သတ္တမမြောက်နေ့ (ဝင်းဝင်းမြင့် (နန်းတော်ရှေ့))
-------------------------------------------------------
ကျွန်မ၏ စိတ်အာရုံများကို သိမ်းကျုံးစုစည်း ယူငင်သွားသည့် အသက် ၁၅ နှစ်အရွယ် ကလေးငယ်တစ်ဦး ဖြစ်မည်ဟု ဘယ်တုန်းကမှ စဉ်းစားမထားမိခဲ့ပေ။ ခုတော့ … ကျွန်မ ဝန်ခံရပေတော့မည်။ သူနှင့်ပတ်သက်ပြီး စိတ်အနှောင့်အယှက် ဖြစ်ခဲ့သော ခုနှစ်ရက်ပတ်လုံး ကျွန်မ၏ စိတ်အစဉ်ကို သူသာ လွှမ်းမိုးနေတော့သည်။ သူနှင့် ပတ်သက်၍ သမားရိုးကျ မဟုတ်သော အတွေးကို သစ်လွင်စွာ တွေးဖို့၊ ကျွန်မကိုယ်ကျွန်မ ဆန်းစစ်ဝေဖန်ဖို့၊ အထူးသဖြင့် အစဉ်အလာနှင့် အရိုးစွဲလာသော တွေးရိုးတွေးစဉ်တွေကို လွန်ဆန်ဖို့ ပြင်ဆင်ရတော့သည်။
“စာသင်” သော အလုပ်အတွက် ဆရာနှင့်တပည့်မှာ တူညီသော ပန်းတိုင် တစ်ခုတည်းကို သာ မည်သူမျှ ငြင်း၍ မရနိုင်သော အမှန်တရားတစ်ခုပင်။ ဒါပေမယ့် သူနှင့် ကျွန်မ ဆန့်ကျင်ဘက်တွေ ဖြစ်ခဲ့ရ၏။ ဘာကြောင့်လဲ …။ ထိုအတွက် တန်ဖိုးရှိလှသည့် ခုနှစ်ရက်ဆိုသော အချိန်သည် အလဟဿ ကုန်ဆုံးသွားရန် မလိုအပ်ပါ။ ခုတော့ ထိုခုနှစ်ရက်သည် ကြာတောင့်ကြာရှည်စွာ ကျွန်မကို နှိပ်စက်ကလူ ပြုလေတော့သည်။ သူ့ကိုရော …။ ကျွန်မ ရေရေရာရာ တွေး၍ မရခဲ့ပါ။ သူ့အတွက်တော့မူ အလွန်ပြင်းအားများသော စိတ်ရှုပ်ထွေးဖွယ် ကာလ ဖြစ်လေမှာလား၊ ဘာမှမထူးခြားသော သာမန်အချိန်များ ပေလား။ ဒီလိုတော့ မဖြစ်စေလိုပေ။ သူ့လိုကလေးမျိုးမှာ လေးနက်သော အတွေးများဖြင့် ရှင်သန်နေဖို့ ကောင်းကြောင်း ကျွန်မ သေသေချာချာ သိသည်။ ဆရာမဆိုတာ သိတဲ့အတိုင်း ပြုပြင်ဖန်တီး ပေးရပေလိမ့်မည်။ ကျွန်မမှာ ပြုပြင်ဖန်တီးခွင့် ရှိပါသေးရဲ့လား။ ဒါမှမဟုတ် ထိုကလေး ကျွန်မ၏ အရိပ်အာဝါသ အောက်မှ လွင့်စဉ်သွားပြီလား မသိတတ်နိုင်ပေ။ ထိုမသိခြင်းသည် ကျွန်မကို ရက်စက်စွာ ညှဉ်းပန်းတော့သည်။
ဒီကလေးနှင့် ကျွန်မ၏ ဆုံဆည်းခဲ့ခြင်းကို လွဲမှားမှုတစ်ခုဟု မယူဆနိုင်ပါ။ ဒါပေမယ့် ခုချိန်မှာတော့ အဖုအထစ် ဖြစ်ခဲ့ရလေပြီ။ ကျွန်မ မဖြစ်ချင်ဆုံး ဆန္ဒတစ်ခု ရှိသည်။ ထိုဆန္ဒမှာ ကျွန်မ စာသင်ပေးရသော ကလေးများနှင့် အကြောင်းကြောင်းကြောင့် စိတ်အနှောင့်အယှက် ဖြစ်ရခြင်းမျိုးမှ ကင်းဝေးချင်သော ဆန္ဒပင် ဖြစ်သည်။ ကလေးတို့၏ စိတ်ကို စက်တစ်ခုလို သဘောထား၍ မရ။ မှောက်ထားသော အိုးတစ်လုံးကို အထင်သေး၍ မဖြစ်။ အမြဲရှင်သန်နေသော သစ်ပင်တစ်ပင်၏ အညွန့်လို့လည်း မပြောနိုင်။ စီးဆင်းနေသော မြစ်တစ်စင်းလည်း မဟုတ်။ “စိတ်” သည် “စိတ်” သာ ဖြစ်ချေသောကြောင့် “စိတ်” နှင့် အလုပ် လုပ်နေရသော ကျွန်မမှာ ပြောတတ် ဆိုတတ် ခံယူတတ် နားလည်တတ်အောင် မနည်း ကျင့်ခဲ့ရသည်။
ထားပါတော့ …။ စာညံ့သော ကလေး ဘာကြောင့် ညံ့ရသလဲ ဆိုသော မေးခွန်း၏ အဖြေကို အတိအကျ သိအောင် ဖွေရှာလိုက်သော အခါ ထိုတပည့်သည် ကျွန်မအတွက် စိတ်နှင့် လူတစ်ယောက် မဟုတ်တော့ပေ။ ကလေးဘက်က မည်မျှပင် လိုအပ်စေကာမူ ကျွန်မ ဖြည့်ပေးတတ် သွားသည်။ ကလေးဘက်က စိတ် အနှောင့်အယှက် ဖြစ်ကောင်းဖြစ်မည်။ ကျွန်မဘက်က မတုန်လှုပ်တော့ပေ။ သွေးအေးအေး၊ စိတ်ငြိမ်ငြိမ်ဖြင့် ကလေးကို ကျွန်မ လိုချင်သော အရာဖြစ်အောင် ပြုပြင်ပြောင်းလဲ ပေးခဲ့မြဲပင်။ ထိုအောင်မြင်မှုအတွက် ကျွန်မမှာ အမြဲပင် ဂုဏ်ယူ ဝင့်ကြွားမဆုံး ဖြစ်ရသည်။
ခုတော့ ကျွန်မကို တည်ငြိမ်အေးချမ်းလှတဲ့ ဆရာမတစ်ယောက် အဖြစ် သူ့မိဘတွေ အရွေးမှားခဲ့ပြီ ထင်ရဲ့။ ကျွန်မကတော့ မိုက်မဲစွာပင် အသက် ၁၅ နှစ်အရွယ် ကလေးငယ် တစ်ယောက်နှင့် တု၍ ရန်ဖြစ်မိခဲ့ လေပြီ။ ကျွန်မကိုယ် ကျွန်မ အသိဆုံးပင်။ ကရုဏာဒေါသဟု မျက်စိစုံမှိတ်ပြီး မပြောချင်ပါ။ ပုထုဇဉ် တစ်ယောက်၏ ဒေါသစိတ်ဟုသာ ရိုးရိုးသားသား ဆိုပါရစေတော့။
မျက်နှာ သွယ်သွယ်ချွန်ချွန်၊ နှာတံပေါ်ပေါ်၊ အသားဖြူဖြူ ကလေးနှင့် လိုက်ဖက်စွာပင် သူ့ဆံပင် ဝဲဝဲကလေးက နဖူးပေါ်မှာ ဖြာကျနေသည်။ မျက်နက်ဝန်း မည်းမည်း တောက်တောက် ကလေးက ဂနာမငြိမ်လှ။ ခေါင်းလှုပ်လှုပ်၊ လည်လှုပ်လှုပ်နှင့်၊ နီရဲရဲ နှုတ်ခမ်းကလေး နှစ်လွှာကတော့ သူ့မျက်နှာမှာ အလုပ်အများဆုံး နေရာ။ ဖွင့်လိုက်၊ ပိတ်လိုက်၊ ရယ်လိုက်၊ မဲ့လိုက်။ သူ့အသံ မာတောက်တောက် ပြင်းရှရှကို ကြားပြီးကတည်းက ဒီကလေးအတွက် စာသင်ရန် ကျွန်မဘက်က အတော်လေး စဉ်းစားခဲ့သည်။ ထိုကလေး၏ ချမ်းသာကြွယ်ဝမှုများက ကျွန်မကို စိန်ခေါ် လိုက်လေသလော မသိ။ ကျွန်မ၏ မာနတရားသည် “လျှမ်းခနဲ” ဦးခေါင်း ထောင်မတ် လာခဲ့လေသည်။ ထို့ကြောင့်ပင် ထိုကလေးသည် ကျွန်မ၏ စက်ရုပ်ကလေး ဖြစ်မလာခဲ့။ သူ့ကို စိတ်နှင့်လူ ဖြစ်ကြောင်း ကျွန်မ ဘာလို့များ အသိအမှတ် ပြုခဲ့မိပါလိမ့်။ ဒါဆို … လွဲမှားမှု၏ အစသည် ကျွန်မ၏ မသိစိတ်တွင် စတင်ခဲ့မည်ဟု ပြဿနာ၏ အစကို ခုမှပင် ဖွေရှာတွေ့မိ သလိုလိုပင်။
တကယ်တော့ ကျွန်မ၏ မူလပင်မ အလုပ်မှာ ကျောင်းဆရာမ တစ်ဦး မဟုတ်ခဲ့ပါ။ ကျွန်မတို့မှာ ညီအစ်မ သုံးယောက် ရှိခဲ့သည်။ အစ်မများက ဘွဲ့ရပြီး ကျောင်းဆရာမ အလုပ်ဖြင့် အသက်မွေးကြ၏။ ကျွန်မက အငယ်ဆုံး ညီမထွေးလေး အဖြစ် တက္ကသိုလ်မှ ဘွဲ့ရပြီးသော်လည်း နားနားနေနေဖြင့် နှစ်သက်ရာ အလုပ်ကို ရွေးချယ်နေဆဲ မမျှော်လင့်ဘဲ မေမေက ကျန်းမာရေး အခြေအနေ ဆိုးရွားလာတော့ ကျွန်မမှာ ဘာအလုပ်မှ လုပ်ခွင့် မရတော့ဘဲ အိမ်မှာ မေမေ့ကို ပြုစုရင်း ဈေးသွား၊ ချက်ပြုတ်၊ လျှော်ဖွပ်နှင့် အချိန်တွေ နှောင်းခဲ့ရသည်။ နောက်တော့ မေမေက ကျွန်မတို့ အားလုံးကို စွန့်ခွာသွားလေသည်။ ထိုအခါ ဖေဖေနှင့် ကျွန်မတို့ ညီအစ်မ သုံးဖော် ကျန်ခဲ့၏။ အိမ်မှာ လူပိုလူလျှံ မရှိသော်လည်း လူက နည်းနည်းလေး။ လူကြီးတွေချည်းမို့ ကျွန်မမှာ အချိန်တွေက ပိုလျှံနေသည်။ ဒါပေမယ့် အိမ်ပြင်ပကို ထွက်၍ အလုပ် မလုပ်ချင်တော့ပေ။ အအားကလည်း မနေတတ်၍ ကျွန်မအိမ်မှာ ညစာကျက်ဝိုင်းကလေး ဖွင့်ပြီး ကလေးများကို စာကျက်ကြပ်မတ် ပေးရာမှ ထိုအလုပ်သည် တစ်စတစ်စနှင့် လူသိများပြီး တွင်ကျယ် လာခဲ့တော့သည်။
ကျွန်မကိုယ် ကျွန်မ မမကြီးတို့လို ဆရာမ ဖြစ်ပြီဟု ရဲရဲတင်းတင်း မသတ်မှတ်ဝံ့သော်ငြားလည်း ကျွန်မ၏ ကလေးများက ကျွန်မကို “ဆရာမ” ဟု ခေါ်လျှင် ရင်ထဲမှ ရှိန်းခနဲ ပူနွေးလှိုက်ဖို သွားစမြဲ။ ကလေးတွေ အခြေအနေ အဆင့်တိုးတက်လာသည်ဟု မိဘတွေက ဝမ်းသာအားရ လာပြောကြတိုင်း ပီတိတွေ လျှမ်းပဝေဆာရမြဲ။ ထို့ကြောင့် ကျွန်မ၏ ကိုယ်ပိုင် စာကျက်ဝိုင်းကလေးမှာ ကျွန်မ စိတ်တိုင်းကျ သတ်မှတ်ထားသော စည်းမျဉ်း စည်းကမ်းများနှင့် ကျွန်မ၏ ကလေးများသည် လိုက်လျောညီထွေ ရှိလှစွာဖြင့် အောင်ပန်းတွေ လှလှပပ ဆွတ်ခူးနိုင်ကြ စမြဲလည်း ဖြစ်နေ လေတော့သည်။
ကျွန်မ စာကျက်ဝိုင်းကလေးကို “ရွှေပျိုးခင်း” ဟု အမည် ပေးထားသည်။ ရည်ရွယ်ချက်ကိုက “ရွှေ” လို အဖိုးတန်သော ရတနာများကို ပြုစုပျိုးထောင်မည့် နေရာကလေးမို့ ကျွန်မ၏ သတ်မှတ်ချက်နှင့် လိုက်လျောညီထွေ ရှိမည့် ကလေးများကိုသာ စိတ်တိုင်းကျ ရွေးချယ် လက်ခံပါသည်။ အရာရာကို တည်ငြိမ် အေးချမ်းမှုဖြင့် တည်ဆောက်လိုသော ကျွန်မအတွက် “သူ့စိတ်”နှင့် “ကိုယ့်စိတ်” ယှဉ်တွဲပြီး အလုပ် လုပ်ရသော လုပ်ငန်းတစ်ခုမှာ ကျွန်မ၏ ဦးဆောင်မှုနောက်မှ လိုက်မည့်သူကို ကျွန်မ စိတ်တိုင်းကျမှသာ သူ့အတွက် လိုအပ်တာ မှန်သမျှ ကျွန်မဘက်က ဖြည့်ပေးနိုင်ပေလိမ့်မည်။ ကလေးအတွက် မည်မျှပင် ပေးဆပ်ပါရစေ ကျွန်မ စေတနာ ထားနိုင်သမျှ၊ ချစ်သော မျက်စိဖြင့် ကြည့်နိုင်သမျှ ကျွန်မဘက်က ပေါ့ပေါ့ပါးပါး သွေးအေးအေး တည်တည်ငြိမ်ငြိမ် ဖြည့်နိုင်မည်မှာ အမှန်။ အရေးကြီးဆုံးက ကလေးနှင့်ပြိုင်၍ စိတ်မလှုပ်ရှားရန် ဖြစ်ပါသည်။
ကျွန်မ အတွေးက တစ်မျိုး၊ ကျွန်မ ထိန်းသိမ်း အုပ်ချုပ်ရမည့် ကလေးများကို အပေါ်စီးမှ ငုံ့ကြည့်သောအခါ မြင်နိုင်သည့် အမြင်မျိုးဖြင့် ပထမဦးစွာ ကြည့်ရှု လေ့လာမည်။ ဘယ်သူ့စိတ်က ဘယ်လို၊ ဘယ်သူ့ အကျင့်က ဘယ်လိုဆိုတာ ကြိုတင် သိထားပြီးပြီ ဆိုတော့မှ အေးအေးဆေးဆေး ဖြည်းဖြည်းချင်း ပြုပြင်ပြောင်းလဲ ပေးရသော နည်းကို ကျွန်မ နှစ်သက်သည်။ ခုတော့ ကျွန်မ “တစ်ယောက်သော သူကလေး” ကို လျစ်လျူရှုလိုက်ရပြီ ထင်ပါရဲ့။
ထိုနေ့ …။
ကျွန်မ၏ နားထဲမှာ အောတောတော၊ ပြင်းရှရှနှင့် ရှပ်ပဲရှပ်ပဲ ပြောနေသော လေသံတစ်သံ ဆူညံနေသည်။ အမှန်က သူတို့အားလုံး လေ့ကျင့်ခန်း ကိုယ်စီဖြင့် ငြိမ်သက်နေရမည့် အချိန်။ ကျွန်မ ထိုအသံ လာရာသို့ စူးရှစွာ စိုက်ကြည့်နေသည်။ ကျန်ကလေးများ ပြူးတူးပြာတာနှင့် ငြိမ်သက် သွားပေမယ့် သူက မငြိမ်။ စကားကို ပြောမြဲ ပြောနေ၏။ ကျွန်မက လေသံမာမာဖြင့် “သက်သက်” ဟု အော်အော် ပြောလိုက်တော့ သူက မထူးခြားဟန်ဖြင့် “ဗျာ … ဆရာမ” ဟု ထူးပြီး …
“စကားပြောတာ မပြတ်သေးလို့ … ပြီးပြီ … ပြီးပြီ” ပြောင်ချော်ချော်နှင့် ပြောပြီး သူပြောလက်စ စကားကို ဆက်ပြော၏။ ကျန်ကလေးများက ကျွန်မ၏ အမူအရာကို မြင်ရုံမျှဖြင့် တုတ်တုတ် မလှုပ်ရဲ။ သူပြောတာကို ဘယ်သူမှ စိတ်မဝင်စားမှန်း သူသိ၏။ ဒါပေမယ့် ဆက်ပြော၍ မပြီး။
ကျွန်မ သူတို့ရှေ့မှ ဝုန်းခနဲထ၍ မတ်တပ်ရပ်လိုက်သည်။ တစ်ခုခု ပြောမည်ပြုပြီးမှ မပြောသေးဘဲ သူတို့နှင့်ဝေးရာသို့ လှမ်းလျှောက်သွားပြီး စာသင်းခန်းထဲမှာ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်၍ စဉ်းစားသည်။ ကျွန်မ သူ့ကို ဘယ်လို တုံ့ပြန်လိုက်ရမလဲ။
သူ့ကို ကျွန်မ ဘာဖြစ်လို့များ လက်ခံလိုက်မိသလဲ။ တကယ်တော့ သူ့ကို ကျွန်မ လွယ်လွယ်နှင့် လက်ခံလိုက်တာ မဟုတ်ခဲ့ပါ။ မိုင်းရှူးက ကျောက်တွင်းပိုင်ရှင်ရဲ့ သား။ အဖေက ကျောက်တွင်းမှာ အနေများပြီး အမေက သွားချည်လာလှည့်နှင့် အုပ်ချုပ်သည်။ ဒရိုင်ဘာ အဘိုးကြီး လင်မယားက ချက်ပြုတ်ကျွေးမွေး ပြုစုထားသော ကလေး ဆိုကတည်းက ကျွန်မ သူ့မျက်နှာကလေးကို တွေခနဲ မျက်မှောင်ကုပ်၍ ကြည့်လိုက်မိသည်။ မျက်နှာချွန်ချွန်၊ မေးရိုးတင်းတင်း ကလေးနှင့်မို့ ပြောဆိုလွယ်မည့်ပုံ မပေါ်။ သူ့ကို ကျွန်မ ငြင်းရန် စိတ်ကူးရသွားသည်။
“ကျွန်မရဲ့ စာကျက်ဝိုင်းမှာ ကလေး ဆယ်ယောက်ထက် ပိုပြီး လက်မခံနိုင်ပါဘူး … ခု လူပြည့်နေပြီ … နောက်ပြီး ဒီကလေး ရောက်လာတာလည်း အချိန်က သိပ်နှောင်းသွားပြီ … အစကတည်းက ရောက်နေတဲ့ ကလေးတွေကို ကျွန်မတို့ အားလုံး တာဝန်ယူပြီး ကြပ်မတ် ပေးနိုင်ပါတယ် … ခုတော့ သူ နှစ်စလောက်က ဘယ်လိုပုံစံနဲ့ စာကျက်လာမှန်းလည်း မသိဆိုတော့ …” ကျွန်မ အကြောင်းပြချက်တွေ တစ်လှေကြီးနှင့် အားမနာ ပါးမနာ ငြင်းသည်။
သူတို့ဘက်ကလည်း ကျွန်မကို အားနာလောက်အောင်၊ စာနာ သနားအောင် ပြောသည်။ တကယ်တမ်း လူမှုရေးစိတ်နှလုံးနှင့် ဆိုလျှင် စဉ်းစားရန် မလိုဘဲ လက်ခံလိုက်ရမည့် ချစ်စဖွယ်၊ သနားစဖွယ် ကလေးတစ်ယောက် ဖြစ်သည်။ သူ ဆိုးလည်း ဆိုးပေါ့။ ခပ်ဆိုးဆိုး ကလေးတွေကို ချစ်ခင်ကြင်နာစွာ ပြုစုပျိုးထောင်ရသော အလုပ်သည် ပျော်စရာ သစ်ပင်စိုက်နည်းတစ်မျိုး မဟုတ်လား။ ဒါပေမယ့် ကျွန်မ တကယ်လုပ်နေသော အလုပ်သည် စာမရသော ကလေးကို စာကူကျက်ပေးသော အလုပ်သာ ဖြစ်ပါသည်။ ကျွန်မနှင့် ကလေးများ ဆုံတွေ့ရသော ည ခုနှစ်နာရီမှ ဆယ်နာရီဆိုသော အချိန်ကာလမှာ ကျောင်းသားကလေးများ၏ အပုပ်ချိန်သာ ဖြစ်သည်။ တစ်နေကုန် တစ်နေခန်း ကျောင်းတွေ ပြေးလွှားတက်ပြီး ပင်ပန်းနွမ်းနယ် နေကြသော နွမ်းဖတ်ချိနဲ့နေသော ပွင့်ဖတ်အညှိုးအငုံလေးများ အဖြစ် ကျွန်မထံသို့ ရောက်လာကြသည်။ ထိုအချိန်မှာ သူတို့ နားမလည်ခဲ့သော၊ မကျေလည်ခဲ့သော စာများကို ဒီလိုဖတ်၊ ဒီလိုကျက်၊ ဒီလိုရေး၊ ဒီလိုတွေး၊ ဒီလိုတွက်နှင့် အင်အားပြည့် သွက်သွက်လက်လက် မောင်းနှင်ပေးရုံမှလွဲပြီး ကျွန်မ ဘာမှမလုပ်သင့်ပါ။ သူတို့စိတ်၊ သူတို့အခြေအနေ၊ သူတို့ဘဝကို အချိန်ယူ ပြုပြင်ပေးဖို့ ဖြစ်မှမဖြစ်နိုင်ဘဲ။ ကျွန်မ မဖြစ်နိုင်သော အလုပ်ကို မလုပ်လို။
ကျွန်မဘက်က လျှာပန်းကျအောင် ရှင်းပြငြင်းဆိုပေမယ့် သူတို့က လက်မလျှော့ပေ။ နောက်တစ်ခေါက် ထပ်ရောက်လာပြီး ကျွန်မ မငြင်းသင့်သော မိတ်ရင်းဆွေရင်းတို့ဖြင့် အပ်ပြန်သည်။ ထိုအခါ ကျွန်မဘက်က အဆုံးစွန်သော ပြတ်သားမှု တစ်ခုဖြင့် လက်ခံလိုက်ရတော့သည်။
“ကဲ … ဘယ်လိုမှ ငြင်းမရတော့ရင် ကျွန်မ နောက်ဆုံး တစ်ချက်တော့ ပြောပါရစေ … သားကို ပြောမှာပါ … မင်းအသက် ဘယ်လောက်ပဲ ငယ်တယ် ဆိုပေမယ့် ဆယ်တန်း ကျောင်းသားကြီး ဖြစ်ပြီနော် … ခု ဆရာမတို့ ပြောနေကြတာလည်း ကြားပြီးပါပြီ … ဒီတော့ သား ဆရာမဆီမှာ အစမ်းတစ်ပတ် လာပြီး စာကျက်ကြည့်ပါ … ဆရာမကို ငွေတွေ ကြေးတွေ ဘာညာတွေ ဘာမှ မကန်တော့ပါနဲ့ဦး … အဲ တစ်ပတ်အတွင်းမှာ ဆရာမရဲ့ စည်းကမ်းတွေ တကယ်ပဲ လိုက်နာနိုင်ပြီ ဆိုမှ ဆရာမ မင်းကို လက်ခံမယ် … ဘယ်နှယ်လဲ” ကျွန်မစကားကို ပြုံးမြမြနှင့် နားထောင်ပြီး “အာ … ရတယ် … ရတယ် ဆရာမ” ဟု ဆိုပါသည်။ လိုက်အပ်ပေးသူကတော့ ကျွန်မကို အားနာပါးနာနှင့် “အဲဒါသာကြည့် ဆရာမရေ … ကလေးက စကားကို ချေချေငံငံ မပြောတတ်တာပါ … ခွင့်လွှတ်နော်” တဲ့။
တစ်ပတ်လုံး အချိန်မှန်မှန် ရောက်လာ၏ ။ စာကို မှန်မှန်ကျက်၊ ပြန်ရေးခိုင်းတော့ မြန်မြန်ရေး၊ သူ့ကြိုးစားမှုကို ကြည့်ပြီး သူ့ကို အားနာမိသည်။ အရိပ်အာဝါသ ကင်းမဲ့နေသော ပင်ပျိုနုကလေးကို သနားငဲ့ညှာမှု ကင်းမိလေခြင်းဆိုပြီး စိတ်မကောင်းတောင် ဖြစ်လိုက်သေး။ ချစ်စဖွယ် တီတီတာတာ စကားနှင့် ဟာသဉာဏ် ရွှင်လှသော ထိုကလေးကို ကျွန်မ ချစ်ခင်နှစ်သက်မိပါသည်။ ကျွန်မက သူ့ကို ချစ်သောမျက်စိဖြင့် ကြည့်ရှုပြီး တစ်ပတ်ပြည့်သော အချိန်မှာ လက်ခံလိုက်မိသည်။
နှစ်ပတ်မြောက် စာကျက်ချိန်အထိ အဟုတ်။ နောက်ပိုင်းမှာ တဖြည်းဖြည်းနှင့် အတန်းလာချိန် နောက်ကျတာတွေ၊ ကျက်စရာစာအုပ် မေ့လာတာတွေ၊ စာကျက်ခိုင်းလျှင် တော်တော်နှင့် မရတာတွေ စ စလာတယ်။ ကျွန်မ၏ စာကျက်ဝိုင်းမှာ ဘယ်သူ့ကိုမျှ သူ့လိုပြောမနေရ။ စာကိုသာ ရှင်းပြနေရသည်။ ကျွန်မ၏ အကူဆရာမလေး နှစ်ယောက်မှာလည်း တစ်ဦးစီအတွက် စာရှင်းသော အလုပ်ကိုသာ ဖိဖိစီးစီး လုပ်ရသည်။ အချိန်ဖြုန်းမှုကို ပြုပြင်ခြင်း မရှိခဲ့ရ။ ခုတော့ သူ့အချိုးတွေက မနှစ်မြို့စရာ ဖြစ်လာသည်။ တစ်ခါ …၊ နှစ်ခါ …၊ သုံးခါ …။ နားလည်အောင် ဒဏ်ပေး၊ ရှင်းပြ သူ့မှာ အပြုံးမပျက်ခဲ့။ ကျွန်မ၏ စကားများကြောင့် သူ ဘာမှမဖြစ်။ သူ့ကြောင့်သာ ကျွန်မမှာ တနုံ့နုံ့နှင့် စိတ်အနှောင့်အယှက် ဖြစ်ရသည်။
ထိုနေ့က သူက စကားတွေ တတွတ်တွတ်ပြော၊ ကျွန်မက အခေါက်ခေါက် အခါခါ လမ်းလျှောက်၊ နောက်ဆုံး ကျွန်မ၏ စိတ်ကို ပိုင်းဖြတ်လိုက်၏။
“သက်သက် … မင်းပါးစပ် ပိတ်ထားလိုက်စမ်း … ခုချက်ချင်း ပိတ်ထားလိုက် … မင်းကို ငါ စောင့်ကြည့်နေတာ ကြာပြီ … စကားမပြောဖို့ သတိပေးရတာလည်း အခါခါ … မင်း ဒီအချိုးကို ဘယ်တော့မှလည်း ပြောင်းမှာ မဟုတ်ဘူး … သိမ်း … မင်းပစ္စည်းတွေ အကုန်သိမ်း … ထွက်သွား … ဒီအခန်းထဲက ခု ထွက်သွား”
ကလေးက ကျွန်မကို ပြူးကြောင်ကြောင်ဖြင့် ပြန်ကြည့်၏။ သူ့ပုံစံက သူ့မှာ ဘာမှ အပြစ်မရှိသလိုမျိုး။ ကျန်ကလေး အားလုံးကတော့ တစ်ခါမျှ မတွေ့မမြင်ဖူးသော ကျွန်မ၏ အမူအရာ အပြောအဆိုများကြောင့် ခေါင်းကလေးတွေ ငုံ့ပြီး ငြိမ်နေကြသည်။
“ဆရာမ ကျွန်တော် ဘာလုပ်လို့လဲ”
ကျွန်မက မတည်မငြိမ် ဒေါသတွေ ထွက်ပြီး ပွက်ပွက်ထနေသလောက် သူက နဝေတိမ်တောင်နှင့် အပြုံးမပျက်။ ကျွန်မ သူ့ကို ဘာပြန်ပြောရမှန်း မသိလောက်အောင် ဆောက်တည်ရာမရ ဖြစ်သွားသည်။ အကူဆရာမလေး နှစ်ယောက်က ကျွန်မနားကို လာရပ်သည်။
“သွား … ခေါ်သွား … အဲဒီ ကောင်ကို ငါ့ရှေ့က မြန်မြန် ခေါ်သွားစမ်း”
ထိုအချိန်မှာ ကျွန်မ ဒေါသသည် အစွမ်းကုန် ပေါက်ကွဲ၏။ ထိုကလေးကလည်း စာကျက်ခန်းထဲမှ ထွက်မသွားပါ။ ကျွန်မသာ ထိုအခန်းလေးထဲမှ ထွက်လာခဲ့သည်။ ထိုအချိန်မှာ ကျွန်မ၏ ရင်ထဲ စိတ်ကစဥ့်ကလျား အကြောင်းကို တစ်ပါးသူသိအောင် ပြန်ပြောမပြတတ်။ ကလေးတစ်ယောက်၏ ရှေ့မှ ထွက်လာခဲ့ရသော ကျွန်မအဖြစ်ကို ကျွန်မ ရှက်လို့မဆုံး။ စာဆက်သင်လို့ မရတော့လောက်အောင် ပျက်ယွင်းခဲ့ရသော အပြုအမူများကို တဒင်္ဂအတွင်း ထိန်းမထားနိုင်ခဲ့။
ကလေးများအားလုံး ပြန်သွားကြသော အခါတွင်မှ ကျွန်မ၏ အကူဆရာမကလေးကို ဖုန်းဆက်ခိုင်းရသည်။ နောက်တစ်နေ့ နေ့လယ်ခင်းမှာ ကလေးထံမှ ကျွန်မယူထားသော သင်တန်းကြေး လာယူပါရန်နှင့် ကလေးကို တပည့်အဖြစ် အသိအမှတ် မပြုနိုင်တော့ပါကြောင်း။ ကလေး၏ အုပ်ထိန်းသူလာလျှင် ပြေပြေပြစ်ပြစ် ဆက်ဆံနိုင်အောင် ကြိုးစားဖို့သာ စိတ်စောနေမိပါသည်။ ကျွန်မ လုပ်ဆောင်မှုမှန်သမျှကို “သက်သက်” က စိုးမိုးနေသည်။ ထိုအချိန်က ကျွန်မ၏ ရင်ထဲမှာ “ဒီကောင် တမင်သက်သက် စော်ကားတာ” ဟူ၍သာ ပဲ့တင်ထပ်နေ၏။ ဘာလုပ်လုပ် မဖြောင့်။
အိမ်ရှေ့ ကားရပ်သံတွေကြားတော့ ရင်ခုန်သံတွေ မြန်လာသည်။ ကလေးများ၏ မိခင်တချို့နှင့်အတူ သက်သက်အမေလည်း ပါလာသည်။ ကျွန်မ၏ တပည့်ကလေး နှစ်ယောက်၊ သုံးယောက်လည်း ပါလာသည်။ သက်သက်လည်း ပါလာသည်။ ဒါပေမယ့် သူ ကားပေါ်က ဆင်းမလာပါ။ ထုံးစံအတိုင်းပင် မိဘများက ဝိုင်းဝန်းတောင်းပန်ကြ၏။ အထူးသဖြင့် သက်သက်၏ အမေ၊ မျက်ရည်တွေ ဝဲနေသော မိခင်တစ်ယောက်၏ မျက်ဝန်းကို လျစ်လျူပြုရလောက်အောင် ကျွန်မ အသည်းမမာနိုင်ပါ။ ဒါပေမယ့် ကျွန်မ အလုပ်လုပ်ရမှာက ထိုမိခင်နှင့်မှ မဟုတ်ပေဘဲ။ သူ့သားနဲ့လေ။ ပြီးတော့ သူ့သားမှ “စိတ်” ရှိ၏။ သက်သက်က ကျွန်မအတွက် “စိတ်နှင့် လူတစ်ယောက်” ဖြစ်နေသည်။
မိဘတွေကလည်း ကျွန်မကို အနူးအညွတ် တောင်းပန်ကြသည်။ ထုံးစံအတိုင်း ကလေးများ ကန်တော့ တောင်းပန်စေရန် ဖန်တီးကြ၏။ ကျွန်မ လုံးဝ လက်မခံခဲ့ပေ။ အမှားကို သူများပြောမှ သိခြင်းထက်၊ ကိုယ်တိုင်ကိုယ်ကျ သိသော အသိကိုသာ ကျွန်မ လိုလားသည်။ ထိုအမှားမျိုး မလုပ်ရန်သာ လိုလားသည်။ ကန်တော့လောက်အောင် သိတတ်နေပြီ ဆိုမှတော့ ထိုကလေး မိုက်ပါဦးမလား။ သူတို့ အစီအစဉ်ထဲမှာ သက်သက် မပါသေးပါ။ သက်သက်တစ်ယောက် ကားပေါ်မှ ဆင်းမလာသေးပါ။ သူ့အမေကတော့ မျက်ရည်ကျရှာ၏။
“ဆရာမရယ် … သားရဲ့သမိုင်းကြောင်းထဲမှာ ဆရာမက ကျောင်းထုတ်ပစ်ရတယ် ဆိုတဲ့ အဆိုးကြီး ပါသွားမှာ စိုးလွန်းလို့ပါ ဆရာမရယ် … ဆရာမ ကြိုက်သလို ဆုံးမပါ …. ကျွန်မရော သူ့ပါပါးရော ကျေနပ်ပါတယ် … စိတ်ဆိုးပါ ဆရာမရယ် … ပြီးရင် ကျေပါနော် … ဆရာမမေတ္တာ စူးရောက်ပါတယ် … ကလေးက စာမေးပွဲ ဖြေရဦးမှာပါ … စာမေးပွဲလည်း သိပ်နီးနေပါပြီ ဆရာမ”
“ဟုတ်ကဲ၊ စာမေးပွဲ နီးလို့လည်း ကျွန်မ သူတို့ကို ဂရုစိုက်ပြီး သင်ပေးနေတာပါ … ဒီရက်ပိုင်းမှာ သူ စိတ်မပါရင် ဘယ်မှာပဲ စာကျက်ကျက် သူ့အတွက် အကျိုးမရှိနိုင်ပါဘူး … စိတ်ပါတဲ့နေရာမှာ ကျက်မှ ရမှာပါ … စာကျက်တဲ့အလုပ်က သူကိုယ်တိုင် လုပ်ရမယ့်အလုပ်မို့ ကျွန်မငြင်းတာပါ”
ကျွန်မကလည်း ဇွတ်ကန်ငြင်း၏။ ဇာတ်မျောကြီး ဖြစ်နေသည်။ ဒီဇာတ်ကို ကျွန်မပင် ဖြတ်ရပေတော့မည်မို့ အကောင်းဆုံး အခြေအနေနှင့် ပွဲသိမ်းရန် အမြန် စဉ်းစားဆုံးဖြတ်ရတော့သည်။
“ကဲပါလေ … ကျွန်မ ကလေးအတွက် ထောက်ထား ညှာတာပြီး ဆုံးဖြတ်ပါမယ် … ဒီနေ့က စပြီး (၇) ရက် စဉ်းစားပါရစေ … ကျွန်မရဲ့ စာကျက်ဝိုင်းမှာ ဘယ်လိုစည်းကမ်းတွေ ရှိတယ်ဆိုတာ သူ သိပါတယ် … လိုက်နာချင်တဲ့ အခါမှာလည်း သူ လိုက်နာနိုင်ခဲ့ပါတယ် … စာလာပြီး ကျက်တယ်ဆိုတာ သူ့အတွက် အဓိက လုပ်တာပါ …. ဒီတော့ ကျွန်မနဲ့ စာဆက်ကျက်ဖို့ စိတ်ဆန္ဒရှိတယ်ဆိုရင် နောက်တစ်ပတ် တနင်္လာနေ့မှာ လိုက်ပို့လိုက်ပါ …. တစ်ခုတော့ ရှိတယ်နော် … စိတ်သစ်လူသစ်နဲ့ လာတာကိုပဲ ကျွန်မ ကြိုချင်ပါတယ် … ဒါကြောင့် အဲဒီနေ့ကို လာရင် တကယ့် စိတ်အသစ်နဲ့ပဲ လာပါ … ကျွန်မကို ကန်တော့စရာလည်း မလိုဘူး … တောင်းပန်စရာလည်း မလိုဘူး … ပြီးပြီးသား အကြောင်းတွေကိုလည်း ပြန်ပြောစရာ မလိုပါဘူး … ခုနှစ်ရက်အတွင်း သူမှားသလား … ကျွန်မမှားသလား စဉ်းစားပါလိမ့်မယ် … မှားရင်ပြင်နိုင်ရမှာပေါ့ မဟုတ်ဘူးလား … ဒါမှ လူကောင်းသူကောင်း ဖြစ်မှာလေ …. အဲဒါကိုသာ နားလည်အောင် ပြန်ပြောပြလိုက်ပါ”
ကျွန်မ၏ မှာတမ်းက ရှည်၏။ ကလေး၏ မေမေကတော့ ခေါင်းတညိတ်ညိတ်နှင့်။ ကျန်မိဘတွေက ကောင်းပါတယ် ဆရာမ၊ ကောင်းပါတယ်နှင့် ထောက်ခံကြသည်။ ပါလာခဲ့ကြသော သက်သက်၏ သူငယ်ချင်းများလည်း ပြုံးယောင်သမ်းလာကြပြီး ပေါ့ပါးသွား ရွှင်လန်းသွားပုံ ရသည်။ ဧည့်သည်တွေ ပြန်သောအခါ ကျွန်မ ကားအထိရောက်အောင် လိုက်မပို့ဖြစ်ခဲ့ပါ။ သူတို့ ပေါ့ပေါ့ပါးပါး ပြန်သွားကြသော်လည်း ကျွန်မကတော့ လေးလေးပင်ပင် ကျန်ရစ်ခဲ့ပါသည်။
ဒီကလေး ကျွန်မထံသို့ နောက်တစ်ဖန် ပြန်ရောက် လာလေဦးမှာလား၊ ဒါမှမဟုတ် ကျွန်မထံပါးမှ လွင့်စင်သွားမှာလား။ သူ့မာမီ အလိုအရ ပြန်လာမည်ဆိုလျှင် ကျွန်မကို နှောင့်ယှက်ဖို့ အစီအစဉ်တွေ အများကြီး လုပ်လာမှာ သေချာသည်။ သူ့စိတ်လိုအတိုင်း ပြန်လာဖို့ ရာခိုင်နှုန်း မည်မျှ မျှော်လင့်နိုင်မလဲ။ ကျွန်မ သူ့ကို လျှော့မတွက်ရဲပါ။ သူ့မာနနှင့် သူ့စိတ်ကူးကို နားမလည်နိုင်တာ ဖြစ်ပါသည်။
သူ့ကို နားမလည်သော ကျွန်မသည် ကျွန်မကိုယ်ကျွန်မ နားလည်ခဲ့သလား ပြန်တွေးရသည်။ ပထမဦးစွာ သက်သက် ပြန်လာစေချင်သလား။ မလာစေချင်သလား စဉ်းစားသည်။ သက်သက်ကို ကျွန်မ ချစ်ခင်တွယ်တာပါသည်။ မေးချွန်ချွန်ကလေးနှင့် မျက်စိကလေး မှေးစင်းပြီး ရယ်စရာတွေ တသောသော ပြောကာ ဆံပင်ဝဲဝဲကလေးကို ခါသွားအောင် ခေါင်းမငြိမ်တတ်သော သက်သက်ကို ကျွန်မထံသို့ ပြန်ရောက်လာစေချင်သည်။ ဒါဆို သူ့ကို ဘာဖြစ်လို့ နှင်ထုတ်မိတာလဲ။
ဟန်တစ်လုံး ပန်တစ်လုံးနှင့် ဆရာမ တစ်ယောက်၏ ထိန်းသိမ်းအုပ်ချုပ်မှု ပရိယာယ်ဟုတော့ မပြောလိုပါ။ သက်သက်ကို ကျွန်မ အမှန်တကယ် စိတ်ဆိုးခဲ့ပါသည်။ ကျွန်မ၏ စာသင်ခန်းထဲမှ အဟုတ်တကယ် နှင်ထုတ်ခဲ့သော ကျွန်မ၏ ဒေါသကို ကျွန်မ မမေ့သေးပါ။ ခု ကျွန်မ သိချင်နေတာက ထိုဒေါသ၏ လာခဲ့ရာ အကြောင်းအရင်းကိုပင် ဖြစ်သည်။ သက်သက်ကို ကျွန်မ ဘာကြောင့် အပြစ်တင်ချင်စိတ်တွေ လျှံကျနေပါလိမ့်။
“တုပ်ကွပုဆစ်၊ ဆရာစစ်၌၊ ကြောက်ချစ်ရိုသေ၊ လုပ်ကျွေးထွေဖြင့်” ကဗျာကို သွေးထဲ သားထဲမှာ အသားတကျ လှည့်ပတ်နေအောင် ကျက်မှတ်ခဲ့ပြီး၊ ဆရာ ဆရာမများကို ကြောက်လည်း ကြောက်၊ ချစ်လည်း ချစ်၊ တွယ်တာမြတ်နိုးစိတ်ဖြင့် အားကိုးအားထားပြု ဦးထိပ်ပန်ဆင်ခဲ့ရသော ငယ်ဘဝ၏ အရိပ်များလည်း ပါဝင်မည် ထင်ပါသည်။ နောက်ပြီး ကျွန်မ၏ အစ်မများက ဆရာမများဆိုတော့ သူတို့တပည့်များနှင့် ဆက်ဆံရေးကို နားမဆံ့အောင် ကြားနေရတာလည်း ပါဝင်ပေလိမ့်မည်။
“အဲဒီ ကလေးကဟယ် … အဖေမနိုင် အမေမနိုင်လေးတဲ့ … ငါ ရောက်သွားတော့ အိပ်ရာကတောင် မထသေးဘူး … သူ မျက်နှာသစ်တာ သွားတိုက်တာ မနက်စာ စားတာကို တစ်နာရီနီးပါး စောင့်ရတယ် … စာသင်ပြီးလို့ ခဏနေတော့ ဘာလုပ်တယ် မှတ်သလဲ … နာရီကြည့်ပြီး ဆရာမ အချိန်ပြည့်ပြီတဲ့ … ငါ့မှာ စိတ်တိုရအခက်၊ ရိုက်ရအခက် … မင်းအလုပ် မင်းလုပ်နေတာကိုက ဆရာမ စာသင်ချိန်ထဲမှာလေ … ငါကတော့ တစ်နာရီပြည့်အောင် သင်မှာပဲဆိုပြီး ဇွတ်ဆက်သင်တော့လည်း လိမ်ပိန်ရှုံ့မဲ့နေတာပဲ” ဆိုတော့ ကျွန်မမှာ မနေနိုင်မထိုင်နိုင် ဒေါသတွေ ဖြစ်ပြီး …
“ဒါမျိုးဆို ထရိုက်ပစ်ပေါ့ မမကြီးရဲ့ … တုတ်အကြောင်း မသိသေးလို့ပေါ့ … နှစ်ခါ မရိုက်ရဘူး” ဟု အကြံပေးခဲ့ဖူးသည်။
“မရဘူးဟဲ့ ... သူ့အဘွားက ငါ စာသင်ပြီဆို ဝဲနေတာ ... သူ့မြေးကို အသံမာမာ ပြောတာတောင် မကြိုက်ဘူး”
“အံ့ဩပါရဲ့တော် … ကောင်းအောင် ပြုပြင်ပေးတာများ … ဒါဆို မသင်နဲ့တော့ … ဒီလိုအမျိုးအစားတွေကို သူတို့ထိုက်နဲ့ သူတို့ကံ”
“သင်တော့ မသင်ချင်ဘူးပေါ့ဟယ် … ငါ့မှာက သူတို့ပိုက်ဆံ ယူထားပြီးပြီကိုး ... တစ်နှစ်စာ အပြတ်ပေးထားတာ ဆိုတော့ ဘာပဲဖြစ်ဖြစ် သင်ရတော့မှာပေါ့ … သူ့ကိုသင်ရတာ ငါ့မှာ နည်းပရိယာယ်တွေ စဉ်းစားရလွန်းလို့ ဆံပင်တွေ ဖြူတယ် ထင်တာပဲ … သူ မကျက်ရင် သူ မရဘဲ နေမှာလို့လည်း မလုပ်ရဲဘူး … ကိုယ့်နာမည်လည်း အပျက်မခံနိုင်ဘူး … ဘယ်နည်းနဲ့ ရရ ရအောင်တော့ သင်ရတော့တာပဲ … စိတ်ညစ်ပါတယ်”
မမကြီးက သူ့တပည့်ဆိုးလေးတွေအကြောင်း ခြူသံပါအောင် ညည်းတိုင်း ကျွန်မ စာနာ ခံစားခဲ့ရသည်။ ကျွန်မ စာသင်သောအခါတွင် ကျဉ်းကျပ်ပိတ်လှောင်သော ဘောင်မှ ကင်းလွတ်၍ စိတ်ချမ်းသာစွာ သင်နိုင်မည့်လူကိုသာ ရွေးချယ်လက်ခံမည်ဟူသော အဓိကအချက်ဖြင့် ကျွန်မ၏ လုပ်ငန်းကို စခဲ့သည်။ ကံကြမ္မာသည် ကျွန်မဘက်မှာ ရပ်တည်ရှာပါသည်။ စီးပွားရေးနောက်ကို ကောက်ကောက်ပါအောင် လိုက်ရန်မလိုအပ်သော ကျွန်မ၏ အခြေအနေကို အားကိုးပြု၍ “ပိုက်ဆံပေးတိုင်း မရ” ဟူသော အသိကို တတ်နိုင်သူများ သိစေရန် ကျွန်မက စည်းတစ်ခု ပြုလုပ်ထားလိုက်သည်။ ထို့ကြောင့် ကျွန်မ၏ စာကျက်ဝိုင်းကလေးတွင် စာညံ့သော၊ စာမလိုက်နိုင်သော ကလေးများမှအပ စာမကျက်ချင်သော ကလေး မရှိခဲ့ပေ။ သက်သက်နှင့် တွေ့တော့ ကျွန်မ ဟန်ချက် ပျက်ရတော့သည်။ သက်သက်က စာမကျက်ချင်သော ကလေးလား …။
ဒီလိုတော့ မဟုတ်ပေ။ သူ့စိတ်မှာ စာကျက်ချင်တာ၊ မကျက်ချင်တာထက် သူ့ထက် သူများသာသွားတာကို မလိုလားစိတ်နှင့် ရှင်သန်နေသူသာ ဖြစ်သည်။ သူ ရောက်မလာသေးလျှင် ကျွန်မ၏ စာသင်ခန်းကလေးမှာ တီးတိုးစကားသံများဖြင့်သာ ငြိမ်သက် နေတတ်သော်လည်း သူ ရောက်လာပြီ ဆိုလျှင်တော့ သူ့စကားသံများဖြင့်သာ ဆူနေတော့သည်။ သူပြောတာ တခြားစကား မဟုတ်။
“ဟေ့ကောင်တွေ ... မနေ့က ကျက်ခိုင်းလိုက်တာ ရပြီလား … ဟာ ... မင်းတို့ အကုန် ပြီးကြပြီပေါ့ … ငါတော့ မရဘူး … ငါ စာလည်း မကျက်ဖြစ်ဘူး သိလား … ငါတော့ လှိမ့်အိပ်တာပဲ”
တစ်ရက်လည်း မဟုတ်၊ နှစ်ရက်လည်း မဟုတ်။ သူပြောနေကျ ဘာသာရပ်က တစ်ခုတည်းပင်။
“ငါ စာမရဘူး … မင်းတို့က ရတယ် … ငါ ညက တီဗီကြည့်တာ တစ်လျှောက်လုံး … တီဗီချိန် ပြီးတော့လည်း တီဗီဂိမ်း ဆက်ဆော့တယ် … ညက တစ်နာရီကျော်မှ အိပ်တာ … ငါကတော့ စာမကျက်ရ ပြီးရောကွာ … ပျင်းတယ်”
ကျွန်မက သူ့စကားတွေကို ဆက်ပြီး နားမထောင်လိုတော့၍ “ကဲ … စာအုပ်တွေ ပိတ် … အလွတ်ရေးမယ် … အသံတွေ မထွက်နဲ့တော့” လို့ အသံမာမာနှင့်ပြောပြီး စာတွေ ဖြေခိုင်းရသည်။ ထိုအချိန်မှာ ကုန်း၍ ဖြေသူကလည်း သူပင်။ အရင်ဦးဆုံး ပြီးသူကလည်း သူပင်။ အကုန်မှန်သူကလည်း သူပင်။ သူ မှန်သော်လည်း၊ ကျွန်မ သူ့ကို ချီးကျူးချင်သော်လည်း ကျန်ကလေးများရှေ့မှာ ချီးကျူးရဲမလား။ စာမကြည့်ဘဲ တီဗီဂိမ်းကစားပြီး လာဖြေရင်း အမှတ်ပြည့်ရအောင် ဖြေပုံကို အားပေးအားမြှောက် ပြုရမှာလား။ ကျွန်မ သက်သက်ကို အေးအေးဆေးဆေး စကားပြောရသည်။
“မင်း ဘာဖြစ်လို့ မဟုတ်တာတွေ လျှောက်ပြောရတာလဲ … မင်း စာတွေ အကုန်ရရဲ့သားနဲ့ မရဘူး မကျက်ဘူးလို့ ဘာလို့ ပြောရတာလဲ” ဆိုတော့
“ဟာ … ဆရာမကလည်း တကယ်မရတာ … မကျက်ပါဘူးဆို” ချည်း ပြောပြန်သည်။ တကယ်တော့ ကျွန်မနှင့် သက်သက် တွေ့ချိန်၊ စာကျက်ချိန် နည်းနည်းကလေး အတွင်းမှာ သက်သက်အတွက် ပြုပြင်ချိန် မရှိခဲ့ပါ။ သက်သက်ပေါ်မှာ မကျေနပ်တာ အားမရတာတွေ ကျွန်မ၏ စိတ်ထဲတွင် တစ်ရစ်ပြီးတစ်ရစ် တက်၍ အနည်ထိုင်လာခဲ့ဟန် တူပါသည်။ နောက်တော့ သက်သက်ပေါ်မှာ ကျွန်မ အပြစ်ချည်း မြင်နေမိခဲ့သည်။ အဆိုးဆုံးကတော့ “ပိုက်ဆံပေး သင်တာပဲ ဆိုပြီး စည်းမဲ့ကမ်းမဲ့ လုပ်လို့ရမယ် မထင်နဲ့“ လို့ ခဏခဏ ကြိမ်းမိခြင်းပင်။ သက်သက်မိဘများ၏ စည်းစိမ်ချမ်းသာက ကျွန်မကို အန္တရာယ်ပြုဟန် တူပါရဲ့။ ထစ်ခနဲဆို စာသင်ခန်းမှ နှင်ထုတ်ပစ်ရန်သာ အာရုံရှိခဲ့မိသော ကျွန်မသည် ကလေး၏ အပြစ်ကို ကျကျနန ပြောဆိုဆုံးမမှု မပြုဘဲ ဒေါကြီးမောကြီးနှင့် နှင်ထုတ်ပစ်လိုက်သည်။
သွေးအေးအေးနှင့် ပြန်စဉ်းစားသောအခါ မသိနားမလည်သော ကလေးတစ်ယောက်ကို အနည်းဆုံး အချိန်တစ်နာရီခန့်ယူ၍ ဆွေးနွေး မဆုံးမမိခဲ့သော ကျွန်မ အားနည်းချက်ကို ပြန်၍ မြင်လာခဲ့သည်။ ဒါပေမယ့် ကျွန်မမှာ ကလေးနှင့် ပတ်သက်ပြီး ဆောင်ရွက်ရန် အခွင့်အရေးက မသေချာတော့ပေ။ တစ်ပတ်အချိန်ယူ စဉ်းစားခဲ့ရန် အဟန့်အတားပြုပြီးမှ ကျွန်မ သူ့ကို မည်သည့်နည်းနှင့် အဆက်အသွယ် ပြုသင့်ပါသနည်း။
တစ်ပတ်ဆိုသော အချိန်ကာလအတွင်းမှာ နေ့စဉ်နှင့်အမျှ စိတ်မကြည်မလင်နှင့် စာသင်ခဲ့သည်။ သက်သက်၏ နေရာလပ်ကလေးကို ကြည့်ပြီး နှုတ်ဆွံ့နေခဲ့သည်။ ကလေးတွေကလည်း ဘာတစ်ခွန်းမျှ မပြော။ ခါတိုင်း အကူဆရာမကလေးများနှင့် ကလေးတွေကိစ္စ စာကိစ္စ တတွတ်တွတ် ပြောဖြစ်သလောက် သက်သက်နှင့် ပတ်သက်၍ ကျွန်မဘက်က ဘာမျှမပြော။ တစ်ပတ်ပြည့်တော့မည့် တစ်ရက်အလိုတွင်တော့ အကူဆရာမလေးများက ကျွန်မရောက်မလာခင် ကလေးများနှင့် စကားပြောနေကြသည်။
“ဒီတစ်ခါ ဆရာမ အရမ်းကို စိတ်ဆိုးသွားတာ … ကြည့်ပါလား ဟိုကောင်နဲ့ ပတ်သက်ပြီး ဘာမှမပြောတော့ဘူး … မင်းတို့လည်း သတိထားနေကြနော် … ဆရာမက သည်းခံရင်လည်း နှစ်ယောက်မရှိဘူး … တကယ်စိတ်ဆိုးရင်လည်း လှည့်မကြည့်တော့ဘူး”
ကလေးများက ငြိမ်နေကြသည်။ ကျွန်မ အပြင်မှာရပ်ပြီး ငြိမ်နေသည်။ ဘာများ ဆက်ကြားရမလဲ။ ကလေးများက အသံမပေး။ ဆရာမလေးများ၏ ဆုံးမစကားကို သံယောင်လိုက်ပြီး စည်းကမ်းအကြောင်း၊ ကြိုးစားဖို့အကြောင်း ဝင်ပြောရင်းက ကလေးများမှတစ်ဆင့် သက်သက် ပြန်ရောက်အောင် ကြိုးစားကြည့်မလား စဉ်းစားမိပေမယ့် ကျွန်မ ဘာမှမပြောဖြစ်ပါ။ ကျွန်မ ခံစားနေရသလို သူကလေး တွေးနေစေချင်သည်။ စကားမများသင့်သော အချိန်မှာ စကားတွေ အများကြီး ပြောမိတဲ့အတွက်၊ ဆရာမကို ပြောင်စပ်စပ် လုပ်မိတဲ့အတွက် သူ့အလိုလို နောင်တ ရစေချင်သည်။ သူ့မေမေ၏ တိုက်တွန်းမှု၊ သူငယ်ချင်းများ၏ ဆွဲဆောင်မှုကြောင့် မဟုတ်ဘဲ သူ့အလိုလို ကျွန်မဆီ ရောက်လာခဲ့လျှင် သက်သက်သည် အဖိုးတန်နေသော လူငယ်ကလေးဖြစ်မှာ အမှန်ပင်။
ခုနှစ်ရက်မြောက်သော ယနေ့သည် ကျွန်မစိတ်တွေ အလှုပ်ရှားဆုံးပင်။ ကလေးများထက် နောက်ကျ၍ ကျွန်မ ရောက်သွားခဲ့ပေမယ့် စိတ်က တစ်ချိန်လုံး ကျွန်မ၏ စာသင်ခန်းကလေးဆီကို ရောက်နေသည်။ အမှောင်ပျိုးစ၊ လမ်းမီးမှိန်မှိန်များအောက်မှာ ကျွန်မ၏ ခြေလှမ်းများက ရီဝေဝိုးတဝါး လှမ်းနေရ သလိုပင်။ သေချာတာ တစ်ခုကတော့ သက်သက်ပေါ်မှာ ကျွန်မ၏ အာဃာတများ လုံးဝ ကင်းပသွားခြင်းပင်။ လူကလေးကို မသိတာတွေ သိအောင် ပြောချင်သေးတယ်ဟု တမ်းတမိတယ်။ ဖိုးလမင်းကြီးရယ် ... ကူညီပြောမပေးချင်ဘူးလား။ ကြယ်ကလေး တစ်ပွင့် နှစ်ပွင့်ကတော့ မျက်စပစ်၍ ထောက်ခံရှာသည်။ ဒီည … လမိုက်ညလား၊ လာသာညလား … ဘာဖြစ်မလဲဟု စိတ်လှုပ်ရှားရင်း သွက်သွက်လျှောက်ရသည်။
ဒီကနေ့မှ ကျွန်မ တမင် နောက်ကျသောကြောင့် အကူဆရာမလေးများ အတန်းဝင်နှင့်ကြလေပြီ။
“မမ စာဖြေခိုင်းထားနှင့်ပါတယ်”
အကူဆရာမလေးကို အလိုက်သင့် ခေါင်းညိတ်ပြလိုက်ပြီး ရင်ခုန်ခြင်း များစွာဖြင့် ခုနှစ်ရက်တိတိ လစ်လပ်ခဲ့သော နေရာကလေးကို လှမ်းကြည့်လိုက်သည်။
ဟော … ဟိုမှာ သာနေပါပြီ၊ ကျွန်မ၏ ငွေလမင်းကလေး …။
-----------
ဝင်းဝင်းမြင့် (နန်းတော်ရှေ့)
credit to မြန်မာဝတ္ထုတိုများ
share by မွန်းလေးဖေဖေ
No comments:
Post a Comment