Jun 9, 2018

မောင်ချမ်းသာ(ဆိုက်ကား)နှင့် မနှင်းပုလဲ(ပဲပြုတ်)တို့၏ မင်္ဂလာဆောင်

မောင်ချမ်းသာ(ဆိုက်ကား)နှင့်
မနှင်းပုလဲ(ပဲပြုတ်)တို့၏ မင်္ဂလာဆောင်
✨❇✨❇✨❇✨❇✨❇✨❇✨

#မောင်ကိုယု

တရားသူကြီး သုံးယောက်ရှေ့တွင် မောင်ချမ်းသာနှင့် မနှင်းပုလဲတို့ ခပ်ယို့ယို့လေး ရပ်နေကြသည်။
မောင်ချမ်းသာက ခေါက်ရိုး မပြေသေးသော လုံချည်အသစ်စက်စက်ကို သလုံးသားပေါ်အောင် ၀တ်ထား၏။ လျှော်ပြီးသား အင်္ကျီလက်ရှည် အဖြူကို လက်တ၀က် ခေါက်၍ ထား၏။ မနှင်းပုလဲကတော့ မော်ရေးရှံ သက်တံရောင်နှင့် အပေါ်က အိရှံအဖြူလက်စကနှင့် ဖြစ်သည်။
သူတို့ နောက်တွင်တော့ မောင်ချမ်းသာ၏ ရောင်းရင်းများက ၀ါး ဦးထုပ်၊ စစ်ဦးထုပ် အစိမ်းပျော့ စသည့် ခေါင်းဆောင်း အမျိုးမျိုးကို လက်တွင်ကိုင်၍ စုပြုံ ရပ်နေကြ၏။
တရားရုံးရှေ့တွင်တော့ ဆိုက်ကားများ တန်းစီ ရပ်ထားသည်။

ယနေ့သည် ဆိုက်ကားသမားလေး မောင်ချမ်းသာနှင့် မနှင်းပုလဲတို့၏ လက်ထပ်မင်္ဂလာပွဲ ဖြစ်ပါသည်။
အလယ်ထိုင် နာယကကြီးက ရှေ့ဖတ်စာရေး ကမ်းပေးသော ရွှေရောင်ဖြင့် ရိုက်ထားသည့် လက်ထပ်စာချုပ် ကပ်ထူရွက် နှစ်ရွက်ကို အသေအချာ စစ်ဆေးကြည့်နေ၏။

'အဘ ဦးသူတော်၏သား မောင်ချမ်းသာ အသက် ၂၆ နှစ်၊ ဟုတ်သလား'

နာယကကြီးက စာချုပ်တွင်ပါသည်များကို ဖတ်၍ လှမ်းမေးလိုက်ရာ မောင်ချမ်းသာက မ၀ံ့မရဲ ခေါင်းညိတ်ပြသည်။

'အလုပ်က ဆိုက်ကား နင်းတယ်နော်'

မောင်ချမ်းသာ ခေါင်းညိတ်ရပြန်သည်။

'အဘ ဦးကွန်ပါ၏ သမီး မနှင်းပုလဲ၊ အသက် ၂၂ နှစ်၊ အလုပ်အကိုင် ပဲပြုတ်ဈေးသည်၊ ဟုတ်တယ်နော်'

မနှင်းပုလဲက ဘာပြန်ပြောရမှန်းမသိသဖြင့် မောင်ချမ်းသာကို လှမ်းကြည့်၏။ မောင်ချမ်းသာက လက်တို့၍ ခေါင်းညိတ်ပြသည်။ မနှင်းပုလဲက တရားသူကြီးဘက်လှည့်ပြီး ကမန်းကတန်း ခေါင်းညိတ်ပြလိုက်၏။

'အခု မင်းတို့နှစ်ဦး သဘောတူ လက်ထပ်ကြမယ် ဟုတ်ပြီလား'
နှစ်ယောက်လုံးက 'ဟုတ်ကဲ့' ဟု သံပြိုင် ဖြေလိုက်ကြသည်။

'မနှင်းပုလဲက အခု လက်ထပ်တာ ဘယ်သူ့ရဲ့ သွေးဆောင် ဖြားယောင်းခြိမ်းခြောက်ခြင်းမှ မရှိဘဲ မိမိရဲ့ ကင်းလွတ်တဲ့ ကိုယ်ပိုင်ဆန္ဒနဲ့ သဘောတူတာလား၊ ဒါမှမဟုတ် တစုံတယောက်ရဲ့ ခြိမ်းခြောက်မှု၊ သွေးဆောင်မှု၊ ဖြားယောင်းမှုကြောင့် လက်ထပ်ရတာလား ဆိုတာကို ဖြေပါ'

မနှင်းပုလဲက ဘာမှမဖြေဘဲ မောင်ချမ်းသာ ဘက်သို့သာ လှည့်ပြီး ငေးကြည့်နေသည်။ မောင်ချမ်းသာက ပခုံးချင်းတိုက်၍ မျက်ရိပ်ပြလိုက်၏။

'ကျွန်မ ကြိုက်လို့ ယူတာရှင့်'

နောက်က ဆိုက်ကားအဖွဲ့က '၀ါး' ခနဲ ရယ်လိုက်သဖြင့် နာယကကြီးက ခပ်တည်တည် လှမ်းကြည့် လိုက်သောအခါ မျက်နှာပိုးသတ်၍ ငြိမ်သွားကြသည်။ ဤလက်ထပ်ပွဲကို ကမကထ ပြုလုပ်ပေးခဲ့သော ရှေ့ဖတ်စာရေးမှာ ရယ်ချင်နေသော မျက်နှာထားကို ခေါင်းငုံ့၍ ဟန်ဆောင်ထားရသည်။

'ကဲ.. ကဲ.. ဟုတ်ပါပြီ၊ ဟုတ်ပါပြီ၊ လာ လာ ဒီမှာ လက်မှတ်ထိုးကြ'

လက်မှတ်ထိုးရမည့် နေရာကို ရှေ့ဖတ်စာရေးက ထောက်ပြသည်။ မောင်ချမ်းသာက အလျင် လက်မှတ်ထိုး၏။ ဒုတိယ မနှင်းပုလဲက တုန်တုန်ယင်ယင်နှင့် လက်မှတ်ထိုးရာ တလုံး တလုံးကို အတော်ကြာကြာ ရေးနေရ၏။ တရားသူကြီးများက စိတ်ရှည်စွာ စောင့်ကြည့်နေကြ၏။

'သက်သေနှစ်ယောက် လာ လက်မှတ်ထိုးပါ' ဟု ရှေ့ဖတ်စာရေးက ခေါ်လိုက်ရာ၊ အောင်ဗလနှင့် လှကြည်တို့ နှစ်ယောက် အလုအယက် ထွက်လာကြပြီး သူအလျင် ကိုယ်အလျင် လုပ်နေကြသေးသည်။ နောက်မှ လှကြည်က အလျင် လက်မှတ်ထိုးဖြစ်သည်။

xxxxx xxxxx xxxxx

လက်မှတ်ထိုးခြင်းကိစ္စ ပြီးစီးကြသဖြင့် သတို့သားနှင့် သတို့သမီး တွဲ၍ ဆိုက်ကားအဖွဲ့ ခြံရံပြီး ရုံးတွင်းမှ ထွက်လာကြ၏။ အောင်ဗလက သပြေပန်းတွေ ဝေေ၀ဆာဆာ လက်ကိုင်ထိပ်၌ ထိုးစိုက်ထားသော ဆိုက်ကားကို အလျင်ဆုံးထုတ်၍ လမ်းပေါ် တွန်းတင်လိုက်သည်။ ထိုဆိုက်ကားသည် သတို့သား မောင်ချမ်းသာပိုင် ဆိုက်ကားဖြစ်သည်။ အောင်ဗလက နေ့စဉ် သူနင်းနေကျ ဆိုက်ကားကို ယနေ့အဖို့ ဆိုက်ကားပိုင်ရှင်အိမ်က ထုတ်ယူမလာပေ။ မောင်ချမ်းသာ၏ ဆိုက်ကားကို ယူကာ နင်းပေးရမည် ဖြစ်၍ ဖြစ်၏။

အောင်ဗလနင်းသော ဆိုက်ကားပေါ်သို့ မောင်ချမ်းသာနှင့် မနှင်းပုလဲတို့ တက်ကြသည်။ မောင်ချမ်းသာ က ရှေ့ထိုင်ခုံမှာ နေရာယူ၍ မနှင်းပုလဲက နောက်ဘက်ခုံတွင် ယို့ယို့ကလေး ထိုင်လိုက်၏။ သူတို့နောက်မှ ဆိုက်ကား ဆယ့်နှစ်စီးက တန်းစီ၍ နေရာယူလိုက်ကြသည်။ တရားရုံးရှိ လူအားလုံးတို့သည် ထူးဆန်းသော မင်္ဂလာပွဲကြီးကို ပြုံးကာ ပြုံး၊ ရယ်ကာရယ်ဖြင့် ကြည်နူးစွာ လှမ်းကြည့်ကြလေ၏။
ဆိုက်ကား စထွက်တော့ အောင်ဗလက သူ၏ ညာဘက်လက်ကိုင်တွင် တပ်ဆင်ထားသော ခေါင်းလောင်းကို အဆက်မပြတ်တီးရင်း နင်းလာသည်။

'ဟေ့ကောင်အောင်ဗလ၊ ဘာလုပ်တာလဲကွ၊ လူတွေ ကြည့်နေကြပြီ၊ ရှက်စရာကြီး'

'ဟေ့ကောင် ချမ်းသာ၊ ငြိမ်ငြိမ်လိုက်လာစမ်း၊ တရုတ်မင်္ဂလာဆောင်ဆိုရင် ကားဟွန်းသံတွေ တညံညံနဲ့ ဒီလောက်တီးလာတာပဲကွာ'

'သူတို့က ကားကွ'

'တို့လည်း တို့အထွာနဲ့ တို့ပေါ့ကွ၊ ဘီးပါတာပဲ၊ သူတို့က မော်တော်ကား၊ တို့က ဆိုက်ကား... ဟား... ဟား... ဟား...'

'ငါ မျက်နှာ ပူတယ်ကွ'

'မျက်နှာပူရင် မင်းနားရွက်ကားသားပဲ၊ နားရွက် နှစ်ဖက်နဲ့ ကာထားပေါ့ကွ'

'အစ်ကို... လုပ်ပါဦး၊ အစ်ကို့ လူတွေက အော်ကြီးဟစ်ကျယ်နဲ့၊ ရှက်စရာကြီး'

မနှင်းပုလဲက နောက်မှ လှမ်းပြောသည်ကို နောက်ဆိုက်ကားနင်းလာသူ ကြည်မြင့်က ကြားသွားဟန်တူသည်။

'တို့ကတော့ အော်ကြီးဟစ်ကျယ်ပဲဟေ့၊ လမ်းထောင့်က ဆိုက်ကားဂိတ်ဆိုတော့ ဆူဆူညံညံ ကားသံ၊ လူသံတွေ ကြားထဲမှာ ပြောရ ဆိုရမို့ အော်ပြောရတာ အကျင့်ဖြစ်နေပြီ၊ ရှက်ရင် ခေါင်းငုံ့ပြီး လိုက်လာ၊ ရောက်တော့မယ်'

'ဒီကလဲ ခုနစ်အိမ်ကြား ရှစ်အိမ်ကြား အော်ပြီး ဈေးလိုက်ရောင်းရတဲ့ ပဲပြုတ်သည်ပါပဲ တော်၊ အခုဟာက လွန်လွန်းလို့'

မနှင်းပုလဲဆီက အသံထွက်လာခြင်း မဟုတ်ပါ။ စိတ်ထဲက ရန်တွေ့ လိုက်ခြင်း ဖြစ်သည်။ နောက်ဘက်မှ ဆိုက်ကားများသည်လည်း ဟွန်းနှိပ်သူနှိပ်၊ ခေါင်းလောင်းတီးသူတီးဖြင့် တသီတတန်းကြီး ဆူညံစွာ ထွက်လာကြလေသည်။ လမ်းတလျှောက် လူများ ထွက်ကြည့်နေကြသဖြင့် မောင်ချမ်းသာနှင့် မနှင်းပုလဲမှာ ရှက်လွန်း၍ ခေါင်းငုံ့ပြီးသာ လိုက်လာကြရလေသည်။

xxxxx xxxxx xxxxx

အိမ်ကလေးပေါ်သို့ စုပြုံ တက်လာကြသော အဖွဲ့ကြီးကို ကြည့်၍ မနှင်းပုလဲ၏အမေ ဒေါ်အေးမမှာလည်း အလိုလို ရွံ့သလိုလို ဖြစ်ပြီး ခေါင်းရင်းဘက် ဘုရားစင်ရှိရာ အောက်ဘက်သို့ ယို့ယို့ကလေး သွားထိုင်နေလေသည်။
လူဆယ့်ငါးယောက်၏ အလေးချိန် ဒဏ်ကြောင့် အိမ်ကလေးမှာ ယိမ်းထိုး လှုပ်ခါနေသည်။

'ဟဲ့.... ဟဲ့.... အိမ်ပြိုပါ့မယ်'

အိမ်မှာ ထိုင်စောင့်နေကြသော မနှင်းပုလဲ၏ မိတ်ဆွေ အမျိုးသမီး အုပ်စုထဲမှ တယောက်က အော်လိုက်သည်။

'ကဲ... ကဲ... အခန်းအပ်ပြီး မင်္ဂလာသြဘာစကား ပြောရမယ်'

အောင်ဗလက အခန်းဝမှနေ၍ သံနေသံထားဖြင့် ဟန်ပန်ထုတ်၍ မိန့်ခွန်းခြွေရန် ပြင်လိုက်သည်။

'ဟေ့... အောင်ဗလ မင်းက ကြီးကြီးကျယ်ကျယ် ဘာတတ်လို့ ပြောမှာလဲ၊ မလိုပါဘူးကွ၊ သူတို့နှစ်ယောက်ထားခဲ့၊ တို့က မရီဆိုင် ပြေးပြီး မင်္ဂလာအောင်ပွဲလေး ကျင်းပမယ်၊ ဒါပဲ'

လှအောင်က ကပြင်တွင် ထိုင်နေလျက်က လှမ်းကန့်ကွက်နေ၏။

'နေပါဦးကွ၊ ငါ့ ဆိုက်ကားရှင်သမီး သမ္မတမှာ လက်ထပ်တုန်းက သြဘာမင်္ဂလာစကား ပြောတာ ကြားဖူးလို့ပါ့၊ ငါပြောတတ်ပါတယ်ကွ'

'ကဲ... ဒါဆို ပြောကွာ မြန်မြန်၊ ငါ လေပျို့လာပြီ'

ကိုချစ်တီးက နောက်ကျနေသဖြင့် လှေကားအ၀တွင် တစ်ဆို့ကြီး ရပ်နေလျက်က လှမ်းပြောလိုက်၏။

'ဒီလိုပါ ခင်ဗျ၊ အခု မင်္ဂလာလက်ထပ်ပွဲကတော့ ဆိုက်ကားပိုင်ရှင် မော်ချမ်းသာနှင့် ပဲပြုတ်ပိုင်ရှင် မနှင်းပုလဲတို့ရဲ့...'

'ပဲပြုတ်တောင်း ပိုင်တယ်ပြောပါကွ'

'ဟုတ်ကဲ့၊ ပဲပြုတ်တောင်းပိုင်ရှင် မနှင်းပုလဲတို့ရဲ့ မင်္ဂလာလက်ထပ်ပွဲ ဖြစ်ပါတယ်'

'တော်ပြီဟေ့ သွားမယ်၊ ချမ်းသာ ပေးထားတဲ့ ခဲဖိုးပိုက်ဆံ ဘယ်သူ့ဆီမှာလဲ ဟေ့'

'ကျုပ်ဆီမှာပါဗျ'

လှအောင်က ပြောရင်း အင်္ကျီအိတ်ကို ပုတ်ပြလိုက်သည်။ ဆိုက်ကား အဖွဲ့ကြီးက ဘဲလ်သံ ဆူညံစွာဖြင့် ထွက်ခွါသွားကြလေသည်။ မောင်ချမ်းသာတို့ နှစ်ယောက် အခန်းဝတွင် မောမောပန်းပန်း ထိုင်ချလိုက်ကြတော့သည်။

'အဲဒီလူတွေ ရုတ်ရုတ် လုပ်တာနဲ့ ကြိုးလည်း မတားလိုက်ရပါဘူးနော်' ဟု ဒေါ်မြမြ ခေါင်းဆောင်သော အမျိုးသမီးတစု ရယ်ရယ်မောမောဖြင့် ထွက်သွားကြလေသည်။

xxxxx xxxxx xxxxx

ဒေါ်အေးမကလည်း အလိုက်သိစွာ ဘေးအဖီ မီးဖိုဘက်သို့ ထွက်သွားသည်။ မနှင်းပုလဲသည် အခန်းတွင်းသို့ မရဲတရဲ လှမ်းကြည့်လိုက်၏။ ပြီးတော့ ရှက်စနိုးဖြင့် ခေါင်းငုံ့နေသည်။ ဤအခန်းသည် မနေ့ကအထိ သူ့အမေနှင့် သူ အိပ်နေကျ အခန်းဖြစ်၏။ ယခုတော့ ဤအခန်းပင် သူ့အတွက် မင်္ဂလာအခန်း ဖြစ်နေ၏။ အမေ့အိပ်ရာ ဖျာလိပ်က အိမ်ရှေ့ခန်း ခေါင်းရင်းဘက်တွင် လိပ်လျက်သား တွေ့ရ၏။

အခန်းတွင်းမှာတော့ နံနက်က မိမိကိုယ်တိုင် အိမ်ဘေးက မမြနဲ့အတူ ပြင်ဆင်ထားသော အိပ်ရာ အသစ်စက်စက်ကို တွေ့ရ၏။ နှစ်ယောက်အိပ်ဖျာချော အသစ်စက်စက်ပေါ်တွင် ရွှေဘုံသာလမ်းက ဆိုက်ကားအုပ်စုက လက်ဖွဲ့အဖြစ် ၀ယ်ပို့ထားသော ခေါင်းအုံးအသစ်စက်စက် နှစ်လုံးနှင့် ခြေရင်းတွင် အညာစောင် အသစ်စက်စက်က ခေါက်လျက် ပုံချထားသည်။ စိန်ဂျွန်းဈေးက အမေ သွားဝယ်ပေးထားသော နှစ်ယောက်အိပ် နိုင်လွန်ခြင်ထောင် ပန်းရောင်က အပေါ်ကမိုးလျက်...။

နံရံဘေးတွင် မနေ့က ကိုချမ်းသာ လာပို့ထားသော ဆေးပြယ်စ ပြုပြီဖြစ်သည့် အနက်ရောင် သံသေတ္တာ အဟောင်းတခုကလည်း အခန်းအတွင်း ပစ္စည်းအသစ် ဖြစ်သည်။ မိမိ အ၀တ်များထည့်သည့် ထန်းခေါက်ဖာက ခြေရင်းထောင့်တွင် ယခင်နေရာအတိုင်း ဖြစ်၏။ အမေ့သံသေတ္တာကလည်း ယခင်နေရာဟောင်းမှာ....။
မောင်ချမ်းသာက ပြုံးပြုံးကြီး မနှင်းပုလဲကို ကြည့်နေ၏။

'ဘာကြည့်တာလဲ'

မနှင်းပုလဲက မျက်စောင်းထိုး၍ မေ့မေ့လျော့လျော့ နှုတ်ခမ်းစူထားရမည့်အစား ပြုံးလိုက်မိ၏။

'အဟင်း... ဟင်း.. ဘာလုပ်ရမှန်းမသိလို့'

'ခစ်..ခစ်...ခစ်...'

မနှင်းပုလဲက ပါးစပ်ကို လက်နှင့်အုပ်ပြီး ရုတ်တရက် အဆက်မပြတ် ရယ်ချလိုက်၏။

'ဘာရယ်တာလဲ ဟ'
မောင်ချမ်းသာက မလုံမလဲ ပြုံးဖြဲဖြဲနှင့် လှမ်းမေးသည်။

'ဘာမှမဟုတ်ပါဘူး၊ တခြားပါ'

ခုမှ တကယ် ရယ်စရာ တွေ့လိုက်ရ၍ မနှင်းပုလဲ ရယ်လိုက်ခြင်း ဖြစ်သည်။ ယခင်က အမှတ်တမဲ့ ဖြစ်ခဲ့ပြီး ယခု လမ်းမှာ ကိုအောင်ဗလ ပြောမှ သတိထားကြည့်လိုက်မိသည်။ ကိုချမ်းသာ နားရွက်ကြီးက တကယ် ရယ်စရာ ကောင်းအောင် ကားကားကြီး တွေ့နေရ၏။ သို့သော် လူကြီးသူမများက ပြောဖူးသည်။ နားရွက်ကောင်းရင် ဥာဏ်ကောင်းသည်ကို...။

'ဟုတ်မှာပါပဲ၊ ဒါကြောင့် အစ်ကိုက ကိုယ်ပိုင် ဆိုက်ကားနဲ့ ဘာနဲ့ ဖြစ်နေတာ'

မနှင်းပုလဲ မျက်နှာပိုး ပြန်သတ်သွားသည်။

xxxxx xxxxx xxxxx

'နှင်းပုလဲဆိုတဲ့ နာမည်က ဆန်းတယ်ဟ၊ နင်နဲ့လိုက်တယ်၊ နင့်ကို ဘာကြောင့် ဒီနာမည် မှည့်ပေးတာလဲ... ဟင်'

'အို အကိုကလဲ၊ ကျွန်မကို နှင်းပုလဲမှာ မွေးတာတော့၊ ဒါကြောင့် အဖေက လွယ်လွယ်ပဲ နှင်းပုလဲလို့ ပေးလိုက်တာ'

'ဟာ... စိတ်ကူးပျက်လိုက်တာဟာ၊ ငါက ပုလဲလေးလို နင်က ဖြူလို့ ပေးတာလားလို့ သဘောကျနေတာ'

'ကျွန်မက ဖြူမှ မဖြူတာ၊ အစ်ကို မြင်တဲ့ အတိုင်းပဲဟာ'

'ငါ့မျက်စိထဲကတော့ ဖြူနေတာပဲဟာ'

'ပို မနေစမ်းပါနဲ့'

'မပိုပါဘူးဟ၊ ဟောဒီမှာ'

'အို.... ကြည့်စမ်း.... ခစ်..ခစ်..'

အိမ်ရှေ့ခန်းက အမေ ဒေါ်အေးမက ချောင်းတချက် ဆိုးလိုက်၏။ ဤတော့မှ အခန်းထဲမှ မနှင်းပုလဲတို့၏ အသံ တိတ်သွားလေသည်။

xxxxx xxxxx xxxxx

ခြင်္သေ့မင်း လက်ဖက်ရည်ဆိုင်တွင် မနှင်းပုလဲအတွက် နံပြားစောင့်ရင်း မောင်ချမ်းသာနှင့် မနှင်းပုလဲတို့ လက်ဖက်ရည် ထိုင်သောက်နေကြ၏။ ဆိုက်ကားရှေ့ခုံပေါ်တွင်တော့ မနှင်းပုလဲ၏ ပဲပြုတ်တောင်းကား အငွေ့တထောင်းထောင်းနှင့်....။
မောင်ချမ်းသာသည် ဤ လက်ဖက်ရည်ဆိုင်ကလေးက စ၍ မိမိနှင့် မနှင်းပုလဲတို့ ရေစက်ဆုံစည်းမိ ကြသည်ကို ပြန်လည်တွေးနေမိ၏။

မောင်ချမ်းသာသည် တကောင်ကြွက်၊ ဆွေမရှိမျိုးမရှိ။ ရန်ကုန်တွင် မြို့သစ်လေး၌ ဆိုက်ကားနင်းစားသူ ဖြစ်သည်။ မိမိ၏ ကြိုးစားမှု၊ ချွေတာမှု၊ လိမ္မာမှုကြောင့် သူတပါးဆိုက်ကားကို နေ့ပေးအငှား နင်းလာခဲ့ရာမှ ဆိုက်ကားတစီး ကိုယ်ပိုင်ဖြစ်လာသူ ဖြစ်၏။ မိမိနှင့် ဘ၀တူ ဆိုက်ကားဆရာ ကိုချစ်တီးအိမ်တွင် တလ လေးဆယ်ပေးပြီး နေခဲ့သူ ဖြစ်၏။

မနက်စောစော ဆိုက်ကားနင်းထွက်လာပြီး ဤလက်ဖက်ရည်ဆိုင်တွင် လက်ဖက်ရည်တခွက် မှန်မှန် သောက်နေကျ ဖြစ်၏။ မနှင်းပုလဲကလည်း အခြား ပဲပြုတ်သည်များနှင့် အတူတူ ဤလက်ဖက်ရည်ဆိုင်၌ နံပြားဝယ်နေကျ ဖြစ်၏။

မောင်ချမ်းသာက မနှင်းပုလဲကို နံနက်တိုင်း တွေ့နေ မြင်နေရာမှ မျက်စိကျလာသလို မနှင်းပုလဲကလည်း မောင်ချမ်းသာအပေါ် စိတ်ယိုင်လာခဲ့ခြင်း ဖြစ်၏။
ငယ်ငယ်ရွယ်ရွယ် သူများတကာလို နေ့စားအငှားနင်းတာ မဟုတ်ဘဲ ကိုယ်ပိုင်ဆိုက်ကားနှင့် တကိုယ်ရေ တကာယ နေသူဖြစ်မှန်း တခွန်းစ နှစ်ခွန်းစ မေးရင်း သိလာရတော့ အားကိုးလိုစိတ်ကလေးက ၀င်လာမိ၏။
နောက်တော့ သူတို့ချင်း သဘောမျှလာကြသည်။
အစ ပထမတွင် မောင်ချမ်းသာနောက်ပိုးပုံကလေးက ရယ်စရာကောင်း၏။

'ညီမ ပဲပြုတ်ကလေး ဆီဆမ်းပြီး နံပြားကလေးနဲ့ စားချင်တယ်ဗျာ။ ပဲပြုတ်နာမည်က ဘယ်လိုတဲ့တုံး'

'ပဲပြုတ်ပဲ နာမည်ရှိမလားတော့'

'အို... အို... ယောင်လို့၊ လူနာမည် မေးတာပါ'

မနှင်းပုလဲက လက်ဖက်ရည်ကြမ်းသောက်ရင်း ရယ်မိသဖြင့် သီးသွားသည်။ ယခုတော့ တူနှစ်ကိုယ် တစားပွဲတည်း ထိုင်၍ လက်ဖက်ရည် သောက်နေရပြီ ဖြစ်၏။

xxxxx xxxxx xxxxx

'ဟောဒီ လမ်းထိပ် ချပေးရင် တော်ပြီအကို'

နှင်းပုလဲက သူရောင်းနေကျ နှစ် ရပ်ကွက် လမ်းထိပ်သို့ ရောက်သောအခါ မောင်ချမ်းသာကို ဆိုက်ကား ရပ်ခိုင်းသည်။ ဆိုက်ကားပေါ်မှ လှမ်းဆင်းလိုက်ပြီး ပေါင်ပေါ် တင်ထားသော ပဲပြုတ်တောင်းကို ခေါင်းပေါ် ခေါင်းအခုယူ၍ ရွက်လိုက်သည်။

'အကို သွားတော့လေ'

'နေပါဦးဟ၊ နင်အော်တဲ့ အသံလေးကြားချင်လို့၊ ပြီးတော့ ဘယ်အချိန် ဒီနေရာက လာကြိုရမလဲ ဆိုတာ မေးမလို့'

'အို... အကိုကလဲ ကျွန်မဘာသာ ပြန်ပါ့မယ်၊ ကိုယ့်အလုပ်ကိုယ် လုပ်စမ်းပါ၊ အလကား အမောခံပြီး လာကြို လာပို့ လုပ်နေရဦးမယ်၊ အကို အဲဒီအချိန် လူရနေတော့ ဘယ့်နှယ်လုပ်မလဲ'

'သူများ လွှဲပေးလိုက်မှာပေါ့ဟ၊ ပြောစမ်းပါ၊ ဘယ်အချိန် ပြန်လာစောင့်ရမလဲ'

'ကဲ... ကဲ... ကိုယ်တော်ရယ်၊ အကိုတော့ ပိုက်ဆံမရဘဲ မောနေရမှာ စိုးလို့ ပြောတာ၊ ခါတိုင်း တနာရီ ကျော်ကျော်လောက် လှည့်လိုက်ရင် ကုန်တတ်တာပဲ'

'ဒီလိုဆို ငါလာခေါ်မယ်၊ လုပ်ပါဟ၊ ငါကြားအောင် အော်လိုက်စမ်းပါဦး'

'ပိုလိုက်တာနော်'

နှင်းပုလဲက မျက်စောင်းလေး ပြုံး၍ ထိုးရင်း လမ်းကျဉ်းဘက်သို့ လှည့်ထွက်သွား၏။

'ပဲပြုတ်... နံပြား...'

မောင်ချမ်းသာအဖို့ကား နှင်းပုလဲ၏ အော်သံသည် မေဆွိသီချင်းသံထက် များစွာကောင်းကာ နားဝင်ချို သာယာလှပါသည်။

ကျေနပ်စွာပြုံး၍ ဆိုက်ကားကို မတ်တတ် အရှိန်ယူကာ နင်းချလိုက်ပြီးလျှင်-

'မောတော့ မောတာပေါ့၊ ဒါပေမယ့် မမောဘူး' ဟု
သီချင်းကို ညည်းကာ ထွက်သွားလေသည်။

မနှင်းပုလဲသည် နောက်သို့ လည်ပြန်ကြည့်လိုက်ရာ ဆိုက်ကားဘီး ချိုင့်ထဲကျသွားသံကို ကြားရပြီး မြူနှင်းများ အကြားတွင် မှုန်၍ ပျောက်ကွယ်သွားသော လင်တော်မောင်အား သူရဲကောင်းကြီး စစ်မြေပြင်သို့ ထွက်သွားသည်ကို မျက်စိတဆုံး လှမ်းမျှော်၍ ကြည့်နေမိသော ဇနီးသည်ကဲ့သို့ ကျေနပ်ပီတိ ဖြစ်နေမိတော့၏။

'ပဲပြုတ်... နံပြား....'

🔲

#မောင်ကိုယု

[မြတ်လေးမဂ္ဂဇင်း၊ မေ ၁၉၈၆]
{ရာပြည့်စာအုပ်တိုက်ထုတ် မောင်ကိုယု- သားပြန်လာရင် ပေးလိုက်ပါနှင့် မဂ္ဂဇင်းဝတ္ထုတိုများ စာအုပ်၊ ပထမအကြိမ်၊ ဖေဖော်ဝါရီ၊ ၂၀၀၆ မှ ကူယူးဖော်ပြပါတယ်။}

ဒေါက်​တာမဟိန္ဒနှင့်​ သူ၏​လောကနတ်​များ

"​ဒေါက်​တာမဟိန္ဒနှင့်​ သူ၏​လောကနတ်​များ"
========================

                                       #ချစ်ဦးညို

(၁)

ထိုညဉ့်​က လသာလိုက်​ပုံများ လပြည့်​ဝန်းကြီးမှာ ​နောက်​ညအတွက်​ လ​ရောင်​ကျန်​မှကျန်​ပါ​ဦးတော့မလားဟု ထင်​စရာ။ အဇဋာ​ကောင်းကင် ​ကြယ်​စင်​လွန်းလှသဖြင့်​ အနန္တစကြာဝဠာ​တွေ ဒိုးယို​ပေါက်​ဖြစ်​သွားပြီဟု ​ဒေါက်​တာမဟိန္ဒ​ တွေးမိ​လေသည်​။ အခြားအခြား​သောစကြာဝဠာမှ ဂြိုဟ်​နက္ခ​တွေအားလုံး ဤကမ္ဘာဂြိုဟ်​၏အာကာသထဲသို့​ ရောက်​ရှိလာကြပြီလား။ အသ​င်္ချေ အသ​င်္ချာ အနာဒိ အနန္တ ...။ တန်​​ဆောင်​မုန်းလပြည့်​​ကျော်​တစ်​ရက်​ လပြည့်​ဝန်းကြီး အရည်​​ပျော်​ကျသွားမှာ​တောင်​ စိုးရိမ်​ရသည်​။

ဒေါက်​တာမဟိန္ဒသည်​ သူ၏စာကြည့်​ခန်း (စာဖတ်​ခန်း၊ သု​တေသနခန်း၊ စာကြည့်​တိုက်​၊ ပိဋိကတ်​တိုက်​လည်းဖြစ်​၏။) ပြတင်း​ပေါက်​ကို ဖွင့်​လိုက်​၏။ လျှပ်​စစ်​မီးမလာလို့ ​လေ​အေးစက်​အလုပ်​မလုပ်​တာကိုပဲ​ ကျေနပ်​​နေ​သေးသည်​။ အင်​ဂျင်​စက်​နှင့်​ ဘက်​ထရီမီးကိုလည်း အားမကိုး​တော့ဘဲ ဝါဆိုဖ​ယောင်းတိုင်​ကြီးများကို ထွန်းညှိလိုက်​၏။ ဒါ​ပေမဲ့ ပြတင်းမှသွန်ကျ​နေသည့်​ လ​ရောင်​တ​ပွေ့တပိုက်​ကြီး​အောက်​မှာ ဖ​ယောင်းတိုင်​မီးက နီကြန်​ကြန်​အရုပ်​ဆိုး​နေသဖြင့်​ ပြန်​ငြိမ်းလိုက်​ပြန်​သည်​။ အလျူမီနီယမ်​စားပွဲ​ရှေ့ ဆုံလည်​ကုလားထိုင်​မှာထိုင်​လျှက်​ ​ဒေါက်​တာမဟိန္ဒသည်​ အင်း .. လ​ရောင်​ကို လ​ရောင်​ကို ချိုးသုံး​လေသည်​။ လက်​နှိပ်​စက်​​ပေါ်က ရိုက်​လက်​စစာရွက်​​ပေါ်မှာလည်း လ​ရောင်​က ဖိတ်​တလက်​လက်​။ ကွန်​ပျူတာသည်​ လျှပ်​စစ်​စီး​ကြောင်းမဲ့စွာ ငူငူငိုင်​ငိုင်​။
လ​ရောင်​ .. လ​ရောင်​ .. လ​ရောင်​။ တစ်​ခန်းလုံးမှာ ပြည့်​​မောက်​ဖိတ်​အန်​လို့။ စာမူများမှာ ဖြူပြာလဲ့အဏုရောင်​ခြည်​သို့ ​တောက်​လက်​လို့။ စာမူ၏​ခေါင်းစီးစာလုံးက ရုန်းကြွခုန်​တက်​လာ​တော့အံ့ ထင်​ရသည်​။

မြန်​မာ့ရိုးရာ ပဋိမာ သိပ္ပံပညာကျမ်းသစ်​။ ဤသု​တေသနစာကြည့်​ခန်းအတွင်း၌ အာကာသနှင့်​ကာလတို့ ​ပျောက်​ဆုံး​နေသည်​။ ဤ​နေရာဝယ်​ ရက်​ရက်​စက်​စက်​သာလွန်​​သော လ​ရောင်​နှင့်​ မြန်​မာ့ရိုးရာပဋိမာ သိပ္ပံပညာကျမ်းသစ်​စာမူမှတပါး အခြား ဘာမှမရှိ။ ပကတိနတ္ထိ။ သတ္တ​လောကနှင့်​ ဩကာသ​လောကတို့သည်​ မိမိတို့၏ပင်​ကိုယ်​သ​ဘောများကို ပယ်​စွန့်​ကာ သင်္ခါရဓမ္မအဖြစ်​ ကိုယ်​ထင်​ပြ​နေကြသည်​။ လ​ရောင်​ ပြီး​တော့ မြန်​မာ့ရိုးရာ ပဋိမာသိပ္ပံပညာကျမ်းသစ်​။ ဒါပဲ။

စာမူစာရွက်​များ ဖျတ်​ဖျတ်​လူးလှုပ်​သွားကြ၏။ အိုး .. ဟုတ်​ပါပြီ။ ဒါဟာ လပြည့်​ဝန်းလ​ရောင်​က ပဋိမာသိပ္ပံပညာကျမ်းကို ထိ​တွေ့ဖတ်​ရှုလိုက်​တာဖြစ်​မှာပါ။ အက္ခရာစာလုံးတိုင်းကို လဝန်းက သူ့​ရောင်​ခြည်​လက်​ဖျား​တွေနဲ့ တို့ထိ​နေတာ။ ​ဒေါက်​တာမဟိန္ဒ စိတ်​ထဲမှ ​ရေရွတ်​ရင်း စားပွဲ​ပေါ်မျက်​နှာ၊ ပါး အပ်​မိသွားသည်​။ မျက်​​တောင်​​တွေစင်းကာ မျက်​ခွံများ အိကျလာကြသည်​။ အင်း... အနည်းဆုံး နာရီငါးဆယ်​​လောက်​ မအိပ်​စက်​ဘဲ ​နေခဲ့တာကလား။ ဒါ​ပေမဲ့ လ​ရောင်​ရဲ့​ထွေး​ပွေ့မှု​အောက်​မှာ အိပ်​​ပျော်​မသွားနဲ့​နော်​။ အိပ်​​ပျော်​မသွားနဲ့​ ဒေါက်​တာမဟိန္ဒ ...... ။

(၂)

" သူ အိပ်​​ပျော်​သွားပြီလား ... "

" အိပ်​ပါ​စေကွယ်​။ ဆရာကြီးဟာ တို့များအတွက်​ ပင်​ပန်းလွန်းလှပါပြီ "

တိုးဖွဖွ အသံ​လေးနှစ်​စ​ ပေါ်လာသည့်​​နေရာမှာ စာအုပ်​ဗီရို​ပေါ်မှဖြစ်​၏။ စကားလုံးအဆုံးဝယ်​ သာသာညင်းညင်း အသံ​လေးနှစ်​သံပါ လိုက်​ပါလာ၏။

" ချွင်​ ... ချွင် .. "

" အိပ်​​ပျော်​သွားတာမဟုတ်​ပါဘူး။ လ​ရောင်​ထဲမှာ နစ်​မြုပ်​သွားတာ ... ချွင်​ "

" ဘာပဲဖြစ်​ဖြစ်​ ဆရာကြီးအနားယူပါ​စေကွယ်​ .. ချွင်​ ... "

" တို့များစကားသံကို တိုးနိုင်​သမျှ တိုးတိုး​လေး​ ပြောကြရ​အောင်​ ...  ချွင်​ "

" ​အေး ... ဟုတ်​တယ်​။ တိုးတိုးတိတ်​တိတ်​​လေး .. ချွင်​ "

" လကလည်း သာလိုက်​တာ​နော်​ ... ချွင်​ ... "

" ​ဟေ့​ ... ဟေ့ ဘာ​တွေ တွတ်​ထိုး​နေကြတာလဲ ... ချွင်​ "

စာအုပ်​စင်​​ပေါ်မှ ပန်းကလပ်​​ဘေးမှ နံရံကပ်​စင်​​ပေါ်မှ အသံ​တွေ​ပေါ်လာကြပြီး စကားအဆုံးမှာလည်း ချွင်​ချွင်​အသံများ။ တံခါးအ​ပေါ်ဘက်​ တိုင်​ကပ်​နာရီအိမ်​​လေးထဲမှ ဥဩသည်​ သူ့အချိန်​မကျ​သေးပါပဲလျက်​ တံခါးရွက်​ကိုဖွင့်​ထွက်​၍ ကြည့်​လိုက်​၏။ ဘယ်​က ချွင်​ချွင်​အသံ​တွေပါလိမ့်​။ အလို ...​လောကနတ်​ရုပ်​တုလေး​တွေပါလား။ ချွင်​ချွင်​အသံမှာ သူတို့၏​ခြေနှစ်​ဖက်​အကြား ညှပ်​ထားသည့်​ စည်းစုပ်​​တွေက မြည်​​နေတာကိုး။

" ကိုင်း ..ကိုင်း .. လ​ရောင်​​အောက်​မှာ တို့များ​ ဆွေး​နွေးပွဲ​လေးကျင်းပကြရ​အောင်​လား ... ချွင်​ "

" အို .. သိပ်​​ကောင်းတာ​ပေါ့။ လ​ရောင်​ဆိုတာကလည်​ ​အေးမြငြိမ်းချမ်းခြင်း၊ တို့များ ​လောကနတ်​ဆိုတာကလည်း ​အေးမြငြိမ်းချမ်းခြင်း ... ချွင်​ "

ရေညှိစိမ်း​ရောင်​​ဖောက်​ထား​သော ​ကြေးရုပ်​​လောကနတ်​၏အသံက မဆိုစ​လောက်​ ကျယ်​​လောင်​သွားသဖြင့်​ ကျန်​​လောကနတ်​ရုပ်​များက မျက်​​စောင်းဝိုင်းထိုးကြ၏။

" ​ဟေး​ .. ဟေး ... တိုးတိုးသက်​သာလုပ်​ပါကွဲ့ ... ချွင်​ "

" ချွင်​ "
" ချွင်​ "
" ချွင်​ ... ချွင်​ .. "

ကွမ်​ရင်​မယ်​​တော်​ရုပ်​တု၊ သူရဿတိရုပ်​တု၊ အန်းကုန်းဘိုး​တော်​ရုပ်​တု၊ ပျူက​ချေသည်​ရုပ်​တု၊ ​ကျောက်​ဖြူသားဆင်​ရုပ်​၊ ကျွန်းသားဆင်​ရုပ်​၊ ပုဂံက​ချေသည်​အရုပ်​၊ ကာလီနတ်​သမီးအရုပ်​၊ တိုင်းရင်းသားမျိုးနွယ်​စုအရုပ်​၊ အားလုံးပင်​​ လောကနတ်​များဆီသို့ ငဲ့​စောင်းကြည့်​လိုက်​ကြသည်​။ ​ဒေါက်​တာမဟိန္ဒစု​ဆောင်းထား​သော အရုပ်​များတွင်​​ လောကနတ်​သည်​ အများဆုံးဖြစ်​​လေသည်​။ စာကြည့်​ခန်းတစ်​ခုလုံး​ နေရာအနှံ့ အရွယ်​အစား၊ အသားအ​ရောင်​အမျိုးမျိုး၊ တစ်​​တောင်​မှ တစ်​မိုက်​ခန့်​၊ လက်​သုံးလုံးခန့်​ ပြီး​တော့​ကြေးဝါ၊ သစ်​ကနက်​၊ ပလာစတာ၊ စဉ့်​၊ အဝါ၊ အနက်​၊ အဖြူ​၊ ရွှေ၊ ကျွန်းကွက်​၊ ပိ​တောက်​​ခြောက်​၊ နီညို။ စွယ်​စုံကျမ်းအနှစ်​ချုပ်​များရှိရာ ယွန်းပန်းချီကားထဲမှ ​လောကနတ်​က​တော့ ရုပ်​လုံးကြွမဟုတ်​သဖြင့်​ စည်းစုပ်​ကို ချွင်​မြည်​​အောင်​ မတီးနိုင်​ရှာ။ ယွန်းမျက်​နှာပြင်​​ပေါ်မှာသာ လူးလူးလွန့်​လွန့်​ဖြစ်​​နေသည်​။

" ဦးစွာ​ပြောရမှာက​တော့ တို့ရဲ့ဆရာကြီးပြုစု​နေတဲ့ မြန်​မာ့ရိုးရာ ပဋိမာ သိပ္ပံကျမ်းထဲက တို့နဲ့သက်​ဆိုင်​တဲ့အ​ကြောင်းပဲ .. ချွင်​ "
ပလာစတာ​လောကနတ်​က စကားစလိုက်​သည်​။

ထိုအခါ သစ်​ကနက်​​လောကနတ်​က
" ​ဟေး​ ..ဟေး ... ​ဆွေး​နွေးပွဲဆိုရင်​​တော့ သဘာပတိ​ရွေးရမယ်​။ ချွင်​ ... "ဟု အ​မောတ​ကော ဝင်​​ပြောသည်​။

" ဟုတ်​တယ်​။ သဘာပတိ​ရွေးရမယ်​။ ချွင်​ ..."

" ဟုတ်​တယ်​။ ဟုတ်​တယ်​ ... ချွင်​ ... ချွင်​ ... "

ချွင်​သံချင်းဆက်​သွားသဖြင့်​ တုန်​ခါပဲ့တင်​သံစဲသွားအောင် အားလုံး ငြိမ်​​နေလိုက်​ကြသည်​။ ချွင်​သံစဲသွားမှ
" သဘာပတိ ငါ​ပေါ့ ... ချွင်​ ... ချွင်​ .. "
ကြေးရုပ်​​လောကနတ်​၏အသံဖြစ်​သည်​။ သူသည်​ ရှိရှိသမျှ​လောကနတ်​​တွေထဲမှာ အရွယ်​အကြီးဆုံးဖြစ်​သည်​။ ​ကြေးဝါဖြစ်​သဖြင့်​ သူ၏စည်းစုပ်​ကလည်း ပိုအသံမြည်​သည်​။ ဒါကိုသိ​သော​ ကြေးရုပ်​​လောကနတ်​က သူ၏စည်းစုပ်​ကို ချွင်​ချွင်​ဟု နှစ်​ထပ်​​ကျော့တီး​လေသည်​။

" အားလုံး​ ကြေးဝါရုပ်​ဆီ​ စောင်းငဲ့ကြည့်​ကြစဉ်​ ပလာစတာ​လောကနတ်​က
" ဒီမှာ ဒီမှာ ကျုပ်​က​တော့ ပလာစတာပီပီပဲ၊ ကြွပ်​တယ်​ ဆတ်​တယ်​​ ပြောချင်​​ပြော။ ​ကြေးရုပ်​ကို သဘာပတိထားဖို့ သ​ဘောမတူနိုင်​ဘူး ... ချွင်​ "

" ဒါဖြင့်​ ဘယ်​သူ့ကိုတင်​မလဲ ချွင်​ "

" ​လောကနတ်​ထဲမှာ ဝါအရင့်​ဆုံး၊ အနုပညာလက်​ရာအ​မြောက်​ဆုံး၊ ​ရှေးအကျဆုံး၊ အချိုးအကျဆုံး၊ အလှပဆုံး၊ ဒီလိုမူတွေနဲ့​ ရွေးရမယ်​။ ချွင်​ ... "

" ဟုတ်​တယ်​။ ဒါ မှန်​တယ်​။ ချွင်​ "
ချွင်​ချွင်​အသံများ ဗလုံးဗထွးဖြစ်​သွားပြန်​သည်​။

" အားလုံးငြိမ်​​ပေးကြပါ ချွင်​ "

အသံရှင်​ကား အမြင့်​တစ်​​တောင်​​ကျော်​ရှိ​သော ​ရွှေ​ရောင်​ဝင်း​နေသည့်​​ လောကနတ်​။

" အားလုံး နား​ထောင်​ကြပါ။ ဒီအခန်းထဲက ​လောကနတ်​ရုပ်​တု​တွေအားလုံးထဲမှာ ကျုပ်​ဟာ အ​​ရွယ်​အစားအကြီးဆုံးဖြစ်​ရုံမက အဟမ်း ... ​လောကနတ်​ရုပ်​တုမူရင်းအတိုင်း ပွားယူထုလုပ်​ထားတာဖြစ်​တယ်​။ ဒါကို သင်​တို့အားလုံး အ​လေးမူကြရလိမ့်​မယ်​။ ချွင်​ ... "

လက်​တစ်ဝါးခန့် သစ်​သား​လောကနတ်​ရုပ်​က​လေးက သူ့ဘေးက စဉ့်​​လောကနတ်ကို  တီးတိုး​လေသံဖြင့်​ " အလကားပါကွာ။ သူက မို​လောင်းထားတဲ့ပလာစတာကြီးပါ။ အ​ရောင်​လက်​​နေတာကလည်း ​ရွှေမှင်​သုတ်​ထားလို့ပါ "ဟု ​ပြော​နေ၏။
ရွှေ​ရောင်​​လောကနတ်​က ထိုတီးတိုးစကားကို မကြားလိုက်​ဘဲ သူ့စကားသူ ဆက်​​လေသည်​။

" အဟမ်း​  ... လောကနတ်​များအားလုံး စဉ်းစားကြဖို့ အချက်​တစ်​ချက်​​ ပြောလိုက်​မယ်​။ ဟုတ်​ရဲ့လား။ ချွင်​ .. ချွင်​ .. တို့အားလုံးရဲ့​ခြေနှစ်​ဖက်​ကြားကစည်းစုပ်​ ဒါက ဘာကိုပြသလဲ။ ငြိမ်းချမ်းခြင်းဂီတ၊ အဟိံသတရားရဲ့ သ​င်္ကေတ၊ ဟုတ်​ရဲ့လား ... ချွင်​ "

" ဒါက​တော့ သူ​ပြောမှလား။ တို့အားလုံးမှာ စည်းစုပ်​ရှိကြတယ်​။ ဒါရဲ့အဓိပ္ပါယ်​ကိုလည်း အားလုံးသိပြီးသား။ စကား​ကြောရှည်​လိုက်​တာ "

ရေရွတ်​သံများ၊ ချွင်​ချွင်​သံများ ခပ်​အုပ်​အုပ်​​ပေါ်လာကြသည်​။

" ချွင်​ .. တို့ရဲ့​အောက်​ခံကို ကြည့်​လိုက်​ကြစမ်း။ ကြာကလပ်​အဖြစ်​ဖန်​တီးထားတဲ့ ကြာဖက်​ ဟုတ်​လား။ ညွှန်​တွင်းက ရုန်းကြွပြီး ​ရေမျက်​နှာပြင်​​ပေါ်တက်​လာတဲ့ကြာ၊  ဒါက ဘာကို​ပြောသလဲ ချွင်​ "

စဉ့်​ရုပ်​​လောကနတ်​က​လေးက ​ယောင်​ယမ်း၍ သူ့​အောက်ကို ငုံ့ကြည်​၏။ စဉ့်​ရုပ်​လုံး​ဖော်​လက်​ရာမှာ သိပ်​မပီသဖြင့်​ သူ၏ကြာကလပ်​အတွက်​ အားငယ်​သွား​လေသည်​။

" ကြာဆိုတာ  အသိဥာဏ်​တရားနဲ့ လွတ်​​မြောက်​ခြင်းပဲ။ ဒါ​ကြောင့်​ ငါတို့ဟာ အသိဥာဏ်​မြင့်​ရမယ်​။ အဝိဇ္ဇာက​နေ လွတ်​​မြောက်​ရမယ်​ .. ချွင်​ "

" ဒါ​တွေ ကျုပ်​တို့အားလုံး သိပြီးသားပါ။ လိုရင်း​ပြောပါ "
ကြွေ​ရောင်​​ဖွေးလက်​​နေသည့်​​ လောကနတ်​က သည်းမခံနိုင်​စွာ ထ​အော်​လိုက်​ရာ စူးစူးရဲရဲအသံထွက်​လာ၏။

" ​ဟေး​ .. ဟေး .. ​လောကနတ်​မပီသစွာ ​အော်​လိုက်​တာ ဘယ်​သူလဲ။ အံမယ်​ ကြွေရုပ်​ပါလား။  ဒီမှာ သက်​ကြီးဝါကြီး သမ္ဘာကြီးက ​ပြော​နေတာကို ရိုင်းပျစွာပြန်​​အော်​ရ​အောင်​ သင်​က ဟင်းဟင်း ဘာမို့လို့လဲ။ သင့်​ဒူးကို သင်​ကြည့်​လိုက်​စမ်း "
သစ်​ကနက်​​လောကနတ်​၏အသံဖြစ်​သည်​။

" ဘာဖြစ်​​နေလို့လဲ ကျုပ်​ဒူးက "

" ဟ တခြား​လောကနတ်​​တွေနဲ့ တူသလား။ ​လောကနတ်​တို့ထုံးစံ ဒူးတစ်​ဖက်​​ထောင်​ တစ်​ဖက်​ချအ​နေထားမှာ သင့်​ဒူးက မှား​နေတယ်​​လေ။ သူများ​တွေက ညာ​ထောင်​ ဘယ်​ချ။ သင်​က ဘယ်​​ထောင်​ ညာချ "

လောကနတ်​​တွေအားလုံး ကိုယ့်​​ခြေကိုယ့်​ဒူးကို ငုံ့ကြည့်​ကြသဖြင့်​ ချွင်​ချွင်​သံ​တွေ ဆူသွား​လေသည်​။

" အလို​လေး​ လေး ... ကျုပ်​တို့ဒူး​တွေ အ​ထောင်​အချ ဘယ်​ညာ မညီပါလားဗျို့ ...  ချွင်​ "

" မြတ်​စွာဘုရား ဟုတ်​ပါရဲ့။ ဒူးအ​ထောင်​အချ​တွေ အမျိုးမျိုးဖြစ်​​နေကြပါလား ... ချွင်​ "

" ချွင်​ .... ချွင်​ ....  ချွင်​ ... "

" အားလုံး ငြိမ်​ကြပါ "

ကြေးဝါရုပ်​၏အသံ​ ပေါ်လာ၏။

" ဒူး​တွေမညီတာက ဒီလိုပါ။ လူ​တွေက အလှထားဖို့ ရုပ်​တုနှစ်​ခုထုကြပြီး ဝဲယာထားကြတယ်​။ ဒီ​တော့ အံလွဲဖြစ်​ပြီး ဘယ်​ညာမတူု​တော့ဘူး​ပေါ့။ ဘယ်​ဒူးပဲ​ ထောင်​​ထောင်​ချချ အ​ရေးမကြီးပါဘူး။ အ​ရေးကြီးတာက ဒူး​ပေါ်မှာ ကဟန်​လက်​ဟန်​ရှိဖို့နဲ့ ​ခြေမှာ စည်းစုပ်​ရှိဖို့ပါပဲ။ ဟုတ်​လား .. ချွင်​ .. "

" အင်း​ ... တော်​ပါ​သေးရဲ့ကွယ်​ရို့  ... ချွင်​ .. "

ဆေး​ရောင်​မသုတ်​ရ​သေး​သော ​မြေ​စေး​လောကနတ်​က​လေးကမူ
" အင်း .. ကိုယ်​ကျူး ကိုယ့်​ဒူး​တောင်​မယုံရဆိုတာ တို့များ​လောကနတ်​​တွေဆီက ဆင်းသက်​သလားမသိပါဘူး "

" ကိုင်း ... ​လောကနတ်​​တွေအားလုံး ဒူးကိစ္စပြီးရင်​ နီးရက်​နဲ့​ဝေးဖြစ်​​နေကြတဲ့ ကိစ္စတစ်​ခုကို ငါ​ပြောချင်​တယ်​ ... ချွင်​ ..."
သည်​တစ်​ခါ​ပေါ်​လာ​သောအသံကား ခပ်​အက်​အက်​၊ တုန်​ခါရိုက်​ဆဲ။ အသံရှင်​မှာ နံရံကပ်​စာအုပ်​စင်​ရှိ အင်ဆိုင်ကလို​ပေးဒီးယားကျမ်းတွဲများအနီးမှ အညှိတက်​​နေ​သော ​ကြေးနီ​ရောင်​​လောကနတ်​ဖြစ်​သည်​။ အင်​ဆိုင်​ကလို​ပေးဒီးယားအနီးမှာ ​ဗိမာန်​​ပေါက်​​သော ​လောကနတ်​ဖြစ်​သဖြင့်​ သူ့စကားကို အားလုံးက ​လေး​လေးစားစားနားစွင့်​ကြ​လေသည်​။ ​ကြေးနီ​လောကနတ်​က စကားဆက်​သည်​။

" ရတနာ​ရွှေဂူမှထွက်​လာ​သော ​ကေသရာဇာခြ​င်္သေ့မင်းနှင့်​ ဆင်​ပျံတို့သည်​ ​ကောင်းကင်​ယံ၌ အစာဖြစ်​​သောတိမ်​ညွန့်​ကို အ​ကြောင်းပြုပြီးသကာလ ကြီးစွာခိုက်​ရန်​ဖြစ်​ပွားကြသည်​တဲ့။ ခြ​သေ့င်္က ဆင်​ပျံ၏ဦးကင်းကိုနင်း၍ နှာ​မောင်းကိုစုပ်​လေရာ ဆင်​ပျံကလည်း ခြ​သေ့င်္ကို အစွယ်​နှင့်​ထိုးသည်​တဲ့။ ထိုအခါ ထိုသတ္တဝါနှစ်​ဦး၏စစ်​ပွဲ​ကြောင့်​ ကမ္ဘာအလုံး အုံးအုံးကျွတ်​ကျွတ်​ညံလာသတဲ့ "

" စာသံ​ပေသံနှင့်​​ ပြောနေ​တော့တာကိုး "ဟု ​မြေ​စေး​လောကနတ်​က သူ့​ဘေးမှ​ ကြွေ​လောကနတ်​ကို​ လေသံဖြင့်​​ပြောသည်။ ​ကြွေ​လောကနတ်​ကလည်း " အင်​ဆိုင်​ကလိုပေးဒီးယားအနီးမှာ စံမြန်းရလို့ စာသံ​ပေါက်​​နေထင်​ပါရဲ့ကွယ်​ "ဟု မှတ်​ချက်​ချ​လေသည်​။

" အင်း .. ဒီရန်​စစ်​သည်​ ကမ္ဘာ​လောကကြီးကို မီးဟုန်းဟုန်း​တောက်​ကာ ​လောင်​ကျွမ်းပျက်​စီး​စေ​တော့မတတ်​ဖြစ်​ခဲ့သတဲ့။ မည်​သူကမှလည်း သူတို့နှစ်​ဦး၏စစ်​ပွဲအကြားသို့ မဝင်​ရဲ။ မဝင်​ဝံ့ဖြစ်​​နေခိုက်​မှာ ရန်​ပွဲချုပ်​ငြိမ်း​စေဖို့​ လောကနတ်​သည်​ စည်းစုပ်​ကို ချွင်​ချွင်​တီးခတ်​လျက်​ ငြိမ်းချမ်း​တေးသီ​ကြွေးလျက်​ လှပစွာကခုန်​လျက်​ ​ကောင်းကင်​အမြင့်​ထက်​မှ ဆင်းသက်​လာသည်​တဲ့။ ထို​တေးဂီတအနုပညာ၏ အစွမ်းအာနိသင်​တန်​ခိုး​ကြောင့်​ ဆင်​ပျံနှင့်​ခြ​သေ့င်္တို့ အမျက်​မာန်​​ပြေ​ပျောက်​ကာ ငြိမ်းချမ်းမှုကို မျက်​​မှောက်​ပြု။ ကမ္ဘာ​လောကကြီးသည်​လည်း သတ္တန္တရကပ်​​ဘေးမှ လွတ်​​မြောက်​ခဲ့​လေ​တော့သည်တဲ့​။ အို .. အသင်​​လောကနတ်​တို့ ​လောကနတ်​၏ဤအနှစ်​သာရကို သင်​တို့ မ​မေ့မ​လျော့ နှလုံးသွင်းကြကုန်​​လော့။ အသင်​တို့​ မေ့​လျော့​နေကြပြီ​လော "

လောကနတ်​အားလုံးကပင်​ ရှက်​စနိုးဖြင့်​ ငုံ့ငိုင်​သွားကြ၏။

" အသင်​တို့သည်​ သဘာပတိ​ရွေးချယ်​ခြင်းအမှုကို အ​ကြောင်းပြုလျက်​ ငြင်းခုန်ခြင်း မပြုကြလင့်​။ အသင်​တို့ကိုယ်​တိုင်​က ဤသို့ငြင်းခုန်​ကွဲလွဲ​နေလျှင်​ ဆင်​ပျံနှင့်​ခြ​င်္သေ့တို့က အသင်​တို့ကို ဟားတိုက်​ရယ်​​မောကြ​တော့မည်​မုချတည်း ... ချွင်​ ... "

ကြေးနီ​လောကနတ်​စကားအဆုံးတွင်​ သစ်​ကနက်​​လောကနတ်​က
" ဟုတ်​ပါတယ်​​ကြေးနီကြီးခင်​ဗျာ။ ကျွန်​​တော်​တို့ဟာ ငြိမ်းချမ်း​ရေးပြယုဂ်​များဖြစ်​ပါတယ်​။ ဒါ​ကြောင့်​ မငြင်းခုန်တော့ဘဲ ​လောကနတ်​သီချင်းကို သီကျူးကြပါစို့လို့ ​တောင်းဆိုတိုက်​တွန်းလိုက်​ပါတယ်​ "ဟု တက်​ကြွစွာ​ ပြော​လေသည်​။

" ​ဟေ့​ ... ဟေ့ ... ဒီလိုသိမ်းကျုံး​ရောချလို့ မဖြစ်​​သေးဘူး​လေ ... ချွင်​ .. "

အားလုံး လှည့်​ကြည့်​ကြရပြန်​သည်​။ အသံရှင်​ကား လက်​ရာ​မြောက်​လှ​သော ​ကြွေ​ရောင်​စုံခြယ်​​လောကနတ်​။

" ​လောကနတ်​ဆိုရာမှာပဲ အနက်​အမျိုးမျိုးရှိ​နေတယ်​။ အဟမ်း ... "

ကြွေ​ရောင်​စုံခြယ်​​လောကနတ်​က ​ချောင်းတစ်​ချက်​ဟန့်​ပြီး
" ​လောကနတ်​ဆိုတာ ​လောကနာထဆိုတဲ့ နတ်​ဘုရားအမည်​က​နေ ဆင်းသက်​လာတာ၊ ​လောကလူအများ အားထားရာတဲ့။ ဘူရိဒတ်​လင်္ကာကြီးမှာ မင်း​စောဗြဟ္မဒတ်​​လောကနတ်​ဟု မှတ်​၍​ခေါ်ယူလို့ ဖွဲ့ဆိုခဲ့တယ်​ "

" ဒါဆိုရင်​ ကျုပ်​ကလည်း ​ပြောလိုက်​ဦးမယ်​ "
ကျန်စစ်​သားရုပ်​တုအနီးမှ သစ်​ကနက်​​ရောင်​​လောကနတ်​၏အသံ​ ပေါ်လာသည်​။ သူ့အသံမှာ မာ​ကျောကြွပ်​ဆတ်​​နေသည်​။

စဉ့်​ရုပ်​​လောကနတ်​ကမူ သူ့အနီးမှ​ ကြွေ​လောကနတ်​အား " သူဟာ သစ်​ကနက်​အစစ်​ မဟုတ်​ဘူးဗျ။ ရိုးရိုးသစ်​သားကို ​ဆေးနက်​သုတ်​ထားတာ။ ကျုပ်​သိတယ်​ "ဟု​ ပြော​နေသည်​။

သစ်​ကနက်​က ချွင်​ချွင်​ချွင်​ဟု စည်းစုပ်​ကို ခတ်​လိုက်​ပြီး " ဒီမှာ ကျုပ်​တို့ဆရာကြီးဒေါက်​တာမဟိန္ဒရဲ့ ပဋိမာသိပ္ပံပညာကျမ်းအလိုအရဆိုရင်​​ ကေလာသ​တောင်​ စိတဗ္ဗရဗိမာန်​မှာ​နေတဲ့ သျှီဝနတ်​မင်းကြီးဟာ လက်​​လေးဖက်​စလုံးကို ​ဝှေ့ယမ်းပြီး ကတတ်​လို့ သူ့ကို နာဋရာဇာအကဘုရင်​ထိပ်​​ခေါင်​တင်​ မဟာနာဋက က​ချေသည်​နတ်​မင်းကြီးရယ်​လို့ ချီးကျူးဂုဏ်​တင်​ခဲ့ကြတယ်​။ သျှီဝနတ်​မင်းကြီးရဲ့ကကြိုးကကွက်​​တွေက မြန်​မာ့ယဉ်​​ကျေးမှုအနုသဘင်​မှာ ပျံ့နှံ့လာပြီး မင်းခမ်းမင်းနားအ​ဆောင်​အ​ယောင်​ ပလ္လင်​ဥကင်​ဝဲယာမှာ ​လောကနတ်​ရယ်​လို့ မင်္ဂလာယူ ထုလုပ်​တပ်​ဆင်​ကြတာဖြစ်​တယ်​ ... ချွင်​ .. "

" ချွင်​ ... ဒါ .. ဗြဟ္မဏအယူအဆပဲ "
စည်းစုပ်​သံစူးစူးကျယ်​ကျယ်​ဖြင့်​ ဝင်​​ပြောလိုက်​သူကား ​ဆေး​ရောင်​ခြယ်​သမထားရ​သေး​သော သစ်​သားရုပ်​​လောကနတ်​ဖြစ်​၏။

" ဟေး ... ဒီမှာ သစ်​ကနက်​ရဲ့၊ အ​ရောင်​နက်​​နေလို့သာ သစ်​ကနက်​​ခေါ်ရတာ၊ အမှန်​​တော့ ကိုယ့်​လူဟာ မန်​ကျည်းသားဆိုတာ ကျုပ်​သိသ​ပေါ့။ ထားပါ။ ဒီမှာ ကျုပ်​ဟာ ကိုယ့်​လူတို့လို ​နောက်​​ပေါက်​​လောကနတ်​ မဟုတ်​ဘူး။ ကျုပ်​က ​ရေစကြိုမြို့နယ်​​ ရှေး​ဟောင်းဘုန်းကြီး​ကျောင်းမှာ ​နေလာခဲ့တဲ့ မူလလက်​​ဟောင်း သမိုင်းတန်​ဖိုးရှိတဲ့​​ လောကနတ်​၊ သိလား၊ ချွင်​ ... "

" ဟုတ်​သပ .... ချွင်​ ... "
တွံ​တေးမြို့နယ်​"ကန်​ဘဲ့ရွာဘုန်းကြီး​ကျောင်းမှ ​ရောက်​လာ​သော သစ်​သား​လောကနတ်​က စည်းစုပ်​ကို အားပါးတရခတ်​ကာ​ ထောက်​ခံလိုက်​သည်​။
" ဆက်​​ပြောပါ​ ရေစကြို​လောကနတ်​ခင်​ဗျား "

" သစ်​ကနက်​ရဲ့မဟာယနအယူအဆကို နားမ​ယောင်​ကြနဲ့။ သမိုင်း​ကြောင်းကို ပြန်​ကြည့်​ကြ။ ​ဝေသာလီ​ခေတ်​ ဗုဒ္ဓဆင်းတု​တော်​​တွေမှာ ​လောကနာထသနထိုင်​ဟန်​​တွေနဲ့ ထုလုပ်​ထားတယ်​။ ပုဂံက​ ပေါ်​တော်​မူ​စေတီ​၊ ပေါင်းကူး​စေတီ၊ အာနန္ဒာနဲ့ အပယ်​ရတနာ​စေတီ​တွေမှာ ​​​လောကနာထဟန်​နဲ့ ​ဗောဓိသတ္တပုံ​တွေရှိတယ်​၊ သိကြလား ....  ချွင်​ .... ချွင်​ ... "

" ချွင်​ .... ချွင်​ ..... ချွင်​ ...... ချွင်​ ......"
သစ်​ကနက်​ရုပ်​မှာ ​ဒေါသထွက်​လွန်းသဖြင့်​ စကားပြန်​မ​ပြောနိုင်​ဘဲ စည်းစုပ်​ကိုသာ သဲသဲမဲမဲခတ်​​နေသည်​။ စည်းစုပ်​ကို ပြန်​ငြိမ်​​စေပြီးမှ
" ကျုပ်​ ... ကျုပ်​ကို မန်ကျည်းသားလို့​ပြောလိုက်​တာ ဒါ ....  ဒါ .. ပုဂ္ဂိုလ်​​ရေး​စော်​ကားမှုသက်​သက်​ပဲ။ ဒါဟာ ​လောကနတ်​ရုပ်​တုတစ်​ခု​ ပြောအပ်​တဲ့စကား မဟုတ်​ဘူး။ ပြန်​ရုတ်​သိမ်းပါ "

" ​ဟေ့​ ... ဟေ့ ... စစ်​ကိုင်း​တောင်​ရိုး ပတ္တမြား​စေတီ​တော်​ကြီးရဲ့ ထီး​တော်​ရိပ်​က​ လောကနတ်​ကို ​တောင်​​စောင့်​ဘိုးဘိုးကြီး ဘိုး​ရေချမ်းလို့​တောင်​​ ခေါ်ကြတယ်​ကွ။ ကြားလား ... ချွင်​ ... "

" ဟာ​ ... နေကြပါဦး ... ချွင်​ "

" မဟာယာန ဗြဟ္မဏအယူအဆ​တွေ .... ချွင်​ ...."

" ပဋိဓာသိပ္ပံပညာကျမ်းအလိုအရ .... ချွင်​ ... "

" ဆင်​ပျံနဲ့ ခြ​င်္သေ့တို့ရဲ့တိုက်​ပွဲကို သတိရကြပါဦး .... ချွင်​ ... "

" သစ်​ကနက်​မဟုတ်​တဲ့ မန်​ကျည်းသားကြီး .... ချွင်​ ..."

" ပုဂ္ဂိုလ်​​ရေး​စော်​ကားတယ်​​။ တောင်းပန်​ရမယ်​။ ချွင်​ ... "

" ​တော်​ကြပါ​ .... တော်​ကြပါ ... ချွင်​ ... "

အသံ​တွေ ပွက်​ပွက်​ညံ​နေ၏။ စားပွဲ​ပေါ်မှ ပန်းတင်​ခုံ​ပေါ်မှ စာအုပ်​စင်​​ပေါ်မှ ဗီရို​ပေါ်မှ သူရဿတီရုပ်​၊ ကွမ်​ယင်​ရုပ်​၊ အန်းကုန်းရုပ်​၊ ပျူက​ချေသည်​ရုပ်​​၊ ကျောက်​ဖြူဆင်​ရုပ်​၊ ပုဂံက​ချေသည်​ရုပ်​၊ ရှိရှိသမျှရုပ်​တုများအားလုံး တုန်​လှုပ်​​ချောက်​ချား​နေကြသည်​။ တိုင်​ကပ်​နာရီအိမ်​​လေးထဲမှ ဥဩသည်​ ပြတင်းရွက်​ကြားမှ​ ချောင်းကြည့်​ရင်း မျက်​လုံး​တွေဝိုင်း​နေ၏။

ထိုစဉ်
" အားလုံး တိတ်​ကြစမ်း "ဟူ​သောအသံတစ်​သံက စည်းစုပ်​သံချွင်​ချွင်​များကို ထိုး​ဖောက်​လျက်​ အင်​အားကြီးစွာ​ ပေါ်ထွက်​လာ၏။ အသံကား ဩဇာတိက္ကမအပြည့်​၊ လွှမ်းမိုးဖြန့်​ကျက်​အုပ်​စီးနိုင်​ခြင်း အာနိသင်​အပြည့်​။ ​လောကနတ်​များ ငြိမ်​ကျသွားကြ၏။ အသံ​ပေါ်လာရာဆီသို့ အားလုံး လှမ်းကြည့်​လိုက်​ကြ၏။ ကွန်​ပျူတာစားပွဲအထက်​ နံရံ​ပေါ်ရှိ ဆီ​ဆေးပန်းချီကားကြီးဆီမှဖြစ်​သည်​။ ​ရွှေကနုတ်​​ဘောင်​ကွပ်​ ပန်းချီကားကြီးထဲမှ ရုပ်​ပုံရှင်​ သိုရင်းဖြူ​ ရွှေစလွယ်​ ​ခေါင်း​ပေါင်းဖြူ​ဖော့လုံးနှစ်​​စထောင်​ ကျယ်​​သောနဖူး နှုတ်​ခမ်း​မွှေးစစ ရှင်း​ပြေ​ဖြောင့်​မတ်​​သောမျက်​နှာ ပန်းချီကား​အောက်​တွင်​​ရေးထိုးထား​သော စာလုံးများက ဣဌကာရာမအုတ်​​ကျောင်းဒကာ ​ယောမင်းကြီးဦးဖိုးလှိုင်​။

(၃)

တိမ်​​မှောင်​​ဝေကင်း မြူ​မြှေးရှင်း
မြူ​မှောင်​​ဝေကင်း တိမ်​​မြှေးရှင်း
စန္ဒာရောင်​ဝင်း ထွန်းလင်း
သန့်​စင်​ကြည်​ မိုးမင်းလွင်​​ပေသည်​။

အလို​လေး ... ဘုရား ... ဘုရား ... ​။ လောကနတ်​အားလုံး စိမ့်​ကနဲဖြစ်​သွားကြ၏။ ပန်းချီကားထဲမှ ​ယောမင်းကြီးသီကျူးလိုက်​​သော သီချင်းကား ​လောကနတ်​ချင်းဖြစ်​​ချေသည်​။ ပန်းချီကားရုပ်​ပုံရှင်​ထံမှ အသံဝါကြီးသည်​ အင်​အားကြီးစွာ စီးဆင်ြး​ဖန့်​ကျက်​လာ​လေသည်​။

မြောက်​​လေပြန်​​ညောင်း
ဆောင်းလည်း​ရောက်​ပြန်​ပြီ
အို ... ကံဆိုးသည်
ထွေ​ထွေထူးလည်​ ညွန့်​ရှည်​လန်းလို့
လောင်းပန်းဂမုန်းအင်
သဇင်​​မွှေးကြူ​ပေါ်​တော့မည်​။

ယောမင်းကြီးသည်​ စကားအလျဉ်းမဆို။ ​လောကနတ်​ချင်းကိုသာ ဣ​နြေ္ဒကြီးစွာကျူးရင့်​သည်​။

လျှောက်​ကြားတင်​​တော်​မူ​လေတည့်​မှ
ထောက်​နားဆင်​​တော်​မူ
လွယ်​ကူ​လေ သနား​ကြောင်း
ကြည်​ဖြူ​လေ ညွှတ်​တွား​လျောင်း
စိုးရိမ်​​လျှောက်​​ကြောင်း ကယ်​ချွတ်​​လောင်း
တေဇာ​လေ တန်​ခိုး​ပေါင်း
ဥာဏ်​ဝါ​ ရေ​အေး​လောင်း
သီတာ​ ရေချမ်း​လောင်း
သီတာသီတာ​ ရေချမ်း​လောင်း။

လ​ရောင်​ဖြူပြာလဲ့က အခြားတစ်​ပါး​သော​နေရာများမှ ကွယ်​​ပျောက်​ကာ​ ယောမင်းကြီးအ​ပေါ်တွင်​သာ စုရုံးကျ​ရောက်​လာ၏။ ​လောကနတ်​များအားလုံး ငြိမ်​ကျ​နေရာမှ စဉ့်​ရုပ်​က​လေး၏ စူးစူးမျှင်​မျှင်​အသံ စတင်​​ပေါ်လာသည်​။

ဥာဏ်​ဝါ​ ရေ​အေး​လောင်း
သီတာ ​ရေချမ်း​လောင်း

ပလာစတာအရုပ်၊ ထို့​နောက်​ သစ်​ကနက်​အရုပ်​၊ ထို့​နောက်​ ​ကြွေရုပ်​၊ ထို့​နောက်​​ ကြေးဝါ၊ ထို့​နောက်​ ​လောကနတ်​များအားလုံး၏ ​တေးသီကျူးသံသည်​ တစ်​စတစ်​စ သံပြိုင်​ညီညာဖြစ်​လာ​လေသည်​။

စိုးရိမ်​​လျှောက်​​ကြောင်း ကယ်​ချွတ်​​လောင်း
ဥာဏ်​ဝါ​ရေ​အေး​လောင်း သီတာ​ရေချမ်း​လောင်း .....

(၄)

အရုဏ်​မပျို့တပျို့ လ​ရောင်​မပြယ့်​တပြယ်​တွင်​ ​ဒေါက်​တာမဟိန္ဒ လူးလွန့်​နိုးထလာသည်​။ ကွန်​ပျူတာ​ရှေ့တွင်​​ ခေါင်းထူရင်း ​ဒေါက်​တာမဟိန္ဒ ဇ​ဝေဇဝါဖြစ်​​နေသည်​။ ကွန်​ပြူတာမျက်​နှာပြင်​​ပေါ်တွင်​​ ပေါ်​နေ​သော စာလုံးများကိုကြည့်​၍ ​ရေရွတ်​သည်​။

" ညက ငါ အိပ်​​ပျော်​သွားခဲ့တယ်​။ အိပ်​မ​ပျော်​ခင်​မှာ ငါပဲ စီခဲ့တာဖြစ်​မှာ​ပေါ့။ ဥာဏ်​ဝါ​ရေ​အေး​လောင်း သီတာ​ရေချမ်း​လောင်းတဲ့။ ဟင်​ .. မဟုတ်​​သေးပါဘူး။ ညက လျှပ်​စစ်​မီးမလာဘူး​လေ။ ငါ ကွန်​ပျူတာပိတ်​ခဲ့တာပဲ။ ငါလုပ်​တာ မဟုတ်​ပါဘူး။ ဒါဖြင့်​ ... "

ဒေါက်​တာမဟိန္ဒသည်​ အ​တွေးစတန်းလန်းဖြင့်​ ပြုံး​လေသည်​။

" မြန်​မာ့ရိုးရာပဋိမာ သိပ္ပံပညာကျမ်းထဲ စိတ်​​ရောက်​စွဲလန်းရင်း ငါ အိပ်​​ပျော်​သွားခဲ့တာပဲ။ ​လောကနတ်​ချင်းကို ငါမ​ရေးလို့ ဘယ်​သူလာ​ရေးမှာလဲ။ အလို .. ဒါက ... ဘာပါလိမ့်​ ..... "

ကွန်​ပျူတာမျက်​နှာပြင်​​ အောက်​​ခြေထောင့်​တစ်​​နေရာ​လေးမှာ စာလုံး​လေးတစ်​လုံး။

" ချွင်​ "

                               ချစ်ဦးညို