"အကယ်ဒမီ မိလုံး"
💫❇💫❇💫❇
#မေလှိုင်းဖြူ
တပေါင်းနွေသည် ချစ်ချစ်တောက် ပူလွန်းလှ၏။ မည်းနက် ပြောင်လက်နေသော နိုင်လွန်ကတ္တရာလမ်းမှာ အရည်ပျော်လျက် ပူစီဖောင်းကလေးများ အဖု အဖု ထနေသည်။ အပူတံလျှပ်များက တရိပ်ရိပ် လှိုင်းထကာ လွန့်လွန့်ပြေးနေသည်။ ခါတိုင်းဆိုလျှင် ဒီအချိန်က မိလုံး အိမ်ပြန်နေကျအချိန် မဟုတ်ပါ။ တစ်စုံတစ်ရာသော စိတ်ဆန္ဒတစ်ခု၏ တွန်းပံ့နှိုးဆော်မှုကြောင့်သာ မိလုံး မွန်းတည့် တစ်နာရီအချိန် နေပူပြင်းပြင်းမှာ မပြန်စဖူး အပြန်ထူးပြီး အိမ်ပြန်လာခြင်းဖြစ်သည်။
မိလုံး နေတာက မြန်မာပြည်တစ်လွှား ဟိုးဟိုးကျော်လှသည့် ငပလီကမ်းခြေ ရွှေမြို့တော်ကြီး၏ မှိုဟင်းပြင်ကျေးရွာမှာ။ ငပလီက မြို့ပြဖြစ်တာ မကြာသေးတာကြောင့် မြို့အင်္ဂါရပ်တွေနှင့် တိတိပပ မပြည့်စုံသေး။ တောဓလေ့ တောအငွေ့အသက် တောရနံ့များက ကြီးစိုး အားကောင်းနေဆဲ။
သဘာဝက လက်ဆောင်ပေးထားသည့် တောတောင်၊ တောင်ယာ၊ ချောင်းမြောင်းတွေကို ဖောချင်းသေားချင်း ပိုင်ဆိုင်ထားကြ၍ မိလုံးတို့ ရွာက လူတွေ လယ်လုပ်၊ ငါးရှာ၊ တောတိုး၊ မျှစ်ချိုး၊ ခရုကောက် ဆိုတာမျိုး သမာရိုးကျ အလုပ်တွေကို လုပ်ကြပေမယ့် သည်အထဲ မိလုံးတို့ ဇနီးမောင်နှံ မပါ။ `တောမို့ ရှာစားနေတယ်´ ဆိုတာ ဒီမိုကရေစီတစ်ဖြစ်လဲခေတ်မှာ အမ်းဒိတ်ဖြစ်လို့ နေပါပြီ။ လယ်လုပ်ချင်သလား လယ်ပိုင်ရှင်မှ၊ ငါးရှာမယ်ဆို ပိုက်ကွန်ရှိမှ၊ တောတိုးမယ်ဆို တောင်ယာပိုင်ဆိုင်မှ လုပ်လို့ရတာတွေ။ ငယ်စဉ်ကတည်းက မိမစုံ၊ ဖမစုံ ကြီးပြင်း လူလားမြောက်လာခဲ့သည့် မိလုံး။ သိတတ်မှတ်တတ်ပါပြီဆိုကတည်းက နွမ်းပါးချို့တဲ့စွာသော အဒေါ်တစ်ယောက်၏ အရိပ်မှာ မိုးမလုံ လေမလုံ ခိုမှီရင်း ဘ၀ကို ကျော်ဖြတ်လာရသူမို့ လောကဓံဆိုတာ မိလုံးအဖို့ ထမင်းစား ရေသောက်ပမာ ရိုးအီလို့ နေပါပြီ။
ဘ၀မှာ မိလုံး ပိုင်ဆိုင်တာဆိုလို့ ခေါင်းပေါ်မှာ ရွက်လာသည့် ဈေးတောင်းတစ်လုံးပါ။ ဈေးတောင်းတစ်လုံးရှိလျှင် မိလုံးတို့ မိသားစု စားဝတ်နေရေး ဖူးလုံနေပါပြီ။ ကြုံဆုံလာသမျှ လိုအပ်ချက်တွေကို ဈေးတောင်းတစ်လုံး ခေါင်းပေါ်တင် ရွာစဉ်တစ်လျှောက် လှည့်လည်ရောင်းချရင်း ဖြေရှင်းပစ်သည်ချည်း။ စပါးပေါ်ချိန်မှာ လယ်သမားဆီက ဆန်ဖောက်သည် ယူရောင်းသည်။ တံငါဆီမှ ငါး၊ ပုစွန် ယူရောင်းသလို ရာသီပေါ် ဘူး၊ ဖရုံ၊ သခွား၊ ချဉ်ပေါင်၊ ကန်စွန်း၊ မျှစ်ဆိုတာ မိလုံး၏ ဈေးတောင်းမှာ အမြဲ ပြည့်လျှံနေရာယူနေသမျှ မိလုံးတို့ မိသားစု ထမင်းတစ်လုပ် မငတ်ရေးချ မငတ်နိုင်။
ထုံးစံအတိုင်း မိလုံး ဈေးတောင်းမှာ ဟင်းရွက်စည်းတွေ အပြည့်အသိပ်ထည့်ပြီး ဈေးရောင်းရန် ထွက်ခဲ့သည်။ မှိုဟင်းပြင်တောင်ကို ကျော်ပြီးနောက် မဇင်၊ ဇီးဖြူကုန်း၊ ငပလီမှာ ရောင်းချပြီးမှာ မီးဖိုချောင်နဲ့ အိမ်မှာ လိုတာတွေ ၀ယ်ပြီး အိမ်ပြန်မြဲ။ ဒါက နိစ္စဓူဝ မိလုံး ရုန်းကန်ရသည့် ဘ၀။
" ငပလီမှာ ရုပ်ရှင်အဖွဲ့တွေ ရောက်နေတယ်"
ဇီးဖြူကုန်းကွက်သစ်မှာ ဈေးလည်းရောင်းနေစဉ် ကြားလိုက်ရသည့် စကားတစ်ခွန်းကြောင့် မိလုံး ရင်အစုံ တဒုတ်ဒုတ် ခုန်ရသည်။ သည်လို စကားမျိုးကြားတိုင်း မိလုံး ဘယ်လိုမှ ဈေးဖြောင့်ဖြောင့် မရောင်းနိုင်။ မင်းသားက ဘယ်သူလဲ။ မင်းသမီးကရော ဘယ်သူလဲ။ လူကြမ်းတွေက ဘယ်သူတွေလဲ စသည်ဖြင့် အတွေးတွေ ဘောင်ဘင်ယှက်ပြီး အိပ်တောင် မပျော်။ ဘ၀ပေးအခြေအနေအရ ကုန်စိမ်း ကုန်ကျက် အရပ်တကာလည် ဈေးရောင်းစားနေရပေမယ့် မိလုံး ငယ်စဉ်ကတည်းက ၀ါသနာပါတာက ရုပ်ရှင်သရုပ်ဆောင်တစ်ဦးဖြစ်လိုတာပါ။
"ဟဲ့ ... မိလုံး၊ အိမ်ပြန်လာတာ စောလှချည်လား၊ နေများ မကောင်းလို့လား"
" အမေ ပြန်လာပြီ၊ မုန့်ပါလား အမေ "
ခေါင်းပေါ်က ဈေးတောင်းကြီးကို အိမ်ကပြင်မှာ ဘုတ်ခနဲ ပစ်ချလိုက်တာနဲ့ ကြိုဆိုနေကြသည့် အသံများက အလုအယက် တိုးဝင်လာ၏။ မိလုံး ပြန်မဖြေအားသေးပါ။ အပေါ်ကို ကျီးကန်းတောင်းမှောက် ကြည့်ရင်း လင်တော်မောင် ငတေ ရှိ၊ မရှိ အကဲခတ်ရသည်။
" အရီး၊ အရီးသား ဘယ်သွားလဲ"
" ငမှိုင်းတို့ တောင်ယာခုတ် လာခေါ်သွားတယ်၊ တစ်အောင့်ကြာပြီ"
မိလုံး စိတ် ဒုန်းဒုန်းအေးသွားပြီ။ ငတေ မရှိမှ အဆင်ချောမှာလေ။ ငတေ အိမ်မှာ ရှိမနေခြင်းက သူမအတွက် မဟာအခွင့်ထူးလူသားဖြစ်သွားပြီ။
"ရော့ ... အကြီးမ၊ မုန့် လာယူ"
မိလုံး ၀ယ်လာသော အာလူးကြော်ထုပ်ကို သမီးကြီးဆီသို့ ပစ်ပေးလိုက်ရင်း ဘွားအေရင်ခွင်ထဲမှာ ကပ်ချွဲနေသည့် အငယ်ကလေးအား ရင်ဘတ်ကို ပုတ်ပြကာ လက်ယပ်ခေါ်လိုက်သည်။ ကလေးနှစ်ယောက်က မိလုံး မွေးထားတာ မှန်ပေမယ့် မိုးလင်းက နေတ၀င် အိမ်ကပ်လေ့မရှသည့် မိလုံးကို မတွယ်တာကြ။ အတူနေ ဘွားအေဪကိုသာ ကပ်ကြသည်။ ရင်ဘတ် ပုတ်ပြလျှင် နို့စို့ရမည် ဟု သိနေ၍သာ အငယ်ကလေးက ဘွားအေဆီမှ ရင်ခွင်ပြောင်းလာပြီး မိလုံး နို့ကို တပြွတ်ပြွတ် စို့လေသည်။
"အရီး၊ ငပလီမှာ ရုပ်ရှင်အဖွဲ့တွေ ရောက်နေတယ်၊ ကလေး နို့တိုက်ပြီးရင် ကျွန်မ သွားမလို့"
မိလုံး စကားကြာတော့ ဒေါ်မလှက အလိုမကျဟန်ဖြင့် မျက်မှောင်ကြုတ်လိုက်သည်။
"ညည်းမလဲအေ၊ ခုထိ ဒီဝါသနာက အတောမသတ်နိုင်သေးဘူး၊ ငတေသိရင် ပြဿနာထပ်တက်မယ်၊ ဟိုတစ်ခါလည်း ညည်းတို့ လက်ပါခြေပါနပန်းသတ်ကြပြီးပြီ၊ တစ်ယောက် မကြိုက်တာကို တစ်ယောက်က မလုပ်ကြပါနဲ့လား"
ဒေါ်မလှနှင့် မိလုံးက ယောက္ခမနှင့် ချွေးမဆိုပေမယ့် ငယ်စဉ်က တစ်ရက်ကွက်တည်း အတူနေလာကြသူတွေလည်း ဖြစ်၊ သမီး မရှိသည့် အမေနှင့် အမေ မရှိသည့် သမီးတို့ ပေါင်းဆုံမှုမှာ သားအမိတမျှ ခင်တွယ်ရင်းနှီးကြပါ၏။
မိလုံး ဆိုတာ ငယ်စဉ်ကတည်းကပင် အသားလေးက ဖြူဖြူ၊ ကိုယ်လုံးလှလှ၊ မျက်တောင်ကော့ကော့ဖြင့် သူ့အရပ် သူ့နေရာမှာတော့ အတိုင်းအတာတစ်ခုထိ အလှဂုဏ်ရောင် ထိန်ထိန်ပြောင်ခဲ့ဖူးပါ၏။ `မို့မို့မြင့်အောင်နဲ့ တူတယ်´ဆိုတဲ့ အရပ်က မှတ်ချက်ပြု ကောက်ချက်ချ စကားတွေ များလာတော့ မိလုံး မှန် အခါခါ ကြည့်ရင်း၊ မှန်ရှေ့မှာ သရုပ်ဆောင်ကြည့်ရင်း အပျိုဘ၀တစ်လျှောက်လုံး ရုပ်ရှင်မင်းသမီးရူး ရူးခဲ့ပါ၏။
ချွေးမလေးက သားသမီးရင်းနှင့်မခြား လင်သားနှင့် ယောက္ခမကို ဦးဆောင်ကာ ရှာဖွေကျွေးမွေးနေရှာသူလေးမို့ ဒေါ်မလှမှာ အသနားပိုရ၏။ သားဖြစ်သူ ငတေက မသောက်မစားတာလေးတစ်ခု အကောင်းပြောစရာ ရှိသည်။ ငွေရှာရာမှာ မိလုံးလောက် စွမ်းတာမဟုတ်။
" အငယ်မ ကိုယ်နည်းနည်းနွေးနေတယ်"
ဒေါ်မလှက ပြောတော့ အငယ်မလေး၏ နဖူးပေါ် လက်တင်ကြည့်ရင်း မိလုံး တွေတွေဝေေ၀ ဖြစ်သွားရသည်။
မိလုံးက အမြဲတစေ ယောက္ခကို မိဘနေရာ ထားပြီး စကားနားထောင်တတ်သူ ဖြစ်ပေမယ့်လည်း သည်ကိစ္စမျိုးကျ မိလုံး မနေနိုင်၊ နို့စို့ရင်း အိပ်ပျော်သွားရှာသည့် ကလေးကို ပုခက်ပေါ် ထည့်သိပ်သည်။ မျက်နှာကို မိတ်ကပ်လိမ်း၊ နှုတ်ခမ်းနီ ရဲရဲဆိုး၊ ရှိသော ပါတိတ်ဝမ်းဆက်ကို ထုတ်ဝတ်ကာ ခေါက်ထီးကလေး ဆောင်းပြီး အိမ်က ထွက်ခဲ့သည်။
-------------------------------------
" အမေ"
"ဟေ"
တနင့်တပိုး ထမ်းလာသော ထင်းလှိုင်းကြီးကို ဘုတ်ခနဲ ပစ်ချပြီး ငတေ့ အော်ခေါ်သံနှင့် မရှေးမနှောင်းပင် ဒေါ်မလှ ထူးသံကြီးက ထွက်လာသည်။
" မလုံး ရှိလား အမေ"
ငတေ့စကား ကြားတော့ ထမင်းအိုးကို မီးဖိုပေါ်တင်ပြီး မီးပြောင်းဖြင့် တဖူးဖူး မှုတ်နေသော ဒေါ်မလှ အသံပင် မထွက်တော့။
ငပလီကမ်းခြေမှာ ရုပ်ရှင်အဖွဲ့တွေ ရောက်နေမှန်း ငတော ကြားလာပြီးပြီ ထင်သည်။ ငတေ မေးနေတာကို ဒေါ်မလှ အဖြေရ ကျပ်လှပါ၏။ မကြာသေးခင်ကပင် ကလေးတွေကို ပစ်၊ ဈေးတောင်းပစ်နှင့် ရုပ်ရှင်ရိုက်နေတာ နောက်ကို တကောက်ကောက် လိုက်နေသောကြောင့် သူတို့ လင်မယား ရိုက်လား ပုတ်လား ဖြစ်ကြသေးသည် မဟုတ်လား။ အတိတ်ကို ပြန်ပြောင်းတွေးရင် ကြုံလာမည့် အနာဂတ်အတွက် တွေးကာ ရင်မောရသည်။
"ကျွန်တော် ဒီလောက် ပြောထားပါရက်နဲ့၊ ဒီမိန်းမတော့လားကွာ၊ တောက် ... တွေ့ကြသေးတာပေါ့"
တောင်ယာ ခုတ်ရာမှ ဖုတ်အလူးလူးနှင့် ရောက်လာသော ငတေက ဒေါသူပုန်ထသည်။ ငပလီကို လိုက်သွားပြီး တွေ့လျှင် တော့ နာရင်းပါးရင်းကို မှတ်လောက်သားလောက်အောင် နာနာဆော်ပစ်မည်ဟု တွေးနေသည်။
"ဟဲ့ ... ခမျာ ၀ါသနာပါရှာတာကိုး၊ ဈေးရောင်းရတာလည်း ပင်ပန်းရှာတယ်၊ နေပါစေ ဒီတစ်ခါ ခွင့်လွှတ်လိုက်"
ဒေါ်မလှ စကားတွေက နောက်နားမှာ ကျန်ရစ်သည်။ ပုဆိုးဒူးလောက် ၀တ်ပြီးတော့ သဘာဝဖိနပ်မပါ။ ခြေလှမ်းကျဲကြီးများဖြင့် မှိုဟင်းပြင်တောင်ကို ကျော်ပြီး ငပလီကမ်းခြေသို့ ဒေါအဟုန်ပြင်းစွာ သွက်သွက်နှင်တော့သည်။
မှိုဟင်းပြင်ရပ်ကွက်နှင့် ငပလီကမ်းခြေ အကွာအဝေး သုံးမိုင်ခန့် ခရီးကို ကျင့်သားရနေသော ငတေ့ ခြေထောက်များက နာရီဝက်တောင် မလျှောက်လိုက်ရပါ။
"ကိုငတေ ရေးကြီးသုတ်ပျာနဲ့ပါလား၊ ဘယ်ကိုလဲဗျ"
ကျောက်တုံးတစ်တုံးပေါ်မှာ ထိုင်ပြီး ငါးမျှားနေသော ကိုအောင်ချစ်က ငတေ့ကို မြင်တော့ လှမ်းအော်နှုတ်ဆက်နေသည်။
"ရိုက်ကွင်း၊ ရိုက်ကွင်း၊ ရုပ်ရှင်ကွင်းကိုဗျို့၊ ဒါနဲ့ ငါးရရဲ့လား"
အမြဲတစေ လှိုင်းရိုက်သံ တ၀ုန်းဝုန်းနှင့် ဆူညံနေတတ်သော ငတေတို့ ကမ်းခြေကလူတွေ စကားပြောရာ၌ လိုသည်ထက် ပိုသောအသံဖြင့် အော်ဟစ်ပြောတတ်ကြသည်။ လှိုင်းသံများကို ကျော်နိုင်အောင် ပြောရ၍ အသံကျယ်ခြင်းဟု ပြောစမှတ်တွင်သည်။
"အေး ... တစ်နပ်စာတော့ ရပြီပေါ့၊ ဟိုးရှေ့မှာ လူအုပ်ကြီး တွေ့လား၊ အမေးဇင်းဟိုတယ်နောက်မှာ၊ အဲ့ဒါ ရုပ်ရှင်ရိုက်နေတာ"
ဟိုးရှေ့မှာ လူအုပ်ကြီးက အဆမတန် များပြားလွန်းနေသည်။ ရုပ်ရှင်ရိုက်နေသော အဖွဲ့နှင့် ရုပ်ရှင်ရိုက်တာကို စိတ်ဝင်စားစွာ လာကြည့်နေကြသော ဒေသခံ ပရိသတ်တွေ။ သည်ပရိသတ်တွေထဲ မိလုံးတစ်ယောက်လည်း အပါအ၀င်ဖြစ်မည်။ မိလုံးတစ်ယောက် ဘယ်လောက်တောင် အားပေးနေလိုက်မလဲ။ အိမ်မှာတော့ ဈေးတောင်းကို ပစ်၊ ကိုယ်တွေ ပူကာ ဖျားနာနေသော ကလေးကို ပစ်။ ငတေ ခပ်မြန်မြန် သုတ်ခြေတင်လိုက်ကာ မကြာမီမှာပင် ရုပ်ရှင်ရိုက်ကွင်း ရှိရာသို့ ရောက်ရှိသွားတော့သည်။
"ကတ်"
"မိလုံးကွ၊ ဟေး ဟေး ... မိလုံး"
`ကတ်´ဆိုသော အသံနှင့်အတူ ၀ိုင်းအုံကာ အားပေးနေကြသော ပရိသတ်ကြီးမှ တစ်ခဲနက် အားပေးသံကြီးကြောင့် ငတေ မျက်လုံးတွေ ဖျတ်ဆို ရိုက်ကွင်းဆီ ရွှေ့ရသည်။ မိလုံး၊မိလုံးမှ မိလုံးအစစ်။ ရေမရောသည့် မိလုံးစစ်စစ်။ ခေါင်းပေါ်မှာ ငါးဗျပ်တစ်ချပ် ရွက်ထားပြီး ဟန်ပါပါဖြင့် ငါးရောင်းသော အခန်းကို သရုပ်ဆောင်နေသော မိလုံး။ ငါးစိမ်းသည်တစ်ယောက်၏ ဟန်ပန်အပြည့်ဖြင့် ဖျတ်လတ် တက်ကြွနေသော မိလုံး။ မိလုံးကို မြင်တော့ ငတေ ပါးစပ် ဟောင်းလောင်းပွင့်ကာ ကြက်သေ သေသွားရပြီ။ မိန်းမကို အပြစ်တင်ရမည်လား၊ ဂုဏ်ယူရမည်လား အံ့သြစွာ မဝေခွဲတတ်တော့။ အသုံးတည့်လျှင် ရိုက်ရလို ရိုက်ရငြား ရိုက်ကွင်းတွေ ရှိရာ တကောက်ကောက် လိုက်နေတတ်သည့် မိလုံး။ ရုပ်ရှင်လေး တစ်ခန်းလောက် ရိုက်ရလျှင် သေပျော်ပါပြီဟု တဖွဖွ ပြောတတ်သည့် မိလုံး။ ခုတော့ အမှန်တကယ် ရုပ်ရှင်ရိုက်နေရပါပြီ။ အားလုံးက မိလုံးဆီမှာ ဈေးဝယ်နေကျ ဖောက်သည်တွေ ဆိုတော့ မိလုံးရဲ့ ပရိသတ်တွေမို့ အားပေးနေကြတာ ဆူဆူညံလို့။ ငတေ မျက်ရည်တွေ အိုင်ထွန်းဝေ့တက်လာပြီး မိန်းမကို အများနှင့် ရောနှောကာ အားပေးရသည်။
"မိလုံးကွ "
အားလုံးထဲမှာ ငတေ့အောင်သံနှင့် လက်ခုပ်သံက အကျယ်လောင်ဆုံးမို့ မိလုံးက ရိုက်ကွင်းခဏနားတုန်း နဖူးမှ စီးကျလာသော ချွေတွေကို ခေါင်းခုပုဆိုးဖြင့် တို့သုတ်နေရာမှ လှည့်ကြည့်သည်။ လက်ခုပ်သံ တဖြောင်းဖြောင်း တီးပြီး အားပေးနေသော လင်တော်မောင်ကို မြင်လိုက်ရတော့ မိလုံး အမောပြေရပါ၏။
"ကဲ ... ငါးရောင်းတဲ့ အခန်းတော့ ပီပြင်သွားပြီ၊ ခု တစ်ခန်းက ငါးသည်မလေးရဲ့ ယောက်ျားကို တံငါပင်လယ်ထဲကနေ ငါးတောင်းထမ်းပြီး ကမ်းပေါ်တက်လာတဲ့အခန်း ရိုက်မယ်၊ ဒီအထဲမှာ ကိုတံငါ လုပ်နိုင်တဲ့လူ တစ်ယောက်များ ရှိပါသလား"
ဒါရိုက်တာကြီးက ၀ိုင်းအုံ အားပေးကြည့်ရှုနေသော ပရိသတ်ဆီ တစ်ချက်ဝေ့ကြည့်ရင်း စကားခေါ်လိုက်တော့ ကြည့်ရှုနေကြသော ပရိသတ်ယောက်ျားတွေ ရင်တဖိုဖိုဖြင့် လှုပ်လှုပ်ရွရွ ဖြစ်သွားသည်။
" ဒါရိုက်တာကြီး ... ဟိုမှာ ကျွန်မ ယောက်ျား၊ သူ လုပ်နိုင်တယ်၊ ကိုငတေ လာပါ၊ သရုပ်ဆောင်ကြမယ်၊ ငါးတောင်း ထမ်းလာတာကို လုပ်ပြရုံပဲ"
မိလုံးက ဒါရိုက်တာကြီးကို ပြန်ပြောရင်း သူ့လက်ကို ဆိုးဆိုးဆတ်ဆတ် ဆွဲခေါ်သွားတာမို့ ငတေ ယက်ကန်ယက်ကန်ဖြင့် ပါသွားရသည်။
"ဟဲ့ ... မိလုံး၊ ဖြစ် ဖြစ်ပါ့မလား၊ ငါက မင်းသား မဟုတ် ဘာမဟုတ်"
"အိုတော် ... ကိုငတေ ဖြစ်ပါတယ်၊ မင်းသား မင်းသမီးနေရာမှာ လူစားထိုး ရိုက်တာတဲ့၊ နောက်တော့ မင်းသား မင်းသမီး မျက်နှာကို ရိုက်ပြီး ဖလင်ဆက်မှာတဲ့၊ ဒါက သူတို့အလုပ်၊ ကိုယ်က ရုပ်ရှင်ရိုက်ဖူးတယ် ဆိုတာ လွယ်တာ မဟုတ်ဘူး"
ခေါင်းကနေ ခြေအဆုံး မျက်မှန်ပေါ်က ကျော်ရင်း သိမ်းကျုံးကာ ကြည့်နေသော ဒါရိုက်တာကြီးကြောင့် ငတေ့ရင်တွေ တဒိန်းဒိန်း ခုန်လို့ပါ။ ကိုယ်ကို သေးငယ်သွားအောင် ကျုံ့ထားမိသည်။ ပုဆိုးကို ဒူးလောက် တိုတို ဆီးထားပြီး အပေါ်က စွပ်ကျယ်နှင့်၊ ခြေထောက်မှာ ဖိနပ်မပါ။ တောတက်ပြီး အငှားလိုက်သူမို့ အသားက မည်းမည်း၊ ပြုံးရယ်လိုက်တိုင်း ပေါ်လာတတ်သည့် သွားအဖွေးသားနှင့် ငတေ့ပုံစံက တောတွင်းမင်းသား တာဇံအလား ရူပါက ကြမ်းကြမ်း။
"အိုခေ"
ဒါရိုက်တာကြီး၏ မှတ်ချက်ပြု ကောက်ချက်ချသံ အဆုံး မိလုံး ၀မ်းသာအားရ ထအော်သံနှင့် ကြည့်ရှုနေသော လူထုကြီးဆီမှ `ဟေး´ဟု အားပေးဂုဏ်ပြုသံကြီးက တစ်ပြိုင်နက် ထွက်ပေါ်လာ၏။ မည်သို့ဆိုစေ ခုဆို မမျှော်လင့်ဘဲ သူတို့နှစ်ယောက် ရုပ်ရှင် ရိုက်ဖူးပါတော့မည်။
---------------------------------
ငါးတောင်းကြီးကို ထမ်းပြီး ပင်လယ်မှ တက်လာသော ကိုတံငါဖြစ်သူ ငတေထံသို့ ထဘီ ဒူးလောက် တင်ဝတ်ပြီး ခေါင်းပေါင်းကြီး ပေါင်းထားသော မိလုံးက ပြေးလာကာ ကြိုသည်။ မိလုံး ရောက်လာတော့ ပခုံးပေါ်မှ ငါးတောင်းကို အောက်သို့ လျှောချလိုက်ပြီး တစ်ယောက်တစ်ဖက်စီ လက်ဖြင့် ဆွဲကိုင်ကာ ရယ်ရယ်မောမော စကားစမြည် ပြောဆိုရင်း ကမ်းပေါ်သို့ တက်လာ ပြန်ရိုက်နေရတာက အကြိမ်ကြိမ်။ ခိုင်းသလို လုပ်ကြည့်ရင်း သရုပ်ဆောင် ဘ၀နှင့် ရုပ်ရှင်သဘောကို အတော်အတန် နားလည်သွားသည်။
"ကတ် ... အိုခေ"
"ဟေး .... ဒါမှ မိလုံးကွ၊ သရုပ်ဆောင်ချက်က အံ့မခန်းပဲ"
နှစ်ယောက်အတူတူ သရုပ်ဆောင်ကြသော်ငြား မိလုံးက ပိုတော်နေ၍ မိလုံးကိုပဲ ၀ိုင်းအားပေးနေကြပေမယ့် ငတေ မနာလို မဖြစ်မိ။ မိန်းမအတွက် ပီတိအဟုန်ဖြင့် ရင်မှာလှိုက်ကာ နွေးနေသည်။ `မိလုံးကို အကယ်ဒမီပေးမယ်ဆို ရနိုင်တယ်´ဆိုတဲ့ ဝေဖန်သံတွေလည်း သောသောညံလို့။
ရှုတင်မန်နေဂျာ ဆိုသူက သူတို့နှစ်ယောက်ကို တစ်ယောက် တစ်ထောင်တန် သုံးရွက်စီ စုစုပေါင်း ငွေ ခြောက်ထောင်ကို မုန့်ဖိုးပေးသည်။ ငွေ ခြောက်ထောင်ကို မိလုံး ကျစ်ကျစ်ပါအောင် လက်မှာ ဆုပ်ထားသည်။ ဒီငွေတွေက ဈေးရောင်း၍ ရသည့် ငွေနှင့်မတူ၊ တန်ဖိုးရှိလှသည်။ အိမ်ကို ပြန်လာကြတော့ ယောက်ျားဖြစ်သူ လက်မောင်းကို ကနွဲ့ကလျချိတ်တွယ်ရင်း မိလုံးမျက်နှာမှာ ပီတိပြုံးတွေက တဝေေ၀။
လမ်းမှာ တွေ့ကြသူ အားလုံးက `မိလုံး ရုပ်ရှင်ရိုက်ရတယ်ဆို၊ အကယ်ဒမီတောင် ချိန်ခဲ့တယ်ဆို ဟုတ်လား´ဟု မေးလာသမျှကို မမောနိုင် မပန်းနိုင် မိလုံး တတွတ်တွတ် ရှင်းပြသည်။
ရွာနဲ့ နီးလာတော့ နေက အတော်ညိုနေပါပြီ။ ပင်လယ်ကမ်းခြေ တစ်လျှောက် လေညင်းတသုန်သုန် တိုက်ခတ်လျက် ရာသီဥတုက သာသာယာယာ ရှိလှသည်။ ကျေးငှက် သာရကာတို့ ကျည်ကျည်ကျာကျာ အော်မြည်ရင်း အိပ်တန်းပြန်ရန် နှိုးဆော်နေကြပြီ။ မကြာခင် မိုးကုပ်စက်ဝိုင်းထဲသို့ ၀င်ရောက် ပျောက်ကွယ်တော့မည့် နေလုံးဝါ၀ါကြီးက ကျက်သရေရှိလှပေစွ။
မိလုံး ရွာအ၀င် တစ်ယောက်စကား တစ်ယောက်နားဖြင့် သတင်းစကား ကြားပြီး ကြိုဆိုနေကြသည့် ရွာသူ၊ ရွာသားတွေက များပြာလှသည်။ သူတို့တစ်တွေ မိလုံးအတွက် ဂုဏ်ယူစွာ ၀င့်ဝင့်ထည်ထည် ပြုံးပျော်နေကြသည်။ ပျော်ရွှင်မြူးထူး ဆူညံနေကြသော ရွာသူရွာသားတွေကို မြင်ရတော့ မိလုံးလည်း ပျော်မိသည်။ သူ့ကို ၀ိုင်းပြီး မေးမြန်းသမျှကို ပြန်ဖြေရင်း မိလုံး ပါးစပ်တောင် မစေ့ရပါ။
အိမ်ကိုရောက်တော့ ယောက္ခမဖြစ်သူ ဒေါ်မလှက ကလေးနှစ်ယောက်နှင့် အတူ အိမ်ပေါက်ဝမှာ ကျေနပ်အားရဟန်ဖြင့် မြိန့်မြိန့်ကြီး ပြုံးကာ ကြိုဆိုနေသည်။
"ပြောပြစမ်းပါ အေ ... ကြားချင်လွန်းလို့´ ဆိုတော့ မိလုံးတို့ ဇနီးမောင်နှံမှာ အားပါးတရ ပြောပြရပြန်သည်။ အိမ်ပေါ် အိမ်အောက် စုဝေးလာသည့် ရွာသားများက မေးစမ်းတာကို မမောနိုင် မပန်းနိုင် ပြန်ဖြေရင်း မိလုံးတို့ သည်ကနေ့ မျက်နှာပွင့်လှပါ၏။
အထူးသဖြင့် လင်ဖြစ်သူ ငတေနှင့် ယောက္ခမဖြစ်သူတို့ နောင်ဆို မိလုံး၏ ၀ါသနာကို အပြစ်မြင် ငြူစူကြတော့မည် မဟုတ်တော့ပြီမို့ ၀မ်းသာရပါသည်။ ပြူတစ်ထွက်နေသော ၀ါသနာ အညှောက်ကလေးက လွတ်လပ်စွာ ရှင်သန်စီးမျောခွင့်ကို ရရှိသွာပြီဖြစ်သည်။
မိလုံးအနေဖြင့်လည်း သမာရိုးကျ ဈေးရောင်းရင်း `ငပလီမှာ ရုပ်ရှင်အဖွဲ့တွေ ရောက်နေတယ်´ ဆိုသည့် စကားစုအသံကို အမြဲတမ်း နားစွင့်နေတော့မည်သာ။ နောက်တစ်ကြိမ် အခွင့်အရေးဆိုတာ မရောက်လာတော့ဘူးလို့ ဘယ်သူတပ်အပ် တွက်နိုင်မလဲ။
ဘာပဲပြောပြော ခုဆို မိလုံး ရုပ်ရှင်တစ်ကြိမ် ရိုက်ဖူးပါပြီ။ အနှစ်နှစ်အလလက ပြောစမှတ် တွင်လာခဲ့သည့် `သူက ရုပ်ရှင်ရူးနေတာ´ ဆိုသည့် စကားသံတွေလည်း တိတ်ကျသွားတော့မည် ဖြစ်သည်။ ရုပ်ရှင်၏ အရှိန်အ၀ါသည် ပရိသတ်တွေအပေါ် ခုချိန်ထိ သြဇာလွှမ်းမိုးမှု အမြင့်ဆုံး အခြေအနေမှာ ရှိနေဆဲ။ လူသားတွေ၏ နှလုံးသည်းပွတ်ကို ဖမ်းဆုပ်ကိုင်လှုပ်နိုင်စွမ်း ရှိနေဆဲ ဆိုတာကို မငြင်းနိုင်။
လောကကြီးမှာ ဘယ်လိုလူပဲဖြစ်ဖြစ် ကိုယ့်ဝါသနာ၊ ကိုယ်ဖြစ်ချင်တာက ကိုယ့်အတွက် အရေးကြီးဆုံး ဆိုပါစို့။ မျှော်လင့်လင့်ချက်ဖြင့် အသက်ရှင်နေကြသူတွေမို့ ကိုယ့်မျှော်လင့်ချက်က ကိုယ့်ဘ၀အတွက် အသက်ရှည်ဆေး၊ ကိုယ့်ဂုဏ်သိက္ခာစစ်စစ်ပဲ မဟုတ်ပါလား။
🔲
#မေလှိုင်းဖြူ
No comments:
Post a Comment