Jun 5, 2018

ဒူးနေရာဒူး ဆိုတော့လည်း

ဒူးနေရာဒူး ဆိုတော့လည်း
❇❇❇❇❇❇❇❇

#မမြတ်လေး

လရောင်သည် ထိန်လင်းလျက် ရှိ၏။ ထို့ကြောင့် ထိန်လင်းသော လရောင်အောက်တွင် လေဝှေ့၍ ရွေ့လျားနေကြသော သစ်ရွက်ကလေးတွေကို မြင်နိုင်သကဲ့သို့ ဂနာမငြိမ်သော မပိုက်ကိုလည်း လရောင်အောက်တွင် မြင်နိုင်သေးသည်။

မပိုက်ကား ဝရန်တာတွင် ပက်လက်ကုလားထိုင် တစ်လုံးနှင့် လရောင်၏ သဘာဝကို ခံစားနေဟန် ရှိသည်။ သို့သော်လည်း လမ်းပေါ်မှ ဖြတ်သွားသော ကားရိပ်မြင်တိုင်း၊ ကားဟွန်းသံ ကြားတိုင်း ခေါင်းထောင်ကာ ကြည့်မိ၏။ ထိုမှ တစ်ဖန် အားမရသေး၍ ဝရန်တာလက်ရန်း မှီပြီး တစ်စုံတစ်ယောက်ကို မျှော်ကြည့်မိပြန်၏။ လက်တွင် ပတ်ထားသော လက်ပတ်နာရီကို ငုံ့ကြည့်လိုက်၏။

“ကော့တေးက ၉ နာရီဆို ပြီးပါတယ်၊ ခု နာရီဝက် လွန်ပြီ” ဟု ရေရွတ်ရင်းမှ စိတ်မရှည်သကဲ့သို့ ပက်လက်ကုလားထိုင်ကို အိမ်ထဲသို့သွင်းပြီး တံခါးကို ပိတ်လိုက်၏။ အိပ်လိုက်တော့မည်ဟု စိတ်ကိုပင် ပိုင်းဖြတ်လိုက်သေးသည်။ နာရီကို ကြည့်ပြန်သည့်အခါ ၁၀ နာရီထိုးရန် မိနစ် ၂၀ သာ လိုတော့သဖြင့် မှန်ပြတင်းပေါက်ကို နဖူးနှင့်တိုက်ကာ စောင့်မျှော်၍နေလေ၏။

ဆယ်နာရီအထိတော့ စောင့်ဦးမည် ဆိုလျှင် မိနစ် ၂၀ မျှ မအိပ်ဘဲ စောင့်ရဦးမည်။ ချစ်လင်ကို စောင့် ရမည်ဆိုပါက မိနစ် ၂၀ မဟုတ်၊ အနှစ် ၂၀ လည်း စောင့်ဖို့ရာ ဝန်မလေး၊ စောင့်ခဲ့ ရပေါင်းလည်း များခဲ့ပြီ။ သို့သော် စောင့်ရသော အကြောင်းရင်းချင်း မတူသဖြင့် စိုးရိမ်ရသော အကျိုးတရား ချင်းလည်း မတူရကား၊ မိနစ် ၂၀ က အနှစ် ၂၀ ထက်ပင် ပင်ပန်းစေနိုင်သည်။

ဒုတိယကမ္ဘာစစ်ကြီး မဖြစ်ခင် ကိုသောင်းနှင့် အကြောင်းပါခဲ့သည်။ ကိုသောင်းက နိုင်ငံရေးစိတ် ထက်သန်နေသော ကျောင်းသားခေါင်းဆောင်တစ်ဦး ဖြစ်ခဲ့သည်။ အဆင်းရဲ အပင်ပန်းခံနိုင်သူ တစ်ဦး ဖြစ်ခဲ့သည်။ မပိုက်မှာ မြို့မကျောင်းတွင် (၄-၅) တန်းအထိ ပညာသင်ကြားဖူးပြီး မိခင်နှင့်အတူ ဈေးရောင်းနေခဲ့ရင်း ကိုသောင်းနှင့် အကြောင်းပါခဲ့ရ၏။

“ဒီည ကိုယ်တို့ အစည်းအဝေး ရှိတယ်၊ ဘယ်အချိန်မှ ပြီးမယ်တော့ မသိဘူး…”

“မနက်ဖြန်ကို ဒေးဒရဲသွားစရာရှိတယ်၊ လေး ငါးရက် ကြာမယ်ဟေ့ … ”

ဤလိုနှင့် အခါပေါင်းများစွာ ကိုသောင်း အိမ်မှ ခွာခဲ့ဖူး၏။ မပိုက်၏ စိတ်တွင် ကိုသောင်းအတွက် ဂနာမငြိမ် မဖြစ်ဖူးခဲ့။ ယခုလို ရာထူးနှင့် မင်းကတော် အခေါ်ခံရသည့် ဘဝတွင်မှ အမြဲတမ်း စိတ်တွေပူပန်နေရ၏။

နိုင်ငံရေးယောင်ယောင် ဘာယောင်ယောင်ဘဝက အညတြ ဖြစ်ခဲ့သော ကိုသောင်းက ယခုတော့ ထင်ရှားသော ပုဂ္ဂိုလ်တစ်ယောက် ဖြစ်နေလေပြီ။ ထိုစဉ်က ကိုသောင်းသည် ဆေးပေါ့လိပ်ကိုသာ သောက်ခဲ့၏။ ခုံဖိနပ်ကို အစီးများပြီး ချည်လုံချည်နှင့် ဖျင်ကြမ်းအင်္ကျီကိုသာ နှစ်သက်ခဲ့သူအဖြစ် အသားယူခဲ့သည်။

ကိုသောင်းကို ဆေးပေါ့လိပ် ၂၀၀ ဝယ်ပေးထားလျှင် အတော်သောက်ရသည်။ ကိုသောင်း အဝတ်အစား တို့မှာ ပင်မင်းဆိုင်ကို တစ်ခါမျှ မရောက်ဖူးချေ။ ကိုသောင်း အဝတ်အစားအတွက် တစ်ခါမျှ မကြောင့်ကြ ခဲ့ဖူးသဖြင့် အိမ်ထောင်ပြုခြင်းအတွက် မပိုက်အဖို့ ဒုက္ခမပိုလှ။

မြန်မာပြည် လွတ်လပ်ရေးရပြီးမှ ရာထူးတွေ ဆွမ်းကြီးလောင်းလိုက်သည်တွင် ကိုသောင်းလည်း ရာထူး ဆွမ်းခံ သံဃာမဲတွင် ပါသဖြင့် တစ်နေရာတွင် ကြီးကြီးမာစတာ ဖြစ်ခဲ့ရပြီး မပိုက်မှာ မမျှော်လင့်ဘဲ ကြီးကြီး မာစတာကတော် ဖြစ်သွားလေသည်။ထိုရာထူးကို ကိုသောင်းရသည့်ဟု ဆိုလျှင်ပင် မပိုက်မှာ အတော် အနေအထိုင် ခက်မိသည်။

“ရှင် ဒီရာထူးရတာက ဟုတ်ပါရဲ့တော်၊ ကျွန်မနဲ့ဖြစ်ပါ့မလား…” ဟု စိုးရိမ်စွာပင် မေးမိသေးသည်။

“ဘာလို့ မဖြစ်ရမှာလဲကွ…”

“ဟာ… ကျွန်မက ရိုးရိုးနေတတ်တယ်၊ ရှင်က ရာထူးကြီးနဲ့ဆိုတော့ မင်းစိုးရာဇာတွေနဲ့ ပေါင်းသင်းရမှာ၊ တောင် နားမလည် မြောက် နားမလည်နဲ့ ရှင် ရှက်စရာဖြစ်မှာပဲ…”

“အလုပ်သဘောက လွဲရင် ဘာမှ ဂရုမစိုက်ပါဘူးကွာ၊ စိုးရိမ်မနေစမ်းပါနဲ့ မိန်းမရယ်…”

ကိုသောင်းက ဤလို နှုတ်ဖြင့် မပိုက်၏စိုးရိမ်ခြင်းကို နှစ်သိမ့်ရုံတင် မဟုတ်၊ မင်းစိုးရာဇာများနှင့် ပေါင်းသင်း ရာတွင်လည်း ခပ်ပေါ့ပေါ့ပင် ရှိခြင်းကို တွေ့ရသည့်အခါမှ ချစ်လင်ကို မပိုက်က ပို၍ ကြည်ညိုမိရှာ၏။

မပိုက်ကို ရာထူးနှင့် ပတ်သက်၍ ပေါင်းသင်းဆက်ဆံမှုတွင် ဘာမျှထူးခြားမှု မရှိခဲ့အောင် လျစ်လျူ ရှုထားမိသေးပေသည်။ အိမ်အနေအထိုင် အဝတ်အစားတို့မှာ မသိမသာ ထူးခြားစ ပြုလာသည်ကို မပိုက်လည်း ရိပ်စားမိခဲ့၏။

ရာထူးနှင့်လိုက်အောင် နေရသည့် အိမ်ကြီးကလည်း ကြီးလှ၏။ ဝင်းခြံကြီးကလည်း ကျယ်လှပေသည်။ ဤမျှ ကျယ်ဝန်းသော ခြံကြီးကို သူများနည်းတူ ကြည့်၍ တင့်တယ်အောင် ထားရဖို့ကလည်း မာလီတစ်ယောက် လိုလာပြန်သည်။

“တစ်လ ၁၀၀ ပေးရမယ်ဆို မများဘူးလား ကိုသောင်းရယ်… နှမျောပါဘိ၊ ကျွန်မတော့ ပန်းအိုး ကလေး တွေနဲ့ပဲ စိုက်ချင်တာပါပဲ…”

“မလုပ်ပါနဲ့ကွာ… ခြံကြီးထဲမှာ နေပြီး ပေါင်းတွေနဲ့ဆိုလည်း ကြည့်မကောင်းဘူး … ”

“အင်း… သူပြောတာလည်း ဟုတ်တုတ်တုတ်၊ တခြားခြံကြီးတွေ ကြည့်လိုက်ရင် လှလှပပ ဝေဝေဆာဆာ၊ ငါ့ခြံ ကြည့်လိုက်လို့ မြက်တွေ ပေါင်းတွေဆိုလည်း မကောင်းဘူးပေါ့…”

သို့နှင့် မာလီတစ်ယောက်ကို တစ်လ ၁၀၀ နှင့် ငှားခဲ့ရ၏။

ဧည့်သည်လာလျှင် စီးကရက်ကမှ ပို၍တင့်တယ်၍ စီးကရက်သာ ဝယ်ခဲ့ရပြီး၊ ကိုသောင်းပင် စီးကရက်ကို သောက်နေ၏။ ယခင်က ခုံဖိနပ် စီးခဲ့သော ကိုသောင်းမှာ ယခု ရှူးဖိနပ် တပြောင်ပြောင် မစီးမနေရသော အခြေသို့ ဆိုက်ရောက်ခဲ့၏။ ယခင်က ချည်လုံချည်နှင့် ဖျင်ကြမ်းအင်္ကျီကို နှစ်သက်သော်လည်း ယခုတော့ သူ ရှုတ်ချခဲ့သော မျောက်အဝတ်အစားတို့ကို သူ အလွန်နှစ်သက်နေပြီ ဖြစ်၏။

“အရင်တုန်းကနဲ့များ နည်းနည်းမှ မတူတော့ပါလား ကိုသောင်းရယ်…၊ ရှင်တို့လုပ်ပုံက မဟုတ်မှ လွဲရော၊ ကိုယ် ရာထူးမရလို့ ဟိုတုန်းက ဟန်ဆောင်နေသလို မတူဘူးလား…”

“အခြေအနေက ဖန်တီးသကိုးကွ၊ ဒီရာထူး ယူပြီး ဒီအလုပ်လုပ်ရင် ဒီလိုပဲ ဖြစ်မှာပေါ့၊ တကယ်ဆိုတော့ ဟိုတုန်းက ခုံဖိနပ်စီးပြီး ရှူးဖိနပ်စီးတဲ့ သူကို ဆဲခဲ့တယ်၊ ခု တို့ပဲ ရှူးဖိနပ်ကို မပစ်ပယ်နိုင်ဘူး ဆိုတာကို အပြင်မျက်စိနဲ့ ကြည့်ရင် ဆဲစရာပဲ။ ဒါပေမဲ့ တကယ်တော့ တို့က ဒါတွေကို စုံမက်လွန်းလို့ မဟုတ်ပါဘူးကွာ …၊ အခြေအနေအရ လုပ်ရတာပဲ၊ ပြီးတော့ ဒီနေရာမှာ ထိုင်ပြီး ဒီလို လုပ်တာချင်းတူပေမဲ့ တို့က စေတနာနဲ့ လုပ်တာပါကွာ…”

ကိုသောင်း၏ ထုချေလွှာကို မပိုက်က ခြွင်းချက်မရှိ လက်ခံသည်။ ဤသည့်နေ့မှ အစပြု၍ အခြေအနေက ပေးသော စည်းစိမ်ကို မပိုက်ကိုယ်တိုင်ပင် နှစ်သိမ့်စပြုခဲ့၏။ အခြေအနေကလည်း ဖန်တီး၍ပေးပေသည်။

ပန်းပင်တွေ ဝေဝေဆာဆာနှင့် ခြံကြီးမှ…

အခန်းဆီးတွေ မြိုင်မြိုင်နှင့် တင့်တယ်သော အိမ်ကြီးတွင်…

အထက်တန်းကျသော အိမ်ထောင်ပစ္စည်း အစုံအလင်၊ တပည့်လက်သားတွေ အပြည့်အစုံနှင့် ဤလို နေရသော အရသာမျိုးကို ဘယ်သောအခါကမှ မပိုက် မမျှော်လင့် မတွေးတောမိခဲ့ပေ။ ယခင်အခါက ထီးတစ်ချောင်း ချိုင်းညှပ်ပြီး ဟိုကား ရှောင်ရ ဒီကား ရှောင်ရ ရှောင်ခဲ့ရသော မပိုက်မှာ ယခုတော့ ပက်ကတ်ကားကြီးပေါ်တွင် အမြိုင့်သားနှင့် မပိုက်၏ ကားကိုရှောင်သွားရသော ခမျာများကို မပိုက်က ကိုယ်ချင်းစာတရားနှင့် သနားမိသေးသည်။

ဤလို နှစ်သက်စရာ အရသာတွေကို စုံမက်လာလေလေ၊ ဤလို မင်းကတော် ဘဝကို ရခြင်းအတွက် ဝမ်းသာမိလေလေ၊ ကိုသောင်းကို မြတ်နိုးလေလေ ဖြစ်မိလာသည်။ သို့သော် အခြေအနေက မပိုက် အတွက်တော့ တစ်သက်လုံး အကျိုးပေးမည် မပေးမည်ကို မပြောနိုင်အောင် ဖန်တီးလာပြန်၏။

လူကြီးရယ်လို့ ဖြစ်လာလျှင် မင်းပွဲစိုးပွဲတွေကို သွားရသည်။ ဖော်ရွေရသည်။ ခေတ်မီရသည်။ ထိုဓလေ့ထုံးစံအတိုင်း မပိုက် ပါသည့်အခါလည်း ပါ၍၊ မပါသည့်အခါလည်း ကိုသောင်းမှာ မင်းပွဲခေါ် ပါတီတွေကို တစ်ဦးတည်း သွားလေ့ရှိ၏။ ထိုအခါတွင် ခေတ်မီအောင် အရက်သောက်ကြရသည်။ အရက်မသောက်လျှင် မျက်နှာပန်းမလှခြင်းကြောင့် ဖြစ်၏။ တစ်ခါတစ်ရံတော့လည်း အရက်သောက်ရုံတွင် မဟုတ်၊ စုဝေး၍ မိန်းမယောက်ျား တွဲကကြသည်။ ဤထုံးစံတွေကို နားမလည်သေးသော မပိုက်မှာ ထိုင်၍သာ ပြန်ခဲ့ရသည့်အခါ ကိုသောင်းက စ,တတ်သည်။

“ငါ့မိန်းမက တယ်ရိုးသေးသကိုး၊ အရက်ကလေး ဘာလေးများ မြည်းမကြည့်ဘူးလား…”

“မမြည်းချင်ပါဘူး ကိုသောင်းရယ်…၊ မြည်းဖို့နေနေသာသာ ကျွန်မက လိုက်တောင် လိုက်ချင်တာ မဟုတ်ဘူး၊ မတော်ဘူး ဆိုလို့သာ လိုက်ရတာ…”

“မြည်းရတယ်ကွ… ငုတ်တုတ်ထိုင်ပြီး ငြင်းတော့ ရိုင်းတာပေါ့”

မပိုက်က ကိုသောင်းကို ငေး၍ ကြည့်နေမိသည်။ ကိုသောင်း စိတ်တွေ ပြောင်းလဲခဲ့ချေပြီတကား။ ထိုတွင်မက တစ်ခါထက် တစ်ခါ မပိုက်ကို အပြစ်တင်စ ပြုလာတော့၏။

“မင်းကလည်းကွာ… လူတောမတိုးပါဘူး၊ နည်းနည်းပါးပါး ခေတ်ဆန်စမ်းပါ”

“ဘယ်လို ခေတ်ဆန်ရမှာလဲ၊ ရှင် ရူးနေသလား”

မပိုက်က နာအောင် ပြောလိုက်သည်မှစ၍ ကိုသောင်းမှာ ခေတ်နှင့် ပတ်သက်၍ ဘာမျှ မပြောတော့။

“မပိုက်ရေ… ဧည့်သည် ပါလာတယ်ဟေ့…”

သို့ကြောင့် မပိုက် ဧည့်ခန်းသို့ ဆင်းခဲ့ရ၏။

“ဒါ ကိုယ်နဲ့ ကောလိပ်မှာ အတူနေတဲ့ မခင်ခင်မြင့်စိန်ပေါ့…”

“ရှီလာဘစိန်လို့လည်း ခေါ်ပါတယ်…”

ဧည့်သည်က ဝင်ဖြေလိုက်၏။

“ဒါ ကိုယ့်ဇနီးပဲ၊ မပိုက်တဲ့…”

“အို နာမည်ကြီးကလည်း ရိုးလိုက်တာနော် ကိုသောင်း”

ကိုသောင်းက “ဟဲ… ဟဲ… ဟဲ” နှင့် ရယ်လိုက်၏။ မပိုက် မျက်နှာတွေ ထူပူသွားတော့သည်။ စိတ်ဆိုး ရမလား၊ ရှက်ရမလား။ မခင်ခင်မြင့်စိန်… မခင်ခင်မြင့်စိန်နှင့် မပိုက်၊ ‘ရှီလာဘစိန်နှင့် မပိုက်’ ဘာများ ကွာခြားသလဲကွယ်။

“သူ့မိဘများကတော့ ရှေးရိုးကြီးတွေပဲ ရှီလာ၊ ပြီးတော့ သူတို့က ဈေးသည်တွေ ဆိုတော့ ခေတ်ဆန်တာတွေ ဘာတွေ မကြိုက်ကြဘူးကွဲ့…”

ကိုသောင်းက မပိုက်အတွက် စကားပြေ ပြောပေး၏။

“ဟုတ်ပါတယ် ကိုသောင်းရယ်၊ ရှီလာ ဒါကြောင့် သူတို့လိုလူတွေ အားကြီးသနားတာပဲ…”

“ရှင် ကျုပ်ကို သနားစရာအကြောင်း ဘာမှမရှိဘူး၊ ရှင် ဧည့်သည်ပီပီ စကားပြော…”

ထွက်အံ့ဆဲဆဲ စကားတို့ကို တံတွေးနှင့်အတူ ရော၍ မျိုချလိုက်ရသည်။

“ထိုင်ပါ မပိုက်…”

ဧည့်သည်က ထိုင်ရန်ပြောမှ မပိုက်သတိရ၏။

“ကိုသောင်းကို ရတာ ရှင် သိပ်ကံကောင်းတာပဲ…”

မပိုက်က ပြုံးလိုက်၏။

“မဟုတ်ဘူးလား ကိုသောင်း၊ ဟိုတုန်းကသာ ရှင် ခုလို ပြောင်းလဲရင် မပိုက်နဲ့ မညားဘူးနော်… ဟဲ ဟဲ ဟဲ၊ ဟုတ်တယ် ကိုသောင်းဟာ ဟိုတုန်းက လူ့ခွစာပဲ၊ ဒါကြောင့် ရှီလာနဲ့ မတည့်ခဲ့တာပေါ့…”

ရှီလာက မျက်စကလေး ချီ၍ ကိုသောင်းကို မေးပြော ပြောပုံမှာ အလွန်ကဗျာဆန်လှသည်ဟု မပိုက် ထင်သည်။ ဤလို အမူအရာမျိုးတော့ မပိုက်ခမျာ လုပ်ရမည်ဆိုက အတော်သင်ယူရပေမည်။ ရှီလာဘစိန်ခေါ် မခင်ခင်မြင့်စိန်၏ မျက်ခုံးမွှေးကလေးမှာ သေးသွယ်နက်မှောင်အောင် မင်ရောင်သ, ထားသည်။ ပုံမပျက် ဆိုးထားသော နှုတ်ခမ်းနီနီကလေးကို မဲ့ကာ ရွဲ့ကာ လုပ်ပြသည်ပင် ကြည့်ကောင်း သလိုလိုပင်။ မှန်နိုင်လွန် အဝါသွေးကလေးမှ ပုံအတိုင်း ပေါ်လွင်နေသော ရှီလာ၏ ကိုယ်အထက်ပိုင်းကို မပိုက် ရဲရဲမကြည့်ဝံ့ပေ။ တစ်ချိန်လုံးတွင် ရှီလာက မျက်စ တချီချီ၊ အသံတဟဲဟဲနှင့် စကားကောင်းသမျှ မပိုက်က ပြုံးရုံသာ ပြုံးနိုင်ခဲ့၏။

“ကဲ ကဲ စကားအပြော ကောင်းနေလိုက်တာ ပြန်ဦးမှ…”

ရှီလာက ကိုသောင်းနှင့် မျက်နှာချင်းဆိုင်၍ ရပ်လိုက်သည်။ ရှီလာ ဝတ်ထားသော အတွင်းခံအင်္ကျီမှာ ကျောဘက်က ကြိုးမပါသဖြင့် ထိုင်လိုက်စဉ်က ချွေးခံနောက်ပိုင်းသည် လုံချည်ထဲသို့ ဝင်သွားရာ ယခုလို ထရပ်လိုက်သည့်အခါ ရှီလာ၏ ကျောပြင်တစ်ခုလုံးမှာ မှန်နိုင်လွန်အတွင်းမှ အထင်းသား ပေါ်လွင် နေပြန်သည်။

ကိုသောင်း၏ မျက်လုံးအစုံတို့သည် ရှီလာ၏ တစ်ကိုယ်လုံးကို သိမ်းကျုံးနေတော့သည်။ သူတို့ နှစ်ယောက်သည် မပိုက်ကိုပင် မေ့နေဟန်ရှိ၏။ ရှီလာကို လိုက်ပို့သော ကိုသောင်းသည် တော်တော်နှင့် အိမ်ပြန်မလာပေ။ ဤသည်လျှင် မပိုက်၏ ရိုးသားသော ဘဝကို တော်လှန်စပြုပေးသည့် လင်းရောင်ခြည်ပင် တည်း။

ထိုနေ့မှ အစပြု၍ မပိုက်၏ မင်းကတော် ဖြစ်ရသော အရသာတို့သည် လွင့်ပျောက်စပြုလေ၏။ ကိုသောင်း ကြီးကြီးမာစတာ ဖြစ်၍ ပြောင်းလဲမှုတို့ကို အကြောင်းပြုပြီး တွေ့ရသော စည်းစိမ်တို့ကြောင့် ကောင်းလေစွဟု အထင်ကြီးခဲ့သမျှ ကိုသောင်း ကြီးကြီးမာစတာ ဖြစ်၍ အိမ်ထောင်ရေးပင် ပျက်ပြားတော့မည်လားဟု တွေးမိသည့်အခါ နောင်တရမိသည်။ စွန့်လွှတ်ချင်သည်။ လူမှန်လျှင် အမွှေးနံ့ကို နှစ်သက်သည်။ သာ၍မွှေးသည်ကို စုံမက်သည်။ လူမှန်လျှင် အလှအပကို ကြိုက်သည်။ သာ၍လှသည်ကို မြတ်နိုးသည်။ အချိုကြိုက်သူနှင့် အခါးကြိုက်သူ လည်းကောင်း၊ အငန်ကြိုက်သူနှင့် အချဉ်ကြိုက်သူ လည်းကောင်း ရှိပေမဲ့ အမွှေးကြိုက်သူနှင့် အနံကြိုက်သူ ဟူ၍တော့ မရှိစကောင်း၍ သဘာဝကို ဘယ်သူတွေ လွန်ဆန်နိုင်မည်နည်း၊ ကိုသောင်းရော ဘာလဲ၊ မပိုက်မှာ တွေးရသော အလုပ်တစ်ခု ပိုလာ၏။

‘မပိုက်’ ဟု တစ်စုံတစ်ယောက်က ခေါ်လိုက်တိုင်း ယခင်အခါ နှစ်သက်လေသမျှ ယခုအခါတွင် ရှက်မိသလိုလို ဘာလိုလိုပင်။ သို့ကြောင့် တစ်ကိုယ်တည်း ရှိစဉ် သူ့နာမည်ကို ပြောင်းကြည့်မိသည်။

“သူ့မိန်းမနာမည် မပိုက်ဆိုတာ ကိုသောင်းတော့ ရှက်မှာပဲ” ဟု တွေးမိသည်။

အရင် မရှက်ပေမဲ့ ခု ရှက်ချင်ရှက်မည်။

“ဒီမှာ… ကိုသောင်း၊ ကျွန်မ တစ်ခုမေးမယ်၊ ရှင် မှန်မှန်ဖြေမလား”

မပိုက်၏ စကားဆန်းကို အံ့အားသင့်သွား၏။

“ကြီးကျယ်လိုက်တာကွာ၊ ဘာများမို့တုံး”

“ကျွန်မနာမည် မပိုက်ဆိုတာ ရှင် မရှက်ဘူးလားဟင် မှန်မှန်ပြောစမ်း”

“ဟားဟား… ဟားဟား… ဟားဟား… ဟားဟား…”

ကိုသောင်းသည် ခွက်ထိုးခွက်လှန်ပင် ရယ်မိသည်။

“အမယ်လေးဟ- မိန်းမရယ်၊ မပိုက်ကို မေတ္တာရှိလို့ ယူထားတာပဲ၊ မပိုက်ဆိုတာ ရှက်ပါ့မလားကွာ…”

“မသိနိုင်ဘူးလေ… တစ်နေ့က ရှင့်သူငယ်ချင်းဆိုတဲ့ ရှင့်အဆက်မက ကျွန်မနာမည်ကို ရိုးလွန်းတယ် ဆိုတော့ ရှင့်မျက်နှာ ရှက်သွားတာ ကျွန်မ သတိထားမိပါတယ်”

“ဒီလို မဟုတ်ရပါဘူးကွာ၊ ဒီမိန်းမဟာ အင်မတန် ဂုဏ်တို့ ပစ္စည်းတို့ မက်တဲ့သူပေါ့၊ ဟိုတုန်းကတော့ ကိုယ့်လို ဖျင်ကြမ်းဝတ်တဲ့သူကို သူက မတူသလိုပေါ့ကွာ၊ ကျောင်းမှာနေတုန်းက သူ့အကြောင်း ကိုယ် အသိသားပဲ၊ ဒါကြောင့်လည်း လွဲခဲ့တာပေါ့၊ ကိုယ် သူ့ကို ပိုးခဲ့မိတာတောင် ရှက်သေးတယ်…”

“ခုတော့ တန်နေကြပြီ မဟုတ်လား…”

“ဘာတုံးကွ… မင်းကလဲ၊ ကိုယ့်မှာ သားနဲ့မယားနဲ့၊ မဖြစ်နိုင်တာ မပြောနဲ့၊ ကဲ ကဲ… မင်း နာမည်ပြောင်းချင်တယ် ဆိုတော့ ဘယ်လိုများ ပြောင်းမလဲ ဆိုစမ်း … ”

“ရှင်က ခင် ပါတဲ့ နာမည် သဘောကျတယ်ဆို၊ ခင်ခင်ပိုက်လို့ ပြောင်းမယ်”

“ဘာ… ဘာ… ဒေါ်ခင်ခင်ပိုက်… ဟုတ်လား၊ ဟား ဟား ဟား ဟား… မလုပ်ပါနဲ့ကွာ”

“လုပ်ရမယ် လုပ်ရမယ်၊ ရှင်လည်း ဟိုတုန်းက ခုံဖိနပ်စီးပြီး အခု အခြေအနေအရ ရှူးဖိနပ် စီးတယ်၊ ကျွန်မလည်း ဟိုတုန်းက ဘာကောင်မှ မဟုတ်တဲ့သူ မယားအဖြစ်နဲ့ မပိုက်ပေမဲ့ အခြေအနေအရ မင်းကတော် ဖြစ်လာတော့ မင်းကြိုက် စိုးကြိုက် ဒေါ်ခင်ခင်ပိုက်ပဲ ဖြစ်ရမယ်”

“ငါ့မိန်းမတော့ ရူးပါပြီကွာ… အေးအေး၊ ဒီနေ့ကစပြီး ဒေါ်ခင်ခင်ပိုက်မှာ သောင်းတစ်ခုပါ ပိုကွာ၊ ဒါမှ ပိုခေတ်မီမယ်၊ ဒါပေမဲ့ ကိုယ်တော့ မပိုက်လို့ ခေါ်ရတာပဲ အရသာရှိတယ်၊ ဟေ့ မပိုက်၊ ငါ့မိန်းမ…” ကိုသောင်းက မပိုက်၏ နဖူးကို ထုရင်း ကဗျာဆန်လိုက်လေ၏။

တကယ်တော့ ကိုသောင်း၏အကဲကို စမ်းခြင်းသာ ဖြစ်သည်။ ခုလို ကိုသောင်း နှစ်သက်က ပူစရာ မလိုတော့ပေ။ ထိုမှသည် မပိုက်က ကြိုးစား၍ မေ့ပျောက်ပေမဲ့ အခြေအနေသည် ပို၍ဆိုးလာပြန်၏။ ပါတီပွဲများ သွား၍ကြုံတွေ့တိုင်း ရှီလာနှင့် ကိုသောင်း စကားလက်ဆုံကျတတ်ပြီး အိမ်သို့ပင် ရှီလာက အမြဲလာလည်တတ်သေးသည်သာမက ကိုသောင်းက အပြန်လိုက်ပို့ရသည့် အကျင့်ပင် ပါနေလေသည်။

ကိုသောင်း စကားပြောတိုင်း စကားပြောတိုင်း ရှီလာ ခေတ်ဆန်ပုံ၊ ရှီလာ သွက်လက်ပုံ၊ ရှီလာကို သူ ဘယ်လိုပိုးခဲ့ပုံများ မပါလျှင် မပြီးအောင် သည်းလာသဖြင့် မပိုက်အဖို့ အသက်ရှူကျပ်လာပြန်၏။

“ရှင့်မလဲ ဒီမိန်းမအကြောင်း မပါရင် မပြီးတော့ဘူး ဟုတ်လား၊ ဒါလောက်ပဲ ဖြစ်နေပြီလားဟင်”

“စိတ်မဆိုးပါနဲ့ကွာ၊ ဘာရယ်လို့မဟုတ်ပါဘူး၊ ဟိုတုန်းက ကိုယ့်ကို မတူမတန်ဘူးလို့ ထင်ခဲ့တဲ့ မိန်းမက ခုတော့ ကိုယ့်ကို တမ်းတမ်းစွဲနေလို့ အသားယူနေတာပါ”

“အင်း… ကိုယ်က အသားမရဘဲ ကိုယ့်အသား ပါသွားမနော်…”

“မပါရပါဘူးကွာ… မင်းမလည်း ဒါပဲ မနာလိုနေတာပဲ၊ မဖြစ်နိုင်ပါဘူး ဆိုနေတာ”

ဤလို စကားကို အပြီးသတ်ပြီး ငြိမ်နေလိုက်ပြန်တော့လည်း ထပ်၍ မဆက်သာသဖြင့် စကားစ ပြတ်သွား ခဲ့ပေါင်းလည်း များခဲ့၏။ မပိုက်၏ စိတ်တွင်ကား နေမြင့်လေ အရူးရင့်လေ ဖြစ်နေ၏။

ယခုညလည်း ယူနီယံကလပ်တွင် ကော့တေးပါတီခေါ် အရက်သောက်ပွဲသို့ သွားမည်ဆိုပြီး ထွက်သွား၏။ သို့သော် ထိုပါတီမှတစ်ဆင့် ရှီလာထံသို့ ဆက်၍သွားလိုက သွားခဲ့ဖူးသော အခါများ ရှိခဲ့သဖြင့်၊ ယခုလောက် ကြာလျှင် သွားနေမည်ဟု တစ်ထစ်ချ တွေးမိတိုင်း မနေတတ်မထိုင်တတ် ဖြစ်နေရခြင်း ပင်တည်း။

ကိုသောင်းသည် ရှီလာကို ပိုးခဲ့ဖူးသည်ဟုလည်း သိရ၏။ ဟိုစဉ်က ကိုသောင်းမှာ စုံမက်စရာ အရည်အချင်းတွေ မရှိသေးသဖြင့်သာ ရှီလာက ကိုသောင်း၏ မေတ္တာကို လက်မခံခဲ့သဖြင့် ကိုသောင်း ကလည်း ရှီလာထံမှ ဖယ်ခွာခဲ့ခြင်းသာ ဖြစ်ရာ၊ ယခုလို ကိုသောင်းမှာ စုံမက်စရာ အရည်အချင်းတွေနှင့် ပြည့်စုံနေသည့်အခါ ကိုသောင်းကလည်း ယခင် မမီ၍ မခူးခဲ့ရသော ပန်းကလေးကို ယခုလို လက်တစ်ကမ်းနှင့်ရလျှင် ခူးမည်ပင် ဖြစ်၏။

ယခုခေတ်ကလည်း သားတစ်ကျိပ် အဖေပင် ဖြစ်လင့်ကစား ဂုဏ်ရှိလျှင် ယူမည့် မိန်းမတွေက တန်းစီပြီး စောင့်လျက်ရှိကြ၏။ ယခုမှပင် ပညာကို ဆုံးခန်းတိုင် မသင်ခဲ့မိခြင်းအတွက် နောင်တရမိ၏။

“မေမေတို့က ဘာလို့များ ငါ့ကို အင်္ဂလိပ်နာမည်နဲ့ သင်တဲ့ ကျောင်းမှာ မထားခဲ့ပါလိမ့်နော်”

ဟု မိဘကိုပင် အပြစ်တင်ချင်လာ၏။ ယခုလိုခေတ်မှာမှ ရှေ့က ‘စတယ်လာ၊ ဂျက်စီ၊ ပက်ဂီ’ အစရှိသည့် နာမည်တွဲကလေးတွေ ပို၍ခေတ်စားနေသဖြင့် မပိုက်မှာ ရှေ့က ဤလို နာမည်တွဲကလေးနှင့် ခေတ်ဆန်ဆန် နေတတ်ခဲ့ပါက ရှီလာ၏ ရန်ကို တွန်းလှန်နိုင်မည်မှာ မလွဲဟု တွေးတွေးပြီး နောင်တရမိ၏။

အတွေးနယ်မှာ မေ့နေမိသဖြင့် ကိုသောင်း၏ ကားဝင်လာသည်ကိုပင် မမြင်လိုက်မိ။

ပေါ်ခနဲ အသံကြားမှ တံခါးဆင်းဖွင့်ရသည်။

“၉ နာရီ ပြီးမယ်ဆိုပြီး ဘာလို့ ဒါလောက် မိုးချုပ်ရသလဲ”

တံခါးဖွင့်ရင်း ရန်ထောင်မိ၏။

“စကားကောင်းနေကြလို့ပါကွာ… ဒါတောင် သခင်စိုးတင့်က ဘိလိယက်ထိုးဖို့ ဆွယ်သေးတယ်”

“အဲဒီလို ဘိလိယက်ထိုးနေတာကိုမှ ကျွန်မက သဘောကျသေးတယ်”

“အနို့ ကိုယ်က ဘာလုပ်နေလို့လဲကွ…”

“မသိနိုင်ဘူးလေ…”

“မင့်မလည်း ဒီဟာပဲ ခလုတ်တိုက်နေတာပဲ…”

“နို့ ရှင်က မဟုတ်လို့လား၊ တစ်နေ့ တစ်နေ့ ဒီမိန်းမကို မမြင်ရ မနေနိုင်ဘူး၊ ဒီမိန်းမနဲ့သာ စကား ပြောနေရမယ်ဆို ရှင် တစ်လောကလုံးကို မေ့တယ် မဟုတ်လား…”

“အေး… အေး… ပြော… ပြော… ဟုတ်တန်သလောက် ဟုတ်တာတော့ ဝန်ခံပါတယ်ကွာ…၊ မင်းတို့နဲ့ မတူဘူးကွ၊ အမူအရာ၊ လေယူလေသိမ်း တစ်မျိုးပဲ၊ ဟုတ်တော့ ဟုတ်တယ်၊ သူနဲ့ စကားပြောနေမိရင် ပျော်နေတာပဲ၊ ပြီးတော့ တို့လို အလုပ်ကြီးအကိုင်ကြီး တာဝန်ကြီးလုပ်ရတဲ့ သူတွေဟာ ဦးနှောက် ကြည်လင်အောင် ကြိုးစားပြီး နေကြရတယ် ဟုတ်လား၊ ဒါကြောင့်ပါ၊ စိတ်ပေါ့ပေါ့ပါးပါး ဖြစ်လို့ သွားသွားပြီး စကားလက်ဆုံ ကျမိတာပါပဲ... ”

“ဒီလိုဆို တစ်ခါတည်း ယူထားပါလား…”

“ဟဲ… ဟဲ… တကယ် ပြောနေတာလားကွာ၊ နည်းနည်းလောက် စဉ်းစားပါဦးလား…”

“စဉ်းစားစရာမလိုပါဘူး၊ ကျွန်မထက် ပိုစုံမက်ရင် ယူပေါ့၊ ခုကာလမှာလည်း ဒါမျိုးတွေ မဆန်းပါဘူး၊ တံချူ မရှိလို့ သဇင်ပန်း မခူးနိုင်ရင် လက်လှမ်းမီတဲ့ မိချောင်းပန်း ခူးကြတယ်၊ တံချူရလို့ သဇင်ပန်းလည်း ခူးနိုင်ရော မိချောင်းပန်း စွန့်ကြတာ များတာပဲ၊ ရှင်လည်း ဒီပုတ်ထဲက ဒီပဲ အတူတူပေါ့၊ ယူပါ ယူပါ ယူနိုင်ပါတယ်”

“အလကား စတာပါ မိန်းမရယ်… တကယ်တမ်းတော့ ကိုယ့်သားမယားကို ဘယ်စွန့်နိုင်ပါ့မလဲ၊ ကြည့်စမ်းကွာ… မျက်ရည်များ ကျလို့ တိတ်… တိတ်… အရူးမ…”

ကိုသောင်းက အဘယ်မျှ နှစ်သိမ့်စေကာမူ မပိုက်အဖို့မှာတော့ ဤစိတ်နှင့် ကင်းကွာ၍ မရ၊ တစ်နေ့ တစ်နေ့ ရှီလာ့ရန်မှ ကင်းဝေးစေဖို့ကိုသာ စဉ်းစားခန်း ထုတ်နေမိ၏။ ခါတိုင်းဆိုလျှင် ခံ့ညားထည်ဝါသော ဝင်းကြီး ခြံကြီးနှင့် အိမ်ကြီးကို ကြည့်ပြီး ပီတိဖြစ်မိ၏။ ကားကြီး စီးသွားရသည်ကိုလည်း အရသာတွေ့မိ၏။ ယခုတော့ ဘယ်မှာနေနေ၊ ဘာကိုတွေ့တွေ့၊ သူ့အဖို့ တစ်ခုမျှ အရသာ ပီတိမရှိနိုင်တော့ပေ။ သတင်းစာတွင် ‘လင်မယား မပြတ်စဲကြောင်း၊ ကျွန်မသာလျှင် တရားဝင်သော မယားကြီး ဖြစ်ကြောင်း’ အစရှိသည့် ကြော်ငြာတွေ တွေ့တိုင်းလည်း ရင်တုန်မိ၏။

ဤအတိုင်းဆိုလျှင် မထင်မရှား အညတြဘဝနှင့် ကိုသောင်းဇနီး ဖြစ်ရသည်ကမှ ပို၍ စိတ်ချမ်းသာ နိုင်သေး၏။ မိမိ၏ အိမ်ထောင်ရေးကို ထိခိုက်မည်ဆိုက ဘယ်လို စည်းစိမ်ချမ်းသာကိုမှ မပိုက် မစုံမက်နိုင်ပါ။ ယခင်က ကိုသောင်း လက်ဖက်ရည်ကြမ်းနှင့် တင်းတိမ်ခဲ့၏။ ယခုတော့ ကိုသောင်းက ဝီစကီနှင့်မှ တင်းတိမ်သည်။ ဒါကိုလည်း အခြေအနေအရ ဖြစ်၍ မပိုက်က လက်ခံနိုင်သည်။ ယခင်က ကိုသောင်း ခုံဖိနပ် စီးသည်။ ယခုတော့ ရှူးဖိနပ်စီး၍ မပိုက် ဖိနပ်တိုက်ရသော အလုပ်ပိုခဲ့၏။ ဒါကိုလည်း မပိုက်က အခြေအနေအရမို့ လက်ခံနိုင်ပါသည်။

ယခင်က ကိုသောင်းမှာ နိုင်ငံရေးယောင်ယောင် လူတေတစ်ယောက်မို့ ခေတ်ဆန်သူတွေက လျစ်လျူရှုခဲ့၏။ ကိုသောင်းက အနားမကပ်ရဲခဲ့။ ယခုလို ကိုသောင်း အရာရှိလူတန်းစား စာရင်းတွင် ပါတော့မှ ထို ခေတ်ဆန်သူတွေက မရအရ တွယ်လေတော့မည်။ ကိုသောင်းကလည်း ယခင် မတန်၍ သည်းခံခဲ့ရသော ပစ္စည်းကို တန်ရာ တန်ဖိုးရှိလျှင် လက်လွှတ်ပါမည်လော။ အခြေအနေအရ ဤပြောင်းလဲမှုကိုတော့ မပိုက် ဘယ်နည်းနှင့်မျှ လက်မခံနိုင်ပါ။ ဒါတော့ သူ အကြီးအကျယ် ကန့်ကွက်ရပေလိမ့်မည်။ မိန်းမနှင့် ပတ်သက်သည့် အခြေအနေအရ ပြောင်းလဲမှုကိုတော့ မပိုက် ခွင့်မပြုနိုင်ရှာပေ။

သို့သော် ယခုအချိန်ထိ မပိုက်သည် ရိုး၏။ မျက်ခုံးမွေး မဆွဲတတ်၊ နှုတ်ခမ်းနီလည်း မဆိုးတတ်၊ လက်သည်းနီဆိုးဖို့တော့ စိတ်ပင် မကူးမိ။ ကိုသောင်းက ရှီလာနှင့် စကားပြောနေရ၊ မြင်နေရလျှင် စိတ်ရွှင်သည်ဟု ပြော၏။

သို့ကြောင့် ခြားနားချက်ကို ရှာလိုက်ရာ ရှီလာ၏ မျက်ခုံးမွေး သေးသေးတင်ထား၏။ နှုတ်ခမ်းကလေးမှာ သန္တာနီခဲကလေးနှင့် တူ၏။ ချွန်ထက်နေသော လက်သည်းနီရဲရဲ၊ ခြေသည်း နီရဲရဲကလေးကလည်း ကြည့်၍ တင့်တယ်လှ၏။ ဆံပင်ကလေးကို လိမ်တွန့်ထားသည်မှာလည်း သူ့မျက်နှာနှင့် ကြည့်ကောင်းသည်ဟု ဆိုရပေမည်။ ထို့ထက် ပုံကျကျ ဝတ်ထားသော အင်္ကျီနှင့် ယောက်ျားများနှင့် ယှဉ်၍ စကား ပြောသည့် အခါတိုင်း ရင်ကလေးကော့၊ တင်ကလေးကို ကြော့ကာ ပြုံးသလို ရယ်သလို အမူအရာမှာ ယောက်ျားတိုင်း၏ အာရုံကို ဆွဲဆောင်နိုင်သော သတ္တိတစ်ခု ဖြစ်ကြောင်း မပိုက် နားလည်၏။

တစ်ခါ တစ်ခါတော့လည်း ဖြစ်လိုရာ ဖြစ်စေတော့ဟု စိတ်ကိုလျှော့မိ၏။ ထိုအခါ မျက်ရည်တို့မှာ တသွယ်သွယ် စီးကျလာ၏။ အပင်ကလေး လှီလှီကင်းကင်းက ရေလောင်း မြေတောင်မြှောက်ပြီး ခဲခဲယဉ်းယဉ်း စိုက်ခဲ့ရသည်။ အသီးအပွင့်တွေ ဝေဆာမှ လူတကာ အဆွတ်ကို မခံနိုင်ဟု စဉ်းစားမိပြန်တော့လည်း အဘယ်နည်းနှင့် ကိုသောင်း၏ အာရုံကို ရှီလာထံမှ ပြန်၍ဆွဲရဖို့ ပြဿနာသာ တွေးတွေးနေရင်း အချိန်ကုန်ခဲ့ရ၏။ အဖြေကား မပေါ်ထွက်ခဲ့သေးပေ။

ကြာလျှင် ဤစိတ်နှင့် ရောဂါရမည် ဖြစ်သည်ကိုလည်း နားလည်ခဲ့၏။ ထို့ကြောင့် ဤပြဿနာ ဖြေရှင်းနိုင်ရေးကို ဘုရားမှာသာ ဆုတောင်းရတော့သည်။

“မပိုက်ရေ၊ လွတ်လပ်ရေး ညစာစားပွဲအတွက် သမ္မတအိမ်တော်မှာ တို့ ဧည့်ခံရမယ်ဟေ့၊ ကိုယ်တော့ ခပ်စောစော သွားနှင့်မယ်ကွာ၊ ကားအကြိုလွှတ်ရင် မင်း လိုက်ခဲ့နော်…”

ကိုသောင်း၏ စီမံချက်အရ ညနေတွင် သမ္မတဧည့်ခံပွဲ သွားရဖို့ မပိုက် ပြင်ဆင်ရဦးမည် ဖြစ်၏။ အချိန်အတော်ကြာမျှ မပိုက်တွေး၏။ ဤပွဲတွင် ရှီလာလည်း လာမှာပဲ၊ သိပ်ကို ခြယ်လှယ်လာမှာပဲ၊ ကိုယ့်လင်ကို ကိုယ် လက်မလွှတ်နိုင်လျှင် နည်းလမ်းတစ်ခုတော့ လိုက်ရမည်ဟု ဆုံးဖြတ်လိုက်သည်နှင့် တစ်ပြိုင်နက် ‘မော်လီ’ အလှပြင်ဆိုင်သို့ မပိုက် အပြေးအလွှား သွားခဲ့သည်။

“ဒီမှာ ကျွန်မဒီရှေ့က ဆံပင်လေးကို ကျွန်မမျက်နှာနဲ့ လိုက်အောင် ပြင်ပေးပါလားရှင်…”

“အို… ရပါတယ် ရပါတယ်၊ အစ်မကြီးမျက်နှာနဲ့ ကြည့်ကောင်းအောင် ဖြစ်ရပါစေ့မယ်”

“ဘယ်နှနာရီ ကြာမှာလဲ…”

“နှစ်နာရီလောက် အနည်းဆုံး ကြာမယ်၊ အစ်မကြီးက တစ်ခါမှ မကောက်ဖူးတော့ အချိန်ပိုယူရမှာပဲ”

အချိန်မှာ ၁၁ နာရီ ရှိပြီဖြစ်၍ နှစ်နာရီ ထည့်လျှင် နာရီပြန် တစ်ချက်တီးမှ ပြီးမည်။ အခြားလုပ်စရာတွေ လုပ်ဖို့ အချိန်ကလည်း လိုသေးသည်။ သို့သော်လည်း မတတ်နိုင်။ ပထမအဆင့်က ဆံပင်ကောက်ဖို့ အရေးကြီးသည်။

“ဟုတ်ကဲ့… ဒါဖြင့် ခပ်မြန်မြန်သာ ကောက်ပေးပါတော့”

မိမိရှေ့ရှိ မှန်ကိုကြည့်လိုက်ရာ ကိုယ့်ကိုယ်ကိုပင် မယုံကြည်အောင် ရုပ်ပြောင်းနေသည်ကို တွေ့ရသည်။ မပိုက် အတော်သဘောကျသွား၏။ မော်လီကို ကျေးဇူးတင်ခဲ့ပြီး လိုသော ပစ္စည်းတွေ တစ်နာရီအတွင်း အပြီးဝယ်၍ ပြန်ခဲ့သည်။ မိမိ အစီအစဉ်အတိုင်း ခြယ်လှယ်၍ ပြီးသည့်အခါ ကိုယ်လုံးပေါ်ကို ဘယ်ပြန် ညာပြန် ကြည့်မိ၏။ မပိုက်… မပိုက်… မပိုက်… ဆိုလျှင် ယုံကြည်ပါတော့မလား။ အကျေနပ်ကြီး ကျေနပ်မိ၏။ ယခင်က ဤလို မပြုပြင်ခဲ့သည်ကိုပင် မိမိကိုယ်ကို အပြစ်တင်မိ၏။

ယခင်က သွေးမရှိသော မပိုက်၏ နှုတ်ခမ်းကလေးတွေမှာ သန္တာခဲကလေးနှင့် တူနေ၏။ လက်သည်း ခြေသည်းကလေးတွေမှာ ရှီလာလောက် မရှည်သော်လည်း အနီချင်းမှာ ရွေးမရနိုင်တော့။ ကြက်တောင်ပြန်မွေးနှင့် တူသော ထိပ်တည့်တည့်မှ သွယ်တန်းနေသော မျက်ခုံးကလေးကလည်း နှုတ်ခမ်းနီနှင့် ပနံရလှသည်။ ထို့ထက် မို့မောက်သော ရင်သားအဖြစ် ပုံအတိုင်း အထင်အရှား မြင်နေရသည်က မပိုက်အတွက် ပို၍ကျေနပ်နေသေး၏။ မှန်ထဲတွင် ဘေးစောင်းကြည့်လျှင် အချိုးကျသော ကိုယ်လုံးကလေး ဖြစ်၍ ကြည့်နေချင်စရာ ကောင်းနေ၏။ တစ်ခါမှ ယခုလို မပြုပြင်ဖူးသဖြင့် အတော်ပင်ပန်း၏။ သို့သော်လည်း ပင်ပန်းသည်ဟု မထင်။ ချစ်တဲ့လင်ကို အမောပြေ သူများ ကြည့်မည့်အစား မပိုက်ကိုပင် ကြည့်စေတော့မည်။

အကျေနပ်ကြီး ကျေနပ်နေသော မပိုက်သည် ရင်ကို ကော့၍မော့၍ သမ္မတဧည့်ခံပွဲသို့ ရှေးရှု သွားခဲ့လေသည်။ မပိုက်ရောက်လျှင် ဧည့်ပရိသတ် အတော်စုံနေပြီ ဖြစ်၏။ ဧည့်သည်တွေထဲတွင် သိသူလည်း ရှိ၊ မသိသူလည်း ရှိကြ၏။ အားလုံးပင် သူ့အား ငေးကြည့်ကြ၏။

အစတော့ ရှက်သလိုလို ရှိသေးသည်။

“ဟယ်… မပိုက်ပါကလား၊ လူတွေကို မှားလို့ပဲ”

“အို… ကျွန်မတို့က ဟုတ်မှဟုတ်ပါ့မလားလို့ ငေးကြည့်နေတာနော်၊ စိတ်မဆိုးနဲ့ဦး၊ ဦးသောင်းကတော်က သိပ်နုလာတာကိုး…”

တစ်ယောက်တစ်ခွန်း နှုတ်ဆက်သံတွေ ကြားထဲမှ သူ့ခင်ပွန်းကို ရှာမိ၏။

သူထင်သည့်အတိုင်း စားဝိုင်းတစ်ခုတွင် ရှီလာနှင့် ရယ်မော စကားလက်ဆုံ ကျနေသည်ကို တွေ့ရ၏။ ဤအချိန်သည်ပင် မပိုက်အတွက် အကွက်ကောင်းပင် ဆိုက်ခဲ့လေပြီ ဖြစ်၏။ မပိုက်သည် ဧည့်သည်တွေကို ပြုံးကာရယ်ကာ နှုတ်ဆက်ပြီး မျက်နှာကလေးကို မော့၊ ရင်ကလေးကို ကော့၍ ကိုသောင်းတို့ရှိရာသို့ ထွက်ခဲ့၏။

“အို… ခုနက တွေ့လိုက်ကတည်းက ကျွန်မက ဟုတ်မှ ဟုတ်ပါ့မလားလို့ ကိုသောင်းကိုတောင် မေးကြည့်မိသေးတယ်၊ ကိုသောင်းက မဟုတ်ပါဘူး ဆိုပြီး လှည့်တောင် မကြည့်ဘူး၊ မပိုက်က တယ်လှတာပဲ”

ဤစကားမျိုး ကိုသောင်းရှေ့မှာ ရှီလာထံမှ ကြားရသည်ကို မပိုက် အတော် ကျေနပ်သွား၏။ မျက်စကလေးကို ချီကာ ပြုံးရင်း ရှီလာ့ပခုံးကို ကိုင်ကာ ရှီလာထိုင်သော ကုလားထိုင်ကိုမှီ၍ ရပ်လိုက်၏။ လိုရင်းက “ခုလိုဆိုတော့ ဘယ်သူက သာသေးသလဲကိုသောင်းရယ်” ဟု ဝံ့စားလိုက်ခြင်းပင် ဖြစ်၏။

ကိုသောင်းကား မပိုက်ကို ခြေဆုံးခေါင်းဆုံး ကြည့်၏။ ယခင်ကထက် အသွင်ထူးနေသော မပိုက်၏ ကိုယ်အထက်ပိုင်းကို ပို၍ စိုက်ကြည့်နေ၏။ ယခုအချိန်ထိ ကိုသောင်း ဘာစကားတစ်ခွန်းမျှ မပြောသေး။ ကိုသောင်း၏ မျက်နှာကြီးတွေမှာ ညိုပုပ်၍နေ၏။

“ဟာ… မပိုက်တို့များ ခုလိုဆိုတော့ နုပျိုသွားတာပဲဟေ့” မင်းကတော်တစ်ယောက်လာ၍နှုတ်ဆက်၏။

“ဟဲ… ဟဲ…”

မပိုက် ရယ်ရင်း ကိုသောင်းကို လှမ်းကြည့်မိ၏။

“လာပါဦးလား ဟိုဘက်ဝိုင်းကို စကားပြောရအောင်”

ထိုမင်းကတော်က ဆွဲခေါ်သွား၍ မပိုက် လိုက်သွားကာ ထိုဝိုင်းတွင် စကားလက်ဆုံကျနေကြ၏။

“မပိုက်…”

ပြတ်ပြတ်သားသား ခေါ်သံကြောင့် အားလုံး လှည့်ကြည့်မိ၏။

“ဟိုဘက်ဝိုင်း ခဏသွားရအောင်”

ပြောပြောဆိုဆို လှည့်ထွက်သွားသော ကိုသောင်းနောက်သို့ မပိုက် အမှီလိုက်ခဲ့ရ၏။

“တက်… ကားပေါ်ကို”

ကားတံခါးဖွင့်ပေးရင်း အမိန့်ပေးလိုက်၏။

“ဟင်… ဘယ်သွားမှာလဲ”

ကိုသောင်းက ဘာမျှပြန်မဖြေ။ မေးတစ်ချက် ငေါ့ပြီးသာ ကားမောင်း၍ ထွက်သွားသည်။ တစ်လမ်းလုံးလည်း စကားတစ်ခွန်းမျှ မပြော။ ကိုသောင်းစိတ်ထဲတွင် ဘာတွေရှိနေသည် မသိ။ မပိုက် အထင်တော့ သူ့အဆက်နှင့် အလှချင်း တူနေ၍ မနာလိုနေသည်ဟု ထင်ပြီး ပို၍ဒေါပွနေပြန်၏။

အိမ်ခန်းထဲသို့ ရောက်သည်နှင့်တစ်ပြိုင်နက် ကိုသောင်းသည် မပိုက် ဝတ်ထားသည့် ရင်ပုံအင်္ကျီကို ရင်ဘတ်မှနေ၍ ဆွဲဆွဲဆုတ်၏။ မပိုက်၏ခေါင်းမှ ဆံပင်လိမ်တွန့်ကလေးတွေကို တစ်ဖန် ဆွဲဆောင့်လိုက်၊ မပိုက်တစ်မျက်နှာလုံးကို ဆွဲဖဲ့ကုပ် အစရှိသဖြင့် တရကြမ်း ပြုတော့၏။ ရုတ်တရက်ဖြစ်၍ မပိုက်မှာ ဘယ်လိုမျှ ပြန်၍လည်း မလုပ်တတ်၊ မပြောတတ်၊ ပါးစပ်အဟောင်းသားနှင့် မျက်ရည်တွေကျလာ၏။

“ဒီအဝတ်တွေကို အခုချွတ်၊ ဒီဆံပင်ကို အခုဖြန့်၊ ဒီမျက်နှာကို အခုဖျက်၊ ခုဆို ခု…”

ကိုသောင်းသည် အလွန်ဒေါသဖြစ်နေပုံရသည်။ မပိုက်က ချုံးချ၍ ငိုမိတော့၏။

“ရက်စက်လှချည်လား၊ ကိုသောင်းရယ်…၊ ရှင် ကျွန်မကို ဘယ်တုန်းကမှ ဒီလို မရက်စက်ဖူးဘူး၊ ခုတော့ ရှင့်မယားငယ်နဲ့ အလှချင်းတူအောင် လုပ်တော့ ရှင် ကျွန်မကို ရန်ထောင်တယ်ပေါ့လေ…”

“ဘာ… ဘာပြောတယ်… မင်းကိုယ်မင်း မိန်းမပျက် အောက်မေ့နေသလား ဟင်…၊ ငါရှက်လွန်းလို့ကွာ၊ မင်းပဲ မျက်နှာပြောင်တယ်၊ ဒီရင်ပုံတွေ ဘာတွေ မင်းထည့်ဝတ်လို့၊ ဆံပင်ကောက်လို့ အရှက်နည်းတဲ့ မိန်းမ… တယ် ငါလေ…”

“ဟုတ်တယ်… ဟုတ်တယ်… ကျုပ်ကတော့ မိန်းမပျက်၊ အရှက်နည်းတယ်… ဟင်…ဟိုကောင်မတော့ ရှင် သဘောကျလွန်းလို့ သားမှန်း မယားမှန်းတောင် မသိတော့ဘူး ဟုတ်လား၊ ကျုပ်က ပျက်စီးတာ မဟုတ်ဘူး၊ ရှင်က ပျက်စီးနေတာ၊ တခြားဟာ ပျက်စီးတာ ခံမယ်၊ မိန်းမနဲ့ပတ်သက်လို့ ပျက်စီးတာတော့ ကျုပ် မခံဘူး သိလား၊ ရှင့်ကို ကျုပ် မစွန့်နိုင်လို့ ရှင့်အကြိုက် လိုက်လုပ်တာ၊ ရှင်ကပဲ နှိပ်စက်သေးတယ်”

“ဘာပြောတယ်… ငါ့အကြိုက် ဟုတ်လား…”

“ဟုတ်တယ် ရှင့်အကြိုက်”

“ဘာလဲ ငါ့အကြိုက်…”

“ဟို… ကောင်မနဲ့ စကားပြောနေရရင် ကြည့်နေရရင် စိတ်ကြည်တယ်ဆို … ၊ အဲဒီတော့ ဟိုကောင်မကို တစ်သက်လုံး ကြည့်သွားမှာစိုးလို့ ဟိုကောင်မနဲ့ တူအောင် လုပ်ရတာပေါ့၊ ရှင် စိတ်ကြည်အောင် ရှင်ပျော်အောင် သိရဲ့လား…”

ကိုသောင်းသည် သက်ပြင်းကို လေးလေးကြီး ရှူထုတ်ကာ အိပ်ရာပေါ်တွင် ပစ်လှဲလိုက်သည်။ မပိုက်ကား ကြမ်းပေါ်တွင် ကျုံ့ကျုံ့ထိုင်ရင်း တရှုပ်ရှုပ် ငိုနေရှာ၏။ တအောင့်ကြာလျှင် ကိုသောင်း မျက်နှာအမူအရာ ပျော့ပျောင်း၍လာသည်။ ကိုသောင်းသည် မပိုက်အား ပွေ့ယူလိုက်၏။

“မပိုက် မပိုက်… မိုက်လိုက်တဲ့ မိန်းကလေးကွယ်၊ ဟိုမိန်းမက အပျက်မ၊ အထက်တန်းစားအပျက်၊ မင်းက ကျုပ်မိန်းမ၊ လူသိနတ်သိ တရားဝင် ကျုပ်ရဲ့ ချစ်ဇနီး၊ နှိုင်းယှဉ်လို့ မရပါဘူးကွာ၊ ဟိုမိန်းမကို ကျုပ် ဆက်ဆံတာက ကျုပ်စိတ်ကို ခဏဖျော်ဖြေတာပါ၊ အပျော်သဘောပါ၊ ကျုပ် ဘယ်တော့မှ အတည် မယူပါဘူး၊ သူတို့လို မိန်းမတွေက ဘယ်ယောက်ျားနဲ့ တွဲရတွဲရ၊ ဘယ်သူနဲ့ ဖက်ရဖက်ရ ဂရုမထားဘူး၊ သူတို့ကိုယ်တိုင်က ဒီလိုယောက်ျားတွေနဲ့ ထွေးရောယှက်တင်နေရတာ ဝါသနာပါတယ်၊ ယောက်ျားတွေက သူတို့ကို ကြည့်တာကို သဘောကျတယ်၊ မကြည့် ကြည့်အောင် သူတို့ကိုယ်သူတို့ ဖန်တီးတယ်၊ သူတို့က ဒါကို အသားယူကြတာကွဲ့၊ ယောက်ျားတစ်ယောက်ကို အတည်မယူဘူး၊ အေး… ကျုပ်တို့လို လူတွေကလည်း ကိလေသာတဏှာနဲ့တော့ တိမ်းညွှတ်မိသပေါ့၊ တကယ်တမ်းတော့ သားမယားအမှတ်နဲ့ မထားနိုင်ဘူး၊ ကျုပ်ဇနီးအဖြစ်နဲ့ မြတ်နိုးမှာက မပိုက်ကိုသာ တစ်သက်လုံး မြတ်နိုးမှာ ပေါ့ကွာ၊ မပိုက်က သူ့လိုလိုက်လုပ်လို့ ယောက်ျားတွေက မပိုက်ကိုလည်း သူတို့ကို ကြည့်သလို တပ်မက်တဲ့စိတ်နဲ့ ကြည့်တော့မှာ ကျုပ်မခံနိုင်ဘူး၊ မပိုက်က ကျုပ် မြတ်နိုးတဲ့ ဇနီးကိုးကွ၊ တူမှ မတူတာ၊ အဲဒါကို ကျုပ်မိန်းမက လိုက်ပြီး မပြိုင်ပါနဲ့ အချစ်ရယ်၊ မပိုက်က လူကြီးလူကောင်း မိန်းမတစ်ဦးအနေနဲ့ ကျက်သရေရှိတဲ့ အသွင်အပြင်၊ ဣနြေ္ဒရှိတဲ့ အဝတ်အစား အမူအရာတွေနဲ့ ပြည့်စုံရမယ်၊ နောက် ဒီလို မရူးနဲ့နော်…”

ကိုသောင်း၏ သဘောကို ခုတော့မှ မပိုက် နားလည်တော့သည်။ ခုမှ သူ့အတွေးများကို သူ နောင်တ ရမိတော့သည်။

“မလုပ်ပါဘူး ကိုသောင်းရယ်၊ ကျွန်မကလည်း ရှင့်ကို ချစ်လွန်းတော့ တခြားနေရာမှာ အခြေအနေအရ ရှင် ပြောင်းလဲတာ ခံနိုင်ပေမဲ့ အချစ်နဲ့ ပတ်သက်ပြီး အခြေအနေအရ မယားငယ်နေမယ်၊ မိန်းမတွေနဲ့ ပျော်နေမယ် ဆိုတာတော့ သည်းမခံနိုင်လို့ပါရှင်၊ ရှင်သာ ကျွန်မကို မပစ်ရင် ကျွန်မ စိတ်ဖြေနိုင်ပါတယ်…”

“မပစ်ပါဘူးကွာ၊ တစ်သက် မပစ်ပါဘူး၊ မင်းကသာ ဒူးနေရာဒူးဆိုတဲ့ စကားလို ငါဟာ တရားဝင်တဲ့ဇနီး၊ ငါက မြင့်မြတ်တဲ့ မိန်းမ၊ ငါ့ယောက်ျားက ငါ့ကို ဇနီးအဖြစ်နဲ့ မြတ်နိုးတာလို့ အသိတရားနဲ့ တည်တည်နေနော်…၊ မင်းကို ငါ တကယ်မြတ်နိုးတာကွဲ့ အမိုက်မရဲ့…”

မပိုက်အဖို့ သင်ခန်းစာတစ်ခုတော့ ကောင်းကောင်းကြီး ရသွား၏။ နားလည်မှု တစ်ခုတော့ ရသွား၏။ ‘ဒူးနေရာဒူး’ တဲ့။ ဤစကားကို ဤနေရာ ဤအချိန် ဤလို ချစ်လင်၏ ရင်ခွင်တွင် နှစ်သိမ့်နေရပြန်တော့ ကျေကျေနပ်နပ်ကြီး လက်ခံလိုက်ရှာ၏။ တစ်သက်လုံး ‘ဒူးနေရာဒူး’ အဖြစ် နှစ်သိမ့်နေဖို့ကား ခံစွမ်းနိုင်ရည် ရှိ မရှိကိုမူ မပိုက်သာလျှင် အသိဆုံး ဖြစ်ပေသတည်း။

🔲

#မမြတ်လေး

မြဝတီ၊ နိုဝင်ဘာ၊ ၁၉၅၅။

No comments:

Post a Comment