောင်းပါဘိ။
ပိတောက်ရိပ်ကြားမှာ
မေ့လို့ထားခဲ့တဲ
ရင်ခုန်သံတချို့
ပြန်လို့လာပါကွယ့်
“အသက်” ရဲ့ဖလင်ကွက်ပေါ်မှာ
မျက်နှာ“ကာလာ” မှန်လာပါပြီ။
ခဲတံမတို
နေမညိုခင်
ခင်ဗျားတို့လင်မယား
ဈေးစောစောသွားကြစမ်းပါ
သစ္စာပန်းများလှပါဘိ။
ဆံပင်များနဲ့သင်
သစ်ပင်များနဲ့သဘာဝ
မျှခြေရှိတဲ့ ပန်းချီကား
မြင်ထားပြီးမှတော့
လောကပုစ္ဆာအတွက်
အိပ်ပျက်ခံဦးမှာလား။
တည်ထားတဲ့ ဘောလုံးပေါ်မှာ
အနာဂတ်ရဲ့နေရာဟာ
လုံးဝန်းစွာဖြစ်တည်နေရဲ့။
အို ဘယ်လိုပင်ဖြစ်စေ
မိုးကောင်းကင်တစ်ခုထဲအောက်
ကြိုးတန်းပေါ်လမ်းလျှောက်ခဲ့တဲ့
တို့ သူငယ်ချင်းတွေရဲ့အသံစဉ်
တိတ်တခိုးနားဆင်ရင်
အိပ်မက်လွင်ပြင်သစ်ခဲ့ပေါ့။ ။
.
မြေချစ်သူ
***********************************************************
နလံထ
======
(မိုးဝေ-အောက်တိုဘာ-၁၉၇၈)
[ လူနာတစ်ဦး၏ အမှတ်ရချက်များမှ ]
(၁)
ကလပ်စည်းများ . . .
ဇောများ . . .
နာမ်ရုပ်များ . . .
ဝီထိစိတ်များ . . .
သတိများ . . .
ယုတ္တိဗေဒများ . . .
သာမိုမီတာပြဒါးများ . . .
အဖျား၏ကုတ်ခြစ်မှုဖြင့်
ဖူးဖူးရောင်ကျန်ရစ်သည်။
(၂)
ရာဇဝင်မရှိသေးသေ
ဖျာကလေးတစ်ချပ်ပေါ်၌
ကဗျာဆရာသည်
၂၈၈ နာရီအတွင်း
သေမင်းပေးသွားသေ
ဒုတ္တာရောင်ချောကလက်ပြားကလေးကို
အမှတ်တရ ဝါးကာနေမိ၏။
(၃)
လမင်းကို ကြည့်လိုက်သောအခ
သူမ၏ ဘော်သခွာမျက်နှာမှ
မသာယာသော ချွေးသီးချွေးပေါက်တို့ကို
အလူမီနီယမ် ဟိုက်ဒရိုဂျင်ဆာလဖိုဒ်
ဖျော်ရည်ကျဲဖြင့် ဆေးကြောသန့်စင်ဆဲ ။
(၄)
ဇီဝဓာတုစံနစ်
သွေးသားအသစ်များ
ဖြစ်ထွန်းစီးဆင်
ဖန်နံရံပုလင်းထဲက ငါ
ဘာသာ ဝေါဟာရ ပန်းပွင့်
ဂီတသံ အနိမ့်အမြင့်ရှိရာ
ဘဲဥပုံ ကမ္ဘာသို့
အရည်ဖွဲ့ကာ ပြန်ရောက်လာပြီ။
(၅)
အူရောင်ငန်းဖျားဝါဒနှင့်
လောကအိပ်ခဲ့သော
ညဥ့်မွေ့ရာဟောင်းကြီးမှ
မကောင်းသော အနံ့အသက်
အိပ်မက်အညစ်အကြေးများမှာမူ
မနက်အရုဏ်တက်လျှင်
နံနက်နေခြည်ထွက်လျှင်
မော်လီကျူး ရောင်စုံယှက်လျှင်
တက်တက်စင် ပြောင်တလင်းခါ၍
ကျန်းမာခြင်းသာ
ရနံ့ချိုစွာကျန်ရစ်တော့မည်ထင်သည်။
.
မြေချစ်သူ
**********************************************************
ဂန္တဝင်အလွမ်း
==========
(မိုးဝေ-နိုဝင်ဘာ-၁၉၇၇)
(၁)
အသက်အစ
ဇီဝနေရာ ဘယ်ဆီမှာလဲ
မတွေးရဲသေး . . .
အသက်၏အဆုံး
မိုးစက်ကုံးမှာ အပြုံးရှိလား
ဘာပန်းပွင့်လဲ
မမေးရဲသေး
ငါ သူတစ်ပါး
ခြားနားအထင် ဟင်းလင်းပြင်တွင
သခင်ရှိမည် ထင်နေတတ်သော
တရားဝေါကလေး
အမောဖောက်စ ပင်လယ်ဝမှာ
လောကရင်နှစ် အချစ်ငှက်ကလေး
အသက်တေးနဲ့ နွေးပါ့မလား
အားငယ်မိလည်း
မနားရဲသေး . . .
ရာဇဝင်၏
ရင်ခုန်နေမှု မြေအထုမှာ
အဘိဓမ္မာ ဒဏ်ရာမရ
ဘဝကြိုးတန်း အသက်လမ်း၌
ကျန်းခန့်သာ၍ မာပါ့မည်လား
ကောက်ကြောင်းများပေါ် ခြေချော်မည်လား
ဓမ္မပျားရည် လေးအီမည်လား
ညီမျှခြင်းများ အဖျားဝင်ပူး
မူးဝေမည်လား မသိငြားလည်း
ခံစားအရိပ်
မအိပ်ရဲသေး . . .
(၂)
အသက်ရှိခြင်း
လှည့်စားခြင်းမှာ ပန်းစကြာများ
အသွားမပျက် အိပ်မက်သွေးဆူ
ဆင်ခြေပူသော သူ၏မျက်နှာ
ညှော်လွန်းစွာဖြင့်
ကမ္ဘာတစ်ဝိုက်
အမှိုက်ဖြစ်၏ ။ ။
.
မြေချစ်သူ
**********************************************
.
ကျွန်ုပ်၏မာတိကာ
=============
(မိုးဝေ-ဖေဖော်ဝါရီ-၁၉၇၇)
ကာလတန်ဖိုး
အမျိုးမျိုးကို ပုဆိုးလဲကာ
ဖုန်ခါကာဖြင့်
ကမ္ဘာထဲမှာ နေလာခဲ့
ပုံပြင်များစွာ
ရသာခံရင်း စားသုံးရင်းဖြင်
ကျန်းမာခြင်းလည်းရှိပါခဲ့
သိနားလည်ခြင်း
ဖန်ခွက်တွင်း၌ နေမင်းပျော်ကျ
ပူပြင်းလှလည်း
ရသလျှာဖြင့် သောက်ပါခဲ့
အိပ်မက်ပတ္တမြား
ဈေးကစားရင်း ကုန်သွယ်ရင်းဖြင့်
နာဖျားခြင်းလည်း ကင်းပါခဲ့
ပွဲတိုင်းကျော်သည့်
သိဒ္ဓိအောင်ဆေး ဖြန့်ဝေပေးသော
လောကတစ်နေရာ သစ္စာရပ်ကွက်
အသွားခက်၍
မက်မောခြင်းကို သိမ်းပါခဲ့
နောက်ဆုံးကြည့်ေ
မြေရေလေမီး ဗုံသံတီးသော
ခရီးမာယာ ထွေတလာမှာ
ငါ၏နတ်မင်း ကဗျာမြင်းပျံ
ခွာယက်ကျန်စဉ်
ရာဇဝင် - လူ - သစ်ပင် - နှင်းစက်
ချိုမြက်သော အဖွဲ့အစည်း
ချွေးစီးမသုတ် ခြေကုန်သုတ်ပြီ
ကျွန်ုပ်ကိုယ်စား အသက်များသာ
ကစဥ့်ကလျား ကြွေခဲ့၏ ။
.
မြေချစ်သူ
**********************************************************
မိုးရွာထဲကသစ်တစ်ပင်
================
(မိုးဝေ-ဇူလိုင်-၁၉၈၀)
မနှစ်တုန်းက
ချုန်းထစ်ဆော်နှိုး ရွာသောမိုးနှင့်
ဆိုးဝါးပြင်ထန် လေ၏ဒဏ်ကြောင့်
တင်းခံခြင်းငှာ မစွမ်းသာပဲ
နောက်ပြန်လဲကျ ဖြစ်ခဲ့ရသော
တို့အိမ်နားကသစ်တစ်ပင်။
ယခုနှစ်လည်း
မိုးကြီးပြင်းထန် ရွာသွန်းပြန်စဉ်
ပင်စည်မတ်မတ် အရပ်မြင့်မြင့်
ရင်အုပ်ဖွင့်ကာ ခန္ဓာကြွက်သား
ဗလများနှင့် ဖွံထွားရုန်းကန်
နေရှာပြန်သည့်
မိုးကြီးထဲမှာငါမြင်သည်။
ယခုနှစ်မူ
မနှစ်ကထက် ရင့်ကျက်သန်မာ
ရာဇ၀င်သိ အနှစ်ပြည့်ကာ
အာကာသထဲ မယိုင်လဲဘဲ
ခိုင်မြဲတော့မည် ငါထင်သည်။
ပသို့ဖြစ်စေ
မနှစ်တုန်းက ရှုံးခဲ့ရသော
အတ္တအရိပ် အတိတ်မှန်စ
မာနဒဏ်ရာ အိုင်းအရာမူ
ဘယ်မှာမေ့မလဲ စွဲထင်ဆဲကို
စူရဲပြိုးပြက် လျှပ်အပြက်၌
သူ့မျက်နှာမှာ ငါတွေ့သည်။
.
မြေချစ်သူ
********************************************************************
တရားလမ်း
=========
(မိုးဝေ-စက်တင်ဘာ-၁၉၈၀)
(၁)
တာဝေးပြေးသူဟာ
တာတိုပြေးသူလောက
ခရီးမပေါက်ခဲ့ပါ..။
လမ်းလျှောက်နေသူဟာ
ပြတင်းပေါက်ကလူလောက်
သီချင်းမရှိ
အလင်းမသိခဲ့ပါ..
(၂)
သင့်ရင်ထဲမှ
ရသလေးနက် သုညအက္ခရာ
နေကောင်းပါစ..။
နာရီသံနှင့်
ခြံထွက်ပစ္စည်းများ
လက်ဆတ်ပါသေးရဲ့လား..။
(၃)
အိပ်စက်ခြင်းဖြင့်
နံနက်ခင်းကိုမက်မောပါ..။
(၄)
မြစ်ထဲမှာ
နှစ်ခါစိမ်ရုံနဲ
သင့်ဝတ်ရုံစင်ကြယ်ပါမည်လော..။
သင့်လက်ထဲက
ဖျော်ရည်တစ်ခွက်
မနက်ကလောက်မချိုနိုင်ပါ..။
(၅)
လှေကားပေါ်က
ခြေသံများ
သော့ဖွင့်သံကြားရဲ့မဟုတ်လား..။
လာသွားစို့
တို့ပန်းရုံထဲက
စံပယ်ကိုငုံဖူးကြစို့..။
မြေချစ်သူ
********************************************************************
မနက်ခင်းရဲ့အသက်ရှူမှု့များ
====================
(မိုးဝေ၊ စက်တင်ဘာ၊ ၁၉၇၇)
(၁)
အလင်း၏လက်
နံနက်ကိုကျောသပ်
လောကဓာတ်ရှုခင်း
အချစ်သီချင်းများ ကြားစပြုပြီ။
အသစ်သစ်များတည်ဆောက်
တံတားအောက်က ချောင်းရေ
“နေဖွဲ့” ဂါထာရွတ်ဖတ်နေ။
ကမ္ဘာထဲက “အချိန်”
မြစ်ထဲမှာရေစိမ်ဆဲ။
(၂)
အိမ်တံခါးလာခေါက
အံ့လောက်ဖွယ် “နှင်း”
သူငယ်ချင်းလော ရန်သူလော
ထွေပြောဟန်မူ အင်္ကျီဖြူနှင့်။
အောင်ပွဲခံသွေးသစ်
သစ်ရွက်၏ရင်ခုန်သံ
မြေယံမှာပြေးလွှာ
နိမိတ်ပုံများ ထွားထွားဝေသနဲ့။
အရုဏ်၏လှေကား
ကျေးငှက်များဝိုင်းဖွဲ့
နေရဲ့အလံတော် တင်လေပြီ။
(၃)
ဒဏ်ရာမရှိပဲ
ကြွေသွားတဲ့ ညဥ့်အလောင်း
လှည်းလမ်းကြောင်းမှာ
ရတနာဖြစ် ရွှေငွေဖြစ်ပြီ
သက္ကရာဇ်စောင်းသံ ခတ်လေလော့။
အမှောင်မိစ္ဆာ
ဇီးပင်မှာချိတ် အတိတ်မှန်စ
ကွဲကြေမွပေါ့
နောင်တများစွာ ချိုပေစွ။
(၄)
သစ္စာမဲ့အိပ်မက်များ
အလွှားလွှားပြေးကြ
ဘ၀၏သင်ဖြူးဖျာ
အလင်္ကာများဆေးကြေ
စင်ကြယ်သောခန္ဓာဗေဒ
တပ်မက်ဖို့ကောင်းလှသည်။
(၅)
မိုးလင်းပြီးစ တစ်နာရီ
အရည်ရွှမ်းတဲ့အသက်ဓာတ်
မြင့်မြတ်ခြင်းရဲ့စံနှုန်းတစ်ခု
ရတုတစ်ပုဒ်ရဲ့နောက်ခံကား
ထမြောက်မူ တောလားပါ
ဒါဟာ . . .
အားလုံးရဲ့အိပ်ယာထမူကို
ဥခွံအသစ်တစ်ခု လဲပေးပါလိမ့်မယ်။ ။
မြေချစ်သူ
********************************************************************
မိုးရွာထဲမှာ
=========
(မိုးဝေ - သြဂုတ် - ၁၉၇၉)
မိုးရွာထဲမှာ
ရေခဲလှည်းတွန်းလာတဲ့
ကောင်လေးရဲ့အပူ
ဘယ်သူသိနိုင်မလဲ
ထီးတစ်လက်အတွက်
မနက်ကအိမ်မှာ
စကားများစွာ လောင်ကျွမ်းခဲ့ပါတယ် ။
မိုးရွာထဲမှာ
လမ်းလျှောက်လာတာ
သူ ကဗျာဆရာလား
အနန္တအက္ခရာနဲ့
သန်မာဆဲအရိပ်တချို့
မိုးစိုလို့သွားပါ့မယ်။
ဒါပေမယ့်
မင်္ဂလာပါ
ကမ္ဘာကြီးခင်ဗျား
ခင်ဗျားရဲ့နေထိုင်မှုဟာ
နာရီ နဲ့အမျှ
ရာသီနဲ့အမျှ
အစစ အနုပညာပါ
မိုးရဲ့သန်စွမ်းမှုမှာ
လက်ကျန်အလွမ်းများ
သော့ဖွင့်ထားသလိ
မစိုပြေခဲ့သီချင်းဟောင်းတချို့
ပြန်လို့စိုဖြစ်မိပါရဲ့ ။
ထီးတွေကိုရေးထားတဲ့
"ရေနွား" ရဲ့အာရုံမြင်ပန်းချီကား
ရောင်းလိုသူရှိပါသလား ။
အလို
မိုးရွာထဲက
ငါ့မိန်းမ
စိတ်ကောက်လို့ မ၀သေးပါလားကွယ် ။
မြေချစ်သူ
********************************************************************
နွေနဲ့ကျွန်ုပ်
=========
(မိုးဝေ၊ မတ်လ၊ ၁၉၇၉)
နှင်းများက
ခါတိုင်းလိုပဲ နှုတ်ဆက်သွားကြသည်။
ကြည့်ရင်းမှာပင်
သင် ဝေးကွာသွားတော့မည်။
ငါ၏မုသားများအား
ကောင်းစွာသယ်ဆောင်သွားပါတော့။
မီးကျွမ်းစသစ်ငုတ်တိုကား
စကားပြောဖက်
ရွက်ကြွေအလာကို
စောင့်နေသည်။
သစ်ပင်ထက်က
ငှက်ကလေးလည်း
သဒ္ဒါဝါကျမဲ့စွာနဲ့
သဘာဝကို ပူဇော်နေ၏။
အလို . . .
နောင်တ၀ိညာဉ် စွတ်စိုစွာနဲ့
သဇင်များယဲ့ယဲ့ ပြုံးကြဆဲ။
အစိုးရိမ်ကြီးခဲ့သည့်
မသိနိုင်သော ခြေလှမ်းအချို့
အိမ်သို့ပြန်လာပါပြီ။
သံသယရှင်းစွာဖြင့်
ကနေ့ညစာ
သုံးဆောင်ကြပါစို့။ ။
မြေချစ်သူ
********************************************************************
စည်းနဲ့ဝါး
========
(မိုးဝေ-မတ်လ-၁၉၈၀)
အလျား-အနံ-ထု
လူမှုပြဿနာ
စင်စစ် ဒါဟာ
ပန်းတစ်ပွင့်သာဖြစ်တယ်
ရှပ်အင်္ကျီ
သရက်ထည်လုံချည် ငပိရည်ခွက်
သော့ချက်အရသာ
အာရုံငါးပါး ဖွဲ့စည်းထားရာ
ရုပ် နာမ်မှာလား မစဉ်းစားနှင့်
သင့်မြက်ခင်းမှာ
"နှင်း"တွေတွေ့လား
လေးစားစရာ နှုတ်ဆက်ပါ
ဖက်လှဲတကင်းခံစားပါ
ရာသီစက်ဝန်း
ကမ္မဋ္ဌာန်းကွက် ထွက်သက်ဝင်သက်
အသက်ဗေဒ သဘာဝအလုပ်
ဝင်မရှုပ်နဲ့ ကျွန်ုပ်နည်းတူ
အုတ်ကန်ထဲမှာ ရေဖြည့်ပါ
အမေ့ညစာ ဝိုင်းကူပါ
မင်္ဂလာစကား ပြောကြားပါ
ချစ်သူများကို နားလည်ပါ
စကြဝဋ္ဌာမှာ
"ငါ"အမှတ်စက် ဖွဲ့စည်းချက်၏
မနက်ဖြန်ဟာ ဝေးလံလှသေး
ချမ်းဧနှင်းငွေ့ ကနေ့ခရီး
ပြီးစီးအောင်သာ တောင်တန်းများနောက်
ဆက်လျှောက်ပါ
ရွာထိပ်သစ်ပင် သင် ထိုသူ ငါ
အပြာရောင်ဆေးတစ်ကွက်
စုတ်ချက်တစ်ခုတည်း တို့လာသည်။ ။
မြေချစ်သူ
********************************************************************
သော့ပေးထားသောနှင်းဆီ
===================
(ပိတောက်ပွင့်သစ်-ဧပြီ-၁၉၉၁)
(၁)
. . . သစ်ပင်များဆီက
ညစ်ထေးတဲ့ ကျွန်တော့်ရနံ့
ကမ္ဘာကြီးပျို့အန်လောက်ရဲ့။
လူသားတွေရဲ့
ဆူညံတဲ့ အရေခွံပါးပါး
ကျွန်တော် စိတ်ဝင်စားဆဲပေါ့။
(၂)
နှစ် ၄၀ အလေးချိန်
လိင်စိတ်ပြဒါးတိုင်
မုသားရည်ချိန်သီ
အလွမ်းသိပ်သည်းဆနဲ့ငါ
ဝါယာကြိုးများတွန့်လိမ်လျက်
ယူရေနီယံလို
နာမ်ဓာတ်မဲ့ကင်း
တင်းရင်းတဲ့ မျက်နှာပေါ်မှာ
အနာဂတ်ဟာ ကိုယ်ဖော့ဆဲ။
(၃)
ဟုတ်ကဲ့
နှင်းမသည်းမီ
မျဉ်းတစ်ကြောင်းဆက်ဆွဲ
လက်ထဲကသန့်ရှင်းမှု
ခုခံမှုများ ပူနွေးလျက်။
(၄)
ညနေခင်းတေးများနဲ့
ဆွေးမြေ့ဖွယ်နံရံပေါ်မှာ
အတောင်မဲ့ ပျံသန်းခြင်းမျာ
ပျားရည်မြစ်ကို တူးဆွဆဲ။
(၅)
မျက်ရည်စက်ဆိုတာ
အသက်နဲ့လက်ထပ်ထားတဲ့
ဒုတိယမယား . . . တဲ့
တံခါးပေါက်ကို တွန်းဝင်လာတယ်။
ဒါ သဘာဝပဲ
အေးခဲတဲ့ ဓာတ်ပြားပေါ်က
အမှတ်အသားတစ်ခုထ
မှားယွင်းမှုရှိခဲ့ပြီဆိုတာ ။
(၆)
ရေချိုးပြီးရင်
ဝိညာဉ်ကလည်း ရှင်းစွာနဲ့
အင်္ကျီရဲရဲ ဆွဲဆန့်ပါ။
သွေးသားများအသစ်လဲ
အထဲက ခွေးသွားစိတ်
ခလုတ်အသစ် ပြန်နှိပ်ပါ။
(၇)
ကံကြမ္မာရထားဟာ
ငါးမိနစ်နောက်ကျပြီးမှ
တံတားကို ကျော်လာတယ်။
မင်္ဂလာပါ
နာရီများ ခင်ဗျား
ခင်ဗျားတို့အတွက
ဝိုင်တစ်ခွက်
ကောင်းကင်ရနံ့ထွက်ဆဲပါ ။ ။
မြေချစ်သူ
********************************************************************
လှပမှုဥခွံ
========
(ချယ်ရီ-သြဂုတ်-၁၉၈၄)
(၁)
ကျွန်ုပ်၏ အိတ်ထဲ၌
စိတ်သည်
ဗလာနယ်တစ်ခုကို
ထုထွင်းလျက်ရှိသည်။
(၂)
သီချင်းသံများကြောင့်
ကမ္ဘာ ဂျူပီတာနဲ့
စေတန်ဂြိုလ်တို့ရဲ့
အတောင်ပံမဲ့ ဖန်သားအကာများ
တမ်းတမှု ရုပ်ရှင်
ဒဏ္ဍာရီလွင်ပြင်တွင်းသို့
လွင့်စင် ခုန်ဆင်းလာကြပြီ
(၃)
'သင်သည်
ချစ်ခင်စဖွယ်
စင်ကြယ်ပါ၏လော'
. . . စသော
လောကကြိုးတံတားရဲ့
ထုံးစံကျ တုန်ခါချက်
အသက်ရှင်မှု သင်္ကေတ
ယိုဖိတ်နေသော ဝါကျ
အာသာဆန္ဒ (ဒါမှမဟုတ်)
. . . . . . . . .
. . . . . . . . .
. . . . . . . . .
လူတို့ရဲ့ဖျာပေါ်မှာ
တောက်လောင်စရာ မရှိပါ။
(၄)
အနတ္တပန်းချီ
ထိုအင်္ကျီ ဝတ်သူသည်
လတ္တီကျူများကို
အလျားလိုက်ဆွဲဆန့်
ကန့်လန့် ဖြတ်သွေးသားနဲ့
ပင်လယ်ခရီးသွားမယ့်
ဆံပင်ရှည်နက်မှောင်
နိုင်လွန်ငှက် တစ်ကောင် ဖြစ်ပေသည် ။ ။
မြေချစ်သူ
********************************************************************
#လူသွားလမ်းကလေး
===============
(မိုးဝေ-မေလ-၁၉၈၁)
(၁)
မနက်စောစောထ
ရေအဝသောက်ပြီးလျှင်
သစ်ပင်များကို နှုတ်ဆက်ပါ
"ဥပတယံ"
နာမ်ရုပ်စင်ကြယ် အလင်္ကာပြည့်ဖြိုး
ကောင်းသောနိုးထခြင်းပါတဲ့
ခန္ဓာအိမ်ရဲ့ဂါထာ . . .
(၂)
ကမ္ဘာ့ပြက္ခဒိန်ရဲ
ချိုမြိန်တဲ့ဆေးစက်များဟာ
အသက်ရှင်မှုမှန်သမျှအား
အလင်းပန်းချီကားချပ်
စုတ်ချက်သပ်နေရဲ
မြင့်မြတ်သောဖန်တီးခြင်း
ပြတင်းကိုဖွင့်ကြည့်ပါ . . .
(၃)
အသက်ရှင်မှုထက်
ပို၍နှစ်သက်စရာ
ဓမ္မစာမျက်နှာ
ကျွန်ုပ်တို့၌ မရှိတော့ပါ . . .
(၄)
အိမ်ရဲ့အရှေ့
နေ့ဓာတ်မွှေးထုံ ပန်းရုံ တည့်တည့်က
ပေါ်လွင်စ လမ်းကလေးပေါ်မှာ
အနာဂတ်ကာရန်ထံ
မြန်ဆန်စွာသွားကြမယ့်
နှလုံးသားလုပ်အားနဲ့
လူသားများရဲ့ခြေသံ
ချေငံစွာ လှုပ်ရှား
စည်းဝါးနရီအကျကိ
ကြားစ ပြုရဲ့မဟုတ်လား . . .
(၅)
မနက်ခင်းရဲ့
နှင်းဆီများနဲ့
လူသွားလမ်းကလေးပေါ်မှာ
လူသားများရဲ့
လူသွားလမ်းကလေးပေါ်မှာ . . . ။ ။
မြေချစ်သူ
********************************************************************
ဒြပ်မဲ့နှင်းဆီ
=========
(မိုးဝေ- မေ/၁၉၈၀)
ဒါဟာ
ကဗျာရဲ့တည်ရှိမှုကို
အံတုတဲ့ အရာတွေပဲ
ဒါဟာ
ကဗျာရဲ့အခန်းကို
စမ်းသပ်တဲ့
သင်ခန်းစာပဲ
ဒါဟာ
ကဗျာနဲ့ငါ
သေချာစွာ ရှိ မရှိ
သိလိုတဲ့ မေးခွန်းတွေပဲ
ကဗျာရဲ့ကိုယ်ခန္ဓာဟာ
ဧရိယာဒြပ်သားနဲ့
ပြောကြားလို့ရတာမဟုတ်
အာရုံလှေကားပေါ်မှာ
ကိုယ်ဖျောက်သွားလာနေတဲ့
တရားဓာတ်ငွေ့သာဖြစ်တယ်
ကဗျာရဲ့ရွေ့လျားရာမှာ
အရသာနိုးကြားတဲ့
သွေးသားများ လှုပ်ရှားလာမယ်
ကဗျာဟာ
ကမ္ဘာရဲ့ ဦးခေါင်းခွံထဲမှာ
သွန်သင်ခံ ပိုးဟပ်လို
ကပ်နေလေ့မရှိဘူး
ကဗျာဟာ
ငါတို့ရဲ့ ဦးခေါင်းထဲမှာ
သွန်သင်ခံ ပိုးဟပ်လို
ကပ်နေလေ့မရှိဘူး
ကဗျာဟာ
ငါတို့ရဲ့ ဦးခေါင်းထဲမှာ
အာကာသယာဉ်တစ်စင်းနဲ့
နှင်းဆီပန်းတစ်ပွင့်
အဆင်သင့်ပွင့်စေခဲ့တယ်
အာကာသယာဉ်က
ဝိညာဉ်အလင်းတန်းတစ်လျှောက်
ထိုးဖောက်မောင်းနှင်ဖို့
နှင်းဆီပွင့်က
သင့်ရင်ထဲက သစ္စာကို
သိက္ခာရှိစွာ နမ်းရှုံ့ဖို့ ။ ။
မြေချစ်သူ
********************************************************************
#အလင်းရုပ်ထု
===========
(မိုးဝေ-ဇွန်-၁၉၈၇)
(၁)
လူမှာ . . .
(၂)
ဦးခေါင်းရှိတယ်
ကောင်းကင်လမ်းမပေါ်မှာ
ကွန်ပျူတာမဲ့ ပုံပြောဖို့ . . . ။
(၃)
လက်နှစ်ဖက်ရှိတယ
မျက်ရည်အတုနဲ့အစစ်ကို
အက်စစ်မပါဘဲ ခွဲခြားဖို့ . . . ။
(၄)
မျက်လုံးအစုံရှိတယ်
မြူမှုန်ထဲက သစ္စာကို
အက္ခရာမဲ့ နှုတ်ဆက်ဖို့ . . . ။
(၅)
နားနှစ်ဖက်ရှိတယ
စိမ်းလက်တဲ့ နာရီသံတွေကို
ဖန်ခွက်ထဲထည့် နားဆင်ဖို့ . . . ။
(၆)
ခြေထောက်နှစ်ဖက်ရှိတယ်
ရင်ခုန်တတ်တဲ့ လမင်းနဲ့
သီချင်းဆိုရင်း လမ်းလျှောက်ဖို့ . . . ။
(၇)
ကဗျာ ရှိတယ်
မိမိရဲ့ သိမှုဗေဒနဲ့
ကမ္ဘာ့ရင်ခွင်အနှံ့
သန့်ရှင်း ဧကြည်တဲ့
ရေကြည်ကြည်တစ်ခွက်
သက္ကရာဇ်မဲ့စွာ
ပေး ဆက်ဖို့ . . . ။
(၈)
လူမှာ . . .
. . . ။ ။
မြေချစ်သူ
********************************************************************
#လမ်းလျှောက်ခဲ့တဲ့မိုးကာတစ်ထည်
========================
(စတိုင်သစ်-အုပ်၃၀ပြည့်-၁၉၉၅)
ကိန်းဂဏန်းများ
ရွာသွန်းသွားကြ
မိုးရဲ့လမ်းမပေါ်မှာ
မိန်းမများရဲ့မျက်နှာ
သင်္ချာဂဏန်းကွက်
တချို့လည်း
ဟက်ဟက်ပက်ပက်ရယ်မောကြ။
လာကြ
ကကြစို့
ကမ္ဘာမျက်နှာပြင်ပေါ်
စင်ကြယ်မှုများ စိုရွှဲ
အိက်မက်ထဲက လူသား
တံခါးကို လာခေါက်ပြီ။
ယာဉ်ရထားများပြေးလွှား
နှလုံးသားအင်ဂျင်စက်
ဘယ်အတွက် အသက်ရှင်နေပါသလဲတဲ့။
ငွေဟာ
သူ့ရဲ့ကိုယ်ခန္ဓာပေါ်မှာ
ကြီးစွာသော ခံစားမှုကို ခြယ်သလျက်
ဆက်လက်ချီတက် သွားပါပြီ။
အလို
ခင်ဗျားရဲ့မျက်လုံးထဲမှာ ကုန်းထနေတာ
ကာရံမဲ့ လောဘတွေပါလား။ ။
.
မြေချစ်သူ
**********************
ကဗျာမှတ်စုများ ( အစအဆုံး)
====================
( မြေချစ်သူ မြန်မာပြန်သည် )
.................................................................................................
. (၁)
တစ်ခါတုန်းက စာပေဆွေနွေးပွဲတစ်ခုမှာ ကျနော့်ကို ဒီလိုမေးတယ်။
" နောင် အနှစ်နှစ်ဆယ်ဆိုရင် 'ကဗျာ' ဟာ ဘယ်လိုနေမယ်ထင်လဲ" တဲ့ ။
ဒီတုန်းကတော့ အမှတ်မဲ့ပဲ ဖြေလိုက်မိတယ် ။နောင် အနှစ်နှစ်ဆယ်ကာလကဗျာကို သိနေရင် ခုကတည်းက အဲဒီကဗျာမျိုးကိုပဲ ကျနော်ရေးနေလိုက်မှာပေါ့ ။တကယ်တော့ အနာဂတ်နဲ့ ကျနော်တို့ကြားမှာ နံရံခြားနေတုန်းပါပဲ ။ တစ်ခါတရံ ကျနော်တို့ ထင်တတ်သလို ဒီနံရံကို ထွင်းဖောက်နိုင်သေးတာ မဟုတ်ဘူး ။ဒီနံရံဟာ အတိတ်ထင်ဟပ်ချက်ဆိုတာပါပဲ ။ အတိတ်သာပဲ အနာဂတ်ကို မှန်းဆဖို့အတွက် အုတ်မြစ်ဖြစ်ပါတယ် ။ဒါတောင်မှ မှန်းဆကြည့်ရုံလောက်ဖြစ်ပါတယ် ။
. (၂)
တချို့ ဟောကိန်းထုတ်ကြတယ်။စက်မှုအတက်ပညာဟာ ကဗျာကို ဖယ်ရှားပြီး ယင်းကိုယ်တိုင်ပဲ အနာဂတ်ရဲ့ကဗျာဖြစ်လာလိမ့်မယ်လို့ ။ ကျနော်ကတော့ ဒီလိုမယုံဘူး ။စက်မှုအတတ်ပညာဆိုတာက ကျနော်တို့အတွက် အဆင်သင့်တွေ မွေးဖွားခြင်းဖြစ်တယ် ။စက်မှုအတတ်ဏ္ဍတွေဟာ ကျော်တို့အတွက် လှေကားထစ်အသစ်တွေသာ ဖြစ်တယ်။
. တစ်ချိန်ချိန်မှာ အီလက်ထရွန်းနစ်စက်တွေကို ကဗျာအဖွဲ့အနွဲ့ သင်ပေးလိုက်လို့ ကဗျာတွေ ထုတ်လုပ်လာနိုင်မယ် ။အီလက်ထရွန်းနစ်ကရေးတဲ့ ကဗျာဖတ်ပရိတ်သတ်လည်း ရှိလာနိုင်မယ်ဆိုပါစေဦး။ လူရေးတဲ့ကဗျာက စိုးရိတ်စရာ မရှိပါဘူး ။အကောင်းဆုံးသော အီလက်ထရွန်းနစ်ဟာ လူသင်ပေးလိုက်တာကလွဲလို့ ကဗျာသစ်ရွတ်ပြနိုင်မှာ မဟုတ်ပါဘူး ။ကဗျာဆိုတာ ရင်ခုန်သံကစပြီး ရင်ခုန်သံဆိုတာက သက်ရှိလူသားရဲ့သက်ရှိပစ္စည်းသာဖြစ်ပါတယ် ။
. လူရှိနေသရွေ့ အဲဒီလူးသားဟာ ငိုနေသရွေ့ ပြုံးနေသရွေ့ ရင်ခုန်နေသရွေ့ ကဗျာဟာ ဖြစ်ထွန်းတိုးတက်နေဦးမှာပါ. ။
.
(၃)
အဖြစ်အပျက်တွေ နိုးကြားတက်ကြွစွာ ပြေးလွှားနေတဲ့ ဒီခေတ်မြန်ကြီးထဲမှာ ဘယ်လိုကဗျာမျိုးဟာ ရပ်တည်နိုင်မလဲ ။အဖြစ်အပျက်နဲ့ အသွင်သဏ္ဍန်တွေရဲ့ အတွင်းအနှစ်သာရကို ထုတ်နှုတ်ပြတတ်တဲ့လက်ရာမျိုးသာ ရပ်တည်နိုင်မယ်လို့ ကျန်ာရဲရဲဆိုချင်ပါတယ် ။
. (၄)
. တစ်ခါတရံမှာ ကျနော်တို့ဟာ ကျနော်တို့ရဲ့ မနက်ဖြန် ကာလ'ဧည့်သည် ' ဟာ ဘယ်သူလဲဆိုတာ စဉ်းစားရုံထက် ကျနော်တို့ရဲ့သင်္ချုင်း အုတ်ဂူဘေးမှာ ဘယ်သူတွေ အသင့်ရှိနေတယ်ဆိုတာကိုပါ စဉ်းစားထိုက်လှပါတယ် ။
(၅)
. အစဉ်အလာကဗျာဟန်ဆိုတာ တရားသေပြဌန်းချက်မဟုတ်ပါဘူး ။ ဒါဟာ ယေဘုယျလက်ခံချက်သာ ဖြစ်ပြီး တိကျတဲ့သင်္ကေတလိုရပ်မနေပါဘူး ။
. အစဉ်အလာနဲ့ ဆန်းသစ်မှုကြားက ရံကာမျဉ်းနယ်နိမိတ်ဟာ အမြဲမာခက်ခက်ကြီး ငြိမ်နေသလား ။တကယ်တော့ အမြဲသိမ်သိမ်မွေ့မွေ့ရွေ့လျားနေတာပါ ။
. ( ၆ )
.အချိန်တွေ ကုန်လွန်ခဲ့တာနဲ့အမျှ အရည်အချင်းအားလုံးဟာ ကျနော်တို့နဲ့အတူ ပါမလာနိုင်ခဲ့ဘူး ။ခရီးလမ်းမှာ တစ်ချို့ကို ကျနော်တို့လူသားဟာ ဆုံးရှုံးတန် ဆုံးရှုံးခဲ့ရပါတယ် ။ဒါကို ကျနော်တို့ကိုယ်တိုင်တောင် သတိမပြုအားခဲ့ပါဘူး ။ကျနော်တို့ရဲ့ သိမှတ်ဥာဏ်နိုးကြားမှုဆိုရင် အတော်ပျောက်ဆုံးခဲ့ရပါတယ် ။ကဗျာမှာကျတော့ ဒါဟာအတွေ့အကြုံထက် ပိုအရေးကြီးပါတယ် ။ကဗျာဆရာကြီးတွေ နာမည်ကျော်ကဗျာတွေကို အစဉ်တစိုက်ရေးနိုင်ခဲ့တာဟာ သူတို့ရဲ့တိုက်ရိုက်အတွေ့အကြုံကြောင့်ချည်း မဟုတ်ဘူး ။ထာ၀၇ပျိုမြစ်တဲ့ အာရုံစူးစိုက်မှုကြောင့်ပါပဲ ။
. ( ၇ )
. ကဗျာဟာ သင့်အတွက် အကူအညီလည်း မဟုတ်ဘူး ။ကယ်တင်ရှင်လည်း မဟုတ်ဘူး ။ဒါပေမယ့် တခြားလူတွေ လွတ်မြောက်ဖို့အတွက် သင့်ကို လှုံ့ဆော်နိုင်တယ် ။
.
. (၈)
ကဗျာဆရာတွေဟာ လောကကို ရောက်လာခဲ့ပြီး စွန့်ခွာခဲ့ကြတယ် ။ဒါပေမယ့် သူတို့ကဗျာတွေဟာ လောကနဲ့အတူ ရှင်သန်ကျန်ရစ်ခဲ့တယ် ။ဘ၀နဲ့ ချိန်စက်ပြီး တန်ဖိုးတက်နေခဲ့တယ် ။ ကဗျာဆရာကို စီရင်ချက်ချတာဟာ သေမင်း မဟုတ်ပါဘူး ။"ဘ၀" ပါ ။ ပြောင်းလဲနေတဲ့လူ့အနွယ်နဲ့ ဘ၀ရဲ့အရှိန်အဟုန်တွေက စီရင်ပါတယ်။ ဆက်လက်မွေးဖွားရုန်းကန်နေတဲ့ လူသားရဲ့လိုအင်ကို ဖြည့်စွမ်းနိုင်တဲ့ကဗျာတွေနဲ့ ဒီကဗျာမျိုးကို ဖန်တီးခဲ့တဲ့ ကဗျာဆရာဟာ လူသားတွေရဲ့ဘ၀ရေစီးမှာ ထပ်ကြပ်မကွာပါလာနေမြဲပါပဲ..။
.
မြေချစ်သူ
.
(ဆိုဗီယက်ကဗျာဆရာ Vadin Shefuer ရဲ့ Notes Poetryမှ ထုတ်နုတ်မြန်မာပြန်ဆိုသည်)

No comments:

Post a Comment