"ဒေါက်တာမဟိန္ဒနှင့် သူ၏လောကနတ်များ"
========================
#ချစ်ဦးညို
(၁)
ထိုညဥ့်က လသာလိုက်ပုံများ လပြည့်ဝန်းကြီးမှာ နောက်ညအတွက် လရောင်ကျန်မှကျန်ပါဦးတော့မလားဟု ထင်စရာ။ အဇဋာကောင်းကင် ကြယ်စင်လွန်းလှသဖြင့် အနန္တစကြာဝဠာတွေ ဒိုးယိုပေါက်ဖြစ်သွားပြီဟု ဒေါက်တာမဟိန္ဒ တွေးမိလေသည်။ အခြားအခြားသောစကြာဝဠာမှ ဂြိုဟ်နက္ခတွေအားလုံး ဤကမ္ဘာဂြိုဟ်၏အာကာသထဲသို့ ရောက်ရှိလာကြပြီလား။ အသင်္ချေ အသင်္ချာ အနာဒိ အနန္တ ...။ တန်ဆောင်မုန်းလပြည့်ကျော်တစ်ရက် လပြည့်ဝန်းကြီး အရည်ပျော်ကျသွားမှာတောင် စိုးရိမ်ရသည်။
ဒေါက်တာမဟိန္ဒသည် သူ၏စာကြည့်ခန်း (စာဖတ်ခန်း၊ သုတေသနခန်း၊ စာကြည့်တိုက်၊ ပိဋိကတ်တိုက်လည်းဖြစ်၏။) ပြတင်းပေါက်ကို ဖွင့်လိုက်၏။ လျှပ်စစ်မီးမလာလို့ လေအေးစက်အလုပ်မလုပ်တာကိုပဲ ကျေနပ်နေသေးသည်။ အင်ဂျင်စက်နှင့် ဘက်ထရီမီးကိုလည်း အားမကိုးတော့ဘဲ ဝါဆိုဖယောင်းတိုင်ကြီးများကို ထွန်းညှိလိုက်၏။ ဒါပေမဲ့ ပြတင်းမှသွန်ကျနေသည့် လရောင်တပွေ့တပိုက်ကြီးအောက်မှာ ဖယောင်းတိုင်မီးက နီကြန်ကြန်အရုပ်ဆိုးနေသဖြင့် ပြန်ငြိမ်းလိုက်ပြန်သည်။ အလျူမီနီယမ်စားပွဲရှေ့ ဆုံလည်ကုလားထိုင်မှာထိုင်လျှက် ဒေါက်တာမဟိန္ဒသည် အင်း .. လရောင်ကို လရောင်ကို ချိုးသုံးလေသည်။ လက်နှိပ်စက်ပေါ်က ရိုက်လက်စစာရွက်ပေါ်မှာလည်း လရောင်က ဖိတ်တလက်လက်။ ကွန်ပျူတာသည် လျှပ်စစ်စီးကြောင်းမဲ့စွာ ငူငူငိုင်ငိုင်။
လရောင် .. လရောင် .. လရောင်။ တစ်ခန်းလုံးမှာ ပြည့်မောက်ဖိတ်အန်လို့။ စာမူများမှာ ဖြူပြာလဲ့အဏုရောင်ခြည်သို့ တောက်လက်လို့။ စာမူ၏ခေါင်းစီးစာလုံးက ရုန်းကြွခုန်တက်လာတော့အံ့ ထင်ရသည်။
မြန်မာ့ရိုးရာ ပဋိမာ သိပ္ပံပညာကျမ်းသစ်။ ဤသုတေသနစာကြည့်ခန်းအတွင်း၌ အာကာသနှင့်ကာလတို့ ပျောက်ဆုံးနေသည်။ ဤနေရာဝယ် ရက်ရက်စက်စက်သာလွန်သော လရောင်နှင့် မြန်မာ့ရိုးရာပဋိမာ သိပ္ပံပညာကျမ်းသစ်စာမူမှတပါး အခြား ဘာမှမရှိ။ ပကတိနတ္ထိ။ သတ္တလောကနှင့် ဩကာသလောကတို့သည် မိမိတို့၏ပင်ကိုယ်သဘောများကို ပယ်စွန့်ကာ သင်္ခါရဓမ္မအဖြစ် ကိုယ်ထင်ပြနေကြသည်။ လရောင် ပြီးတော့ မြန်မာ့ရိုးရာ ပဋိမာသိပ္ပံပညာကျမ်းသစ်။ ဒါပဲ။
စာမူစာရွက်များ ဖျတ်ဖျတ်လူးလှုပ်သွားကြ၏။ အိုး .. ဟုတ်ပါပြီ။ ဒါဟာ လပြည့်ဝန်းလရောင်က ပဋိမာသိပ္ပံပညာကျမ်းကို ထိတွေ့ဖတ်ရှုလိုက်တာဖြစ်မှာပါ။ အက္ခရာစာလုံးတိုင်းကို လဝန်းက သူ့ရောင်ခြည်လက်ဖျားတွေနဲ့ တို့ထိနေတာ။ ဒေါက်တာမဟိန္ဒ စိတ်ထဲမှ ရေရွတ်ရင်း စားပွဲပေါ်မျက်နှာ၊ ပါး အပ်မိသွားသည်။ မျက်တောင်တွေစင်းကာ မျက်ခွံများ အိကျလာကြသည်။ အင်း... အနည်းဆုံး နာရီငါးဆယ်လောက် မအိပ်စက်ဘဲ နေခဲ့တာကလား။ ဒါပေမဲ့ လရောင်ရဲ့ထွေးပွေ့မှုအောက်မှာ အိပ်ပျော်မသွားနဲ့နော်။ အိပ်ပျော်မသွားနဲ့ ဒေါက်တာမဟိန္ဒ ...... ။
(၂)
" သူ အိပ်ပျော်သွားပြီလား ... "
" အိပ်ပါစေကွယ်။ ဆရာကြီးဟာ တို့များအတွက် ပင်ပန်းလွန်းလှပါပြီ "
တိုးဖွဖွ အသံလေးနှစ်စ ပေါ်လာသည့်နေရာမှာ စာအုပ်ဗီရိုပေါ်မှဖြစ်၏။ စကားလုံးအဆုံးဝယ် သာသာညင်းညင်း အသံလေးနှစ်သံပါ လိုက်ပါလာ၏။
" ချွင် ... ချွင် .. "
" အိပ်ပျော်သွားတာမဟုတ်ပါဘူး။ လရောင်ထဲမှာ နစ်မြုပ်သွားတာ ... ချွင် "
" ဘာပဲဖြစ်ဖြစ် ဆရာကြီးအနားယူပါစေကွယ် .. ချွင် ... "
" တို့များစကားသံကို တိုးနိုင်သမျှ တိုးတိုးလေး ပြောကြရအောင် ... ချွင် "
" အေး ... ဟုတ်တယ်။ တိုးတိုးတိတ်တိတ်လေး .. ချွင် "
" လကလည်း သာလိုက်တာနော် ... ချွင် ... "
" ဟေ့ ... ဟေ့ ဘာတွေ တွတ်ထိုးနေကြတာလဲ ... ချွင် "
စာအုပ်စင်ပေါ်မှ ပန်းကလပ်ဘေးမှ နံရံကပ်စင်ပေါ်မှ အသံတွေပေါ်လာကြပြီး စကားအဆုံးမှာလည်း ချွင်ချွင်အသံများ။ တံခါးအပေါ်ဘက် တိုင်ကပ်နာရီအိမ်လေးထဲမှ ဥဩသည် သူ့အချိန်မကျသေးပါပဲလျက် တံခါးရွက်ကိုဖွင့်ထွက်၍ ကြည့်လိုက်၏။ ဘယ်က ချွင်ချွင်အသံတွေပါလိမ့်။ အလို ...လောကနတ်ရုပ်တုလေးတွေပါလား။ ချွင်ချွင်အသံမှာ သူတို့၏ခြေနှစ်ဖက်အကြား ညှပ်ထားသည့် စည်းစုပ်တွေက မြည်နေတာကိုး။
" ကိုင်း ..ကိုင်း .. လရောင်အောက်မှာ တို့များ ဆွေးနွေးပွဲလေးကျင်းပကြရအောင်လား ... ချွင် "
" အို .. သိပ်ကောင်းတာပေါ့။ လရောင်ဆိုတာကလည် အေးမြငြိမ်းချမ်းခြင်း၊ တို့များ လောကနတ်ဆိုတာကလည်း အေးမြငြိမ်းချမ်းခြင်း ... ချွင် "
ရေညှိစိမ်းရောင်ဖောက်ထားသော ကြေးရုပ်လောကနတ်၏အသံက မဆိုစလောက် ကျယ်လောင်သွားသဖြင့် ကျန်လောကနတ်ရုပ်များက မျက်စောင်းဝိုင်းထိုးကြ၏။
" ဟေး .. ဟေး ... တိုးတိုးသက်သာလုပ်ပါကွဲ့ ... ချွင် "
" ချွင် "
" ချွင် "
" ချွင် ... ချွင် .. "
ကွမ်ရင်မယ်တော်ရုပ်တု၊ သူရဿတိရုပ်တု၊ အန်းကုန်းဘိုးတော်ရုပ်တု၊ ပျူကချေသည်ရုပ်တု၊ ကျောက်ဖြူသားဆင်ရုပ်၊ ကျွန်းသားဆင်ရုပ်၊ ပုဂံကချေသည်အရုပ်၊ ကာလီနတ်သမီးအရုပ်၊ တိုင်းရင်းသားမျိုးနွယ်စုအရုပ်၊ အားလုံးပင် လောကနတ်များဆီသို့ ငဲ့စောင်းကြည့်လိုက်ကြသည်။ ဒေါက်တာမဟိန္ဒစုဆောင်းထားသော အရုပ်များတွင် လောကနတ်သည် အများဆုံးဖြစ်လေသည်။ စာကြည့်ခန်းတစ်ခုလုံး နေရာအနှံ့ အရွယ်အစား၊ အသားအရောင်အမျိုးမျိုး၊ တစ်တောင်မှ တစ်မိုက်ခန့်၊ လက်သုံးလုံးခန့် ပြီးတော့ကြေးဝါ၊ သစ်ကနက်၊ ပလာစတာ၊ စဥ့်၊ အဝါ၊ အနက်၊ အဖြူ၊ ရွှေ၊ ကျွန်းကွက်၊ ပိတောက်ခြောက်၊ နီညို။ စွယ်စုံကျမ်းအနှစ်ချုပ်များရှိရာ ယွန်းပန်းချီကားထဲမှ လောကနတ်ကတော့ ရုပ်လုံးကြွမဟုတ်သဖြင့် စည်းစုပ်ကို ချွင်မြည်အောင် မတီးနိုင်ရှာ။ ယွန်းမျက်နှာပြင်ပေါ်မှာသာ လူးလူးလွန့်လွန့်ဖြစ်နေသည်။
" ဦးစွာပြောရမှာကတော့ တို့ရဲ့ဆရာကြီးပြုစုနေတဲ့ မြန်မာ့ရိုးရာ ပဋိမာ သိပ္ပံကျမ်းထဲက တို့နဲ့သက်ဆိုင်တဲ့အကြောင်းပဲ .. ချွင် "
ပလာစတာလောကနတ်က စကားစလိုက်သည်။
ထိုအခါ သစ်ကနက်လောကနတ်က
" ဟေး ..ဟေး ... ဆွေးနွေးပွဲဆိုရင်တော့ သဘာပတိရွေးရမယ်။ ချွင် ... "ဟု အမောတကော ဝင်ပြောသည်။
" ဟုတ်တယ်။ သဘာပတိရွေးရမယ်။ ချွင် ..."
" ဟုတ်တယ်။ ဟုတ်တယ် ... ချွင် ... ချွင် ... "
ချွင်သံချင်းဆက်သွားသဖြင့် တုန်ခါပဲ့တင်သံစဲသွားအောင် အားလုံး ငြိမ်နေလိုက်ကြသည်။ ချွင်သံစဲသွားမှ
" သဘာပတိ ငါပေါ့ ... ချွင် ... ချွင် .. "
ကြေးရုပ်လောကနတ်၏အသံဖြစ်သည်။ သူသည် ရှိရှိသမျှလောကနတ်တွေထဲမှာ အရွယ်အကြီးဆုံးဖြစ်သည်။ ကြေးဝါဖြစ်သဖြင့် သူ၏စည်းစုပ်ကလည်း ပိုအသံမြည်သည်။ ဒါကိုသိသော ကြေးရုပ်လောကနတ်က သူ၏စည်းစုပ်ကို ချွင်ချွင်ဟု နှစ်ထပ်ကျော့တီးလေသည်။
" အားလုံး ကြေးဝါရုပ်ဆီ စောင်းငဲ့ကြည့်ကြစဉ် ပလာစတာလောကနတ်က
" ဒီမှာ ဒီမှာ ကျုပ်ကတော့ ပလာစတာပီပီပဲ၊ ကြွပ်တယ် ဆတ်တယ် ပြောချင်ပြော။ ကြေးရုပ်ကို သဘာပတိထားဖို့ သဘောမတူနိုင်ဘူး ... ချွင် "
" ဒါဖြင့် ဘယ်သူ့ကိုတင်မလဲ ချွင် "
" လောကနတ်ထဲမှာ ဝါအရင့်ဆုံး၊ အနုပညာလက်ရာအမြောက်ဆုံး၊ ရှေးအကျဆုံး၊ အချိုးအကျဆုံး၊ အလှပဆုံး၊ ဒီလိုမူတွေနဲ့ ရွေးရမယ်။ ချွင် ... "
" ဟုတ်တယ်။ ဒါ မှန်တယ်။ ချွင် "
ချွင်ချွင်အသံများ ဗလုံးဗထွးဖြစ်သွားပြန်သည်။
" အားလုံးငြိမ်ပေးကြပါ ချွင် "
အသံရှင်ကား အမြင့်တစ်တောင်ကျော်ရှိသော ရွှေရောင်ဝင်းနေသည့် လောကနတ်။
" အားလုံး နားထောင်ကြပါ။ ဒီအခန်းထဲက လောကနတ်ရုပ်တုတွေအားလုံးထဲမှာ ကျုပ်ဟာ အရွယ်အစားအကြီးဆုံးဖြစ်ရုံမက အဟမ်း ... လောကနတ်ရုပ်တုမူရင်းအတိုင်း ပွားယူထုလုပ်ထားတာဖြစ်တယ်။ ဒါကို သင်တို့အားလုံး အလေးမူကြရလိမ့်မယ်။ ချွင် ... "
လက်တစ်ဝါးခန့် သစ်သားလောကနတ်ရုပ်ကလေးက သူ့ဘေးက စဥ့်လောကနတ်ကို တီးတိုးလေသံဖြင့် " အလကားပါကွာ။ သူက မိုလောင်းထားတဲ့ပလာစတာကြီးပါ။ အရောင်လက်နေတာကလည်း ရွှေမှင်သုတ်ထားလို့ပါ "ဟု ပြောနေ၏။
ရွှေရောင်လောကနတ်က ထိုတီးတိုးစကားကို မကြားလိုက်ဘဲ သူ့စကားသူ ဆက်လေသည်။
" အဟမ်း ... လောကနတ်များအားလုံး စဉ်းစားကြဖို့ အချက်တစ်ချက် ပြောလိုက်မယ်။ ဟုတ်ရဲ့လား။ ချွင် .. ချွင် .. တို့အားလုံးရဲ့ခြေနှစ်ဖက်ကြားကစည်းစုပ် ဒါက ဘာကိုပြသလဲ။ ငြိမ်းချမ်းခြင်းဂီတ၊ အဟိံသတရားရဲ့ သင်္ကေတ၊ ဟုတ်ရဲ့လား ... ချွင် "
" ဒါကတော့ သူပြောမှလား။ တို့အားလုံးမှာ စည်းစုပ်ရှိကြတယ်။ ဒါရဲ့အဓိပ္ပါယ်ကိုလည်း အားလုံးသိပြီးသား။ စကားကြောရှည်လိုက်တာ "
ရေရွတ်သံများ၊ ချွင်ချွင်သံများ ခပ်အုပ်အုပ်ပေါ်လာကြသည်။
" ချွင် .. တို့ရဲ့အောက်ခံကို ကြည့်လိုက်ကြစမ်း။ ကြာကလပ်အဖြစ်ဖန်တီးထားတဲ့ ကြာဖက် ဟုတ်လား။ ညွှန်တွင်းက ရုန်းကြွပြီး ရေမျက်နှာပြင်ပေါ်တက်လာတဲ့ကြာ၊ ဒါက ဘာကိုပြောသလဲ ချွင် "
စဥ့်ရုပ်လောကနတ်ကလေးက ယောင်ယမ်း၍ သူ့အောက်ကို ငုံ့ကြည်၏။ စဥ့်ရုပ်လုံးဖော်လက်ရာမှာ သိပ်မပီသဖြင့် သူ၏ကြာကလပ်အတွက် အားငယ်သွားလေသည်။
" ကြာဆိုတာ အသိဥာဏ်တရားနဲ့ လွတ်မြောက်ခြင်းပဲ။ ဒါကြောင့် ငါတို့ဟာ အသိဥာဏ်မြင့်ရမယ်။ အဝိဇ္ဇာကနေ လွတ်မြောက်ရမယ် .. ချွင် "
" ဒါတွေ ကျုပ်တို့အားလုံး သိပြီးသားပါ။ လိုရင်းပြောပါ "
ကြွေရောင်ဖွေးလက်နေသည့် လောကနတ်က သည်းမခံနိုင်စွာ ထအော်လိုက်ရာ စူးစူးရဲရဲအသံထွက်လာ၏။
" ဟေး .. ဟေး .. လောကနတ်မပီသစွာ အော်လိုက်တာ ဘယ်သူလဲ။ အံမယ် ကြွေရုပ်ပါလား။ ဒီမှာ သက်ကြီးဝါကြီး သမ္ဘာကြီးက ပြောနေတာကို ရိုင်းပျစွာပြန်အော်ရအောင် သင်က ဟင်းဟင်း ဘာမို့လို့လဲ။ သင့်ဒူးကို သင်ကြည့်လိုက်စမ်း "
သစ်ကနက်လောကနတ်၏အသံဖြစ်သည်။
" ဘာဖြစ်နေလို့လဲ ကျုပ်ဒူးက "
" ဟ တခြားလောကနတ်တွေနဲ့ တူသလား။ လောကနတ်တို့ထုံးစံ ဒူးတစ်ဖက်ထောင် တစ်ဖက်ချအနေထားမှာ သင့်ဒူးက မှားနေတယ်လေ။ သူများတွေက ညာထောင် ဘယ်ချ။ သင်က ဘယ်ထောင် ညာချ "
လောကနတ်တွေအားလုံး ကိုယ့်ခြေကိုယ့်ဒူးကို ငုံ့ကြည့်ကြသဖြင့် ချွင်ချွင်သံတွေ ဆူသွားလေသည်။
" အလိုလေး လေး ... ကျုပ်တို့ဒူးတွေ အထောင်အချ ဘယ်ညာ မညီပါလားဗျို့ ... ချွင် "
" မြတ်စွာဘုရား ဟုတ်ပါရဲ့။ ဒူးအထောင်အချတွေ အမျိုးမျိုးဖြစ်နေကြပါလား ... ချွင် "
" ချွင် .... ချွင် .... ချွင် ... "
" အားလုံး ငြိမ်ကြပါ "
ကြေးဝါရုပ်၏အသံ ပေါ်လာ၏။
" ဒူးတွေမညီတာက ဒီလိုပါ။ လူတွေက အလှထားဖို့ ရုပ်တုနှစ်ခုထုကြပြီး ဝဲယာထားကြတယ်။ ဒီတော့ အံလွဲဖြစ်ပြီး ဘယ်ညာမတူုတော့ဘူးပေါ့။ ဘယ်ဒူးပဲ ထောင်ထောင်ချချ အရေးမကြီးပါဘူး။ အရေးကြီးတာက ဒူးပေါ်မှာ ကဟန်လက်ဟန်ရှိဖို့နဲ့ ခြေမှာ စည်းစုပ်ရှိဖို့ပါပဲ။ ဟုတ်လား .. ချွင် .. "
" အင်း ... တော်ပါသေးရဲ့ကွယ်ရို့ ... ချွင် .. "
ဆေးရောင်မသုတ်ရသေးသော မြေစေးလောကနတ်ကလေးကမူ
" အင်း .. ကိုယ်ကျူး ကိုယ့်ဒူးတောင်မယုံရဆိုတာ တို့များလောကနတ်တွေဆီက ဆင်းသက်သလားမသိပါဘူး "
" ကိုင်း ... လောကနတ်တွေအားလုံး ဒူးကိစ္စပြီးရင် နီးရက်နဲ့ဝေးဖြစ်နေကြတဲ့ ကိစ္စတစ်ခုကို ငါပြောချင်တယ် ... ချွင် ..."
သည်တစ်ခါပေါ်လာသောအသံကား ခပ်အက်အက်၊ တုန်ခါရိုက်ဆဲ။ အသံရှင်မှာ နံရံကပ်စာအုပ်စင်ရှိ အင်ဆိုင်ကလိုပေးဒီးယားကျမ်းတွဲများအနီးမှ အညှိတက်နေသော ကြေးနီရောင်လောကနတ်ဖြစ်သည်။ အင်ဆိုင်ကလိုပေးဒီးယားအနီးမှာ ဗိမာန်ပေါက်သော လောကနတ်ဖြစ်သဖြင့် သူ့စကားကို အားလုံးက လေးလေးစားစားနားစွင့်ကြလေသည်။ ကြေးနီလောကနတ်က စကားဆက်သည်။
" ရတနာရွှေဂူမှထွက်လာသော ကေသရာဇာခြင်္သေ့မင်းနှင့် ဆင်ပျံတို့သည် ကောင်းကင်ယံ၌ အစာဖြစ်သောတိမ်ညွန့်ကို အကြောင်းပြုပြီးသကာလ ကြီးစွာခိုက်ရန်ဖြစ်ပွားကြသည်တဲ့။ ခြသေ့င်္က ဆင်ပျံ၏ဦးကင်းကိုနင်း၍ နှာမောင်းကိုစုပ်လေရာ ဆင်ပျံကလည်း ခြသေ့င်္ကို အစွယ်နှင့်ထိုးသည်တဲ့။ ထိုအခါ ထိုသတ္တဝါနှစ်ဦး၏စစ်ပွဲကြောင့် ကမ္ဘာအလုံး အုံးအုံးကျွတ်ကျွတ်ညံလာသတဲ့ "
" စာသံပေသံနှင့် ပြောနေတော့တာကိုး "ဟု မြေစေးလောကနတ်က သူ့ဘေးမှ ကြွေလောကနတ်ကို လေသံဖြင့်ပြောသည်။ ကြွေလောကနတ်ကလည်း " အင်ဆိုင်ကလိုပေးဒီးယားအနီးမှာ စံမြန်းရလို့ စာသံပေါက်နေထင်ပါရဲ့ကွယ် "ဟု မှတ်ချက်ချလေသည်။
" အင်း .. ဒီရန်စစ်သည် ကမ္ဘာလောကကြီးကို မီးဟုန်းဟုန်းတောက်ကာ လောင်ကျွမ်းပျက်စီးစေတော့မတတ်ဖြစ်ခဲ့သတဲ့။ မည်သူကမှလည်း သူတို့နှစ်ဦး၏စစ်ပွဲအကြားသို့ မဝင်ရဲ။ မဝင်ဝံ့ဖြစ်နေခိုက်မှာ ရန်ပွဲချုပ်ငြိမ်းစေဖို့ လောကနတ်သည် စည်းစုပ်ကို ချွင်ချွင်တီးခတ်လျက် ငြိမ်းချမ်းတေးသီကြွေးလျက် လှပစွာကခုန်လျက် ကောင်းကင်အမြင့်ထက်မှ ဆင်းသက်လာသည်တဲ့။ ထိုတေးဂီတအနုပညာ၏ အစွမ်းအာနိသင်တန်ခိုးကြောင့် ဆင်ပျံနှင့်ခြသေ့င်္တို့ အမျက်မာန်ပြေပျောက်ကာ ငြိမ်းချမ်းမှုကို မျက်မှောက်ပြု။ ကမ္ဘာလောကကြီးသည်လည်း သတ္တန္တရကပ်ဘေးမှ လွတ်မြောက်ခဲ့လေတော့သည်တဲ့။ အို .. အသင်လောကနတ်တို့ လောကနတ်၏ဤအနှစ်သာရကို သင်တို့ မမေ့မလျော့ နှလုံးသွင်းကြကုန်လော့။ အသင်တို့ မေ့လျော့နေကြပြီလော "
လောကနတ်အားလုံးကပင် ရှက်စနိုးဖြင့် ငုံ့ငိုင်သွားကြ၏။
" အသင်တို့သည် သဘာပတိရွေးချယ်ခြင်းအမှုကို အကြောင်းပြုလျက် ငြင်းခုန်ခြင်း မပြုကြလင့်။ အသင်တို့ကိုယ်တိုင်က ဤသို့ငြင်းခုန်ကွဲလွဲနေလျှင် ဆင်ပျံနှင့်ခြင်္သေ့တို့က အသင်တို့ကို ဟားတိုက်ရယ်မောကြတော့မည်မုချတည်း ... ချွင် ... "
ကြေးနီလောကနတ်စကားအဆုံးတွင် သစ်ကနက်လောကနတ်က
" ဟုတ်ပါတယ်ကြေးနီကြီးခင်ဗျာ။ ကျွန်တော်တို့ဟာ ငြိမ်းချမ်းရေးပြယုဂ်များဖြစ်ပါတယ်။ ဒါကြောင့် မငြင်းခုန်တော့ဘဲ လောကနတ်သီချင်းကို သီကျူးကြပါစို့လို့ တောင်းဆိုတိုက်တွန်းလိုက်ပါတယ် "ဟု တက်ကြွစွာ ပြောလေသည်။
" ဟေ့ ... ဟေ့ ... ဒီလိုသိမ်းကျုံးရောချလို့ မဖြစ်သေးဘူးလေ ... ချွင် .. "
အားလုံး လှည့်ကြည့်ကြရပြန်သည်။ အသံရှင်ကား လက်ရာမြောက်လှသော ကြွေရောင်စုံခြယ်လောကနတ်။
" လောကနတ်ဆိုရာမှာပဲ အနက်အမျိုးမျိုးရှိနေတယ်။ အဟမ်း ... "
ကြွေရောင်စုံခြယ်လောကနတ်က ချောင်းတစ်ချက်ဟန့်ပြီး
" လောကနတ်ဆိုတာ လောကနာထဆိုတဲ့ နတ်ဘုရားအမည်ကနေ ဆင်းသက်လာတာ၊ လောကလူအများ အားထားရာတဲ့။ ဘူရိဒတ်လင်္ကာကြီးမှာ မင်းစောဗြဟ္မဒတ်လောကနတ်ဟု မှတ်၍ခေါ်ယူလို့ ဖွဲ့ဆိုခဲ့တယ် "
" ဒါဆိုရင် ကျုပ်ကလည်း ပြောလိုက်ဦးမယ် "
ကျန်စစ်သားရုပ်တုအနီးမှ သစ်ကနက်ရောင်လောကနတ်၏အသံ ပေါ်လာသည်။ သူ့အသံမှာ မာကျောကြွပ်ဆတ်နေသည်။
စဥ့်ရုပ်လောကနတ်ကမူ သူ့အနီးမှ ကြွေလောကနတ်အား " သူဟာ သစ်ကနက်အစစ် မဟုတ်ဘူးဗျ။ ရိုးရိုးသစ်သားကို ဆေးနက်သုတ်ထားတာ။ ကျုပ်သိတယ် "ဟု ပြောနေသည်။
သစ်ကနက်က ချွင်ချွင်ချွင်ဟု စည်းစုပ်ကို ခတ်လိုက်ပြီး " ဒီမှာ ကျုပ်တို့ဆရာကြီးဒေါက်တာမဟိန္ဒရဲ့ ပဋိမာသိပ္ပံပညာကျမ်းအလိုအရဆိုရင် ကေလာသတောင် စိတဗ္ဗရဗိမာန်မှာနေတဲ့ သျှီဝနတ်မင်းကြီးဟာ လက်လေးဖက်စလုံးကို ဝှေ့ယမ်းပြီး ကတတ်လို့ သူ့ကို နာဋရာဇာအကဘုရင်ထိပ်ခေါင်တင် မဟာနာဋက ကချေသည်နတ်မင်းကြီးရယ်လို့ ချီးကျူးဂုဏ်တင်ခဲ့ကြတယ်။ သျှီဝနတ်မင်းကြီးရဲ့ကကြိုးကကွက်တွေက မြန်မာ့ယဉ်ကျေးမှုအနုသဘင်မှာ ပျံ့နှံ့လာပြီး မင်းခမ်းမင်းနားအဆောင်အယောင် ပလ္လင်ဥကင်ဝဲယာမှာ လောကနတ်ရယ်လို့ မင်္ဂလာယူ ထုလုပ်တပ်ဆင်ကြတာဖြစ်တယ် ... ချွင် .. "
" ချွင် ... ဒါ .. ဗြဟ္မဏအယူအဆပဲ "
စည်းစုပ်သံစူးစူးကျယ်ကျယ်ဖြင့် ဝင်ပြောလိုက်သူကား ဆေးရောင်ခြယ်သမထားရသေးသော သစ်သားရုပ်လောကနတ်ဖြစ်၏။
" ဟေး ... ဒီမှာ သစ်ကနက်ရဲ့၊ အရောင်နက်နေလို့သာ သစ်ကနက်ခေါ်ရတာ၊ အမှန်တော့ ကိုယ့်လူဟာ မန်ကျည်းသားဆိုတာ ကျုပ်သိသပေါ့။ ထားပါ။ ဒီမှာ ကျုပ်ဟာ ကိုယ့်လူတို့လို နောက်ပေါက်လောကနတ် မဟုတ်ဘူး။ ကျုပ်က ရေစကြိုမြို့နယ် ရှေးဟောင်းဘုန်းကြီးကျောင်းမှာ နေလာခဲ့တဲ့ မူလလက်ဟောင်း သမိုင်းတန်ဖိုးရှိတဲ့ လောကနတ်၊ သိလား၊ ချွင် ... "
" ဟုတ်သပ .... ချွင် ... "
တွံတေးမြို့နယ်"ကန်ဘဲ့ရွာဘုန်းကြီးကျောင်းမှ ရောက်လာသော သစ်သားလောကနတ်က စည်းစုပ်ကို အားပါးတရခတ်ကာ ထောက်ခံလိုက်သည်။
" ဆက်ပြောပါ ရေစကြိုလောကနတ်ခင်ဗျား "
" သစ်ကနက်ရဲ့မဟာယနအယူအဆကို နားမယောင်ကြနဲ့။ သမိုင်းကြောင်းကို ပြန်ကြည့်ကြ။ ဝေသာလီခေတ် ဗုဒ္ဓဆင်းတုတော်တွေမှာ လောကနာထသနထိုင်ဟန်တွေနဲ့ ထုလုပ်ထားတယ်။ ပုဂံက ပေါ်တော်မူစေတီ၊ ပေါင်းကူးစေတီ၊ အာနန္ဒာနဲ့ အပယ်ရတနာစေတီတွေမှာ လောကနာထဟန်နဲ့ ဗောဓိသတ္တပုံတွေရှိတယ်၊ သိကြလား .... ချွင် .... ချွင် ... "
" ချွင် .... ချွင် ..... ချွင် ...... ချွင် ......"
သစ်ကနက်ရုပ်မှာ ဒေါသထွက်လွန်းသဖြင့် စကားပြန်မပြောနိုင်ဘဲ စည်းစုပ်ကိုသာ သဲသဲမဲမဲခတ်နေသည်။ စည်းစုပ်ကို ပြန်ငြိမ်စေပြီးမှ
" ကျုပ် ... ကျုပ်ကို မန်ကျည်းသားလို့ပြောလိုက်တာ ဒါ .... ဒါ .. ပုဂ္ဂိုလ်ရေးစော်ကားမှုသက်သက်ပဲ။ ဒါဟာ လောကနတ်ရုပ်တုတစ်ခု ပြောအပ်တဲ့စကား မဟုတ်ဘူး။ ပြန်ရုတ်သိမ်းပါ "
" ဟေ့ ... ဟေ့ ... စစ်ကိုင်းတောင်ရိုး ပတ္တမြားစေတီတော်ကြီးရဲ့ ထီးတော်ရိပ်က လောကနတ်ကို တောင်စောင့်ဘိုးဘိုးကြီး ဘိုးရေချမ်းလို့တောင် ခေါ်ကြတယ်ကွ။ ကြားလား ... ချွင် ... "
" ဟာ ... နေကြပါဦး ... ချွင် "
" မဟာယာန ဗြဟ္မဏအယူအဆတွေ .... ချွင် ...."
" ပဋိဓာသိပ္ပံပညာကျမ်းအလိုအရ .... ချွင် ... "
" ဆင်ပျံနဲ့ ခြင်္သေ့တို့ရဲ့တိုက်ပွဲကို သတိရကြပါဦး .... ချွင် ... "
" သစ်ကနက်မဟုတ်တဲ့ မန်ကျည်းသားကြီး .... ချွင် ..."
" ပုဂ္ဂိုလ်ရေးစော်ကားတယ်။ တောင်းပန်ရမယ်။ ချွင် ... "
" တော်ကြပါ .... တော်ကြပါ ... ချွင် ... "
အသံတွေ ပွက်ပွက်ညံနေ၏။ စားပွဲပေါ်မှ ပန်းတင်ခုံပေါ်မှ စာအုပ်စင်ပေါ်မှ ဗီရိုပေါ်မှ သူရဿတီရုပ်၊ ကွမ်ယင်ရုပ်၊ အန်းကုန်းရုပ်၊ ပျူကချေသည်ရုပ်၊ ကျောက်ဖြူဆင်ရုပ်၊ ပုဂံကချေသည်ရုပ်၊ ရှိရှိသမျှရုပ်တုများအားလုံး တုန်လှုပ်ချောက်ချားနေကြသည်။ တိုင်ကပ်နာရီအိမ်လေးထဲမှ ဥဩသည် ပြတင်းရွက်ကြားမှ ချောင်းကြည့်ရင်း မျက်လုံးတွေဝိုင်းနေ၏။
ထိုစဉ်
" အားလုံး တိတ်ကြစမ်း "ဟူသောအသံတစ်သံက စည်းစုပ်သံချွင်ချွင်များကို ထိုးဖောက်လျက် အင်အားကြီးစွာ ပေါ်ထွက်လာ၏။ အသံကား ဩဇာတိက္ကမအပြည့်၊ လွှမ်းမိုးဖြန့်ကျက်အုပ်စီးနိုင်ခြင်း အာနိသင်အပြည့်။ လောကနတ်များ ငြိမ်ကျသွားကြ၏။ အသံပေါ်လာရာဆီသို့ အားလုံး လှမ်းကြည့်လိုက်ကြ၏။ ကွန်ပျူတာစားပွဲအထက် နံရံပေါ်ရှိ ဆီဆေးပန်းချီကားကြီးဆီမှဖြစ်သည်။ ရွှေကနုတ်ဘောင်ကွပ် ပန်းချီကားကြီးထဲမှ ရုပ်ပုံရှင် သိုရင်းဖြူ ရွှေစလွယ် ခေါင်းပေါင်းဖြူဖော့လုံးနှစ်စထောင် ကျယ်သောနဖူး နှုတ်ခမ်းမွှေးစစ ရှင်းပြေဖြောင့်မတ်သောမျက်နှာ ပန်းချီကားအောက်တွင်ရေးထိုးထားသော စာလုံးများက ဣဌကာရာမအုတ်ကျောင်းဒကာ ယောမင်းကြီးဦးဖိုးလှိုင်။
(၃)
တိမ်မှောင်ဝေကင်း မြူမြှေးရှင်း
မြူမှောင်ဝေကင်း တိမ်မြှေးရှင်း
စန္ဒာရောင်ဝင်း ထွန်းလင်း
သန့်စင်ကြည် မိုးမင်းလွင်ပေသည်။
အလိုလေး ... ဘုရား ... ဘုရား ... ။ လောကနတ်အားလုံး စိမ့်ကနဲဖြစ်သွားကြ၏။ ပန်းချီကားထဲမှ ယောမင်းကြီးသီကျူးလိုက်သော သီချင်းကား လောကနတ်ချင်းဖြစ်ချေသည်။ ပန်းချီကားရုပ်ပုံရှင်ထံမှ အသံဝါကြီးသည် အင်အားကြီးစွာ စီးဆင်းဖြန့်ကျက်လာလေသည်။
မြောက်လေပြန်ညောင်း
ဆောင်းလည်းရောက်ပြန်ပြီ
အို ... ကံဆိုးသည်
ထွေထွေထူးလည် ညွန့်ရှည်လန်းလို့
လောင်းပန်းဂမုန်းအင်
သဇင်မွှေးကြူပေါ်တော့မည်။
ယောမင်းကြီးသည် စကားအလျဉ်းမဆို။ လောကနတ်ချင်းကိုသာ ဣနြေ္ဒကြီးစွာကျူးရင့်သည်။
လျှောက်ကြားတင်တော်မူလေတည့်မှ
ထောက်နားဆင်တော်မူ
လွယ်ကူလေ သနားကြောင်း
ကြည်ဖြူလေ ညွှတ်တွားလျောင်း
စိုးရိမ်လျှောက်ကြောင်း ကယ်ချွတ်လောင်း
တေဇာလေ တန်ခိုးပေါင်း
ဥာဏ်ဝါ ရေအေးလောင်း
သီတာ ရေချမ်းလောင်း
သီတာသီတာ ရေချမ်းလောင်း။
လရောင်ဖြူပြာလဲ့က အခြားတစ်ပါးသောနေရာများမှ ကွယ်ပျောက်ကာ ယောမင်းကြီးအပေါ်တွင်သာ စုရုံးကျရောက်လာ၏။ လောကနတ်များအားလုံး ငြိမ်ကျနေရာမှ စဥ့်ရုပ်ကလေး၏ စူးစူးမျှင်မျှင်အသံ စတင်ပေါ်လာသည်။
ဥာဏ်ဝါ ရေအေးလောင်း
သီတာ ရေချမ်းလောင်း
ပလာစတာအရုပ်၊ ထို့နောက် သစ်ကနက်အရုပ်၊ ထို့နောက် ကြွေရုပ်၊ ထို့နောက် ကြေးဝါ၊ ထို့နောက် လောကနတ်များအားလုံး၏ တေးသီကျူးသံသည် တစ်စတစ်စ သံပြိုင်ညီညာဖြစ်လာလေသည်။
စိုးရိမ်လျှောက်ကြောင်း ကယ်ချွတ်လောင်း
ဥာဏ်ဝါရေအေးလောင်း သီတာရေချမ်းလောင်း .....
(၄)
အရုဏ်မပျို့တပျို့ လရောင်မပြယ့်တပြယ်တွင် ဒေါက်တာမဟိန္ဒ လူးလွန့်နိုးထလာသည်။ ကွန်ပျူတာရှေ့တွင် ခေါင်းထူရင်း ဒေါက်တာမဟိန္ဒ ဇဝေဇဝါဖြစ်နေသည်။ ကွန်ပြူတာမျက်နှာပြင်ပေါ်တွင် ပေါ်နေသော စာလုံးများကိုကြည့်၍ ရေရွတ်သည်။
" ညက ငါ အိပ်ပျော်သွားခဲ့တယ်။ အိပ်မပျော်ခင်မှာ ငါပဲ စီခဲ့တာဖြစ်မှာပေါ့။ ဥာဏ်ဝါရေအေးလောင်း သီတာရေချမ်းလောင်းတဲ့။ ဟင် .. မဟုတ်သေးပါဘူး။ ညက လျှပ်စစ်မီးမလာဘူးလေ။ ငါ ကွန်ပျူတာပိတ်ခဲ့တာပဲ။ ငါလုပ်တာ မဟုတ်ပါဘူး။ ဒါဖြင့် ... "
ဒေါက်တာမဟိန္ဒသည် အတွေးစတန်းလန်းဖြင့် ပြုံးလေသည်။
" မြန်မာ့ရိုးရာပဋိမာ သိပ္ပံပညာကျမ်းထဲ စိတ်ရောက်စွဲလန်းရင်း ငါ အိပ်ပျော်သွားခဲ့တာပဲ။ လောကနတ်ချင်းကို ငါမရေးလို့ ဘယ်သူလာရေးမှာလဲ။ အလို .. ဒါက ... ဘာပါလိမ့် ..... "
ကွန်ပျူတာမျက်နှာပြင် အောက်ခြေထောင့်တစ်နေရာလေးမှာ စာလုံးလေးတစ်လုံး။
" ချွင် "
ချစ်ဦးညို
No comments:
Post a Comment