ဟုတ်ကဲ့ရှင့်
❇❇❇❇
#မေလှိုင်းဖြူ
"ဟုတ်ကဲ့ရှင့်" ထွက်ပြေးသွားတယ်ဆိုတဲ့သတင်းက (၇)ဈေးကလေးအတွင်း တစ်မဟုတ်ချင်း ပျံ့နှံ့သွားတယ်ဆိုရင်ပဲ !ဟေ! ဆိုတဲ့ အာမေဋိတ်သံတွေ ပြိုင်တူထွက်ပြီး မီးကိုရေနဲ့ငြှိမ်းသတ်လိုက်သလို
အားလုံးငြိမ်ကုပ် သွားတော့တာပါပဲ။
**************
နာမည်ရင်းကမချိုပါ။ နာမည်နဲ့ လိုက်ဖက်လှအောင် နှုတ်ချို မျက်နှာချို အပြုံးချ တဲ့ မချိုက ဒီဈေးထဲကို ဓညင်းသီးပြုတ်ကလေး တစ်ဗန်းနဲ့ စတင်တိုးဝင် ဈေးကွက်ဖွင့် ခဲ့တာပါ။
အရပ်ကအမောင်းက ထောင်ထောင်မောင်းမောင်း အသားကခပ်ညိုညို လုံးကြီးပေါက်လှ ကိုယ်လုံးတောင့်တောင့် ရယ်လိုက်လျှင် ပါးချိုင့် နှစ်ဘက် ခွက်ဝင်သွားတဲ့ မချိုက ရုပ်ရှင်မင်းသမီးနီးနီးလှသူပါ။ မျက်နှာပေါ် အမြဲတမ်းလွှမ်းခြုံထားတဲ့ ရွှင်ပျပျ အပြုံးနဲ့ သြောရှရှ အသံက သြဇာသံမို့ ဒီဈေးထဲကို မချို စရောက်လာကတည်းက လူတိုင်းလိုလို စိတ်ဝင်တစား သတိပြုမိကြတယ်။
(၇)ဈေး ဆိုတာ ပျံကျဈေးလေးပါ။ ပျံကျဈေး ဆိုတာ တခမ်းတနား ဆိုင်ခန်းတွေနဲ့ ရောင်းကြတာ မဟုတ်ပါဘူး။ မြေနီလမ်းကလေးရဲ့ဘေးနှစ်ဘက်မှာ စီတန်းထိုင်ပြီး တစ်ချပ်တစ်ဗန်း ရောင်းကြတာများပါတယ်။ တရားမဝင် ပျံကျဈေးမို့ တခါတရံ စည်ပင်က လာဖမ်းချိန် !လာပြီ လာပြီ ဆိုရင် ကိုယ့်ဈေးဗန်းမ ပြီးပြေးပေရော့။ ဒါကြောင့်မို့ တစ်ချပ်တစ်ဗန်း ရောင်းကြတာ များပါတယ်။ အရင်းအနှီး အတော်အသင့် ခိုင်မာတဲ့ ဈေးသည်ကြီးတွေကတော့ ခရမ်းချဉ်သီး သေတ္တာခွံ ၁၀လုံးလောက်ကို စီချပြီး အပေါ်မှာဝါးကပ်လေး တင်ကာ ကုန်မျိုးစုံ ရောင်းကြပါတယ်။ ကုန်တွေများတာမို့ စည်ပင်က လာဖမ်းချိန် ပစ္စည်းတွေ သယ်မပြေး နိုင်ပါဘူး။ နိုင်သလောက်ကို သယ်ပြီပြေး ကျန်တာကို ခပ်ရဲရဲ အသိမ်းခံလိုက်ကြတယ်။ ဒီလိုစွန့်စား စီးပွား ရှာသူလည်း ရှိရဲ့။
ဘာပဲပြောပြော ဒီပျံကျဈေးကလေးက ဆန် ဆီ ဆား ငပိက စလို့ အသီး အရွက် အသား ငါးအပြင် ဓညင်း သီးပြုတ်အထိ အမည်စုံပြီး ဈေးချိုလှတာမို့ အိမ်ရှင်မတွေ အကြိုက်တွေ့တဲ့ ဈေးမျိုးပါ။
တစ်ဖက်က ပြောရမယ်ဆိုရင်လည်း ခိုင်ခိုင်မာမာ ဆိုင်ခန်းမရှိတဲ့ ပေါက်သောက်ဈေးမို့ ဈေးသည် မမြဲဘူး။ "ဒါကုန်ရင် ဖျာပုံပြန်မယ် " "ကျန်ဖြတ်ကလေး မို့လျော့ရောင်းတာ" "ပင်ရင်းကလာလို့ ဈေးချိုတာ"ဆိုတာမျိုးက ဒီဈေးကလေးမှာ ကြားနေကြစကားတွေပါ။
မချိုဒီဈေးထဲကို တညင်းသီးပြုတ်ကလေး တစ်ဗန်းနဲ့ စဝင်လာကတည်းက ဈေးဝယ်တွေသာမက ဈေးသည်ချင်းပါ မချိုရဲ့ ထူးခြားတဲ့အသံနဲ့ ဟန်ပန်ကို သတိထားပြုမိကြတယ်။ မချိုရဲ့အသံအော ရှရှဆွဲဆွဲ ငင်ငင်လေးနဲ့ ! တညင်းသီးပြုတ်ပူပူလေး ! လို့ အော်လိုက်ရင်ပဲ မည်သူမဆို လှည့်ကြည့်ကြတော့တာပါပဲ။ အဲ ဒီလို လှည်ကြည့်ပြီဆို မချိုရဲ့ အပြုံးမြမြကြီးနဲ့ တန်းတိုးပြီ ။
"အမေ... တညင်းသီးပြုတ်ပူပူလေး အားပေးသွားပါဦး။ စေးလိုက်တာ အမေရယ် သွားတော် ဆွဲဖြုတ်လို့မရအောင် စေးပိုင်နေတာပဲ။ ဒါ တောင်ကြီးတညင်းပါ အမေ။ တညင်းသီးထဲမှာ တောင်ကြီးတညင်းက အကောင်းဆုံးပဲ အမေရဲ့ "
"ဟဲ့ ... ငါကြားမိတာ ရခိုင်တညင်းက ပိုကောင်းဆို ။ပြီးတော့ တညင်းသီးကလည်း အကြောတွေတက်လို့ မစားနိုင်ပါဘူးအေ"
"ဟုတ်ကဲ့ရှင့်။ရခိုင်တညင်းက ချိုတဲ့နေရာမှာ နာမည်ကြီးတာပါအမေ။ စေးတာကျ တောင်ကြီးမမီဘူး။ ပြီးတော့ အမေ အကြောတက်လို့ မစားနိုင်ရင်လည်း အိမ်ကသားတွေသမီးတွေ ကြိုက်တတ်တာ မျိုးပါ။ ကဲပါ အမေရယ်။ မိတ်ဖြစ် ဆွေဖြစ် တစ်ရာဖိုးလောက် ယူသွား"
ပါးစပ်ကနောက်ကျကျန်ရစ်တယ်။ တညင်းသီးထုပ်က ဟိုအမေကြီးရဲ့ ဆွဲခြင်းထဲရောက်သွားပါပြီ။
"ညီမ ရုံးကပြန်လာတာ ဟင်းချက်ချိန် ဘယ်ရှိတော့မလဲ ညီမရယ်။ တညင်းသီးပြုတ်ကလေး ဝယ်သွားဦး"
"နံတယ်အစ်မရဲ့ ။ညီမတို့က ရုံးတက်နေရတာ အနံ့မခံနိုင်ဘူး"
"အို .... မပူနဲ့ ညီမ။ တညင်းသီးစားပြီးရင် သံပရာသီးလေး
စိတ်ပြီး ပါးစပ်ထဲကို ညှစ်ထည့်လိုက်။ ဘာအနံ့ မှမနံတော့ဘူး။ အသားမှာ ဝက် အရွက်မှာလက်ဖက် အသီးမှာ တညင်းသီးလေ ညီမရဲ့။ ဒီလောက်ကောင်းတဲ့ အသီး တစ်နှစ်မှာ တစ်ခါ ပေါ်လာတာကို နံမှာကြောက်လို့ လက်လွတ်ခံရတယ်လို့ ညီမရယ် လာ အားပေးသွား"
"ဟုတ်လို့လား အစ်မရယ်။ သံပရာသီးစိတ်လေး ညှစ်ရင် အနံ့ မနံတော့ဘူးလား "
"ဟုတ်ပါတယ်ရှင့်။ ဟုတ်ကဲ့ရှင့်။ စိတ်ချပြီး ရဲရဲ စားစမ်းပါ။ သံပရာသီးသည်ကြီး လုပ်ပါအုံး တစ်ရာဖိုးလောက်။ ဒီကညီမအတွက်"
သူ့လက်ထက်ရောက်မှပဲ အသီးမှာတညင်းသီး ဖြစ်ရတယ်လို့။ ဘေးနားမှာ ရှိတဲ့လူတွေအားလုံး တပြုံးပြုံး။ တညင်းသီးသည် မချိုရဲ့ လမ်းညွှန်မှုကြောင့် သံပရာသီးသည်ကြီးလည်း အလုပ်တွေကိုဖြစ်လို့ ။အနံ့ နံမှာစိုးလို့ တညင်းသီး ရှောင်ကြသူ ရုံးသူ ရုံးသား ကျောင်းသူ ကျောင်းသားတွေအားလုံး တညင်းသီး ကြိုက်ကုန်ကြပြီ။
ညနေခင်းရဲ့ တညင်းသီးပြုတ်ပူပူလေး လက်မလည်ရပါ။ အပြောကောင်းသလို မနောလည်းကောင်းကောင်း စကားပြောပြီ ဆိုမှဖြင့် "ဟုတ်ပဲ့ရှင့်" ဆိုတာလေး ထည့်ပြောတတ်တာလေးကြောင့်လူတိုင်း
သဘောတကျ မပြုံးရမနေနိုင်။
မချိုက အပြောကောင်းပြီး စကားပြောလျှင်" ဟုတ်ပါတယ်ရှင့်" "ဟုတ်ကဲ့ရှင့်" ဆိုတာလေး ထည့်ပြောတတ်တာမို့ ဒီဈေးထဲရောက်ပြီး မကြာခင်မှာပဲ "ဟုတ်ကဲ့ရှင့်"လို့ နာမည်တွင်သွားတော့တယ်။
ဒီဈေးရဲ့ အထာကလဲ ဘဲဥသည်ကို 'မဘဲဥရေ' ပြောင်းဖူးသည်ကိုကျ 'မပြောင်းဖူး' လို့ ခေါ်ကြတာကလား ။ ခု မချိုကျတော့ မတညင်းသီးလို့ မတွင်ပဲ 'ဟုတ်ကဲ့ရှင့် 'လို့ တွင်သွားတာ။
**********
တညင်းရာသီကုန်တော့ ဟုတ်ကဲ့ရှင့် နဲ့ ခုနစ်ဈေးမှာရှိတဲ့ ဈေးသူဈေးသားတွေ ခင်မင်ရင်းနှီး သွားကြသလို ဈေးဝယ်တွေရဲ့ ပါးစပ်ဖျားမှာလည်း 'ဟုတ်ကဲ့ရှင့်' ဆိုပြီး တသသတမ်းတမ်းကို စွဲရောလေ။
များသောအားဖြင့် လမ်းဘေးဈေးသည် ဆိုတာမျိုးက အာကြမ်းလျှာကြမ်း ရှိကြတယ်။ ဘဝပေးအခြေအနေအရ နူးညံ့ပျော့ပျောင်းတဲ့ စကားလုံးတွေနဲ့ မရင်းနှီးကြဘူး။ ဘဝအမောတွေကြားထဲ လှိမ့်ပိန့်နေအောင် ရုန်းနေရသူတွေဆိုတော့ သူများနားဝင်ချိုအောင် ဖြူးဖြူးဖြောင့်ဖြာင့် မပြောတတ်ကြဘူးလေ။
'' အစ်မ ငရုတ်သီးစိမ်းတောင့် တစ်တောင့် နှစ်တောင့်လောက် အဆစ်ပေးပါ ''
"အရုပ်ပြင်း အရင်းပြုတ်တော့မယ်ဟေ့။ ငရုတ်စိမ်းလည်း ငွေနဲ့ ရင်းထားရတာ။ ယောက္ခမအခင်းက ခူးလာတာ မဟုတ်ဘူး"
ပြောမယ့်သာ ပြောရတာပါ။လက်က ငရုတ်သီးစိမ်း လက်တစ်ဆုပ်နှိုက်ပြီး ရော့အင့် ဆို ဈေးဝယ်ရဲ့ ဆွဲခြင်းထဲကို ပစ်ထည့်ပြီးလိုက်ပါပြီ။ မပေးမှာလည်း မဟုတ်ပဲနဲ့ အမုန်းခံပြီး နှုတ်စွာကြတာ ။
မချိုတို့ကျတော့ ညက်တယ်။ ပြောသမျှ စကားလုံး တိုင်းကချိုဆိမ့် နေပြီး ကြားရသူအပေါင်းကို စိတ်နှစ်လုံး ညွတ်ပျောင်းစေတယ်။ တော်ကီတွေက ဟိုမြင့်မိုရ်တောင် ထိပ်က ဆင်းလာတဲ့ အမြင့်စား တော်ကီတွေ။ တော်ရုံလူ ပစ်လဲကျသွားနိုင်တယ်။
"တစ်ရာဖိုး ဆယ်လုံးထားလေ သမီးရဲ့"
"သြော် ... ဟုတ်ကဲ့ရှင့်။ ပေးချင်တာပေါ့ ရှင်။ ဒါပေမယ့် ဓညင်းဈေးတွေက ခေါင်ခိုက်နေတာ အမေရဲ့။ ပြီးတော့ သမီးမှာ နေ့ပြန်တိုးတွေနဲ့ ယူရင်းထားရတာ အမေရယ်။ မိအိုဖအိုကို လုပ်ကျွေးနေရသေးတယ်။ အမေတို့နဲ့ မိတ်မပျက်ချင်ပါဘူး အမေရယ်။ နားလည်ပေးပါနော်"
ဈေးဝယ်တဲ့အမေကြီး ဈေးမဆစ်ရဲ တော့တဲ့အပြင် ပါတဲ့ပိုက်ဆံတောင် ပြန်ပေးရမလို ဖြစ်သွားတယ်။ ဒါက ပြောင်မြောက်လှတဲ့ မချိုရဲ့ တော်ကီတွေပေါ့။ ဒီလိုနဲ့ တညင်းသီး တစ်ရာသီလုံး ဈေးထဲမှာ လူချစ်လူခင် အများဆုံးနဲ့ အရောင်းရဆုံး ဈေးသည် ဖြစ်ခဲ့တယ်။
တညင်းရာသီကုန်တော့ ကုန်စိမ်း ပြောင်းရောင်းတယ်။ ခရမ်းချဉ်သီး သေတ္တာ ၁၀လုံး ၉လုံး ပေါ်မှာ အမယ်စုံစုံ တင်ပြီး ရောင်းတာဆိုတော့ ဆိုင်က ကြီးလာသလို ဘဝကကြမ်းကြမ်းပါ။ ပါးကွက်ကျား နှစ်ဖက် တင်းနေအောင်ကွက်၊ ကချင်လွယ်အိတ် တစ်လုံးကို စလွယ်သိုင်းပြီး ညနှစ်နာရီ သိရိမင်္ဂလာဈေးကို ဈေးကြိုဆင်းရတယ်။ မနက်ဈေးဝယ် ပြီးမိုးလင်းမှ ခုနစ်ဈေးကို ပြန်ရောက် ဆိုင်ခင်းပြီးဈေးဆက် ရောင်းတယ်။ ကုန်စိမ်းတစ်ဆိုင် ခင်းကျင်းရတာ လွယ်လှတာတော့ မဟုတ်ပါဘူး။ ခရမ်းချဉ်သီး သေတ္တာခွံတွေကို ဓားနဲ့ ကန့်လန့်ခံဖွင့်ပြီး အပုပ် အနာ အဆာရွေး။ ဗန်းပေါ်တင် ဂေါ်ဖီအိတ်ကို ဖွင့်ပြီး ဓားတစ်ချောင်းနဲ့ အရိုးတွေကို တတောက်တောက်ခုတ်။ ငရုတ်စိမ်းတို့ နံနံပင်တို့ ရေဆွတ် နေရာချရတာနဲ့တင် မလွယ်လှပါဘူး။
များသောအားဖြင့်တော့ လင်စုံမယားဖက် ရှိကြသူတွေသာ ကုန်စိမ်းအလုပ်ကို လုပ်ကြတာ များပါတယ်။တစ်ယောက်က ညဘက်ဈေးကြိုဆင်း ပြန်လာရင် တစ်ယောက်က ထိုင်ရောင်း အဲ့ဒီလိုမျိုး ခွဲဝေလုပ်ရတဲ့ အလုပ်ကြမ်းပါ။
ဘယ်လောက် ပင်ပန်း ပင်ပန်း 'ဟုတ်ကဲ့ရှင့်' ကတော့ ဒဏ်ခံနိုင်တာကို တစ်ဈေးလုံးက အံ့သြမဆုံးကြဘူး။ လက်က အငြိမ်မနေသလို ပါးစပ်က တတွတ်တွတ် ပြောပြီး သူမို့ မမောနိုင်မပန်းနိုင် လုပ်နိုင်တာ အံ့သြစရာ ကောင်းလှတယ်။
" ဟုတ်ကဲ့ရှင့်ရေ။ မိသားစုထဲက ကူမယ့်သူမရှိဘူးလား"
"မိအို ဖအိုကို လုပ်ကျွေးနေရတဲ့ တစ်ကိုယ်တည်းသမားပါရှင်။
အပျိုကြီး တစ်ကိုယ်တည်းဆိုတော့လည်း ဈေးထဲမှာရှိတဲ့လူပျို လူအို မည်သူမဆို ကြုံရင်ကြုံသလို ဟုတ်ကဲ့ရှင့်ကို ကူညီကြပါတယ်။ သူကလည်း လက်မကပ်ပါဘူး။ 'ငရုတ်စိမ်းလေး စားရအောင် ယူသွားပါအုံး' 'ကိုလင်း ပဲကြီး ဝယ်လာတာလား ဆူးပုပ်ကလေး ခတ်ရအောင် ယူသွား' ဆိုတာမျိုးက စေတနာကောင်းပြီး ရက်ရောရှာတယ်။ သူ့စေတနာကလည်း သူ့ကိုရောင်ပြန်ဟပ်ပါတယ်။
ဘေးဆိုင်ကလည်းဘေးဆိုင်မို့ ဈေးဝယ်ကလည်း ဈေးဝယ်မို့ဟုတ်ကဲ့ရှင့်' နဲ့ အပေးအယူကိုဖြောင့်လို့။ ဈေးခေါင်း လုပ်နေတဲ့ ဦးလူလှအတွက် အသီးအရွက်ကို ဝယ်စားစရာ မလိုရရအောင် အလိုက်သိသိနဲ့ နေ့စဉ်ပေးပါတယ်။ ပြီးတော့ ဦးလူလှကို စေတနာနဲ့ မောင်နှစ်မရင်းချာလို ရင်းနှီးစွာ ပေါင်းပါတယ်။
တဖြည်းဖြည်း ဈေးသူဈေးသားတွေနဲ့ ရင်းနှီးပြီး မိသားစုလို ဖြစ်လာတာက တစ်ကြောင်း တစ်ဈေးလုံးရဲ့ ကိစ္စ ဝိစ္စ မှန်သမျှကို ကိုယ်နဲ့ဆိုင်ဆိုင် မဆိုင်ဆိုင် လိုက်ပြီး ဖြေရှင်းပေးတတ်တာမို့ ဈေးသည်အများစုရဲ့ အားကိုးရာ တိုင်ပင်ရာ မဏ္ဏိုင်တစ်ခု ဖြစ်မှန်းမသိ ဖြစ်လာတော့တယ်။
တစ်ခါတော့ ဘဲဥသည်နဲ့ ဆန်သည် အကြွေးတောင်းရင်း ရန်ဖြစ်ကြကြပါတယ်။ ငါတစ်ခွန်း သူတစ်ခွန်းက စလို့ လက်ပါကြ လုံးကြ သတ်ကြတာ ဘယ်သူမှ ဆွဲလို့ လွဲလို့မရပါဘူး။ တစ်ယောက်ဆံပင်ဖုတ်ကို တစ်ယောက်က လိမ်ကျစ် ဆွဲထားကြတာကြောင့် ဘယ်သူဖြေဖြေ မပြေဘူး။ ဒီပွဲကို ဟုတ်ကဲ့ရှင့် ရောက်လာပြီး ဘယ်သူမှ ထင်မှတ်မထားတဲ့ အလုပ်တစ်ခုကို ခပ်ရဲရဲလုပ်ချလိုက်တယ်။ လုံးထွေးနေကြတဲ့ မိန်းမနှစ်ယောက်ကို သူ့အားနဲ့ဆွဲဖယ်ပြီး နှစ်ယောက်လုံးရဲ့ပါးကို တစ်ယောက်တစ်ချက် ဆော်ပစ်လိုက်တာပါ။
"ကဲ မှတ်ထား ဒီဈေးမှာ ငါရှိနေသရွေ့ ဒီလိုမျိုး ရန်မဖြစ်ကြနဲ့။ ပြသာနာကို အေးဆေး ရှင်း။ ပွဲမဆူနဲ့။ မကျေလည်တာရှိရင် ငါ့ဆီတင်ပြ ဒါပဲ"
ရိုက်ခံရသူ နှစ်ဦးလုံးကြောင်စီစီနဲ့ ကိုယ့်ပါးကိုယ်ပွတ်ရင်း မှင်တက်မိသွားကြတယ်။ အံ့သြတဲ့မျက်လုံးတွေနဲ့ငေးကြည့်ရင်း အထစ် အထစ်နဲ့ သူတို့ပြသနာကို "ဟုတ်ကဲ့ရှင့်"ဆီ တင်ပြကြတယ်။ လုံးကြီးပေါက်လှ အားကောင်းမောင်းသန် "ဟုတ်ကဲ့ရှင့် "ကို ပြန်တော့ ဘယ်လှန်ရဲပါ့မလဲ။ ဗလချင်းက ဆင်နဲ့ဆိတ်ပမာကိုး။
"အစ်မ. သူ့ဆီက ပိုက်ဆံဘယ်လောက် ရမှာလဲ"
"နှစ်သောင်းပါ"
"အဲ့ဒီနှစ်သောင်း ကျွန်မစိုက်ပေးမယ်။ ကျွန်မဆီက လာယူ၊ ဒီကိစ္စ ဒီနေရာပဲဖြတ်။ အစ်မဘဲဥ၊ အစ်မဆီ အတိုးမယူပဲ စိုက်ရှင်းထားတယ်။ ကျွန်မကို တစ်နေ့ တစ်ထောင် ရက်နှစ်ဆယ်လာသွင်း၊ ကျေနပ်လား"
ပြဿနာကိုဖြေရှင်းလိုက်ပုံကသင်းတယ်။ ဈေးသည်မနှစ်ဦး ပါးကိုယ်စီ အရိုက်ခံကြရင်း သူ့ကို တသသ ကျေးဇူးတင်သွားကြတယ်။ ဘာပြဿနာပဲရှိရှိ သူ့ကိုသွားပြီး တိုင်ပင်ကြ ရင်ဖွင့်ကြတာတွေကို လက်အားနှုတ်အား နိုင်သလောက် ဖြေရှင်းပေးတယ်။ တဖြည်းဖြည်းနဲ့ သတ္တိဗျတ္တိရှိတဲ့ " ဟုတ်ကဲ့ရှင့်"ရဲ့သြဇာအာဏာဟာ ဒီဈေးလေးကို လွှမ်းမိုးမှန်းမသိ လွှမ်းမိုးလာတော့တယ်။
*************
"စိုင်သီးနုနု ထွတ်ထွတ်ကလေးတွေနော် တို့ကြဦးမလား။ လေကြွေမဟုတ်ဘူးနော်။ ခူးသီးကို ရောင်းတာ၊ အန်တီကြီးရေ၊ ကြက်နဲ့ဘူးနဲ့ ရောတော့ ကြက်ဘူးနော်"
ဘူးသီးလုံးတွေကို ဓားနဲ့လွှားကနဲလွှားကနဲ စိတ်ချရင်း "ဟုတ်ကဲ့ရှင့်' ရဲ့ တစ်နေ့တာ ဈေးကွက်ကိုစဖွင့်လိုက်တယ် ဆိုရင်ပဲ ဝယ်ယူအားပေးမယ့် ဖောက်သည်တွေ ဝိုင်းဝိုင်းလည်နေပါပြီ။
"နံနံပင်လေးနည်းနည်းလောက် အဆစ်ထည့်ပေးပါ"
"ရပါတယ်ရှင့်၊ ကိုယ့်ဆီဝယ်နေကျ ဖောက်သည်တွေပဲ ပေးရမှာပေါ့။ နောက်နေ့တွေလည်း အမြဲအားပေးဦးနော်"
ပါးစပ်နဲ့လက်က တရစပ်လှုပ်ရှားရင်း မျက်လုံးကလည်း လျင်ပါတယ်။
"ဟိုအမေကြီး၊ဆွဲခြင်းထဲကို ခရမ်းသီးတစ်လုံး ထည့်လိုက်တာ ကျွန်မမြင်တယ်နော်။ နောက်အဲလိုမလုပ်ပါနဲ့၊ အသက်ကြီးလှပြီ။ လိုချင်ယူသွား၊ နောက်ထပ်နှစ်လုံးလောက်။ ဒါမှလောက်ငမှာပေါ့။ ယူသွား အမေကြီးယူသွား"
ခရမ်းသီးအလစ်သုတ်နေတဲ့ အမေကြီးလည်း ဘာပြောရမှန်းမသိတော့ဘူး။မျက်နှာကြီးကို ရှက်တက်တက်နဲ့အမ်းလို့။ တကယ်တော့ ဝါသနာပါလို့သာ လုပ်ပုံရပါတယ်။ ရွှေတွဲလွဲ ငွေတွဲလွဲနဲ့ နွမ်းပါးပုံ မပေါ်ဘူး။ 'ဟုတ်ကဲ့ရှင့်'တို့က ပညာသားပါပါ နှိပ်ကွပ်တဲ့နေရာမှာ ကျွမ်းတယ်လေ။
မွန်းတည့် ချိန်ရောက်တော့ ဟုတ်ကဲ့ရှင့်တို့ဈေးကလေး ဈေးခေါင်းကွဲပြီ။ ဈေးဝယ်တွေလည်းပါးပြီ။ မနက်ကတည်းက ခေါ်လိုက် ရောင်းလိုက်နဲ့ ဈေးသည်တွေလည်း မောနေကြပါပြီ။ ဟုတ်ကဲ့ရှင့် ခဏအမောဖြေနေတုန်း ဈေးသည်တွေ ရုတ်ရုတ် ရုတ်ရုတ်နဲ့ လှုပ်ခနဲ ဖြစ်သွားတာကို သတိထားမိတယ်။
"အစ်မဘဲဥ ဘာဖြစ်တာလည်းဟင်"
"ဘာဖြစ်ရမှာလဲညဟိုသဘောင်္သီးစိတ် ဆိုင်ရှေ့မှာ ရပ်နေသူကို တွေ့ လား"
"အင်း တွေ့တယ် ဂျင်းအင်္ကျီအပြာနဲ့ အသားဖြူဖြူ တစ်ယောက်လား"
"ဟုတ်ပ"
သင်္ဘောသီးစိတ်ကို ပါဆယ်ဆွဲပြီး အသားဖြူ့ဖြူနဲ့လူကဈေးရဲ့ အလယ်လမ်းမတစ်လျှောက် ခပ်တည်တည်နဲ့ လျှောက်လို့ လာနေပါတယ်။ နောက်ပါအခြွေအရံ ၃ယောက်က ထပ်ကြပ်မကွာ လိုက်ပါခစားလို့ ပါလား။ ဟုတ်ကဲ့ရှင့်က မျက်တောင်မခတ် လိုက်ကြည့်နေမိတယ်။ အင်္ကျီနက်ပြာ နှုတ်ခမ်းမွှေးစစ ပလေကပ်လုံချည်အပြာ ကတ္တီပါဖိနပ်နက် ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်အပြည့်ဖြင့် ဟန်ပါပါ လမ်းလျှာက်လာပုံက ကြည့်လို့တော့ အကောင်းသား။ ခက်တာက ဒီလူကို မြင်လိုက်တာနဲ့ တစ်ဈေးလုံး လှုပ်လှုပ်ရွရွနဲ့ မျက်လွှာချတဲ့လူကချ လိုက်ပြုံးပြတဲ့လူက ပြုံးပြ ဈေးဝယ်သူတွေက လမ်းဘေးကို ကပ်ပေးနဲ့ စဉ်းစားရကြပ်လှပါတယ်။ "ဟုတ်ကဲ့ရှင့်" ရှေ့အရောက် စောင်းငမ်းငမ်း တစ်ချက်စွေကြည့်တယ်။ ပြီးတော့ ဘဲဥသည်ရှေ့ တုန့်ခနဲ ရပ်လိုက်တယ် ဆိုရင်ပဲ မဘဲဥက ပြာနေပါပြီ။
"ကိုမိုးဟိန်း ဘာယူမလဲ ကြက်ဥလား ဘဲဥလား"
"ကြက်ဥ၁၀လုံး"
"ဟုတ်ကဲ့ ယူသွားပါ ပိုက်ဆံမပေးနဲ့။ ယူသွား"
အလကားရထားသည့် ကြက်ဥ ၁၀လုံးကို ယူပြီး ခပ်တည်တည်ထွက်သွားတဲ့ မိုးဟိန်းဆိုသူရဲ့ နောက်ကျောကို ကြည့်ရင်း "ဟုတ်ကဲ့ရှင့်" နားမလည်နိုင်တော့။
"အစ်မဘဲဥ သူကဘယ်သူလဲ။ဘာကြောင့် ကြက်ဥတွေ အလကားပေးရတာလဲ"
"ရှူး ... တိုးတိုးလုပ်ပါ ဟုတ်ကဲ့ရှင့် ရေ။ သူနာမည်က လူမိုက် မိုးဟိန်းတဲ့။ ဒီရပ်ကွက်မှာ သူ့ကိုအားလုံး ကြောက်ရတာ။ ဟိုတလောက ဘယ်ရောက်နေလဲ မသိဘူး။ ပျောက်နေတာကြာပြီ။ ခုမှပြန်ပေါ်လာတာလေ။ သူဝယ်ရင် ဘယ်သူမှ ပိုက်ဆံမယူရဲကြဘူး"
ကြားရတာအထူးအဆန်းတွေပါလား။
"လူမိုက်ဟုတ်လား။ ဒါမျိုးတွေက ရုပ်ရှင်ထဲမှာပဲရှိတာ မဟုတ်လား။ အပြင်မှာ တကယ်ပဲ ရှိတာလား။ ကျွန်မတို့က ဘာတွေများ မဟုတ်တာ လုပ်နေလို့ သူ့ကို ကြောက်နေရမှာလဲ။ ရဲကရော သူ့ကိုမဖမ်းဘူးလား"
ဟုတ်ကဲ့ရှင့်ရဲ့မေးခွန်းတွေ ပလုံစီပြီး ထသွားတယ်။ ဟုတ်တယ်လေ။ မရှိလို့ လမ်းဘေးဈေးရောင်းစားတယ်။ လူမိုက်ကြောက်ရတယ်လို့။ သူမိုက်တိုင်း ကိုယ်က ကြောက်စရာလား။ တရားဥပဒေ ရှိတာပဲ။ ဒီအခြေအနေမျိုးကို ရင်ထဲက လုံးဝလက်မခံသလို ဟုတ်ကဲ့ရှင့် မျက်နှာပေါ်မှာ ငြင်းဆန်ဆန်အရိပ်တွေ လှိုင်းထသွားပြီလေ။ မေးခွန်းတွေ မေးရင်းနဲ့လည်း စိတ်ထဲမှာ မခိုးမခန့်စိတ်တွေ ဝင်လာပြီး ရယ်ချင်နေမိတယ်။
"လမ်းဘေးဈေးရောင်းစားပြီး လူမိုက်ကြောက်ရတယ်လို့နော်"
"အမလေး တိုးတိုးပြောပါ ဟုတ်ကဲ့ရှင့်ရေ။ ဒီလို ဒီလို"
မဘဲဥက လူမိုက်မိုးဟိန်း အကြောင်းကို ရှည်ရှည်ဝေးဝေး ရှင်းပြတယ်။ လူမိုက်မိုးဟိန်းဆိုတာ ဒီ (၇)ဈေးမှာ အပိုင်စားရတဲ့ လူမိုက်တဲ့။ အပိုင်စားရထားတယ် ဆိုတာက သူ့အပြင် ဗိုလ်မထားဘူး။ သူက အခြားရပ်ကွက်ကို သွားပြီး မစော်ကားဘူး။ မတရားလုပ်တာကို လက်ပိုက်ကြည့် မနေတတ်ဘူး။ သူလည်း ဘယ်သူ့ကိုမှ မတရား မလုပ်ဘူးတဲ့။ ဒါကြောင့် သူနဲ့အဆင်ပြေရင် အားလုံးအေးဆေးပဲလေ။
မဘဲဥရှင်းပြတာကို ဟုတ်ကဲ့ရှင့် သိပ်ပြီး ရင်ထဲဘဝင်မကျပါ။
"ဘယ်သူ့ကိုမှ မတရားမလုပ်သာဆိုတယ်။ ခုပဲကြည့်လေ။ အစ်မဆီက ကြက်ဥ၁၀လုံး အလကား ပေးလိုက်ရပြီ မဟုတ်လား။ ပြီးတော့ သူ့ကိုမြင်တာနဲ့ လူတွေအားလုံးက ကြောက်နေရတာပဲလေ။ရဲကရော သူ့ကို ကြည့်ထားတာပဲလား"
"ရဲက သူ့ ကိုအပြစ်ပေးရအောင် သူကမဟုတ်တာ မလုပ်ဘူးလေ။ ရပ်ကွက်ထဲမှာ ရာဇဝတ်မှု တစ်ခုခု ပေါ်ရင် ရဲနဲ့သူနဲ့ တွဲပြီး ဖြေရှင်းပေးကြရတာ။ ဒီလူသတ်မှု ဘယ်သူဖြစ်နိုင်မလဲ ဒီခိုးမှုက ဘယ်သူ့လက်ချက်ဆိုတာ သူကရအောင် ဖော်ထုတ်ပြီး ရဲကိုတောင် ကူညီပေးသေးတာ"
"အင်း ဆိုးတော့မဆိုးပါဘူး။ဒါပေမယ့် ဈေးရှေ့ သူလာရပ်တိုင်း အလကား ပေးကြရတာလဲ စိတ်မကောင်းစရာပဲ"
"အဲဒီလောက်တော့ နားလည်ပေးလိုက်စမ်းပါ
ဟုတ်ကဲ့ရှင့် ရေ"
"ဒါနဲ့နေပါဦး။ သူ့ အလုပ်က ဝင်ငွေ မကောင်းလောက်ပါဘူး။ ဒီလိုဆိုရင် သူ့မိသားစု စားဝတ်နေရေးပြသာနာ"
"သူ့မိန်းမက ဒီရပ်ကွက်နဲ့ ဈေးတစ်ခုလုံးကို နေ့ပြန်တိုး ချတယ်လေ။ မိန်းမက ငွေရှာတော်တယ်ဟ။ သူ့ယောင်္ကျားကို ကြောက်တော့ ဘယ်သူက အဆုံးစားရဲမှာလဲ"
"သြော်"
ဒီလောက်ဆို" ဟုတ်ကဲ့ရှင့် " ရေလည် သဘောပေါက်သွားပါကြပါပြီ။ ယောင်္ကျားက ရပ်ကွက်ထဲကလူမိုက်။ မဟုတ်မခံကူညီတတ်သူ။ မိန်းမကငွေတိုးချေး။"ဟုတ်ကဲ့ရှင့် " မောလျစွာ သက်ပြင်းချမိတယ်။ သူ့အရပ်နဲ့သူ့ဇာတ်တော့ ဟုတ်လို့။
*******
ခုဆိုမိုးဟိန်းတစ်ယောက် ဈေးထဲကိုချောင်းပေါက်မတတ် လျှောက်တယ်။ ရှိုးအပြည့်နဲ့။ လက်နှစ်ဘက် နောက်ပစ် တပည့်သုံးယောက် ခြံရံပြီး လျှောက်လာတဲ့ မိုးဟိန်းကိုမြင်တိုင်း ဟုတ်ကဲ့ရှင့် ရင်ထဲက မကျေလည်နိုင်ဘူး။ အထူးသဖြင့် တစ်ဈေးလုံးက ပေးသမျှ ကျွေးသမျှကို လက်သင့်ခံပြီး ပွဲခံနေတာ မြင်ပြင်းကပ်လို့ မဆုံးဘူး။
ဒီလိုနဲ့ ဟုတ်ကဲ့ရှင့်နဲ့မိုးဟိန်း ထိပ်တိုက်ရင်ဆိုင်ရမယ့် နေ့တစ်နေ့ကို ရောက်လာတယ်။ အဲဒီနေ့က တိုက်တိုက်ဆိုင်ဆိုင်ပါပဲ၊ မိုးဟိန်းတစ်ယောက် စီးကရက်လေး လက်ကြားညှပ်ပြီး ဟုတ်ကဲ့ရှင့်ရဲ့ ဆိုင်ရှေ့မှာ ဘွားဘွားကြီး ရပ်နေပါပြီ။ နောက်တော်ပါးက တပည့် ၃ယောက်ကလည်း ရုပ်ရှင်ထဲက လူမိုက်ဂိုက်တွေဖမ်းလို့။
မထင်မှတ်ပဲဆိုင်ရှေ့လာရပ်တဲ့ မိုးဟိန်းကြောင့် ဟုတ်ကဲ့ရှင့် ရင်ထဲမှာ ထိတ်ခနဲဖြစ်ပြီး ကြက်သီးတွေတောင် ထကုန်တယ်။ သူကအဲဒီလူကို ကြည့်မရ ဖြစ်နေတာကိုး။ ဒါပေမယ့် မျက်နှာကို ချက်ချင်းပြင်တယ်။ အပြုံးမြမြကြီးကို ချက်ချင်း ဖန်တီးပစ်နိုင်တာကလည်း "ဟုတ်ကဲ့ရှင့် " ရဲ့ ပြောင်မြောက်လှစွာသော အရည်အချင်းတွေထဲက တစ်ခုပဲလေ။
"ဟုတ်ကဲ့ရှင့် ဒီကအကို ဘာလိုချင်တာလဲဟင်၊ ခရမ်းချဉ်လား ဂေါ်ရခါးလား ပန်းဂေါ်ဖီလား"
မိုးဟိန်းက ဟုတ်ကဲ့ရှင့်ရဲ့ မျက်နှာကို စူးစူး စိုက်စိုက် ကြည့်တယ်။ ခုမှမြင်ဖူးတဲ့ ဈေးသည်မို့ လေ့လာတဲ့သဘောပါ။ ဟုတ်ကဲ့ရှင့်က နပ်တယ်၊ မျက်လွှာလေးချ ပြုံးစစနဲ့ မခို့ တရို့ ဂိုက်လေးပေးပြီး မိုးဟိန်းရှေ့မှာ သနားစရာ အက်ရှင်လေးနဲ့ပါ။ မိုးဟိန်းက မျက်လုံးတွေကို ကုန်ပစ္စည်း ရှိရာဘက်ကို ရွေ့လိုက်ပြီး ပိန်းဥဗန်းကို မေးငေါ့တယ်။ ပြီးတော့ ငါးဆယ်သားတဲ့။
"ဟုတ်ကဲ့ရှင့်" ခေါင်းကို ဆတ်ခနဲညိတ်ပြီး ပိန်းဥ ၅၀သားကို ခပ်သွက်သွက် ချိန်တယ်။ ပြီးတော့ မိုးဟိန်းရဲ့လက်ထဲကမ်းပေးလိုက်ပြီး ထောင်းငါးရာ ကျတယ်လို့ ခပ်တည်တည်နဲ့ ကြေးတောင်းလိုက်တယ် ဆိုရင်ပဲ အားလုံးမျက်လုံးတွေ ဝိုင်းကုန်တယ်။ ဟုတ်တယ်လေ။ သူ့ကို ပိုက်ဆံတောင်းရဲတာ ဆိုလို့ ဒီတစ်ယောက်ပဲ တွေ့ဖူးတာကိုး။
မိုးဟိန်း နှုတ်ခမ်းတစ်ဖက်တွန့်ပြီး ပြုံးတယ်။ ပြီးတော့ "ဟုတ်ကဲ့ရှင့်" ကို စူးစူးစိုက်စိုက် ကြည့်ပြီး စီးပွားရေး အဆင်ပြေလားတဲ့။ ဟင့်အင်း မပြေဘူးလို့ ဟုတ်ကဲ့ရှင့်က အပြော ဈေးသိမ်းရင် အိမ်ကို လာခဲ့လေတဲ့။
လက်ကလေး နောက်ပစ်ပြီး ထွက်သွားတဲ့ မိုးဟိန်းရဲ့ ကျောပြင်ကိုကြည့်ပြီး ဟုတ်ကဲ့ရှင့် လျို့ဝှက်ကျစ်လစ်စွာ ဟန်ပါပါ အပြုံးတစ်ခု ခြွေချတယ်။ ဈေးသူဈေးသားတွေကတော့ သူတို့နှစ်ယောက်ကို ကြည့်ပြီး ရင်တထိတ်ထိတ်နဲ့ အံ့သြမဆုံးကြဘူး။
ညနေဈေးသိမ်းချိန်ရောက်တော့ ဟုတ်ကဲ့ရှင့် မိုးဟိန်းရဲ့ အိမ်ကိုလိုက်ပြီး သူ့မိန်းမဆီက နေ့ပြန်တိုး သွားယူတယ်။
နောက်နေ့တွေကစပြီး "ဟုတ်ကဲ့ရှင့်"နဲ့ မိုးဟိန်းတို့ အမြဲတတွဲတွဲ တွေ့ကြရတာမို့ လူတိုင်းအံ့သြကြတယ်။ လက်ဖက်ရည်ဆိုင်မှာ မုန့်တီဆိုင်မှာ တုတ်ထိုးဆိုင်မှာ။ သူတို့တွဲကုန်ကြပြီလား ဘာလား ညာလားဆိုပြီး တစ်ဈေးလုံး နှလုံးတုန်ရင်ခုန် ဖြစ်ကြတယ်။
ဟုတ်တယ်လေ။"ဟုတ်ကဲ့ရှင့်"ဆိုတာက တစ်ဈေးလုံးရဲ့ အချစ်တော်၊ မိုးဟိန်းဆိုတာက တစ်ဈေးလုံး ဖိန့်ဖိန့်တုန်အောင် ကြောက်ရတဲ့ လူမိုက်မဟုတ်လား။ ဟုတ်ကဲ့ရှင့် ကိုဘေးဆိုင်တွေက မိုးဟိန်းကို ရှောင်ဖို့ တိုးတိုးတိတ်တိတ် ပြောကြပေမယ့် ဟုတ်ကဲ့ရှင့်က ပြုံးလို့သာ ဆိတ်ဆိတ်နေတယ်။
ဘယ်သူတွေဘာပဲပြောပြော သူတို့နှစ်ယောက်က ဂရုကိုမစိုက်တော့တာ။ တတွဲတွဲမခွဲဘူး။ မိုးဟိန်းက သူ့ဇနီးကို မီးသေသူမို့ ဇနီးကဝင်မစွက်ရဲဘူးလေ။
*************
"ဟုတ်ကဲ့ရှင့် " ထွက်ပြေးသွားတယ်ဆိုတဲ့ သတင်းက (၇)ဈေးကလေးအတွင်း တမဟုတ်ချင်း ပျံ့နှံ့သွားတယ်ဆိုရင်ပဲ "ဟေ" ဆိုတဲ့အာမေဋိတ် သံနဲ့ပြိုင်တူထွက်ပြီး မီးကိုရေနဲ့ ငြိမ်းသတ်လိုက်သလို ငြိမ်ကုပ်ကျ
သွားတော့တာပါပဲ။
နံနက်ခင်းထွက်ပြူစ နေမင်းကြီးနဲ့အတူ စည်ကားသက်ဝင်နေတဲ့ဈေးကလေးဟာ ဒီသတင်းကြောင့်ရွေ့လျားမှုတွေ တုန့်နှေး ရပ်ကုန်တာပါ။ အားလုံးရဲ့ မျက်နှာတွေကလည်း သို့လောသို့လောနဲ့ ပဟေဋ္ဌိအဖြေညှိ ကုန်ကြတယ်။
မိုးဟိန်းတစ်ယောက်ကတော့ အမြဲဝတ်နေကျ ပလေကပ် လုံချည်လေးတောင် ကိုယ်မှာ မကပ်နိုင်ဘူး။ ဂျေဂျေ ဘောင်းဘီတိုကြီးကိုဝတ် မျက်နှာကြီးက ကတွတ်သီးမှည့်လို နီရဲနေတယ်။ ဒေါသအမျက် ခြောင်းခြောင်း ထွက်လို့။ တောက်တခေါက်ချောက်နဲ့ တစ်ဈေးလုံးကို ဥဒဟို လျှောက်နေတယ်။ ဘယ်ဆိုင်ရှေ့မှ မရပ်သလို ဘယ်ဆိုင်က ဘာပေးပေး မယူတော့ဘူး။ စိတ်လည်းမဝင်စားတော့ဘူး။ သူစိတ်ဝင်စားတာက ဟုတ်ကဲ့ရှင့်ရဲ့ လွတ်နေတဲ့ နေရာလေးကို အသွားကြည့် အပြန်ကြည့်။ တချို့က မိုးဟိန်း ဂေါက်သွားတယ်လို့တောင် ပြောကြတယ်။
ကြားရတာကတော့ "ဟုတ်ကဲ့ရှင့် "ဆီ ပါသွားတာ သိန်း၂၀ဆိုလား သိန်း၃၀ဆိုလား။ "ဟုတ်ကဲ့ရှင်"တို့ကတော့ ကျောက်ခဲ ရေထဲပစ်ချသလို ပလုံဆို ပျောက်ပေါ့။
🔲
#မေလှိုင်းဖြူ
လွမ်းငွေ့ဝေစီ ငပလီ -ရသဝတ္ထုတိုများ(၂၀၁၈-ဇန္နဝါရီ)
No comments:
Post a Comment