May 12, 2018

စစ်ပွဲပြီးချိန်

စစ်ပွဲပြီးချိန်
။။။။။။။။။။။။။။။

ယဉ်ကျေးမှုဟာ လက်နက်ပဲ
သေနတ်နဲ့ချိန်ထားတဲ့လက်ကို ဓားနဲ့ဝင်ခုတ်လို့မရတော့
သေနတ်ချင်း ယှဉ်ပစ်ကြတယ်
လက်ချည်းဗလာကောင်တွေ လဲကျ။

စစ်ကို ထောက်ခံပါတယ်
စစ်ကို ရင်ကော့ပြီးခံပါတယ်
စစ်ကို လက်ပြတ်၊ခြေပြတ်၊ခေါင်းပြတ်၊ဘဝပြတ်/ပျက်ပြီး ခံပါတယ်
စစ်ကသာ အစစ်မခံဝံ့တာ။

မတည့်အတူနေ မမြင်ချောင်းပစ်
ငါဘက်ကကြည့်တော့ မင်းက အမြှောက်ကြီးနဲ့ချိန်ထားတာ
မင်းဘက်ကကြည့်တော့ ငါက တင့်ကားတွေ အဆင်သင့်
သတ္တိရှိရင် လက်နက်ချ
သတ္တိမရှိရင် ဆက်တိုက်ကြပေါ့။

မင်းလည်း နိုင်တယ်၊ ငါလည်း နိုင်တယ်
ရှုံးတာကတော့ ပြည်သူတွေပဲ
မင်းက သယံဇာတတွေကို အကာအကွယ်ယူထားပြီး
ငါက အာဏာကတုတ်ကျင်းထဲ နေရာယူထားတယ်
ပစ်ကွင်းထဲ ဖြတ်ပြေးနေတာကတော့ ပြည်သူတွေပဲ။

လှေခွက်ကြီးလည်း မကျန်တော့ဘူး
အလံကလည်း မလဲသေးဘူး။

တစ်ချိန်ချိန်မှာ စစ်ပွဲကြီး ပြီးတန်ကောင်းပါရဲ့
စစ်သားတွေ အကုန်သေပြီး လက်နက်တွေ ရှင်ကျန်ရစ်တဲ့အချိန်။    ။

ရင်ရိုး
20-12-2016

ငြိမ်းချမ်း​ရေး

ငြိမ်းချမ်း​ရေး
llllllllllllllll

လေဟာနယ်​ထဲ
ကျည်​ဆံနှစ်​​တောင့်​ထိပ်​တိုက်​​တွေ့ကြတယ်
တစ်​​တောင့်​က သံလွင်​ခက်​က​လေးကိုကိုက်​ချီသွားတယ်
တစ်​​တောင့်​က ချိုးငှက်​က​လေးကိုထိုးသုတ်​သွားတယ်

တိုက်​ပွဲမှာ
စစ်​သားနှစ်​​ယောက်​ထိပ်​တိုက်​​တွေ့ကြတယ်
တစ်​​ယောက်​က သံလွင်​ရွက်​က​လေး​တွေကို​ခြွေချပစ်​လိုက်​တယ်
တစ်​​ယောက်​က ချိုးငှက်​က​လေးရဲ့​တောင်​ပံ​တွေကိုရိုက်​ချိုးပစ်​လိုက်​တယ်

ဆွေး​နွေးပွဲမှာ
ခေါင်း​ဆောင်​နှစ်​​ယောက်​ထိပ်​တိုက်​​တွေ့ကြတယ်
တစ်​​ယောက်​က ​ပျောက်​​နေတဲ့သံလွင်​ခက်​က​လေးကိုအရင်​ရှာဖို့ကမ်းလှမ်းတယ်
တစ်​​ယောက်​က ဖမ်းထားတဲ့ချိုးငှက်​က​လေးကိုပြန်​လွှတ်​ဖို့​တောင်းဆိုတယ်

ဒုက္ခသည်​စခန်းမှာ
ဒုက္ခိတနှစ်​​ယောက်​ထိပ်​တိုက်​​တွေ့ကြတယ်
တစ်​​ယောက်​က​ခြေတု​ပေါ်မှာ​ရေးထားတဲ့စာတန်းက​လေးကိုရွတ်​ပြတယ်
တစ်​​ယောက်​ကချိုင်း​ထောက်​မှာ​ရေးထားတဲ့စာတန်းက​လေးကိုဖတ်​ပြတယ်
`ကမ္ဘာ​မြေ ငြိမ်းချမ်းပါ​စေ´...တဲ့။

အောင်​ကိုကိုလတ်​(တမူး)
4.10.2014

May 11, 2018

ဘုရင်​မ

ဘုရင်​မ
__________ဒတ္ထ

ငါ့လက်​ကို ဆုပ်​ကိုင်​၍
ငါ့ထီးနန်းကို ပိုင်​ဆိုင်​​တော်​မူပါ....

ငါစိုက်​ပျိုး​သော ပန်းကို ပန်​ဆင်​၍
ငါ့ရင်​ခွင်​ကို ပလ္လင်​အဖြစ်​ ခင်းကျင်း​တော်​မူပါ...

အလည်​လွန်​တတ်​တဲ့ ငါ့အတွက်
ည မထွက်​ရအမိန့်​ထုတ်​ပြန်​ပြီး
ချစ်​ အုပ်​ချုပ်​​ရေးနဲ့ ထိန်းချုပ်​​တော်​မူပါ...

ငါတစ်​ဦးတည်းရဲ့နိုင်​ငံ​တော်​မှာ
မင်းရဲ့နှုတ်​ထွက်​စကားမှန်​သမျှ
ဥပ​ဒေကဲ့သို့ အာဏာတည်​​စေရမှာပါ...

ငါ့နိုင်​ငံ​တော်​ရဲ့
တစ်​ခုတည်း​သောစည်းမျဉ်းကို​တော့ မင်းလိုက်​နာပါ
အဲဒါက
ငါ့ကို ဘယ်​​တော့မှ "မမုန်းရ" ...

ဇန်​နဝါ၇ီ ၁၅ ၊ ၂၀၁၆
.

ကျွန်တော်တို့ ပတ်ဝန်းကျင်က နာမည်များ

ကျွန်တော်တို့ ပတ်ဝန်းကျင်က နာမည်များ
@~~~~~~~~~~~~~~~~~~~~~@
စ/ဆုံး
နီကိုရဲ

                        ကျွန်တော်တို့ ဆွေမျိုးများထဲတွင် နာမည်နှင့် ပတ်သတ်၍ အကြီး အကျယ် ပြဿနာ တက်ခဲ့ရဖူးသော ဖြစ်ရပ် တစ်ခု ရှိခဲ့ဖူးသည်။ ကျွန်တော် အမေ ဘက်မှ အမေကြီး ဒေါ်ကောက်၏ မောင်၊ ကျွန်တော့် အဘကလေး၏ သား အကြီးဆုံး မွေးခဲ့စဉ်က ဖြစ်သည်။ ထိုခေတ် ထိုအခါက မြန်မာ့ ရုပ်ရှင် လောကတွင် မင်းသားကြီး မြင့်အောင်မှာ နာမည် အင်မတန်ကြီး နေချိန်လည်း ဖြစ်ပါသည်။ ထို မင်းသားကြီး ဦးမြင့်အောင်ကို ကျွန်တော်တို့ နတ်စင်ဘောက်ထော် ရွာသားများ အရူးအမူး နှစ်သက်ကြ၊ ကြိုက်ကြသည်။ ကျွန်တော့် ဒေါ်လေးများမှ အစ တစ်ရွာလုံး အပျိုတွေ သည်းသည်းလှုပ် မြင့်အောင် ဖြစ်နေကြချိန်ပင် ဖြစ်သည်။ ရုပ်ရှင် မင်းသားကြီး ဦးမြင့်အောင်က သာဓုခြံတွင်လာရောက် ရုပ်ရှင် ရိုက်ကြသည့်အခါ ကျွန်တော့် အဒေါ်တွေ ခြံအပြင်က သွားချောင်းကြည့်ကြရင်း ထမင်းတွေ၊ ဘာတွေပင် ငတ်ဖူး သည့်အထိ ဖြစ်သည်။
                         ထိုခေတ် ထိုအချိန်က ရုပ်ရငှ် မင်းသား၊ မင်းသမီး အပြိုင်နည်း ကြသဖြင့် တစ်ဦးတည်း နှစ်ဦးတည်းသော မင်းသား မင်းသမီး များ အပေါ် သူတို့ မြတ်နိုး ချစ်ခင်ပုံ အထင်ကြီး လေးစားပုံက ဒီနေ့ခေတ် ထက် ပိုဆိုးမည် ဟု ထင်ပါသည်။ ပြဿနာက ကျွန်တော့် အဘကလေး၏ သားဖြစ်သူက ကြာသပတေးနေ့တွင် မွေးသည်။ တစ်မျိုးလုံး၊ တစ်ဆွေလုံး ပျော်လိုက် ကြသည့်ဖြစ်ခြင်း၊ ပျော်ရခြင်းက မြေးကလေး၊ သားကလေး၊ မောင်ကလေး ရသည်က တစ်မျိုး၊ ထိုမြေးကလေး၊ သားကလေး၊ မောင်ကလေးသည် ကြာသပတေးနေ့မှာ မွေးသည်က တစ်မျိုးကြောင့် ဖြစ်၏။ အားလုံး သဘော တူညီချက်အရ (ဗေဒင် ဆရာ မပါ) ထို ကလေးကို မြင့်အောင် ဟု နာမည်မှည့်ကြ ခြင်းပင် ဖြစ်သည်။ သောကြာနေ့က စ၍ မြင့်အောင် မြင့်အောင် နှင့် ထိုကလေးကို မိုးမွှန်အောင် ခေါ်ကြ၏။
                        ထိုနာမည် ပေးကြောင်း ပြောကြြွကားကြ၏။ ထိုမှာပင် ပြဿနာက စလေသည်။ ကျွန်တော် တို့ ခြံနှင့် သုံးခြံလောက် အကွာ တိုက်အိမ်ကြီးမှ ချမ်းသာသော မိသားစု ကလည်း ကျွန်တော့် အဘကလေး၏ သားထက် တစ်ပတ် စောမွေးသော သူတို့ မြေးကလေး ကြာသပတေးသားကို မြင့်အောင်ဟုပင် နာမည် ပေးထားကြသည်။ ကျွန်တော်တို့က ထို နာမည် ပေးကြောင်းကို သိကြ သောအခါ သူတို့ဘက်က စကားသံ ထွက်လာသည်။ သူတို့က အရင် ပေးတာ ဖြစ်ကြောင်း၊ ထိုကြောင့် သူတို့ကို လိုက်တုကာ နောက်မှ ပေးတာ မခံနိုင်ကြောင်း၊ ပြောင်းပေး စေချင် ကြောင်းပင် ဖြစ်သည်။
                         ဒီမှာပင် ကျွန်တော်တို့ဘက်က လည်း မလျှော့ကြ။ သူတို့ ထိုနာမည် ပေးထားတာ မသိကြောင်း၊ မြင့်အောင်ကို ကြိုက်၍ မြင့်အောင် ပေးထားကြောင်း၊ ပြောင်းမပေး နိုင်ကြောင်းပင် ဖြစ်သည်။ နောက်တစ်ချက်က ကျွန်တော်တို့ ဆွေမျိုး အသိုင်းအဝိုင်းထက် ဟိုတစ်ဖက်က ပို၍ ငွေကြေး ပြည့်စုံကာ ဂုဏ်ရှိ ကြသည်။ ထိုအချက်ကို အကြောင်းပြုကာ သူတို့က သူတို့မြေး၊ သူတို့သားနှင့် ကျွန်တော်တို့ ကလေးကို နာမည် အတူမခံနိုင်ကြောင်း ပြောကြ၏။ သူတို့ဘက်မှ အဒေါ် တစ်ယောက်က အိမ်ကို လာကာ ထိုကိစ္စကို တစ်ဆင့် စကားနှင့် မဟုတ်ဘဲ တရားဝင် ပြောသည်။ သူတို့က ရက်ဦးကြောင်း၊ နောက်ဆုတ် ပေးစေချင်ကြောင်း၊ သူတို့က သူတို့ တူကို အကျွေးအမွေးနှင့် နာမည် ပေးမှာ ဖြစ်ကြောင်းတွေ ပါသည်။
                            ဒီဘက် ကလည်း မခံနိုင်၊ သူတို့က ငွေရှိတာနဲ့ တို့က ပြောင်းရမလား၊ သူတို့လိုပဲ တို့လည်း တို့တူကို အကျွေးအမွေး နှင့် ကင်ပွန်းတပ် မှာပေါ့ ဖြစ်လာ ကြသည်။ အဒေါ်တွေ၊ အဒေါ်တွေ ညီမ တွေချင်း တွေ့လျှင် ခနဲ့ကြ၊ စောင်းကြ၊ မြောင်းကြ ဖြစ်လာ ကြသည်။ ထိုကိစ္စသည် ဘကြီး၊ ဘထွေး အထိ ခေါင်းခဲလာကြ၏။ လူကြီးတွေ အေးစေလို၍ ပြောင်းပေးရန် နားချ သော်လည်း မာန်ရှိသော လူငယ်တွေက စကားတွေ အလွန်အကျွံ ပြောထား ကြပြီ ဖြစ်သဖြင့် မရတော့ပြီ။ မြင့်အောင် မှ မြင့်အောင်ပဲ တစ်ပြားမှ မလျှော့နိုင်ကြ။ နောက်ဆုံး တစ်ဖက်နှင့် တစ်ဖက် စောင်းမြောင်းသည် အထိမှ တရားဝင် စကားများ ကြသည်။ နာမည်နှင့် မဆိုင်သော အခြား နိုင်ကွက် ပိုင်ကွက် များကို ပြောကြပြီ။ တဲအိမ် နဲ့နေပြီး မြင့်အောင် မှည့်တော့ ဘာဖြစ်မှာမို့လဲ၊ ဟိုမင်းသား မြင့်အောင်သာ ကြားရင် စိန်စားသေမှာ။ ဟေ့ တို့ မြင့်အောင်က ရိုးသားတဲ့ မြင့်အောင်ကွ။ ဂေါပကမြေး မြင့်အောင် မဟုတ်ဘူး။
                              ဟိုဘက်က ဂေါပကလုပ်သူ ဘကြီးလည်း မနေရ၊ ဒီဘက်က နားနည်းနည်း လေးသူ အဘကလေးလည်း မနေရတွေ ဖြစ်ကုန်။ နိုင်ရာဆိုင်ရာ လူတွေ ကျိတ်တား ကြသော်လည်း မရတော့။ မြင့်အောင် နာမည်လုပွဲကြီး ဆင်နွှဲကာ အဒေါ်လုပ်သူတွေ နပန်းလုံးကာ ကုတ်ကြ ဖဲ့ကြသည်။ ညီမဖြစ်သူတွေ ဆံပင်ဆွဲကာ ဆော်ကြတီးကြ ဖြစ်ကုန် ကြသည်။ ဘေးက အမှန် အတိုင်း ဖြစ်စေချင် ကြသူတွေလည်း အုပ်စုကွဲ ကုန်ကြ၏။ ကိုယ့်ဘက်က စောတာပဲ ဘာဖြစ်လို့ ပြောင်းရမှာလဲ၊ သက်သက် ခွတိုက်တာ၊ မပြောင်းနဲ့ ဆိုသူတွေက ဟိုဘက် တိုက်ကို သွားကြပြီး ပိုက်ဆံရှိရင် ရွှေပဲဝယ်လို့ ရမယ်၊ နာမည်ဝယ်လို့ ရမလား၊ ဒါသက်သက် တင်စီးတာ၊ ငါ့မိန်းမတောင် မမွေးသေးလို့ မွေးရင် ဘာနေ့သားပဲ ဖြစ်ဖြစ် မြင့်အောင်လို့ ထပ်ပေး လိုက်ချင်သေး မပြောင်းနဲ့ ဆိုသူတွေကလည်း ကျွန်တော်တို့ ခြံဘက်ကို လာကြ၏။
                            နောက်ဆုံး မြင့်အောင်အရေး မြင့်အောင် ဘေးက ဆရာတော် ဘုရားထံ ရောက်သွား၏။ ဆရာတော်က နှစ်ဖက် ဆွေမျိုးတွေခေါ် ၊ ရှေ့တွင် မေးကာ အဆုံးအဖြတ် ပေးသည်။ အရင်မွေး၍ အရင်ပေး သူက နာမည်ယူကာ နောက်မွေး သူက နာမည် ပြောင်းစေ။ ကျွန်တော့် ဒေါ်လေးတွေ မျက်ရည်ကျကာ နှပ်ညှစ် ကြသည်။ ရွာဦး ဆရာတော် ဆိုတော့ ဘာမှလည်း စောဒက မတက်နိုင်ကြ၊ လိုက်နာဖို့ပဲ ရှိသည်။ မြင့်အောင်ကို ပိုင်သွား သူက ဆရာတော်နှင့် သံဃာတော် ငါးပါး ပင့်ကာ နာမည်ပေး ကင်ပွန်းတပ်သည်။
                          ကျွန်တော်တို့ ဘက်ကလည်း ဆရာတော် ဆုံးဖြတ် သလိုနာမည်ပြောင်း ပါသည်။ သို့သော် ပြောင်းသည့် နာမည်က အောင်မြင့် ဖြစ်၏။ ထိုထက်တော့ မလျှော့နိုင်။ တစ်ဖက် ကလည်း မြင့်မအောင်ရင် ပြီးရော၊ သူ့ဘာသာ ဘာပဲမြင့်မြင့်။ မင်းသားကြီး ဦးမြင့်အောင် ကတော့ ဘာမှ သိလိမ့်မည် မထင်ပါ။ သို့နှင့် ကြီးလာကြတော့ ထိုမြင့်အောင် နှင့် အောင်မြင့်သည် ရွယ်တူ ယောကျာ်းလေးတွေ ဖြစ်လာကာ အတူတူ ကစားကြသည်။ ဆော့ကြသည်။ ထိုအထိ လူကြီးတွေက မခေါ်နိုင် မပြောနိုင် ရှိကြသည်။ ယခုထက် ထိလည်း ထိုမြင့်အောင်နှင့် အောင်မြင့် သက်ရှိ ထင်ရှား ရှိနေပါ သေးသည်။ ကျွန်တော့် ဦးလေး အရှုံးသမား ကိုအောင်မြင့်က ရေဖြူမြို့နယ်သူ နှင့် အိမ်ထောင်ကျကာ ထို အရပ်မှာ ရှိလေသည်။ အနိုင်ရသူ မြင့်အောင် ကတော့ ဘယ်မှာလဲ ကျွန်တော် မသိ။
                                   (၃-၄-၂၀ဝ၀) ရက်နေ့က စာရေးဆရာကျော် တာရာမင်းဝေ၏ ဇနီး မနော်ဟရီက သားဦးလေးကို အောင်မြင်စွာ မွေးဖွားလိုက်ကြောင်း သိရသည်။ ကလေးကို သွားကြည့်တော့ နီတာရဲကလေး ဖြစ်သည်။ သို့သော် မည်သည့် ကလေးမဆို မွေးလာလျှင် နီတာရဲကလေး ဖြစ်သဖြင့် ထိုနာမည်ကို စကားလုံး အရှာ တော်သော တာရာမင်းဝေ ယူလိမ့်မည်ဟု ကျွန်တော် မထင်ပါ။
သူ ဘာနာမည် ကင်ပွန်းတပ်မလဲ။ ကျွန်တော် စိတ်ဝင်တစား သိချင်နေပါသည် ခင်ဗျား။ ။
##====@@@====##
နီကိုရဲ
သဘင်အနုပညာ ဂျာနယ် ၆၇။
လူနှင့် သူတို့ ၏ဟာသများ။                                  ပြန်လည်မျှဝေပါသည်                                           မွန်းလေးဖေဖေ

ဘယ်ဘက်လက်ထဲမှာ ဝှက်ထားတဲ့ ပုံပြင်

"ဘယ်ဘက်လက်ထဲမှာ ဝှက်ထားတဲ့ ပုံပြင်"
======================

                                    #တာရာမင်းဝေ

တစ်နေ့မှာ မစ္စတာ ရှားလော့ဟုမ်းနဲ့ ဒေါက်တာဝယ်လ်ဆင်တို့ စကားစမြည်ပြောနေတုန်း လူတစ်ယောက်ဟာ တိုက်ခန်းထဲကို ပြာယိပြာယာနဲ့ ဝင်လာသတဲ့။ သူ့ကိုကြည့်ပြီး မစ္စတာဟုမ်းက ဆီးပြောလိုက်သတဲ့။
“ဘုရားကပြန်လာတဲ့လူထင်တယ်…ဟုတ်စ”
“ဟုတ်ပါတယ်”
“ဒီနေ့က ဘာသာရေးနေ့ကြီးရက်ကြီးဖြစ်တာရယ်၊ ဘုရားဖူးဝတ်စုံမျိုး ခင်များဝတ်ထားတာရယ်၊ ခင်များအိတ်ထဲမှာ လုံးထွေးထည့်ထားတဲ့ ပုတီးရယ်ကြောင့် ခုလိုမျိုးပြောနိုင်တာပါ ဒါထက် ဗေဒင်လဲ မေးလာတယ်ထင်တယ်”
“ခင်ဗျာ…ဟုတ်ပါတယ်”
“ခင်ဗျားကိုယ်မှာဝတ်ဆင်ထားတဲ့ အဆောင် ယတြာ လက်စွပ်ဆွဲကြိုးတွေအရ ခင်ဗျားဟာ ဗေဒင်ကို ယုံကြည်သူတစ်ယောက်ဆိုတာ သိသာပါတယ် ဘုရားက ဗေဒင်ဆရာတယောက်ဆီမှာ ခင်ဗျားဗေဒင်ဝင်မေးလာခဲ့မယ်။ သူက ခင်ဗျားကို စိတ်မချမ်းသာစရာတွေ ဟောပြောလိုက်မယ်။ မရေရာတဲ့ အန္ဒရာယ်တစ်ခုခုလွယ်ပိုးထားရတဲ့ လူတစ်ယောက်ရဲ့ မျက်နှာအမူအရာမျိုး ခင်ဗျားစီမှာတွေ့ရတယ်”
“ခင်ဗျာ…ဟုတ်ပါတယ်”
“ကျုပ်ဆီကို ရောက်လာတယ်ဆေိုတော့ ဗေဒင်ဆရာက ခင်ဗျားကို အသက်အန္ဒရာယ်ရှိတယ်တို့၊ အမှုအခင်းကြုံနိုင်တယ်တို့ ရန်သူရှိမယ်တို့… အဲ့ဒါမျိုးကိုဟောလိုက်ပုံရတယ်”
“ခင်ဗျာ…ဟုတ်ပါတယ်”
“အဲ့ဒါကြောင့် ကျုပ်ဆီကို အမှုလာအပ်တယ်ဆိုပါတော့”
“ခင်ဗျာ…ဟုတ် ဟုတ်ပါတယ်ခင်ဗျ”
“ကဲကဲ အဖြစ်အပျက်ကို ဆိုစမ်းပါဦး”
“ဗေဒင်ဆရာကတော့ ခပ်နုံနုံချာချာပါပဲ မစ္စတာဟုမ်း။ ကျွန်တော်ကလည်း အပျော်သဘောဝင်မေးကြည့်တာပါ။ လူချမ်းသာပုံပေါက်နေတဲ့ ကျွန်တော့ပုံစံကိုကြည့်ပြီး ဗေဒင်ဆရာက ကြေးကြီးကြီးတောင်းပါတယ်။ သူ့အတွက် မက်မောစရာဖြစ်ပေမယ့် ကျွန်တော့်အတွက် အပန်းမကြီးတဲ့ ငွေဖြစ်နေလို့ ကျွန်တော်ပေးလိုက်ပါတယ်။ အဲ့အချိန်မှာ သူက ကျွန်တော့်ကို ခုနက မစ္စတာဟုမ်းပြောတဲ့ အချက်တွေဟောလိုက်ပါတယ်”
“အင်း ဆက်ပြောပါမိတ်ဆွေ”
“ကျွန်တော်ရဲ့ရန်သူဟာ နာမည်မှာ ခ၊ ထ၊ သ၊ မ၊ အ ဆိုတဲ့ စာလုံးမျိုးတွေပါမယ်လို့ဆိုပါတယ်။ ကျွန်တော့်ရဲ့ စီးပွားပြိုင်ဘက်တွေထဲမှာလည်း အဲ့ဒီ့နာမည်တွေပါပါတယ်။ ရက်ပိုင်းအတွင်းမှာ ကြုံမယ့်ကိစ္စ ဆိုတော့ ကျွန်တော် တော်တော်စိုးရိမ်မိပါတယ်။ သူကကျွန်တော့ကို စမအဆောင် တစ်ခုကိုပေးပါတယ်။ အဲ့ဒီစမကို လက်ဖဝါးထဲမှာ ထည့်ဆုပ်ခိုင်းပါတယ်။ အဲ့ဒီ စမ သတ္တုလိပ်ကလေးက လက်ထဲမှာတိုးသလား၊ လက်ဖဝါးထဲမှာ ပုရွက်ဆိတ်သွားသလို ရွရွရွရွနေသလားလို့ မေးပါတယ်”
“အင်း အဲ့ဒီတော့”
“သူပြောတဲ့အတိုင်းဖြစ်ပါတယ်။ အဲ့ဒီတော့ စမကို ဆောင်ထားဖို့ပေးလိုက်ပါတယ်။ အဲ…စမဖိုးကို ထပ်တောင်းလို့ ထပ်ပေးရပြန်ပါတယ်။ အဲ့ဒီစမကိုဆောင်ထားမှာပါ။ ဒါပေမယ့်ပိုပြီးသေချာလုံခြုံမှုရှိအောင် မစ္စတာဟုမ်းဆီ အမှုလာအပ်တာပါ”
“အဲ့ဒီဗေဒင်ဆရာရဲ့ နာမည်နဲ့ နေရပ်က”
အမှုလာအပ်သူက မဆိုင်းမတွ ပြောပြပြီး မစ္စတာဟုမ်းကို အမှုအပ်ခ ဘယ်လောက်တောင်ပေးရမလဲ လို့မေးသတဲ့။ မစ္စတာဟုမ်းက ခပ်ပြုံးပြုံးရယ်ပြီး ခေါင်းခါပြတယ်။ ပြီးခပ်ပြတ်ပြတ်ပဲပြောလိုက်တယ်တဲ့။
“ခင်ဗျားအမှုကို ကျုပ်လက်မခံဘူး”
ဟိုလူက မျက်နှာငယ်သွားပြီး
“ခင်မျာ ဘာဖြစ်လို့လဲ”
“ခင်ဗျားရဲ့အမှုက အမှုမှမဟုတ်ပဲ နောက်ပြီး အဲ့ဒီ့ဗေဒင်ဆရာပြောတဲ့ကိစ္စတွေက ခင်ဗျားမှာ ဖြစ်မလာစေရဘူးလို့ ကျုပ်အာမခံတယ်။ ဒီမှာ ကျုပ်စာရေးပြီး လက်မှတ်ထိုးပေးလိုက်မယ်”
မစ္စတာဟုမ်းရဲ့ အကြည့်၊ အပြောနဲ့ ရဲဝံ့တဲ့ အာမခံချက်ကြောင့် အမှုလာအပ်သူဟာ ဝမ်းမြောက်ဝမ်းသာဖြစ်ပြီး ပြန်သွားတယ်။ အဲ့ဒီ့လူပြန်သွားတော့ ဒေါက်တာဝယ်လ်ဆင်က မစ္စတာဟုမ်းကိုမေးတယ်။
“အဲ့ဒီ့ဗေဒင်ဆရာကြောင်းခင်များသိလို့လား”
“မသိပေါင်ဗျာ”
“စုတ်စုတ်နုတ်နုတ်နဲ့ ငွေမက်တဲ့ ဗေဒင်ဆရာဖြစ်နေလို့လား”
“ဥပဓိရုပ်မကောင်း၊ အကျင့်မကောင်းပေမယ့် ပညာကောင်းသူတွေလဲ ရှိသားဗျ”
“သူ့ စမ ဆိုတာကတော့ ဆန်းသလိုပဲနော်”
“ခင်များကလဲဗျာ ပညာတတ်ဆရာဝန်တစ်ယောက်လုပ်နေပြီး ဒါမျိုးတော့ ဖြစ်တတ်ပါတယ်။ လက်ဖဝါးက သွေးခုန်နှုန်းကြောင့်လဲ ဖြစ်နိုင်တယ်။ စိတ်ပညာရဲ့ ဟုတ်ယောင်ထင်မှားမှုကြောင့်လဲဖြစ်နိုင်တယ်”
“ရန်သူကို အမည်စာလုံးတွေ ထောက်ပြသွားတာကရောဗျာ”
“ပညာလဲစစ်နိုင်တယ် အလိမ်အညာလဲဖြစ်နိုင်တယ် အဲ့ဒီမှာ ဒီကိစ္စ ကိုရှင်းလိုက်နိုင်တာပဲ”
“ပြောပါဦးဗျ”
“အလိမ်အညာဆိုရင်တော့ ပြီးတာပဲဗျ သူပြောတာယုံစရာမှ မရှိတာကိုး”
“ပညာဆိုရင်ရောဗျာ”
“သူ့ ရန်သူအမည်မှာ ပါမယ့် အက္ခရာ တွေကို ခင်ဗျားမှတ်မိလား”
“အင်း မှတ်မိပါရဲ့”
“ဗေဒင်ဆရာရဲ့ နာမည်က ဘယ်သူတုံးဗျ”
“ဗေဒင်ဆရာရဲ့ နာမည်က ဟင်… ဗေဒင်ဆရာနာမည်မှာ အဲ့ဒီစာလုံးတွေအကုန်ပါနေပါလား”
“ရန်သူပြောတာကရော ယုံရမလား”
“ဗေဒင်ဆရာက သူ့ရန်သူဖြစ်နေတာကိုး”
မစöတာဝယ်လ်ဆင်က အားရပါးရ အော်ရယ်တယ်တဲ့။ ပြီးတော့လဲပြောတယ်။
“ဘာပဲဖြစ်ဖြစ်သူ့အဖြစ်က ဆိုးပါတယ်ဟုမ်းရယ်”
မစ္စတာဟုမ်းက ဆေးတံကြီးကိုပြုံးပြုံးကြီး ဖွာပြီး မေးတယ်။
“ဘယ်လိုဆိုးတာတုန်းဗျ”
မစ္စတာဝယ်လ်ဆင်က တွေးတွေးဆဆနဲ့ ဒဿနဆန်တဲ့ မှတ်ချက်ကို ချတယ်။
“အော်…ရန်သူ့စီမှာမှ ဗေဒင်သွားမေးမိတာကိုးဗျ”…တဲ့။

                                       တာရာမင်းဝေ

အာလူးကောက်သူများ

" အာလူးကောက်သူများ "
==============

                             #တာရာမင်းဝေ

(၁)

ကျွန်တော့်အတွက်ကတော့ ထူထဲလေးလံနေတဲ့အမှောင်ကို စောင်လိုခြုံထားရတဲ့ညပါပဲ။ အနက်ရောင်မြူတွေက လူပေါ်ကို တလွင့်လွင့် ခုန်ချနေကြတယ်။ အဲဒီအခိုက်အတန့်မှာ ဟိုးအဝေးကနေ တစ်စစ နီးလာတဲ့ ညခြေသံတစ်ခုကို ကျွန်တော် ကြားလိုက်ရတယ်။

" ဖျပ် ဖျပ်……ဖျပ် ဖျပ် "

ကျွန်တော်က ခြေသံတွေကို အသက်အောင့်ပြီး နားထောင်နေရတယ်။ မြေပက်ကြားအက်တို့ ဆွဲဆွဲငင်ငင် အူနေကြသလို ခြေသံတွေကလည်း ဆွေးမြည့်ရှည်လျားလှတယ်။ ဒါပေမယ့် နောက်ဆုံးတော့ ခြေသံတို့ တိုးတိတ်သွားတယ်။ ခြေသံရှင်ဟာ ကျွန်တော်ရဲ့မလှမ်းမကမ်းမှာ ရောက်နေပါပြီ။ အဖြူရောင်မီးခိုးတွေက သူ့ရှေ့မှာ ဒိုင်းလိုကာထားကြလို့ ကျွန်တော်ကြည့်ရတာ ဝေဝေဝါးဝါးဖြစ်နေတယ်။ မီးခိုးဖြူတွေ လွင့်ပျံပြယ်ရှင်းသွားတော့မှပဲ လူတစ်ယောက်ကို မြင်ရတယ်။ အဲဒီလူဟာ လွင့်မျောနေတဲ့ ဆံမျှင်ရှည်တွေနဲ့ စိတ္တဇဆန်တယ်။ မသေသပ်တဲ့ တေလေဝတ်ရုံတစ်ထည်နဲ့ ဒီညကို ပင်လယ်လို ဖြတ်ကူးလာခဲ့တယ်။ သူ့ကိုယ်မှာလည်း နှင်းမြူတွေ ဖိတ်လက်စိုရွှဲလို့။ ကျွန်တော်က သူ့ကို မေးလိုက်တယ်။

" ခင်ဗျားက ဘယ်သူလဲ "

သူ့ဖြေသံက တိုးညှင်းပေမယ့် ပြတ်သားတယ်။

" ငါ…ဗင်းဆင့်ဗန်ဂိုး "

" ဟင် "

ကျွန်တော် အပြင်းအထန် ဝမ်းသာသွားတယ်။ သူကတော့ တည်ငြိမ်စွာ ရပ်တန့်နေရင်းက ကျွန်တော့်ကို မေးလာတယ်။

" မင်း…ငါရဲ့အာလူးစားသူများဆိုတဲ့ ပန်းချီကားကို သိလား "

ခေါင်းညိတ်ရင်း ပြန်ဖြေလိုက်တယ်။

" သိတာပေါ့။ အဲဒီပန်းချီကားရဲ့မိတ္တူပုံတွေကိုလည်း ကျွန်တော်ကြည့်ဖူးတာပေါ့။ သိပ်ကြိုက်တယ်။ ပန်းချီကားထဲမှာ အာလူးကိုကြည့်နေတဲ့ လူတွေရဲ့မျက်လုံးတွေကလည်း သိပ်လက်ရာမြောက်တယ်။ အဲဒီမျက်လုံးတွေဟာ ဆာလောင်မွတ်သိပ်မှုတွေနဲ့……"

ကျွန်တော်က အားတက်သရောနဲ့ ပြောနေတုန်းမှာ သူက ဆူပွက်နေတဲ့ သက်ပြင်းရှည်တစ်ချက်ကို ချတယ်။ လောင်မီးဆန်တဲ့ အဲဒီအငွေ့အသက်ကြောင့် ကျွန်တော့်စကားတွေ ရပ်သွားရတယ်။ သူက အက်ကွဲကွဲလေသံနဲ့ ပြောလာတယ်။

" အဲဒီပန်းချီကားပေါ့ကွာ ... "

ကျွန်တော်က နားမလည်ပါ။

" အဲဒီပန်းချီကားက ဘာဖြစ်လို့လဲ "

ကျွန်တော်မေးတော့ သူက အနောက်ဘက် အမှောင်ထုထဲကို လက်နဲ့ တစ်ချက်ဝှေ့ယမ်းလိုက်တယ်။ သူ့လက်ထဲမှာ ပန်းချီကားတစ်ချပ်ပါလာတယ်။ ကျွန်တော့်ကို ပြတယ်။

" ကြည့်စမ်းပါဦးကွာ၊ ဒါ အာလူးစားသူများ ပန်းချီကားပေါ့ "

ကျွန်တော်က ဆွဲယူကြည့်ပြီး "ဟင်"ခနဲ ဖြစ်သွားမိတယ်။ သူ့ကို ပြန်မော့ကြည့်တော့ သူက ခေါင်းကို ဖြည်းဖြည်းချင်းညိတ်ပြတယ်။

" အေး …… အဲဒီလိုဖြစ်နေတယ် "

" မျက်လုံး … မျက်လုံးတွေ ဘယ်ရောက်သွားလဲ "

ပန်းချီကားထဲမှာ အာလူးကိုစိုက်ကြည့်နေသူတွေရဲ့ မျက်လုံးတွေ မရှိတော့ဘူး။ သူတို့ဟာ မျက်လုံးဟောက်ပက်တွေနဲ့ ငေးငိုင်နေကြတယ်။ ကျွန်တော် ထပ်မေးလိုက်တယ်။

" မျက်လုံးတွေ ဘယ်ရောက်သွားတာလဲ "

ဗန်ဂိုးက တစ်ပိုင်းတစ်စ နာကြည်းဟန်နဲ့ ပြုံးတယ်။

" ငါလည်း အဲဒါကို သိချင်နေတာပဲ "

" ဟင် …… "

" ဟုတ်တယ် ငါရဲ့အာလူးစားသူများပန်းချီကားထဲက မျက်လုံးတွေ အလိုအလျောက် ပျောက်ဆုံးသွားတယ်။ ငါလည်း လိုက်ရှာနေတာပဲ။ အခုထိတော့ မတွေ့သေးဘူး "

အဲဒီလို ကျွန်တော်တို့စကားပြောနေကြတုန်းမှာပဲ ညကောင်းကင်မှာ မိုးရိပ်လေရိပ်တွေ သက်ဝင်လာကြတယ်။ လေနီကြမ်းတွေကလည်း သစ်ပင်တွေကို တောင်ပံနဲ့ တဖြန်းဖြန်းရိုက်ကြတယ်။ တန်ခိုးရှင်တစ်ယောက်က သူ့လက်ချောင်းတွေကို ကောင်းကင်ဆီ ဆန့်မြှောက်ပြီး မိုးကြိုးတွေ တစ်ပွင့်ချင်း ပစ်ဖောက်နေတယ်။

နောက်တော့လည်း ဗန်ဂိုးဟာ မိုးတွေလေတွေကြားထဲမှာပဲ ပန်းချီကားကိုပိုက်ပြီး ခေါင်းငိုက်စိုက်နဲ့ ပြန်သွားပါတယ်။ ကျွန်တော့်ကိုလည်း ပန်းချီကားထဲက ပျောက်ဆုံးနေတဲ့မျက်လုံးတွေ ကူရှာပေးဖို့ ပြောသွားလေရဲ့။

(၂)

ငြီးငွေ့စရာကောင်းတဲ့ ညနေခင်းဟာ မီးခိုးခေါင်းတိုင်တွေရဲ့ အာပုပ်ငွေ့တွေနဲ့ပဲ ထိုင်းမှိုင်းခြောက်သွေ့နေတယ်။ ကျွန်တော်စီးလာတဲ့ ဘတ်စ်ကားအိုကြီးကလည်း ချိုင့်ခွက်များတဲ့ ကတ္တရာလမ်းပေါ်မှာ ဘီးတပ်ထားတဲ့လိပ်ကြီးတစ်ကောင်လို တွားသွားနေတယ်။ လမ်းဘေးသစ်ပင်တွေက မိုးတိုးမတ်တတ်နဲ့။ လူတွေနဲ့ခွေးလေခွေးလွင့်တွေဟာ တစ်နေရာက တစ်နေရာကို သုတ်သီးသုတ်ပျာ သွားနေကြတယ်။ အားမရှိတဲ့နေရောင်တွေကလည်း မြေပေါ်မှာ ကြောင်စီစီနဲ့ စွန်းပေနေကြရဲ့။

ဘတ်စ်ကားအိုကြီးပေါ်မှာပဲ ကျွန်တော် ငေးမောလိုက်ပါနေတယ်။ အချို့ခရီးသည်တွေက စကားတီးတိုးပြောနေကြတယ်။ ခရီးသည်အများစုကတော့ တစ်ယောက်ကိုတစ်ယောက် စိတ်မဝင်စားကြပါဘူး။ မှတ်တိုင်တွေ တစ်ခုပြီးတစ်ခု ဖြတ်လာတယ်။ လူတွေက တက်လိုက်ကြ၊ ဆင်းလိုက်ကြ။ ဘတ်စ်ကားကြီးထဲ ကိုယ့်ကိုယ်ကို လွှဲဝင်ကြ။ ငှက်တွေ ခေါင်းဝှက်အိပ်ကြသလို အပေါ်ကလက်ကိုင်တန်းကို ခိုပြီး မတ်တတ်ကြီးတွေ လည်လိမ်အိပ်ငိုက်နေကြ။

ကျွန်တော်က အတက်အဆင်းပေါက်ရဲ့ အနီးဆုံးထိုင်ခုံမှာ ထိုင်နေတယ်။ ဘတ်စ်ကားပေါ်တက်လက်စရှိသေးတဲ့ အဘိုးအိုတစ်ယောက်ဟာ ကံအားလျော်စွာ ကျွန်တော့်နံဘေးမှာ နေရာရသွားပါတယ်။ ကျွန်တော် သူ့ကို ဂရုမစိုက်မိပါဘူး။ ဒါပေမယ့် သူက ကျွန်တော့်ကို ခပ်သဲ့သဲ့ ခေါ်တယ်။

" လူလေး "

ကျွန်တော်လှည့်ကြည့်တော့ သူ့မျက်နှာက အေးအေးချမ်းချမ်း ပြုံးနေတယ်။ သူသွားချင်တဲ့နေရာကို ဘယ်မှတ်တိုင်မှာ ဆင်းရမလဲဆိုတာရယ်၊ အဲဒီအတွက် ကားခ ဘယ်လောက်ပေးရမယ်ဆိုတာရယ်ကို မေးတာပါ။ ကျွန်တော်ပြောပြလိုက်တဲ့အခါ သူက ခေါင်းညိတ်ရင်း ဘတ်စ်ကားခအတွက် နှိုက်ယူတယ်။ အဲဒီမှာ သူ့ကို ကျွန်တော် သတိထားမိစရာဖြစ်သွားတယ်။
(အဘိုးအိုဟာ ဘတ်စ်ကားစီးနေကျလူ မဟုတ်ဘူး။ သူက ဘတ်စ်ကားစီးစရာမလိုတဲ့ လူတန်းစားထဲကဆိုတာ သူ့ပုံပန်းသဏ္ဌာန်ကို ကြည့်ပြီး ရိပ်မိနားလည်ရပါတယ်။ သူ့အိတ်ထဲမှာလည်း ငွေအတော်များများ ပါလာတယ်။ ဒါကို ကျွန်တော်အပါအဝင် ဘေးက ခရီးသည်တွေအားလုံး မြင်လိုက်တယ်။)

အဘိုးအိုက စပယ်ယာကို ကားခပေးတယ်။ သူ့မျက်နှာက ကြည်လင်ငြိမ်းချမ်းနေပြီး သူရဲ့ပြောဆိုလှုပ်ရှားမှုတွေကလည်း နူးညံ့သိမ်မွေ့တယ်။ ဒါပေမယ့် ကျွန်တော့်အတွက်တော့ ဘာမှ စိတ်ဝင်စားစရာမကောင်းဘူး။ အဲဒါကြောင့် ဘေးပတ်ဝန်းကျင်ကိုပဲ
ပြတင်းပေါက်ကတစ်ဆင့် ကြည့်ရင်း ငေးရင်း အဘိုးအိုကို ကျွန်တော် ပြန်လည်မေ့လျော့သွားတယ်။

အဲဒီလိုနေရင်းက ကားအတွင်းဘက်ကို တစ်ချက်ငဲ့စောင်းကြည့်မိတဲ့အခါ ကျွန်တော် မျက်မှောင်ကြုတ်သွားမိပါတယ်။ ခရီးသည်တွေကြားမှာ တိုးဝှေ့ရောက်ရှိနေတဲ့ စပယ်ယာကို အဘိုးအိုက ပိုက်ဆံထပ်ပေးနေတာ တွေ့လိုက်လို့ပါပဲ။ ပထမတော့ ကျွန်တော် ကြောင်သွားသေးတယ်။ နောက်တော့လည်း သူ မူလမှတ်တိုင်မှာ မဆင်းတော့ဘဲ ရှေ့ကိုဆက်သွားမလို့ ကားခထပ်ပေးတာ ဖြစ်မှာပေါ့လို့ စဉ်းစားမိတယ်။

အဲဒီလိုနဲ့ ဘတ်စ်ကားအိုကြီးဟာ ကျွန်တော့်အတွက်တော့ အတော်အတန် ခရီးပေါက်ရောက်လာခဲ့ပါပြီ။ စပယ်ယာက ယာဉ်စီးခတွေ ပေးကြဖို့ အော်ဟစ်ပြောဆိုရင်း ကျွန်တော်တို့အနားကို ရောက်လာပြန်တယ်။ ကျွန်တော် ပျင်းပျင်းရိရိ သမ်းဝေနေလိုက်စဉ်မှာပဲ အဘိုးအိုက စပယ်ယာကို ပိုက်ဆံထပ်ပေးပြန်တယ်။

" ဟင်… "

မဟုတ်တော့ဘူးလို့ စိတ်ထဲမှာ ထင်လိုက်တယ်။ မျက်လုံးတွေကလည်း ကျယ်သွားတယ်။ ဘယ်လိုဖြစ်နေရတာလဲ။ ဒီအချိန်မှာ ကားစပယ်ယာကလည်း ကျွန်တော့်လိုပဲ အံ့သြသွားတယ်။ အဘိုးအို ပထမအခေါက်ပေးတာကို သူ မမှတ်မိပေမယ့် ဒုတိယအခေါက်ပေးတာကိုတော့ မှတ်မိထားတယ်။ အဲဒါကြောင့် သူက အဘိုးအိုပေးတဲ့ပိုက်ဆံကို လက်နဲ့ပြန်တွန်းရင်း ပြောတယ်။

" အဘိုး…ခုနက ပေးပြီးပြီလေ။ အဘိုးမေ့နေပြီ ထင်တယ်။ အဘိုး ကားခပေးပြီးသားပါ "

" သြော် ... အင်း…အဟင်း.... "

အဘိုးအိုက ရယ်ရယ်မောမောကလေးနဲ့ သူ့ပိုက်ဆံကို ပြန်ယူတယ်။ ကားပေါ်က ခရီးသည်တွေအားလုံးလိုလိုက သူ့ကို သတိထားမိသွားကြပြန်တယ်။ အားလုံးက သူ့ကို စူးစမ်းသလို ကြည့်နေကြတယ်။ အဘိုးအိုက ကျွန်တော့်ကို လှည့်ပြောတယ်။

" ဒီနေ့က အဘိုးဘဝရဲ့ အထိမ်းအမှတ်နေ့တစ်နေ့ကွဲ့ "

" ဟုတ်ကဲ့ "

" ဒီနေ့မှာ အဘိုးက ကုသိုလ်ယူချင်လို့ "

" ဟုတ်ကဲ့ "

" အဲဒါကြောင့် နံဘေးမှာ ငွေလာတောင်းသူရှိရင် ဘယ်သူ့ကိုမဆို ပေးမယ်။ ဒီနေ့မှာတော့ ဒါနသန့်သန့်ပြုမယ်လို့ အဓိဋ္ဌာန်ထားတာ ကားခပေးထားပြီးသားကို မေ့လို့ မဟုတ်ပါဘူး။ ကိုယ့်အဓိဋ္ဌာန်အရ ဘေးမှာ သူ လာတောင်းနေလို့ ပေးတာကွဲ့…အဟင်း… "

အဘိုးအိုရဲ့စကားကို တစ်ချက်ချင်း ခေါင်းညိတ်ပြ နားထောင်နေရင်း ကျွန်တော့်စိတ်အာရုံထဲမှာ တစ်စုံတစ်ရာကို ရိုးရိုးရိပ်ရိပ် ခံစားလာရတယ်။ အဲဒါနဲ့ ကားထဲက တခြားလူတွေဆီ ခေါင်းမော့ကြည့်လိုက်တယ်။

" အို …… "

ကျွန်တော့်ရင်ထဲမှာ ဒိန်းခနဲဖြစ်သွားတယ်။

------------------------------------------------------------

------------------------------------------------------------------------

------------------------------------------------------------------------

( ၃ )

------------------------------------------------------------------------

------------------------------------------------------------------------

------------------------------------------------------------------------

" ဟေး………ဗန်ဂိုးရေ .. ဗန်ဂိုး………ဗန်ဂိုးရေ .....ဗန်ဂိုးရေ…… "

ကျွန်တော့်နှလုံးသွေးအစက်စက်တို့က ဗန်ဂိုးကို သံပြိုင်အော်ခေါ်နေတယ်။

""ဗန်ဂိုးရေ……လာ  ဒီမှာ တွေ့ပြီ။ ခင်ဗျားရဲ့ ပျောက်ဆုံးနေတဲ့မျက်လုံးတွေကို ကျွန်တော် ပြန်ရှာတွေ့ခဲ့ပြီ။ အဲဒီမျက်လုံးတွေဟာ လူတချို့ဆီမှာ ရောက်နေတယ်။ အဲဒီလူတွေ ဒီမှာရှိတယ်။ ခု.. ရှိတယ်။ အဲဒီလမ်းကြား …… အဲဒီလမ်းကြား ... သူတို့တွေ အာလူးကောက်သွားကြလေရဲ့ "

                                    တာရာမင်းဝေ