“ အရသာ ”
ရေးသူ - ချောအိမာန်(မန္တလေး)
၁။
အမေက ကျွန်မပြောတဲ့စကားကို မယုံသလိုမျက်နှာနဲ့ ဟုတ်မှလည်းလုပ်ပါအေလို့ ပြောတယ်။ ဘယ်လိုဖြစ်လို့ စိတ်ကူးတွေပြောင်းသွားတာလဲလို့ မေးတယ်။ အမေမယုံချင်လည်း မယုံချင်စရာပါပဲ။ သင်္ကြန်မတိုင်ခင် တစ်လလောက်အလိုကတည်းက ဘယ်လိုလည်မယ်၊ ဘယ်လိုကဲမယ်နဲ့ အိမ်မှာ သူငယ်ချင်း သုံးယောက်စုပြီး အင်္ကျီတွေဝယ်ကြ၊ ဘောင်းဘီတွေဝယ်ကြ၊ ဆံပင်တွေကိုလည်း ဆေးတွေ ဆင်တူဆိုးထားကြတယ်ဆိုတော့……..
ခုမှ မလည်ကြတော့ဘူး၊ တရားစခန်းဝင်မယ်ဆိုတော့ ဗြုန်းဒိုင်းကြီး ပြောင်းလဲသွားမှုပေါ် အမေက မယုံဘူး ဖြစ်နေတာပေါ့။ သုံးယောက်စလုံး စိတ်ပြောင်းသွားတယ်ဆိုတာတော့ သေချာပါတယ်။ ကျွန်မတို့ထဲမှာ သင်း တစ်ယောက်သာ ရိပ်သာနှစ်ကြိမ်လောက် ၀င်ဖူးတာ။ ကျွန်မတို့က လုံးဝ ၀င်ဖူးတာမဟုတ်ဘူး။ သင်္ကြန်ရဲ့ အန္တရာယ်များမှုအပေါ်လည်း ကျွန်မတို့ ထွက်လည်ရင် အမေက စိတ်ပူနေရတော့ ခုလို သင်္ကြန်ရက် တရားစခန်းဝင်မယ်ဆိုတာကို မယုံပေမယ့် ကျေနပ်နေသလိုပါပဲ။
သေချာတယ်ဆိုရင် ရိပ်သာမှာတော့ နာမည်ပျက်အောင် မလုပ်နဲ့၊ စိတ်ပါတယ်ဆိုရင် ရတနာသန္ဒီကျောင်းတိုက်မှာ စာရင်းသွင်းလိုက်ပေါ့လို့ အမေက ပြောတယ်။ ကျွန်မတို့သုံးယောက် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ရင်း ပြုံးမိသွားတယ်။ ကျွန်မတို့သုံးယောက်စလုံးကလည်း အဲဒီကျောင်းတိုက်မှာပဲ စာရင်းသွင်းချင်တာလေ။ အဲဒီကျောင်းမှာပဲ သက်ဟန်နီက ရိပ်သာဝင်ဖို့ စာရင်းပေးမှာလေ။
ကျွန်မတို့သုံးယောက်နဲ့ သက်ဟန်နီက တစ်ရပ်ကွက်တည်း။ သက်ဟန်နီက အလွန်အေးဆေး၊ မလှုပ်တလှုပ်လေး။ ဆံပင်ရှည်ရှည် ရိုးရိုးလေး။ သူက နှစ်တိုင်း နှစ်တိုင်း သင်္ကြန်ဆိုရင် ရိပ်သာဝင်နေကျ။ ကျွန်မတို့နဲ့ အသွင်မတူ ဆန့်ကျင်ဘက်ဖြစ်နေတဲ့ သက်ဟန်နီနဲ့တော့ သိပ်မတွဲဖြစ်။ ဒါပေမယ့် တစ်ရပ်ကွက်တည်းဆိုတော့ အားလုံးသိ၊ အားလုံးကြားနေရတာ။ သူ့အမေကြီးက သူ့သမီး အပျော်အပါးမမက်ဘဲ နှစ်တိုင်း ရိပ်သာဝင်တာကို ဂုဏ်ယူပြီး ကြွားလို့မဆုံး။ ကျွန်မတို့ကိုကျ အပျော်အပါး မက်လွန်းတဲ့ မိန်းကလေးတွေဆိုပြီး ရှုတ်ချနေတာကို ပြန်ကြားရလို့ ဒေါသတွေ တလိပ်လိပ်တက်လာကြတယ်။ ဒါကြောင့် သုံးယောက်စလုံး မလည်ချင်တော့ဘဲ သူ့လို စခန်းဝင်ချင်စိတ်ဖြစ်လာတယ်။
ကျွန်မတို့လည်း ရတနာသိန္ဒီကျောင်းမှာ သင်္ကြန်တွင်း စခန်းဝင်မယ်လည်း ပြောလိုက်ရော သက်ဟန်နီရော သူ့အမေကြီးကပါ မျက်ခုံးရှုံ့သွားတယ်။
နင်တို့တွေ ဖြစ်ပါ့မလား။ အဲဒီကျောင်းက အရမ်းကျပ်တာ ဆရာတော်က အရမ်းစည်းကမ်းကြီးတာလို့ သက်ဟန်နီစကားကြောင့် ကျွန်မတို့သုံးယောက်အတွက် ပိုပြီး ဆုံးဖြတ်ချက် ခိုင်မာသွားတယ်။ ဒီလိုအလုပ်ကို သူတစ်ယောက်ပဲ လုပ်နိုင်နေတဲ့ပုံစံမျိုး။ သူတို့ကလည်း သူငယ်ချင်းသုံးယောက်၊ ကျွန်မတို့ကလည်း သုံးယောက်။ တွေ့ကြဦးမှာပေါ့။
ရိပ်သာပါဆိုမှ စည်းကမ်းကြီးတာ၊ ကျပ်တာ ကောင်းတာပေါ့လို့ ကျွန်မ ပြန်ပြောလိုက်တယ်။ အပြန်မှာ မျိုးက ငါတို့လုပ်နိုင်မှာပါနော်လို့ပြောတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဆုံးဖြတ်ပြီးပြီမို့ ကျွန်မတို့သုံးယောက်လုံး သင်္ကြန်တေးသံသာတွေကို နားပိတ်ထားလိုက်ကြတယ်။
၂။
ကျောင်းရောက်တော့ ဆရာတော်နဲ့ တွေ့တယ်။ သဘောကောင်းပုံရတဲ့ ဆရာတော်က လေသံအေးအေးနဲ့ ကျောင်းမှာ စည်းကမ်းရှိဖို့၊ ရေ, မီး သုံးတာကအစ အဆင်မပြေရင် ပြောဖို့၊ အလှူငွေလည်း မသတ်မှတ်သေးဘဲ အဆင်ပြေသလိုပေးဖို့ ပြောတယ်။ ကျွန်မတို့သုံးယောက် အလှူငွေတစ်သောင်းခွဲ ထည့်လိုက်တယ်။ အိမ်ကနေယူလာတဲ့ မုန့်ထုပ်အစုံ ခြင်းတောင်း၊ အ၀တ်အိတ်တွေကိုယူပြီး ဆရာလေးတစ်ပါးက နေရမယ့်နေရာကို လိုက်ပြတယ်။ ယောဂီဝတ်စုံတစ်ယောက် သုံးစုံစီ ချုပ်ခဲ့ကြတယ်။
ကျောင်းပေါ်ရောက်တော့ အခန်းလွတ်အရှည်ကြီးမှာ လူများစွာတွေ့ရပြီး သက်ဟန်နီတို့ အုပ်စုကိုလည်း တွေ့ရတယ်။ အားလုံးက နေရာချထားပြီးကုန်ပြီ။ ကျွန်မတို့အဖွဲ့ နောက်ကျမှန်း သိလိုက်ရတယ်။ ကိုယ့်အတွက် နေရာမရှိသလောက် ဟိုအုပ်စုကတော့ အထာသိနေပြီမို့ စောစောလာပြီး နေရာဦးထားပုံရတယ်။ ခြင်းတောင်းတွေ၊ အိတ်တွေ၊ ခေါင်းအုံး၊ ဖက်ခေါင်းအုံးတောင်ပါသေးတယ်။ ကျွန်မတို့ ဒီဘက်တောင့် ခပ်ကျဉ်းကျဉ်းမှာ ဖြစ်သလိုပဲ နေရာယူလိုက်ရတော့တယ်။ ဒီခန်းမကြီးထဲမှာ လူငယ်ဆိုလို့ ဆယ့်ငါးဦးလောက်ပဲရှိမယ်။ ကျန်တာ အသက်ငါးဆယ်ကျော်အရွယ်တွေများတယ်။ သက်ဟန်နီတို့အုပ်စုကတော့ အသားကျနေသလိုပင်။
ကျွန်မတို့သုံးယောက် စ၀င်လာကတည်းက လူကြီးတွေရဲ့မျက်လုံးတွေက သိသာလှတတယ်။ မလို မနှစ်မြို့သလို မျက်လုံးများ။ သူတို့သုံးယောက်ကလည်း လှမ်းမနှုတ်ဆက်သလို၊ မသိချင်ဟန်ဆောင်နေပုံ။
အခန်းကကျယ်ပေမယ့် လူများလို့ ကျပ်တော့ အိပ်ရတာ အဆင်မပြေဘူး။ ဒါကြောင့် ညက တိတ်တိတ်လေးထပြီး ခြေရင်းဘက်မှာ သွားအိပ်လိုက်တယ်။ မနက်မိုးလင်းတော့ အန်တီကြီးတစ်ယောက်က အံ့သြပြီး သူ့ရဲ့ ခြင်းတွေ၊ အိတ်တွေကို နေရာဖယ်ပေးလိုက်တော့မှ နေရာရသွားတော့တယ်။
ကျွန်မတို့ပုံစံတွေကိုကြည့်ပြီး ဒီထဲက အမျိုးသမီးကြီးတွေက အထင်သေးပုံရတယ်။ ဆံပင်တွေက အရောင်ထွက်နေတာမို့ သုံးယောက်စလုံး စည်းထားလိုက်တယ်။ မနက်လေးနာရီခွဲဆိုရင် ထရပြီ။ ငါးနာရီကို ရေချိုး၊ ခြောက်နာရီမှာ တရား တစ်နာရီထိုင်ရတယ်။ ခုနှစ်နာရီမှာ ယာဂုဆန်ပြုတ်နဲ့ အီကြာကွေး။ အဲဒါမကြိုက်ရင် လက်ဖက်ရည်နဲ့ မုန့်ကြွပ်ကျွေးတယ်။ အပြင်အနီးအနားက ရှမ်းခေါက်ဆွဲ၊ မုန့်ဟင်းခါး ၊ မုန့်တီ ၀ယ်စားလို့ရတယ်။ ကျွန်မတို့ကတော့ ကျောင်းကကျွေးတာပဲ စားလိုက်တယ်။
တရားကို တစ်နေ့ လေးကြိမ် ထိုင်ခိုင်းပေမယ့် အလယ်နှစ်ကြိမ်က မထိုင်ချင်လည်း ရတယ်။ မနက်နဲ့ ညနေကိုတော့ ထိုင်ရတယ်။ စင်္ကြံလျှောက်ချင်လည်း ရတယ်။ ခဏတစ်ဖြုတ် နားတဲ့အချိန် အိပ်လို့ရတယ်။ တကယ်တော့ ဆရာတော်က လူသစ်တွေဆိုတော့ လုပ်နိုင်သလောက်ပဲ လုပ်ခိုင်းတာပါ။ အတင်းကြီး ဇွတ်မလုပ်ခိုင်းဘူး။ ၀င်နိုင်သလောက်ပဲမှတ်တော့ ဆယ့်ငါးမိနစ်အပြင် ပိုမရဘူး။ အပြင်က သင်္ကြန်သံတွေက ဆူညံနေတယ်။ နားထဲကို ရောက်ရောက်လာတတ်တာမို့ အတင်းဖျက်နေရတယ်။ ဆယ့်ငါးမိနစ်လေး အတွင်းမှာတော့ ငြိမ်းချမ်းနေတယ်။
သင်းနဲ့ မျိုးရော ကျွန်မပါ ကြာရှည်တော့ မထိုင်နိုင်ဘူး။ လှုပ်ရွ လှုပ်ရွ ဖြစ်မယ့်အတူတူ ဆရာတော် သင်ပေးထားတဲ့အတိုင်း စင်္ကြံထလျှောက်တယ်။ စကားတစ်ခွန်းမပြောရဘဲ အမှတ်လေးတွေနဲ့ ခြေလှမ်းလှမ်းနေရတာလည်းတစ်မျိုး ငြိမ်းချမ်းမှုအရသာတော့ ရှိတယ်။ ဟော….ဟိုအမျိုးသမီးကြီးပါလား။ သူ့မျက်လုံးတွေက ကျွန်မတို့ကို စူးစမ်းနေတယ်။ သူလည်း စင်္ကြံထလျှောက်တာထင်ပါရဲ့။ သူက အတွင်းထဲက တရားထိုင်နေတဲ့ ယောဂီတွေကို ပြတင်းပေါက်ကနေ ကြည့်နေတယ်။ သက်ဟန်နီတို့အုပ်စုက ခါးကလေးတွေ မတ်လို့ အမျိုးသမီးကြီးက ပါစပ်ကလည်း ပွတ်တွတ် ပွတ်တွတ်နဲ့ ဘာတွေရွတ်နေလည်းမသိဘူး။ သူ့ကြည့်ရတာ အပြစ်ရှာနေတဲ့ မျက်လုံးမျိုး။
နေ့လည် ထမင်းစားချိန်မှာ ဘုန်းဘုန်းပြီးရင် မယ်သီလရှင်၊ ပြီးရင် ကျွန်မတို့ယောဂီတွေ၊ စခန်းဝင်သူတွေ စားရတယ်။ နေ့လယ်စာတော့ အလှူရှင်အမြဲရှိတယ်လို့ ကြားတယ်။ မနက်စာကိုတော့ ဘုန်းဘုန်းအလှူခံတဲ့ အထဲက ကုသိုလ်လုပ်တယ်တဲ့။ ၀က်သားတစ်လှည့်၊ ကြက်သားတစ်လှည့်၊ ငါးလည်းပါတယ်။ ဘဲဥချက်လည်း ကျွေးတယ်။ ယောဂီတွေထဲမှာ ကျွန်မတို့က အငယ်ဆိုတော့ အမြဲနောက်ဆုတ်ပေးတယ်။ ယောဂီကြီးတွေကို အလိုလိုဦးစားပေးမိနေတယ်။ ဇွန်းသံ၊ ခွက်သံကတော့ ကြားနေရဆဲ။ တချို့ယောဂီတွေ ရိပ်သာ လာဝင်ပြီး ညစ်ပတ်နေအောင် စားကြတယ်။ တစ်ဝိုင်းတည်းမှာ လူကြီးတွေကို ဦးစားပေး၊ အသားဟင်းတွေကို သူတို့ထဲထည့်ပေးပြီး ကျွန်မတို့ကတော့ အသားမကျန်တော့တဲ့ အနှစ်နဲ့ပဲ စားရတယ်။ နောက်အကြိမ်တွေမှာလည်း အရင်ရောက်တဲ့သူက အသားဟင်းတွေ သူတို့ပန်းကန်ထဲ ပိုခပ်ထားတယ်။ ကျွန်မတို့ နောက်ကျတဲ့သူတွေအတွက် မရှိတော့ဘူး။ ကျွန်မတို့ကတော့ အမြဲတမ်း ဦးစားပေး ထည့်ပေးတယ်။ ပါးစပ်က ထုတ်မပြောပေမယ့် ကျွန်မတို့အချင်းချင်း စိတ်ထဲမှာ သိနေကြတယ်။
ရေကိုလည်း ရေလာတဲ့အချိန်က ရေနွေးလို့ လုချိုးကြတယ်။ ယောဂီအချင်းချင်း ရေလုချိုးလို့ အတင်းပြောသံ ကြားရတယ်။ တစ်နေ့က ဆရာတော်ရှေ့မှာ ဟိုယောဂီမကြီးကို တွေ့တယ်။ ကျွန်မတို့က ဆရာတော့်ကို ချင်းသုပ်သွားကပ်တာ။
“ မပြောချင်ပါဘူး ဆရာတော်ရယ် ” ဆိုပြီး ပြောလိုက်တာ အစုံပဲ။ ယောဂီတွေ ကျောင်းကို အနေချောင်လို့ လာနေကြောင်း၊ တရားထိုင်ဆိုလည်း သေချာမထိုင်ကြောင်း၊ နောက်ဆုံးမှာထိုင်တဲ့ ယောဂီ မတင့်တင့်ဆို အမြဲအိပ်ငိုက်နေကြောင်း၊ အနောက်ကျောင်းက ယောဂီ ဒေါ်ဒေစီထူးတို့အုပ်စုဆိုရင် ညည ယမ်ယမ်ခေါက်ဆွဲတွေပြုတ်ပြီး ခိုးစားနေကြောင်း၊ သူတို့အခန်းရှေ့ကအဖြတ် ခေါက်ဆွဲနံ့တွေ ထောင်းထောင်းထနေလို့ သိတာဖြစ်ကြောင်း ဟိုယောဂီယောင်ဆောင်နေတဲ့ မအိုက်မတို့အုပ်စုဆိုရင် အမြဲဥပုသ်ကျိုးနေကြောင်း၊ အခန်းတံခါးပိတ် ဂဏန်းတွေ တွက်ချက်နေကြောင်း၊ တစ်ခါတလေ မအိပ်ဘဲ ကိုရီးယားကား ခိုးကြည့်ကြောင်း ဆရာတော့်ကို တိုင်နေတယ်။
ဆရာတော်က သူပြောသမျှ ပြုံးပြုံးလေး နားထောင်နေပြီး “ ကဲ…. ဒါတွေ အကုန်သိနေရအောင် ညည်းကရော ကိုယ့်အလုပ်မလုပ်ဘဲ သူများကို လိုက်ချောင်းကြည့်နေလို့လား ” လို့ မေးတယ်။ အဲဒီယောဂီမကြီးမျက်နှာ မည်းသွားပြီး ဘာမှမပြောတော့ဘဲ ကျောင်းအောက်ဆင်းသွားတယ်။
ဘုန်းဘုန်းက ကျွန်မတို့ကို အဆင်ပြေလား မေးတယ်။
ပြေပါတယ်လို့ ပြောလိုက်ရပေမယ့် ခုနက ယောဂီမကြီး ကြည့်သွားပုံ၊ သက်ဟန်နီတို့အုပ်စုပုံစံတွေကို စိတ်ထဲ အဆင်မပြေတာကို ကျောင်းအောက်ရောက်မှ အချင်းချင်းပြောမိတယ်။
၃။
“ စဉ်းစားကြည့်ပါဦး အစ်မရယ်….တရားလာလုပ်တဲ့ ကောင်မလေးတွေဖြစ်ပြီး ဆံပင်တွေကို နီကြောင်ကြောင်နဲ့…..ကျွန်မသာ ကျောင်းထိုင်ဆိုရင် ပြန်လွှတ်မှာ ဒီက ဆရာတော်က သဘောကောင်းနေလို့သာ ”
ကျွန်မရှေ့မှာ ထိုင်အတင်တုတ်နေတဲ့ ယောဂီမကြီးက ကျွန်မကိုမမြင်၊ ဘေးက အန်တီကြီးက ကျွန်မကို နောက်လှည့်ကြည့်ရင်း အားနာသလိုဖြစ်သွားရင်း ရှင်ပြောနေတာ ဒီနောက်က ကလေးမလေးတွေလားလို့ မေးလိုက်တော့ ယောဂီမကြီး ရှက်ကိုးရှက်ကန်း ဖြစ်သွားတယ်။
“ ဟုတ်မှာပါ အန်တီရယ်…သမီးတို့သူငယ်ချင်းသုံးယောက်က သင်္ကြန်တွင်း လည်မယ်ဆိုပြီး ဆံပင်တွေ ဆိုးထားကြတာ…..မလည်ဖြစ်ပဲ စခန်းဝင်ချင်လို့ပါ ”
“ ကောင်းတာပေါ့ သမီးတို့ရဲ့…..ဘယ်လောက်အချိန်လေးပဲရရ၊ အပျော်ကို သံယောဇဉ်ဖြတ်နိုင်ပြီးလာတာ ချီးကျူးပါတယ်…..အန်တီ မင်းတို့ကိုကြည့်နေတာ တော်တော်ထိုင်နိုင်ပါတယ်…….သောက်ရေအိုးစင်တိုင်းကိုလည်း ရေဖြည့်တာတွေ့တယ်….တံမြတ်စည်းတွေလည်း လှည်းတယ်…..အိမ်သာလည်း ရေဖြည့်တာတွေ့တယ်…..ကောင်းတယ် ”
ယောဂီမကြီးက မျက်နှာပျက်ပျက်နဲ့ တစ်ဖက်လှည့်သွားပြီး မသိချင်ဟန်ဆောင်နေတယ်။ ဘယ်လိုလူတွေပါလိမ့်နော်လို့ စိတ်ထဲမှာ တွေးမိတယ်။
ညဆိုရင် ဗိုက်အရမ်းဆာပေမယ့် အောင့်နေရတယ်။ အပြင်က ချင်းသုတ်တစ်ပွဲဝယ်ရင် ငါးရာဖိုး နည်းနည်းပဲရတယ်။ သက်ဟန်နီအမေက ချင်းတွေကို ပလတ်စတစ် တစ်ပုံး၊ ဆီတွေရော ထည့်ပေးလိုက်တယ်။ အဲဒါတွေကို သူတို့အုပ်စုပဲ ကျိတ်စားသလို ကျွန်မတို့နဲ့ ဘေးလူရော လုံးဝမကျွေး။ သူတို့ပုံစံလေးတွေက အေးအေးကုပ်စိလေးတွေမို့ ဘယ်သူကမှလည်း အပြစ်မမြင်၊ အပြစ်မပြော။ ကျွန်မတို့ကိုတော့ ပြောချင်ကြတယ်။ ပထမတော့ သက်ဟန်နီတို့မိသားစုကို အမြင်ကတ်လို့ ရွဲ့ဝင်ပေမယ့် ဒီရောက်တော့ ၀င်လာပြီးမှ အကျိုးရှိချင်တယ်။ စိတ်ထဲမှာ အလိုလိုမြင်နေမိတာက အဆိုးဆုံး။
လူကြီးတွေဖြစ်ပြီး တရားလည်း ကောင်းကောင်းမထိုင်၊ ၀ိုင်းဖွဲ့ပြောချင်ရာ ပြောနေသလို သက်ဟန်နီတို့အုပ်စုလည်း ထိုနည်းလည်းကောင်းပါပဲ။ စုပြီးစားလိုက်၊ စကားပြောလိုက်နဲ့ ဥပုသ်ကျိုးတဲ့သူကကျိုးနဲ့။ ကျွန်မတို့လည်း ဗိုက်ဆာတာပါပဲ။ နေ့လယ်ကတည်းက ဆာဆာ မဆာဆာ အ၀စားလိုက်တယ်။ ညကို ဥပုသ်ကျိုးမခံနိုင်လို့။ သူတို့အုပ်စုကတော့ မျက်နှာပြောင်ပြောင်နဲ့ ချင်းသုပ်တွေကို ရှယ်သုပ်စားနေကြတယ်။ ဘေးနားရှိတဲ့သူတွေကို အားမနာတဲ့အပြင် ဟန်ဆောင်ပြီးတော့တောင် မကျွေး။
နေ့လယ် ထမင်းစားပြီးချိန်မှာ အလှူခံထွက်ဖို့ မယ်သီလရှင်များ ထွက်လာကြတယ်။ တချို့ကလေးတွေက ခဏတစ်ဖြုတ်ဝတ်တာဆိုတော့ အလှူခံထွက်ရတာကို ရှက်နေကြတယ်။ ဒါနဲ့ ကျွန်မတို့ လိုက်လို့ရလား၊ ဆန်အိတ်သယ်ပေးမယ်ဆိုတော့ ဆရာလေးက ၀မ်းသာအားရနဲ့ လိုက်ခဲ့ဖို့ခေါ်တယ်။ နေ့လယ် ရေအပတ်ကျဲပေမယ့် ရေမပတ်တဲ့လမ်းက သွားရတယ်။ ဒီကနေ့ ဆွမ်းခံထွက်တာဟာ နောက်တစ်နေ့ မနက်စာအတွက် ဆန်ပြုတ်ရအောင်လို့တဲ့။ ကျွန်မတို့ကသာ ကျောင်းထဲမှာ အခန့်သား ထိုင်စားနေရပေမယ့် ကျောင်းက ဆရာလေးတွေနဲ့ ယောဂီ လေး၊ ငါး၊ ခြောက်ယောက်က နေပူပူပြင်းပြင်းမှာ အလှူခံထွက်ကြရတာကို ကိုယ်ချင်းစာမိတယ်။
သုံးထပ်လောက်ရှိမယ့် မယ်သီလရှင်အ၀တ်အစားများ ၀တ်ထားရတဲ့အပြင် ရာသီဥတုကလည်း ပူတော့ များသောအားဖြင့် ဆွမ်းဆန်စိမ်းက လွယ်လွယ်ကူကူ သိပ်မရချင်၊ ခြေတိုအောင် သွားရတယ်။ ဘယ်ကနေ ရှာလာမှန်းမသိတဲ့ တစ်ရာတန်ဟောင်း တစ်ရွက်ကို တိုက်ကြီးကြီး သံဝင်းတံခါးကြားကနေ ထည့်လို့ အံ့သြရသေးတယ်။ ရှေ့ကနေ မအော်ရဲတဲ့ ဆရာလေးတွေကိုယ်စား ကျွန်မက အော်ပေးရတယ်။ အော်တာတောင် မဆုံးလိုက်သေး လူမမြင်ရဘဲ တိုက်ထဲကနေ ကန်တော့ပါသေးရဲ့ ဆရာလေးတို့ရေ…..တဲ့။
အဲဒီနေ့က မှတ်မှတ်ရရ နောက်က ဆရာလေးပေါက်စတွေကို ခွေးလိုက်ဆွဲလို့ ဆွမ်းခံထားတာတွေ အကုန်ပြုတ်ကျကုန်တယ်။ ကျွန်မတို့က ရှေ့ကနေ ဆန်အိတ်တွေကို နှစ်ယောက် ‘ မ ’ ပြီး ကျောင်းကို ပြန်ကြတယ်။ ဆွမ်းဆန်တွေ တော်တော်လေး ရတာမို့ ဆရာလေးတွေက ပျော်နေကြတယ်။ ကျွန်မတို့ပါလို့ လာဘ်ကောင်းတာလို့လည်း ပြောသေးတယ်။
ချွေးတပြိုက်ပြိုက်နဲ့ မောကြီးပန်းကြီး ကျောင်းကိုပြန်ရောက်တော့ သက်ဟန်နီတို့အုပ်စု ယောဂီဝတ်တွေနဲ့ အပြင်ထွက်သွားတာကို ကျောင်းဝမှာ တွေ့လိုက်တယ်။ အားလုံးအပ်ပြီးချိန် ကိုယ့်နေရာကိုယ် ပြန်ရောက်ချိန်ကျမှ တော်တော်လေး ညောင်းမှန်းသိပေမယ့်လည်း ကျွန်မတို့သုံးယောက်စလုံး ပျော်နေကြတယ်။
၎။
ဘုန်းဘုန်းရဲ့ ခပ်တည်တည် မိန့်သံအကြားမှာ ကျွန်မတို့သုံးယောက် တစ်ယောက်ကိုတစ်ယောက်ကြည့်ရင်း မျက်လုံးပြူးသွားတယ်။ ဆရာလေးတစ်ပါးက ဘုန်းဘုန်းကခေါ်နေလို့ဆိုပြီး လာခေါ်တာ။ ထင်ထားတာက ဘာများ ခိုင်းစရာရှိလို့လဲဆိုပြီး။ ဒီရောက်တော့ ဘုန်းဘုန်းက ကျောင်းမှာ လာနေပြီး စည်းကမ်းပျက်တာကို မကြိုက်ဘူးဆိုပြီး စဆိုတော့တယ်။ ဘုန်းဘုန်းပြောတာတွေ ဘာတစ်ခုမှမသိသလို ဖြစ်နေတယ်။
ဘုန်းဘုန်းက ကျွန်မတို့သုံးယောက် အပြင်ထွက်ပြီး ယောက်ျားလေးတွေနဲ့ တွေ့တယ်လို့ သိရလို့တဲ့။ ကျွန်မတို့သုံးယောက်လို့ အတိအကျ သတင်းပေးသူတွေက ပေးထားတယ်တဲ့။ ဒါနဲ့ ဘုန်းဘုန်းကို ကျွန်မတို့သုံးယောက် မဟုတ်ကြောင်းနဲ့ ဘုန်းဘုန်းမယုံရင် စောင့်ကြည့်ပါ။ တပည့်တော်တို့ လုံးဝမဟုတ်ဘူးလို့ လျှောက်ခဲ့တယ်။ တစ်သက်နဲ့တစ်ကိုယ် ဒါမျိုးလည်း တစ်ခါမှ အပြောမခံရဖူးဘူး။ စိတ်လည်းတို၊ ၀မ်းလည်းနည်းသလိုတောင် ခံစားလာရတယ်။ ဒါနဲ့ ည လုံးဝမအိပ်ဖို့ ပြင်ဆင်ထားတယ်။ သုံးယောက်တိုင်ပင်ပြီး မသင်္ကာတဲ့ သက်ဟန်နီတို့အုပ်စုကို ချောင်းနေကြတယ်။ ထင်တဲ့အတိုင်းပဲ။ ည ခုနှစ်နာရီ သူများတွေ တရားထိုင်ချိန်မှာ ကျောင်းကို ကုပ်ကုပ် ကုပ်ကုပ်နဲ့ ပြန်လာကြတယ်။ သက်ဟန်နီက ကျောင်းအနောက်တံခါးပေါက်ဘက်ဆီ သွားတယ်။ အပြင် အုတ်တံတိုင်းဘက်က ကောင်လေးတစ်ယောက်၊ သက်ဟန်နီက အမြင့်ပိုင်းက စကားတွေ တတွတ်တွတ်နဲ့ မှောင်ရိပ်ခို ပြောနေကြတယ်။ ကျန်တဲ့နှစ်ယောက်ကလည်း အဲဒီနားကနေ ရစ်သီရစ်သီနဲ့ လူစောင့်ပေးနေကြတယ်။ ကျွန်မတို့ကလည်း ကျောင်းပေါ်ကနေ မီးပိတ်ပြီး ချောင်းနေကြတာ။
ဟင်း….ပုံကြည့်တော့ အေးတိအေးစက်နဲ့။ ရည်းစားနဲ့ လာချိန်းတွေ့နေတယ်။ ကြည့်နေတုန်းတန်းလန်းမှာပဲ သက်ဟန်နီတို့နား လက်ခနဲ အလင်းတန်းတစ်ခု တွေ့လိုက်တာမို့ ကျွန်မတို့သုံးယောက် မှောင်ရိပ်ထဲကနေ အလင်းလာရာဆီ ကြည့်လိုက်တယ်။ ဟော….ဘုန်းဘုန်းပါလား။ လက်နှိပ်ဓာတ်မီးနဲ့ ထိုးကြည့်နေတဲ့ ဘုန်းဘုန်းက သက်ဟန်နီတို့နား ရောက်သွားပြီး ကြိမ်တစ်ချောင်းနဲ့ ချတော့တယ်။ အပြင်က ကောင်လေးလည်း ထွက်ပြေး၊ သက်ဟန်နီတို့ သုံးယောက်အုပ်စုကိုလည်း ကျောင်းပေါ်ခေါ်သွားတယ်။ တော်သေးတယ်။ ဘုန်းဘုန်းကိုယ်တိုင် တွေ့သွားလို့။
နောက်နေ့ကျ ဘုန်းဘုန်းက ကျွန်မတို့ကိုခေါ်တယ်။ လူမှားပြီး ပြောမိတာကို ပြောရင်း ကျွန်မတို့ကို မုန့်တွေချကျွေးတယ်။
“ ရိပ်သာကို ခုတုံး လုပ်ပြီး နာမည်ကောင်းလက်မှတ်လာယူသူတွေကို ကောင်းကောင်းဆုံးမရမယ်။ စိတ်မပြတ်ရင်၊ စိတ်မပါရင် အစကတည်းက မလာနဲ့။ ရိပ်သာဆိုတာ အတင်းပြောရမယ့်နေရာမဟုတ်ဘူး။ စီးပွားရှာရမယ့်နေရာလည်း မဟုတ်ဘူး။ ပြိုင်ဆိုင်မှုတွေ၊ ဂုဏ်ပကာသနတွေလည်း သယ်မလာခဲ့နဲ့။ ဒီရောက်တဲ့သူတွေဟာ အားလုံး တန်းတူပဲ ”
လို့ ဘုန်းဘုန်းက တရားမပေးခင် အားလုံး သိမ်းကြုံးပြောလိုက်တော့ အပြစ်ရှိထားသူတွေ ကုပ်နေကြရတယ်။
ကျွန်မတို့သုံးယောက် ဖမ်းပေးစရာမလိုဘဲ ဘုန်းဘုန်းကိုယ်တိုင် မိသွားတော့ အေးတာပဲ။ နှစ်ဆန်းတစ်ရက်နေ့မှာ ပြန်ကြတော့ သူတို့က အထုပ်ပိုးတွေ ပြင်ဆင်ပြီး ထွက်လာကြတယ်။ ကျွန်မတို့နဲ့ အပေါက်မှာတွေ့တော့ နှုတ်ဆက်တာတောင် ဟက်ဟက်ပက်ပက် မရှိ။
သူတို့သတင်းက တစ်ရပ်ကွက်တည်းနေသူ ကျွန်မတို့ လိုက်ပြောစရာမလိုဘဲနဲ့ အလိုလို ပျံ့နှံ့သွားတယ်။ သူ့အမေကြီးကလည်း သူ့သမီးအကြောင်းတွေ မကြွားရဲတော့ဘဲ နောက်နှစ်ကို ရိပ်သာမ၀င်ရတော့ဘူးလို့ ရာဇသံ ချမှတ်လိုက်တယ်တဲ့။
ထိုအချိန်ကစပြီး သက်ဟန်နီ ရိပ်သာဝင်ကြောင်း မကြားရတော့သလို မကြာခင် ယောက်ျားနောက် လိုက်ပြေးသွားပါတယ်။ ကျွန်မတို့အုပ်စုကတော့ နောက်နှစ်တွေမှာလည်း သင်္ကြန်တွင်း တရားစခန်းဝင်ဖို့ ဆုံးဖြတ်လိုက်ကြတယ်။ ဒီဆုံးဖြတ်ချက်ဟာ ခဲခဲယဉ်းယဉ်း လုပ်ခဲ့ရတာမဟုတ်ပါဘူး။ လွယ်လွယ်လေးပါ။
အလေ့အကျင့်နဲ့ အရသာဟာ သူ့အထိုက်အလျောက်နဲ့သူ နေရာတကာမှာ ရှိနေတတ်ကြပါတယ်။ အဲဒီအရသာကို ကျွန်မတို့ သဘောတွေ့သွားလို့ပဲ ဖြစ်ပါလိမ့်မယ်။
ချောအိမာန်(မန္တလေး)
Perfect မဂ္ဂဇင်း
No comments:
Post a Comment