အသက်မကြီးသေးပါ မောင်ရယ်
🌠🌠🌠🌠🌠🌠🌠🌠🌠🌠🌠
ညိုထွန်းလူ
လမ်းတစ်လျှောက် မြိုင်မြိုင်ဆိုင်ဆိုင် တီးမှုတ်ဖျော်ဖြေ သွားသည့် ဗြောအဖွဲ့ဆီက ဖြစ်စေ၊ သည်လိုမဟုတ် တခြားနေရာကပဲ ဖြစ်စေ ....
"အသက်မကြီးသေးပါ မောင်ရယ် … ထန်းရွက်ပုတီးလေး ဆွဲဖို့ ရွှေစာရံကို အရောက်သွားလို့ဝယ် …"
ဟူသော သီချင်းကို ကြားလိုက်ရလျှင်ဖြင့် သည်ရပ်ကွက်သူ၊ ရပ်ကွက်သားတွေက ကွယ်လွန်သူ ဦးရွှေဖြိုးအား ရုတ်တရက် သတိရသွားကြလေ၏။
သေသောသူ ကြာလျှင်မေ့ ဆိုသည့်စကား ရှိသော်လည်း ဦးရွှေဖြိုး အနိစ္စ ရောက်သွားတာ လေးငါး ခြောက်လမျှသာ ရှိသေး၍ ယခုထိ ပူပူနွေးနွေး သတိရနေကြဆဲ ဖြစ်သည်။ ဦးရွှေဖြိုးသည် အမြဲလိုလို ပြုံးပြုံးပျော်ပျော် နေတတ်သောကြောင့် လူချစ်လူခင်လည်း ပေါများသည်။ ပြီးတော့ ရပ်ကွက် သာရေး နာရေး ကိစ္စများတွင် လက်မနှေး။ တတ်နိုင်သမျှ ငွေကြေးထည့်ဝင်လှူဒါန်း၍ စေတနာကောင်းသူ ဖြစ်သည်။ ဒါကြောင့်လည်း သူ့စေတနာ၊ သူ့အမူအရာတွေက သည်ဝန်းကျင် တစ်ဝိုက်မှာ လိပ်ပြာကလေးပမာ ပျံဝဲနေလျက်။
သူသည် ထန်းရွက်ပုတီးကလေးကို တော်တော် ကြိုက်နှစ်သက်ပုံ ရသည်။ မကြာခဏ သီဆိုလေ့ ရှိသည်။ သို့သော် အဆိုပါသီချင်းကို အပြတ် ဟဲသော်လည်း နှစ်စဉ် ကျင်းပသည့် ရွှေစာရံဘုရားပွဲတော်သို့ တစ်ခေါက်တလေမျှ အရောက်သွားခဲ့ဟန် မတူ။ စိတ်ဝင်စားပုံလည်း မရှိ။ နို့ဖြင့် ဘာကြောင့်များ သီချင်းကို ဖေးဘရိတ် ဖြစ်နေရလေသနည်း။ တစ်ခုတော့ ရှိသည်။ သီချင်းထဲက "အသက်မကြီးသေးပါ မောင်ရယ်" ဟူသည့် သီချင်းစာသားသည် အရွယ်အိုလာသည့် သူ့အား စိတ်အာရုံ လှည့်စား၍ ခွန်အားပြည့်သွားအောင် မောင်းတင်ပေးလိုက်လေသလား မပြောတတ်။ မည်သို့ပင်ဖြစ်စေ သူကတော့ သူ့စိတ်ကူးနှင့်သူ ဟန်ကျနေတာ အမှန်ပင်။ စိတ်ရွှင်လန်း ကျန်းမာဖို့အရေး ခေတ်ပေါ် နာမည်ကြီး အားတိုးဆေးတွေ ဝယ်ယူ အသုံးပြုစရာ မလို အကြိုက်ဆုံး သီချင်းကို သီဆို၍ သူ၏ စိတ်နှင့် ရုပ်ခန္ဓာကို အင်အားဖြည့်တင်း ချာဂျင်သွင်းထားလိုက် လေ၏။ "စိတ်သာလျှင်ဇော၊ ဘုရားဟော၏" ဆိုသည် မဟုတ်လား။ စိတ်သာလျှင် အဓိက စိတ်ဆောင်သမျှ ခန္ဓာကိုယ်က လိုက်နိုင်ဖို့ပဲ အရေးကြီးသည်။ သို့ဖြင့် ဦးရွှေဖြိုးသည် သူ့ဆေးနှင့်သူ အဆင်ပြေ အဝင်တည့်၍ နုပျိုခြင်းကို ဖန်ဆင်းကာ ပျော်ရွှင်လျက် ရှိလေသည်။ သူ့ကိုယ်သူ အဟုတ်ထင်ပြီး အသက်မကြီးနိုင်သေးသည့် ဦးရွှေဖြိုး၊ အစဉ်အမြဲ နုပျိုဖို့ ကြိုးစားနေသည့် ဦးရွှေဖြိုး …။
အဲသလို ဦးရွှေဖြိုးအား ရပ်ကွက်ထဲက အသက်ကြီးဆုံးပုဂ္ဂိုလ် ဘကြီးမောင်က သဘောမကျ။
"ခန္ဓာရှိရင် အို၊ နာ၊ သေဘေး လွတ်မတဲ့လားကွ … အိုချိန်တန် အိုမှာပဲ၊ နာချိန်တန် နာမှာပဲ ရွှေဖြိုး ဆိုတဲ့အကောင် အနိစ္စကို မမှတ်ဘဲ ကိုယ့်စိတ်ကိုယ် လှည့်စားနေတယ် … လူဆိုတာ သေရင် ဘာမှ ပါသွားမှာ မဟုတ်ဘူး … ကိုယ်ပြုခဲ့တဲ့ ကုသိုလ်နဲ့ အကုသိုလ်တွေပဲ နောက်က ကပ်ပါလာမှာ … တယ်လည်း ခက်ပါကလားကွာ"
အသက်အရွယ် ကြီးရင့်၍ ဘယ်မှမထွက်နိုင် အိမ်မှာပဲ ဘုတ်ထိုင် ထိုင်နေရသည့် ဘကြီးမောင်၏ ဝေဖန်ရေး လှိုင်းခတ်သံသည် ပါးစပ်တစ်ပေါက်မှ တစ်ပေါက်သို့ ကူးပြောင်းရင်း ဦးရွှေဖြိုး၏ ရွှေနားတော်သို့ တည့်တည့်ဝင်တိုး ပါလေတော့သည်။
ရော … ခက်ချေပြီ။
ကြားရကြားရ နားဝမှာ မသက်သာပါကလား။ သည်လို အသားလွတ်ကြီး ဆော်ထည့်လိုက်၍ ဦးရွှေဖြိုး တစ်ယောက် စိတ်ထဲမှာ တင်းခနဲ ဖြစ်သွားလေ၏။ သည်လူကြီး အကြောင်း စောဖေက နောကြေ နေပေပြီ။ ရပ်ကွက်ထဲမှာ နှစ်ပေါင်းများစွာ အတူညနေလာခဲ့ကြတာပဲ။ အကြောင်းသိချင်းမို့ ခက်သည်။ ဘယ်အရာကို ထွင်၍ ဘယ်လိုရည်ရွယ် ပြောလိုက်မှန်း သိသည်။ သူ့စကား နားထောင်ပြီး ကိုယ်ကပဲ တရားကျရတော့ မလိုလို …။ မလိုက်နာခဲ့လျှင် အမိုက်နင့်အပြင် ဘယ်သူရှိသေးလဲ ဖြစ်တော့မည့်ပုံ။ သည်လို ချည်တုပ်ပြီး အပီအုပ်ထည့်လိုက်ခြင်းကား သူ့အပေါ်မှာ အလကားနေရင်း မစ္ဆရိယစိတ်တွေ စူးဝင်နေခြင်းကြောင့်ပါပဲ ဟူ၍ ပြောမိခဲ့လျှင် သူကပဲ မကောင်းစိတ်ထားပြီး ထင်ရာမြင်ရာ လိုရာဆွဲတွေး၍ ကောက်ချက်ချလိုက် လေသလား ယူဆဖွယ်ရာ။ မဟုတ်ရေးချ မဟုတ်ပါ။ အမှန်စင်စစ် သူ့အပေါ် မနာလိုဝန်တိုခြင်းကား ယခုမှမဟုတ် ဟိုတုန်းကလည်းကဟု ဆိုရပေမည်။ ဒါကလည်း အကြောင်းမဲ့ ပြောခြင်း မဟုတ်ပေ။ ရပ်ကွက်ထဲမှာ လူကြီးတန်းသို့ ရောက်နေကြသည့် သူတို့နှစ်ဦးကို နှိုင်းယှဉ် ကြည့်လိုက်စမ်းပါ။ သူသည် ဘကြီးမောင်ထက် ပညာအရာမှာလည်း မသာ၊ ဥစ္စာပစ္စည်း ဆိုတာကလည်း ဘယ်သူ့ ဘယ်သူကမှ ပို၍မရှိ။ အဲသည်တော့ ဘာကြောင့်များ မနာလို တိုရှည် ဖြစ်ရပါသနည်း။
အင်း … ဒါက ဘာဖြစ်လို့ ဆိုတာလား … ဟိုဒင်းကိစ္စလေ … ဟိုဟာပေါ့ … ဦးရွှေဖြိုးသည် စိတ်ရှုပ်ရှုပ်ဖြင့် ခေါင်းကုတ်လိုက်သည်။ သည်အကြောင်းကို ရှင်းပြရလျှင်လည်း ကိုယ့်အထုပ်ကို အစအဆုံး ဖြေပြလိုက်သလို ဖြစ်ပြန်ရော့မည်။ ပြောလည်းအခက် မပြောလည်းအခက် တော်တော့်ကို ခွကျသည်။ သူသည် အကြံအိုက်သွားရင်း သက်ပြင်းချ၏။ ထို့နောက် မေးစေ့ကို လက်ဖဝါးဖြင့် ပွတ်တွန်း၏။ တစ်ဖန် ပြုံးတုံ့ပြုံးတုံ့ ဖြစ်သွားပြန်၏။ ပြီးမှ သူ့အဖြစ်ကို သတိပြုမိကာ ငါ့နှယ်နော်ဟု ညည်းမိပြန်၏။ သည်တော့ ဦးရွှေဖြိုး၏ ငါ့နှယ်နော်၏ အကြောင်းရင်း ဇာစ်မြစ်ကို ခြေရာကောက်ကြည့်မှ ဖြစ်ပေတော့မည်။
* * *
တကယ်တော့ ဦးရွှေဖြိုးသည် နှယ်နှယ်ရရ မဟုတ်ပေ။ လက်ဝဲ လက်ျာ ကြင်ရာတော် နှစ်ပါးနဲ့ အပြင်အရန်တစ်ပါး ထပ်ဆောင်း၍ ကြင်ရာတော် သုံးပါးဖြင့် ပျော်ရွှင်စွာ စံမြန်းနေသူ ဖြစ်ပေ၏။ သို့သော် သူ၏ ချစ်လှစွာသော ကြင်ရာတော် သုံးပါးသည် တစ်ယောက် တစ်မြို့ တစ်နေရာစီမှာ ရှိကြသည်။ နံပါတ်ဝမ်း ကြင်ရာတော် ဒေါ်ခင်သိန်းက ရန်ကုန်၊ နံပါတ်တူး ဒေါ်ပွင့်ရီက တောင်ကြီး၊ မန္တလေးမှာ ကြင်ရာတော် နံပါတ်သရီး ဒေါ်မြအေး နေထိုင်လျက် ရှိသည်။ ထို့ကြောင့် ဦးရွှေဖြိုးသည် နွေရာသီတွင် အပူဒဏ်ကို ရှောင်ရှားရင်း တောင်ကြီးမြို့သို့ သွားရောက် နေထိုင်၏။ ဆောင်းရာသီ ရောက်ပြန်တော့ အနည်းအပါးလောက်ပဲ အေးသည့် ရန်ကုန်မြို့ ရင်ခွင်မှာ ခိုလှုံ၏။ မိုးကျတော့မှပဲ မန္တလေးသို့ ပြန်လာခဲ့သည်။ ဟန်ကျလှသည့် သူ့စည်းစိမ်မျိုး မည်သူမျှ ရနိုင်အံ့မထင်။
အကယ်၍ ရခဲ့သည် ဆိုဦးတော့ အဆိုပါ ဝမ်း၊ တူး၊ သရီး တို့သည် မုန့်ကိုပဲ ဝေစားမည်၊ အချစ်ကိုတော့ တစ်ဖဲ့ တစ်ကိုက်မျှ မပေးနိုင်ဟူသော ထုံးကို နှလုံးပြု၍ အချင်းချင်း စိတ်ဝမ်း မညီညွတ်ဘဲ သူက တစ်မျိုး၊ ငါက တစ်ဖုံဖြင့် ထင်ရာစိုင်းကုန် ကြပါအံ့။ ခက်ဖွယ်ရယ် ကြုံရနိုင်ပေသည်။ အလယ်ကလူ အမောင်ယောက်ျား ခမျာလည်း ရှင်းရင်းရှုပ်ရင်း အူချာပတ်ချာရမ်းပြီး အီစလံ ဝေသွားနိုင်သည်။ ဦးရွှေဖြိုးကတော့ သည်လိုမဟုတ်။ အားလုံးအေးဆေး။ လွှမ်းခြုံ ပေးထားသော မေတ္တာရိပ်အောက်မှာ ဇနီးမယားတို့သည် အချင်းချင်း ကြည်ဖြူ ချစ်ခင်စွာ ရှိကြလေသတည်း။
အဲသဟာကြောင့်လည်း ဘကြီးမောင်က သူ့အပေါ် မနာလို မရှုစိမ့်နေခြင်း ဖြစ်ပါ၏။ ပြီးတော့ သူသည် အမြဲတမ်း ပျော်ပျော်ရွှင်ရွှင် နေတတ်သူ။ ရပ်ကွက်ထိပ်က လက်ဖက်ရည်ဆိုင်ကို ရောက်လာလျှင် သူထိုင်သည့် စားပွဲဝိုင်းမှာ ရယ်မောသံတွေဖြင့် အမြဲ စည်ကားနေလေ့ ရှိစမြဲ။ ရယ်စရာ စကားတွေ ပြောတတ်သော သူ့ကို ရပ်ကွက် လူငယ်တွေ ချစ်ကြသည်။ သူ၏ ကိုယ်တွေ့ ဖြစ်ရပ်ဆန်းများကို ပါးစပ် အဟောင်းသားဖြင့် နားထောင်ချင်ကြသည်။ သူကလည်း အများ အာရုံစိုက် ပွဲတောင်းချင်လောက်အောင် ပြောစရာ အတွေ့အကြုံတွေကလည်း စုံလင်ပါဘိသည်။ ဘကြီးမောင်ကတော့ သူနှင့် မတူ ခပ်တည်တည် နေသမို့ လူငယ်တွေက သူ့အနား မကပ်ကြ။ သည်တော့ လူငယ်တွေနှင့် ရောရောထွေးထွေး နေသည့် သူ့ကို အမြင်မကြည်။ ကိုယ့်အသက်အရွယ်ကို မထောက် သိက္ခာမဲ့သည့် အပြုအမူဟုဆိုကာ ရှုံ့ချသည်။ ပြောရလျှင် သူတို့နှစ်ယောက်သည် ပြဒါးတစ်လမ်း သံတစ်လမ်း ဖြစ်သည်။ တစ်ယောက်က အရှေ့ဆိုလျှင် တစ်ယောက်က အနောက်၊ တစ်ယောက် မြောက် ဆိုပါက တစ်ယောက်က တောင်အရပ်မှာ။ ဆန့်ကျင်ဖီလာ။
သို့သော်လည်း တစ်ရပ်ကွက်ထဲ အတူတကွ နေထိုင်ခဲ့ကြတာ မဟုတ်ပါလား။ တစ်မျက်နှာနှင့် တစ်မျက်နှာ မဆုံချင်လည်း ဆုံကြရမည်သာ။ ဖြစ်နိုင်သရွေ့တော့ နှစ်ယောက်စလုံး တစ်ယောက်နှင့် တစ်ယောက် မျက်နှာချင်း မဆိုင်မိအောင် သတိထားသည်။ အထူးသဖြင့် ဦးရွှေဖြိုးက သည်လူကြီးနှင့် လွဲနိုင်သမျှလွဲအောင် ဂရုစိုက်သည်။ ဪ ... ကြုံရပုံများနှယ် ဖြစ်ချင်တော့လည်း သည်လောက် သတိထားပါမှ လက်ဖက်ရည် တစ်ဝိုင်းထဲ မျက်နှာချင်းကို ဆိုင်မိကြသည်။ သည်လူကြီး ညာဉ်က မကောင်း။ တစ်ဖက်သားကို အချွန်အမကလေးတွေဖြင့် တို့၍ မသိမသာ လှမ်းပြီး အုပ်တတ်သည်။
ထိုတစ်ရက်က အဖြစ်အပျက်ကို ယခုထိ သူမမေ့နိုင်သေး။ သိကြသည့်အတိုင်း လက်ဖက်ရည် စကားဝိုင်းတို့ မည်သည် လူစုံသလောက် စကားလည်းစုံ၊ အကြောင်းအရာလည်း စုံလင်စမြဲ။ အလေးအနက် တွေးစရာတွေဖြင့် အတည်အခန့်တွေလည်း ပါ။ တခွိခွိ တဟိဟိ ဖြစ်စရာ အရွှင်အသောတွေလည်း ပါ။ သည်မှာပင် ဘယ်ကဘယ်လို စကားလမ်းကြောင်း လွဲချော်သွားသည် မသိ၊ ပြောရင်းဖြင့် တစ်လင် တစ်မယား စနစ်အကြောင်း မဆီမဆိုင် ရောက်သွားလေ၏။ ဤတွင် ဖနောင့်နင်းပြီး ဟတ်ထိုးလဲအောင် အကွက်ချောင်းနေသည့် ဘကြီးမောင်အတွက် အပိုင်ထုစရာ ပေါ်လာချေပြီ။ တက္ကသိုလ် ကျောင်းသား မောင်ဖေသောင်းအား တစ်လင်တစ်မယား စနစ်ကို အင်္ဂလိပ်လို မည်သို့ခေါ်သနည်းဟု မေးသည်။ မောင်ဖေသောင်း ကလည်း မောင်ဖေသောင်း ပါပဲ။ တက္ကသိုလ် ကျောင်းသား ဖြစ်ပေမယ့် အူတူတူ အတတ။ မေးခွန်းကို ချင့်ထောက်၍ မတွေး ဘကြီးမောင် ခင်းလိုက်သည့် အကွက်ကို မမြင်။
တစ်လင်တစ်မယား စနစ်ကို အင်္ဂလိပ်လို Monogamy လို့ ခေါ်တယ်ဗျဟူ၍ လိုသလောက် မဖြေ။ သူသိ သူတတ်ကြောင်းလည်း ပြောချင်လွန်း၍ Bigamy ဆိုတာကတော့ မယားတစ်ယောက်ထက် ပိုပြီး မယားနှစ်ယောက်၊ သုံးယောက်ယူသည့် စနစ် ဖြစ်ပါကြောင်း၊ မယားများစွာ ယူသောစနစ်ကို Polygamy ခေါ်ကြောင်း၊ ထိုစနစ် ကျင့်သုံးသူများအား ယူသော မယား အရေအတွက်ကို လိုက်၍ Bigamist, Polygamist ဟု အင်္ဂလိပ်စကား ရှိကြောင်း စသဖြင့် လေကြော ရှည်တော့သည်။ ဘကြီးမောင် မျက်နှာတွင် အထူးအဆန်းကို ကြားဘိ မြင်ဘိသည့်အလား အံ့ဩဟန် ပြု၏။
"ဪ ... ဟုတ်လား ... အင်္ဂလိပ်စကားမှာ သည်လို ရှိသကိုးနော် ...တို့များ မသိပါဘူးကွာ … ဘာပဲဖြစ်ဖြစ်ဟေ့ ... တစ်လင်တစ်မယား စနစ်ပဲ ကောင်းတယ် ... လိုတာထက် ပိုရင် အဲ … ဘုရား မကြိုက်တဲ့ ကိစ္စတွေပါ ငါ့တူရယ်"
ခေါင်းတညိတ်ညိတ် လုပ်ရင်း ပြုံးစစဖြင့် ပြောလိုက်သည့် စကားတွေက အနားမှာ ရှိနေသည့် ဦးရွှေဖြိုးအား အရှိုက်ကို ထိုးနှက်လိုက်သည့်နှယ်။ အသားလွတ် အတွယ်ခံလိုက်ရ၍ ရုတ်တရက် အံ့ဩသွားသည်။ အခုလိုမျိုး ကြုံရလိမ့်မည်ဟု မျှော်လင့်မထား။ ထို့ကြောင့် ဘကြီးမောင်အား အစွမ်းကုန် မျက်လုံးပြူး၍ ကြည့်လိုက်သည်။ သူ့မျက်လုံးထဲတွင် မြစ်ဆိပ်မှာ ကုန်စည်စာရေး လုပ်နေသည့် ဘကြီးမောင် မိန်းမမြင်တာနှင့် ဣနြေ္ဒမရ ငန်းငန်းတက်နေပုံကို တွေ့ရ၏။ တစ်ဖန် ရပ်ကွက်ထဲမှာ အင်မတန်မှ ရိုးသားဟန်ဖြင့် လူရိုသေ ရှင်ရိုသေ လုပ်နေတာကိုလည်း သတိပြုမိပြန်၏။ ကြောင်သူတော် တကယ့် လူလည် လူနပ်ကြီး။ တွေးရင်းဖြင့် မခံချင်စိတ်တွေ ရုန်းကြွလာသည်။
"ဘာ ... ဘုရား မကြိုက်တာလဲဗျ ... ဗဟုသုတလေး ရအောင် ပြောစမ်းပါဦး ... ဘုရား မကြိုက်တာ ဆိုရင် ဘယ်စာအုပ် ဘယ်ကျမ်းတွေထဲမှာ ရေးသားထားတာတုံး"
သည်လိုကိစ္စမျိုးမှာ အားနာ၍ မရ။ သူက အသားလွတ်ကြီး ဆော်မှတော့ ကိုယ့်ဘက်ကလည်း ဘလိုင်းပြန်အုပ်မှ ဖြစ်မည်။ ဦးရွှေဖြိုးဆီက မမျှော်လင့်သော ပြန်ခြင်းကလေး ခတ်ပြလိုက်၍ စားပွဲဝိုင်း တစ်ခုလုံး ငြိမ်ကျသွား၏။ သူ့ကို အံ့အားတသင့် လှမ်းကြည့်ရင်း လက်ရှိ အခြေအနေ အမှန်ကို မြင်လိုက်မိကြပေပြီ။ ပုံမတော် ပေါက်ကွဲ သွားနိုင်သည်ကော။
"ဘုရား မကြိုက်တာတော့ မသိဘူးဗျ။ ဘုရား ကြိုက်ခဲ့တာတော့ ဘုရားလောင်း ဘဝတုန်းက ယသော်ဓရာပဲ ရှိတယ်"
စိန်ဝင်းအောင်က အူကြောင်ကြောင်ဖြင့် ဝင်ပြီး ပြောသည်။ ယခု ဘယ်လို အခြေအနေ ဆိုက်နေမှန်း မသိ။ အတော်ခက်သည့် စိန်ဝင်းအောင်။ သည်တော့ ...
"ဟေ့ကောင် ... စိန်ဝင်းအောင် မင်း အသာနေစမ်း"
ဟု အငေါက်ခံထိရင်း ဦးရွှေဖြိုး၏ ဒေါသ စက်ကွင်းထဲသို့ ဘကြီးမောင်နှင့်အတူ အမှုပူးတွဲအဖြစ် အဆစ်ပါသွားရလေ၏။ ဘကြီးမောင် တစ်ယောက် ကိုယ့်ကြိုးနှင့်ကိုယ် ပတ်မိလျက်သား ဖြစ်ကာ ချွေးပြန်သွားသည်။ စမိသည့်ကိစ္စ ဘယ်လို ဖြေရှင်းမည်မှန်း မစဉ်းစားတတ်။ မရှင်းပြန်တော့လည်း အိယောင်ဝါး လုပ်တာကို သိတော့မည်။ အမှန်တကယ်လည်း သူမသိ။ အမယ်လေး ဘယ်နှယ့် လုပ်ရမှာပါလိမ့်။ ရုတ်တရက် မူးတယ် ... မူးတယ် ပြောပြီး သွေးတိုးသလိုဖြင့် ထိုင်ခုံပေါ်မှ ခွေကျသွားလျှင် ကောင်းမလား။ ဒါလည်း သိပ်မနိပ်။ လိမ်တယ် ညာတယ် လူညာကြီးရယ်မှန်း ရိပ်မိသွားနိုင်သည်။ မျက်စိတွေ အားလုံးက သူ့ဆီသို့ ရောက်နေမှန်း သိသည်။ ဖူးခနဲ သက်ပြင်းရှည်ကြီး ချသည်။ ပြီးနောက် ... အကြံခက်လှစွာဖြင့် အဝေးသို့ ငေးသည်။
တကယ်တော့ သည်တစ်ပွဲမှာ ဘကြီးမောင် အပီကွဲဖို့ပါပဲ။ ကံများ ကောင်းချင်တော့လည်း ကယ်တင်ရှင်က ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာသည်။ ထိုကယ်တင်ရှင်ကား အခြားမဟုတ်။ မြင်းလှည်းသမား သိန်းဆွေ၏ မြင်းမ မိနီ။ ရပ်ကွက် တောင်ဘက်ဆီမှ "မြင်းမမိနီ လွတ်သွားလို့ဗျိုး ဝိုင်းဖမ်းပေးကြပါဦး" အော်ဟစ်လိုက်သည့် အသံ တစ်ရပ်ကွက်လုံးသို့ ဝရုန်းသုန်းကား ဖြစ်သွားစေသည်။ သတိပေး အော်ဟစ်လိုက်သည့် အသံက မြင်းမမိနီ၏ ရှေ့ကလော၊ နောက်မှ ကပ်ပါလာသလော တွေးတောချိန် မရလိုက် အသံကြားရာဆီသို့ လှမ်းကြည့် လိုက်ကြသောအခါ ဒုန်းစိုင်း၍ ပြေးလာသော မယ်မင်းကြီးမကို တွေ့မြင်ရသည် တစ်ခဏ အားလုံး မျက်လုံး မျက်ဆံတွေ ပြူးခနဲ ပြဲခနဲ။ မထိတ်လန့်တဲ့သူ ဘယ်သူရှိမည်လဲ။ မိနီသည် လက်ဖက်ရည်ဆိုင်သို့ ဦးတည်၍ လာနေချေပြီ။ တော်တော်တော့ ထူးဆန်းသည်။ မိနီသည် တစ်လ တစ်ကြိမ်လောက် ဗွေဖောက်တတ်သည်။ မြင်းလှည်းထွက်ဖို့ ပြင်လျှင် ကလန်ကဆန် လုပ်ပြီး လှည်းအတပ်မခံဘဲ ထွက်ပြေးသည်။ ထို့နောက် ဦးရွှေဖြိုးတို့ ထိုင်သည့် လက်ဖက်ရည်ဆိုင်ထဲသို့ ဝုန်းခနဲ ရောက်လာပြီး တွေ့သမျှ အကုန် ကန်ကျောက်ပစ်သည်။ စားပွဲနှင့် ကုလားထိုင်တွေ အားလုံး တုံးလုံးပက်လက်၊ လက်ဖက်ရည် အကြမ်းပန်းကန်တွေ လေမှာပျံဝဲ၊ ရေနွေးခရားအိုးက မြေပြင်သို့ ဒိုက်ဗင်ထိုး ဆင်းသည်။ သည်လက်ဖက်ရည်ဆိုင်ကို မိနီ ဘာကြောင့် မျက်မုန်းကျိုးနေမှန်း မသိ။ ဆိုင်ထဲကို ထင်သလို မွှေနှောက်ပြီးမှ ရှေ့သို့ ဆက်ပြေးသည်။
အလိုလေး ... သည်လို အခွင့်အရေးမျိုး ရခဲသည်ကော။ အကြံအိုက်နေသခိုက် ထွက်ပေါက် တွေ့သွားပြီမို့ အချိန်မဆိုင်းတော့ဘဲ "ဟ ... မိနီ ... မိနီ" ဟု မြည်တမ်း၍ သကာလ လေ၏ လျင်မြန်ခြင်းမျိုးဖြင့် ကမူးရှူးထိုး ဆိုင်ပြင်သို့ ထွက်ပြေး၏။ ဦးရွှေဖြိုးသည် ဒေါသကို လွှင့်ပစ်ပြီး ပုဆိုးစကို ဘယ်ညာ အစုံ မလိုက်ကာ လက်ဖက်ရည်ဆိုင်နှင့် ဝေးရာသို့ မှုန်နေအောင် ပြေးရလေ၏။ စိန်ဝင်းအောင်လည်း ထိုနည်းလည်းကောင်း အတိုင်း။ မိနီအသံ ကြားလိုက်တာနှင့် သင်း ရောက်မလာခင် ကတည်းက မြန်နှုန်းမြှင့်၍ သုတ်ချေတင်နှင့်လေပြီ။ နောက်ကျလျှင် အီစလံ ဝေသွားနိုင်သည် မဟုတ်လား။
* * *
ရာသီစက်ဝိုင်းသည် ချားရဟတ်ပမာ အဖန်ဖန် လှည့်ပတ်ရင်း နှစ်ကာလတို့သည် ပြက္ခဒိန် စာရွက်များနှင့်အတူ တဖြုတ်ဖြုတ် ကြွေကျသွားကြ ပါလေ၏။ ဘယ်အရာမျှ မမြဲ။ အချိန်ကာလ တိုက်စားခြင်းခံရသော လူ့ဘဝသည်လည်း နုရာမှရင့်၊ ရင့်ရာမှ အိုမင်း လာကြရသည်။ သည်လိုဖြင့် ဂိတ်ဆုံးရောက်သည့် အချိန်မှာ သေမင်းခေါ်ရာ နောက်သို့ မငြင်းဆန်နိုင် ကောက်ကောက်ပါအောင် လိုက်ပါ သွားကြစမြဲ ဖြစ်ပါ၏။
လွန်ခဲ့သည့် တစ်နှစ်လောက်က ဘကြီးမောင် ကွယ်လွန် အနိစ္စ ရောက်သွားခဲ့သည်။ တစ်ယောက်နှင့် တစ်ယောက် အစေး မကပ်ကြသော်လည်း တစ်ရပ်ကွက်တည်း အတူနေကြသည်မို့ စိတ်မကောင်း ဖြစ်မိသည်။ အနိစ္စတရားကို ဘယ်သူများ လွန်ဆန်နိုင်မှာလဲ။ ကြွေချိန် တန်တော့လည်း ကြွေကြရစမြဲ။ ဘကြီးမောင် နာရေးကို လိုက်ပို့ရင်း တရားကျချင်သလို ရှိသွားသည်။ သို့ရာတွင် တရားကို မြင်သော အသိသည် သာမန်မျှသာ ဖြစ်၍ ဦးနှောက်ထဲမှာ အချိန်ကြာကြာမခံ တစ်ခဏလေးနှင့် ပျောက်ကွယ်သွားသည်။ ပြီးတော့ နောက် ခြောက်လလောက် အကြာ သူလည်း ဘကြီးမောင် နောက်သို့ လိုက်ပါသွားရမည့် အဖြစ်ကိုလည်း မတွေးမိ။ သီချင်းကလေး တအေးအေးဖြင့် ပေါ့ပါးလန်းဆန်း နေပါ၏။ သူ့စိတ်ထဲတွင် သည်အတိုင်း အချိန်ကြာကြာ နေရဦးမည်ဟု မှတ်ထင်ရှာသည်။ ဦးရွှေဖြိုးက သူ့အသက်အရွယ်နှင့် ခန္ဓာကိုယ်ကို ဒေါင်ဒေါင်မြည်ဟု ယုံကြည်နေသော်လည်း သားဖြစ်သူ ခင်မောင်တင်ကတော့ လုံးဝစိတ်မချ။
"အမေ ... အဖေ့ကို ပြောဦးဗျ ... အပြင် သိပ်မထွက်စေနဲ့ ... ရာသီဥတုက နည်းနည်း ပူလာပြီ"
ခင်မောင်တင် စိုးရိမ်သလောက် ဒေါ်မြအေးကတော့ နာမည်နှင့် လိုက်အောင် ခပ်အေးအေးပင်။ စိတ်ပူဟန် မရှိ။
"ဟဲ့ ... နင့်အဖေက ခြေထောက် ဗွေပါနေတာ သိလျက်သားနဲ့ တစ်တိုင်းပြည်လုံး နေရာအနှံ့ လျှောက်သွားခဲ့တဲ့သူကို အခုကျမှ တားလို့ ရပါ့မလား"
ခင်မောင်တင် ဘာဆက်ပြောရမှန်း မသိတော့ပေ။ အမေ့စကား မှန်နေသည်ကိုး။ အချိန်တန်၍ အိမ်ပြန်မလာနိုင်ဘဲ အလည်လွန်နေသည့် သားသမီးတွေကို မိဘက စိတ်ပူရမည့်အစား ဘယ်ကိုသွားပြီး ဘယ်က ပြန်လာမှန်း မသိရသည့် ဦးခြေရှည် အဖေအတွက် စိတ်ပူပန်နေရသည့် သူ့အဖြစ်ကို တွေးမိရင်း စိတ်ရှုပ်သွားကာ ခေါင်းကုတ်လိုက်သည်။
အမေ ပြောမည်ဆိုလည်း ပြောချင်စရာ။ အဖေသည် တစ်ချိန်တစ်ခါက ဆောက်လုပ်ရေးဌာန လမ်းတံတား စီမံကိန်းမှာ တာဝန် ထမ်းဆောင်သည့် ဝန်ထမ်းတစ်ဦး။ အဖေ့တာဝန်က အလုပ်ကြီးကြပ်ရသူ ဆိုလား သိပ်တော့မသိ။ အဖေ့ကိုလည်း အဲသည့်အကြောင်း မမေးမိ။ သူငယ်ငယ်တုန်းက တစ်နှစ်နေမှ အိမ်ကို တစ်ခေါက် နှစ်ခေါက်လောက် ပြန်လာတတ်တာကိုတော့ မှတ်မိသည်။ သိကြသည့်အတိုင်း မြစ်ကူး ချောင်းကူး တံတားတစ်ခု စီမံကိန်းအတိုင်း ပြီးစီးအောင် တည်ဆောက်ဖို့ အချိန်ယူရသည်။ လုပ်ငန်း အနေအထားအပေါ် မူတည်၍ တစ်နှစ် နှစ်နှစ်မက ကြာတတ်သည်။ ထိုအခါ လုပ်ငန်း တာဝန် ထမ်းဆောင်ကြသူ အားလုံးခမျာ ရောက်သည့် နေရာမှာပဲ ပျော်အောင် နေကြရရှာသည်။ အဖေကတော့ သူများထက် ပို၍ ပျော်ချင်အောင် နေသလား မပြောတတ်။ အလုပ်နားသည့် နေ့ရက်မျိုးတွင် အနီးအနားရှိ ရွာကလေးတွေဆီသို့ အလည်အပတ် သွားသည်။ သို့ဖြင့် အသိမိတ်ဆွေတွေ တိုးလာသည်။ ခင်ရာဆွေမျိုးဟု ပြောကြသည်ကော။ ခင်မင်သူအားလုံးကို ဆွေမျိုးတွေလို သဘောထားသည်။ ကြာတော့ သူ၏ သဘောထားသည် လိုသည်ထက် ပိုသွားခဲ့လေပြီ။ တံတားတည်ဆောက် ပြီးစီးသွားသောအခါ အင်မတန် သံယောဇဉ် ကြီးမားရသော အဖေ့ခမျာ ခွဲရမှာ သဲမြညှာလို မခံစားနိုင်တော့ပဲ ဆွေမျိုးအစစ်တွေ အဖြစ် တော်စပ်လိုက်ချေသည်။ ဤသို့ဖြင့် အဖေ၏ နံပါတ်တစ် ဇနီး ဒေါ်ခင်သိန်းသည် လည်းကောင်း၊ နံပါတ်နှစ် ချစ်ချစ် ဒေါ်ပွင့်ရီနှင့် နံပါတ်သုံး ပူတူတူးလေး သူ့အမေ ဒေါ်မြအေးသည်လည်းကောင်း တံတား တည်ဆောက်ရင်း ရွှေလက်တွဲ၍ အကြောင်းဆက်ကာ ပေါင်းဖက်မိကြပါသတဲ့။
သည်အကြောင်းတွေကို မေမေကြီး ဒေါ်ခင်သိန်း၏ သားအကြီးဆုံး ကိုကြီးဝမ်းတင့် ပြောပြ၍ သိရသည်။ သူ ၇ တန်း ရောက်သည့်နှစ်မှာ အဖေ ဝန်ထမ်းဘဝမှ ထွက်ပြီး ကိုယ်ပိုင်စီးပွားရေး လုပ်ငန်း ထူထောင်သည်။ နောက်ထပ်လည်း တံတား တည်ဆောက်ဖို့ စိတ်ကူးတော့ဟန် မတူ။ မိသားစု သုံးစုအတွက် တင့်တင့်တယ်တယ် နေနိုင်အောင် ကြိုးစားရုန်းကန် ခဲ့ရလေပြီ။ ယခုတော့ သားသမီးတွေ အားလုံး အရွယ်ရောက်လာကြပြီး သူ့လုပ်ငန်းနှင့်သူ ရှိကြ၍ အားလုံး အဆင်ပြေသွားကြပြီ။ ရန်ကုန်မှာ နေသည့် မေမေကြီး ဒေါ်ခင်သိန်းက ကိုဝမ်းတင့်၊ မကြေးမုံနှင့် မသီရိတို့ကို မွေးသည်။ ကိုဝမ်းတင့်က ဆရာဝန်၊ ကျန်နှစ်ယောက်က ဘွဲ့ရပြီး ကုမ္ပဏီ ထောင်ထားသည်။ တောင်ကြီးမှာ နေသည့် မေမေလေး ဒေါ်ပွင့်ရီမှာတော့ ကိုဘိုဆန်းနှင့် ကိုထွန်းလှအောင် သားနှစ်ယောက် ရှိသည်။ အစ်ကို နှစ်ယောက်စလုံး ကုန်သည်တွေ။ စီးပွားရေး ကောင်းသည်။ သူကတော့ အငယ်ဆုံး တစ်ဦးတည်းသော သား။ သူ့အမေ ဒေါ်မြအေးကို အစ်ကို၊ အစ်မတွေက မေထွေး (မေမေထွေး) ခေါ်ကြသည်။
အဖေတူ အမေကွဲ သူတို့ မောင်နှမတွေ အားလုံး တစ်ယောက်နှင့် တစ်ယောက် အနေဝေးကြသော်လည်း တစ်အူတုံဆင်း အရင်းပမာ ချစ်ကြ၏။ ထို့အတူ မေကြီး၊ မေလေးနှင့် မေထွေးတို့သည်လည်း ညီအစ်မ အရင်းပမာ ရှိကြ၏။ ကံထူးလှပါတဲ့ ဦးရွှေဖြိုး ပါလား။ သူလောက် အဆင်ပြေ အိုကေမှာ စိုပြေတာမျိုး ဘယ်မှာမှ ရှိလိမ့်မည် မထင်။ ရန်ကုန်ဖြစ်ဖြစ်၊ တောင်ကြီးဖြစ်ဖြစ် သားသမီးတွေက ဦးရွှေဖြိုး ရောက်လာလျှင် ပျော်ကြသည်။ တစ်နေ့ တစ်နေ့ အဖေ ဘယ်သွားချင်လဲ၊ ဘာစားချင်သလဲ မေးရတာ အမော။ ရောက်တုန်း ရောက်ခိုက် အဖေ စိတ်ချမ်းသာအောင် ပြုစုကြသည်။ ကောင်းလေစွ ... ကောင်းလေစွ။ ရှေးရှေးဘဝက ပြုခဲ့ဖူးသော ကောင်းမှု ကုသိုလ်များကြောင့်ထင့် ယခုဘဝမှာဖြင့် ဇနီး မယားများ၊ သားသမီးများနှင့် ပျော်ရွှင်ကြည်နူး ချမ်းမြေ့ရသည်ကိုးလေ။ နတ်စည်းစိမ်ဆိုတာ ဒါမျိုး ထင်ပါရဲ့။
ခင်မောင်တင်သည် ယခုအထိ အသက်မကြီးသေး နိုင်သေးသည့် အဖေ့ကို ကြည့်ရင်း မအီမလည်ကြီး ဖြစ်နေမိသည်။ အမေ့ကို သနားသည်။ လေကလေး တချွန်ချွန်ဖြင့် အဖေ ပျော်နေသလောက် အမေ့ခမျာ စိတ်တမောမော ဖြစ်နေတာ မသိဘဲ နေပါရိုးလား။ အချိန်တန်၍ အဖေ အိမ်ပြန်မလာသေးလျှင် အမေ မျှော်တောဇောဖြင့် မောရပြီ။ အိမ်ရှေ့ဆီက လှုပ်လှုပ်ရှားရှားအသံ ကြားလိုက်တိုင်း အဖေပြန်လာပြီလား အတွေးဖြင့် ခေါင်းကလေး ဆန့်၍ လှမ်းမျှော်ကြည့်နေရှာသော အမေ။ သည်အပူထုပ်ကြီးက အဖေနှင့် အိမ်ထောင်ကျကတည်းက အမေ ရွက်ထားရဟန် တူသည်။ ဒါကြောင့်မို့ တစ်ခါတစ်ရံ အမေ စိတ်အမော ပြောလိုပြေငြား အဖေ အလည်ထွက်သည့် အချိန်တွင် စကားမရှိ မစကားရှာပြီး "နေမပူဘူးလား အဖေ" ဟု မသိမသာဖြင့် ဟန့်တားလိုက်မိသည်။ အပြင်ထွက်တော့မည့် ဆဲဆဲ ခြေလှမ်းကို တုံ့ခနဲရပ်ပြီးနောက် သူ့ကို မျက်မှောင်ကြုတ်၍ အဖေ ကြည့်လိုက်သည်။
"မင်း ... ဘာဖြစ်နေရတာတုံး … မန္တလေးသားပဲကွ နေပူတာ အဆန်းလား"
ကဲ … ဘယ်နှယ့်လုပ်မတုံး။ အဖေ့ဆီက လွှတ်ပစ်လိုက်သည့် ကောက်ပင်ရိတ်လှီး စကားတွေကို မည်ကဲ့သို့ တုံ့ပြန်ရမှာလဲ။ အဖေသည် စကားကြွယ်၏။ နည်းပရိယာယ်တွေလည်း ပြည့်စုံ များပြား၏။ ဆိုကြပါစို့။ စိတ်ထဲ ရှိသည့်အတိုင်း အဖေ့ အသက်အရွယ်ကြောင့် စိတ်ပူလို့ပါဟု ပြောလိုက်မိလျှင်ဖြင့် သူ့ကို စကားတရစပ်ဖြင့် တွယ်တော့မှာ သေချာသည်။
"မင်းတို့လည်း အဲဒါတွေကြောင့် ခက်တာ ... အသက်ကြီးတိုင်း အိမ်မှာဘဲ နေရတော့မှာလား ... အေး ... ဒါမှ ငါ မြန်မြန်သေမှာကွ ... ငါနဲ့ ရွယ်တူတွေကြည့် ... ဘယ်မှ မထွက်ဘဲ အိမ်ထဲ အောင်းနေရင်း ကြွကုန်ကြတာ မနည်းဘူးဗျ သိကြရဲ့လား ... ကောင်းပါပြီဗျာ … မင်းက အိမ်ထဲနေ ဆိုလည်း နေလိုက်ပါ့မယ် ... ဘာများ ခက်တာမှတ်လို့"
ခင်မောင်တင် မျက်လုံးပြူးသွားသည်။ အဖေ့ဆီက စကားသွား စကားလာကိုပဲ ကြည့်လေ။ သူ့စကားကို နာယူ၍ အိမ်ထဲမှာပဲ နေရင်းဖြင့် တစ်ခုခုများ ဖြစ်ခဲ့လို့ကတော့ ပြဿနာက သူ့ခေါင်းပေါ် ရောက်လာတော့မှာ တိန်တိန်မြည် သေချာပေသည်။ ဒါကတော့ ဘယ်အဖြစ်ခံနိုင်ပါ့မလဲ။ သို့ဖြင့် နည်းစနစ်တစ်မျိုး ပြောင်းလဲ၍ လမ်းအသွားအလာ မော်တော်ဆိုင်ကယ်တွေ ပေါများရှုပ်ထွေး နေသောကြောင့် အထူး စိတ်ပူမိပါကြောင်း စက်ဘီးဖြင့် မနီးမဝေး ဟိုအနား သည်အနားလောက်သာ သွားသင့်ကြောင်း ပြောလိုက်သည်။ အဖေက ပြုံးတုံ့တုံ့ဖြင့် သူ့ကို ကြည့်သည်။ ပါးစပ်ဟလိုက်ကတည်းက အူဘယ်နှခွေ ရှိမှန်း သိပြီးသား။ အဖေနှင့် သားပေပဲ။ လာမစမ်းလေနှင့် သူ့လောက်တော့ အပျော့။ မင်း ... ငယ်ပါသေးတယ် ခင်မောင်တင်။
"စိတ်ပူစရာမရှိ စိတ်ပူနေတာကိုး ... အဖေက ဆိုင်ကယ်တွေ ရှင်းတဲ့ လမ်းကြို လမ်းကြားက သွားတာ ... မန္တလေးသားပဲကွာ ... လမ်းမကြီးတွေ မပြောနဲ့ … ဝင်းကြိုဝင်းကြား လမ်းတွေကအစ အကုန်လုံး သိနေတာပဲ ဥစ္စာ"
သည်လိုပါပဲ အဖေ့ကို ဘယ်လို ပြောလိုက် ပြောလိုက် ကိုယ့်စကားက အဖတ်မတင် ခိုင်လုံသော အကြောင်းပြချက်များဖြင့် ပယ်ဖျက် ခံရတာတွေနှင့်သာ ကြုံရစမြဲ။ ယင်းသမို့ကြောင့် ကိုယ်အပြစ်မှ လွတ်ကင်းအောင် အကျိုးအကြောင်းကို ရန်ကုန်နှင့် တောင်ကြီးက အစ်ကို အစ်မတွေဆီသို့ လှမ်း၍ ပြောပြရသည်။ သူတို့တစ်တွေက ဘာမျှ ထွေထွေထူးထူး ပြောမနေ။ "အဖေ စိတ်ချမ်းသာသလို နေပါစေကွာ ..." တဲ့။ မှန်ပါ၏။ မိဘကို စိတ်ချမ်းသာစေသည့် သားသမီးတိုင်း ကုသိုလ်ရစမြဲပေကိုး။ ခက်တာက အဆိုပါ ကုသိုလ်မျိုးကို သူကိုယ်တိုင် လိုလိုချင်ချင် ရှိမရှိ ဆိုတာတော့ ခင်မောင်တင် မသိ။ သူ့သဘောကတော့ ရှင်းသည်။ အဖေ့လိုပဲ အမေလည်း စိတ်ချမ်းသာစေချင်သည်။ အို ... အားလုံးပါပဲ။ အမေရော၊ ရန်ကုန်က မေမေကြီးရော၊ တောင်ကြီးက မေမေလေးရော။ အားလုံး အားလုံး စိတ်ချမ်းသာစေချင်သည်။
* * *
ဂွမ်ခနဲ မြည်သော တယ်လီဖုန်း အသံကြောင့် ဒေါ်မြအေး လန့်ဖျပ်သွားသည်။ တစ်ခါတစ်ရံ စိတ်နှင့်ကိုယ်နှင့် မကပ် သူ့ခန္ဓာကိုယ်က အိမ်မှာ ရှိနေသော်လည်း စိတ်ကတော့ အပြင်ထွက်သွားသည့် ဦးရွှေဖြိုးနောက်သို့ ကောက်ကောက်ပါအောင် လိုက်သွားတတ်သည်။ လိုက်လို့သာ လိုက်သွားသည် ဦးရွှေဖြိုး ဘယ်ဆီဘယ်သို့ သွားတတ်မှန်း မသိ၍ သူ့စိတ်သည် တစ်ခဏလေးဖြင့် သူ့ဆီသို့ ပြန်ရောက်လာသည်။ စိတ်မောရပါဘိသည်။ နေ့တိုင်း သည်လို စိတ်မောရလွန်း၍ သည်ယောက်ျား အကြောင်းတွေလည်း မတွေးချင်၊ စကားစပ်၍တောင် မပြောချင်။ တယ်လီဖုန်းဆီသို့ သွားရင်း ရုပ်ရှင်ထဲက ဒေါ်မြလေးလို ခေါင်းတခါခါဖြင့် "မပြောတော့ဘူး ... မပြောတော့ဘူး" ဟု ဆီမန်း မန်းသလို ရေရွတ်လိုက်သည်။ ပြီးမှ ရန်ကုန်မှ တယ်လီဖုန်း ခေါ်နေသည့် ဒေါ်ခင်သိန်းနှင့် ဦးရွှေဖြိုးအကြောင်း ပြောကြပြန်သည်။
“မမကြီးကလည်း … မနေ့ညက ရှစ်နာရီ ထိုးကာနီးမှ ပြန်လာတယ် ... မီးတွေ ပျက်နေလို့ စိတ်ပူနေတာ … မေးကြည့်တော့ မောင်စိန်တို့ အိမ်မှာ စကားကောင်းနေလို့တဲ့ ... ဘယ်က မောင်စိန်မှန်းလည်း မသိဘူး။ ပေါလိုက်တဲ့ မိတ်ဆွေတွေ ... မမကြီးယောက်ျား အကြောင်းလည်း သိရဲ့သားနဲ့"
သူ့စကားကြောင့် တစ်ဖက်မှ ဒေါ်ခင်သိန်း ရယ်သံကို ကြားလိုက်ရသည်။
"ဟဲ့ မြအေး ... စဉ်းစဉ်းစားစား ပြောပါဦးအေ ... ငါ့ယောက်ျားကလည်း နင့်ယောက်ျားပဲလေ … နင်ပြောပုံက ဒီယောက်ျားကို မနေ့တစ်နေ့ကမှ တွေ့တာကျနေတာပဲ"
"ဟောတော့ ... ဟုတ်သားတော် ... ကျွန်မဖြင့် ဘာပြောလိုက်မိမှန်းကို မသိလိုက်တာ မမကြီးရယ်"
ဒေါ်မြအေးခမျာ သူ့အဖြစ်ကို သတိပြုမိရင်း ခစ်ခနဲ ရယ်လိုက်မိသည်။ မည်သို့ပင်ဖြစ်စေ စိတ်လွတ်ကိုယ်လွတ် ရယ်မောလိုက်ရသဖြင့် နည်းနည်းတော့ ရင်ပေါ့သွားခဲ့ရသည်။ သူ့မှာ တစ်နေ့တစ်နေ့ သည်အပူ သည်အမောတွေကို အဝေးမှာ ရှိကြသည့် အစ်မတော် နှစ်ပါးအား ရင်ဖွင့်လိုက်ရမှ စိတ်သက်သာ ရသွားခဲ့သည်ကော။
"အဟုတ်ကို ပြောတာ ... ကျွန်မမှာ ယောက်ျားနဲ့ သားကို ပြောင်းပြန်မှားပြီး စိတ်ပူနေရတယ် သိလား မမလေး ... ခင်မောင်တင်များ ဘာဆိုဘာမှ စိတ်မပူရဘူး"
"မြအေးရယ် … ညည်းကလည်း ပြောရော့မယ် ... ငါတို့က ညည်းထက်တောင် မောရတာပါဟဲ့ … ညည်းက ကိုယ့်ယောက်ျားကို နေ့တိုင်း မြင်ရသေးတယ် ...တို့မှာတော့ အဝေးကနေပြီး စိတ်မောလို့ကို မဆုံးနိုင်ဘူး"
ဟင် … သည်လိုကျတော့လည်း မယားသုံးယောက်ထဲမှာ မမလေး ဒေါ်ပွင့်ရီ ပြောသလို ဆိုလျှင်ဖြင့် သူကပဲ ကံအကောင်းဆုံး ဖြစ်နေရသလိုလို။ သို့သော်လည်း ကံကောင်းမကောင်း သူမသိပါ။ သေချာတာကတော့ သူ့ခမျာ ဦးရွှေဖြိုးနှင့် အိမ်ထောင် ကျကတည်းက အပူထုပ်ကို ခေါင်းပေါ် ရွက်ထားရခြင်း ဖြစ်သည်။
ဒေါ်မြအေးသည် သက်ပြင်းငွေ့ငွေ့ချရင်း အတိတ်နောက်ကြောင်း ဆီသို့ ပြန်လည် ငေးမောလိုက်သည်။ မိန်းမသား ဘဝမှာ လင်ကုန်ရှုံးတော့ တစ်သက်လုံးဟု ဆိုကြစမြဲပင်။ အစက အဲသလို ဘယ်သိခဲ့မှာတုံး။ အမှန်တော့ သူ့အသိ ဝေဝါးလောက်အောင် ဦးရွှေဖြိုးကလည်း ဖမ်းစားနိုင်လွန်းသည်။ အပြောကလည်း ချိုသည်။ ဒီအသက် ဒီအရွယ်အထိ နဖူးစာ မင်ရေကြဲ၍ တစ်ကိုယ်တည်း လူပျိုကြီး ဖြစ်နေရတုန်းဟု ဆို၏။ အဲဒါကို တစ်ခါကြားရရုံဖြင့် သူက ဘာကြောင့် ယုံမိခဲ့လေသည် မသိ။ ချစ်မိခဲ့တော့လည်း သူ့မျက်လုံးတွေက စုံလုံးကန်းကုန်ရော ထင်သည်။ ရွာမှာ မိသားဖသားပီပီ တောင်းရမ်းပြီး မင်္ဂလာဆောင်ခဲ့၍ သူပျော်သည်။ ဦးရွှေဖြိုးဘက်က မင်္ဂလာဆောင်ကို ဆွေမျိုးတွေ မလာနိုင်ကြ။ ရန်ကုန်နှင့် ခရီးဝေးလွန်းသည်က တစ်ကြောင်း၊ ရေတစ်တန် ကုန်းတစ်တန် ဖြစ်နေသည်က တစ်ကြောင်း၊ ထိုနှစ်ကြောင်းကြောင့် ဦးရွှေဖြိုး၏ ညီမနှင့် အစ်မသာ ရောက်လာခဲ့ကြသည်။ အဲဒီအချိန်က ပျော်နေ၍ ဒေါ်ခင်သိန်းနှင့် ဒေါ်ပွင့်ရီကို ဦးရွှေဖြိုး၏ ဆွေမျိုးဟု အဟုတ် ထင်မှတ်မိခဲ့ပါ၏။ နောက်တော့မှ နွေခေါင်ခေါင် မိုးကြိုးအပစ် ခံလိုက်ရတော့သည်။ သူ့ရှေ့က စီနီယာ နှစ်ယောက်ကို ပါးစပ် အဟောင်းသားဖြင့် ငေးကြည့် နေရှာသည်။ ရှက်လည်း ရှက်၊ ဝမ်းလည်း နည်း၊ အံ့အားသင့်လွန်း၍ တစ်ကိုယ်လုံး တုန်နေသည်။
"ကဲ ... ငါ့ညီမ အခုမှတော့ ဘာမှ မတတ်နိုင်တော့ဘူး ... ညည်း စိတ်ထဲမှာ တို့နှစ်ယောက်ကို ကိုယ့်အစ်မရင်းတွေလိုပဲ သဘောထား ... တို့ကလည်း ညည်းကို ညီမတစ်ယောက် ရလိုက်တယ်လို့ပဲ မှတ်လိုက်တော့မယ်"
ဒေါ်ခင်သိန်းက ပြောရင်း သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်သည်။ ဒေါ်ပွင့်ရီကလည်း သတို့သမီး ပူပူနွေးနွေးလေးကို ...
"တို့ ယောက်ျားက တံတား တစ်ခါဆောက် မိန်းမတစ်ယောက် ယူဖို့များ စိတ်ကူးနေသလား မသိပါဘူးအေ ... ငါ့လည်း ညည်းလိုပဲ မမကြီးနဲ့ အိမ်ထောင် ရှိနေမှန်း မသိဘူး ... အဲဒီတုန်းကများ ရှက်လိုက်တာ ... တစ်ခါတည်း ရေထဲခုန်ချပြီး သေလိုက်ချင်တော့တာ ... မမကြီးက ချော့မော့ပြီး စောင့်ရှောက်ခဲ့လို့သာပေါ့"
ဟု သူ့အဖြစ်နှင့် နှိုင်းယှဉ်၍ ပြောရင်း နှစ်သိမ့်လိုက်သည်။ ဒေါ်မြအေး ဝမ်းနည်းပက်လက်ဖြင့် ငေးငိုင်ကျသွားသည်။ ဒေါ်ခင်သိန်း ပြောသလို အခုမှတော့ ဘာမှ မတတ်နိုင်တော့ပါ။ ပေါက်သည့်နဖူး မထူးတော့ပြီ။ အနာရွတ်လည်း ထင်ကျန်သွားပြီ မဟုတ်လား ...။
"အေး ... မင်းတို့ ညီအစ်မ အချင်းချင်း ဒီလိုချစ်ကြတာ ကောင်းတယ်ဟေ့ ဝမ်းသာစရာပဲ"
အားရဝမ်းသာ ပြောလိုက်သည့် လင်တော်မောင်အား သုံးယောက်သား မျက်စောင်း ဝိုင်းထိုး လိုက်ကြလေသည်။ ရှေးက ရေစက်ဟု ပြောရမည်လား သူတို့ခမျာ တစ်မအေတည်း မမွေးခဲ့သော်လည်း တစ်လင်တည်း ယူမိခဲ့ကြ၍ ညီအစ်မ အရင်းပမာ ချစ်ကြသည်။ ဤသို့ ချစ်ခင်ခြင်း၊ အချင်းချင်း အပြန်အလှန် ယုံကြည်ခြင်းတို့ဖြင့် သူတို့ ညီအစ်မသုံးယောက်အား စည်းလုံးညီညွတ်ခြင်းကို ခိုင်မြဲသွားစေခဲ့ပါ၏။ ဒါကြောင့်လည်း သူတို့သုံးယောက် ချစ်ခြင်းထဲသို့ နောက်ထပ် ညီမတစ်ယောက် အတိုးမခံဝံ့တော့ပေ။
ဦးရွှေဖြိုး တံတား တည်ဆောက်ဖို့ တာဝန်ကျရာ အရပ်သို့ မည်မျှပင် ဝေးဝေး၊ ပင်ပန်းဆင်းရဲမှုတွေ ကြုံရကြုံရ တစ်ယောက်ယောက်က လင်တော်မောင် နောက်တော်ပါးမှ တစ်ဖဝါးမခွာ လိုက်ပါကြစမြဲ။ သူ့နေရာအလိုက် ခွဲတမ်းချ၍ တာဝန်ယူကြ၏။ ဦးရွှေဖြိုး ရှမ်းပြည်နယ်ဘက် အလုပ်တာဝန်ကျတော့ ဒေါ်ပွင့်ရီက သူ့နောက်တော်ပါးမှ မခွာ။ အကယ်၍ မြစ်ဝကျွန်းပေါ် ဆိုလျှင် ရန်ကုန်မှာနေသည့် ဒေါ်ခင်သိန်းက နောက်တော်ပါး တာဝန်ကို လွှဲပြောင်းယူ၏။ မြန်မာပြည် အထက်ပိုင်းကို ဦးရွှေဖြိုး ရောက်လာခဲ့ပါက သူက ထိုတာဝန်ကို မလွဲမသွေ ထမ်းဆောင်ရ၏။ လင်ယောက်ျား နောက်သို့ သည်လိုလိုက်နေရ၍ အိုးပစ်အိမ်ပစ် ကလေးတွေ ပစ်ထားခဲ့ရလည်း အရေးမကြီးပါ။ ကျန်နေရစ်သည့် နှစ်ယောက်က စောင့်ရှောက်ပေးသည်။ သို့ဖြင့် သားခင်မောင်တင်လည်း ဒေါ်ခင်သိန်းနှင့် ဒေါ်ပွင့်ရီ လက်ထဲမှာ နေခဲ့ရသည်။ သူကလည်း အစ်မနှစ်ယောက် သားသမီးတွေကို ပြုစုထိန်းသိမ်း ပေးသည်။ ဤသို့လျှင် ချစ်ဇနီးသုံးယောက်က ဖိုခနောက်ဆိုင်ပြီး ဝက်အူ တင်းလိုက်သောအခါ ဦးရွှေဖြိုး မလှုပ်သာတော့ချေ။ အခုတော့ အသက်အရွယ်တွေလည်းရ၊ ကလေးတွေလည်း ကြီးလာကြပြီး မြေးတွေ ဘာတွေလည်း ရှိလာသမို့ လင်ယောက်ျားအတွက် စိတ်အေးရပြီ ထင်၏။
"အံ့ပါရဲ့ ... မြအေးရယ် ... ညည်းမို့ သူ့ကို ယုံမှ ယုံလိုက်ပလေ … … သီချင်းလေး ဆိုလိုက်၊ သူ့ကိုယ်သူ တသသ လုပ်လိုက်နဲ့ လူပျိုလေးလို မြူးကြွနေတဲ့ သူလိုလူမျိုးလား တစ်ချက် လွတ်သွားရင် မွတ်ကရောတော် ..."
တယ်လီဖုန်းထဲက ဒေါ်ခင်သိန်း၏ အထူး သတိပေးချက်ကြောင့် သူ့ခမျာ ဟင်ခနဲ ဖြစ်ရလေပြီ။ ထိုသတိပေး စကားသည် မှန်ကန်လှ၍ အင်မတန် ဂရုစိုက်သင့်ကြောင်း မမလေး ဒေါ်ပွင့်ရီကလည်း ထောက်ခံသည်။
"ညည်း စဉ်းစားကြည့်အေ ... တို့သုံးယောက်ထဲမှာ ညည်းက အငယ်ဆုံး အရိုးဆုံးလေ ... တို့ဆီရောက်ရင် သူနေချင်သလို နေရတာမှ မဟုတ်တာ ... မန္တလေးသားမို့ မန္တလေးမှာပဲ ညည်းနဲ့အတူနေပြီး ခြေငြိမ်သလိုလို လုပ်ပြနေတာပါဟယ် ... ညည်းကိုတော့ သူ လှည့်ချင်တိုင်း လှည့်လို့ ရတာကိုး အေရဲ့ ... အခုခေတ်ကာလ တချို့မိန်းမတွေက အဘိုးကြီးသော ဘာသော ထည့်စဉ်းစားနေတာ မဟုတ်ဘူး ... ပိုက်ဆံများ ပေးနိုင်လို့ကတော့လေ … တကတည်း … ဟင်း ပြောတောင် မပြောချင်ပေါင်"
ဒေါ်ပွင့်ရီကလည်း မပြောချင်လို့သာ တော်တော့သည်။ ပြောချင်တိုင်း ပြောရလျှင် မိုးမဆုံး မြေမဆုံး ပြောတော့မည်လား မသိ။ ခက်ပြီ ... ဒေါ်မြအေး ခေါင်းကိုက်ရပြီ အစ်မတော် နှစ်ယောက် စကားက အပိုပြောခြင်း မဖြစ်နိုင်။ သူတို့က အတွေ့အကြုံ ရင့်ကျက်နေတာ မဟုတ်လား။ သို့ဖြင့် ဒေါ်မြအေးသည် ဦးရွှေဖြိုး ကျန်းမာရေးအတွက် စိတ်ပူရသည့်အထဲ ခြေထောက် ဗွေဖောက်နိုင်သည့် အတွေးကလည်း ရောနှောလာခဲ့သောကြောင့် တစ်ပူပေါ် နှစ်ပူဆင့်ရ လေတော့သည်။ နေ့စဉ်နှင့်အမျှ ရင်မောရပါ၏။ ဗြဟ္မာခေါင်း ရင်မှာ ပိုက်ထားရသော နတ်သမီးတွေက သူ့လောက် စိတ်မောမည် မထင်။ သည်အသက် သည်အရွယ်ကြီးမှာ လင်ယောက်ျား သွားရာနောက်သို့ ဆိုက်ကားစီးပြီး တကောက်ကောက် လိုက်ချောင်းရအောင်လည်း မသင့်တော်၊ လူကြားလို့လည်း မကောင်း၊ အဲသလိုဆိုလျှင် ဘယ်နှယ့် လုပ်ရမတုံး၊ ခေါင်းပူပူဖြင့် စဉ်းစားလိုက်တိုင်း အဖြေထွက်မလာ။ တစ်ခါတော့ စိတ်ကူးကောင်းလေး ရလိုရငြား သားဖြစ်သူ ခင်မောင်တင့်အား ဖွင့်ဟ ပြောပြမိသည်။
"အမေတို့ကလည်းဗျာ ကြံကြံဖန်ဖန် စိတ်ပူစရာမရှိ၊ စိတ်ပူနေတယ်"
ပြောရင်းဖြင့် ခင်မောင်တင့် တဟားဟား ရယ်သည်။ သည်တော့လည်း သူ့ခမျာ ရှေ့ဆက် မပြောသာတော့။ နေ့တိုင်း မောင်မင်းကြီးသား အတွက် ကျန်းမာရေးကိုလည်း စိတ်ပူရ၏။ ဟိုဒင်းဟိုဝှာ ဖြစ်မှာကိုလည်း ရင်လေးမိပြန်၏။ တရားရှာရမည့် သည်အရွယ်မှာ မရဏနုဿတိအစား ယောက်ျားနုဿတိ ပွားများလျက် ရှိချေသည်။ နောက်ဆုံးတော့ ဘာဆိုဘာမျှ မတတ်နိုင်၍ ငါ့ယောက်ျား အိုမင်းမစွမ်း ဖြစ်မှသာ သည်အပူတွေ ငြိမ်းတော့မှာပဲဟု တွေးသည်။
ဦးရွှေဖြိုး တောင်ကြီးနှင့် ရန်ကုန် သွားသည့် အခိုက်မှာတော့ ဗြဟ္မာခေါင်း လွှဲပြောင်းလိုက်ရ၍ စိတ်အမောတွေ သက်သာသွားသည်။ သို့ရာတွင် သည်နှစ်မှာတော့ ဦးရွှေဖြိုး ဗွေဖောက်သွားပြီ။ နွေရာသီ ရောက်လာသော်လည်း တောင်ကြီးမြို့ကို မသွားသေးဘဲ နေ့ရွှေ့ ညရွှေ့ လုပ်နေသည်။ ဒေါ်မြလေး ရင်လေးသွားသည်။ ရာသီဥတု ပူပြင်းလာသည့် အချိန်မှာ တစ်ခုခုများ ဖြစ်လိုက်လျှင်ဖြင့် ဖွဟဲ့ ... လွဲပါစေ။ မဟုတ်တာတွေ တွေးရင်း ရုတ်တရက် ထိတ်လန့်သွားရှာသည်။ ဘယ်အရာမှ မမြဲမှန်းလည်း သိတော့သိပါ၏။ သည်လို အသိရှိသော်လည်း မသိစိတ်ထဲမှာ မြဲချင်စိတ်တွေ ခိုအောင်းနေလျက် ရှိသည်။ သို့သော်လည်း ကံကြမ္မာကို မည်သူလွန်ဆန် နိုင်မည်နည်း။ မဖြစ်ချင်တာတွေလည်း ကြုံရတတ်သည်။ ထိုအခါ ...။
* * *
သည်မနက်မှာလည်း ယခင်အတိုင်း သီချင်းလေးဆိုရင်း အပြင်ထွက်သွားသည့် ဦးရွှေဖြိုး၏ နောက်ကျောကို ငေးကြည့်ရင်း ကျန်ရစ်ခဲ့သည်။ ဒေါ်မြအေးတစ်ယောက် ဘယ်လိုကြောင့်မှန်း မသိ သူ့စိတ်ထဲ စိုးထင့်နေလျက် ရှိသည်။ မကောင်းတာ ကြုံရဖို့ ကိုယ်စောင့်နတ်က နှိုးဆော် သတိပေးနေမှန်း မတွေးမိပါ။ ထို့ပြင် သူ၏ ချစ်ခင်ပွန်းကို အသက်ရှင်လျက် နောက်ဆုံး တွေ့လိုက်ရမှန်းလည်း မထင်မိလိုက်ပါ။ ဦးရွှေဖြိုးကလည်း သူ၏ နောက်ဆုံးအချိန် ရောက်တော့မှာမို့လား မပြောတတ်၊ မနေ့ည ကတည်းက သူ့အမူအရာတွေ ထူးခြားလှသည်။ တွေ့နေမြင်နေကျထက် ပို၍ ရွှင်လန်းမြူးကြွနေသည်။
သူ့ဘာသာ တစ်ယောက်တည်း သီချင်းဆိုရတာကို အားရဟန်မတူ အသက်မကြီးသေးပါ မမြအေးလေးရယ်ဟု သီချင်းဆိုရင်း လှမ်းပြီး နောက်လိုက်သည်။ သည်ကလည်း ဘယ်ရလိမ့်မလဲ အားကျမခံ၊ ဟုတ်တာပေါ့ ဦးရွှေဖြိုးကြီးရယ် အသက်က ဘယ်တော့မှ မကြီးတော့ဘဲကိုး ... စိတ်ပေါက်ပေါက်ဖြင့် လွှတ်ခနဲ ငေါ့တော့တော့ ပြောလိုက်မိပြန်တော့ ကျေးဇူးရှင်ကြီးက ဝမ်းသားအားရ ဟား ဟား ဟား ရယ်မော၍ မဆုံး။ ပြီးတော့ တောင်ကြီးနှင့် ရန်ကုန်ကိုလည်း တယ်လီဖုန်း ဆက်သည်။ တယ်လီဖုန်း ပြောရင်း သီချင်းလေးတောင် ဆိုပြလိုက်သေးသည်ကော။ ထူးခြားလှတယ်လို့တော့ အထင်သား။ ကြင်ရာသက်ထား သုံးယောက်ဖြင့် တစ်ပြိုင်နက် မြိုင်ထထွက်တာ သည်တစ်ခါတည်း ရှိဖူးသည်။ ဦးရွှေဖြိုးက မိသားစု အားလုံးကို နှုတ်ဆက်သွားခဲ့မှန်း မည်သူမျှ သတိမပြုမိကြ။ အခုတော့လည်း တစ်နေ့ညက အမှတ်တရကိုပဲ အလွမ်းဖြင့် ငိုပွဲဆင်ကြရပါလေပြီ။
ဦးရွှေဖြိုး ဆုံးသွားသည့် သတင်းကြောင့် တစ်ရပ်ကွက်လုံး အံ့အားသင့်ကုန်ကြသည်။ မည်သူမျှ မမျှော်လင့်သည့် သတင်း။
"မနက်တုန်းကတောင် ၇၈ လမ်းပေါ် စက်ဘီးစီးသွားတာ တွေ့လိုက်ရသေးတယ်"
သူ့ကို မြင်ခဲ့သူ တစ်ဦးက ပြောသည်။
"ဆုံးသွားတာက သူ့မိတ်ဆွေတစ်ယောက် အိမ်မှာလို့ ကြားတယ် … …သွေးတိုးနဲ့တဲ့၊ သတင်းကြားလို့ လိုက်သွားပေမယ့် အသက်တောင် မမီဘူးတဲ့ ... အလောင်းကို နောက်မှ အိမ်ပြန် သယ်လာရတာတဲ့"
"အသက်ဥာဏ်စောင့်လို့ ဆိုတာပဲကွာ... ရာသီဥတုက ပူပြင်းလာပြီလေ.... အသွားမတော် တစ်လှမ်းဟ"
နာရေး လာမေးကြသူ အချင်းချင်း ပြောနေကြသည့် အသံတွေကို အတိုင်းသား ကြားနေရသော်လည်း ခင်မောင်တင် စိတ်မောလူမောဖြင့် ငူငေါင်၍ နေသည်။ ပင်ပန်းတာရော ဝမ်းနည်းကြေကွဲတာရော နှစ်ခုစလုံး ရောထွေးနေပြီး ခြေကုန်လက်ပန်း ကျနေလျက် ရှိသည်။ နာရေး လာမေးကြသည့် ဧည့်သည်တွေကိုလည်း ဧည့်ခံစကား မပြောနိုင်။ အိမ်အပေါ်ထပ်မှာ ညီအစ်ကိုတစ်တွေ နာရေးကိစ္စအတွက် ဆွေးနွေးတိုင်ပင်ရဦးမည်။ သတင်းကြားရလျှင် ကြားရချင်း ကိုကြီးဝမ်းတင့်တို့ မိသားစု အားလုံး လေယာဉ်ဖြင့် ရောက်လာကြသည်။ တောင်ကြီးမှ မေမေလေး ဒေါ်ပွင့်ရီကတော့ ချက်ချင်း မော်တော်ကားဖြင့် ဆင်းလာခဲ့ကြသည်။ အငိုမျက်ရည်တွေဖြင့် ရောက်လာကြသူတွေကို ဒေါ်မြအေးက အငိုဖြင့် ဆီးကြို ဧည့်ခံလေသည်။ တစ်အိမ်လုံး ငိုသံတွေ ပွက်ညံသွားသည်။
အိမ်အပေါ်ထပ်မှာ သူတို့ ညီအစ်ကို လေးယောက် ခေါင်းချင်းဆိုင်ကြရပြီ။ လောလောဆယ် အသုဘ မြေချမည့်အကြောင်း မဆွေးနွေးနိုင်သေး။ အစ်ကိုတွေ သိချင်နေကြသည့် အဖေ ကွယ်လွန်ခဲ့ရပုံကို ဇာတ်စုံခင်း၍ ရှင်းပြမှ ဖြစ်မည်ကော။ အဲသည်နောက် မင်းကလည်း အဖေ့ကို သေသေချာချာ ဂရုမစိုက်ဘဲကိုးဟု အပြစ်တင်လျှင်လည်း ခေါင်းငုံ့ခံလိုက်ရုံပင် ဘာမျှမတတ်နိုင်။ နေ့လယ် တစ်နာရီလောက်ပဲ ရှိဦးမည်။ အဖေ ဆုံးသွားသည့် အကြောင်း တယ်လီဖုန်းထဲမှ ပြောလိုက်သည့် အမျိုးသမီး တစ်ယောက် အသံကို ကြားလိုက်ရ၍ အံ့ဩသွားသည်။ အစကနဦးတော့ မယုံ။ ဘယ်သူမှန်းလည်း မသိ၊ ဘယ်က ဆက်တာမှန်းလည်း မသိ။ သို့သော် တစ်ဖက်မှ လိပ်စာနှင့် အကြောင်းစုံ ပြောပြတော့ သူ တုန်လှုပ်သွားခဲ့သည်။ အဖေ့မှာ သွေးတိုးရှိသည်။ ရုတ်တရက် မူးလဲကျသွား၍ ဝိုင်းပြုစုကြသော်လည်း သတိပြန်မလည်တော့တာတဲ့။ ခင်မောင်တင် ရုတ်တရက် ပူထူသွားပြီး ဘာလုပ်ရမှန်း မသိအောင် ဖြစ်သွားခဲ့သည်။
သူငယ်ချင်း နှစ်ယောက်ကို ခေါ်၍ တယ်လီဖုန်းထဲက လိပ်စာအတိုင်း အဖေရှိသည့် နေရာဆီသို့ အပြေးအလွှား သွားရလေပြီ။ လမ်းတစ်လျှောက် သတင်းမှား ဖြစ်ပါစေဟု ဆုတောင်းသွား၏။ သူ့ ဆုတောင်း မပြည့်ခဲ့ရှာ။ ကြားရသည့် သတင်းက အမှန်ပင်။ ခုတင်ပေါ်မှာ မနိုးသော အိပ်ခြင်းဖြင့် ထာဝရ အနားယူ သွားရှာသည့်အဖေ့ကို တွေ့လိုက်ရသောကြောင့် ရင်ဆို့သွားသည်။ သည်သတင်း ကြားလိုက်ရတာနှင့် ရင်ကွဲပက်လက် ဖြစ်သွားမည့် အမေ့ကိုလည်း မြင်ယောင်မိသည်။ သို့သော် ကြုံလာရမှတော့ ဘာတတ်နိုင်တော့မည်နည်း။ ရင်ဆိုင်ရုံသာ ရှိတော့သည်။ အရေးအကြောင်း ကိစ္စမို့ လိုရမယ်ရ သူငယ်ချင်းနှစ်ယောက် ခေါ်လာခဲ့မိ၍ ကံကောင်းသွား၏။ သူတစ်ယောက်တည်းသာ ဆိုလျှင် သွေးပူနေတာကြောင့် ဘာတစ်ခုမှ စီစဉ်တတ်မှာ မဟုတ်။ အမေ့ကို သည်အကြောင်း လှမ်းပြောဖို့၊ နာရေးကားခေါ်ပြီး အလောင်းကို အိမ်ပြန်သယ်ယူဖို့။ အဲသည်ကိစ္စတွေကို သူတို့ကပဲ စီစဉ်ဆောင်ရွက် ပေးကြသည်။
"ဒါပေမဲ့ … အစ်ကိုကြီးရာ …"
ခင်မောင်တင် စကားမဆက်နိုင်သေးဘဲ သူ့အနား ဝိုင်းစု နားထောင်နေကြသည့် အစ်ကိုတွေအား ငေးကြည့်လိုက်၏။ ပြောရမည့် အကြောင်းကလည်း တော်တော်ကြီး ကသိကအောင့် ဖြစ်ရလေသမို့ ရှေ့သို့ ဆက်ပြောရမှာ ဝန်လေးနေသည်။
"ငါတို့ နားလည်ပြီးသားပါကွာ ... အဖေဆုံးသွားတာ သူ့ရဲ့စမောလေး အိမ်မှာ မဟုတ်လား"
ကုန်သည်ပီပီ အရိပ်အကဲ ကြိုမြင်လိုက်သည့် ကိုထွန်းလှအောင်က မေးလိုက်သည်။ ဟုတ်ပါ၏။ မှန်ပါ၏။ ကိုယ့်အဖေအကြောင်း အထူး သိနားလည် နေကြသောကြောင့် ရှည်ရှည်ဝေးဝေး စဉ်းစားစရာ လိုသေးလို့လား။
"အဲဒီ စမောလေးပေါ့ဗျာ … ကျွန်တော့်ထက်တောင် အသက်နည်းနည်း ငယ်မယ်ထင်တယ် ... အဖေနဲ့ ဘယ်အချိန်ကတည်းက ချိတ်မိကြမှန်း မသိဘူး။ ကျွန်တော့် သူငယ်ချင်းတွေက အဖေ့ အလောင်းကို သယ်ဖို့ စီစဉ်ကြတော့ အဲဒီဟာမလေးက တားတယ်ဗျ ... ဒါ သူ့ယောက်ျားတဲ့ … တစ်ရပ်ကွက်လုံး သိသတဲ့ ... အလောင်းကို ဒီအတိုင်း သယ်သွားတာ လက်မခံနိုင်ဘူးတဲ့"
နားထောင်နေကြသည့် အစ်ကိုတွေ အားလုံး ဟေခနဲ ဖြစ်သွားကြသည်။ အံ့အားသင့်နေကြသည့် အစ်ကိုတွေ၏ အမူအရာကို မြင်လိုက်ရ၍ ကျေနပ်သလိုလို ရှိသွား၏။ သူလည်း သည်လို ကြုံခဲ့ရသည် မဟုတ်ပါလား။
"ကျွန်တော်လည်း ဒီလို မမျှော်လင့်ဘဲ ကြားလိုက်ရတော့ အံ့ဩသွားရင်း ဒေါသထွက်သွားတယ် ... ကျွန်တော့်အဖေရဲ့ အလောင်းဗျာ ... အခုမှ ဘာကိစ္စနဲ့ ဆွေမျိုး လာတော်ချင်ရတာလဲ ... အဲဒီမှာတင် စကားများတော့မလို ဖြစ်ကုန်တယ် ... ကျွန်တော့် သူငယ်ချင်း နှစ်ယောက်က ဝင်ထိန်းပေးလို့သာပေါ့"
"အဲဒီတော့ ... နောက်ဆုံး ဘယ်လိုနဲ့ အဆင်ပြေသွားလဲ ..."
ကိုဘိုဆန်းက သိချင်ဇောဖြင့် မေးသည်။ ခင်မောင်တင် ခေါင်းကုတ်လိုက်သည်။ အခုမှ ပြောရင်းဖြင့် ဒေါသထွက်ချင် လာပြန်ပြီ။ ဟွန်းခနဲ လေပူတစ်ချက် မှုတ်ထုတ်ရင်း အစ်ကိုတွေ၏ မျက်နှာတွေကို စူးစိုက်ကြည့်သည်။ ပြီးမှ ...
"ဆယ်သိန်း ပေးခဲ့ရတယ် အစ်ကိုရေ … မပေးဘဲနဲ့ တင်းခံရင်လည်း အားလုံးသိကုန်ပြီး ကျွန်တော်တို့ပဲ အရှက်ကွဲမှာ ... အသုဘ သင်္ဂြိဟ်ရမည့် ကိစ္စလည်း ရှိသေးတော့ ကိုယ့်ဘက်က အလျှော့ပေးလိုက်ရတယ် ဆိုကြပါစို့ ... ပြောရင်ဖြင့် အဖေကလည်းဗျာ ... တကယ်ပါပဲ ... မနိပ်ဘူးဗျ"
ဟု ညည်းလိုက်မိလေ၏။
"ဒီအကြောင်းတွေ မေထွေး သိလား"
ကိုဝမ်းတင့်က ရုတ်တရက် စဉ်းမိဟန်ဖြင့် သူ့ကို မေးသည်။
"အစ်ကိုကြီးကလည်း မသိဘဲ နေပါ့မလား ... အပြည့်အစုံသာ မသိတာ ရိပ်မိတာပေါ့ ... ကျွန်တော့် သူငယ်ချင်းကို တိုးတိုးတိတ်တိတ် မေးတာနဲ့ အမေ စိတ်ကျေနပ်အောင် အနည်းအပါး ပြောလိုက်ရတယ်တဲ့"
သူ့စကားအဆုံးတွင် အစ်ကိုတွေခမျာ ဟေခနဲ ပြိုင်တူအသံထွက်ရင်း တိုင်ပင်မထားဘဲ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်မိကြလေ၏။ သူ့အမေ သိပြီဆိုမှဖြင့် မေမေကြီးနှင့် မေမေလေးလည်း သိတော့မှာ မုချသေချာသည်။ ဒါကို သူ မတွေးလိုက်မိ။
* * *
လူချစ်လူခင် ပေါများသူဖြစ်၍ ဦးရွှေဖြိုး အသုဘကား စည်ကားလှသည်။ နာရေးပို့ကြ သူတွေထဲမှာ ဇနီးသုံးယောက် ရှိကြောင်း သိသူလည်း ရှိ၊ မသိကြသူတွေလည်း ရှိသည်။ မသိကြသူတွေက ဒေါ်မြအေးကို သူ မင်္ဂလာ ဆောင်ခဲ့စဉ်တုန်းကလိုပင် ဒေါ်ခင်သိန်းနှင့် ဒေါ်ပွင့်ရီတို့ နှစ်ယောက်ကို ဦးရွှေဖြိုး၏ အစ်မတွေဟု ထင်ကြသည်။ အကြောင်းသိသူတွေကတော့ "တို့လူကြီးက သေတော့လည်း မြိုင်မြိုင်ဆိုင်ဆိုင်ဟေ့ ... ဟန်ကိုကျလို့" ဟု ပြောကြသည်။ နာရေးကားထွက်ဖို့ အချိန်ရောက်လာခဲ့ပြီ။ ကြေးစည် ရိုက်လိုက်သည်နှင့် တစ်ပြိုင်တည်း ငိုသံတွေ စီခနဲ ထွက်ပေါ်လာခဲ့၏။
"အမယ်လေး ကျေးဇူးရှင်ကြီးရဲ့ အသက်မကြီးသေးပါဘူးဆို ... အခုတော့ ကောင်းကြသေးရဲ့လား ... သီချင်းလေး ဆိုပြပါဦးတော်ရဲ့ ..."
ကြိတ်မနိုင် ခဲမရဖြစ်ရင်း ရှိုက်ကြီးတငင် အော်ငိုပြောလိုက်သည့် ဒေါ်ခင်သိန်း အသံက အဦးဆုံး ထွက်ပေါ်လာခဲ့သည်။ သူ့ငိုသံထဲမှာ အခုတော့ ကောင်းကြသေးရဲ့လား … ဟူသော စကား၏ နောက်ကွယ်တွင် လေးနက်သော အဓိပ္ပါယ် ရှိနေတာကိုတော့ သူ့မိသားစုဝင်တွေမှ လွဲ၍ မည်သူမျှ မသိကြ။
"အစ်ကိုကြီးရေ ... နွေရောက်တိုင်း တောင်ကြီးကို လာနေကျ ...ဒီတစ်နှစ်မှ ဘာဖြစ်လို့ မလာချင်ရတာတုံး ဟင် ... တောင်ကြီးက နေလို့ထိုင်လို့ ကောင်းလှချည်ရဲ့လို့ ပြောခဲ့တာလေ ..."
အော်ဟစ်ငိုသံနှင့်အတူ အလွမ်းစကား ဆိုလိုက်သော ဒေါ်ပွင့်ရီ၏ စကားကြောင့် နံဘေးမှ ငေးနေကြသူတွေမှာဖြင့် ... "ဪ ... ဟုတ်သားပဲ ... သူ့ခမျာ နွေရောက်တိုင်း အပူရှောင်ဖို့ တောင်ကြီးကို သွားခဲ့တာ ဒီတစ်နှစ်ကျမှ ဘာဖြစ်လို့ မသွားလဲ မသိဘူးနော် ... အသက် ဥာဏ်စောင့်ဆိုတဲ့စကား တယ်လည်း မှန်တယ် သတိတစ်ချက် လွတ်သွားရင် ဘာမှမတတ်နိုင်ပဲကိုး ..." ဟု တွေး၍ သကာလ သက်ပြင်းချလိုက် ကြလေ၏။ ထိုအခိုက် ဒေါ်မြအေး ငိုသံကြောင့် အသုဘ လာကြသူတွေရဲ့ မျက်လုံးတွေ ဒေါ်မြအေးဆီသို့ ရောက်သွားကြပြန်သည်။
"အမယ်လေး … အမယ်လေး ... တံတား ဒါယကာကြီးရဲ့ ... အခု တံတားလေးကို ပြီးအောင် ဆောက်မသွားတော့ဘူးလား … ကျုပ်မှာဖြင့် နေ့တိုင်း တံတားဆောက် ထွက်ရင် အိမ်ကနေပြီး ရင်တမောမောနဲ့ ... ကောင်းပါပေရဲ့ တော်ပါပေရဲ့ ... အို ... ထကြည့်စမ်းပါဦး ... တံတား ဒါယကာကြီးရဲ့"
ခင်မောင်တင် ထိတ်လန့်သွားသည်။ စိတ်လွတ်ကိုယ်လွတ် မပဋာ ဖြစ်နေသည့် အမေ့ကို ကြည့်ရင်း အကျိုးနည်းတော့မှာပဲဟု တွေးလိုက်သည်။ အနားမှာ ကြည့်နေကြတဲ့ သူတွေကတော့ ဒေါ်မြအေး စကားကြောင့် နားမလည်နိုင်ပဲ ပဟေဠိသဖွယ် ဖြစ်ကာ အံ့ဩနေကြလေသည်။
"ဦးရွှေဖြိုးက တံတား ဆောက်နေတာတဲ့လား ... ဒါကြောင့်လည်း အခုဘဝမှာ ကုသိုလ်တွေ ယူသွားတော့ နောင်ဘဝမှာလည်း ဒီလိုစည်းစိမ်တွေ ခံစားရဦးမှာ သေချာတယ် ... ကုသိုလ်ပြု တံတား ဆောက်နေတာ စောစောကသိရင် ကောင်းမှာဟာ ... တို့ရပ်ကွက်ထိပ်က တံတားလေး ပြုပြင်ဖို့ အလှူရှင်မျှော်နေရတာ …"
ဤသို့လျှင် အချင်းချင်း ထင်ရာမြင်ရာ ဝေဖန်ပြောဆိုကြရင်း နာရေးကားတွေ ထွက်တော့မည်ဖြစ်၍ စကားဖြတ်ကာ မော်တော်ကားဆီသို့ အမြန်ပြေးရလေတော့သည်။
* * *
သေသောသူ ကြာလျှင်မေ့ဟု ဆိုသော်လည်း ဦးရွှေဖြိုးကိုတော့ သူ့ရပ်ကွက်က မမေ့နိုင်ကြသေးပါ။ "အသက်မကြီးသေးပါ … မောင်ရယ်" သီချင်းလေး ... ကြားလိုက်ရတိုင်း သူ့အကြောင်း လွမ်းတငွေ့ငွေ့ဖြင့် ပြောကြစမြဲ။ ရပ်ကွက် ဘုရားပွဲချိန်ရောက်တော့ သူ့ကို ပို၍သတိရကြ၊ လွမ်းကြလေ၏။ တံတား ဒါယကာကြီးများ ရှိလို့တော့ လိုတဲ့အလှူငွေ လက်နှေးမှာ မဟုတ်ဘူးလို့ ပြောကြသည်ကော။ အဲသည်စကားတွေ ကြားရတော့ ဒေါ်မြအေးခမျာ ရင်ထဲမှာ နာကျင်သွားရင်း ပြုံးတမဲ့မဲ့ ဖြစ်သွားရှာသည်။ သူ့မှာတော့ အချိန်တန် အိမ်ပြန်မလာနိုင်မှန်း သိပေမယ့် အိမ်ရှေ့ဝင်းပေါက်ဆီက လူရိပ်တွေ့လေတိုင်း သတိလက်လွတ်ဖြင့် အမှတ်တမဲ့ လှမ်းမျှော်ကြည့်နေမိဆဲ။ နောက်တော့မှ "ဟင် … တို့ကသာ သတိရလွမ်းနေရတာ … သူကတော့ ရောက်တဲ့နေရာ တံတားဆောက်ရင်း ဘယ်လောက် ပျော်နေမှန်း မသိဘူး" ဟု တွေးရင်း ဒေါဖောင်းသွားပြန်တော့သည်။
သည်လိုဖြင့် တစ်နေ့ တစ်နေ့ မျက်ရည်စို့မတတ် လွမ်းလိုက်ရ၊ စိတ်တိုချင်ချင် ဖြစ်ရတာတွေကိုတော့ မည်သည့်အချိန်ရောက်ရင် ဆုံးခန်းတိုင်မည် မသိ။ တံတား ဒါယကာကြီးဆီမှ မမြဲသော တရားကို မရ၊ သံယောဇဉ် အလွမ်းတွေကိုသာ ကျန်ရစ်ခဲ့တော့လည်း အဲတာတွေကိုပဲ ရင်ဝယ်ပိုက်ထားမိပါလေ၏။ ထိုအတွက် ဒုက္ခဟူ၍လည်း မမြင်မိတော့ပါ။ နံဘေးမှ ကဲ့ရဲ့ကြလည်း ဘာမှ ပြန်မပြောလို။ ကျုပ်ယောက်ျားမို့ လွမ်းတာ ဘာဖြစ်လဲနော့။
🔲
ညိုထွန်းလူ
၂၀၁၁။
No comments:
Post a Comment