Apr 22, 2017

မကြည်ပြာနှင့်အင်တာကွန်း

နီကိုရဲ

#မကြည်ပြာနှင့်အင်တာကွန်း

. . . . . . . . . . . . . . . . .

တရိပ်ရိပ် ပြေးနေသော ကားလေးပေါ်ကို ကျွန်တော် ပါလာခဲ့ပြီ ။
နောက်ဆုံးမှ ဝုန်းခနဲ ကိုးရိုးကားရား ကားလေးပေါ် ရောက်လာသူ ဖြစ်သည့် လူတို့ ထုံးစံအတိုင်း တွယ်ထားရာမှ ကားလေးအတွင်းသို့ ထိုးသွင်းလိုက်သည့်အခါ ထိုင်ခုံနေရာ ရပြီးသူတို့၏ ဝိုင်းကြည့်နေသော မျက်ဝန်းများနှင့် ဆုံလိုက်ရသဖြင့် ကျွန်တော် လန့်ဖျပ်ကာ ခေါင်းကို ပြန်ထုတ်သော်လည်း အပေါ်တန်းကို လှမ်းကိုင်ထားသော အခြားလူတို့၏ လက်များဖြင့် ကျွန်တော့်ခေါင်းက ပြန်ထုတ်၍မရ ။ ဒီတော့ ကားထဲမှ ဝိုင်းကြည့်နေသော ကျောင်းသူများနှင့် ခရီးသည်များ၏ မျက်ဝန်းများကိုရှောင်ရန် ခေါင်းကို နံဘေးကပ်၍ အသာငဲ့ထားရသည် ။ ဘာပဲဖြစ်ဖြစ် ကျွန်တော်သည် ကြည်ပြာနှင့် ကားတစ်စင်းတည်းတော့ ပါလာပြီ ။
သက်ပြင်းကို ပင့်ကာချတော့မှ ပြေးလွှားခုန်တက် လာခဲ့ရသဖြင့် ရင်တဆတ်ဆတ် တုန်နေတာကို တွေ့ရ၏ ။ ကားတစ်စင်း၏ ရှေ့နှင့်နောက် ဖြစ်နေသည့်တိုင် ကိစ္စမရှိ ။ ကားပေါ်မှဆင်းလျှင် ကြည်ပြာနှင့်တော့ တွေ့ခွင့်ရမည် ။
‘ ကဲ . . . ကားခတွေ လှမ်းထား ၊ လှည်းတန်း . . . ၊ ကျောင်းရှေ့ . . . ၊ မာလာမြိုင် . . . ၊ ကုက္ကိုင်း . . . ၊ လမ်းနီ ပါလား . . . ’
စပယ်ယာက အော်ဟစ်ကာ ကားခတောင်းသည် ။ ကျွန်တော် ကားခ ထုတ်ပေး၍ မရသေး ။
စပယ်ယာကို ပြုံးကာ ခေါင်းဆတ်ပြရ၏ ။
ထိုစဉ် ကျွန်တော် ခေါင်းငဲ့ထားသော နားထင်နံဘေးမှ တဂျစ်ဂျစ် အသံနှင့်အတူ . . .
‘ ရှေ့ခန်းက တစ်ယောက် နောက်က ပေးမယ်ဟေ့ . . . ’
‘ ကဲ . . . ရှေ့ခန်းက တစ်ယောက် နောက်က ပေးမယ်တဲ့ . . . ’
အင်တာကွန်းမှ အသံနှင့် စပယ်ယာ့ စကားကြောင့် ကျွန်တော့်ရင် ထိတ်ခနဲ ခုန်သွားရ၏ ။ ဒါ ကြည်ပြာက ပြောလိုက်တာလား ။ ကြည်ပြာ့အတွက် ရှေ့ခန်းက ကားခကို ပြောတာလား . . . ။ ကျွန်တော် အင်တာကွန်းကို အံ့သြရင်ခုန်စွာ မော့ကြည့်နေစဉ်တွင် . . .
‘ ရော့ . . . ရော့ . . . ရှေ့ခန်းက တစ်ယောက် နောက်က တစ်ယောက် ဘယ်လောက်လဲ ’
‘ ရှေ့ခန်း တစ်ဆယ် ၊ နောက် လေးကျပ် ၊ မှတ်တိုင်တွေ ကြိုပြောထားနော် ၊ ဆလွန်းကျော်မယ် ၊ လမ်းနီမောင်း ဆရာရေ့ . . . ’
မျှော်လင့်ထားခဲ့သမျှအားလုံး မျက်နှာပေါ် ပြုတ်ကျလာသဖြင့် မျက်နှာကို ဘေးသို့ လွှဲချလိုက်ရသည် ။ ကြည်ပြာက ငါ့ကို ဒီလောက် စိတ်ဆိုးနေတာ ဘယ်လိုလုပ် ကားခပေးနိုင်မှာတဲ့လဲ ။ ငါနဲ့ ဘယ်အပတ်သက် ခံပါ့မလဲ ။ နှစ်စက္ကန့်လောက် ထင်ယောင်ထင်မှား ဖြစ်လိုက်သည့် စိတ်ကို ကျွန်တော် ရှက်သွားခဲ့ရသည် ။ ကျွန်တော်ဟာ ကြည်ပြာနှင့် ပတ်သက်လာလျှင် ဆင်ခြင်နိုင်သောစိတ် ပျောက်သွားတတ်လေ့ ရှိသည် ။ ဒါဟာ အမြဲဖြစ်နေကျ အမှားအတွက် အမှန်တရား မဟုတ်လား ။
ထိုစဉ် ညာဘက်နားထင်ဘေးမှ တဂျစ်ဂျစ်အသံ ထွက်လာပြန်၏ ။
‘ လမ်းနီမှာ လှည့်ကင်း ရှိ မရှိ မေးထား ၊ အတွယ် ဘယ်နှစ်ယောက်လဲ . . . ’
‘ Ok . . . အတွယ်ငါး . . . ၊ ခုံပြည့် . . . လမ်းနီမောင်းထား ဆရာရေ့ ’
အရှေ့ခန်းနှင့် အနောက် ညီညွတ်မှု ယူနေသော စပယ်ယာနှင့် ဒရိုင်ဘာ အသံကို ကြားရသည့် ခဏတာ အချိန်အတွင်း ကျွန်တော့်ခေါင်းထဲမှာ အကြံတစ်ခု လက်ခနဲ ဝင်ရောက်လာ၏ ။ အဟား . . . ဟုတ်ပြီ . . . ၊ ဒါဆိုရင် ကြည်ပြာ ဘယ်ပြေးမလဲ ။
ကျွန်တော် ခေါင်းကိုလှည့်ကာ အင်တာကွန်းအနား ပါးစပ်ကိုတိုးကာ ကပ်လိုက်သည် ။ ပြီးတော့ စိတ်ကိုတင်းကာ တည်ငြိမ်အောင်ထားပြီး . . .
‘ ကြည်ပြာ ၊ ငါ . . . ငါ . . . ရဲဝင်းပါ ၊ နင် ကြားရလား ၊ ငါ့ကို စိတ်မဆိုးပါနဲ့ဟာ ၊ ခင်ပြုံးသီ ကိစ္စက ငါ ကြိုသိထားတာ မဟုတ်ဘူးဟ . . . ၊ ပြီးတော့ ငါက သူ့ကို အကူအညီတောင်းပြီး လာရတာ ’
ဘာဆက်ပြောရမှန်း မသိသဖြင့် ကျွန်တော် ခဏရပ်လိုက်သည် ။ အင်တာကွန်း အောက်တည့်တည့်မှာ ထိုင်နေကြသည့် ကျောင်းသူနှစ်ယောက်က ကျွန်တော့်အသံကြောင့် မော့ကြည့်သဖြင့် ခေါင်းငုံ့ကာ စဉ်းစားနေရာမှ ကမန်းကတန်း ရှောင်ရသည် ။ ဒါတောင်မှ ထိုကျောင်းသူ၏ နဖူးနှင့် ကျွန်တော်၏ ကြည်ပြာ့ကိုပြောရန် ပြင်နေသော နှုတ်ခမ်းတို့ စက္ကူတစ်ရွက်စာလောက် ထိခတ်သွားကြသည် ။
‘ ကြည်ပြာ . . . ကြည်ပြာ  ငါ . . . ငါ . . . ’
လူ့စိတ်ဆိုတာကလည်း အတော်ခက်သည် ။ ကြည်ပြာ့ကို ပြောရန် ကျွန်တော်၏ ရွေးချယ်ထားသော စကားကို ကျွန်တော် မေ့သွား၏ ။ ထိုစက္ကန့်အတွင်း ကုဋေတစ်သန်း ချုပ်ပျက်သွားသော ကျွန်တော့်စိတ်သည် မိန်းမတစ်ယောက်၏ နဖူးနှင့် ထိလိုက်ရသည့် နှုတ်ခမ်းအတွက် ကျွန်တော့်ခေါင်းထဲမှာ စီထားခဲ့သော ကြည်ပြာ့အတွက် တောင်းပန်စကားကို ယူသွားခဲ့သည် ။
ဒုက္ခပါပဲ ။ ကျွန်တော် ကမန်းကတန်း လိုက်စဉ်းစားသည် ။ ဘာမှန်းမသိတော့ ။ တောက် . . . ၊ အသစ်ထပ် စဉ်းစားသည် ။ ဘာစကားလုံးကို ရွေးချယ်ရမှန်း မသိ ။
‘ ကြည်ပြာ . . . ဟိုလေ . . . ငါက . . . ငါကလေ . . . ’
‘ ရဲဝင်း . . . ၊ နင့်ပါးစပ်ကို ပိတ်ထား ၊ နင် အခု ဆင်းသွား . . . ’
တဂျစ်ဂျစ် မြည်သံနှင့်အတူ အင်တာကွန်းမှ ချွန်ထွက်နေသော ကြည်ပြာ့နှုတ်ခမ်းသည် လျှပ်စစ်အကူအညီဖြင့် ကျွန်တော့်နားထဲ ဝင်လာ၏ ။
‘ မဟုတ်ဘူး ကြည်ပြာ ၊ ငါ ရှင်းပြတာကို နားထောင်ပါဦးဟာ . . . ခင်ပြုံးသီ ဝက်ရူးပြန်တာကို ငါ ကြိုမသိထားဘူး . . . ငါ ရင်မဆိုင်ရဲလို့ ၊ နင် ငါ့ကို နားလည်ပါဟာ . . . ကြည်ပြာနော် . . . ငါလေ . . . ’
‘ နင့်ပါးစပ် ပိတ်ထားဆို မရဘူးလား ၊ လဲသေလိုက် ရဲဝင်း . . . ၊ နင် . . . တိတ် . . . ’
အင်တာကွန်းမှ ဒေါသတကြီး ကြည်ပြာ့အသံကြောင့် တစ်ကားလုံးက အံ့သြကာ ကျွန်တော့်ကို ဝိုင်းကြည့်ကြသည် ။ စပယ်ယာကလည်း ငုံ့ကာကြည့်၏ ။ ဘာလဲဆိုသည့် မျက်လုံးတွေ ၊ အံ့သြသည့် အမူအရာတွေ ၊ နားမလည်သော အကြည့်တွေ . . . ။
‘ ဟို . . . ခဏလေး . . . အစ်ကို ၊ ရှေ့ခန်းက ကျွန်တော့်ရည်းစားက အဲဒါ . . . ဟိုလေ . . . အဆင်မပြေလို့ ရှင်းပြနေတာ ၊ ကြည်ပြာ . . . ကြည်ပြာ . . . ကြားရလား ၊ ငါကလေ . . . အင် . . . ဟိုဟာ . . . အတန်းထဲကို လာဖို့အတွက် မနေ့က ခင်ပြုံးသီနဲ့ တွေ့တော့ . . . အဲဒါ နင့်ကိုပေါ့ဟာ . . . ’
‘ ရဲဝင်း . . . ၊ နင် အရှက်မရှိဘူးလား . . . ၊ တိတ်ဆို တိတ်လိုက်နော် ’
ကျွန်တော် စပယ်ယာကို ရှင်းပြသည့် စကားနှင့် ကြည်ပြာ့တုံ့ပြန်သံတို့ကြောင့် ကားပေါ်မှ လူတွေ နည်းနည်းတော့ ဇာတ်ရည်လည် သွားကြပုံပေါ်သည် ။ တချို့ စီးနေရင်း သူတို့နှင့် မပတ်သက်သည့် ပြဿနာ တစ်ခုကြောင့် စိတ်ညစ်ကာ နှာခေါင်းရှုံ့ချင်ကြ၏ ။ သို့သော် မတတ်နိုင် ။ ကြည်ပြာ့ကို သွားလည်း မတွေ့ရဲ ။ ရင်ဆိုင်ဖို့လည်း သတ္တိမရှိသေးသော ကျွန်တော့်အတွက် ယခု အခြေအနေသည် အကောင်းဆုံး ဆိုတာကို ကျွန်တော် နားလည်ပါသည် ။
ကြည်ပြာ ထွက်ပြေးလည်း မရ ၊ တယ်လီဖုန်းလို ချပစ်လို့လည်း မရ ။ ဒီအခြေအနေမျိုးမှာ ကြည်ပြာ ကျေနပ်သွားအောင် ပြောနိုင်ဖို့ တစ်ခုသာ လိုပါသည် ။ ယခု အင်တာကွန်းမှ လာနေသော ကြည်ပြာ့အသံသည် ဒေါသအပြည့်ဖြင့် ဖြစ်သော်လည်း ကိစ္စမရှိ ။ ကျွန်တော် ရင်မဆိုင်ရဲသော ကြည်ပြာ့ဒေါသများ ထိုအသံထဲတွင် အကုန်ပါသွားဖို့သာ လိုသည် ။ ကျွန်တော် အားကိုတင်းကာ အင်တာကွန်းနား ပါးစပ်ကို ကပ်လိုက်သည် ။
‘ ကြည်ပြာ . . . နင် ငါ့ကို အဲဒီလို ရက်စက်မထားပါနဲ့ဟာ . . . ၊ ငါလေ သိလား ၊ နင်နဲ့ မတွေ့ရတဲ့ ရက်တွေမှာ ငရဲကျသလိုပဲ ခံစားရတယ် ၊ ပြီးတော့ နင် ငါ့ကို နားလည်ပါဟာ . . . ၊ ငါ နင်နဲ့ တွေ့ခွင့်ရဖို့ နင့်ကို အားပေးဖို့ ကြိုးစားရင်းနဲ့ ခင်ပြုံးသီက ဝက်ရူးပြန်ပြီး အရင်လို အဆင်မပြေမှုနဲ့ . . . ’
‘ လဲသေလိုက် ၊ လဲသေလိုက်ဟေ . . . ရဲဝင်း . . . နင် တိတ်နော် . . . ငါ နင့်အသံကို လုံးဝမကြားချင်ဘူး ၊ တောက် . . . အရှေ့ခန်း စီးမိတာ မှားတယ် ၊ နင် အခုတိတ် ၊ မတိတ်ရင် ငါ ဆင်းမယ် ’
‘ ဟာ . . . မဆင်းပါနဲ့ဟာ ၊ ကြည်ပြာ . . . ငါကလေ . . . အား . . . ’
ကားလေးက မီးပွိုင့်တွင် မီးဝါသဖြင့် ဘရိတ်နင်းလိုက်သည့်အခါ အင်တာကွန်းနှင့် ကပ်၍မော့ကာ စကားပြောသော ကျွန်တော့်မျက်နှာ အရှိန်လွန်၍ တိုက်မိသည် ။ ပြုံးကာ ၊ ငြိမ်ကာ ၊ စိတ်ဝင်စားကာ နားထောင်နေသော ကားပေါ်မှ ပရိတ်သတ်က ကျွန်တော့်ကို မော့ကာကြည့်၏ ။
အင်တာကွန်းထောင့်နှင့် တိုက်မိကာ ကျွန်တော့်နှုတ်ခမ်း ပေါက်သွား၏ ။ နှုတ်ခမ်းက ချက်ချင်းဖူးကာ ဖောင်းတက်လာသည် ။ လူတချို့က မသက်မသာ ကျွန်တော့်ကို လှမ်းကြည့်ကြသည် ။ ကျွန်တော် ရှက်ရှက်နှင့် ကျွန်တော့်ကို ကြည့်သမျှ လူတွေကို ပြုံးကာပြရ၏ ။
‘ တောက် . . . စီးပွားရှာရတာ ခက်ရတဲ့ကြားထဲ အသည်းကွဲသမားနဲ့ လာတိုးနေသေးတယ် ၊ လမ်းနီမှတ်တိုင်မောင်း . . . အတွယ်ငါး . . . ’
စပယ်ယာက မကျေမနပ်နဲ့ ရေရွတ်သည် ။ ကားလေးက မီးပွိုင့်အထွက် ငေါက်ခနဲ ထသဖြင့် နောက်လန်ကာ နောက်စေ့နှင့် သံတိုင် တိုက်ပြန်၏ ။
‘ အား . . . တောက် . . . အရမ်းချည်းပဲ . . . ’
‘ အေး . . . အသုံးမကျတာ နင် . . . ၊ သိလား ရဲဝင်း . . . နင် နင့်အသံ အခုတိတ် ၊ ငါ ရှေ့မှာဆင်းမယ် ၊ နင့်အသံကိုလည်း မကြားချင်ဘူး ၊ နင့်မျက်ခွက်လည်း မတွေ့ချင်ဘူး . . . ဒါပဲ ’
‘ ဟ . . . ငါ နင့်ကို ပြောတာ မဟုတ်ဘူး ၊ ကားကိုပြောတာ ၊ ကြည်ပြာရယ် . . . ငါ ရှင်းပြတာ နားလည်ပါဟာ . . . ၊ ငါ နင့်ကို တောင်းပန်နေပြီပဲ ၊ ငါက နင့်အတွက် ဒီလို အဆင်မပြေမှန်းသိရင် လုပ်ပါ့မလား ၊ ခင်ပြုံးသီက . . . ’
‘ တော်ပြီ . . . ၊ အဲဒီ မိန်းမနာမည် ထပ်မပြောနဲ့ ၊ အတူတူပဲ . . . အားလုံးပဲ . . . ၊ နင် တိတ် ၊ အခု တိတ် ’
‘ ဟား . . . ’
‘ လဲသေလိုက် ’
‘ လမ်းနီပါတယ် ဆရာရေ့ . . . ၊ ကိုယ့်ဆရာ ခဏဖယ်ဦးဗျာ . . . ၊ ကျွန်တော် စီးပွားရှာဦးမယ် ’
ကားလေးက လမ်းနီ မှတ်တိုင်မှာ ရပ်သည် ။ စပယ်ယာက အင်တာကွန်းမှ ကျွန်တော့်ခေါင်းကို စိတ်တိုတိုဖြင့် ဖယ်၏ ။ ကြည်ပြာသည် ယခုထိ ကျွန်တော့်အပေါ် ဒေါသမပြယ်သေး ။ အင်တာကွန်းမှ ပြောတာကိုလည်း ကျေနပ်ပုံမရ ။ ဒုက္ခပါလား . . . ။
ထိုစဉ် ရှေ့ခန်းတံခါး ပိတ်သံကြားရ၏ ။ ဟိုက် . . . ၊ ကြည်ပြာ ဆင်းပြီးနဲ့ တူတယ် ။ ကျွန်တော် စိုးရိမ်စိတ်ဖြင့် ကားလေးပေါ် အတင်းတိုးတက် နေသူများကြားမှ ခက်ခဲစွာ နောက်ကိုဆင်းပြီး ရှေ့ခန်းရှိရာကို ကွေ့ကြည့်လိုက်သည် ။ ရှေ့ခန်းမှ ကျောင်းသူတစ်ယောက် ပြုံးစစ မျက်နှာဖြင့် ဆင်းလာ၏ ။ ကြည်ပြာ မဟုတ် ၊ ကြည်ပြာနှင့်အတူ ရှေ့ခန်းမှ ထိုင်စီးသူ ကျောင်းသူတစ်ဦးသာ ဖြစ်သည် ။ မိန်းမကြီး တစ်ဦးက ဖျတ်ခနဲဝင်ကာ ရှေ့ခန်းတံခါးကို ပိတ်လိုက်သည် ။
‘ ရှေ့ကပြီးရင် မောင်း . . . ၊ ရန်ကင်း . . . ဆယ့်နှစ်လုံးတန်း ပါလား ၊ ကားကြီးတက်မယ် . . . ’
ကားလေးက ငေါက်ခနဲ ထထွက်သည် ။ ကြည်ပြာက မဆင်း ။ ကားရှေ့ခေါင်းခန်းမှာပဲ ရှိသေးသည် ။ ကျွန်တော် တွယ်ရန် ပြေးလာတော့ ကားလေးက ထွက်စပြုနေပြီ ။
‘ ဟိုးထား . . . ဟိုးထား . . . ၊ လူမှားသွားလို့ . . . ဟိုးထားဗျို့ . . . ’
ကျွန်တော် ထွက်ခါစ ကားလေးပေါ် ကမန်းကတန်းပြေးကာ လိုက်ရပြန်သည် ။ တွယ်စီးသူများကလည်း ကျွန်တော့်အော်သံကြောင့်  ကားပေါ်မှ လက်လှမ်းကာ ပေးကြသည် ။ ကျွန်တော် သူတို့လက်ကို ဆုပ်ကိုင်လိုက်သည် ။ သူတို့ကလည်း ကျွန်တော့်လက်ကို ဆုပ်ကိုင်ထားကြသည် ။ သို့သော် ခုန်တက်စရာ နေရာက မရှိတော့ ။ လမ်းနီမှာ လူတော်တော်များများ တွယ်လိုက်ကြသဖြင့် ခြေချစရာ နေရာမရှိတော့ ။ ကားလေးက Second ဂီယာ ချိန်းပြီ ။ ကျွန်တော် လက်များကို ဆုပ်ကိုင်ကာ ပြေးလိုက်နေရတုန်း ။
ကားလေးက တဖြည်းဖြည်း မြန်ကာလာ၏ ။ ကျွန်တော် ဘာလုပ်ရမလဲ ။ လက်တွေကို လွှတ်ချလိုက်လျှင်လည်း တလိမ့်ခေါက်ကွေး လဲတော့မည် ။ ကျွန်တော့်အရှိန်က အတော်မြန်နေပြီ ။ ကားပေါ်မှ စီးလာကြသူတွေက စိုးရိမ်တကြီး ဝိုင်းအော်ကြသည် ။ ကျွန်တော့်ကို လှမ်းကိုင်ထားသူတွေက အားနှင့်ဆွဲအတင်တွင် ကျွန်တော်လည်း ရှိသမျှ အားကိုညှစ်ကာ ခုန်တက်လိုက်သည် ။ ကျွန်တော် ခြေထောက်တွေ ပြည့်နေသော ခြေနင်းခုံပေါ်မှ ခြေထောက်တွေပေါ် ခုန်တက်ကာ နင်းထားရသည် ။
‘ ဟေ့ကောင် . . . မင်း စတန့်ထွင်တာက အရေးမကြီးဘူး ၊ ပြုတ်ကျရင် ငါ့မိန်းမ နောက်လင်ယူမှာကွ သိလား . . . ၊ တောက် . . . ဒီနေ့ စီးပွားရှာရတာ မလွယ်ပါလား ’
‘ အေးလေ . . . ဒီကောင်ကို ဂနာမငြိမ်ဘူး ၊ ဘာဖြစ်နေတာလဲ မသိဘူး ’
‘ ပြုတ်များကျလိုက်ရင် မမြင်ဝံ့စရာကွယ် ၊ ဘေးဥပါဒ်တော့ ဖြစ်တော့မှာပဲ ’
ကားပေါ်မှ လူများက တစ်ယောက်တစ်ပေါက် ဝိုင်းကာပြောကြ၏ ။ ကျွန်တော် ချွေးတွေရွှဲကာ မောနေသဖြင့် ဘာမှပြန်မပြောနိုင် ။ ပြီးတော့ ကျွန်တော့်အမှားကြောင့် လှုပ်လှုပ်ရှားရှား ဖြစ်သွားရသော ကားပေါ်မှ လူများကို အားနာခြင်း ၊ ရှက်ခြင်းတို့ကြောင့်လည်း ဘာမှမပြောနိုင် ။
‘ မင်း ဘာတွေအရေးကြီးနေတာလဲ ၊ အင်တာကွန်းနား ကပ်ပြောလိုက် ၊ ပြေးဆင်းလိုက်နဲ့ ၊ တောက် . . . တွေ့တဲ့အတိုင်းပဲ ၊ ပြုတ်ကျလို့ သူ သေရင် ကျုပ်က သက်သက်မယ့် ထောင်ကျဦးမှာ ၊ ငြိမ်ငြိမ်စီး ကိုယ့်လူ . . . မစီးရင်ဆင်း . . . ဒါပဲ ၊ ဘယ်လိုကောင်နဲ့ လာတွေ့နေလဲ မသိဘူး ’
အင်တာကွန်းက ပြောကတည်းက မကြည်လင်သော စပယ်ယာက ဖိကာဟောက်သည် ။ ကျွန်တော် အင်တာကွန်းနားကိုလည်း တိုးလို့မရတော့ ။ ခုန်တက်စဉ်က ဘယ်သူ့လက်နှင့် ထိလိုက်မှန်းမသိ ။ စူထွက်နေသော ကျွန်တော့်နှုတ်ခမ်းက သွေးထွက်ကာလာပြန်၏ ။
‘ ခင်ဗျာ့နှုတ်ခမ်း . . . နှုတ်ခမ်း သွေးထွက်နေပြီ ’
‘ ရတယ် အစ်ကို . . . ၊ ရတယ် . . . ၊ ဘာမှမဟုတ်ဘူး ’
ကျွန်တော် နှုတ်ခမ်းကို လျှာနှင့်တို့ကြည့်တော့ အပေါ်နှုတ်ခမ်းက မယုံကြည်နိုင်လောက်အောင်ကို ထူကာနေပြီ ။ နံဘေးမှ တွယ်သူတစ်ယောက်၏ လက်မောင်းကို ဆုပ်ကိုင်ရင်း ကျွန်တော့်ရင်ထဲ ဝမ်းနည်းလာသည် ။ ကြည်ပြာကတော့ ရှေ့ခန်းမှာ မျက်နှာထား တင်းတင်းဖြင့် သက်တောင့်သက်သာ ထိုင်နေလိမ့်မည် ။ ကျွန်တော်ကတော့ သူမကို တောင်းပန်းရရေးဟူသော အခွင့်အရေး တစ်ခုလေး အတွက် နောက်ပိုင်းမှာ ကားတစ်စင်းလုံး၏ ပြစ်တင်ရှုတ်ချခံရသူ ဖြစ်ကာနေ၏ ။ ကျွန်တော့်ကို အော်ဟစ်ပြစ်တင်သံတွေကို ကြည်ပြာ ကြားမှာပါပဲ ။ သို့သော် မတတ်နိုင် ။ ဘာမှလည်း လုပ်လို့မရ ။
‘ ရန်ကင်းပါလား ၊ ဆယ့်နှစ်လုံးတန်း ၊ ကြားမှတ်တိုင် အသံမကြားဘူး ၊ အမြောက်တပ်ကို မောင်း . . . ’
သို့သော် ကားလေးက ရန်ကင်းမှတ်တိုင်မှာ ရပ်သည် ။ ရှေ့ခန်းတံခါး ဖွင့်သံကို ကြားရ၏ ။ တွယ်သူတွေ ခဏဆင်းတုန်း ကျွန်တော် နံဘေးမှ ခေါင်းထွက်ကာ အသာကြည့်ရသည် ။ ကြည်ပြာ . . . ။
ကြည်ပြာက ရှေ့တံခါးကို ဝုန်းခနဲပိတ်ကာ စလင်းဘက်ခ်ကို လွယ်လိုက်သည် ။
‘ မောင်း . . . ဆရာရေ့ . . . ’
ဟူသော အသံနှင့်အတူ ကားလေးက ဝေါခနဲ ထွက်သွားသည် ။ ကျွန်တော် ကျန်ခဲ့သည် ။ ကားလမ်း၏ သုံးပုံတစ်ပုံပေါ်မှာ ကြည်ပြာနှင့် ကျွန်တော် ရပ်လျက် တစ်ယောက်နှင့်တစ်ယောက် ကြည့်နေကြသည် ။ ကြည်ပြာက ဒေါသဖြင့် သူမ နှုတ်ခမ်းကို ကိုက်သည် ။ ကျွန်တော် မျက်တောင်သုံးလေးချက်ခတ်ကာ ဖူးယောင်နေသော အပေါ်နှုတ်ခမ်းကို လျှာနှင့်လျက်၍ မျက်နှာတစ်ဘက်သို့ လွှဲလိုက်သည် ။
ကားလေးထွက်သွားပြီးနောက် ရှေ့ခန်းမှ ဆင်းလာသူနှင့် နောက်မှ တွယ်စီးသူတို့နှစ်ယောက် မလှုပ်မယှက် ရပ်နေသောပွဲကို ကားမှတ်တိုင်မှ လူများက ဝိုင်းကာကြည့်နေကြသည် ။ ကြည်ပြာက ရုတ်တရက် သတိဝင်လာကာ တစ်ခုခုပြောရင်း ချာခနဲ လှည့်ထွက်သွားသည် ။ ကျွန်တော် သက်ပြင်းချရင်း တစ်ဘက်ကားလမ်း ကူးသွားသော ကြည်ပြာ့နောက်ကို လိုက်ရသည် ။
‘ ကြည်ပြာ . . . နင် ကျေနပ်ဖို့ ကောင်းပြီဟာ ၊ နင့်ကို ငါ အားလုံး ရှင်းပြပြီးပြီပဲ . . . ၊ ခင်ပြုံးသီက . . . ’
‘ တော်ပြီ ၊ အဲဒီမိန်းမနာမည်ကို လုံးဝထပ်မပြောနဲ့တော့ ၊ နင်ဟာပြောလည်း အလကားပဲ ရဲဝင်း . . . သိလား ၊ နင့်ကို ငါ စိတ်ပျက်တယ် ၊ တကယ်ပြောတာ ၊ ဘာတစ်ခုမှ အဆင်မပြေဘူး ၊ ဘယ်တော့မှ အသုံးမကျဘူး ။ နင့်ကြောင့် ငါ ဘယ်လောက် အပြောခံခဲ့ရတယ် မှတ်သလဲ . . . လူခံရတာကိုထား ၊ မိသားစုထဲမှာ မျက်နှာငယ်ရ ၊ အပြောခံရ ၊ အဲဒီ အပြောခံရတာလောက် ငါ ဒေါသထွက်တာ ၊ စိတ်ဆင်းရဲတာ မရှိဘူး . . . သိလား ’
ကြည်ပြာ့အသံက ဒေါသထွက်နေတာ မဟုတ်တော့ ။ တကယ့်ကို စိတ်ပျက်ရွံမုန်းနေသည့်ဟန် ဖြစ်သည် ။ ‘ နင့်ကို ငါ စိတ်ပျက်တယ် ၊ တကယ်ပြောတာ ’ ဟူသော စကားကြောင့် ကျွန်တော် ရင်ထဲမှာ မခံချင်စိတ်နှင့် ဝမ်းနည်းမှုတို့ တစ်ပြိုင်တည်း ရောက်လာကြသည် ။
‘ နင့်ကို ဘယ်သူက ပြောတာလဲ ၊ ဘာကိစ္စ ပြောတာလဲ ’
‘ နင့်အကြောင်းလေ ၊ နင့်ကိစ္စလေ . . . ၊ နင် လုပ်ချင်တာ လုပ်ပြီးသွားတာထား ၊ ငါ ဒီလောက် ဆက်ဖြစ်တာ နင် အိမ်ကိုလာပြီး မေးဖို့ ၊ တောင်းပန်ဖို့ ကောင်းတယ် . . . အဆင်မသင့်ရင် သေသွားနိုင်တဲ့ အဖြစ်ကို နင့်ကြောင့်ဖြစ်ပြီး နင် လုံးဝတာဝန်မရှိသလိုနေတော့ သိပ်မိုက်ရိုင်းလွန်းအားကြီးတယ် ရဲဝင်း . . . ကဲ . . . နင် ဘာပြောမလဲ ’
ကျွန်တော် ဘယ်လိုမှ ထင်မထားသည့် ပေါက်ကွဲမှု ဖြစ်သည် ။
ကြည်ပြာ ပြောတာလည်း ဟုတ်သည် ။ ကြည်ပြာ ဆေးရုံမှာ လဲကျသွားပြီး ကတည်းက ကျွန်တော် မသွားတော့ ။ ကျွန်တော် ဘာဖြစ်လို့ မသွားခဲ့တာလဲ ။ အခုမှ ပြန်စဉ်းစားရသည် ။ ထိုကိစ္စသည် ကြည်ပြာ စွပ်စွဲသလို မိုက်ရိုင်းစော်ကားတာမျိုးတော့ လုံးဝမဟုတ် ဆိုတာ ကျွန်တော် သိသည် ။ ကြည်ပြာနှင့် ကျွန်တော် ပိုက်လုံးကြီးများပေါ်မှ အုတ်တံတားလေးပေါ် ရပ်လိုက်ကြသည် ။ နှုတ်ခမ်းမှ ဘုကို လျှာနှင့်လျက်ရင်း ကျွန်တော် အဖြေရှာနေရ၏ ။
‘ မဟုတ်ဘူး ကြည်ပြာ ၊ ငါ့ကြောင့် . . . အဲ . . . ငါ့ကြောင့်ပဲ ထားပါတော့ ၊ ငါ လန့်သွားတယ် ၊ နင့်အဒေါ်ကလည်း ငါ့ကို အော်လိုက် ငေါက်လိုက်တာဟာ . . . ’
‘ အေး . . . အဒေါ်က နင့်ကို တရားတောင်စွဲမလို့ သိလား ၊ တရားစွဲမလို့တဲ့ ’
‘ ဟာ . . . ငါ တမင်ကြံစည်ပြီး လုပ်တာမှ မဟုတ်ဘဲ . . . ၊ ငါကရော ဖြစ်စေချင်ပါ့မလား ၊ အဓိပ္ပာယ် မရှိတာ ၊ ငါ လုံးဝ မိုက်ရိုင်းတာ မဟုတ်ဘူး ။ နင့်ကို လာမေးဖို့ နင့်အဒေါ်ကို ကြောက်လို့ ။ ပြီးတော့ ငါနဲ့ ပတ်သက်ပြီး ဖြစ်ရတာဆိုတော့ ငါ ရင်မဆိုင်ရဲလို့ ’
‘ သြော် . . . ရင်မဆိုင်ရဲလို့ ဟုတ်လား ၊ ဟင်း . . . ဟင်း . . . စိတ်ဓာတ်သိရတာပေါ့ ။ နင် ယောင်္ကျား မဟုတ်ဘူးလား ရဲဝင်း . . . ’
ကြည်ပြာ့မျက်ဝန်းရိပ်သည် စိမ်း၍စိမ်း၍ လာ၏ ။ ကျွန်တော့်ကို စိန်ခေါ်သလို ကြည့်သည် ။ ယောင်္ကျားမဟုတ်ဘူးလားတဲ့ ။ ယောင်္ကျားတစ်ယောက်၏ မာနသည် ရင်ထဲမှ ဝုန်းခနဲ ထရပ်သည် ။
‘ ကြည်ပြာ . . . ၊ နင့်စကားကိုရပ် ၊ ငါ ယောင်္ကျား ၊ ဒါပေမယ့် ဒီကိစ္စကို လာတာ မလာတာနဲ့ ယောင်္ကျား မဟုတ်တာနဲ့ ဘာမှမဆိုင်ဘူး ၊ နင် ထပ်ဆေးရုံတင်ရတယ် . . . ၊ နင့်အိမ်က ပွက်လောရိုက်သွားတဲ့ အချိန်မှာ ငါက လာတောင်းပန်လို့ နင့်အဒေါ်က မေးရင် နင်နဲ့ငါ ကိစ္စပေါ်သွားပြီး နင် ထပ်အဆူခံရမှာ စိုးရိမ်လို့ ၊ ပြီးတော့ ငါ လာရင် ငါ တစ်ယောက်တည်းပဲရှိမှာ နင်ကလည်း ငါ့ဘက်ကရပ်မှာ မဟုတ်ဘူး ဆိုတာ ငါ သိတယ် ။ အဲဒါကြောင့် မလာတာ ’
‘ ဘာမှမဆိုင်ဘူး ၊ နင် မလာတော့ရော ၊ နင်နဲ့ငါ့ကိစ္စ မပေါ်ဘူး ထင်လို့လား ၊ အဲဒီကောင် ဘယ်သူလဲ ၊ ဘယ်ကလဲနဲ့ အဒေါ်က မကျေမနပ်ဖြစ်ပြီး လာတဲ့လူတိုင်းကိုမေးတော့ သိသွားပြီ ။ သိသွားတော့ ပိုဆိုးကုန်တာပေါ့ ။ နင် တာဝန်မဲ့တာကို အဒေါ်က ထောက်ပြတယ် ။ နင်ဟာ ယောင်္ကျားမပီသတဲ့ကောင် ၊ ငါ့အပေါ် အလေးအနက် မထားတဲ့ကောင် ၊ အမြဲတမ်း အဆင်မပြေ ဖြစ်တဲ့ကောင် ၊ အားလုံး သိသွားတယ် ’
‘ ဘာ . . . သိသွားတယ် ။ အေး . . . ငါ နင့်အပေါ် အလေးအနက် မထားဘူး ဆိုတာကိုတော့ ငါ ငြင်းတယ် ၊ ငါ နင့်ကို ဘယ်လောက်ချစ်တယ် ဆိုတာ နင် အသိဆုံးပဲ ကြည်ပြာ ’
‘ အေး . . . လဲသေလိုက် ၊ နင်က ပါးစပ်နဲ့ချစ်ပြီး ဘာမှတာဝန်မယူတဲ့ကောင် ’
ကြည်ပြာ့စကားနှင့် အော်သံကြောင့် ကျွန်တော် ခေါင်းငိုက်စိုက် ကျသွားသည် ။ ကြည်ပြာ နေမကောင်း၍ ဆေးရုံတက်နေရချိန် ၊ မတွေ့ရချိန်များမှာ ကျွန်တော် ဘယ်လောက် ခံစားခဲ့ ၊ လွမ်းခဲ့ ၊ နေမရ ထိုင်မရ ဖြစ်ခဲ့ရသည် ဆိုတာကို ကျွန်တော်ပဲ သိသည် ။
အခုတော့ ကျွန်တော် လစ်ဟာခဲ့သည့် လူမှုရေးက ကျွန်တော့်ကို ကြည်ပြာ့ကို မချစ်သူအဖြစ် စွပ်စွဲနေပြီ ။ ကျွန်တော် ဘယ်လို ရှင်းရမလဲ ။ တံတားဘောင် အုတ်လက်ရန်းကို ကြံရာမရ ကိုင်လိုက်မိတော့ တစ်နေ့လုံး နေဒဏ်ကြောင့် ပူနွေးကာနေ၏ ။ ကျွန်တော့်နှလုံးသားက ထိုအုတ်လက်ရန်းဘောင်ထက် ပိုပူနေမှာ သေချာသည် ။
‘ ကြည်ပြာ . . . ငါ . . . ငါ နင့်ကို သိပ်ချစ်ပါတယ်ဟာ ၊ ဒါပေမယ့် ဒီအချိန်မှာ ငါ နင်တို့ မိသားစုကို ရင်မဆိုင်ရဲဘူး ။ ဘာကြောင့်ဆိုတာ နင် သိပါတယ် ။ နင် ကိုယ်တိုင်က နင့်မိသားစုနဲ့ ငါ့ကို မတွေ့စေချင်ဘူး မဟုတ်လား ။ ငါက နင့်ချစ်သူလို့ ရဲရဲရင့်ရင့် ပြောကြလို့ ရလောက်အောင် မထည်ဝါဘူး ၊ အရောင်မထွက်ဘူး ။ ဒါကြောင့် ငါ နင့်မိဘ ဆွေမျိုးတွေနဲ့ ရင်မဆိုင်ချင်တာ ၊ ငါက အပြစ်လုပ်ထားတာ ဆိုတော့ ပိုဆိုးတာပေါ့ ။ နင် အဲဒါကို သိလျက်နဲ့ ဘာဖြစ်လို့ ငါ့ကို မချစ်ဘူး ဆိုတဲ့ဘက်ကို လှည့်ရတာလဲ ။ နင် ငါ့ကို တကယ် ငြီးငွေ့နေပြီလား . . . မချစ်တော့ဘူးလား ’
ကျွန်တော် ကြည်ပြာ့မျက်နှာကို မကြည့်တော့ ။ ဟိုးအဝေးသို့ ဆန့်ထွက်သွားသော ပိုက်လိုင်းကောက်ကောက်ကြီးကို ငေးနေမိသည် ။ ပိုက်လိုင်းပေါ်မှ လူတွေ လမ်းလျှောက်လာနေကြသည် ။ ကောင်မလေးတွေလည်း ပါ၏ ။ စကားတပြောပြော ၊ ရယ်ကာမောကာဖြင့် ပခုံးချင်းယှဉ်ကာ လျှောက်လာနေကြသည် ။ အသာငဲ့ကြည့်တော့ ကြည်ပြာက လက်ကိုင်ပဝါကိုထုတ်ကာ လေတိုက်သဖြင့် တဖျတ်ဖျတ် လွင့်နေသော ဆံပင်ကို အသာချည်နေသည် ။
‘ အဒေါ်ကတော့ နင့်ကို လုံးဝပဲ ၊ ငါ့ကိုလည်း အဆက်ဖြတ်ခိုင်းတယ် ၊ အဲဒါကြောင့် ငါ နင်နဲ့ မတွေ့ချင်တာ ’
‘ နင် . . . နင်ကရော ကြည်ပြာ ’
ထိုစကားကို ယောင်္ကျားတစ်ယောက်၏ မာနဖြင့် မေးခြင်းဖြစ်သည် ။ ချစ်သူသက်တမ်း ခြောက်နှစ်၏ ရင်းနှီးမှု ၊ အားကိုးမှုဖြင့် မေးခြင်းဖြစ်သည် ။ အချစ်ကို မယုံရဲသည့်တိုင် ကြည်ပြာ၏ မေ့လွယ်ပျောက်လွယ်သော စိတ်ကို အားကိုး၍ မေးခြင်းသာ ဖြစ်သည် ။ ပိုက်လိုင်းပေါ်မှာထိုင်ကာ လွှတ်နေကြသော စွန်များ မျှားနေကြသည့် အထဲမှ အသည်းပုံ စွန်တစ်ကောင်နှင့် ညှင်းပွင့်ပုံ စွန်တစ်ကောင် ငြိနေကြသည် ။ အသည်းပုံစွန် ပြတ်သွား၏ ။ ညှင်းပွင့်က ဝေါခနဲ ထောင်တက်သွားကာ ဘယ်ညာယိမ်းနေသည် ။
‘ နင့်နှုတ်ခမ်းက ဘာဖြစ်တာလဲ ’
‘ နင့်ကို အင်တာကွန်းကနေ စကားပြောတုန်းက ကားဘရိတ်အုပ်တော့ တိုက်မိတာ ’
ကြည်ပြာက အသံနုလေးဖြင့် ရယ်သည် ။ ကျွန်တော့်မေးခွန်းကို မဖြေ ။ မျက်စောင်း ဖျတ်ခနဲ ရောက်လာ၏ ။
‘ ကောင်းတယ် . . . အဲဒါ ငါ့ကို လုပ်ခဲ့လို့ နင့်ကို ဘုရားရိုက်တာ ’
ကြည်ပြာက မဲ့ကာရွဲ့ကာဖြင့် ဆိုသည် ။ ကျွန်တော် ပျော်သွား၏ ။ ကြည်ပြာက ကျွန်တော့်မေးခွန်းကို မဖြေ ။ ဒါဆိုရင် . . . ၊ အဟား . . . ။
‘ အဲဒါ ဘုရားရိုက်တာ ၊ မှတ်ထား ’
ကြည်ပြာက ဝမ်းသာအားရ လှမ်းကြည့်သော ကျွန်တော့်ကို မဲ့ကာရွဲ့ကာ ဆို၏ ။ အသည်းပုံစွန်ကတော့ အဝေးကြီးကို လွင့်သွားပြီ ။ ကြည်ပြာ ဘာပြောလိုက်မှန်း မသိလိုက် ။
‘ ဘာဖြစ်တယ် . . . ’
‘ နင့်နှုတ်ခမ်း အဲဒီလို ထော်နေတာ ငါ့အပေါ် ကျူးလွန်ခဲ့တဲ့ အပြစ်တွေ အတွက် ဘုရားရိုက်တာလို့ ပြောတာ ’
ကျွန်တော် ပြန်လည်ရွှင်မြူးကာလာ၏ ။ နှုတ်ခမ်းကို တစ်ချက် လျှာဖြင့် ငပ်လိုက်သည် ။ အင်တာကွန်း ပြောရင်းနဲ့ ရခဲ့တဲ့ ဒဏ်ရာက တော်တော့်ကို နှုတ်ခမ်းဖုလျက် ရှိသည် ။ ဘုရားရိုက်တာတဲ့ ။ အဓိပ္ပာယ် မရှိတာ ။ နွေးထွေးလာသော ကျွန်တော့်နှလုံးသားက ကဗျာဆရာတစ်ယောက် ပြန်ဖြစ်ကာလာ၏ ။
‘ ဘာမှမဆိုင်ဘူး . . . ၊ ဘုရားက လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်း ပါရမီ ဖြည့်ခဲ့တာ ၊ သစ္စာလေးပါးကို ထိုးထွင်းသိဖို့ ၊ နင်တို့ ငါတို့လို ဘာမှမဟုတ်တဲ့ သမီးရည်းစားကို ဒဏ်ပေးဖို့ ၊ ရိုက်နှက်ဖို့ မဟုတ်ဘူး ’
‘ ဘာမှမဆိုင်ဘူး ၊ အဲ့ဒါ ဘုရားရိုက်တာ ’
‘ ဟ . . . ဘုရားက ကိလေသာကို ဝါသနာနဲ့တကွ စွန့်ပယ်နိုင်တဲ့ သဗ္ဗညုတ ဘုရားရှင်ဟ ၊ ဒီကိစ္စ ဘုရားနဲ့ ဘာမှမဆိုင်ဘူး ။ ဘုရားကို နေရာတကာ လျှောက်ဆွဲထည့်မနေနဲ့ ။ ဒါ ငါ့ဘာသာဖြစ်တာ ၊ အင်တာကွန်းကြောင့် ဖြစ်တာ ’
ကျွန်တော့်စကားကြောင့် ကြည်ပြာက အုတ်ဘောင်ကို သက်သက်သာသာ မှီထားရာမှ ဝုန်းခနဲခွာသည် ။
‘ အေး . . . လဲသေလိုက် ၊ နင် ဘုရားကို ဘာမှ စော်ကားစရာ မလိုဘူး ရဲဝင်း ၊ ဘုရားက မတရားတာဆို ဘယ်တော့မှ ကြည့်မနေဘူး ။ ဝဋ်ကြွေးဆိုတာ နောင်ဘဝ မကူးဘူး မှတ်ထား ။ နင် အဲဒါကို ငါ့ကို အနာတရ လုပ်ခဲ့လို့ ဖြစ်တာ ၊ အို . . . တော်ပြီ ၊ တော်ပြီ ။ ဘာမှ ငါ့ကို ကြီးကြီးကျယ်ကျယ်တွေ ပြောမနေနဲ့တော့ ၊ နင်ဟာ အလကားပဲ ရဲဝင်း ၊ နင် ဆက်မလိုက်နဲ့တော့နော် ၊ ငါ ငါ့အမျိုးအိမ်ဝင်မှာ ၊ ပြန်တော့ သွား ’
‘ မဟုတ်ဘူးလေ ကြည်ပြာ ၊ ဒီနှုတ်ခမ်းက ဒဏ်ရာက ဘုရားနဲ့ ဘာမှမဆိုင်ဘူးလို့ ပြောတာ ။ ငါ ဘုရားကို စော်ကားတာ မဟုတ်ဘူး ။ ဘုရားရဲ့ အကြောင်းကို ငါ နင့်ထက် ပိုသိတယ် ။ ဘုရားကို နင့်ထက် ရိုသေလေးစားလို့ ၊ ဘုရားရဲ့ဂုဏ်ကို ငါ နင့်ထက် ပိုသိလို့ ငါက ပြောတာ ။ ဒီလို အသေးအဖွဲ ဘာမှအဓိပ္ပာယ် မရှိတဲ့ အဖြစ်တွေနဲ့ ဘုရားနဲ့ ပတ်သက်ရင် ဘုရားရဲ့ဂုဏ် ၊ တရားရဲ့ဂုဏ်တောင် ပျက်သေးတယ် ။ ဒါကိုပြောတာ ၊ နင်က ငါ ပြောတာကို သေချာချာ . . . ’
ကျွန်တော့်စကားမဆုံးခင် ကြည်ပြာက ကျွန်တော့်ရင်ဘတ်ကို တွန်းသည် ။
‘ သြော် . . . ဒါ အဓိပ္ပာယ် မရှိတာ နင်ပဲ ရဲဝင်း ၊ သွား . . . သွားဆို သွားတော့နော် . . . ၊ ရှေ့မှာ ငါ့အဒေါ်အိမ် ၊ ဒါပဲ ’
ကြည်ပြာက ဒေါသတကြီး ထွက်သွားသည် ။ ကျွန်တော်က ကြောင်ကာ ကျန်ရစ်ခဲ့၏ ။ ပြီးမှ ကြည်ပြာ့နောက်က ပြေးလိုက်ခဲ့ရသည် ။
‘ ကြည်ပြာ ၊ ကြည်ပြာ . . . ၊ နင်ကလည်းဟာ ၊ ငါ ပြောတာက . . . ’
‘ ကဲ . . . ရဲဝင်း ၊ နင့်ကို ငါ ပြောနေတယ်နော် ။ ငါ့အဒေါ်အိမ် ဝင်မလို့ ။ မနက်ဖြန်ကျမှ ကျောင်းကစောင့် ၊ အခု ငါ နင့်မျက်နှာကို မကြည့်ချင်တော့ဘူး ။ ဆက်ပြောလည်း စကားအကောင်းထွက်မှာ မဟုတ်ဘူး ။ မနက်ဖြန်မှ ရှင်းမယ် ၊ ဒါပဲ ’
ကြည်ပြာ ထွက်သွားသည် ။ ကျွန်တော် ဘာမှန်းမသိသည့် ခံစားမှုဖြင့် ကျန်ရစ်ခဲ့သည် ။ ကျွန်တော်၏ ကြည်ပြာ့ကြောင့် ပင်ပန်းဆင်းရဲခဲ့သော အာရုံများထံသို့ ပြေလည်ကာဟ လေပြည်လေညင်းကလေး တိုက်ခတ်လာစဉ် အာရုံထဲမှ ပြန်လွင့်ထွက်သွားသော ချိုမြိန်သည့် အရသာကလေးကို ပုတ်ချခံလိုက်ရသူ တစ်ယောက်လို အာသာမပြေ ဖြစ်ကျန်ရစ်ခဲ့ရသည် ။
ငါးမျှားချိတ်မှာ တဖျပ်ဖျပ်လူးကာ မိနေသည့် ငါး ၊ ချိတ်မှ ပိုင်ပြီအထင်နှင့် ဖြုတ်တော့မှ ရေထဲပြန်ကျသွားသည့် ငါးမျှားသူ၏ ခံစားမှုမျိုး ။ ‘ ဘုရားရိုက်တာ ’ ဟူသော စကားလုံးကို ကျွန်တော် ကာကွယ်ခဲ့သည် ။ ပါရမီ ( ၁၀ ) ပါး ၊ အပြား ( ၃၀ ) ဖြည့်တင်းခဲ့သော ဂုဏ်တော်ကိုးပါးရှင် မြတ်စွာဘုရားသည် ကျွန်တော့်လိုကောင် အတွက် ဘာမှမဟုတ် ။ မဟာကရုဏာတော်နှင့် ပြုံးရုံတောင် ပြုံးမည်မထင် ။ အာသဝ၏ မာယာရေကန်ထဲမှာ ကိုယ့်အသည်းနှလုံးကို ကိုယ် ပြန်လည်မျှားယူနေသော ငမိုက်သားမျိုးကို ရိုက်ရန်ဝေးစွ ၊ ငဲ့စောင်း၍ပင် ကြည့်မည်မထင် ။
ထိုဖြစ်ရပ်များသည် ချစ်ရုံသာ ချစ်တတ်ပြီး အချစ်ကို နားမလည်သည့် သာမန်ပုထုဇဉ် တစ်ယောက်၏ ဖြတ်သန်းမှုသာ ဖြစ်သည် ။
ကျွန်တော် မြတ်စွာဘုရား၏ ဂုဏ်ကျေးဇူးကို နားလည်စွာ ကာကွယ်ခဲ့သည် ။ ကြည်ပြာကတော့ ပြန်လည်ရရှိကာစ သူမ၏ အနိုင်ယူမှုကို ကာကွယ်ခဲ့သည် ။
မည်သို့ပင်ဖြစ်စေ အခု ကြည်ပြာကတော့ ဓာတ်တိုင်လေးတိုင်ထောက်ရောက်တော့ တိုက်ခန်းတစ်ခန်းထဲသို့ ဝင်သွား၏ ။ သူမ၏ အဒေါ်အိမ် ဆိုတာ ဖြစ်လိမ့်မယ် ။ တကယ်ပါးနပ်သူ တစ်ယောက်သာဆိုလျှင် . . . ဟုတ်ပါတယ် ကြည်ပြာ ၊ နင့်အပေါ် ကျူးလွန်ခဲ့တဲ့ ငါ့အပြစ်တွေကို နင်က ချစ်တဲ့စိတ်နဲ့ ခွင့်လွှတ်ပေမယ့် အမှန်တရားက ငါ့ကို ဒဏ်ခတ်လိုက်တာပါဟု ပြောပေလိမ့်မည် ။
ထိုသို့ ပြောသင့်သည် ဆိုတာကို ကျွန်တော် သိပါသည် ။ သို့သော် ဘာမှမဟုတ်သေးသော ကဗျာဆရာ တစ်ယောက်သည် သူ သိထားသမျှနှင့် သူ ယုံကြည်သမျှကိုတော့ ကာကွယ်တတ်သည် ။ ထိုခံစားမှုကို ကြည်ပြာ နားလည်မည်မထင် ။
ကျွန်တော် စိတ်ပျက်စွာဖြင့် ဖုထနေသော နှုတ်ခမ်းကို အသာတို့ထိကြည့်ကာ ခုနက ပြတ်သွားသည့် အသည်းပုံ စွန်ကလေးကို ရှာသည် ။ မတွေ့ရတော့ ။ ကျွန်တော် ခေါင်းငိုက်စိုက်ကျကာ လျှောက်လာခဲ့သည် ။
အရှင်ဘုရား ၊ ထိုအဖြစ်များသည် ပါရမီမြောက်သော ဖြစ်ရပ်များ မဟုတ်လည်း ခွင့်လွှတ်သည်းခံခြင်းဖြင့် တစ်စုံတစ်ခုကို ရယူရန် ကြိုးပမ်းနေခြင်းတော့ ဖြစ်ပါသည် ။ မိန်းမတစ်ယောက်၏ နားလည်မှုကို ခွင့်လွှတ်ခြင်းဖြင့် မျှားယူနေခြင်း ဖြစ်ပါသည် ။
ဤသို့ . . .
ချစ်ရပါသော . . . မကြည်ပြာ . . . ။

#နီကိုရဲ

No comments:

Post a Comment