Apr 22, 2017

ကလေးနှင့် မော်လိုက်ကြားက သမိုင်းဝင် ရဟန္တာလက်ဆေးကန်။

ကလေးနှင့် မော်လိုက်ကြားက သမိုင်းဝင် ရဟန္တာလက်ဆေးကန်။

ယောဇနတိုင်း အရိမညမြို့နှင့် နွယ်ပတ်မြို့ (ယခု ရာဇဂြိုဟ်ရွာနေရာ)တို့ကို အစစွာဦး တည်ထောင်ပေသော အဇာတသတ်မင်း၏ အမျိုးအနွယ် ဇလာမိကသည် အဖသတ်အမျိုးဟူ၍ ရာဇဂြိုဟ်ပြည်သူနှင့် မှူးမတ်များက နှင်ထုတ်လိုက်ကြသဖြင့် မူလအရပ် မဇ္ဈိမဒေသမှ ကလေးလွင်ပြင်သို့ ထွက်ပြေးလာစဉ်က ရဟန္တာ မထေရ်ကြီးများကို ပင့်ဆောင်လာခဲ့သော ဟူ၏။ ထိုရဟန္တမထေရ်ကြီးများသည် ကလေးနှင့် မော်လိုက်ကြား တောင်ရိုးပေါ်ရှိ သဘာဝရေကန်ကြီး အနီးတွင် သီတင်းသုံးခဲ့ကြပြီး အဓိဋ္ဌာန်တော်မူခဲ့သတတ်။ ထိုခေတ်အခါကား သုနာပရန္တတိုင်း ရသေ့ပြည်၌ စူဠသမ္ဘဝမင်း လက်ထက်တည်း။

ပုဂံခေတ်ရောက်သော် အနိရုဒ္ဓ၏မြေး ပေါက္ကန်ဘုရင် အလောင်းစည်သူ ဤအရပ်သို့ တိုင်းခန်းလှည့်လည်စဉ် နွယ်ပတ်ကို ရာဇဂြိုဟ်၊ ဇလာမိကမင်းကြီး ပြောင်းခဲ့စဉ် ပင့်ဆောင်ခဲ့သော ရဟန္တာကြီးများ သီတင်းသုံးစဉ်က အဓိဋ္ဌာန်တော်မူခဲ့သော ရေကန်ကို လက်ဆေးကန်ဟု အသီးသီးသမုတ်တော်မူသည်။

ဆိုခဲ့ပါ သမိုင်းအရ "ရဟန္တာ လက်ဆေးကန်"သည် အလောင်းစည်သူ သမုတ်ခဲ့သော အမည်ဟု မှတ်ရန်ရှိ၏။ ထိုကန်သည် ကလေး-တမူး လမ်းမပေါ်ရှိ ရန်မျိုးအောင်ရွာ၏ မြောက်ဘက် ဘုန်း သစ်တောကြိုးဝိုင်း လမ်းခွဲအတိုင်း အရှေ့မြောက်ယွန်းယွန်းသို့ လိုက်သွားရ၏။ ကံအောင်ရွာကို ဖြတ်ပြီး တောင်ရိုးပေါ်သို့ တက်ရ၏။ ကလေး-တမူး လမ်းမနှင့် ၁၆ မိုင်မျှ ဝေးကြောင်း သိရ၏။ ထိုကန် တည်ရှိရာ တောင်ရိုးထိပ်မှသည် အရှေ့ဘက် မော်လိုက်မြို့သို့လည်း ၁၉ မိုင်မျှသာ ဝေးတော့သည်ဟူ၏။ ထိုလက်ဆေးကန်သည်ပင်လျှင် မော်လိုက်ခရိုင်အတွင်း ပါဝင်သည်ဟု ဆို၏။ မောင်ဝင်းငြိမ်း(စစ်ကိုင်း)ကမူ မော်လိုက်နှင့် ၁၀ မိုင်ကွာသည်ဟု ဖော်ပြသည်။

ပါးစပ်ရာဇဝင် အဆိုရှိသည်မှာ ထိုကန်ပတ်လည်တွင် သစ်ပင်ကြီးငယ်တို့ ရှိပေငြား တစ်ရွက်မျှ ကန်ထဲမကျခြင်း၊ နံနက်ညနေတို့တွင် ကျေးငှက်တို့ လာရောက်၍ သစ်ရွက်ကြွေများ ကိုက်ချီသန့်ရှင်းပေးခြင်း၊ ကန်ထဲဆင်း ရေချိုးခြင်း စသည်တို့ပြုလျှင် ဒုက္ခရောက်ရတတ်ခြင်း၊ ကန်မှရေကို ခပ်ယူ၍ ချိုးရပါက လန်းဆန်းအားပြည့်လာခြင်း စသည်ဖြင့် စွဲလမ်းယုံကြည်ကြပေသည်။

ဤသို့ ပါးစပ်ရာဇဝင်အဆို ရှိခဲ့ပေသည့် ထိုကန်သို့ လူသူအရောက်အပေါက် များလာသည်မှာ ၄၊ ၅ နှစ်မျှသာ ရှိပေသေးသည်။ တရားဝင်ရော တရားမဝင်ပါ သစ်ထုတ်လုပ်ရေး တွင်ကျယ်လာမှုကြောင့် တောင်ခြေမှ တောင်ထိပ်အထိ ကွန်ကရစ်လမ်း ခင်းလိုက်သည်တွင် ထိုကန်သို့လည်း သွားရလာရ လွယ်ကူသွားတော့သည်။ သို့နှင့် ကန်၏ ကျော်စောသတင်းမှာလည်း ဝေးနီးပျံ့နှံ့သွားတော့သည်။ သစ်ခိုးများ၏ ဘန်းပြဟုလည်း ဆိုနိုင်ကောင်းအံ့လော မသိ။  ကန်ပေါင်တစ်နေရာတွင် တောမီးလောင်ဟန် ပုံဖျက်ထားသော သစ်စက်လုပ်ကွက် တစ်ခုကိုပင် တွေ့ခဲ့ရသေးသည်။

မြကျွန်းသာကျောင်းတွင် သီတင်းသုံးသော ရဟန်းတစ်ပါး၏ ပြောပြချက်မှာ ဤသို့ဖြစ်သည်။ ကျေးငှက်တို့ လာရောက်သည်မှာ ပုံမှန်ဖြစ်ကြောင်း၊ သို့သော် သစ်ရွက်တို့ ကိုက်ချီပျံသည်ကို မတွေ့မမြင်ဖူးကြောင်း၊ သူ့အထင် ကန်၏ အလယ်တွင် တွန်းကန်အား တစ်ခုခု ရှိမည်ထင်ကြောင်း၊ စမ်းတွင်းများ စမ်းထွက်သည့်နေရာမှ ရေတဖွားဖွား မှုတ်ထုတ်သလို ရှိနိုင်ကြောင်း၊ အကယ်၍ ယင်းသို့ မရှိလျှင် ရေခမ်းသွားမည်ဖြစ်ကြောင်း၊ ကန်ထဲဆင်းချိုး၍ ဒုက္ခရောက်သည်ကိုတော့ ကိုယ်တိုင်မြင်ဖူးကြောင်း၊ ကန်ထဲရေဆင်းချိုးပြီးအပြန် လမ်းပေါ်တင် ကားမှောက်ရာ ပွဲချင်းပြီး သေသူသေ ဒဏ်ရာရသူရကြကြောင်း၊ ရေချိုးသူမှာ ပွဲချင်းပြီးထဲ ပါသွားကြောင်း၊ ယခင်က လမ်းပန်းမကောင်းသဖြင့် မိုးကလေး ညိုလာလျှင် တောင်အောက်ဆင်းပြေးကြရကြောင်း၊ မပြေးလျှင် အပေါ်နေသူ အောက်ဆင်းမရတော့ကြောင်း စသည်ဖြစ်သည်။

ပါးစပ်ရာဇဝင်ကို ထားဘိဦး၊ အဆိုပါရဟန်း၏ ထွက်ဆိုချက်အရ ကျေးငှက်များ လာရောက်သည်မှာ ဤတောင်ကြောဝန်းကျင်တွင် ရေရှားသဖြင့် ရေသောက်ရန်လာခြင်းပင် ဖြစ်တန်ရာ၏။ တောင်ထိပ်ကန်အဖြစ် ရေမခမ်းခြင်း၊ သစ်ရွက်စသည် မတွေ့ရခြင်းမှာ စမ်းကြောကဲ့သို့သော မှုတ်အားတစ်ခုခုကြောင့် ဖြစ်နိုင်သလို မီးတောင်ဟောင်း အပေါက်ဝများ ဖြစ်လေမလား တွေးစရာလည်း ဖြစ်သည်။ ဘူမိလေ့လာရေးသမားများ ကျောက်ဆည်ဝန်းကျင် မသွားဘဲ လက်ဆေးကန်သို့ သွားရောက်လေ့လာဖို့ ကောင်းသည်။ တစ်ခါက အလောင်းတော်ကဿပ ဂူနှင့်စပ်လျဉ်း၍ ဓမ္မကထိက တစ်ပါးနှင့် အချိုပွဲဝိုင်းတွင် စကားစပ်မိရာ အဆိုပါဂူပေါက်အကြားသို့ ငွေစက္ကူထည့်လိုက်လျှင် ငွေသည် အထဲသို့ အလိုလို ဝင်သွားကြောင်း ပြောရာ၊ မိမိက အထဲက လေကစုပ်ယူလို့ဖြစ်နိုင်ကြောင်း တုံ့ပြန်သည်တွင် အခြားရဟန်းများ ရယ်မောကြသော်လည်း ဓမ္မကထိကဖြစ်သူက မရယ်ဘဲ လေစုပ်သည်မှာ ဖြစ်နိုင်ကြောင်း၊ ဂူတွင်းနှင့် ဂူပြင် လေဖိအားမတူကြောင်း၊ လေဖိအားဟူသည် များရာမှ နည်းရာသို့ စီးဝင်လေ့ရှိကြောင်း ရှင်းလင်းသည်ကို မှတ်မိသည်။

ပါးစပ်ရာဇဝင်ကို အလေးထားသည်ဖြစ်စေ၊ အလေးမထားသည်ဖြစ်စေ သမိုင်းဝင် လက်ဆေးကန်သည် သွားရောက်လည်ပတ်သင့်သော နေရာတစ်ခု ဖြစ်ပေသည်။ တောအရေ တောင်အရေးနှင့် ကျေးငှက်သာရကာတို့၏ ဘာသာဘာဝ အော်မြည်တွန်ကျူးသံကို နားဆင်ရင်း အေးချမ်းတိတ်ဆိတ်မှု သန္တရသကို ခံစားချင်လို့်ပဲဖြစ်ဖြစ်၊ ကလေးနှင့် မော်လိုက်ကြား သစ်ခိုးထုတ်မှုအခြေအနေကို စေ့ငုထောက်လှမ်းချင်လို့ပဲဖြစ်ဖြစ်၊ တောင်ထိပ်ပေါ်တွင် ခမ်းခြောက်မသွားသော သဘာဝရေကန်၏ ဘူမိသဘောကို စောကြောချင်လို့ပဲဖြစ်ဖြစ်၊ ဖြောင့်စင်းမြင့်သွန်းတဲ့ သပြေကညင်ပင်တို့ကို တအံ့တဩ ငေးမောပြီး လက်ဆေးကန်ဇရက်ရိုးကို ချိုးယူပြီး အိမ်ပြန်လက်ဆောင် သယ်ယူ ချက်ပြုတ်ရောင်းစားချင်လို့ပဲဖြစ်ဖြစ်၊ အိမ်က သားသမီးနှင့် မယားကြီးကို စွန့်ကာ စိပ်ပုတီးနှင့် ရိပ်ကြီးခို၍ နိက္ခပါရမီ ဖြည့်ချင်လို့ပဲဖြစ်ဖြစ် ကလေးမြို့ အရှေ့မြောက်ယွန်းယွန်းက သဘာဝအလျောက် ပေါ်ပေါက်နေသော "ရဟန္တာလက်ဆေးကန်"သို့ တစ်ခါတစ်ခေါက်တော့ဖြင့် မရောက်ရောက်အောင် သွားရောက်လည်ပတ်သင့်ပါကြောင်း မေတ္တာလောင်း၍ နတ်လမ်းညွှန်အပ်ပါသည်။ အဲ ကားဖြင့်သွားလျှင် ကားနုနု ဒရိုင်ဘာနုနုဖြင့် မသွားကြပါရန် ကိုယ်တွေ့နှင့်ယှဉ်၍ သတိပေးအပ်ပါသဗျား။   ။

ကိုး-
အရှင်ပဒုမ၊ ကာလေးမြို့သမိုင်း။
မောင်ဝင်းငြိမ်း စစ်ကိုင်း၊ ဆန်းသစ်လာသည့် သွေးချင်းတို့၏ကဘော်။

ဓီရာလင်း။
03052016

အိပ်မက်ထဲကလွမ်းမျက်ရည်

" အိပ်မက်ထဲကလွမ်းမျက်ရည် "
==================

                                                နုနုရည်  အင်းဝ
    
ဘ၀ဆိုတာ အိပ်မက်များစွာနဲ့ ဖွဲ့စည်းထားတာပါပဲ မနုရယ် ဆိုတဲ့ မိတ်ဆွေတယောက်စကားကို ကျွန်မ သဘောကျလှပါတယ်။ ကျွန်မနဲ့ သဘောချင်း တူလှပါတယ်။ ပြီးတော့လဲ........အိပ်မက်တွေဟာ ၀တ္ထုတွေနဲ့လဲ တူပြန်ပါသေးတယ်။ စိတ်ကူးယဉ်တာတွေ၊ ဖြစ်ချင်တာတွေ၊ မဖြစ်ချင်တာတွေ၊ ဖြစ်နိုင်တာတွေ၊ မဖြစ်နိုင်တာတွေ၊ ချစ်သူတွေ၊ မုန်းသူတွေ၊ မျက်ရည်တွေ ဖွဲ့စည်းထားတဲ့ အိပ်မက်ဟာ ၀တ္ထုတပုဒ်ပဲ မဟုတ်ပါလား.....။
အဲဒါကြောင့်ပဲလား မသိပါဘူး။
အိပ်မက်တွေကို နေ့နေ့ ညည ကျွန်မ မက်တတ်တဲ့ပြင် နိုးနေရင်းကလဲ မက်တတ်တဲ့ အိပ်မက်တွေ ကျွန်မမှာ ရှိပြန်ပါသေးတယ်။
    xxx                 xxx            xxxx   xxx xxx        xxx

ဒီအိပ်မက်ထဲမှာတော့ ကျွန်မဟာ မနက်လက်ဖက်ရည်သောက်ဖို့ ပြင်ဆင်နေသတဲ့။
ကျွန်မနဲ့ ကျွန်မချစ်ခင်ပွန်းတို့ အင်မတန် မက်မောလှတဲ့ မနက်လက်ဖက်ရည်ချိန်ဟာ... ကျွန်မ လက်က နာရီမှာတော့ မနက်ကိုးနာရီ ဖြစ်ပြီး ကျွန်မ ကင်မရာက နာရီမှာတော့ ... ဘာဖြစ်လို့ ညကိုးနာရီ ဖြစ်နေရတာလဲ။
ည ကိုးနာရီအချိန်ဟာ နေရောင်တွေ ၀င်းပလို့...။
ချွေးပြိုက်ပြိုက်ကျအောင်လဲ ပူနေတယ်။
ပန်ကာနှစ်လုံးကို တပြိုင်နက် ဖွင့်ထားရအောင် ပူနေတယ်။
ကျွန်မ အခန်းလေးထဲမှာ ဆိုဖာရှည်ကြီးတလုံးကလဲ ဘယ်လိုလုပ် ရောက်နေတာလဲ။
ကျွန်မ ဖုန်း အနက်ကလေးကလဲ အရောင်ပြောင်းနေတယ်။ ဖုန်းနံပါတ်ကလဲ မတူပြန်ဖူးတဲ့။
ကျွန်မတို့ လက်ဖက်ရည်သောက်နေကျ စားပွဲဝိုင်းအနိမ့်လေးဟာ အမြင့်ဖြစ်ပြီး ကုလားထိုင် အပြာရောင်တွေနဲ့တဲ့..။
ထမင်းပူပူနွေးနွေးရယ်၊ ငါးပိကျော်ရယ်၊ ငါးနီတူးခြောက်ကျော်ရယ်၊ လက်ဖက်ရည်ချိုပေါ့ရယ်၊ ရေနွေးကြမ်းရယ်တို့ကတော့ ကျွန်မတို့ စားနေကျ မနက်စာတွေပဲ။ ဒါပေမဲ့ ကျွန်မနဲ့ လက်ဖက်ရည် အတူသောက်ဖို့ အခန်းထဲက ထွက်လာသူကတော့ ဘုရားရှိခိုးပြီး ထွက်လာနေကျ၊ ကျွန်မ ချစ်ခင်ပွန်း မဟုတ်ဖူး။ မျက်ခုံးတွေ၊ မျက်လုံးတွေကို ဆေးမင်ကြောင်ထိုးထားတဲ့ ဗီယက်နမ် အမျိုးသမီးတယောက် တဲ့။ ကျွန်မနဲ့ သူနဲ့ ပြောကြတဲ့ စကားတွေကလဲ မြန်မာလိုလဲ မဟုတ်ဖူးတဲ့ ....။
"စစ်ဆိုတာ မင်းမကြုံဖူးဘူးနော်၊ သိတ်ကြောက်ဖို့ ကောင်းပါတယ်ကွယ်၊ လူတွေ အများကြီး သေကြရတယ်၊ ဗုံးတွေကြားမှာ ကိုယ်လဲ သေတော့မလို့ အကြိမ်ကြိမ်ပါပဲ၊ ငိုသံတွေ၊ လေယဉ်ပျံသံတွေ၊ သေနတ်သံတွေ၊ ဗုံးသံတွေကြားမှာ ကိုယ်အကြာကြီး နေခဲ့ရတာပေါ့"
အံ့သြစရာ....။ သူဟာ ကျွန်မ အလွန်စိတ်ဝင်စားခဲ့တဲ့ ဗီယက်နမ်စစ်ပွဲကြားမှာ ကြီးပြင်းခဲ့ရသူတဲ့...။
ခဏနေတော့ တယ်လီဖုန်းမြည်သံ ဆူညံလာတယ်။ ရုတ်တရက်ဆိုတော့ ဗီယက်နမ်စစ်ပွဲက ဗုံးသံလိုပဲ...။
ကျွန်မနားထောင်လိုက်တော့....."ဟဲလို" တဲ့။
အံ့သြငြိမ်သက်သွားတဲ့ ကျွန်မကို ဟက်ဟက်ပက်ပက် ရယ်မောလိုက်တဲ့... အက်ကွဲကွဲ၊ ရှတတ ဒီအသံကို ကျွန်မ ဘယ်လိုလုပ် မသိပဲ နေမှာလဲ...။
"အခုလာခဲ့မယ်၊ စောင့်နေသိလား၊ အခုလာခဲ့မယ်"
"တကယ်လား၊ ဘယ်လောက်ကြာမှာလဲ၊ ပျော်လိုက်တာ"
"အင်း..အင်း၊ နှစ်နာရီကျော်ကျော်တော့ မောင်းရမယ်တဲ့.."
"ဟာ..ကြာတယ်၊ အင်းစိန်ဆူးလေကားပေါ်တက်လိုက်လာခဲ့၊ အဲလောက်မကြာဖူး"
"ဟား ဟား ဟား၊ အင်း..ရွာက ချက်ဗလက်ခေါင်းတိုလဲ မှာလို့မရ၊ ထွေလာကလဲမရှိ၊ ဒီက 'ဂရေးဟောင်း'(Grayhound) ဆိုတဲ့ ကားကလဲ အရေးအကြောင်းဆို ခွေးမောင်းသလောက်တောင် ပြေးတာ မဟုတ်ဖူး
" ကာရန်တွေ၊ ကာရန်တွေ၊ ဒီလိုအသံ မကြားရတာ ကြာပြီ"
"မကြားရတာ ကြာပြီ xx လေးလရာသီx ရှိပြီမောင်ရဲ့ xxမေ့ပါနိုင်အားxx ရက်စက်လေ အားပြီ xx ရာသီချိန်ဝယ် xx "
"မလုပ်နဲ့၊ မလုပ်နဲ့၊ ဒီက တကယ်လွမ်းနေတာ၊ ငိုချင်နေတာနော်.."
"ဟား ဟား၊ သနားစရာ၊ သနားစရာ၊ ကဲ..စောင့်နေ၊ လာခဲ့မယ် ဟုတ်လား "
ခဏအကြာမှာတော့ ကျွန်မဟာ အမျိုးအမည်မသိတဲ့ သစ်ပင်တပင် အောက်မှာရပ်လို့။ ကျွန်မနားမှာ ရပ်ထားတဲ့ ကားရောင်စုံတွေရဲ့ နံပါတ်တွေက ဘာတွေမှန်းလဲ မသိဖူး။ ကျွန်မရဲ့ သ/၄၆၁၁ လေးက ဘယ်မှာလဲ။ ကျွန်မတို့ နှစ်ယောက်ရဲ့ ချွေးနဲ့ မွေးခဲ့ရတဲ့ သနားစရာ ရင်နှစ်သည်းချာ ကားကလေးရေ... မင်းဘယ်မှာလဲ...။
ရုတ်တရက် ကားလေးတစင်း ကျွန်မနဲ့ မလှမ်းမကမ်းမှာ လာရပ်ပြီး ကားမောင်းတဲ့ လူငယ်လေးတယောက် ဆင်းလာတယ်။ မျက်မှန်လေးနဲ့ ကျွန်မကို လှိုက်လှိုက်လှဲလှဲ ပြုံးပြနှုတ်ဆက်တဲ့ လူငယ်လေးဟာ ကျွန်မနဲ့ သိသူလဲ မဟုတ်ပါလား။
ဒါပေမဲ့ ခင်မင်စရာ နှစ်လိုဖွယ် လူငယ်ကလေးကို ကျွန်မပြုံးပြ၊ လက်ပြ နှုတ်ဆက်လိုက်မိတုန်းမှာပဲ ကားလေးထဲမှ နောက်တယောက်ကို ကျွန်မမြင်ပြီ။
တကယ်ပဲလား၊ ပြန်တွေ့ကြဖို့ ဘယ်လိုမှ မျှော်လင့်မထားတဲ့ ကျွန်မ ချစ်မိတ်ဆွေကြီးဟာ အိပ်မက် ထဲမှာမို့ ကျွန်မဆီ ရောက်လာနိုင်လေသလား။
သူဘယ်တော့မှ မပတ်ဖူးတဲ့ ကားခါးပတ်ကို ကြိုးစားပမ်းစား ဖြုတ်ပြီး ကားပေါ်က ဆင်းလိုက်တဲ့ အခါ ကျွန်မကလဲ သူ့ဆီပြေးသွားတဲ့ အခါမှာတော့၊ သူဟာ ကျွန်မရဲ့ ချစ်မိတ်ဆွေကြီးမှန်း အလွန်တရာ သေချာသွားပါပြီ။
ကုတ်အင်္ကျီအနက်၊ အင်္ကျီအဖြူ၊ ဘောင်းဘီမီးခိုးပြာ၊ ရှူးဖိနပ်အနက်၊ ခြေအိပ်အဖြူတို့ဟာ ဘယ် နှစ်ရက်ဝတ်ထားတယ်လို့ မှန်းဆလို့ မရနိုင်အောင် တွန့်လိမ်ကြေမွလို့...။
ဗိုက်ငေါငေါပေါ်မှာ၊ မဆန့်မပြဲ ပတ်ထားတဲ့ ခါးပါတ်အောက်ကနေ အင်္ကျီအဖြူက ထွက်လို့၊ ဘောင်းဘီဇစ်က ပြုတ်လို့။
ဒီလို ဖြစ်ကတတ်ဆန်း ပုံစံဟာ ကျွန်မချစ်မိတ်ဆွေကြီးကလွဲလို့ ဘယ်သူများ ဖြစ်နိုင်အုန်းမှာလဲ။
သူ့မူပိုင်ဟန်ကို အစဉ်အလာမပျက် ထိမ်းသိမ်းထားတဲ့ ကျွန်မ ချစ်မိတ်ဆွေကြီးဟာ.. လွယ်အိတ်ကတော့ လွယ်ထားဆဲ.....၊ လက်ကြားမှာလဲ ဆေးလိပ်တိုက ရှိဆဲ၊ ဒါပေမဲ့ မာဘိုရို စီးကရက်တို၊ ရွှေပြည်စိုး ဆေးပေါ့လိပ်တိုတော့ မဟုတ်ရှာဖူး။
ငွေရောင်ဆံပင်တွေနဲ့၊ သွားတု ဖြူဖြူညီညီလေးတွေ အစီအရီနဲ့၊ ပြုံးမြနေတဲ့ ကျွန်မချစ်မိတ်ဆွေကြီး ဟာ ကျွန်မလက်ကို တင်းတင်းကျပ်ကျပ်ဆုပ်ပြီး ၀မ်းသာနေရင်းက ဘာဖြစ်လို့ မျက်ရည်လည်ရသလဲ။
ခဏနေတော့ ကျွန်မဟာ ကျွန်မအခန်းလေးထဲက ထမင်းစား စားပွဲမှာ ၀ိုင်းထိုင်ကြရင်း စကားတွေကို မရပ်မနား ပြောကြလို့၊ ကျွန်မမိတ်ဆွေကြီးက ရွှေပြည်စိုးတွေကို ရတနာတွေလို ပွေ့ပိုက်ထားရင်း ရွှေပြည်စိုးတလိပ်ကို အငမ်းမရ ဖွာရှိုက်လို့၊ ရေနွေးကြမ်းခွက်ကို ရှေ့ချလို့၊ ဆိုဖာပေါ်မထိုင်ချင်ဖူးတဲ့။ ဒီစားပွဲနဲ့ ကုလားထိုင်မှာ ထိုင်ရတာ လက်ဘက်ရည်ဆိုင် ထိုင်ရတာနဲ့ တူသတဲ့။
"...သိလား..ချန်ဂီလေဆိပ်ဆိုတာ အကြီးကြီးပဲ၊ ကိုယ့်တသက် ဒီလောက်ကြီးကျယ်တဲ့ လေဆိပ်မျိုး မြင်မှ မမြင်ဖူးပဲ၊ ကြောက်လိုက်တာ၊ ရင်တွေတထိတ်ထိတ်နဲ့၊ ကံအားလျော်စွာဗျာ..ကိုယ့်သိတဲ့ လူတယောက်နဲ့ သွားတွေ့တယ်၊ ဒါပေမဲ့ သူကလဲ တခြားတနေရာ သွားရမှာဆိုတော့ တာဝန်ရှိတဲ့ ကလေးမလေးတယောက်နဲ့ အပ်ပေးသွားတယ်၊ ကလေးမလေးခေါ်ရာနောက် တကောက်ကောက်ပေါ့။ သူက ဒေါက်ဖိနပ်လေး တောက်တောက် တောက်တောက် နဲ့သွား၊ ကိုယ်ကနောက်ကလိုက်၊ ဆေးလိပ်သောက်ချင်တာကလဲ အရမ်းပဲ၊ မသောက်ရဖူး၊ နောက်တော့ ကလေးမလေးက ဒီမှာထိုင်နေ တဲ့...၊ အပေါ့အပါးသွားဖို့၊ နေရာတွေ ဘာတွေ ပြပေးတယ်၊ အဲဒါနဲ့ အိမ်သာဝင်တော့မှ ဒုက္ခရောက်တော့ တာပဲ၊ ဘယ်လိုမှ ဘောင်းဘီ ဇစ်ကို မဖြုတ်တတ်ဘူး၊ သူများတပ်ပေးလိုက်တာ လေ...သိတယ် မဟုတ်လား "
ကျွန်မမှာ ဟက်ဟက် ပက်ပက် ရယ်မောရင်းက မိတ်ဆွေကြီးကို သနားရပြန်တယ်။
နောက်တခဏ အကြာမှာတော့ ကျွန်မနားထဲမှာ ကားစက်သံက တ၀ူးဝူး ဆူညံနေတယ်။
ကားတစင်းနဲ့ ကျွန်မတို့ဟာ လမ်းတလမ်းပေါ်မှာ ...။ ကျွန်မရဲ့ ၄၆၁၁ လေးဟာ ဘာလို့ ဒါလောက်ဆူညံနေပါလိမ့်။ သူနေမကောင်း ဖြစ်ပြန်ပြီလား။ တကယ်တော့ နေမကောင်းဖြစ်ပြီဆိုရင် သူသိပ်ကို မနေသာလွန်းမှ ပြောရှာတာပါ။ ကျွန်မမှာ ပိုက်ဆံမရှိမှန်း သိရင် သူအမြဲ ကြိတ်မှိတ်နေရှာ တာပါ။
ဟင် ...ကျွန်မကားလေးလဲ မဟုတ်ဖူးရယ်..။ ဒီကားလေးက တူးဒိုး လေး......။
ကျွန်မက နောက်ခန်းမှာ၊ ရှေ့ခန်းက ကားမောင်းသူဘေးမှာ ကျွန်မ ချစ်မိတ်ဆွေကြီး၊ ကားမောင်းသူ ကလဲ ကျွန်မချစ်ခင်ပွန်း မဟုတ်ပါလား၊ အော် ချစ်စရာလူငယ်လေးပဲ။ ကျွန်မတို့ ဘယ်ကို သွားနေ ကြတာပါလိမ့်။ လမ်းဘေးဝဲယာမှာ တမျှော်တခေါ် ပြောင်းခင်းတွေနဲ့ ကောင်းကင်က ပြာလဲ့လို့...။
"xxချစ်ခင်ကြတဲ့xx အားလုံးမိတ်ဆွေxxနေ့တိုင်းပဲxx သတိရတယ်လေxx"
ဟင်၊ ကိုသုမောင်နဲ့ မြို့မတီးဝိုင်းက ဘယ်လိုလုပ် ကျွန်မတို့ ကားပေါ်ပါလာတာလဲ..၊ မိုးဇော်ဗိုလ် လေးလဲ ပါတယ်။ ကျွန်မ ချစ်မိတ်ဆွေကြီးက မျက်လုံး အစုံကိုမှိတ်ပြီး ခေါင်းတရမ်းရမ်းနဲ့
''ဟာ ကောင်းလိုက်တာ ပျော်စရာကြီးပါလား၊ ကောင်းလိုက်တာ" နဲ့ လုပ်ပြီ။
"xxတခါတလေတော့xမျှော်မှန်းxလွမ်းစိတ်တဝေေ၀ xx ပြန်ချင်ဇောတွေx ရောက်ချင်ဇောနဲ့ စိတ်စောလို့ သာနေxခါတော်ရောက်ချိန်x နီးလို့ လာပြီလေx"
"နီးလို့လာပြီလေ"
"ဒေါ်ဒေါ်..မမ..နှမတို့ရေ"
"အသဲစွဲx ချစ်မိတ်ဆွေxxခေတ္တခွဲလို့နေ"
"xxခေတ္တ ခွဲလို့နေ"
"xxမြို့မနဲ့ x အတူတကွ လိုက်နိုင်ပါစေxx"
"အောင်စည်ယွန်းသံxxကြားရင်ဖြင့်xx ပြည်တော်ဝင်မယ်လေ"
ကျွန်မတို့ နှစ်ယောက် သီချင်းလိုက်အော်ဆိုသံနဲ့ လက်ခုပ်သံဟာ မြို့မတီးဝိုင်းနဲ့ ကိုသုမောင်အသံ ကိုတောင် လွှမ်းသွားမယ်နဲ့တူရဲ့။
အလို....... ပျော်လိုက်တာ ဆိုပြီး လက်ခုပ်သံ စည်းချက်လိုက်နေတဲ့ ကျွန်မ ချစ်မိတ်ဆွေကြီးရဲ့ ပါးပြင်ပေါ်မှာ မျက်ရည်စတွေနဲ့ပါလား...။
"xx ဟိုတောင်ပေါ် xx ဟိုတောင်ပေါ်ရိုးဆီက xx မြူခိုးတွေ လွင်xx မိုးရွာမယ် x xမိုးရွာမယ် မထင်မိပါ လို့
ကိုသုမောင်ရေ...ငိုချင်ရက် လက်တို့တွေကို လွမ်းပေရော့လို့များ တမင်လုပ်နေ တော့သလား။ ဟို အဝေးဆီမှာ တကယ့်ကို မှိုင်းပြာမှုံဝေလို့။ ကားကလေးက တံတားတခုပေါ် ရောက်လာပြီ။ မြစ်တစင်းကို ဖြတ်မလို့ပါလား...။
" အမရေ...ဒါ မစ္စစပီမြစ်လေ"
ချစ်စဖွယ်လူငယ်လေးရဲ့ အသံ။ ဘာရယ်...။ ဒါ မစ္စစပီဖြစ်..ဟုတ်လား။
"မစ္စစပီဖြစ်မဟုတ်ပါဖူးကွ၊ ဒါ..ဒုဌ၀တီမြစ်၊ အင်းဝ တူအရီး သုံးဖော်ရဲ့ ဒုဌ၀တီမြစ်"
ဒါက ကျွန်မ ချစ်မိတ်ဆွေကြီးရဲ့ အသံ။
"ဟုတ်တယ်၊ ဟုတ်တယ်၊ ဒါ...ကျွန်မတို့ ဒုဌ၀တီမြစ်"
ဒါက ကျွန်မရဲ့ အားရပါးရ ထောက်ခံတဲ့ အသံ..။
"ကဲဟေ့..ဟိုရှေ့မှ လမင်းတရာတို့ အိမ်တို့၊ အင်းဝဂုဏ်ရည်ပုံနှိပ်တဲ တို့ကို ရောက်တော့မယ်ဟေ့.."
"ဟုတ်တယ်၊ ဟုတ်တယ်၊ ဟိုရှေ့မှာ ကျွန်မတို့အိမ်၊ ကျွန်မအဖွားကို တွေ့ရတော့မယ်.."
လူငယ်လေးက ကျွန်မတို့ကို ကြည့်ပြီး ချစ်စဖွယ်ပြုံးရယ်ရင်း ခေါင်းကို ရမ်းတယ်။
"xx ပြန်ကာသာ x  ရှေ့နောက်တွေး၊ တရေးရေးပေါ်လာxx"
လွမ်းစရာကောင်းလိုက်တဲ့ အသံလေး၊ ဟင်....ကျွန်မတို့ ကားပေါ်မှာ ဟေမာနေ၀င်းလေးလဲ ပါလာတာကိုး။
"အမရေ..ဒါ..သမတရီဂင်ရဲ့ မွေးရပ်ဇာတိလေ၊ ဒစ်ဆွန် (Dixon) တဲ့"
ဟောတော်.... ဘယ့်နှယ် ကျွန်မတို့ အိမ်ကိုတော့ မရောက်ပဲ၊ ရီဂင် မွေးရပ်မြေကို ရောက်လာရတာ လဲ၊ ပြောင်းခင်းတွေကြားက ရွာကလေးတရွာကနေ သမတတယောက်ကို မွေးဖွားပေးသတဲ့လား၊ ဆရာသိပ္ပံမောင်ဝရဲ့ 'ဆရာစောကျောင်း' ကို ကျွန်မ သတိရလိုက်တာ။
"အင်း... ခဏနေရင် 'ဆရာစော' ကျောင်းကို ရောက်တော့မယ်သိလား"
"ဆရာစောကျောင်း.....ဟုတ်လား"
"ဆရာစောရဲ့ ဘုန်းကြီးကျောင်းလေ"
ကျွန်မ သိပ်နားမလည်ပဲ ဆရာစောကျောင်းကို ရောက်သွားတယ်။ လှပသေသပ်ပြီး ချစ်စရာ ကောင်းတဲ့ အိမ်လေးတအိမ်ပါ။ ဘုန်းကြီးကျောင်းလဲ မဟုတ်ပါဖူး။ ပြီးတော့ ဆရာစောဆိုတာ ကျွန်မရဲ့ ရင်းနှီးတဲ့ မိတ်ဆွေတဦးပဲ။ ဒါပေမဲ့ သူ့ကို အိမ်မှာလဲ မတွေ့ရဖူး။ ကျွန်မချစ်မိတ်ဆွေကြီးရဲ့ မရပ်မနား စကားသံတွေသာ ကျွန်မနားထဲမှာ ဆူညံနေတယ်။ ပြီးတော့ ငြင်သာတဲ့ ကားစက်သံ။
တ၀ူးဝူး မြည်နေတတ်တဲ့ ချစ်စဖွယ်လူငယ်လေးရဲ့ တူးဒိုးကားလေးပေါ်ကနေ၊ ကျွန်မတို့... ဘယ်လို လုပ်ပြီး စက်သံငြင်သာတဲ့ ဖိုးဒိုးကားလေးပေါ်ကို ရောက်သွားရပြန်တာလဲ မသိပါဖူး။ ကားမောင်းသူ ကလဲ ပြောင်းသွားပြန်ပြီ။ ချစ်စဖွယ်လူငယ်လေးက ကျွန်မနဲ့အတူ ကားနောက်ခန်းမှာ၊ ကျွန်မရဲ့ ချစ်မိတ်ဆွေကြီးကတော့ ကားရှေ့ခန်းမှာ၊ သူ့အစဉ်အလာကို ထိမ်းသိမ်းရင်း ငိုက်မျည်းလိုက် ပါလို့။
"ကျွန်တော်က ဒေါက်တာသက်ပါ၊ မန္တလေးသား ခင်ဗျ"
အညာသားမှန်း မပြောပဲ သိသာတဲ့ ကားမောင်းသူကို ကျွန်မပြုံးမိပါတယ်။ သူ့ကို မြင်ကတည်းက မန္တလေးကလား၊ ရွှေဘိုကလား၊ မြင်းခြံကလား၊ တနယ်နယ်က ဆိုတာ ကျွန်မသိနေတယ်။ ရွှေဘိုသား လို့တောင် ထင်တာ။ ဘာပြုလို့လဲဆိုတော့ ကျွန်မအကိုကြီး ဒါရိုက်တာကြည်စိုးထွန်းတို့လို သပြေသီးမှဲ့ ရောင် အသားအရေနဲ့ကိုး။
"ကျွန်တော်တို့ ဗမာတွေကိုယ်၊ ကိုယ့်မြေ ကိုယ့်လူမျိုးကို ခင်တွယ်တတ်လွန်းလို့၊ ကျွန်တော်တော့ ထင်တယ်ဗျာ၊ ကိုယ့်ရေမြေနဲ့ ခွဲခွါကြည့်တော့မှ ဘယ်လောက်ချစ်မှန်း သိတော့တာ။ သူများမြေပေါ်မှာ ရောက်ပြီး တပါတ်လောက်လဲ ကြာရော၊ ကျွန်တော် ဘယ့်နှယ်ဖြစ်မှန်းမသိဖူး၊ ဟောဒီ ရင်ညွန့်ကြီး ထဲက နာလာအောင်ကို လွမ်းတာဗျာ၊ အိမ်ပြန်ချင်တာဗျာ..၊ ဒါ..ကျွန်တော့်ဘေးမှာ မိန်းမရော၊ သားသမီးတွေရော ရှိနေတာနော်၊ မဟုတ်သေးပါဘူးလေ ဆိုပြီး ကိုယ့်စိတ်ကိုယ် ဖြေတယ်၊ နောက်တော့ဗျာ၊ ဟောဒီရင်ညွန့်ကြီးထဲက ဝေဒနာကို ဘယ်လိုမှ မခံနိုင်တဲ့အဆုံး ကျွန်တော်တယောက် တည်း လေယာဉ်ရုံးကို သွားတာဗျ..သိလား..။ မိသားစုကို ကျွန်တော် ထားခဲ့မလို့နော်၊ ဒါပေမဲ့ဗျာ၊ ကိုယ်က ရောက်ခါစ ဘာမှ နည်းမလည် မသိတော့ ကျွန်တော်ရောက်သွားတဲ့ လေယာဉ်ရုံးက ကာလကတ္တား သွားမဲ့လေယာဉ်တဲ့။ အင်း... အဲဒါ.. လွန်ခဲ့တဲ့ ဆယ်နှစ်ကပေါ့လေ၊ ခုတော့လဲ အသဲက မာသွားပါပြီ၊ မာရတာပေါ့လေ။ ဒါပေမဲ့ ကျွန်တော့်ကို ပျော်တယ်ထင်သလား..၊ ကျွန်တော့်မှာ အားလုံး ပြည့်စုံ ပါတယ်၊ ဒါပေမဲ့ ရင်ထဲမှာ တခုခု အမြဲတမ်း လိုနေတယ် ....."
"ဟုတ်တာပေါ့ ဆရာရယ်၊ ကျွန်မလဲ အဲဒီဝေဒနာကို ခံစားဖူးတာပေါ့။ ကျွန်မလေ တကယ့်ကို နားမလည်နိုင်ဖူး၊ ရင်ဝမှာ ဆို့နင့်တင်းကြပ်ပြီး အလိုလို ငိုချင်နေတော့တာ...နော်၊ တကယ်တော့ ရင်ဝမှာ အလွမ်းခဲ ဆို့နေတာ ဆရာရဲ့၊ ကိုယ့်ရေမြေကိုလွမ်းတဲ့ အလွမ်းခဲဆို့တာ။ ကျွန်မသူငယ်ချင်း တယောက်က ပြောဖူးတယ်၊ သူများမြေပေါ်မှာ တပါတ်လောက်ကြာရင် ကျွန်မတို့လိုဖြစ်ပြီး၊ တလကြာတော့ တခြားသူတွေကို ကိုယ့်ဆီက ကိုယ့်သူငယ်ချင်း မိတ်ဆွေတွေလို့ ထင်ယောင်ထင်မှား ဖြစ်သတဲ့...၊ လိုက်ကို ခေါ်မိတာတဲ့၊ သူပြောတာ မှန်တယ်၊ ကျွန်မလေ သူများမြေပေါ်က စိမ်းညို့ညို့ သစ်ပင်အုပ်တွေကို အဝေးက ကြည့်ပြီး မန်ကျည်းပင်တွေလို့ တကယ်ထင်တာ၊ ကျွန်မ ခင်ပွန်းနဲ့ ဖုန်းလဲ ပြောရရော၊ သူ့အသံကြားတာနဲ့ ဘာမပြော ညာမပြော ငိုချပစ်လိုက်တာ၊ ကျွန်မခင်ပွန်းက စိတ်ပူပြီး အတင်းမေးတော့မှ ဗလုံးဗထွေးနဲ့ ကျွန်မက ဘာပြောတယ်မှတ်လဲ 'မန်ကျည်းပင်တွေလဲ မဟုတ်ဖူး' တဲ့...."
"ကျွန်တော်ကတော့ ဆရာတို့ အမတို့ထက်ဆိုးတယ်၊ လေယာဉ်ပျံပေါ်မှာတင် ၀မ်းနည်းပက်လက် ဖြစ်ပြီး၊ ရှိုက်ကြီးတငင် ငိုချလိုက်တာ၊ ဘေးကလူတွေက အံ့အားတွေ သင့်ကြလို့၊ ဘာဖြစ်ပါလိမ့်ပေါ့... "
ကျွန်မတို့ သုံးယောက် ဘာတွေပြောပြော ကျွန်မချစ်မိတ်ဆွေကြီးကတော့ ငိုက်မျည်းလိုက်ပါဆဲ. သူရော ဘယ်နှစ်ရက်မြောက်မှာ ဘာတွေကို ဘယ်လိုလွမ်းပြီး ဘယ်ချောင်လေးမှာများ ကြိတ်ငိုခဲ့ ပါလိမ့်။
အို...ကျွန်မ အိပ်မက်ပန်းချီကားဟာ ဖြတ်ကနဲ ပြောင်းလဲသွားပြန်ပါပြီ။
ကျွန်မတို့ဟာ မန္တလေး ပေါက်မြိုင် ဘုန်းကြီးကျောင်းမှာ ထမင်းဝိုင်းဖွဲ့စားလို့ နေပြန်သတဲ့။ မတွေ့ရတာ ကြာတဲ့ သူငယ်ချင်းတွေလဲ ပါသတဲ့။ ပြီးတော့လဲ အကြာကြီးကွဲနေတဲ့... အင်မတန် ဟင်းချက်ကောင်းတဲ့ ချစ်သူငယ်ချင်း စန္ဒယားဆရာက ကျွန်မဘေးမှာတဲ့။ ဟင်းတွေကို ဟိုတုန်းကလိုပဲ ကျွန်မပန်းကန်ပြားထဲကို အတင်းထည့်ပေးနေပြီး ရှက်စနိုး မျက်နှာကြီးနဲ့..။
"သူနဲ့ငါ ပြန်တွေ့ပြီ" တဲ့။
"တကယ်လား၊ တကယ်လား" နဲ့ ကျွန်မက ၀မ်းသာအားရ ထအော်တော့-
"အော်..ဟုတ်ပါတယ်ဆိုမှ၊ လူချင်းတော့ မတွေ့ရသေးဖူး၊ ဖုံးနဲ့ပေါ့" ဆိုပြီး မျက်နှာကြီးက နူးညံ့သွားလိုက်တာများ...။
"စက်တင်ဘာ နှစ်ဆယ်ခြောက်ရက်ဆိုရင် သူနဲ့ငါရဲ့ ချစ်သူသက်တမ်း နှစ်ဆယ်ခြောက်နှစ်ပြည့်ပြီ၊ သိလား။ ငါတကယ်မထင်ပါဘူး၊ ဒီလိုပြန်ဆုံလိမ့်မယ်လို့၊ ပြီးတော့ သူ ဒီလောက်အကြာကြီးလဲ ငါ့ကို စောင့်နေလိမ့်မယ် မထင်ဖူး။ ငါ့ဘက်ကတော့ ရှင်းတယ်လေ၊ ငါ့ရင်ထဲမှာ တသက်လုံး.. သူတယောက် ထဲပဲ၊ ဘယ်လိုကြောင့်ပဲ ကွဲကွာသွားသွား၊ ငါ ဘယ်သူ့ကိုမှလဲ ချစ်မှာလဲမဟုတ်ဖူး၊ လက်ထပ်မှာလဲ မဟုတ်ဖူး၊ မကြာသေးဖူး၊ ဟိုတလောလေးကမှ ငါ့ကိစ္စနဲ့ ငါ စင်္ကာပူက သူငယ်ချင်းတယောက်ဆီ ကို ဖုန်းဆက်တာ၊ သူက အဲဒီအိမ်မှာ ခဏလာလည်ရင်းနဲ့ ဖုန်းကိုင်တဲ့သူက သူဖြစ်နေတယ်၊ နှစ်ပေါင်း နှစ်ဆယ်ကျော် ကွဲသွားပေမဲ့ သူ့အသံကို ငါချက်ချင်းသိသလို ငါ့အသံကိုလဲ သူ ချက်ခြင်းသိတယ်"
ကြည့်ပါအုန်း၊ လွမ်းစရာကောင်းလိုက်တဲ့ အချစ်ဝတ္ထုကလေး။ လွန်ခဲ့တဲ့ နှစ်ပေါင်းနှစ်ဆယ်ကျော်က ရန်ကုန်တက္ကသိုလ် အနုပညာအသင်းရဲ့ တက္ကသိုလ်ကျောင်းသား စန္ဒယားဆရာလေးနဲ့ ကျောင်းသူလေး တဦးတို့ရဲ့ မပြီးဆုံးနိုင်သေးတဲ့ လွမ်းမောစရာ ဇာတ်လမ်းကလေး...။
"အခု..ငါ ပိုက်ဆံစုနေတယ်၊ သူရှိရာကို လိုက်သွားဖို့..."
"ဟာ..ဘာလို့ ပိုက်ဆံစုနေတာလဲ၊ ချက်ချင်း လိုက်သွားရမဲ့ဟာကို၊ မြန်မြန်လိုက်၊ မြန်မြန်လိုက်၊ ကြားလား.."
"အေးပါ.."
"ဘာအေးပါလဲ၊ ပိုက်ဆံတွေကို အရက်သောက်ပစ်နေတယ် မဟုတ်လား၊ ကျွန်မကို ကတိပေး၊ သူ့ဆီကို အမြန်ဆုံး လိုက်သွားပါ့မယ်လို့၊ အရက်ကိုလဲ လျော့သောက်ပါ့မယ်လို့၊ ပြောတာ ကြားလား"
"အေးပါ၊ အမလေး..ငါ့နှမလေးရဲ့ ဒီလို ငေါက်သံ ငမ်းသံ မကြားရတာ ကြာလှပြီ၊ အရသာရှိလိုက် တာ"
ကျွန်မတို့ သူငယ်ချင်းနှစ်ယောက်ရဲ့ ၀မ်းနည်းဝမ်းသာ ရယ်မောသံ မဆုံးခင်မှာပဲ အိပ်မက်ပန်းချီဟာ အလွန်တရာ လျှင်မြန်စွာ ပြောင်းလဲ သွားပြန်ပေါ့လား...။
ကျွန်မက ကားနောက်ခန်းမှာ၊ ဒေါက်တာသက်နဲ့ ချစ်စရာလူငယ်လေးက ကားစက်နှိုးနေပြီ..။
အို...နေပါအုန်း၊ ကျွန်မတို့ ဘယ်ကိုသွားအုန်းမှာလဲ၊ ကျွန်မ ချစ်မိတ်ဆွေကြီးနဲ့ ကျွန်မသူငယ်ချင်းကို ကျွန်မ ခေါ်ခဲ့ချင်တယ်၊ တခြားသူငယ်ချင်းတွေနဲ့လဲ စကားပြောလို့ မ၀သေးဖူး၊ ဗြုန်းကနဲဆို ကျွန်မဘေးက ကားမှန်မျက်နှာပြင်မှာ ကျွန်မချစ်မိတ်ဆွေကြီးနဲ့ ကျွန်မသူငယ်ချင်းကို မြင်တယ်။ ကားမှန်ကို ကဗျာကရာချပြီး ခေါ်မယ်လုပ်တော့ သူတို့က "ကဲသွားတော့နော်" တဲ့။ ဟင့်အင်း..၊ ကျွန်မနဲ့ လိုက်ခဲ့ပါ၊ ကျွန်မ သူငယ်ချင်းက ကားထဲကို တခုခုပြောတယ်၊ ဘာပြောတာပါလိမ့်။
"ငါလေ၊ တကိုယ်ရေတကာယဆိုတော့ အလုပ်မလုပ်တာ ကြာပြီ၊ သူငယ်ချင်းတွေနဲ့ ဒီလိုပဲ နေနေတာ၊ အခု ငါ အလုပ်ပြန်ဆင်းမယ် သိလား၊ ငါနင်လိုချင်တာလေးတွေ ၀ယ်ပေးချင်လို့၊ ဘာတွေလိုချင်လဲ ငါ့ကိုပြော..."
သူကျွန်မကို ငိုအောင်လုပ်ပြီ။ ကျွန်မချစ်မိတ်ဆွေကြီးက ရွှေပြည်စိုးဆေးလိပ်တိုကို လက်ကြားမှာ အကြောင်းမဲ့ ခါနေရင်း ကျွန်မမျက်ရည်တွေကို မမြင်ရက်သလို မျက်နှာလွှဲလို့။
သူတို့နှစ်ယောက်ရဲ့ လက်တွေကို ကျွန်မ တင်းတင်းကြပ်ကြပ် ဆုပ်ထားမိတယ်။ ကားစက်သံက တ၀ူးဝူး မြည်လပြန်ပြီ။ ခဏနေပါအုန်း.... ဒေါက်တာသက်ရဲ့။ ဖြုတ်ဆို.. ဆုပ်ထားတဲ့ ကျွန်မတို့ လက်တွေ ပြုတ်ထွက်သွားခဲ့ပြီး၊ ကားကလေးက မျှားကလေးလို ပြေးလို့။ သူတို့က ကျွန်မနဲ့ တဖြည်း ဖြည်း ဝေး....လို့ .... ကျန်ခဲ့ပေါ့။
အိပ်မက်ဆိုတာ ဒီလိုချည်းပါပဲလေ...။ အော်...မျက်ရည်လူးတဲ့ တခုသော အိပ်မက်ကနေ ကျွန်မတယောက် နိုးရပြန်အုန်းမယ်....။

                                                                                                       
                                       နုနုရည်  အင်းဝ

                                   ၁၇ - စက်တင်ဘာ -၂၀၀၀

           ***************************
ဆရာမရဲ့ Facebook wall မှ Copy ယူလာပါတယ်။
ဆရာမရဲ့မှတ်ချက်စာလေးကို အဆင်ပြေအောင်ဖြတ်
ပြီးတင်ပေးလိုက်ပါတယ်။

@@@@@@

          အိပ်မက်တွေကို နေ့နေ့ညည မက်တတ်တဲ့ ကျမရဲ့ ခုတလော အိပ်မက်တွေထဲမှာ ၂၀၀၀ပြည့်နှစ်တုန်းဆီက သုံးလတာ နေခဲ့ရတဲ့ အမေရိကန်ပြည်ထောင်စုရဲ့ အိုင်အိုဝါ(IOWA)တက္က္ကသိုလ်နဲ့ IWP(InternationalWritingProgramme)  အဖွဲ့သားတွေ၊ဗမာမိတ်ဆွေတွေကို ခဏ ခဏ တွေ့တယ်။
အော်…(၁၇)နှစ်တောင်ရှိခဲ့ပြီပဲ…။ အဲဒီတုန်းက နိုင်ငံရပ်ခြားထွက်ကြရတဲ့ ကျမတို့တွေ ကျီးလန့်စာစား ၊ဘာကိုမှန်းမသိ၊ဘယ်သူ့ကိုမှန်းမသိ ကြောက်ကြရတဲ့ဘ၀..။အဲဒီအချိန်အခါက အမေရိကန်ဆိုရင် နားမှလေသံတောင်မကြားချင်တဲ့ ကျမတို့ရဲ့ ရေမြေသနင်း စစ်အစိုးရမင်းများနဲ့ ကျမတို့ရဲ့ ချစ်စွာသော စာပေကင်ပေတိုင်အဖွဲ့ကလဲ အမေရိကန်အကြောင်းဆိုလို့ကတော့ တလုံး တပါဒမှ ခွင့်မပြုဖူးဆိုတာ သိပါရက်ကနဲ့…အော် ကျမခင်မျာက စာရေးဆရာပေကိုး…။
အိုင်အိုဝါရဲ့ စက်တင်ဘာလညတည၊ မိုးကြီးလေကြီး ကျနေချိန်မှာ တားမနိုင် ဆီးမရ ကျမရေးချင်တာလေးတွေ ထိုင်ရေးမိတော့တာ။ စာရေးဆရာဆိုတော့လဲ ကိုယ့်စာကို ကိုယ်စာဖတ်ပရိတ်သတ် ဖတ်စေချင်ပြန်သေးတော့ နေရာတွေ လူနံမည်တွေကို ဖွက်ပြီးရေးရပြန်ရော..။အော်..ကိုယ့်လူတွေဆိုတာကလဲ အကုန်သူပုန်တွေချည့်ကိုး…။
အိုင်အိုဝါမှသည်အီလီနွိုက်၊ ချီကာဂို၊ချီကာဂိုမှသည် ဗမာသူပုန်များစွာရဲ့ ဖို့ဝိန်းကို ကျမနဲ့ ဗီယက်နမ်သူငယ်ချင်း ဟောင် ကိုခေါ်သွားခဲ့တဲ့ ဗမာကျောင်းသားလေးကိုထက်နဲ့ ဆရာဂျမ်း(ဆရာဦးတင်မိုး)၊မန်းလေးသားဒေါက်တာသက်ဦး ၊ ဆရာဦးစောထွန်း၊
၊ဖို့ဝိန်းမှာ တွေ့တဲ့ တက္က္ကသိုလ်အနုပညာအသင်းကစန္ဒယားဆရာ  ကိုသောင်းဟန်…၊ကျမဖွက်ခဲ့ရတဲ့ ကျမရဲ့ ဇာတ်လိုက်များပေါ့..
လွမ်းစရာကောင်းလှပါဘိ..။ဆရာဂျမ်းနဲ့ ကိုသောင်းဟန်တို့ မရှိရှာတော့ပြီ..။ ကျမတို့ ကားလေးထဲမှာ ပါလာတဲ့ အသံရှင် ကိုသုမောင်တယောက်လဲ မရှိရှာတော့ပြီ..
ကျမရင်ထဲက ရေးချင်တာတွေကို ရေးမိတဲ့  “အိပ်မက်ထဲက လွမ်းမျက်ရည်”ကို အဲဒီတုန်းက LAကနေအလုအယက် ပို့ခိုင်းပြီး အားပေးဖတ်ရှုခဲ့ကြတဲ့ ကျမရဲ့ အမာခံပရိတ်သတ်ချစ်မိတ်ဆွေနှစ်ဦး (လမင်းတရာကိုအေးဝင်းနဲ့ စောစော)ကိုကျေးဇူးတင်လို့မဆုံးပါဖူး။
ဝတ္တုမပီ၊ဆောင်းပါးမမည်၊အက်ဆေးလို့လဲခေါ်လို့ရပါ့မလားမသိတဲ့ ကျမရဲ့ လွမ်းမျက်ရည်ကို.. မဖတ်ရသေးတဲ့ ကျမစာဖတ်ပရိတ်သတ်ကို ဖတ်စေချင်ပါတယ်။