သေတမ်းစာ (မင်းခိုက်စိုးစန်)
----------------------------
(၁)
တစ္ဆေတွေက သူတို့ရဲ့ မှတ်ပုံတင် ကဒ်ပြားတွေကို လွှင့်ပစ်လိုက်ကြတယ်။
သိပ်ကြေကွဲဘို့ ကောင်းတယ် ...၊ ကြည့်စမ်း ...၊ တစ္ဆေတွေ တစ်ကောင်နဲ့ တစ်ကောင် ဆုံမိတဲ့ အခါမှာ ဆိုရင် ကိုယ့်မျက်နှာကိုယ် လက်ညှိုးထိုးပြီး “ငါ ... ဘာကောင်လဲ” ၊ “ငါ ... ဘာကောင်လဲ” လို့ အချင်းချင်း မေး ... မေးနေကြတယ်။
မည်းမှောင် အေးစက်နေတဲ့ ခြောက်ခြားမှုတွေ တဝုန်းဝုန်း ပြိုကျ၊
ကျပ်ညပ်နေအောင် ပိတ်ဆို့ပစ်လိုက်သလို ခံစားနေရ၊
ဆောင့်ကြီးအောင့်ကြီး ဖွာရှိုက်လိုက်တဲ့ စီးကရက်လိုမျိုးပေါ့ တစ္ဆေတွေရဲ့ ဘဝတွေ တရှဲရှဲ တိုဝင်သွား၊
မီးရဲရဲတွေ ဘဝတွေ ... ဘယ်တော့ အစီခံ ရောက်လေမလဲ ...
သတ္တိရှိရှိ ကြောက်လန့်နေရရှာ ...
တစ္ဆေတွေ ...၊
တကယ် ပြောနေတာပါ။ တစ္ဆေတွေဟာ သူတို့ကို သူတို့ လိုက်လံ ရှာဖွေနေကြရဲ့။
(၂)
ဒီနောမှာ တစ္ဆေတွေ ဘာဖြစ်သွားတာလဲ ဆိုတာ မပြောခင် လူနှစ်ယောက်အကြောင်း အရင် မိတ်ဆက်ပေးထားဘို့တော့ လိုမယ်ထင်တယ်။
တစ်ကယ်ပေါ့။ တစ္ဆေတွေရဲ့ အိပ်မက်ကို ဂျူတီ လဲပေးခဲ့တာ သူတို့ နှစ်ယောက်ပေါ့၊ ဒါကြောင့် ဒီဇာတ်လမ်းမှာ သူတို့နှစ်ယောက်က သိပ်အရေးကြီးတယ်။ အင်း ... မတော်တဆ အရေးကြီးသွားလိုက် ပုံများ မတော်တဆထက် တောင်မှ ပိုပြီး မတော်တဆ ဖြစ်နေသေးတော့ရဲ့။
သူတို့ နှစ်ယောက်က ဘယ်လိုက ဘယ်လို တွေ့ဆုံပြီး မိတ်ဆွေ ဖြစ်လာခဲ့ကြသလဲ ဆိုတဲ့ မေးခွန်းကိုတော့ မမေးနဲ့ ... မသိဘူး။ ဟုတ်တယ် ... သူတို့နဲ့ ပတ်သက်လို့ အစောပိုင်းက အဖြစ်အပျက်တွေကို သိတဲ့လူ တစ်ယောက်မှ မရှိပါဘူး။
သူတို့ဆိုတာ ... ပေါ်ဦးနဲ့ ဘဒုတ်။
* * *
ပြောရဦးမယ်။ ပေါ်ဦးက သိပ်ကို ခေါင်းကောင်းတဲ့ အကောင်၊ စဉ်းစား တွေးခေါ်တတ်တာကို ပြောတာပါ။ ဘယ်လိုကိစ္စမျိုးနဲ့ ပတ်သက်လို့ မဆို သူ ကောင်းကောင်း နှံ့စပ်တယ်။ ကျွမ်းကျင်တယ်။ တွေးတတ်ခေါ်တတ် ဆင်ခြင်တတ်တယ်။ သူသုံးသပ်လို့ ရတဲ့ အဖြေ၊ ချလိုက်တဲ့ ဆုံးဖြတ်ချက်ဆိုတာ ဘယ်တော့မှ မှားတယ်လို့ မရှိဘူး။ အဲ ... စဉ်းစားတဲ့အခါ နည်းနည်းပါးပါး အချိန်တော့ ယူရတာပေါ့လေ။
တစ်ခုပဲ ဝမ်းနည်းစရာ ကောင်းတာက ... သူဟာ မျက်စိကော နားပါ ပျက်စီးနေတဲ့ ဒုက္ခိတ တစ်ယောက် ဖြစ်နေရတာပါပဲ။ ဟုတ်တယ် ... ပေါ်ဦးခင်ဗျာ မျက်စိကန်းနေရှာရဲ့။ နားကတော့ လုံးလုံး မကြားရုံ တမယ်ပဲ၊ အတော်ကြီး အော်ပြောနိုင်မှ ကြားရတာ။
* * *
နောက်တစ်ယောက်က ဘဒုတ်။
ဟာ ... ဒီကောင်ကတော့ မျက်စိကော နားကော ကောင်းသလား မမေးနဲ့။ အေးလေ ... ကောင်းလို့လည်း သူက ဦးဆောင်ပြီး တွဲသွားဆွဲလာ ခေါ်နိုင်တာပေါ့။ နို့မဟုတ်ရင် နှစ်ယောက်စလုံး ဒုက္ခရောက်ရချည်ရဲ့။ အင်း ... အခုလည်း တစ်ခါတစ်ခါ နည်းနည်းပါးပါးတော့ ဒုက္ခ ရောက်တာပါပဲ။ ဟုတ်တယ် ... ဘာဖြစ်လို့လဲ ဆိုတော့ ... ဒီ ဘဒုတ်ဆိုတဲ့ ကောင်က ဦးနှောက်ဆိုလို့ တစ်ရွေးသားမှ ရှိတာ မဟုတ်ဘူး။ လုပ်လိုက်မှဖြင့် အကုန်လုံး အလွဲတွေချည်း။ သူများပြောရင် ... ပြောသမျှ ယုံတယ်။ ခိုင်းသမျှ လုပ်တယ်။ ကဲ ... ဒီလိုကောင်ကလည်း လောကမှာ ရှိသေးရဲ့။
တစ်ခုတော့ ရှိတယ်။ ဒီကောင်က ပေါ်ဦးကိုတော့ အားကိုးရ ကောင်းမှန်း သိသား။ ပေါ်ဦးကို ပြောပြတိုင်ပင်တယ်။ ပေါ်ဦး အကြံပေးတဲ့အတိုင်း လိုက်နာတယ်။ ဘာပဲဖြစ်ဖြစ် ပေါ်ဦးက ဖြူရင် ဖြူပဲ။ ပေါ်ဦးက မည်းရင် မည်းပဲ။
ပေါ်ဦးကလည်း ဘာမှ မမြင်ရ ... မကြားရ ရှာလေတော့ အဲဒီကောင် ဘဒုတ်ကိုပဲ လက်ကတုံး တောင်ဝှေး လုပ်ပြီး ဟိုနားသည်နား သွားလာလုပ်ကိုင် နေရတာ။ ဘဒုတ် မြင်သမျှ ကြားရသမျှ ပြောပြ။ ပေါ်ဦး နားထောင်ပြီး အဖြေထုတ်။
သွားချင် လာချင်ရင် ဘဒုတ်က ပေါ်ဦးကို တွဲခေါ် ... အင်း ...။ သူတို့ နှစ်ယောက်အဘို့ အဆင်ကတော့ ပြေသား။
(၃)
အင်းပါ။ ဥပမာ ပြောပြမယ်လေ။ ဒီလိုလေ။
တစ်ည ... ပေါ်ဦးနဲ့ ဘဒုတ် လမ်းလျှောက်လာကြတယ်။ ပေါ်ဦးရဲ့ လက်ကို ဘဒုတ်က ဆွဲလို့။
ပေါ်ဦး ခင်ဗျာ လည်း စမ်းစမ်း ... စမ်းစမ်း။ ဘဒုတ်က ဟိုကြည့်သည်ကြည့်၊ သည်ကြားထဲ ... ပေါ်ဦး ကမေး။ သူက ပြန်ဖြေရသေး။ နှစ်ယောက်စလုံးအဘို့ မသက်သာရှာပါဘူး။ အဲ။ အဲဒီအချိန်မှာ ဘဒုတ်က
“ဟေ့ကောင် ပေါ်ဦး ... ငါတို့ဆီကို သတ္တဝါတစ်ကောင် ပြေးလာနေတယ်ကွ”
ပေါ်ဦး စဉ်းစားရပြီ။ အင်း! အချက်အလက် စုံလင်အောင် ဘဒုတ်ကို ပြန်မေးရမှာပဲ။
“ဘယ်လို အကောင်မျိုးလဲကွ၊ ပြေးလာတာ တော်တော် မြန်လား”
“အေး၊ မြန်သားကွ။ ဒီကောင်ကကွာ ... ဟိုဒင်း ... သိပ်အကောင်ကြီးကြီးတော့ မဟုတ်ဘူး။ ခပ်ရွယ်ရွယ်ပဲ။ အရောင်ထွက်နေတဲ့ မီးလို အလုံးကြီး နှစ်လုံး ကိုင်လာတယ်”
ပေါ်ဦး အဘို့တော့ တွေးလေ ... နက်ရှိုင်းလေ ဖြစ်နေပြီ။
“အဲဒီ အလုံး နှစ်လုံးက တစ်ညီတည်း တစ်ရွယ်တည်း ပဲလား၊ နောက်ပြီး ဘာအရောင် ရှိလဲ”
“တစ်ညီတည်းပဲကွ၊ အရောင်က အဝါရောင်”
ပေါ်ဦးက ဆက်မေးလေရဲ့။
“အခုလို ပြေးလာတုန်း ဒီ အလုံးနှစ်လုံးရဲ့ အချင်းချင်း အကွာအဝေးက ပြောင်းလဲမှု ရှိလား။ အရင်က အကွာအဝေးအတိုင်းပဲလား”
“အရင် အတိုင်းပဲကွ။ ဟော ... ငါတို့ဆီ တည့်တည့် ပြေးလာနေပြီ”
“ဒီမယ် ဘဒုတ်၊ ငါမေးတာကို သေသေချာချာ စဉ်းစားပြီး ဖြေစမ်း။ အဲဒီကောင်က အော်တတ် အသံမြည်တတ်သလား”
“အေး၊ အခု အော်ရင်း ပြေးလာတာကပွ၊ ဟော ... ငါတို့ဆီ တည့်တည့် လာနေပြီ”
“ဘယ်လို အော်သလဲကွ”
“တဗျီးဗျီးနဲ့ အော်လာတယ်။ တစ်ချက် တစ်ချက်မှာလည်း တီတီ ... ပွမ်ပွမ်လို့ ထအော်သေးတယ်”
ပေါ်ဦး လန့်သွားပြီး ငယ်သံပါအောင် ကြုံးအော်လိုက်လေရဲ့။
“ဟိုက်! ဘဒုတ် ... ရှောင် ... ရှောင်၊ နင့်မေကလွှား ... အဲဒါ မော်တော်ကား ဟဲ့”
ဆောရီးပဲ၊ နည်းနည်း နောက်ကျသွားတယ်။ တော်သေးတာပေါ့ ... ကားသမားက အရှောင်မြန်လို့ တည့်တည့်ကြီး မတိုက်ဘဲ မော်တော်ကားနဲ့ ပွတ်ရုံ ပွတ်မိသွားတာ။
နှစ်ယောက်သား ... လမ်းဘေးမှာ ခွေခွေလေး လဲနေကြ ရှာလေရဲ့။
(၄)
ဘဒုတ်က မျက်စိကော နားကော ကောင်းတယ်။ သိပ်ကောင်းတယ်။ သေချာတယ်။ ပေါ်ဦးကလည်း သိပ်ကို ဦးနှောက်ကောင်းတဲ့ ကောင်ပါ။ မယုံမရှိနဲ့။ ဒါပေမယ့် ... အဆက်အသွယ်တွေ အပြန်အလှန် လုပ်၊ ဆန်းစစ်ချက်တွေ ထုတ်နေရတာနဲ့ပဲ ... အဲဒီလို နောက်ကျသွားခဲ့ရပေါင်း မနည်းတော့ဘူးလေ။
(၅)
ကံကြမ္မာဟာ အိပ်မက်တွေကို ဂျူတီ လဲပေးတတ်တယ်။
ဟုတ်တယ် ... စိတ်ကူးယဉ်ချင်စရာ ကောင်းလောက်အောင် ကံဆိုးတာလား။ ပိုးဆိုးပက်စက် ကံကောင်းတာလား မပြောနိုင်တဲ့ နေ့တစ်နေ့ဟာ ... တစ္ဆေ တစ်ကောင်လို ဖမ်းစားလိုက်လေရဲ့။
အဲဒီနေ့က အဲဒီ တစ္ဆေဟာ လူနှစ်ယောက်ကို ခြောက်လှန့်ဖို့ ခွဲတမ်းချ တာဝန်နဲ့ သစ်ပင် တစ်ပင်ကို တွဲလောင်းခိုပြီး စောင့်ဆိုင်းနေခဲ့တာ။
လမ်းပေါ်မှာ ... တစ်ယောက်နဲ့ တစ်ယောက် တွဲပြီး စမ်းတဝါးဝါး လာနေတဲ့ လူနှစ်ယောက်ကို တွေ့လိုက်ရတော့ တစ္ဆေဟာ သိပ်ပြီး ဝမ်းသာသွားရော ...။ ဒါပေါ့ ...၊ လူတစ်ယောက်ချင်း စီကို စောင့်ပြီး နှစ်ခါခြောက် နေရမှာထက်စာရင် တစ်ခါတည်းနဲ့ ကိစ္စပြီးအောင် အခုလာနေတဲ့ လူနှစ်ယောက်ကို ခြောက်လိုက်တာ ပိုအဆင်ပြေမှာပဲ၊ သက်သက်သာသာနဲ့ မြန်မြန် ဂျူတီ ပြီးမှာပဲလို့ တစ္ဆေက တွေးတာပေါ့။
ဒါနဲ့ ...၊ တစ္ဆေဟာ ဗြုန်းဆို လူနှစ်ယောက်ရဲ့ ရှေ့ကို ခုန်ချလိုက်ပြီးတော့ သူ့ရဲ့ ကြောက်စရာ ကောင်းလောက်အောင် အမွှေးအမျှင်တွေ ထူပွရှည်လျားနေတဲ့ လက်ကို ဆန့်ထုတ်လိုက်တယ်။
အဲဒါကို မြင်ရတဲ့ ဘဒုတ်က ...
“ဟေ့ကောင် ... ပေါ်ဦး ငါတို့ရဲ့ ရှေ့မှာ လူတစ်ယောက် လက်ပြပြီး ရပ်ခိုင်းနေတယ်”
ပေါ်ဦးက
“ဟေ ... ဟုတ်လား၊ အင်္ကျီအဖြူ ဝတ်ထားသလား၊ သူ့အင်္ကျီမှာ အိတ်ကပ်ကြီးကြီး ပါသလားလို့ ကြည့်စမ်းကွာ၊ ပါတယ် ဆိုရင်တော့ အဲဒါ ဟိုဒင်း ... ယာဉ်ထိန်းရဲပဲ”
“ဟင့်အင်း ... မပါဘူးကွ၊ အင်္ကျီတောင် မဝတ်ထားဘူး၊ အတော် ဆင်းရဲပုံပါဘဲ၊ တစ်ကိုယ်လုံးလည်း အမွှေးအမျှင် ကြမ်းကြမ်းတွေ ရှုပ်ပွလို့ ... ဟော ... ဟော ... အစွယ်ကြီး နှစ်ချောင်း ထုတ်ပြနေပြန်ပြီ။ အစွယ်တွေကလည်း ပြူးနေတာပဲ”
ပေါ်ဦးက စဉ်းစားလိုက်တယ်။ ပြီး ...
“အင်း ... ဆင်းရဲချင်ယောင်လည်း ဆောင်နေထားတယ်၊ အစွယ်လည်း ရှိတယ် ဆိုရင်တော့ ... ဒါ ကွန်မြူနစ်ပဲ”
“ဟာ မျက်လုံးကြီး ပြူးနေပြီ၊ ဟော ဟော လျှာပါ ထွက်နေပြီဟေ့”
“ဪ ... ဝန်ထမ်း ဖြစ်မှာပေါ့ကွာ ...”
တစ္ဆေကတော့ မောနေပြီ၊ အတော်လည်း စိတ်ပျက် လာပြီလေ။ ဒါနဲ့ ...
“ဟေ့လူတွေ၊ ကျုပ် တစ္ဆေဗျ၊ ခင်ဗျားတို့ကို တစ္ဆေ ခြောက်နေတာ၊ ကြောက်ကြလေဗျာ”
ဘဒုတ်က ပေါ်ဦးဘက် လှည့်ပြီး တစ္ဆေဆိုတာ ဘာလဲကွလို့ လှမ်းမေးတယ်။ ပေါ်ဦးကတော့ မေးစေ့ကို ပွတ်ပြီး စဉ်းစားရင်း ...
“အင်း ... တစ္ဆေဆိုတိုင်း အရမ်း ယုံလို့တော့ မဖြစ်ဘူးကွ၊ ဒီခေတ်ကြီးမှာ လူလိမ်တွေက အပေါသား။ ကိုင်းကွာ ... မင်း တစ္ဆေဖြစ်ကြောင်း ဘာအထောက်အထား ပြမလဲ”
တစ္ဆေက ကြောင်သွားတယ်။ တစ္ဆေခြောက်တာ အထောက်အထား ပြပြီး ခြောက်ရတယ်လို့ သူ တစ်ခါမှ မကြားဖူးတာ ... ဒါပေမယ့် ... ပေါက်တဲ့နဖူး မထူးဘူးဆိုပြီး သူ့ရဲ့ တစ္ဆေ မှတ်ပုံတင် ကဒ်ကို ထုတ်ပြတယ်။ ဘဒုတ်က ယူကြည့်ပြီး ပေါ်ဦးကို ပြန်ပြောပြတော့ ပေါ်ဦးက
“ဟာ ဘယ်ဖြစ်မလဲ ... ငါကိုယ်တိုင်လည်း မြင်ရတာ မဟုတ်ဘူး၊ နောက်ပြီး မှတ်ပုံတင်ကဒ် ဆိုတာလည်း အတုလုပ်လို့ ရတာပဲ၊ ဝန်ထမ်းကဒ်လည်း ဒီလိုပဲ၊ ဝန်ထမ်းကဒ် အတုနဲ့ လိမ်နေတဲ့ လူတွေ တပုံကြီး ...။ အင်း ... ဘဒုတ်ရေ ဒီကောင့်ကို ကြည့်ရတာ သိပ်မသင်္ကာဘူး။ မင်း သူ့ကို ဝင်လုံးပြီး မလှုပ်နိုင်အောင် ချုပ်ထားလိုက်စမ်းကွာ”
ဒီလို နေရာမျိုးကျတော့ ဘဒုတ်တို့က သိပ်အားကိုးရတယ်။ ဖျပ်ဆို ညာခြေ တစ်လှမ်းတက် တစ္ဆေရဲ့ နောက်ဘက် ရောက်တာနဲ့ တပြိုင်နက် တစ္ဆေရဲ့ လက်ကို နောက်ပြန် လိမ်ဆွဲပြီး သူ့ကိုယ်နဲ့ အတင်းဖိကပ် ချုပ်ထားလိုက်ရော။
တစ္ဆေကတော့ ယက်ကန်ယက်ကန်နဲ့ ဘဒုတ် လက်ထဲမှာ ...။ မျက်နှာငယ်လေး ...။ မလုပ်ပါနဲ့ဗျာ၊ လွှတ်ပါ၊ ကြောက်ပါတယ်၊ တောင်းပန်ပါတယ်ဗျာ၊ လွှတ်ပေးပါနော် ညံနေတာပဲ တတွတ်တွတ်နဲ့ ခခယယ ပြောရှာလိုက်တာလေ ...။
ပေါ်ဦးက ခေါင်းကို ဖြည်းဖြည်းချင်း ခါလိုက်ပြီးတော့
“ကောင်းပြီ မင်းကို မေးမယ်၊ မှန်မှန်ဖြေ ...၊ ဗြိဟဒ်-အာရညက ဥပနိသျှဒ် ကျမ်းထဲမှာ ယညဝါကျ ပြောခဲ့သလို လူတစ်ယောက် သေသွားတဲ့အခါမှာ ဣနြေ္ဒနဲ့ ဝိညာဉ်ဟာ အတ္တလို့ ခေါ်တဲ့ နောက်ဆုံး အကြောင်းတရားထဲမှာ ငုပ်လျှိုးသွားတယ် ဆိုတာ ဟုတ်သလား၊ အဲဒီ အထဲမှာ မင်းလို တစ္ဆေကကော ... ဘယ်လို ပါဝင် ပတ်သက်သလဲ”
“ဗျာ ... ယညဝါကျ ဟုတ်လား ... ဟိုဒင်း ... ကျွန်တော် မသိပါဘူး ခင်ဗျာ”
ပေါ်ဦးက ဆက်လက်ပြီးတော့
“ဒါဆို အန္နမယအတ္တ၊ ပြာဏမယအတ္တ၊ မနောမယအတ္တ၊ ဝိညာဏမယအတ္တ၊ အာန္နမယအတ္တ ဆိုတဲ့ အဆင့် ငါးဆင့်ထဲမှာ တစ္ဆေဟာ ဘယ်အစိတ်အပိုင်း ထဲမှာ ပါလဲ”
“ခင်ဗျာ ... ဟိုဟာလေ ... ကျွန်တော် ... မသိ”
ပေါ်ဦးက တောက်တစ်ချက် ပြင်းပြင်း ခေါက်လိုက်တယ် ...၊ ပြီးတော့ ...
“နာမိကေတ ကို သေမင်းက ဟောတဲ့ ဒေသနာထဲမှာ နှလုံးအိမ် ပတ်လည်မှာ အကြော (၁၀၁) ကြော ရှိတဲ့ အထဲက ဦးခေါင်းထဲ ထိုးတက်နေတဲ့ အကြောတစ်ကြော ရှိတယ်။ လူသေတဲ့အခါ အဲဒီ အကြောအတိုင်း အသက်ထွက်သွားတယ်လို့ ဆိုတယ် ...။ ကိုင်း ... မင်းသာ တစ္ဆေဆိုရင် ... မင်း သေဘူးတာပဲ၊ အဲဒီကိစ္စကို သိရမှာပေါ့၊ ဘယ်လိုလဲ၊ ဟုတ်သလား”
“ဗျာ ... ဗျာ ... အဲဒါကလည်း ... ဟို ဒီလို ရှိပါတယ် ... ကျွန်တော် သေသေချာချာတော့ မသိ”
ပေါ်ဦး ရှူးရှူးရှားရှား ဖြစ်သွားပြီး
“ဟေ့ကောင် ... ဘဒုတ်၊ အဲဒီကောင်ကို မင်း နာနာတီးလွှတ်လိုက်စမ်း၊ ဒီကောင် တစ္ဆေ မဟုတ်ဘူးကွ ...၊ လူလိမ် ... ငါမေးနေတာတွေ ဒီကောင် ဘာမှ မသိဘူး”
ဘဒုတ်ကလည်း ဒီလို ကိစ္စမျိုးဆို သွက်လိုက်တာမှ။ စကားတောင် မဆုံးသေးဘူး။ ဖြောင်း ... ဖြောင်း ... ဖြောင်း ဆိုပြီး တစ္ဆေကို နားရင်း သုံးချက်လောက် ဆင့်ရိုက်ပစ်လိုက် ပြီးနေပြီ။ နောက် ... သူတို့ နှစ်ယောက်ကတော့ ဆက်လျှောက်သွားကြသပေါ့။
တစ္ဆေကတော့ ... လမ်းပေါ်မှာ ခွေခွေကလေး လဲပြီး ကျန်ရစ်ခဲ့တော့တယ်။
(၆)
(၆)
အဲဒီနေ့ကတော့ တစ္ဆေတွေရဲ့ လောကကို ပွက်လောရိုက်သွားစေတဲ့ နေ့ပဲ။
အကြောင်းက တစ်ယောက်စကား တစ်ယောက်နားနဲ့ တစ္ဆေတွေ အားလုံးရဲ့ ကြားမှာ ပြန့်သွားပြီလေ ...၊ အခုဆို တစ္ဆေအားလုံးက ပေါ်ဦး မေးသွားတဲ့ မေးခွန်းတွေကို စဉ်းစားနေကြပြီ။ တစ္ဆေ တစ်ကောင်နဲ့ တစ်ကောင် မေးခွန်း ထုတ်နေကြပြီ။ လုပ်ကြ! စဉ်းစား! ထုတ်စမ်း မေးခွန်းတွေ ဘာဖြစ်မလဲ ... ဘာမှ မဖြစ်ဘူး ... ဒီမေးခွန်းတွေကို ဘယ်သူမှ မဖြေနိုင်ကြဘူး။
ဒုက္ခပဲ ...
ကိုယ့်မျက်နှာကိုယ် လက်ညှိုးထိုးပြီး "ငါ ဘာကောင်လဲ"၊ "ငါ ဘာကောင်လဲ" လို့ မေးမေး နေကြတာ။
မည်းမှောင် အေးစက်နေတဲ့ ချောက်ခြားမှုတွေ တဝုန်းဝုန်း ပြိုကျ၊
ကျပ်ညပ်အောင် ပိတ်ဆို့ပစ်လိုက်သလို ခံစားရသလိုပဲ ...
တစ္ဆေတွေ ခမျာလေ ...၊ ကြည့် ... စိတ်ဓာတ်တွေ သွေးခုန်နှုန်း စမ်းမရတော့ဘူး။
(၇)
သူတို့အထဲက အသက်ကြီးကြီး တစ္ဆေ အဖိုးကြီး တစ်ကောင်ကတော့ ကျန်တဲ့ကောင်တွေ အားလုံး ခေါ်ပြီး ညှိပါသေးတယ် ...။ ဟာ ...၊ ဒါ ... ဒီလိုပါပဲ ... ပေါ့၊ ငါတို့ကတော့ တစ္ဆေတော့ တစ္ဆေပါပဲ ဘာညာပေါ့လေ၊ ဒါပေမယ့် မရတော့ဘူး၊ အားလုံးက သွေးပျက်နေကြပြီ၊ ပေါ်ဦး မေးသွားတဲ့ မေးခွန်းတွေကို တစ္ဆေ အဖိုးကြီးကို ဝိုင်းမေးကြ ပြန်တော့လည်း သူက ဖြေမှ မဖြေနိုင်တာကိုး၊ မဖြေနိုင်ဘဲနဲ့ ငါတို့က တစ္ဆေတွေပါ၊ တစ္ဆေစစ်စစ်တွေပါ၊ တစ္ဆေစစ်စစ်တွေပါ လို့ချည်း ဇွတ်မှိတ် ပြောနေတာကို ကျန်တဲ့သူတွေက အယုံအကြည် မရှိ ဖြစ်လာတယ် ...၊ နောက်တော့လည်း၊ ... အင်း သိတဲ့ အတိုင်းပဲ၊ တစ္ဆေတွေ ဇာတ်ခေါင်း ကွဲကုန်ကြတာပေါ့ ... စိတ်လေသွားကြပြီလေ ...
- ဖြစ်ချင်ရာဖြစ်၊ ရောက်ချင်ရာရောက် ဆိုပြီး လျှောက်လေလွင့်တဲ့ သူက လွင့်တယ်။
- ကိုယ့်နေရာနဲ့ကိုယ် တည်တည်တံ့တံ့ မနေဘဲ ဟိုလူ့ဝင်ပူး၊ ဒီလူ့ဝင်ပူး လုပ်တဲ့ကောင်က လုပ်တယ်။
- နိုင်ငံခြား ဗီဒီယိုကားထဲ ဝင်တဲ့ အကောင်က ဝင်တယ်။
- ကာတွန်းစာအုပ်ထဲ ဝင်တဲ့ကောင်က ဝင်တယ်။ ... ဖြစ်ချင်တိုင်းကို ဖြစ်နေတော့တာပဲ ...
(၈)
သူ့ကိုယ်သူ တစ္ဆေ စစ်စစ်ပါလို့ ပြောပြောနေတဲ့ အဘိုးကြီးကတော့ သူသေကာနီးဆဲဆဲမှာ ... သေတမ်းစာ တစ်စောင် ရေးသွားတယ်၊ အဲဒီ သေတမ်းစာထဲမှာ၊
အမြင်အကြားသာ ရှိပြီး ဦးနှောက်မရှိတဲ့ လူနဲ့
ဦးနှောက်သာ ရှိပြီး အမြင်အကြား မရှိတဲ့လူ ...
အဲဒီလူနှစ်မျိုးကို ဘယ်တော့မှ တစ္ဆေ သွားမခြောက်နဲ့၊ ကိုယ်ပဲ ပျက်စီးတတ်တယ်လို့ ရေးသားလေရဲ့။
(၉)
အဲဒါကြောင့်မို့ ထင်တယ် ...။
လူ့လောကမှာ ... အရူးနဲ့ မျက်စိမမြင်တဲ့ လူတွေ တစ္ဆေခြောက်ခံရတယ်လို့ ဘယ်တုန်းကမှ မရှိခဲ့ဘူး ဆိုတာလေ ...။
---------
မင်းခိုက်စိုးစန်
စတိုင်သစ် မဂ္ဂဇင်း၊ ဩဂုတ်၊ ၁၉၉၇။
credit
by မွန်းလေးဖေဖေ
No comments:
Post a Comment