ဥာဏ်ကြီးမောင်တို့ သားအဖ
🌠🌠🌠🌠🌠🌠🌠🌠🌠
နုနုရည် (အင်းဝ)
ရွှံ့နှစ်ရောင် ရေပြင်ပေါ်မှာ နှင်းထုကို ဖောက်ထွင်းလာတဲ့ နေရောင်က တလက်လက် တောက်ပနေတယ်။
နေပြည်တော်ဟောင်းရဲ့ ကျုံးဟောင်းကြီးထဲမှာ ဟောင်းနွမ်း မည်းညစ်နေတဲ့လူတွေ လှုပ်လှုပ်ရွရွ ဖြစ်စပြုပြီ။ ရေပုံးတွေ၊ ဂေါ်ပြားတွေ၊ သံဒယ်ဝိုင်းတွေ ကိုယ်စီနဲ့ ရွှံ့နစ်ထဲက ရွှေမှုန်ရွှေစ၊ ကျောက်မှုန် ကျေက်စလေးတွေကို အငမ်းမရ ရှာဖွေနေကြသူတွေ၊ ရွှံ့ရေအေးအေးထဲမှာ ခြေသလုံးတစ်ဝက် စိမ်ထားရပေမယ့်လဲ ဆောင်းအအေးဒဏ်ကို နည်းနည်းမှ မခံစားရသလို သံဒယ်ဝိုင်းကိုပဲ အဆက်မပြတ် လှည့်နေကြတယ်။ မျှော်လင့်ချက်တွေ စူးရှနေတဲ့ မျက်လုံးအစုံနဲ့ သံဒယ်ဝိုင်းရဲ့ အလယ်ဗဟိုကိုဘဲ စူးစိုက်ကြည့်နေ ကြတယ်။ ရင်ထဲကလည်း တတွတ်တွတ် ဆုတောင်းရင်းပေါ့။ ကံကောင်းရင် ပါလာမဲ့ ကျောက်ကလေး တစ်ပွင့်ဟာ အချိန်ကြာမြင့်စွာ ခံစားခဲ့ရတဲ့ ဆင်းရဲတွင်းနက်လှတဲ့ ဘဝကို ပြောင်းလဲ ကယ်တင်ပစ် နိုင်တယ်လေ။ ရွှေမှုန် ရွှေစလေးတွေကလဲ လယ်လုပ်၊ ကပ်ခုတ်၊ သင်ဖြူးရက်၊ သံသပိတ်ထု ဆိုတဲ့ ရိုးရာအလုပ်တွေထက် ထမင်းပိုဝ နိုင်တယ်လေ။ ရေပူဒဏ်၊ ရေအေးဒဏ်၊ နေပူဒဏ်တွေကြောင့် လူ့ကိုယ်ခန္ဓာတွေ မည်းညစ် ဖောသွပ်ပြီး ရုပ်ပျက်ဆင်းပျက် ဖြစ်တာကတော့ တစ်ကဏ္ဍပေါ့။ ထားပါတော့။ ဒါတွေကို ဘေးချိတ် ထားလိုက်တော့ ရုပ်လှဖို့ထက် ဗိုက်ဝဖို့က ပိုအရေးကြီးတယ်လေ။
နေရောင် ပွင့်လာတာနဲ့အမျှ ကျုံးထဲမှာ လူတွေ ပိုများလာပြီ။ ကျုံးတံတားအိုလေး ပေါ်မှာလဲ လူတွေ ပြည့်လာပြီ။ ရွှေဝယ်သူ၊ ကျောက်ဝယ်သူတွေနဲ့ ရွှေကျင်တာကို လာကြည့်သူတွေ။ စူပါကပ်ဟွန်းသံ၊ စက်ဘီးဘဲလ်သံ၊ ကျုံးဘေးက အကြော်သည် မုန့်သည်လေးတွေ အသံ ရောထွေး ဆူညံနေတယ်။ ဟော … ရွှေကျင်ကိရိယာ တန်ဆာပလာ အပြည့်အစုံနဲ့ လူတစ်အုပ် ကျုံးထဲကို ဆင်းလာကြပြန်ပြီ။
"ဥာဏ်ကြီးမောင်တို့ သားအဖတောင် လာပြီ"
"ဟော … ဆရာတို့ သားအဖ လာပြီ"
ဆင်းလာတဲ့ လူအုပ်ထဲကို ရွှံ့နှစ်ရေထဲက လူတစ်ချို့က လှမ်းနှုတ်ဆက်ကြတယ်။ လူအုပ်ထဲမှာ ဥာဏ်ကြီးမောင်တို့ သားအဖကို မေးစရာမလိုဘဲ သိနိုင်တယ်။ အရောင်လွင့် ပုဆိုးစိမ်း ဆင်တူ ဝတ်ထားတဲ့ ဆယ့်နှစ်နှစ်အရွယ် ကလေးတစ်ယောက်နဲ့ ခပ်ရွယ်ရွယ် လူတစ်ယောက်၊ ဈေးပေါပေါ၊ ကိုင်းနက်နက် ပါဝါမျက်မှန်နဲ့ ဖျင်ဖြူအင်္ကျီ အိတ်ထောင်ထဲမှာ သုံးကျပ်တန် ဘောလ်ပင် အကျားလေး ထိုးထားပြီး သံပုံး ချိတ်ထားတဲ့ ဂေါ်ပြား တစ်လက်ကို ပခုံးမှာ ထမ်းထားတဲ့ ဥာဏ်ကြီးမောင် အဖေဟာ ကျောင်းဆရာ တစ်ယောက်မှန်း မြင်ရုံနဲ့ သိသာနိုင်တယ်။ ဒါပေမယ့် အသားအရေကတော့ သူတို့ သားအဖလည်း သူများတကာတွေလိုပဲ မည်းခြောက်ခြောက် မွဲညစ်ညစ်။
ရွှံ့ရေထဲကနေ အော်ခေါ်နေကြတဲ့ သူငယ်ချင်းတွေဆီကို လှစ်ခနဲ ပြုံးပြနှုတ်ဆက်တဲ့ ဥာဏ်ကြီးမောင်ကို သူ့အဖေက ကြည့်တယ်။ သားကို လူတကာက ချစ်ခင်စေတဲ့ အပြုံး၊ အရပ်ကလေးက ပုတက်တက်၊ မျက်နှာလေးဟာ ဖိုးဝရုပ်လေးလို ပြည့်ပြည့်ဝိုင်းဝိုင်း။ နေလောင်နေတဲ့ အသား မည်းမည်းလေးနဲ့ မလိုက်အောင် ပြုံးလိုက်မှဖြင့် သွားကလေးတွေက ဖြူဖွေး ညီညာလို့။ ကျောင်းက ဆရာ ဆရာမတွေ၊ ကျောင်းသား ကျောင်းသူတွေကလည်း စာတော်တဲ့ သားကို သည်အပြုံးလေးကြောင့် ပိုချစ်ကြပြန်ရော။
ပုဆိုးလေးကို ခါးတောင်း မြှောင်နေအောင် ကျိုက်ပြီး ကျုံးထဲကို ပြေးဆင်းမလို့ ဥာဏ်ကြီးမောင် ဟန်ပြင်တုန်း ကျုံးတံတားအိုဘက်ဆီက စက်ဘီး ဘဲလ်သံလေး တစ်ခု တလွင်လွင် မြည်လာတယ်။ ဥာဏ်ကြီးမောင် ပြောတဲ့ "တီးတောင် ... တီးတောင်" ဆိုတဲ့ အသံတစ်မျိုးလေးနဲ့ မြည်တတ်တဲ့ မောင်ဗမာစက်ဘီး ဘဲလ်သံလေး။
သားအဖ နှစ်ယောက်လုံး ခေါင်းတွေ ကျုံးတံတားဘက်ဆီ ချာခနဲ လည်သွားကြတယ်။ ကျုံးတံတားဘေး ညောင်ပင်ခြေမှာ သစ်လွင် တောက်ပနေတဲ့ မောင်ဗမာ စက်ဘီးကလေး၊ နီညိုရောင် ကတ္တီပါစွပ် ဖင်ထိုင်ခုံ၊ နီညိုရောင် ကတ္တီပါစ စွပ်ထားတဲ့ ဘားတန်း၊ နီညိုရောင် လက်ကိုင်လေး နှစ်ဖက်။ ပြီးတော့ ဘဲလ်လေးကို အဆက်မပြတ် တီးနေတဲ့ ပိုင်ရှင်ကလေး။ တို့သားအဖကို အမြဲတမ်း ခြောက်လှန့်နေကျ နီညိုရောင် စက်ဘီးတစ္ဆေလေးကို ဘာမမှတ်မိစရာရှိလဲ သားရယ်။
ဥာဏ်ကြီးမောင်ကို သူ့အဖေ လှမ်းကြည့်တော့ စက်ဘီးတစ်စ္ဆေကို မမြင်သလို လှစ်ခနဲပြုံးရင်း ရွှံ့ရေထဲကို ဥာဏ်ကြီးမောင် ပြေးဆင်းသွားပြီ။ မညာနဲ့ သားရယ်။ မင်းလေး စက်ဘီးကို မြင်ပါတယ်။ မမြင်ဟန်ပေမယ့် ဟန်မဆောင်တတ်သေးတဲ့ မင်းအပြုံးလေး မဲ့နေတာကိုလည်း အဖေ သိပါတယ်။ မညာပါနဲ့ သားရယ်။
* * *
မညာပါနဲ့ သားရယ်။ တို့သားအဖမှာ တစ်ယောက်နဲ့ တစ်ယောက် မညာကြေးဟေ့လို့ အဖေ အမြဲတမ်း ပြောပေမဲ့ သား အမြဲတမ်း ညာတယ်။ အဖေ စိတ်ချမ်းသာအောင် ညာရရှာတဲ့ သားရဲ့ ညာမျက်လုံးလေးတွေကို မြင်ရတိုင်း အဖေ့ကိုယ် အဖေ မုန်းမိတယ်။ ဒေါသဖြစ်မိတယ်။ အားနွဲ့တဲ့ မိန်းမသား တစ်ယောက်နဲ့ လူမမယ်လေး သုံးယောက်ရဲ့ ဝန်လေးကိုတောင်မှ မထမ်းနိုင်တဲ့ ယောက်ျား တစ်ယောက်ဟာ ရှက်စရာ ကောင်းလှတယ် သားရယ်။
တစ်ခါတစ်လေတော့လည်း ကုန်သည် လယ်လုပ် ဓားမခုတ် အဖြစ်နဲ့ ပင်ပန်းမှာစိုးပြီး မရှိမဲ့ ရှိမဲ့ ကြားထဲက ပညာသင်ပေးခဲ့တဲ့ သားရဲ့ အဘိုးအဘွား၊ အဖေ့ရဲ့ အဖေအမေတွေကို စိတ်ဆိုးမိတယ်။ သူတို့ရဲ့တစ်ဦးတည်းသော သားလေး မပင်ပန်းတာလဲ မှန်ပါရဲ့။ သူတို့ ဖြစ်စေချင်တဲ့ ကျောင်းဆရာလည်း ဖြစ်တာ မှန်ပါရဲ့။ ဒါပေမဲ့ သူတို့ ဖြစ်မှာစိုးတဲ့ ကုန်သည် လယ်လုပ် ဓားမခုတ်တွေလောက် ထမင်းမဝဘူး ဆိုတာ မင်း အဘိုးအဘွားတွေကို အဖေ သိစေချင်လိုက်တာ သားရယ်။
တကယ်တော့ ကိုယ့်ကျောင်းဆရာ အလုပ်ကလေးကို အဖေ မြတ်နိုးပါတယ်။ မွန်မြတ်တဲ့ အလုပ်။ "နာ သုံးနာ" နဲ့ လုပ်ရတဲ့ အလုပ်မို့လို့လဲ ပိုပြီး မြတ်နိုးစရာ၊ ဂုဏ်ယူစရာ ကောင်းပါတယ်။ ဒါပေမဲ့ မင်းတို့ အတန်းကို မြန်မာစာသင်တဲ့ ဆရာဦးထွန်းလွင် ပြောသလို ဝါသနာ၊ စေတနာ၊ အနစ်နာတင်မက အဆင်မပြေမှုတွေနဲ့ ရင်နာရတာပါ ပေါင်းပြီး နာလေးနာနဲ့ လုပ်နေရတော့ ဘယ်ပျော်စရာ ကောင်းတော့မလဲ သားရယ်။
ဒါပေမဲ့ သားရယ် သားကိုတော့ ပျော်စေချင်တယ်။ သားဘဝလေးကိုတော့ ပျော်စရာ ကောင်းစေချင်တယ်။ သား အမြဲတမ်း ပျော်နေအောင် အဖေ လုပ်ပေးချင်တယ်။ ဒါဟာ သား "အူဝဲ" ဆိုပြီး လူ့လောကကြီးထဲကို ရောက်ပါပြီ ဆိုကတည်းက ထားခဲ့တဲ့ အဖေ့ ဆန္ဒပါ သားရယ်။ သားဦးမို့လို့လဲ အဖေ့သားကြီးကို ရူးမတတ် အဖေ ချစ်ခဲ့ရတယ်။ အဖေတင် မဟုတ်ဘူးနော်။ သားအမေလည်း သားကို ချစ်လိုက်တာ အရူးအမူးပါဘဲ။ ခုချိန်မှာ စီးပွားရေး မပြေလည်လို့ သားအမေက သားကို ကပ်ခုတ်ဖို့၊ ကပ်ရက်ဖို့ ခဏခဏ ကျောင်းထွက်ဖို့ ပြောတာကို အမေက ငါ့ကို မချစ်လို့လားလို့ သား ထင်နေတယ် မဟုတ်လား။
တကယ်တော့ မဟုတ်ရှာပါဘူး သားရယ်။ သူ့ခမျာလည်း မိသားစု ငါးယောက် စားအိုးကို အဖေ့ မူလတန်းဆရာ လစာလေး သုံးရာကျော်နဲ့ ထိန်းထားလို့ မရတော့တဲ့ အဆုံးမှာ အိမ်မှာနေရင်း တစ်နေ့ ငါးကျပ်ဝင်၊ ခြောက်ကျပ်ဝင် ကပ်ပေါက်၊ ကပ်ရက် အလုပ်ကလေး လုပ်တော့ ကလေး နှစ်ယောက်နဲ့ တသီလင်တ ဖြစ်ရော။ ဒါတောင် မစားလောက်ဘဲ အကြွေးပတ်လည် ဝိုင်းလို့။ သည်တော့ ဘာပဲဖြစ်ဖြစ် ခိုင်းစားလို့ ရနေပြီဖြစ်တဲ့ သားကို သူ အားကိုးတော့တာပေါ့။ အမေ့ကို အပြစ်မတင်ချင်ပါနဲ့ သားရယ်။ သူဟာ လေးတန်းကနေ ထွက်တဲ့ ရွာထဲမှာ အခြား မိန်းမတွေထဲက တစ်ယောက်ပဲလေကွယ်။ နောက်ပြီးတော့ အဖေတို့ ရွာထဲမှာ အဖေတစ်ယောက်က လွဲရင် အားလုံး ကုန်သည်လယ်လုပ်၊ ကပ်ခုတ်တဲ့သူတွေချည်း ဖြစ်သလို သားတို့အရွယ်တွေ ဆိုလည်း များသောအားဖြင့် ကျောင်းမနေ ကြတော့ဘူး မဟုတ်လား။
စိတ်ချသား။ ကျောင်းနေချင်တဲ့ အဖေ့သား၊ ဘယ်တော့မှ ကျောင်းမထွက်စေရဘူး။ အဖေဟာ ကျောင်းဆရာ တစ်ယောက်လေ သားရယ်၊ ကျောင်းဆရာ တစ်ယောက်ရဲ့ သား၊ ကျောင်းမနေရဘူး ဆိုတဲ့ ရင်နင့်စရာ ဘဝမျိုးကို ဘယ်တော့မှ ၊ အင်း … တတ်နိုင်သမျှ မရောက်စေရအောင် အဖေ တင်းခံထားမယ်။ ပြီးတော့ အဖေ့သားဟာ စာတော်တဲ့သား၊ အိုး … တော်တာတာမှ အများက အားကျရလောက်အောင် ဆရာ မိဘတွေကြားမှာ အဖေ ခေါင်းမော့ နေနိုင်အောင် တော်တဲ့သား။ သည်သားကို အဖေ ဘယ်လိုလုပ် ကျောင်းထုတ်ရက်ပါ့မလဲ။
သားက အင်္ဂါသား။ နားရွက်ကလေးတွေကလည်း ကားကားနဲ့မို့ ဥာဏ်ကြီးမောင်လို့ အဖေကိုယ်တိုင် မှည့်ခဲ့တာ။ မျက်နှာလေးကလဲ ငယ်ငယ်လေးကတည်းက ချိုမှ ချို။ ဘယ်သူ့လက်ပေါ် ဖြစ်ဖြစ် ထိုးလိုက်သွားတတ်တဲ့ ကလေးလေ။ ငယ်ငယ်လေးကတည်းက လူချစ်လူခင်များတဲ့ ကလေးလေ။ ကြီးလာတော့လည်း စာတော်တဲ့ ဥာဏ်ကြီးမောင်။ မျက်နှာချိုတဲ့ ဥာဏ်ကြီးမောင် ဆိုပြီး ရွာထဲမှာ ကျောင်းမှာ ချစ်သူခင်သူ ခေါ်ချင်တဲ့သူတွေက ဝိုင်းလို့။ ဒါကိုပဲ အဖေ့ကို ချစ်တဲ့၊ အဖေ့အလုပ်ကို အထင်ကြီး လေးစားတဲ့သားက "သားကို ကျောင်းမှာ ခေါ်ချင်ကြတာ ဆရာ့သားမို့ဗျ၊ အဖေက ဆရာမို့" တဲ့လေ။
ဪ … သားရယ်၊ ဒါကြောင့်မို့လဲ ရွာမူလတန်းကျောင်းမှာ သုံးတန်းပဲ ရောက်သေးတယ် တခါတည်း အဖေ့ကျောင်းကို လိုက်ဖို့ ပူဆာတော့တာပဲ။ အဖေ့ကျောင်းက ရွာကနေ နှစ်မိုင်လောက် ဝေးတဲ့ ရွာကြီးက အလယ်တန်းကျောင်းသာ၊ ခြေကျင် ဘယ်လိုက်နိုင်ပါ့မလဲ။ ငါးတန်းကျမှ ပြောင်းပါ သားရယ်လို့ အတန်တန် ပြောပေမဲ့ ဘယ်လိုမှ မရဘူး။ သား အဖေနဲ့တူတူ ကျောင်းသွားချင်လို့ပါတဲ့။ သားနေတဲ့ ကျောင်းမှာ သားအဖေက ဆရာဆိုတော့ ကောင်းတယ်ဗျနဲ့။ အဖေ့ကျောင်းကို ဇွတ်လိုက်တာ။ ပထမ နှစ်ရက် သုံးရက် ခြေကျင် လျှောက်ရတဲ့ ဒဏ်ကြောင့် သားခြေထောက်လေးတွေ ရောင်ကိုင်းလာတယ်လေ။ အဖေ ကျောပိုးခဲ့မယ် ဆိုတာတောင် တစ်စက်ကလေးမှ အကပ်မခံဘူး။ "သားက တောသားပဲဗျ" ဆိုပြီး ကြိတ်မှိတ်လျှောက်တဲ့ ကလေး။
ဪ … အဲသည့်ကတည်းက သားလေး ပြောခဲ့ရှာတာနော်။ အဖေ မှတ်မိတာပေါ့။ အဖေတို့ သားအဖကို တစ်စီးပြီး တစ်စီး ဖြတ်ကျော်သွားနေတဲ့ ကျောင်းပြန် စက်ဘီးလေးတွေကို ကြည့်ရင်း "အဖေ သားတို့မှာ စက်ဘီးလေးတစ်စီး ရှိရင် သိပ်ကောင်းမှာပဲနော် " တဲ့။ အဖေက ခေါင်းညိတ်ပြီး မျက်နှာပျက်ပျက်နဲ့ "တစ်နေ့ကျ ဝယ်မှာပေါ့ သားရာ၊ သား လိုချင်သလား" လို့ မေးတော့ "သိပ် လိုချင်တာပဲတဲ့"။ သားမျက်လုံးလေးတွေဟာ လိုချင် မက်မောတဲ့ အရှိန်နဲ့ တဖျပ်ဖျပ် တောက်ပလို့။ အဲ့သည့်တုန်းကတော့ သားလေးဟာ ငယ်သေးတော့ ကျောင်းဆရာ အဖေရဲ့ လူမွဲ ဘဝအမှန်ကို ဘယ်သိပါ့မလဲနော်။ တစ်နေ့နေ့ အဖေက တကယ် ဝယ်ပေးမယ်လို့ပဲ သား ထင်ရှာမှာပေါ့။ တကယ်တမ်းကျတော့ အဖေတို့ သိပ်ကြပ်တည်း နေတာပဲ။ အဖေ့ လခလေးနဲ့ အဖေတို့ မိသားစု အနိုင်နိုင် စားသောက် နေရတာ။ သားနဲ့ အဖေ ကျောင်းသွားဖို့အတွက် စက်ဘီးလေးတစ်စီး ဘယ်လောက်ပဲ လိုအပ် လိုအပ် အဖေ မဝယ်နိုင်ပါဘူး သားရယ်။ စက်ဘီးကလေး တစ်စီးဟာ သားမမွေးခင် အဖေ ကျောင်းဆရာ စလုပ်ကတည်းက လိုအပ်ခဲ့တာ။ သားမွေးလို့ သားတောင် ကျောင်းသား ဖြစ်ခဲ့ပြီ အဖေ မဝယ်နိုင်သေးပါဘူး သားရယ်။
သည်လိုနဲ့ပဲ အဖေတို့ သားအဖ ကုပ်ကုပ် ကုပ်ကုပ်နဲ့ သားလေးက လွယ်အိတ်ကလေး ခေါင်းချိတ်၊ အဖေက လက်ဆွဲအိတ်လေး ဆွဲပြီး ကျောင်းသွား ကျောင်းပြန် လမ်းမှာ ခြေကျင် လျှောက်နေတဲ့ မြင်ကွင်းကို ကျောင်းသား ကျောင်းသူ၊ ဆရာ ဆရာမတွေ နေ့တိုင်း တွေ့နေကြရတယ်။ သားလေးကို ချစ်ခင်သနားတဲ့စိတ်နဲ့ အဖေတို့ သားအဖကို စက်ဘီးတွေပေါ်ကနေ နှုတ်ဆက်သွားတတ်ကြတယ်။
"ဟော … ဥာဏ်ကြီးမောင်တို့ သားအဖ " တဲ့။
"ဥာဏ်ကြီးမောင်၊ ဥာဏ်ကြီးမောင် " ဆိုတဲ့ နှုတ်ဆက်သံတွေကို အဖေ့သားလေးက လွယ်အိတ် ချိတ်ထားတဲ့ ခေါင်းလေးမော့ပြီး ပြုံးပြုံးပြရှာတယ်။
ဒါပေမဲ့ သားအပြုံးဟာ အားငယ်ပြုံး၊ မဲ့ပြုံး၊ အဖေ သိပါတယ် သားရယ်။ အဲ့သည့်နှစ်က အလျင်နှစ် သုံးတန်းနှစ်ကလို သားလေး စက်ဘီးကို တတွတ်တွတ် မပူဆာတော့ဘဲ နှုတ်ဆိတ်ငြိမ်သက် နေတာကိုလည်း အဖေ သိတာပဲ။
လေးတန်း ရောက်တဲ့နှစ်မှာ အိမ်အခြေအနေကို သား သိနေပြီလေ။ သားအမေက သားကို ကပ်ရက်ခိုင်းဖို့ ကျောင်းထွက်ခိုင်းလွန်းလို့ သားနဲ့အဖေ အမေ ကျေနပ်အောင် ညနေကျောင်းက ပြန်လာကတည်းက ဝါးတွေဖြတ်ပြီး ကပ်ပေါက်ကြရတယ်။ အိမ်မိုးကပ်ရက်ဖို့ ကပ်စာတွေကို ညဥ့်နက်တဲ့ထိ ပေါက်ကြရတယ်။ ဘက်ထရီ မီးရောင် အောက်မှာ သားဟာ ကပ်ပေါက်လိုက်၊ စာဖတ်လိုက်၊ ဖအေ့ကို လှမ်းမေးလိုက်နဲ့။ နံနက်ကျ အစောကြီးထပြီး သားအဖ နှစ်ယောက် ညက ပေါက်ထားတဲ့ ကပ်စာတွေနဲ့ ကပ်ထရက် ကြတယ်။ ကျောင်းမသွားခင် တို့သားအဖ အိမ်မိုး ကပ်လေးဆယ်ပြီးတော့ အငှားရက်ခက တစ်ဆယ် နှစ်ကျပ်နှုန်းနဲ့ ရှစ်ကျပ်စီရော။ မင်းအမေလဲ ကျေနပ်ရော။ နေ့တိုင်း ကပ်ပေါက် ကပ်ရက်ရလို့ ဓားထိရာ ဝါးရှရာတွေနဲ့ မြေဖြူကိုင်တဲ့ အဖေ့လက်နဲ့ ဖောင်တိန်ကိုင်တဲ့ မင်းလက်ကလေးတွေ ကြမ်းတမ်း ပွန်းပဲ့ နေတာတောင်မှ အဖေတို့ မိသားစု ဘယ်လို နေထိုင် စားသောက် ရတယ်ဆိုတာ သားသိပြီးတဲ့နောက်မှာ သားပါးစပ်က "စက်ဘီး" ဆိုတဲ့ အသံလေး တဖြည်းဖြည်း ပျောက်သွားခဲ့တာပဲ။
စာသင် တတ်တာကလွဲလို့ ဘာမှ မလုပ်တတ်တဲ့ အဖေက စိတ်မကောင်း ဖြစ်ရုံကလွဲလို့ ဘာတတ်နိုင်မှာလဲ သားရယ်။ ဒါပေမယ့် စာသင်တာက လွဲလို့ ဘာမှ မလုပ်တတ်တာချင်းတူ စာတော်တဲ့ သားဟာ သား လိုချင်တာလေးကို ရအောင် ယူနိုင်ခဲ့တယ်နော်။ အဖေသာ သားပျော်ရွှင်မှုကို ဖျက်စီးတဲ့လူ။ သားနှလုံးသား နုနုလေးကို ထိခိုက်နာကျင်အောင် လုပ်တဲ့သူပါ သားရယ်။ အဖေ့ကို ဘယ်တော့မှ ခွင့်မလွှတ်ပါနဲ့။
အဖေ အဲ့သည့်နေ့ကို ဘယ်လိုလုပ် မေ့နိုင်ပါ့မလဲ။
သား ငါးတန်းအောင် ခြောက်တန်း တက်တဲ့နှစ်။ အဲ့သည့်နှစ်က အဖေ နေမကောင်းလို့ ကျောင်းမတက်နိုင်တော့ သားတစ်ယောက်တည်း ကျောင်းလိုက်သွားတာ၊ ညနေစောင်းလို့ အဖေအိမ်ရှေ့တွင် ရပ်နေတုန်း ကျောင်းက ပြန်လာတဲ့ သားဟာ အပြေးအလွှား ဝင်ပြေးလာခဲ့တာလေ။
"အဖေ" တဲ့။ အကျယ်ကြီး အော်ခေါ်လိုက်တယ်။ မြူးရွှင်နေတဲ့ အသံနဲ့ …။
"အဖေ သား ဆုရမယ်၊ ငါးတန်း အားလုံးထဲမှာ သား ပထမတဲ့ ၊ တစ်မြို့နယ်လုံးမှာ သား ပထမတဲ့"
အဖေ ဘယ်လောက် ကြည်နူး ပျော်ရွှင်သွားတယ် ဆိုတာကို အဖေ့ရင်ကို ခွဲပြလို့ရရင် ခွဲပြလိုက်ချင်တယ် သားရယ်။ သည်ခံစားမှုမျိုးကို သားကြီးလာလို့ သားမှာ စာတော်တဲ့ သားတစ်ယောက် ရလာရင်တော့ သား နားလည်လာလိမ့်မယ်။ ကြည့်လေ ပညာရေးကို စိတ်မဝင်စားတဲ့ မင်းအမေတောင် မီးဖိုထဲကနေ အားရဝမ်းသာ ပြေးထွက်လာခဲ့ သေးတယ်လေ။ သားကလေ အဖေ့လက်ကို ဆွဲပြီး အောင်နိုင်တဲ့ မျက်နှာလေးနဲ့
"ဒီမယ် အဖေ၊ သားရမယ့် ဆုကို ဘာမှတ်သလဲ၊ အဖေ မှန်းစမ်း၊ သားရဲ့ဆရာ ဦးထွန်းလွင်က သေသေချာချာ ပြောလိုက်တာ၊ သားရမယ့် ဆုက စက်ဘီးတဲ့ဗျ သိလား၊ မောင်ဗမာ စက်ဘီး"
အို … သားရယ်။ သိပ်ပျော်နေရှာတဲ့ သားလေးကတော့ အဖေ့မျက်နှာကို သတိမထားလိုက်ရှာပါဘူး။ မသိ သားဆိုးရွာ လှမ်းဝင်ပြောတဲ့ မင်းအမေရဲ့ "မောင်ဗမာက အပြင်မှာ ဘယ်လောက်လဲ" ဆိုတဲ့ စကားကို အဖေ ဒေါသတကြီး မျက်မှောင် ကုတ်ပြတာကိုလဲ သား သတိမထားမိလိုက် ရှာပါဘူး။ သူ့အမေကို သန်ဘက်ခါ ဆုပေးပွဲအတွက် သူ့အင်္ကျီနဲ့ ပုဆိုးလေးကို ဖြူဖြူလေး ဖွပ်ပေးဖို့ ပြောနေရှာတယ်။ အဖေ ဘယ်လိုလုပ် ပြောထွက်တော့မလဲ သားရယ်။ သားကို ပေးမယ့်ဆုဟာ စက်ဘီး ဝယ်ယူခွင့် စာရွက်လေး တစ်ခုရယ်၊ စက်ဘီးလေးရဲ့ ထုတ်ဈေး ငွေငါးရာကျော် အဖေ့မှာ မရှိတာရယ်၊ စက်ဘီးလေးရဲ့ အပြင်ဈေးက နှစ်ထောင်နီးပါး ဆိုတာရယ်၊ စက်ဘီးလေးက ရမယ့်၊ အမြတ် တစ်ထောင်ကျော်ဟာ၊ မင်းအမေနဲ့ နေ့တိုင်း ရန်ဖြစ်နေရတဲ့ ကုန်စုံဆိုင်က အဒေါ်ကြီးရဲ့ ကြွေးအချို့အဝက်ကို ပြေလည်သွားစေနိုင်တယ် ဆိုတာတွေရယ်ကို သားကို အဖေ ဘယ်လို ပြောရမလဲ။ သားကို အဖေ ဘယ်လိုလုပ် ရက်စက်ရမလဲ။
ဒါပေမယ့် တကယ့် တကယ်ကျတော့ သားကို အဖေ ရက်စက်ခဲ့ရတာပဲနော်။ ဆုပေးပွဲနေ့ကို "အဖေနဲ့ သားတို့ စက်ဘီးနဲ့ ကျောင်းသွားရတော့မယ် " ဆိုတာကို ဂါထာတစ်ခုလို တတွတ်တွတ် ရွတ်နေရှာတဲ့ သားလေး ပျော်ပါစေဆိုပြီး အဖေ ဟန်ဆောင် ပျော်နေခဲ့တယ်။ သူ့အမေ လိမ်းပေးလိုက်တဲ့ သနပ်ခါး အဖွေးသားလေးနဲ့ ဆုတက်ယူနေတဲ့ သားလေးကို ကြည့်ပြီး ယောက်ျားတန်မဲ့ အဖေ ငိုချလိုက်ချင်လိုက်တာ။ အဖေ့နားက လုပ်ဖော်ကိုင်ဖက် ဆရာ၊ ဆရာမတွေ ဝိုင်းချီးကျူး နေကြတာတွေကလည်း အဖေ့ကို တမင်လှောင်နေကြ သလိုပဲ။
ဆုပေးပွဲ အပြန်လမ်းမှာ နားမလည်ရှာတဲ့ သားလေးက စက်ဘီး ထုတ်ယူခွင့် စာရွက်လေး တကိုင်ကိုင်နဲ့ "အဖေ စက်ဘီး သွားယူမယ်လေ။ သွားစို့လေ" နဲ့။
အဖေတို့ သားအဖ ကျောင်းပြန်လမ်းက မန်ကျည်းပင်အိုကြီးရဲ့ အောက်မှာ သားကို ရက်စက်ခဲ့တာ သား မှတ်မိမှာပါနော်။
ပျော်ရွှင် တက်ကြွနေတဲ့ သားက "အဖေ မောင်ဗမာ စက်ဘီးရဲ့ ကလင်လေးက အသံတစ်မျိုးလေးနော်၊ တီးတောင် ... တီးတောင်နဲ့ မြည်တာ။ သားသိပ်ကြိုက်တာပဲ" လို့ ကောက်ခနဲ ပြောလိုက်တော့ ရက်စက်မလို ဟန်ပြင်နေတဲ့ အဖေ့နှုတ်တွေ ရုတ်တရက်က ဆွံ့အသွားတယ်။ ပြီးတော့မှ သားပခုံးလေးကို ကိုင်ပြီး "သား အဲ့ဒီစာရွက်လေးနဲ့ စက်ဘီးကို ဒီတိုင်း သွားယူလို့ မရဘူး၊ ပိုက်ဆံ ငါးရာကျော် ပေးရဦးမှာ" လို့ အဖေ ပြောလိုက်တော့ သားမျက်နှာလေး ပထမ အံအားသင့် သွားတယ်။ ပြီးတော့ မျက်နှာလေး ညှိုးသွားတယ်။
"အဖေတို့မှာ ပိုက်ဆံ မရှိဘူး သား၊ အဲ့ဒီစက်ဘီး ဝယ်ယူခွင့်ကို ရောင်းလိုက်ရင် အဖေတို့ ပိုက်ဆံထောင်ကျော် ရမယ်။ အဖေတို့မှာ ကြွေးတွေနဲ့ဆိုတာ ငါ့သား သိတယ် မဟုတ်လား ဆိုတဲ့ စကားကို အဖေ ပြောလိုက်ရတဲ့ အချိန်ပိုင်းလေးကို အဖေ ဘယ်လို မုန်းမှန်း မသိဘူး။ သားဟာ ငိုချလိုက်မလား၊ ဘာပြောလိုက်မလဲ ဆိုပြီး အဖေ ရင်တထိတ်ထိတ်နဲ့ ကြည့်နေခဲ့ပေမယ့် ရက်စက်တဲ့ အဖေလုပ်သူကို သားဟာ ပြန်ပြီး မရက်စက်ခဲ့ပါဘူး။ ဥာဏ်ထက်မြက် သဘောပေါက်လွယ်တဲ့ မျက်နှာလေး တစ်ချက်မဲ့ခနဲ ဖြစ်ရုံကလွဲလို့ ခေါင်းလေးညိတ်ပြီး "ဒါဖြင့်လဲ ရောင်းလိုက်လေ အဖေ၊ သားတို့ အရင်အတိုင်းပဲ သွားမှာပေါ့၊ ခုဆို ရေတွေ ကြီးတော့မှာ၊ စက်ဘီးစီးလို့လဲ ရတော့မှာ မဟုတ်ပါဘူး" တဲ့။ သားရဲ့အသံ တိုးတိုး တုန်တုန်လေးကို အဖေ ဘယ်တော့မှ မေ့မှာ မဟုတ်တော့ပါဘူး သားရယ်။ သား ငိုချလိုက်တာကမှ တစ်ခုခု ပြောလိုက်တာကမှ တစစ်စစ် နာကျင်နေတဲ့ အဖေ့ရင်မှာ ခံသာလိမ့်ဦးမယ်။
သား လူညာကလေးရယ်၊ မင်းကလေး အိပ်နေတဲ့ အခါမှာတော့ အဖေ့ကို မညာနိုင်တော့ဘူး။ ညတိုင်းလိုလို မင်းယောင်တတ်တဲ့ "တီး ... တောင် ... တီး … တောင် … စက်ဘီး လာနေတယ်၊ ဘေးကို … ဘေးကို" ဆိုတဲ့ အသံမျိုးလေးတွေ။ "အဖေ မြန်မြန် နင်းစမ်းပါ။ ဟိုမှာ မီတော့မယ် " ဆိုပြီး ဟက်ဟက်ပက်ပက် ရယ်မောလိုက်တဲ့ အသံမျိုးလေးတွေဟာ အဖေ့ရင်မှာ နာရတယ်ကွယ်။
သားလေး ပြောသလိုပဲ နောက်ရက်တွေမှာ ရေတွေကြီးတော့ ကျောင်းသွားလမ်းတွေ ရေကျော်ပြီး စက်ဘီးတွေ သိပ်မစီးနိုင်ကြတော့ဘူး။ ဒါပေမယ့် ရွာကနေ တာလမ်းမအကူး ရေလမ်းခရီးမှာလည်း လှေမရှိတဲ့ အဖေတို့ သားအဖ လည်ပင်းအထိ ရေကိုကူးပြီး လာကြရတယ်။ ရေထဲမှာ ခေါင်းလေးမော့ပြီး ကူးနေတဲ့ သားလေးကို အဖေ ဖေးမ ကူးခတ်ရင်းက စိုးရိမ်တကြီး ပြောခဲ့တယ်နော်၊ ကတိ ပေးခဲ့တယ်နော်။ ဆုပေးပွဲအပြီးက စပြီး ငေးငိုင်နှုတ်ဆိတ် နေတတ်တဲ့ သားလေး … စာတော်ရတာကို စိတ်နာပြီး စာမကြိုးစားတော့မှာကို ကြောက်တဲ့ ကျောင်းဆရာ အဖေတစ်ယောက် အနေနဲ့ပေါ့။
"သား ... စာကြိုးစားနော်၊ ဒီနှစ်ထဲ ပထမရအောင် ကြိုးစား၊ သားဆုရရင် စက်ဘီးလေးကို အဖေရအောင် ထုတ်ပေးမယ်နော် … သား " လို့ …။
သားမျက်လုံးလေးတွေ ဝင်းလက်သွားတာကို အဖေ မမေ့ပါဘူး။
ဪ … သားရယ် …။ သားက ကတိ တည်ခဲ့တယ်နော်။ သားကြိုးစားခဲ့တယ်။ ခြောက်တန်းမှာလဲ သားပထမ ရခဲ့ပြန်တယ်။ ကတိမတည်ခဲ့တာက အဖေ၊ အသုံးမကျတာက အဖေ။ အဲ့သည့် အကြောင်းကို အဖေ မတွေးချင်ဘူး သားရယ်။ အဖေ မတွေးပါရစေနဲ့တော့။
* * *
အဖေကလဲဗျာ၊ ရွှေရဖို့ အရေးကြီးနေတဲ့ ကြားမှာ ခေါ်မကြား၊ အော်မကြားနဲ့ ဘာတွေ တွေးနေပြန်ပြီလဲ မသိဘူး။ ဟင်း … သား သိပါတယ်နော်။ အဖေ စက်ဘီးအကြောင်း တွေးနေတာ မဟုတ်လား။ ညောင်ပင်ခြေရင်းက မောင်ဗမာ စက်ဘီးကလေးကို မြင်လိုက်ကတည်းက အဖေ မျက်နှာမကောင်း ဖြစ်သွားတာ သား မြင်သားပဲ။ သားကတော့ ကြည့်မနေပါဘူး။ အဖေ စိတ်မကောင်းမှာစိုးလို့ မမြင်ချင်ယောင် ဆောင်ပြီး သားရေထဲကို ဆင်းပြေးပစ် လိုက်တာ အေးရော။ ဒါတောင် " တီးတောင် … တီးတောင် " နဲ့ အသံပေးနေသေးတယ်။ ဟင်း … ကလင် တီးရတာ တော်တော် ကောင်းနေတယ်နဲ့ တူတယ်။ အလကား ကောင်မလေး။ သိပ်မုန်းဖို့ကောင်းတဲ့ ကောင်မလေး။ မိန်းကလေး တန်မဲ့နဲ့ စက်ဘီးကို တလွှားလွှားလုပ်ပြီး စီးနေတာပဲ။ သူစာတော်လို့ရတဲ့ စက်ဘီးများ အောက်မေ့နေ သလား မသိဘူး။ အလကား သူ့အဖေက အမြတ်ပေး ဝယ်လို့ရတဲ့ စက်ဘီးများ။ အဲ့ဒါ တကယ်တမ်းမှာ ငါ့စက်ဘီး၊ ငါ့စက်ဘီး၊ ငါစာတော်လို့ရတဲ့ ငါ့ရဲ့စက်ဘီး။ ဒုတိယ အကြိမ်မြောက်လေ။ မိမျိုးမျိုးရယ် နင်စီးနေတာ ငါ့စက်ဘီးဆိုတာ တစ်ကျောင်းလုံး အသိပါ။ နင်က ကြီးကျယ် မနေစမ်းပါနဲ့။ ငါ့အဖေ စိတ်မချမ်းသာအောင်လည်း ငါတို့နားမှာ တရစ်ဝဲဝဲ လာမလုပ်စမ်းနဲ့၊ ဟင်း … ငါဟိုတစ်ခါတုန်းကလို ပညာပြလိုက်ရမလား ။ ဘာမှတ်တုံး။
သူ့ကို ဂရုစိုက်မနေစမ်းပါနဲ့ အဖေရာ နော်။ သူ့ဆီကို မကြည့်နဲ့ပေါ့။ အဖေ့မျက်နှာ အဲ့လိုမျိုး ဖြစ်နေရင် သားငိုချင်တယ် အဖေရ။ အဖေ့မျက်နှာ အဲ့လိုမျိုး ဖြစ်နေတာ သားခဏခဏ တွေ့ဖူးတယ်။ တွေ့တဲ့ အခါတိုင်းလည်း သား အဖေ့ကို သိပ်သနားတာပဲ။ သားအဖေ့ကို ချစ်တယ်။ အမေ့ထက်ကို ပိုချစ်တယ်။ ဒါ့ကြောင့် သား ငယ်ငယ်ကတည်းက အဖေ့နောက် တစ်ကောက်ကောက် လိုက်ချင်တာပေါ့။ အဖေ ကျောင်းသွားတော့မယ် ဆိုရင် သား ပိုလိုက်ချင်သေး။
အဖေက မျက်မှန်နဲ့ဆိုတော့ ခန့်လဲခန့်တယ်။ သားတို့ ရွာထဲမှာ အဖေ့လိုမျိုး မျက်မှန်တပ်တဲ့လူ တစ်ယောက်မှ မရှိဘူး။ တခြား အဖေတွေနဲ့လဲ အဖေက မတူပါဘူးနော်။ သားသမီးတွေကို အဖေက မရိုက်ဘူး။ စကားပြောရင်လဲ ချိုချိုသာသာပဲ ပြောတယ်။ သားတို့ အိမ်လေးဟာလည်း အဖေ့ကြောင့် အဖေဖတ်တဲ့ စာအုပ်တွေ ရှိတာကြောင့် အဖေထရံမှာ ကပ်ထားတဲ့ ရှုမျှော်ခင်းပုံ၊ ပန်းပုံလေးတွေ ရှိတာကြောင့် ရွာထဲက တခြားအိမ်တွေနဲ့ မတူဘူး။ သားတို့ ရွာထဲက သားသူငယ်ချင်းတွေက အားကျကြတယ်။ အဲ့ဒါ အဖေ ကျောင်းဆရာ ဖြစ်လို့ပေါ့နော်။ ဒါ့ကြောင့် သားကြီးလာရင် ကျောင်းဆရာ လုပ်မယ်ဆိုပြီး စာတအား ကြိုးစားတာပေါ့။
ဒါပေမယ့် အမေ့ကြောင့် သား စာကြိုးစားရကျိုး မနပ်ပါဘူး အဖေရာနော်။ အမေက သားကို အဖေ့လိုလဲ စာကြိုးစားတာကို အားမပေးဘူး။ သားကို ကျောင်းချည်းဘဲ ထွက်ခိုင်းနေတာပဲ။ လေးတန်း ရောက်ကတည်းက ထွက်ခိုင်းပြီး ရွာထဲက တခြားလူတွေလို ကပ်ပေါက်၊ ကပ်ရက်တဲ့ အလုပ်လုပ်စေချင်တာ။ ဒါပေမယ့် အဖေရာ အမေ သားကို ဘာလို့ ကျောင်းထွက်စေချင်တာလဲ ဆိုတာကို သားသိရတော့လည်း သားအမေ့ကို စိတ်မဆိုးတော့ပါဘူး။ သားတို့က ဆင်းရဲတာကိုနော် အဖေ။ အမေက ပြောတယ်။ နင့်အဖေ အလုပ်က ဥာဏ်ရှိပေမယ့် ထမင်းမဝဘူးတဲ့။ သား အမေ့ကို မပြောရဲလို့သာ အဖေ့ကို အဲ့လို မပြောစေချင်ဘူး။ အဖေဟာ ကျောင်းဆရာ ဘယ်လောက် သနားဖို့ ကောင်းတယ်ဆိုတာ အမေ မသိလို့ ပြောတာပါ။
ကျောင်းမှာလေ တခြားဆရာတွေ ဆေးလိပ် တထောင်းထောင်း သောက်လည်း အဖေ မသောက်ဘူး။ တခြားဆရာတွေ လက်ဖက်ရည် ထွက်သောက်လည်း အဖေ မလိုက်ဘူး။ ပြီးတော့ သားကြည့်ထားတာ ဆရာတွေထဲမှာ အဖေ့ပုဆိုးနဲ့ အင်္ကျီက အနွမ်းဆုံး၊ မကောင်းဆုံး။ သားအဖေ့ကို သိပ်သနားတာပဲ။ ဒါ့ကြောင့်မို့လို့ အဖေ့ကို စက်ဘီး မပူဆာတော့တာပေါ့။ သားငယ်တုန်းက မသိတတ်တုန်းကသာ ပူဆာမိတာပါ။ ဒါပေမယ့် သားတို့ ကျောင်းသွားရင် သား သူငယ်ချင်းတွေက စက်ဘီးပေါ်ကနေ "ဥာဏ်ကြီးမောင်ရေ" လို့ နှုတ်ဆက်သွားတဲ့ အခါမျိုးမှာတော့ သိပ်ဝမ်းနည်းတာပဲ။ အဖေနဲ့ သားတို့အတွက် စက်ဘီးကလေး တစ်စီးကတော့ တကယ်လိုတာပါ အဖေရာနော်။ ကျောင်းနဲ့ အိမ်နဲ့က အဝေးကြီးဥစ္စာ။
ကျောင်းက အိမ်ပြန်ရောက်ရင် သားရော အဖေရော မောပြီး ညောင်းနေတာပဲ။ မောတဲ့ညောင်းတဲ့ ကြားထဲက အမေခိုင်းတဲ့ ကပ်ပေါက်တဲ့ အလုပ်ကို သားကို ကူပြီး အဖေ လုပ်ရသေးတော့ ပိုမောတာပေါ့၊ ပိုပင်ပန်းတာပေါ့။
သားဆို ကပ်ပေါက်နေတဲ့ အချိန် ခဏခဏ အိပ်ငိုက်တာပဲ။ လက်ကို ခဏ ခဏ ဓားထိတယ်။ ဒါပေမယ့် ဘယ်လောက်ပဲ လိုအပ် လိုအပ် သားတို့ မဝယ်နိုင်တော့လည်း ဘာတတ်နိုင်မှာလည်း အဖေရာနော်။
ဒါပေမယ့် အဖေရာ မတတ်နိုင်ဘူး မရနိုင်ဘူး ထင်ထားပြီးတော့မှ သားလိုချင်တဲ့ စက်ဘီးလေး ရမယ်ဆိုတော့ သားလေ အဟုတ်ကို ပြောတာ မိုးကြိုးပစ်၊ ဘုရားစူး၊ သား အရမ်း အရမ်း ပျော်တာပဲ။ သား အဲ့ဒါမျိုး နောက်ဘယ်တော့မှ ပျော်ရတော့မှာ မဟုတ်တော့ပါဘူး အဖေရာ။ သားက ဘာမှ မသိတာကိုး။ သား ထင်တာက ဆုရမယ့် စက်ဘီးလေးကို ဆုပေးပွဲ စားပွဲနားမှာ ထောင်ထားမယ် ထင်တာပေါ့။
မန်ကျည်းပင်အိုကြီး အောက်မှ မဖြစ်နိုင်တဲ့အကြောင်း သားကို အဖေပြောရင်း ဖြစ်သွားတဲ့ အဖေ့မျက်နှာကို သား မမေ့ပါဘူး။ သားမှန်တာ ပြောရရင် သိပ်ဝမ်းနည်းမိတယ်။ ဒါပေမယ့် သား မငိုချလိုက်ပါဘူး။ အဖေ့မျက်နှာဟာ သိပ်သနားစရာ ကောင်းတာပဲ။ အဖေ့ မျက်မှန်အောက်က မျက်လုံးတွေထဲမှာ မျက်ရည်တွေ လည်နေတယ်။ အဖေ့အသံတွေ တုန်နေတယ်။ အဖေ စိတ်ချမ်းသာသွားအောင် သားငိုချင်စိတ်ကို ထိန်းပြီး ထားလိုက်တာပေါ့။ အဖေ မသိအောင် မှောင်ထဲကျမှ သားငိုတာ။ အိပ်ရာထဲရောက်မှ ဘက်ထရီမီးလုံးလေးလဲ ငြိမ်းသွားမှ သားငိုတာ။ ဒါမှ သား အိပ်ပျော်သွားတဲ့အခါ အဖေ သားကို လာကြည့်ရင်း မျက်ရည်တွေကို မမြင်ရမှာပေါ့။
သားလေ အဲ့သည်တုန်းကအိမ်မက်တွေလည်း ခဏ ခဏ မက်တာပဲ။ အိမ်မက်ထဲမှာ သားနဲ့အဖေ မောင်ဗမာ စက်ဘီးလေးနဲ့ ကျောင်းသွားကြတယ်။ အဖေက ရှေ့က နင်းလို့။ သားက နောက်ခုံမှာ စီးလို့။ သားကြိုက်တဲ့ သည်စက်ဘီး ကလင်သံလေးကလည်း တီး … တောင်၊ တီး … တောင်နဲ့ ဆူညံလို့။ တစ်ခါတလေ ကျတော့လည်း အိမ်မက်ထဲမှာ ဘယ်သူမှန်း မသိတဲ့ လူကြီးတစ်ယောက်က သားတို့ကို ပိုက်ဆံတွေ ပေးလို့။ "ရော့ ပိုက်ဆံငါးရာ၊ စက်ဘီး ထုတ်ဖို့" တဲ့။ အိမ်မက်ထဲမှာ သားပျော်လိုက်ရတာ။ နိုးလာတော့လည်း အလကား။ အပြင်မှာ အဲ့သည်လို ပိုက်ဆံပေးမယ့်လူ တကယ်ရှိရင် သိပ်ကောင်းမှာပဲ။ သားတို့အမေရဲ့ အမျိုးတွေကလည်း အလကား။ သားတို့လို ပိုက်ဆံမရှိတဲ့ လူချည်းပဲ။ ဒါပေမယ့် ဒါတွေကို သားအမေ့ကို ပြောမပြချင်ပါဘူး။ သားဘာမှ မဖြစ်သလိုဘဲ အဖေနဲ့ အတူတူ အလျင်ကလို ကျောင်းသွားတာပဲ။ ကျောင်းပြန်ရင်လဲ အဖေနဲ့အတူ ကပ်ပေါက်တဲ့ အလုပ်လုပ်တာပဲ။ ဒါပေမယ့် သားလေ သိပ် စကားမပြောချင်တော့ဘူး။ ကစားလဲ မကစားချင်ဘူး။ စာလဲ မကျက်ချင်ဘူး။ သားမှ မပျော်တာကိုး အဖေရ။
အဖေကတော့ သားအကြောင်းကို မသိဘဲ ကျောင်းအပြန် လမ်းတွေမှာ အလျင်ကလိုပဲ သားကို ကျောင်းက အကြောင်းတွေတို့၊ အဖေ ဖတ်တဲ့ စာအုပ်ထဲက အကြောင်းတွေကို ပြောပြနေတတ်တယ်။ တတွတ်တွတ် ပြောနေတဲ့ အဖေ့စကားတွေကို သား စိတ်ဝင်စားရမယ့်အစား သားရင်ထဲမှာ အဖေ့ကို မေးခွန်းတစ်ခုပဲ မေးနေမိတယ်။ သားတို့ ဘေးနားက ဖြတ်သွားတဲ့ စက်ဘီးတွေကို ကြည့်ရင်းပေါ့။
"သားရဲ့ ဘီးလေးကို အဖေဘယ်မှာ ရောင်းပစ်လိုက်တာလဲဟင်" လို့လေ။
ဒါပေမယ့်လေ အဖေ၊ သား မှတ်မိတယ်။ ရေကြီးတဲ့တစ်နေ့ သားတို့ သားအဖနှစ်ယောက် ကျောင်းသွားကြတုန်း အဖေကသားကို ကတိပေးတော့လဲ သားပြန်ပျော်သွားတယ် သိလား။ အဖေက သည်ခြောက်တန်းနှစ် ဆုရရင် သားကို စက်ဘီးထုတ်ပေးမယ်တဲ့။ စာကြိုးစားတဲ့။ သား ဝမ်းသာတာပေါ့။ သားစာတွေ ပြန်ကျက်ချင်လာတယ်။ ဥာဏ်ကြီးမောင်ပါတဲ့ အဖေရာ။ ဘာလို့ မရရမှာလဲလို့ သားတိတ်တိတ်ကလေး ကြုံးဝါးပစ်လိုက်တယ်။
သား ပြန်ပျော်တာ မြင်တော့ အဖေ့မျက်နှာလည်း ကြည်လင်နေတာပဲ။ သား သိပ်စိတ်ချမ်းသာတာပဲ။ စာကျက်လို့လဲ သိပ်ကောင်းတာပဲ။ ကပ်ပေါက် ကပ်ရက်ရတာလဲ သိပ်ကောင်းတာပဲ။ သားသည်လောက် ပျော်နေမှတော့ ခြောက်တန်းကိုလည်း အသာလေး လွတ်လွတ်ကျွတ်ကျွတ် အောင်တာပေါ့။ အောင်တဲ့နေ့ကစပြီး သားရင်ထဲမှာ အမြဲတထိတ်ထိတ်၊ ထိတ်ထိတ်နဲ့ နေတာပဲ။ သား မနှစ်တုန်းကလို ပထမ ရပါတော့မလား၊ မရရင် ဘယ်နှယ့်လုပ်မလဲ ဆိုတာက တစ်မျိုး။ တကယ်လို့ ရခဲ့ရင် အဖေ့မှာ ပိုက်ဆံငါးရာ ရှိပါ့မလားဆိုတာက တစ်မျိုး၊ သားရင်ထဲမှာ တထိတ်ထိတ်နဲ့ ဖြစ်နေတာကို အဖေ သိစေချင်လိုက်တာ။
မနှစ်ကတည်းက အဖေ ဝယ်တင်ထားတဲ့ ညောင်ရေအိုးစင်ပေါ်က ဆင်ရုပ် ပိုက်ဆံဘူးလေးကို အမေ့အလစ်မှာ သား ခဏခဏ သွား မ, ကြည့်တာ အဖေ မသိဘူး မဟုတ်လား။
တစ်နေ့တော့ ပိုက်ဆံဘူးထဲက ပိုက်ဆံယူမှုနဲ့ အဖေနဲ့ အမေ စကားများကြတော့ သားလေ အမေ့ကို မမုန်းစဖူး မုန်းပစ်လိုက်တယ် သိလား။
"နောက်တစ်ခါ ထိရဲရင် ထိကြည့်စမ်း၊ ဒါ ငါ့သားအတွက်ကွ" လို့ အော်ပြောလိုက်တဲ့ အဖေ့ဒေါသဟာ သား နားထဲမှာ ချိုနေတာပဲ။ သားလေ စုဘူးလေးထဲ အဖေပိုက်ဆံ ထည့်နိုင်အောင် နေ့လယ်ကျောင်းဆင်း မုန့်စားဖို့ ပိုက်ဆံတောင် အမေ့ဆီ လာမတောင်းပါဘူး။ ဒါပေမယ့် သားက ကံမကောင်းပါဘူးအဖေရာ နော်။ အင်း … သားနဲ့အဖေလေ ပထမဆု ရပြန်ပြီဟေ့၊ စက်ဘီး စီးရတော့မယ်ဟေ့ ဆိုပြီး သား ဆုရတာ သိရတဲ့နေ့က ကျောင်းကနေ ပျော်ပြီး ပြန်လာကြတာနော်။ သားတို့ ပျော်လိုက်ကြတာနော်။ သားက အိမ်ပြန်လမ်းမှာ စိတ်ပူပန်ပြီး "အဖေ့မှာ ပိုက်ဆံရှိလားဟင်" လို့မေးတော့ အဖေက မျက်နှာတစ်ချက် မပျက်ဘဲ "ရှိတာပေါ့ကွ" တဲ့။ သားလေ တကယ်ပြောတာ ဘာမှ မတွေးမိဘူး။ ဟောသည့် လမ်းပေါ်မှာ အဖေနဲ့ ငါနဲ့ စက်ဘီး တကယ်စီးရတော့မယ် ဆိုတာကိုပဲ တွေးနေမိတာ။ အို … သားတို့ အိမ်လဲ ပြန်ရောက်ရော အိမ်မှာ ငိုနေတဲ့ ညီမလေးနဲ့ အမေ့အမျိုး အချို့ကို တွေ့ရတော့တာပဲ။ အမေ ကလေးပျက်ကျလို့ ဆေးရုံ တင်လိုက်ရတယ်တဲ့။ ညီမလေးရယ်၊ အမေရယ် အမျိုးတစ်ယောက်ရယ် ဆေးရုံ သွားကြပြီတဲ့။ အမေက သွေးတွေတအား အန်နေတယ် ဆိုလား။ သွန်နေတယ် ဆိုလား။ သားနဲ့ အဖေလည်း ပျာယာခတ်ပြီး ဆေးရုံလိုက်ဖို့ ပြင်ကြတော့တာပဲ။ အဖေက စိုးရိမ်တကြီးနဲ့ "သူ့မှာ ပိုက်ဆံမရှိဘူး၊ ပိုက်ဆံ ပိုက်ဆံ ပါသွားရဲလား" လို့တတွတ်တွတ် ပြောရင်း မျက်လုံးက ညောင်ရေအိုးစင်ပေါ်ကို ရောက်သွားတယ်။ သားလဲ မြင်ပါတယ်။ စင်ပေါ်မှာ ဆင်ရုပ်လေး မရှိတော့ဘူး။
ဆေးရုံသွားတဲ့ လမ်းတစ်လျှောက်မှာ အဖေက သားလက်တွေကို ဆုပ်ထားရင်း "မင်းအမေ ယူရရှာမှာပဲ သားရယ် ပြီးတော့ ဆင်ရုပ်ထဲမှာ ပိုက်ဆံက သိပ်လဲ မရှိပါဘူး"တဲ့။ သားကတော့ တိုးတိုးလေးပဲ ပြောမိတယ်။ "အမေ မသေပါဘူးနော် အဖေ" လို့။
သား တစ်ယောက်တည်း အဖေမပါဘဲ ဆုပေးပွဲ တက်တော့လဲ သား မငိုပါဘူး။ ဆုယူပြီး ဆင်းလာတော့ သား အတန်းပိုင် ဆရာမက သားကိုဖက်ပြီး မျက်ရည်ဝဲတော့လည်း သား မငိုပါဘူး။ ဒါပေမယ့် အဖေ့ကို စောင့်နေတဲ့ အမေရှိရာ ဆေးရုံကို သားရောက်တော့မှ "ရော့ … အဖေ၊ သား မောင်ဗမာဘီးကို မကြိုက်တော့ဘူး" ဆိုပြီး (သားထိုးပေးနေတဲ့ စက်ဘီးထုတ်ယူခွင့် စာရွက်လေးကို ကျောခိုင်းပြီး) မျက်ရည်တွေ တစ်ပေါက်ချင်း ကျနေတဲ့ အဖေ့ကို မြင်တော့မှ သား ငိုချလိုက်တာ။
ပြီးတော့လည်း ပြီးသွားတာပဲ အဖေရာနော်။ အဖေ စိတ်မကောင်း မဖြစ်ပါနဲ့။ အမေ နေကောင်း လာတာကိုပဲ သား ဝမ်းသာတယ်။ ခုဆို သားတို့ စက်ဘီးလဲ မလိုတော့ပါဘူး။ ဒါပေမယ့် "သား မလိုချင်တော့ဘူးလား" လို့ အဖေ မေးတုန်းက "မလိုချင်တော့ဘူး" ဆိုတာ သား ညာပြောတာ။ သားလေ စက်ဘီးလေး တစ်စီးကို လိုတော့ လိုချင်ပါတယ်။
ဟော … ကြည့်စမ်း၊ "တီးတောင်၊ တီးတောင်" တဲ့။ လာပြန်ပြီ ဟိုဟာမလေး တစ်ခေါက်။
"ဟင်းနော်၊ ဟိုတစ်ခါလို ငါပညာပြလိုက် ပြန်ရော့မယ်။ သိပ်မုန်းဖို့ကောင်းတဲ့ ဟာမလေး"
အဖေရယ် … သားဘီးလေးကို သည်ကောင်မလေး မျိုးမှ သွားရောင်းတယ်။ အခြားတစ်ယောက် ရောင်းရင် ပြီးရော။ ကျောင်းဆိုလဲ ကျောင်းမို့ အဖေ အသိပဲ။ သိပ်မော်တဲ့ ကောင်မလေး။ သား မျက်စောင်းထိုးနေတာကို အဖေ မြင်လို့လားဟင်။ သားကို လှမ်းမကြည့်ပါနဲ့ အဖေရယ်။ သား ဘာမှ မလုပ်ပါဘူး။ ဟိုတစ်ခါ ကျောင်းမှာတုန်းကတော့ သူစွာကျယ် လုပ်တာကို မခံနိုင်လို့ပါ။
အဲ့သည့်တုန်းက သူက သားကို နေ့တိုင်း မော်ပြနေတာ အဖေရ။ သား သိသားပဲ။ သား စာတော်တာကို သူက မနာလိုဘူး။ သား စက်ဘီးလေးကို မမြင်ရရင်တော့ သား ဘာမှ မဖြစ်ပါဘူး။ ဒါပေမယ့် သူက စက်ဘီးလေးကို တစ်နေ့တစ်မျိုး ကတ္တီပါစတွေ စွပ်စွပ်လာပြီး သား မြင်အောင် မော်ပြတော့ သား မုန်းမိတာပေါ့။ သည်တော့ သားလဲ သူမရှိတုန်း စက်ဘီးတွေကြားထဲက သူ့ဘီးကို လေလျှော့ပစ်လိုက်တာပေါ့။ လျှော့ပစ်ပြီး ချက်ချင်း ထ မသွားမိတာ သား မှားတာပါ။ စက်ဘီးလေးကို ငါ့ဘီးလေးဆိုပြီး သား ခဏလေး ကိုင်ကြည့်နေမိလို့ ဟိုဟာမလေးနဲ့ မိသွားတာ။ ဆရာကြီးကို သွားတိုင်တော့ ဆရာကြီးက သားကို ဆုံးမတယ်။ ရိုက်လဲ ရိုက်တယ်။ တခြား ဆရာ၊ ဆရာမတွေလည်း ဘေးနားမှာရှိတယ်။ ဒါပေမယ့် သား မရှက်ပါဘူး။ ရိုက်တာလဲ မနာပါဘူး။ သားမျက်နှာကို တင်းတောင် ထားလိုက်သေး။
ဒါပေမယ့် အဖေရယ်။ "ဥာဏ်ကြီးမောင် ဘာဖြစ်လို့လဲ" ဆိုတဲ့ အဖေ့ အသံနဲ့ ဆရာ၊ ဆရာမတွေကို တိုးဝှေ့ပြီး ရုံးခန်းထဲ ဝင်လာတဲ့ အဖေ့ကိုလဲ မြင်လိုက်ရော သားလေ ဘယ်လို ဝမ်းနည်းသွားမှန်း မသိဘူး။ မျက်ရည်တွေ တပေါက်ပေါက် ကျလာပြီး အဖေ့ကို ပြေးဖက်မိတော့တာပဲ။ သားကို အဲ့သည့်နေ့တုန်းက ရုံးခန်းထဲ လူရှင်းသွားတဲ့အထိ အဖေ အကြာကြီး ဖက်ထားခဲ့တာနော်။ အဖေက သားကို စကားတစ်ခွန်းပဲ ပြောတယ်။ "အဖေ့ကို သနားရင် နောက်မလုပ်ပါနဲ့ သားရယ်" တဲ့။
သား အဖေ့ကို သိပ်သနားတာပေါ့။ သား မလုပ်တော့ပါဘူး။ သား သည်ကောင်မလေးကိုလည်း အရေးမလုပ်တော့ပါဘူး။ သားကို အမေကလည်း ပြောတယ်။ သားကျောင်းပိတ်တုန်း ကြိုးစားပြီး ရွှေကျင်တဲ့။ ရွှေတုံးတို့ အဖိုးတန်တဲ့ ကျောက်ရရင် စက်ဘီးမပြောနဲ့ ကားတောင် ဝယ်နိုင်တယ်တဲ့။ ဟင့်အင်း … သား ကားမလိုချင်ပါဘူး။ စက်ဘီးလေးပဲ လိုချင်ပါတယ်။ ဘုရားသိကြားမလို့ သားဒယ်ဝိုင်းထဲက ရွှံ့နှစ်တွေထဲမှာ စက်ဘီး တစ်စီးစာဖိုး ရှိမယ့် ရွှေခဲလေးတစ်ခဲ ပါလိုက်စမ်းပါဗျာ။ တကယ်လို့ ဖွ … မပြောကောင်း၊ ပြောကောင်း ကျောင်းပြန်ဖွင့်တဲ့ နေ့အထိ စက်ဘီး တစ်စီးဖိုး ရွှေမရခဲ့ရင်ရော သားခုနှစ်တန်းမှာ ပထမရအောင် ကြိုးစားရဦးမှာလားဟင် … အဖေ။
* * *
ဆောင်းနေက ပြင်းပြင်း ပူနေတယ်။
ကျုံးတံတားအိုလေးပေါ်မှာ ရွှေကျင်တာကို လာကြည့်တဲ့ လူတွေ ပို … ပိုများလာသလို ကျုံးထဲက ရွှံ့ရေတွေထဲ မှာလဲ လူတွေနဲ့ လှုပ်ရှားဆူညံလို့ နေတယ်။
"ဥာဏ်ကြီးမောင် ၊ ဥာဏ်ကြီးမောင်"
ရွှံ့ရေထဲက ဥာဏ်ကြီးမောင်တို့ သားအဖ ကျုံးတံတားပေါ်ကို လှမ်းကြည့်ကြတယ်။ တံတားပေါ်မှာ ချစ်ခင်ကြင်နာတဲ့ အပြုံးတွေနဲ့ လက်ယမ်းပြနေတဲ့ ကျောင်းဆရာမလေးနဲ့ ဥာဏ်ကြီးမောင် သူငယ်ချင်းတွေ။
ဥာဏ်ကြီးမောင်က ရွှံ့စက်တွေ ပေကျံနေတဲ့ ပါးလေးတွေ ဖောင်းနေအောင် ပြုံးနေတယ်။ သားဟာ သည်လို ပြုံးထားရင် အင်မတန် ချစ်စရာကောင်းတဲ့ ကလေး။ သားကို အဲလိုလေး အမြဲတမ်း ပြုံးနေစေချင်တယ်။ အို … အရေးထဲမှာ စက်ဘီးဘဲလ်သံက မြည်လာပြန်ပြီ။ ညောင်ပင်ခြေက စက်ဘီးလေးကို သားအဖ နှစ်ယောက်လုံး မမြင်ဟန် ဆောင်ကြတယ်။ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်မိကြတယ်။ မညာနဲ့ သားရယ်။ မင်းမျက်လုံးတွေ စက်ဘီးလေးကို မက်မက်မောမော လှမ်းကြည့်လိုက်တာ အဖေ မြင်ပါတယ်။ မျက်လုံးထဲက ဒဏ်ရာလေးတွေကိုလည်း အဖေ မြင်ပါတယ်။
စိတ်ချသား ကျောင်းဖွင့်ရင် ဆုရအောင် ကြိုးစားဦး သားရယ်လို့ အဖေ မပြောတော့ပါဘူး။ အဖေ မညာချင်ဘူး။
အို … ခက်လိုက်တာ။ စက်ဘီးဘဲလ်သံက မြည်လာပြန်ပါပြီ။ "တီးတောင်၊ တီးတောင်" တဲ့ …။
🔲
နုနုရည် အင်းဝ
ဧပြီ၊ ၁၉၈၉။
(၁၉၈၉ ခုနှစ်တုန်းက သာရမဂ္ဂဇင်းအတွက် ကျမရေးတဲ့ ဝတ္ထုလေး တပုဒ်ကို (ဆန်ရင်း နာနာဖွပ်တတ်ပီး ချီးကျူးခဲလှတဲ့) ဆရာ မောင်သာရကတော့ သူ့ထုံးစံ သူ့ဟန်ပန်အတိုင်း အသံ လေးလေးကြီးနဲ့ “ကောင်းတယ်ဟ … ငါတို့ ငယ်ငယ်တုန်းကလဲ စက်ဘီးဆို သိပ်စီးချင်တာ သိပ်လိုချင်တာ လူပျိုပေါက်စမှာ စက်ဘီးမြင်တာနဲ့ တက်ခွချင်တာဟ ...” တဲ့ ...။
အဲဒီဝတ္ထုလေးကို တလုံးချင်းဖတ်ပီး အပြစ် အနာ အဆာ ရှာရတဲ့ စိစစ်ရတဲ့ စာပေစိစစ်ရေးမှူး တယောက်ကတော့ (အံ့ဩစရာပါပဲ) ဒီဲဝတ္ထုလေးကို အပြစ်အနာအဆာ ရှာဖို့ ဖတ်နေရင်းကပဲ ရှိုက်ကြီးတငင် ငိုကျွေးခဲ့ရပါသတဲ့ …။
ကျမ ဝတ္ထုလေး နာမည်က “ဥာဏ်ကြီးမောင်တို့ သားအဖ”တဲ့ ...။)
No comments:
Post a Comment