သောက
********
သိပ္ပံမောင်ဝ
ဒင်းတို့နှစ်ကောင်အကြောင်းအဆုံးသတ်တော့မည်ဟု စိတ်ကူးသော်လည်း အဆုံးမသတ်နိုင်သေး၊ ရေးရပြန်ပြီ။ နောင် အကြိမ်ပေါင်းမည်မျှ ရေးရဦးမည်ကိုလဲမသိနိုင်။ ဒင်းတို့ကား မောင်လူအေးတို့၏ သံယောဇဉ်စက်အတွင်းသို့ ချဉ်းနင်း ၀င်ရောက်ပြီဖြစ်သောကြောင့် မောင်လူအေးတို့၏အကြောင်းကိုရေးလျှင် ဒင်းတို့ပါရမည်ကဲ့သို့ ဖြစ်နေ၏။
ခင်သန်းမြင့်သည်-လွေဇောနှင့် ပါလရာခွေးနက်ကြီးတို့ ပေါင်းသင်းဆက်ဆံသည်ကို မရှုစိမ့်သောကြောင့်- အတင်း အဓမ္မခွဲ၍ထားလေသည်။ မောင်လူအေးမကြိုက်။ ခင်သန်းမြင့် နေရာတကာတွင် ခေတ်သမား။ နေရာတကာတွင် သဘောကြီးကြီးထား၏။ ယခု သမီးရေးသားရေးတွင်ကား သဘောကြီးကြီးမထားနိုင်ရှာပေ။ ရှေးခေတ်အမယ်ကြီးများ ကဲ့သို့ မိမိ၏သမီး မလွေဇောအား ခွေးနက်ပါလရာ၏ လက်အတွင်းမှ အတင်းသိမ်းပိုက်ကာ အိမ်ပေါ်ထပ်တွင် လှောင်၍ ထားလေသတည်း။ ခင်သန်းမြင့်ကိုချည်း အပြစ်ဆို၍လည်းမဖြစ်သေး။ အများအားဖြင့် နေရာတကာတွင် ခေတ်ဆန် လှသည်၊ သဘောထားကြီးလှသည်ဟု လူအများ၏ ချီးမွမ်းခြင်းကို ခံကြရကုန်သော လူအများပင် မိမိတို့၏ သားရေး သမီးရေးတို့နှင့်ကြုံကြိုက်လာကြလျှင် သဘောကြီးကြီးမထားနိုင်ကြဘဲ ရုံးပြင်ကနားသို့ ရောက်ကြ၍ မိမိတို့၏ သားသမီး များအား ချစ်သူတို့နှင့်ခွဲထားကြသည်များကို မကြာမကြာကြားသိရပေသည်။
ခင်သန်းမြင့်သည် လွေဇောအား ခွေးနက်ကြီး၏လက်မှ သိမ်းဆည်းထားပြီးသည့်နေ့မှစ၍ အိမ်အပေါ်ထပ် အခန်းလွတ် တစ်ခန်းတွင် အမြဲမပြတ် လှောင်၍ထားတော့၏။ နောက်ဖေးနောက်ဖီသွားရန်ပင် မလွှတ်တော့ပေ၊ ခွေးနက်ကြီး မြင်သွားမည်ကို စိုးရိမ်ရှာပေသည်။ ရက်စက်ပေစွ။ ခက်ထန်ပေစွ။ မောင်လူအေးက ကိုယ်ချင်းစာကာ လွှတ်လိုက်ချင်၏။ ခင်သန်းမြင့်က မာန်ထားသောကြောင့် မလွှတ်ဝံ့။ လွေဇောကိုချည်း လှောင်ထားသည်မဟုတ်။ အာမိတ်ပါ အဆစ်ပါသွားပြီးလျှင် ထိုအခန်းထဲတွင် အလှောင်ခံနေရရှာလေပြီ။
လွေဇောမှာ မိမိ၏ရီးစား ခွေးနက်ကြီးအား တလွမ်းလွမ်း တသသနှင့်နေရှာပေ၏။ အစားလည်းမစားနိုင်။ ပြတင်းပေါက် ရှိရာသို့ပြေးလိုက်။ အော်လိုက်၊ တံခါးရှိရာသို့ ပြေးပြီး တွန်းဖွင့်လိုက်။ ဦးခေါင်းနှင့်ဆောင့်ကာ တွန်းလိုက်နှင့် နေရှာပေ၏။ အာမိတ်မှာလည်း ထိုနည်းတူ စစ်ပုလိပ်တန်းလျားတွင်ရှိနေရှာသော မိမိ၏ရီးစား ခွေးပိန်မ ကလေးအတွက် ရတက်ပွားလျက် မစားနိုင် မသောက်နိုင် လက်မှိုင်ချလျှက် နေရရှာလေ၏။ ဒင်းတို့နှစ်ကောင် ဆူလွန်းမက ဆူလှသောအခါ ခင်သန်းမြင့် အခန်းထဲသို့ဝင်ကာ ကြိမ်လုံးဖြင့်ဆော်လေသည်။ သည်အခါကျမှ နှစ်ကောင်စလုံး ငြိမ်သက်၍ သွားကြရှာလေသည်။
ဤသို့ ဒင်းတို့နှစ်ကောင်ကို လှောင်ထား၍ သုံးလေးရက်ခန့်ကြာလေသော် ယခင်လှောင်ထားစကကဲ့သို့ ဆူဆူညံညံ မရှိတော့ပြီ။ ငြိမ်သက်၍သွားတော့၏။ အကြောင်းကား အာမိတ်ကြီးမှာ လွေဇောအား ချစ်ခင်စပြုလာပြီ ဖြစ်သောကြောင့်တည်း။ လွေဇောအနားသို့သွားကာ ချော့လိုက်၊ မော့လိုက်၊ ကျီစယ်လိုက်နှင့်လုပ်နေသည်ကို ခင်သန်းမြင့် အခန်းအပြင်ဘက်မှ မြင်ရသောအခါ အလွန်ပင်ဝမ်းမြောက်လေတော့သည်။ လက်ဦးတွင် လွေဇောသည် အာမိတ်၏ အချစ်ကိုလက်မခံ။ မာန်မဲအော်ငေါက်ကာလွှတ်လေ့ရှိ၏။ သို့သော် ရက်အနည်းငယ်ကြာလာသောအခါ ပါလရာခွေးနက်ကြီးကို မေ့စပြုလာ၏။ အာမိတ်ကြီးကိုပင် ချစ်ခင်စပြုလာလေသည်။ အာမိတ်၏ အချစ်ကို လက်ခံလေပြီ။ အာမိတ်က ချော့ကာမော့ကာ ကျီစယ်သောအခါများတွင် သူကပါ အာမိတ်အားပြန်၍ကျီစယ်လေပြီ။ ဤသို့ တစတစ အာမိတ်နှင့်လွေဇောတို့သည် ဇနီးမောင်နှံဘ၀သို့ ရောက်သွားကြလေသတည်း။ ဒင်းတို့နှစ်ကောင်မှာ စားလည်းအတူတူ။ နေမူမလွဲ။ အိပ်လည်းမကွာ အချစ်ကြီးချစ်နေကြလေပြီ။ တစ်ကောင်နှင့်တစ်ကောင် ယခင်အခါက ထက်ပင် ဆထက်ထမ်းပိုးတိုး၍ချစ်နေကြကုန်၏။ ယခင်ကချစ်ခြင်းကား ငါးရာနှစ်ဆယ်ရှစ်သွယ်သောချစ်ခြင်း။ ယခုအား တစ်ထောင့်ငါးရာချစ်ခြင်း ဖြစ်သောကြောင့် အဘယ်မှာလျှင် ရှေးကချစ်ခြင်းမျိုးနှင့် တူနိုင်ပါတော့ အံ့နည်း။ လွေဇောမှာ ခွေးနက်ကြီးအား လုံးလုံးမေ့လိုက်လေပြီ။ ပါလရာခွေးနက်ကြီးကား လွေဇောအားမမေ့နိုင်။ တစ်နေ၀င် မြင်ရနိုးနှင့် မျှော်ကိုး၍သာနေ၏။ အိမ်လှေခါးအောက်မှာ လာချောင်းရသည်မှာလည်း နေ့စဉ်နှင့်အမျှ။ အိမ်ဘေးလမ်း တွင် လွေဇောနှင့်တွေ့နိုးနှင့် လျှောက်၍ပြေးရသည်မှာလည်း တမောပင်။
ဤခွေးနက်ကြီးမှာ သောကမီးလောင်ကာ နေမထိထိုင်မတတ်ဖြစ်နေသည်ကို မြင်ရလျှင် ခင်သန်းမြင့်မှာ များစွာ ရယ်မော ၀မ်းမြောက်၏။ မောင်လူအေးက သနားကရုဏာသက်လေသည်။ လွေဇောသည် ခွေးနက်ကြီးအပေါ်တွင် အကယ်ပင်စိတ်ကုန်ပြီလော။ အခန်းထဲတွင် လှောင်ထားခိုက်သာ အာမိတ်အား မချစ်သော်လည်း အောင့်ကာနမ်းခြင်းပေလောဟု သိလိုသော ခင်သန်းမြင့်သည် တစ်နေ့သ၌ လွေဇောအား အခန်းထဲမှထုတ်ကာ ၀င်းခြံထဲသို့ ခေါ်သွား၏။ အာမိတ်လည်း တစ်ဖ၀ါးမှမကွာ ထက်ချပ်ပါလေတော့သည်။ လွေဇောဝင်းထဲသို့ရောက်သွားသည်နှင့် တစ်ပြိုင်နက် အိမ်နောက်ဖေးမှခွေးနက်ကြီးသည် ဘယ်ကပေါက်လာသည်မသိ ပေါက်၍လာတော့၏။ ခင်သန်းမြင့်ကို ကြောက်သော ကြောင့် လွေဇောနားသို့ မကပ်ဝံ့သော်လည်း လွေဇောမြင်လောက်သောနေရာမှနေ၍ အသံပေးလိုက်။ ကိုယ်ရောင်ပြ လိုက်နှင့် နေသည်ကို ခင်သန်းမြင့်နှင့်မောင်လူအေးတို့ မြင်ကြရလေသည်။ လွေဇောလည်းမြင်သည်ပင်။ ရှေးအခါက မူကား ဤသို့မြင်လိုက်လျှင် ခွေးနက်ကြီးအနီးသို့ လွေဇောချက်ချင်းရောက်သွားမည်ဖြစ်၏။ ယခုကား မိမိ၏ အချစ်ကို ခွေးနက်ကြီးထံမှ ပြန်သိမ်းပြီးလျှင် အာမိတ်အားပေးလိုက်ပြီဖြစ်သောကြောင့် ခွေးနက်ကြီးကို ဂရုမစိုက် အမှုမထား အရေးမလုပ်တော့ပြီ။ ခွေးနက်ကြီးအားမြင်သော်လည်း မမြင်ဟန်ဆောင်ကာ အာမိတ်ကြီးနှင့်သာလျှင် ကျီစယ်ကာ မြူးတူးကစားနေလေ၏။ ချစ်တုန်းခင်တုန်း တပြုံးပြုံးနေကြလေသည်။
လွေဇော၏ထူးခြားသောအမူအရာကိုမြင်ရသော ခွေးနက်ကြီးမှာ မည်မျှပူပင်သောကဖြစ်ရမည်နည်း။ သူ့ခမျာ နေမထိ ထိုင်မတတ် အသဲကို ကျွဲဝင်၍ခတ်ဘိသကဲ့သို့ ပြေးလိုက် လွှားလိုက် ဟောင်လိုက် ဟိန်းလိုက်သည်မှာ ဆိုစရာမရှိတော့ပြီ။
ခင်သန်းမြင့်တို့၏ဗျောက်အိုး။ ကျောက်ခဲများကိုကြောက်၍သာ လွေဇောတို့အနားကို မလာဝံ့ရှာပေ။ အကယ်၍သာ ခင်သန်းမြင့်နှင့်မောင်လူအေးတို့မရှိပါမူ အာမိတ်နှင့်လွေဇောတို့ကို သေအောင်ကိုက်သတ်ပေလိမ့်မည်။
ယခုအခါတွင် ခွေးနက်ကြီးအား သောကမီးလောင်ကျွမ်းနေလေပြီ။ သောကမီးကား ကြီးမားပြင်းထန်လှပေစွ။ ခွေးနက်ကြီးသာ လူပျိုကာလသားကလေး ဖြစ်မူကား မိမိကိုယ်ကို သေကြောင်းကြံကောင်းကြံပေလိမ့်မည်။ သီချင်းဆိုတတ်သော ကာလသားကလေးဖြစ်မူကား ဆင်ကဲဘို့မယ်သီချင်းကို အကြိမ်ကြိမ်ဆိုကာ လူးလှိမ့်၍ ငိုယိုပေလိမ့်မည်။
ယခုမှာကား ခွေးမျှသာဖြစ်သောကြောင့် ဟိုပြေးသည်ပြေး။ ဟိန်းလိုက်ဟောင်လိုက်နှင့်သာလျှင် နေရရှာလေတော့သည်။ ခွေးနက်ကြီး၏စိတ်အတွင်း မည်မျှလောင်ကျွမ်းနေမည်နည်း။
ခင်သန်းမြင့်ကား တတ်နိုင်ပေစွ။ မိမိသဘောအတိုင်းဖြစ်အောင်စီမံတတ်ပေသည်။ သားသမီးတို့အား မိမိသဘောမတူသူ များနှင့် အတင်းအဓမ္မခွဲထားပြီးလျှင် သဘောတူသူများနှင့် အတင်းအဓမ္မပေးစားကြသော အမယ်ကြီးများနှင့် တူနေလေပြီ။
မောင်လူအေးသည် ခွေးနက်ကြီး၏ အဖြစ်အပျက်ကိုမြင်သောအခါ အချစ်၏ ဆန်းကြယ်ခြင်းအကြောင်းကို တွေးတော မိ၏။ လွန်ခဲ့သော ဆယ်ရက်ခန့်အခါက လွေဇောသည် ခွေးနက်ကြီးမှတစ်ပါး မည်သူ့အားမျှမချစ်နိုင်။ ခွေးနက်ကြီးမှ လွဲလျှင် ဖွဲနှင့်ဆန်ကွဲချည်းဟူ၍ ထင်မှတ်ခဲ့၏။ ယခုကား အာမိတ်မှလွဲလျှင် ဖွဲနှင့်ဆန်ကွဲချည်းဖြစ်သည်ဟု ထင်မှတ် နေလေပြီ။ အချစ်ဆိုသောအရာကား ထူးဆန်းပေစွ။ ခွေး၏အချစ်ချည်းသာမဟုတ်။ လူတို့၏အချစ်သည်လည်း ဤသို့ ဆန်းကျယ်မည်သာတည်း။ ခင်သန်းမြင့်သည် အချစ်၏အကြောင်းကို ရိပ်မိဟန်တူ၏။ ဤသို့ရိပ်မိသည့်အတိုင်း လွေဇောအား ခွေးနက်ကြီးနှင့်အတင်းခွဲကာ အခန်းထဲတွင်လှောင်ထားခြင်းဖြစ်လေသည်။
ဤအကြောင်းကိုစဉ်းစားရင်း "ခွေးများရဲ့အချစ်ဟာ ဘယ်လောက်အပြောင်းမြန်ပါကလားနော်" ဟု မောင်လူအေးက ဆိုလိုက်၏။
"ခွေးများရဲ့ အချစ်ချည်းသာမဟုတ်။ လူတွေရဲ့အချစ်ဟာလည်း သည်လိုချည်းမှတ်ပေတော့" ဟုခင်သန်းမြင့်က ပြန်၍ ဆိုလေသည်။
"လူတွေရဲ့အချစ်ဟာ သည်လောက်အပြောင်းမမြန်ပါဘူး။ ကြည့်ပါလား ချစ်သူအချင်းချင်းမခွဲနိုင်လို့ နှစ်ဦးစလုံး သတ်သေကြတာတွေ။ အဲဒါဘာကြောင့်လဲ အချစ်ကိုမပြောင်းနိုင်လို့ပေါ့။ တစ်မျက်နှာက နှစ်မျက်နှာမများ ချင်ကြလို့ပေါ့"
"အောင်မာ။ အဲဒါတွေဟာ ရူးမူးနေတဲ့အခိုက်လေးမှာ သတ်သေကြတာကလား။ အဲဒီမူးရူးနေကြတဲ့ အခိုက်ကလေးမှာ သတ်မသေဖြစ်ကြရင် ဘယ်တော့မှသေဖြစ်မှာမဟုတ်ဘူးမှတ်ပါ။ စင်စစ်တော့ ချစ်လို့သတ်သေကြတာတွေဟာ ဘာမှ မဟုတ်ဘူး။ ရူးတာတွေဘဲ"
"ဟာသည်လိုလည်းမဟုတ်သေးဘူးလေ။ တချို့ ကိုယ်ကြိုက်တဲ့လူကို မရတာနဲ့ တစ်သက်လုံး မယားမယူ လင်မယူဘဲ နေတာတွေကို မကြားမမြင်ဘူးလား"
"အဲဒါတွေဟာ နောက်တစ်ယောက်နဲ့ နီးနီးကပ်ကပ်မတွေ့ကြသေးလို့ပေါ့။ နောက်တစ်ယောက်နဲ့ နီးနီးကပ်ကပ် တွေ့မှဖြင့် ကောက်ကောက်ပါအောင် လိုက်သွားပြီး အရင်ဟာတွေကို မေ့ပါရော။ အဲသည်ထုံးတွေကို ရေတွက်ပြီး ပြရဦးမလား"
"မရေတွက်ပါနဲ့တော့ ကိုကိုလဲသိတာပါပဲ"
ဤသို့ အချစ်အကြောင်းဆွေးနွေးနေခိုက် အိမ်ဝင်းအတွင်းသို့ မော်တော်ကားတစ်စီး ၀င်လာသည်နှင့် စကားပြတ်သွား လေသတည်း။
ဂန္ထလောက
၁၉၃၇ ဧပြီလ
ဖေ့စ်ဘုတ်ခ်နုတ်တခုကနေ ကူးယူပါတယ်။ Uploader Tin MeMe Aung ကို ကျေးဇူးတင်ပါတယ်။
စလေ ငနော့ (ကျော်ဇင်လတ်)
share by မွန်းလေးဖေဖေ
No comments:
Post a Comment